13 March 2011

ဒဏ်ရာ...


ဒီစနေ၊ တနင်္ဂနွေမှာ အိမ်ကို ဧည့်သည်ရောက်နေတာနဲ့ အလုပ်များနေခဲ့တယ်၊ ဧည့်သည်က ကျနော်တို့ မြန်မာပြည်မှာ ကတည်းက ရင်းနှီးခဲ့တဲ့ သူငယ်ချင်းတစ်ယောက်ပါ၊ အခုသူက သြစတြီးယားမှာ နေ,နေတယ်၊ မတွေ့တာလည်း ကြာနေတော့ တွေ့ကြရအောင်ဆိုပြီး သောကြာနေ့က သူရယ်၊ သူ့သမီးလေးရယ် ရောက်လာခဲ့တယ်၊ ၂ ညအိပ်၊ ၃ ရက် ခရီးပေါ့၊ သူ့ သမီးလေးက ၆ နှစ် ကျော်ကျော်တော့ ရှိ နေပြီ၊ ဒီကလေးမလေးက ဆွစ်ဂျာမန်၊ သြစတြီးယန်း ဂျာမန်၊ စတင်းန်ဒတ် ဂျာမန်နဲ့ အင်္ဂလိပ်စကား ၄ မျိုးပြောတယ်၊ သူက မြန်မာပြည်မှာ မွေးခဲ့တော့ မြန်မာစကားလည်း အတော်လေး ပြောနိုင်ခဲ့သေးတယ်၊ အခုတော့ အားလုံးနီးပါး မေ့သွားပြီ...၊

သူ့အမေ ပြောပြချက်အရ သူက ကျနော်နဲ့သားကို တွေ့ဖို့ စိတ်လှုပ်ရှား နေခဲ့တယ်ဆိုပဲ..၊ အဓိက,ကတော့ ကျနော်တို့နှစ်ယောက် မြန်မာစကားပြောတာကို သူက နားထောင်ချင်လွန်းလို့-တဲ့၊ သူ့အမေရဲ့ လက်ပ်တော့ပ်ထဲမှာ ရှိတဲ့ ဗီဒီယိုအပိုင်းအစ တချို့ကိုလည်း ကျနော့်ကို ဖွင့်ပြသေး တယ်၊ မြန်မာပြည်မှာ သူနေခဲ့တုန်းက ရိုက်ခဲ့တာတွေပါ..၊ အဲဒီထဲမှာ သူက မြန်မာကလေးတွေနဲ့ 'တပြား နှစ်ပြား ပဲလင်ပြား' တို့၊ 'ဗြောင်နောင်နောင် ဗေဗေဂျိ' တို့တောင် ကစား နေခဲ့သေးတာ..၊ အခုတော့ ဝိုးတဝါးပဲ နားလည်တော့တယ် ဆိုတော့ သူ သိပ်စိတ်ကောင်း ပုံတော့ မရဘူး၊ သူ့အဖေကလည်း မြန်မာပါပဲ၊ ဒါပေမယ့် လင်မယားကွဲသွားတော့ အဖေက ဟိုမှာပဲ နေခဲ့တယ်၊ သူက အမေနဲ့ ဒီမှာ လိုက်နေတာပါ၊ သူ့အဖေနဲ့ လူမျိုးတူဖြစ်တဲ့ ကျနော့်ကိုတော့ အတော်လေး ခင်တွယ် သွားရှာတယ်၊

သားနဲ့ ကစားတော့ သူတို့နှစ်ယောက်ကြားမှာ စကားမတူပေမယ့် ကလေးတို့သဘာဝ တစ်ယောက်ပုံကို တစ်ယောက် ကြည့်ပြီး ကစားကြတာ အဆင်ကိုပြေလို့၊ တူတူပုန်းတမ်း၊ စိန်ပြေးတမ်း၊ တမျိုးပြီးတမျိုး ကစားရင်း ဟုတ်နေတာပဲ၊ တခါတခါတော့ မပြောမဖြစ်ရင် သူက သားကို အင်္ဂလိပ်လိုပြော၊ သားက နားမလည်တော့ ကျနော်က မြန်မာလို စကားပြန် ပြ၊ သားက သူ့ကိုတခါ ပြင်သစ်လို ပြန်ပြော၊ ကျနော်က တခါ အင်္ဂလိပ်လို စကားပြန်ပြနဲ့ သုံးယောက်သား လုံးလည်ချာလည် လိုက်လို့...၊ ရီတော့ ရီရသား...၊

စနေနေ့မှာ သူတို့ကို သိပ်မဝေးတဲ့ ကစားကွင်းတစ်ခုကို လိုက်ပို့ဖြစ်ပါတယ်၊ သူတို့နဲ့အတူ အဖော်လိုက် ကစားပေးနေရင်း နဲ့ ကစားကွင်းထဲက ခုံတန်းလေးတခု ဘေးမှာ ကျနေတဲ့ ဒီပန်းသီးလေးဆီကို ဘာရယ်မဟုတ် မျက်စိရောက်သွားခဲ့တယ်၊ တယောက်ယောက်က စားနေရင်းတန်းလန်း လက်ကနေ ပြုတ်ကျသွားခဲ့ပုံ ရတယ်၊ တဝက်တပျက် ကိုက်ရာနဲ့အတူ ဖုန်အလူးလူး၊ သဲအလူးလူး...၊ စိတ်ကလည်း ချက်ချင်းဆိုသလိုပဲ ဟိုး... လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကို တမုဟုတ်ချင်း ပြန်ရောက်သွားခဲ့တယ်၊ ကျနော် ပထမဆုံး ပန်းသီး စ,စားဖူးတာ ၆ နှစ်ဝန်းကျင်လောက်မှာပါ၊ ဒိထက် စောရင်လည်း စောနိုင်ပေမယ့် မှတ်မိတဲ့ ပထမဆုံးပန်းသီးက ၆ နှစ်သားမှာ ဘဝထဲကို ဝင်လာခဲ့တာ၊ ပြေလည်တဲ့ အဒေါ်တစ်ယောက်က ပေးခဲ့တဲ့ အဲဒီတရုတ်ပန်းသီး နီနီကို မစားရက်လို့ တနေကုန် လက်ကမချဘဲ အရိပ်တကြည့်ကြည့်နဲ့ ရှိနေခဲ့တယ်၊ စ,စား တော့လည်း အသားတွေကို မစားရက်သေးလို့ အခွံချည်းသက်သက် သွားနဲ့ပတ်လည် ခြစ်ပြီး အရင်စားဖြစ်တယ်၊ နဲနဲလေး အရွယ်ရောက်လာတော့ သူငယ်ချင်းတစ်ယောက်ကိုတောင် နောက်ဖြစ်သေးတယ်၊ ငါလည်း တခါတခါ ဆေးရုံတက်ချင် တယ်-လို့၊ ဆေးရုံကို လူမမာမေး လာကြတဲ့သူတွေက ပန်းသီးတွေ ယူယူလာတာ မြင်ဖူးထားတာကိုး...၊ ဒီမှာတော့ ပန်းသီး ပေါင်းစုံက မစားချင်မှ အဆုံးပါပဲ၊ အခု ဒီပန်းသီး လေးကတော့ အဆုံးထိတောင် အစားမခံခဲ့ ရဘူး၊ တဝက်တပျက်နဲ့ အစွန့်ပစ်ခံ ပန်းသီးကလေး...၊ ဒီလိုနဲ့ အဲဒီပန်းသီးလေးကို ဓါတ်ပုံရိုက်ဖြစ်သွားပြန် ပါတယ်...၊


အစွန့်ပစ်ခံ (၁)
Photobucket

ပန်းသီးလေးကို ကောက်လိုက်တော့ သားက ကျနော်စားမလို့ ကောက်တာလို့ ထင်သွားလား မသိပါဘူး၊ ခပ်လှမ်းလှမ်းက လှမ်းပြောတယ်၊ 'ပါပါး, အဲဒီ ပန်းသီး မစားရဘူး၊ မြေကြီးပေါ်မှာကျနေတာ ညစ်ပတ်တယ်'တဲ့၊ 'မစားပါဘူးကွာ၊ ဓါတ်ပုံ ရိုက်မလို့ပါ'လို့ သူ့ကို ပြန်ရှင်းပြပြီး ကလေးကစားတဲ့ မြင်းရုပ်ခုံကလေးပေါ်မှာ ပန်းသီးလေးကိုတင်ပြီး ရိုက်ဖြစ်ပါတယ်၊


အစွန့်ပစ်ခံ (၂)
Photobucket

ဒဏ်ရာဆိုတာက ဘယ်သူမဆို ရနိုင်ပါတယ်၊ မြင်သာထင်သာ ရှိတဲ့ အပြင်ပန်း ဒဏ်ရာတွေက လိုက်ဖက်တဲ့ ဆေးဝါးတွေ နဲ့ အချိန်မီ ကုနိုင်ပေမယ့် ရင်တွင်းဒဏ်ရာတွေ ဆိုရင်တော့ သိနိုင်ဖို့တောင် တခါတခါမှာ မလွယ်ဘူး မဟုတ်လား...။ ။


ညီလင်းသစ်
၁၃ မတ်၊ ၂၀၁၁

29 comments:

  1. ဟုတ်တယ်နော် ... ရင်တွင်း ဒဏ်ရာတွေကို ဖွင့်မပြောရင် မသိနိုင်ဘူး။
    ရင်တွင်းဒဏ်ရာကို ကုစားဖို့ကလဲ မျှဝေခံစား နားလည်ပေးတဲ့သူ ရှိမှ ... ။
    ဒီလိုနဲ့ ဒဏ်ရာတွေက ရင်ထဲမှာ တစတစ လှိုက်စားလို့သွားရော။

    အစွန့်ပစ်ခံ ပန်းသီးလေးက ... သနားစရာ ... ဒဏ်ရာတွေနဲ့ ..........

    ReplyDelete
  2. လပြည့်ရိပ်March 13, 2011 at 11:11 PM

    ကလေးမလေး ၊ ပန်းသီး နဲ့ ဒဏ်ရာ ရဲ့ ဆက်သွယ်ချက်ကို ရှာသွားတယ်...

    ReplyDelete
  3. ဟင်း ဟင်း., တို့လဲ ကိုယ်ပျော်ရွှင်ခဲ့တဲ့ နယ်ပယ်တခုမှာ ကိုယ့်လုပ်ရပ်ကြောင့် ရင်တွင်းက ဒဏ်ရာတွေနဲ့ အားလုံးရဲ့ အပစ်ပယ်ခံ အစွန့်ပစ် ခံထားရသူဆိုတော့ ဒီပိုစ့်နဲ့ relate ဖြစ်လို့ ခပ်သဲ့သဲ့ ရယ်သွန်းလိုက်မိပါရဲ့။

    ဘာပဲဖြစ်ဖြစ် မှားခဲ့တာကို နောင်တမရပေမယ့် လုပ်ခဲ့တဲ့ အမှားကို သင်ခန်းစာယူပြီး ခေါင်းမာ အရွဲ့တိုက်တတ်သူမို့ ဘယ်သူဘာပြောပြော၊ ဘာထင်ထင်၊ နွေးထွေးစွာ ဖေးမအားပေး ကူညီမှု့ ရှိရှိ မရှိရှိ ခပ်ပေပေနဲ့ ဆက်လျှောက်နေတုန်းပဲ။

    ဒါပေမယ့် ရင်ထဲက နာကျင်နေတဲ့ ဒဏ်ရာတွေနဲ့ပေါ့။ ဟတ် ဟတ် :)

    ReplyDelete
  4. မောင်မျိုးMarch 14, 2011 at 2:32 AM

    အစ်ကို အငယ်လေးတုန်းက ပန်းသီးစားပုံလေးဖတ်ရတော့ ကျနော်ငယ်ငယ်တုန်းကလေး 7 upကိုသောက်ချင်လွန်းလို့ နေမကောင်းဖြစ်ပါစေလို့ ဆုတောင်းမိတာ သွားသတိရတယ်း) အငယ်တုန်းက7 up ပုလင်းခွံ တွေကို ရှူရှိုက်ရတဲ့ အချိန်တွေကို ပြန်သတိရမိပါရဲ့ ။ အဆုံးသတ် စာကြောင်းလေး ၂ကြောင်းကတော့ ရင်ထဲထိတယ် အစ်ကိုရေ့ တစ်ခါခါ ကိုယ့်ဒဏ်ရာ ကိုယ်တောင် အတွင်းဒဏ်ရာလား အပြင်ဒဏ်ရာလား ခွဲမတတ်တော့ပါဘူး သွေးမထွက်ပေမယ့် ဒဏ်ရာတွေ ခဏခဏ ရလို့လေ ။

    ReplyDelete
  5. ငယ်ဘဝက ရခဲ့တဲ့ရင်တွင်းဒဏ်ရာတွေက တသက်စာ အနာတရဖြစ်စေတယ်... ဘယ်တုန်းကစပြီး အနာတရ ဖြစ်ခဲ့မှန်းမသိလိုက်ပေမဲ့ အဲဒီဒဏ်ရာကသတိထားမိချိန်မှာ အတော်အမြစ်စွဲနေပြီ မို့ ကုသချိန်မမှီတော့တာများပါတယ်... :(

    ReplyDelete
  6. Comme tes pommes, je me souviens de homard dont ma tante nous a donné à manger.

    ReplyDelete
  7. ကျောက်သီးMarch 14, 2011 at 4:30 AM

    ငယ်ငယ်က ပန်းသီးကို အပြင်မှာတောင်မမြင်ဖူးဘူး..
    နဲနဲကြီးလာတော့ မဟာစည် ဆရာတော်ဘုရားကြီးကို အင်္ဂလန်က လှူလိုက်တဲ့ ပန်းသီးကိုကျောင်းမှာဝေယျာဝိစ္စလုပ်ရင်းစပြီးစားဖူးတာ.သစ်တော့သီး မာမာ ကြမ်းကြမ်းစားနေကြဆိုတော့ ပန်းသီးကိုအမြတ်တနိုးစားကြည့်ရင်း..ပန်းသီးက ဝါးရတာနုးညံ့လိုက်တာလို့...
    ခုတော့...ပန်းသီးလဲ မစားချင်ဆုံး..အစွန့်ပစ်ခံဘဝကို ရောက်နေရှာပြီ..

    ReplyDelete
  8. ကိုယ်လည်း ငယ်ငယ်တုန်းကရေးဘူးတယ်။
    အရေပြားပေါ်မှာ ရတဲ့ဒဏ်ရာက ခဏလေးနဲ့ ကျက်ပြီးပျောက်သွားပေမဲ့ အသဲနှလုံးမှာရတဲ့ ဒဏ်ရာက တော်တော်နဲ့ မကျက်သလို လွယ်လွယ်နဲ့ လည်း မပျောက်ဘူးလို့ ............
    Iora

    ReplyDelete
  9. ဒီပို့စ်ကိုဖတ်ပြီး စိတ်ထဲမှာ
    တစ်ခုခု ခံစားလိုက်မိတယ် ...

    ခင်မင်လျှက်
    ဆောင်းနှင်းရွက်

    ReplyDelete
  10. ပန်းသီးတော့ ဘယ်တုန်းကမှ မကြိုက်ခဲ့ဘူး။ အခုမှ စားဖြစ်အောင် တမင်ကြိတ်မှိတ်မြိုချ စားနေရတယ်။ ဆောင်းဆို တခြားအသီးတွေက မရှိဘူးမှုတ်လား

    ရင်တွင်းဒဏ်ရာအတွက် အကောင်းဆုံးကုသနည်းကတော့
    အချိန်ရယ်၊ မေ့ပစ်လိုက်တာရယ်....

    စူးနွယ်လေး

    ReplyDelete
  11. အချိန်က ကုစားလို့မရတဲ့ ဒဏ်ရာတွေ မများစေဖို့ပဲ ဆုတောင်းရုံပေါ့လေ။
    JJ

    ReplyDelete
  12. မမေဓာဝီ ...
    ရင်တွင်း ဒဏ်ရာတွေက ပွင့်ပွင့်လင်းလင်းနဲ့ ဖွင့်ဟ တိုင်ပင်မှပဲ အထိုက်အလျောက် သက်သာမယ် ထင်ပါရဲ့ဗျာ..၊ အနာတွေက လှောင်ပိတ်ထားရင် “ရင်း” တတ်တာ များတယ်လေ..နော၊

    လပြည့်ရိပ် ...
    တခုခုများ တွေ့မိသွားသေးလား...၊း)

    အမည်ဝှက်စာဖတ်သူ ...
    လူတိုင်းက မှားကြတာချည်းပါပဲ၊ မှားတိုင်းသာ စွန့်ပစ်ရ ကြေးဆိုရင် တကမ္ဘာလုံးက အစွန့်ပစ်ခံ ဂြိုလ်ကြီး ဖြစ်နေ မှာပါပဲ၊ ယုံကြည်တဲ့အတိုင်း အဆုံးထိ ဆက် လျှောက်ဖို့ပဲ လိုပါတယ်ဗျာ...၊ မဟုတ်ဖူးလား?

    မောင်မျိုး ...
    သွေးမထွက်တဲ့ ဒဏ်ရာတွေလည်း ရဖူးတယ်ဆိုတော့ ညီလည်း အတွင်းကြေ ဖြစ်ဖူးတယ် ထင်တယ်...၊း)

    rose of sharon ...
    တခါတခါတော့လည်း ဒဏ်ရာကို ပျောက်အောင်ကုဖို့ ထက် အနာမရင်းအောင်ကိုပဲ အနိုင်နိုင် ကြိုးစားနေရတာ တွေလည်း အများသားကလား...၊

    Mon Petit Avatar ...
    on a tous des souvenirs, ainsi, malgré la différence de prix entre une pomme et un homard. :D

    (ကိုကြီး) ကျောက်သီး ...
    ပန်းသီးကတော့ ကျနော်တို့ ငယ်ဘဝတွေရဲ့ တပင်တိုင် မင်းသမီးလေးပဲ ဖြစ်မယ်ထင်ပါရဲ့ဗျာ၊ (သီးလေးသီး မဟုတ်တဲ့ တကယ့်ပန်းသီးကို ပြောတာနော်..)း-)

    မ Iora ...
    ဟုတ်တယ်နော်၊ အသည်းနှလုံးက ဝေးလံခေါင်ဖျား ဒေသမှာ နေလို့လား မသိဘူး၊ တခုခုဖြစ်ရင် ဆေးမှီဖို့ အနိုင်နိုင်ရယ်...၊

    ဆောင်းနှင်းရွက် ...
    ခံစားလိုက်ရတယ် ဆိုတဲ့ဟာက ဒဏ်ရာဟောင်းတွေ တော့ မဖြစ်စေချင်ပါဘူးဗျာ...၊း)

    မစူးနွယ် ...
    ပန်းသီးကလည်း မဆိုးပါဘူးဗျ၊ An apple a day keeps a doctor away လို့တောင် ဆိုထားသေးတယ် မဟုတ်လား...၊း)

    JJ ...
    ဟုတ်တယ်ဗျာ၊ တခါတခါမှာ ဆုတောင်း၊ ပြီးတော့ ကြိုတင်ကာကွယ်တာက ကုသခြင်းထက် ပိုထိရောက် တယ် မဟုတ်လား...။

    ReplyDelete
  13. အကိုရေ..ပို့စ်လေးဖတ်ရင်း ရင်ထဲမှာ
    နင့်နင့်နဲနဲ ခံစား လိုက်ရတယ်။
    ငယ်ဘဝက တစ်ချို့သော အကြောင်းအရာ
    တွေနဲ့ တိုက်ဆိုင်မှု ကြောင့် ထင်ပါရဲ့ အကို။
    အားပေးသွားလျှက်။
    ကောင်းသောနေ့လေးဖြစ်ပါစေအကို။

    ReplyDelete
  14. ပန်ဒိုရာMarch 14, 2011 at 1:40 PM

    ဒဏ်ရာထဲမှာတောင် အလှတရားကို ဖမ်းထားနိုင်တဲ့သူ..

    ReplyDelete
  15. ကလေးမလေးက သနားပါတယ်နော်။ အမေနဲ့ အဖေ ကွဲနေရင် သားသမီးတွေလည်း မိဘတွေနဲ့ အတူ မနေရဘဲ တကွဲတပြားနော်။ အပြစ်ကင်းစင်တဲ့ သူတို့လေးတွေ သနားပါတယ်။ ပာင်းးးးး လူကြီးတွေရဲ့ အိမ်ထောင်ရေး အကြားမှာ ကလေးတွေက မြေဇာပင် ဖြစ်လို့။ မြန်မာလို တတ်ချင်စိတ် သင်ချင်စိတ် ရှိတာ ကလေးမလေးကိုရော၊ ကိုညီလင်းရဲ့ သားလေးကိုရော တကယ် ချီးကျုးမိတယ်။

    http://redroseofburma.blogspot.com/

    ReplyDelete
  16. ကိုညီလင်းသစ် ရေးသားတင်ပြတာတွေက
    သိပ်ကောင်းပါတယ်၊
    ဒဏ်ရာချင်းတူတတ်တာမို့
    နားလည်မိတယ် ထင်တာပဲ၊

    အပြုံးပန်း

    ReplyDelete
  17. ပန်းသီးလေးက ကြွတက်နေတာပဲ။
    ဓါတ်ပုံ ကောင်းလိုက်တာ

    အပြုံးပန်း

    ReplyDelete
  18. ကလေးမလေးအကြောင်းတွေးမိတယ်။ အပြန်လမ်းမှာ
    သူ့ စိတ်ထဲဘာတွေများတွေးနေမလဲလို့ 

    ReplyDelete
  19. ဒဏ်ရာဆိုတာက ဘယ်သူမဆို ရနိုင်ပါတယ်၊ မြင်သာထင်သာ ရှိတဲ့ အပြင်ပန်း ဒဏ်ရာတွေက လိုက်ဖက်တဲ့ ဆေးဝါးတွေ နဲ့ အချိန်မီ ကုနိုင်ပေမယ့် ရင်တွင်းဒဏ်ရာတွေ ဆိုရင်တော့ သိနိုင်ဖို့တောင် တခါတခါမှာ မလွယ်ဘူး မဟုတ်လား...။ ။


    *****

    မှန်လိုက်တာရှင်.....ရင်ထဲကဒဏ်ရာကို ကျိတ်ကုခဲ့ရတာလည်း မနည်းပါဘူး။ ပုံလေးတော့ တော်တော်သဘောကျတယ်ရှင်။ အလင်းအမှောင် အယူအဆ နဲ့ ကိုယ်ပေးချင်တာကို ဘောင်ခတ်ပြီး ပြသွားတာ တကယ်သဘောကျမိပါတယ်။

    ခင်မင်လေးစားလျက်

    ReplyDelete
  20. ချော(အစိမ်းရောင်လွင်ပြင်)March 14, 2011 at 6:03 PM

    ကျွန်မငယ်ငယ်က အဖြစ်ကို သတိရသွားတယ်
    ကျွန်မတို့ဆီမှာက ပန်းသီးရှားတယ်လေ ဟိုတုန်းကပေါ့
    အဲဒါ အဖွားက ဗုဒ္ဓဂါယာသွားတယ် ပြန်လာတော့ ပန်းသီးလှလှကြီးကြီးတွေ ပါလာတာ
    တစ်ယောက်တစ်လုံးဝေတာ မစားရက်လို့ သိမ်းထားတာ ပန်းသီးကိုလေ ရေမွှေးလေးတောင် ဖြန်းလိုက်သေးတယ်.. အရိပ်တကြည့်ကြည့်နဲ့ ထားထားတာ
    နောက်တော့ မစားရသေးခင် ပုတ်လာလို့ အားလုံးမပုတ်ခင် စားလိုက်ရတယ် ..
    သတိရသွားပြီ.. ငယ်ဘ၀ကတော့ အမှတ်ရစရာတွေပါဘဲလေ

    ReplyDelete
  21. ဘဝတွေတိုင်းမှာ မမြင်နိုင် မတွေ့နိုင်တဲ့ ဒါဏ်ရာတွေ ကိုယ်စီနဲ့... ဒါဏ်ရာ တခု ကျက်ပြီး အနာသက်သာသွားရင်တောင် ဘယ်တော့မှ ဖျက်မရမယ့် အမာရွတ်က ကျန်ရစ်နေဆဲ...

    ReplyDelete
  22. by the way သားသား စကားပြောတဲ့ video လေးတွေတင်ပေးပါအုန်း အစ်ကို။
    JJ

    ReplyDelete
  23. Angelhlaing ...
    စာလာဖတ်တဲ့အတွက်ကော ကွန်မန့်အတွက်ပါ ကျေးဇူး ပါပဲ ညီမရေ...၊

    မပန်ဒိုရာ ...
    အလှတရားထဲမှာ ဒဏ်ရာတွေ ရှိနေတဲ့ နောက်တော့ ဒဏ်ရာထဲမှာလည်း အလှတရားတွေ ရှိနိုင်မှာပဲလို့ ထင်မိတာပါပဲဗျာ...၊း)

    ရိုစ့် ...
    မိဘကိုပဲ မှီခိုနေရတဲ့ ကလေးတွေ ဘဝကတော့ တကယ်ပဲ သနားစရာကောင်းပါတယ်၊ လူကြီး မလိမ္မာရင် ကလေးမလိမ္မာတာထက် အများကြီး ဆိုးတယ်နော်..၊

    မအပြုံးပန်း ...
    ကျေးဇူးတင်ပါတယ်ဗျာ....၊

    မ,ရှင်လေး ...
    ကျနော်နဲ့ အတွေးတူလိုက်တာ..၊ ကျနော်လည်း သူ ဘယ်လို ခံစားချက်တွေနဲ့ ပြန်သွားခဲ့လဲလို့ စဉ်းစားနေမိ သေးတယ်...၊

    မမေသိမ့်သိမ့်ကျော် ...
    လာပြီး အားပေးခံစားတာ ကျေးဇူးပါပဲနော်...၊

    မချော ...
    ပန်းသီးကို ရေမွှေးတောင် ဖြန်းထားလိုက်သေးတယ် ဟုတ်လား...ဟားဟား၊ အင်း...မပုပ်ခင် စားမှာလား၊ မစားခင် အပုပ်ခံမှာလား၊ ဒါလည်း ရွေးချယ်မှုတွေထဲက တခုပါပဲလေ.....နော၊း)

    မသက်ဝေ ...
    ဟုတ်တယ်၊ တချို့ဒဏ်ရာတွေက ရလိုက်ပြီဆိုရင် တသက်စာအတွက်ပဲ ထင်တယ်နော်၊ ပျောက်သွားရင် တောင် အမာရွတ်က မှတ်မှတ်ရရ ကျန်ခဲ့တာ....၊

    JJ ...
    ဟုတ်ကဲ့၊ ဒါတွေချည်းပဲ တင်နေရင် လာလည်သူတွေ ငြီးငွေ့မှာ စိုးလို့ ကျနော်က ကိုယ်ရှိန်သတ်ထားတာပါ၊း)
    အခုလို စိတ်ဝင်စားတာ သိရလို့ ဝမ်းသာပါတယ်၊ အဆင်ပြေတာနဲ့ တင်ဖြစ်ပါ့မယ်နော်...။

    ReplyDelete
  24. ကျမနဲ့သမီးလည်း မိတ်ဆွေခလေးတွေ အိမ်မှာဆုံဖြစ်ရင် တပြားနှစ်ပြားတို့ ကွမ်းသီးလေးလုံးတို့ ဗိုလ်ကျားသေနပ် တို့ လို ဗမာ ခလေးကစားနည်းတွေ အတူ ကစားဖြစ်တယ် သူတို့တွေ သိပ်သဘောကျတယ်လေ ... ဒီကခလေးတွေမှာလည်း အဲလိုမျိုးဂိမ်းတွေ အများကြီးရှိတာ သမီးဆီကနေ သိရတယ် ...

    ဘယ်ကလေးတွေကိုမှ ဘာဒဏ်ရာမှ မရစေချင်ဘူး ညီလင်း ရေ ...

    mie nge

    ReplyDelete
  25. သြော် ဒဏ်ရာ ဒဏ်ရာ
    ရင်ထဲမှာ ဗလပွနဲ့ပေါ့
    ဓါတ်ပုံ ဆရာပဲ လုပ်ပါတော့
    ပန်းသီးက လှလိုက်တာ

    ReplyDelete
  26. Whenever i see half eaten and left apple,i'll remember the little girl and you.Everybody has at least a little scar in heart cos all are just ordinary humanbeing.C'est la vie.La vie n'est pas en rose toujours.

    ReplyDelete
  27. မ mie nge ...
    ဟုတ်တယ်နော်၊ အဲဒီ ရိုးရာကစားနည်းလေးတွေကို ကလေးတွေ ကြိုက်ကြတယ်၊ ဒီမှာလည်း အဲဒါမျိုးတွေ ကစားတာ တွေ့ဖူးတယ်..၊

    မဘေဘီ ...
    အခုလို လူတိုင်း ကင်မရာကိုင်နေကြတဲ့ ခေတ်မှာ ပရိုဖြစ်ဖို့ကတော့ တော်ရုံ အရည်အချင်းနဲ့ဆို မလွယ်တော့ဘူး ထင်တယ်ဗျ...၊း)

    Anonymous ...
    You're right! We all have some sorts of scars somewhere in heart. :)

    ReplyDelete
  28. ကျွန်မသားလည်း အဲလိုပဲ။
    တခါတလေ ကျွန်မကိုသူက ဆုံးမဘို့စောင့်ကြည့်နေတာ။

    အောက်ကျနေတဲ့ မုန့်တွေဘာတွေကောက် ပြီးလွှတ်ပစ်ဘို့လုပ်ရင် မယူရဘူးနော်လို့ သူကအော်တယ်။

    ပန်းသီးဓါတ်ပုံ ကိုကြည့်ရတာ ဒဏ်ရာတစ်ခုကို ကြည့်ရသလိုပါပဲ။

    ReplyDelete
  29. ဒီဒဏ်ရာဆိုတဲ့ပို့စ်လေး ဟိုးတစ်ခေါက်ဖတ်ကတည်းက ရက်စွဲကို သတိပြုမိတယ်။ ပြီးတော့ တိုးတိုးလေးရေရွတ်မိတယ်၊ တိုက်ဆိုင်လိုက်တာလို့...။

    ReplyDelete