11 August 2008

မွန်းတည့်ချိန်၏သွားများ (၁)

ဒီနာမည်ကတော့ ကျနော်တို့ဆီက နာမည်ကြီးတောင်ကြော တစ်ခုရဲ့ ပြင်သစ်နာမည်ကို တိုက်ရိုက် မြန်မာမှု ပြုလိုက်တာပါ၊ ဒီတောင်က သူ့ရဲ့ကွဲပြားတဲ့ပုံသဏ္ဍာန်နဲ့ ဆန်းပြားတဲ့နာမည်ကြောင့် လူသိ များပါတယ်၊ Les dents du midi လို့ခေါ်တဲ့ ဒီတောင်ကို မကြာခဏ မြင်ဖူးနေပေမယ့် အခုလောက် အထိ နီးနီးနားနားကို မရောက်ဖူးပါဘူး၊ ပြီးခဲ့တဲ့တစ်ပတ်ကတော့ ခွင့်ယူပြီး တောင်ပေါ်ခရီးတစ်ခု ထွက်ဖြစ်တယ်။

ကျနော်တို့တည်းတဲ့ အိမ်က မီတာ ၁၂၀၀ အမြင့်မှာ ရှိပြီး အဲဒီတောင်ရဲ့ ရှေ့တည့်တည့်မှာ ရှိတော့ ကျနော်လည်း ဓါတ်ပုံတချို့ လက်တည့်စမ်းဖြစ်တယ်ပဲ ဆိုကြပါစို့ရဲ့၊ ရိုက်ဖြစ်တော့လည်း အမှတ်တ ရဖြစ်သွားတာပေါ့လေ...၊ ဘာရယ်ညာရယ်တော့ မဟုတ်ပါဘူး၊ ခံစားပေးကြည့်ပါဦး...။



နေ့လည်ဖက်ဆိုရင် ကျနော်တို့ တည်းခိုတဲ့ Chalet သစ်လုံးအိမ်ရဲ့ တဖက်ခြမ်းမှာ နေရောင်သိပ်မရှိတော့ပေ မယ့် Les dents du midi ကတော့ လင်းလင်းထင်းထင်း ပါပဲ။



မွန်းတည့်ချိန်၏သွားများဟာ ကျနော့်မျက်စိထဲမှာ တခါတခါ တခုခုကို ကြိတ်ဝါးတော့မယ့် အံသွားတစ်စုံနဲ့ တူနေ ပြန်တယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် ရာသီဥတုကြည်လင်တဲ့ နေ့လယ်ခင်းတွေမှာတော့ ဒီတောင်တန်းတွေဆီကနေ မမြင်မသိ နိုင်တဲ့ တစုံတခုက ကျနော့်ကို ညှို့ယူလေ့ရှိတာတော့ အသေအချာပါပဲ။

ဒါ့ကြောင့်ပဲလားတော့မသိဘူး၊ တောင်တန်းတွေဟာ ကျနော်အမြဲတမ်း စူးစမ်းချင်တဲ့၊ ထိတွေ့နင်းလျှောက်ချင်တဲ့ နေရာတွေထဲမှာ တစ်ခုအပါအဝင်ပါပဲ၊ တောင်တက်သမားတွေ ပြောလေ့ရှိတဲ့ ‘ဘာ့ကြောင့်တောင်တွေကို လိုက် တက်နေရတာလဲ ဆိုတာသိချင်ရင် အနီးဆုံးတောင်တစ်ခုပေါ်ကို ခင်ဗျားတက်ကြည့်လိုက်ပါ’ ဆိုတဲ့စကားကို ဒီလိုတောင်တွေ မြင်ရတဲ့ အခါမှာ ကျနော်ပိုပြီး သဘောပေါက်လေ့ ရှိပါတယ် ။ ။

ညီလင်းသစ်

၁၁ သြဂုတ်၊ ၂၀၀၈

2 comments:

  1. တောင်တော့ တက်တယ် ခဲရာ ခဲ ဆစ်တော့ မတက်ဖူး သေးဘူး :P

    ReplyDelete
  2. ဦးညီလင်းသစ်က တကယ့်အနုပညာသမားပဲနော်..
    သဘာဝကို ချစ်တတ်သူချင်းတူလို့လား မသိဘူး။ ကျွန်တော် တကယ်လေးစားမိတယ်..

    ဆွေဇင်

    ReplyDelete