26 July 2012

တစ်ထမ်း၊ တစ်ရွက် (Behind the picture)


ပြီးခဲ့တဲ့ ပို့စ်မှာ အိမ်မှုကိစ္စတွေ အကြောင်း ရေးမယ်လုပ်တော့ သရုပ်ဖော်ပုံလေး တစ်ပုံလောက် ထည့်ရင်ကောင်းမယ်လို့ စိတ်ကူးမိ ပါတယ်၊ အိမ်မှုကိစ္စနဲ့ သက်ဆိုင်တဲ့ ပစ္စည်းတစ်ခုခု.. ဥပမာ- ဖုန်စုပ်စက်၊ အဝတ်လျှော်စက်၊ မီးပူ၊ တံမြက်စည်း၊ ဂေါ်ပြား၊ ထမင်းအိုး စတာတွေကို လိုက်ကြည့်ပြီး နောက်ဆုံးတော့ မီးပူကိုပဲ သရုပ်ဖော်ပုံအဖြစ် သုံးဖို့ ဓါတ်ပုံရိုက်မယ်လို့ ကျနော် ဆုံးဖြတ်လိုက်တယ်၊ အဲဒီလို ရိုက်မယ်ဆိုတော့ ဒီအတိုင်း ရိုးရိုးတန်းတန်း ရိုက်တာထက် effect လေး တစ်ခုခု ထည့်ရိုက်နိုင်ရင် ပိုကောင်းမယ်လို့ အကြံရပါတယ်၊ ဥပမာ- စတေ့ခ်ျရှိုး စင်ပေါ်မှာ သီချင်းဆိုနေတဲ့ အဆိုတော်အပေါ်မှာပဲ ဆလိုက်မီးက ကွက်ကွက်လေးကျပြီး သူ့ပတ်ဝန်းကျင်ကတော့ မှောင်နေတာ မျိုးပေါ့၊ အဲဒါဆိုရင် ကြည့်သူရဲ့ အာရုံဟာ ဘေးကို မပျံ့လွင့်တော့ဘဲ အဓိက subject ပေါ်မှာပဲ ရှိနေမှာပါ၊ အခု ဒီအောက်ဖက်က ဓါတ်ပုံထဲမှာလို အလင်းပေးပြီး ရိုက်ဖို့ စဉ်းစားမိတယ်၊



အဲဒီမှာ ကျနော် စမ်းလုပ်ကြည့်မယ်လို့ စိတ်ကူးထားပြီး အခုထိကို မလုပ်ရသေးတာတစ်ခု ခေါင်းထဲဝင်လာတယ်၊ Snoot လို့ခေါ်တဲ့ အလင်းကို ပုံသွင်းတဲ့ ပစ္စည်းလေးပါ၊ ကျနော်လိုချင်တဲ့ ဓါတ်ပုံကို ရဖို့ဆိုရင် Snoot လိုပါတယ်၊ Snoot ဆိုတာက မရင်းနှီးသူတွေ အတွက် အလွယ်ပြောရရင် ဖလက်ရှ်၊ ဒါမှမဟုတ် စတူဒီယိုမီးတွေ အရှေ့မှာ တပ်ရတဲ့ ရှည်မျောမျော ထုလုံးရှည်လေးပါ၊ ဈေးကွက်မှာတော့ ပလပ်စတစ်၊ ဖိုင်ဘာ၊ အလူမီနီယံ စတဲ့ ပစ္စည်းမျိုးစုံနဲ့ လုပ်ထားတာတွေ ရှိတယ်၊ ဘာနဲ့ပဲလုပ်လုပ် သူ့ရဲ့ တာဝန်က အလင်းကို ဖြာမသွားစေဘဲ တစ်နေရာတည်းကို စုပြီး ကျစေဖို့ပါပဲ၊ ကျနော် လုပ်ချင်နေတာက အဲဒီ DIY (Do-It-Yourself) snoot ပါ...၊


DIY snoot လုပ်ရတာ လွယ်ပါတယ်၊ စူပါမားကက်တွေမှာ ရောင်းတဲ့ ရေမြှုပ်ကဒ်ပြား တစ်ချပ်ဝယ်၊ ဖလက်ရှ်ရဲ့ အရွယ်အတိုင်းညှပ်၊ ပြီးတော့မှ အပေါ်က ပုံမှာ ပြထားသလို Velcro လို့ခေါ်တဲ့ ‘ကပ်ခွာ’ လေးတွေ အနားစွန်းမှာ လိုက်ကပ်ရုံပါပဲ၊ ဒါဆိုရင် ‘အလင်းဖြစ်စေ’ လို့ မပြောနိုင်ပေမယ့် ‘အလင်းပြောင်းစေ’ လို့တော့ ပြောလို့ ရသွားပြီ..၊း)

နောက်ထပ် လိုအပ်တာတစ်ခုက off-camera flash ပါ၊ ဖလက်ရှ်ကို ကင်မရာပေါ်မှာ မတပ်ဘဲ ဓါတ်ပုံရိုက်မယ့် subject အနားမှာ ထားဖို့ပါ၊ အဲဒီလို ထားခြင်းအားဖြင့် အလင်းကို subject ရဲ့ ဘေး၊ ဘယ်ညာ၊ အပေါ်၊ အောက်၊ အနောက်.. ကြိုက်တဲ့ဖက်ကနေ ပေးလို့ ရသွားပြီ၊ ဓါတ်ပုံပညာမှာတော့ Strobist လို့ခေါ်ကြပါတယ်၊ ဆိုတော့.. ကင်မရာရဲ့ အဝေးမှာ ရှိနေတဲ့ ဖလက်ရှ်ကို ကင်မရာခလုတ် နှိပ်တဲ့အခါ တပြိုင်နက်ထဲ ပွင့်စေဖို့ (Wireless) Flash trigger တစ်ခု လိုပါတယ်၊ အောက်မှာ ပြထားတဲ့ ပစ္စည်းလေးပါပဲ..၊


Flash trigger သုံးမျိုး ရှိပါတယ်၊ ကင်မရာနဲ့ ဖလက်ရှ်ကို ကြိုးနဲ့ဆက်ထားတဲ့ Wired flash trigger၊ ကင်မရာနဲ့ ဖလက်ရှ်ကြားမှာ ကြိုးမပါဘဲ အနီအောက် ရောင်ခြည်သုံး Remote Infrared flash trigger နဲ့ ရေဒီယိုလှိုင်းသုံး Remote Radio-frequency flash trigger တို့ပါ၊ ကျနော်သုံးတာက ရေဒီယိုလှိုင်းစနစ် တရုတ်လုပ် Yongnuo တံဆိပ်၊ မော်ဒယ်လ် RF-602 ပါ၊ ဈေးပေါတယ်၊ e-bay ကနေ တရုတ်ပြည်ကို လှမ်းမှာတာ ဒေါ်လာ ၃၀ ပဲပေးရတယ်၊ ကွာလတီကတော့ နည်းနည်းညံ့တယ်၊ ဒါပေမယ့် စီးပွားဖြစ် သုံးတာမဟုတ်လို့ သုံးပျော်ပါတယ်၊ ပုံထဲမှာပါတဲ့ ဘယ်ဖက်က အသေးလေးက transmitter ပါ၊ သူ့ကို ကင်မရာပေါ်မှာတပ်၊ ဘေးက receiver ကိုတော့ ဖလက်ရှ်အောက်မှာ တပ်လိုက်ရင် မီတာ ၁၀၀ အကွာအဝေးလောက်အထိ ဖလက်ရှ်ကို ခိုင်းလို့ရပါတယ်၊


ဒါကတော့ အဲဒီပုံကို ရိုက်ခဲ့တဲ့ setting ပါ၊ ကျနော့်ရဲ့ DIY snoot ကို ဖလက်ရှ် ခေါင်းမှာစွပ်၊ Yongnuo receiver ကို ဖလက်ရှ်အောက်မှာတပ်၊ ဖလက်ရှ်က မီးပူအပေါ်တည့်တည့် ကျနေအောင် ထရိုင်ပေါ့ထ်ကိုချိန်၊ ကင်မရာပေါ်မှာ Yongnuo transmitter ကိုတပ်၊ ပြီးရင်တော့ ရိုက်ရုံပါပဲ၊ လိုလိုမယ်မယ် မီးပူရဲ့ ဘက်ဂရောင်းမှာ အနက်ရောင် ကဒ်ထူတစ်ပြားကိုလည်း ချထားလိုက်တယ်၊ အရေးကြီးတဲ့ တစ်ချက်က subject ဟာ နောက်ခံနံရံနဲ့ ကပ်မနေဖို့ပါ၊ မဟုတ်ရင် ဘက်ဂရောင်းဟာ ရာနှုန်းပြည့် မှောင်နေမှာ မဟုတ်ပါဘူး၊ အဲဒါကြောင့် မီးပူကို ခုံပေါ်တင်ပြီး အခန်းအလယ်မှာ ချထားတာပါ၊ ဒီပုံကိုရိုက်တာ အဲဒီပို့စ်မတင်ခင် ညနေလေးမှာပဲ ရိုက်ခဲ့တာ ဖြစ်ပါတယ်၊ ပုံမှာတွေ့တဲ့အတိုင်း အခန်းက မှောင်မနေပါဘူး၊ ဒါပေမယ့် ကင်မရာကို manual mode မှာထား၊ အလင်းတံခါးကို ပွင့်တယ် ဆိုရုံလေးပဲ ဖွင့်ပြီး အဲဒီလို ပွင့်တဲ့အခိုက်လေးမှာ ဖလက်ရှ်ကနေ မီးခပ်မှိန်မှိန်လေး ပေးလိုက်တော့ မီးပူတစ်ခုပဲ လင်းပြီး သူ့ပတ်ဝန်းကျင် တစ်ခုလုံးက မှောင်နေတဲ့ ပုံကိုရပါတယ်၊


ဒီပုံကတော့ ပြီးခဲ့တဲ့ ပို့စ်အတွက် ရိုက်ထားတဲ့ ပုံတွေထဲကမှ နောက်ဆုံး ဇကာတင် အဆင့်မှာ ပြုတ်ကျကျန်ခဲ့တဲ့ ပုံပါ...၊ ဓါတ်ပုံ Exif လည်း စိတ်ဝင်စားသူတွေ သိရအောင် ဖော်ပြလိုက်ပါတယ်၊

Camera: Canon EOS 5D mark II
Lens: Canon EF 50mm f/1.4 USM
Focal length: 50 mm
Aperture: f/8
Speed: 1/200
ISO: 100
Strobist: Canon Speedlite 580Ex II, 90° above subject, snooted, powered 1/32, zoomed to 24mm

ရုပ်ရှင်တွေထဲက အနုပညာမြောက်တဲ့ ဇတ်ဝင်ခန်းတွေ၊ စိတ်ဝင်စားစရာ ဓါတ်ပုံတွေ တွေ့ရင် အဲဒီလိုတွေ ဖြစ်လာဖို့ ကင်မရာ နောက်ကွယ်မှာ ဘာတွေလုပ်ခဲ့ သလဲဆိုတာ ကျနော်အမြဲပဲ စိတ်ဝင်စားမိပါတယ်၊ အခုလည်း snoot နဲ့ရိုက်ထားတဲ့ ကျနော့်ရဲ့ ပထမဦးဆုံး ဓါတ်ပုံကို ဘယ်လို ဖန်တီးခဲ့သလဲဆိုတာ ဘလော့ဂ်မှာ မှတ်တမ်းတင်ရင်း မောင်နှမတွေနဲ့ ဝေမျှလိုက်တဲ့ သဘောပါပဲ၊ ဝေဖန်စရာ၊ အကြံပေး ဆွေးနွေးစရာ ရှိခဲ့ရင်လည်း ပွင့်ပွင့်လင်းလင်းသာ ပြောခဲ့ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ..။ ။

Bonus: Strobist နဲ့ပတ်သက်လို့ စိတ်ဝင်စားတယ်ဆိုရင် သူ့တစ်ခုတည်းနဲ့တင် ပြီးပြည့်စုံသလောက် ရှိတယ်လို့ ပြောနိုင်တဲ့ အကောင်းဆုံး ဝက်ဘ်ဆိုဒ်တစ်ခုကို ညွှန်းပါရစေ..၊ ဒီမှာ သွားကြည့်လို့ ရပါတယ်..။


ညီလင်းသစ်
၂၆ ဇူလိုင်၊ ၂၀၁၂

20 July 2012

တစ်ထမ်း၊ တစ်ရွက်




'အိမ်ထောင်ရေးဆိုတာ တစ်ယောက်တည်းနေရင် ဘယ်တော့မှ ရှိလာမှာမဟုတ်တဲ့ ပြဿနာတွေကို နှစ်ယောက်ပေါင်းပြီး ဖြေရှင်းနေရတာ ဖြစ်တယ်'ဟူသော ရွှတ်နောက်နောက် ဆိုရိုးလေးကို ကျနော် ဖတ်ရတုန်းက သဘောတကျနှင့် အတွေးများစွာ သီခဲ့ဖူးပါသည်၊ ကျောင်းသားဘဝမှာ ရှိစဉ်တုန်းက ကျနော်၏ အီးမေးလ်ထဲသို့ ဝင်လာသော စာကလေးတစ်စောင် ဖြစ်သည်၊ အိမ်ထောင်ရေးအပေါ် အနက်ဖွင့်ထားသည့် အခြားအခြားသော အဓိပ္ပါယ်တူ ဟာသများဖြင့် အတူတွဲလျက် ဖတ်လိုက်ရသည့် အတွက်သာ ရွှတ်နောက်နောက် ဆိုရိုးဟု ကျနော်က ဆိုလိုက်သော်လည်း တကယ်တမ်းမှာတော့ မှားသည် ဟုလည်း ယတိပြတ် ပြောလို့မရနိုင်ပေ...၊ ကျနော် ကိုယ်တိုင်လည်း တစ်ကိုယ်ရည်ဘဝမှာ ယောင်လို့မှ တွေးမကြည့် ဖူးသော ကိစ္စများကို နှစ်ယောက်ပေါင်းပြီး ဖြေရှင်းနေရသူပဲ ဖြစ်ပါသည်၊

လင်ရယ်မယားရယ် လို့မှ ဖြစ်လာတော့လည်း တစ်ဦးနှင့် တစ်ဦးကြားက မတော်၊ မတည့်တာတွေကို ညှိကြ၊ ပြုကြ၊ ဖြတ်တောက်၊ စွန့်ပစ်ကြ၊ ပြုပြင် ဖာထေးကြ... စသဖြင့် တဖက်နှင့်တဖက် အံဝင်အောင် ကြိုးစားရမည်မှာ သဘာဝ ကျပါသည်၊ လူလွတ်ဘဝနှင့် အိမ်ထောင်သည်ဘဝ အကြား ကွာခြားမှုက တစ်ဦးချင်းစီ၏ ပြင်ပဘဝ လုပ်ငန်းခွင်မှာ သိပ်မသိသာ သော်လည်း တစ်မိုးတည်းအောက်က တူနှစ်ကိုယ် တိုင်းပြည်လေးမှာတော့ ကိုယ်ပိုင်ပြဌာန်းခွင့် ကိုယ်စီဖြင့် အေးချမ်း သာယာအောင် ထပ်တူ အားထုတ်ဖို့ လိုမည်ဟု ကျနော်ထင်ပါသည်၊ အချစ်ဆိုသော ဆုံမှတ်လေး တစ်ခုအပေါ်မှာ စွဲနစ်သွားစေဖို့ နှစ်ဖက်စလုံးက လှမ်းလာခဲ့ကြသလို ထိုမှတဆင့်တက်ပြီး စွန့်စွန့်စားစားနှင့် ထူထောင်လိုက်သော အိမ်ထောင်ရေး အုတ်မြစ်ကလေးကိုလည်း ခိုင်မြဲအောင် ဆက်ပြီး ကြိုးစားဖို့ လိုပါလိမ့်မည်၊ ထိုအခါ အင်မတန် လေးလံသည့် အိမ်ထောင့်တာဝန်ဆိုသော အထုပ်ကြီးသည် ကျနော်တို့ ပုခုံးပေါ်သို့ ဘုတ်ကနဲ ပြုတ်ကျလာတော့သည်၊

ဤနိုင်ငံကလေးသို့ ရောက်စ,က ကျနော့်မှာ အလုပ်လုပ်ခွင့်၊ ကျောင်းတက်ခွင့် မရှိသေးသဖြင့် ပါမစ်ရရန် သုံးလခန့် စောင့်ဆိုင်းနေခဲ့ ရသည်၊ ထိုကာလ ကလေးက ကျနော့်အဖို့ အတော်လေး လွတ်လပ်ပါသည်၊ ရောက်တာ မကြာသေးသော ရေမြေသစ်မှာ ဒေသန္တရ ဗဟုသုတအတွက် ဟိုဟိုဒီဒီ လျှောက်သွား ဖြစ်သလို နေ့လယ်နေ့ခင်းများတွင် အိမ်မှုကိစ္စများကို တဖက်တလမ်းမှ လုပ်ဖြစ်သည်၊ မနက်မနက် မအိမ်သူက အလုပ်သွားသည်နှင့် နှစ်ဦးတည်းရှိသော တိုက်ခန်းကလေးမှာ ကျနော်တစ်ယောက်တည်း ကျန်ရစ်ခဲ့တော့သည်၊ ထိုအခါ မနက်စာ စားထားသော ပန်းကန်ခွက်ယောက်တွေ ဆေးကြော၊ သိမ်းဆည်း၊ အိပ်ရာသိမ်း၊ အဝတ်လျှော်၊ အိမ်ရှင်း၊ မီးပူတိုက် စသည့် ဗာဟီရများကို စိမ်ပြေနပြေ လုပ်ဖြစ်သည်၊ ထိုစဉ်က ကွန်ပြူတာလည်း မရှိ၊ ဘလော့ဂ်ဆိုတာလည်း မသိ..၊ အပန်းဖြေစရာ ဆိုလို့ မြန်မာပြည်က လောလောလတ်လတ် သယ်လာသော စာအုပ်များနှင့်အတူ နှစ်ပေါင်း ၁၄ နှစ်ခန့် သက်တမ်း ရှိနေပြီ ဖြစ်သော တီဗီ အဟောင်းကြီး တစ်လုံးသာ ရှိပါသည်၊ နေ့လယ်စာကို တစ်ယောက်တည်း စားရမှာ ပျင်းသည့်အလျောက် တချို့ရက်တွေမှာ ဘာမှမချက်ဘဲ ကော်ဖီနှင့် ပေါင်မုန့်မီးကင်သာ စားဖြစ်သည်၊ ကိုယ့်အစာအိမ်နှင့် ကိုယ့် ကိုယ်ပိုင်အချိန်...၊ ကျနော်လွတ်လပ်စွာ ဆုံးဖြတ်ခွင့် ရှိသည် မဟုတ်လား၊ အိမ်ထောင်သည်ဘဝ ရောက်နေသော်လည်း တစ်ယောက်တည်း ရှိသောအခါ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အပြည့်နှင့် ကျနော် နေထိုင်ပါသည်၊

နောက်ပိုင်းမှာတော့ ကျနော့်အဖို့ နေ့ရက်များက လျင်မြန်စွာပဲ ရွေ့လျား၊ ကုန်ဆုံးသွား ခဲ့ကြသည်၊ ကျောင်းစာများ၊ စာမေးပွဲများ အကြားမှာ အိမ်နှင့်ကျောင်း၊ ကျောင်းနှင့်အလုပ်.. ကူးချည်သန်းချည်ဖြင့် မမောမပန်းနိုင်ဘဲ ရှိခဲ့ရသည်၊ ရပ်သစ်ရွာသစ်မှာ နေထိုင်ရတာ တဖြည်းဖြည်းနှင့် အသားကျလာသလို အိမ်ထောင့်တာဝန် ဆိုတာကလည်း လုပ်ရိုးလုပ်စဉ် တစ်ခုနှယ်...၊ အစတုန်းက ကြက်ဥလောက်ကိုပင် အဖြစ်သဘော ပြုတ်တတ်သူက အခုတော့ ဟင်းအမယ်လေးတွေ သုံးလေးမျိုး ချက်တတ်လာခဲ့သည်၊

"အမေ...ဒီတစ်ခါတော့ နှစ်ခု မေးမလို့..၊ ပထမတစ်ခုက ဘဲဥချဉ်ရည်ဟင်း ဘယ်လိုချက်သလဲ-လို့၊ ဒုတိယ တစ်ခုကတော့ ဝက်သား အချိုချက်...၊ အဲဒီ ချက်နည်းလေးတွေ ပြောပြပါဦး" ...၊

နှစ်ပတ်တစ်ခါ၊ သုံးပတ်တစ်ခါလောက် အမေ့ကို ဖုန်းဆက်ပြီး ဟင်းချက်နည်းတွေ တောင်းရတာကလည်း ဓလေ့ထုံးစံလို ဖြစ်လာခဲ့ပြီ၊ ထူထောင်မိသော အိမ်ထောင်တစ်ခု၏ side effect ဆိုတာတွေ များလား၊ အမေကတော့ 'အေး..အေး၊ နင့်မှာ လိုက်မှတ်စရာ ဘောပင်နဲ့စာရွက် အဆင်သင့်ပဲလား'ဟု ဆိုကာ မမောနိုင်၊ မပန်းနိုင် ပြောရှာသည်၊ ဘဲဥမစားကြသော နိုင်ငံမှာ ဘယ်မှာမှ ဘဲဥ ဝယ်မရသည့် အတွက် ကျနော့်လက်ရာက ကြက်ဥ ချဉ်ရည်ဟင်း ဖြစ်သွားသလို ဝက်သားကလည်း မီးနေသည် ဝက်ကို ပေါ်ထားသည့် အလား နနွင်းတွေ ဝါထိန်လို့...၊ သို့ပေမယ့် ကျနော်တို့ ထမင်း မြိန်ခဲ့ကြပါသည်...၊

ဤသို့ ခရီးဆက်နေကြရင်း အိမ်ထောင့်တာဝန်များ၊ ဗာဟီရ ကိစ္စများကို ခွဲဝေလုပ်ကိုင်ရာတွင် ဟန်ချက်ညီခဲ့သော ကျနော်တို့မှာ သားကလေး ဝင်ရောက်လာသည့် အချိန်မှ စ၍ အခြေအနေကို လိုက်လျောညီထွေ ရှိအောင် ပြန်လည် ပြုပြင်ရတော့သည်၊ ထိုအခါ နှစ်ဦးတည်း ရှိစဉ်တုန်းက ဦးစားပေး ဆိုသော အရာများ အဆင့်လျှောကျ ကုန်တော့သည်၊ ကြိုတင်တွက်ချက်၍ ရသော အနေအထားမှာ လုပ်စရာ အငန်းအတာများကို အစီအစဉ် တကျ ထားသို ဆောင်ရွက်နိုင်ခဲ့သော်လည်း ယခုမှာမူ သားကလေး၏ တဝါးဝါး ငိုသံအောက်မှာ အားလုံးက ရှေ့နောက်ပြောင်းပြန် ဖြစ်ခဲ့ကြသည်၊ လူသား သေးသေးလေး တစ်ဦး ဤမြေကမ္ဘာသို့ ဝင်ရောက်လာမှုက သူ့ထက် နှစ်ပေါင်းများစွာ စော၍ ရောက်နေကြသော လူအကြီး,ကြီး နှစ်ယောက်၏ နေထိုင်မှု ပုံစံကို ပြောင်းလဲစေသည်မှာ တွေးကြည့်လျှင် အံ့သြစရာ ကောင်းပါသည်၊

လေ့လာ သင်ယူစရာတွေ များသလို စိတ်ဖိစီးမှုလည်း များသည့် ခေတ်သစ် လူနေမှု အဖွဲ့အစည်း အတွင်းမှာ ခေါင်းဖော် စီးမျောနိုင်ဖို့ ကြိုးစားရင်း ကျနော်တို့၏ အချိန်များ လျင်မြန်စွာ တိုက်စားခံခဲ့ ရသည်၊ တစ်နေ့နှင့် တစ်နေ့ အလျင်မီအောင် ကြိုးစားရသည့်အခါ ဗာဟီရ ကိစ္စများတွင် သဘာဝကျစွာပဲ လစ်ဟင်းမှုများ ရှိလာ တော့သည်၊ ရေချိုးခန်း ဆေးဖို့၊ ဖုန်သုတ်ဖို့၊ အဝတ်လျှော်ဖို့၊ မီးပူတိုက်ဖို့ ပျက်ကွက်မှုတွေက ကြိုကြား၊ ကြိုကြား ဖြစ်လာခဲ့သည်၊ တစ်ရက်မှာတော့ ကျနော် ကွန်ပြူတာရှေ့ ထိုင်နေတုန်း...

"ကဲ..ပြော၊ အဝတ်လျှော်တာနဲ့ မီးပူတိုက်တာ.. ဘယ်ဟာကို ရွေးမလဲ" ...၊

လှည့်ကြည့်လိုက်တော့ မအိမ်သူ...၊ လက်ထဲမှာလည်း ဘောပင်တစ်ချောင်း စာရွက်လွတ် တစ်ရွက်နှင့်၊ ကျနော်က နားမလည်နိုင်စွာဖြင့် 'ဘာလုပ်မလို့လဲ' ဟုမေးတော့ ပြုံးစိစိနှင့် 'တာဝန်တွေခွဲဖို့ ဂျူတီရိုစတာ ဆွဲမယ်' ဆိုပဲ..၊ ကျနော်က ခဏစဉ်းစားလိုက်ပြီး 'မီးပူတိုက်တာပဲ ယူမယ်' ဟု ဖြေလိုက်သည်၊ အရမ်း, အရမ်းလည်း ဖြေလို့မဖြစ်..၊ သူမ,က နှုတ်တစ်ရာ စာတစ်လုံး လုပ်နေသည် မဟုတ်လား၊ သူမ စာရွက်ပေါ်မှာ တစုံတခု ချရေးလိုက်တော့ ပြီးပြီဟု ကျနော် ထင်လိုက်မိသည်၊ သို့သော်.. ထို ကြိုက်ရာရွေးပါ အစီအစဉ်က ဤမျှနှင့်မရပ်..၊ ရေချိုးခန်း၊ အိမ်သာ ဆေးတာနှင့် တစ်အိမ်လုံးကို ဖုန်စုပ်၊ မီးဖိုချောင် သန့်ရှင်းတာ ဘယ်ဟာရွေးမလဲဟု ဆက်လာပြန်သည်၊ ဒီတစ်ခါလည်း စဉ်းစားရပြန်သည်၊ အိမ်ထောင်ပြု၊ ဘုရားတည်၊ ဆေးမှင်ရည် စုတ်ထိုး၊ ဤသုံးချက် မပိုင်က၊ နောင်ပြင်ရန် ခက်သည့် အမျိုး ဆိုတာ ဒါကိုများ ဆိုလိုတာလား မသိ၊ အမေးရှိမှတော့ ဖြေရတော့မည်၊

'ကိုယ်က နားအေးပါးအေး နေချင်တော့ ဖုန်စုပ်စက်ကြီး တဝူးဝူးနဲ့ မဖြစ်ပါဘူး၊ ရေချိုးခန်းပဲ ဆေးပါ့မယ်လေ' ဟု လုပ်လိုက်ရသည်၊

ထို့နောက် ဘာများ ထပ်လာဦးမလဲဟု ရင်တမမနှင့် စောင့်နေချိန်မှာ မှန်ပြူတင်းပေါက်တွေ သန့်ရှင်းရေး ကိုတော့ သူပဲလုပ်လိုက်ပါ့မယ်-ဟု သဘောကောင်းစွာဖြင့် သူ့ဟာသူ ဘောနပ်စ်ယူပြီး ထွက်သွားသည့် အခါမှ ကျနော့်မှာ အသက်ဝဝ ရှူရဲတော့သည်၊ ပြောရလျှင်တော့ ကျနော်တို့၏ တူနှစ်ကိုယ် တိုင်းပြည်လေးမှာ စက္ကူဖြူ စီမံကိန်း တစ်ခုက ဤသို့ဤနှယ် ဝင်ရောက်လာခဲ့ လေသည်၊

မအိမ်သူက သူ့ရဲ့ ဂျူတီရိုစတာကို Excel ဖြင့် အကျအန ဇယားဆွဲ၊ ပရင့်ထုတ်ပြီး မီးဖိုချောင် တံခါးဝမှာ ကပ်ထားလိုက်သည်၊ ကျနော့်ကို ဝန်ခံသိရှိပြီး သဘောတူကြောင်း လာပြီး လက်မှတ်မထိုးခိုင်းတာကိုပဲ ကျေးဇူး တင်ရမည်၊ သူ လုပ်နေတာတွေကို ကြည့်ရင်း ကျနော်တို့ လက်ထပ်ပြီးကာစ မြေနီကုန်းက တိုက်ခန်းလေး တစ်ခုမှာ နေစဉ်တုန်းက အဖြစ်အပျက် တစ်ခုကို သတိရမိပါသည်၊ ထိုစဉ်က ကျနော်က ဧည့်လမ်းညွှန် အလုပ်ဖြင့် မကြာခဏ ခရီးထွက်ရလေ့ ရှိသည်၊ တစ်ရက်မှာ ခရီးကပြန်လာတော့ ကျနော်၏ ခရီးဆောင်အိတ်ကို သူမ,က ယူပြီး 'ဒီအင်္ကျီက လျှော်ဖို့လား၊ ဒီလုံချည်ကကော လျှော်ရမှာလား' စသဖြင့် မေးလိုက်၊ အပုံတွေ ခွဲလိုက်ဖြင့် ရှင်းပေးနေသည်၊ ဇနီးသည်က အလိုက်တသိဖြင့် ရှင်းပေးတာကို သဘောကျသလို တဖက်ကလည်း နှစ်ပတ်လောက် ဝတ်ထားခဲ့သော အဝတ်အစားများမို့ သူ့ခမျာ လျှော်စရာတွေ တပုံကြီး ဖြစ်နေတော့မှာဟု တွေးပြီး ကျနော်က အားနာနေမိသည်၊ ထို့ကြောင့် အိတ်ထဲမှ အဝတ်အစားများ ကုန်သွားသောအခါ 'အင်း.. လျှော်စရာတွေ များနေပြီနော်၊ ခရီးက ချက်ချင်း ပြန်ထွက်စရာ မရှိသေးပါဘူး၊ တခါတည်း မလျှော်ဘဲ နှစ်ခါသုံးခါ ခွဲလျှော်လည်း ရပါတယ်'ဟု အားတုံ့အားနာ ပြောတော့ သူမ,က 'အာ.. နှစ်ခါသုံးခါတွေ ဘာတွေ လုပ်မနေပါနဲ့၊ မနက်ဖြန် လောန်ဒရီ ဆိုင်ကိုသွားဖို့ ရည်ရွယ်ထားတာ..၊ တခါတည်း အကုန်လျှော်လိုက်တော့ ပြီးတာပဲပေါ့'ဟု ပြောပြောဆိုဆိုဖြင့် အဝတ်အစားများကို ခြင်းကြီးထဲ ထည့်ကာ အခန်းထဲမှ ထွက်သွားတော့သည်၊ သူ့ဟာသူ လျှော်မယ်မှတ်ပြီး အားနာ နေမိသော အဖြစ်ကို ပြန်တွေးကာ ကျနော့်မှာ တဟားဟားနှင့် ရယ်ပြီး ကျန်ခဲ့ရသည်၊

အခုတစ်ခါတော့ သူတာဝန် ယူထားသည့် အဝတ်လျှော်ခြင်း ဆိုတာ ဘယ်လို လျှော်မှာလဲဟု ကျနော် သိသွားခဲ့ပြီ၊ ကျနော့်အတွက်တော့ ရွေးကြစတမ်း ဆိုလျှင် မီးပူတိုက်တာကို ပိုနှစ်သက်ပါသည်၊ ဤနေရာတွင် အဖေတူသည်ဟုများ ဆိုရမလား မသိ..၊ ကျနော့်အဖေကလည်း အမေ့ကို ကူသည့် အနေဖြင့် မကြာခဏ မီးပူတိုက်ပေးလေ့ ရှိပါသည်၊ အမေက ကျနော်တို့ မောင်နှမတွေ ဝတ်ထားသည့် အဝတ်တွေကို စုလျှော်၊ နေလှန်းပြီး ခြောက်တော့ အဖေက သွားရုတ်လာပြီး မီးပူတိုက်..၊ ကျနော်တို့ တတွေက အစန့်သား ပြန်ဝတ်..၊

'မင်းတို့ အမေက အဝတ်လျှော်တာကို ပိုပြီး ဝါသနာပါတယ်၊ ငါကတော့ မီးပူတိုက်တာကွ'...၊

စိတ်လိုလက်ရ ရှိသည့်အခါ အဖေက ပြောတတ် ပါသေးသည်၊ တခါတုန်းက ကျနော့်အလုပ်မှာ ကော်ဖီ ဝိုင်းဖွဲ့ သောက်နေကြရင်း စကားစပ်မိရာမှ တီရှပ်တွေကို မီးပူတိုက် ဝတ်သည့်အကြောင်း ကျနော်ပြောတော့ အားလုံးက တအံ့တသြနှင့် ဝိုင်းကြည့်ကြသည်၊ တီရှပ်ဆိုတာ မီးပူတိုက် ဝတ်ရသည့် အစားဟု သူတို့တခါမှ မစဉ်းစားဖူးပါ-တဲ့၊ ကျနော်ကတော့ မီးပူတိုက်သည့်အခါ တီရှပ်များသာမက အဝတ်ခြင်းထဲမှ လျှော်ပြီးသား အဝတ်မှန်သမျှ အတွင်းခံ၊ ခြေစွပ်၊ လက်အိတ်၊ ညဝတ်အင်္ကျီပါ မကျန် အကုန်တိုက်လေ့ ရှိပါသည်၊ ကျနော့် မျက်စိထဲတွင် လျှော်ဖွပ်ပြီးသား အဝတ်များက မီးပူတိုက်လိုက်မှ စန့်စန့်ပြန့်ပြန့်နှင့် သပ်ရပ်သွားသည်ဟု ထင်မိတတ်သည်၊ ထိုသို့ တွေ့သမျှ အဝတ်အစား အကုန် မီးပူတိုက်တတ်သော ကျနော်၏ ဉာဉ်ကြောင့် မအိမ်သူ၏ အကြေသား အင်္ကျီ သုံးလေးထည်မှာ စန့်စန့်ပြန့်ပြန့် ဖြစ်သွား ခဲ့ရဖူးသည်၊

"ဟာ... အင်္ကျီတွေတော့ သွားပါပြီ၊ ဒါတွေက မီးပူတိုက်ရတာ မဟုတ်ဘူးလေ..."

သူ့အင်္ကျီများကို နှမြောတသစွာဖြင့် ကိုင်ကြည့်နေချိန်မှာ ကျနော်က အပြစ်လုပ်မိသော ကလေးတစ်ယောက်လို အသာလေး ဇက်ပုနေရသည်၊ ထိုအင်္ကျီများကို မီးပူတိုက်နေစဉ်မှာ 'ဒီ အင်္ကျီတွေ ကလည်း ကြေလိုက်တာ၊ ခြင်းတောင်း အောက်ဆုံးမှာ ထိုးသိပ် ထည့်ထားတာ ထင်တယ်' ဟုပင် ကျနော်က တွေးလိုက်သေးသည်၊ ကျနော်ငယ်စဉ်က မြန်မာပြည်မှာ ခေတ်စားခဲ့ဖူးသော အနှီ အကြေသားကို ယခုလို နှစ်ပေါင်းများစွာ ကြာပြီးမှ ကျနော့်မီးပူအောက်မှာ ပြန်တွေ့ရလိမ့်မည်ဟု မထင်ခဲ့ခြင်းမှာ ကျနော့်အမှားပင်...၊ ထိုနေ့မှ စ၍ ကျနော် မီးပူတိုက်သောအခါ မအိမ်သူက မလှမ်းမကမ်းမှနေပြီး အလွတ်မပေးဘဲ အရိပ် တကြည့်ကြည့် လုပ်နေတတ် တော့သည်၊ အထူးသဖြင့် သူ့အင်္ကျီတွေကို ကျနော်က ပြောင်းပြန် မလှန်ဘဲ တိုက်နေသလား၊ ပိုးသားအင်္ကျီ၊ သိုးမွှေးအင်္ကျီတွေကို မီးအပူကြီးဖြင့် တိုက်နေသလား၊ အကြေသားတွေကို အမှတ်မရှိဘဲ တိုက်နေပြန် သလား၊ မျက်လုံးက မီးပူအောက်က အဝတ်အစားပေါ်မှာ မရှိဘဲ အရှေ့က တီဗီ ပေါ်မှာပဲ ရောက်နေသလား.. စသဖြင့် အကဲခတ် နေတတ်သည်၊ ရေချိုးခန်း၊ အိမ်သာ၊ ကြွေဘေစင်များကို ကျနော် တိုက်ချွတ်ဆေးကြော ချိန်မှာ ဘာမှ မဖြစ်သလောက် မီးပူကိုင်တာနှင့် သူ့ခမျာ ရင်တမမ ဖြစ်ရလေ့ ရှိသောကြောင့် နောက်ပိုင်းမှာ သူတန်ဖိုးထားသော အဝတ်အစား တချို့ကို သူ့ဟာသူပဲ မီးပူတိုက်ဝတ် တော့သည်၊

စင်စစ် ဤသို့သော ဗာဟီရ ကိစ္စများကို လူတိုင်း၊ မိသားစုတိုင်း အစဉ်တစိုက် လုပ်ကြရသော်လည်း ရေးကြီးခွင်ကျယ် စကားထဲ ထည့်ပြောကြလေ့ မရှိပါ..၊ သို့သော် ရိုမန်တစ် ဝတ္ထုတချို့တွင် တွေ့ရတတ်သည့် 'အိမ်ထောင်ရေးဆိုတာ အချစ်ရဲ့ သင်္ချိုင်းဖြစ်တယ်' ဟူသော အယူအဆတွင် အချစ်ကို သင်္ချိုင်းသို့ ပို့သော အရာများစွာထဲတွင် ယခုလို ဗာဟီရ၊ အိမ်မှုကိစ္စ များလည်း အနည်းနှင့်အများ ပါဝင်လိမ့်မည်ဟု ကျနော် ယူဆမိ ပါသည်၊ ဖုန်စုပ်စက်သံ တဝူးဝူး၊ မီးပူသံ တရှဲရှဲနှင့် ရေချိုးခန်း ကြွေပြားတွေပေါ်မှ ဆပ်ပြာမြှုပ်များ အကြားမှာတော့ အချစ်သည် ခုံတန်းပြာတွေပေါ်က လတ်ဆတ်မှုမျိုးနှင့် မဟုတ်တော့ဘဲ မောဟိုက် ပင်ပန်းစွာ ရှိနေပေ လိမ့်မည်၊ တခါက ဖတ်ခဲ့ဖူးသော စာစုလေး တစ်ခုကို ကျနော် သတိရမိ ပါသည်၊

"မိန်းကလေးများက သူတို့ချစ်သော ယောက်ျားလေးများသည် အတူနေရသောအခါ ပြောင်းလဲလိမ့်မည်ဟု မျှော်လင့်ပြီး လက်ထပ်ကြသည်၊ ယောက်ျားလေးများ မှာမူ သူတို့ချစ်သော မိန်းကလေးများ ဘယ်တော့မှ မပြောင်းလဲနိုင်ဟု တွေးပြီး လက်ထပ်ကြသည်၊ လက်တွေ့တွင် နှစ်ဖက်စလုံး မှားကြလေသည်..၊"

စင်စစ် ဤစကားစုလေးက ဟာသရသ ပိုပိုသာသာဖြင့် ပြောထားသော်လည်း ကျနော့်ဆိုလိုရင်းမှာ ပြောင်းလဲခြင်း ဖြစ်ပါသည်၊ ကိုယ် ငါးဆယ်ရာခိုင်နှုန်း ပါဝင်စိုက်ပျိုးခဲ့သော ချစ်ခြင်း၏ သစ်ပင်ကလေး.. ဗာဟီရ မြက်ရိုင်းတို့ကြားမှာ ဖုံးအုပ်၊ သေဆုံး မသွားစေဖို့ ကောင်းသော ပြောင်းလဲခြင်းဖြင့် အိမ်မှုကိစ္စများကို တက်ညီလက်ညီ ဖြေရှင်းဖို့ လိုပါလိမ့်မည်၊ အမျိုးသမီးများ လေထီးခုန်ပြီး အမျိုးသားများ နေ့ကလေးထိန်းကျောင်း ဝန်ထမ်း လုပ်နေကြသော ခေတ်သစ် လူနေမှု စနစ်ထဲတွင် လိုအပ်ပါက မယ်တစ်ထမ်း၊ မောင်တစ်ရွက်လည်း ဖြစ်ခွင့် ရှိပါသည်၊ ထမ်းခြင်း၊ ရွက်ခြင်းသည် သည်လောက် အဓိက မကျပါ၊ အရေးကြီးသည်မှာ လက်ညီဖို့ပင် ဖြစ်ပါသည်၊ လောကအကြောင်း၊ ချစ်ခြင်းမေတ္တာ အကြောင်း သင်ကြားစရာ၊ တည်ဆောက်စရာ တပုံတပင် အကြားမှာ အပေးအယူ မျှမျှဖြင့် ခရီးဆက်နိုင်ဖို့သာ ကျနော် မျှော်တွေးမိပါသည်၊

ပြောကြစတမ်း ဆိုလျှင်ဖြင့် မီးပူတိုက်ခြင်းသည် ဘဝနေထိုင်နည်း တစ်ခုနှင့်ပင် တူပါသည်၊ ကြုံတွေ့ရသော အခက်အခဲ၊ အဖုအကြိတ်၊ ပြဿနာများကို တခါတရံ မီးပြင်းပြင်းတင်ပြီး အားနှင့်မာန်နှင့် ဖိတိုက်ဖို့ လိုသလို တခါတရံတွင်လည်း အလိုက်သင့်၊ အလျားသင့် မီးအပူရှိန် ငွေ့ငွေ့ကလေး ဖြင့်သာ တိုက်သင့်ပါသည်၊ တခါတလေ မှာတော့ ရေစက်၊ ရေပေါက်ကလေးတွေဖြင့် အေးသွားအောင် အရင်လုပ်ပြီးမှ မီးအပူရှိန် မနည်းမများ၊ လက်ဆ,လက်န မှန်စွာဖြင့် ဖြေရှင်းရသော သိမ်မွေ့သည့် ကိစ္စရပ်များလည်း ရှိတတ်ပါသည်၊ မည်မျှပင် တွန့်ခေါက်၊ ကြေမွနေသည့် အခက်အခဲ မဆို.. အဆုံးမှာတော့ စိတ်ရှည်ရှည်နှင့် ယုံကြည်မှု မီးအပူချိန် မှန်သည့် စိတ်မီးပူ တစ်လက်၏ အောက်တွင် ပြန့်ပြန့်စန့်စန့်နှင့် သပ်ရပ်သွားရမည်မှာ သေချာပါသည်...။ ။


ညီလင်းသစ်
၂၀ ဇူလိုင်၊ ၂၀၁၂

11 July 2012

လူပျင်းကလေး





ပုံပြင်တွေရဲ့ အစမှာ ပြောလေ့ ရှိသလို 'တခါတုန်းက...' လို့ပဲ ဆိုကြပါစို့၊ လူပျင်းကလေး တစ်ယောက် ရှိတယ်၊ ဘာမှ မလုပ်ချင်၊ မကိုင်ချင်ဘဲ လေးလံနှေးကွေးတဲ့ ပျင်းရိပျင်းတွဲ လူကလေး တစ်ယောက်ပေါ့၊ နေ့စဉ်ပုံမှန် ဘဝမှာ မိုးလင်းကမိုးချုပ် ပုံမှန်ဖြစ်စဉ်တွေနဲ့ လည်ပတ်နေတဲ့ ပုံမှန်လူသား တစ်ဦး..၊ ရုပ်ပိုင်း ဆိုင်ရာမှာ သူလိုငါလို ခန္ဓာကိုယ် တည်ဆောက်ပုံနဲ့အတူ စိတ်ပိုင်းဆိုင်ရာ မှာလည်း စိတ်ပညာ ရှုထောင့်က စံသွေ၊ စံလွဲခြင်း တွေနဲ့ ကင်းပါတယ်၊ ပျင်းရိတာကို စံသွေခြင်းလို့ မသတ်မှတ်ဘူး ဆိုရင်ပေါ့လေ...၊

လူပျင်းကလေးဟာ သူ့ပတ်ဝန်းကျင်ကို ပျင်းရိတဲ့ အကြည့်နဲ့ ကြည့်တယ်၊ သူ့အလုပ်ကို ပျင်းရိစွာနဲ့ လုပ်တယ်၊ သူ့စိတ်ကူးစိတ်သန်းတွေကို ပျင်းရိစွာနဲ့ လွှတ်ပေးထားတယ်၊ မနက်မနက်ဆို အိပ်ရာကနေ မထချင်ဘူး၊ ညညကျ ပြန်တော့ အိပ်ရာဝင်ဖို့ ပျင်းနေပြန်ရော၊ အိပ်ဖို့ပျင်းသလို ထဖို့လည်း ပျင်းတဲ့ သူ့ကို သူ့ရဲ့ နှိုးစက်ကတော့ အဆူအဆဲခံပြီး မပျက်မကွက် နှိုးပေးရှာတယ်၊ ရောင်စုံ ချောကလက် အယ်လ်ဘမ်ထဲက 'ငပျင်း' သီချင်းလို နေဖို့ပျင်း၊ သေဖို့ပျင်း၊ ပျင်းရမှာလည်း ပျင်းတဲ့ အဆင့်ထိ မရောက်ပေမယ့်လည်း သူ့အထွာနဲ့သူတော့ အတော်လေး ပျင်းတဲ့ လူပျင်းကလေးပေါ့...၊

အရင်တုန်းကတော့ သူဟာ လူပျင်းကလေး မဟုတ်ခဲ့ဘူး၊ သူ့ဘဝ တစ်လျှောက်လုံးမှာ ကြိုးစားခြင်းတွေ နဲ့သာ တချိန်လုံး ပြည့်နေခဲ့တယ်၊ လုံ့လ၊ ဝီရိယ ရှိစွာနဲ့ သူကျောင်းသွားတယ်၊ အကျအရှုံး ဆိုတာကို ဝေးနိုင်သမျှ ဝေးအောင် မနားမနေ ကြိုးစားတယ်၊ လူနဲ့ပညာ၊ ပညာနဲ့အလုပ်၊ အလုပ်နဲ့လူ.. သုံးဦးသုံးဖလှယ် တေ့လွဲ လွဲနေတဲ့ ရွဲ့စောင်းစောင်း တြိဂံလူနေမှု စနစ်ကြီးထဲမှာ ကြီးပြင်းခဲ့သူပီပီ သူ့ကိုယ်သူပဲ တတ်နိုင်သမျှ တည့်မတ်အောင် ရပ်ကြည့်တယ်၊ သင်ကြားမှုနဲ့ အသုံးချမှု ဆိုတဲ့ နယ်ပယ်နှစ်ခုကြားမှာ အံဝင်ခွင်ကျ ဆိုတဲ့ တံတားတစ်စင်း ထိုးဖို့ သူအိပ်မက်တွေ မနားတမ်း မက်ခဲ့တယ်၊ ကောင်းကင်နဲ့ချီတဲ့ စိတ်ကူး၊ ရူပါရုံတွေ တသီကြီး ရက်လုပ်ခဲ့တယ်၊ အဲဒီအချိန်တုန်းကတော့ သူဟာ တလောကလုံးကို ပြောင်းပြန်လှန်ပစ် နိုင်တယ် ဆိုတဲ့ ရဲရင့်၊ ယုံကြည်မှုတွေနဲ့ အလျှံညီးညီး လူငယ်လေး တစ်ယောက်ပေါ့၊

သူ့လက်နဲ့ ကိုယ်တိုင် ရက်ဖောက်တဲ့ အိပ်မက်ဝတ်ရုံကို ခြုံပြီး စိတ်ကူးရွက်လှေကြီး ပေါ်မှာ ဟိုး..ပင်လယ်ဆီ အထိရောက်အောင် ရွက်တိုက်ဆင်း သွားဖို့ သူရင်တွေ ခုန်နေခဲ့ ဖူးတယ်၊ သူစီးဆင်း ခဲ့ရာ တစ်လျှောက်မှာ တဝုန်းဝုန်း ပြိုနေတဲ့ ကမ်းပါးတွေအောက် ရောက်မသွားအောင် သတိကြီးစွာ ထားခဲ့တယ်၊ ကြီးမား ကျယ်ပြန့်တဲ့ သဲသောင်တွေပေါ် မေ့လျော့ပေါ့ဆပြီး တင်မသွားအောင် အားစိုက်ခဲ့တယ်၊ တခါတခါ အနီးကပ်မှ ဘွားကနဲ မြင်ရတဲ့ မြစ်ကျိုးအင်းတွေထဲ လမ်းမှားပြီး ဝင်မသွားအောင် သူ လုံ့လပြုခဲ့တယ်၊ ဒီလိုနဲ့ စီးဆင်းရွေ့လျား နေတဲ့သူက ရပ်တန့်နေတဲ့ အရာများစွာကို သဘာဝ ကျစွာပဲ ထားခဲ့ရတယ်၊ သူ့ထက်ပိုပြီး မြန်မြန်ဆန်ဆန် အရှေ့ရောက်နေတဲ့ အရာများစွာ နောက်ကိုတော့ အမောတကော ပြေးလိုက်ခဲ့ရ ပြန်တယ်၊ တချို့တွေကို လွှတ်ချခဲ့သလို တချို့တွေကိုတော့ လိုက်ကောက်ခဲ့တယ်၊ တချို့တွေကို စိုက်ပျိုးခဲ့သလို တချို့ကိုတော့ ရိတ်သိမ်းခဲ့တယ်၊ တချို့အချိန်မှာ ထွန်းညှိခဲ့သလို တချို့အချိန်မှာတော့ ငြှိမ်းသတ်ခဲ့တယ်၊ တချို့အချိန်မှာ အလိုက်သင့် အလျားသင့် နေခဲ့သလို တချို့အချိန် မှာတော့ အတိုက်အခံ လုပ်ပစ်ခဲ့တယ်၊ ဒါပေမယ့် ဘယ်လိုပဲ မှောင်မိုက်ခဲ့ ပါစေ၊ ဓူဝံကြယ်ကို ပျောက်မသွားအောင်တော့ သူ့ခေါင်းထဲမှာ အချက်ပေး ခေါင်းလောင်းတွေ တပ်ဆင်ထားခဲ့တယ်...၊

အခုတော့ တောင်ပေါ် မရောက်သေးပေမယ့် တောင်အောက်ကို သူလှည့်ကြည့်ချင် မိပြီ၊ သူ့ဖဝါးအောက်က တောင်တွေထက် သူ့အရှေ့မှာ တသီတတန်းကြီး ကျန်နေသေးတဲ့ တောင်စဉ်တောင်ထွတ်တွေကို သက်ပြင်း ချပြီး ကြည့်မိတယ်၊ သူ့လှေအောက်က လှိုင်းတွေထက် သူ့လှေဆီကို ထိုးခွဲ၊ ပြေးဝင်လာနေတဲ့ လှိုင်းလုံးကြီး တွေကို ပင့်သက်ရှိုက်ပြီး ကြည့်မိတယ်၊ ဒါတွေ ဘယ်တော့များမှ ဆုံးမှာလဲ၊ ဒီလိုနဲ့ပဲ သူ ငြိမ်ကျသွားတယ်၊ အချီပြည့် ထိုးလိုက်ရပေမယ့် သရေသာ ကျသွားတဲ့ လက်ဝှေ့သမားလို သူ့လက်တွေ လေးလံသွားတယ်၊ ရုတ်တရက် လေငြိမ်သွားတဲ့ ပင်လယ်ပြင်က ရွက်လှေတစ်စင်းလို သူ လည်ပြီး ရန်တန့်သွားတယ်၊ အဲဒီမှာပဲပေါ့...၊ အရှိန် လျော့သွားတဲ့ သူ့ ကိုယ်ပေါ်ကို ပျင်းရိခြင်းတွေက တစ်ကောင်ခြင်းဆီ တွားသွား တက်လာခဲ့ကြတာ..၊

ဒီကမ္ဘာမှာ လူပျင်းတွေသာ ရှိနေရင် ကျောက်ခေတ်ကကို တက်လာမှာ မဟုတ်ဘူး-ဆိုတဲ့ ခပ်နှိမ်နှိမ် စကားမျိုးတွေကို မသိကျွိုးကျွံ ပြုပေမယ့် စစ်ပွဲတွေကို လူပျင်းတွေက ဖန်တီးခဲ့တာ မဟုတ်ဘူး-ဆိုတဲ့ စကားမျိုး ကိုတော့ လူပျင်းကလေးက ကျိတ်ပြီး သဘောကျတယ်၊ သူကငြိမ်းချမ်းရေး လိုလားသူလေ..၊ သံပေါက်တွေ၊ ဆုံးမစာ တွေမှာ ပျင်းတာကို ရောဂါတမျိုးလို တင်စားပြောပြီး အမြန်ကုဖို့ တိုက်တွန်းကြတာ ဖတ်ရတဲ့အခါ လူပျင်းကလေးက ခေါင်းခါတယ်၊ စရိတ်မျှပေး ကျန်းမာရေး ခေတ်ကြီးထဲမှာ သူက ပိုက်ဆံမရှိတာ အကြောင်းပြပြီး ဗိန္ဒောဆရာနဲ့ပဲ ကုဖို့ ကျိတ်ကြံနေ မိတယ်၊ သူ့မှာ စွဲကပ်နေတဲ့ အပျင်းရောဂါ ဆိုတာ တကယ်တော့ သူတို့ကလေးဘဝက ကြုံဖူးတဲ့ 'စပါးညှင်း' ဆိုတာလောက်ပဲ ဖြစ်မှာပါလို့ လူပျင်းကလေးက သဘောထားတယ်၊ စပါးပေါ်ချိန်မှာ ပေါက်တတ်တဲ့ ညှင်းကွက်ကလေး တွေလိုပဲ အချိန်တန်တော့ ပြန်ပျောက် သွားမှာပါပဲ၊ သူက ပျင်းရိပေမယ့် ငြီးငွေ့တာမှ မဟုတ်တာ..၊ လောကအပေါ် နေပျော်တဲ့ စိတ်နဲ့ ပါးပါးလေး ပျင်းနေချင်တာ တစ်ခုတည်းပါ၊ သစ်ရိပ်ဝါးရိပ်မှာ ကျောခင်းပြီး ကောင်းကင်ပြာကြီးထဲ တရွေ့ရွေ့ ခရီးနှင်နေကြတဲ့ တိမ်ဆုပ်၊ တိမ်ဖွေးတွေကို အေးအေးလူလူ ထိုင်ကြည့်နေချင်တဲ့ လူပျင်းကလေးပေါ့...။ ။


ညီလင်းသစ်
၁၁ ဇူလိုင်၊ ၂၀၁၂