20 February 2011

ဆစ်ပိုင်းတီးခေါက် သုံးဆယ့်ခြောက်


မွေးနေ့ကိတ်လေးကို ပြင်ဆင်ပြီးတော့ ဘလော့ဂ်မှာ တင်တော့ ကျနော့်ရည်ရွယ်ချက်က ရိုးရိုးလေးပါပဲ၊ ဒီ ပစ္စည်းလေးတွေကို ရေကြည့်လိုက်တာနဲ့ ကျနော်ချန်ထားခဲ့တဲ့ ပြက္ခဒိန်တွေကို သိနိုင်ဖို့ပါ၊ ပဟေဠိအဆင့်ထိ မရည်ရွယ်ပါဘူး၊ ကိုယ့်ဟာနဲ့ ကိုယ်တော့ တွက်ရေးနဲ့ စက်သူဌေး ဖြစ်နေခဲ့ပေမယ့် ကွန်မန့်တချို့ ဖတ်လိုက် တဲ့ အချိန်ကျမှ တခုခုတော့ လွဲနေပြီလို့ သဘောပေါက်တယ်၊ အဲဒါက ချော့ကလက်ကို တစ်ချောင်းလုံး ယူမှာလား၊ တစ်ဆစ်ချင်း ယူမှာလား ဆိုတာပဲ၊ ဒီကြားထဲ ပိုဆိုးတာက ညီငယ်မောင်မျိုးရဲ့ အတိတ်စိမ်းအရ ဘယ်လိုပဲယူယူ ၂ လုံးပေါင်းက ၉ ဂဏန်း ကျနေသေးတယ်၊ ၉ နှစ်လျော့လည်း နည်းလားဆိုပြီး ခပ်တည် တည်နဲ့ နေချင်ပေမယ့် အများစုက သိထားတာကြောင့် ခေါင်းစဉ်ကို အခုလိုပဲ တပ်လိုက်ရပါတော့တယ်၊

ဆယ်စုနှစ် ၃ ခုခွဲ ကျော်ကို ဖြတ်ခဲ့ပြီးတဲ့နောက် ဒီနှစ်မွေးနေ့မှာ ကုန်လွန်ခဲ့တဲ့ အဲဒီနှစ်တွေ အကြောင်း နဲနဲ ပြန်စဉ်းစား ဖြစ်ပါတယ်၊ အခြားအခြားသော လူများစွာလို ပါပဲ၊ ကျနော်လည်း အမြင့်တွေ အနိမ့်တွေ၊ အရယ်တွေ အငိုတွေ၊ အချစ်တွေ အလွမ်းတွေ၊ အနိုင်တွေ အရှုံး တွေနဲ့ ချီတက်ခဲ့တာပါပဲ၊ ဒါကိုမှ ဆယ်စုနှစ် အလိုက် ယေဘုယျသတ်မှတ်ကြည့်တော့ အခုလိုတွေ့ပါတယ်...၊

ဝ မှ ၁၀ နှစ် (ချောကလက်)

လောကကြီးထဲ စ,ရောက်တဲ့ အစောပိုင်းနှစ်တွေက သိပ်ချိုမြိန်တယ်၊ ကလေးပီပီ တီတီတာတာနဲ့ ချစ်စရာ ကောင်းတယ်၊ ကျနော်ငယ်ငယ်က ဝဝတုတ်တုတ်ကလေးမို့ အားလုံးက ဝိုင်းချစ်ကြတယ်၊ စကားတတ်တယ်၊ ကျောင်းနေချိန်မှာလည်း အပူအပင်ကင်းကင်းနဲ့ ပျော်ရွှင်ရတဲ့ ဘဝလေး...၊ သွက်သွက်လက်လက်နဲ့မို့ မိဘ၊ ဆရာက အားကိုးရတဲ့၊ ချစ်ရတဲ့ ကလေး,လေးပေါ့၊ ဘဝဟာ ချော့ကလက်လိုပဲ မွှေးအီ, ချိုမြတယ်၊ အရသာ ရှိတယ်၊ လူတကာက လိုလားကြတယ်...၊


၁၀ မှ ၂၀ နှစ် (ငရုတ်သီး)

ဆယ်ကျောက်သက်တို့ ထုံးစံ စူးစမ်းမှုတွေက နေရာယူလာခဲ့တယ်၊ လူကြီးတွေများ ပူပန်ဖို့၊ ချုပ်ချယ်ဖို့ပဲ တွေးနေတာပဲ ဆိုတဲ့အမြင်မျိုးတွေ စ,ဝင်တယ်၊ တော်လှန်ချင်တဲ့ တွန်းလှန်ချင်တဲ့ အတွေးတွေ စိုးမိုးတယ်၊ ငါဟာ လောကကို ပြောင်းလဲဖို့ မွေးလာတာ ဆိုတာမျိုး သွေးနားထင် ရောက်ချင်တယ်၊ ရှင်သန်ရတဲ့ ခေတ် ကိုကလည်း အလှုပ်ရှားဆုံး အချိန်မို့ ဟိုဝါဒ၊ ဒီဝါဒတွေ မတောက်တခေါက် မြည်းစမ်းကြည့်တယ်၊ အမြင်မတူ တဲ့ စကားပွဲတွေမှာ အသုံးချ ကိုင်ပေါက်နိုင်ဖို့ ကြီးကျယ်တဲ့ စကားလုံးတွေကို အာဂုံဆောင်နိုင်ဖို့ ကြိုးစား တယ်၊ လူတကာနဲ့ စကားနိုင်လုရတာ ပျော်နေတယ်၊ တွန်းတွန်းတိုက်တိုက်နဲ့ ဘဝမို့ 'စပ်' တယ်၊ အများစုက ရှောင်ကြတယ်၊ ကြိုက်တယ်ဆိုတဲ့ သူတွေတောင်မှ အကန့်အသတ်နဲ့ စားကြတဲ့ ငရုတ်သီးလိုပါပဲ၊ စားနေစဉ် မှာရော စားပြီးသွားတော့ရော 'ပူ' တယ်၊


၂၀ မှ ၃၀ နှစ် (လိမ္မော်သီး)

လူငယ်ဘဝနဲ့ လူလတ်ပိုင်းဘဝ၊ ကျောင်းသားဘဝနဲ့ အလုပ်သမားဘဝ၊ စာအုပ်တွေထဲက သီအိုရီတွေနဲ့ လက်တွေ့ဘဝ... ဒီလို ကွာခြားမှု တွေကြောင့် တဖြည်းဖြည်း အစပ်လျော့လာခဲ့ပါတယ်၊ မလိုအပ်ဘဲ ရန်သူ မလိုချင်တော့ဘူး၊ အလုပ်,လုပ်ရတဲ့ဘဝကို နှစ်ခြိုက်လာတယ်၊ လိုက်လျောညီထွေ ဘယ်လိုနေရမလဲဆိုတာ နဲနဲ သဘောပေါက်လာခဲ့တယ်၊ ဘယ်ဟာက အဓိက၊ ဘယ်ဟာက သာမညဆိုတာ နားလည်လာတယ်၊ ပတ်ဝန်းကျင်နဲ့ သဟဇာတ ဖြစ်လာတာနဲ့အမျှ၊ လုပ်ငန်းခွင်မှာ အသုံးကျလာတာနဲ့ အမျှ နေရတာ ပျော်ဖို့ ကောင်းလာတယ်၊ ဘဝဟာ အရည်ရွှမ်းလာတယ်၊ မွှေးတယ်၊ အေးမြတယ်၊ လန်းဆန်းတယ်၊ အမောပြေစေ တယ်၊ လိမ္မော်သီး လိုပါပဲ...၊


၃၀ မှ ၃၆ နှစ် (ကော်ဖီ)

နို့ဖြစ်ဖြစ်၊ ခရင်မ်ဖြစ်ဖြစ် နဲနဲလောက် ထည့်သောက်မယ်ဆိုရင် စိမ့်စိမ့်လေးနဲ့ ကောင်းသလို၊ ဘလက်ခ် သောက်ရင်လည်း ကောင်းတဲ့နှစ်တွေပါပဲ၊ ဒီဖက်နှစ်တွေမှာ တချို့အရာတွေက အေးစက်စက် ကော်ဖီ တစ်ခွက်လို အနည်ထိုင် သွားကြတယ်၊ အချို့အရာတွေကတော့ ပူပူနွေးနွေးနဲ့ သောက်လို့ ကောင်းနေဆဲ ပါပဲ၊ ကော်ဖီတခွက်ကို စွဲလမ်းသလိုမျိုး ဘဝမှာ တမ်းတရတဲ့ အရာတွေလည်း ကျန်နေသေးတဲ့ အခြေအနေ ပါ၊ အချို့အကြောင်းအရာတွေ အပေါ်မှာ အိပ်ငိုက်သွားတတ်လို့ ကော်ဖီတစ်ခွက်နဲ့ ပြန်ပြန် နှိုးနေရတဲ့ ဘဝ ဆိုရင်လည်း မှန်ပါလိမ့်မယ်၊ တခါတခါတော့လည်း တွေးမိတယ်၊ ဘဝဟာ အက်စ်ပရက်ဆို တစ်ခွက်လိုပါပဲ၊ တစ်ငုံစာပဲ ရှိတယ်၊ ဒါပေမယ့် အဲဒီဟာကလေး လျှာပေါ်ကနေ လည်ချောင်းတလျှောက် စီးဆင်းသွားတာ လေးကိုပဲ တမ်းတ၊ စုံမက်နေရတာမျိုး မဟုတ်လား...၊

ဒီဓါတ်ပုံတွေ ရိုက်တော့ မအိမ်သူက မေးတာနဲ့ ရှင်းပြဖြစ်တယ်၊ ဒါနဲ့သူက အသက် ၆၀ လောက်ရောက်ရင်ကော ဘာတွေ ထပ်ထည့်ဦးမှာလဲ-လို့ မေးပြန်တယ်၊ ကျနော်က အဲဒီအခါကျရင် ကိတ်မုန့်လည်း ဆန့်မယ် မထင်တော့ပါဘူး လို့ ပြန်နောက်လိုက်တယ်၊ တခါကတော့ အဖေပြောဖူးတယ်၊ 'ငါ ငယ်ငယ်တုန်းက လူကြီးတွေ အသက် ၆၀ ဆိုရင် တော်တော့်ကို ကြီးပြီလို့ အောက်မေ့မိတာကွ၊ အခု ကိုယ့်အလှည့်ကျမှ ၆၀ ဟာ ဘာမှမဟုတ်သေးပါလားလို့ ခံစားရတယ်'တဲ့၊ သူ ၆၀ ပြည့်တုန်းက ပြောခဲ့တာပါ၊ ကျနော် ခပ်ငယ်ငယ် တုန်းက ဇော်ဝင်းထွဋ်ရဲ့ အသက် ၃၀ ပြည့် အထိမ်းအမှတ် ဆိုထားတဲ့ ဂျစ်ပစီမိုးတိမ် သီချင်း၊ ထူးအိမ်သင် က အသက် ၃၁ နှစ်ပြည့် အထိမ်း အမှတ်လုပ်တဲ့ စကားလုံး မရှိတဲ့ကောင်းကင် စတိတ်ရှိုး စတာတွေ ကြည့်ရင်း ငါလည်း ဒီအသက်လောက် ရောက်ရင် အတော်ကြီးပြီပဲ လို့ တွေးမိခဲ့ဖူးတယ်၊ အခုတော့လည်း အဖေပြောသလိုပါပဲ၊ လူဟာ အတ္တနဲ့ နွယ်လာတော့ တကယ်တမ်းမှာ ငယ်တုန်းပဲလို့ တွေးမိနေပြန်ရော၊ ဗီယက်နမ် စကားပုံလေးတစ်ခုကို စပ်မိလို့ သတိရပါတယ်၊ 'အသက်ဟာ ဥာဏ်ပညာ ကို မသယ်ဆောင်လာဘူး၊ အိုမင်းရင့်ရော်ခြင်းကိုသာ သယ်ဆောင်လာခဲ့တယ်'တဲ့၊ ရင့်ရော်လာတဲ့ ခန္ဓာကိုယ်နဲ့ အတူ ဆင်ခြင်တုံတရားနဲ့ ယှဉ်တဲ့ ရင့်ကျက်ခြင်းကိုပဲ ကျနော်လိုချင်မိပါတယ်...။ ။


ညီလင်းသစ်
၂၀ ဖေဖော်ဝါရီ၊ ၂၀၁၁

27 comments:

  1. ခုလို ရှင်းပြမှပဲ သဘောပေါက်တော့တယ်ရှင်။
    ကိုညီလင်းသစ်က အဓိပ္ပါယ်လေးတွေ အသီးသီးနဲ့ ဖန်တီးထားတာကိုး ...
    ကျမကတော့ ခုချိန်ထိ ငရုတ်သီးဖြစ်လိုက် ကော်ဖီဖြစ်လိုက်နဲ့ အသက်တွေသာ တနှစ်ပြီးတနှစ် ကြီးသွားတယ် ... မရင့်ကျက်နိုင်သေးပါဘူး။

    ReplyDelete
  2. ဒါလည်း မဆိုးပါဘူး မမေဓာဝီရေ ...
    ငရုတ်သီးလေး ရှူးရှူးရှဲရှဲ စပ်လိုက်၊ ကော်ဖီခါးခါးလေး ပြန်သောက်လိုက်နဲ့... မဟုတ်ဘူးလား၊ :)

    ReplyDelete
  3. မွေးနေ့ကိတ်ပိုစ့်ကို ဖတ်ပြီးကတည်းက စောင့်ကြည့်နေတာ။ ကိတ်မုန့်ပေါ်ကအရာဝတ္ထုတွေရဲ့ အဓိပ္ပာယ်ကို စိတ်ဝင်စားလို့။ ခုတော့သိသွားပြီ။ တော်တော်အဓိပ္ပာယ်ပြည့်တဲ့ ရှင်းလင်းချက်တွေပဲ။ လိမ္မော်သီး ၊ ကော်ဖီ .... ပြီးရင်ဘာလာဦးမလဲ...... နောက်တနှစ်မွေးနေ့ပိုစ်ကို စောင့်ဖတ်ဦးမယ် :-)

    ReplyDelete
  4. Eh bien, je dois mettre le chocolat, le piment et le café sur mon gâteau! Un peu d'années au chocolat, très longues années de piment et quelques années de café!!!

    ReplyDelete
  5. This comment has been removed by the author.

    ReplyDelete
  6. အသက်အကြောင်း ခုမှရှင်းတယ်း) ဟုတ်
    တယ်နော် .... ကျမလည်းအခုမှ ၃၀ကျော်ဆိုတာ
    ငယ်ငယ်လေးပဲ ရှိသေးတာပဲလို့ထင်မိတယ်း)
    အရင်တုန်းကတော့ တီတီဆွိပြောသလို ၂၅နှစ်လောက်
    လူကို မြင်ရင်ပဲ ဦးတွေ ဒေါ်တွေ အတင်းတပ်ပြစ်တာပဲ
    ခုမှ ၀ဋ်လည်နေတယ်း)

    အချို့အကြောင်းအရာတွေ အပေါ်မှာ အိပ်ငိုက်သွားတတ်လို့ ကော်ဖီတစ်ခွက်နဲ့ ပြန်ပြန် နှိုးနေရတဲ့ ဘဝ ဆိုရင်လည်း မှန်ပါလိမ့်မယ်၊ မှတ်လိုက်တာ .... ရေးထားတာလည်းလှတယ်

    ReplyDelete
  7. မှန်လိုက်တာ* :)

    ReplyDelete
  8. ခုမှဘဲ ရှင်းတော့တယ်၊
    Such a nice idea!!
    Iora

    ReplyDelete
  9. ခုမှပဲဇတ်ရည်လည်သွားတော့တယ်း) ကျနော့်အတိတ်စိမ်းက မှားနေသလားလို့ စိုးရိမ်နေတာမဟုတ်လို့တော်သေးတာပေါ့ ။

    အစ်ကို့အဖေပြောစကားလေးနားထောင်ပြီး ပြုံးစိစိဖြစ်သွားတယ် ကိုယ် ၅ တန်းလောက်က ဆယ်တန်းကျောင်းသားကြီးတွေကို အစ်ကိုကြီးပေါ့ နောက်တော့ သူတို့ကခလေးတွေဖြစ်လို့ ခုထိလည်း သူများတွေကို အစ်ကို အစ်မ ခေါ်ခေါ်နေတာ အသက်မေးလိုက်ရင်ကိုယ့်ထပ်ငယ်နေကြတာများနေတယ် တစ်ခါခါ မနာလိုသလိုလို အသက်တွေလည်း ဘာမှန်းမသိပဲ ကြီးလာနေသလားလို့း)

    ရင့်ရော်လာတဲ့ ခန္ဓာကိုယ်နဲ့ အတူ ဆင်ခြင်တုံတရားနဲ့ ယှဉ်တဲ့ ရင့်ကျက်ခြင်းကိုပဲ ကျနော်လိုချင်မိပါတယ်...။ ။

    တူတူပဲ အစ်ကို ကျနော်တော့ လောကဓံရဲ့ ရိုက်ပုတ်ခြင်းကိုခံရလေတိုင်း ရင့်ကျက်ခြင်းကိုတောင့်တမိတယ် ။

    ReplyDelete
  10. ရှင်းသွားပါပြီ။ ဗီယက်နမ် စကားပုံ တော့ကြိုက်သွားပြီ။
    လိမ္မော်သီးနှစ်တွေကိုတော့ ပြန်တွေးတိုင်းလွမ်းမိမှာပဲ။
    ကျမတော့ ၂၀။၃၀ အရွယ်ကို သတိရနေတုန်းပဲ။

    ReplyDelete
  11. ၃၆နှစ်စာရင့်ကျက်နေပြီပေါ့... မောင်လေးငယ်ပါသေးတယ်တစ်နှစ်... :P
    ခင်လို့နောက်တာပါ.... ဗီယက်နမ်မှာနေတာ အဲဒီစကားပုံကိုမသိဘူး... အမက အဲလိုတုံးတာ :)

    Rose of Sharon

    ReplyDelete
  12. ဗီယက်နမ် စကားပုံလေးကိုသိပ်ကြိုက်သွားပြီ...။
    အကို့ အဖေ ပြောတဲ့စကားလေးကလည်း မှန်ထှာ...။
    ကျွန်တော်လည်း အသက်သာ၃၀ကျော်လာတာ...
    ကိုယ်ဘာသာ ၁၀ကျော်သက်လေးထင်တုန်း...:)
    စကားမစပ် လင့် ယူသွားသဗျ....:)

    ReplyDelete
  13. လပြည့်ရိပ် ...
    အင်း...နောက်နှစ်တော့ ငရုတ်သီး တစ်တောင့်ပဲ ထပ်တိုးရမလား၊ ကော်ဖီတစ်ဗူးပဲ ထပ်ထည့်ရမလား.. စောင့်ကြည့်ရဦးမယ်..၊း)

    Mon Petit Avatar ...
    Ah..toi aussi, tu as été piquante pendant plusieures années. Je pense que tout le monde l'a été au moins une fois dans la vie...huh.

    မ Baby taster ...
    ဘယ်အသက်ပဲ ရောက်ရောက် ဒီလိုပဲ တွေးနေ၊ ခံစား နေဖြစ်လိမ့်မယ်လို့ ထင်တာပါပဲဗျာ၊ သူများက ကိုယ့်ကို ဦးလေးလို့ ခေါ်တဲ့အချိန် ကိုယ့်ကိုယ်ကိုတော့ ငယ်သေး တယ် ထင်တတ်တာပါပဲ..နော့၊း)

    မ Iora ...
    ဒီလိုဆိုတော့လည်း ဝမ်းသာရပါသဗျာ...၊

    မောင်မျိုး ...
    ကျနော် ဖတ်ဖူးတဲ့ ဟာသလေးတစ်ခု သတိရတယ်၊ လူငယ်နဲ့ လူကြီး ကွာခြားချက်ကတော့ လူကြီးက ငါတို့ လည်း တချိန်တုန်းက မင်းတို့လို ငယ်ခဲ့ဖူးပါတယ်-လို့ ပြောနိုင်ပေမယ့် လူငယ်ကတော့ ကျနော်တို့လည်း ဦးတို့ လိုမျိုး ကြီးလာပါလိမ့်မယ်-လို့ မပြောနိုင်ခြင်းပါပဲ-တဲ့၊း) ကွေးသောလက်မဆန့်မီ ဘာမဆိုဖြစ်သွားနိုင်တဲ့ ကာလ မှာ အသက်ကြီးလာဖို့ဆိုတာ ကြိုမပြောနိုင်သလို ကြီးလာ တိုင်းလည်း ရင့်ကျက်လာမယ်လို့ မဆိုနိုင်ပြန် ပါဘူး၊ ရင့်ကျက်ခြင်းဟာ ဖြတ်သန်းမှုနဲ့ လောကဓံတို့ ပေါင်းပြီး ထုဆစ်ထားတဲ့ ပန်းပုရုပ်ပါပဲ..၊

    မ,ရှင်လေး ...
    ကျနော်နဲ့တော့ အတွေးတွေ တူနေပြီ၊ ကျနော်လည်း အဲဒီ လိမ္မော်သီးနှစ်တွေကို လွမ်းလေ့ရှိတယ်...၊

    မဇော် ...
    ကြိုးစားတုန်းပါပဲ အမရေ့....၊ လာလည်တာလည်း ကျေးဇူးတင်ပါတယ်ဗျာ...၊

    ကိုမောင်လေး ...
    ငါကြီးလှပြီလို့ တွေးပြီး စိတ်ကျနေတာနဲ့ စာရင်တော့ ကိုယ်ဟာ လူငယ်လေးတစ်ဦးပါ ဆိုတာ ပိုပြီး ကောင်းမယ် ထင်တာပဲ၊ စိတ်ပျိုကိုယ်နု ဆိုတာလည်း ရှိတာပဲ မဟုတ်လား၊း) လာလည်ပြီး လင့်ခ်ယူသွားတဲ့ အတွက်လည်း ကျေးဇူးပါဗျာ၊ ကျနော်လည်း လာခဲ့ပါဦး မယ်..။

    ReplyDelete
  14. ကျမလည်း ကိုယ့်အသက်ကိုယ် ကြီးတယ်လို့ မထင်ဘူး။ လူတိုင်းဒီလိုပဲ ဆိုတာ သိပြီ :)

    ReplyDelete
  15. မစူးနွယ် ...
    ဟုတ်ပါရဲ့၊ အားလုံး ဒီလိုပါပဲဗျာ..။ :D

    ReplyDelete
  16. ရင့်ကျက်ခြင်းဟာ ဖြတ်သန်းမှုနဲ့လောကဓံ တို့ ပေါင်းပြီးထုဆစ်ထားတဲ့ ပန်းပုရုပ် ... သိပ်မှန်တယ်
    ရင့်ကျက်ဖို့ ကြိုးစားနေပေမယ့် တခါတခါတော့ ကျမက ခလေးဆန်ချင်တုန်း.. ပို့စ်ထဲက နောက်ဆုံးစာကြောင်းလည်း ကြိုက်တယ် ...
    ၆၀ အထိအောင်တော့ မစောင့်ချင်ဘူး နည်းနည်းဝေးသေးလို့ .. နောက် ငါးနှစ်ပေါင်းပြီး လေးဆယ်မှာ တစ်စွန်းရင် ဘာပေါင်းထည့်မလဲလောက်တော့ အရင်ကြည့်ချင်တယ် ဗျို့း)

    mie nge

    ReplyDelete
  17. This comment has been removed by the author.

    ReplyDelete
  18. ညီလင်း
    ၃၆များ ပျင်ေးတာင် ပျင်းသေး..။ တကယ်က ၄၆ မှ အနှစ်..အေ့။ အစ်မ ပြည့်တော့မှာ ၄၆လေ.. :D

    ReplyDelete
  19. ဘ၀ရဲ့မှတ်တိုင်တွေပေါ့နော်။
    ကျွန်မကတော့ အမြဲပဲ နီနီရဲရဲ ငရုတ်သီးဖြစ်ချင်တယ်။ အဟင်းး

    ReplyDelete
  20. မ mie nge ...
    ကျနော်တော့ ကလေးဆန်တာထက် တခါတခါတော့ ကလေးတစ်ယောက်ရဲ့ ဖြူစင်ခြင်းမျိုးတွေ ပြန်လိုချင် မိတယ်၊ အင်း...နောက် ၅ နှစ်အတွက်တော့ နောင်ခါလာ နောင်ခါဈေးပဲဗျို့၊ အခုတော့ ကော်ဖီနဲ့ နှပ်တုန်း...အဟဲ၊

    အမမေငြိမ်း ...
    အင်းပေါ့လေ...အမက အခုတော့ ပြောအားရှိပြီပေါ့၊ :) အကြွေး ဇတ်ကားထဲက ကျော်ဟိန်းရဲ့ ကြိုးစားလိုက်ဦး၊ ၁၀ နှစ်၊ ၁၀ နှစ်ဆိုတာတောင် ပြေးမြင်မိသေးတယ် :D

    မ,ကောင်းမွန်ဝင်း ...
    အင်း..လောလောဆယ် ကော်ဖီသောက်နေပေမယ့် ငရုတ်သီး တွေလည်း ကျနော် ကြိုက်တုန်းပဲဗျ..။ :)

    ReplyDelete
  21. အသက်အရွယ် အပိုင်းအခြားတွေကို ခိုင်းနှိုင်းထားတာလေး သဘောကျလိုက်တာ
    ကျွန်မကတော့ လိမ္မော်သီးလို ခံစားချက်ကနေ ဆက်မတက်ချင်ဘူး ဘယ်လိုလုပ်ရပါ့း)

    ReplyDelete
  22. မချောရေ ...
    ဒီနေရာမှာတော့ လာတူနေပြီဗျို့....၊ ကျနော်လည်း လိမ္မော်ခြံထဲမှာပဲ ဆက်နေချင်တုန်းပါပဲ။း)

    ReplyDelete
  23. It is a very beautiful post. I love the way you expressed. You are a very good writer.

    ReplyDelete
  24. naw ...
    Thank you so much for your kind words as well as for your visit!

    ReplyDelete
  25. Idea ကောင်းလိုက်တာ...
    ကော်ဖီသမားမို့ ကော်ဖီအကြောင်းလေးကို အကြိုက်ဆုံးပဲ...
    ဟုတ်တယ်..
    ဘဝဆိုတာ Espresso Shot လိုပါပဲ
    တငုံစာပဲ ရှိတယ်... ဒါပေမယ့် တကယ်ကို နှစ်သက် စုံမက်ချင်စရာကောင်းပါတယ်... နေတတ်ရင် နေပျော်စရာပါ...

    ReplyDelete
  26. မသက်ဝေ ...
    ကော်ဖီသမားတွေ အချင်းချင်း လာတော့ တွေ့နေပြီဗျို့၊ ဝမ်းသာတယ်ဗျာ...၊ What else??? :D

    ReplyDelete
  27. လိမ္မော်သီးပါရှင် :)
    ရေးပြသွားတာလေးတွေ ခုမှ သိတော့တယ်..
    နောက် နှစ်တွေကျရင် ညီမ ကော်ဖီသောက်ရတော့မယ်
    :P :P

    ခုမှ ဖတ်ရလို့ ခုမှ ကွန်မန့် ပေးတာရှင့်
    အဲလိုပဲ နောက်ကျလည်း အပေါက်ဝက အော်မှာပဲ :P

    ReplyDelete