25 March 2013

ကျွန်းကလေးရဲ့ ရင်ခွင်မှာ (၃)


ခြင်္သေ့ကျွန်းကလေးကို လာတဲ့အခါ ခင်မင်လေးစားရတဲ့ စာရေးသူ၊ စာဖတ်သူ ညီအစ်ကို မောင်နှမတွေနဲ့ ဆုံမယ်လို့ ပြင်ဆင်တော့ အများစုက စနေ၊ တနင်္ဂနွေမှာပဲ အားကြလိမ့်မယ်လို့ ကျနော်ကြိုပြီး တွေးမိတယ်၊ အလုပ်လုပ်ကြတဲ့ သူတွေအဖို့က စနေ၊ တနင်္ဂနွေ၊ ဒါမှမဟုတ် တနင်္ဂနွေ တစ်ရက်ပဲ အဆင်ပြေမယ် မဟုတ်လား၊ တကယ်တမ်းမှာ အဆက်သွယ်တွေ လုပ်ဖြစ်တော့လည်း အဲဒီအတိုင်းပါပဲ၊ ဆိုတော့ ချိန်းဆိုမှုတွေက တစ်ခုနဲ့တစ်ခုများ တိုက်နေတာမျိုး ဖြစ်မလားလို့ အစပိုင်းမှာ စိုးရိမ်မိသေးတယ်၊ ဒါပေမယ့် နောက်ဆုံးတော့လည်း အားလုံးအဆင်ပြေပြေနဲ့ ဖြစ်သွားပါတယ်၊

ဒီလိုနဲ့ ကျနော့်ရဲ့ ဘလော့ဂ်ကို အမြဲပုံမှန် လာတတ်တဲ့ စာဖတ်သူ ̔ညီ̕ နဲ့ မနက်ခင်းတစ်ခုမှာ ကော်ဖီသောက်ခွင့် ရခဲ့တယ်၊ တကယ်ဆို ညီ့အနေနဲ့ ကျနော်သွားချင်ရာကို တစ်နေကုန် လိုက်ပို့ဖို့ အားလပ်ပေမယ့်လို့ တခြားချိန်းဆိုမှုတွေကြောင့် ကျနော့်ဖက်က မနက်စာ အတူစားဖို့ပဲ တတ်နိုင်ခဲ့တယ်၊ ညီကတော့ သဘောထားကြီးစွာနဲ့ အဆင်ပြေပါတယ်-တဲ့၊ ချိန်းဆိုထားတဲ့ နေ့မှာ ဝီရိယကောင်းတဲ့ ညီက ကျနော်တည်းခိုရာဆီ အစောကြီးရောက်လာပေမယ့် အချိန်အပြောင်းအလဲနဲ့ ညက အိပ်မပျော်တဲ့ ကျနော်က မနက်မှာ အိပ်ရာထ နောက်ကျလိုက်သေးတယ်၊ အချိန်နည်းရတဲ့အထဲ အားနာစရာ ကောင်းလိုက်ပုံများ...၊ ဘောင်းဘီတို၊ ဘောင်းဘီရှည်နဲ့ လူတွေကြားထဲမှာ ပုဆိုးဝတ်လာတဲ့ ညီ့ကို ကျနော် သဘောကျသွားတယ်၊ ကော်ဖီတစ်ခွက်အပြင် ပင်နီဆူလာက နန်းကြီးသုတ်တစ်ပွဲ၊ လက်ဖက်ရည်တစ်ခွက်နဲ့ အတူ နေခြည်နွေးနွေး ဖြာကျနေတဲ့ စင်္ကာပူရဲ့ မနက်ခင်းကို ကျနော်တို့နှစ်ယောက် သိမ်းပိုက်လိုက် ကြတယ်၊ ဖြူသလား၊ မည်းသလား အခုမှ တွေ့ဖူးကြပေမယ့် ၇ တန်းလောက်ကတည်း ကွဲသွားတဲ့ ညီအစ်ကိုတွေ ပြန်တွေ့တဲ့အလား ဆုံတွေ့မှုဟာ နွေးထွေးလှတယ်၊ စင်္ကာပူက လူနေမှုစနစ်၊ အဲဒီလူနေမှု စနစ်ထဲမှာ ဘဝအစုံစုံနဲ့ ကူးခတ်နေကြတဲ့ မြန်မာလူမျိုးတွေ၊ ပြီးတော့... များစွာသော လူတွေလိုပဲ မိဝေးဖဝေးမှာ လာအလုပ်,လုပ်နေတဲ့ ညီ...၊ ရသလောက် အချိန်လေးမှာ စာပေအနုပညာ၊ ဘဝအပေါ် အမြင် စတာတွေကို ပြောကြည့်ရ သလောက် ညီဟာ ဘလော့ဂ်သာရေးမယ်ဆိုရင် စာရေးကောင်းတဲ့ ဘလော့ဂါတစ်ယောက် ဖြစ်မှာ အသေအချာပါပဲ...၊

အဲဒီကနေမှ မသန္တာလွင်တို့အိမ်ကို ဆက်သွားဖြစ်တယ်၊ လူခေါ်ခေါင်းလောင်းလေးကို နှိပ်လိုက်တော့ တံခါးလာဖွင့်ပေးတာက မသန္တာရဲ့ အမျိုးသား ကိုခင်မောင်ဦး...၊ ကိုခင်မောင်ဦးနဲ့ အခုမှ တွေ့တာဖြစ်ပေမယ့် ဖော်ရွေတဲ့ သူ့အပြုံးကြောင့် အိမ်ထဲဝင်ရမယ့် ကျနော့်ခြေလှမ်းတွေ တုံ့မနေတော့ဘူး၊ အိမ်ထဲရောက်တော့ တစ်ခါ မသန္တာလွင်က ပြုံးရွှင်ဖော်ရွေစွာနဲ့ ဧည့်ဝတ်ပြုတယ်၊ အခုမှ ဆုံတွေ့ရတဲ့ ဧည့်သည်တစ်ယောက်ဟာ စက္ကန့်ပိုင်းအတွင်းမှာ နေသားတကျ ရှိသွားခဲ့တယ်ဆိုရင် အဲဒါဟာ အိမ်ရှင်တွေရဲ့ အခုလို အပြုံးတွေကြောင့် ဆိုတာ သေချာပါတယ်၊ မသန္တာလွင်က စားသောက်ဖွယ်ရာ အစုံအလင်ကိုလည်း စေတနာ၊ သဒ္ဒါတရား ထက်သန်စွာနဲ့ ပြင်ဆင်ထားတယ်၊

မီးဖိုချောင်ထဲကို ကြည့်လိုက်တော့ အစောကြီးကတည်းက ကြိုရောက်ပြီး တကုပ်ကုပ်နဲ့ ချက်နေပြုတ်နေတဲ့ ညီမငယ်မဒမ်ကိုး...၊ ကျနော် နှုတ်ဆက်တော့ အလုပ်များနေလို့ ခဏပဲ ပြန်နှုတ်ဆက်နိုင်တယ်၊ သူ့ကို လှမ်းကြည့်နေရင်း လုံကန်းသီးတွေကို သတိရလာတယ်၊ ဟုတ်တာပေါ့၊ ကြည့်စမ်း..၊ အဲဒီ လုံကန်းသီးတွေ ရှာဝယ်လာရမှာ..၊ ညီမ,မဒမ်ကိုးက လုံကန်းသီး အတော်ကြိုက်တဲ့အကြောင်း ကျနော် မှတ်သားဖူးတယ်၊ အခုတော့ ဝယ်ဖို့သတိမရခဲ့လို့ အသာပဲ ငြိမ်နေလိုက်ရတယ်၊ ပြောမယ့်သာ ပြောတာပါ၊ အကယ်၍ ဝယ်ဖို့သတိရသည့်တိုင်.. လုံကန်းသီး တစ်မျိုးထဲ ဝယ်ရမှာလား၊ ဒါမှမဟုတ် သူနဲ့တွဲပြီး ကုတ်အင်္ကျီပါ ဝယ်ရမှာလား ဆိုတာလည်း ကျနော်သိမှာ မဟုတ်ပါဘူး၊ ညီမငယ်က အားလုံးစားဖို့အတွက် မုန့်လင်မယားတွေ လုပ်နေတာပါ၊ သူ အပင်ပန်းခံပြီး လုပ်ပေးတဲ့ မုန့်လင်မယားတွေက တကယ်လည်း စားလို့ကောင်းတယ်၊ အေဒီ ၃ ရာစုနှစ်တုန်းက လူငယ်တွေ၊ စစ်သားလေးတွေကို ဥပဒေဆန့်ကျင်ပြီး လက်ထပ်ထိမ်းမြားပေးခဲ့တဲ့ ရောမဘုန်းတော်ကြီး စိန့်ဗယ်လင်တိုင်းကို ချစ်ခြင်းကိစ္စ၊ လက်ထပ်ခြင်း အမှုကိစ္စနဲ့ ပတ်သက်ပြီး နှောင်းလူတို့က သတိရကြတယ်၊ အခုလည်း မုန့်တွေကို လင်စုံမယားစုံ အရသာရှိရှိ ထိမ်းမြားပေးခဲ့တဲ့ ညီမငယ်မဒမ်ကိုးကို မုန့်လင်မယားတွေ မြင်တိုင်း ကျနော်တို့ သတိရမိကြမယ် ထင်ပါတယ်...၊

အဲဒီအချိန်မှာပဲ အစ်မချစ်ကြည်အေးနဲ့ အစ်ကိုဝင်းနိုင်တို့ ရောက်လာကြတယ်၊ အစ်မချစ်က အိမ်ထဲရောက်တာနဲ့ လူစေ့ လိုက်နှုတ်ဆက်တယ်၊ တကယ့်ကို ဖော်ဖော်ရွေရွေ ရင်းရင်းနှီးနှီး...၊ ခဏကြာတော့မှ ကျနော့်ရှေ့ မလှမ်းမကမ်းက ခုံမှာလာထိုင်တယ်၊ အနက်ရောင်လုံချည်၊ အနက်ရောင်အင်္ကျီနဲ့ ခုံပေါ်မှာ နွဲ့နွဲ့ပြေပြေ ထိုင်နေတာ ရသမြောက်တဲ့စာတွေ၊ ရင်ဘတ်ထဲ ဒုတ်ဒုတ်ထိရောက်တဲ့ မော်ဒန်ကဗျာတွေ ရေးတဲ့ အစ်မချစ်ကြည်အေးတဲ့လား...၊ တစ်မိုးတည်းအောက်မှာ အခုလို တရင်းတနှီး ဆုံရတဲ့အခါ ကျနော့်မှာ တကယ်လိုလို၊ အိပ်မက်လိုလိုနဲ့ ဖြစ်နေခဲ့သေးတယ်၊ အစ်မချစ်က စာရေးကောင်းသလို လူမှုဆက်ဆံရေးကိုလည်း ကျွမ်းကျင်သူပဲ ဆိုတာ ၅ မိနစ်လောက် စကားပြောပြီးပြီးချင်းပဲ သိလိုက်ရတယ်၊ တခါတုန်းက သူ့ဘလော့ဂ်ရဲ့ ဘန်နာမှာ ရေးထားတာလေး တစ်ခုကို ဖြတ်ကနဲ အမှတ်ရလိုက်တယ်၊ “ရုပ်ချောတယ်၊ သဘောကောင်းတယ်၊ လက်သီးတော့ ပြင်းတယ်” တဲ့...၊ အခု ကျနော်မြင်ရသလောက်ကလည်း ရုပ်ချောတဲ့အစ်မ၊ သဘောကောင်းတဲ့ အစ်မပါပဲ၊ အဲ.. လက်သီးပြင်း မပြင်း စမ်းကြည့်ဖို့တော့ ကျနော့်မှာ စိတ်ကူးမရှိပါဘူး၊ တချို့ကိစ္စတွေက စာတွေ့နဲ့တင် လုံလောက်နေပြီ မဟုတ်လား၊ တကယ်တမ်း ရွေးရရင်တော့ အစ်မချစ်ရဲ့ လက်သီး ပြင်း၊ မပြင်း ဆိုတာထက် သူ ပြန်ဆိုထားတဲ့ “ကိုယ် မညာတော့ဘူး” သီချင်းကလေးကို ကျနော်က ပိုပြီး နားထောင်ချင်နေ ခဲ့တာပါ၊ အစ်ကိုဝင်းနိုင်ကလည်း အင်မတန်မှကို ခင်မင်စရာကောင်းပါတယ်၊ စကားစမြည်ပြောပြီး သိပ်မကြာခင်မှာပဲ ကျနော်သွားချင်တဲ့နေရာတွေကို ကားမောင်းပြီး လိုက်ပို့ပေးမယ်လို့ အစ်ကိုက ပြောတော့တာပဲ၊ တကယ်ဆို အလုပ်ကပြန်လာတဲ့အချိန် အနားယူရမယ့် အချိန်မှာ သိကျွမ်းရတာ နာရီဝက်တောင်မှ မရှိသေးတဲ့ ကျနော့်ကို ကျွန်းအနှံ့ နေရာစုံကို လိုက်ပို့ချင်သူပါ၊ ပြီးတော့ အဲဒီစကားကို လောကွတ်အနေနဲ့ ပြောတာမဟုတ်ဘဲ အဲဒီ တစ်ညနေခင်းလေးမှာပဲ ၁၅ ခွန်းတိတိ တဖွဖွ ပြောခဲ့တာ...၊ သူဟာ လူတစ်ဖက်သားကို ဘယ်လိုများ ကူညီရမလဲလို့ တချိန်လုံးများ တွေးနေသလားပါပဲ၊ အစ်မချစ်နဲ့ အစ်ကိုဝင်းနိုင်တို့ကို ကြည့်ပြီး ̔ရှေ့သွားနောက်လိုက်̕ ဆိုတဲ့ စကားလေးကို ကျနော် ကြားယောင်နေမိ ခဲ့တယ်...၊

အစ်မချစ်တို့နဲ့ တချိန်တည်းလိုလို ရောက်လာတာကတော့ ညီငယ်ကိုဖြိုး၊ Phyo Evergreen ပါ၊ ကျနော့်ဘလော့ဂ်မှာ တောင်တန်းတွေအကြောင်း ရေးမိရင်၊ ဓါတ်ပုံတွေ တင်မိရင် ရှေ့ဆုံးက အပြေးရောက်လာတတ်တဲ့ ညီငယ်လေး..၊ တောင်တန်းတွေကို စိတ်ဝင်စားတဲ့ ညီငယ်ကိုဖြိုးက “တောင်တန်းနှင့်တူသော ယောက်ျားများ”လို မာရေကျောရေနဲ့တော့ မဟုတ်ပါဘူး၊ နူးနူးညံ့ညံ့နဲ့ စကားကို တိုးတိုးညင်သာ ပြောတတ်တဲ့သူ...၊ အမြဲစိမ်းဆိုတဲ့ နာမည်နဲ့ လိုက်ဖက်စွာပဲ စိမ်းလန်း၊ ငြိမ်းချမ်းနေတဲ့သူ...၊ ကိုဖြိုးနဲ့ ဘေးချင်းယှဉ်ထိုင်ပြီး စကားပြောရတာက အောင်ပန်းကနေ ရွာငံသွားတဲ့ လမ်းဘေးမှာ တွေ့ရတတ်တဲ့ တောင်ကုန်းစိမ်းစိမ်းလေး တစ်ခုဘေးမှာ ထိုင်နေရသလိုပါပဲ၊ စိုက်ခင်းတွေနဲ့ စိမ်းလန်းတယ်၊ တောင်ပေါ်လေ အေးအေးလေးနဲ့ လတ်ဆတ်တယ်၊ မြေနီလမ်းကလေးနဲ့ စိုလက်တယ်၊ ပြီးတော့ ယဉ်ကျေးတဲ့ စကားအသုံးအနှုန်းတွေနဲ့ ဖော်ရွေလှတယ်...၊

ကျနော်တို့တွေ အဲဒီလို စကားထိုင်ပြောနေကြတုန်း တအောင့်လောက်အကြာမှာ လူခေါ်ခေါင်းလောင်းသံ ကြားလိုက်ရပြန်တယ်၊ ̔ဟော.. လာပြီထင်တယ်̕ ဆိုပြီး ကိုခင်မောင်ဦးကပဲ တံခါးသွားဖွင့်တယ်၊ ပြီးတော့ တဆက်ထဲ အားလုံးဖက်လှည့်ပြီး အစ်မသက်ဝေတို့ လာပြီလို့ လှမ်းပြောတယ်၊ စာတွေထဲကနေ တစွန်းတစ ရိုးတိုးရိပ်တိတ် သိခွင့်ရတဲ့ အစ်မသက်ဝေတို့ မိသားစုလေးကို အခုလို တွေ့လိုက်ရတာ ဝမ်းမြောက်ဖို့ကောင်းပါတယ်၊ အစ်မသက်ဝေတို့ လာပြီလို့ ပြောသံကြားလိုက် ရချိန်မှာ ကျနော့်အတွေးထဲ အဆိုတော် ကော်နီနဲ့ တက္ကသိုလ်အေးမောင် တို့က အပြေးအလွှား ဝင်ရောက်လာကြတယ်၊ မဆီမဆိုင် ဘယ်လိုကြောင့်များ ပါလိမ့်နော်၊ ဒါပေမယ့် အစ်မသက်ဝေကို တကယ်တမ်းလည်း မြင်လိုက်ရရော ကော်နီလည်းမဟုတ်၊ တက္ကသိုလ်အေးမောင်လည်း မဟုတ်တော့ဘဲ မာရဇ္ဇ ဖြစ်သွားတယ်၊ ♫♫ ဆံပင်ရှည်ရှည် အရပ်မြင့်မြင့် ကိုယ့်ချစ်သူလေး xxx ဂန္ထဝင်မြောက် မင်းရဲ့အလှ ထူးခြားလွန်းလို့လေ...♪♪♫ ဟုတ်တယ်၊ မာရဇ္ဇဟာ အဲဒီသီချင်းကို ရေးဖို့ အစ်မသက်ဝေဆီကများ inspiration ယူခဲ့တာလားလို့ ကျနော် စဉ်းစားမိ သွားတယ်...၊

ခဏလောက် အကြာမှာတော့ ကျနော်တို့ မုန့်ဟင်းခါး စားဖို့ စားပွဲမှာ နေရာယူကြတယ်၊ ချစ်ခင်ရတဲ့ မောင်နှမတွေနဲ့ တစ်စားပွဲထဲ၊ လက်ရည်တစ်ပြင်တည်း စားရတဲ့အဖြစ်ဟာ ပျော်ဖို့ကောင်းတယ်၊ မုန့်ဟင်းခါးကလည်း မည်ကာမတ္တ မုန့်ဟင်းခါး မဟုတ်ဘဲ အကြော်စုံ၊ နံနံပင်၊ ငရုတ်သီးမှုန့် အားလုံးအပြည့်အစုံနဲ့...၊ ဇတ်လမ်းက အဲဒီမှာ စတာပါပဲ၊ မသန္တာလွင်ရဲ့ မုန့်ဟင်းခါးကို စားလို့ ၃ ဇွန်းမြောက် အရောက်မှာ ကျနော့်လိုပဲ မုန့်ဟင်းခါးကြိုက်တဲ့ ဘကြီးတစ်ယောက်ကို သတိရသွားတယ်၊ သြော်.. သူဆိုလည်း ကြိုက်မှာပဲပေါ့၊ ဒါပေမယ့် အဲဒီဘကြီးရဲ့ နာမည်ကို ရုတ်တရက် စဉ်းစားလို့ မရဘူး၊ ဒါနဲ့ ဘကြီးလိုပဲ မုန့်ဟင်းခါးကြိုက်တဲ့ သူ့မိန်းမ နာမည်ကနေ လှည့်ပြီး စဉ်းစားကြည့်တယ်၊ ဒါလည်း မရဘူး..၊ အဲဒါနဲ့ အဒေါ်တွေကို စဉ်းစားမယ် လုပ်တော့လည်း ပိုတောင် ဆိုးနေသေးတယ်၊ ကျနော့်မှာ အဒေါ်ဘယ်နှစ်ယောက် ရှိမှန်းတောင် သတိမရတော့ဘူး၊ ကျနော် ထိတ်ထိတ်ပြာပြာနဲ့ ညီဝမ်းကွဲ၊ ညီမ၊ အစ်မဝမ်းကွဲ၊ ဦးလေး၊ အဒေါ်.. ရှိသမျှ ဆွေမျိုးတွေကို စဉ်းစားကြည့်တယ်၊ မရဘူး၊ အပြင်းအထန် စဉ်းစားကြည့်တယ်၊ လုံးဝ မရဘူး၊ အားလုံးကို မေ့သွားပြီ၊ အဲဒီမှာမှ ကျနော်သိလိုက်ရတော့တယ်၊ လူကြီးတွေ ပြောပြောနေတဲ့ ဆွေမျိုးမေ့အောင် ကောင်းတယ်ဆိုတဲ့ စကားရဲ့ အဓိပ္ပါယ်ကို.....၊ ဒါနဲ့ မေ့လက်စနဲ့ မေ့ထားလိုက်ပြီး မုန့်ဟင်းခါး နောက်တစ်ပွဲပဲ ဆက်စားနေလိုက် တော့တယ်..၊

ကျနော့်ဘလော့ဂ်ကို သိတဲ့ မသိမ့်နဲ့လည်း ဆုံဖြစ်တယ်၊ မသိမ့်က silent reader ဆိုတော့ အဲဒီနေ့မှာ ဆုံတဲ့အခါမှ သူပြောလို့ သိရတာပါ၊ မသိမ့်က စာတွေကို တိတ်တိတ်ကလေး ဖတ်သလို အပြင်မှာလည်း တိတ်တိတ်ကလေးပဲ နေပုံရတယ်၊ ဒါပေမယ့် ခင်မင်ဖော်ရွေမှု မှာတော့ အများသူငါထက် ပိုပြီး တိုးတိတ်မနေခဲ့ပါဘူး၊ နောက်တော့ ကိုတင်မင်းထက်၊ ကိုကျော်စိုးမင်း တို့လည်း ရောက်လာကြတယ်၊ ကလေးလေးတွေလည်း ပါတယ်၊ အစောပိုင်းတုန်းက လူနည်းနေသေးတဲ့ အိမ်ကလေးဟာ အခုတော့လည်း စကားသံတွေ၊ ရယ်မောသံတွေနဲ့ ဆူဆူညံညံ ပျော်ပျော်ရွှင်ရွှင်...၊

ကျွန်းကလေးပေါ်မှာ ကျနော်ရှိနေတဲ့ အခိုက်မှာပဲ စာပေဟောပြောပွဲ ကျင်းပတာနဲ့ တိုက်တိုက်ဆိုင်ဆိုင် ကြုံရပါတယ်၊ အရင်တုန်းက သူများတွေ ရေးသမျှပဲ တဆင့်ခံ ပြန်ဖတ်နေရတဲ့ စာပေဟောပြောပွဲက အခု ကျနော်ရှိနေတဲ့ ရက်အနည်းငယ်အတွင်းမှာမှ ကျင်းပတာနဲ့ တည့်တည့်တိုးတာ..၊ ဝမ်းသာချက်ဆိုတာ ဘာပြောကောင်းမလဲ..၊ နေပူပူ၊ သဲပူပူနဲ့ ဆဟာရ သဲကန္တာရထဲမှာ ဆယ်နှစ်လောက် လှည့်လည်သွားလာနေတဲ့ လူတစ်ယောက်.. ၅ ရက်လောက် အပြင်ရောက်တုန်း ဘီယာစတေရှင်နဲ့မှ တည့်တည့်တိုးတဲ့ အဖြစ်လိုမျိုး...၊ တသက်လုံး ခြောက်သွေ့ငတ်မွတ် နေတာကို အတိုးချပြီးသောက်... အဲ.. အတိုးချပြီး နားထောင်လိုက်မဟဲ့ ဆိုတဲ့ စိတ်တွေနဲ့ ပျော်ရွှင်နေခဲ့တယ်၊ ဟောပြောပွဲ နာမည်က “ဒေါင်းကတဲ့နေ့” တဲ့...၊


ကျနော်တို့ ရောက်သွားချိန်က ပွဲစဖို့ လျာထားချိန်ထက် ၁၅ မိနစ်လောက် နောက်ကျနေပေမယ့်လည်း လူတွေအားလုံးက ခန်းမအပြင်မှာပဲ စောင့်နေကြတုန်းပါပဲ၊ ဒီပွဲကိုလာဖို့အတွက် ဝမ်းသာရပေမယ့် တဖက်မှာတော့ မိတ်ဆွေ၊ သူငယ်ချင်းတွေအတွက် အချိန်အများကြီး မကျန်တော့တာ စိတ်မကောင်းစရာပါ၊ မုန့်ဟင်းခါးစားပြီး ခဏနေတာနဲ့ ချက်ချင်းထွက်လာရတဲ့ ကျနော့်ကို အိမ်ရှင်တွေကတော့ ̔စားပြီး နားမလည်̕ လို့ မထင်လောက်ပါဘူးလေ လို့ပဲ ကိုယ့်ကိုယ်ကို အတင်းအားပေး နေရတယ်...၊



အဖွင့်စကားပြော၊ အခမ်းအနားမိတ်ဆက် စတာတွေ အပြီးမှာ ပထမဦးဆုံး အဖွင့်ဟောတာကတော့ ဆရာမသန်းမြင့်အောင်ပါ၊ ဆရာမက “နှလုံးလှသူ မမိုက်ပါ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဟောပါတယ်၊ ဆရာမရဲ့ ဟောပြောပွဲတွေကို ကြုံလည်း မကြုံဖူး၊ ဖတ်လည်း မဖတ်ဖူးတဲ့ ကျနော်က ဆရာမရဲ့ ဇဝနဉာဏ်နဲ့ ယှဉ်တဲ့ အပြောမှာတင် သူ့ပရိတ်သတ်စစ်စစ် ဖြစ်သွားတော့တယ်၊ “ကျမငယ်ငယ်တုန်းက ရာမယန ဇတ်ကဖို့ လာခေါ်တော့ မင်းသမီးလည်း လုပ်ရမယ်ဆိုတဲ့အခါ ဝမ်းသာအားရနဲ့ လိုက်သွားတယ်၊ သီတာဒေဝီတော့ လုပ်ရပြီပေါ့လေ..၊ ဘယ်ဟုတ်ပါ့မလဲ..၊ ဟိုရောက်မှ ဒဿဂီရိရဲ့ ညီမ ဂမ္ဘီနေရာက သရုပ်ဆောင်ရမှာ ဖြစ်နေတယ်၊ ကျမ ရုပ်ရည်နဲ့လိုက်တဲ့ ဘီလူးမနေရာတဲ့”...၊ ဟိတ်ဟန်တစ်စက်မှ မရှိဘဲ ရိုးသားနှိမ့်ချတဲ့ ဆရာမက စိတ်ထားကောင်းဖို့၊ နှလုံးသားတွေ ဖြူစင်၊ လှပဖို့ အရေးကြီးတဲ့ အကြောင်းကို နာရေးကူညီမှု အသင်းက ကိုယ်တွေ့အဖြစ်တွေ၊ သူကိုယ်တိုင် ကြုံခဲ့ရတာတွေ.. စသဖြင့် အကိုးအကား များစွာနဲ့ ဟောသွားခဲ့တယ်၊



ဆရာမအလှည့် ပြီးတော့ ဆရာ သံလျင်မောင်မောင်ဦးက “ရယ်စရာနဲ့ မောစရာ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆက်ဟောတယ်၊ ခေါင်းစဉ်နဲ့ လိုက်ဖက်စွာပဲ ဆရာက ရယ်စရာတွေ အများကြီးကို ကြားညှပ်ပြီး ဟောခဲ့တယ်၊ တချို့ဟာသတွေကို ကျနော် ကြားဖူးပြီးသား ဖြစ်ပေမယ့် ဆရာ့ရဲ့ ဟန်၊ ဆရာ့ရဲ့ မာန်၊ လေယူလေသိမ်း အပြည့်နဲ့ ဟောလိုက်တဲ့အခါ တဝါးဝါးရယ်သံတွေ ကြားမှာ အတူမျောပါ သွားခဲ့တော့တယ်၊

ဆရာ သံလျင်မောင်မောင်ဦး ပြီးတော့ အားလပ်ချိန်ပါ၊ အဲဒီမှာ ညနေစာအဖြစ် အုန်းထမင်းနဲ့ ကြက်သား ထမင်းဗူးလေးတွေ ဝေတယ်၊ ဒီကို မလာခင်တုန်းက စာပေဟောပြောပွဲတွေမှာ ညစာပါကျွေးတယ် ဆိုတဲ့အကြောင်း ဖတ်ရတော့ ကျနော့်စိတ်ထဲမှာ လူတွေက dining hall လို ခန်းမကျယ်ကြီး တစ်ခုထဲမှာ သွားစားကြတာနေမယ်လို့ တွေးနေခဲ့ဖူး သေးတယ်၊ လက်ထဲကို ထမင်းဗူးလေး ရောက်လာတော့ ကိုယ့်အတွေးကို ကိုယ့်ဟာကိုယ် သဘောကျပြီး ပြုံးမိတယ်၊ ပြီးတော့ ဒီလောက်လူတွေ အများကြီးက ဘယ်လိုနေရာတွေမှာ စားကြမလဲ မသိဘူးလို့ စိတ်ဝင်တစားနဲ့ လိုက်ကြည့်နေမိတယ်၊ အပြင်ဖက်လည်း ရောက်ရော.. ခုနတုန်းက အဝမှာ စုပြုံပြီး ထမင်းဗူးယူနေတဲ့ လူတွေအားလုံးက နေရာကိုယ်စီမှာ ဟန်ကျပန်ကျ..၊ တချို့က ခပ်လှမ်းလှမ်းက သစ်ပင်လေးတွေ အောက်မှာ၊ တချို့က လှေကားထစ်တွေ ပေါ်မှာ၊ တချို့က အဆောက်အအုံတွေရဲ့ အုတ်ဘောင်တွေပေါ်မှာ...၊ မသိရင် ပျော်ပွဲစား ထွက်လာကြတဲ့အတိုင်း တကယ့်ကို အေးအေးလူလူနဲ့...၊ ကျနော်တစ်ယောက်ပဲ ယောင်နနနဲ့ ဖြစ်နေတုန်း ဘေးနားက ညီမလေးတွေက အုတ်လှေကား တစ်ခုပေါ်မှာ အကျအန ထိုင်ပြီးနေပြီ၊ ဒီတော့မှ ရောမသားတွေလို ကျင့်မယ့် ရောမရောက် ဧည့်သည်တစ်ယောက်လို ကျနော်လည်း အမြန်ဝင်ထိုင်လိုက်ရ တော့တယ်...၊



ညစာစားအပြီးမှာတော့ ဆရာမြင့်မောင်ကျော်က ဆက်ဟောပါတယ်၊ ”အပြောင်းအလဲ စုတ်ချက်များ” တဲ့...၊ ဆရာ့ရဲ့ ဒီဇိုင်းတွေကို ကြိုက်နှစ်သက်တဲ့ ကျနော်က ဆရာဘယ်လိုများ ဟောမှာပါလိမ့်လို့ အစောကြီးကတည်းက စိတ်ဝင်စားနေခဲ့တာ..၊ ဆရာက ဂရပ်ဖစ်ဒီဇိုင်နာပီပီ slides တွေကိုသုံးပြီး အရောင်စုံ၊ အသွေးစုံနဲ့ ဟောခဲ့တယ်၊ ကျနော့်စိတ်ထဲ စာပေဟောပြောပွဲထက် presentation စာတမ်းဖတ်ပွဲ တစ်ခုနဲ့တောင် ပိုတူနေသေးတယ်လို့ သဘောတကျနဲ့ တွေးနေမိတယ်၊ သူ အနယ်နယ် အရပ်ရပ်မှာ ရိုက်လာခဲ့တဲ့ ဓါတ်ပုံတွေ၊ မဂ္ဂဇင်းတွေမှာ ထည့်ခွင့်မရတဲ့ ဒီဇိုင်းတွေ၊ သဘာဝပတ်ဝန်းကျင် အရေးနဲ့ နှီးနွယ်နေတဲ့ စိတ်ထိခိုက်စရာ ပုံတွေ...၊ ဒါတွေကို သုံးပြီး ဆရာမြင့်မောင်ကျော်က အရုပ်အား၊ အရောင်အား၊ အသံအား အပြည့်နဲ့ ဟောသွားခဲ့တယ်၊ တချို့ slide တွေကို ပြချိန်မှာ ပရိတ်သတ်ထဲက ရှိုက်သံတချို့တောင် ကြားနေရတယ်၊ ဆရာပြောတဲ့အထဲမှာ ရယ်စရာ မပါဘူး၊ အဖွဲ့အနွဲ့ တစ်ခုမှ မပါဘူး၊ ဒါပေမယ့် ထိထိရှရှ ဖြစ်ရတဲ့ ပုံတွေရယ်၊ ဌာန်နဲ့မာန်နဲ့ ဟောနေတဲ့ ဆရာ့အသံရယ် အောက်မှာ ခန်းမတစ်ခုလုံး ငြိမ်သက် တိတ်ဆိတ်နေခဲ့တယ်...၊



နောက်ဆုံးပိတ် အိတ်နဲ့လွယ်တာကတော့ ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)ပါ၊ ဆရာက “ဒေါင်းတို့ရဲ့စောင်း” ခေါင်းစဉ်နဲ့ ဟောတယ်၊ ဒီ စာပေဟောပြောပွဲက ဆရာ့ရဲ့ ကဗျာစာအုပ်သစ် မိတ်ဆက်ပွဲလည်း ဖြစ်တာနဲ့အညီ အဲဒီထဲက ကဗျာတွေကို ဆရာက အဓိကထားပြီး ရွတ်သွားခဲ့တယ်၊ အဲဒီထဲမှာ ၈၈ အရေးအခင်း ကာလတုန်းက ဟောပြောပွဲ စင်မြင့်တွေထက်မှာ သူ ရွတ်လေ့ရှိခဲ့တဲ့ ကဗျာတစ်ပုဒ်လည်း ပါတယ်၊ နောက်ပိုင်းမှာ အဲဒီ ကဗျာရှည်က ပျောက်သွားခဲ့တယ်၊ ဆရာက ကဗျာကိုလည်း မမှတ်မိတော့ သလို လက်ခံစာမူလည်း မရှိတော့ဘူးလို့ ဆိုတယ်၊ သိပ်မကြာခင်ကမှ ကဗျာကို သိမ်းထားတဲ့ တစ်ယောက်က ဆရာ့ကို လက်ဆောင်ပြန်ပေးလို့ ဒီပွဲမှာ ကျေးဇူးတင် ဝမ်းသာစွာနဲ့ ပထမဦးဆုံးအကြိမ် ပြန်ရွတ်ပါ့မယ် ဆိုပြီး ဆရာက ရွတ်ပါတယ်၊ ကျနော့်နားထဲမှာတော့ ကြွေးကြော်သံတွေ၊ နဖူးစည်းတွေ၊ အလံပြောင်းပြန်တွေ၊ ဗိုလ်ချုပ်ဓါတ်ပုံတွေ၊ ပြီးတော့..... ယမ်းနံ့တွေ မြင်နေ၊ ကြားနေ၊ ရနေခဲ့တယ်၊ ၁၄ နှစ်သားဘဝမှာ သွေးတွေဆူဝေပြီး ခုန်ခဲ့ရတဲ့ ရင်ခုန်သံတွေကို ခြင်္သေ့ကျွန်းကလေးပေါ်က စာပေဟောပြောပွဲ ခန်းမထဲမှာ ကျနော် ပြန်ကောက်ရလိုက်တယ်၊

ဆရာ မောင်စိန်ဝင်း(ပုတီးကုန်း)က နောက်ဆုံးမှ ဟောရတာဖြစ်လို့ အချိန်မလောက်တာနဲ့ ကြုံရတယ်၊ ဟောနေရင်း တန်းလန်းမှာကို အမြန်ဆုံး အဆုံးသတ်ပေးဖို့ မေတ္တာရပ်ခံတဲ့ စာတိုလေးတစ်စောင် လာပေးတာ တွေ့တယ်၊ ဒါတောင် စပြီး ဟောကတည်းက ဆရာက စကားကို ခပ်မြန်မြန်လေး ပြောနေခဲ့တာ...၊ ဒီလိုနဲ့ သူပြောချင်တဲ့ အချက်တွေ မပြီးသေးပေမယ့် ̔နောက်တစ်ခေါက်ကျမှပဲ ဆက်ပြောတာပေါ့ဗျာ̕ ဆိုပြီး တုံးတိတိနဲ့ ဆရာက ရပ်လိုက်ရတော့တယ်၊ ဒါကိုမြင်တော့ သတ်မှတ်ထားတဲ့ အချိန်ထက် ၄၅ မိနစ်လောက် နောက်ကျပြီးမှ ပွဲစခဲ့တာကို ကျနော် ပြန်သတိရမိတယ်၊ ဘယ်လိုအခက်အခဲတွေ ရှိလို့ သတ်မှတ်ထားတဲ့ အချိန်အတိအကျမှာ မစနိုင်ခဲ့တာလဲတော့ ကျနော်မသိပါဘူး၊ အကယ်၍သာ အဲဒီလို စ,ခဲ့ရင် အနည်းဆုံးတော့ ပြောစရာရှိတာလေးကို အဆုံးထိတိုင် ဆရာတွေ ပြောနိုင်မှာပေါ့၊ ကျပ်ကျပ်တည်းတည်း ရှိပုံရတဲ့ ခန်းမ အချိန်ဇယားရယ်၊ စ,ဟောမိရင် တော်ရုံနဲ့ ဘရိတ်မအုပ်နိုင်တဲ့ စာရေးဆရာတွေရယ်နဲ့...အကြားမှာ ပွဲစီစဉ်ရသူတွေလည်း အတော်တော့ ခေါင်းခဲရမှာ သေချာပါတယ်၊ ကျနော် ကြားရသလောက် ဒီတစ်ခေါက်မှာ အတော့်ကို လူနည်းတယ်လို့ ဆိုတယ်၊ မြင်ရသလောက်လည်း လာတဲ့ပရိတ်သတ်က ခန်းမရဲ့ တဝက်တောင်မှ မရှိချင်ဘူး၊ ကျနော့်အတွက်ကတော့ ထိုက်ထိုက်တန်တန်နဲ့ ကျေနပ်မိတဲ့ ပွဲလို့ပဲ ဆိုရမှာပါ၊ တကူးတက လာတက်ပါ့မယ် ဆိုရင်တောင် အဆင်ပြေချင်မှ ပြေမယ့် စာပေဟောပြောပွဲ တစ်ပွဲကို ချစ်ခင်ရတဲ့ မိတ်ဆွေ၊ မောင်နှမတွေနဲ့ အခုလို တိုက်တိုက်ဆိုင်ဆိုင် နားထောင်ခွင့်ရတဲ့ အဖြစ်ဟာ ကာလများစွာတိုင် အမှတ်ရနေဦးမယ့် အဖြစ်ပါပဲ...။ ။


(မှတ်ချက်။ ။ ကျနော် လေးစားခင်မင်ရတဲ့ ညီအစ်ကို၊ မောင်နှမတွေနဲ့ ဆုံတွေ့ရတဲ့ အကြောင်းကို ရေးဖွဲ့တဲ့ နေရာမှာ သူတို့အပေါ် ရင်းနှီးချစ်ခင်တဲ့ စိတ်အခြေခံနဲ့ ရေးပါတယ်၊ ကျနော့်ရဲ့ အဲဒီလို အရေးအသားဟာ သူတို့ကို တစုံတရာ စိတ်အနှောင့်အယှက်တော့ မဖြစ်တန်ရာလို့ပဲ မျှော်လင့်ပါတယ်၊ ဒီတစ်ပုဒ်မှာတော့ အထဲမှာပဲ ထိုင်နေရတာ များသွားလို့ နောက်တစ်ပုဒ် အပိုင်း-၄ မှာ ကျနော်တို့ အပြင်ဖက်ကို လျှောက်လည်ကြရအောင်၊ ရာသီဥတုလေး သာတောင့်သာယာ ရှိတုန်းလေး....)း)


ညီလင်းသစ်
၂၅ မတ်၊ ၂၀၁၃

19 March 2013

ကျွန်းကလေးရဲ့ ရင်ခွင်မှာ (၂)


ကျနော့်ရဲ့ အလည်အပတ် ခရီးစဉ်က အပျော်အပါးတွေနဲ့ မစဘဲ ဘုရားရိပ်၊ တရားရိပ်နဲ့ စ,တယ်လို့ပဲ ဆိုရမလားတော့ မသိဘူး၊ နောက်တစ်နေ့မှာ ပထမဦးဆုံး ရောက်သွားတဲ့နေရာက ဖားအောက်တောရ ကျောင်းကလေး ဆီကိုပါ၊ ဒါကလည်း တိုက်ဆိုင်ချင်တော့ အဲဒီနေ့မှာ ညီမလေးဇွန်မိုးစက်နဲ့ ညီမလေးညိုလေးနေ တို့က ကျောင်းမှာ ဆွမ်းကပ်ဖို့ စီစဉ်ထားတယ်လို့ သိရတယ်၊ ဖားအောက်တောရ တရားစခန်းအကြောင်းကို အထိုက်အလျောက် ကြားဖူးထားလို့ အခုလို ကြုံကြိုက်တဲ့အခါ ကျနော်ကလည်း သွားချင်မိတယ်၊ ဒီလိုနဲ့ပဲ ရောက်သွားခဲ့တယ် ဆိုပါစို့...၊


ခေတ်မီမီ ဆောက်ထားတဲ့ တိုက်အိမ်ကလေးဟာ ဖားအောက်တောရ တရားစခန်းပါလို့ သိလိုက်ရချိန်မှာ ကျနော် နည်းနည်းအံ့သြသွားမိတယ်၊ ကျနော့်ရဲ့ မသိစိတ်ထဲမှာ ရေနံဝနေအောင် သုတ်ထားတဲ့ ခြေတံရှည် ဘုန်းကြီးကျောင်းရယ်၊ ပိန္နဲပင်၊ သရက်ပင် စတဲ့ အပင်ကြီးတွေနဲ့အတူ ဝါးရုံပင်စိပ်စိပ်လေးတွေ ဟိုတစ်စု၊ ဒီတစ်စုရယ်၊ တရားထိုင်ဖို့ ရည်ရွယ်ပြီး ဆောက်ထားတဲ့ သီးသန့် အိမ်ကလေးတွေရယ်ကို မြင်ယောင်နေခဲ့တာကိုး...၊ ကိုယ်ရောက်နေတဲ့ နိုင်ငံရဲ့ အခြေအနေနဲ့ လိုက်လျောညီထွေ ရှိအောင် ကြိုတင်၊ တွေးဆ မထားမိတဲ့ ကျနော့်ရဲ့ စိတ်ကူးယဉ်မှုက ရယ်စရာပါပဲ၊ ဘယ်လောက်များ လက်တွေ့မဆန်လိုက်သလဲ ဆိုတာ...၊ ဒါပေမယ့် ဘုရားတရားရိပ်ဆိုတာ မြို့ကြီးပြကြီးက တိုက်အိမ်ပဲဖြစ်ဖြစ်၊ ဟိုး.. ကျေးလက်က တောရကျောင်းလေးပဲ ဖြစ်ဖြစ် အေးမြတာခြင်းက အတူတူပဲလို့ အထဲဝင်လိုက်တာနဲ့ ကျနော် သိလိုက်ရတယ်၊ စစ်မှန်တဲ့ ငြိမ်းချမ်းခြင်းက ပြင်ပ ရုပ်ဝတ္ထုတွေပေါ်မှာ တည်မှီပြီး ဖြစ်လာတာမှ မဟုတ်တာပဲလေ၊ ဆိတ်ငြိမ်တဲ့ ဝန်းကျင်ထဲမှာ ကျနော့်အသံတွေ ပျောက်သွားကြတယ်၊ တရားစာတွေကို ပါဠိအသံထွက် အတိုင်း မြန်မာလိုနဲ့ အင်္ဂလိပ်လို ရေးပေးထားတဲ့ စာအုပ်လေးတွေကို သဘောတကျနဲ့ ဖတ်ကြည့်မိတယ်၊ ဘာသာစကား ကွဲပေမယ့် တူညီတဲ့ ပေါင်းစည်းမှုတစ်ခုတော့ ရှိရမှာပေါ့၊ ကျောင်းထိုင်ဆရာတော်ကြီးကတော့ ရန်ကုန်ကို ပြန်ကြွသွားခိုက်ဖြစ်လို့ မဖူးခဲ့ရဘူး...၊



ဖားအောက်တောရရဲ့ ဆွမ်းအလှူရှင် ညီမလေးတွေက ကျနော့်ကို ကုသိုလ်တွေ အများကြီး ရစေချင်တယ် ထင်ပါရဲ့..၊ တိုပါးရိုး မြန်မာကျောင်းကို ဆက်ပြီးပို့ပေးပြန်တယ်၊ ညီမလေးဇွန်မိုးစက်နဲ့ ညီမလေးညိုလေးနေတို့ ပို့ပေးတဲ့ နေရာတွေကို လည်ပတ်ရတာဟာ ဘလော့ဂ်မှာ သူတို့ရေးလေ့ရှိတဲ့ ပို့စ်တွေကို ဖတ်ရသလိုပါပဲ၊ တည်ငြိမ်တယ်၊ အေးချမ်းတယ်၊ ပြေပြစ် ချောမွေ့တယ်၊ တရားကို သိတယ်၊ သတိပြုစရာ အချက်လေးတွေ အမြဲပါတယ်၊ ကျနော့် ခရီးစဉ်ရဲ့ ရည်ရွယ်ချက် တစ်ပိုင်းကလည်း စာရေးသူ၊ စာဖတ်သူတွေနဲ့ ဆုံဖို့ဆိုတော့ အခုလို သွားရင်း၊ လာရင်း ညီမငယ်တွေနဲ့ စကားစမြည် ပြောခွင့်ရတာ ဝမ်းသာစရာပါပဲ၊ အသက်အရွယ် ငယ်ပေမယ့် ဘဝဖြတ်သန်းမှုက ရင့်ကျက်အေးချမ်းတဲ့ ညီမလေးတွေရဲ့ ကျေးဇူးနဲ့ ခမ်းနားလှတဲ့ တိုပါးရိုး ကျောင်းကြီးကို ကျနော် မျက်မြင်ကိုယ်တွေ့ ရောက်သွားခဲ့ရတယ်...၊



တတိယထပ်ကို ရောက်,ရောက်ချင်းပဲ ကျနော် သဘောကျသွားတယ်၊ ကျယ်ဝန်းပြီး လင်းချင်းတဲ့ ခန်းမကျယ်ကြီးက နေကုန်နေခန်း ထိုင်နေချင်စရာ ကောင်းသလို ခန်းမအဆုံးက မတ်ရပ်ဆင်းတုတော်ကြီးကလည်း သပ္ပါယ်လှပါတယ်၊ ပြူတင်းပေါက်တွေ အများကြီးနဲ့ ဆိုတော့ လေဝင်လေထွက် ကောင်းပြီး စိတ်ကိုကြည်လင်စေတယ်၊



ကျောင်းကြီးရဲ့ ခေါင်မိုးပေါ်မှာတော့ ဥာဏ်တော် သိပ်မမြင့်လှတဲ့ စေတီလေးတစ်ဆူ တည်ထားတယ်၊ အနီးပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ မိုးမျှော်တိုက်တွေ၊ ဆောက်လုပ်ဆဲ တိုက်တွေ အများကြီး...၊ တလောဆီက ဖတ်လိုက်ရတဲ့ ရွှေတိဂုံဘုရားရဲ့ အနီးပတ်ဝန်းကျင်မှာ အထပ်မြင့် အဆောက်အဦးတွေ ဆောက်ခွင့်မပြုဘူး ဆိုတဲ့ သတင်းလေးကို ဘာရယ်မဟုတ် ကျနော် သတိရလိုက်မိတယ်၊ ဗုဒ္ဓသာသနာ ထွန်းကားရာ တိုင်းပြည်မှာက အကြောင်းမဟုတ်ပေမယ့် ဒီမှာတော့ အခုလို မိုးမျှော်တိုက်ကြီးတွေ အလယ်က ဥာဏ်တော်နိမ့် စေတီလေး တစ်ဆူတည်ခွင့်ရဖို့တောင် လွယ်ကူပါ့ မလားပဲ၊ အခက်အခဲတွေ ကြားကနေ တည်တံ့ခိုင်မြဲအောင် အားထုတ်ကြတဲ့ သံဃာတော်တွေက ကြည်ညိုစရာ ကောင်းလှတယ်...၊



တီဗီအင်တာနာတွေ စီးမိုးထားတဲ့ တိုက်တွေကို တွေ့တော့ တစ်ခါတုန်းက ဖတ်ခဲ့ရဖူးတဲ့ ̔ငါးရိုးနင်တဲ့ လ̕ ကဗျာလေးကို သတိရချင်စရာ...၊ ဒီမှာတော့ ငါးရိုးနင်တဲ့ ခြင်္သေ့လို့များ ဆိုရမလားပဲ၊ လူနေတိုက်တွေနဲ့ ပတ်သက်ပြီး မိတ်ဆွေတွေနဲ့ စကားပြောဖြစ်တော့ အိပ်ခ်ျဒီဘီနဲ့ ကွန်ဒို ဆိုတဲ့ ဝေါဟာရလေး နှစ်ခုက အမြဲလိုလို ကြားနေရတယ်၊ အစမှာ အိပ်ခ်ျဒီဘီနဲ့ ကွန်ဒိုကို ဘယ်လိုများ ခွဲသလဲလို့ ကျနော့်မှာ ဇဝေဇဝါနဲ့ရယ်..၊ နောက်တော့မှ မိတ်ဆွေတွေရဲ့ ရှင်းပြမှုနဲ့ နည်းနည်းပါးပါး သိလာတော့ ရထားစီး၊ ကားစီးရင်ကိုပဲ တိုက်တွေမြင်တိုင်း ဒါ အိပ်ခ်ျဒီဘီလား၊ ကွန်ဒိုလား ခွဲကြည့်ဖို့ လည်ပြန်လိုက်ကြည့်နေရတာ အလုပ်တစ်ခု....၊း)



အထင်ကရ နေရာတော်တော်များများမှာ တွေ့ရတဲ့ လိမ္မော်ပင်တွေကို တိုပါးရိုးကျောင်းရဲ့ လှေကားအတက်မှာလည်း တွေ့ရပါတယ်၊ တရုတ်နှစ်သစ်ကူးမှာ လာဘ်လာဘ ကောင်းစေဖို့ဆိုတဲ့ ယုံကြည်ချက်နဲ့ ထားကြတဲ့အကြောင်း ညီမငယ်တစ်ယောက်က ရှင်းပြတယ်၊ လိမ္မော်သီးမြင်ရင် စားဖို့လောက်ပဲ တွေးနေတဲ့ ကျနော်က ̔သွားခူးစားလို့ မရဘူးလား̕ ဆိုတော့ ̔ဟာ... အစ်ကိုကလဲ၊ တာရှည်ခံအောင် ဆေးတွေ ဖြန်းထားတဲ့ ဟာကို̕ တဲ့၊ တိန်...၊ သူ့စိတ်ထဲ “စားစရာ ဒီလောက်ရှားလားဟယ်...” လို့များ တွေးနေမလား မသိ...၊



ကျနော် မြန်မာပြည်မှာ ရှိတုန်းက မုံရွာမြို့၊ မိုးညှင်းသံဗုဒ္ဓေ ဘုရားကိုရောက်တိုင်း ကျားဘမ်းသူဌေး ညီနောင်အကြောင်းကို အခွင့်ကြုံတဲ့အခါ လေ့လာဖို့ စိတ်ကူးမိပါတယ်၊ သံဗုဒ္ဓေဘုရားမှာ သူတို့ရဲ့ အလှူတွေ အများကြီး တွေ့နိုင်သလို အလှူလက်ရာကလည်း မြန်မာပြည် တခြားအရပ်က ဘုရားတွေမှာ တွေ့ရလေ့ရှိတဲ့ လက်ရာမျိုးတွေ မဟုတ်လို့ စိတ်ဝင်စားဖို့ ကောင်းတယ်၊ မုံရွာမြို့မှာ သန္ဓေတည်လာခဲ့တဲ့ စိတ်ကူးလေးက အခု ဒီခရီးမှာတော့ မွေးဖွားလာခဲ့တယ်...၊



တရုတ်ပညာရှိ၊ အမျိုးသားသူရဲကောင်း Lin Ze Xu ရဲ့ ရုပ်တုပါ၊ သူဟာ တရုတ်ပြည်ရဲ့ အကျိုးစီးပွားအတွက် အမြဲတမ်း မားမားမတ်မတ် ရပ်တည်ခဲ့တယ်၊ အထူးသဖြင့် ဗြိတိသျှတို့နဲ့ ဖြစ်တဲ့ စစ်ပွဲတွေမှာ သူ့ရဲ့ အကြံဥာဏ်တွေကို အများကြီး ယူခဲ့ရတယ်၊ ၁၈၃၉ ခုနှစ်မှာ Lin က ဗစ်တိုးရီးယား ဘုရင်မကြီးဆီကို ဘိန်းကုန်သွယ်မှုနဲ့ ပတ်သက်ပြီး ရပ်တန့်ဖို့ အကြံပေးတိုက်တွန်းတဲ့ စာအရှည်ကြီး တစ်စောင်ကို ရေးခဲ့ပေမယ့် ဘုရင်မကြီးဆီတော့ မရောက်ခဲ့ဘူးလို့ ဆိုတယ်၊ မြိန့်မြိန့်ကြီး ထိုင်နေတဲ့ တရုတ်သူရဲကောင်း ကြီးရယ်၊ သူ့အနောက်မှာ ဟန်ရေးပြနေတဲ့ ဂျပန်ဆူမို နပန်းသမား နှစ်ယောက်ရယ်ကို အခုလိုမြင်ရတော့ မနှစ်က အကြီးအကျယ်ဖြစ်သွားတဲ့ တရုတ်-ဂျပန် Diaoyu ကျွန်းစုတွေရဲ့ အကျပ်အတည်းကို သတိချင်စရာပါ...၊



ဟော်ပါးဗီလာထဲမှာ မြင်ရသမျှ အရုပ်တွေကတော့ တကယ့်ကို အရွယ်စုံ၊ အရောင်စုံပါပဲ၊ လူမှုရေး၊ ဘာသာရေး ရှုထောင့်တွေကနေ မကောင်းတာ မလုပ်ဖို့၊ လူကြီးမိဘ ဆရာသမားကို ရိုသေဖို့၊ ဘုရားတရားလုပ်ဖို့၊ စတဲ့ morality ပိုင်းဆိုင်ရာတွေ အပြင် အလှအနေနဲ့ လုပ်ထားခဲ့တယ်လို့ ယူဆရတဲ့ ကျေးငှက်၊ တိရိစ္ဆာန် အကောင်ပလောင်တွေကိုလည်း တွေ့ရတယ်၊ ဒီကိုမလာခင်မှာ ဟော်ပါးဗီလာနဲ့ ပတ်သက်တာတွေ ကျနော် နည်းနည်းပါးပါး လိုက်ဖတ်ကြည့်တော့ ကြိုက်တဲ့သူတွေရဲ့ အမြင်ရော၊ မကြိုက်တဲ့ သူတွေရဲ့ အမြင်ရော.. ဖတ်ရပါတယ်၊ လူတိရိစ္ဆာန်တွေရဲ့ ခန္ဓာဗေဒကို ကျွမ်းကျွမ်းကျင်ကျင် ထုဆစ်ထားတဲ့ ဂရိကျောက်ရုပ်တွေ၊ ရောမကျောက်ရုပ်တွေနဲ့ ယှဉ်ကြည့်သူတွေ အဖို့တော့ ကြိုက်မှာမဟုတ်ပါဘူး၊ ဒါပေမယ့် အရုပ်တွေက လက်ရာမသေသပ်ဘူး ဆိုသည့်တိုင် လူမှုပတ်ဝန်းကျင်ကို ထိန်းကျောင်းပြုပြင်ဖို့ သူ့ခေတ်၊ သူ့အခါက သူ့နည်း၊ သူ့ဟန်နဲ့ အားထုတ်ထားခဲ့တဲ့ စေတနာကိုတော့ အထင်းသား မြင်နိုင်ပါတယ်...၊



ကြည့်စရာတွေ များလွန်းလို့ ရတဲ့အချိန်လေးမှာ မြန်မြန်ဆန်ဆန် ကြည့်နေတုန်း မြန်မာဝန်ကြီး တစ်ပါးရဲ့ ရုပ်တုတစ်ခုကိုလည်း ဖြတ်သွားဖြတ်လာ တွေ့လိုက်ရတယ်၊ ဘယ်သူလဲ၊ ဘယ်လိုရည်ရွယ်ချက်နဲ့ လုပ်ထားတာလဲ ဆိုတာတော့ အချိန်မရလို့ သွားမကြည့် ဖြစ်ခဲ့ပါဘူး၊ အကယ်၍သာ အနီးကပ် သွားကြည့်ဖြစ်ခဲ့ရင် တရုတ်ရုပ်တုတွေ၊ တရုတ်အငွေ့အသက်တွေရဲ့ အလယ်မှာ တစ်ဦးတည်းရှိနေတဲ့ မြန်မာဝန်ကြီး ရုပ်တုက “ငါတို့က တရုတ်ကို ကြောက်ရတယ်ကွ၊ တချိန်တုန်းက တတိုင်းပြည်လုံး အကျပ်အတည်း ဖြစ်နေချိန်မှာ တရုတ်ကပဲ ငါတို့ကို အသက်ဆက်ပေးခဲ့တာ...” လို့များ ခပ်တိုးတိုးလေး ဆိုဦးမှာလား မသိ...၊



ခပ်လှမ်းလှမ်းမှာတော့ ကျားဘမ်းပရုတ်ဆီ ဗူးလေးတွေ ကမ်းပေးနေတဲ့ ကျားမောင်နှမတွေကို တွေ့ရတယ်၊ အပြန်လက်ဆောင် ဟောဒီ ပရုတ်ဆီဗူးလေးတွေ ဆောင်သွားပြီး တချို့ကိစ္စတွေမှာ နှာစေးချင် ယောင်ဆောင်နေလိုက်နော် လို့များ ပြောချင်လေသလားပဲ...၊း)


ညနေပိုင်းမှာတော့ ပင်နီဆူလာက စားသောက်ဆိုင်တွေဖက်ကို ရောက်ဖြစ်ခဲ့တယ်၊ အကြိမ်ပေါင်းများစွာ ပြောသံ ကြားဖူးနေတဲ့ စားသောက်ဆိုင်တွေကို ကိုယ်တိုင်ကိုယ်ကျ ရောက်သွားချိန်မှာ အံ့သြစိတ်နဲ့အတူ ကျနော် ဝမ်းသာမိပါတယ်၊ အံ့သြတာက ဆိုင်တွေအများကြီးကို တစ်ခုနဲ့တစ်ခု နီးနီးကပ်ကပ်၊ နွေးနွေးထွေးထွေး တွေ့လိုက်ရလို့ ဖြစ်ပြီးတော့ ဝမ်းသာတာကတော့ လေထဲမှာ သင်းပျံ့နေတဲ့ မြန်မာ အစားအသောက်တွေရဲ့ ရနံ့ကို ရလိုက်လို့ပါ၊ အဲဒီမှာ ကျနော့်ရဲ့ ကျောင်းနေဖက် သူငယ်ချင်း ထွန်းထွန်း၊ ကျနော် ဆုံတွေ့ချင်တဲ့ ကိုညိမ်းနိုင်၊ ပြီးတော့.. ကျနော့်စာတွေ ရံဖန်ရံခါ လာဖတ်တတ်တဲ့ ကိုဖုန်းလွင်တို့နဲ့ ဆုံဖြစ်တယ်၊ “အင်းလေး” စားသောက်ဆိုင်လေးထဲက အတွင်းဖက် စားပွဲလေးတစ်ခုမှာ ကျနော်တို့ အေးအေးလူလူ စားသောက်ရင်း စကားတွေ ပြောဖြစ်ကြတယ်၊ ကြည့်ပါဦး...၊ ကျနော့် ပတ်ဝန်းကျင်မှာ ကြားနေရသမျှ စကားသံတွေဟာ မြန်မာစကားသံတွေချည်းပဲ၊ လွန်ခဲ့တဲ့ ၂ ရက်လောက်ကအထိ လမ်းတွေပေါ်မှာ လျှောက်သွားရင်း ကြားရတဲ့ မြန်မာသံဆိုတာ ကျနော်ကိုယ်တိုင်ရဲ့ မြန်မာသီချင်း ညည်းသံလေး တစ်ခုပဲ ရှိခဲ့တာ မဟုတ်လား၊ အခုတော့ မြန်မာစာနဲ့ မြန်မာစကားနဲ့... ညနေခင်းက နွေးထွေးနေလိုက်တာ...၊

ထွန်းထွန်းက ကျနော့်ရဲ့ စင်္ကာပူ SIM card ကို ဝယ်ပြီးပို့ပေးလိုက်သူပါ၊ ကျနော်နဲ့ ခြင်္သေ့ကျွန်းကလေးက မိတ်ဆွေ သူငယ်ချင်းတွေရဲ့ အကြားမှာ ဆက်သွယ်မှုဧရိယာ ပြင်ပ မရောက်ခဲ့တာ သူ့ရဲ့ ကျေးဇူးလို့ပဲ ဆိုရမှာပါ၊ ထွန်းထွန်းရဲ့ဘေးမှာတော့ ကိုညိမ်းနိုင်...၊ သူ့ရဲ့ ဘလော့ဂ်မှာ တိမ်ဆုပ်၊ တိမ်ခဲတွေ တမေ့တမော မျောလွင့်နေကြတာ ကျနော် မကြာခဏ သွားပြီး ငေးကြည့်နေခဲ့ဖူးတယ်၊ အနုပညာ စီးဆင်းမှုကောင်းသူမို့ ကိုညိမ်းရဲ့ စာတွေကို ကျနော်ဖတ်ဖြစ်ပါတယ်၊ မျောလွင့်တိမ်တို့ရဲ့ နားခိုရာက လောလောဆယ်မှာတော့ အင်းလေးစားသောက်ဆိုင်ထဲက စားပွဲကလေးမှာ...၊ စကားကို လိုသလောက်ပဲ ပြောတဲ့ ကိုညိမ်းကို ကြည့်ရတာ လေငြိမ်တဲ့ နေ့လယ်ခင်းတစ်ခုမှာ တိမ်စိုင်မျှင်မျှင်လေး တစ်စကို ကြည့်နေရသလိုပါပဲ၊ ပေါ့ပေါ့ပါးပါး အားထုတ်မှုနဲ့ ရွေ့မှန်းမသိ ရွေ့နေတာမျိုး...၊ အဲဒီညနေမှ တွေ့ရပေမယ့် စကားပြောကောင်းတဲ့ ကိုဖုန်းလွင်ကလည်း ခင်မင်စရာ ကောင်းလှတယ်၊ ကိုဖုန်းလွင်က စင်္ကာပူမှာ နေတာကြာပေမယ့် မြန်မာပြည်မှာ အတူစားသောက်ကြရင် လုပ်လေ့ရှိတဲ့ ဓလေ့ကလေးကိုတော့ မမေ့မလျော့နဲ့...၊ ဝိုင်းထဲက လူတွေ ဘယ်သူမှ မသိရအောင် တိတ်တိတ်ကလေး ကောင်တာမှာ ငွေရှင်းသွားခဲ့တယ်၊

အဲဒီ ညနေခင်းမှာပဲ အံ့သြစရာ ဆုံတွေ့မှုလေး နှစ်ခုလည်း ကြုံခဲ့ရတယ်၊ ဂျာရစ်၊ ဂျာရစ်နဲ့ သူ့ကိုယ်သူ ရေးတတ်တဲ့ ညီမငယ်မဒမ်ကိုးနဲ့ တွေ့ဖြစ်တယ်၊ ကျနော် သတိထားပြီး ကြည့်မိသလောက် ဂျာရစ်လည်း မတွေ့သလို ရောင်ပေစူးလည်း မတွေ့မိပါဘူး၊ ဇဝနဥာဏ် အပြည့်နဲ့ စာရေးတတ်တဲ့ ညီမငယ်မဒမ်ကိုးက သူ့စာတွေအတိုင်းကို ဖော်ရွေနွေးထွေး လှတယ်၊ နောက်ထပ် ဆုံတွေ့ရမှုက ကျနော့်ကို ပိုလို့တောင် အံ့သြရစေပါတယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ ဒီကျွန်းကလေးမှာ တွေ့ဖို့ ဖြစ်နိုင်ခြေ အနည်းဆုံးလို့ ကျနော် ယူဆထားမိတဲ့ အစ်မခင်ဦးမေနဲ့ ဆုံဖြစ်လို့ပါ၊ စာတွေအရေးနိုင်ဆုံး၊ လူသိအများဆုံး၊ ဓါတ်ပုံတွေ အရိုက်နိုင်ဆုံး ဘလော့ဂါအစ်မ တစ်ယောက်က ခင်ခင်မင်မင် ဝင်နှုတ်ဆက်တာ ကြုံရတော့ စားလက်စ ငါးရှဥ့်ခြောက်စပ်ကြော်တောင် ငရုတ်သီး အရသာပျောက်ပြီး ပေါ့ရွှတ်ရွှတ် ဖြစ်သွားသလို ပါပဲ၊ အအေးတစ်ခွက်ကို ပေါ့ပေါ့ပါးပါး သောက်ရင်း အစ်မခင်ဦးမေက ဘလော့ဂ်အကြောင်း၊ ဓါတ်ပုံတွေအကြောင်း ပြောပြခဲ့တယ်၊ ကျနော့်ရဲ့ အင်းလေးစားသောက်ဆိုင် ညနေခင်းဟာ နေဝင်ချိန် ပန်းချီကား တစ်ချပ်လို့ဆိုရင် ဘလောဂ့်ရေးဖော် ညီမငယ်နဲ့ အစ်မကို ဆုံတွေ့လိုက်ရတာက မတော်တဆ ဖိတ်ကျသွားတဲ့ ဆေးစက်လေး ၂ စက်ကနေ ပြန်ပြင်ဆွဲလိုက်တဲ့ အိပ်တန်းပြန် ငှက်ကလေး ၂ ကောင်ပါပဲ၊ မရည်ရွယ်ခဲ့ပေမယ့် ပန်းချီကားက ပိုပြီးပြည့်စုံဖို့ ဖြစ်သွားခဲ့တယ်...၊



နောက်တော့ နာမည်ကြီး အောချတ်ကို ကျနော်ရောက်သွားတယ်၊ ဒါပေမယ့် ကျနော်ရောက်သွားချိန်က နောက်ကျလွန်းနေလို့ ဆိုင်တွေသိမ်းပြီး လူသွားလူလာလည်း သိပ်မရှိတော့ဘူး၊ အဖြစ်က ဘာနဲ့တူသလဲ ဆိုတော့... ရွာတစ်ရွာက အချောအလှ ဂုဏ်သတင်း ကြီးလှတဲ့ ကွမ်းတောင်ကိုင် လုံမပျိုလေးကို ကြည့်ဖို့ဆိုပြီး ဧည့်သည်က ရောက်တော့လာပါရဲ့၊ ဒါပေမယ့် သူရောက်ချိန်က ပျိုမေတစ်သင်း ရေခပ်ဆင်းချိန်လည်း မဟုတ်၊ နွားရိုင်းသွင်းချိန်လည်း မဟုတ်၊ ညီအစ်ကိုမသိတသိ အချိန်လည်း မဟုတ်၊ သူငယ်အိပ်ချိန်လည်း မဟုတ်သလို သက်ကြီးခေါင်းချချိန် ကိုတောင်မှ အတော်လေးကျော်ပြီး ဖြစ်နေလို့ ရွာလယ်လမ်းမှာ ခွေးတစ်ကောင်၊ ကြောင်တစ်မြီးမှ မရှိတော့ဘဲ ကာလသား တစ်သိုက်နဲ့ပဲ တိုးရသလိုမျိုး...၊း)ဘာပဲဖြစ်ဖြစ် အော့ချတ်ရဲ့ မိတ်ကပ်ပြယ်သွားတဲ့ အလှကိုပဲ အမှတ်တရ ဓါတ်ပုံလေးတစ်ပုံ ကျနော် ရိုက်ဖြစ်ခဲ့ပါတယ်၊ ကိုယ် ထပ်လာခဲ့ဦးမယ် အောချတ်...။ ။

(ခင်မင်ဖော်ရွေလှတဲ့ အာဂန္တု ကျွန်းသူ၊ ကျွန်းသားတချို့ကို ကျနော်နဲ့အတူ အပိုင်း ၃ မှာ လိုက်တွေ့ပါဦး...နော)


ညီလင်းသစ်
၁၉ မတ်၊ ၂၀၁၃

14 March 2013

ကျွန်းကလေးရဲ့ ရင်ခွင်မှာ


အကြိမ်ပေါင်းများစွာ တွက်ချက်စဉ်းစားလိုက်၊ စိတ်ကူးထဲမှာ ပုံဖော်ကြည့်လိုက်၊ လိုအပ်တဲ့ အချက်အလက်တွေ ရှာလိုက်၊ ချိန်ထားပြီးကာမှ ပြန်ပျက်သွားလိုက်၊ အားတက်လိုက်၊ အားလျော့လိုက်နဲ့.. အဲဒီလို အဖြစ်အပျက်တွေ အပြီး နောက်ဆုံးမှာတော့ ခြင်္သေ့ကျွန်းကလေးကို ကျနော် တကယ်ပဲ ရောက်သွားခဲ့တော့တယ်၊ တကယ်တမ်း သွားတဲ့နေ့အထိ ကျနော့်မှာ စိတ်ချလက်ချ မဖြစ်သေးဘူး၊ အနီးကပ်မှ အလုပ်ကိစ္စတစ်ခုခုများ ပေါ်လာမလား၊ မဖြစ်မနေ ဖျက်လိုက်ရမယ့် ကျန်းမာရေး ကိစ္စတစ်ခုများ ကြုံရဦးမှာလား၊ စတဲ့အတွေးတွေနဲ့...၊ ဒါနဲ့ သေချာအောင် မသွားခင် ၂ ပတ်အလိုမှာ ပုံမှန်လုပ်နေကျ အားကစား လှုပ်ရှားမှုတွေ အားလုံးကို ကျနော်ရပ်လိုက်တယ်၊ တစုံတခု ခြေချော်လက်ချော် ဖြစ်သွားရင် ရလဒ်က ခရီးစဉ်ကို ဖျက်လိုက်ဖို့ပဲ မဟုတ်လား၊ လဲရမှာ မတန်ပါဘူး၊ ဒီလိုနဲ့ အသွားအလာ၊ အစားအသောက်ကအစ အားလုံးကို လိမ်လိမ်မာမာနဲ့ ဂရုစိုက် ပြင်ဆင်ခဲ့ပြီးတဲ့ နောက်မှာ D-day ဟာ တကယ့်ကိုပဲ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့တော့တယ်..၊


လေဆိပ်ကို ကျနော်ရောက်တော့ တစ်ယောက်စ၊ နှစ်ယောက်စက လွဲလို့ ထွက်ခွာခန်းမထဲမှာ ဘယ်သူမှ မရှိသေးဘူး၊ ၅ နှစ်လောက် စောင့်ခဲ့ရတဲ့ ခရီးကို သွားမယ့်လူအဖို့ သိပ်များ စိတ်စောနေမိတာလား၊ ခရီးစဉ်က ဂျီနီဗာကနေ ဂျာမနီနိုင်ငံ ဖရန့်ဖတ်၊ အဲဒီကမှ စင်္ကာပူကိုပါ၊ တိုက်ရိုက်လေကြောင်းဖြစ်တဲ့ စင်္ကာပူအဲလိုင်း ဈေးချနေတဲ့ အချိန်တုန်းက ကျနော်က ခရီးစဉ်အတွက် ယတိပြတ် မဆုံးဖြတ်ရသေးတာနဲ့ မဝယ်ဖြစ်လိုက်ဘူး၊ အဲဒါကြောင့် လေယာဉ်ခရီးက နည်းနည်းလေး ပိုရှည်သွားတယ်၊ အကြာကြီး စောင့်ခဲ့ရပြီးမှ ၃ နာရီလောက် ပိုစောင့်ရလည်း သိပ်တော့မထူးပါဘူးလေ..၊


ဒီတခါလည်း Airbus A-380 နဲ့ ထပ်ဆုံရပြန်တယ်၊ ဒါပေမယ့် Lufthansa လေကြောင်းလိုင်းပိုင် A-380 က စင်္ကာပူလေကြောင်းပိုင် A-380 နဲ့ယှဉ်ရင် အရည်အသွေးပိုင်းမှာ မဆိုစလောက် နိမ့်တာတွေ့ရတယ်၊ ဥပမာ-ထိုင်ခုံအောက်ခြေမှာ ခြေထောက်တင်စရာ တန်းမပါတာ၊ တီဗီ LCD က အလင်းပြန်တဲ့ စနစ်ကို သေချာထိန်းချုပ်မထားလို့ ကိုယ့်ဘေးက ခရီးသည်ကြည့်နေတဲ့ ရုပ်ရှင်ကားရဲ့ အလင်းတွေက ကိုယ့်မျက်နှာပေါ်မှာ လာကျနေတာ၊ ဂိမ်းကစားချင်တဲ့ သူတွေအတွက် joystick ထားမပေးတာ.. အစရှိသဖြင့်ပါ၊ ဝန်ဆောင်မှုအပိုင်းမှာလည်း ကွာပါတယ်၊ စင်္ကာပူလေကြောင်းမှာ အစားအသောက်က menu ၂ ခုနဲ့ ကြိုက်ရာကို ရွေးခွင့်ပေးထားတယ်၊ ခရီးသည်တိုင်းကို လေယာဉ်ပေါ်မှာ ဝတ်ဖို့ခြေစွပ်၊ မနက်မှာ မျက်နှာသစ်ဖို့ သွားပွတ်တံ၊ သွားတိုက်ဆေး၊ ဘီး စတာတွေလည်း ပေးလေ့ရှိတယ်၊ နောက်ဆုံးကတော့ လေယာဉ်မယ်လေးတွေရဲ့ အပြုံးပါ..၊ ပထမနှစ်ခုဖြစ်တဲ့ လေယာဉ်ပိုင်းဆိုင်ရာ အားနည်းတာ၊ အစားအသောက်တွေ မစုံတာက ကုမ္ပဏီနဲ့ ဆိုင်တယ်လို့ ပြောလို့ရပေမယ့် ခရီးသည်ကို အပြုံးလေးတစ်ပွင့် ပေး၊ မပေးကတော့ လေယာဉ်မယ် တစ်ဦးချင်းစီနဲ့ပဲ သက်ဆိုင်ပါတယ်၊ ကျနော်စီးခဲ့ဖူးတဲ့ စင်္ကာပူလေကြောင်းက ဝန်ထမ်းတွေအားလုံး ပြုံးရွှင်၊ ဖော်ရွေ ကြပါတယ်၊ အဲဒီလို အချက်တွေကြောင့်များ စင်္ကာပူလေကြောင်းက ဈေးပိုကြီးတာ ဖြစ်မလားပဲ၊ ဒါတွေက သွားရင်းနဲ့ အမှတ်ထားမိတာလေးတွေကို ရေးတဲ့ သဘောပါပဲ၊ ကျနော့်အတွက်တော့ ဘာမှ အရေးမကြီးပါဘူး၊ ပြီးတော့ သွားနေတာကလည်း ချစ်ခင်ရသူတွေရဲ့ အပြုံးတွေ တစ်တောလုံးပွင့်တဲ့ဆီ သွားနေမှတော့ လေယာဉ်ပေါ်မှာ အပြုံးလေး တစ်ပွင့်နှစ်ပွင့်လောက် ညှိုးနေတာကို စာမဖွဲ့လောက်တော့ဘူး မဟုတ်လား...၊း)


ခြင်္သေ့ကျွန်းကလေးက ကျနော့်ကို ကြိုဆိုဖို့ ပူနွေးတဲ့ နေရောင်ခြည်တန်းတွေနဲ့ ကောင်းကင်ပြာကို ပြင်ဆင်ထားခဲ့တယ်၊ လေဆိပ်ထဲကို လျှောက်ဝင်လာချိန်မှာ ဒီတစ်ခါတော့ ၂ နာရီလောက် နားပြီး ဆက်ထွက်ရမှာ မဟုတ်တော့ဘူးဆိုတဲ့ အသိက ကျနော့် တစ်ကိုယ်လုံးက သွေးတွေကို ပူနွေးစေခဲ့တယ်၊ ၁၁ နာရီခရီးကို သက်သောင့်သက်သာနဲ့ ခေါ်လာပေးခဲ့တဲ့ လေယာဉ်ကြီးကို နောက်ဆုံးနှုတ်ဆက်ရင်း အသေချာဆုံး ခြေလှမ်းတွေနဲ့ ဝင်လာခဲ့တော့တယ်၊ ချန်ဂီရေ..၊ ကိုယ်ရောက်လာခဲ့ပြီ၊ မင်းရဲ့ တံခါးတွေကို အကျယ်ကြီးသာ ဖွင့်လိုက်ပါတော့...၊

လေယာဉ်က စင်္ကာပူကို ချဉ်းကပ်လာတော့ အင်မီဂရေးရှင်းအတွက် ဖြည့်ရမယ့် ကဒ်လေးတွေ လိုက်ဝေပါတယ်၊ အဲဒီကဒ်လေးနဲ့အတူ လက်ဝတ်ရတနာ၊ ငွေသားပမာဏ၊ တားမြစ်ကုန်ပစ္စည်း... စတဲ့ အကောက်ခွန်ဆိုင်ရာ အချက်အလက်တွေကို ရှင်းပြထားတဲ့ စာရွက်ခေါက်လေး တစ်ခုလည်းပါတယ်၊ အဲဒီမှာ မူးယစ်ဆေးဝါးဆို သေဒဏ်၊ ချွင်းဂန်းဆို တင်သွင်းခွင့် မရှိဘူး စတာတွေဖတ်နေရင်းနဲ့ တစ်နေရာမှာ ဆေးရွက်ကြီးနဲ့ ပတ်သက်တာတွေ အားလုံးကို အကောက်ခွန် ကြေညာရမယ်လို့ သွားတွေ့တယ်၊ စီးကရက်ပါ အပါအဝင်တဲ့၊ ကြေညာဖို့ ပျက်ကွက်တာဟာ ဥပဒေကို စော်ကားတာဖြစ်ပြီး ဒဏ်ငွေတစ်သောင်း၊ သို့မဟုတ် ထောင်ဒဏ် ချမှတ်နိုင်သည်-တဲ့၊ ကျနော် မျက်လုံးပြူးသွားတယ်၊ ကျနော့်ရဲ့ အိတ်ထဲမှာ ဆေးပြင်းလိပ် အလိပ် ၂၀ ပါတဲ့ ဗူးကလေးတစ်ခု ပါတာကိုး၊ စင်္ကာပူမှာ နေတဲ့ သူငယ်ချင်းကို ကျနော်က ဘာယူလာပေးရမလဲ-လို့ မလာခင်မှာမေးတော့ သူက အဲဒီဆေးပြင်းလိပ်တွေ လိုချင်ပါသတဲ့၊ တစ်ခါတုန်းကလည်း မြန်မာပြည်အပြန်မှာ ကျနော်ကသူ့ကို အဲဒီလို ဆေးပြင်းလိပ်တွေ လက်ဆောင်ယူလာပေးဖူးလို့ သူ ကြိုက်နှစ်သက်တဲ့အကြောင်း ပြောပြတယ်၊ သူ ပြောလို့သာပါ၊ ကျနော်ကတော့ သိပ်မမှတ်မိတော့ဘူး၊ ပြီးတော့ ဆွစ်ဇာလန်က လာမယ့်လူကို ဆေးပြင်းလိပ်မှာနေတဲ့ သူငယ်ချင်းကိုလည်း သဘောကျသွားတယ်၊ ကျနော်လာတဲ့ နေရာက ကျူးဘားသာဆိုရင် သူ ဆေးရွက်ကြီး တစ်ခင်းလုံးများ မှာမလားပဲ၊ စာရွက်ခေါက်ကလေးကို ကြည့်ရင်း ကျနော် အပြင်းအထန် စဉ်းစားနေရတယ်၊ လေယာဉ်က ဘီးတောင် မချရသေးဘူး၊ ဆေးလိပ်ဗူးလေး တစ်ဗူးအတွက် ဒဏ်ငွေတစ်သောင်းတောင် ချနိုင်သတဲ့၊ သေချာပြီ၊ ဒါ စင်္ကာပူပဲ၊ Welcome to the fine city...! ဘာလုပ်ရမလဲ၊ ခပ်တည်တည်နဲ့ green channel ထဲက ဖြတ်လျှောက်သွားမလား၊ ဒါဆို အကယ်၍များ အိတ်ဖွင့်ခိုင်းလို့ တွေ့သွားရင် ဘယ်လိုလုပ်မလဲ၊ ဒဏ်ငွေတစ်သောင်းကတော့ ဘယ်လိုမှ မပေးနိုင်ပါဘူး၊ အင်မီဂရေးရှင်းမှာ တန်းစီနေတဲ့အထိ ကျနော့်စိတ်ထဲမှာ ချီတုံချတုံနဲ့..၊ ဆေးပြင်းလိပ်မှာတဲ့ သူငယ်ချင်းကိုလည်း စိတ်ထဲကနေ ̔သိပ်ချစ်ဖို့ ကောင်းတဲ့ကောင်̕ လို့ တိုးတိုးလေး ပြောနေမိသေးတယ်၊ နောက်ဆုံးတော့ red channel ကနေပဲ ဖြတ်ပြီး declare လုပ်လိုက်မယ်လို့ ဆုံးဖြတ်လိုက်တယ်၊ ဒါပေမယ့် red channel ကိုအသွားမှာ ရပ်နေတဲ့ ဝန်ထမ်းတစ်ယောက်ကို တွေ့လို့ မေးကြည့်ဦးမယ်လေ ဆိုပြီး ကျနော့်မှာ ဆေးပြင်းလိပ် တစ်ဗူးပါတယ်ဗျာ-လို့ပဲ ပြောရသေးတယ် သူက အသေးလေး မဟုတ်လားလို့ ပြန်မေးပြီး..အသေးလေးဆိုရင် ဘာမှမလိုဘူး၊ ဒီ green channel ကနေပဲ ဝင်သွားလိုက် ဆိုတာနဲ့.. နောက်ဆုံးတော့ ဘာမှမပြရဘဲ ထွက်လာနိုင်ခဲ့တယ်၊ အင်း..fine city မှာ fair ဖြစ်တဲ့လူတွေလည်း ရှိရဦးမှာပေါ့လေ...၊း)


ပင်နီဆူလာကနေ ၅ မိနစ်ပဲ လမ်းလျှောက်ရတဲ့ ဟိုတယ်လေးမှာ ကျနော်တည်းခဲ့တယ်၊ မလာခင်မှာ ဟိုတယ်တွေ လိုက်ရှာတော့ လေဆိပ်ကနေလာတဲ့ အစိမ်းရောင်လိုင်း တစ်လျှောက်မှာ ရှိတဲ့ဟိုတယ်တွေကို ဦးစားပေးပြီး ရှာကြည့်ပါတယ်၊ ဒီဟိုတယ်လေးကတော့ တည်နေရာကလည်း အချက်အချာကျ၊ ဈေးနှုန်းလည်း သင့်တင့်၊ ဝန်ထမ်းတွေကလည်း ဖော်ရွေလို့ အဆင်ပြေတယ်လို့ ဆိုရမယ်၊ ကျနော်ရောက်တဲ့ ညနေမှာ နည်းနည်းရယ်စရာကောင်းတဲ့ အဖြစ်လေးတစ်ခုလည်း ဖြစ်သွားသေးတယ်၊ တယ်လီဖုန်းနဲ့ ပတ်သက်ပြီးတော့ပါ၊ သူငယ်ချင်းက နိုဝင်ဘာကတည်းက ပို့ပေးထားတဲ့ စင်္ကာပူ SIM ကဒ်ကို မလာခင် ၂ ရက်အလိုမှာ တယ်လီဖုန်းထဲကို ကျနော်ထည့်လိုက်တယ်၊ အကယ်၍များ ကဒ်က အလုပ်မလုပ်ရင် နောက်တစ်ကဒ်ကို အချိန်မီ ဝယ်နိုင်အောင်ပါ၊ activate လုပ်တယ်၊ roaming နဲ့ဆိုတော့ ဒီက ဖုန်းကုမ္ပဏီတစ်ခုရဲ့ လိုင်းမှာမိတယ်၊ အားလုံးအိုကေ..၊ ဒါပေမယ့် စင်္ကာပူလည်း ရောက်ရော.. ကဒ်က သူ့ရဲ့ မူလကုမ္ပဏီဖြစ်တဲ့ M1 ကို မမှတ်မိတော့ဘူး၊ ရုပ်ရှင်တွေထဲမှာ ပြလေ့ရှိတဲ့ မွေးစားသားက ကြီးမှ ပြန်တွေ့ရတဲ့ မိဘအရင်းကို မမှတ်မိတော့ သလိုမျိုး...၊ ကျနော့်ကို ဘယ်လိုမှ ဖုန်းဆက်မရလို့ သူငယ်ချင်းတချို့ အဲဒီညနေမှာ စိတ်တွေပူပြီး၊ အလုပ်တွေ ရှုပ်သွားကြသေးတယ်...၊


ညနေခင်းမှာတော့ Makansutra gluttons bay မှာ ညစာသွားစားဖြစ်တယ်၊ ကျွန်းကလေးပေါ်မှာ စားတဲ့ ပထမဦးဆုံး ညစာက အီကွေတာလေလေး တဖြူးဖြူးမှာ အေးမြလတ်ဆတ် နေခဲ့တယ်..၊ စားပွဲတိုင်း၊ စားပွဲတိုင်းမှာ လူတွေအပြည့်နဲ့ ခြင်္သေ့ကျွန်းရဲ့ ညဟာ အိပ်ရာဝင်ဖို့ ဝန်လေးတဲ့ ကလေးတစ်ယောက်လိုပါပဲ...၊


ကျနော့်ရှေ့က ကြက်တောင်ပံကင်တွေကို ကြည့်ရင်း ရင်ဂိုရဲ့ သီချင်းလေးတောင် နားထဲမှာ ကြားလိုက်မိသလို...၊ ♫♫ အတောင်ပံပါရင်... မင်းဆီကို ♪♪♫ အတောင်ပံတွေ မရှိပေမယ့် မင်းဆီကို တကယ်ပဲ ရောက်လာခဲ့ပြီ ကျွန်းကလေးရေ...၊


ချစ်ကောင်းကတော့ ̔သတ်ပုံမှားတဲ့ည̕ တဲ့၊ အဲဒီညကတော့ ကန်စွန်းရွက်ကြော်နဲ့ ပဲညွန့်ကြော်နဲ့ မှားတဲ့ညပါပဲ၊ သတ်ပုံတင်မကဘဲ အသံထွက်ကော၊ အရသာပါ မှားတာ...၊ ဒါပေမယ့်လည်း စားကောင်းပါတယ်၊ စင်္ကာပူမှာ အစားအသောက်တွေ အမျိုးစုံအောင်ရသလို ဈေးလည်း အတော့်ကို သက်သာတယ်လို့ ကျနော်မြင်ပါတယ်၊ စင်္ကာပိုးရီးယန်းတွေက ဟင်းတွေမချက်တော့ဘဲ အပြင်မှာပဲ ဝယ်စားကြတယ်လို့ ကျနော့်ကို ပြောကြတဲ့အခါ မအံ့သြမိတော့ဘူး၊


စားသောက်ဆိုင်တန်းလေးတွေ နားမှာပဲ လမ်းဘေးဖျော်ဖြေပွဲလေးတွေလည်း တွေ့ခဲ့တယ်၊ ကျနော်နေတဲ့ အရပ်မှာတော့ ဆောင်းတွင်းလည်း ဖြစ်တဲ့အလျောက် ညပိုင်းဆို အသွားအလာကျဲပေမယ့် ဒီမှာတော့ လူတွေဟာ အိပ်ဖို့ကို မေ့နေတဲ့အလား နေရာတိုင်းမှာ အပြည့်ပဲ၊ လမ်းဘေး ရုပ်သေးစင်လေးမှာလည်း အမှတ်တရ ဓါတ်ပုံရိုက်သွားချင်တဲ့ သူ့ပရိတ်သတ်ကတော့ ရှိနေတာပါပဲ၊ ရုပ်သေးဆိုတော့ ဖုန်းသေးသေးနဲ့ ရိုက်မယ်..၊း)


အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ဓါတ်ပုံအရိုက်ခံဖူးနေတဲ့ ဟိုတယ်ကြီးကတော့ ထရိုင်ပေါ့ သယ်မလာမိတဲ့ ကျနော့်အရှေ့မှာ စိတ်ကြီးဝင်နေတဲ့အလား...၊ ဘယ်လိုပဲဖြစ်ဖြစ် လက်တန်းတစ်ပုံတော့ ကျနော်ရိုက်လိုက်ပါတယ်၊ နောက်မှ တစ်ရက်သပ်သပ် မလာခင်မှာ မိတ်ဆက် ဆိုပါတော့..၊ ကောင်းကင်ကို မော့ကြည့်တော့ လကလေး တစ်စင်းကို ခပ်မှိန်မှိန်လေး တွေ့မိတယ်၊ ̔အလင်းညစ်ညမ်းမှု̕ light pollution တွေများတဲ့ စင်္ကာပူလို နိုင်ငံပေါ်မှာတောင် အဲဒီညက ကြယ်ကလေးတွေ တစ်ပွင့်စ၊ နှစ်ပွင့်စ မဝံ့မရဲနဲ့ မှိတ်တုတ်၊ မှိတ်တုတ် လင်းနေခဲ့တယ်..၊


Clarke quay ဖက်ကိုရောက်တော့ ရုတ်တရက် ဥရောပကို ပြန်ရောက်သွားသလို...၊ Acoustic ရော၊ band နဲ့ရော ဖျော်ဖြေကြတဲ့ စားသောက်ဆိုင်တွေ၊ ဘားတွေ အများကြီးကို တွေ့ရလို့ ကျနော် အံ့အားသင့်နေမိတယ်၊ ခြင်္သေ့ကျွန်းကလေးမှာ ပြင်သစ် စကားပြောတဲ့ အသိုင်းအဝိုင်းက အတော်လေးများ ကြီးမလား မသိဘူး၊ ပြင်သစ်စကားသံတွေ နေရာတော်တော်များများမှာ ကြားနေရတယ်..၊

အဲဒီညက လမ်းတွေပေါ်မှာ တဝကြီး လျှောက်ကြည့်ဖြစ်တယ်၊ သွားရင်းလာရင်း ခဏချင်းမှာ ကျနော်သတိထားမိတာက ခြင်္သေ့ကျွန်းကလေးရဲ့ လုံခြုံစိတ်ချရမှုပါ၊ ည ၁၂ နာရီ၊ ၁ နာရီမှာလည်း မိန်းကလေးတွေ တစ်ယောက်ထဲ သွားနေတာ တွေ့ရတယ်၊ ဘယ်သူကမှ နှောင့်ယှက်ချင်တဲ့ အရိပ်အယောင်မျိုး မပြကြဘူး၊ အားလုံးက လွတ်လွတ်လပ်လပ်နဲ့ ပေါ့ပေါ့ပါးပါး..၊ မြို့စွန်ဖက်ကျတဲ့ နေရာတချို့မှာ ရန်ဖြစ်တာ၊ လုယက်တာမျိုးတွေ ရှိကောင်းရှိမှာပါ၊ ဒါတွေက အလုံးစုံကင်းစင်ဖို့ဆိုတာ ဖြစ်မှ မဖြစ်နိုင်ဘဲကိုး၊ ဒါပေမယ့် မြို့ကြီး အတော်များများနဲ့ ယှဉ်ရင် နည်းလိမ့်မယ်လို့ ထင်ပါတယ်၊ ဟိုတယ်ကို ပြန်ရောက်တော့ နောက်တစ်ရက်ထဲတောင် စွန်းစ ပြုနေခဲ့ပြီ၊ အိမ်က ထွက်လာချိန်ကနေ ကျွန်းကလေးကို ရောက်တဲ့အထိ အချိန်စုစုပေါင်း ၁၇ နာရီလောက် ကြာပါတယ်၊ ဒါပေမယ့် ပင်ပန်းနွမ်းနယ်မှုကို ကျနော် မခံစားရဘူး၊ ငါတကယ်ပဲ ရောက်နေတာမှ ဟုတ်ရဲ့လားလို့ မကြာခဏ တွေးနေရင်းနဲ့ပဲ ကျွန်းကလေးရဲ့ ရင်ခွင်မှာ ပထမဦးဆုံး အိပ်ရာဝင်ခဲ့တယ်...။ ။

(အပိုင်း ၂ ကို ကျနော်နဲ့ ဆက်လိုက်ခဲ့ပါဦး..နော၊ သိပ်ဝေးဝေးသွားစရာ မလိုပါဘူး၊ ကျွန်းကလေးက သေးသေးလေးပါ...)း)


ညီလင်းသစ်
၁၄ မတ်၊ ၂၀၁၃