06 December 2009

ကျနော်နှင့် မြန်မာစာ


ကျနော်ဆိုလိုတဲ့ မြန်မာစာဆိုတာက မြန်မာစာပေကို ပြောတာမဟုတ်ပါဘူး၊ တရုတ်စာ၊ ကုလားစာတို့လိုမျိုး မြန်မာတွေစားတဲ့ မြန်မာစာ ကိုပြောတာပါ၊ အမှန်တော့လည်း မြန်မာ့ အစားအစာအကြောင်း ပို့စ်တစ်ခုအနေနဲ့ အထူးတလည်ရေးဖို့ အစီအစဉ် မရှိပါဘူး၊ ရေးရလောက်အောင်လည်း ဘာမှထူးထူးထွေထွေ မရှိပါဘူး၊ ပြီးတော့ ကျနော်က ငယ်ငယ်က အစားနဲ့ ပတ်သက်ရင် နဲနဲဂျီးများခဲ့ပေမယ့် အခုတော့ စားလို့ရတာအကုန်စားတာမို့ မပုပ်မသိုးတဲ့ဟာမှန်သမျှ ကျနော့်အတွက်တော့ ကောင်းတာပါပဲ၊ ဒါပေမယ့် ဆယ်စုနှစ်ဝက် တစ်ခုစာ ကြာပြီးမှ ပြန်ပြီးစားဖြစ်ခဲ့တဲ့ မြန်မာပြည်တွင်းက မြန်မာတွေချက်တဲ့ မြန်မာ့ဟင်းပွဲတချို့ကို အမှတ်တရအနေနဲ့ တင်ချင်တာနဲ့ ရေးဖြစ်သွားပါတယ်၊

ဒီဖက်ကို ရောက်စက မြန်မာအစားအသောက်တွေကို သတိရပေမယ့် ကြာလာတော့လည်း ဒီမှာဝယ်လို့ရတာတွေနဲ့ တဖြည်းဖြည်း အစား ထိုးပြီး ချက်လို့ပြုတ်လို့ ဖြစ်လာတယ်၊ ပြီးတော့ ကျနော်က အားလုံးနီးပါး ကြိုက်လာတော့ အဆင်ပြေတယ်လို့ ဆိုပါစို့၊ ဒါပေမယ့် တခါတရံ သတိရမိတတ်တာကတော့ မုန့်ဟင်းခါးပါပဲ၊ သူ့ကိုတော့ လွယ်လွယ်နဲ့ မမေ့နိုင်ခဲ့ဘူး၊ ဒါနဲ့ ဒီတစ်ခေါက် ပြန်ရောက်ရင်တော့ အဝစားလိုက်မဟဲ့ ဆိုပြီး အားခဲထားလိုက်တယ်၊ ဒါပေမယ့် တကယ်တမ်း ပြန်ရောက်သွားတော့လည်း ဒီလောက်မစားဖြစ်ပြန်ဘူး၊ ရန်ကုန်ရဲ့လမ်းတွေထက်မှာ လျှောက်သွားရင်း သူ့ရဲ့ရနံ့လေး ရလိုက်ရင် ရင်ခုန်လာပေမယ့် သူ့ဆီကိုချက်ချင်း အရောက်သွားဖို့ကျတော့ သွေးအေးနေပြန်ရော...၊ ဒီလိုနဲ့ သူကို ၂ ခါပဲ ဆုံဆည်းလိုက်ရတယ်၊ အဲ...မရည်ရွယ်ဘဲ အကြိမ်တော်တော်များများ စားဖြစ်လိုက်တာက တော့ ကြေးအိုးပါပဲ၊ ကြေးအိုးကို ကျနော်က ဒီလောက်ကြီး ခရေဇီ မဖြစ်ပါဘူး၊ ဒါပေမယ့် ပေါ့ပေါ့ပါးပါးနဲ့ စားလွယ်ကြေလွယ်ထဲမှာ သူက ပါတာမို့ထင်ပါရဲ့၊ ဟိုနားသွားလည်း ကြေးအိုး၊ ဒီနားသွားလည်း ကြေးအိုး ဖြစ်သွားတယ်၊ ကြေးအိုးအားလုံးကို စားဖြစ်တာတော့ မဟုတ် ပါဘူး၊ ရန်ကင်းကြေးအိုး တစ်ခုပဲ စားဖြစ်တယ်၊ သူကလည်း ဆိုင်ခွဲတွေ များလာပြီး အတော်အောင်မြင်နေပုံရတယ်၊

မျှော်လင့်တောင့်တခဲ့ရပေမယ့် မှန်းချက်နဲ့ နှမ်းထွက်မကိုက်ခဲ့တာကတော့ မြန်မာဘီယာပါပဲ၊ ဟုတ်တယ်...မြန်မာဘီယာ အရည်အသွေး အတော်ကျသွားတယ်၊ အရင်ကဆို မျိုချလိုက်ရင် လည်ချောင်းထဲအားလုံး ကျသွားတဲ့နောက်မှာ မြင်းစားဂျုံနံ့လိုလို၊ မုယောစပါးနံ့လိုလို ရနံ့တမျိုးက နှာခေါင်းထဲကို သင်းသင်းလေး ဝင်လာလေ့ရှိတယ်၊ အခုတော့ ရေခဲရေ သောက်ရသလိုပဲ၊ ဘာနံ့မှ လိုက်မလာဘူး၊ ဒဂုံဘီယာကတော့ မဆိုစလောက်လေး တက်လာပြီး တိုက်ဂါးကတော့ အရင်ပုံမှန် အရည်အသွေးပါပဲ၊ ဘီယာအကြောင်းကို ရီဗျူးရေးဖို့ ကျနော်မရည်ရွယ်ပါဘူး၊ ဖြတ်သွားဖြတ်လာ မြင်လိုက်ရတာလေး တချို့ပါပဲ၊

အောက်ကပုံတွေကတော့ ပုဂံက အညာဆိုင်လေးတချို့မှာ စားရင်း ရိုက်ဖြစ်ခဲ့တာလေးတွေပါ၊ အညာနေခပ်ပြင်းပြင်းကို ထနောင်းရိပ် လေးနဲ့ကာကွယ်ရင်း တကယ့်ကို မြန်မာဆန်ဆန် စားခဲ့ရတဲ့ ထမင်းပွဲတချို့ဆိုပါစို့၊ ခင်းကျင်းမှုအနုပညာမှာ မကျွမ်းကျင်ပေမယ့် ကျေးလက်ရနံ့ အပြည့်ပါတဲ့ စားဖွယ်ရာတွေပါ၊ တော်ရုံဗိုက်မဆာတဲ့ လူတောင်ကြည့်လိုက်တာနဲ့ အင်း...စတိလောက်ဖြစ်ဖြစ်တော့ ဝင်စားသွားအုံးမှပဲ လို့အတွေးပေါက်လာစေမယ့် ဟင်းတွေပါ၊ မိတ်ဆွေအနေနဲ့ ပုံတွေကိုကြည့်ပြီး “အင်...ဒီဟင်းတွေကိုများကွာ...”လို့ အတွေးပေါက်ခဲ့မယ် ဆိုရင်တော့ ကျနော့်ရဲ့ ဓါတ်ပုံပညာ ညံ့ဖျင်းမှု သက်သက်ပဲ ဖြစ်ပါလိမ့်မယ် ခင်ဗျား...။ ။


မြန်မာစာ (၁)
IMG_5032n


မြန်မာစာ (၂)
IMG_5458n


မြန်မာစာ (၃)
IMG_5459n


မြန်မာစာ (၄)
IMG_5034n


မြန်မာစာ (၅)
IMG_5456n


မြန်မာစာ (၆)
IMG_5457n


ညီလင်းသစ်
၆ ဒီဇင်ဘာ၊ ၂၀၀၉

10 comments:

  1. ကိုညီလင်းရေ

    ဘီယာက ထားတဲ့သက်တမ်းနဲ့လည်း ဆိုင်မယ်ထင်တယ်ဗျ။

    မြန်မာဘီယာက သက်ဆိုင်သူတွေဆီလည်း ကျနော် Feedback ပေးလိုက်မယ်။

    ပုဂံက ဘူးဖေးဆိုင်လေးတွေကို သတိရသွားမိတယ်ဗျာ

    ReplyDelete
  2. အမှန်ပဲ အကိုရေ..။ မြန်မာဘီယာ အရည်အသွေး လုံးဝကျသွားတယ်..။ ပေါ့ရွှတ်ရွှတ်နဲ့ မို့  Tiger ပဲ သောက်လာခဲ့ရတယ်..။
    မြန်မာစာတွေတော့ သရေယိုသွားတယ်ဗျာ..။

    ReplyDelete
  3. It would be more mouth watering if you label what the dishes are. I couldn't quite tell what are the dishes. Thanks for sharing.

    ReplyDelete
  4. This comment has been removed by the author.

    ReplyDelete
  5. အစ်ကိုလုပ်မှဘဲ ပုဂံတောင်ပြန်သွားချင်လာပြီဗျာ..။
    ပုဂံခရီးကိုဘယ်တော့မှမမေ့ဘူး..။
    ဘူဖေးဆိုင်လေးတွေက စားလို့တော့ကောင်းသား..
    ဟင်းတွေထည့်ပေးတာနည်းပြီး ထပ်တောင်းလို့ရပေမယ့်
    သနားလို့သိပ်မတောင်းခဲ့ဘူး..။ ပုဂံညနေခင်းတွေကို အကြိုက်ဆုံးဘဲ..ရင်ထဲမှာလွမ်းသလိုဆွေးလို ဖြစ်လာတာဗျ..။

    ReplyDelete
  6. ကိုဝိုင်တီယူ ပြောတာလည်း ဖြစ်နိုင်ပါတယ်၊ တချို့ဘီယာပုလင်းတွေ ဆိုရင် ဆိုင်မှာ ရောက်နေတာ အတော်ကြာနေတဲ့ပုံပဲ၊ ဒါပေမယ့် စည်ဘီယာဆိုရင် တော့ ဒီ့ထက် ပိုလတ်ဆတ်မယ် ထင်ရပေမယ့် သူလည်း ပုလင်းတွေထက် ပိုမကောင်းပါဘူးဗျာ... :(

    ကိုနေညိုရင့်နဲ့ ကျနော်နဲ့တော့ အကဲဖြတ် အရည်အသွေး လာတူနေပြီဗျို့...။ :D

ှSint...yeah, it was originally my idea, too, to label them but I, myself, am not sure anymore what they exactly are. So..I let the readers' guess and imagination grow up freely...lol.

    ကိုဖြိုးရေ...နောက်တစ်ခါဆို တောင်းသာတောင်းဗျ၊ အားနာစရာ မလိုပါဘူး၊ ကျနော် သူတို့ကို အင်တာဗျူး လုပ်ဖူးတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် သူတို့အမြတ်ကျန်ပါ တယ်တဲ့..။ အဲဒီဆိုင်တွေရဲ့ ပေါ်လစီကိုက အဝစားပဲလေ။ :)

    ReplyDelete
  7. ဟင်းပန်းကန်အောက်မှာ စာတန်း ထိုး ပေးထားရင် ပို ကောင်း မှာနော်...

    mie nge

    ReplyDelete
  8. ညီလင်းရေ.. ပုဂံမှာတော့ တိုးတိုးဝင်း နဲ့ ထနောင်းရိပ်ဆိုင်တွေကို ဗမာစာမှာ အကြိုက်ဆုံး.. ခုတော့ ဘလိုနေသေးတယ် မသိ...

    ReplyDelete
  9. မောင်မျိုးMarch 6, 2011 at 12:52 PM

    ချဉ်ပေါင်ကြော် စားချင်လိုက်တာဗျာ ။

    ReplyDelete
  10. မ mie nge ...
    ဟုတ်တယ်ဗျ၊ ကျနော်လည်း ပထမ စာတန်းထိုးဖို့ စဉ်းစားသေးတယ်၊ ဒါပေမယ့် ကိုယ်တိုင်တောင်မှ ဘယ်ဟာကဘာမှန်း မသိတော့တာနဲ့ ဒီလိုပဲ ထားလိုက် ရတာ...အဟီး၊

    အမမေငြိမ်း ...
    တိုးတိုးဝင်းကတော့ အတော်လေး ကျသွားတယ်လို့ ပြောကြတယ်၊ ဒေသခံတွေကအစ recommend မလုပ် တော့ဘူး၊ ထနောင်းရိပ်ကတော့ ကောင်းတုန်းပဲ ထင်တယ်၊

    မောင်မျိုး ...
    ကျနော်နဲ့ ညီနဲ့တော့ တူနေပြီဗျာ၊ ကျနော်လည်း ကြိုက် တယ်၊ ဒီနိုင်ငံမှာက ကျန်တာတွေ ရနိုင်ပေမယ့် ချဉ်ပေါင် တော့ လုံးဝ မရဘူးဗျ...။ :(

    ReplyDelete