25 November 2013

စိတ်၏ချည်တိုင် နိုင်ငံကလေးသို့ (၄)


ရန်ကုန်ကနေ ကလောကို ဘာနဲ့သွားကြမလဲလို့ အဖက်ဖက်ကနေ တွက်ချက်ချိန်ဆကြည့်ပါတယ်၊ ပထမတော့ လေယာဉ်နဲ့သွားဖို့ ကြံစည်ထားပြီးသား…၊ ဒါပေမယ့် နောက်ပိုင်းမှာ ရန်ကုန်က သူငယ်ချင်းတွေနဲ့ တိုင်ပင်ပြီးတော့ ကားနဲ့ပဲသွားကြည့်ဖို့ စိတ်ပြောင်းသွား ခဲ့တယ်၊ လေယာဉ်လက်မှတ်တွေက ပုံမှန်ထက်ဈေးပိုကြီးနေတာ တကြောင်း၊ လေယာဉ်ခရီးစဉ်ဆိုရင် ပျံသန်းချိန်ကတိုပေမယ့် ကွင်းကို အနည်းဆုံး ၁ နာရီကြိုဆင်းရမှာ၊ တခါ ဟိုဖက်ရောက်တော့လည်း ဟဲဟိုးကနေ ကလောကို ကားပြန်စီးရမယ့် ခရီးကလည်း ရှိသေးတာ တကြောင်း၊ တဖက်ကလည်း ခရီးဝေးသွားတဲ့ ဘတ်စ်ကားကြီးတွေက အဖက်ဖက်မှာ အရည်အသွေးမြင့်လာတယ်ဆိုတာကို စမ်းကြည့်ချင်တာက တကြောင်း ဆိုပါတော့…၊


သူငယ်ချင်းက ကားလက်မှတ်ကို “ရွှေနန်းတော်” နဲ့ ဝယ်ထားတယ်လို့ ပြောတော့ ကျနော်ဝမ်းသာသွားတယ်၊ အန်တီတင့်ရဲ့ ရွှေနန်းတော်ကား ရီဗျူးကို ကျနော်ကဖတ်ထားဖူးတာကိုး၊ ဒါဟာ အကောင်းဆုံးကားပဲလို့လည်း ထင်နေခဲ့တယ်၊ နောက်တော့မှ ဘယ်ဟုတ်မလဲ၊ လုမ္ဗနီတို့၊ JJ Express တို့လို ကုမ္ပဏီတွေက ကားတွေကလည်း တကယ့်ကို အပျံစားပဲဆိုတာ သွားတွေ့တယ်၊ သူငယ်ချင်းကတော့ ရွှေနန်းတော်ကိုပဲ ကြိုက်တယ်-တဲ့၊ အကြောင်းက ရွှေနန်းတော်က ကားတွေက အမြန်မောင်းတယ်ဆိုတာ မရှိဘဲ ခရီးသည်တွေ ဘေးကင်းဖို့ကို ရည်ရွယ်ပြီး ပုံမှန်ပဲ မောင်းကြလို့,လို့ ပြောတယ်၊ အဲဒီလိုကြားရတော့ ကျနော်တို့လည်း နည်းနည်းစိတ်အေးသွားတယ်၊ ညအချိန်စီးရမယ့် နေပြည်တော် ဟိုင်းဝေးလမ်းမကြီးအကြောင်း သတင်းတွေက မလာခင်မှာ တချိန်လုံး ဖတ်နေ၊ ကြားနေခဲ့ရ တာကိုး…၊ ကားက တကယ်ပဲ ကောင်းပါတယ်၊ ၄၅ ယောက်စီးကားမှာ ထိုင်ခုံ ၃၇ လုံးပဲ တပ်ထားတယ်၊ တစ်တန်းကို ၃ ခုံနဲ့ ခြေထောက်ချဖို့ နေရာအကျယ်ကြီး ရှိတယ်၊ ခုံတွေက အနောက်ကို လှဲချလို့ရတဲ့ အမျိုးအစားတွေ…၊ ထိုင်ခုံအစွပ်တွေ၊ စောင်တွေ သန့်ပြန့်တယ်၊ အပေါ့သွားဖို့ သီးသန့်ဆိုတဲ့ အိမ်သာပါပေမယ့် သွားမကြည့်ခဲ့လို့ ဘယ်လိုအနေအထားလဲ မသိခဲ့ရဘူး၊ ည ၇ နာရီထွက်မယ်ဆိုတဲ့အတိုင်း အတိအကျ ထွက်တယ်၊ ကားပေါ်မှာ ယာဉ်မောင်း ၂ ယောက်နဲ့အတူ ခရီးသည်တွေကို ဝန်ဆောင်မှုပေးဖို့ အမျိုးသမီးတစ်ယောက်နဲ့ လူငယ်တစ်ယောက် ပါတယ်၊ ကားထွက်ချိန်မှာ အင်္ကျီအဝါ၊ လုံချည်အစိမ်း ယူနီဖောင်းဝတ်ထားတဲ့ bus attendant အမျိုးသမီးက ယာဉ်မောင်းတွေဟာ အနည်းဆုံးလုပ်သက် ၁၀ နှစ်နဲ့ အထက်မှာ ရှိကြသူတွေ ဖြစ်ကြောင်း၊ အရက်သေစာ လုံးဝသောက်စားထားခြင်း မရှိသလို ယာဉ်ကိုလည်း ကျွမ်းကျင်စွာနဲ့ ပုံမှန်ပဲ မောင်းသွားကြမှာ ဖြစ်တဲ့အကြောင်း မိတ်ဆက်ပေးတယ်၊ ခဏကြာတော့ မုန့် ၂ ခုပါတဲ့ စက္ကူဗူးတစ်ခုနဲ့ ကော်ဖီဗူးတစ်ခုစီ လိုက်ဝေတယ်၊ ကား စ,ထွက်တော့ တရားခွေတစ်ခွေ ဖွင့်တယ်၊ အဲဒါပြီးတော့ မြန်မာဗီဒီယိုကား တစ်ကားပြတယ်၊ ပြီးတာနဲ့ ဘာမှမပြတော့ဘဲ အားလုံးမီးတွေ ပိတ်လိုက်တော့တယ်၊ ဟိုးအရင်က ဘတ်စ်ကားတွေလို တစ်ညလုံး ဗီဒီယိုကားတွေ တစ်ကားပြီးတစ်ကားပြလို့ ကြည့်တဲ့သူက နှစ်ယောက်သုံးယောက်လောက်နဲ့ ကျန်တဲ့လူတွေ အိပ်ရေးပျက်ရတာမျိုး မရှိတော့ဘူး၊ လမ်းမှာလည်း ၁၀၅ မိုင်မှာ ညစာစားချိန် နာရီဝက် ရပ်ပေးတာကလွဲရင် တခြားဘယ်မှာမှ မရပ်ဘူး၊ ကားမောင်းတာ၊ ဝန်ဆောင်မှုပေးတာ စတာတွေက ပရော်ဖက်ရှင်နယ် ဆန်လို့ ကျနော်ကတော့ ကြိုက်ပါတယ်…၊


ကျနော်တို့တည်းတဲ့ ဟိုတယ်လေးက ကလော နှီးဘုရားဖက်သွားတဲ့ အခြမ်းမှာ ရှိပါတယ်၊ ဖွင့်တာမကြာသေးတဲ့ အပြင် ဆောက်လက်စ အဆောင်တစ်လုံးတောင် မပြီးသေးတာ တွေ့ရတယ်၊ နာမည်က Honey Moon Villa ဆိုတာဖတ်ပြီး ကျနော်တို့ ပြုံးမိကြတယ်၊ လွန်ခဲ့တဲ့ ၁၂ နှစ်က ဒီဟိုတယ် ဘယ်များရောက်နေပါလိမ့်၊း) ဘတ်စ်ကားက ကလောကို မနက် ၅ နာရီခွဲမှာ ဝင်ပါတယ်၊


ဟိုတယ်လေးက လောလောဆယ် အခန်း ၈ ခန်းနဲ့ တပိုင်တနိုင် လည်ပတ်နေတဲ့ ပုံပါပဲ၊ ဝန်ထမ်းဆိုလို့ ကလောလေသံ ခပ်ဝဲဝဲနဲ့ အမျိုးသမီးကြီး ၂ ယောက်ပဲ တွေ့မိတယ်၊ သစ်ပင်ပန်းပင် စိမ်းစိမ်းစိုစိုနဲ့ အေးချမ်းတိတ်ဆိတ်လို့ သူ့နာမည်အတိုင်း ပျားရည်ဆမ်းခရီး ထွက်တဲ့ ကြင်စဦး ဇနီးမောင်နှံတွေ အကြိုက်တွေ့မယ့် ဟိုတယ်မျိုးပေါ့…၊း)


ရောက်တဲ့မနက်ခင်းမှာပဲ ကျနော်တို့ မြို့ထဲခဏ လျှောက်ဖြစ်ကြတယ်၊ ဈေးနားမှာ ကမ္ဘောဇဘဏ်နဲ့အတူ ငွေထုတ်စက်ပါ တွေ့ရလို့ ကျနော် အံ့သြသွားမိတယ်၊ သူငယ်ချင်းကတော့ တစ်ခါတုန်းက ငွေထုတ်နေတုန်း စက်ပျက်ပြီး သူ့ကဒ်က ပြန်ထွက်မလာတာ ကြုံဖူးတယ်လို့ ဆိုတယ်၊ အဲဒါနဲ့ ဘဏ်နဲ့သိပ်မဝေးတဲ့ အိမ်မှာနေတဲ့ မန်နေဂျာကို သွားခေါ်ပြီး ပြန်ထုတ်ခိုင်းရတယ်-တဲ့၊ သူ့အရပ်နဲ့ သူ့ဇာတ်ကတော့ အဆင်ပြေနေမှာ သေချာပါတယ်၊ ဘာပဲဖြစ်ဖြစ် အခုလို ဝန်ဆောင်မှုတွေ ကလောလို မြို့သေးသေးလေးမှာတောင် ရှိနေတာ ကြိုဆိုစရာပဲလို့ ကျနော်မြင်ပါတယ်…၊


ကလောဈေးထဲကို ရောက်တော့ မနက် ၁၁ နာရီ ကျော်နေပြီဖြစ်လို့ ဈေးက သိပ်မစည်တော့ဘူး၊ ကလောမှာက တခြားရှမ်းပြည်မြို့တွေလိုပဲ ၅ ရက်တစ်ဈေး ရှိသလို ကျန်ရက်တွေမှာလည်းဖွင့်တဲ့ ဈေးကြီးလည်း ရှိပါတယ်၊ ဈေးထဲကိုတော့ ကျနော်တစ်ယောက်ပဲ ဝင်ဖြစ်တယ်၊ အဖျားတက်နေတဲ့ သားက သူ့အမေနဲ့အတူ ဟိုတယ်ကို ပြန်သွားတယ်၊ တကယ်တော့ ကျနော်ရော၊ သားပါ ဖျားနေခဲ့ကြတာ…၊ တော်ရုံဆို ဘယ်တော့မှ မဖျားတဲ့ကျနော်က အခု အောက်တိုဘာရဲ့ တရိပ်ရိပ်တက်နေတဲ့ အပူရှိန်ရယ်၊ အဲကွန်းရယ်၊ ပန်ကာရယ် စုပေါင်းထိုးနှက်လိုက်တာ ဖျားသွားတော့တယ်၊ ပြီးတော့ ကျနော့်ဆီကတဆင့် သားကိုပါ ကူးပါလေရော၊ ဒီကြားထဲ စောင်ထူထူတွေ ပေးပေမယ့် အအေးဓာတ်ကျတော့ မလျှော့တဲ့ ရွှေနန်းတော် ဘတ်စ်ကားရဲ့ အဲကွန်းအောက်မှာ သူ့ခမျာ ပိုပြီး အဖျားတက်ခဲ့ရ သေးတယ်၊


အစားအသောက်တန်းသွားပြီး ရှမ်းခေါက်ဆွဲ သွားစားဖြစ် ပါတယ်၊ ဆိုင်နာမည်က “မီးမီး” တဲ့…၊ သူငယ်ချင်းက ညွှန်လို့ အဲဒီကိုပဲ တန်းပြီးသွားလိုက်တယ်၊ အစားအသောက် ပြင်ဆင်တာ သန့်ပါတယ်၊ အစားအသောက်တွေကို လက်နဲ့မကိုင်ဘဲ တူနဲ့ဖြစ်ဖြစ်၊ ဇွန်းနဲ့ဖြစ်ဖြစ် ခပ်တယ်၊ ရေနွေးခွက်တွေ၊ ဟင်းချိုပန်းကန်လုံးတွေကိုလည်း သေသေချာချာ တိုက်ချွတ်ဆေးကြောထားတာ တွေ့ရတယ်၊ ဆိုင်ရှင် မမီးမီးကိုယ်တိုင်ကလည်း သနပ်ခါးအဖွေးသားနဲ့ အေးအေးလူလူ ရှိတဲ့အပြင် အပြောအဆိုလည်း ယဉ်ကျေးပါတယ်…၊


ကျနော်တို့တည်းတဲ့ နေရာက မြို့ပြင်ဖက် နည်းနည်းကျလို့ ကားတွေ တဝီဝီဖြတ်နေတာမျိုးတော့ မရှိပါဘူး၊ ဆိုင်ကယ်တွေလောက် ဖြတ်တာမျိုးပဲ တွေ့ရတယ်၊ ကလောမြို့ရဲ့ ထုံးစံ ထင်းရူးပင်တန်းတွေကို နေရာတကာမှာ တွေ့နေရတုန်းပဲ၊ မြို့ပြင် တောင်ပေါ်ဖက်တွေ မှာတော့ သစ်ပင်တွေခုတ်တာ၊ သစ်တောတွေ ပါးသွားတာမျိုး ရှိမလားပဲ၊ ရာသီဥတုက မိုးအုံ့နေပေမယ့် ပန်းရိုင်းဝါဝါလေးတွေ ပေါက်နေတဲ့ လမ်းကလေးတွေနဲ့ ကလောမြို့လေးက ချစ်စရာကောင်းနေဆဲ ပါပဲ…၊


ကလောမြို့လေးကို ရုပ်ရှင်တွေ၊ စာအုပ်တွေထဲမှာပဲ မြင်ဖူး၊ ဖတ်ဖူးပြီး တကယ်တမ်း သွားလည်ဖို့ကျတော့ တည်းခိုစရိတ်မရှိ၊ လမ်းစရိတ်မရှိဘဲ ဖြစ်နေခဲ့တဲ့ ကျနော်ဟာ ထွန်းထွန်းဆိုတဲ့ ကလောမြို့သား တစ်ယောက်နဲ့ တိုက်တိုက်ဆိုင်ဆိုင် သူငယ်ချင်းဖြစ်ခွင့် ရခဲ့တယ်၊ ရန်ကုန်ကို မကြာခဏလာဖို့ ရှိပေမယ့် အသိအကျွမ်းမရှိတဲ့ ထွန်းထွန်းက ရန်ကုန်သားကျနော်နဲ့ သိကျွမ်းရတာ ဝမ်းသာနေသလို ကျနော်ကလည်း လမ်းစရိတ်လေးနည်းနည်း ရှိရုံနဲ့ အေးချမ်းပြီး နေလို့ကောင်းတဲ့ ကလောမြို့ကလေးကို အချိန်မရွေး ဝင်ထွက်သွားလာနိုင်ဖို့ အခွင့်အလမ်းတစ်ရပ် ဆုပ်ကိုင်မိတဲ့အတွက် ကျေနပ်နေခဲ့ကြတယ်…၊


အဲဒီလိုနဲ့ အင်္ဂလိပ်အစိုးရ အင်စပက်တော်မင်းများ နွေရာသီအပန်းဖြေတော်မူရာ ဆိုတဲ့ ကလောမြို့လေးကို အကြိမ်များစွာ ရောက်လိုက်၊ ရောက်ရင်လည်း တစ်လကိုးသီတင်းနေလိုက်နဲ့ အပူအပင်ကင်းကင်း ဖြတ်သန်းနေခဲ့တဲ့ ကာလတစ်ခု ကျနော့်မှာ ပိုင်ဆိုင်ခဲ့ဖူး ပါတယ်၊ Trekking ဝါသနာပါတဲ့ ကျနော်တို့သူငယ်ချင်းတွေဟာ ကလောအနီးတဝိုက်က တောင်တွေကိုတက်လိုက်၊ ဂူတွေထဲကိုဝင်လိုက် လုပ်နေတဲ့အပြင် ၃ နာရီ၊ ၆ နာရီလောက် လျှောက်ရတဲ့ ပလောင်ရွာတွေဆီလည်း သွားလည်ကြလေ့ ရှိတယ်၊ ထွန်းထွန်းရဲ့ မိဘတွေက အဆင်ပြေသူတွေ မဟုတ်ပေမယ့် သူ့သားရဲ့ သူငယ်ချင်းတွေကို တစ်ချက်ကလေးမှ ငြိုငြင်ဟန် မပြခဲ့ကြဘူး၊ ဒီကြားထဲ ရန်ကုန်က ကျနော့်သူငယ်ချင်းတွေကပါ ထွန်းထွန်းနဲ့ သူငယ်ချင်းဖြစ်ပြီး ကလောကို တပြုံတမကြီး လိုက်,လိုက်လာကြလို့ တခါတခါ သူ့မိဘတွေခမျာ အတော်လေး အသက်ရှူကျပ်ခဲ့ပေရော့မယ်လို့ ကျနော် အခုမှ ပြန်တွေးနေမိတယ်၊ အဲဒီတုန်းကတော့ အလိုက်ကန်းဆိုးမသိတာမျိုးတော့ မဟုတ်ပေမယ့် ကလောမြို့လေးကနေ မခွာရရင်ပြီးရော ဆိုတဲ့စိတ်နဲ့ ထွန်းထွန်းတို့အိမ်မှာ မရှိ,ရှိတာစား၊ ပေကပ်ပြီး နေဖြစ်ခဲ့တယ်…၊


ဟောဒီကလောမြို့လေးကို ကျနော်မရောက်ဖြစ်ခဲ့တာ ၁၅ နှစ်လောက်ကြာပြီး အခုမှ ပြန်ရောက်ဖြစ်တယ်၊ အိမ်တွေများလာတာ၊ ဟိုတယ်တွေ တိုးလာတာကလွဲရင် မြို့ကွက် အပြင်အဆင်က သိပ်အပြောင်းလဲကြီး မဟုတ်ပါဘူး၊ ဒါပေမယ့် ကျနော် သတိထားမိတာ ၂ ခုတော့ရှိတယ်၊ အဲဒါက မြို့ကလေးမှာ ဆိုင်ကယ်တွေ အရမ်းများလာတာရယ်၊ မြို့ရဲ့ အပူချိန်က ရန်ကုန်လိုပဲ ပူလာတာရယ် ပါပဲ၊ လွန်ခဲ့တဲ့ ၁၅ နှစ်တုန်းက စက်ဘီးလေးတချို့နဲ့ မြင်းလှည်းတွေရယ်က လွဲရင် မြို့ကလေးမှာက လမ်းလျှောက်သူတွေချည်း ပါပဲ၊ အပူချိန်ဆိုတာကလည်း မတ်လလို အချိန်မျိုးမှာတောင် နေလို့ကောင်းရုံ အေးအေးလေး…၊ အခုတော့ အောက်တိုဘာရဲ့ မနက်ခင်းတွေထဲ ကျနော့်မှာ ချွေးတပြိုက်ပြိုက်နဲ့ ဖြစ်နေရတဲ့အပြင် ဟွန်းသံတတီတီ၊ ဘီးသံတဝီဝီနဲ့ ဆိုင်ကယ်တွေကိုလည်း ကြိုးစားပြီး ရှောင်နေရတယ်…၊


ဘယ်လိုပဲဖြစ်ဖြစ် ဗြိတိသျှအစိုးရ အုပ်ချုပ်သူတွေ ဖောက်သွားခဲ့တဲ့ မြွေလိမ်မြွေကောက်လမ်းတွေ ခြံရံပြီး၊ တောအထပ်ထပ် တောင်အသွယ်သွယ်နဲ့ ကလောမြို့လေးက နှစ်တွေကြာခဲ့ပြီးမှ ပြန်ရောက်လာသူ တစ်ယောက်အတွက်တော့ ချစ်စရာကောင်းနေတုန်း ပါပဲ၊ ဒီမြို့လေးမှာ စိမ်းလန်းအေးချမ်းတဲ့ သဘာဝတောတောင်တွေ ရှိတယ်၊ ကျနော်ချစ်ခင်ရတဲ့ သူငယ်ချင်းတွေရှိတယ်၊ နွားမွေး၊ ခြံစိုက်တဲ့ ရိုးရိုးသားသား ဂေါ်ရခါးလူမျိုးတွေ ရှိတယ်၊ အရသာရှိတဲ့ ရှမ်းစာတွေနဲ့အတူ ဒေသစာ “ဟင်းထုပ်” လည်း ရှိတယ်၊ ဗမာရယ် တိုင်းရင်းသားရယ်လို့ ခွဲခြားမြင်တတ်တဲ့ ကျဉ်းမြောင်းတဲ့ လူမျိုးရေးအမြင်တွေ မရှိဘဲ ရိုးသားဖော်ရွေတဲ့ မြို့သူမြို့သားတွေလည်း ရှိကြတယ်၊ အဲဒါကြောင့်ပဲ ဟောဒီ ကလောမြို့လေးမှာ တစ်ပတ်ကြာနေဖို့ ကျနော်တို့ ရောက်လာခဲ့ရ ပြန်တာပေါ့…။ ။

(ဆောင်ထားရင် ကံကောင်းတယ်ဆိုပြီး သူ့အမြီးကို လူတွေ လက်စွပ် လုပ်,လုပ်ဝတ်တာ တချိန်တုန်းက ခံခဲ့ရဖူးတဲ့ အကြီးဆုံး ကုန်းသတ္တဝါတွေဆီ အပိုင်း ၅ မှာ ကျနော်တို့ သွားကြရအောင်လေ…)


ညီလင်းသစ်
၂၅ နိုဝင်ဘာ၊ ၂၀၁၃

19 November 2013

စိတ်၏ချည်တိုင် နိုင်ငံကလေးသို့ (၃)


ဒီတစ်ခေါက် မြန်မာပြည်ခရီးစဉ်အတွက် ပြင်ဆင်တွက်ချက်တဲ့ အချိန်မှာ သတိမထားဘဲ နေလို့မရအောင် ဖြစ်ရတဲ့တစ်ချက်က နေထိုင်စားသောက် စရိတ်တွေ ကြီးမြင့်တဲ့အချက်ပါပဲ၊ အထူးသဖြင့် တည်းခိုဖို့ ဟိုတယ်အခန်းခတွေ မတန်တဆ ဈေးကြီးနေတာပါ၊ တကယ်တော့ မနှစ်က ဖေဖော်ဝါရီလမှာ ကျနော်တို့ သွားခဲ့ကတည်းက အခန်းခတွေ တက်နေခဲ့ပါပြီ၊ ဒါပေမယ့် အဲဒီတုန်းက တည်းဖို့အတွက် အစောကြီးကတည်းက reservation လုပ်ထားခဲ့လို့ ဈေးတွေ စ,တက်ပေမယ့်လည်း ကျနော်တို့က အရင် ဈေးနှုန်းဟောင်းအတိုင်း ရလိုက်တယ်၊ ဒါပေမယ့် ဒီတစ်ခေါက်မှာတော့ ဘယ်လိုမှ ရှောင်လွှဲလို့ မရနိုင်တော့ဘူး၊ ဟိုတယ်တိုင်းလိုလို သူတို့ရဲ့ အရင်တောင်းနေကျ မူလနှုန်းကနေ သုံးဆ၊ လေးဆ ပိုမြှင့်ပြီး တောင်းကြတယ်၊ ဒါဟာ ဟိုတယ်အကြီးကြီးကနေ ဟိုးအောက်ဖက်က သေးသေးလေးအထိ ဒီလိုပါပဲ…၊ တဖက်ကလည်း အခန်းခတွေ ဘယ်လောက်ကြီးကြီး အခန်းတွေ မလောက်တဲ့အကြောင်းလည်း ကျနော်တို့ ကြားနေဖတ်နေ ရပြန်တယ်၊ ပြောရရင် ၁၉၉၆ ခုနှစ် Visit Myanmar Year ဆိုပြီး မြန်မာ့ ခရီးသွားလုပ်ငန်းကို စပြီးမြှင့်တင်ဖို့ ကြိုးစားကတည်းက ၂၀၁၁ လောက်အထိ ဟိုတယ်တွေက အခန်းပြည့်တယ်ဆိုတာ တကယ့်ကို ရှားပါတယ်၊ ဆိုတော့ အခုမှ တိုင်းရေးပြည်ရေးက သာသာယာယာ ရှိလာတော့ လှိမ့်ဝင်လာတဲ့ ဧည့်သည်တွေ၊ လုပ်ငန်းရှင်တွေ အားကိုးနဲ့ ရတုန်းရခိုက်လေး သဲ့ယူလိုက်မဟဲ့လို့ ကြံစည်နေကြပုံ ရတယ်၊ သူတို့ဖက်ကကြည့်တော့ ̔မိုးရွာတုန်း ရေခံတယ်̕ ပေါ့၊ ဒါပေမယ့် ပိုက်ဆံသာ မတန်တဆ တောင်းတယ်၊ ပြန်ပေးရမယ့် ဝန်ဆောင်ခ၊ အခန်းအပြင်အဆင်၊ သန့်ရှင်းမှု၊ အစားအသောက် စတာတွေမှာ ဘာမှ မပြောင်းလဲဘဲ ဒုံရင်းကဒုံရင်းပဲ ဆိုတော့ တည်းရမယ့် ဧည့်သည်တွေဖက်က ကြည့်ရင်တော့ ̔ပွဲလန့်တုန်း ဖျာခင်း̕ တဲ့ လုပ်ရပ်ပါပဲ၊ ပြင်သစ် စကားပုံလေးတစ်ခုကို ကိုးကားပြီး ပြောရရင် ̔လူတိုင်းက စောင်ကို ကိုယ့်ဖက်ကိုယ်ဆွဲတဲ့ အခြေအနေ̕ ပါပဲ၊ အတူခြုံနေတဲ့ တခြားလူတွေအဖို့ ကိုယ်ပေါ်မှာ စောင်မရှိတော့ဘဲ ချမ်းပဲတုန်တုန်၊ အအေးပဲပတ်ပတ် အကြောင်းမဟုတ်ဘူး၊ ကိုယ့်ကိုယ်ပေါ်မှာ စောင်ရှိဖို့အတွက် စောင်ကို ဆွဲဖို့ အဓိကပဲ…၊


စောင်ကို တစ်ယောက်တစ်လက် ဝိုင်းဆွဲနေကြတဲ့ လက်တွေကြားထဲမှာ Bed & Breakfast တည်းခိုခန်းလေး တစ်ခုကို ကျနော်တို့ အတော်ရှာလိုက်ရတယ်၊ မနှစ်တုန်းက တည်းခဲ့တဲ့ အင်းယားလိတ်ဟိုတယ်မှာ မဟုတ်တော့ဘူး ဆိုတော့ သားက သိပ်ပြီး မကျေနပ်ချင်ဘူး၊ အဲဒီတုန်းက မနက်တိုင်း ရေကူးလို့ ရနေတာကိုး…၊ တစ်နေ့တစ်ခါ ရေကူးဖို့အရေး ဟိုတယ်ခကို လေးဆပိုပြီး ပေးရမှာကတော့ တကယ့်ကို မတန်တဲ့ ကိစ္စပါပဲ၊ ၇ မိုင်ခွဲက B&B ဟိုတယ်လေးက ရေကူးကန် မပါတာ၊ မနက်စာ ပြင်ဆင်တဲ့ နေရာမှာ အတွေ့အကြုံ နည်းတာတွေက လွဲရင် နေဖို့ အဆင်ပြေတဲ့ နေရာလေး တစ်ခုပါပဲ…၊


၇ မိုင်ခွဲမှာ တည်းရတဲ့ အားသာချက်တစ်ခုက အဲဒီနားက “ကုန်းမြင့်သာ” စားသောက်ဆိုင်နဲ့ နီးနီးနားနား ရှိတာပါပဲ၊ ဆိုတော့ ကျနော်တို့ မကြာခဏ သွားစားဖြစ်ပါတယ်၊ ဘဲဥဆိုတာ စားရကောင်းမှန်း မသိကြတဲ့ နိုင်ငံကနေ လာသူဆိုတော့ မြန်မာဘဲဥဟင်း မှာစားဖြစ်တယ်…၊း)


စားပွဲအလယ်က ငါးပိရည်၊ တို့စရာပန်းကန် ကိုတွေ့တော့ လောလောလတ်လတ် ရေးခဲ့တဲ့ ငါးပိရည်နဲ့ ယူရီးယားအကြောင်း ဆောင်းပါးကို ပြန်တွေးပြီး ပြုံးမိပါတယ်၊ ပြီးတော့မှ တစ်ဇွန်းခပ်ပြီး ထမင်းထဲဆမ်း၊ သခွားသီး တစ်စိတ်ကိုမြှုပ်ပြီး စားလိုက်တယ်၊ ယူရီးယားအကြောင်း တွေးပြီးစားရတဲ့ ငါးပိရည်က ပိုပြီးအရသာ ရှိနေသလိုပဲ…၊


ဆယ်စုနှစ် ၂ ခုကျော်လောက်ကြာမှ ပြန်လည်ဆုံစည်းရတဲ့ ဝက်သား သရက်သီးသနပ်… …၊


ဒါကတော့ အိမ်မှာစားဖြစ်တဲ့ အမေ့လက်ရာ မြင်းခွာရွက်သုပ်…၊ ဟိုက အာရှဆိုင်လေးတွေမှာလည်း မြင်းခွာရွက်က အမြဲလိုလို ရတတ်လို့ စိတ်ကူးရသလို သုပ်စားဖြစ်ပေမယ့် အမေ့လက်ရာကိုတော့ ဘယ်တော့မှ မှီမယ်မထင်ပါဘူး…၊


ဒီမှာ အသီးအရွက်တွေ အတော်များများ ရပေမယ့် ချဉ်ပေါင်ရွက်ကတော့ ဘယ်တော့မှမရဘူးလို့ တစ်ခါတုန်းက အမေ့ကို ပြောထားဖူးတယ်၊ အမေက အဲဒါလေးကို မမေ့ဘဲ အရင်တစ်ခေါက်ကကော အခုတစ်ခေါက်မှာပါ ချဉ်ပေါင်တွေ ကြော်ကျွေးခဲ့တယ်၊ စားဖူးသမျှ ချဉ်ပေါင်ကြော်တွေထဲက အကောင်းဆုံးတစ်ခု…၊း)


ကျနော်တို့ ငယ်ငယ်က သွားဖုံးမှာ အနာဖြစ်တာတို့၊ လျှာကိုက်မိတာတို့ ဖြစ်ရင် အမေက ရွှေဖရုံသီးဟင်း ချက်ကျွေးပြီး ̔စားကြဟဲ့…၊ ဖရုံသီးမှာ ဗိုက်တာမင်ဘီတူး ပါတယ်̕ လို့ အမြဲပြောတတ်တယ်၊ ဒီတစ်ခေါက် အမေ့အိမ်ကိုရောက်တော့ ကျနော့် သွားဖုံးမှာ အနာဖြစ် မနေသလို ခန္ဓာကိုယ်ကလည်း ဗိုက်တာမင်ဘီတူး လိုမနေပါဘူး၊ ဒါပေမယ့် အမေ့ရဲ့ ရွှေဖရုံသီးဟင်းကတော့ ငယ်ငယ်ကအတိုင်း အရသာရှိနေခဲ့တယ်…၊


ဒီတစ်ခေါက် ခရီးစဉ်မှာတော့ ရေးဖော်ရေးဖက် ဘလော့ဂါမောင်နှမတွေနဲ့ ဆုံတွေ့ဖို့ ဖြစ်လာခဲ့တယ်၊ နန်းသီတာဆိပ်ကမ်းက Junior Duck စားသောက်ဆိုင်ကို လာခဲ့ပါဆိုတော့ ကျနော်ဝမ်းသာသွား မိတယ်၊ Junior Duck စားသောက်ဆိုင် ဆိုတာက ကျနော် မြန်မာပြည်မှာ ရှိစဉ်တုန်းက အလျင်းသင့်သလို ရောက်လေ့ရှိတဲ့ နေရာဖြစ်သလို အဲဒီကနေ မြင်ရတဲ့ ရှုခင်းတွေကလည်း ဘယ်တော့မှ ရိုးမသွားဘူး၊ ညနေစာအတွက် စားသောက်ဆိုင်ရဲ့ အပြင်ဖက်မှာ reservation လုပ်ထားတဲ့အပြင် စားပွဲကလည်း စားပွဲဝိုင်းဖြစ်လို့ ထပ်ဆင့်ပြီး သဘောကျမိ ပြန်တယ်၊ လူအများနဲ့ ဆုံတွေ့ပြီး စားကြတဲ့အခါ ထိုင်ရတဲ့စားပွဲက စားပွဲရှည်ဆိုရင် ကိုယ့်ဘေးနှစ်ဖက်က လူရယ်၊ အရှေ့ဖက်က လူရယ်လောက်ပဲ စကားပြောဖို့ အခွင့်ရတယ်၊ စားပွဲရဲ့ အခြားနေရာကလူတွေနဲ့ စကားပြောဖို့ ဆိုတာက စားသောက်ပြီးလို့ ထ,ပြန်တဲ့အချိန်မှပဲ တစ်ခွန်းနှစ်ခွန်း ပြောလိုက်ရတာ များပါတယ်၊ အခုကတော့ စားပွဲဝိုင်းဆိုတော့ တကယ့်ကိုမျက်နှာစုံညီ…၊ နန်းသီတာဆိပ်ကမ်းရဲ့ ညနေခင်းဟာ ဘာမှ မပြောင်းလဲသလောက် ပါပဲ၊ ညနေခင်းရဲ့ ကျ,နေအောက်မှာ ဒလဖက်ကမ်းကို ပြန်နေသူတွေ၊ ဘောတံတားတွေပေါ်မှာ ထိုင်သူတွေ၊ ခြင်းလုံးခတ်သူတွေနဲ့…၊ ရန်ကုန်မြစ်ထဲမှာတော့ ထုံးစံအတိုင်း သင်္ဘောကြီးငယ် အရွယ်စုံက ကျောက်ချပြီး နားနေကြတယ်၊ အဲဒီမြစ်ကိုပေါ့…၊ ̔နင့်ကို ငါတို့မလိုတော့ဘူး၊ ကိုးရီးယားက အိုပါးတွေရဲ့ ကျေးဇူးနဲ့ နင့်အပေါ်မှာ ထိုးမယ့် တံတားပေါ်မှာ ငါတို့တွေ ကားတဝီဝီနဲ့ ဖြတ်ကြရတော့မှာ̕ ဆိုပြီး နေ့ချင်းညချင်း သွေးကြီးသွားကြသူတွေက ပစ်ပယ်ဖို့ လုပ်ကြသေးတာ…၊ ဒါပေမယ့် ̔ကျနော်တို့လက်ထက်မှာ လုံးဝမဆောက်ပါဘူး̕ ဆိုတဲ့ စကားအောက်မှာ စိတ်ပျက်လက်ပျက်နဲ့ သူ့ဆီကို လူတွေ ပြန်လာတော့လည်း မြစ်ကတော့ ပစ်ပစ်ခါခါ မလုပ်ပါဘူး၊ အရင်အတိုင်း တလှုပ်လှုပ်နဲ့ ဝါဝါလွင်လွင်ပဲ စီးဆင်းလို့…၊


ကျနော့်ရဲ့ ညာဖက်ဘေးမှာ သားထိုင်တယ်၊ သားရဲ့ ဘေးမှာ မအိမ်သူ၊ သူ့ဘေးမှာက ညီမလေးသူသူ (ရွှေအိမ်စည်)…၊ ဓာတ်ပုံတွေထဲမှာ ကျနော်ကြိုမြင်ဖူးတဲ့ ညီမသူသူနဲ့ အခုအပြင်မှာ တွေ့ရတဲ့ ညီမသူသူက တထပ်ထဲပါပဲ၊ အနောက်တိုင်းသူတွေ အလုအယက် လိုချင်ကြမယ့် အသားအရည်ပေါ်မှာ ကြက်သွေးရောင် ချည်သား အင်္ကျီလုံချည်ကို ဝတ်ထားပြီးတော့ နူးနူးညံ့ညံ့၊ ငြိမ်ငြိမ်ဆိမ်ဆိမ်ပဲ ထိုင်နေခဲ့တယ်၊ ပြောင်မြောက်တဲ့ ဝတ္ထုတိုတွေနဲ့အတူ စာအုပ်ရီဗျူးတွေကို သူမတူအောင် ရေးတတ်တဲ့ ညီမသူသူကို မြင်ရတာ အဆိုတော်ဗလရဲ့ “ဘယ်သူဖန်ဆင်း ပေးတာလဲ” ဆိုတဲ့ သီချင်းကလေးကို သတိရချင်စရာ…၊း)

ညီမသူသူရဲ့ ဘေးမှာတော့ မမေ (မေဓာဝီ)…၊ ကျနော်အပါအဝင် လူတွေအများကြီး နှစ်သက်ခဲ့ရတဲ့၊ တခုတ်တရ ဖတ်ခဲ့ရတဲ့ အက်ဆေးတွေ၊ စကားပြေတွေကို စီးဆင်းစေခဲ့ရာ ကလောင်တစ်ချောင်း…၊ ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလတုန်းက အင်းယားလိတ်ဟိုတယ်မှာ ကျင်းပခဲ့တဲ့ ဧရာဝတီစာပေပွဲတော်ကို သနပ်ခါးပါးကွက်ကျားနဲ့ လာတက်ခဲ့တဲ့ မမေရဲ့ ပါးပြင်မှာ ဒီညနေတော့ သနပ်ခါး မတွေ့မိဘူး၊ သွေးနေကျ ကျောက်ပျဉ်ကြီး ဟိုတလောက ကွဲသွားတယ်ဆိုတဲ့ အကျိုးဆက်ပေပဲလား၊ သနပ်ခါး မပါပေမယ့် တရားကိုသိတဲ့ မမေရဲ့ မျက်နှာလေးကတော့ ကြည်ကြည်လင်လင်နဲ့…၊

မမေရဲ့ဘေးမှာတော့ အစ်မချစ် (ချစ်ကြည်အေး)…၊ အစ်မချစ်နဲ့က ဒါ ဒုတိယအကြိမ် ဆုံဖြစ်တာပါ…၊ ပထမအကြိမ်တုန်းက စင်္ကာပူမှာ…၊ အစ်မချစ်ကတော့ မြင်နေကျပုံအတိုင်းပါပဲ၊ စင်္ကာပူမှာပဲဖြစ်ဖြစ် မြန်မာပြည်မှာပဲ ဖြစ်ဖြစ်ပါ၊ နွဲ့နွဲ့ပြေပြေ ထိုင်ရင်း မပွင့်တပွင့် ပြုံးတတ်တာက အစ်မရဲ့ ထရိတ်မတ်ခ်ပဲ ထင်ပါရဲ့…၊း)

အစ်မချစ်ရဲ့ ဘေးမှာက အစ်မမြသွေး (မြသွေးနီ)…၊ ပုံနှိပ်မီဒီယာဖက်ကော ဘလော့ဂ်ရပ်ဝန်းဖက်မှာပါ ထဲထဲဝင်ဝင် ရှိလှသူ၊ ဘလော့ဂ်ပေါ်က စာတွေကို ပုံနှိပ်မဂ္ဂဇင်းတွေထက် လမ်းဖောက်စီးဆင်း စေခဲ့သူ၊ မောင်တစ်ထမ်း၊ မယ်တစ်ရွက် ခင်ပွန်းသည်နဲ့ အတူလက်တွဲပြီး စာပေမောင်နှမတွေအပေါ် အမြဲပဲ အကူအညီပေးတတ်သူ…၊ အစ်မမြသွေးက ̔တို့က.. ညီလင်းသစ်ဆိုတာ အသက်ကြီးကြီး လူကြီးတစ်ယောက်လို့ အောက်မေ့နေတာ̔ လို့ တွေ့တွေ့ချင်း အံ့သြပုံနဲ့ ပြောပေမယ့် ကျနော်ကတော့ သူ့ပုံကို မြင်ဖူးထားလို့ နုနယ်ပြေပြစ်တဲ့ အစ်မတစ်ယောက်ဆိုတာ ကြိုပြီးသိထားတဲ့အတွက် တကယ်တမ်း တွေ့လိုက်ချိန်မှာ မအံ့သြမိပါဘူး…၊း)

အစ်မမြသွေးရဲ့ ညာဖက်မှာထိုင်တာက ကိုညိမ်း (မျောလွင့်တိမ်တို့နားခိုရာ)…၊ ကိုညိမ်းက စင်္ကာပူမှာ တိမ်တွေနဲ့အတူ မျောလွင့်နေခဲ့ရာက မြန်မာပြည်မှာ နားခိုရာ ပြန်ဖြစ်နေသူ၊ စင်္ကာပူမှာတုန်းက ကျနော့်ကို ဟိုဟိုဒီဒီ လိုက်ပို့ရင်း MRT မှားစီးမိတဲ့အဖြစ်ကို ခမျာမှာ အခုထိ အားနာလို့ မဆုံးသေးတဲ့ပုံ…၊ အစ်မမြသွေးကို မြင်ချိန်မှာ မအံ့သြမိတဲ့ ကျနော်က ကိုညိမ်းကို မြင်တော့ အံ့သြသွားတယ်၊ ကျနော်သိထားသလောက် သူနေတဲ့နေရာက ဝေးပါတယ်၊ အဲဒါကို ညပိုင်းပြန်ရမှာတွေ ဘာတွေမစဉ်းစားဘဲ ရောက်အောင်လာခဲ့တာ၊ စင်္ကာပူမှာတုန်းက ဘောင်းဘီဝတ်မိုးတိမ် အနေနဲ့ တွေ့ခဲ့ရတဲ့ ကိုညိမ်းက အခုမြန်မာပြည်မှာတော့ ပုဆိုးဝတ်မိုးတိမ် အဖြစ်နဲ့ ခပ်ပြုံးပြုံး…၊

တအောင့်လောက်ကြာတော့ ကိုမြစ် (မြစ်ကျိုးအင်း)နဲ့ မမြတ်မွန်တို့ ရောက်လာကြတယ်၊ သူ့ရဲ့ ဇတ်သဘင်လောကအပေါ် ကျေညက်ပိုင်နိုင်ပုံကို သတိထားမိရာက စ,လို့ ကိုမြစ်ရဲ့ ပို့စ်တွေကို ကျနော်ဖတ်ဖြစ်လာခဲ့တယ်၊ နောက်တော့ ဖေ့စ်ဘွတ်ခ်ရဲ့ စာမျက်နှာတချို့မှာ ဦးထုပ်တွေ ဆောင်းထားလေ့ရှိတဲ့၊ ကင်မရာကို စိတ်ဝင်စားတဲ့ လူငယ်လေးတစ်ဦးအဖြစ် အမှတ်ထင်ထင် ရှိနေခဲ့တယ်၊ လူတိုင်းနဲ့ ဦးထုပ်က မလိုက်ဖက်ပေမယ့် ကိုမြစ်နဲ့ကျတော့ ကြည့်ရတာ အတော်လေး အဆင်ပြေတယ်လို့ ဆိုရမှာပဲ၊ သူကလည်း ဒါကို သိနေပုံရတယ်၊ အခုလို ညဖက်လာတာတောင် ရိုးရာမပျက် ဦးထုပ်လေးဆောင်းလို့...၊ ‘ညစာ စားနေတုန်း တလျှောက်လုံးမှာ မချွတ်တမ်း စွဲလမ်းမှုနဲ့များ သူဆောင်းထားမလား မသိဘူး’ လို့ ကျနော်တွေးနေမိတာကို ကိုမြစ် ရိပ်မိသွားတယ် ထင်ပါရဲ့..၊ ခဏနေတော့ ဦးထုပ်လေးကို တရိုတသေ ချွတ်ပြီး လက်တစ်ကမ်းအကွာမှာ ချထားလိုက်တာ တွေ့ရတယ်...၊း)

မမြတ်မွန် ကိုတော့ မမျှော်လင့်ဘဲ တွေ့ခွင့်ရတဲ့အတွက် ကျနော် ဝမ်းသာသွားမိတယ်၊ ကိုရန်အောင် ထုတ်ခဲ့တဲ့ “သက်တံ့ဆယ်စင်း” မှာ တစ်အုပ်ထဲ အတူပါခဲ့သူဆိုတော့ အခုလို ကြုံတောင့်ကြုံခဲ ဆုံခွင့်ရတာ ဝမ်းသာစရာပဲ မဟုတ်လား၊ သူ့ရဲ့ ‘မေတ္တာဖြင့်မိုး၊ နှလုံးသားနှင့်ကာ’ နဲ့ ‘မသိကိန်း၏တန်ဖိုး’ နှစ်ပုဒ်စလုံးက အင်မတန်ရသမြောက်တဲ့ ဝတ္ထုတွေပါ၊ သက်တံ့ဆယ်စင်းရဲ့ ရီဗျူးတစ်ခုမှာလား မသိဘူး သူ့ကို ဖွဲ့ထားတာ ဖတ်လိုက်ရတယ်၊ တရုတ်မင်းသမီးချော ချောသည့်မြတ်မွန်... ... ဆိုပြီးတော့...၊ အင်း... ဒါဟာ ရေးသူရဲ့ အလွန်တော့လည်း မဟုတ်ပေဘူးလို့ ခဏချင်းမှာ ကျနော် မှတ်ချက်ချမိပါတယ်…၊

နောက်ဆုံးပိတ် အိတ်နဲ့လွယ်ဖို့ ရောက်လာသူတွေကတော့ ညီမမိုး (မိုးငွေ့) နဲ့ မပျိုးယုဝသုန် (မမဝသုန်နှင့်အပြာရောင်တောင်တန်းများ)…၊ ညီမမိုးက ဘလော့ဂ်ပို့စ်တွေကို စက်နဲ့လှည့်ထုတ်နေသလား ထင်ရလောက်အောင် ထုတ်လုပ်မှု အားကောင်းသူပါ၊ မြန်မာပြည်ရဲ့ အင်တာနက် ကော်နက်ရှင် နှေးနှေးမြန်မြန် သူ့ရဲ့ ပို့စ်တွေကတော့ မှန်မှန်ပါပဲ၊ အက်ဆေးလှလှလေးတွေ၊ ထောင့်မျိုးစုံက ရေးထားတဲ့ အိန်ဂျယ်စာစုတွေဟာ မိုးရေပက်ဖြန်းထားတဲ့ ကျူးလစ်ပန်းလေးတွေလို အသွေးစုံ၊ အဆင်စုံနဲ့…၊ သူ့ဘလော့ဂ်ရဲ့ ထိပ်ဆုံးမှာ ̔မိုးငွေ့ဆိုတာ ကော်ဖီခါးခါးအကြိုက်နဲ့ ဖက်ရှင်တအားမိုက်သူ… ̔ လို့ ရေးထားတယ်၊ အဲဒီညက ကော်ဖီမသောက်ဖြစ်ကြလို့ ပထမတစ်ချက်ဖြစ်တဲ့ ကော်ဖီခါးတယ်ဆိုတာ ဘယ်လောက်ခါးမှန်း ကျနော်မသိရပေမယ့် ဒုတိယတစ်ချက်ကတော့ တကယ့်ကို အမှန်ပါပဲလေ-လို့ တီးတိုးရေရွတ်မိတယ်…၊း)

မပျိုးယုဝသုန် ရဲ့ အပြာရောင်တောင်တန်းတွေဆီကို ညီမမိုးရဲ့ ဘလော့ဂ်ကနေတဆင့် ကျနော်ရောက်ဖူးခဲ့တယ်၊ မပျိုးယုဝသုန်ဟာ ညက်ညောတဲ့ စကားပြေတွေနဲ့အတူ အနုပညာကော၊ အတတ်ပညာပါ ပါတဲ့ ကဗျာတွေကိုလည်း ဖွဲ့နိုင်သူပါ၊ အထူးသဖြင့် သူ့ရဲ့ ကလေးကဗျာလေးတွေဟာ ကာရန်နဘေ အချိုးညီညီ၊ အသံသာသာနဲ့ အင်မတန်အပြစ်ကင်းတဲ့ ချစ်ခြင်းရနံ့တွေ ထုံမွှမ်းနေတတ်တယ်၊ အဲဒီကဗျာလေးတွေကို ဖတ်ရချိန်မှာ လက်ကလေးတွေပိုက်လို့ ညီညာဖြဖြ ရွတ်နေကြတဲ့ ကလေးငယ်လေးတွေကို စိတ်အာရုံမှာ မြင်ယောင်လာမိစေ ပါတယ်၊ မပျိုးယုဝသုန်ဟာ သူ့ဘလော့ဂ်မှာ ကိုယ်တိုင် ရေးထားသလို ̔ကမ္ဘာမြေမှာ ကဗျာတွေရေရွတ်ဖို့ ̕ ရောက်လာသူ ပါပဲ…၊

အဲဒီနေ့ ညနေပွဲကို မလာနိုင်ပေမယ့် ကိုဏီ (ဏီလင်းညို) နဲ့ ကိုကိုး (ကိုကိုးအိမ်)တို့နဲ့လည်း ဖုန်းနဲ့ နှုတ်ဆက်ခွင့် ကြုံခဲ့ပါတယ်…၊

ကွန်ပျူတာဖန်သားပြင်ပေါ်က စာလုံးတွေကနေတဆင့် ရင်းနှီးခင်မင်ခွင့် ရခဲ့တဲ့ ညီအစ်ကိုမောင်နှမတွေကို ရန်ကုန်ရဲ့ အောက်တိုဘာ ညနေခင်းတစ်ခုထဲမှာ နွေးနွေးထွေးထွေး ဆုံတွေ့ခွင့်ရခဲ့တာ တကယ့်ကို ဝမ်းမြောက်စရာပါ၊ စားပွဲဝိုင်းညစာ ဖြစ်လို့လည်း အားလုံးတပြေးညီ ပါဝင်စကားပြောလို့ ရတယ်၊ Junior Duck ရဲ့ ဟင်းတွေကလည်း ဟိုးယခင်ကာလတွေက အတိုင်း အရသာရှိဆဲ…၊ အထူးသဖြင့် သူတို့ရဲ့ နာမည်ကြီးဘဲကင်ကို အထူးခရက်ဒစ် ပေးရမှာဖြစ်သလို ကန်စွန်းရွက်ကြော်ကလည်း ဒီတစ်ခေါက် ဆိုင်အစုံက စားခဲ့သမျှထဲမှာ အကောင်းဆုံးပါပဲ၊ တကယ်တမ်းသာ စကားတွေ ပြောကြစတမ်းဆိုရင် နန်းသီတာဆိပ်ကမ်းရဲ့ အဲဒီညနေခင်းလေးက တိုတောင်းလှတယ်လို့ ဆိုရမှာပါ၊ ဒါပေမယ့် လူတိုင်းကိုယ်စီက ပြေးပြေးလွှားလွှားနဲ့ မအားမလပ် ဖြစ်နေတတ်တဲ့ ဒီနေ့လို ခေတ်ကြီးထဲမှာ သူတို့တွေနဲ့ ဆုံဖြစ်ခဲ့တဲ့ အဲဒီညနေခင်းလေးက ကျနော့်အတွက်တော့ ငြိမ့်ငြိမ့်ညောင်းညောင်း ထိုးလိုက်တဲ့ ခေါင်းလောင်းလေးတစ်လုံး လိုပါပဲ၊ တစ်ညနေခင်းလေးပဲ ထိုးလိုက်ပေမယ့် နှစ်များစွာတိုင် ပဲ့တင်ရိုက်ခတ်၊ အမှတ်ရဖြစ်နေမှာ တကယ့်ကို အသေအချာပါ…။ ။

(စာဖတ်သူတစ်ယောက်က ကွန်မန့်ရေးဖူးတယ်၊ သူမို့ တင်လိုက်ရင် အစားအသောက်ပုံတွေနဲ့ နှိပ်စက်တော့တာပဲ-တဲ့၊ အဲဒါနဲ့ ပေါက်တဲ့နဖူး မထူးတဲ့ စိတ်မျိုးနဲ့ ဒီတစ်ပုဒ်မှာ အစားအသောက်ပုံတွေ များများတင်ဖြစ်သွားပါတယ်၊ လာမယ့်တစ်ပုဒ်မှာတော့ စိမ်းလန်းတဲ့ ရှုမျှော်ခင်းတွေ၊ ထင်းရူးတောတွေ ရှိရာ ကလောမြို့လေးဆီ ကျနော်တို့ သွားကြရအောင်…)


ညီလင်းသစ်
၁၉ နိုဝင်ဘာ၊ ၂၀၁၃

13 November 2013

စိတ်၏ချည်တိုင် နိုင်ငံကလေးသို့ (၂)


ဒီတစ်ခေါက် အိမ်အပြန်ခရီးက ရက်နည်းလို့ စီစဉ်ရတာတွေက အတော်လေးကို ကျပ်ကျပ်တည်းတည်း ရှိလှတယ်၊ ၂ ပတ်တာ ကာလအတွင်းမှာ တွေ့ရမယ့်သူတွေ၊ သွားရမယ့်နေရာတွေ နဲ့အတူ ပြည်တွင်းခရီးစဉ်အဖြစ် ကလောနဲ့ အင်းလေးကိုပါ ထည့်ထားတော့ ရက်တိုင်းလိုလိုက ချိန်းဆိုမှုတွေနဲ့ ပြည့်နေခဲ့ ပါတယ်၊ ပြီးခဲ့တဲ့နှစ် ပြန်တုန်းက ပုဂံနဲ့အင်းလေးကို အတူတကွ သွားလည်ဖို့ မူလက ကြံစည်ထားပေမယ့် ကလေးက ငယ်သေးလို့ ခရီးပန်းမှာရယ်၊ ရန်ကုန်မှာ အေးအေးဆေးဆေး နေရအောင်ရယ် ပြန်တွေးပြီး ပုဂံတစ်ခုပဲ သွားဖြစ်ခဲ့တယ်၊ အဲဒီကတည်းက နောက်တစ်ခေါက်ဆိုရင်တော့ ရှမ်းပြည်ဖက်သွားမယ်လို့ သတ်မှတ်ထားလိုက်တော့ အခုခရီးစဉ်မှာ သွားဖို့ဖြစ်လာတာပါပဲ၊ ကျနော့်တစ်ဦးတည်း သဘောဆိုရင်တော့ ပုဂံကိုပါ ၂ ရက်လောက်ဖြစ်ဖြစ် အပြေးကလေး သွားလိုက်ချင်သေးပေမယ့် ရတဲ့ရက် ၂ ပတ်လေး အတွင်းမှာ အဲဒီလို မြန်မာပြည်အနှံ့သာ လျှောက်သွားနေမယ်ဆို ဘယ်သူနဲ့မှ ဟုတ်တိပတ်တိ တွေ့ရတော့မှာ မဟုတ်ဘဲ လူက တိုးရစ်စ်ကြီးလုံးလုံး ဖြစ်သွားတော့မှာ အသေအချာပဲ၊ ဒီလိုနဲ့ပဲ ကျနော့်ရဲ့ ချစ်လှစွာသော ပုဂံကို ဒီတစ်ခေါက်မှာ ဝမ်းနည်းစွာနဲ့ ချန်ခဲ့လိုက်ရတော့တယ်၊

ဆိုတော့… ခရီးစဉ်ရဲ့ ပထမဦးစားပေးအဖြစ် သားနဲ့ သူ့အဖိုးအဖွားတွေကို သတ်မှတ်ထားလိုက်တယ်၊ သားက အခုဆို ၆ နှစ်ကျော်လာပြီ ဆိုပေမယ့် အဖေဖက်က အဖိုးအဖွားနဲ့ အတူနေရချိန်က အလွန်ဆုံးရှိလှ ၆ လကျော်ကျော်ပေါ့၊ အဖိုးအဖွားဖက်က ကြည့်တော့လည်း သူတို့ ထူထူထောင်ထောင်နဲ့ သွားနိုင်လာနိုင် ရှိတုန်းမှာ ဒီမြေးလေးနဲ့ ရောက်တုန်းရောက်ခိုက် စကားတွေပြောချင်၊ အတူကစားချင်ရှာမှာ ပါပဲ၊ အဲဒါကြောင့် ရန်ကုန်မှာရှိခိုက် ကျနော့်မိဘတွေကို နေ့တိုင်းနီးပါး တစ်နေကုန် အချိန်ပေးထားပြီးတော့ တခြားသွားစရာ၊ ချိန်းဆိုစရာတွေကိုတော့ ညနေဖက်နဲ့ ညပိုင်းတွေကို ရွေးထားလိုက်တယ်၊ ရန်ကုန်ကိုရောက်တဲ့ နေ့လယ်ခင်းမှာတော့ ခရီးရောက်မဆိုက် မြို့ထဲဖက်ကို တစ်ခါရောက်ဖြစ် ပါတယ်၊


ရန်ကုန်မြို့ရဲ့ နေ့လယ် ၃ နာရီဝန်းကျင်ဟာ အရမ်းကြီးတော့ ကားမကြပ်လှပါဘူး၊ အနည်းဆုံးတော့ ကျနော်တို့သွားခဲ့တဲ့ လမ်းကြောင်းပေါ်မှာ ယာဉ်တန်းအရှည်ကြီးနဲ့ အကြာကြီးရပ်နေရတာမျိုး၊ တရွေ့ရွေ့နဲ့ သွားနေတာမျိုးတွေတော့ မရှိခဲ့ဘူး၊ ဒါပေမယ့် ရန်ကုန်မှာ ကားတွေ သိသိသာသာကို များလာတယ်၊ မနှစ်က ဖေဖော်ဝါရီလမှာတောင် အခုလောက် မများသေးဘူးလို့ ကျနော်မှတ်မိနေတယ်၊ ၂ နှစ်နီးပါးအတွင်းမှာ အဆမတန် များလာခဲ့တယ်လို့ ဆိုရမှာပေါ့၊ ဖွံ့ဖြိုးပြီး နိုင်ငံတွေနဲ့ ယှဉ်မယ်ဆိုရင် ရန်ကုန်မြို့ရဲ့ လူဦးရေနဲ့ ကားအရေအတွက် အချိုးဟာ အများကြီးကို နည်းနေသေးတယ်လို့ ဆိုနိုင်ပါတယ်၊ ဒါပေမယ့် ရန်ကုန်ရဲ့ လမ်းတွေမှာတော့ လမ်းလယ်ခေါင်ထိ တက်မောင်းနေတဲ့ ဘတ်စ်ကားကြီးတွေ၊ လမ်းဘေးမှာ ရပ်ချင်သလိုရပ်ထားတဲ့ ကားတွေ၊ လမ်းမပေါ်အထိ ရောက်နေတဲ့ ဈေးဆိုင်တွေ၊ ထင်ထင်ရှားရှား ရှင်းရှင်းလင်းလင်း ရေးဆွဲမထားတဲ့ ယာဉ်ကြောမျဉ်းတွေ၊ တစ်ခုနဲ့တစ်ခု အချိတ်အဆက် မမိတဲ့ မီးပွိုင့်တွေ၊ စည်းကမ်းတကျ မောင်းဖို့မစဉ်းစားဘဲ လျင်သလိုဝင်ထွက်နေတဲ့ ယာဉ်တွေ… စတာတွေကြောင့် တိုးလာတဲ့ ကားအစီးရေနဲ့ မမျှအောင်ဘဲ လမ်းတွေက ချက်ချင်းကို ကြပ်သွားခဲ့ရတယ်လို့ ကျနော်မြင်ပါတယ်၊ ယာဉ်အို၊ ယာဉ်ဟောင်း ပြန်သိမ်းတဲ့ စီမံချက်ကြောင့်လားတော့ မသိဘူး၊ တက်စီတွေတော့ အရင်တစ်ခေါက်ထက်စာရင် နည်းနည်းပိုပြီး သစ်လာကြတယ်၊ Volvo, BMW, Audi, Mercedes စတဲ့တံဆိပ်တွေနဲ့ နောက်ဆုံးပေါ် မော်ဒယ်လ် ကားတွေကိုလည်း ဟိုနားတစ်စ၊ ဒီနားတစ်စ မြင်ခဲ့ရသေးတယ်၊ ဟိုးအရင် ကာလတွေတုန်းက အလွန်အကျွံ ကားဟွန်းတီးသံတွေနဲ့ နားတွေအူနေတတ်တဲ့ ရန်ကုန်ဟာ အခုတော့ ဟွန်းသံတွေ မကြားရသလောက်နဲ့ ဆိတ်ငြိမ်သွားတာ စိတ်ချမ်းသာစရာ ပါပဲ…၊


ပန်းဆိုးတန်းကတော့ အဆောက်အဦးအသစ်တွေ ထိုးထိုးထောင်ထောင်နဲ့ ကျနော့်ကို ခပ်တန်းတန်းပဲ ဆီးကြိုတယ်၊ တကယ်ဆို ဝတ်ကျေတန်းကျေ အပြုံးလေးတစ်ခုလောက်တော့ အနည်းဆုံး ကျနော်ရခဲ့ သင့်တာပေါ့၊ အခုတော့ ကျနော်တို့မှာ ဘယ်တုန်းကမှ မသိခဲ့ကြသူတွေလို…၊ အင်းလေ.. မေ့လောက်မှတစ်ခါ သူ့ဆီ ရောက်,ရောက်လာတတ်တဲ့ လူတစ်ယောက်ကို အပြောင်းအလဲတွေနောက် အမောတကော ပြေးလိုက်နေရတဲ့ ပန်းဆိုးတန်းကလည်း မေ့တေ့တေ့ ရှိနေခဲ့မှာ သဘာဝကျပါတယ်၊ ကျနော်တို့က သိမ်ဖြူလမ်းကနေ ကုန်သည်လမ်းတလျှောက် ဆူးလေအထိ လျှောက်လာခဲ့တာပါ၊ ပန်းဆိုးတန်းနဲ့ ကုန်သည်လမ်းထောင့်မှာ မေရှော့ပင်းစင်တာ ကိုတွေ့တော့ အသစ်ပေါ်လာတဲ့ ရှော့ပင်းမောလ် အကြီး,ကြီးတွေကို သူဘယ်လိုများ တောင့်ခံနေသလဲလို့ ကျနော် တအံ့တသြ တွေးနေမိတယ်၊ အပြိုင်အဆိုင်တွေကြားမှာ အနည်းဆုံးတော့ ဈေးဝယ်သူကို အရေးမလုပ်တဲ့၊ ကုန်ပစ္စည်းတွေ မေးရင် မပြချင်၊ ပြချင်နဲ့ ထုတ်ပေးတတ်တဲ့၊ စကားအပြောအဆို မချိုသာ၊ မပြေပြစ်တဲ့ မေရှော့ပင်းက အရောင်းဝန်ထမ်းတွေရဲ့ အရင်တုန်းက အမူအကျင့်တွေ အခုလောက်ဆို ပြင်ပြီးလောက်ရောပေါ့လို့ ကျနော်ဆက်ပြီး တွေးမိတယ်…၊


တရားဥပဒေ စိုးမိုးရေးကို တွင်တွင်ကျယ်ကျယ် ပြောလာကြတဲ့ အခုခေတ်မှာ ဗဟိုတရားရုံးကြီးနဲ့ တရားရေးဆိုင်ရာ ဝန်ထမ်းတွေလည်း ပွင့်လင်းမြင်သာမှု အပြည့်နဲ့ ပိုပြီး သမာသမတ် ကျလာပါစေလို့ ကျနော်မျှော်လင့်မိတယ်၊ ခန့်ညားလှတဲ့ ဟောဒီ ကိုလိုနီခေတ် အဆောက်အဦးကြီးနဲ့အတူ ရန်ကုန်ဟာ အရှေ့တောင်အာရှမှာ ကိုလိုနီလက်ရာ အဆောက်အဦးတွေ အများဆုံးတွေ့နိုင်သေးတဲ့ နေရာပါ၊ သမိုင်းတန်ဖိုး မြင့်မားလှတဲ့ ရှေးဟောင်းအဆောက်အဦးတွေကို ထိန်းသိမ်းဖို့ လုပ်နေတဲ့ Yangon Heritage Trust လို အဖွဲ့မျိုး ပေါ်လာတာလည်း ဝမ်းမြောက်စရာပါ၊ ကျနော်တို့ဆီမှာက ရှေ့နောက်မစဉ်းစားဘဲ စိတ်ကူးတည့်ရာ လျှောက်,လျှောက်လုပ်တတ်တဲ့ လူတချို့ ရှိနေသေးတယ် မဟုတ်လား၊ တော်ကြာ.. ဒီအဆောက်အဦးတွေက ကျွန်ခေတ် အငွေ့အသက်တွေနဲ့ အိုဟောင်းပြီး ကျက်သရေ မရှိပါဘူးကွာ၊ ဖြိုပြီး ရှော့ပင်းမောလ်သာ ဆောက်ပစ်လိုက်… ဆိုရင် ဘယ့်နှယ့်လုပ်မလဲ၊း)


အရင်တုန်းကဆိုရင်တော့ ဒီလိုမျိုး အဆောက်အဦးတွေက မြင်ကွင်းထဲကို တကူးတက ဝင်လာစရာ အကြောင်းမရှိပါဘူး၊ ဒါပေမယ့် ဒီလိုမြင်ကွင်းမျိုးတွေနဲ့ ဝေးရာမှာ နေထိုင်ခဲ့တာ နှစ်တွေကြာလာတဲ့အခါ အလိုလို သတိပြုမိလာတော့တယ်၊ အဆောက်အဦးတွေရဲ့ ကြံ့ခိုင်မှု၊ ပြုပြင်ထိန်းသိမ်းမှု၊ မြို့ပြအင်္ဂါရပ်၊ နေထိုင်သူများနဲ့ ဝန်းကျင်က လူများအပေါ် အန္တရာယ်သက်ရောက်နိုင်မှု အနေအထား စတာတွေရဲ့ ချိန်ထိုးပြီး အရည်အချင်းစစ်ရင်တော့ စာမေးပွဲကျမယ့် ကျောင်းသားတွေ ရန်ကုန်မှာ အများကြီးပါပဲ၊ မနေ့တစ်နေ့ကမှ ကုန်းရုန်းထလာတဲ့ တိုင်းပြည်တစ်ခုမှာ ပြုပြင်စရာတွေက များလွန်းလို့ အခုလို ကိစ္စတွေက အာဂျင်ဒါရဲ့ ဟိုးနောက်ဖက် ခပ်ကျကျနားမှာပဲ ရှိနေမှာ သေချာပါတယ်…၊


ဗိုလ်ချုပ်ဈေးနားတဝိုက် ကတော့ အရင်အတိုင်း စည်ကားဆဲပါပဲ၊ တော်ရုံလူတွေ မစားနိုင်တဲ့ အသီးတွေနဲ့အတူ ဟင်းသီးဟင်းရွက်သည်တွေ၊ ကြက်သားသည်တွေနဲ့ ပျံကျဈေးလေးတစ်ခုတောင် ဖြစ်မှန်းမသိ ဖြစ်လို့…၊ ဒီနားလေး တဝိုက်ကို ကျနော်သဘောကျတယ်၊ ဗိုလ်ချုပ်ဈေးထဲက ခမ်းခမ်းနားနား ဆိုင်ကြီးတွေနဲ့ ဒီနေရာလေးက ခေါင်းရွက်ဗျပ်ထိုး ဈေးသည်လေးတွေရဲ့ ဆန့်ကျင်ဖက် အခင်းအကျင်းနှစ်ခုက တကယ့်ကို contrast in togetherness ပါပဲ၊ ခပ်လှမ်းလှမ်းမှာတော့ အန်တီစုပုံပါတဲ့ တီရှပ်တွေအများကြီး ချိတ်ရောင်းနေတာ တွေ့ရတယ်၊ လူတွေရဲ့ ရင်ဘတ်ထဲမှာပဲ ခိုးကြောင်ခိုးဝှက် ချစ်ခြင်းခံခဲ့ရတဲ့ အမျိုးသမီးကြီးဟာ အခုတော့ ရင်ဘတ်ပေါ်ကို ပေါ်ပေါ်တင်တင် ရောက်လာခွင့် ရခဲ့ပြီပေါ့…၊ စကပ်တွေ၊ ဘောင်းဘီရှည်တွေ၊ သရီးကွာတားတွေနဲ့ ရန်ကုန်သူတွေကိုလည်း ပိုပြီးတွေ့လာရတယ် ဆိုပေမယ့် လုံချည်ဝတ်တဲ့ အမျိုးသမီးတွေလည်း အများကြီးပါပဲ၊ တကယ်တော့ ထမီပဲဝတ်ဝတ် ဘောင်းဘီပဲဝတ်ဝတ်ပါ၊ ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ် သဟဇာတ ဖြစ်နေမယ်၊ ကိုယ့်ရဲ့ ယဉ်ကျေးမှုကို မမေ့ဘူး၊ ပတ်ဝန်းကျင်မှာလည်း အမြင်ရိုင်းမနေဘူး ဆိုရင် လုံလောက်ပြီ မဟုတ်လား…၊ မှန်နိုင်လွန်ဝတ်တဲ့ အမျိုးသမီးတွေကို ကြိမ်လုံးနဲ့ လိုက်ရိုက်ကြတဲ့ ခေတ်က ကျန်ခဲ့ပါပြီလေ၊ FMI အောက်ထပ်က Ya Kun ဆိုတဲ့ အအေးဆိုင်လေးမှာ ထိုင်ပြီး ကျနော်လျှောက်တွေး နေမိတယ်၊ အမှန်တော့ ကျနော်သွားချင်တာက မမိုးငွေ့ရေးဖူးတဲ့ Bar Boon Cafe …၊ ဒါပေမယ့် အဲဒီရှေ့လည်းရောက်ရော ဆိုင်နာမည် မမှတ်မိတာနဲ့ ပိုပြီးထိုင်လို့ကောင်းမယ် ထင်ရတဲ့ ဘယ်ဖက်က Ya Kun Family Café ကိုရောက်သွားတာ၊ ကျနော်တို့ မှာသောက်တဲ့ အအေးတွေကတော့ သောက်လို့ မကောင်းဘူး၊ သဘာဝ သစ်သီးရနံ့တွေ မရဘဲ ဓာတုပစ္စည်း ရနံ့တွေနဲ့အတူ အရသာကလည်း ချိုချိုအီအီတွေ…၊ ဘာပဲဖြစ်ဖြစ် ရန်ကုန်ရဲ့ ညနေခင်းတွေဟာ လေထုညစ်ညမ်းမှုတွေနဲ့ အပူရှိန်တွေ မြင့်တက်လာနေတယ်လို့ ဆိုကြသည့်တိုင် အဲဒီ ကော်ဖီဆိုင်လေးရဲ့ ဝရန်တာမှာထိုင်ပြီး တွန်းတွန်းတိုက်တိုက်နဲ့ အသက်ဝင်နေတဲ့ ရှုခင်းတွေကို ကျနော် ငေးနေမိခဲ့တယ်…၊


ကျနော်တို့ တည်းခဲ့တဲ့ Bed & Breakfast ဟိုတယ်ကလေးရဲ့ မနက်စာပါ…၊ ခြံထဲမှာ အုန်းသီးတွေ ခူးထားတာတွေ့လို့ အုန်းရည် တစ်ခါမှ မသောက်ဖူးသေးတဲ့ သားကို အုန်းရည်နဲ့ အုန်းသီးဇွန်းခြစ် မိတ်ဆက်ပေးလိုက်တယ်…၊း)


နာမည်ကြီးလက်ရာမျိုး အကောင်းစားကြီးတော့ မဟုတ်ပါဘူး၊ ဒါပေမယ့် မုန့်ဟင်းခါးဆိုတာနဲ့တင် ကျနော်ကတော့ လိုလားတောင့်တတဲ့ စိတ်နဲ့ ကျေနပ်နှစ်သက်စွာ စားပစ်လိုက်ဖို့ အဆင်သင့် ဖြစ်နေခဲ့တော့တာ…၊း)

(ဒီအပိုင်း ၂ မှာ နည်းနည်းလေး ပိုကြာသွားရတဲ့ အဖြစ်ကို စိတ်မကွက်ဘဲ အပိုင်း ၃ ကိုလည်း လိုက်ခဲ့ကြပါဦး…)


ညီလင်းသစ်
၁၃ နိုဝင်ဘာ၊ ၂၀၁၃

04 November 2013

စိတ်၏ချည်တိုင် နိုင်ငံကလေးသို့ (၁)


လူက အခြားတပါးသောအရပ်မှာ ရောက်နေပေမယ့်လည်း စိတ်ကတော့ ချည်တိုင်မှာ အချည်ခံထားရသလို အမြဲတမ်း တဝဲလည်လည်နဲ့ သတိတရ ရှိနေဖြစ်တဲ့ နိုင်ငံကလေးဆီကို ဒုတိယအကြိမ် ထပ်ပြီး ရောက်ခဲ့ရပါတယ်၊ ပထမအကြိမ် မနှစ်က ဖေဖော်ဝါရီမှာ သွားခဲ့တုန်းကနဲ့ မတူတာက ဒီတစ်ခေါက်မှာ သားက ကျောင်းတက်နေပြီဆိုတော့ မြန်မာပြည်မှာ ရာသီဥတု သာယာတဲ့ ဇန်နဝါရီ၊ ဖေဖော်ဝါရီလိုမျိုး လတွေမှာ မသွားနိုင်တော့တာပါပဲ၊ ဒါနဲ့ပဲ သူ့ကျောင်း နှစ်ပတ်ပိတ်တဲ့ အချိန်လည်းဖြစ်၊ မိုးကုန်စ ကာလလည်း ဖြစ်တဲ့ အောက်တိုဘာလမှာ သွားဖို့ ရွေးချယ်လိုက်ရတယ်၊ လေယာဉ်လက်မှတ်ကိုတော့ ထုံးစံအတိုင်း တစ်နှစ်နီးပါးကြိုပြီး ဝယ်ထားဖြစ်တယ်၊ မနှစ်တုန်းကတော့ သုံးပတ်ခွဲတောင် နေခဲ့နိုင်ပေမယ့် ဒီတစ်ခါတော့ နှစ်ပတ်ထဲဆိုတော့ ရက်ကတိုတယ်လို့ ပြောမယ်ဆိုလည်း ပြောလို့ ရပါတယ်၊ အဲဒီနှစ်ပတ်ကို အသွားအပြန်အတွက် မကုန်စေဘဲ ဟိုမှာအပြည့် နေနိုင်အောင် သားကို ကျောင်းကနေ ခွင့်တိုင်ပြီး ၃ ရက်လောက် စောထုတ်လိုက်တယ်၊ သူငယ်တန်း ကျောင်းသားတစ်ယောက်အတွက် ၃ ရက်လောက် ခွင့်ရဖို့ စာတတန်၊ ပေတတန်နဲ့ တောင်းခံရတဲ့အပြင် ဝန်ခံသိရှိကြောင်းတွေ၊ ဘာတွေ လက်မှတ်တွေ ထိုးလိုက်ရသေးတယ်၊ အမှန်တော့ အောက်တိုဘာမှာ ဥရောပတစ်ခွင်လုံး ကျောင်းတွေပိတ်တော့ ခရီးတွေသွားကြလို့ လေယာဉ်လက်မှတ်တွေက ဈေးကြီးပါတယ်၊ အဲဒီတော့ မိဘတွေက ဈေးသက်သာရအောင် ကျောင်းပိတ်ရက် မတိုင်ခင်၊ ဒါမှမဟုတ် ကျောင်းပိတ်ရက် အလွန်မှာမှ ကလေးတွေကို ခွင့်နဲ့ ခေါ်ထုတ်ပြီး ခရီးသွားကြတယ်၊ အဲဒီလို လုပ်တာက ထုံးတမ်းစဉ်လာ တစ်ခုလို ဖြစ်လာလို့ ကျောင်းကနေ စည်းကမ်းတင်းကြပ်လိုက်ရ ပါတယ်လို့ ကျောင်းအုပ်က ရှင်းပြပါတယ်၊

ဒီတစ်ခါလည်း စင်္ကာပူလေကြာင်းနဲ့ပဲ သွားဖြစ်ပါတယ်၊ ဇူးရစ်ကနေ စင်္ကာပူ ထရန်စစ်ဝင်ရတဲ့ ခရီးပါ၊ ချန်ဂီကိုရောက်တော့ စာမေးပွဲမှာ ကိုယ်အပိုင်သိထားတဲ့ ပုစ္ဆာကို တွေ့လိုက်ရတဲ့ ကျောင်းသားလို ကျနော်ပြုံးမိတယ်၊ အဲဒီတံခါးတွေရဲ့ ဟိုးအတွင်းဖက်ထဲထိ ကျနော် ရောက်ဖူးပြီးသွား ပြီကိုး…၊ သားက အရင်တစ်ခေါက်တုန်းက လေယာဉ်ပေါ်မှာ ရုပ်ရှင်တွေကြည့်ခဲ့ရတာကို ကောင်းကောင်းမှတ်မိ နေတယ်၊ ဒီတစ်ခါလည်း ကြည့်ဦးမယ်၊ ဂိမ်းလည်း ကစားဦးမယ်လို့ အစောကြီးကတည်းက တက်တက်ကြွကြွနဲ့ ကြွေးကြော်နေတယ်၊ ကျနော်တို့ကလည်း သူ့ကို ရုပ်ရှင်တွေ မအိပ်တမ်းကြည့်ပြီး ရန်ကုန်လေဆိပ်ရောက်ကာနီးမှ အိပ်လို့ကတော့ အရင်တစ်ခေါက်ကလို ချီမှာ မဟုတ်တဲ့အကြောင်း အစောကြီးကတည်းက သတိပေးထားတယ်၊ တကယ်တမ်းကျတော့လည်း လေယာဉ်ပေါ်မှာ သူ့ကို ဘယ်လိုပဲ ကြိုးစားပြီး အိပ်ခိုင်းပေမယ့် အိပ်မပျော်နိုင်ဘဲ ဖြစ်နေခဲ့တယ်၊ စင်္ကာပူ စံတော်ချိန် မနက် ၅ နာရီခွဲလောက်မှာ လေယာဉ်က ဆင်းဖို့ ပြင်ဆင်ပါတယ်၊ အဲဒီအချိန်က ဆွစ်စံတော်ချိန် နဲ့ဆိုရင် ည ၁၁ နာရီဆိုတော့ သူငိုက်လာတယ်၊ ဒါပေမယ့် စင်္ကာပူကို ရောက်သွားတော့ လမ်းလျှောက်ရင်းနဲ့ပဲ မျက်လုံးက ပြန်ကျယ်သွားပြန်ရော…၊ အဲ… ဒုတိယတစ်ခေါက် စင်္ကာပူကနေ မနက် ၈ နာရီ လေယာဉ်တက်တော့မှပဲ အဲဒီအချိန်က ဆွစ်မှာ မနက် ၁ နာရီခွဲဆိုတော့ တခါတည်း တန်းပြီးအိပ်တော့တာပဲ၊ ရန်ကုန်လေဆိပ်ရောက်တော့ သားက ဘယ်လိုမှ ခေါင်းမထူနိုင်တော့ဘူး၊ ဒါပေမယ့် ကျနော်တို့ ကြိုတင်ပြီး သတိပေးထားသလို သူ့ကို စိတ်မကောင်းစွာနဲ့ပဲ မရ,ရအောင် နှိုးလိုက်ရတယ်၊ အထုပ်အပိုးတွေ သယ်ရတဲ့အပြင် ၂၁ ကီလိုရှိတဲ့ ကလေးတစ်ယောက်ကို ချီဖို့က ဘယ်လိုမှ မဖြစ်နိုင်ပါဘူး၊ သားရဲ့ ရန်ကုန်မြေ အဝင်က သဘာဝကျစွာပဲ အိပ်ချင်မူးတူးနဲ့ စိတ်မကြည်မလင် ဖြစ်လို့ နေခဲ့တယ်…၊

ကျနော့်အတွက်ကကော…၊ ကျနော့်အတွက်ကတော့ မင်္ဂလာဒုံ လေဆိပ်ရဲ့ ပြေးလမ်းပေါ်ကို လေယာဉ်ဘီး ချလိုက်ချိန်မှာ မျက်လုံးတွေ ကျိန်းစပ်နေတာက တခြား၊ ရင်ခုန်နေတာက တခြားနဲ့…၊ အရင်အကြိမ်တွေလည်း ပြန်လာဖူးပေမယ့် တမျှော်တခေါ် လယ်ကွင်းတွေ၊ အစီအရီ အုန်းပင်တွေ၊ ပြောင်ပြောင်လက်လက် သွပ်မိုး အဆောက်အဦးတွေ ဝိုင်းရံထားတဲ့၊ “အပြည်ပြည်ဆိုင်ရာ လေဆိပ်” ဆိုတဲ့ ဆိုင်းဘုတ်ကြီးကို အားနာနာနဲ့ ထမ်းထားရတဲ့ လေဆိပ်အအို၊ အဟောင်းလေးရှေ့ ရောက်ရတိုင်း ရင်ဘတ်ထဲမှာ ဆို့ချင်ချင်၊ ဒူးတွေက ညွတ်ချင်ချင်နဲ့ ဖြစ်ရစမြဲ…၊




လေဆိပ်အဝင်က တကယ့်ကိုပဲ အဆင်ပြေပါတယ်၊ ခေတ်ဟောင်း၊ စနစ်ဟောင်းတုန်းကလို စည်းမရှိကမ်းမရှိ လူတွေပြုံတိုးနေတာ၊ ဘာမှန်းမသိရတဲ့ လူတွေက ခရီးသည်တွေကို တရားခံကြည့် လိုက်ကြည့်နေတာ၊ အကြောင်းအမျိုးမျိုးပြပြီး ပိုက်ဆံတောင်းတာ၊ မဆီမဆိုင် စာရွက်တွေတောင်းတာ… စတာတွေက တကယ်ပဲ ကျန်ခဲ့ပြီလို့ လူဝင်မှုကြီးကြပ်ရေး ကောင်တာကနေ ထွက်အလာမှာ ကျနော် စိတ်ချမ်းချမ်းသာသာနဲ့ တွေးနေမိတယ်၊ ဒီအတိုင်းပဲ ဆက်ရှိနေပါစေလို့လည်း တိုးတိုးလေး ဆုတောင်းမိတယ်၊ ကျနော့်စိတ်ပဲ ထင်လို့လား မသိဘူး၊ လေဆိပ်ထဲမှာ သွားလာလုပ်ကိုင် နေကြတဲ့ ဝန်ထမ်းတွေ ကြည့်ရတာ ပိုပြီးတော့ ပရော်ဖက်ရှင်နယ် ဆန်လာသလိုပဲ၊ ဘယ်သူ့ဆီက ဘာများရနိုင်မလဲ ဆိုတဲ့ အကြည့်မျိုးတွေ မတွေ့ရဘဲ ကိုယ့်အလုပ်ကို ကိုယ်စိတ်ဝင်တစားနဲ့ ပြုံးပြုံးရွှင်ရွှင်၊ အေးအေးဆေးဆေး လုပ်နေကြတယ်၊ မနှစ်တုန်းကနဲ့ မတူတာ နောက်တစ်ခုက ငွေလဲကောင်တာတွေပါ၊ အခုတော့ ငွေလဲနှုန်းကို တရားဝင်သတ်မှတ်လိုက်လို့ ဘယ်နေရာလဲလဲ အဆင်ပြေလှပါတယ်၊ တစ်ကျပ်မျိုး၊ နှစ်ကျပ်မျိုး ကွာတာ ရှိကောင်းရှိနိုင်ပေမယ့် ပြောပလောက်အောင်တော့ မဟုတ်ပါဘူး၊ လေဆိပ်ထဲမှာတင် ဘဏ်တွေရဲ့ ငွေလဲကောင်တာ ၅ ခု ဖွင့်ထားတာ တွေ့ရတယ်၊ နှုန်းကိုလည်း ကောင်တာရှေ့မှာ ပွင့်ပွင့်လင်းလင်း ချိတ်ထားကြလို့ ကိုယ်ကြိုက်ရာဆီမှာ ဝင်လဲရုံပါပဲ၊ မိတ်ဆွေ သူငယ်ချင်းတွေရဲ့ တိုက်တွန်းချက်အရနဲ့ ငွေလဲတဲ့ လူတွေရဲ့ အကြံပေးချက်အရ ဒီတစ်ခေါက်တော့ အထိအရှ၊ အပွန်းအပဲ့ မခံတဲ့ ဒေါ်လာမယူတော့ဘဲ ယူရိုပဲ ယူသွားခဲ့တယ်၊ ကောင်တာက ဝန်ထမ်းက ယူရိုငွေစက္ကူတွေကို သာမန် စစ်ဆေးတဲ့ပုံစံနဲ့ တစ်ချက်ကြည့်တာက လွဲလို့ ဒေါ်လာစက္ကူကို ကြည့်သလိုမျိုး ဟိုဖက်ဒီဖက် လှန်လှောကြည့်တာမျိုး၊ အလင်းရောင်မှာ ထောင်ကြည့်တာမျိုး မလုပ်ပါဘူး၊ အေးအေးဆေးဆေး ချိုချိုသာသာ ပါပဲ…၊




ခရီးဆောင်အိတ်တွေ အားလုံးကို တွန်းလှည်းလေးပေါ် တင်ပြီးထွက်လာတော့ အကောက်ခွန်ကောင်တာအတွက် X-ray စက်တစ်ခါ ဖြတ်ရတယ်၊ လေယာဉ်က ၂ စီး၊ ၃ စီး ပြုံပြီးဆိုက်ထားလို့ အဲဒီစက်သေးသေးလေး အရှေ့မှာ ခရီးသည်တွေ ထပ်နေတယ်၊ ပုံမှန် တစ်ဦးချင်းစီ အိတ်တွေဖြတ်၊ ဟိုဖက်ကပြန်ထုတ် လုပ်နေရာကနေ အသက်ကြီးကြီး အမျိုးသမီးကြီး ၂ ယောက်က တုံ့နှေး၊ တုံ့နှေး လုပ်နေတာကြောင့် အိတ်တွေ၊ လူတွေ၊ လှည်းတွေ နည်းနည်းရှုပ်သွားတယ်၊ အဲဒီလို ရှုပ်ပြီး လမ်းပိတ်သွားတာကိုလည်း မြင်ရော စက်ရဲ့ အနောက်ဖက်မှာ ထိုင်နေတဲ့ ရဲဝန်ထမ်းတစ်ယောက်က ချက်ချင်းထလာပြီး တွန်းလှည်းတွေကို ဘေးကိုတွန်းထုတ်၊ ခရီးသည်တွေရဲ့ အိတ်တွေကို စက်ထဲကို ကူထည့်ပေးနဲ့ လာအကူအညီ ပေးတယ်၊ နောက်ထပ် အရပ်ဝတ်နဲ့ တစ်ယောက်ကတော့ စက်ရဲ့ တစ်ဖက်ခြမ်းထိပ်မှာ စောင့်နေရင်း ကောင်တာဆီ သွားပေးရမယ့် အကောက်ခွန်ကြေညာလွှာကို ခရီးသည်တွေဆီကနေ တခါတည်း တောင်းယူနေတယ်၊ ဆိုတော့ စက်ထဲက ထွက်လာတဲ့ အိတ်တွေကို တိုးလို့တန်းလန်းထားပြီး ကောင်တာမှာ စာရွက်သွားပေးစရာ မလိုတော့ဘူး၊ သူတို့ ၂ ယောက်ရဲ့ အဲဒီအပြုအမူလေးက ခရီးရောက်မဆိုက် ကျနော့်အတွက်တော့ အံ့အားတသင့်နဲ့ အမှတ်ပေးစရာ ပါပဲ၊

လေဆိပ်ထဲမှာ အားလုံးအဆင်ပြေပေမယ့် အပြင်မှာတော့ ကားပေါ်ကို အိတ်တွေတင်ပေးမယ့် လူတွေ ရှိနေတုန်းပဲ၊ ဟိုးအထဲကနေ ဒီအထိ ကိုယ့်ဟာကိုယ် လှည်းနဲ့တွန်းလာလို့ ဒီကားနားရောက်ကာမှ သူတို့က ပြောမရ၊ ဆိုမရ (ဟိုးအရင်ကအတိုင်း) ကားပေါ် အတင်းလုတင်ပြီး ပိုက်ဆံတောင်းတာတော့ ဟမ်ဘာဂါထဲမှာ ငရုတ်သီးစိမ်း ဝါးမိသလို ခပ်စပ်စပ်နဲ့ အခံရခက်လှတယ်၊ သက်ကြီးရွယ်အိုတွေ အတွက်ဆိုရင်တော့ သူတို့ရဲ့ လုပ်အားက အသုံးတည့်ကောင်း တည့်မှာပေါ့လေ၊ ဒါပေမယ့် မြန်မာပြည်လေဆိပ်ကို ဘယ်လို သက်ကြီးရွယ်အိုက အဖော်မပါ၊ ဘာမပါနဲ့ လာတာရှိလို့လဲ၊ အင်း... ရန်ကုန်ဟာ သူ့ဆီလာတဲ့ သိဟောင်းကျွမ်းဟောင်း တစ်ယောက်ကို အကျင့်ဟောင်းလေး တစ်ခုနဲ့ ပါးပါးလေးရှပ်ပြီး နှုတ်ဆက်လိုက်တဲ့ သဘောများလား၊ ကျနော်ကတော့ ကောင်းခြင်း၊ ဆိုးခြင်း နာမဝိသေသနတွေ တပုံတခေါင်း ပိုင်ဆိုင်တဲ့ အဲဒီရန်ကုန်ကိုပဲ ချစ်ခြင်းတွေနဲ့ ရောက်လာခဲ့ရ ပြန်ပြီပေါ့…။ ။

(အပိုင်း ၂ မှာ ကျနော်တို့ ဟိုနားဒီနား နည်းနည်းသွားကြည့်ရအောင်လေ...နော)


ညီလင်းသစ်
၎ နိုဝင်ဘာ၊၂၀၁၃