23 April 2009

ဘာသာစကား၊ အကြားအာရုံနှင့် စုံသောအသံများ


ဘာသာစကားများအကြောင်း ကျနော်စဉ်းစားမိသည့်အခါ အမြဲလိုလိုပင် အံ့သြခြင်း ဖြစ်ရသည်၊ လူတစ်ဦးနှင့် တစ်ဦးကြားမှာ ဆက်သွယ်ရေးအတွက်သုံးသည့် ဘာသာစကားတစ်ခု၏ ကြွယ်ဝမှုက တကယ့်ကို မယုံနိုင်စရာ၊ အကြောင်းအရာပေါ်လိုက်လို့ သံတူကြောင်းကွဲ၊ ကြောင်းတူသံကွဲတွေ များစွာရှိတတ်သည်၊ စကားလုံးမထပ် အောင် အမျိုးမျိုး ပြောင်းသုံးနိုင်သည်၊ စကားကို တန်ဆာဆင် ပြောနိုင်သည်၊ တဲ့တိုးပြောနိုင်သည်၊ စကားကြီး ဆယ်မျိုး ပြောနည်းဖြင့် ပြောနိုင်သည်၊ ပြောရလျှင် ဘာသာစကား၏ သိမ်မွေ့နက်ရှိုင်းမှုကို ဘာသာစကားဖြင့် ပြန်ရှင်းပြဖို့ပင် ခပ်ခက်ခက်...၊

တိရိစ္ဆာန်လောကမှာတော့ ရှင်းသည်၊ မကြိုက်ပါက ခွေးဆိုလျှင် မာန်ဖီပြမည်၊ ဆင်ဆိုလျှင် နားရွက်တွေ ကားပြီး ရှေ့တိုးနောက်ဆုတ် လုပ်မည်၊ ခလောက်မြွေဆိုလျှင် အမြီးကို တဆတ်ဆတ် လှုပ်၍ သတိပေးမည်၊ ဆိုလိုသည် မှာ သင်္ကေတနှင့် ဖော်ပြပုံသည် တသမတ်တည်း ဖြစ်သည်၊ လူတွေအတွက် ဘာသာစကားမှာတော့ ဒီစကား တစ်ခုတည်းကိုပင် အဖိ၊ အဖေါ့၊ အပျော့၊ အမာ၊ မျက်နှာထိ မျက်နှာထားကိုလိုက်လို့ အဓိပ္ပါယ် ဖွင့်ဆိုချက်တွေ ကွဲပြားသွားတတ်လေသည်၊ ဒီကြားထဲ စကားလုံး ရွေးချယ်ပုံကလည်း အရေးကြီး လိုက်သေးသည်၊ ကျနော်ပြော ချင်တာက စကားကို အသေးစိတ် တွက်ချက်ရွေးချယ်၍ ပြောမည်ဆိုလျှင် ကျွမ်းကျင်မှု၊ နှံ့စပ်မှုပေါ် မူတည်၍ လှပသိမ်မွေ့ နိုင်သလို ရှုပ်ထွေးခက်ခဲမှုလည်း ဖြစ်နိုင်ပါသည်၊ သို့သော် ထိုမျှလောက်လည်း မလိုပါ၊ ကျနော်တို့ အားလုံး နေ့စဉ်သုံး စကားများကို စာတမ်းရေးသလို မဟုတ်ဘဲ ပေါ့ပါးသွက်လက်စွာ ပြောတတ်ကြပါသည်၊

ကျနော် နေထိုင်ရာ ဆွစ်ဇာလန် နိုင်ငံမှာတော့ ဘာသာစကား၏ ရိုက်ခတ် အရေးပါမှုကို နေ့စဉ်လိုလို ထိတွေ့ ဆက်ဆံရလေသည်၊ ဒီနိုင်ငံမှာ တရားဝင် ရုံးသုံးဘာသာစကားက ၄ မျိုးရှိပါသည်၊ ဂျာမန်၊ ပြင်သစ်၊ အီတာလျံ နှင့် ရိုမော့န်ခ်ျ (Romanche) ဘာသာတို့ ဖြစ်ပါသည်၊ လူဦးရေ၏ ၆၅% ခန့်က ဂျာမန်စကားပြောပြီး ၂၁% ခန့် က ပြင်သစ်စကား ပြောကြသည်၊ ၇% နီးပါးခန့်က အီတာလျံစကား ပြောပြီး ရိုမော့န်ခ်ျကတော့ ပြောသူ ၁% ပင် မပြည့်ပါ၊ ဒါပေမယ့် သူကလည်း တရားဝင် ရုံးသုံးဘာသာအဖြစ်က တပြားမှမလျှော့...၊ ဒီစကားက ဂျာမန်၊ ပြင် သစ်၊ အီတာလျံတို့ကို နည်းနည်းစီ ရောသမမွှေပြီး ဒေသသုံး ဒိုင်ယာလက်ခ်တချို့ ပေါင်းထည့်ထားတာမျိုး ဖြစ် သည်၊ ကျနော့်မိတ်ဆွေ ဆွစ်လူမျိုးများထဲမှာတော့ ရိုမော့န်ခ်ျ ပြောတတ်သူ တစ်ဦးတစ်ယောက်မှ မတွေ့ဖူးပါ၊

ဒီမှာပြောသည့် ဂျာမန်စကားကလည်း တစ်မျိုးဖြစ်သည်၊ ဆွစ်ဂျာမန်ဟု ခေါ်သည့်ထိုစကားသည် ဂျာမနီမှာပြော သည့် ဂျာမန်စကားနှင့် လုံးဝနီးပါး ခြားနားသည်၊ ထိုထက်ပိုသည်က ဆွစ်ဂျာမန်စကားသည် ဒိုင်ယာလက်ခ် အပြောသက်သက် ပုံစံသာရှိ၍ အရေးပုံစံ (written form) မရှိခြင်းဖြစ်သည်၊ ဒီတော့ ကျောင်းတွေမှာ standard ဂျာမန်စကားကို သင်ပြီး အပြင်မှာတော့ ဆွစ်ဂျာမန်စကား ပြောကြသည်၊ ဂျာမနီမှ ဂျာမန်တစ်ယောက် ဒီကိုလာ သောအခါ သူ့ဂျာမန်စကားကို ဆွစ်ဂျာမန်တို့ နားလည်ပြီး ၄င်းတို့ပြောသည့် ဆွစ်ဂျာမန်စကားကိုမူ ထိုဂျာမန်နား မလည်နိုင်ပါ၊ ပြင်သစ်ဘာသာကတော့ အချို့နေရာတွင် လေယူလေသိမ်း အနည်းငယ်ကွဲသည်မှအပ ဆွစ်ဇာ လန်မှာ ပြောသည့်စကားနှင့် ပြင်သစ်ပြည်မှာ ပြောသည့်စကား အတူတူပင်ဖြစ်သည်၊ အီတာလျံစကားလည်း ဆွစ်အီတာလျံနှင့် အီတလီမှအီတာလျံ အတူတူနီးပါးပင် ဖြစ်သည်၊ ထိုသို့သော ဘာသာစကား ခြားနားမှုများ ကြောင့် အရွယ်အားဖြင့် မြန်မာပြည်ထက် ၁၅ ဆခန့် ငယ်ပြီး လူဦးရေလည်း ၇ သန်းကျော်ကျော်သာ ရှိသော အနှီ ဆွစ်ဇာလန်နိုင်ငံသည် တစ်ပုဒ်တည်းသော အမျိုးသားသီချင်းကို အဆိုပါ ဘာသာ ၄ မျိုးဖြင့် ထားပေးရလေ သည်၊

ဆွစ်ဂျာမန်ကလေးတွေက မူလတန်းအဆင့် ၃ တန်းသို့ ရောက်သည်နှင့် ပြင်သစ် သို့မဟုတ် အီတာလျံ တစ်ခုခု ကို ဒုတိယဘာသာအဖြစ် သင်ကြရပြီး၊ ကျန်ဆွစ်ပြင်သစ်နှင့် ဆွစ်အီတာလျံ ကလေးတွေကလည်း ထိုဘာသာ ၃ ခုတွင် မိခင်ဘာသာစကား မဟုတ်သည့် နှစ်ခုအနက် တစ်ခုကို မသင်မနေရ ရွေးချယ်ရလေသည်၊ ထို့ကြောင့် ဆွစ်လူမျိုးအများစုသည် အနည်းဆုံး ဘာသာစကား ၂ မျိုး သို့မဟုတ် ၃ မျိုးကို ပြောတတ်ကြသည်၊ သို့သော် ကျနော်မြင်ရသလောက် ဆွစ်ပြင်သစ်တွေဂျာမန်စကား ပြောနိုင်တာထက် ဆွစ်ဂျာမန်တွေက ပိုပြီးပြင်သစ်စကား ပြောနိုင်ကြသည်၊ ပထမအချက်မှာ ဆွစ်ဂျာမန်တွေက စည်းစနစ်၊ ဇွဲနဘဲအရာမှာ တယူသန်၊ တလမ်းသွား ပိုကျ ပြီး အစွမ်းကုန် ကြိုးစားပြောကြသောကြောင့် ဖြစ်သည်၊ ဒုတိယအချက်မှာ ဂျာမန်စကားက ထောင့်တောင့် တောင့် ကြမ်းတမ်းတမ်း ဖြစ်၍ ဆွစ်ပြင်သစ်အများစုမှာ ပြောရန်စိတ်မပါသောကြောင့် ဖြစ်သည်၊

ဤနိုင်ငံလေးမှာ ၃ နာရီခန့် ရထားစီးမည်ဆိုလျှင် နိုင်ငံ၏တဖက်နယ်စပ်မှ အခြားတဖက်နယ်စပ်သို့ ရောက်ပါ လိမ့်မည်၊ ပြင်သစ်စကားပြော အပိုင်းဖြစ်ပါက ရထားပေါ်တွင် ပြင်သစ်စကားဖြင့် ပထမကြေညာပြီးမှ ဂျာမန် စကားဖြင့် ထပ်ဆင့်ကြေညာသည်၊ ခရီးသွားတစ်ယောက်သည် ပြင်သစ်စကား အရင်ကြားရမည့်အစား ဂျာမန်စကားကို ပထမကြားရပါက ဂျာမန်စကားပြောသည့် အပိုင်းသို့ရောက်လာပြီ ဖြစ်ကြောင်း သိနိုင်ပါသည်၊ မည်သို့ပင်ဖြစ်စေ ဆွစ်ဂျာမန်ပိုင်းကို ရောက်ဖြစ်သည့်အခါ ကြားနေကျ ပြင်သစ်စကား နေရာမှာ ဂျာမန်စကား ကြားရသောကြောင့် အခြားနိုင်ငံတစ်ခုကို ရောက်သလို ကျနော် မကြာခဏ ခံစားရသည်၊ ဈေးဝယ်သည့်အခါ ကုန်ပစ္စည်းများ ပေါ်မှာရှိသည့် စကား ၃ မျိုးအနက်မှ ကိုယ်နှင့်သက်ဆိုင်သည့် စကားကို ရှာဖွေဖတ်ရှုရခြင်းအား အစပိုင်းတွင် ကျနော်အထူးအဆန်း ဖြစ်နေခဲ့ဖူးသည်၊ မကြာခဏ ကြုံရသည့် နောက်ထပ်တစ်ခုမှာ ဆွစ်လူမျိုး အချင်းချင်း အင်္ဂလိပ်လို ပြောနေကြခြင်းဖြစ်သည်၊ ဆွစ်ဂျာမန်တွေက ပြင်သစ်လို ကြိုးစားပြောချင်သော်လည်း ဆွစ်ပြင်သစ်တွေက ဂျာမန်လိုပြန်မပြောချင်၊ ပြန်မပြောနိုင်သည့်အခါ ၄င်းတို့အချင်းချင်း နောက်ဆုံး၌ အင်္ဂလိပ် လိုသာ ပြောကြတော့သည်၊ သို့သော် ဘာသာစကား ကွဲပြားသော်လည်း သူတို့ငြိမ်းချမ်းစွာ ပေါင်းစည်းနေထိုင် ကြပါသည်၊

လူတစ်ယောက် ဘာသာစကား တစ်ခုကို ပြောဖို့အတွက် အရင်ဦးဆုံး လိုအပ်သည်မှာ မည်သည့်အရာနည်းဟု တစုံတယောက်က မေးလာခဲ့မည်ဆိုလျှင် ထိုစကားကို ကြားနိုင်သော အကြားစွမ်းရည် ဖြစ်သည်ဟု ကျနော်ဖြေ မိမည် ထင်ပါသည်၊ မှန်ပါသည်၊ စကားတစ်ခုကို မှန်ကန်စွာ မကြားနိုင်ဘူးဆိုလျှင် ထိုစကားကို မှန်ကန်စွာပြော နိုင်ရန် အခွင့်အလမ်း နည်းပါးသွားပြီ ဖြစ်သည်၊ ကျနော် မြန်မာပြည်မှာ ဧည့်သည်များနှင့်မကြာခဏ ခရီးသွားစဉ် အခါက မြန်မာစကားအကြောင်း သူတို့ကို ပြောဖြစ်တိုင်း ထိုအချက်ကို ကျနော်သတိပြုမိသည်၊ ဥပမာ- ကျနော် က ‘ငပိ’ ဟုပြောသည့်အခါ သူတို့က ‘နပိ’ ဟုကြားကြသည်၊ ကျနော်က ထိုစကားနှစ်ခုကို သေသေချာချာ အသံ ထွက်ပြသော်လည်း သူတို့ကမူ အတူတူပဲ ကြားရသည်ဟု ဆိုသည်၊ ကျနော်တို့၏ မိခင်ဘာသာနှင့် ဘာဆိုဘာမျှ နီးစပ်ခြင်း မရှိသော စကားတစ်ခုကို မှန်ကန်စွာ ကြားနိုင်ဖို့ ဆိုသည်မှာ အမြဲတမ်းတော့ မလွယ်ကူနိုင်ပါ၊ ကွဲပြား သော စကားတစ်ခုကို မှန်ကန်စွာ မကြားနိုင်သည်မှာ အသာထားဦး၊ အမြဲတသမတ်တည်း ရှိနေသော အသံတစ် ခုကိုပင် ကျနော်တို့အားလုံး ကြားပုံကြားနည်းချင်း မတူကြပါ၊

ထို့ကြောင့်ပင် တစ်ကောင်တည်းသောကြက်၏ တစ်သံတည်းသော တွန်သံကိုပင် မြန်မာက ‘အောက်အီးအီး အွတ်’ ဟုကြားစဉ် အင်္ဂလိပ်က ‘ကော့က ဒူးဒယ်လ်ဒူး’ (cock-a-doodle-do)ဟု ကြား၏ ပြင်သစ်တို့ကမူ ‘ကော်ကော်ရီကို’ (cocorico) ဟုကြားကြသည်၊ တစ်ကောင်တည်းသောကြောင်က ကျနော်တို့ရှေ့တွင် ‘ညောင်’ ဟုအော်၍ ဆွစ်တို့ရှေ့တွင်မူ ‘မြဦး’ (Miaou) ဟုအော်လေသည်၊ အကယ်၍သာ တိရစ္ဆာန်များ စကားပြောတတ် ပါက ကျနော်တို့အားလုံး မှားကြသည်ဟု ပြောကောင်းပြောနိုင်ပါသည်၊ စင်စစ် အသံတစ်သံတည်းကိုထိုသို့အမျိုး မျိုးကြားကြခြင်းမှာ ကျနော်တို့ မိခင်ဘာသာစကား၏ အသံဖွဲ့စည်းပုံစနစ်များကြောင့် ဖြစ်ပါသည်၊

ဘာသာစကား အသီးသီးတွင် အသံထွက်အလိုက် သတ်မှတ်နိုင်သော Frequency range များရှိကြသည်၊ အကျသံ၊ အလေးသံများသော ဘာသာစကားများက frequency အနိမ့်ပိုင်းမှာ ရှိကြပြီး အတက်သံ၊ နှာခေါင်းသံ၊ စူးရှသံများသော စကားများက အမြင့်ပိုင်းမှာ ရှိကြသည်၊ Frequency ကွဲပြားသော စကားကို ပြောသောလူနှစ် ယောက်သည် အသံတစ်သံကို ကြားပုံချင်းလည်း မတူညီနိုင်ပါ၊ ၄င်းတို့၏ အကြားအာရုံက သက်ဆိုင်ရာ မိခင် ဘာသာစကား၏ ဖွဲ့စည်းပုံကိုသာ အသားကျနေသောကြောင့် ထိုဖွဲ့စည်းပုံ frequency range အတွင်းမှမဟုတ် သောအသံများကို ကြားသောအခါ နားစည်မှ ပေးပို့သော သတင်းအချက်အလက်ကို ဦးနှောက်မှ ကွဲလွဲစွာ ဘာသာပြန်တတ်ပါသည်၊ ဥပမာ- ပြင်သစ်စကားသည် frequency range ၁၂၅ Hz မှ ၂၀၀၀ Hz အတွင်းသာ ရှိသည်၊ ဆိုလိုသည်မှာ အလေးဆုံး၊ အကျဆုံးအသံသည် ၁၂၅ ဟာ့ဇ်မှာရှိပြီး အတက်ဆုံးအသံသည် ၂၀၀၀ ဟာ့ဇ်ဝန်းကျင်ခန့်မှာ ရှိသည်၊ အင်္ဂလိပ်စကားမှာမူ ၁၂၅ မှ ၁၂၀၀၀ ဟာ့ဇ်အတွင်း ရှိသောကြောင့် frequency range ပိုမို ကျယ်ဝန်းပါသည်၊ အကျိုးဆက်အနေဖြင့် အင်္ဂလိပ်တွေ ပြင်သစ်စကား ပြောသောအခါ လေသံသိပ် မဝဲဘဲ သွက်သွက်လက်လက် ပြောနိုင်ပြီး ပြင်သစ်တွေ အင်္ဂလိပ်စကား ပြောသောအခါ အလွန်ဝဲသောလေသံ ဖြင့် အာလေးလျှာလေး ပြောကြလေသည်၊ ထို့ကြောင့် ဘာသာစကားတစ်ခုသည် အလွန်နိမ့်သော အကျသံများ ဖြင့်ဖွဲ့စည်းထားသလို မြင့်သောအတက်သံများလည်း ပါဝင်သည် ဆိုပါစို့၊ ထိုစကားကို ပြောသောလူမျိုးများသည် အခြားစကားများကို မှန်ကန်စွာ ကြားတတ်ကြပြီး အသံထွက်လည်း မှန်ကန်စွာ ထွက်နိုင်ကာ အတတ်မြန်ကြ လေသည်၊ စကင်ဒီနေးဗီးယား နိုင်ငံများ၊ ရုရှား၊ ပိုလန် စသောနိုင်ငံများမှ လူများသည် အခြားလူမျိုးများထက် language ပိုင်းတွင် ပိုပြီး တတ်လွယ်ကြသည်၊

တကယ်တော့ ကျနော်တို့အားလုံးတွင် အင်မတန် အာရုံခံစားမှု ကောင်းသောအကြားစနစ်များ မွေးကတည်းက ပါလာခဲ့ပါသည်၊ စကားပြောတတ်ကာစ ကလေးတစ်ယောက်သည် ၂၀ ဟာ့ဇ်မှ ၂၀ ၀၀၀ ဟာ့ဇ်အတွင်း အသံ များအားလုံးကို မှန်ကန်စွာ ကြားနိုင်ပါသည်၊ အင်မတန်မှ ကျယ်ပြန့်သော frequency range ဖြစ်သည်၊ သို့သော် ထို range မှာကြီးလာသည်နှင့်အမျှ ကြားနေကျ သက်ဆိုင်ရာ မိခင်ဘာသာစကားအလိုက် ကျဉ်းမြောင်းပြောင်း လဲသွားကာ ကျနော်တို့၏ အကြားအာရုံမှာလည်း စူးရှမှု နည်းပါးသွားတော့သည်၊

စင်စစ် စကားတစ်ခုကို မှန်ကန်စွာ ကြားပြီဟု ဆိုသည့်တိုင်အောင် ထိုစကားအတိုင်း မှန်ကန်စွာ အသံပြန်ထွက် နိုင်ဖို့ အမြဲတမ်း မလွယ်ကူပြန်ပါ၊ ကျနော်ပြင်သစ်ဘာသာကို ပထမဆုံး စသင်ခဲ့သည်မှာ မြောက်ဥက္ကလာပရှိ ဘုန်းကြီးကျောင်းတွင် ဖြစ်ပါသည်၊ ထိုကျောင်းတွင် ကံကောင်းထောက်မစွာ အင်မတန်စာသင်ကောင်းသော ဆရာမနှစ်ယောက်နှင့် သင်ကြားခဲ့ရသည်၊ သို့တိုင် ကျောင်းစ,တက်သည်မှ ခြောက်လကြာသည်အထိ ကျနော် တို့မှာ စကားပြောနိုင်ဖို့ဝေးလို့၊ အသံထွက်ကိုပင် မှန်အောင်မထွက်နိုင်သေးပါ၊ အင်္ဂလိပ် အသံထွက် များနှင့်ယဉ်ပါး ခဲ့သော ကျနော်၏လျှာကြွက်သားများက ခပ်လေးလေး ပြင်သစ်အသံတို့ကြားမှာ တဝဲလည်လည် ဖြစ်နေခဲ့ရ သည်၊ ခက်ခဲသော သဒ္ဒါစနစ်၊ များမြောင်လှသော ချွင်းချက်များ၊ ခန့်မှန်းရခက်သော အသံထွက်များ၊ အရာရာ တိုင်းကို အထီးအမ ခွဲခြားထားသော Gender စနစ်တို့ကြောင့် လှော်တိုင်းမရောက်သော ပြင်သစ် ပင်လယ်မှာ ကျနော်အတော်စိတ်ရှည်ရှည်ဖြင့် ရွက်စုံလွှင့်ခဲ့ရသည်၊

တခါတုန်းက ဖတ်ခဲ့ရသော အင်တာဗျူးတစ်ခုကို သတိရမိပါသည်၊ ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ အလုပ် လုပ်သော အစိုးရအဖွဲ့၏ စကားပြန်တစ်ယောက်ကို မေးမြန်းထားခြင်းဖြစ်သည်၊ ထိုသူမှာ ဘာသာစကား ၅၃ မျိုး ပြောတတ်သည်ဟု ဆိုသည်၊ သူ၏အဆိုအရ ဘာသာစကား သင်ယူတာများလာလေလေ စကားအသစ်အတွက် ပေးရသောအချိန် နည်းလာလေလေဖြစ်သည်၊ ပထမစကားကို ၃ နှစ်သင်ရသည် ဆိုလျှင် နောက်ထပ်စကားကို ၁ နှစ်ခွဲလောက်သင်လျှင် တတ်နိုင်သည်၊ နောက်ထပ်စကားကို ၁ နှစ်၊ နောက်တစ်ခုကို ခြောက်လ စသဖြင့်...၊ သူစကားသင်ယူ နည်းမှာ စိတ်ဝင်စားစရာ ကောင်းပါသည်၊ သူက ဘာသာစကားတစ်ခုကို ဖတ်နိုင်ဖို့ အရင်ဆုံး ကြိုးစားသည်၊ ထိုအတွက် ယေဘုယျအားဖြင့် ၃ လခန့်ကြာသည်၊ “ ခင်ဗျား စကားတစ်ခုကို ဖတ်နိုင်ပြီဆိုရင် အဲဒီစကားကို ခင်ဗျားတတ်ပြီလို့ ဆိုနိုင်တယ်ဗျ၊ ဒီလို ဖတ်တတ်ဖို့က အကြမ်းဖျဉ်း ပြောရရင် ၃ လလောက်တော့ ကြာမယ်ဗျာ၊ အဲဒါနောက်ပိုင်းမှာတော့ ခင်ဗျားလုပ်ရမှာက အဘိဓါန်ကောင်းကောင်း တစ်အုပ်ရှာပြီး အဲဒီစကားနဲ့ ရေးထားတာတွေကို ရနိုင်သလောက်သာ ရှာပြီးဖတ်ပေတော့...” တဲ့၊ ဖြစ်နိုင်ပါသည်၊ သို့သော် ထိုစကားကို သွက်သွက်လက်လက် ပြောနိုင်ဖို့ဆိုလျှင် စာဖတ်သောအခါ ခပ်ကျယ်ကျယ် အသံထွက်ဖတ်ဖို့တော့ လိုအပ်ပါ လိမ့်မည်၊ ထိုလူကတော့ စကားအသစ် ထပ်သင်ဖို့ ပြဿနာမရှိဘဲ သင်ထားပြီးသမျှကို မေ့မသွားအောင် ပိုပြီး အားထုတ် ဂရုစိုက်နေရပါသည်-တဲ့၊

ယနေ့ကမ္ဘာဟာ ရွာကြီးတစ်ရွာဖြစ်လာပြီး ထိုရွာကြီးဟာလည်း ပြားသထက်ပြားလာသောအခါ ကျနော်တို့ရှေ့မှာ ဘာသာစကားတို့ တိုးဝှေ့တွန်းတိုက် မိကြတာကို တစ်ကြိမ်ထက် တစ်ကြိမ်ဆိုသလို မြင်နေရပါသည်၊ အရောင်စုံ အသွေးစုံ၊ အသံစုံသော စကားတို့က မြန်ဆန်သော ဓါတ်ရထားများသဖွယ် တစ်နေရာမှ တစ်နေရာသို့ လွန်းထိုး သွားလာနေကြသည်၊ သက်ဆိုင်ရာ ရထားတစ်စင်း,စင်းကိုသာ စီးနိုင်မည်ဆိုလျှင် လိုရာခရီးကို ကျနော်တို့ ပိုမို မြန်ဆန်စွာ ရောက်နိုင်ပါသည်၊ လောလောဆယ် ကျနော်ကတော့ ပီဇာရနံ့သင်းသော၊ စပါဂက်တီ ရနံ့သင်းသော ရထားတစ်စင်းကို စီးဖို့ စိတ်စောနေမိသည်။ ။


ညီလင်းသစ်
၂၃ ဧပြီ၊ ၂၀၀၉

13 April 2009

Flash Test


ပြီးခဲ့တဲ့ တစ်ပတ်က Camera Flash Test တစ်ခုလုပ်ဖြစ်ပါတယ်၊ အဲဒီနေ့က အလုပ်မှာ ကျနော်က chemicals တွေအတွက် ဒေတာဘေ့စ် တစ်ခုလုပ်နေတုန်း ဒီ flash စမ်းသပ်မှုလုပ်ဖို့ ရုတ်တရက် အကြံပေါ်လာခဲ့တယ်၊ ကျနော်တို့ Lab မှာရှိတဲ့ chemicals တွေအားလုံးကို တစုတစည်းထဲ ဒေတာဘေ့စ် တစ်ခုတည်းအောက်မှာထား ဖို့အတွက် ပြင်ဆင်တော့ အဲဒီဓါတုပစ္စည်းတွေကို သက်ဆိုင်ရာ ဓါတ်ပုံတွေနဲ့ထားရင် ရှာရတဲ့လူအဖို့ ပိုပြီးလွယ် နိုင်တယ်လို့ ကျနော်ယူဆတယ်၊ တကယ်က chemical တွေအားလုံးမှာ တိကျတဲ့ သက်ဆိုင်ရာ C.A.S number, ဖော်မြူလာ, အရပ်အခေါ်, ဓါတုအခေါ် စတာတွေ ရှိပြီးသားမို့ မှားစရာ အကြောင်းက သိပ်မရှိပါဘူး၊ ဒါပေမယ့် ကျနော်ကိုယ်တိုင်က အဲဒါတွေကို ဓါတ်ပုံရိုက်ချင်နေတော့ နည်းနည်းအကြောင်းပြချက် လိုက်ရှာတဲ့ သဘောလည်း ပါ,ပါတယ်၊ ကျန်တဲ့ အချက်အလက်တွေနဲ့ ကိုက်ညီနေသည့်တိုင် ပုံလေးပါ ကြည့်လိုက်ရတော့ ပိုပြီး သေချာသွားတာပေါ့လေ ဆိုပြီး ကိုယ့်ဟာကိုယ် အဆိုပြု၊ ကိုယ့်ဟာကိုယ် ထောက်ခံပြီး ကိုယ့်ဟာကို အတည် ပြုလိုက်တယ်၊

အဲဒီလို ပုံတွေရိုက်ရင်း တချို့နေရာတွေမှာ flash test လေးတွေ ကြိုကြားကြိုကြား လုပ်ဖြစ်ပါတယ်၊ သိတဲ့အတိုင်း ဓါတ်ပုံကို တကယ်တမ်း အနုပညာမြောက်အောင် ရိုက်မယ်ဆိုရင် flash ကိုကျွမ်းကျွမ်းကျင်ကျင် သုံးတတ်ဖို့လည်း အရေးကြီးတာကိုး...၊ ဒီလိုပြောလို့ ကျနော်က ဓါတ်ပုံတွေကို တန်းဝင်အောင် ရိုက်တော့မယ် လို့ဆိုလိုတာ မဟုတ်ပါဘူး၊ အဝေးကြီး လိုပါသေးတယ်၊ အခုဟာက ကိုယ်သုံးမယ့် ပစ္စည်းတစ်ခုကို နဲနဲလောက် ထဲထဲဝင်ဝင် သိရအောင်ပါပဲ၊ စမ်းဖြစ်တဲ့ flash gun ကတော့ Canon Speedlite 430 Ex II ဖြစ်ပါတယ်၊ Speedlite 580 နဲ့ယှဉ်မယ်ဆိုရင်တော့ သိပ်မကြီးပါဘူး၊ ဒါပေမယ့် ကျနော်သုံးတဲ့ EOS 450d အတွက်ကတော့ အတော်ပါပဲ၊ တချို့နေရာတွေမှာ 450d ရဲ့ built-in flash နဲ့တင် အသုံးတည့်ချင် တည့်တတ်သေးတော့ အခု ဒီ external flash နဲ့ဆိုရင် အလင်းအတွက်ကတော့ ပူစရာ သိပ်မလိုတော့ပါဘူး၊ So, let there be light.....!


Flash test (1) [EOS 450d, Sigma 18-200mm, 78mm, f/5.6, 1/60, ISO200]
IMG_2657aIMG_2658a
ဘယ်ဖက်ပုံက flash မပါဘဲနဲ့ ညာဖက်ကပုံကတော့ flash ကို သုညဒီဂရီ horizontal အပြည့်ယူထားပါတယ်၊ ဘယ်ဖက်ပုံက နဲနဲမှောင်ပြီး ပုလင်းရဲ့ အနားသတ်တွေ မပြတ်သားပါဘူး၊ ညာဖက်ပုံကတော့ အလင်းများလွန်းပြီး ပုလင်းက ရောင်ပြန်ဟပ်တဲ့အပြင် အနောက်ဖက်မှာ ကျနေတဲ့ အရိပ်ကလည်း အရုပ်ဆိုးစေပါတယ်၊

IMG_2659a
ဒီတတိယပုံကတော့ flash ကို ၆၀ ဒီဂရီ လှန်တင်ပြီး ရိုက်တာပါ၊ အရင် ၂ ပုံနဲ့စာရင်တော့ ပုလင်းအနားသတ်တွေ ပိုပြတ်သားပြီး အရိပ် လည်းနည်းသွားတယ်၊ ဒါပေမယ့် လုံးဝတော့ မပျောက်သေးဘူး၊ တကယ်တော့ ဖန်ပစ္စည်းတို့၊ ပုလင်းတို့ကို ရိုက်ရတာ ခက်ပါတယ်၊ ကျနော် subject ရွေးတာလည်း မှားချင်မှားနိုင်ပါတယ်၊ စတူဒီယိုထဲမှာလို မီးအပြည့်နဲ့ဆိုရင်တော့ ဘယ်လိုနေမယ် မသိဘူး၊


Flash test (2) [EOS 450d, Sigma 18-200mm, 63mm, f/5, 1/60, ISO200]
IMG_2672-0aIMG_2671-45a
ဘယ်ဖက်က flash ကို သုညဒီဂရီ ယူထားပြီး ညာဖက်ကတော့ ၄၅ ဒီဂရီ ဖြစ်ပါတယ်၊ ဖန်ပုလင်းနဲ့စာရင် အရိပ်နည်းပေမယ့် ရှိတုန်းပါပဲ၊

IMG_2669-60aIMG_2670-75a
ဘယ်ဖက်က ၆၀ ဒီဂရီ flash ဖြစ်ပြီး ညာဖက်ကတော့ ၇၅ ဒီဂရီ ဖြစ်ပါတယ်၊ ၇၅ ဒီဂရီမှာ နောက်ဖက်အရိပ်က ပျောက်သလောက်ဖြစ် သွားပေမယ့် subject ပေါ်မှာကျတော့ အလင်းက မလောက်တော့ပြန်ဘူး၊ subject ရဲ့အနောက်ကို အလင်းဖြန့်ပို့ပေးတဲ့ ပစ္စည်းသုံးရမယ် ထင်တယ်၊ ဒါမှမဟုတ်လည်း ဘေးနှစ်ဖက်ကနေ ရောင်ပြန်ထိုးပေးပေါ့၊


Flash test (3) [EOS 450d, Sigma 18-200mm, 42mm, f/4.5, 1/60, ISO200]
IMG_2673aIMG_2674a
ဘယ်ဖက်ပုံက ၆၀ ဒီဂရီ flash တစ်ခုတည်းနဲ့ ရိုက်ထားတာ ဖြစ်ပြီးတော့ ညာဖက်ကတော့ အဲဒီ ၆၀ ဒီဂရီကိုပဲ Lab ထဲမှာ ရှိသမျှမီး အားလုံးဖွင့်ပြီး ရိုက်ပါတယ်၊ ပုံရဲ့ background/foreground စပ်ဟပ်မှု မတူတာကို သတိထားမိမှာပါ၊


Flash test (4) [EOS 450d, Sigma 18-200mm, 96mm, f/5.6, 1/60, ISO200]
IMG_2655a
ဒါကတော့ ခပ်လှမ်းလှမ်းမှာ ရှိတဲ့ fume hood ထဲကို လှမ်းရိုက်ကြည့်လိုက်တာပါ၊ ဘယ်လောက်အသေးစိတ်အထိ မြင်နိုင်မလဲ ဆိုတာ သိရအောင် ဖြစ်ပါတယ်၊
IMG_2656a


အခုစမ်းသပ်ခဲ့တဲ့ test တချို့ဟာ ပြီးပြည့်စုံခြင်း မရှိတာ သေချာပါတယ်၊ Flash တစ်ခု ဘယ်လောက်အလုပ်လုပ်တယ် ဆိုတာသိရဖို့ စမ်းသပ်ရမယ့် parameter တွေအများကြီး ရှိမှာပါ၊ အခုစမ်းသပ်မှုတွေကလည်း ရှေ့ဆက်လုပ်ရမယ့် test တွေအတွက် ရှေ့ပြေးသက်သက်သာ ဖြစ်ပါတယ်၊ ကျနော်စိတ်ကူးရသလို စမ်းခဲ့တာဖြစ်လို့ ကောက်ချက်လွဲခဲ့ရင်၊ တင်ပြပုံလွဲခဲ့ရင် ကျနော့်ရဲ့အားနည်း ချက်ပဲ ဖြစ်ပါလိမ့်မယ်၊ နည်းပညာပိုင်းဆိုင်ရာ အကြံပေးချက်များ ရှိခဲ့ရင်လည်း ဝမ်းမြောက်စွာ ကြိုဆိုပါတယ်။


ညီလင်းသစ်
၁၄ ဧပြီ၊ ၂၀၀၉

07 April 2009

သားကလေးရဲ့ One Man Show


One Man Show (1)
IMG_2434b
Canon EOS 450d, Sigma 18-200mm, 28mm, f/5, 1/40, ISO200


One Man Show (2)
IMG_2437b
Canon EOS 450d, Sigma 18-200mm, 28mm, f/4, 1/60, ISO200, Built-in Flash


One Man Show (3)
IMG_2436b
Canon EOS 450d, Sigma 18-200mm, 63mm, f/5, 1/60, ISO200, Built-in Flash


ဒီပစ္စည်းတွေ မကိုင်ပါနဲ့ဆိုတာကို သားလေးက တခါတခါနားမထောင်ဘူး၊ ကလေးတို့ထုံးစံ မိဘလုပ်သမျှ အကုန်လိုက်အတုခိုးပြီး လိုက်လုပ်ချင်တယ်၊ တဖက်က ပြန်ကြည့်တော့လည်း ကလေးရဲ့ လေ့လာသင်ယူမှုမှာ သူတို့ကို အခွင့်အရေးပေးနိုင်သလောက် ပေးမယ်ဆိုရင် သူတို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်စေပါတယ်၊ ဒီတော့လည်း ကိုယ့်ကိုယ်ကို ပြန်ပြီး မေးကြည့်တယ်၊

မကိုင်ရဘူးဆိုရင် သူ, ပိုပြီးကိုင်ချင်မှာပါပဲ၊ အတင်းတားမြစ်ထားရင် ကျနော့်ကွယ်ရာမှာ သူကိုင်ဖို့ ကြိုးစားလိမ့် မယ်၊ ဂစ်တာနဲ့ ဟာမိုနီကာ ကို သူတကယ်ပဲ မကိုင်သင့်ဘူးလား၊ ဒါဟာ လျှပ်စစ်မီးဖို၊ မီးပူ၊ ဓါး စတဲ့ အန္တရာယ် ရှိတာတွေနဲ့စာရင် သူ့အတွက် မထိခိုက်နိုင်ပါဘူး၊ သားလေးအတွက်က သူလုပ်လို့ ဂစ်တာကွဲသွားနိုင်တယ် ဆိုတာထက် လူကြီးတစ်ယောက်လို သူဘယ်လောက်လိုက်လုပ်နိုင်သလဲ ဆိုတာက ပိုပြီးစိတ်ဝင်စားဖို့ ကောင်းပါလိမ့်မယ်၊ ဒီလိုတွေးပြီးတော့ ဂစ်တာနဲ့ ဟာမိုနီကာကို ဘယ်နေရာကနေ ဘယ်လိုကိုင်ရတယ်၊ ဒါကို တော့မထိရဘူး၊ ဒါလေးကိုတော့ဖြင့် သတိထား၊ ဒါပေမယ့် တစ်ယောက်ထဲဆိုရင်တော့ မကိုင်ရဘူး စသဖြင့် ကြိုးစားပြောပြပြီး တခါတရံ one man show (one child show လို့ဆိုချင်လည်း ဆိုပေါ့လေ) လုပ်ခွင့် ပေးလိုက်ပါတော့တယ်။

01 April 2009

ထွက်ခွာခွင့်


တကယ်တော့ ဒီအဖွဲ့အကြောင်းကို ကျနော်ကြားဖူးထားတာတော့ အတော်ကြာနေပါပြီ။ ပထမဆုံးစ,ကြားဖူး တုန်းက အထူးအဆန်းမို့ အတော်လေး စိတ်ဝင်စားမိခဲ့တယ်၊ ဒီအဖွဲ့ရဲ့ ခံယူချက်၊ လုပ်ငန်းစဉ်တွေနဲ့ ပတ်သက် ရင် လူတွေက အမြဲတမ်း ငြင်းခုံ၊ သဘောထား ကွဲရလေ့ ရှိပါတယ်၊ သူတို့ကို နားလည်ထောက်ခံတဲ့ လူတွေရှိ သလို ဆန့်ကျင်ရှုတ်ချတဲ့ လူတွေလည်း အများကြီးပါပဲ၊ ကျနော်လည်း ကြား,ကြားချင်းတုန်းက စိတ်ထဲမှာတမျိုး ကြီးဖြစ်ခဲ့ဖူးတယ်၊ ဒီအဖွဲ့က တခြားတော့ မဟုတ်ပါဘူး၊ Association of Dying in Dignity လို့ခေါ်တဲ့ ဂုဏ် သိက္ခာရှိစွာဖြင့် သေဆုံးရေး ကူညီမှုအဖွဲ့ဖြစ်ပါတယ်။

Exit လို့လည်းခေါ်တဲ့ ဒီအဖွဲ့က လူ့လောကမှာ ဆက်မနေချင်တော့တဲ့ လူတွေကိုယ့်ကိုကိုယ် အဆုံးစီရင်ရာမှာ ကူညီတဲ့အဖွဲ့ ဖြစ်ပါတယ်၊ ဒီလို အဖွဲ့မျိုးက ကမ္ဘာပေါ်မှာ များများစားစား မရှိပါဘူး၊ ဥရောပတိုက်မှာတော့ ဆွစ်ဇာလန် နိုင်ငံက အဖွဲ့ကအထိုက်အလျောက် နာမည်ကြီးပါတယ်၊ ပြင်သစ်၊ ဂျာမနီစတဲ့ အိမ်နီးချင်းနိုင်ငံတွေ ကပါ လာဆက်သွယ်လေ့ ရှိတယ်၊ သူတို့က ကုမရတဲ့ ရောဂါတမျိုးမျိုးကြောင့် သေမယ့်နေ့ကို လက်ချိုးစောင့်နေ ရတဲ့ လူမမာတွေကို ကူညီဖို့ ဖွဲ့ထားတာဖြစ်တယ်၊ ကျနော်သိသလောက် စည်းကမ်းချက်တွေကတော့ လူနာဟာ သက်ကြီးပိုင်းထဲက ဖြစ်ရမယ်၊ ကုမရတော့ဘူးလို့ ဆရာဝန်အားလုံးက တညီတညွတ်တည်း သတ်မှတ်ပြီး လက်လျှော့ထားခြင်း ခံရသူ ဖြစ်ရမယ်၊ ဝေဒနာခံစားနေရသူ ဖြစ်ရမယ်၊ လူနာကိုယ်တိုင်က တောင်းဆိုတာဖြစ် ရမယ်၊ မိသားစုဝင်တွေ ရှိခဲ့ရင် သူတို့ကလည်း သဘောတူညီ ရမယ်၊ စတာတွေ ဖြစ်ပါတယ်၊

ဟိုတလောဆီက ဥရောပကသတင်းစာ တော်တော်များများမှာ စိတ်ဝင်စားဖို့ကောင်းသလို စိတ်မကောင်းဖြစ် စရာလည်းကောင်းတဲ့ သတင်းတစ်ပုဒ်ကို ဖော်ပြခဲ့ကြပါတယ်၊ Chantal Sébire ဆိုတဲ့ ပြင်သစ်အမျိုးသမီး တစ် ယောက်အကြောင်းပါ၊ အသက် ၅၂ နှစ်အရွယ် ဒီအမျိုးသမီးကြီးဟာ Esthesioneuroblastoma ဆိုတဲ့ရောဂါ ဆန်းတမျိုးကို ခံစားနေခဲ့ရတယ်၊ ဒီရောဂါက နှာခေါင်းအတွင်းမှာ ဖြစ်တတ်တဲ့ ကျူမာ (tumor) တမျိုးပါ၊ ဒီကျူ မာက ရင့်ပြီးကြီးထွားလာတဲ့အခါ သူ့ရဲ့တွန်းအားကြောင့် မျက်လုံးကပါ ယောင်ကိုင်းပြူးထွက် လာခဲ့တယ်၊ အဆ မတန် ယောင်ကိုင်းနေတဲ့ အဲဒီမျက်လုံးနဲ့ ပြန့်ကားဖောင်းထွက်လာတဲ့ နှာခေါင်းက ကျောင်းဆရာမဟောင်းဖြစ် တဲ့ အဲဒီအမျိုးသမီးကြီးကို ရုပ်ပျက်ဆင်းပျက် ဖြစ်သွားစေခဲ့တော့တယ်၊ သိပ်မကြာမီမှာပဲ မျက်စိအလင်းပါ ကွယ် သွားခဲ့ရတယ်၊ ဘဝဟာ အဓိပ္ပါယ် မဲ့သထက် မဲ့ခဲ့ရပြီပေါ့...၊

ဘယ်လိုမှ ကုစားလို့မရတဲ့ ရောဂါကို လွယ်ထားရတဲ့ Chantal (ရှော်န်တားလ်) ဟာလူ့လောကကြီးမှာ ဆက်ပြီး အသက် မရှင်ချင်တော့ဘူး၊ သူဟာ ပြင်သစ်သမ္မတအထိ စာရေးပြီးတော့ သူ့ဘဝကို ဆေးပညာအကူအညီနဲ့ အဆုံးသတ် ဖို့တောင်းဆိုပါတယ်၊ အဲဒီမှာ အာဏာပိုင်အဖွဲ့အစည်းအကြား၊ သတင်းမီဒီယာအကြား အတော် လေးဂယက်ရိုက် သွားတယ်၊ သူ့တောင်းဆိုချက်ကို လိုက်လျောဖို့ သင့်, မသင့်ဆိုတာနဲ့ ပတ်သက်လို့ပေါ့၊ ကံကြမ္မာရဲ့ မျက်နှာသာ ပေးခြင်းမခံရတဲ့ အဲဒီအမျိုးသမီးကြီးက ဆွစ်ဇာလန်နိုင်ငံက Exit အဖွဲ့ကိုပါ ဆက်သွယ် ဖို့ စဉ်းစားခဲ့သေးတယ်၊ နောက်ဆုံးမှာတော့ သူ့ကိုကြပ်မတ်တဲ့ ဆရာဝန်ရဲ့ ဆေးစာကိုသုံးပြီး အားသိပ်မပြင်းတဲ့ အိပ်ဆေးတချို့ကို သူဝယ် လို့ရခဲ့တယ်၊ အဲဒီနောက်ပိုင်းမှာတော့ သူ့အတွက်လွယ်သွားပြီ၊ အဲဒီအိပ်ဆေးတွေ ကိုပဲ များနိုင်သလောက်အများ ဆုံးသောက်ပြီး သူအပြီးအပိုင် အိပ်ပျော်သွားခဲ့တော့တယ်၊

ဒီဖြစ်ရပ်မတိုင်ခင် နှစ်အနည်းငယ်က အလားတူဖြစ်ရပ်မျိုး ကျနော်တွေ့ဖူးခဲ့တယ်၊ တစ်ရက်မှာ ပျင်းပျင်းရှိတာနဲ့ ရုပ်မြင်သံကြားမှာ ချန်နယ်လ်တွေ ကျနော်ပြောင်းကြည့်နေဖြစ်တယ်၊ အဲဒီမှာ သတင်းမှတ်တမ်းဆန်ဆန် ပြနေ တာတစ်ခုကို သွားကြုံတယ်၊ အသက် ၅၀ ဝန်းကျင်ခန့်ရှိမယ့် လူတစ်ယောက်နောက်ကို ကင်မရာက တချိန်လုံး လိုက်ရိုက်နေတာ၊ အိမ်မှာ သူစာတွေရေးနေတာ ပြတယ်၊ ကော်ဖီဆိုင်ကို သွားပြီး သူငယ်ချင်းတွေနဲ့ စကားပြော နှုတ်ဆက်တာတွေ ပြတယ်၊ သူ့အိမ်နားက လယ်ကွင်းတွေဖက်ကို သွားကြည့်တယ်၊ ညှို့မှိုင်းနေတဲ့ အဝေးက တောင်တန်းတွေကို ကြည့်တဲ့ သူ့မျက်လုံးရီဝေဝေတွေကို အနီးကပ် ရိုက်ပြတယ်၊ အစကနေ ကြည့်ရတာလည်း မဟုတ်တော့ မင်းသားမဟုတ် ဘာမဟုတ်နဲ့ ဒီလူဟာ ဘယ်သူ ပါလိမ့်လို့ ကျနော်တွေးနေမိတယ်၊

နောက်ခံစကားပြောနဲ့ နောက်ထပ်ပြကွက်အနည်းငယ် အပြီးမှာတော့ ကျနော်နဲနဲ ဇတ်ရည်လည်သွားခဲ့ပြီ၊ သူ့နာမည်က Jean Aebischer ဖြစ်ပြီးတော့ ကင်ဆာရောဂါကို ခံစားနေရတဲ့ ဝေဒနာရှင်တစ်ဦးဖြစ်တယ်၊ ကင် ဆာဆဲလ်တွေက ဦးနှောက်ထဲအထိပါ ပြန့်နှံ့နေပြီးတော့ ဆရာဝန်တွေကပါ လက်လျှော့ထားရတဲ့ လူတစ် ယောက်ပါ၊ အဆိုးဆုံးကတော့ သူဟာ အနှေးနဲ့အမြန် ကိုမာ(coma)ရမယ်လို့ သိထားရတာပါပဲ၊ ဘယ်တော့လဲ ဆိုတာသာ အတိအကျ မသိရတာ... ကိုမာရပြီး သတိလစ်မှာကတော့ သေချာနေပြီ၊ ပြီးရင်တော့ အပြီးအပိုင် ထွက်သွားဖို့ပဲပေါ့၊

Jean (ရောန် လို့အသံထွက်ပါတယ်) က သူ့ဘဝရဲ့ နောက်ဆုံးနေ့တွေမှာ ကိုမာနဲ့ မျောနေပြီး အောက်စီဂျင် တန်းလန်း၊ ဒရစ်ပ်ပိုက်တန်းလန်းနဲ့ အသက်မရှင်ချင်ဘူး၊ အသက်အားဖြင့် ၅၈ နှစ်ပဲ ရှိသေးတဲ့သူဟာ လော လောဆယ်မှာတော့ ဘယ်လိုရောဂါ လက္ခဏာမှ မခံစားရသေးဘူး၊ ကျနော်နေတဲ့ နေရာကနေ တစ်နာရီ လောက် ကားမောင်းသွားရတဲ့ နေရာမှာ သူနေပါတယ်၊ ခက်တာကသူ ကိုမာရပြီး သတိလစ်သွားတဲ့နောက် အဲဒီလိုဘဝနဲ့ ဘယ်လောက်ကြာကြာ ဆက်ပြီးနေ,နေရမယ် ဆိုတာ ဘယ်သူမှ ကျိန်းသေမပြောနိုင်ဘူး၊ ပြန် ကောင်းလာဖို့ ဆိုတာတော့ ဒီဘဝမှာ သူမမျှော်လင့်နိုင်တော့ဘူး၊ ဒီတော့ Jean ကသူ့ဘဝမှာ အရေးအကြီးဆုံး လို့ ဆိုရမယ့် ဆုံးဖြတ်ချက်ကို ချလိုက် တယ်၊ အဲဒီကတော့ Exit အဖွဲ့ကိုဆက်သွယ်ဖို့ပဲ၊

အဖွဲ့ရဲ့ ဆရာဝန်တွေနဲ့ သူသေချာ တိုင်ပင်တယ်၊ ဆရာဝန်တွေက သူ့ကို စဉ်းစားချိန်တွေ အများကြီးပေးတယ်၊ အကြိမ်ကြိမ်တွေ့ဆုံကြပြီး ဆွေးနွေးကြတယ်၊ Jean ကတော့ သူ့ဆုံးဖြတ်ချက်ကို မပြင်တော့ဘူး၊ ဒီလိုနဲ့ ဒီလော ကကြီးထဲက သူထွက်သွားမယ့် နေ့ရက်နဲ့အချိန်ကို သူကိုယ်တိုင်ပဲရွေးချယ်လိုက်တယ်၊ ၂၀၀၄ ခုနှစ် ဇန်နဝါရီလ၊ ၆ ရက်နေ့...၊ အဲဒီနေ့ မတိုင်ခင်မှာတော့ သူလုပ်စရာ ရှိတာတွေကို အပြီးလုပ်တယ်၊ မှာစရာရှိတာမှာ၊ တွေ့ရမယ့် လူတွေနဲ့တွေ့ စသဖြင့်ပေါ့၊ အားလုံးကို နှုတ်ဆက်တယ်၊ ဆောင်းတွင်းကာလရဲ့ အေးစက်စက် ညှို့မှိုင်းမှိုင်း ကောင်းကင်အောက်မှာ Jean ရဲ့နောက်ဆုံးနေ့ရက်တွေဟာ အုံ့မှိုင်းခြောက်သွေ့ပြီး လွမ်းဆွတ်ဖွယ်ရာ ကောင်း လှတယ်၊

နောက်ဆုံးတော့ သူကိုယ်တိုင်ရွေးချယ်ထားတဲ့ နေ့ဟာ သူ့ဆီကို ရောက်လာတော့တယ်၊ Exit အဖွဲ့က သူနာပြု ဆရာမတစ်ယောက် သူ့အိမ်ကို ရောက်လာတယ်၊ Jean နဲ့သူ့ရဲ့ လက်တွဲဖော်က ဆရာမကို စောင့်နေကြတယ်၊ ဆရာမရဲ့ လာခြင်းဟာ ကောင်းသောလာခြင်းလို့ ပြောလို့မရသလို မကောင်းသောလာခြင်းလို့လည်း ပြောလို့မရ ပြန်ဘူး၊ မှတ်တမ်းကားဖြစ်လို့ ဘယ်လိုတီးလုံးမှ နောက်ခံမပါဘူး၊ အရာရာဟာ ခြောက်သွေ့တိတ်ဆိတ်ပြီးတော့ ကြည့်နေတဲ့ ကျနော်ကိုယ်တိုင်တောင် မှိုင်းဝေလေးလံလာပြီး အသက်ရှူရတာ မဝဘဲဖြစ်လာတယ်၊ လောကထဲ ကမကြာမီ အချိန်ပိုင်းအတွင်း ထွက်သွားတော့မယ့် လူတစ်ယောက်၊ သူ့ကို ထွက်သွားစေမယ့် သူနာပြုဆရာမ၊ ဘေးမှာက အဲဒီလူကို ချစ်မြတ်နိုးတဲ့ အမျိုးသမီး...၊ သုံးယောက်လုံးက ဘယ်လိုခံစားချက်မှ မပါတဲ့ မျက်နှာသေ တွေနဲ့ မိနစ်တွေကို ဖြတ်သန်းနေကြတယ်၊

ဆရာမက Jean ကို သေချာပြီလားလို့ မေးတယ်၊ Jean ကသေချာပြီလို့ ပြန်ဖြေတယ်၊ ဒီတော့ ဆရာမက ရှင်းပြ တယ်၊ သူ့ကို သောက်ဆေးရည် နှစ်ခုပေးမှာဖြစ်ကြောင်း၊ ပထမတစ်ခုက ဆေးရည်ခန္ဓာကိုယ်တွင်း ပျံ့နှံ့ရာမှာ ထိရောက်လျင်မြန်စေဖို့ ဖြစ်ပြီး ဒုတိယတစ်ခုကတော့ အိပ်ဆေးရည်ပဲ ဖြစ်ကြောင်း၊ ပထမဆေးရည်ပြီးလို့ ၁၅ မိနစ်ကြာရင် ဒုတိယဆေးရည်ကို သောက်ရမှာဖြစ်ကြောင်း၊ အဲဒါသောက်ပြီးတာနဲ့ မိနစ်အနည်းငယ်အတွင်းမှာ သူအိပ်ပျော်သွားမှာ ဖြစ်တယ်လို့ ရှင်းပြတယ်၊ Jean ကသူ့ကို ကူညီမယ့် ဆေးပုလင်းလေး နှစ်ခုကို အနီးကပ် သေချာကြည့်တယ်၊ ပြီးတော့ သောက်တော့မယ်လို့ ဆရာမကို ပြောလိုက်တယ်၊

ပထမဆေးကို သောက်တယ်၊ `အင်း..အဝင်မဆိုးပါဘူး’ လို့ သူပြောတယ်၊ အဲဒီအချိန် သူ့ညီရောက်လာတယ်၊ Jean ကငါသွားတော့မယ်လို့ ပြောပြီးသူတို့နှစ်ယောက် ဖက်ပြီးနှုတ်ဆက်ကြတယ်၊ တည်တည်ငြိမ်ငြိမ် ပါပဲ၊ ပြီးတော့ ဆိုဖာပေါ်ပြန်ထိုင်တယ်၊ ဆရာမက ဒုတိယဆေးကိုပေးတယ်၊ Exit အဖွဲ့ရဲ့ စည်းကမ်းအရ လူနာကိုယ် တိုင် သူ့လက်နဲ့သူ သောက်ရမှာ ဖြစ်လို့ Jean ကယူသောက်လိုက်တယ်၊ ပြီးတော့ ပြန်ထိုင်တယ်၊ တစ်ယောက် မျက်နှာတစ်ယောက် ကြည့်နေကြတယ်၊ တစ်မိနစ်လောက်အကြာမှာ ဆရာမက ကုတင်ပေါ်မှာ လှဲချင်လားလို့ မေးတော့ Jean ကကောင်းသားပဲဆိုပြီး အခန်းထဲသွားကြတယ်၊ ဘယ်သူမှ ဘာစကားအပိုမှ မပြောကြဘူး၊ တိတ်ဆိတ်ခြင်းသက်သက်အောက်မှာ လူတိုင်းဟာ ကိုယ်လုပ်ရမယ့်တာဝန်ကို ကိုယ်လုပ်နေကြသလိုပဲ၊ ကုတင် ပေါ်လှဲပြီး မကြာခင်မှာဘဲ Jean ရဲ့မျက်လုံးတွေ စဉ်းလာတယ်၊ သူ့အမျိုးသမီးက ခါးတဝက်လောက်အထိ စောင် ခြုံပေးလိုက်တယ်၊ အဲဒီမှာ သူအားရပါးရ တစ်ခါသန်းတယ်၊ ပြီးတော့ ပြောတယ်၊ ` ငါ့ဘဝကို ဒီလိုနည်းနဲ့ အဆုံးသတ်ရလိမ့်မယ်လို့ ငါဘယ်တုန်းကမှ မတွေးမိခဲ့ဘူးကွာ ’ ...တဲ့၊ အဲဒီစကားကို လေးလေးပင်ပင်ပြောပြီး သူ အပြီးအပိုင် အိပ်ပျော်သွားတော့တယ်၊ သူ့ရဲ့ ခွင့်ပြုချက်နဲ့ ကင်မရာက သူနောက်ဆုံးမျက်စိမှိတ်ချိန်အထိ မှတ်တမ်းတင်ထားခဲ့တယ်၊ တချိန်လုံး ဘေးနားမှာ ထိုင်ပြီးသူ့ကို ထွေးပွေ့ထားခဲ့တဲ့ အမျိုးသမီးက သူ့ကို တင်းတင်းကျပ်ကျပ် ပွေ့ပိုက်ပြီး အိကနဲ ကျိတ်ငိုချလိုက်တယ်၊ သူနာပြုဆရာမက လက်ကောက်ဝတ်မှာ သွေး ခုန်နှုန်းစမ်းပြီး လူတစ်ယောက်ရဲ့ ထွက်ခွာမှုကို အတည်ပြုပေးလိုက်တော့တယ်၊

တကယ်တော့ Jean က သေရမှာ မကြောက်ပါဘူး၊ သူက ဝေဒနာခံစားရမှာကိုပဲ ကြောက်တာ၊ ခန္ဓာကိုယ်ကြီး တဖြည်းဖြည်းနဲ့ ယိုယွင်းပျက်စီးလာတာ၊ ဘာမှလည်း မလုပ်နိုင်ဘဲ သူတပါးအပေါ်ပဲ မှီခိုနေရတာ၊ ပြန်လည်း ကောင်းမလာနိုင် သေလည်းမသေနိုင်ဘဲ ဒီလိုပဲ တတိတိနဲ့ လုံးပါးပါးရမယ့်အဖြစ်၊ သူ့ကိုကြည့်ပြီး ချစ်ခင်သူတွေ ကဝမ်းနည်းကြေကွဲ နေရမယ့်အဖြစ်... ဒါတွေကို သူက မလိုလားတာပါ၊

ဒီ documentary ကိုကြည့်ပြီး လူတွေကြားထဲမှာတော့ အငြင်းပွားစရာတွေ အများကြီး ကျန်ခဲ့ပါတယ်၊ ဒီမှတ် တမ်းဟာ အိမ်နီးချင်းနိုင်ငံတွေ အထိပါ ပျံ့နှံ့သွားပြီးတော့ ဆွေးနွေးကြ၊ ငြင်းကြခုံကြနဲ့ပေါ့၊ မှန်တယ်လို့ပြောတဲ့ သူနဲ့ မှားတယ်လို့ ပြောတဲ့သူနဲ့၊ လုပ်သင့်တယ်ဆိုတဲ့ သူနဲ့၊ မလုပ်သင့်ဘူး ဆိုတဲ့သူနဲ့... ဂယက်ကတော့အတော် လေးရိုက်ခတ် ကျန်ခဲ့တယ်၊ Exit အဖွဲ့ပေါ်မှာ ဝေဖန်ရှုတ်ချ မှုတွေကလည်း ပြင်းပြင်းထန်ထန်ပေါ့၊ ဒီအဖွဲ့စတင် တည်ထောင်ကတည်းက ပြစ်တင်ဝေဖန် ခံခဲ့ရတာ ဒီနေ့ထက်ထိပါပဲ၊ ဒါပေမယ့် လူတစ်ဦးချင်းစီရဲ့ ကိုယ်ပိုင် လွတ်လပ်ခွင့်ကို အတော်လေးအရေးပေးတဲ့ ဆွစ်ဇာလန်လို နိုင်ငံမှာတော့ ဒီအဖွဲ့ဟာ နှစ်စဉ်နှစ်တိုင်း ဒီလိုကိစ္စ မျိုးတွေကို တရားဝင် ကူညီပေးလျက်ပါ၊ ဒါဟာ တစ်ဦးချင်းစီရဲ့ ကိုယ်ပိုင်ဘဝဖြစ်ပြီးတော့ ကိုယ့်အတွက်အသက် သာဆုံး ထွက်ပေါက်ကို ကိုယ်တိုင်ရွေးချယ်တာဖြစ်လို့ ဥပဒေကြောင်းအရ တားမြစ်စရာ မရှိပါဘူး-တဲ့၊

စိတ်ဓါတ်ပြင်းထန်သူတချို့ကပြောပါတယ်၊ “ ဝင်လာခွင့်ကို ငါတို့မရွေးချယ်ခဲ့ရဘူး၊ ထွက်ခွာခွင့်ကိုတော့ အနည်း ဆုံး ငါတို့ရွေးချယ်ခွင့် ရသင့်တာပေါ့၊ ညှိုးရော်ခံစားပြီး အလိုမတူဘဲ လူးလှိမ့်ထွက်သွားရတာနဲ့စာရင် ကိုယ့်သ ဘောနဲ့ကိုယ်ရွေးချယ်တဲ့ ထွက်ပေါက်ကနေပဲ အေးအေးသက်သာထွက်သွားချင်တယ် ” တဲ့၊ စဉ်းစားစရာပါပဲ၊ ထွက်ခွာခွင့်ဟာ ဒီလောကမှာ ကျနော်တို့ရရှိတဲ့ များစွာသော ရွေးချယ်ခွင့်တွေထဲက တစ်ခုဟုတ်ရဲ့လား? ဝင်လာဖို့ကို ရွေးခွင့် မရခဲ့တဲ့ ကျနော်တို့ဟာ ထွက်သွားဖို့ကိုကော တကယ်ပဲ ရွေးခွင့် ရသင့်ပါရဲ့လား? ဒါက တော့ ထွက်ပေါက်ရှိရာဆီ သွားကြတဲ့ လမ်းတလျှောက်မှာ ဖြတ်သန်းကြုံတွေ့ခဲ့တာတွေရယ်၊ တစ်ဦးချင်းစီရဲ့ ရုပ်ခံစားမှု၊ စိတ်ခံစားမှု တွေနဲ့အတူ ကိုယ်ပိုင်ပြဌာန်းမှု ရှုထောင့်တွေပေါ်မူတည်လို့ မြင်ထောင့်တွေဟာလည်း ကွဲပြားသွားမှာ သေချာပါတယ်။ ။


ညီလင်းသစ်
၁ ဧပြီ၊ ၂၀၀၉