06 March 2011

စိန်ခေါ်ခံရတဲ့အခါ...


ပြီးခဲ့တဲ့ ပို့စ်မှာပါတဲ့ ဗီဒီယိုကလစ်ပ်လေးကို လုပ်တုန်းက ကြုံခဲ့တာလေးတခု ပြောပြချင်လို့ပါ၊ ဒီ ဗီဒီယိုကို ဗုဒ္ဓဟူး၊ သို့မဟုတ် ကြာသပတေးမှာ တင်မယ်လို့ စဉ်းစားထားခဲ့တယ်၊ အဲဒီအတွက် အင်္ဂါနေ့ကတည်းက တည်းဖြတ်တာကို စ,လုပ် ပါတယ်၊ ပုံတွေထည့်၊ ဖြတ်စရာရှိတာဖြတ်၊ ဗီဒီယို အတိုအရှည်ကို ချိန်ညှိ အစရှိသဖြင့်ပေါ့..၊ ဗုဒ္ဓဟူးနေ့ညမှာတော့ ကျန်နေသေးတဲ့ နောက်ခံတီးလုံး၊ စာတန်း၊ အချောသတ် rendering စတာတွေကို လုပ်ပြီးတော့ ယူကျူကို တင်လိုက် ပါတယ်၊ ချောချောမွေ့မွေ့ပါပဲ၊ အဲ..ယူကျုမှာ ဗီဒီယိုကို ပြန်ကြည့်တဲ့ အထိပေါ့လေ၊


Photobucket
(အရင်ဗီဒီယိုနဲ့ အတူတူပဲမို့ မတင်တော့ဘဲ screenshot ပဲ ယူလိုက်ပါတယ်၊ စိတ်ဝင်စားလို့ ကြည့်ချင်ရင်တော့ ဒီယူကျုလင့်ခ်   မှာ သွားကြည့်လို့ ရပါတယ်..)


အဲဒီမှာ ကျနော့်ရဲ့ ဗီဒီယိုက အခုလိုဘေးမှာ အနက်ရောင်ဘားတွေနဲ့ လာပေါ်နေတယ်၊ ဒီလို အနက်ရောင်ဘားတွေက pixel aspect ratio လို့ခေါ်တဲ့ ပုံအချိုးအစား မညီတဲ့အခါ ပေါ်လာတတ်တာမျိုးပါ၊ အများဆုံး တွေ့ရတတ်တဲ့ 4:3 နဲ့ 16:9 ratio အကူးအပြောင်းမှာ ဖြစ်လေ့ရှိ တယ်၊ ကျနော်သုံးတဲ့ ကင်မ်ကော်ဒါက 16:9 wide screen ပါ၊ ယူကျုရဲ့ default ratio ကလည်း 16:9 wide screen ပါပဲ၊ ဒီလို အနက်ရောင်လိုင်းကြီး ပေါ်စရာ အကြောင်းမရှိပါဘူး၊ ဒါနဲ့ သေချာအောင် နောက်တခါပြန်ပြီးတော့ upload လုပ်တယ်၊ ဒီတခါတော့ သေသေချာချာကို 16:9 ratio wide screen ဆိုတာကို ရွေးတယ်၊ ပြီးတော့ အားလုံးကို စစ်ဆေးပြီး တင်လိုက်တယ်၊ မိနစ် ၄၀ လောက်ကို စိတ်ရှည်ရှည်နဲ့ စောင့်နေရတယ်၊ ရပြီဆိုတာနဲ့ မျှော်လင့်တကြီးနဲ့ ကြည့်လိုက်တော့ ခုနက အတိုင်းပါပဲ၊ အပေါ်အောက် ဘေးနှစ်ဖက်မှာ အနက်ရောင်ဘားကြီးနဲ့..၊ နဲနဲတော့ မောသွားမိတယ်၊ ဘာ့ကြောင့်များပါလိမ့်၊ ခုန တင်ထားခဲ့တဲ့ ဗီဒီယို setting ကို ယူကျုက overwrite မလုပ်လို့များလားလို့ ကျနော်တွေးမိသွားတယ်၊ ဒါနဲ့ စိတ်ရှင်းရအောင် အဲဒီ ဗီဒီယို ၂ ခုလုံးကို ဖျက်ပစ်လိုက်ပြီးတော့ ၃ ကြိမ်မြောက် ထပ်ပြီး တင်ကြည့်ပါတယ်၊ မိနစ် ၄၀ ထပ်စောင့်တယ်၊ ဘာမှ မထူးဘူး၊ ဒီတခါတော့ တော်တော်မောသွားပြီ၊ ဒါဟာ ဆော့ဖ်ဝဲကြောင့် ဖြစ်တာပဲလို့ နဲနဲရိပ်မိတာနဲ့ Adobe Premiere Elements ဆော့ဖ်ဝဲထဲမှာ လိုက်ရှာကြည့်တော့မှ သွားတွေ့တယ်၊

ကင်မ်ကော်ဒါရဲ့ ပုံထွက်က 16:9 ဖြစ်ပေမယ့် ဒီ ဗီဒီယိုပရောဂျက်က 4:3 ratio နဲ့ လုပ်ထားမိတာကိုး၊ ကျနော့် အမှားပါ ပဲ၊ ဗီဒီယိုတစ်ခုကို လုပ်ရင် ဟိုးအစကတည်းက pixel aspect ratio ကို လိုက်ဖက်အောင် ရွေးရမှာ ကျနော်က မလုပ်ခဲ့မိဘဲကိုး..၊ ဒီတော့ ဆောဖ်ဝဲက 4:3 ratio နဲ့ fix လုပ်ထားလိုက်တာ..၊ ကောင်းပြီ၊ အမှားကို တွေ့တော့ ဒါကို ဘယ်လိုပြန်ပြင်ရမလဲလို့ ဆော့ဖ်ဝဲရဲ့ help menu ထဲမှာ လိုက်ရှာ ကြည့်တယ်၊ ဘာမှ ထွေထွေထူးထူး ရှင်းမပြထားပါ ဘူး၊ ခေါင်းနဲနဲ မူးလာလို့ နာရီကိုကြည့်တော့ မနက် ၂ နာရီခွဲ...၊ မဖြစ်ချေဘူးဆိုပြီး အားလုံးကို ဒီအတိုင်း အသာထား ပြီး အိပ်လိုက်တယ်၊ နောက်တစ်နေ့ ကြာသပတေးနေ့ တနေ့လုံး ဒီအကြောင်းပဲ ကျနော် စဉ်းစားနေဖြစ်ပါတယ်၊ အားလုံး အဆင်သင့်ဖြစ်နေတဲ့ ဗီဒီယို ပရောဂျက်တစ်ခုရဲ့ ပုံထွက် display ratio ကို ဘယ်လိုပြောင်းရမလဲ-လို့...၊ အလုပ်,လုပ်ရင်း အချိန်နဲနဲရတိုင်း အင်တာနက်မှာ လိုက်ရှာကြည့်တယ်၊ ကျူတိုရီယယ်လ်တွေ၊ ဖိုရမ်တွေ၊ လိုက်ဖတ် ကြည့်တယ်၊ အိမ်မှာလည်း ဆက်ရှာကြည့်ပါတယ်၊ အဖြေက သိပ်တော့ အားရစရာ မရှိပါဘူး၊ အားလုံးလိုလိုက တညီတညွတ်တည်း ပြောကြတယ်၊ အဲဒီအဆင့်မှာ ပြောင်းလို့မရတော့ပါ-တဲ့၊ ပြောင်းလို့ရသေးတယ်လို့ ပြောတဲ့လူက လည်း အပို ဆော့ဖ်ဝဲတွေ၊ plug-in တွေ ထပ်ပြီး ဒေါင်းလုပ်,လုပ်ပြီး အဆင့်ဆင့်ပြောင်းရမယ်-တဲ့၊ ရှုပ်ထွေးခက်ခဲတဲ့ နည်းလမ်းပါပဲ၊

ကွန်ပြူတာရှေ့ ကျနော် ခဏငိုင်သွားမိတယ်၊ ဒီအခြေအနေမှာ ကျနော့်အတွက် ရွေးစရာလမ်းက ၂ ခုပဲ ရှိပါတယ်၊ ဒီအတိုင်းပဲ ဘလော့ဂ်မှာ ပတ်ဘလစ်ရှ် လုပ်မလား? အားလုံးကို အစကနေ ပြန်လုပ်မလား? နာရီကိုကြည့်တော့ ည ၁၁ နာရီခွဲ...၊ ဒီအတိုင်းထားလိုက်ရင်တော့ အိပ်ရေးဝမယ်၊ ဒါပေမယ့် အဲဒီ ဗီဒီယိုကို ကြည့်မိတိုင်း မှန်ကြည့်တိုင်း အခါခါ သေရတဲ့ ဗျည်းနွဲ့လို ဖြစ်နေမှာပဲ၊ ဘာလုပ်မယ်ဆိုတာ ယတိပြတ် ဆုံးဖြတ်ပြီးတာနဲ့ ပထမဦးဆုံး မှားနေတဲ့ ဗားရှင်းနဲ့ ဗီဒီယိုကို ဖွင့်တယ်၊ ဗီဒီယို ကလစ်ပ် တစ်ခုချင်းစီရဲ့ ကြာချိန်တွေ၊ နောက်ခံတီးလုံး ကြာချိန်၊ စာသားတွေ အားလုံးကို စာရွက်တစ်ရွက်ပေါ်မှာ ရေးချထားလိုက်ပါတယ်၊ အဲဒါကတင် ၁ နာရီလောက် ကြာသွားတယ်၊ ပြီးတော့မှ နောက်ထပ် ဗီဒီယို ပရောဂျက်အသစ် တခု လုပ်ပါတယ်၊ ဒီတခါတော့ pixel aspect ratio ကို 16:9 wide screen ကို သေသေချာချာ ရွေးလိုက်တယ်၊ အားလုံးကို အစကနေ တခုမကျန် ပြန်လုပ်ရပြန်တယ်၊ ပြီးသွားတော့ ၃ နာရီ ထိုးခါနီးပြီ၊ ဘယ်တတ်နိုင် မလဲ၊ နောက်အကျဆုံး ကြာသပတေးကနေ သောကြာအကူးမှာ ဒီ ဗီဒီယိုကို တင်မယ်လို့ ကျနော် ဆုံးဖြတ်ထားခဲ့တာကိုး...၊ နောက်ထပ် ယူကျုကို upload တင်တာ၊ ဘလော့ဂ်ကို ပြင်ဆင်ပြီး ပတ်ဘလစ်ရှ်လုပ်တာ၊ အားလုံးပြီးသွားတော့ မနက် ၄ နာရီ...၊ မျက်လုံးတွေ ကျိန်းစပ်နေခဲ့ပေမယ့် ကျနော် ကျေနပ်ပါတယ်၊ ဘာ့ကြောင့် ဖြစ်တာလဲဆိုတာ ရှာတွေ့ခဲ့ပြီး နဂိုမူလထဲက ရည်ရွယ်ထားတဲ့အတိုင်း လုပ်နိုင်ခဲ့လို့...၊


Photobucket
(ဒါကတော့ ဗီဒီယို တည်းဖြတ် work station ရဲ့ screenshot ပါ)


ကျနော်နဲ့ အလုပ်အတူ တွဲလုပ်တဲ့ အထက်အရာရှိရဲ့ နာမည်က လုကာ-ပါ၊ အသက် ၄၀ လောက်ရှိပြီး ဖော်ဖော်ရွေရွေ နဲ့ သဘောကောင်းတယ်၊ ကျနော်တို့ အစည်းအဝေး လုပ်ကြတဲ့အခါ ပြဿနာတွေကို ဆွေးနွေးရင် သူက ပြုံးစစနဲ့ နောက်လေ့ ရှိပါတယ်၊ "တကယ်တော့ ပြဿနာဆိုတာ မရှိပါဘူး၊ စိန်ခေါ်မှုတွေပဲ ရှိတယ်"...တဲ့၊

သူ့ရဲ့ စကားအတိုင်း ကြည့်မယ်ဆိုရင်တော့ ကျနော်တို့ဝန်းကျင်မှာ စိန်ခေါ်မှုတွေက များလှပါတယ်၊ နည်းပညာတွေက တိုးတက်ဆန်းပြား လာတာနဲ့အမျှ ဒါတွေကို လိုက်မှီနိုင်ဖို့၊ အပြောင်းအလဲ မြန်လှတဲ့ ဒီနေ့လို ခေတ်ကြီးထဲ နေထိုင်ရာ ပတ်ဝန်းကျင်မှာ လိုက်လျောညီထွေ အံဝင်ခွင်ကျ ဖြစ်ဖို့၊ ဘာသာစကားနဲ့ ယဉ်ကျေးမှုတွေက ထွေးရောယှက်တင်နဲ့ ကမ္ဘာဟာ ပြားသထက် ပြားလာတဲ့အခါ ကိုယ့်အပေါ်ပါ ပိကျလာတဲ့ ဖိအားပေါင်းစုံကို ကြံ့ကြံ့ခံနိုင်ဖို့၊ ... ....ဖို့၊ .... ......ဖို့၊

ဝန်ထမ်းလည်း ဝန်ထမ်းအလျောက်၊ ကျောင်းသားလည်း ကျောင်းသားအလျောက်၊ အိမ်ရှင်မလည်း အိမ်ရှင်မ အလျောက်၊ အစရှိသဖြင့် အယောက်တိုင်းဟာ နေ့စဉ်နဲ့အမျှ စိန်ခေါ်ပွဲတွေ နွှဲနေရတာပါပဲ၊ ဒီအပေါ်မှာ တုံ့ပြန်ပုံကတော့ အမျိုးမျိုးရှိမှာပါ၊ တခါတလေမှာ ကိုယ်က အလဲထိုး၊ တခါတလေတော့ ကိုယ့်ကိုအလဲထိုး၊ တခါတခါကျတော့ အမှတ်နဲ့နိုင်၊ တခါတခါကျတော့လည်း ဒိုင်ပွဲရပ်..၊ ကိုယ့်ရဲ့  ရှင် သန်ရာအလိုက် ရွေး ချယ်မှုအပေါ် မူတည်လို့ စိန်ခေါ်မှုတွေက အနည်းအများ ရှိမှာဖြစ်သလို အဲဒီစိန်ခေါ်မှုတွေအပေါ် ရင်ဆိုင်တုံ့ပြန်ရင်းနဲ့ပဲ  ရွေးချယ်မှု တွေကလည်း ပိုပြီး ပြတ်သားလာမှာပါ၊ သေချာတာကတော့ အမိဝမ်းက ထွက်လာကတည်းက အဆုတ်နဲ့ အသက်ရှူတတ်အောင် စိန်ခေါ်ခံခဲ့ရတဲ့ ကျနော်တို့ဟာ အဲဒီအသက်ရှူ ရပ်တဲ့နောက်ဆုံး အချိန်အထိလည်း ဆက်ပြီး စိန်ခေါ်ခြင်းတွေနဲ့ ကြုံနေရဦးမှာပါပဲ၊ ကိစ္စတော့ မရှိပါဘူး၊ ဘယ်လိုမှ မအောင်မြင်နိုင်တဲ့ အခါကျတော့လည်း အသာလေး ဘေးချပြီး ဥပေက္ခာပြု၊ ကျော်လွှားသွားရုံပါပဲ၊ ဘဝဆိုတာက စပေါ့တ်ရိုက်ပြီး တပွဲတိုး ဝင်ဖြေလို့ရတဲ့ စာမေးပွဲ မဟုတ်တော့ သက်လုံကောင်းကောင်း၊ သတိရှိရှိနဲ့ တရံမလပ် စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ ခံနိုင်ရည်ကို မွေးထားဖို့ပဲ လိုတယ်လို့ တွေးနေမိပါတယ်..။ ။


ညီလင်းသစ်
၆ မတ်၊ ၂၀၁၁

17 comments:

  1. မေဓာဝီMarch 6, 2011 at 11:29 PM

    မလွယ်ပါလား ကိုညီလင်းသစ်ရေ ... အဲဒီလောက် အပင်ပန်းခံပြီး ဖန်တီးခဲ့ရတာ တကယ်ပဲ ချီးကျူးမိတယ်။ အစအဆုံး ပြန်မပြင်ဖြစ်လို့ အနက်ရောင် ဘောင်ကြီးပါလဲပဲ ကျမတော့ဖြင့် မပြောရင် သတိထားမိမှာ မဟုတ်ဘူး။ ခုလိုရှင်းပြမှာ သိရတာ။

    စိန်ခေါ်မှုတွေနဲ့ ပြည့်နေတဲ့ ဘ၀မှာ ကျမကတော့ အသက်ကြီးလာလေ ... ဘွာခတ်ပြီး ထွက်ပြေးချင်လေပဲ။ ခံနိုင်ရည် မရှိတော့ဘူး။ ငယ်တုန်းကသာ စိန်ခေါ်ရင် တိမ်ပေါ်ထိ လိုက်မယ် ဆိုတာမျိုး ... ။
    အင်း ... ဇရာကလဲ အတွေးအခေါ်တွေကို ပြောင်းလဲသွားစေတတ်သား ... ။

    ReplyDelete
  2. အဖြူရောင်နတ်သမီးMarch 6, 2011 at 11:41 PM

    “ပြဿနာဆိုတာ မရှိပါဘူး..စိန်ခေါ်မှုတွေပဲရှိတယ်” တဲ့
    အဲဒီစကားလုံးလေးကို ကြိုက်တယ်...။

    အဲဒီစိန်ခေါ်မှုတွေက လုပ်ငန်းခွင်မှာ များလာတဲ့အခါ ငိုချင်လာပြန်ရော...။

း(

    ReplyDelete
  3. လပြည့်ရိပ်March 6, 2011 at 11:43 PM

    ကိုညီလင်းက တော်တော်ဇွဲကောင်းတာပဲ.. အဲဒါကြောင့်ပြီးခဲ့တဲ့ပိုစ့်ကိုကျွန်မဖတ်ခဲ့တုန်းက မနက်ပိုင်း ၉ နာရီစွန်းစွန်းပဲရှိသေးတယ်... ဘလောခ့်ကိုစဖွင့်ဖွင့်ခြင်းကိုညီလင်းရဲ့ပိုစ့်အသစ်ကိုတွေ့တော့ 5 hours ago တဲ့..ကျွန်မတောင်အံ့သြနေတာ..မနက် ၄ နာရီလောက်အထိအလုပ်လုပ်နိုင်တယ်ဆိုပြီးတော့လေ...
    ဘာပဲပြောပြော ကိုယ်လုပ်ချင်တာ သိချင်တာကို လုပ်နိုင်သွားတာ ကျေနပ်တယ်မို့လား အဲဒါကိုယ့်အတွက်အမြတ်ပဲ..
    နောက်ဆုံးစာကြောင်းလေးကိုကြိုက်တယ်... စိန်ခေါ်မှုတဲ့... စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ ခံနိုင်ရည်ကို မွေးထားဖို့လိုတယ် ဆိုတာကိုလေ....

    ReplyDelete
  4. Well....that's why i've already told u, i know ur effort for that post.It's really worth it.I gave the post new name"shumawa"I like ur choice of piano tune too.Whate a swaesone director:D
    Greet to little sis ma eaithu n thatha.If we have chance......see u all.

    Gyidaw

    ReplyDelete
  5. မမေဓါဝီပြောသလိုပဲ အနက်ရောင်ဘောင်လိုင်းကြီး
    မမြင်မိပါဘူး.။
    ဇွဲရှိတဲ့အတွက်တော့ အားကျတယ်။


    ပေါက်

    ReplyDelete
  6. ကိုယ့်အတွေ့အကြုံတိုင်း ပြောရရင် ဒီအသက်အရွယ်မှာ ခံနိုင်ရည်အားက မွေးတော့ မွေးနေနိုင်သေးတယ် ညီလင်း ရေ .. ဘယ်လောက်ခံနိုင်ဦးမလဲ လို့လည်း မပြောတတ်သေးဘူး .. မအောင်မြင်နိုင်တဲ့အခါကျတော့လည်း ညီလင်းပြောသလို အသာလေးဘေးချပြီး ဥပက္ခောပြု ကျော်လွှားသွားရမှာပေါ့ ...

    အင်းးးးးးးးး ဒီစိန်ခေါ်ပွဲက ပို့စ်နှစ်ခုဖြစ်တဲ့ စိန်ခေါ်ပွဲဘဲး))

    mie nge

    ReplyDelete
  7. ဟုတ်တယ်..ဟုတ်တယ်..
    ဒီစိန်ခေါ်မှုတွေဘယ်တော့မှဆုံးတယ်မရှိ။
    ဟင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
    Iora

    ReplyDelete
  8. မောင်မျိုးMarch 7, 2011 at 4:19 AM

    ကျနော်လည်း ဒီနေ့ကစပြီး လေ့ကျင့်ခန်းတွေလုပ်ရမယ် အစ်ကိုရေ့ စိန်ခေါ်ပွဲတွေတက်ထိုးဖို့လေး)

    ReplyDelete
  9. စိန်ခေါ်ပွဲတွေကို ခံနိုင်ရည်ရှိအောင်လုပ်ရတာ တကယ်ကိုမလွယ်ပါဘူး။
    သားလေးကလည်း အခုတလောစိန်ခေါ်တယ်လေ။
    “မာမား ရှင်းကမ်းဆန်း စီးမယ်တဲ့”
း)
    ကိုညီလင်းသစ်က ကျွန်မစီဘောက်စ်မှာ နှင်းကျလို့မပြီးနိုင်ဘူးလားဆိုပြီးမေးလို့လားမသိဘူး၊ ဒီနေ့တိုကျိုမှာနှင်းထပ်ကျပြန်ပြီ။
    “ နှင်းကခေါ်တဲ့ နှင်းစိန်”

    ReplyDelete
  10. ကိုညီလင်း ဇွဲကို ချီးကျူးတယ်။

    အရင်ကတော့ ဥပက္ခာမပြုတတ်ဘူး...ခုတော့ တတ်ပြီ။

    စူးနွယ်လေး

    ReplyDelete
  11. မမေဓာဝီ ...
    အမှန်တော့ ဒီလောက်ကြီးလည်း မခက်ပါဘူး၊ ကျနော်က အမှားလုပ်မိသွားလို့ပါ၊ ဇရာက ရလာလေလေ ကိုယ့်ကိုယ်ကို ရာဇာလို့ ထင်နေတာတွေ လျော့လာလေလေပါပဲဗျာ...၊ သဘောတူတယ်ဗျို့..၊

    အဖြူရောင်နတ်သမီး ...
    ငိုတယ်ဆိုတာကလည်း စိန်ခေါ်မှုကို လူသားဆန်စွာ တုံ့ပြန်ခြင်း တမျိုးပဲ မဟုတ်လား...၊း)

    လပြည့်ရိပ် ...
    ဟုတ်တယ်ဗျ၊ သိချင်လွန်းတာ တခုခုကို မရမက လိုက်ရှာပြီးတော့ တွေ့လိုက်ရတဲ့အခါ တော်တော် စိတ်ကျေနပ်ဖို့ ကောင်းပါတယ်..၊

    Gyidaw ...
    I like your new name, too. Nicely found...! Thanks for your greetings.

    ပေါက် ...
    အဲလို မမြင်တာလည်း တမျိုးကောင်းတာပါပဲ...နော၊ တခါတခါ လောကမှာ သိပ်မြင်လွန်းနေရင်လည်း မကောင်းဘူး ထင်တယ်နော်...၊း)

    မ mie nge ...
    ခံနိုင်ရည်ဆိုတာကလည်း တခါတခါမှာ ဘက်ထရီလို ပါပဲ၊ သုံးတာတွေ သိပ်များသွားတဲ့အခါ အားပြန်သွင်းပေးဖို့ လိုမယ် ထင်တာပဲဗျာ....၊း)

    မ Iora ...
    သက်ပြင်းချသံကို စာနဲ့ရေးသွားတာ တော်တော်ပီပြင် တယ်၊ ဖတ်ရတဲ့လူတောင် မောသွားတယ်...၊ ;-)

    Mon Petit Avatar ...
    Merci bien...!

    မောင်မျိုး ...
    ကျနော်က ထိုင်းစာပဲ သင်နေတယ်လို့ ထင်နေတာ၊ ကြည့်စမ်း...ညီက အခု မွေထိုင်းပါ ထိုးဖို့ ကျင့်နေတာကိုး..ဟားဟား၊

    မ,ကောင်းမွန်ဝင်း ...
    ကလေးတွေက ခေါ်တဲ့ စိန်ခေါ်အားစမ်းပွဲလေး တွေက တခါတခါ ပိုပြီးခက်တယ်လို့ ကျနော်လည်း ထင်မိတယ်၊ သူတို့က ချစ်ခြင်းမေတ္တာကိုပါ အကူခေါ်ထားတာကိုး...၊

    မစူးနွယ် ...
    ဟုတ်တယ်နော်၊ တချို့ကိစ္စတွေက ဥပေက္ခာပြုလိုက်ရင် ကိုယ့်မှာ တကယ်ပဲ ငြိမ်းချမ်းရတယ်...။

    ReplyDelete
  12. ချီးကျူးမိပါတယ်။ ကျမတော့မလုပ်တတ်သေးပါ။

    ReplyDelete
  13. ချော(အစိမ်းရောင်လွင်ပြင်)March 7, 2011 at 7:33 PM

    ကိုညီလင်းသစ်ရေ
    တကယ်တော့ စာတစ်ပုဒ် ဓာတ်ပုံတစ်ပုံ ဗီဒီယိုတစ်ခုဟာ ဘလော့ပေါ်တင်လိုက်ရင် ဖတ်သူ၊ ကြည့်သူအတွက် ဘာမှမကြာလိုက်ပေမဲ့ ဖန်တီးသူက အကောင်းဆုံးဖြစ်အောင် အချိန်တွေပေး အိပ်ရေးတွေပျက်ခံ၊ နည်းလမ်းတွေရှာပြီး လုပ်ကြရတာနော်။ ပြီးစလွယ် မထားတတ်တဲ့ စိတ်ဓာတ်ကို လေးစားမိပါတယ်.. ဇွဲကောင်း စိတ်ရှည်တဲ့သူဟာ ဘ၀ရဲ့ အောင်မြင်မှု အသီးအပွင့်တွေရဖို့လည်း မနှောင့်နှေးပါဘူး။

    ReplyDelete
  14. မ,ရှင်လေး ...
    ကျေးဇူး..၊ ကျနော်လည်း ကောင်းကောင်း မလုပ်တတ်သေးပါ..၊

    မချော ...
    မှန်ပါတယ်ဗျာ၊ ပို့စ်လေးတစ်ခု၊ ဓါတ်ပုံတစ်ပုံ ဖန်တီးလိုက်တယ် ဆိုတာက ရေခဲတောင် iceberg လိုပါပဲ၊ ဘလော့ဂ်မှာ မြင်ရတာက ရေပေါ်ကအပိုင်း၊ အချိန်ပေးခဲ့ရတဲ့ ရေအောက်ကအပိုင်းက အများကြီး ပိုကြီးပါတယ်၊ ဒါပေမယ့် ဘလော့ဂါတွေက ဝင်ရိုးစွန်းမှာ ပျော်နေကြသူများ ဖြစ်နေတော့လည်း......။း)

    ReplyDelete
  15. ဟုတ်တယ်နော် ဖတ်ရတာ လွယ်သလောက် ဖန်တီးသူ
    အတွက်အများကြိးကြိုးစားရတာ အမှန်ပါပဲအကို။
    အခုချိန်ထိ ဘာမှမလုပ်တက်သေးဘူး:P:P
    “ပြဿနာဆိုတာ မရှိပါဘူး..စိန်ခေါ်မှုတွေပဲရှိတယ်”

    စိန်ခေါ်ပွဲတက်ဖို့ အများကြိးကြိုးစားရအုံးမယ်အကို။
    အားပေးလျှက်။
    ကောင်းသောနေ့လေးဖြစ်ပါစေ။

    ReplyDelete
  16. Angelhlaing ...
    ကြိုးစားပါ ညီမရေ..၊ သက်လုံကောင်းသထက် ကောင်းပါစေလို့ ဆုတောင်းပါတယ်..။

    ReplyDelete