22 April 2012

အာရုံများ ပျံသန်းရာ နိုင်ငံကလေးသို့ (၆)


အားလုံးပဲ မင်္ဂလာနှစ်သစ်ပါလို့ နှုတ်ခွန်းဆက်ပါတယ်၊ နှစ်သစ်က စ,နေတာ ရက်အနည်းငယ်တောင် ရှိနေပြီ ဆိုပေမယ့် တရားဝင် မနှုတ်ဆက်ရသေးလို့ အခုလို နှုတ်တရာ၊ စာတစ်လုံး လုပ်ပြီး နှုတ်ဆက်တာပါ၊း) ဒီပို့စ် မှာလည်း ညီအစ်ကို၊ မောင်နှမတွေကို ကျနော်တို့ရဲ့ ပထမ မြန်မာနိုင်ငံတော်ကြီးမှာပဲ ဆက်ပြီး အလည်ခေါ်သွားပါဦးမယ်၊ ဒါပေမယ့် ဒါဟာ ပုဂံနဲ့ပတ်သက်ရင်တော့ နောက်ဆုံးပို့စ်ပဲ ဖြစ်မှာပါ၊


သံတဲဟိုတယ်မှာ ကျနော်သဘောကျတာ တစ်ခုကတော့ ဧရာဝတီရဲ့အသံတွေနဲ့ နိုးထရခြင်းပဲ ဖြစ်ပါတယ်၊ မနက်ခင်းတွေမှာဆို မျက်စိနှစ်လုံး မဖွင့်ခင်မှာကိုပဲ မြစ်ထဲမှာ သွားနေကြတဲ့ သင်္ဘောသံတွေ၊ စက်လှေသံတွေကို ကြားနေရပြီ၊ နိုးနိုးခြင်းမှာပဲ ပြူတင်းပေါက်က ကြည့်လိုက်တာနဲ့ ဧရာဝတီ...၊ သူ့အပေါ်မှာ သွားနေကြတဲ့ မော်တော်တချို့နဲ့ တန့်ကြည့်တောင်တန်း...၊ တနေ့တာကို ဒီလိုမြင်ကွင်းမျိုး၊ ဒီလိုအသံမျိုးတွေနဲ့ အစပြုရတာ တကယ်ပဲ ချမ်းမြေ့ဖို့ ကောင်းပါတယ်၊


စက်လှေတွေ ခုတ်မောင်းသံအပြင် ငှက်ကလေးတွေရဲ့ သီချင်းသံတွေကိုလည်း ကြားရပါတယ်၊ ဒါနဲ့ တမနက်မှာ ငှက်ကလေးတွေကို ထွက်ကြည့်တော့ တိုက်တိုက်ဆိုင်ဆိုင် သူ့ကို သွားတွေ့တယ်၊ ကျနော်ဝမ်းသာသွားတယ်၊ ဒီငှက်က တကမ္ဘာလုံးမှာမှ မြန်မာပြည် တစ်ခုတည်း၊ မြန်မာပြည်မှာမှ မန္တလေးတိုင်း အတွင်းက အပူပိုင်းဒေသတွေ၊ အထူးသဖြင့် ပုဂံမှာပဲ တွေ့ရတဲ့ ရှားပါးမျိုးနွယ် endemic ငှက်ပါ၊ White-throated Babbler လို့ခေါ်ပါတယ်၊ သူတို့က အများအားဖြင့် မြေကြီးပေါ်မှာ ခုန်ဆွ၊ ခုန်ဆွ သွားကြလေ့ ရှိတယ်၊ ခပ်လှမ်းလှမ်းက ရုတ်တရက်ကြည့်ရင် ရှဥ့်နဲ့ နည်းနည်း တူပါတယ်၊ ကျနော် သူတို့ကို ပထမဦးဆုံး တွေ့တုန်းက ရှဥ့်အောက်မေ့လို့..၊ သူ့ကို ဓါတ်ပုံရိုက်ဖို့ လုပ်နေတုန်း ငှက်ကြည့် ဝါသနာပါတဲ့ မအိုင်အိုရာကို ဖြတ်ကနဲ သတိရလိုက်သေးတယ်၊ White-throated Babbler ရဲ့ မြန်မာနာမည်ဟာ ဘယ်လိုများပါလိမ့်လို့ စဉ်းစားနေမိတယ်၊


မနက်စာစားတဲ့ နေရာမှာ ကျနော်သဘောကျတဲ့ လှေကလေးတစ်စင်း ရှိတယ်၊ ပုံထဲမှာ တွေ့ရတဲ့ အဲဒီလှေထဲမှာ အိုးသုံးလုံး ရှိပါတယ်၊ ဘယ်ဖက်က အိုးထဲမှာ မုန့်ဟင်းခါးနဲ့ အုန်းနို့ခေါက်ဆွဲကို တစ်နေ့စီ ကျွေးတယ်၊ အလယ်က အိုးမှာတော့ အကြော်စုံနဲ့ အချဉ်ရည် ရှိပြီးတော့ ညာဖက်က အိုးကတော့ ကောက်ညှင်းပေါင်းနဲ့ ငချိတ်ပါ၊ မနက်မနက်ဆို ထနောင်းရိပ်လို့ နာမည်ပေးထားတဲ့ အဲဒီနေရာမှာ ကျနော်က လှေကလေးရဲ့ အနားကနေ မခွာပါဘူး၊ ဘေးမသန်းဘဲ အေးချမ်းစွာနဲ့ အဝ 'လှော်' ခဲ့တယ်..၊း)


တမနက်မှာတော့ အဲဒီထနောင်းပင်ကြီးပေါ်က ကျီးကန်းတွေ၊ ဆက်ရက်တွေ အော်လှချည့်လား ဆိုပြီး ကြည့်လိုက်တော့ ဒီမြွေကို သွားတွေ့တာပဲဗျို့၊ ငနဲက ဆက်ရက်သိုက်ထဲက ဥတွေကို ဝင်နှိုက်ဖို့ ကြိုးစားနေလို့ ဆက်ရက်တွေက ဝိုင်းအော်နေကြတာ..၊ အဲဒီမြွေရဲ့ အောက်တည့်တည့်မှာက မုန့်ဟင်းခါးအိုး..၊ ဒါနဲ့ ကျနော်လည်း မျက်လုံးမလွှဲဘဲ မြွေကိုပဲ ကြည့်နေရတယ်၊ မတော်လို့ ဒင်းပြုတ်ကျလာရင် မုန့်ဟင်းခါးအိုးထဲ တန်းကနဲပဲ..၊ ဒါမျိုးတော့ ဘယ်အဖြစ်ခံမလဲ၊ မုန့်ဟင်းခါးထဲမှာ ငါးအလုံအလောက်နဲ့ ချိုနေပြီးသား ဥစ္စာကို..၊ မြွေထပ်ထည့်စရာ မလိုတော့ပါဘူး၊ ကျနော်တို့ မိသားစုသာ ခေါင်းတမော့မော့နဲ့ ဖြစ်နေကြပေမယ့် ကျန်တဲ့ ဧည့်သည်တွေကတော့ သိပုံတောင် မရပါဘူး၊ အေးအေးဆေးဆေးပဲ၊ ခဏကြာတော့ ကျနော်လည်း စားပွဲထိုး ဝန်ထမ်းလေးကို ခေါ်ပြပြီး သတိပေးလိုက်တော့ သူက 'ဟာ..ဒါ ထန်းတက်မြွေပါ အကိုရ၊ အဆိပ်မရှိပါဘူး၊ အလကား..' တဲ့၊ ကြည့်စမ်း..၊ ပုဂ္ဂိုလ်လေးက ဒီမြွေကို အလကား-တဲ့၊ ဟုတ်မှာပါလေ..၊ ပုဂံမှာက 'နှာတို' လို့ခေါ်ကြတဲ့ မြွေပွေးတွေ၊ မြွေဟောက်တွေ မြင်နေကျဆိုတော့ ဆက်ရက်ဥ ခိုးစားဖို့လောက် ကြံနေတဲ့ ငတကို အလကားလို့ ပြောကြမှာပါပဲ..၊


ညောင်ဦးဈေးကို သွားလည်ကြတယ်၊ ဈေးရုံထဲနဲ့ စာရင် အပြင်ဖက်က ဟင်းသီးဟင်းရွက်တန်းက ဓါတ်ပုံရိုက်လို့ ပိုကောင်းတယ်၊


အဲဒီနေ့ မနက်ကတော့ ငါးစိမ်းတန်းမှာလည်း ဈေးသည်တွေက ယဉ်ကျေးမှုမြှင့်ပြီး ရောင်းနေကြတယ်၊ ဆဲသံဆိုသံ တညံညံဆိုတာ မရှိပါဘူး၊


ငါးစိမ်းမြင်ပေမယ့် ကျနော် ငါးကင် မပစ်ခဲ့ပါဘူး...၊း)


ဘာရယ် မဟုတ်ပါဘူး၊ ကြိုးဆွဲခံနေရသူတွေကို သဘောကျလို့..၊ ရဲမက်၊ မင်းသား၊ ဘီလူး.. အကုန်ပါတယ် နော့၊း)


ဈေးမှာ ဘဝတွေ ရှိတယ်၊ ဖလံနယ် အင်္ကျီလေးနဲ့ ထန်းလျက်ရောင်းနေပေမယ့် လောကအပေါ် အပြုံးမပျက်ပါဘူး၊ သနပ်ခါး ရေကျဲလေး ပါးပေါ်တင်လို့ ကြည်ကြည်လင်လင်ပဲ ဖြတ်သန်းခဲ့တယ်..၊


ပုဂံမှာ အခုနောက်ပိုင်း အရမ်းများလာတာ ကတော့ ဆိုင်ကယ်တွေပါပဲ၊ အားလုံးနီးပါးက လိုင်စင်မဲ့ ဝစ်သောက်တွေ..၊ တစ်စီးကို သုံးသိန်းလောက်ပဲ ပေးရတယ်လို့ ဆိုတယ်၊ ဘုရားမှာ ဈေးရောင်းတဲ့ ဈေးသည် ကောင်မလေးတွေ၊ ယွန်းထိုးတဲ့ မိန်းကလေးတွေ၊ နံရံပန်းချီ ရောင်းတဲ့ ချာတိတ်တွေ..၊ အားလုံးက ဆိုင်ကယ်ကိုယ်စီနဲ့..၊ သူတို့အတွက် သွားလာရေး လွယ်ကူတာ ဝမ်းသာစရာပါ၊ ဒါပေမယ့် တဖက်မှာတော့ လေထုညစ်ညမ်းမှု၊ အသံညစ်ညမ်းမှုတွေ များလာတယ်၊ ဟိုးအရင်ကလို မြင်းလှည်းတွေနဲ့ စက်ဘီးလေးတွေ ဟိုဒီ သွားနေတာမျိုးက ရှားသထက် ရှားလာခဲ့ပြီ၊


ရွှေစည်းခုံ...၊ ရွှေစည်းခုံဟာ စွယ်တော်လေးဆူမှာ တစ်ဆူအပါအဝင် ဖြစ်လို့ မရောက်မဖြစ် ဖူးကြသလို တည်ဆောက်ပုံအရလည်း ထူးခြားပါတယ်၊ ပုဂံမှာ သိမ်၊ ကျောင်း၊ ဘုရား၊ အားလုံးကို အုတ်တွေနဲ့ ဆောက်ခဲ့ပေမယ့် ဘုရားလေးဆူကိုတော့ ရှားရှားပါးပါး သဲကျောက်နဲ့ ဆောက်ခဲ့တယ်၊ အဲဒီ လေးဆူထဲမှာမှ လက်ရှိမှာ သုံးဆူပဲ ကျန်ပါတော့တယ်၊ ရွှေစည်းခုံဟာ အဲဒီထဲက ဘုရားတစ်ဆူပါ၊


ထူးအိမ်သင်က အသက် ၃၁ နှစ်မှာ ဝမ်းမဲင်းရှိုးတစ်ခု လုပ်တော့ 'သုံးဆယ့်တစ်ဘုံက လူငယ်တစ်ယောက်၊ သုံးဆယ့်တစ်နှစ်သား အရောက်မှာ...' အစချီတဲ့ ကဗျာလေးနဲ့ ရှိုးမိတ်ဆက်ပွဲ ကြော်ငြာလေး လုပ်ခဲ့တယ်၊ အဲဒီအတိုင်း ပြောရရင်တော့ (လောလောလတ်လတ်) ၃၇ နှစ်ပြည့်သွားတဲ့ လူတစ်ယောက်၊ ၃၇ မင်း နတ်နန်းရှေ့ အရောက်မှာ-လို့ ကဗျာစပ်ရမယ် ထင်ပါရဲ့..၊း)


မနူဟာဘုရားထဲက လျောင်းတော်မူ ရုပ်ပွားတော်..၊ နန်းကျဘုရင် တစ်ပါးရဲ့ ကျဉ်းကျပ်မှုကို ခံစားလို့ ရပါတယ်၊ ဒီဘုရားကို တည်စဉ်မှာ မနူဟာဘုရင်ဟာ 'ဘဝဆက်တိုင်း ဆက်တိုင်း..' လို့ အစချီတဲ့ ဆုတောင်းတွေ၊ တောင်းခဲ့မှာ အသေအချာပါပဲ၊ ကျိန်စာတွေကော ပါခဲ့သေးလား? သူ့ရင်ထဲမှာ ကြီးကြီးမားမား ဖိစီး၊ လေးလံနေခဲ့တဲ့ ထုထည်ကို ချပြသွားနိုင် ခဲ့တယ်..၊


ပုဂံဆိုတာ တကယ်တော့လည်း နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေး ဘက်ပေါင်းစုံမှာ အမှောင်ထဲကနေ အလင်းကို လှမ်းမြင်ခဲ့တဲ့၊ တိုးထွက်ခဲ့တဲ့ အချိန်ပဲ မဟုတ်လား..၊


သာသနာတော်ကို အုတ်မြစ်ချဖို့ လုပ်တဲ့နေရာမှာ အခိုင်အမာ ပြဌာန်းထားတဲ့ စည်းဘောင်ထဲကနေသာ တရားတော်ကို သူတို့တွေ မြင်တွေ့နိုင်ခဲ့ ကြမယ်၊


'Unfinished temple' လို့ခေါ်ကြတဲ့ ဓမ္မရံကြီးထဲမှာ အမယ်အိုတစ်ယောက် ကတော့ အေးအေးဆေးဆေး ဘုရားပန်းကပ်ဖို့ ပြင်နေလေရဲ့၊ သူ့ရင်ထဲက စေတနာ၊ သဒ္ဒါတရားကတော့ ပြီးပြတ်စွာနဲ့ 'finished' ဖြစ်မှာ အသေအချာ...၊


ကျနော်တို့ သူငယ်ချင်းတွေ ပထမဦးဆုံး ပုဂံကို စ,ရောက်ကြတော့ တစ်ယောက်နဲ့တစ်ယောက် အချင်းချင်း ပညာစမ်းတဲ့ အနေနဲ့ ပုဂံနဲ့ပတ်သက်တဲ့ နှိုက်နှိုက်ချွတ်ချွတ် မေးခွန်းလေးတွေ မေးခဲ့ကြဖူးတယ်၊ ပုဂံကို မင်းဘယ်လောက် 'ကြေ' သလဲ ပေါ့လေ၊ အမှန်တော့ လူငယ်သဘာဝ မာန်စိတ်ကလေး နည်းနည်း ရှိတဲ့ သဘောပါပဲ၊ အဲဒီမေးခွန်းတွေထဲက တစ်ခုက ပုဂံမှာ အင်္ဂလိပ်နာမည်နဲ့ ကမ္ဗည်းထိုးထားတဲ့ ဘုရားကို ပြောပြပါ-တဲ့၊ အပေါ်က ဓါတ်ပုံက အဲဒီ အင်္ဂလိပ်နာမည် ရှိတဲ့ ကမ္ဗည်းပါပဲ၊ မစ္စတာ စကိုဗယ်လ်-တဲ့၊


ဒါကတော့ အဲဒီ မစ္စတာစကိုဗယ်လ်ရဲ့ ကောင်းမှု ပေါ်တော်မှု ဘုရားပါ၊ ဓမ္မရံကြီးရဲ့ မြောက်ဖက်ကနေ မင်းနန်သူရွာဖက် သွားတဲ့လမ်းဘေးက အင်းဘုရား၊ မနူမရွှဲကန် တို့ရဲ့ အနီးမှာ ရှိပါတယ်၊ ဥာဏ်တော် ခပ်နိမ့်နိမ့်ပါပဲ၊ မစ္စတာ စကိုဗယ်လ်ဆိုတာက လမ်းတံတား ဆောက်လုပ်ရေးဖက်မှာ လုပ်ခဲ့တဲ့ ဗြိတိသျှ အင်ဂျင်နီယာ တစ်ယောက်လို့ ပြောကြတယ်၊ သူက ပျက်စီးနေတဲ့ ဘုရားတစ်ဆူကို ပြန်လည်မွမ်းမံတဲ့ အချိန်မှာ အတွင်းထဲမှာ ငုံပြီးတည်ထားခဲ့တဲ့ ပုံထဲက ဘုရားက ပေါ်လာတဲ့အတွက် သူ့နာမည်ကိုပဲ အစွဲပြုပြီး ပေါ်တော်မူဘုရားလို့ ခေါ်တွင်ကြပါတယ်၊


မပြန်ခင် တစ်ရက်ရဲ့ နေ့လယ်ခင်းမှာတော့ မြစ်ကမ်းစပ်ကို ကျနော် ဆင်းလာခဲ့တယ်၊ အိပ်ရာထချိန်ကနေ အိပ်ရာဝင်ချိန်အထိ ဧရာဝတီနဲ့ အနီးဆုံးမှာ ကျနော်နေခွင့် ရခဲ့တယ်၊ ဒီလိုအနေအထားမှာ ရှိခဲ့တာတောင် သူ့ကို တချက်ကလေးမှ မထိလိုက်ရဘဲ ပြန်ရမယ်ဆိုရင် မဟုတ်သေးဘူး၊ ဒါကတော့ မြစ်ကမ်းစပ် သွားတဲ့လမ်းကနေ ဟိုတယ်ကို ပြန်မြင်ရတဲ့ မြင်ကွင်းပါ၊


မြစ်ဆိပ်ရေစပ်ကို တန်းပြီးမဆင်းဘဲ ပဲခင်းတွေကြားမှာ ကျနော် ရပ်နေမိတယ်၊ မြင်ရသမျှ အရပ်မျက်နှာကို အေးအေးဆေးဆေးပဲ လှည့်ပြီး ကြည့်တယ်၊ ကျနော် အလျင်မလိုချင်ဘူး၊ အဲဒီအခိုက်မှာ ပျိုးနှုတ်တောင်သူတချို့ ကျနော့်ဘေးကနေ ဖြတ်သွားတယ်၊ ဟိုးအရင် လွန်ခဲ့တဲ့ ၁၂ နှစ်လောက်ကဆို သူတို့ကို တခုတ်တရ ကြည့်ဖြစ်ပါ့မလား မသိဘူး၊ အခုတော့ မြင်ရသမျှ ကျေးလက်ရဲ့ မြင်ကွင်းတွေကို မက်မက်စက်စက် ခံစားချင်တဲ့ စိတ်အခံနဲ့မို့ ငေးနေမိတယ်၊ ဒီလို ဝတ်စားဆင်ယင်ပုံမျိုးနဲ့ အေးအေးသက်သာ နိုင်ပုံမျိုးကို မတွေ့ရတာ ကြာပြီ မဟုတ်လား၊ သူတို့က နိစ္စဓူဝ ကိစ္စတွေကို ရယ်ရယ်မောမော ပြောကြရင်းနဲ့ပဲ ကျနော့်ဘေးကနေ ဖြတ်သွားခဲ့ ကြတယ်၊


စိုက်ခင်းအစပ်မှာ ထိုင်ချပြီး ပဲတောင့်ရှည် ဘိုကိတ်ပဲတောင့် (ကျေးဇူး ညီမချစ်စံအိမ်) တချို့ကို ကျနော် အသာအယာ တို့ထိကြည့် မိတယ်၊ ဧရာဝတီရဲ့ မြေနုကျွန်းပေါ်က ပဲစိုက်ခင်းတွေ...၊ စီးဆင်းနေဆဲ ဧရာဝတီက နှစ်စဉ်ပို့ချတဲ့ မြေဆီမြေနှစ်များ..၊ ပဲပင် စိမ်းစိမ်းလေး တွေက လေနုအေးမှာ လူးလွန့်လှုပ်ရှားလို့..၊


ခဏကြာတော့ ဧရာဝတီရဲ့ ရေစပ်အထိကို ကျနော် ဆင်းသွားလိုက်တယ်၊ စိတ်ထဲမှာ အိပ်မက်လိုလို တကယ်လိုလိုနဲ့..၊ မျက်စိတဆုံး မြစ်ပြင်ကို ငေးနေရင်း ဆေးမိထားသူ တစ်ယောက်လို ကျနော် ရပ်နေမိတယ်၊ ဧရာဝတီရဲ့ အကြောင်းကို လူပေါင်းများစွာ ပြောခဲ့ကြတာ ကျနော်ကြားခဲ့ ရတယ်၊ ဧရာဝတီကို ကယ်တင်ဖို့ လှုံ့ဆော်ခဲ့တဲ့ ဘလော့ဂါတွေကို သတိရတယ်၊ ဟောပြောပွဲတွေကို သတိရတယ်၊ ဧရာဝတီကို တည်မှီတဲ့ ညီညွတ်မှုတွေကို အမှတ်ရတယ်၊ အခုတော့ ဧရာဝတီရဲ့ ရေစီးသံကို ကျနော်ကြားနေရပြီ၊ အဲဒီ ရေစီးသံရဲ့ ဂီတမှာ စိတ်ဝိညာဉ်ဟာ ကွန့်မြူးတယ်၊ အဖြစ်အပျက်တွေ၊ စကားလုံးတွေ၊ စာပိုဒ်တွေ၊ အသံတွေကို လှိုင်းကြက်ခွပ် ကလေးတွေ ပေါ်မှာ ဖြတ်ကနဲ၊ ဖြတ်ကနဲ မြင်နေ၊ ကြားနေခဲ့တယ်၊

ဆရာနေဝင်းမြင့် ပါရီရောက်တုန်းက မြို့လယ်မှာ ဖြတ်စီးတဲ့ စိမ်းမြစ်ကို ကြည့်ရင်း ဧရာဝတီကို သတိရခဲ့တယ်၊ မြို့သူမြို့သားတွေ အစွမ်းကုန် ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ စိမ်းမြစ်ဟာ လှတယ်၊ အိုင်းလိုင်နာ၊ နှုတ်ခမ်းနီ၊ မိတ်ကပ် အဖွေးသားနဲ့ ချစ်စရာ အပျိုမကလေးနဲ့ တူတယ်၊ ဧရာဝတီကတော့ သားသမီးတွေ တပြုံတမကြီးကို ချွေးတလုံးလုံးနဲ့ လုပ်ကျွေးရတဲ့ မေတ္တာဂရုဏာ အပြည့်နဲ့ အကြော်သည် မိခင်နဲ့ တူတယ်-တဲ့၊ အထဲက အလှကို ဆရာက လှလှလေး ဖွဲ့သွားခဲ့တယ်၊ ဧရာဝတီ မြစ်ရေထဲ ကျနော် လက်နှစ်လိုက်တယ်၊ ရေက အေးနေတယ်၊ မြစ်ရေဟာ ရွှံ့ရောင် နောက်ကျိကျိနဲ့ မလှပါဘူး၊ ကမ်းစပ်မှာလည်း ရေညှိတွေ၊ ရွှံ့ဗွက်တွေနဲ့...၊ ဒါပေမယ့် အဲဒီ ဧရာဝတီကိုပဲ ချစ်မြတ်နိုးစိတ် အပြည့်နဲ့ ကျနော် ညွတ်နူးနေခဲ့တယ်၊


တဖြည်းဖြည်း ကျလာတဲ့ ကျနေအောက်မှာ ပဲပင်ကလေးတွေက တမျှော်တခေါ်...၊ ဝမ်းနည်းဝမ်းသာ စိတ်တွေနဲ့ပဲ မြင်ရသလောက်ကို ကျနော် လိုက်ကြည့်နေမိတယ်၊ ကျနော့်ရှေ့မှာ ရှိနေတဲ့ မြစ်ရဲ့ ဟိုးအထက်ဖက်မှာ ဘယ်သူမှ လက်မခံနိုင်တဲ့ လုပ်ရပ်တွေ ပြန်စ, မလိုလို အသံတွေ သိုးသိုးသန့်သန့် ကြားနေရပြန်ပြီ၊ တော်ကြပါတော့..၊ ပြုစုစောင့်ရှောက်မှု မလုံလောက်လို့ သူ့ဟာနဲ့သူတောင် မမာမကျန်း ဖြစ်နေရှာတဲ့ ကျနော်တို့ရဲ့ မြစ်ကလေးကို ချမ်းသာပေးကြပါ၊ တသက်လုံးစာ အတွက် ရပ်လိုက်ပါတော့ဗျာ..၊ ဧရာဝတီရယ်... စီးဆင်းပါ၊


ဝမ်းနည်းစိတ်တဖက်၊ ဝမ်းသာစိတ်တဖက်နဲ့ လေးလံနေတဲ့ ခြေလှမ်းတွေနဲ့ ပြန်တက်လာ ခဲ့တယ်၊ ထနောင်းပင်ကြီး အောက်မှာ ရပ်ပြီး အလင်းမှုန်တွေ ပြန့်ကျဲနေတဲ့ မြင်ကွင်းကို တဝကြီး ငေးနေလိုက်တယ်၊


မော်တော်လေးတွေက အမှောင်မရောက်ခင် ရွာတွေဆီကို အမှီပြန်ကြဖို့ စိုင်းပြင်းနေကြပြီ၊ မကြာခင်မှာ ဧရာဝတီကို သဲသဲကွဲကွဲ မြင်ရမှာ မဟုတ်တော့ဘူး၊ ဒါပေမယ့် သူရှိနေတာ ကျနော်တို့ သိတယ်၊ သူ့ရေစီးသံဟာ ကျနော်တို့ရဲ့ နှလုံးအိမ်မှာ နှစ်ပေါင်းများစွာ ယဉ်ပါးနေခဲ့ပြီ မဟုတ်လား၊ တကယ်တော့ ဧရာဝတီရဲ့ အနီးမှာ နေရမှ မဟုတ်ပါဘူး၊ ဘယ်နေရာမှာပဲ ရှိနေ၊ ရှိနေ.. သူ့ကို ချစ်မြတ်နိုးစိတ်နဲ့ စောင့်ရှောက်ဖို့က အဓိကပါပဲ၊

ဒီနေရာမှာ ဆက်နေချင်သေးတယ် ဆိုရင်တောင် နောက်တစ်ပို့စ်မှာ ကျနော်နဲ့အတူ ရန်ကုန် ပြန်လိုက်ခဲ့ပါဗျာ၊ ရန်ကုန်မြို့ကြီးမှာလည်း ပြောစရာတွေ ရှိနေမှာ အသေအချာပါ...။ ။

(ဆက်ပါဦးမယ်..)


ညီလင်းသစ်
၂၂ ဧပြီ၊ ၂၀၁၂

12 April 2012

အာရုံများ ပျံသန်းရာ နိုင်ငံကလေးသို့ (၅)


မနက်ပိုင်း အရုဏ်တက် နေထွက်ချိန်ကို ဓါတ်ပုံရိုက်ပြီးတော့ ဟိုတယ်ပြန်၊ မနက်စာစား၊ ပြီးတော့ လျှောက်လည်တဲ့ အချိန်မှာ သားကို အပျော်တမ်း ကင်မ်ကော်ဒါလေးတစ်လုံး ပေးထားလိုက်တယ်၊ အဲဒီတော့ ကျနော်ရိုက်သလို သူလည်း လိုက်ရိုက်ရင်းနဲ့ ဘေးနားမှာ တချိန်လုံး နီးပါး ရှိနေသလို ဖြစ်သွားတယ်၊ တကူးတက လိုက်ထိန်းစရာ မလိုတော့ဘူး ဆိုတဲ့ စိတ်ကူးနဲ့ပါ၊


သူဘာတွေ ရိုက်နေလဲဆိုတာ ကျနော်တော့ မစစ်အားပါဘူး၊ ကိုယ့်ကင်မရာနဲ့ကိုယ် ရှုပ်နေတယ်၊ သားက ကျနော့်ဘေးမှာ ရှိနေတာ စိတ်ချသွားတဲ့ မအိမ်သူလည်း အဲဒီတော့မှ ဈေးဆိုင်တွေ လွတ်လွတ်လပ်လပ် လျှောက်ကြည့်ရတယ်၊


မြင်းလှည်းကို တနေ့လုံးစာ ငှားလိုက်တယ်၊ ပုဂံက မြင်းလှည်းတွေကို တခြားနေရာက မြင်းလှည်းတွေထက် ပိုသဘောကျတယ်၊ သူက အမိုးဖွင့်လို့ ရတဲ့အပြင် ဆိုဖာကူရှင်တွေလည်း ထည့်ထားသေးတာကိုး၊း) တကယ်တော့ ပုဂံလိုနေရာမှာ လည်ဖို့ အကောင်းဆုံး ယာဉ်က မြင်းလှည်းပါပဲ၊ ၄၂ စတုရန်း ကီလိုမီတာ အတွင်းက ရှိသမျှဘုရားတွေကို မြင်းလှည်းက လိုက်ပို့နိုင် ပါတယ်၊ ပြီးတော့ မြေလမ်းကလေးပေါ်မှာ တိတ်တိတ်ဆိတ်ဆိတ်နဲ့ လေထုကိုလည်း မညစ်ညမ်းစေဘူးလေ..၊


ရွာဟောင်းကြီး...၊ sunset အတွက် ကျနော် နှစ်သက်ခဲ့တဲ့ ဘုရားပါ၊ အထူးသဖြင့် ဖေဖေါ်ဝါရီလမှာ ရွာဟောင်းကြီး ပေါ်က ကြည့်ရင် နေက အာနန္ဒာနဲ့ သဗ္ဗညု ကြားထဲကို ဝင်တဲ့ ရင်သပ်ရှုမောစရာ မြင်ကွင်းကို ရပါတယ်၊ အခုတော့ တက်ခွင့်မရတာ ကြာခဲ့ပါပြီ..၊


မြန်မာပြည် မလာခင် ၆ လလောက် အလိုကတည်းက ပုဂံရောက်ရင် မြင်းလှည်းမောင်းရမယ်လို့ သားကို ကျနော်က ပြောထားခဲ့တာ..၊ အခုတော့ သူ့အိပ်မက်တွေ စေရာအတိုင်း မြင်းဇက်ကြိုးကို တပိုင်တနိုင် ဆွဲနိုင်ပြီပေါ့၊း) ပုဂံမှာ တော်တဲ့၊ စိတ်ရှည်တဲ့၊ မြင်းလှည်းဆရာတွေ အများကြီး ရှိပါတယ်၊ အဲဒီထဲက တစ်ယောက်က ဒီလှည်းဆရာ ကိုစိုးတင့်ပါ၊ သူ့လှည်းကို သရပါတံခါး မဝင်ခင် ညာဖက်က ရွှေမြန်မာ-၃ ထမင်းဆိုင် ဝင်းထဲမှာ ဂိတ်ထိုးတယ်၊ လှည်းနံပါတ် ၄၄ ဖြစ်ပါတယ်၊ အများအားဖြင့်တော့ ကိုစိုးတင့်က တိုးကုမ္ပဏီတွေနဲ့ လိုက်တာများတယ်၊ ဒါပေမယ့် သူ့ကို ကြိုပြီး ပြောထားရင် ရပါတယ်၊ တောင်ဘီရွာသားပီပီ ပုဂံကို ကြေညက်ပါတယ်၊ တခြားမြင်းလှည်း ဆရာတွေလို ပုဂံအကြောင်း ပြောနိုင်တဲ့အပြင် ဓါတ်ပုံဆရာတွေ အများကြီးနဲ့ သွားဖူးလို့ ဘယ်အချိန် ဘယ်နေရာကနေ ဘယ်ဘုရားကို ဓါတ်ပုံရိုက်လို့ ကောင်းသလဲ ဆိုတာပါ သိတယ်၊ ပုဂံရောက်ဖြစ်ရင် မြင်းလှည်းတော့ စီးလိုက်မဟဲ့-လို့ တွေးထားသူများ ရှိရင် ကိုစိုးတင့်ကို ကျနော် recommend လုပ်ပါတယ်၊


'အနုမှာ အာနန္ဒာ' လို့ ဆိုကြတယ် မဟုတ်လား၊ မရောက်လို့ ဘယ်ဖြစ်မလဲ၊ အာနန္ဒာမှာ အတွင်းက ကြည့်စရာတွေ မကုန်နိုင်သလို အပြင်ကို ထွက်ပြီး ဖူးရတာလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်၊ အထူးသဖြင့် ၁၉ ရာစုမှာမှ ထပ်တိုးထားတဲ့ ကိုလိုနီခေတ် လက်ရာ အနောက်ဖက် စောင်းတန်းနဲ့ ဘုရားကို ယှဉ်ကြည့်တဲ့အခါ ဆင့်ပွားအတွေးတွေ အများကြီး ထွက်လာပါ လိမ့်မယ်၊


အတွင်းထဲက မတ်ရပ်ဆင်းတုတော်ကြီး ၄ ဆူမှာ အများသိကြတဲ့ အတိုင်း တောင်နဲ့မြောက် ၂ ဆူက ပုဂံခေတ် လက်ရာပါ၊ ပုဂံက ပန်းပုအကျော်အမော်တွေရဲ့ လက်ရာကို ဒီဘုရား ၂ ဆူမှာ ကောင်းကောင်း တွေ့ရတယ်၊ ဧည့်လမ်းညွှန်တွေက ဒီအချက်ကို သေသေချာချာ ရှင်းပြီး ဧည့်သည်တွေကို လက်တွေ့ပြလေ့ ရှိပါတယ်၊ အပေါ်ပုံမှာ မြင်ရသလို ပထမ အဝေးကနေ ပြတယ်၊ ဘုရားဟာ ပြုံးနေတယ်..၊


ပြီးတော့မှ ခြေတော်ရင်းအထိ ခေါ်ပြီး ဖူးခိုင်းတော့ မျက်နှာတော်ဟာ အခုလို တည်သွားတာကို တွေ့ရပါတယ်၊ ဒါကိုတွေ့တဲ့ ဧည့်သည်တိုင်းလိုလို အံ့သြသွားကြလေ့ ရှိတယ်၊ ဘုရားဖူး ရှင်းတဲ့ အချိန်ဆို အဝေးက အာရုံခံ တန်ဆောင်း ထဲမှာရပ်ပြီး မျက်နှာတော်ကိုကြည့်၊ ပြီးတော့ မျက်နှာ မလွှဲဘဲ မျက်နှာတော်ကို ကြည့်ရင်းက ရှေ့ကို တစ်လှမ်းချင်း လျှောက်လာတဲ့အခါ မျက်နှာတော်ဟာ ပြုံးနေရာက တဖြည်းဖြည်းနဲ့ တည်သွားတာကို တအံ့တသြ တွေ့ရပါလိမ့်မယ်၊ ပြီးတော့ ဒီမတ်ရပ်ကိုယ်တော်ကြီး တွေကို ကျွန်းပင်တစ်ပင်ထဲကနေ ထုလုပ်ထားတာ ဖြစ်ပါတယ်၊


နေ့လယ်စာကို အာနန္ဒာရဲ့ မြောက်ဖက်က အထွက်မှာ ရှိတဲ့ သရပါ-၃ ဆိုတဲ့ လမ်းဘေးဆိုင်လေးမှာ စားဖြစ်ပါတယ်၊ ဒီဆိုင်ရဲ့ နာမည်ကြီးက ကြက်သားကြော်နဲ့ အညာဟင်း၊ အသုပ်လေးတွေပါ၊ ဆီတွေများတဲ့ ရိုးရိုး ကြက်သားဟင်းကို ကျနော်တို့က မတို့မထိပဲ ကြက်ကြော်ကိုပဲ ဝိုင်းအားပေးကြတော့ ဆိုင်ရှင်ကလည်း အလိုက်တသိပဲ ပြန်သိမ်းသွားတယ်၊


အညာလက်ရာ မန်ကျည်းရွက်သုပ်...၊ တော်တော်လေးကို ကောင်းပါတယ်၊


အဲ.. ဒီအသုပ် နာမည်တော့ မေ့သွားပြီ..၊း) တွေးကြည့်တာ ပြေးကြည့်တာထက် မှန်တယ်ဆိုတဲ့ မောင်နှမတွေ ပါရင် နာမည်လေး ခန့်မှန်းပေးခဲ့ ပါဦးဗျာ..၊


အန်တီစုလည်း ပုဂံလာတုန်းက ဒီ သရပါ-၃ မှာပဲ စားသွားခဲ့ ပါသေးတယ်၊ အခုလိုပဲ ခုံပုလေးတွေမှာ ထိုင်ပြီး စားရပါတယ်၊ အနားမှာ ခွေးကလည်း သုံးလေးကောင်လောက် ရစ်သီရစ်သီနဲ့၊ ဆိုင်ရှေ့က မြေလမ်းမှာ ကားမောင်းသွားရင်လည်း ဖုန်တွေက တလုံးလုံး..၊ ဒါပေမယ့် ကြိုက်တယ်၊ ပကာသန မပါဘူး၊ ဈေးချိုတယ်၊ အညာဟင်းတွေ ရတယ်၊ ကျေးလက်ဆန်တယ်၊ ကျနော်တို့ ၃ ယောက်လုံး ကြိုက်လို့ ၂ ခါပြန် သွားစားဖြစ်တယ်၊


'ဥာဏ်မှာ သဗ္ဗညု' တဲ့..၊ ဘုရားကြီးက စိတ်မကောင်းစရာ အရင်ကထက်ကို ပိုပြီး ညစ်ထပ်ထပ် ဖြစ်သွားပြီ၊ ရေတံလျှောက်တွေက ရေစီးကြောင်းတွေက နံရံပေါ်မှာပဲ စီးကျရင်းနဲ့ အမည်းစင်းကြီးတွေ ဖြစ်လာတယ်၊ အထဲမှာလည်း နံရံဆေးရေးတွေကို ထုံးက အထပ်ထပ် အုပ်ထားလို့ ဘာမှ မကျန်တော့ပါဘူး၊ မအိမ်သူကတော့ သဗ္ဗညုကို အနှစ်သက်ဆုံးလို့ ပြောတယ်၊ ဒီဘုရားကို ရောက်လာရင် ရင်ထဲမှာ မွန်းကျပ်သလို၊ လွမ်းသလို၊ တစုံတခုက ဆွဲထားသလို ခံစားရတယ် ဆိုပဲ၊ သူငယ်ချင်းတွေကို ပြောပြတော့ ဒါဆို ပုဂံခေတ်တုန်းက သဗ္ဗညုမှာ ကောင်းမှုပြုခဲ့တဲ့ မင်းသမီး ဖြစ်မယ်လို့ နောက်ကြတယ်၊ ကျနော်က ခပ်သောသောနဲ့ ဝင်ပြောလိုက်တယ်၊ ဘုရားကို လှူခဲ့တဲ့ 'ကျွန်မ' လည်း ဖြစ်နိုင်တာပဲ-လို့၊ မျက်စောင်းတစ်ချက် ဒိုင်းကနဲ ရောက်လာခဲ့တယ်..၊း)


၂၀၀၉ ပြန်တုန်းက ဒီဘုရားကို ဓါတ်ပုံရိုက်ခဲ့တာ ပုံထွက်က ခပ်ဝါးဝါးပဲ ရတယ်၊ ဒီတစ်ခေါက်တော့ အလင်းဝင်ပေါက် f/1.4 ထိ ဖွင့်လို့ရတဲ့ မှန်ဘီလူးနဲ့ မကျေပွဲ သွားပြန်နွှဲတယ်၊ ပုထိုးသားများ ဘုရားထဲကပါ၊ အထဲမှာ တော်တော့်ကို မှောင်တယ်၊


ပုထိုးသားများက ပုဂံခေတ်ဦး မွန်လက်ရာပါ၊ အဲဒီခေတ်ဦး ဗိသုကာပညာမှာ ပြူတင်းပေါက်၊ မျက်နှာကြက် အပေါက်၊ စတာတွေ မပါဘဲနဲ့ အတွင်းထဲက ဆင်းတုတော်ပေါ်ကို အဓိက ဝင်ပေါက် တစ်ခုတည်းကနေ အလင်းသွယ်ယူတာ တကယ်တော်ပါတယ်၊ ဘုရားထဲ ဝင်လိုက်တဲ့အခါ ခပ်မှောင်မှောင် အခင်းအကျင်းထဲ အပေါ်ပုံထဲကလို ဘုရားက သဘာဝ အလင်းရောင်နဲ့ စံပယ်နေတာ သပ္ပယ်လှတယ်..၊


ဘယ်တော့မှ မရိုးနိုင်တဲ့ ပုဂံရဲ့ မြင်ကွင်း...၊ တခါတလေ အဲဒီလို ဆိတ်အုပ်၊ နွားအုပ်တွေထဲ ဝင်ထိုင်ပြီး တမေ့တမော နွားကျောင်းသား လုပ်နေလိုက် ချင်တယ်..၊း)


'ထုမှာ ဓမ္မရံ' တဲ့...၊ ဓမ္မရံကြီးကို ပုဂံရဲ့ ပိရမစ်လို့ တင်စားခေါ်ကြတာ ဒီလို ရှုထောင့်ကနေ သုံးသပ်ခဲ့ကြတာ ဖြစ်မယ်၊ ကျန်တဲ့ဘုရားတွေမှာ အလှူရှင်တွေ အသီးသီး ပေါ်လာကြပေမယ့် သူ့မှာတော့ အခုထိကို အပယ်ခံ..၊ ဘုရင်ကိုယ်တိုင် အပြီးမသတ်နိုင် မှတော့ နှောင်းလူတွေလည်း လက်ရှောင်ကြတယ် ထင်ပါရဲ့...၊ တကယ်တော့ ဒီလိုဖြစ်နေတာကပဲ ခပ်ကောင်းကောင်းလို့ ဆိုရမှာပါပဲ၊ ပြင်လိုက်မှ ပိုဆိုးသွားတာတွေက များသထက် များလာတယ် မဟုတ်လား..၊


ဒါက ဂူနီညီအစ်မပါ၊ ဒီတခေါက် ပုဂံမှာ စိတ်မကောင်းစရာက ကျနော်နှစ်သက်တဲ့ ဘုရား ၂ ဆူကိုပါ အပေါ်တက်ခွင့် ပိတ်လိုက်တာနဲ့ ကြုံရတာပါ၊ ခေမင်္ဂနဲ့ တရုတ်ပြေး...၊ ဒီဘုရား ၂ ဆူပေါ်မှာ နေကုန်နေခန်း ထိုင်ခဲ့ဖူးတယ်၊ အကြိမ်ပေါင်းများစွာ တက်ဖူးတယ်၊ ဒါပေမယ့် ဘယ်တော့မှ မဝပါဘူး၊ ဂူနီညီအစ်မတော့ အခုထက်ထိ တက်လို့ရသေးတယ်၊ ဓမ္မရံကြီးရဲ့ တောင်ဖက်ကပ်ရက် ပါပဲ၊ မြောက်ဂူနီ ပေါ်ကနေလည်း နေဝင်ချိန်ကြည့်လို့ လှတယ်၊


အဲဒီလို ဘုရားတွေ နောက်ခံနဲ့ ဖုန်တလုံးလုံး မြင်းလှည်းတန်းတွေများ မြင်ရင် ကျနော့်မှာ ဘာမှ လုပ်ချင်ကိုင်ချင်စိတ် မရှိတော့ဘဲ ဒီလိုသာ ထိုင်ငေးနေချင် တော့တယ်..၊း)


အို... ချစ်သောပုဂံ...၊


ဒီမြင်ကွင်းလေးကတော့ ဘာမှကို ပြောင်းလဲ မသွားဘူး၊ လွန်ခဲ့တဲ့ ၁၂ နှစ်၊ ၁၃ နှစ်က ကျနော် ဧည့်လမ်းညွှန် လုပ်ခဲ့စဉ်ကလည်း ဒီလိုပဲ ဘုရားရှေ့က ဖြတ်ပြီး နွားတွေကို အိမ်ပြန်မောင်းသွားတာ တွေ့ရတယ်၊ အခုလည်း ဒီနေရာ၊ ဒီအချိန်ပဲ၊ အနောက်ဖွားစောရွာက နွားတွေပါ၊ ပြဿဒ်ကြီး ပေါ်ကနေ ရိုက်ပါတယ်၊


တနေဝင်ပြန် အုံးတော့မယ်၊ ပုဂံဟာ မျက်စိရှေ့မှာပဲ တဖြည်းဖြည်းနဲ့ မှေးမှိန်လာနေပြီ၊ မထတမ်း ဆက်ကြည့်နေမယ်၊ အဲဒီနေလုံး တန့်ကြည့်တောင် အနောက်ကို ငုပ်သွားတဲ့ အထိပေါ့လေ...။ ။

(ဆက်ပါဦးမယ်..)


ညီလင်းသစ်
၁၂ ဧပြီ၊ ၂၀၁၂

02 April 2012

အာရုံများ ပျံသန်းရာ နိုင်ငံကလေးသို့ (၄)


မြန်မာပြည် မလာခင် ခရီးစဉ်မှာ ပုဂံသွားမယ့် အကြောင်းကို ဒီမှာနေတဲ့ မိတ်ဆွေတချို့ကို ပြောပြပါတယ်၊ သူတို့ထဲမှာ မြန်မာပြည်မှာလည်း နေခဲ့ဖူးတဲ့ တစ်ယောက်က ကျနော်တို့ကို 'ပုဂံကလည်း ကောင်းပါတယ်၊ ဒါပေမယ့် ပင်လယ်ကမ်းစပ် တစ်ခုခုသွားရင် ကလေးအတွက် ပိုပြီး မကောင်းဘူးလား'လို့ ပြောတယ်၊ သူပြောတာ မှားတော့ မမှားပါဘူး၊ ဒါပေမယ့် ကျနော်က ပြန်ပြောလိုက်တယ်၊ ကမ္ဘာပေါ်မှာ လှတဲ့ ပင်လယ်ကမ်းခြေတွေ အများကြီး ရှိ တယ်၊ ဒါပေမယ့် ပုဂံကတော့ တစ်ခုတည်းပဲ ရှိတယ်-လို့...၊

ဟုတ်ပါတယ်၊ ပုဂံဟာ ကျနော့်အတွက်တော့ မသွားရင် မနေနိုင်တဲ့ နေရာပါပဲ၊ မြန်မာပြည် ရောက်ပြီးလို့မှ ပုဂံကို သွားဖို့ အချိန်မရ နိုင်ဘူးဆိုရင် မြန်မာပြည်ကိုလည်း ကျနော် မသွားတာပဲ ကောင်းတယ်လို့တောင် မကြာခဏ တွေးမိတယ်၊ ဒီလောက် အဝေးကြီးက လာခဲ့ရပြီးမှ ပုဂံကို မမြင်ဘဲ ပြန်သွားဖို့ဆိုတာ ကျနော့်အတွက်တော့ စိတ်ကူးထဲတောင် မထည့်ဝံ့တဲ့ အရာပါ၊ ပုဂံကို ကျနော်ချစ်တယ်၊ ပုဂံဟာ ကျနော့်အတွက် ဘယ်တော့မှ ရိုးသွားမှာ မဟုတ်တဲ့ ကြီးကျယ်၊ ခမ်းနားမှု တစ်ခုပါပဲ...၊


မနက် ၆ နာရီထွက်တဲ့ အဲကမ္ဘောဇ လေယာဉ်နဲ့ လိုက်လာခဲ့တယ်၊ အမှန်က ၆ နာရီခွဲ ထွက်တဲ့ လေယာဉ်ပါ၊ ဒါပေမယ့် အဲဒီရက်ပိုင်းမှာ မနက်ပိုင်း မြူတွေကျနေလို့ မြူလွတ်အောင် လေယာဉ်တွေ စောထွက်ကြတယ်၊ လေယာဉ်ပေါ်မှာ တဝက်တောင် လူမပြည့်ဘူး...၊


လေယာဉ်ထိုင်ခုံ အရှေ့က အန္တရာယ်ကာကွယ်ရေး လမ်းညွှန်ကဒ်ပြားကို ကြည့်နေရင်း သံတွဲလေဆိပ်မှာ ဗိုက်နဲ့ဆင်းလိုက်ရတယ် ဆိုတဲ့ အဲကမ္ဘောဇပိုင် လေယာဉ်အကြောင်း တွေးမိလို့ ပြုံးဖြစ်သွား သေးတယ်၊ လွန်ခဲ့တဲ့ တစ်ပတ်ကပဲ ပူပူနွေးနွေး ဖြစ်ထားတာကိုး...၊း)


တစ်နာရီ ကျော်ကျော်လောက် မောင်းပြီးတော့ လေယာဉ်က ဆင်းဖို့ ပြင်ဆင်ပါတယ်၊ အဲဒီ အချိန်မှာပဲ လေယာဉ်ပြူတင်းကနေ ချစ်သောပုဂံရဲ့ အငွေ့အသက်တွေကို စ,တွေ့ရတယ်၊ ထနောင်းပင်တွေ၊ ထန်းပင်တွေ၊ ထုံးဖြူစေတီလေး တချို့နဲ့ အုတ်နီခဲရောင် ပုဂံဘုရားတွေ...၊ ကျနော်ရင်တွေ ခုန်နေခဲ့ပြီ...၊


ကျနော်တို့ ပုဂံသံတဲ ဟိုတယ်မှာ တည်းဖြစ်ပါတယ်၊ ပုဂံမြို့ဟောင်းထဲမှာ နေချင်တာရယ်၊ ဧရာဝတီနဲ့ အနီးဆုံးမှာ နေချင်တာရယ်ကြောင့် သံတဲက river view အခန်းကို ယူဖြစ်လိုက်တယ်၊


River view ဆိုတဲ့အတိုင်း ဧရာဝတီနဲ့ တကယ့်ကိုမှ နီးနီးကပ်ကပ်လေးရယ်..၊ ထွန်းနေတဲ့ သောင်တွေပေါ်က ပဲစိုက်ခင်းတွေ၊ ကြက်သွန်ခင်းတွေ အပြင် တဖက်ကမ်းက တန့်ကြည့်တောင်နဲ့ ရှုခင်းဟာ တနေကုန် ထိုင်ငေးချင်စရာပါ၊


မနှစ်က ကျနော်တို့ ဘွတ်ကင်လုပ်တဲ့ အချိန်တုန်းက သံတဲဟိုတယ်ဟာ အနီးအပါးက သီရိပစ္စယာ၊ ပုဂံ၊ ဧရာ၊ သရပါ စတာတွေနဲ့ ယှဉ်ရင် ဈေးမတက်သေး ပါဘူး၊ river view, twin bed အခန်းကို တစ်ည ဒေါ်လာ ၆၀ ပဲ ပေးခဲ့ ရတယ်၊


ဟိုးမြစ်လယ် ကျွန်းတွေနဲ့ တဖက်ကမ်းက တောင်ကြော၊ တောင်ခြေတွေမှာတော့ မြူခိုး၊ မီးခိုးတွေ အမြဲလိုလို ဝေ့သီ၊ လွှမ်းခြုံနေလေ့ ရှိပါတယ်၊ မြစ်ထဲမှာတော့ ရေယာဉ်မျိုးစုံကို မရိုးနိုင်အောင် မြင်ရတယ်၊ river view အခန်းတွဲတွေရဲ့ အဆုံးမှာ အောက်ထပ်လေးခန်း၊ အပေါ်ထပ်လေးခန်း ပါတဲ့ နှစ်ထပ်ဆောင်လေး ရှိတယ်၊ ကျနော်တို့ အခန်းက အဲဒီ နှစ်ထပ်ဆောင်လေးရဲ့ အပေါ်မှာ ဆိုတော့ မြင်ကွင်းက အပေါ်စီးဖြစ်တဲ့ အပြင် အတော်လေးကို ရှင်းပါတယ်၊


မနက်ပိုင်းမှာ ဘယ်မှ မသွားသေးဘဲ ဟိုတယ်ဝင်းထဲမှာပဲ အေးအေးလူလူ လျှောက်ကြည့်နေ ဖြစ်ပါတယ်၊ နေ့လယ်မှာတော့ သူငယ်ချင်း တစ်ယောက်နဲ့ ချိန်းထားတဲ့ မြို့သစ်က Sunset garden စားသောက်ဆိုင်ကို ထွက်ခဲ့တယ်..၊


ဒီဆိုင်က ကျနော်သဘောကျတဲ့ ဆိုင်ထဲက တစ်ဆိုင်ပါ၊ အလုပ်လုပ်နေတဲ့ အချိန်တုန်းက ပုဂံရောက်တိုင်း ဒီမှာ နေ့လယ်စာ တစ်နပ်တော့ အမြဲစားရလေ့ ရှိပါတယ်၊ အဓိက အားဖြင့် tour ကုမ္ပဏီတွေက ဧည့်သည်တွေ စားကြတဲ့ နေရာပါ၊ FIT ကျောပိုးအိတ် ခရီးသွားတွေနဲ့ မြန်မာဘုရားဖူး ဧည့်သည်တွေ လာတာတော့ မတွေ့ရ သလောက်ပါပဲ၊


ဒီဆိုင်မှာ ကျနော် အမြဲစားဖြစ်တာက မြစ်လယ် သောင်တွေပေါ်က ကြက်သွန်စိုက်ခင်းတွေ၊ တဖက်ကမ်းက တန့်ကြည့်တောင်တန်း၊ မြစ်ထဲမှာ စုန်ချည်ဆန်ချည် သွားနေကြတဲ့ လှေကလေးတွေ၊ ဟိုးခပ်ဝေးဝေးက သရက်ပင်တန်းတွေ အစီအရီနဲ့ ရွာတွေ.. ဒါတွေအားလုံးကို ရောမွှေထားတဲ့ အစုံသုပ်ပါ၊ ဘယ်နှခါစားစား မရိုး နိုင်သလို ဘယ်တော့မှလည်း မအီပါဘူး၊ ဟိုး.. တောင်ဖက် ခပ်လှမ်းလှမ်းမှာတော့ စွယ်တော်လေးဆူထဲက တစ်ဆူဖြစ်တဲ့ လောကနန္ဒာကို မြင်နေရတယ်၊


နောက် သဘောကျတာ တစ်ခုက မြေပဲဆံပါ၊ ဟင်းပွဲတွေ စောင့်နေတုန်း သူတို့က မြေပဲဆံတစ်ပွဲ လာလာချလေ့ ရှိ တယ်၊ ပုဂံမှာ စားရတဲ့ မြေပဲက ရန်ကုန်ကနဲ့ မတူဘူး၊ အဆံက ခပ်ရှည်ရှည်နဲ့ အရသာက စိမ့်စိမ့်လေးနဲ့ ညက်တယ်၊ မအီဘူး၊ တခါတလေ ကျနော်တစ်ယောက်တည်း အဲဒီလို တစ်ခွက် စားပစ်တယ်၊ သူတို့ကလည်း လိုသလောက် ပြန်ဖြည့်ပေးပါတယ်၊ အဲ.. သူနဲ့ တွဲသောက်တဲ့ ဘီယာကတော့ အလကား မပေးဘူးဗျ..၊း)


နေ့လယ်ပိုင်းမှာတော့ ဟိုတယ် အရှေ့မှာ ရှိတဲ့ ကန်တော့ပလ္လင် ဘုရားနဲ့ အနီးတဝိုက်မှာပဲ လမ်းလျှောက်ဖြစ်တယ်၊ အဝေးကြီး မသွားပါဘူး၊ နည်းနည်း နေစောင်းလာတော့ ဟိုတယ်ပြန်လာပြီး အခန်းရှေ့ကနေ နေဝင်ချိန်အတွက် ပြင်ဆင်ပါတယ်၊ ဧရာဝတီ ပေါ်မှာတော့ ရွှေအိုရောင် တဖိတ်ဖိတ် လက်ပြီး ခမ်းနားနေခဲ့ပြီ...၊


ပုဂံမှာ ပထမဦးဆုံး နေဝင်ချိန်က တိမ်ကင်းစင်နေ ခဲ့တယ်၊ အများအားဖြင့် ပုဂံမှာဖေဖော်ဝါရီ လကုန်ပိုင်းလောက် အထိ တိမ်ကင်းစင်တဲ့ နေဝင်ချိန်တွေ တွေ့ရတတ် ပေမယ့် တခါတခါတော့လည်း ဝင်ကာနီးလေးမှ တိမ်မျှင်တွေ ဖုံးသွားတတ်တာ မျိုးလည်း ရှိပါတယ်၊ အဲဒီနေ့က ညနေ ၆ နာရီ ထိုးဖို့ ၃ မိနစ်မှာ နေဝင်ပါတယ်၊


ဒီဓါတ်ပုံကို 'အိမ်အပြန်...' လို့ နာမည်ပေးထား ပါတယ်..၊း)


စွယ်တော်လေးဆူမှာ ပါတဲ့ တန့်ကြည့်တောင် ဘုရားနဲ့အတူ နေဝင်ချိန်...၊ ဆောင်းတွင်းမှာ နေက တောင်ဖက်ကနေ မြောက်ဖက်ကို တဖြည်းဖြည်း ရွေ့ပါတယ်၊ ကျနော်တို့ မရောက်ခင် သုံးလေးရက်လောက် မှာဆို နေလုံးက တန့်ကြည့်တောင် ဘုရားရဲ့ အနောက်တည့်တည့်ကနေ ဝင်တယ်လို့ သိရတယ်၊ လွတ်သွားတာ နာတယ်ဗျာ၊ နေလုံးရဲ့ အလယ်တည့်တည့်မှာ ဘုရားနဲ့ဆို ဘယ်လောက်များ လှပြီး သပ္ပာယ်လိုက်မလဲ-လို့..၊


နောက်တနေ့ မနက် ၆ နာရီမှာ ကျနော်ထပြီး ပုဂံရဲ့ နေထွက်ချိန်ကို ဓါတ်ပုံရိုက်ဖြစ် ပါတယ်၊ မနိုးမှာစိုးလို့ နှိုးစက်ပေးထား ရသေးတယ်၊ ဟိုတယ်ကနေ စက်ဘီး ငှားတယ်၊ မီးငြိမ်းကုန်း ဘုရားကနေ ရိုက်ဖြစ်ပါတယ်၊ ဘုရားက ကွမ်းတောင်အောက်အထိ တက်လို့ ရသေးတယ်၊ အပေါ်မှာတော့ လူတချို့ ရောက်နေကြပြီ၊ ပုဂံဟာ နေမထွက်ခင်မှာ မြူပုဝါ ပါးပါး ခြုံသိုင်းလို့ အိပ်မောကျ နေဆဲ...၊


မီးငြိမ်းကုန်းကနေ တွေ့ရတဲ့ နတ်လှောင်ကျောင်း (နတ်လျောင်းကျောင်း)နဲ့ သဗ္ဗညု...၊ ပုဂံ ရောက်ရောက်ချင်း sunrise အတွက် စုံစမ်းတဲ့အခါ မီးငြိမ်းကုန်း ဘုရားကို ပေးမတက် တော့ဘူးလို့ ပြောကြတော့ ကျနော်က ရွှေ ဆံတော်ကိုပဲ သွားရတော့မယ်လို့ တွေးထားခဲ့တာ..၊ စက်ဘီး လိုက်ထုတ်ပေးတဲ့ ဝန်ထမ်းညီလေးက 'မပိတ်ပါဘူး၊ သူတောင် မနေ့က ဧည့်သည့်လိုက်ပို့ ခဲ့သေးတယ်' ဆိုတာနဲ့ ကျနော် အတော်လေး ဝမ်းသာသွားမိတယ်..၊


မီးငြိမ်းကုန်းရဲ့ တောင်ဖက်ဘေး ကပ်ရက်က နွားပြဂူနဲ့ ခပ်လှမ်းလှမ်းက မင်္ဂလာစေတီ...၊ မင်္ဂလာ စေတီကို ပထမ ပစ္စယံအထိ ပြန်ဖွင့်မယ်လို့ သတင်းကြားခဲ့ ရတယ်၊


မနက်စောစော မြူခိုးတွေ ကြားထဲက ဆင်များရှင်၊ ရွှေဆံတော်နဲ့ ဓမ္မရံကြီး...၊ ဟိုးအနောက်ဖက်မှာ အခုနောက်ပိုင်း မြန်မာဘုရားဖူး တွေရော၊ နိုင်ငံခြား ဧည့်သည့်တွေပါ နေဝင်ချိန် တရုန်းရုန်း လာကြည့်ကြတဲ့ ပြဿဒ်ကြီး ဘုရားကို ခပ်ဝါးဝါး တွေ့နိုင်ပါတယ်၊


အဲဒီအချိန် ရွှေစည်းခုံ ဘုရားရှိတဲ့ အရှေ့ဖက်ခြမ်းကို လှမ်းကြည့်လိုက်တော့ ဝက်ကြီးအင်းရွာ နားလောက်မှာ Balloons over Bagan က မီးပုံးပျံတွေ တက်လာတာ တွေ့လိုက်ရတယ်၊ Fore ground ကတော့ ငကျွဲနားတောင်း၊ နတ်လှောင်(လျောင်း)ကျောင်းနဲ့ တဘက်ကျ ဘုရား ဖြစ်ပြီးတော့ ရွှေစည်းခုံကို ဟိုးနောက်ဖက် မြူတွေကြားမှာ မြင်နိုင်ပါတယ်၊


အဲဒီအချိန်လေးမှာပဲ နေထွက်လာခဲ့တယ်၊ နာရီကို ကြည့်လိုက်တော့ မနက် ၆ နာရီ ၃၅..၊ စူဠာမဏိနဲ့ ဓမ္မရံကြီး တို့ရဲ့ ကြားထဲက ထွက်လာတဲ့ မနက်ခင်းနေဟာ ခပ်ဖျော့ဖျော့ပါပဲ၊


ဘုရားပေါ်မှာ ကျနော်နဲ့အတူ sunrise လာကြည့်သူ နိုင်ငံခြားသားတွေ ၁၅ ယောက်လောက်တော့ ရှိတယ်၊ အခုလို နေထွက်လာချိန်မှာတော့ ဘာစကားသံမှ မကြားရ တော့ဘူး၊ အရာရာဟာ ပကတိ အငြိမ်...၊ နားထဲမှာ ငှက်ကလေးတွေ သီချင်းဆိုသံနဲ့ ကင်မရာ ခလုတ်နှိပ်သံတွေပဲ ကြားနေရတယ်၊ ဖေဖော်ဝါရီရဲ့ ပုဂံနံနက်ခင်း တစ်ခုဟာ စောင့်ကြည့်နေသူ လူတွေအများကြီး ရှေ့မှာပဲ လျင်လျင်မြန်မြန်နဲ့ လင်းချင်း၊ သက်ဝင် လာခဲ့တယ်၊ ကိုယ့်ခေါင်းပေါ် ရောက်သွားချိန်မှာ ဘယ်လိုမှ မော်ကြည့်လို့ မရခဲ့တဲ့ နေလုံးကို အခုလို လေပြေညှင်းလေး တသွဲ့သွဲ့နဲ့ အေးမြတဲ့ နံနက်ခင်းတစ်ခုမှာ စိမ်ပြေနပြေ မျက်တောင်မခတ်တမ်း ထိုင်ကြည့်ရတဲ့ အရသာဟာ ဘာနဲ့မှ မလဲနိုင်ပါဘူး၊ တခါတခါ မသက်မရှူမိအောင်ကို လှတယ်...၊


မီးငြိမ်းကုန်းမှာ ဧည့်သည်တွေ sunrise လာကြည့်တာ သိထားတဲ့ ဈေးသည် အမျိုးသမီးလေး တစ်ယောက်က ပန်းချီကားတွေ လာခင်းထားတယ်၊ အပြိုင်အဆိုင်တွေ အရမ်းများလာတဲ့ အချိန်ဆိုတော့ သူ့အနေနဲ့ ဝီရိယ ကောင်းကောင်းနဲ့ လာရပေမယ့် အတော်လေး ချမ်းနေပုံပါပဲ၊ ပုံတွေကို ဒီလိုပဲ ဝတ်ကျေတန်းကျေ ခင်းထားပြီး ခပ်ကြုံ့ကြုံ့လေး ထိုင်နေတယ်၊ ဒီကို မလာခင် အနှုတ် ၂၀ ဒီဂရီနဲ့ တွေ့ထားတဲ့ ကျနော့်အတွက်တော့ ပုဂံမနက်ခင်းက တီရှပ်နဲ့ ဘောင်းဘီတိုနဲ့ နေဖို့ အတော်ပါပဲ..၊း)


ပန်းချီကားတွေကို ဘယ်သူမှ စိတ်မဝင်စားပေမယ့် အဲဒီပန်းချီကား ရောင်းသူကိုတော့ တချို့တွေက စိတ်ဝင်စားကြတယ်၊း) သနပ်ခါး မှုန်မှုန်လေး လိမ်းထားတဲ့ မိန်းကလေးက ကမ္ဘာမြေကို ရောက်လာတဲ့ ပထမဦးဆုံး နေရောင်ခြည်တန်း တွေရဲ့အောက်မှာ ခပ်ငူငူလေး ထိုင်နေပုံဟာ ဓါတ်ပုံဆရာတွေ အတွက် လှနေတာတော့ အမှန်ပါပဲ၊ စည်းရုံးရေး ကောင်းလို့ အနားအထိ ရောက်သွားတဲ့ ကင်မရာ မှန်ဘီလူးတစ်ခုရဲ့ အရှေ့မှာ သူမက မပြုံးမရယ်နဲ့ သဘာဝအတိုင်းပဲ ထိုင်နေခဲ့တယ်၊ (အိပ်ချင်နေတာပဲ ဖြစ်ရမယ်..)း)


နေက နည်းနည်းမြင့်လာလို့ တချို့တွေက ဘုရားပေါ်ကနေ ပြန်ဆင်းဖို့ လုပ်နေကြပြီ၊ ကျနော်နဲ့ နှစ်ယောက်၊ သုံးယောက်လောက်ကပဲ ဘယ်လို အလင်းတွေက ဆက်ပြုစားမလဲလို့ စောင့်နေ ခဲ့တယ်၊ ဘာရယ် မဟုတ်ပါဘူး၊ ကျနော်နဲ့ ကင်မရာ မော်ဒယ်လ်ရော၊ မှန်ဘီလူးပါ တူပြီး ကျနော့်လိုပဲ 'ဒီက စောင့်နေသူ..' လုပ်နေတဲ့ တစ်ယောက် ရဲ့ candid shot...၊း)


ကျနော်သာ တတ်နိုင်ရင် ချစ်ခင်သူတွေကို ဒီ Balloons over Bagan ရဲ့မီးပုံပျံတွေကို စီးဖို့ လုပ်ပေးချင်တယ်၊ ကျနော် ဧည့်လမ်းညွှန် လုပ်ခဲ့စဉ်တုန်းက မရည်ရွယ်ဘဲနဲ့ ဒီလို မီးပုံးပျံတွေ ၂ ခါ စီးဖူးခဲ့တယ်၊ အဲဒီတုန်းက သူတို့က လုပ်ငန်း စကာစ,ပဲ ရှိသေးတယ်၊ လူတွေ သိပ်မသိ သေးသလို ဈေးကလည်း ဒေါ်လာ ၂၀၀ အောက်မှာပဲ ရှိ သေးတယ်၊ မီးပုံးပျံ လူမပြည့်တာနဲ့ ဧည့်သည်တွေကို လိုက်ပို့တဲ့ ကျနော့်ကိုပါ ခေါ်သွားခဲ့တာ..၊ မီးပုံးပျံပေါ်က မြင်ရတဲ့ မြင်ကွင်းက အရမ်းလှပါတယ်၊ ဘာနဲ့မှကို မတူဘူး၊ ပြီးတော့ အပေါ်တက်ဖို့ ဂက်စ်မီးကို ဖွင့်တဲ့အချိန်က လွဲလို့ တချိန်လုံး တိတ်ဆိတ်နေလို့ စီးရတာ ငြိမ့်ညောင်းပါတယ်၊

sunrise နဲ့ sunset flight ဆိုပြီး ၂ မျိုး ရှိပါတယ်၊ sunrise က လေငြိမ်ပြီး အေးချမ်းလို့ ပိုစီးလို့ ကောင်းတယ်၊ တစ်နာရီလောက် စီးရပြီးတော့ အဆုံးမှာ ရှန်ပိန်တစ်ခွက်တိုက်ပြီး မီးပုံးပျံ စီးခဲ့ကြောင်း အမှတ်တရ certificate လေး ပေးပါတယ်၊ ဒီတခေါက် မေးကြည့်တော့ ဈေးက ၂၉၉ ဒေါ်လာဆိုလား ပြောကြတယ်၊ တစ်နာရီလောက် အတွင်းမှာ ဒီလောက်ပိုက်ဆံကို သုံးပစ်ရမှာ ဆိုတော့ များပါတယ်၊ ဒါပေမယ့် ပုဂံက ဘုရားတွေရဲ့ ဗိသုကာ လက်ရာကို အပေါ်စီးက မြင်ရတဲ့ မြင်ကွင်းက တကယ့်ကိုပဲ ရင်သပ်ရှုမော ဖြစ်စရာ ကောင်းတာတော့ အမှန်ပါ...၊


စိတ်ရှည်စွာနဲ့ စောင့်ဆိုင်းခြင်းရဲ့ ရလဒ်ဟာ တခါတခါမှာ ချိုမြိန်ပါတယ်၊ ဒီပုံလေးကို ကျနော် အထိုက်အလျောက် စိတ်တိုင်းကျ မိတယ်..၊း)

မြန်မာပြည် ခရီးစဉ်မှာ ကျနော်ရိုက်လာတာ ပုံပေါင်း ၁၅၀၀ လောက်တော့ ရှိပါတယ်၊ အဲဒီထဲက ကောင်းမယ်ထင်တဲ့ ပုံတွေကို များနိုင်သလောက် များများ တင်လိုက်ပါတယ်၊ ကဲ.. မပင်ပန်း သေးဘူးဆိုရင် ကျနော်နဲ့ အတူ ပုဂံခရီးကို ဆက်ပြီး လိုက်ခဲ့ပါဦး..။း)

(ဆက်ပါဦးမယ်..)


ညီလင်းသစ်
၂ ဧပြီ၊ ၂၀၁၂