တစုံတယောက်က ကျနော့်ကို ‘ခင်ဗျား မန္တလေးကို ကြိုက်လား’ လို့မေးခဲ့မယ်ဆိုပါစို့၊ ကျနော့် အနေနဲ့တော်တော်ကြာကြာ စဉ်းစားပြီးတော့မှ ‘အင်း...ကြိုက်ပါတယ်’ လို့ ခပ်ဖြေးဖြေးပြန်ဖြေမိမယ် ထင်ပါတယ်၊ ဆရာကြီးမြသန်းတင့်ကတော့ ‘ဖုန်ထူခြင်ကိုက် ပူအိုက်စွတ်စိုတာကလွဲလို့ မန္တလေးကို ကျနော်ကြိုက် ပါတယ်’ လို့ပြောခဲ့ဖူးပါတယ်၊ မန္တလေး... ...မြန်မာနိုင်ငံရဲ့နောက်ဆုံး မင်းနေပြည် တော်ဖြစ်ခဲ့ရာမြို့၊ မြန်မာနိုင်ငံရဲ့ဒုတိယမြို့တော် (အဲ..ဒုတိယမြို့တော်ဟောင်း လို့များခေါ်ရမလား ပဲ၊ ရန်ကုန်က မြို့တော်ဟောင်းဖြစ်သွားတော့ သူကကောလက်ရှိ ဒုတိယမြို့တော်ပဲလား၊ ဒါမှ မဟုတ်တဆင့်ကျပြီး တတိယမြို့တော်ဖြစ်သွားလား)...၊ သူနဲ့ပတ်သက်လို့ ဆရာမြကြီး ပြောသွား တာကိုတော့ ကျနော် သဘောတူပါတယ်၊ အဲဒီမြို့က ကျနော့်ကိုစိတ်ခံစားမှုတွေ တော်တော်ပေးနိုင် တဲ့မြို့ပါပဲ၊
ရန်ကုန်မှာမွေး၊ ရန်ကုန်မှာကြီးတဲ့ကျနော်က မန္တလေးကို အသက် ၂၃ နှစ်ပြည့်တဲ့အထိ မရောက်ဖူး ပါဘူး၊ တကယ်တော့ ကျနော် ၁၀ တန်းအောင်ကတည်းက မန္တလေးကို သွားချင်နေခဲ့တာပါ၊ ဒါပေ မယ့်ကျနော့်အမျိုးထဲမှာ မန္တလေးမှာနေတဲ့လူ တစ်ယောက်မှမရှိတဲ့အပြင် ဘယ်မန်းသားကမှလည်း ကျနော်နဲ့လာပြီး သူငယ်ချင်းမဖြစ်ခဲ့ပါဘူး၊ ဒီလိုပဲသွားပြီး ဟိုတယ်မှာတည်းဖို့ဆိုတာတော့ ဝင်ငွေ ကောင်းကောင်းမရှိတဲ့ ကျနော့်လိုကောင်အတွက် အိပ်မက်တောင် မမက်ခဲ့ဖူးဘူး၊ မန္တလေးနဲ့ကျနော် နဲ့တပြည်ထဲနေပြီး အဝေးကြီးဝေးနေခဲ့ပုံက အဲဒီလို...၊
ဒီလိုနဲ့ ၂၃ နှစ်ကျော်မှပဲ မန်းသားကြီးတစ်ယောက်နဲ့ မိတ်ဆွေဖြစ်ပြီး သူ့ကောင်းမှုနဲ့မှ ရောက်ခဲ့တော့ တယ်၊ နောက်ပိုင်း ကျနော်ဧည့်လမ်းညွှန်အလုပ်,လုပ်တော့မန္တလေးနဲ့ ပိုပြီးရင်းနှီးလာခဲ့ပါတယ်၊ အဲဒီ လိုကျတော့လည်းရောက်ဖြစ်လိုက်တာ တစ်လထဲမှာပဲ အကြိမ်ပေါင်းများစွာ၊ ဒါပေမယ့်ရောက်တိုင်း လိုလိုမှာ မန္တလေးက ကျနော့်ကိုစိတ်ခံစားမှုမျိုးစုံ ပေးလေ့ရှိတယ်၊ တခါတရံတော့ ကျနော်ဟာအေး အေးလူလူနဲ့ မန္တလေးရဲ့ အငွေ့အသက်မှာ ပျော်ဝင်နေတတ်ပေမယ့် တခါတလေတော့ မန္တလေးမှာ ကျနော်က ကော်တင်ထားတဲ့ပုဆိုး အသစ်စက်စက်ကို ရေမလျှော်ဘဲ ခါးပုံစထုတ်ပြီး ဝတ်ထားရတဲ့ လူလိုပဲ၊ နေရတာ ထောင့်တောင့်တောင့်နဲ့...၊ တခြားမြို့တွေမှာလို တင်းပြည့်ကျပ်ပြည့်မဟုတ်ဘဲ မန္တလေးမှာ ကျနော်ဟာ ပျော်သလိုလို၊ မပျော်သလိုလို၊ တခုခုလိုနေသလိုလို၊ မလို သလိုလို၊ ကြိုက် သလိုလို၊ မကြိုက် သလိုလိုနဲ့...၊ ဈေးသည်က ကိုယ့်ကိုအလေးခိုးထားလိုက်မှန်းသိသိကြီးနဲ့လက် ဆုပ်လက်ကိုင် မပြနိုင်ဘဲ တနုံ့နုံ့နဲ့ အိမ်ပြန်လာရတဲ့ ဈေးဝယ်တစ်ယောက်လိုပဲ ခံစားရလေ့ရှိတယ်၊
မန္တလေးမှာ ကျနော်တို့လို တနယ်သားတွေ ကြုံရတာတစ်ခုကတော့ တက္ကစီပြဿနာပါ၊ ဧည့်သည် တွေနဲ့ ခရီးသွားရတဲ့အတွက် မန္တလေးရောက်ရင် တောင်ခြေက Novotel ဟိုတယ်မှာအများအားဖြင့် တည်းရလေ့ရှိပါတယ်၊ အဲဒီမှာတည်းရတဲ့အတွက် ဧည့်သည်တွေနဲ့ ဟိုတယ်တစ်ခုတည်းဖြစ်လို့ အ လုပ်လုပ်ရာမှာ အဆင်ပြေပေမယ့် မပြေတာက သွားရေးလာရေးပါ၊ တချို့ Tour Program တွေမှာ နေ့လယ်ခင်းကို အားလပ်ချိန်ပေးထားတာ ရှိပါတယ်၊ အဲဒီအခါ ဧည့်သည်တွေက ဟိုတယ်မှာအနား ယူပေမယ့် ကျနော်တို့ကတော့ ရောက်တုန်းရောက်ခိုက် အချိန်အားလေးရတုန်း ဟိုနားဒီနားထွက် လည်ဖို့ ကြံပါတယ်၊ ဒီတော့ စီးစရာက တက္ကစီပေါ့၊ မန္တလေးက တက္ကစီတွေရဲ့ ဈေးနှုန်းဟာတော် တော့်ကိုများပါတယ်၊ ခရီးတိုလေးတစ်ခုကိုပဲ မတန်တဆပေးရတယ်၊ တကယ်တော့သူတို့လည်း မတောင်းချင်ပါဘူး၊ ရန်ကုန်လိုမဟုတ်ဘဲ ဆီကိုအပြင်ကနေဝယ်ရတဲ့အတွက် ဒီလိုမှမတောင်းရင် မ ကာမိလို့ပါလို့ ကားဆရာတစ်ယောက်က ကျနော့်ကိုရှင်းပြ ဖူးပါတယ်၊ ဒီတော့လည်း ရောက်တုန်း ရောက်ခိုက်သွားရအောင် ပေးရတာပါပဲ၊ ဒါပေမယ့် ခက်နေတာက အဲဒီလိုပေးပါ့မယ်ဆိုရင်တောင် တက္ကစီတစ်စီးရဖို့ အတော်ကို မလွယ်တဲ့ကိစ္စပါ၊ စဉ်းစားကြည့်တော့လည်း လူတိုင်းကိုယ်စီက အ နည်းဆုံး စက်ဘီးလေးတစ်စီးတော့ ရှိကြတဲ့မြို့မှာ တက္ကစီရှားတာဟာ သဘာဝကျပါတယ်၊ သက္ကရာဇ် ၂၀၀၀ ခုနှစ်ဝန်းကျင်မှာ မန္တလေးကျုံးတဝိုက် သဲကြီးမဲကြီးလမ်းလျှောက်နေတဲ့ဧည့်လမ်း ညွှန်တစ်ယောက်ကိုများ အမှတ်တမဲ့တွေ့ဖူးမယ်ဆိုရင် အဲဒါကျနော်ပါပဲ၊
Novotel မှာတည်းတိုင်း ညစာတစ်နပ်ကိုတော့ တောင်ခြေကဆိုင်လေး တစ်ဆိုင်ဆိုင်မှာကျနော်စား လေ့ရှိပါတယ်၊ အဲဒီမှာ ရိုးရိုးစင်းစင်း ထမင်းသုပ်လေးဖြစ်ဖြစ်၊ အာလူးထမင်းလေးဖြစ်ဖြစ် စားရတာ ကိုကြိုက်သလို တခြားသွားဖို့စက်ဘီး၊ ဆိုင်ကယ်မရှိတာလည်း ပါ,ပါတယ်၊ တခါတလေမန်းသား ကားဆရာတွေ စေတနာကောင်းရင်တော့ အကင်တန်းဖက်ကို ရောက်ဖြစ်ပေမယ့် များသောအား ဖြင့်ကတော့ တောင်ခြေပါပဲ၊ တစ်ရက်မှာတော့ ညဖက် ၈ နာရီခွဲလောက် ခြင်္သေ့ကြီးနှစ်ကောင်မျက် စောင်းထိုးက ဆိုင်လေးမှာ ကျနော်တစ်ယောက်ထဲ ထိုင်နေတယ်၊ မြေပဲထမင်းတစ်ပွဲမှာစားရင်း မန္တလေးအကြောင်းကို ကျနော်စဉ်းစားနေမိတယ်၊ ကျနော့်ကိုတွေးစေတဲ့မန္တလေး၊ ငေးစေတဲ့မန္တ လေး၊ အုတ်ကျစ်ကျော်အေးမန္တလေး၊ သီပေါကင်းဝန်တို့ရဲ့မန္တလေး၊ ဒေါ်အမာရဲ့မန္တလေး၊ ဆိုင်ကယ် ကိုခေါင်းထောင်စီးတဲ့မန္တလေး၊ အသားဖြူလာတဲ့မန္တလေး၊ ... ... မန္တလေး၊ ... ... မန္တလေး၊
ထမင်းဆိုင်က ပြန်လာတော့ ကဗျာလေးတစ်ပုဒ် ကျနော်ရေးဖြစ်တယ်၊ ရင်ထဲမှာ နဲနဲတော့ပေါ့သွား သလိုပဲ၊ မန္တလေးအကြောင်းက ပြောမကုန်အောင် ရှိနေမှာပါ၊ သူနဲ့ပတ်သက်ရင်တော့ခပ်လေးလေး စဉ်းစားပြီးမှ `ကြိုက်ပါတယ်’ လို့ခေါင်းညိတ်နေမိ ဦးမယ်ထင်ပါရဲ့ ။ ။
မန္တလေး
ဟိုအရင်တုန်းကတော့
‘သိပ်စကားတတ်တဲ့ကောင်…’ လို့
ညီအစ်ကိုတွေနဲ့ယှဉ်ပြီး အပြောခံရနေကျ
အခုတော့ သူ့မှာ
စကားပီအောင်ကိုပဲ အနိုင်နိုင်ရယ်၊
သူ့ပတ်ဝန်းကျင်မှာ
အသားကင်နံ့တွေ မွှန်ထူနေလည်း
သူကတော့ စတီးလ် ထမင်းချိုင့်လေးကိုပဲ
အာသာငမ်းငမ်း ရှိတုန်း
‘ရွှေသွားတွေမရှိမှတော့ မကိုက်နိုင်ပါဘူး’ တဲ့၊
ဘီးလေးဘီးကို ဂီယာထိုးမစီးနိုင်ပေမယ့်
ဘီးနှစ်ဘီးနဲ့ လေထုညစ်ညမ်းမှုကို သူကာကွယ်နေဆဲ
ဝမ်းမနည်းပါဘူး
အစ,ကတည်းက သူ့အသားကနီစပ်စပ်မှ မဟုတ်ဘဲ-တဲ့၊
တကယ်တော့ သူနေချင်တာက
ဒီလိုမဟုတ်ပါဘူး တဲ့၊
ယဉ်ကျေးမှုကြွေဇလုံထဲ ဝင်စိမ်ရင်း
‘မှန်လှပါဘုရား’ လို့ သွားလေသူကြီးကို
တ, နေချင်သေးတာ၊
အခုတော့
နေ့ချင်းညချင်း ဘောင်းဘီဆွဲချွတ်ပြီး
လုံချည် အတင်းစည်းပေးခံရတဲ့ကောင်လေ၊
ခုန်ပေါက်ပြေးလွှားချင်တိုင်း
ခါးပုံစကို ပြန်ပြန်စမ်းနေရ၊
ရှိသေးတယ်...
သူ့နာမည်နဲ့ ဗြစ်ရည်ကအကောင်းဆုံးပါ ဆိုပြီး
ခဏခဏ နာမည်အလွဲသုံးစားခံရတဲ့ကောင်
လက်တွေ့မှာတော့
အကိုကာလသားတို့ရဲ့ ဥပေက္ခာကို
ခါးစီး ခံနေရသူပါ၊
ဧည့်သည်ပေါင်းစုံ ဝင်,ထွက်နေလည်း
တောမရောက် မြို့မရောက်ကောင်လို့
အကြောင်းသိသူတွေက မေးငေါ့တုန်း၊
အရိုးကွဲအောင်အေးပေမယ့်
အရေစုတ်အောင် ပူတတ်လို့
အပြောင်းအလဲ မြန်လွန်းတဲ့ကောင် တဲ့၊
ဥပုသ်နေ့မနက်ခင်းတိုင်း ဘုရားတော့သွားပါရဲ့
ညနေခင်းကျတော့ ခပ်ထွေထွေရှိပြန်တာမို့
ဗြဟ္မစိုရ်တရားနှစ်ပါး လက်ကိုင်ထားပေမယ့်
‘အစွန်းနှစ်ပါး မလွတ်ဘူး’ လို့ ဝေဖန်ခံရတဲ့ကောင်ပေါ့ ။
ညီလင်းသစ်
၈ စက်တင်ဘာ၊ ၂၀၀၈
good post and poem.....
ReplyDeleteI have same opinion like you about Mandalay.....
ကျွန်မက ၂၀၀၁ ထဲမှမန္တလေးသူ စလုပ်တာလေ။ ဖုန်ထူတာနဲ့ ခြင်ကိုက်တာလေးနဲ့ က မ
ReplyDeleteန္တလေးရဲ့ အားနည်းချက်လေးပါပဲ။ သူက မြစ်ရေပြင်ရဲ့အောက်နည်းနည်းနိမ့်နေသလိုပဲဆို
တော့ ရေစီးရေလာသိပ်မကောင်းဘူးလေ။ ဒီတော့ခြင်တွေကတော့ နှိမ်လို့ မနိုင်ဘူးထင်ပါ
ရဲ့။ ဖုန်ထူတာကတော့ အပူပိုင်းဒေသတွေ ထုံးစံလိုဖြစ်နေတာ။ မြို့ တော်စည်ပင်က လခ
ကောင်းကောင်းပေးခိုင်းထားရင်တော့ ဖုန်တွေမရှိအောင်လှဲထားကြမယ်ထင်ရဲ့ ကိုညီလင်း
သစ်ရေ။ အခုလို အဝေးကြီးကနေ တကူးတက မန္တလေးကို သတိရသူတွေရှိနေတာသိရ
တော့ မန္တလေးမြို့ ကြီးခုချက်ချင်းလှပ သာယာသွားအောင်ကျွန်မကိုယ်တိုင်လုပ်ပစ်လိုက်
ချင်မိတယ်။ အဟား။။အတော်လည်း စိတ်ကူးယဉ်တာပဲနော်။
ဟုတ်ပ...မယုဝရီရေ...၊ ကျနော်တို့ရဲ့မန္တလေးကတော့ ပြောလို့ကုန်နိုင်မယ် မထင်ဘူးဗျာ၊ တကယ်တမ်းပြောရ ရင် ရန်ကုန်မြို့ပြင်ဖက်မှာ ပထမဆုံးသွားချင်တဲ့မြို့ဟာ မန္တလေးမဟုတ်ပေမယ့် သူ့ကိုသတိမရဘဲလည်း မနေ နိုင်ပါဘူး....။
ReplyDeleteမန္တလေးက ခြင်ပေါတယ်လား... သေချာသတိမထားမိဘူး။
ReplyDeleteအကြိမ်ကြိမ်ရေတွက်လို့မရအောင် ရောက်ပေမဲ့ ခြင်ကိုကိတာ သိပ်မခံစားရလို့ပဲလားးး ဘာလားတော့ မသိပါဘူး..
မန္တလေးက ပူတာတော့ သိတယ်။ ဖုန်ကတော့ တခြားမြို့တွေမှာလဲ ထူတာပဲ မဟုတ်ဘူးလား..ဟင်.။
တကယ်သေချာမသိခဲ့တာပါ။
I've been there for three years(82,83,84).I was SHWE MAN THU(hostal in main).I like the poem . It gave me many thoughts n feeling cos i have not been there since then.
ReplyDeletehi hi..
ReplyDeleteI am one of your blog visitors. I am Mandalay thu. I live in mdy till 2002 since I was born. :)
ကြိုက်ပါတယ်
ReplyDelete