20 March 2011

နွေဦးကမ်းခြေ


ဟိုတခါ ပြောပြခဲ့ဖူးတဲ့ ကန်စပ်ကိုပဲ ဒီနေ့ ထပ်သွားဖြစ်ပါတယ်၊ ဒီနေ့ မနက် အိပ်ရာထတော့ ဘာအစီအစဉ်မှ မရှိဘူး၊ မနက်စာ စားနေတုန်း အပြင်ကိုကြည့်တော့ ကောင်းကင်ပြာနောက်ခံမှာ နွေးထွေးပုံရတဲ့ နေရောင်ခြည်တန်းတွေကို သတိပြုမိတယ်၊ ကြည့်စမ်း...၊ နွေဦးတောင် ရောက်လာခဲ့ပြီပဲ၊ ဒီနေ့ဟာ နွေဦးရာသီရဲ့ ပထမဆုံး နေ့ပါပဲ..၊ လရောင်ဆမ်းတဲ့ ညတွေကို အိပ်စက်ခြင်းသက်သက်နဲ့ ကုန်ဆုံးပစ်ရတာ နှမြောစရာ ကောင်းသလိုပဲ နေရောင်လွှမ်းတဲ့ နေ့တွေမှာလည်း အိမ်ထဲမှာ ငုတ်တုတ်ထိုင်နေရမှာ နှမြောစရာပဲ မဟုတ်လား..၊ ပြီးတော့ နေရောင်ခြည်ဆိုတာက ဒီအရပ်မှာ ရှားပါးကုန်ကိုး၊ ဒါနဲ့ပဲ အပြင်ကို လမ်းလျှောက်ထွက်ကြဖို့ ပြင်ဆင်ကြတယ်၊ ဘယ်မှလည်း ဝေးဝေးလံလံ မသွားချင်တာနဲ့ ဟိုတခါ သွားခဲ့တဲ့ နေရာလေးကိုပဲ ပြန်သွားဖို့ ဆုံးဖြတ်ကြ ပါတယ်၊ ဒီလိုနဲ့ပဲ ဟောဒီပုံလေးတွေ ဖြစ်လာခဲ့တော့တာ ပါပဲ....၊


Photobucket
ကမ်းစပ်ရောက်တော့ ဘယ်သူမှကို မရှိဘူး၊ တကယ် တစ်ယောက်ဆိုတစ်ယောက်မှကို မရှိတာ၊ ဒီလို နေရောင်ခြည်တွေ နဲ့ဆို လူတွေတော့ ရောက်နေကြမှာပဲလို့ ထင်ထားခဲ့တော့ အံ့သြသွားမိတယ်၊ ဒီတခါတော့ ကမ်းခြေလေးရဲ့ ဟိုးတဖက် အစွန်းကို သွားလိုက်တယ်၊ အဲဒီမှာ နောက်ဖက်က ခင်တန်းလေးနဲ့ စည်းခြားအောင်လို့ သစ်တုံးကြီးတွေ ချထားတယ်၊ အဲဒီ သစ်တုံးကြီးတွေရှေ့၊ ကျောက်စရစ်ခဲ မွမွလေး တွေပေါ်မှာပဲ ထိုင်ဖြစ်သွားတယ်..၊



Photobucket
အို..ချစ်သောနွေဦး၊
သင်၏ အဖူးအငုံတို့ဖြင့် လောကအား ပုတ်နှိုးပါလော့၊
လေထုအား မွှေးမြပါစေလော့၊
ကကြိုးက,ကွက် သစ်တို့ဖြင့်
သင်၏ရင်ခွင်တေးသွားကို ဆိုညည်းပါလော့၊
ထိုလတ်ဆတ်ခြင်းတို့ကို သောက်သုံးရန်
ငါ..အရောက် လာခဲ့ပါမည်..၊



Photobucket
အပြင်ထွက်မယ်လုပ်တော့ ၁၀ နာရီခွဲ ကျော်နေပြီ၊ စတိုခန်းထဲမှာ ပြီးခဲ့တဲ့ နွေရာသီတုန်းက ဝယ်ထားခဲ့တဲ့ ရယ်ဒီမိတ် ဘာဘီကျူး မီးဖိုလေး ရှိတာ သတိရသွားတယ်၊ အပြင်ထွက်ပြီး မကြာခင် ပြန်လာစားရမယ့်အတူတူ နေရာမှာပဲ ဘာဘီကျူးလုပ်ဖို့ စဉ်းစားလိုက်တယ်၊ ရေခဲသေတ္တာ အအေးခန်းထဲမှာ ဝက်အူချောင်း တစ်ထုပ်တွေ့တာနဲ့ last minute ဘာဘီကျူး လုပ်ဖြစ်သွားပါတယ်..၊ :-)



Photobucket
သားနဲ့ မအိမ်သူကတော့ ခဲလုံးတွေ၊ သဲတွေနဲ့ ကစားနေချိန်မှာ ကျနော်က ဝက်အူချောင်း မီးကင်ပါတယ်၊ ကင်မရာခလုတ် ကို တချပ်ချပ် နှိပ်လိုက်၊ ဝက်အူချောင်းကို တဖတ်ဖတ်လှန်လိုက်...၊



Photobucket
ဒီလို ရယ်ဒီမိတ် မီးဖိုတွေက နဂိုကမှ မကောင်းရတဲ့ကြားထဲ ပြီးခဲ့တဲ့ နွေရာသီက ဝယ်ထားတဲ့ ဒီမီးဖိုက အတော်တောင် ခြောက်နေခဲ့တော့ မီးအား မကောင်းပါဘူး၊ မီးမွှေးတုန်းက ထည့်ထားတဲ့ လောင်စာတောင့်တွေကတော့ တဟုန်းဟုန်း တောက်လောင်ပြီး မီးသွေးကျတော့ ဘာမီးမှလည်း မရှိ၊ ပူလည်း ကောင်းကောင်းမပူ..၊ တကယ်တော့ မီးသွေးလည်း မဟုတ်ပါဘူး၊ မီးသွေးနဲ့ဆင်တဲ့ အညံ့စား အမှုန့်တွေကို ကော်ရည်နဲ့လုံးထားတဲ့ အလုံးတွေ..၊ ဝက်အူချောင်းလေး ၈ တောင့်ကို ၄၅ မိနစ်လောက်ကြာအောင် ကင်လိုက်ရတယ်၊ ဝက်အူချောင်းပြီးလို့ ဆီဆမ်း၊ ဆားနယ်ထားတဲ့ ခရမ်းသီး အပြားတွေကို ဆက်ကင်ဖို့လုပ်တော့ မီးမရှိတော့တာနဲ့ ရပ်လိုက်ရတယ်..၊



Photobucket
ဝက်အူချောင်းကိုပဲ မုန်ညင်းဆော့စ်ရယ်၊ ခရမ်းချဉ်သီးဆော့စ်ရယ် နယ်ပြီး ပေါင်မုန့်ထဲမှာ ညှပ်စားလိုက်တော့တယ်..၊ နေ့လယ်စာကို ဆင်းန်ဒဝစ်ခ်ျလေး တကိုက်၊ နွေဦးတကိုက်နဲ့ ရောစားလိုက်တော့လည်း စားဖြစ်တာပါပဲ...၊



Photobucket
မီးမွှေးတုန်းကလည်း မီးခြစ်,ခြစ်ချင်တယ်ဆိုလို့ သူ့ကိုပဲ ပေးခြစ်ခဲ့ရတယ်၊ အခုလည်း မီးကို ငြှိမ်းချင်ရပြန်ပြီ၊ မီးပွားတွေ တဖွားဖွား ပေါက်နေ တဲ့ မီးသွေးတုံးတွေလည်း မဟုတ်လို့ အန္တရာယ် ကြီးကြီးမားမား မရှိတာနဲ့ ငြှိမ်းစေသတည်းပေါ့လေ..၊ ဒါနဲ့ပဲ သားက ဝမ်းသာ အားရနဲ့ ရေတွေ သွား,သွားခပ်ပြီး ငြှိမ်းလိုက်တာ အောက်ခံ အလူမီနီယံ ခွက်ထဲက ရေတွေ လျှံကျ လာတာတောင် ဆက်ငြှိမ်း ချင်နေသေးလို့ မနဲတားပြီး ပြန်လာခဲ့ရတော့တယ်...။


ညီလင်းသစ်
၂၀ မတ်၊ ၂၀၁၁

24 comments:

  1. ဒီနေ့ နေတော်တော်သာတယ်။ နွေးနေတာပဲ။
    သားလေးက အတော်တောင်ကြီးလာသလိုပဲ အရင်ပုံတွေထက်စာရင်။
    နွေဦးက ဒီမှာတော့ မတ်လ၂၁လို့ မှတ်ထားတာ။
    အဲဒီမီးဖိုလေးတွေ ၂ခုလောက်ယူသွားမှ အတော်ပဲထင်တယ်နော်။

    စူးနွယ်လေး

    ReplyDelete
  2. ဟုတ်တယ် မစူးနွယ်..၊ မီးဖိုက ၂ ခုလောက်ဆိုမှ တော်ကာ ကျမှာ..၊ နွေဦးက မနှစ်ကရော၊ ဒီနှစ်ရော၊ နောက်နှစ်ပါ မတ်လ ၂၀ ပါ၊ နွေရာသီ Summer ကတော့ မနှစ်ကနဲ့ ဒီနှစ်က ဇွန် ၂၁ ဖြစ်ပြီးတော့ ရှေ့နှစ် မှာ ဇွန် ၂၀ ဖြစ်ပါလိမ့်မယ်၊ နေလမ်းကြောင်းက တနှစ်နဲ့ တနှစ် အတိအကျ မတူလို့ ဒီရက်တွေကလည်း ပြောင်းလေ့ ရှိပါတယ်၊ ဒီမှာလည်း ဖတ်ကြည့်လို့ ရပါတယ်။ http://en.wikipedia.org/wiki/Equinox

    ReplyDelete
  3. Today is sunny and lovely.I've visiters and pretty busy.We went Gruyeres cheese factory and Castle of Gruyeres.Onthe way back home,we took national route and pass through laucerne.BTW little sis ma eai thu looks slim down.Tha Tha grows very fast.They represent spring rose n bud.What about you?.....:)
    Gyidaw

    ReplyDelete
  4. ဒီပို့စ်ဖတ်ပြီး လာမယ့် summer ရောက်တဲ့အချိန် beach သွားဖြစ်ရင်တော့ စားစရာ menu တခုအနေနဲ့ ခရမ်းသီး မီးကင်တော့ ရလိုက်ပြီ ( ခရမ်းသီးမီးဖုတ်ကို ဗမာလို ဆီရယ် ကြက်သွန်နီရယ် နှမ်းရယ် ငြုတ်သီးစိမ်းလေးရယ်ထည့်သုတ်တာ သိပ်စားကောင်းတယ် ) .. သားလေးပုံတွေထဲက အလည်တပုံက လူကြီးလေးနဲ့ပိုတူတယ် ...

    mie nge

    ReplyDelete
  5. လပြည့်ရိပ်March 21, 2011 at 12:17 AM

    သားလေး ပေါင်မုန့်ကိုင်ထားတဲ့ ပုံကို ကြည့်ရင်း သူ့ဆီက ပေါင်မုန့်ကို ကိုက်ပစ်ချင်ရုံတင်မကပဲ သူ့ပါးလေးတွေကိုပါ ကိုက်စားပစ်ချင်လာတယ်.. :) ကတယ်ပြောတာ။ ဆံပင်လေးတွေက လှဲတာအဝက် ထောင်တဝက်နဲ့ နောက်မှာ ဆံမြီးလေးလား ထွက်နေသေးတယ်။ ကျွန်မက ကလေးတွေကို ချစ်ရင် အတင်းကိုက်ဆွဲပစ်မှ ကျေနပ်တာ.. အူယားလွန်းလို့ ..
    ဒါနဲ့ စကားမစပ် ပထမပုံက လွမ်းစရာကောင်းတယ်။ မအိမ်သူကလည်း ချောတယ်။ :D.. မအိမ်သူကို ပြောပေး... ချောတယ်လို့ ဘာကျွေးမလဲလို့..

    ReplyDelete
  6. မောင်မျိုးMarch 21, 2011 at 3:14 AM

    သားက ဆံပင်တွေရှည်ပြီး ပိုထွားလာသလိုပဲး) ခုနောက်ပိုင်း သာပုံထပ် ကင်မရာမင်း ပုံကိုပိုမြင်ဖူးချင်နေတယ် အစ်ကိုသုံးတဲ့ ကင်မရာက နောက်ပြန်ကော ရိုက်လို့မရဘူးလားဗျ :P

    ReplyDelete
  7. ကလေးက ချစ်စရာလေးဗျာ။ ရေးထားတဲ့ ကဗျာလေးကိုလည်း ခံစားသွားတယ်။

    ReplyDelete
  8. Ta femme et ton fils, its sont tellement mignons et adorables!

    ReplyDelete
  9. ချော(အစိမ်းရောင်လွင်ပြင်)March 21, 2011 at 5:00 AM

    နွေဦးတစ်ကိုက် ဆင်းဒ၀စ်တစ်ကိုက် ဆိုလို့ဖတ်ပြီး သဘောကျသွားတယ်
    အဲဒီနွေဦးကို ၀ိုင်လေးနဲ့ မြည်းရင်လဲ အတော်ကောင်းမဲ့သဘောရှိတယ်..
    ဒါနဲ့ နွေဦးက ချိုရဲ့လား ကိုညီလင်းသစ်
    ဘယ်လိုအရသာလေးပါလိမ့် စိတ်ဝင်စားသွားတယ်..
    ချိုချိုမွှေးမွှေး နွေဦးလေးကို မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင် ခံစားသုံးဆောင်နိုင်ပါစေရှင်..

    ReplyDelete
  10. ချစ်ကြည်အေးMarch 21, 2011 at 6:50 AM

    ဓါတ်ပုံလေးတွေ လှလိုက်တာ၊ အရွက်မပါတဲ့ ရိုးတံပင်တွေဟာ ဓါတ်ပုံသမားတွေ အကြိုက်ပဲနော်... သားကလေးကလည်း ချစ်ဖို့ကောင်းသလို ဓါတ်ပုံတွေကလည်း နွေဦးရဲ့ သရုပ် ပီပြင်ပါပေတယ်....:)

    ReplyDelete
  11. ဆက်သွယ်ရေး ဧရိယာပြင်ပခဏရောက်သွားခဲ့လို့ အခုမှ အရင်တင်ထားတာတွေပါ တဆက်ထဲဖတ်သွားပါတယ်။ ဓါတ်ပုံတွေကော အက်ဆေးတွေကကော အပျံစားတွေပဲ။ အားကျမိပါရဲ့။ ဘလောဆက်တင့်ကို အင်္ဂလိပ်လိုပြောင်းထားလို့ အရင်လို နံကြားထောက်စရာမလိုတော့ဘူးး) ကျေးဇူး..

    ReplyDelete
  12. Gyidaw ...
    Gruyères is a nice little town and I like it a lot. Well, if they are a Spring rose and a bud, then I think..I must be an ugly bumblebee..ha ha ha.

    မ mie nge ...
    ခရမ်းသီးမီးဖုတ် အသုပ်လည်း အရမ်းကောင်းတယ်၊ မစားရတာတောင် ကြာပြီ၊ အခု ဒီခရမ်းသီးကတော့ မီးသွေးရဲ့ကောင်းမှုကြောင့် မြင်သာမြင်ရ၊ မကြင်လိုက်ရ ဘူးဗျာ..၊း(

    လပြည့်ရိပ် ...
    လပြည့်ရိပ်ချစ်တာကလည်း ကိုက်စားပစ်ချင်တယ် ဆိုလို့ နဲနဲတောင် လန့်သွားတယ်..ဘုရား ဘုရား၊း) အင်း..အာဖရိက တောနက်ထဲက လူသားစားလူရိုင်း တွေဟာလည်း အချစ်ကြီးသူတွေဖြစ်မှန်း အခုမှပဲ သဘောပေါက်သွားတော့တယ်..ဟားဟား၊ (ညီမရေ ခင်မင်ရာ ခင်မင်ကြောင်း နောက်တာနော်) ;-)

    မောင်မျိုး ...
    ကျနော်က ကင်မရာရဲ့ အနောက်မှာပဲ ရပ်တာများတယ် ဗျ၊ နေဦး..ပြန်ရှာကြည့်ဦးမယ်၊ ဟာလိုဝင်း (Halloween) နေ့ကျရင်တော့ သုံးဖို့အဆင်ပြေမယ် ထင်တယ်..၊း)

    ခနွဲ ...
    ကျေးဇူးတင်ပါတယ်ဗျာ....၊

    Mon Petit Avatar ...
    Merci beaucoup! Le message est passé.

    မချော ...
    နွေဦးကို rosé ဝိုင် အေးအေးလေးနဲ့ မြည်းရင် အပျံစား ပဲ၊ သူ့အရသာက အချိုရည် ရွှဲရွှဲဆမ်းထားတဲ့ ရေခဲခြစ်ကို ကပ်စေးနဲ နဲ့ရောထားတဲ့ အရသာမျိုး.....၊ :D

    အမချစ်ကြည်အေး ...
    ဓါတ်ပုံသမားတွေက အရိုးကို အရွက်မဖုံးစေချင်သူတွေ ဖြစ်ပုံရတယ်ဗျ...၊း) လာအားပေးလို့ ကျေးဇူးအများကြီး တင်ပါတယ်နော်...၊

    N/A ...
    မတွေ့တာကြာပြီမှတ်တာ အခုမှ သဘောပေါက်တယ်၊ :)ဘလော့ဆက်တင်က စလုပ်တုန်းက ပြင်သစ်လို အမှတ်တမဲ့ ရွေးလိုက်မိတာဗျ၊ အခုမှ လိုက်ပြောင်းနေရ တယ်၊ ဆောရီးဗျာ..၊ နောက်လည်း အဆင်မပြေတာ ရှိရင်ပြောပါဦး..။

    ReplyDelete
  13. ပျော်စရာကြီး။

    ReplyDelete
  14. တစ်ကယ်ကို ကြည်နူးစရာ မြင်ကွင်းလေးပဲအကို။
    ကောင်းသောနေ့လေးဖြစ်ပါစေ။

    ReplyDelete
  15. ပာုတ်ပါ့... ကိုညီလင်းရေ... နေရောင် ရှိပြီး နွေးနေတဲ့ ရက်တွေမှာ အိမ်ထဲမှာပဲ နေလိုက်ရင် နှမြောဖို့ ကောင်းတယ်။ ဒီမှာလည်း အတူတူပဲ။ နေက သာလှ ၃ လ လောက် ဆိုတော့ နေလေး ထွက်ရင် အပြင်ဘက် လမ်းထွက်လျှောက် ဖြစ်တယ်။ ဒီနေ့တော့ ဒီမှာ 11°C အပူချိန် ရှိတယ်။ သားသား ပုံလေးတွေ ချစ်စရာ ကောင်းလိုက်တာ။ သားသား မေမေလည်း ချောတယ်။ သားသား ဖေဖေ ပုံတွေလည်း ကြည့်ချင်ပါတယ်။း)

    ReplyDelete
  16. ကိုညီလင်းပေးတဲ့လင့်ခ်က UTC အချိန်ကြီး။ UTC နဲ့ပြောရင်တော့ မတ်လ ၂၀ ရက် ဆိုပေမယ့် ကျမနေတဲ့နေရာက central european time မို့လို့ UTC + 1 နာရီယူပါတယ်။ ဒါကြောင့် ဒီမှာတော့ ဒီနှစ်ရဲ့ တရားဝင် နွေဦးက ဒီနေ့ မတ်လ ၂၁ ရက်နေ့ပါ။ လင့်ခ်
    http://de.wikipedia.org/wiki/%C3%84quinoktium
    ဟီး...အင်္ဂလိပ်လိုတော့မဟုတ်ဘူး...ဒါပေမယ့် ကြည့်လို့ရပါတယ်။

    စူးနွယ်လေး

    ReplyDelete
  17. မ,ရှင်လေး ...
    ဟုတ်ကဲ့...၊

    Angelhlaing ...
    ကျေးဇူးတင်ပါတယ် ညီမရေ...၊

    ရိုစ့် ...
    ကျနော်တို့လည်း ဒီရောက်မှ နေကြာပန်းတွေ ဖြစ်ကုန်ပြီ နဲ့တူတယ်နော်၊ နေကိုပဲ မျှော်တတ်လာပြီ...၊း)

    မစူးနွယ် ...
    ဟုတ်တာပေါ့၊ တရားဝင် နွေဦးဝင်တာက မတ်လ ၂၀ ရက်၊ UTC အချိန်ရဲ့ ၂၃ နာရီ ၂၁ မိနစ်မှာ..၊ ဆိုတော့ Central European Time နဲ့ဆိုရင် ၀၀ နာရီ ၂၁ မိနစ် ဖြစ်သွားပြီ၊ ဆိုတော့ ၂၁ ရက်ထဲမှာ၊ ဒီတော့ ၂၁ မိနစ်အသာနဲ့ မစူးနွယ်က မှန်ပါတယ်ခင်ဗျား...၊း) (အင်း..ဒါပေမယ့် ရှေ့နှစ်ဆိုရင် တော့ မရဘူးနော်၊ ၂၀၁၂ မှာ နွေဦးက မတ်လ ၂၀ ရက်၊ မနက် UTC အချိန် ၀၅ နာရီ ၁၄ မိနစ်မှာ ဝင်လိမ့် မယ်၊ CET နဲ့ဆိုလည်း ၂၀ ရက်နေ့ မနက် ၀၆ နာရီ ၁၄ ပဲ ဖြစ်နေမှာပါပဲ..အဟဲ) :-))

    ReplyDelete
  18. ကောင်းလိုက်တာနော် အဲဒီမှာနွေဦးဆန်ဆန်ခံစားသိနေရပြီ။
    ဒီမှာတော့ မနေ့တည်းကရွာလိုက်တဲ့မိုးမတိတ်သေးဘူး။
    အပူးပေးစက်တွေမဖွင့်လို့ချမ်းလည်းချမ်းတယ်။

    သားလေးဒီဇိုင်းက အမိုက်စားပဲ။ လူချောနော်။
    ကျွန်မသိတယ်၊ သူတို့အဲလိုပဲ ဘာမဆိုကူညီချင်တယ်။ လုပ်ပြချင်တယ်။
    အိမ်မှာလည်း ခဏခဏ ပေးလုပ်ရတယ်။ တခါတလေကျတော့လည်း အလုပ်များတော့ မနည်းသည်းခံစောင့်ရတယ်။ စိတ်ဆိုးမလိုဖြစ်ပြီး သားလေး သူ့ဘာသာသူလုပ်တတ်တာတွေ့တော့လည်း ကျေနပ်ပြီး ပြုံးမိပြန်ကော။

    ReplyDelete
  19. သားလေးတောင် တော်တော်ထွားလာပြီပဲ
    တစ်ခါတစ်ခါ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိတဲ့အခါ
    ကိုညီ့သားလေးကို လာလာငေးဖြစ်တယ်
    (ခလေးချစ်တာကိုးဗျ)
    ပြီးတော့ ဓာတ်ပုံပညာကိုလဲ မသိမသာ အတုလာခိုးဖြစ်တယ်

    ReplyDelete
  20. မကောင်းမွန်ဝင်း ...
    ဟိုတနေ့ကလည်း အဲဒီမှာ နှင်းတွေကျနေတာ တွေ့လိုက်မိ သေးတယ်၊ လူတွေ တော်တော် ဒုက္ခရောက် ကြမှာပဲနော်၊ ကျနော်လည်း ဒီလိုပဲ၊ သူလုပ်ချင်တာလေး ပြီးအောင်လုပ်ပါစေ ဆိုပြီး စိတ်ရှည်ရှည်နဲ့ စောင့်ရတယ်..၊

    ကိုညီသူအိမ် ...
    ကလေးပဲ လာချောင်းချောင်း၊ ဓါတ်ပုံပဲ လာကြည့်ကြည့် အဆင်ပြေသလိုသာ ဝင်ထွက်ပါဗျာ၊ လာလည်တာကိုပဲ ကျေးဇူးတင်နေပါပြီ၊ ကျနော်လည်း လာမယ်လာမယ်နဲ့၊ သုတ်သုတ်သွား သုတ်သုတ်ပြန် လည်နေရတော့ တခါတခါ စိတ်သွားတိုင်း ကိုယ်မပါ ပြန်ဘူးဗျာ...။

    ReplyDelete
  21. ဆန်းဒွစ်ခ်ျတစ်ကိုက် နွေဦးတစ်ကိုက်နဲ့ ပျော်စရာနေ့လည်စာလေး.... :)

    ReplyDelete
  22. ကလေးလေးက ချစ်စရာလေးဗျာ ..
    အဲ့မိသားစုလေးကို စိတ်ထဲမှာ ပုံဖော်ပြီး မြင်ယောင်မိပါတယ်
    လှပသလိုလေး ခံစားမိပါတယ်ဗျာ .
    အမြဲတမ်းပျော်ရွှင်ပါစေဗျာ ...

    ReplyDelete
  23. ပန်ဒိုရာMarch 28, 2011 at 6:21 PM

    သဲပွင့်လေးတွေ တစ်လုံးချင်းကိုက လှနေတာ
    နွေဦးဟာ ချစ်စရာကောင်းတဲ့ မိသားစုနဲ့ ပိုပြီးလှပကြည်လင်နေတော့တယ်

    ReplyDelete
  24. လှလိုက်တာဗျာ... နောက်နှစ်နွေဦးကျမှ လာလည်ဦးမယ်.. ဟဲဟဲ.. ပုံတွေကြည့်ရတာနဲ့တင် တန်ပြီ.. သဲတွေဖြူနေရင် အရမ်းသဘောကျတာဗျ... သားလေးလည်း ပိုချောလာတယ်... မနေနိုင်လို့ မန့်လိုက်တယ်... ဟဲဟဲ

    ReplyDelete