25 June 2013

သူ ချစ်ပုံက...


ကျနော့်မှာ သူငယ်ချင်းတစ်ယောက် ရှိတယ်၊ သူနဲ့ကျနော်က ငယ်ငယ်ကတည်းက ဆော့ကစားရင်း သိခဲ့ကြတဲ့ သူငယ်ချင်းတွေ မဟုတ်သလို အထက်တန်းကျောင်းမှာ၊ တက္ကသိုလ်မှာ သိခဲ့ကြသူတွေလည်း မဟုတ်ပါဘူး၊ ကျောင်းတွေကိုယ်စီပြီးလို့ လုပ်ငန်းခွင် အတွက် ပြင်ဆင်တဲ့ သင်တန်းတွေတက်ရင်းမှ သိခဲ့ကြတာ...၊ သူက ကျနော့်ထက် လေးငါးနှစ်လောက် အသက်ပိုကြီးတယ်၊ ဒါပေမယ့် စတွေ့ပြီး နာရီပိုင်းလောက်မှာပဲ သူက ̔နှုတ်မကျိုးသွားခင် မင်းနဲ့ငါလို့ပဲ သုံးရအောင်ကွာ̕ ဆိုပြီး တရင်းတနှီး ပြောလာတယ်၊ အသက်တွေကလည်း မငယ်တော့ဘူးဆိုတော့ ကျနော်တို့ အားလုံးကအချင်းချင်း ခင်ဗျားတွေ၊ ကျနော်တွေ လုပ်နေကြတာကိုး..၊ အဲဒီလို ပြောပြီးတာနဲ့ သူကကျနော့်ကို ဟိုးငယ်ငယ်လေးကတည်းက အတူကစားပြီး ကြီးလာခဲ့သူ တစ်ယောက်လို မင်းနဲ့ငါနဲ့ တရင်းတနှီး ပြောတော့တာပဲ၊ သူက ၅ နှစ်လောက် အသက်ပိုကြီးတာကို သိလို့ ကျနော့်မှာသာ သူ့ကို မင်းတွေ၊ ငါတွေ လုပ်ဖို့ အစပိုင်းမှာ အတော်ခက်လိုက်သေးတယ်၊

ပြောချင်တာက ကျနော့်သူငယ်ချင်းက အင်မတန် ဖော်ရွေတယ်၊ စကားပြောတာလည်း ပွင့်လင်းတယ်၊ ဇာတိက မြင်းခြံသား၊ ၆ ပေ လောက်ရှိတဲ့ သူ့အရပ်နဲ့ လိုက်အောင်ပဲ စကားသံကလည်း ကျယ်ကျယ်လောင်လောင်နဲ့...၊ လူတစ်ယောက်ယောက်နဲ့ ခွန်းကြီးခွန်းငယ် စကားပြောရပြီ ဆိုရင် သူ့မှာ ချက်နဲ့လက်နဲ့ ပြန်ပြောစရာ စကားလုံးက အမြဲရှိတယ်၊ တစ်ဖက်သားရဲ့ ထောက်ကွက်မှာ ကြောင်အ,ပြီး ဘာပြန်ပြောရမှန်း မသိတာမျိုး ဘယ်တုန်းကမှ ကျနော် မတွေ့ဖူးခဲ့ဘူး၊ စကားစစ်ထိုးရုံတင်ပဲလား ဆိုတော့ မဟုတ်သေးဘူး၊ လက်ပါပြီး ထိုးကြ၊ ကြိတ်ကြမယ်ဆိုလည်း သူကဖြစ်တယ်၊ တဖက်သားက အပြန်အလှန် စကားပြောတတ်သူ မဟုတ်ဘဲ ထိုးမယ်၊ နှက်မယ် တကဲကဲဆိုတဲ့ လူစားမျိုး ဆိုရင် သူကလည်း ဘယ်တော့မှ လက်မနှေးဘူး၊ ဒါပေမယ့် ကျနော့် သူငယ်ချင်းက လူမိုက်တော့ မဟုတ်ဘူး၊ လူတကာကို လိုက်ပြီး စော်ကား၊ ရန်လိုနေသူလည်း မဟုတ်ဘူး၊ သူ့အရှေ့မှာ မတရားလုပ်နေတာ၊ မမှန်မကန် ဖြစ်နေတာတွေ တွေ့ရင်သာ သူက မနေနိုင်မထိုင်နိုင် ဝင်ဝင်ပါမိတတ်တာ...၊ သူ့ရဲ့ မဟုတ်မခံ စိတ်ဓါတ်ကို ကျနော် သဘောကျတယ်၊ ငါ ကူညီလိုက်ရမလား၊ ဝင်ပြီး ရှင်းပေးလိုက်ရမလားလို့ စဉ်းစားနေစရာ မလိုဘဲ မွေးရာပါအသိနဲ့ စက္ကန့်မဆိုင်း ဝင်ကူညီတတ်တဲ့ အမှန်တရား ချစ်စိတ်ကို ကျနော် လေးစားတယ်၊ အဲ... ဘေးထွက်အကျိုးဆက်ကတော့ ရန်ပွဲတွေ မကြာခဏ ကြုံရတာပါပဲ၊ သူ ဘယ်လိုမှ သည်းမခံနိုင်တဲ့ လူတန်းစား တစ်ရပ်ရှိတယ်၊ ကားစပယ်ယာ...၊

ကားခတွေ ပိုတောင်းတာ၊ ပိုက်ဆံကို ပြန်မအမ်းဘဲ ရူးချင်ယောင်ဆောင်နေတာ၊ ခရီးသည်တွေကို တွန်းတင်၊ ဆွဲချတာ၊ ခရီးသည်တွေအပေါ် တစ်သက်စာ ကျေးဇူးပြုထားသူတွေလို မျက်နှာပေါက်မျိုးတွေနဲ့ မချေမငံ ပြောဆို ငေါက်ငမ်းတာ..၊ အဲဒါမျိုးတွေဆို သူ နည်းနည်းမှ သည်းမခံနိုင်ဘူး၊ ကိုယ်နဲ့ ဆိုင်ဆိုင်၊ မဆိုင်ဆိုင် ဝင်ပြောလေ့ရှိတယ်၊ အဲဒါဆိုရင်တော့ ပွဲပဲ၊ စပယ်ယာ ဆိုတာကလည်း ဘီးလေးဘီးပေါ်က အာဏာရှင် အသေးလေးတွေ မဟုတ်လား၊ ကိုယ့်ကားလည်း လာစီးသေး၊ အားလုံးက ငြိမ်ခံနေတဲ့ အလယ်မှာ ဟီးရိုးလည်း ဝင်လုပ်သေးဆိုတော့ ငြိမ်မသွားဘဲ လေသံမာမာနဲ့ ပိုပြီး ရင့်သီးလာလေ့ ရှိတယ်၊ တချို့ဆို ဝူးဝူးဝါးဝါး ထ,လုပ်သေးတာ..၊ အဲဒီအခါမျိုးဆို ကျနော့်သူငယ်ချင်းက သူတို့ထက် ပိုပြီး လေသံမာပြ လိုက်တယ်၊ စကားကို လှန်မပြောနိုင်အောင် တရစပ် ဖိပြောလိုက်လေ့ ရှိတယ်၊ ကံကောင်းတာတစ်ခုက သူ့ရဲ့ လေသံနဲ့ သူ့ရဲ့ အရပ်အမောင်း ကြောင့်ပဲလားတော့ မသိဘူး၊ ထိုးကြကြိတ်ကြတဲ့ ရန်ပွဲအဆင့်ကို ရောက်မလာဘဲ စကားများတာနဲ့တင် ပြီးသွားကြတာ များတယ်၊

တစ်ခါမှာ ကျနော်တို့ မန္တလေးကနေ ပြန်လာကြတယ်၊ သူက ဗင်ကားအဖြူလေးကို မောင်းပြီးတော့...၊ လမ်းလည်း သင့်တာနဲ့ သူ့ဇာတိ မြင်းခြံက အိမ်ကိုလည်း ဝင်လည်ကြတယ်၊ သူ့အိမ်ကနေ ခရီးဆက်ဖို့ ထွက်လာတော့ မြင်းခြံမှာ ဘုရားပွဲတစ်ခု ကျင်းပနေတာနဲ့ သွားကြုံတယ်၊ လမ်းမပေါ်မှာလည်း လူတွေ၊ ဈေးဆိုင်တန်းတွေက အပြည့်ပဲ၊ လူတွေကြားထဲကနေ တရွေ့ရွေ့နဲ့ ရှေ့တိုးမောင်းလာရင်း မျက်နှာချင်းဆိုင်ကနေ ကုန်ကားတစ်စင်း မောင်းလာတာ တွေ့ရတယ်၊ ကုန်ကားက သူ့ဖက်အခြမ်းမှာ လမ်းပိတ်နေတော့ ကျနော်တို့ မောင်းလာတဲ့ အခြမ်းကနေ ခပ်တည်တည်နဲ့ မောင်းလာတယ်၊ ကျနော့်သူငယ်ချင်းကလည်း သူ့လမ်းက အမှန်ဆိုတော့ ပုံမှန်ပဲ ရှေ့ဆက်တိုးသွား နေတယ်၊ အဲဒီမှာ ကားနှစ်စီးက မျက်နှာချင်းဆိုင် အနေအထားနဲ့ နီးကပ်လာပြီး ကြားမှာ လူတွေလည်းရှိတော့ ရှေ့ဆက်တိုးဖို့ မဖြစ်နိုင်တော့ဘူး၊ ကားကို ရပ်လိုက်ရတဲ့ အချိန်မှာပဲ ကုန်ကားမောင်းသူက ̔ဟေ့ကောင်... ဒီမှာ ဘုရားပွဲ ကျင်းပနေတာ မင်းမမြင်ဘူးလား၊ မင်း မြန်မာလူမျိုး မဟုတ်ဘူးလား̕ လို့ ဒေါသတကြီးနဲ့ လှမ်းအော်တယ်၊ သူ အော်တာက ကျယ်တော့ ဘေးပတ်ဝန်းကျင်က လူတွေရော၊ ကားနှစ်စင်းကြားက လူတွေပါ အားလုံးကြားကြတယ်၊ တချို့တွေကလည်း တပြိုင်တည်း အေးလေ,ဘုရားပွဲ လုပ်နေတာကို မမြင်ဘူးလား၊ ဒီကောင်ဘာကောင်လဲ ဆိုတဲ့ အကြည့်မျိုးတွေနဲ့ ကျနော်တို့ကားဖက်ကို လှမ်းကြည့်ကြတယ်၊ ကုန်ကားမောင်းသူရဲ့ ဒေါသသံနဲ့ အပြောက ကြားရသူတွေကိုပါ ဒေါသတွေ ထွက်လာစေပုံ ပါပဲ၊ ဒီလို အနေအထားမှာ တော်ရုံလူဆို ကယောင်ချောက်ချားနဲ့ မျက်စိသူငယ်၊ နားသူငယ် ဖြစ်ကောင်း ဖြစ်သွားနိုင်တယ်၊ ကားကလည်း လူအုပ်ကြီး အလယ်မှာ ရောက်နေတာ မဟုတ်လား၊ ဒါပေမယ့် ကျနော့် သူငယ်ချင်းကတော့ အေးအေးဆေးဆေး ပါပဲ၊ ကားတံခါးဖွင့် ဆင်းလိုက်ပြီးမှ ဟိုလူ့ထက် ပိုကျယ်ပြီး ပိုမာတဲ့ လေသံနဲ့ ̔ဟေ့ရောင်...ငါ ဗုဒ္ဓဘာသာ မြန်မာလူမျိုးစစ်စစ်၊ အမျိုးဘာသာ၊ သာသနာကို မင်းထက် ပိုပြီး ချစ်တယ်၊ နားလည်လား၊ အခု ဘုရားပွဲလုပ်နေတာ မြင်လို့ ငါ ဖြေးဖြေးလေး မောင်းလာတာ မင်းမမြင်ဘူးလား၊ မင်းကသာ ကိုယ့်လမ်းမှာ ကိုယ်မမောင်းဘဲ ယာဉ်ကြောပြောင်းပြန် မောင်းပြီး ဘုရားပွဲမှာ ကိုးရိုးကားရား လုပ်နေတာ... ̕ လို့ ပြန်ပြောလိုက်တယ်၊ သူ့ စကားသံ အဆုံးမှာ ခုနတုန်းက ကျနော်တို့ဖက်ကို ကြည့်နေကြတဲ့ လူတွေက ကုန်ကားမောင်းသမားကို အေးလေ,ဘုရားပွဲမှာ ကိုးရိုးကားရားနဲ့၊ ဒီကောင် ဘာကောင်လဲ ဆိုတဲ့ အကြည့်မျိုးတွေနဲ့ ကြည့်ကြပြန်တယ်၊ အဲဒီတော့မှ ကုန်ကားမောင်းသမားလည်း အသာလေး ပြန်ကုပ်သွားပြီး သူ့ကားကို လမ်းဘေးဆင်းရပ်လိုက်ရ တော့တယ်၊

ကျနော်တို့ ဆက်ထွက်လာချိန်မှာ ကျနော့်သူငယ်ချင်း သုံးသွားတဲ့ စကားလုံးတွေကို ကျနော် ပြန်စဉ်းစားနေမိတယ်၊ အမှန်တော့ ကုန်ကားမောင်းတဲ့လူက ကျနော်တို့နဲ့ ဘုရားပွဲကိုလာတဲ့ ရွာသားတွေကို ̔ဘုရားပွဲ၊ မြန်မာလူမျိုး̕ စတဲ့ စကားလုံးတွေနဲ့ မသိမသာလေး တည်ပေးလိုက်တာပါ၊ တကယ်ဆို သူကတောင် အမှားလုပ်နေသေးတာ...၊ ကားနှစ်စီး ပိတ်မိနေတဲ့ သာမန်အခြေအနေလေး တစ်ခုမှာ အဲဒီစကားလုံးမျိုးတွေ မလိုအပ်ပါဘူး၊ ဒါပေမယ့် ကျနော့် သူငယ်ချင်းက အဲဒီအခြေအနေကို ̔ဗုဒ္ဓဘာသာ၊ မြန်မာလူမျိုး၊ အမျိုး၊ ဘာသာ၊ သာသနာ̕ စတဲ့ စကားလုံးတွေနဲ့ ပြန်ဖြည်လိုက်တယ်၊ ဒါ့အပြင် သူက မာန်အပြည့်နဲ့ ပြန်ပြောလိုက်နိုင်လို့ တဖက်သားက အသာလေး ပြန်ငြိမ်သွားရတယ်၊ ဒီနေ့အချိန်မှာ ပြန်စဉ်းစားတော့ အဲဒီတုန်းက ကျနော့်သူငယ်ချင်းက ဟိုလူ့အပေါ်မှာ စိတ်ဆိုးနေတာ ကြောင့်လည်း ပါမယ်ထင်ပါရဲ့၊ ̔အမျိုးဘာသာ၊ သာသနာ̕ ကိုချစ်တယ် လို့ပြောတဲ့ သူ့လေသံက မာန်နဲ့ ဒေါသသံလေး စွက်နေခဲ့တာ ပြန်တွေးမိပြီး ပြုံးမိတယ်၊ အင်း.. ဖြစ်တော့ ဖြစ်တတ်ပါတယ်လေ၊ တခါတလေမှာ ကျနော်တို့လည်း ချစ်တယ်၊ စောင့်ရှောက်မယ် ပြောနေရင်းနဲ့ကို အာဃာတတွေ သင့်ချင်သင့်နေတတ်တာ မဟုတ်လား...။ ။


ညီလင်းသစ်
၂၅ ဇွန်၊ ၂၀၁၃

17 June 2013

တိမ်တွေနဲ့အတူ...


အားလုံးပဲ မင်္ဂလာပါဗျာ...၊ ကျနော်လည်း ခြင်္သေ့ကျွန်းကလေး ကနေ ပြန်လာပြီးတဲ့နောက် ခြင်္သေ့တစ်ကောင်လိုပဲ ဂူအောင်းသွားလိုက်တာ အခုမှပဲ ဘလော့ဂ်ကို ပြန်ရောက်ဖြစ်တော့တယ်၊ ပျောက်နေပေမယ့် တကယ်တော့ ဘာမှ အထွေအထူးတော့ မလုပ်ဖြစ်ပါဘူး၊ ထုံးစံအတိုင်း အလုပ်များတယ်၊ ဟိုနားဒီနား ခရီးတိုလေးတွေ သွားတယ်၊ ပြီးတော့ ပျင်းနေတယ်၊ ဒီအတောအတွင်း လာလည်သွားကြတဲ့၊ စီဘောက်စ်မှာ နှုတ်ဆက်သွားကြတဲ့ ညီအစ်ကို၊ မောင်နှတွေကိုလည်း ကျေးဇူးတင်ပါတယ်၊ ဘလော့ဂ်မှာ စာမရေးဖြစ်တာဟာ တချို့တွေ ဖြစ်သလို ဖေ့စ်ဘွတ်ခ်မှာ စာတွေလိုက်ဖတ် နေလို့လား ဆိုတော့လည်း မဟုတ်၊ ဒါဖြင့်ရင် ဓါတ်ပုံတွေ ရိုက်ဖြစ်နေတာလား ဆိုပြန်တော့လည်း မဟုတ်ပြန်ဘူး၊ ပြောရရင် ကင်မရာကို သေသေချာချာ မကိုင်ဖြစ်တာတောင် အတော်လေး ကြာနေပြီ၊ ကင်မရာကိုင်မယ့်အစား သူများတွေ ရိုက်ထားတဲ့ ပုံတွေကိုပဲ ကျနော် လိုက်ကြည့်ပြီး အားကျနေမိတယ်၊ ဓါတ်ပုံနည်းပညာ ဆိုဒ်တွေကိုလိုက်ဖတ်ပြီး တစ်ခါမှ မလုပ်ဖူးတဲ့ ဓါတ်ပုံနည်းစနစ်တွေကို စမ်းကြည့်ချင်စိတ်တွေ ဖြစ်နေခဲ့တယ်၊ စိတ်ကသာ ရှိနေပေမယ့် တကယ်တမ်းမှာကျ လက်က မလိုက်ဖြစ်ဘူး...၊

မနေ့ကတော့ အိမ်မှာအေးအေးလူလူ ထိုင်နေဖြစ်ပါတယ်၊ ဝရန်တာကနေ လင်းချင်း၊ ကြည်လင်နေတဲ့ ရာသီဥတုကို ကျနော် ကြည့်နေဖြစ်တယ်၊ ဒီနှစ် ဥရောပရဲ့ နွေဦးရာသီက မိုးတွေရွာ၊ နှင်းတွေကျပြီး အတော်ဆိုးခဲ့လို့ အခုလိုရာသီဥတု သာသာယာယာ မရှိတာ ကြာပြီမဟုတ်လား၊ အဲဒီအခိုက်အတန့်မှာပေါ့...၊ ကျနော့်ရဲ့ မြင်ကွင်းထဲကို တိမ်တွေ ဝင်ရောက်လာကြတာ...၊ ကောင်းကင်ပြာထဲမှာ တိမ်ဖြူဖြူတွေ အဆုပ်လိုက်၊ အဆုပ်လိုက် ရွေ့နေကြတာကို ကျနော် ကြည့်ကောင်းကောင်းနဲ့ ထိုင်ကြည့်နေဖြစ်တယ်၊ မောင်သိန်းဇော်ရဲ့ ကဗျာထဲက အဆုံးမရှိ ကျယ်ဝန်းတဲ့ အမှားထဲက တိမ်တွေဟာ ဒီလိုမျိုးပဲလား၊ ကျနော်ကတော့ တရားနဲ့ မဖြေဘဲ ကင်မရာ ကောက်ကိုင်ဖြစ်သွားတယ်၊ တိမ်တွေရဲ့ အရွေ့ကို ဓါတ်ပုံတစ်ပုံထဲနဲ့ ပြမယ့်အစား ပိုပြီးထင်ရှားအောင် Time-lapse ဗီဒီယိုလေးတစ်ခု လုပ်ဖြစ်သွားပါတယ်၊ Time-lapse ဗီဒီယို ဆိုတာကို မရင်းနှီးသူတွေ အတွက် အလွယ်ပြောရရင်တော့ ဓါတ်ပုံတွေ အများကြီးရိုက်ပြီးမှ ပြန်စီထားတဲ့ ဗီဒီယိုပါ၊ တစ်ပုံနဲ့တစ်ပုံ စက္ကန့်ပိုင်းလောက် ခြားပြီး ရိုက်ထားတဲ့ ဓါတ်ပုံတွေကို ပြန်စီလိုက်တဲ့အခါ still ဓါတ်ပုံတွေကနေ motion ပါတဲ့ ဗီဒီယိုလေးတစ်ခု ဖြစ်သွားတဲ့ သဘောပါပဲ၊

အခု ဗီဒီယို အပိုင်းလေးထဲမှာတော့ ဓါတ်ပုံ ၃၀၄ ပုံကို စီထားပါတယ်၊ မူလ ရိုက်တုန်းကတော့ ၆၄၄ ပုံ ရိုက်ထားခဲ့တာ...၊ နောက်တော့ ဗီဒီယိုဖိုင် အရမ်းလေးမှာ စိုးတာနဲ့ ပုံတစ်ဝက်လောက်ကိုပဲ သုံးဖြစ်သွားတယ်၊ ကောင်းကင်ကို မြစ်တစ်စင်းလို့ တင်စားကြရင် အဲဒီမြစ်ထဲမှာ တိမ်တွေက အခုလိုပဲ မြုပ်ချည်၊ ပေါ်ချည်နဲ့ မျောနေမယ် ထင်ပါရဲ့၊ အဲဒီ မြုပ်ချည်၊ ပေါ်ချည် တိမ်တွေနဲ့အတူ ကျနော်လည်း မြုပ်နေရာကနေ ပြန်ပေါ်လာဖြစ် ပြန်ပါပြီ၊ ၅၁ စက္ကန့်ပဲ ကြာတဲ့ ဗီဒီယိုလေးကို အဆင်ပြေရင်တော့ ကြည့်သွားပါဦးဗျာ... နော။ ။





ညီလင်းသစ်
၁၇ ဇွန်၊ ၂၀၁၃