03 August 2010

အသွင်တူ၏ မတူ၏


ကိုယ်ချစ်နေသော လူတစ်ယောက်ကို လက်တွဲဖော်အဖြစ် သေသေချာချာ ဆုံးဖြတ်သတ်မှတ်လိုက်ဖို့ အချိန် မည်မျှ လိုအပ်မလဲဟု ကျနော်မသိပါ၊ အချို့က အစကတည်းက လက်တွဲဖော်အဖြစ်ရည်ရွယ်ပြီး ချစ်ကြသလို အချို့ကလည်း ချစ်ပြီးမှ လက်တွဲဖော်အဖြစ် နောက်တစ်ဆင့်တိုးကာ စဉ်းစားကြသည်။ ထိုနှစ်မျိုးအနက် ကျနော်က ဒုတိယအမျိုး အစားထဲမှာ ပါဝင်ပါသည်၊ ထို့ထက်ပို ပြောရလျင် လက်တွဲဖော် ဖြစ်လာဖို့ အသာထား၊ သူမနှင့် ကျနော့်အကြားမှာ ချစ်ခြင်း၏ သစ်ပင်ကလေးတစ်ပင် ရှင်သန်ပေါက်ဖွားလာလိမ့်မည်ဟုပင် နဲနဲမှ တွေးထင်မထားခဲ့...၊ ဒါပေမယ့် ထိုသစ်ပင်ကလေးက တကယ်ပင် စိမ်းစို ရှင်သန်ခဲ့ပါသည်၊

ဒီလောကမှာ ရေစက်ဆိုတာ တကယ်ရှိသည်ဟု ဆိုလျှင် ထိုရေစက်သည် အာရှတိုက်မှ ကျနော့်ကို ကီလိုမီတာ တစ်သောင်းကျော်အကွာ ဥရောပတိုက်မှ သူမနှင့် ပေါင်းဆုံစေသော အရာသာ ဖြစ်ပေလိမ့်မည်၊ ကျနော်နှင့်သူမ အကြား ဘာဆိုဘာမှ တူညီတာမရှိ၊ မွေးဖွားရာ တစ်နေရာစီ၊ ရုပ်ပိုင်းဆိုင်ရာ အသွင်အပြင်နှင့် စိတ်ပိုင်းဆိုင်ရာ တွေးခေါ်ယူဆပုံ တကွဲတပြားစီ၊ မိခင်ဘာသာစကား ကလည်း တသီးတသန့်၊ ထိုသို့ ကိုယ့်ယဉ်ကျေးမှုနှင့်ကိုယ် ကြီးပြင်းလာကြသော ကျနော်နှင့်သူမအကြားမှာ တူညီသော ဘုံယဉ်ကျေးမှုက ချစ်ခြင်းတစ်ခုသာ ရှိခဲ့ပါသည်၊ မတူညီခြင်းများစွာ၏ အလယ်မှာ တူညီသော အချစ်တစ်ခုတည်းဖြင့် ကျနော်တို့ ခရီးဆက်ခဲ့ကြသည်၊

အားလပ်ရက်မှာ ခရီးထွက်ရတာကို ကျနော်တို့နှစ်ယောက်လုံး ကြိုက်ကြသည်၊ တကယ်တော့လည်း ခရီးသွား လုပ်ငန်းမှာ လုပ်နေကြသူတွေမို့ ခရီးသွားဖို့ ဝါသနာပါတာ သိပ်တော့မဆန်းလှ၊ သို့နှင့် မြန်မာပြည်၏ မြို့များစွာ ကို ကျနော်တို့ ရောက်ခဲ့ကြသည်၊ သူမက အလုပ်ချိန်မှာ ဘောင်းဘီဝတ်ပြီး ခရီးသွားသောအခါ မြန်မာလုံချည် ဝတ်လေ့ရှိသည်၊ ကျနော်က အလုပ်ချိန်မှာ လုံချည်ဝတ်ပြီး ခရီးသွားသောအခါ ဘောင်းဘီဝတ်သည်၊ ထိုသို့ အသွင်မတူသော ကျနော်တို့ နှစ်ယောက်ကို လူတွေက အထူးအဆန်းလို ကြည့်လေ့ရှိကြသည်၊ အစမှာတော့ ကျနော့်အတွက် နဲနဲစိတ်အနှောင့်အယှက် ဖြစ်သော်လည်း နောက်တော့ ရိုးသွားသည်၊ အဓိက,က ကျနော်တို့ သွားချင်သည့် နေရာတွေကို လွတ်လပ်စွာ သွားဖို့ပဲ မဟုတ်လား၊

ကျနော်တို့ နှစ်ယောက်လုံး ပုဂံကို ရင်ခုန်ကြသည်၊ ပုဂံကို တခါရောက်လျင် အနည်းဆုံး ၄ ရက်လောက်တော့ နေလိုက်ရမှ ကျေနပ်သည်၊ သို့သော် အသားဖြူ, ဖြူလာသည့် မန္တလေးကို သူရောကျနော်ပါ သိပ်မသွားချင်၊ ဒါပေမယ့် တောင်သမန်က အကြော်ဆိုင်တွေမှာတော့ တမေ့တမော ထိုင်ချင်ကြသည်၊ အင်းဝက မြင်းလှည်းတွေ ကိုချစ်သည်၊ မင်းကွန်းကိုရောက်ရင် တော်တော်နဲ့ မပြန်နိုင်၊ သူမအတွက် ကောင်းတာတစ်ခုက ဘယ်နေရာမှာ မဆို အိပ်နိုင်ခြင်းပင် ဖြစ်သည်၊ ကားပေါ် ရထားပေါ် ကျနော်က မျက်စိကြောင်ပြီး ငုတ်တုတ်ထိုင်နေရချိန်မှာ သူမ က အိပ်ပျော်နေပြီ၊ ကျနော်က ဈေးဆစ်ရတော့မယ်ဆို ဝန်လေးသည်၊ သူမက ဈေးဆစ်ရတာပျော်သည်၊ မြန်မာပြည်မှာ ခြောက်နှစ်ကျော် နေခဲ့သောသူမသည် မြန်မာစကားကို တော်တော်လေး ပြောနိုင်ပါသည်၊ တိုးရစ်စ်အထင်နှင့် ရောင်းသော ဈေးသည်က သူမထံမှ “နဲနဲလောက် လျှော့ပါဦး”ဟုထွက်လာသောအခါ တအံ့တသြနှင့် ပြုံးပြီး ဈေးစ,လျှော့တော့သည်၊ ညောင်ဦးဈေးထဲမှ သံပုရာသီးသနပ်ကို သူမက ထမင်းဖြူနှင့် ဒီအတိုင်းစားလေ့ရှိသည်၊ အဲဒီ သံပုရာသီးသနပ်က ရန်ကုန်ကဟာတွေထက် ပိုကောင်းသည်-တဲ့၊ ကျနော်က သံပုရာသီးသနပ်ကို မကြိုက်ပါ၊ အကင်ဆိုင်မှာ ကျနော် ဝက်နားရွက်ကင် မှာစားတော့ သူမ မျက်လုံးပြူးသွား သည်၊ ပြီးတော့ ကမ္ဘာဦးလူသား တစ်ယောက်ကို အရှင်လတ်လတ် တွေ့လိုက်ရသလိုမျိုး ကျနော့်ကို ကြည့်နေခဲ့ သည်၊

အသွင်မတူတာတွေ ရှိလင့်ကစား သူမ “အိမ်သူ” ဖြစ်လာခဲ့သည်၊ ကွဲပြားခြားနားမှုတွေ ရှိပေမယ့် ကျနော်တို့ ချစ်ခြင်းမေတ္တာကို ရဲရင့်စွာ ယုံကြည်ခဲ့သည်၊ နှစ်ယောက်တစ်ဘဝ တည်ဆောက်ဖို့အရေး ကျနော်တို့ များစွာ အချိန်ယူ စဉ်းစားခဲ့ရသည်၊ ရှေ့ဆက်လျှောက်ရမည့် လမ်းခရီးမှာ အဓိကသော့ချက်သည် အပြန်အလှန် နားလည်မှုသာဖြစ်ကြောင်း သေချာသွားသည့်အခါ အိမ်ထောင်ရေးတံခါး သော့ပေါက်ထဲသို့ ကျနော်တို့သော့တံ ကိုထိုးသွင်း ဖွင့်ဝင်ခဲ့တော့သည်၊

တခါတရံ ကျနော်က harmony ထက် contrast ကိုပိုကြိုက်သည်၊ ဆန့်ကျင်ဖက်တို့၏ အချင်းချင်း ပြန်လှန်ဆွဲ ငင်တည်ဆောက်ပုံကို နှစ်သက်သည်၊ တကယ်တော့ အိမ်ထောင်သည်ဘဝမှာ ကျနော်တို့ကြားက အသွင်မတူမှု များသည် အသေးအဖွဲလေးများသာ ဖြစ်ပါသည်၊ မအိမ်သူက မနက်စာကို အသားခြောက်လို ချိစ်လို အငန်ပါတာ တွေ စားလေ့ရှိသည်၊ ကျနော်က သစ်သီးယိုတို့ cream တို့လို အချိုပါတာ ပိုနှစ်သက်သည်၊ မအိမ်သူက မြန်မာအစားအစာ ကောင်းကောင်း မချက်တတ်ပါ၊ ကိစ္စမရှိ...၊ ကျနော်ကလည်း စားလို့ရတာ အကုန်စားတတ် သူဖြစ်သည်၊ သူချက်သော အနောက်တိုင်းအစားအစာတွေကို ကျနော်နှစ်သက်သလို ကျနော်ချက်သော မြန်မာ ဟင်းတွေကိုလည်း သူကြိုက်ပါသည်၊ တခါတရံ ကိုယ်စားချင်တာ ကိုယ်လုပ်စားကြသည်၊ ထိုအခါမျိုးတွင် ကျနော်က when east meets west ဟုပြောလေ့ရှိပါသည်၊ ကျနော်က ပင်ကိုအားဖြင့် အားနာတတ်ပြီး ပြဿနာဖြစ်မည့် အရာများကို ရှောင်လိုသည်၊ မအိမ်သူက မတရားတာ မှန်သမျှကို ထိပ်တိုက်ရင်ဆိုင်ဖို့ ဝန်မ လေးသူ၊ ကျနော်က မျိုသိပ်မေ့ပျောက်ချင်သူ၊ မအိမ်သူကစိတ်ထဲရှိတာ ဘွင်းဘွင်းပြောတတ်သူ၊ ရုပ်ရှင်ကြည့် သည့်အခါ ဝမ်းနည်းစရာတွေပြတိုင်း သူ့မှာ မျက်ရည်လည်ရွှဲနှင့်...၊ ကျနော်က သူ့အား စ,ချင်စိတ်ကလေး နဲနဲ ဖြင့် “အခု ဒီထဲကလူတွေက သရုပ်ဆောင်နေကြတာ၊ အပြင်မှာ တကယ်မသေဘူး သိလား”စသဖြင့် ရယ်မြူးရိပ် ကလေးဖြင့် ပြောသည့်အခါ မအိမ်သူက ခပ်ရှက်ရှက်ဖြင့် မျက်ရည်တွေကို သုတ်ပစ်တတ်သည်၊ ကျနော် တီဗီမှာ ဘောလုံးပွဲကြည့်သောအခါ မအိမ်သူက ရီမုတ်ကွန်ထရိုးကို ဖျတ်ကနဲဆွဲယူပြီး “အင်း..ဘောလုံးပွဲက နောက်ထပ် တစ်နာရီကျော်ကျော်ကြာမှ ပြီးမှာ၊ အဲဒါမတိုင်ခင်လေးမှာ ဒီချန်နယ်လ် ပြန်ပြောင်းရင် ဘယ်သူနိုင်သွားလဲ သိရ မှာပဲ”ဟု ပြောပြောဆိုဆိုဖြင့် တခြားချန်နယ်လ်တစ်ခုကို ပြောင်းပစ်တတ်သည်၊ ကျနော်က ထိတ်ထိတ်ပြာပြာဖြင့် “ဟာ..မလုပ်နဲ့လေ၊ ဘောလုံးပွဲဆိုတာ အနိုင်အရှုံးသိရဖို့ တစ်ခုတည်း ကြည့်တာမှ မဟုတ်တာ၊ သူတို့တွေ ဘယ် လိုကစားပြီး ဘယ်လိုဂိုးဖန်တီးတယ်ဆိုတာ ကြည့်ရတာ...”ဟုပြောလျင် “သိသားပဲ..”ဟု ပြုံးစစဖြင့် ပြန်ပြောပြီး ချန်နယ်လ် ပြန်ပြောင်းပေးတတ်သည်၊

အခုလို အပေါ်ယံမတူညီမှုလေးတွေက ဘာမှမဟုတ်ပေမယ့် ကြီးမားသောအံမဝင်မှုများကိုတော့ ကျနော်တို့ ကြိုးစားပြီး ဖြည့်တင်းရသည်၊ အစစ,အရာရာ ကွဲပြားသော ပတ်ဝန်းကျင်မှာ ဝင်ဆံ့ဖို့ကြိုးစားခဲ့ရသော ကျနော့် အတွက် အမှီလိုက်ညှိနှိုင်းရတာတွေ အများကြီးရှိသလို နိုင်ငံခြားသားတစ်ယောက်ကို ခင်ပွန်းတော်ထားသော မအိမ်သူအတွက်လည်း ကျနော်နှင့်သူ့ပတ်ဝန်းကျင်အကြား အသွင်မတူမှုတွေကို ဖြည့်ဆည်းကျော်ဖြတ် ခဲ့ရ သည်၊ မည်သို့ဆိုစေ အဓိကမှာ သူနှင့်ကျနော်သာလျင်ဖြစ်ပြီး နှစ်ဦးအကြား နားလည်မှုနှင့် mutual respect ထားဖို့သာ ကြိုးစားခဲ့သည်၊

သို့နှင့် ကျနော်တို့ထံသို့ သားကလေး ရောက်လာသောအခါ unity in diversity ဟုကျနော်တွေးမိသည်၊ ကျနော် ကသားနှင့် မြန်မာလိုပြောသလို မအိမ်သူကလည်း ပြင်သစ်လို ပြောသည်၊ ကျနော်ကော်ဖီသောက်ဖို့ပြင်သော အခါ သားကလေးက ဘေးမှနေ၍ “သားလည်း ကြီးလာရင် ကော်ဖီသောက်မယ်”ဟုပြောပြီး တဖက်မှ သူ့အမေ သောက်နေသည့် လက်ဖက်ရည်ကြမ်းကိုကြည့်ကာ “လက်ဖက်ရည်လည်း သောက်မယ်”ဟု လှမ်းပြောတတ် သည်၊ ကျနော်တို့၏ အသွင်တူခြင်း ကွဲပြားခြင်းတို့သည် သားထံတွင်ပေါင်းစုလျက်ရှိသည်၊ သို့သော် ကျနော်တို့ အကြား သဘောတူညီမှုတစ်ခု ရှိသည်၊ သားကလေးကို တစ်ဦးကဆုံးမရာတွင် အကယ်၍အခြားတစ်ဦးက သဘောကွဲလွဲပါက မည်သို့မျှဝင်မပြောဘဲ ကလေးနောက်ကွယ်တွင်သာ ညှိနှိုင်းကြရန်ဖြစ်သည်၊ သားကလေးကို လူမှုဘဝအကြောင်း သင်ကြားပေးသည့်အခါ ကျနော်တို့ အကောင်းဆုံးဟု ယူဆရွေးချယ်ထားသည့် အရာတစ်ခု တည်းကိုသာ သင်ကြားပေးလိုပါသည်၊ သူ့အဖေနှင့်အမေသည် ရုပ်ပိုင်းဆိုင်ရာ အသွင်မတူသော်လည်း သူ့အ ပေါ်ထားသည့် ၄င်းတို့၏ချစ်ခြင်းမေတ္တာသည် မတူကွဲပြားခြင်း အလျင်းမရှိကြောင်း သားကို ခံစားလုံခြုံစေချင် ပါသည်။

ညီလင်းသစ်
၃ သြဂုတ်၊ ၂၀၁၀

(မယုဝရီတက်ဂ်ထားတဲ့ ပို့စ်ဖြစ်ပါတယ်၊ ကျနော်ကသာ အခုမှ ရေးဖြစ်ပေမယ့် လူတော်တော်များများက ဒီအကြောင်းကို ရေးပြီးတာ ကြာနေပါပြီ၊ ဆိုတော့...ဘယ်သူ့မှ အထူးအထွေထပ်ပြီး မတက်ဂ်တော့ပါဘူး)

21 comments:

  1. ကိုညီလင်းရေ

    အေးချမ်းလိုက်တာဗျာ။ အခုလို ချစ်ခြင်းမေတ္တာတွေ ဖတ်ရတိုင်း ကျနော့ရဲ့ စိတ္တဇလျော့ပါးလာနိုင်မယ်ထင်တယ်။ လောလောလတ်လတ် ကျနော်ယုံကြည်ထားတာက ချစ်ခြင်းမေတ္တာဆိုတာ လူတယောက် ရဲ့လိုအင်ဆန္ဒတွေဖြည့်ဆည်းပေးဖို့ အသုံးချတဲ့ လက်နက်တစ်ခုလို့ ပဲ ဖြစ်နေသေးတယ်။
    ပျော်ရွှင်ဖွယ်ကောင်းတဲ့ မိသားစုဘ၀လေးပါပဲဗျာ။ ဖတ်ရင်းအတော်လေး ကြည်နူးမိတယ်။ ဝေမျှပေးတာ ကျေးဇူးပါခင်ဗျာ

    ReplyDelete
  2. ဘုံယဉ်ကျေးမှုက ချစ်ခြင်းတခု ဆိုတဲ့ အသုံးလေးကို
    ကြိုက်တယ်.... အသေးအဖွဲ မတူတာလေးတွေ တချို့ 
    ရေးထားတာ သရုပ်ပေါ်အောင် ရေးတတ်လို့ စာရေးကောင်းတယ် လို့ ပြောပါရစေ ...
    မအိမ်သူ က ဗမာ လို ရော ရေးတတ်လား ဟင် ? ....
    ဒီ ပို့စ်လေး ဖတ်ရအောင် တက်ဂ် လိုက်တဲ့ မယုဝရီ ကို ကျေးဇူးတင်ပါတယ် ...

    mie nge

    ReplyDelete
  3. ကြည်နူးမိတယ်
    blog ပေါ်က အမတန်ခူး၊ကိုအန်ဒီတို့ရဲ့ အိမ်ထောင်ရေး၊မိသားစုရေးပိုစ့်လေးတွေက
    စိက်ချမ်းသာစရာ။
    အခုကိုညီလင်းရေးထားတာဖတ်ရတော့ ချစ်ခြင်းမေတ္တာဆိုတာကိုစဉ်းစားမိပြန်တယ်။
    :)

    ReplyDelete
  4. ကြည်နူးစရာလေးနော်။

    ReplyDelete
  5. This comment has been removed by the author.

    ReplyDelete
  6. (((သူ့အဖေနှင့်အမေသည် ရုပ်ပိုင်းဆိုင်ရာ အသွင်မတူသော်လည်း သူ့အ ပေါ်ထားသည့် ၄င်းတို့၏ချစ်ခြင်းမေတ္တာသည် မတူကွဲပြားခြင်း အလျင်းမရှိကြောင်း သားကို ခံစားလုံခြုံစေချင် ပါသည်။)))) အဓိက main point အနေနဲ့ ယူဆပြီး သဘောကျမိတယ်။ ပို့စ်တခုလုံးကို သဘောကျစွာ ဖတ်သွားပါတယ်။ မိသားစုဘ၀ အသက်ထက်ဆုံး ပျော်ရွှင်ချမ်းမြေ့ပါစေ။

    ReplyDelete
  7. အစ်ကိုပျောက်နေတာကြာပေမယ့် အခုလို့ပို့စ်လေးဖတ်ရတော့လည်း စိတ်ထဲကြည်နူးရတယ်..။ အပျော်ရွှင်ဆုံးမိသားစုဘ၀လေး ဖြစ်ပါစေဗျာ..။

    ReplyDelete
  8. ကိုရွာသား ...
    ချစ်ခြင်းမေတ္တာ ကတော့ ကျနော်တို့အားလုံး သိကြတဲ့ အတိုင်း အင်မတန် သိမ်မွေ့နက်ရှိုင်းလွန်းလို့ အခြေအနေ အချိန်အခါအလိုက် အမျိုးမျိုးအဖုံဖုံ ပြောင်းလဲနေမယ် ထင်ပါရဲ့ဗျာ၊ ခံစားမှုတစုံတရာ ပေးနိုင်တယ်ဆိုတော့လည်း ဝမ်းသာပါတယ်ဗျာ၊ :)

    မMieMie ...
    မအိမ်သူရဲ့ ဗမာစာကတော့ သင်ပုန်းကြီးအဆင့်မှာပဲ ရပ်နေသေးတယ်ဗျ :D မြန်မာပြည်မှာ ရှိစဉ်တုန်းက တော့ နေ့စဉ်ထိတွေ့နေရတာမို့ အတော်လေးခရီးရောက် လိုက်သေးတယ်၊ အခုတော့လည်း အချိန်ရမှပဲ လုပ်ဖြစ် တော့တယ်ဗျာ၊ မယုဝရီတက်ဂ်လိုက်လို့ ကျနော်လည်း အပျင်းထူနေလို့ မရတော့ဘဲ ထ,ရေးရတော့တာပဲဗျို့ :D

    မrita ...
    ဟုတ်ပါတယ်၊ သူတို့ပို့စ်လေးတွေက အရေးကောင်းမို့ မိသားစုအကြောင်းလေးတွေဟာ ကြည်နူးစရာပါပဲ၊

    မယုဝရီ ...
    ဝင်ရခက်ခက် ထွက်ရခက်ခက် ကြားထဲက လာလည်နေ သေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ။

    မငယ်နိုင် ...
    ပုံမှန်လာလာလည်တဲ့အတွက်ရော ကွန်မန့်အတွက်ပါ ကျေးဇူးပါခင်ဗျာ၊ မငယ်နိုင်တို့ မိသားစုလေးလည်း အစစအရာရာ အဆင်ပြေပါစေ...လို့။

    ကိုဖြိုး ...
    ဟုတ်တယ်ဗျာ၊ အလုပ်ရှုပ်တာရော ပျင်းတာရော ပေါင်းပြီး ဘလော့ဂ်က ငြိမ်နေတာ အတော်ကြာသွား တယ်၊ :) ရိုက်ထားတဲ့ ဓါတ်ပုံတွေ ဆက်တင်ဖို့ ကြိုးစားပါ့ မယ်။

    ReplyDelete
  9. စာလေး အရမ်းကြိုက်လို့ fb မှာ ပြန်မျှဝေပါရစေ။

    ReplyDelete
  10. အလွန်ကောင်းတဲ့ စာလေးပါ။ မတွေ့တာ ကြာပြီနော် ကိုညီလင်းသစ်.. နေကောင်းတယ်နော်။

    ReplyDelete
  11. ဖတ်ရတာကြည်နူးစရာကောင်းတယ်..။
    ပျော်ရွှင်ချမ်းမြေ့စရာကောင်းတဲ့ မိသားစုဘ၀လေးကို ဆက်လက်ပိုင်ဆိုင်နိုင်ပါစေ...။

    ReplyDelete
  12. (မ)မယ်ကိုး ...
    ဟုတ်ကဲ့.. သဘောပါပဲခင်ဗျာ။

    htethtet ...
    Merci beaucoup!

    ကိုသက်ဦး ...
    ကျေးဇူးပါအကို၊ ဟုတ်တယ်ဗျာ..ကျနော်တို့တွေ သိပ်မဆုံဖြစ်ကြဘူး၊ ကျနော်လည်း အကို့ဆီကို ကြိုကြား ကြိုကြားတော့ ရောက်ဖြစ်ပါတယ်။

    အနမ်း ...
    ကျေးဇူးတင်ပါတယ်ဗျာ ။

    ReplyDelete
  13. ထူးခြားတဲ. ဖူးစာပါပဲ ပျော်ရွင်စရာအားကျဖွယ်လေးပါပဲ တော်တော်လေးကို ထူးတဲ.ဖူးစာ မိသားစုနဲ.ထာဝရပျော်ရွင်ပါစေ အကို

    ReplyDelete
  14. ဖတ်ရတာ ကြည်နူးစရာကောင်းလိုက်တာ ဟုတ်ပါ့ ချစ်ခြင်း တစ်ခုပဲ လိုတာပဲ ကျန်တာတွေကို အချစ်နဲ့ဖြတ်ကျော်သွားလည်းဖြစ်တာပဲနော့် ။

    ReplyDelete
  15. ဒီပို့စ်လေးကို ဖတ်ရတာ ကြည်နူးစရာကောင်းလို့ ကွန်မန့်ရေးလိုက်ပါတယ်။
    ကိုညီလင်းသစ် ဇနီးသည်ကို မအိမ်သူလို့ မြန်မာဆန်ဆန်ရေးတာ ဖတ်ရစဉ်ကတည်းက သဘောကျနေခဲ့တာ။ တချို့လူတွေ မြန်မာဆန်လှချည်ရဲ့ ဆိုပြီး ဘလော့ပေါ်မှာ ကိုယ့်ဇနီးကိုယ် မဒမ် မဒမ်နဲ့သုံးနှုန်းနေကြတာ ကျမဖြင့် သဘောမတွေ့ဘူး။ မအိမ်သူ ဆိုတဲ့ အသုံးလေးက မြန်မာဆန်ပြီး ယဉ်ကျေးလွန်းလို့ သိပ်ကြိုက်တာပဲ။

    ReplyDelete
  16. လမင်းတာရာ ...
    ကျေးဇူးတင်ပါတယ် ခင်ဗျာ...။

    မောင်မျိုး ...
    ကျေးဇူးပဲ ညီရေ့..၊ ဒီပို့စ်ကနေ စပြီးတော့ ကျနော့်ဘလော့ဂ်ကို ရောက်လာတယ်ဆိုတာ ဒီနေ့မှပဲ သိရတာဗျ၊ စာပြန်တာ နဲနဲ နောက်ကျနေပေမယ့် မပြန်တာထက် စာရင်တော့ တော်သေးတာပေါ့နော်..၊

    မမေဓာဝီ ...
    ဟုတ်ကဲ့၊ ကျေးဇူးပါပဲဗျာ..၊ အထက်က ကွန်မန့်လေး အတွက်ရော မွှေနှောက်၊ ဖတ်ရှုနေတဲ့ အတွက်ရော..၊

    ReplyDelete
  17. Wow! NLT, you know really what love is and you're really companion with love! I envy you. :)
    I can't write in Burmese font. Really "kyi kyi nu nu shi lite tar". She's really lucky and as well as you're. Wishing you all the best and ever! Su

    ReplyDelete
  18. Su ...
    So..you found out finally this post, lol. :)
    Thank you so much for your visit and for this comment. I am glad that you, as a friend, come and read my blog. All the best..!

    ReplyDelete
  19. အသွင်တူ၏ မတူ၏ကို စပြီးတက်ဂ်တာ အမသက်ဝေထင်တယ်။ အဲဒီတုန်းက အစ်ကိုရေးတဲ့ပို့စ်ကို မဖတ်မိပါလားဆိုပြီး အံ့သြနေတာ။

    အရာရာကို အချစ်နဲ့အကောင်းတိုင်းဖြစ်စေခဲ့တယ်လို့ ဆိုရမှာပေါ့နော်။

    အစစကွဲပြားခြားနားတဲ့ အစ်ကိုတို့နှစ်ယောက်ကြားက မေတ္တာတရားဟာ ဘယ်လောက်ကြီးမားလိမ့်မလဲဆိုတာ ညီမလေး တွေးနေမိတယ်။

    You both are very lucky to have each other. :)

    ReplyDelete
  20. ဇွန်...
    ကွန်မန့်လေးအတွက် ကျေးဇူးပါ ညီမလေးရေ..၊ စိုင်းထီးဆိုင်ရဲ့ 'ကိုယ့်အချစ်နဲ့ အရာရာကို အကောင်းအတိုင်း ဖြစ်စေမည်' ဆိုတဲ့ သီချင်းကလေးတော့ ဆိုအုံးမှ ပါပဲ...။း)

    ReplyDelete