10 May 2009

မက်ခရိုဖိုတိုဂရပ်ဖီ


Macro photography ကိုကျနော် စိတ်ဝင်စားနေခဲ့တာတော့ ကြာပြီ၊ ကျနော်တို့ နေ့စဉ်ဘဝမှာ သာမန်ဖြတ်သွား၊ ဖြတ်လာ သတိမထားမိတဲ့ အရာတွေဟာ မက်ခရိုဖိုတိုဂရပ်ဖီရဲ့ ပြုစားမှုအောက်မှာ ရင်သပ်ရှု မောရလောက်အောင် တောက်ပခမ်းနား လာတတ်တယ်၊ ဘယ်သူမှ အရေးတယူ မရှိခဲ့တဲ့ အရာဝတ္ထု သေးသေးကွေးကွေးလေးတွေ၊ အင်းဆက်ပိုးမွှားလေးတွေ၊ ပန်းဝတ်မှုံ ဝတ်ဆံလေးတွေဟာ ပြတ်သားဝင့်ထည်စွာ မျက်စိအောက်ကို ရောက်လာတတ်ကြတယ်၊ ရှင်းလင်းကြည်လင်တဲ့ ပုံရိပ်တွေကို ပေးလေ့ရှိတဲ့ မက်ခရို မှန်ဘီလူးတွေအောက်မှာ အရာရာဟာ ပကတိအတိုင်း ထင်ထင်ရှားရှား... ...၊

မက်ခရိုအိပ်မက်တွေနဲ့ နေသားတကျ ဖြစ်နေခဲ့တာ ကြာလွန်းမက ကြာလာတဲ့အခါမှာတော့ မက်ခရိုမှန်ဘီလူး တစ်ခုလောက်တော့ ပိုင်ဆိုင်ချင်တဲ့စိတ် ကျနော့်မှာ ဖြစ်လာခဲ့တယ်၊ အဲဒီအခါ မက်ခရို မှန်ဘီလူးတွေကို ကျနော် နဲနဲတော့ လေ့လာဖြစ်ပါတယ်၊ အဓိကအားဖြင့် တံဆိပ် ၂ ခုက စိတ်ဝင်စားဖို့ ကောင်းတာ တွေ့ရတယ်၊ Canon နဲ့ Sigma (for Canon) ဖြစ်ပါတယ်၊ ထပ်ပြီးဆစ်ပိုင်းရရင် ဆစ်ဂ်မာက 50mm, 70mm နဲ့ 105 mm မှန်ဘီလူးတွေဖြစ်ပြီး ကင်နွန်က 60mm နဲ့ 100mm တို့ဖြစ်ပါတယ်၊ ဒီမှန်ဘီလူးတွေနဲ့ ပတ်သက်ပြီး တတ်နိုင်သလောက် ကျနော်လေ့လာကြည့်တယ်၊ အားလုံးက သူ့ဟာနဲ့သူ ကောင်းကြတာချည်းပါပဲ၊

ယေဘုယျ ပြောရရင် ဆစ်ဂ်မာကကင်နွန်နဲ့ နစ်ကွန်အတွက် မှန်ဘီလူးတွေ အများကြီး ထုတ်ပေးတဲ့ third party lenses ဖြစ်လို့ ဈေးနှုန်းက အများအားဖြင့် ချိုပါတယ်၊ ဒါပေမယ့် သူ့မှာအားနည်းချက်လေးတွေက မထင်ရင်မထင်သလို ရှိတတ်တယ်၊ တချို့ဆစ်ဂ်မာတွေက focal length ပေါ်မူတည်ပြီး sharpness တွေ ကွာချင်ကွာသွား တာမျိုးလည်း ရှိတယ်၊ ကျနော့်ကို စိတ်အနှောင့်အယှက် ဖြစ်စေတာကတော့ focus ဖြတ်ချိန်မှာ မှန်ဘီလူးကိုယ်ထည်က ရှည်ထွက်လာတာပါ၊ မက်ခရိုဆိုတော့ နီးနီးကပ်ကပ် ချိန်နေရတဲ့ကြားထဲ မှန်ဘီလူးက ရှည်ထွက်လာတော့ အတိုးအလျော့ လုပ်ရတာနဲနဲပိုမယ်၊ အင်းဆက်တို့ လိပ်ပြာတို့ဆိုရင် အခန့်မသင့်ရင် ထပျံ သွားနိုင်သေးတယ်၊ ကင်နွန်မှာတော့ internal focus ဆိုတော့အဲဒီပြဿနာမရှိပါဘူး၊ အဲ..ဈေးကတော့ ပိုကြီးပါ တယ်၊ ဘယ်လိုပဲ ဖြစ်ဖြစ် နောက်ဆုံးတော့ မျက်စိမှိတ်ပြီး Canon macro EF 100mm F/2.8 USM ကိုပဲ ယူလိုက်ပါတယ်၊

ဒီမှန်ဘီလူးကတော့ ကျနော်သိထားသလောက် တော်တော်ကောင်းပါတယ်၊ အထူးသဖြင့် ပြတ်သားမှုအရာမှာ သိသာလှတယ်၊ မက်ခရိုမှန်ဘီလူးတွေက portrait အတွက်လည်း အရည်အသွေး ကောင်းလေ့ရှိလို့ တစ်ချက် ခုတ်နှစ်ချက်ပြတ်ပါပဲ၊ ဒီ 100mm မက်ခရိုနဲ့ ပတ်သက်ပြီး ပြောကြတာ နှစ်ခုရှိတယ်၊ `ဒီမှန်ဘီလူးရပြီဆိုတာနဲ့ ဘာကို ရိုက်ရပါ့မလဲလို့ မြေကြီးပေါ် ကြမ်းပြင်ပေါ်က သေးသေးမွှားမွှား အရာလေးတွေကို တကုန်းကုန်းနဲ့ လိုက် ရှာတတ်ကြလို့ ခါးနာ၊ ဇက်ကျောတက် ဖြစ်လာရင်တော့ ဝယ်သူရဲ့ တာဝန်သာ ဖြစ်ပါတယ် ' တဲ့၊ နောက်တစ်ခု ကတော့ ' ဒီမှန်ဘီလူးဟာ portrait အတွက်လည်း ပြတ်သားလွန်းလို့ ကိုယ့်ဇနီး၊ ကိုယ့်ချစ်သူကို ရိုက်တဲ့အခါ သတိထားပါ ' တဲ့၊ ' အကြောင်းကတော့ သူတို့က ဓါတ်ပုံမော်ဒယ်လ်တွေလို ပြင်ဆင်မထားမိရင် မျက်နှာက အရေးအကြောင်းတွေ၊ အစက်အပြောက်တွေ ပေါ်လာမှာ ဖြစ်တဲ့အတွက် ခင်ဗျားကို စိတ်ဆိုး၊ စိတ်ကောက် လုပ်ပါလိမ့်မယ် ' တဲ့၊ ကြော်ငြာလိုက်ပုံများ...၊

မှန်ဘီလူး စမ်းမယ့်နေ့မှာပဲ မအိမ်သူက ပန်းတစ်စည်းကို အိုးထိုးထားတာ တွေ့တာနဲ့ ကျနော့်အတွက်တော့ အချိုရှာသကာတွေ့ ပေါ့၊ မက်ခရိုစမ်းဖို့ အတော်ပဲဖြစ်သွားတယ်၊ portrait အတွက်မော်ဒယ်လ်ကတော့ ထုံးစံ အတိုင်း သားပဲပေါ့။


Macro lens test (1)
IMG_2802a
EOS 450d, macro 100mm, f/13, 0.3, iso200, Tripod


Macro lens test (2)
IMG_2812a
EOS 450d, macro 100mm, f/16, 1/4, iso200, Tripod


Macro lens test (3)
IMG_2795a
EOS 450d, macro 100mm, f/5.6, 1/8, iso200, Tripod


Macro lens test (4)
IMG_2825a
EOS 450d, macro 100mm, f/2.8, 1/80, iso200, Tripod


Macro lens test (5)
IMG_2842a
EOS 450d, macro 100mm, f/4, 1/60, iso200, Flash


Macro lens test (6)
IMG_2855a
EOS 450d, macro 100mm, f/4, 1/60, iso200, Flash


Macro lens test (7)
IMG_2851a
EOS 450d, macro 100mm, f/4, 1/60, iso200, Flash

07 May 2009

အရောင်များနှင့် နေထိုင်ခြင်း


ဒီရက်ပိုင်းတွေမှာ ကျနော်လည်း ဘလော့ဂ်ဖက်ကို သိပ်မလှည့်နိုင်ခဲ့ပြန်ဘူး၊ အများသူငါ လိုပါပဲ၊ အလုပ်ရှုပ်တာနဲ့၊ မအားတာနဲ့၊ ပျင်းနေ တာနဲ့၊ စိတ်မပါတာနဲ့....၊ ဒီကြားထဲ Champion's league ဆီမီးဖိုင်နယ်ပွဲတွေကလည်း ကြည့်ရသေးပြန်တော့ တချို့ရက်တွေမှာ ကွန်ပျူတာတောင် မဖွင့်ဖြစ်ဘူး၊ တခါတခါ ကျနော်တွေးကြည့်မိတယ်၊ ဒီဘလော့ဂ်မှာ စာလေးတစ်ပုဒ်၊ နှစ်ပုဒ်၊ ဓါတ်ပုံလေး သုံးလေးပုံ လောက်တက်လို့ လူတွေက ပုံမှန်လာဖတ်တော့မယ်ဆိုရင် ကျနော်က တစ်ပတ်ဆယ်ရက်လောက် ပျောက်သွားပြန်ရော...၊ အကြောင်းမ ကြား၊ ဘာမကြားနဲ့...၊ ဒီတော့ လာရတဲ့လူတွေတော့ စိတ်ညစ်ချင် ညစ်နေမှာပါပဲ၊ :-(

ဒီရက်ပိုင်းတွေမှာတော့ ဓါတ်ပုံအတော်များများ ရိုက်ဖြစ်တယ်၊ ဓါတ်ပုံနဲ့ ပတ်သက်တဲ့ စာအုပ်တွေလည်း ဖတ်ဖြစ်တယ်၊ အခုလည်း ဟိုတလောဆီက ရိုက်ထားတဲ့ ပုံအချို့ပါပဲ၊ စိတ်ကူးကတော့ အရောင်တွေကို အပိုင်းတွေနဲ့ တင်သွားချင်တာပါ၊ ဒါပေမယ့် ဘယ်လောက် လုပ်ဖြစ်မလဲတော့ မသိသေးဘူး၊ လောလောဆယ်တော့ အလင်းတွေနဲ့ ရက်လုပ်ခဲ့တဲ့ အရောင်တွေအကြောင်း ဆိုပါတော့....။


အရောင် (၁)
IMG_2675a
EOS 450d, Sigma 18-200mm, 42mm, f/4.5, 1/60, iso200, External flash

ဘယ်ဖက်အစွန်က Methylene blue လို့ခေါ်တဲ့ pigment ကို ရေဖျော်ပြီး၊ အရောင်ပျော့အောင် ရေရောထားတာဖြစ်ပါတယ်၊ အလယ်က တော့အဲဒီ Methylene blue ကိုပဲ ရေမရောရသေးတဲ့ အနေအထားပါ၊ ဒီ colour pigment ကို အများအားဖြင့် analytical chemistry မှာ သုံးပါတယ်၊ ဆိုကြပါစို့၊ ရေထဲမှာ ကလိုရင်း (chlorine)၊ အောက်စီဂျင် (oxygen)၊ စတဲ့ oxydizing agents တွေရှိရင် သူ့အရောင်ဟာ ပြာနေပြီး၊ ရေဆိုး ရေပုပ်လို အောက်စီဂျင် နည်းပါးတဲ့ နေရာမှာဆိုရင်တော့ အရောင်မဲ့ (colourless) ဖြစ်သွားတယ်၊ Redox experiment လို့ခေါ်ပါတယ်၊ ညာဖက်အစွန်က အနီရောင်အရည်ကတော့ Rhodamine B ဖြစ်ပါတယ်၊ ဒီအနီရောင်မှုန့် နဲနဲလေးက ရေလီတာပေါင်း များစွာကို အနီရောင်ပြောင်းလဲစေနိုင်လို့ Tracer element အဖြစ်သုံးပါတယ်၊ မြစ်ချောင်းတွေမှာ ရေကြောင်းဘယ်လိုစီးတယ်၊ တူးမြောင်းတွေ၊ ရေပိုက်တွေမှာ ဘယ်ရေက ဘယ်ကလာတယ်ဆိုတာတွေ သိဖို့ သူ့ကိုစီးဆင်းစေပြီး လမ်းကြောင်းကို Trace လိုက်ယူပါ တယ်၊ အခုတလော သတင်းထွက်လာတဲ့ ငပိတွေကို ပန်းရောင်သန်းစေဖို့ ဆိုးတယ်ဆိုတဲ့ Rhodamine B ဟာသူပါပဲ၊


အရောင် (၂)
IMG_2678a
EOS 450d, Sigma 18-200, 51mm, f/5, 1/60, iso200, External flash

Pedology မှာသုံးတဲ့ ပလစ်စတစ် ပစ္စည်းတွေပါ၊ ဒီခက်ရင်း၊ ဓါး၊ ခွက် စတာတွေကို မြေစိုင်၊ မြေခဲတွေ ခွဲစိတ်ဖြတ်တောက်၊ သိမ်းဆည်းရာ မှာသုံးပါတယ်၊ ဘာရယ်မဟုတ်ဘူး၊ အရောင်နဲနဲစုံလို့ ရိုက်ထားလိုက်တာ...၊

အရောင် (၃)
IMG_2680a
EOS 450d, Sigma 18-200, 154mm, f/6.3, 1/60, iso200, External flash


အရောင် (၄)
IMG_2683a
EOS 450d, Sigma 18-200, 154mm, f/6.3, 1/4, iso200