20 August 2008

ရင်မှဖြစ်သောသစ်တစ်ပင်

သူတို့ ဆေးရုံကို ရောက်တော့ ည ၁၀ နာရီခွဲ ပြီးနေပြီ။

ဆေးရုံဧည့်ကြိုကောင်တာမှ ဝန်ထမ်းက အမည်ကို မေးမြန်းရင်း တကယ်ချိန်းထားတာ ဟုတ်မဟုတ် ဖုန်းဆက် မေးမြန်းနေသေးသည်၊ သူ အနည်းငယ် စိတ်တိုသွားသည်၊ တကယ်ဆို အခြေအနေက မြင်တာနှင့်ပင်သိသာနိုင် သည်၊ သူတို့အနေနှင့် ဘာ့ကြောင့်လူနာ ဟန်ဆောင်ပြီး လာရမည်နည်း၊ သို့သော်ချက်ချင်းပင် သူစိတ်ပြန်လျှော့ ချလိုက်သည်၊ ‘အင်းလေ...ဝန်ထမ်းက သူ့တာဝန်သူဆောင်ရွက်တာပဲ၊ မင်းစိတ်ကို ငြိမ်အောင်ထားစမ်း’...၊ကမ္ဘာ ပေါ်မှာယောင်္ကျား ဘယ်နှစ်ယောက်ကများ သူ့လိုအခြေအနေမှာ စိတ်ငြိမ်ငြိမ်ထားနိုင်မလဲ၊ သူမသိ၊ သူကတော့ အတော် ပင်စိတ်လှုပ်ရှားလျက်ရှိသည်။

တာဝန်ကျဆရာမက မြင်လိုက်တာနှင့် အခြေအနေ၏ အတိမ်အနက်ကို ချက်ချင်းသဘောပေါက်လိုက်သည်၊

“ အိုး...ရှင်တော်တော် နာနေလားဟင် ”...၊

သူ့အမျိုးသမီးက ခေါင်းသာညိတ်ပြနိုင်သည်၊ သူကတော့ မအိမ်သူ၏ ကျောနောက်မှရေနွေးအိတ်ကို အသာ ထိန်းကိုင်ပေးရင်း သားဖွားဆရာမကို အားကိုးတကြီး ကြည့်လိုက်သည်၊ ဆရာမက မအိမ်သူကိုကြည့်ရင်း... ...

“ ဘာမှမစိုးရိမ်နဲ့၊ ရှင်ဒီမှာပဲ နေလိုက်တော့နော် ”ဟုပြောသည်၊

ထိုအခါကျမှပဲ သူနှင့်မအိမ်သူတို့ တစ်ယောက် ကိုတစ်ယောက် ကြည့်ဖြစ်ကြသည်၊ အတန်ငယ် သက်သာရာ ရသွားသော စိတ်နှင့်အတူ သူပင့်သက်တချက် ရှိုက်ဖြစ်လိုက်သည်။ ‘အင်း...ငါစောင့်စားနေခဲ့တဲ့နေ့ဟာ ဒီတခါ တော့ တကယ်ကိုရောက်လာခဲ့ပြီပဲ၊ ဘယ်လိုမှ မလွဲနိုင်တော့ဘူး’...၊ သူ့ရင်ထဲမှာ ခပ်ဆန်းဆန်း ခံစားမှုလေးတခု ဖြတ်ပြေးသွားပြန်သည်၊ သူတို့၏ကိုယ်ပိုင်ဥယျာဉ်လေးမှ သစ်ပင်လေးတစ်ပင်သည် မကြာမီအချိန်အတွင်း တကယ်ပင် အညှောင့်ပေါက်လာတော့မည်ဖြစ်သည်။

တာဝန်ကျဆရာမက သူတို့ကို ခေတ္တနားနေရန် အခန်းတစ်ခန်းပေးပါသည်၊ ထိုအခန်းထဲမှာပင် လိုအပ်သောစမ်း သပ်စစ်ဆေးမှုတွေကို ဆက်လုပ်သည်၊ မအိမ်သူကတော့ မခံမရပ်နိုင်အောင် နာကျင်နေခဲ့ပြီ၊ မနာကျင်ဘဲလည်း မနေနိုင်၊ Contraction က ၂ မိနစ်ခွဲနှင့် ၃ မိနစ်တခါလာနေသည်၊ ပြီးတော့ Intense Contraction၊ လက်သီးကို ဆုပ်လျက် အံတင်းတင်းကြိတ်ထားသော သူ့အမျိုးသမီးကိုကြည့်ကာ သူပင်ဇောချွေးများပျံလာခဲ့သည်၊

တကယ်တော့ Contraction ကမနေ့ကတည်းက စ,ခဲ့သည်၊ ဒီတုန်းကတော့ သူတို့နှစ်ယောက် စိတ်လှုပ်ရှားစွာ ဖြင့်ဆေးရုံကို ဖုန်းဆက်တော့ ဆေးရုံက Contraction သဘောသဘာဝကိုမေးကာ လိုလိုမယ်မယ်လာပြကြည့် ပါဟုဆိုသည်၊ ဟိုရောက်တော့ Contraction က ၁၂ မိနစ်ခြားတခါပဲ ရှိသေးသဖြင့်ပြန်လွှတ်လိုက်သည်၊ ဒီနေ့ နေ့လည်မှာကျတော့ Contraction က ၆ မိနစ်တခါလောက် ဖြစ်လာသဖြင့် ဆေးရုံကို သူတို့ပြန်လာခဲ့ ပြန်သည်၊ ဆေးရုံမှာ ကလေးရဲ့နှလုံးခုန်နှုန်းကိုတိုင်း၊ Contraction Intensity ကိုတိုင်း၊ Frequency ကိုတိုင်း စသဖြင့်စစ် ဆေးကြသည်၊ သို့သော် ဒီတခါမှာလည်း စောနေသေးသဖြင့် သူတို့ပြန်လာခဲ့ရ ပြန်သည်၊ အခုတော့ သူတို့ကို ဆေးရုံက ခေါ်ထားလိုက်ပြီ၊

စမ်းသပ်နေဆဲမှာပဲ မွေးဖွားရန်အတွက် အတော်နီးစပ်နေပြီဖြစ်ကြောင်း ဆရာမလေးက ပြောသည်၊ တဆက် တည်းမှာပဲမအိမ်သူကို မွေးခန်းထဲခေါ်သွားတော့ သူကလည်းနောက်က တကောက်ကောက်၊ မွေးခန်းသည် ခေတ်မီကိရိယာ တန်ဆာပလာအစုံအလင်ဖြင့် ကြောက်တတ်သောမွေးလူနာများကို အားပေးနေသယောင် ရှိသည်၊ မအိမ်သူကတော့ မခံမရပ်နိုင်အောင်ပင် လွန့်လူးနာကျင် လျက်ရှိသည်၊ သူ့အနေဖြင့်လည်း အားပေးရုံ အပြင် ဘာမှပိုပြီး မတတ်နိုင်...၊ နောက်ဆုံးတော့ ဝေဒနာသက်သာအောင် မွေးလမ်းကြောင်းဆိုင်ရာ ထုံဆေး ထိုးဖို့ ရွေးချယ်လိုက်ကြသည်၊

မေ့ဆေးဆရာဝန်အမျိုးသမီးက ပြုံးရွှင်စွာဖြင့် အခန်းထဲဝင်လာသည်၊ ကြင်နာသောမျက်ဝန်းများဖြင့်ကြည့်ရင်း...

“ အားလုံးကောင်းသွားပါလိမ့်မယ်၊ မစိုးရိမ်နဲ့နော် ” ဟု သူတို့ကိုအားပေးသည်၊

ကျောရိုးထဲကို ထိုးမည်ဖြစ်သောကြောင့် မအိမ်သူက ဘေးတစောင်း နေပေးရသည်၊ ထုံဆေးထိုးမည့်အပ်ကို မြင်သောအခါ သူစိတ်ဝင်စားသွားသည်၊ အပ်သည် သူ့စိတ်ထင် အနည်းဆုံး ၆ လက်မခန့်တော့ရှိမည်၊ ဆရာဝန် ကလိုအပ်သောပစ္စည်းများ ပြင်ဆင်နေချိန်တွင် ရိုးတွင်းခြင်ဆီထဲ ဆေးထိုးတာကို သူကြည့်ချင်နေခဲ့သည်၊ သို့သော် သူ့အမျိုးသမီးကို တာဝန်ယူသည့် သားဖွားဆရာမလေးက တဖက်တွင်သွားနေဖို့ ယဉ်ယဉ်ကျေးကျေး လေးတောင်းဆိုလိုက်သောအခါ သူ့အတွက်ကြည့်ဖို့် အခွင့်မသာတော့ပေ၊ တကယ်တော့လည်း ထိုမွေးခန်းထဲ တွင်အရေးအကြီးဆုံးမှာ မွေးလူနာ သူ့အမျိုးသမီးဖြစ်သည်၊ သူ့အမျိုးသမီးနှင့် ပတ်သက်၍ ဆရာဝန်၊ ဆရာမ အားလုံးကတာဝန်ကိုယ်စီဖြင့် အလုပ်များနေကြသည်၊ လူတိုင်းမှာ လုပ်စရာကိုယ်စီနှင့်...၊ လူပိုဆို၍ သူတစ်ဦး သာရှိလေသည်၊ သို့နှင့်အမျိုးသမီးကို အားပေးရင်း သူ့ကြောင့် ကန့်လန့်ကန့်လန့် မျက်စိမနောက်ရအောင် ငြိမ် ငြိမ်ပဲထိုင်နေ လိုက်တော့သည်၊

ခဏအတွင်းမှာပင် မအိမ်သူမှာ သက်သာသွားခဲ့သည်၊ သူ့ကိုယ်ပေါ်တွင် တပ်ဆင်ထားသည့် တိုင်းတာသော စက်အရ Contraction လာနေတာကို ဂရပ်ဖ်လိုင်းများပေါ်မှာ မြင်နေရသော်လည်း အခုတော့သူမ ပြုံးရယ်ကာ စကားပြောနေ နိုင်ခဲ့ပြီ၊ သူကလည်း တချိန်လုံး ထိုင်ရမလို ထ,ရမလို ဖြစ်နေရာမှ အခုမှပင် သက်ပြင်းချနိုင်တော့ သည်၊ ထိုဝေဒနာ,ထိုခံစားမှု၏ အတိုင်းအတာပမာဏကို သူ့လိုယောင်္ကျားသားတွေ မသိနိုင်ပါ၊ သူ့အမျိုးသမီးကဲ့ သို့ဖြေဆေး ထိုးခွင့်မကြုံသော အခြားမိခင်လောင်းတို့ ဒီကာလကို ဘယ်လိုဖြတ်သန်းကြမလဲဟု သူတွေးမိသော အခါ ကျောထဲမှ စိမ့်ကနဲနေအောင် အေးသွားမိသည်၊ မအိမ်သူကတော့ ပင်ပန်းသွား၍ထင့်၊ ခဏမှိန်းနေသည်၊ သူကလည်း အခုမှအသက်ဝဝ ပြန်ရှူရင်း သူတို့ဥယျာဉ်၏ ပထမဆုံးသော သစ်ပင်ကလေးအတွက်ရေလောင်း ပေါင်းသင်ခဲ့ကြသော နေ့ရက်များအကြောင်းကို ပြန်တွေးနေမိသည်၊

(သစ်ပင်ကလေး သစ်စေ့ဘဝတုန်းက)


ရောက်လာရမည့်အချိန်ထက် တစ်ပတ်တိတိနောက်ကျနေခဲ့သော ထိုသစ်ပင်ကလေးအကြောင်းကိုသူတစေ့တ စောင်းတော့သိပါသည်။ ထိုအကြောင်းကို အခုပြန်တွေးတော့လည်း အင်မတန်မှ ရိုးစင်းလှသည်။ သို့သော် ထိုစဉ်ကတော့ သူတို့အတွက် တကယ့်မေးခွန်းကြီးပင်၊ ရင်သွေးလေးက ဘာလေးလဲဆိုတာ ကြိုပြီးသိသင့် မသိသင့် သူတို့တိုင်ပင်ကြသည်၊ သူ့အမျိုးသမီးက သိချင်သည်၊ သူကမသိချင်၊ တစ်ယောက်ကသိပြီး နောက် တစ်ယောက်ကမသိဘူးဆိုသည့်အဖြစ်ကိုတော့ သူတို့နှစ်ယောက်လုံးမလိုချင်၊ ရှေ့လျှောက်တိုင်ပင်ရမည့် ကဏ္ဍ များစွာအတွက်သူတို့ ဘက်တစ်ဖက်တည်းမှာ အတူရပ်ဖို့တော့ လိုပါသည်၊ နောက်ဆုံးတော့ သိပ်မကျေနပ် ပေမယ့် သူ့အမျိုးသမီးက အလျှော့ပေးလိုက်သည်၊

သို့နှင့် ပုံမှန်စမ်းသပ်ဖို့ ချိန်းဆိုသော ပထမဆုံးအကြိမ်တွင်ပင် သူကပဲ သွားဖွားမီးယပ်အထူးကု ဆရာဝန်ကြီးကို ပြောလိုက်သည်၊ ‘ကျနော်တို့ ကလေးရဲ့ လိင်ကိုသိဖို့ စိတ်ကူးမရှိဘူး ဆရာ၊ ဒါကို အံ့သြစရာတခု အဖြစ်နဲ့ပဲ ကျနော်တို့ စောင့်စားချင်တယ်’၊ ဆရာဝန်ကြီးကလည်း ‘ခင်ဗျားတို့ သဘောပါပဲဗျာ’ဟု ဆိုပြီး,ပြီးသွားခဲ့သည်။ သို့ သော် ထိုအံ့သြစရာလေးကို အချိန်မတိုင်မီမှာပဲ သူတို့မတော်တဆ သိလိုက်ရသည်၊ လက်မှတ်ထိုးစရာကိစ္စတစ် ခုအတွက် ဆရာဝန်ကြီး၏ လက်ထောက်ဆရာမက သားဖွားမီးယပ်ဖိုင်တွဲကို သူတို့ရှေ့မှာ ဖွင့်ပေးသောအခါ သူ့ အမျိုးသမီး လက်မှတ်ထိုးနေချိန်၌ သူ့မျက်စိက ခရိုမိုဆုမ်း XY ဆိုတာကို မြင်ဖြစ်အောင် မြင်လိုက်လေသည်၊ ပထမတော့ သူအတန်ငယ် စိတ်ပျက်သွားသော်လည်း နောက်ပိုင်းမှာ ပျော်ရွှင်ကျေနပ်လာခဲ့သည်၊ ဘာမှန်းမသိ ရဘဲရင်သွေးတစ်ဦးအဖြစ်သာ ယေဘုယျစောင့်စားရတာထက် အခုတော့ သူနှင့်သားကလေး၏ကြားကသံယော ဇဉ်ကြိုးကို ပီပီပြင်ပြင်ကျစ်ခွင့် ရလာခဲ့သည်၊ အခု ‘သား’ လို့ တိတိကျကျ သူခေါ်နိုင်ပြီ၊ သူ့အမျိုးသမီးနှင့်အတူ သားအတွက် အဝတ်အစားတွေ ကြိုဝယ်လို့ရပြီ၊ နာမည်ရွေးရာမှာ ယောကျာင်္းလေးနာမည်တွေပဲ စဉ်းစားဖို့လို တော့သည်၊ အခုတော့ မတော်တဆဖြစ်စေသည့် ဆရာမကိုပင် သူကျေးဇူးတင်နေမိလေသည်၊

“ ရှင်နေရတာ အဆင်ပြေရဲ့လားဟင်? ”

အနီးကပ်မေးလိုက်သော အသံကြောင့်အတွေးလွန်နေသော သူလန့်သွားသည်၊ ကြည့်လိုက်တော့... သားဖွား ဆရာမလေး၊ သူ့ကို စူးစမ်းဟန်ဖြင့် ကြည့်နေသည်။

“ ဟာ...ပြေပါတယ်၊ အားလုံးအဆင်ပြေပါတယ် ” ဟု သူလည်း ကြောင်တောင်တောင်နှင့် ပြန်ဖြေလိုက်သည်၊

ဆရာမက သူနားမလည်မှန်း အကဲခတ်မိစွာဖြင့် ဆက်ပြောသည်၊

“ တချို့အမျိုးသားတွေက မွေးခန်းထဲကို လိုက်လာပြီးတော့ နေလို့မကောင်းတာ၊ ခေါင်းမူးလာတာ၊ မျက်လုံးတွေ ပြာလာတာမျိုးတွေ ရှိတတ်လို့ပါ၊ တခါဆိုရင် ယောင်္ကျားတစ်ယောက်များ လန့်ပြီးမူးလဲသွားတာတောင် ကျမကြုံ ဖူးတယ်ရှင့်၊ သူ့မိန်းမကို ဘာမှမလုပ်ခင် သူ့ကိုအရင် နှာနှပ်နေရသေးတယ် ဟင်း ဟင်း ”... ...။

သူတို့အားလုံးရယ်မော ဖြစ်သွားကြသည်၊ ဖြစ်နိုင်ပါသည်၊ လူအမျိုးမျိုး စိတ်အထွေထွေ မဟုတ်လား...၊ သို့သော် သူကတော့ သွေးလန့်ပြီး မူးလဲမည့်သူ မဟုတ်ပါ၊

“ ရှင်လဲငြိမ်နေတာနဲ့ သေချာအောင် ကျမက ရှင့်ကိုခေါ်ကြည့်တာ... ... ” ဟု ဆရာမလေးက ဆက်ပြောသည်၊

“ ကျေးဇူးပါဗျာ၊ ကျနော်ကတော့ နေလို့ကောင်းပါတယ်၊ သူ့ကိုသာ ဂရုစိုက်ပါ ”ဟု မအိမ်သူကို ညွှန်ပြရင်းသူ ပြောလိုက်သည်၊ ထိုအခါ ဆရာမလေးက... ... ...

“ အို..ရှင့်အမျိုးသမီးက အားလုံးကောင်းပါတယ်၊ ဒီနေ့ညရှိတဲ့ မွေးလူနာ ၃ ယောက်စလုံးအေးဆေးဆေးဆေးပဲ၊ ကျမမှန်းတာ မလွဲရင် မနက် ၂ နာရီကျော်ကျော်မှာ ဖြစ်လိမ့်မယ် ” ဟုဆက်ပြောသည်၊


ထိုအခါမှ သူလည်းနာရီကို ကြည့်ဖြစ်သည်၊ `ကြည့်စမ်း...၁ နာရီတောင် ထိုးတော့မှာပဲ၊ အင်း...အင်္ဂါနေ့မနက် ၂ နာရီဆိုတော့ ခြင်္သေ့ကလေး တစ်ကောင်ပါလား’ ဟုတွေးမိပြီး သူပြုံးလိုက်မိသည်၊


(တစ်ရက်သားသစ်ပင်ကလေး)


သူ့ဇနီးသည်ကိုယ်ဝန်ရင့်မာလာသောကာလမှာ သားကလေးမွေးဖွားလာပုံနှင့်ပတ်သက်ပြီး မှတ်တမ်းတင် ဗီဒီယို ရိုက်ကူးရကောင်းမလားဟု သူစဉ်းစားမိသေးသည်၊ ထိုဗီဒီယိုသည် တသက်မှာတခါသာ ရိုက်ကူးနိုင်မည့်ဗီဒီယို ဖြစ်ပြီး တချိန်မှာသူတို့၏ သားကလေး ပြန်ကြည့်နိုင်လိမ့်မည်၊ သို့သော်တဖက်ကလည်း သူ့အမျိုးသမီးကိုအား ပေးနှစ်သိမ့်ရမည့်အချိန်တွင် ဗီဒီယိုကင်မရာတစ်လုံးဖြင့် သူအလုပ်ရှုပ်မနေချင်ပါ၊ နောက်ဆုံးတော့ဇနီးသည်ကို သူမေးမြန်းကြည့်ရင်း သူမ၏ဆန္ဒအတိုင်း ဗီဒီယိုရိုက်ဖို့စိတ်ကူးကို သူစွန့်လွှတ်လိုက်တော့သည်၊ ကင်မရာနောက် ကွယ်မှာနေမည့်အစား မအိမ်သူ၏ဘေးမှာနေ၍ အားပေးခြင်းသည်သာ အသင့်လျော်ဆုံး ဖြစ်ပါလိမ့်မည်၊

သားဖွားဆရာမလေး၏ ခန့်မှန်းချက်သည် တကယ်လက်တွေ့မှာလည်း ကွက်တိနီးပါး မှန်ပါသည်၊ အခြားမွေးလူ နာနှစ်ယောက်ဆီ သွားကြည့်လိုက်၊ ဒီဖက်ပြန်လာလိုက်ပြီးစမ်းသပ်လိုက်နှင့် ကူးချည်သန်းချည်လုပ်နေသော ဆရာမလေးသည် တကြိမ်မှာတော့ အချိန်ကျပြီဟု ဆိုသည်၊ သူကပင် မအိမ်သူအား အသက်ရှုပုံရှုနည်း၊ ညှစ်ပုံ ညှစ်နည်းများကို ပြောပြသည်၊ တချိန်တည်းမှာပင် ကလေးကိုကိုယ်လက်သန့်စင်ပေးဖို့ သူနာပြုဆရာမတစ်ဦး လည်းရောက်လာသည်၊ အဲဒီနောက်မှာတော့ ရုပ်ရှင်တွေထဲမှာ အကြိမ်ပေါင်းများစွာ မြင်ဖူးသောပြကွက်တစ်ခု ကို သူကိုယ်တိုင်ဝင်ရောက်သရုပ်ဆောင်ရလေသည်၊ မီးဖွားခြင်းဆိုင်ရာ ပြင်ဆင်မှုသင်တန်းများ တက်ခဲ့စဉ်က အမျိုးသမီးအား ဘေးမှနေ၍ ရေစိုအဝတ်ဖြင့် ချွေးသုတ်ပေးရန် မှတ်သားခဲ့ဖူးသော်လည်း တကယ်တမ်းနဖူးတွေ့ ဒူးတွေ့ကာလမှာတော့ သူကပါဘေးကနေ ရောယောင်အသက်ရှုလိုက်၊ အားစိုက်ညှစ်လိုက်ဖြင့် မောပန်းနေလေ သည်၊

ထိုအခိုက် အမျိုးသမီးဆရာဝန်တစ်ဦးနှင့် ကလေးအထူးကုဆရာဝန်ကြီးတစ်ဦးတို့ အခန်းထဲဝင်ရောက်လာကြ သည်၊ ဝင်,ဝင်လာချင်းမှာပင် သူတို့သည် ပုံမှန် ရောင်းဒ်လှည့်ရင်း ဝင်လာခြင်းဖြစ်ကြောင်း၊ သူတို့ကိုမြင်၍ လူနာ အခြေအနေမကောင်းဘူးထင်၍ စိတ်မပူစေလိုကြောင်း သူ့အားရှင်းပြသည်၊ သူတို့ပြောသကဲ့သို့ပင် သူမြင်ရသ လောက်အခြေအနေသည် ပုံမှန်ပင်ဖြစ်၍ အရာအားလုံးသည် ကျွမ်းကျင်သူများ၏ ထိန်းချုပ်မှုအောက်တွင်ရှိနေ လေသည်၊

၉ လကျော်ကျော်စောင့်ဆိုင်းခဲ့ရသော သူတို့၏သားကလေးသည် နောက်ထပ် ၁၀ မိနစ်အတွင်းမှာပဲ သူတို့၏ ရှေ့မှောက်သို့ရောက်လာခဲ့တော့သည်၊ အင်္ဂါသား ခြင်္သေ့ကလေးသည် အပြင်ရောက်,ရောက်ချင်းမှာပဲ ‘ဝါး’ကနဲ ငိုချလိုက်သည်၊ ဘေးမှ သူနာပြုဆရာမက ‘မနက် ၂ နာရီ ၁၂ မိနစ်’ ဟုအားလုံးကြားအောင် ခပ်ကျယ်ကျယ် ကြေညာလိုက်သည်၊ သူကလည်းစိတ်ထဲမှာ တခါတည်းမှတ်သားလိုက်သည်၊ ‘၂၀၀၇ သြဂုတ်လ ၂၁ ရက်၊အင်္ဂါ နေ့မနက် ၂ နာရီ ၁၂ မိနစ်’...၊ ထို့နောက်ချက်ချင်းပင် ကလေးကို အနှီးဖြင့်ထွေးကာ အမေ့ရင်ဘတ်ပေါ်သို့ တင် ပေးလိုက်သည်၊ ထိုအခါ မအိမ်သူက ‘သားကလေး...အမေ့ဆီမှာ တချိန်လုံးရှိနေခဲ့တဲ့ သားကလေးရယ်’ဟုဆိုပြီး ဖက်ထားလိုက်တော့သည်၊ အမေနှင့်သား၏မြင်ကွင်းသည် ဝဲလာသော မျက်ရည်များကြောင့် ရုတ်ချည်းပင် ဝေဝါးသွားသောအခါ သူလည်း အမေနှင့်သားကလေးကို အသာအယာပင် ထွေးပွေ့ထားလိုက်သည်၊ သူနာပြု ဆရာမကပင် အသင့်ဆောင်ထားသော ကင်မရာဖြင့် ဓါတ်ပုံတစ်ပုံရိုက်ပြီး သူတို့အားပြကာ ‘ကြိုက်ရဲ့လား’ဟု မေးသည်၊ သူတို့၏ပထမဆုံး မိသားစု ဓါတ်ပုံလေးပင် ဖြစ်သည်၊

(မနေ့တနေ့က သစ်ပင်ကလေး)

ထို့နောက်မှာတော့ ဘေးတဖက်ရှိစားပွဲပေါ်မှာ ဆရာမနှင့်သူ သားကလေးကို ကိုယ်လက်သန့်စင်ခြင်း၊ ပေါင်ချိန် ခြင်း၊ အရပ်တိုင်းခြင်း၊ နာမည်လက်ပတ်တပ်ခြင်းတို့ကို ပြုလုပ်ကြသည်၊ ဆရာမက ပြောလိုက်သေးသည်၊ ‘ကျမ တို့က ဒါတွေလုပ်ရင် အဖေတွေကို အမြဲတမ်းပါဝင်ကူညီစေတယ်လေ၊ သူတို့ဘေးထုတ်ခံထားရတယ်လို့ မခံစား ရတော့ဘူးပေါ့’ တဲ့၊ သူ သဘောတူပါသည်၊ သူ့သားကလေးကို ဖခင်တစ်ယောက်အနေဖြင့် ယခုလိုခရီးဦးကြိုပြု ရခြင်းအတွက် သူကျေနပ် ဂုဏ်ယူမိသည်၊ တနေ့ သားကလေးအရွယ်ရောက်လာသောအခါ သူ့ကိုဘယ်လိုကြို ဆိုခဲ့ကြောင်း သူပြန်ပြောချင်ပါသည်၊ သူတို့နှစ်ဦး၏ ဥယျာဉ်အလယ်မှာ ပေါက်လာခဲ့သောထိုသစ်ပင်ကလေး အတွက်သူတို့ ဘယ်လိုရေလောင်းပေါင်းသင်ခဲ့ကြောင်း၊ ဘယ်လိုပျိုးထောင်ခဲ့ကြောင်းစသဖြင့် ထိုသစ်ပင် ကလေး အရွက်ဖားဖားဝေလာသော တနေ့တွင် အေးအေးလူလူ ပြောပြချင်ပါသည်၊

သူဆေးရုံမှ ပြန်လာတော့ မနက် ၄ နာရီခွဲလုပြီ၊ အမေနှင့်သားကတော့ ခရီးရှည်ကြီးကို အပြေးလာခဲ့ကြရသူများ ပမာမောပန်းလျက် အနားယူကျန်ရစ်ခဲ့သည်၊ ကားပြတင်းမှ အပြင်ကိုကြည့်လိုက်တော့ ကောင်းကင်မှာ လ,သာ နေသည်၊ ထိန်ထိန်မသာသော်လည်း လင်းလင်းချင်းချင်း ရှိပါသည်၊ လ,ရောင်သည် သူ့ရင်ထဲထိတိုင် ပေါက်ကျ စီးဆင်းလာလျက် သူ့တကိုယ်လုံးသည် အေးမြလန်းဆန်းနေတော့သည် ။ ။


ညီလင်းသစ်
၂၀ သြဂုတ်၊ ၂၀၀၈

18 August 2008

Continuous Pedalling

(Pic is from here)

ဒီနေ့ကစပြီး Rafael Nadal က ကမ္ဘာ့ တင်းနစ်ချန်ပီယံ ဖြစ်သွားခဲ့ပါပြီ၊ အများစု ထင်ကြေးပေးထား တဲ့အတိုင်း Roger Federer ရဲ့နေရာကို Nadal ပဲဆက်ခံခဲ့တာဖြစ်တယ်၊ သူတို့နှစ်ယောက်ကစားပုံ အတက်နဲ့အကျကို ကြည့်ရင် ဒီနေ့ဟာ မလွဲမသွေကို ရောက်လာရမယ်လို့ ကျနော်မျှော်လင့်ထား ပြီးသားပါ၊ ဒီနေ့မှာ စပိန်တင်းနစ်ကစားသမား Nadal ဟာပျော်ရွှင်နေမှာ ဖြစ်သလို ဆွစ်တင်းနစ် ချန်ပီယံဟောင်း Federer ကတော့ အနည်းနဲ့အများ စိတ်ပျက် ကြေကွဲနေမှာ အသေအချာပါပဲ၊

Tennis ကိုကျနော် အရင်ကဒီလောက်စိတ်မဝင်စားခဲ့ဘူး၊ အရှေ့တောင်အာရှရဲ့ လူကြိုက်များတဲ့ အားကစားတွေထဲမှာ တင်းနစ်မပါသလို ကမ္ဘာ့နာမည်ကြီး တင်းနစ်သမားတွေလည်း သိပ်မရှိပါဘူး၊ ဒီဖက်ကိုရောက်လာတော့ တင်းနစ်ဘောလုံးတွေဟာ ကျနော့်ရဲ့နေ့စဉ်ဘဝထဲကို တဖြည်းဖြည်းနဲ့ ကျရောက်ထိမှန်လာခဲ့ပါတော့တယ်၊ အထူးသဖြင့် Federer ဟာ Swiss လူမျိုးဖြစ်တော့ သူ့နိုင်ငံမှာ သူ့အကြောင်းကို အခြားဒေသတွေမှာထက် ပိုပြီးသိလာရာကနေ သူ့ပွဲတွေကိုလည်း ကြည့်ဖြစ်လာခဲ့ ပါတယ်၊ ဒီလိုနဲ့ပဲ ကျနော်ဟာ တင်းနစ်ကွင်းတွေရဲ့ အလယ်ကိုရောက်မှန်းမသိ ရောက်လာခဲ့ပြီး တစ်နာရီ ကီလိုမီတာ ၁၀၀ ကျော်တဲ့နှုန်းနဲ့ တဝီဝီလွန်းထိုးသွားနေတဲ့ အစိမ်းရောင်ဘောလုံးလေး တွေကို မလွတ်တမ်း ကြည့်ဖြစ်လာတော့တာပါပဲ၊

Federer ဟာ ၂၀၀၄ ဖေဖော်ဝါရီ ၂ ရက်ကတည်းကနေ မနေ့ကအထိ ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့ပေမယ့် ထိပ်သီး Grand Chelem ပွဲကြီးတစ်ပွဲဖြစ်တဲ့ Roland Garros ပွဲကိုတခါမှ မနိုင်ခဲ့ဖူးပါဘူး၊ အများသိ ကြတဲ့အတိုင်း သူဟာ Wimbledon လိုမြက်ခင်းကွင်းတွေမှာ ပြိုင်ဖက်မရှိကောင်းမွန်သလောက်ပြင် သစ်နိုင်ငံမှာ ကျင်းပတဲ့ Roalnd Garros ရဲ့အုတ်နီခဲမှုန့်ကွင်းမှာတော့ သူ့ရဲ့အမြဲတမ်းပြိုင်ဖက် Nadal ကိုမကျော်နိုင်ခဲ့ဘူး၊ ဒီတော့ Roalnd Garros မှာ Nadal ကနိုင်လိုက်၊ သူ့ရဲ့နောက်မှာကျင်း ပတဲ့ Wimbledon မှာ Federer ကနိုင်လိုက်နဲ့ ရှိနေရာက ဒီနှစ်မှာတော့ Nadal က Federer ရဲ့ ကွင်းဖြစ်တဲ့ Wimbledon မှာပါနိုင်လိုက်ပြီးတဲ့ အခါမှာတော့ Federer ရဲ့ခေတ်ဟာလည်း ဆုံးခန်း တိုင်သွားခဲ့တာပါပဲ၊

ပိုဆိုးတာက ဒီအရှုံးကို ပြန်အဖတ်ဆယ်ဖို့အတွက် Federer ဟာအခုလက်ရှိ Olympic Games မှာ အနိုင်ကစားဖို့ အားခဲထားပေမယ့် ကွာတားဖိုင်နယ်မှာတင်ပဲ ရှုံးသွားခဲ့ရပြန်တယ်၊ သတင်းစာရှင်း လင်းပွဲမှာ သူ့ကိုသတင်းထောက်တွေက မေးတယ်၊

“ ဒီ ၂၀၀၈ မှာခင်ဗျားတချိန်လုံး ရှုံးနေတာပဲ၊ ခင်ဗျားမှာ ဘာများလိုအပ်နေလို့လဲ ” တဲ့၊

Federer ကပြန်ဖြေတယ်၊

“ ကျနော့်မှာ လိုအပ်နေတာက Training ပဲ၊ ဒီဖက်ပိုင်းတွေမှာ ကျနော့်ရဲ့လေ့ကျင့်မှုအတွက် အချိန် ကောင်းကောင်းမရနိုင်ဘူး ဖြစ်နေတယ် ” တဲ့...၊

ကျနော်စဉ်းစားကြည့်မိတယ်၊ သူ့လို နားရက်မရှိ တနှစ်ပတ်လုံးနီးပါး ကစားနေတဲ့ ကမ္ဘာ့ချန်ပီယံ တစ်ယောက်က လေ့ကျင့်မှုလိုနေတယ်တဲ့၊ လေ့ကျင့်မှု မရှိလို့ ရှုံးပွဲတွေဆက်ခဲ့တယ်တဲ့၊ လေ့ကျင့်မှု ဟာမရှိမဖြစ် လိုအပ်နေတာပဲ၊ ကျနော်တို့လည်း ဘဝမှာတခါတလေ သတိလက်လွတ်ဖြစ်ပြီး လေ့ ကျင့်မှုနဲ့ ပြတ်လပ်ခဲ့တဲ့အချိန်တွေ အများကြီးပါ၊ အထူးသဖြင့် လုပ်နေကျ၊ ပြောနေကျ၊ ကျင့်သားရ နေတဲ့ အရာတွေနဲ့ပတ်သက်ရင် ပိုတောင်လစ်ဟာတတ်ပါတယ်၊ ဘယ်လိုပဲတော်နေ၊ ကောင်းမွန် နေပါစေ..လေ့ကျင့်မှုမရှိရင် ကျစ်လစ်သေသပ်မှုနဲ့ ပြီးပြည့်စုံကောင်းမွန်ခြင်းအပိုင်းမှာတော့လျော့တိ လျော့ရဲနိုင်နေ နိုင်ပါတယ်၊

အိုင်းစတိုင်း ပြောခဲ့ဖူးတဲ့ စကားလေးတစ်ခွန်းကို သတိရမိတယ်၊

‘ ဘဝဟာ စက်ဘီးနဲ့တူတယ်၊ စဉ်ဆက်မပြတ် နင်းနေဖို့လိုတယ်၊ ရပ်လိုက်ရင်တော့ လဲပြီပဲ ’ တဲ့၊

အနိမ့်အမြင့်၊ အတက်အကျတွေ ကြုံရပေမယ့်လည်း ကျနော်တို့ ဆက်နင်းနေဖို့ပဲ လိုပါတယ် ။ ။


ညီလင်းသစ်
၁၈ သြဂုတ်၊ ၂၀၀၈

15 August 2008

အရိုးသားဆုံးသီချင်းတစ်ပုဒ် (သို့) ကိုငှက်


( ဒီက ပုံပါ )

ဒီနေ့ဟာ ကိုငှက် (ထူးအိမ်သင်) ဒီလောကထဲက ထွက်သွားခဲ့တာ ၄ နှစ်ပြည့်တဲ့ နေ့ပါ၊ မြန်မာ့ဂီတ လောကဟာ သူ့ရဲ့အစားထိုးမရတဲ့ ဒီဆုံးရှုံးမှုကို ကြေကွဲခြင်းကြေးမုံထဲမှာ ၄ နှစ်မြောက် နာနာကျင် ကျင် ပြန်ကြည့်ရခြင်းလည်း ဖြစ်တယ်၊ တကယ့်ကို တန်ဖိုးရှိတဲ့ ရှားရှားပါးပါး မြန်မာဂီတ ပညာရှင် တစ်ယောက် စောစီးစွာ တိမ်းပါးသွားရတဲ့အဖြစ်ဟာ တွေးလိုက်တိုင်း ဝမ်းနည်းစရာတွေအတိနဲ့ပါပဲ၊ ဝေးသွားတဲ့အခါ... နှလုံးသားမှာ အမြဲတမ်းသတိရ နေဆဲပါ... ...၊

နာရီပေါ်မှ မျက်ရည်စက်တွေ စီးကျလာတာကို ကျနော်တအံ့တသြနဲ့ မြင်လိုက်ရချိန်က ၆ တန်း ကျောင်းသားဘဝကပါ၊ တကယ်ကို လှပလွန်းတဲ့ မျက်ရည်စက်တွေ ပါပဲ၊ အများသူငါ စီးလေ့စီးထ မရှိတဲ့ ပုံစံသစ်နဲ့ သိမ်မွေ့ခမ်းနားစွာ စီးလာလိုက်ပုံများ...သူပန်ထားတဲ့ ပန်းနီနီနဲ့ သူဆင်မြန်းတဲ့ဖိနပ် နီနီတို့ကို တိုးဝှေ့ပွတ်တိုက်၊ နောက်...ကျေးလက်က ကျောင်းဆရာလေးရဲ့ စေတနာတွေနဲ့ အတူ သူ့ရဲ့ခေါင်းလောင်းကြီးလည်း တဒေါင်ဒေါင်တဒင်ဒင် နိုးထလာခဲ့ရပြီပေါ့၊

ကိုငှက်ရဲ့ ပထဆုံးအခွေနဲ့ပဲ ကျနော်ဂစ်တာတီး သင်ဖို့ဆုံးဖြတ်လိုက်တယ်၊ သူ့ရဲ့သီချင်းတွေကို ရေချိုးရင်း၊ လမ်းသွားရင်း၊ မိုးရွာထဲမှာ လျှောက်ပြေးရင်း အော်ဆိုရတာထက် ဂစ်တာတစ်လက်နဲ့ တလေးတစား တီးဆိုချင်လာတယ်၊ အဲဒါကြောင့်ပဲ ဂစ်တာစ,တီးတဲ့အခါ သိရမယ့်ကော့ဒ်တွေ အား လုံးကို အရင်မသင်ဘဲ ကျနော်ဆိုချင်တဲ့ သူ့သီချင်းမှာ ပါတဲ့ ကော့ဒ်တချို့ကိုပဲ အရင်သင်တယ်၊ ဒီ လိုနဲ့ ကိုငှက်ရဲ့ သီချင်းတချို့ကို မတောက်တခေါက် တီးဆိုရင်း ကျေနပ်နေခဲ့တယ်၊ ဆိုနေကျသီ ချင်းတချို့ကို နည်းနည်းအားရသွားတော့ နောက်ထပ်ပိုခက်တဲ့ သီချင်းတွေကို တီးဖို့အတွက်ဂစ်တာ ကော့ဒ်အသစ်တွေ ထပ်သင်၊ ရတော့ အဲဒီသီချင်းတွေ ထပ်ဆို၊ ဒါနဲ့ပဲ ကျနော်လည်း ဂစ်တာတီးဖြစ် သွားပြီး နာရီပေါ်ကစီးလာတဲ့ မျက်ရည်စက်တွေက ကျနော့်နှလုံးသားကမ်းပါး ကိုပါ တိုက်စားသွား ရော ဆိုပါတော့...၊

ကိုငှက်နဲ့ပတ်သက်ပြီး ကျနော်မှတ်မိနေသေးတဲ့ အဖြစ်အပျက်တစ်ခုက အင်းစိန်အ.ထ.က(၁)မှာ လုပ်တဲ့ စတေ့ခ်ျရှိုးပွဲမှာပါ၊ အဲဒီတော့ကျနော်က ၁၀ တန်းဖြေပြီးစ၊အဲဒီခေတ်က ပွဲတစ်ခုစီစဉ်ပြီ ဆို ရင် အဆိုတော်ပေါင်းစုံ ဝိုင်းဆိုကြတဲ့ ခေတ်ပေါ့၊ ရောခ့်၊ ပေါပ့်၊ ဂျပ်ဇ်၊ အဆူ၊ အနှေး၊ သီချင်းပေါင်းစုံ၊ စတိုင်ပေါင်းစုံပါပဲ၊ ဒါပေမယ့် အဲဒီပွဲတွေဟာ အခုနောက်ပိုင်းအလုံပိတ် အခန်းတွေထဲမှာ လုပ်တဲ့ပွဲ တွေထက်တော့ ပိုပြီးရင်ခုန်စရာ ကောင်းတာအမှန်ပါပဲ၊ အခုအင်းစိန်က ပွဲမှာလည်း အဆိုတော်က ကျနော်မှတ်မိသလောက် ၄၀ လောက်ရှိမယ်၊ ပွဲလုပ်မယ့် ညနေရောက်တော့ ကျနော်နဲ့ သူငယ်ချင်း တချို့ အဲဒီကိုချီတက်ကြတာပေါ့၊

စတေ့ခ်ျရှိုးကို သွားမယ့်သာ သွားတာပါ၊ ကျနော်တို့မှာ တစ်ယောက်မှ လက်မှတ်မရှိဘူး၊ လက်မှတ် ဆိုတာ အသာထားပါဦး၊ အဲဒီကိုသွားဖို့ ကားခတောင် မရှိပါဘူး၊ ဒါပေမယ့် ကိစ္စမရှိဘူး၊ ကျနော်တို့ တပျော်တပါး လမ်းလျှောက်ကြတယ်၊ ဟိုရောက်တော့ အ.ထ.က(၁)ကျောင်းဝင်းထဲကစင်မြင့်ဟာ ထရံအမြင့်ကြီးတွေရဲ့ နောက်မှာ...၊ အပြက်ဖက်ကနေ ဘယ်လိုမှ မမြင်ရပါဘူး၊ ဒါပေမယ့်ကိစ္စမရှိ ဘူး၊ ဒါကို ကျနော်တို့ ကြိုတွေးထားပြီးသား၊ ကျနော်တို့အတွက်ကလည်း ရှိုးကသီချင်းသံတွေကို အရင်းအတိုင်းကြားရတဲ့ နေရာမှာ လာပြီးရင်ခုန်ဖို့သက်သက်ပါပဲ၊ အင်းစိန်မင်းကြီးလမ်းပေါ်မှာ တော့ လူတွေကအပြည့်ပဲ...၊

ပွဲစ,တော့ အဆိုတော်အသစ်တွေ၊ သိပ်နာမည်မကြီးတဲ့သူတွေ၊ နောက်...အတော်အတန်နာမည်ရှိ တဲ့သူတွေ တစ်ယောက်ပြီးတစ်ယောက် ဆိုကြတာပေါ့၊ သိပ်တော့ မမှတ်မိတော့ဘူး၊ ည ၁၁ နာရီ လောက်ရှိတော့ ချစ်ကောင်းနဲ့ ခင်မောင်တိုး ဆိုကြတယ်၊ အဲဒီအချိန်မှာပဲ ဆိုဖို့နောက်ဆုံးကျန်နေတဲ့ အဆိုတော် ရောက်လာခဲ့တယ်၊ “ဟာ...ထူးအိမ်သင်ဟေ့”...ဆိုတဲ့အသံတွေနဲ့အတူ လူအုပ်ကြီးက လည်း ကျောင်းဝင်းတံခါးဆီကို ပြိုဆင်းကျလာတယ်၊ ကျနော်တို့က ကံကောင်းချင်တော့အဲဒီအချိန် ဝင်းတံခါးပေါက်မှာ ရှိနေတယ်၊ ခဏနေတော့ လူအုပ်ကြားထဲကနေ စူပါကပ် ဆိုင်ကယ်လေးပေါ် လာတယ်၊ ကိုငှက်ကဆိုင်ကယ်မောင်းပြီး နောက်မှာသူငယ်ချင်းတစ်ယောက်နဲ့၊ လှစ်ကနဲပဲမြင်လိုက် ရပြီး ချက်ချင်းအထဲရောက်သွားတယ်၊

မကြာပါဘူး၊ စင်ပေါ်ကနေ ‘ရွှေ’သီချင်းရဲ့ drum intro ကိုစ,ကြားရတာပါပဲ၊ ခဏကြာတော့အထဲက ပရိသတ်ရဲ့ လက်ခုပ်သံတွေနဲ့အတူ ကိုငှက်အသံပေါ်လာတယ်၊ ကြယ်တွေစုံတဲ့ ကောင်းကင်ယံ အောက်မှာ ကိုငှက်ရဲ့အသံဟာ ပြီးပြည့်စုံခြင်းအတိနဲ့ တည်ငြိမ်အေးချမ်း နေလိုက် တာ...၊ ပြီးတော့ ဒုတိယတစ်ပုဒ် ‘ရက်စက် စွာပြုံးတတ်သော’ကို ဆက်ဆိုတယ်၊ အဲဒီအချိန်မှာ အပြင်က ပရိသတ်က ထိန်းမရတော့ဘူး၊ ကိုငှက်က ပွဲရဲ့နောက်ဆုံးအဆိုတော်လည်းဖြစ်၊ အစောင့်မျှော်ဆုံး လည်းဖြစ် တော့ အားလုံးကအထဲဝင် ချင်လာကြတယ်၊ ဒါနဲ့ပဲ စီစဉ်သူတွေက ဝင်းတံခါးကြီးကို ဖွင့်ပေး လိုက်ရတော့တယ်၊ ထိပ်ဆုံးက ပြေးဝင်သွားသူတွေထဲမှာ ကျနော်လည်း တစ်ယောက် အပါ အဝင် ပေါ့၊ အဲဒီအချိန် ကိုငှက်က ‘တနေ့နေ့တော့ချစ်လာလိမ့်မည်’ ကိုဆို နေခဲ့တယ်၊ အထဲကို ရောက် သွားတော့ တချိန်လုံးကျောဖက်ကပဲ မြင် နေခဲ့ရတဲ့ စတေ့ခ်ျစင်ကြီးကို တမက်တမော ကြည့်ပစ် လိုက်တယ်၊ ပြီးတော့...ကျနော်အကြည့် ချင်ဆုံး အဆိုတော်က အဲဒီစင် ပေါ်မှာ...၊ ကိုငှက်က နောက်ထပ် ၇ ပုဒ်၊ ၈ ပုဒ်လောက် ဆက်ဆို သေးတယ်၊ ညနေ ၆ နာရီက နေ ည ၁၁ လောက်အထဲ မင်းကြီးလမ်းပေါ်မှာ တချိန်လုံး မတ်တပ် ရပ် စီးမျောခဲ့ရပေမယ့် နောက်ဆုံး မှာတော့ ကျနော့် ရင်ခုန်သံတွေက ချိုမြိန်စွာနဲ့ အဆုံးသတ်ခဲ့ရတယ်၊ ကျနော့်အတွက် အင်မတန်မှ ထိုက်တန်တဲ့ ဆုလဒ်ပါပဲ...၊

အခုတော့လည်း ဒါတွေက ဟိုးခပ်ဝေးဝေးဆီမှာ..၊ ဒါပေမယ့် ပြန်တွေးတိုင်း ရင်ဘတ်ထဲမှာနွေးထွေး တဲ့ဆွတ်ပျံ့မှုလေးတစ်ခုက တိုးတိုးဝှေ့ဝှေ့ ဖြတ်သန်းသွားဆဲပါပဲ၊ ကိုငှက်ဆုံးတဲ့သတင်းကို ဧရာဝတီ မဂ္ဂဇင်းမှာ ဖတ်ရတဲ့ နေ့တုန်းက ကျနော်ကိုယ့်မျက်စိကို ကိုယ်မယုံကြည်နိုင်ဘဲ တကိုယ်လုံးတုန် ယင်နေခဲ့တယ်၊ ညနေစောင်းမှာတော့ ဘယ်လိုမှ မနေနိုင်တော့တာနဲ့ မြန်မာပြည်က သူငယ်ချင်း တွေဆီကို ဖုန်းဆက်ပြီး ရင်ဖွင့်ဖြစ်တယ်၊ ဒီမှာ နေစဉ်ကာလမှာ နာရေးနဲ့ ပတ်သက်လို့ မြန်မာပြည် ကို အဖြစ်နိုင်ဆုံးနည်းနဲ့ အမြန်ဆုံး ပြန်သွားချင်စိတ် ၂ ခါ ဖြစ်ဖူးတယ်၊ ကိုငှက်ဆုံးတုန်းကနဲ့ ဆရာ ကြီးဒေါက်တာသန်းထွန်း ကွယ်လွန်တုန်းကပါပဲ၊ ကျနော်လေးစား တန်ဖိုးထားရတဲ့ ပညာရှင်တွေ လွင့်ပါးသွားချိန်မှာ အဝေးကနေ တိုးတိတ်စွာ ဝမ်းနည်းရုံကလွဲရင် ဘာမှပိုပြီး မလုပ်နိုင်ခဲ့ပါဘူး၊ တနေ့မှာပေါ့လေ...ကိုငှက်ရဲ့ အုတ်ဂူဆီ အရောက်သွားပြီး ဒီလောကကြီးကို သင်ကြားပေးခဲ့တဲ့ သီချင်းတွေအတွက် ကျေးဇူးတင်ကြောင်း ပြောချင်ပါသေးတယ်၊ တကယ်တော့ ကိုငှက်ကိုယ်တိုင် ကိုက ဘယ်တော့မှ အိုမင်းသွားမှာ မဟုတ်တဲ့ အရိုးသားဆုံး သီချင်းလေးတစ်ပုဒ်ပါပဲ ။ ။


ညီလင်းသစ်
၁၄ သြဂုတ်၊ ၂၀၀၈

11 August 2008

မွန်းတည့်ချိန်၏သွားများ (၁)

ဒီနာမည်ကတော့ ကျနော်တို့ဆီက နာမည်ကြီးတောင်ကြော တစ်ခုရဲ့ ပြင်သစ်နာမည်ကို တိုက်ရိုက် မြန်မာမှု ပြုလိုက်တာပါ၊ ဒီတောင်က သူ့ရဲ့ကွဲပြားတဲ့ပုံသဏ္ဍာန်နဲ့ ဆန်းပြားတဲ့နာမည်ကြောင့် လူသိ များပါတယ်၊ Les dents du midi လို့ခေါ်တဲ့ ဒီတောင်ကို မကြာခဏ မြင်ဖူးနေပေမယ့် အခုလောက် အထိ နီးနီးနားနားကို မရောက်ဖူးပါဘူး၊ ပြီးခဲ့တဲ့တစ်ပတ်ကတော့ ခွင့်ယူပြီး တောင်ပေါ်ခရီးတစ်ခု ထွက်ဖြစ်တယ်။

ကျနော်တို့တည်းတဲ့ အိမ်က မီတာ ၁၂၀၀ အမြင့်မှာ ရှိပြီး အဲဒီတောင်ရဲ့ ရှေ့တည့်တည့်မှာ ရှိတော့ ကျနော်လည်း ဓါတ်ပုံတချို့ လက်တည့်စမ်းဖြစ်တယ်ပဲ ဆိုကြပါစို့ရဲ့၊ ရိုက်ဖြစ်တော့လည်း အမှတ်တ ရဖြစ်သွားတာပေါ့လေ...၊ ဘာရယ်ညာရယ်တော့ မဟုတ်ပါဘူး၊ ခံစားပေးကြည့်ပါဦး...။



နေ့လည်ဖက်ဆိုရင် ကျနော်တို့ တည်းခိုတဲ့ Chalet သစ်လုံးအိမ်ရဲ့ တဖက်ခြမ်းမှာ နေရောင်သိပ်မရှိတော့ပေ မယ့် Les dents du midi ကတော့ လင်းလင်းထင်းထင်း ပါပဲ။



မွန်းတည့်ချိန်၏သွားများဟာ ကျနော့်မျက်စိထဲမှာ တခါတခါ တခုခုကို ကြိတ်ဝါးတော့မယ့် အံသွားတစ်စုံနဲ့ တူနေ ပြန်တယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် ရာသီဥတုကြည်လင်တဲ့ နေ့လယ်ခင်းတွေမှာတော့ ဒီတောင်တန်းတွေဆီကနေ မမြင်မသိ နိုင်တဲ့ တစုံတခုက ကျနော့်ကို ညှို့ယူလေ့ရှိတာတော့ အသေအချာပါပဲ။

ဒါ့ကြောင့်ပဲလားတော့မသိဘူး၊ တောင်တန်းတွေဟာ ကျနော်အမြဲတမ်း စူးစမ်းချင်တဲ့၊ ထိတွေ့နင်းလျှောက်ချင်တဲ့ နေရာတွေထဲမှာ တစ်ခုအပါအဝင်ပါပဲ၊ တောင်တက်သမားတွေ ပြောလေ့ရှိတဲ့ ‘ဘာ့ကြောင့်တောင်တွေကို လိုက် တက်နေရတာလဲ ဆိုတာသိချင်ရင် အနီးဆုံးတောင်တစ်ခုပေါ်ကို ခင်ဗျားတက်ကြည့်လိုက်ပါ’ ဆိုတဲ့စကားကို ဒီလိုတောင်တွေ မြင်ရတဲ့ အခါမှာ ကျနော်ပိုပြီး သဘောပေါက်လေ့ ရှိပါတယ် ။ ။

ညီလင်းသစ်

၁၁ သြဂုတ်၊ ၂၀၀၈