27 December 2007

လူလေးရဲ့ကဗျာ

သားကလေးဟာ
ကျနော် တဝက်စိုက်ပျိုးခဲ့တဲ့
သစ်ပင်ပေါက်ကလေးဖြစ်တယ်၊

သားကလေးဟာ
ပါဒတွေ အစဉ်တစိုက်တိုးလာမယ့်
ကဗျာလေးတစ်ပုဒ်လည်းဖြစ်တယ်၊

သားကလေးမှာ
ဆုတ်စရာ
ပြက္ခဒိန်တစ်စောင်တောင် မရှိသေးပါဘူး၊

သားကလေးဟာ
ရွေးချယ်ခွင့်မရှိဘဲ ရောက်လာခဲ့ရတဲ့
ဒီလောကကြီးကို မသိဘူး၊

သားကလေးဟာ ဂျော့ခ်ျဘုရှ်ကို မသိဘူး၊
အိုစမာဘင်လာဒင် ကိုမသိဘူး၊
သားကလေးဟာ ငရန်မန်ကန်းကို မသိဘူး၊
ရန်းဒတ်ခ်ကို မသိဘူး၊
သားကလေးဟာ ဘစ်ခ်ဘင်န်သီအိုရီကို မသိဘူး၊
ရီလေတစ်ဗီတီကို မသိဘူး၊

သားကလေးဟာ
မသိ၊ နားမလည်ခြင်းတွေ
ရာနှုန်းပြည့်နီးပါးနဲ့ နေထိုင်သူဖြစ်တယ်၊
သူ့ရဲ့ခေါင်းသေးသေးလေးထဲမှာ
သေချာသိတာဆိုလို့
အဖေ့ရဲ့စကားသံနဲ့
အမေ့ရဲ့ကိုယ်ငွေ့ရနံ့တို့ပဲ ရှိရဲ့။

ရုပ်ဝတ္ထုလိုအပ်မှုတွေ
များပြားလွန်းတဲ့
ဒီလောကကြီးထဲမှာ
သားကလေးလိုအပ်တာ
သိပ်များများစားစား မရှိပါဘူး၊

ဆာလောင်မှုတွေကို
မောင်းထုတ်မယ့်
အမေ့ရဲ့နို့ချိုတွေနဲ့
အိပ်စက်ခြင်းတွေကို
ယူဆောင်လာပေးမယ့်
အဖေ့ရဲ့လက်မောင်းတစုံရယ်ဆို ရပြီ၊

ရှိခြင်းနဲ့ မရှိခြင်း
သိခြင်းနဲ့ မသိခြင်း
ပိုင်းဖြတ်ထားတဲ့ ဒီကမ္ဘာထဲ
သားကလေးကတော့
ဗိုက်ဆာရင်ငိုမယ်...၊
အိပ်ချင်ရင်ငိုမယ်...၊

ဟန်ဆောင် ပရိယာယ်
တွက်ချက်မှုတွေ မပါဘဲ
တကယ့်အရိုးခံ မျက်ရည်တွေနဲ့
ငိုမယ်...၊
ပြီးတော့
သူ့ရဲ့ လိုအင်သေးသေးလေး
ပြည့်သွားတဲ့အခါ
နှစ်နှစ်ခြိုက်ခြိုက်ကြီးပြုံးပြီး
အိပ်ပျော်သွားလိမ့်မယ်၊

အဲဒီ မျက်ရည်မခြောက်တခြောက်
ပါးပြင်လေးတွေပေါ့...
ကျနော့်ရဲ့ခြေထောက်တွေကို
ဟောဒီ ကမ္ဘာမြေကြီးထဲ
မြဲမြံစွာ အမြစ်တွယ်စေခဲ့တာ။ ။


ညီလင်းသစ်
၂၇ ဒီဇင်ဘာ၊ ၂၀၀၇

(သားလေးသူရိယအတွက်...)

11 comments:

  1. သြော်..ဖခင်ဆိုတာလည်းအဲလိုလား။
    အဖေ့ကိုတောင်သတိရလာပြီ။
    မကြာမကြာသွားတွေ့ ပါဦးမယ်။ကျေးဇူးပါနော်။

    ReplyDelete
  2. ကိုညီလင်းသစ်
    လူလေးရဲ့ကဗျာကို ခံစားဖတ်ရှုသွားပါတယ်။
    ရိုက်ထားတဲ့ ဓာတ်ပုံလေးရယ် ဖခင်တယောက်ရဲ့ ခံစားချက် ကဗျာလေးရယ် … လိုက်လည်း လိုက်ဖက်ညီလှပါတယ်။
    ဘာမှ နားမလည်သေးတဲ့ သားကလေးဟာ မိဘမေတ္တာကိုတော့ မသိစိတ်ထဲကနေ ခံစားတတ်မှာပါ … ။
    သားကလေးသူရိယနဲ့တကွ ကိုညီလင်းသစ်တို့ မိသားစု ပျော်ရွှင်ကြပါစေ … ။

    မေဓာဝီ

    ReplyDelete
  3. ကဗျာလေးကို ဖတ်ရင်းနဲ့ သားကလေး အပေါ် ထားတဲ့ မေတ္တာကို ခံစားမိလိုက်တယ်။
    သိပ်ကို ငြိမ်းချမ်းပြီး အေးမြမှုပေးတဲ့ ကဗျာလေးပါ။ ဒီ ခံစားချက်နဲ့ ပတ်သက်လာရင် စကားလုံး တွေက သေးနုပ်အရာမရောက် သလိုပဲ၊ ပြောချင်တာကို ရှာမရဘူး ဖြစ်နေတယ်။
    ကျွန်တော့် အတွက်တော့ သားသမီး ရပြီးတဲ့ အချိန်ဟာ သူတင် မဟုတ်ဘူး ကျွန်တော် လည်း အသစ်တဖန် မွေးဖွား ပြောင်းလဲ ခဲ့ပြီလို့...
    နောက်ဆုံး စာပိုဒ်လေးနဲ့ ဆင်ဆင် တူမယ် ထင်ပါရဲ့။

    ReplyDelete
  4. I like both photo n poem.I saw ur affection clearly.

    ReplyDelete
  5. I always wondered ..what his name will be. Now I found it!

    ReplyDelete
  6. ခုတော့ သားသားက တော်တော်များများ သိနေပြီနော် ... ပြက္ခဒိန်တွေလဲ တရွက်ပြီး တရွက် ဆုတ်ခဲ့ပေါ့။
    သားသားရဲ့ လက်သီးဆုတ် သေးသေးလေးက အသဲယားစရာ ... ။

    ၅ နှစ်ကျော်အကြာမှာ ... ဒီကဗျာကို ဒုတိယမ္ပိပြန်ဖတ်ပြီး ဒုတိယမ္ပိ မန့်သွားပါတယ် ကိုညီလင်းရေ ... ။

    ReplyDelete
  7. ဒုတိယအကြိမ်မြောက် လာဖတ်ပါတယ်။
    ပထမအကြိမ် ဖတ်တုန်းက ကွန်မန့် မပေးဖြစ်ခဲ့ဘူး..။

    အခု ကွန်မန့်ပေးဖို့လည်း စကားတွေဆွံ့အနေတယ်။
    အဲ့လက်ကလေး ခုဆို ၅ နှစ်ကျော်ပြီ :)

    ReplyDelete
  8. ပုံထဲမှာ သားသားက ဖေဖေ့လက်ချောင်းလေး တစ်ချောင်းထဲကိုသာ ဆုတ်ကိုင်ထားနိုင်သေးပေမယ့် အဲ့အချိန်မတိုင်ခင်ထဲက သားသားက
    ဖေဖေ့ဘ၀တစ်ခုလုံးကို ချုပ်ကိုင်ထားခဲ့တာ ယုံမှားသံသယဖြစ်ဖွယ်ရာမရှိပါ ကိုညီရေ..

    ReplyDelete
  9. Angel, နှစ်ခါပြန်ကွန်မန့်ပေးတဲ့ မမေ၊ m, hninhnin, Adora etc, ညီမလေးရွှေအိမ်စည်၊ အစ်မမြသွေး... ...
    ကဗျာလေးကို လာအားပေးကြလို့ ကျေးဇူးတင်ပါတယ်နော်၊ ဟုတ်တယ်ဗျာ..၊ အခုဆိုရင် အဲဒီလက်သီးဆုပ်ကလေးတောင် အတော်လေးကို ကြီးလာနေပြီ..၊း) အချိန်တွေကုန်တာ အရမ်း မြန်တာပဲ...။

    ReplyDelete
  10. အဲဒီ့လက်သီးဆုပ်ကလေးနဲ့ တွေ့ချင်တယ်...း)

    ReplyDelete
  11. လက်သီးဆုပ်ကလေးက အခုဆို အတော်ကြီးလာလို့ တွေ့ဖြစ်ရင် ညီမလေး မှတ်မိပါ့မလားပဲ...။း)

    ReplyDelete