23 March 2011

လူလေးရဲ့ကျောင်းဆင်းချိန်


ကျောင်းကလေးရှေ့ကိုရောက်တော့ ညနေ ၅ နာရီ ဝန်းကျင်ခန့်ပင် ရှိဦးမည်၊ ပတ်ဝန်းကျင် တခုလုံးက လင်းလင်းချင်းချင်း ရှိတုန်း၊ ဒီနေ့ မနက်ကတည်းက သာနေတဲ့ နေက ကျောင်းဝင်းလေးထဲမှာ ဆည်းဆာရဲ့ ရှေ့ပြေးဆေးရောင်စုံကို စုတ်ချက်ခပ်နုနုနဲ့ ဟိုတကွက် ဒီတကွက်တော့ ခြယ်သ,စ ပြုနေခဲ့ပြီ၊ ကျောင်းရှေ့ ခပ်လှမ်းလှမ်းမှ မြက်ပင်စိမ်းစိမ်း တွေကလည်း ဆောင်းရဲ့ လက်ဖဝါး အေးစက်စက်တွေနဲ့ ဝေးကာ နေရောင် ခြည်ရဲ့ နွေးထွေးသော ပွတ်သပ်ကြည်စယ် မှုကြောင့်ထင့်...၊ အမြင်မှာ စိမ်းရင့်လတ်ဆတ် နေကြသည်၊ နေထိုင်ကောင်းရုံ မပူမအေး ရာသီဥတုလေးကြောင့် ညနေခင်းသည် အလုပ်သိမ်းလာသည့် သနပ်ခါး မပြယ့်တပြယ်နှင့် လုံမပျို တစ်ယောက်လို ဖျော့တော့လှပနေဆဲ ရှိပါသည်၊ လေထုထဲမှာ တော့ ဆူညံ၊ ဆော့ကစား နေကြသော ကလေးတို့၏ အသံများ...၊

ကျောင်းကလေးကို မမြင်ရမီ ဟိုးအဝေးကပင် ထိုပြေးလွှား ဆော့ကစား နေသံများကို ကြားနေရသည်၊ တနေကုန် ကစားနည်း မျိုးစုံဖြင့် ကစားပြီးသော်လည်း ကလေးတို့ကတော့ အားအင်အပြည့်ဖြင့် လန်းဆန်း နေကြဆဲ၊ ကျောင်းရှေ့ ကစားကွင်းလေးထဲမှာ လျှောစီးသူ၊ သံတန်းတွေပေါ် တွယ်တက်နေသူ၊ သစ်သား ရထားတွဲ တွေပေါ်မှာ ခုန်ပေါက်နေသူ၊ ဘော်လုံးကန်သူ၊ စိန်ပြေးတမ်း ကစားသူ၊ စက်ဘီးစီးနေသူများဖြင့် လွတ်လပ်စွာ အော်ဟစ်ပျော်ရွှင် နေကြသည်၊ စင်စစ် ကျောင်းကလေးက အသက် ၂ နှစ်မှ ၄ နှစ်အရွယ် ကလေးတွေကို ထားသည့် နေ့ကလေးထိန်း ကျောင်းကလေး ဖြစ်သည်၊ ကျနော်တို့ လုပ်သည့်အလုပ်မှ ဝန်ထမ်း သားသမီးတွေအတွက် သီးသန့်ဖွင့်ထားသော ကျောင်းဖြစ်ပါသည်၊

ထိုနေ့ကလေးထိန်း ကျောင်းကလေး၌ သား တက်နေသည်မှာ ယခုဆိုလျှင် ၂ နှစ်ခွဲပင် ကျော်ခဲ့ပြီ ဖြစ်သည်၊ အလုပ်မှာ ဝန်ထမ်းသားသမီးများအတွက် ဤကဲ့သို့သော ကျောင်းမျိုး ၂ ကျောင်း ရှိသည်၊ သို့သော် ကျောင်းအပ်ချင်သော ကလေးများက ကျောင်းက ပေးနိုင်သောနေရာထက် အမြဲပင် ပိုများနေလေ့ရှိသည်၊ ဒါကို ကြိုသိသောကြောင့် မအိမ်သူ သားကိုယ်ဝန် ၃ လသား အရွယ်ကပင် သားကို ဤကျောင်းမှာ ကြိုတင် ကျောင်းအပ်ခဲ့သည်၊ သို့သော် သားလေးမွေးလာပြီး ကျောင်းတက်ရမည့် အရွယ်သာ ရောက်လာသည်၊ waiting list ထဲမှာပဲ စောင့်နေရတုန်း...၊ နောက်ဆုံးတော့ မအိမ်သူ မီးဖွားခွင့် စေ့၍ အလုပ်ပြန်တက်တော့ အိမ်နှင့် သိပ်မဝေးသည့် ပုဂ္ဂလိက ကျောင်းတစ်ခုမှာပဲ သားကို တက်စေရ တော့သည်၊ ထိုကျောင်းမှာ ၅ လလောက် တက်ပြီးမှ ယခုကျောင်းလေးမှာ သား နေရာရခဲ့ခြင်း ဖြစ်ပါသည်၊

ပုံမှန်ဆိုလျင် ကျနော်က သားကို မနက်ပိုင်း ကျောင်းပို့သူဖြစ်ပြီး မအိမ်သူက ညနေပိုင်း ကြိုသည့်တာဝန် ယူသည်၊ သားက အင်္ဂါ၊ ကြာသပတေး၊ သောကြာ တစ်ပတ်မှာ ၃ ရက် ဤကျောင်းလေးသို့ လာရသည်၊ မနက်ပိုင်း ၈ နာရီခွဲ ဝန်းကျင်လောက်မှာ ကျနော်က သူ့ကိုလိုက်ပို့၊ သူ့အတွက် အထွေအထူး မှာစရာ တခုခု ရှိလျှင် ဆရာမတွေကိုမှာပြီး ထားခဲ့သည်၊ သားက ကျောင်းမှာပဲ နေ့လယ်စာစား၊ တရေးအိပ်၊ တနေကုန်နေ ပြီး ညနေ ၅ နာရီခွဲလောက်မှာ သူ့အမေက လာကြိုသည်၊ အလုပ်စောစောပြီးလျှင် ကျနော်ကပါ သူတို့ဆီသို့ သွားပြီး အတူ အိမ်ပြန်ကြသည်၊ မဟုတ်လျှင်တော့ သူတို့နှစ်ယောက်က ကြိုပြန်နှင့်သည်၊ ဒီနေ့တော့ အလုပ် နဲနဲပါးသည်မို့ သားကို ကျနော်လာကြိုခဲ့ခြင်း ဖြစ်သည်၊ ကျနော့် ရုံးခန်းမှ ၅ မိနစ်ခန့်လျှောက်လျှင် သား၏ ကျောင်းကလေးသို့ ရောက်ပါသည်၊

ခါးသာသာ မြင့်သည့် ကျောင်းဝင်း သံတခါးလေးကို တွန်းဖွင့်ပြီး ဝင်သွားတော့ ဆူညံအော်ဟစ်သံတွေထဲ ကျနော်ပါ လုံးလုံး ကျရောက်၊ နစ်မြုပ်သွားတော့သည်၊ ၁၅ ယောက်ခန့် ရှိနိုင်သော ကလေးတွေကြားမှာ သားကလေးကို ရှာကြည့်သည်၊ နေရောင်ခြည်တို့ ရှိသော်လည်း အအေးဓါတ်လေးလည်း ရှိသေးသော ကြောင့် ကလေးတိုင်းက အနွေးထည် ကိုယ်စီနှင့်၊ အချို့က သိုးမွေးဦးထုပ်ပါ ဆောင်းထားကြသေးသည်၊ ရုတ်တရက် မှတ်မိဖို့ မလွယ်ပါ၊ ထိုအခိုက် ... ...

" ပါပါး ... ..." ဟု ညာဖက်မှ အော်ခေါ်သံ ကြားလိုက်ရသည်၊

လှည့်ကြည့်လိုက်တော့ သုံးဘီး စက်ဘီးလေးကို အပြင်းနင်းလာသည့် သားကလေး၊ ကျနော်တို့ ငယ်စဉ်က စီးခဲ့သည့် 'ဗိုလ်အုန်းသီး' စက်ဘီးထက် အနည်းငယ်ပိုကြီးသည့် သုံးဘီးစက်ဘီးကို သားက ကျနော်ရှိရာဆီ ပြုံးရယ်ရင်း အားကုန် နင်းလာနေသည်၊ သို့နှင့် ပြန်ပြုံးပြရင်း သူအလာကို ရပ်စောင့်နေလိုက်သည်၊ ဒါပေမယ့် ရှေ့ ခြေတစ်လှမ်းအကွာလောက် အရောက်မှာ သားက ညာဖက်ကို ရုတ် တရက် ကွေ့ချလိုက်ရာ ကျနော် ထိတ်ကနဲ စိုးရိမ် သွားမိသည်၊

"သား..ဖြေးဖြေး ..." ၊

ကျနော် လှမ်းအော်ပြီး သတိပေးမိသည်၊ သြော်.. ဒီကလေးဟာလေ..၊ သူများတွေကို တိုက်မိပြုမိကုန်ရင် ဒုက္ခ...၊ ဒါပေမယ့် သားကတော့ အော်ဟစ်ရယ်မောကာ လာရာလမ်းအတိုင်း နောက်ကြောင်းပြန် လှည့်ထွက်သွား တော့သည်၊ ဖအေကို သူဘယ်လောက် စီးတတ်နေပြီလဲ လာကြွားချင်တာပဲ ဖြစ်ရမည်၊ ကျနော် ပြုံးလိုက်ရင်း အသာခေါင်းယမ်းကာ ခပ်လှမ်းလှမ်းမှ နေ့ကလေးထိန်း ဆရာမလေးဆီကို လှမ်းသွား လိုက်သည်၊ ဆရာမလေးက ကျနော်ဝင်းတံခါးက ဝင်လာတာ မြင်ကတည်းက သားရဲ့ တနေ့တာ အစီရင်ခံစာ ရီပို့ထ် စာရွက်ကို ကိုင်ရင်း အသင့်စောင့်နေခဲ့ပါသည်၊ အနားရောက်တော့ ...

"ကောင်းသော ညနေခင်းပါရှင်" ဟု လှမ်းနှုတ်ဆက်သည်၊

"မင်္ဂလာပါ...၊ ဘယ်လိုလဲ၊ ဒီနေ့ အဆင်ပြေရဲ့လား?" ဟု ပြန်မေးလိုက်သည်၊

ညနေပိုင်းမှာ ကလေးတွေကို မိဘလာကြိုသည့်အခါ ဆရာမ တစ်ယောက်ယောက်က ကလေးရဲ့ တနေ့တာ ဖြတ်သန်းမှု အကြောင်းကို အစီရင်ခံလေ့ ရှိပါသည်၊ မနက်ပိုင်း ဘယ်လိုကစားနည်းနဲ့ ကစားသလဲ၊ ဘယ်သူ နဲ့ ကစားသလဲ၊ စုပေါင်း သီချင်းဆို၊ ကဗျာရွတ်ချိန်မှာ ပါဝင်သလား၊ နေ့လယ်စာ ဘယ်လောက်စားသလဲ၊ နေ့ခင်းကော အိပ်သလား၊ ဘယ်အချိန်အိပ်ပြီး ဘယ်အချိန်ထသလဲ၊ ကျောင်းအဆောက်အဦး အပြင် ထွက် ကစား ကြသလား အစ ရှိသည်တို့ ဖြစ်ပါသည်၊ ထိုအချက်တွေကို စောင့်ကြည့်ရေး တာဝန်ကျသည့် ဆရာမ တစ်ယောက်ယောက်က မနက်ကတည်းက ကလေးတစ်ယောက်စီအတွက် စာရွက်တစ်ရွက်စီပေါ်မှာ ရေးမှတ်လေ့ရှိသည်၊ ညနေပိုင်း မှာ မိဘတွေကို ထိုစာရွက်မှာ ရေးထားသည်များ ဖတ်ပြခြင်း ဖြစ်ပါသည်၊ အများအားဖြင့် ထွေထွေထူးထူး ပြောစရာ သိပ်မရှိလှပါ၊ မနက်ပိုင်းမှာ ကိုယ်က ဂရုတစိုက် မှာခဲ့သည်များ ရှိလျှင်တော့ စာရွက်မှာ ရေးမှတ် ထားပြီး ထိုအကြောင်းကို ညနေပိုင်း ရီပို့ထ်မှာ အသေအချာ ပြန်ပြောလေ့ ရှိသည်၊

ဤနိုင်ငံမှာ နေ့ကလေးထိန်း ကျောင်းများ ရှားတာလည်း သိပ်တော့ မထူးဆန်းလှ...၊ ကျောင်းတစ်ကျောင်း ဖွင့်ဖို့အတွက် လိုအပ်ချက်များက များလွန်းလှသည်၊ အဆောက်အဦးကို အဖွဲ့ပေါင်းစုံမှ လာစစ်မည်၊ ကျောင်း ပတ်ဝန်းကျင်ကို မကြာခဏ လာစစ်မည်၊ အကျယ်အဝန်း၊ ပြူတင်းပေါက် အရေအတွက်၊ အခန်း အရေအတွက်၊ မီးဖိုချောင်၊ အိမ်သာ၊ ကလေး ကစားကွင်း အစရှိသဖြင့် ကလေးတို့နှင့် သက်ဆိုင်သည်များ အားလုံးကို တင်းကျပ်သော စည်းကမ်းများဖြင့် စစ်ဆေးလေ့ ရှိသည်၊ ထို့အပြင် ဝန်ထမ်းဆရာမတို့သည် ကလေးအထူးပြု ဘာသာရပ် တခုခု သင်ကြားဖူးခြင်း ရှိ/မရှိလည်း စစ်သည်၊ သို့နှင့် နေ့ကလေးထိန်းကျောင်း ဖွင့်ရန် လက်ရှောင်သူတွေ များလာပြီး ဖွင့်သည့် ကျောင်းများမှာလည်း နေရာလွတ် မရှိတတ်တော့ချေ...၊

ယခုလည်း ဆရာမက သားကလေးရဲ့ တနေ့တာကို ပြန်ပြောနေခြင်း ဖြစ်သည်၊ အားလုံး အဆင်ပြေပါသည်၊ မနက်ပိုင်းမှာ အိမ်ဆောက်တမ်း ကစားသည်၊ ပြီးတော့ အရုပ်ကလေးတွေ puzzle ဆက်တာလည်း ကစား သည်၊ ထမင်းတစ်ပန်းကန် စားသည်၊ ပန်းဂေါ်ဖီကြော် ထပ်တောင်းသည်၊ နေ့လယ် အိပ်ချိန် ၁ နာရီခွဲ ကြာ သည်၊ ဒါပဲဖြစ်သည်၊ အစီရင်ခံတာ နားထောင်နေတုန်း ရှေ့နားမှာ ကလေးအဖေ တစ်ယောက် ဖြတ် လျှောက်သွားလို့ လှမ်းပြီး ခေါင်းဆတ် ပြုံးပြဖြစ်သည်၊ အလုပ်မှာ ဌာနပေါင်းစုံ ရှိသည့်အလျောက် ကလေး မိဘတွေ အားလုံး တဦးနှင့်တဦး ကောင်းစွာ မသိပေမယ့် ကလေးတွေကို အကြောင်းပြုပြီး တစ်ယောက်နှင့် တစ်ယောက် မျက်မှန်းတော့ တန်းမိနေကြသည်၊ ဒီနိုင်ငံက ဒေသခံတွေရဲ့ ကလေးတွေ ရှိသလို တာဝန်နှင့် အလုပ်လာလုပ် နေသော နိုင်ငံခြားသားတွေရဲ့ သားသမီးတွေလည်း ပါသည်၊ ကလေးတွေကတော့ အဖြူ၊ အညို၊ အမည်း၊ အရောင်စုံ၊ အသွေးစုံ၊ စကားအစုံ...၊ ကျောင်းကလေးက ပန်းပေါင်းစုံ ပွင့်သော ဥယျာဉ်ကြီး လိုပင်...၊

ထိုအခိုက် သားကလေးက အနား ပြန်ရောက်လာတာမို့ အတော်ပဲ ဖြစ်သွားသည်၊ ဆရာမကို ကျေးဇူတင် စကားပြောပြီး သူ့ဖက်ကို တဆက်ထဲ လှည့်ကာ ...

"သား, ဒီမှာ ခဏစောင့်နေ၊ အထဲမှာ ပစ္စည်းတွေ သွားယူပြီးရင် ပြန်ကြမယ်"ဟု လှမ်းပြောလိုက်သည်၊

သားက "နိုး..နိုး..နိုး မပြန်ဘူး"ဟု ပြင်သစ်လို တဝက်၊ မြန်မာလို တဝက် ပြန်ဖြေရင်း ပြုံးစိစိဖြင့် ထွက်ပြေး သွားပြန်သည်၊ ရော်..ဒီကလေးဟာ...၊ တကယ့် အဆော့မက်လေး..၊

သို့နှင့် ကျောင်းရှေ့ကွက်လပ်ထဲမှာ သူဆက်ကစားနေတုန်း ကျောင်းအဆောက်အဦးထဲသို့ ကျနော် ဝင်ခဲ့ လိုက်သည်၊ မနက်တုန်းက ကျောင်းအလာမှာ ယူလာခဲ့သည့် သူ့ရဲ့စောင်လေးကို ပြန်ယူဖို့ ဖြစ်သည်၊ သားက သူ့စောင်လေးကို 'ဒူးဒူး' ဟုခေါ်သည်၊ ပြင်သစ်စကား နူးညံ့သော ဒူး (doux) မှ ကလေးအခေါ် ဒူးဒူး ဖြစ်လာခဲ့သည်၊ ဒီနိုင်ငံက ကလေးတော်တော်များများမှာ ဒူးဒူး တစ်ခုစီတော့ ရှိကြပါသည်၊ အများအားဖြင့် ဒူးဒူးတို့က နာမည်နှင့်လိုက်စွာ မွေးပွဝက်ဝံလေးများ၊ ခွေးရုပ်လေးများ၊ သိုးရုပ်လေးများ စသည်တို့ ဖြစ်ကြ သည်၊ ကလေးတို့၏ အိပ်ရာထဲမှာ ထားပေးတတ်သော ထိုအရုပ်ကလေးများထဲမှ တစ်ခုက ကလေး၏ ဒူးဒူး ဖြစ်လာတတ်ပြီး ဘယ်သွားသွား ယူသွားကြလေ့ ရှိ သည်၊ ဒူးဒူးကို အလိုအပ်ဆုံး အချိန်ကတော့ အိပ်ချိန်မှာ ဖြစ်သည်၊ ထိုအရုပ်လေးကို ဖက်ပြီးမှ သူတို့လေးတွေ စိတ်လုံခြုံမှု ရှိစွာဖြင့် အိပ်ပျော်သွားကြလေ့ ရှိပါသည်၊ သားကလေးအတွက် နောင်အခါ ဒူးဒူး ဖြစ်လာမည့် တစ်ချောင်းထိုး သိုးမွေးစောင်လေးကို သူမွေးစဉ်က ကျနော်တို့ လက်ဆောင်ရခဲ့သည်၊ စောင်က အပေါက်လေးများ ပါသည့်အတွက် သူကိုယ်သူ ပြန်ပတ်ပြီး အသက်ရှူမဝ ဖြစ်မှာလည်း မစိုးရိမ်ရတော့ လသားအရွယ်လေးကတည်းက သူ့အပေါ်ခြုံပေးခဲ့လေ့ ရှိပါ သည်၊ သဘာဝ ကျစွာပဲ ထိုစောင်လေးက သူ့ရဲ့ ဒူးဒူး ဖြစ်လာတော့သည်၊ အခု ၃ နှစ်ခွဲအချိန်ထိ ဘယ်သွား သွား မခွဲမခွာ...၊ အခြားကလေးတွေက လက်တကိုင်စာ ဒူးဒူး အရုပ်လေးတွေဖြင့် ပြေးလွှားနေချိန်မှာ သား က သူ့ထက် ၂ ဆမျှ ပိုကြီးသော ဒူးဒူးကြီးကို လက်ထဲမှာ ပွေ့လိုက်၊ ပခုံးပေါ်မှာ ခြုံလိုက်နှင့်၊ တစ်ယောက်ထဲ ရှုပ် နေတတ်သည်၊ ကြာတော့လည်း လက်ညောင်းလာပြီး မြေပေါ်မှာပဲ တရွတ်ဆွဲ လျှောက်တော့သည်၊ သည်တော့ သူ့ရဲ့ သိုးမွေးစောင်လေးက မကြာခဏ ဖုံအလိမ်းလိမ်း...၊

အင်မတန်မှ အရေးကြီးသော အဆိုပါ ဒူးဒူးကို သူ့ကျောပိုးအိတ်လေးထဲ အသေအချာထည့်ပြီး ကျောင်းဝင်း ထဲသို့ ကျနော် ပြန်ထွက်လာခဲ့သည်၊ သားကို တခါလိုက်ရှာရ ပြန်သည်၊ ဝင်းထဲက ကလေးတွေအပေါ် ၂ ခါ လောက် မျက်လုံး အစုန်အဆန် ကစားလိုက်တော့ ခြံထောင့်က သစ်သားအိမ်လေးမှာ မုန့်ရောင်းတမ်း ကစားနေတာ တွေ့လိုက်သည်၊ ထိုနေရာသို့ ကျနော် အသာပဲ လျှောက်သွားလိုက်သည်၊ သားက ကျနော့်ကို မြင်တော့ သူ့ဆီက မုန့်တွေ လာဝယ်စားဖို့ပင် ဝမ်းသာအားရ ခေါ်နေသေးသည်၊ သူ့ဆီများ လာကစားတယ် ထင်နေသလား မသိ၊ ကျနော်က ...

"သားသား ... လာကွာ၊ သွားကြရအောင်.."ဟု ခေါ်လိုက်သည်၊

သူက 'ခဏနေပါဦး'ဟု ပြင်သစ်လို ပြန်ဖြေ သည်၊ ဒီအတိုင်းဆို ကျနော်တို့ တော်တော်နှင့် အိမ်ပြန်ရောက်မည့်ပုံ မပေါ်၊ သို့နှင့် လေသံကို နဲနဲမြှင့်ကာ..

"ကဲ..ဒီလောက် ကစားရရင်တော်ပြီလေ၊ သားကို အကြာကြီးပဲ ကစားခွင့်ပေးထားတာ၊ လာခဲ့..၊ အိမ်ရောက် မှ ဆက်ကစား၊ မဟုတ်ရင် ပါပါး တစ်နှစ်သုံး ရီ(ရေ) ရမှာလား"ဟု ကျနော် မေးလိုက်သည်၊ သူက ...

"ရီ..."ဟု ကစားနည်း နောက်တစ်မျိုး တွေ့သွားဟန်ဖြင့် ဝမ်းသာအားရ ပြန်ဖြေသည်၊

"ကဲ, ရီပြီ၊ ... တစ် ... ..."

နေရာမှ မရွေ့ဘဲ ပြုံးစိစိနှင့် ကြည့်နေသည်၊

"နှစ် ... ...."

ကျနော် အသံကို ထပ်မြှင့်လိုက်သည်၊ သူက ခြေတစ်လှမ်း ရှေ့ကိုလှမ်းရင်း ပြုံးစိစိနဲ့ ရှိနေဆဲ..၊ ဘယ်တော့ 'သုံး' လာမလဲဟု ကျနော့်ကို စ,ချင်သည့် မျက်နှာပေးနှင့် သားက ကြည့်နေသည်၊ ကျနော်ကလည်း အသာ ပြန်စိုက်ကြည့်ရင်း အမှတ်စဉ် ဆက်ရေလိုက်သည်၊

"နှစ်... ... ဒုတိယ အကြိမ်"

" နှစ်...ခွဲ... ... ..."

'ခွဲ' ကို သံရှည်ဆွဲပြီး ရေလိုက်ရင်း ကျနော် ရယ်ချင်စိတ်ကို လွှတ်ချပေးလိုက်တော့သည်၊

"ဟား..ဟား..ဟား..."

သားကလည်း တပြိုင်နက် ...

"လာဘီ..."

တဟုန်တိုး ပြေးလာရင်း ကျနော့်အပေါ် ခုန်တက်လိုက်တော့သည်၊ ကျနော်က အသာအယာ ပြန်ပွေ့ရင်း သူ့တင်ပါးလေးကို မနာအောင် ခပ်ဖွဖွ အသာရိုက်တော့ သူက ကျနော့်အနွေးထည်မှ ခေါင်းစွပ်ကို ကျနော့် ခေါင်းပေါ်သို့ ဆွဲယူစွပ်လိုက်သည်၊ ပြီးတော့ 'ရိုး...ရို့...ရို့' ဟု အော်လျှက် သူ့လက်လေးကို လက်ခလယ်နှင့် လက်သူကြွယ်ပူးကာ ကျနော့်မျက်နှာရှေ့ လာယမ်းပြသည်၊ သို့နှင့် ကျနော်က ခေါင်းစွပ်ကြီးစွပ်လျှက် ရက်ပ်ပါ ဟန်ဆောင်ပြီး ကျောင်းဝင်းထဲက ထွက်လာတော့ သားက ကျနော့် လက်ပေါ်မှနေ၍ သူ့သူငယ်ချင်း တွေကို လည်ပြန်ကြည့်ကာ ပါလာတော့သည်၊

သားက ၅ လသား အရွယ်ကတည်းက နေ့ကလေးထိန်းကျောင်း တက်ခဲ့ရသည်၊ မနက်အိပ်ရာထ ကစား ချင်ရင်တောင် သူ့မှာ အချိန် မရပါ၊ ကတိုက်ကရိုက်နှင့် ကျောင်းသွားဖို့ လောဆော်ခံရမြဲ ဖြစ်သည်၊ ဒါပေမယ့် မဆိုစလောက် တကြိမ်တခါလောက် ငိုသည်ကလွဲလို့ သားက ကျောင်းပျော်သည်ဟု ပြောရမည်ဖြစ်သည်၊ မြန်မာပြည်မှာ အဖိုး၊ အဖွား၊ ဦးလေး၊ အဒေါ် မိသားစု သိုင်းဝိုင်းစွာဖြင့် စောင့်ကြည့် ချစ်ခင်ခြင်း ခံရသည့် ကလေးတို့ အကြောင်းကို တွေးမိတော့ သားအတွက် စိတ်မကောင်းလှ၊ ဟိုမှာတော့ အိမ်မှာ တစ်ယောက် မဟုတ် တစ်ယောက် အမြဲရှိနေကြသည်လေ၊ သူ့ရဲ့ ကလေးဘဝ ရှားရှားပါးပါး အချိန်လေးတွေကို အတင်းပဲ ကုန်ဆုံးစေမိ နေပြီလား၊ ခေါင်းဖော် အသက်ရှူနိုင်ဖို့ ယက်ကန်လှုပ်ရှား နေရသည့် လူ့အသိုင်းအဝိုင်း စီးကြောင်းထဲမှာ သားကလေး မွန်းကျပ်မျောပါ နေပြီလား၊ တခါတရံတော့ တွေးမိပါသည်၊

အခြားတဖက်က ကြည့်ပြန်တော့လည်း နေ့ကလေးထိန်းကျောင်းက သားကို လူမှုဘဝအကြောင်း များစွာ သင်ပေးသည်၊ အခုအရွယ် ကတည်းက ပြဿနာကို ဘယ်လိုရှင်းရမလဲ၊ အနိုင်ကျင့် ဗိုလ်ကျခံရရင် ဘယ်လို လုပ်မလဲ၊ ကိုယ့်ထက်ငယ်တဲ့ ကလေးငယ်တွေနဲ့ ဘယ်လို ဆက်ဆံမလဲ အစရှိသည့် ပေါင်းသင်းဆက်ဆံ နည်းတို့မှာ အဖိုးမဖြတ်နိုင်သော သင်ခန်းစာများ ဖြစ်သည်၊ ထိုသင်ခန်းစာများမှာ မိဘ၊ မောင်နှမ အသိုင်းအဝိုင်းထဲမှာ သင်ယူ၍ မရနိုင်ပါ၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ မတူကွဲပြားသော အခြား ကလေးများစွာနှင့် အတူနေထိုင်ရင်း၊ ထမင်းစားရင်း၊ ကစားရင်းဖြင့် ကြုံတွေ့လာမည် ဖြစ်သော သီးသန့် အခြေအနေ တစ်ခုစီ၊ တစ်ခုစီကသာ သားကို ထုဆစ်၊ သင်ကြား ပေးသွားလိမ့်မည် ဖြစ်ပါသည်၊ ကလေးတွေ ကတော့ ကြီးပြင်း လာကြမည်ပဲ ဖြစ်သည်၊ တချို့က ကံကောင်း စွာ၊ တချို့က မကောင်းတကောင်း၊ တချို့က ကံဆိုးစွာ...၊ ဖြစ်နိုင်လျှင်တော့ ကလေးများ အားလုံးကို တနေ့တာ ကျောင်းဆင်းချိန်မှာ ကြောက်ရွံ့ခြင်း ကင်းစွာ၊ လွတ်လပ်ရွှင်မြူးစွာ ရယ်မောခွင့်ရသူလေးများပဲ ဖြစ်စေချင်ပါသည်၊ ကောင်းကင်ကို စိတ်မှတ်မဲ့ လှမ်းကြည့်လိုက်တော့ ပုဇွန်ဆီရောင်ဖြင့် တောက်ပလင်းဖြာ၊ လှပနေဆဲ၊ ဒါပေမယ့် တချို့နေရာတွေ မှာတော့ တိမ်စိုင်၊ တိမ်မျှင်တွေကလည်း ရှိနေသည်လေ....။ ။


ညီလင်းသစ်
၂၃ မတ်၊ ၂၀၁၁

30 comments:

  1. မိခင်မေတ္တာတွေပဲ ခံစားဖတ်နေရတာ၊ အခုလို ဖခင်မေတ္တာကို ဖတ်ရတော့ နွေးထွေးတဲ့ ဖေဖေ့ရဲ့ စောက်ရှောက်မှု့၊ ကြီးမားတဲ့ မေတ္တာကို ပြန်မြင်မိတယ်။

    ဖေဖေက နန္ဒာ့ကို ဘယ်အရွယ်ရောက်ရောက် သူ့ရဲ့ little girl ပဲလို့ အမြဲပြောတယ်။ အဲလို "Daddy's little girl" ဖြစ်ရတာ ဘာနဲ့မှ မလဲနိုင်အောင် ဝမ်းသာဂုဏ်ယူမိတယ်။

    ကမ္ဘာပေါ်မှာ ရှိကြတဲ့ ဖခင်တွေအားလုံး စိတ်ချမ်းသာနိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်။

    ReplyDelete
  2. ဖတ်ရတာ ကြည်နူးစရာလေးပါ
    သားသားကတော့ ကျွန်တော်တို့ ဇာတ်လိုက်ပါပဲ
    ခုလဲ သားသားဓာတ်ပုံများပါလေမလား လာကြည့်ရင်း စာဖတ်တာ.. ဖတ်ရင်းနဲ့ သန္တ ရသ ကို ခံစားသွားတယ်
    Peace be with you & your family... Bro

    MC

    ReplyDelete
  3. Cet essai est si touchante, qui me fait manquer mon père, ma mère, et mon école maternelle.

    ReplyDelete
  4. သဘောပေါက်တယ်။
    ကျွန်မသားလည်း သူ့အဖေကြိုတာကိုပိုကြိုက် တယ်။ အဖေနဲ့ ဆို ပျော်နေတာပဲ။ သူ့အဖေကပြောလို့မရရင် “မာမားကိုကြောက်တယ်” ဆိုပြီးလှည့်ခြောက်တယ်။ သားကပါ “ဟုတ်တယ် မာမားကို ကြောက်တယ်နော်” တဲ့၊ သူတို့ကအဲလိုဖြစ်နေကြတာ။

    ကိုညီလင်းသစ် စာရေးတာဖတ်လို့ကောင်းတယ်။
    အဲဒီက ဗဟုသုတတွေလည်းပါလို့ကြိုက်တယ်။
    ကျေးဇူးပါ။

    ReplyDelete
  5. This comment has been removed by the author.

    ReplyDelete
  6. သားလေး ပုံပါရင်တာ့ သာကောင်းပေါ့။
    အဲဒီကျောင်းလေးမှာ အလုပ်လုပ်ချင်လိုက်တာ။
    အစ်ကိုစာရေးပုံက ဖတ်နေတဲ့သူပါ ရေးသူပုံဖော်တဲ့မြင်ကွင်းကို ကွင်းကွင်းကွက်ကွက်မြင်စေတယ်။

    JJ

    ReplyDelete
  7. ဖတ်လို့ကောင်းလိုက်တာ..
    ဟုတ်တယ် ကလေးတွေအမြဲပျော်နေတာပဲမြင်ချင်တယ်..

    ReplyDelete
  8. ဒါကြောင့်ဒီက ကလေးတွေ ငယ်ငယ်နဲ့ မိဘလက်လွှတ်လို့ရတာ ဖြစ်မယ်နော်

    ReplyDelete
  9. Pre father day post.I feel like going into hearts of fathers.You are the"hin lay oh" giving us both"ratha and thuta"I happily flow the stream of your dad and son relation while i'm reading.Write about ma eai thu's daily routine pls:)
    Demanding reader
    Gyidaw

    ReplyDelete
  10. သားသားလေးကတော့ ပျော်နေမှာပဲနော် အကို။
    ကြည်နှူးစရာလေး...
    ကောင်းသောနေ့လေးဖြစ်ပါစေ။

    ReplyDelete
  11. ပိုစ့်လေးဖတ်ပြီး သားအဖနှစ်ယောက်ရဲ့ ချစ်ကြည်စယ်ပုံတွေကို သဘောကျကြည်နူးစိတ်နဲ့ ပြုံးပြီးဖတ်နေမိတယ်. မျက်နှာကြောတွေတောင် အတော်လျော့သွားတယ်.. စိတ်ကြည်နူးဖို့ကောင်းလိုက်တာ။ ပြီးတော့ ခုလို ရဲရင့်ထက်မြက်တဲ့ ကလေးတစ်ယောက်အဖြစ် ဖခင်ရဲ့ လမ်းညွှန်မှုနဲ့ ကြီးပြင်းခွင့်ရတာ ကံကောင်းလိုက်တာလို့ တွေးနေမိတယ်..
    ကမ္ဘာပေါ်က ကလေးတွေအားလုံး ခုလိုကံကောင်းရင် ဘယ်လောက်ကောင်းမလဲနော်..

    ReplyDelete
  12. ဖခင် မေတ္တာကို ကွက်ကွက်ကွင်းကွင်း မြင်ရပြီး နူးညံ့သိမ်မွေ့တဲ့ အရေးအသားလေးတွေ၊ စကားလုံး လှလှလေးတွေနဲ့ ပို့စ်လေးမို့ ဖတ်ရတာ နှစ်သက်လိုက်တာ။ ပာုတ်တယ်နော်... ကလေးတွေမှာ အဲ့ဒီလို သူတို့ မခွဲမခွာ ဆောင်လေ့ ရှိတဲ့ ပစ္စည်းလေး တစ်ခုစီ ရှိကြတယ်နော်။ အဖေနဲ့သား တစ် နှစ် သုံး ရေတွက်တဲ့ နေရာလေး ရောက်တော့ ကြည်နူးပြီး ပြုံးမိတယ်း)

    ReplyDelete
  13. သားနဲ့ သူ့ ရဲ့ ဒူးဒူးကိုတွဲရက် ဓာတ်ပုံလေးနဲ့ မြင်ဖူးချင်တာ :)

    ReplyDelete
  14. ကလေးတွေပျော်ရွှင်နေရင် အလိုလိုပျော်မိတယ်။
    ငယ်ငယ်ကတည်းက စနစ်တကျ လေ့ကျင့်ပေးထားရင်
    ကြီးလာတဲ့အခါ လူမှုရေးပိုင်းမှာအောင်မြင်တာပေါ့။

    ReplyDelete
  15. လပြည့်ရိပ်March 23, 2011 at 10:40 PM

    ခပ်သုတ်သုတ် ဖတ်သွားတယ်။ စကားလုံးတွေက မြင့်လွန်းတော့ ခုံခုပြီး မှီဖို့ ခုံသွားရှာလိုက်ဦးမယ်... အချိန်ရမှ ခုံဆွဲပြီး ပြန်လာမယ်.. :D

    ReplyDelete
  16. နန္ဒာ ...
    သမီးကို သိပ်ချစ်တတ်တဲ့ အဖေတစ်ယောက်ရတာ နန္ဒာ သိပ်ကံကောင်းတာပေါ့...၊

    MC ...
    ကျေးဇူးပါဗျာ၊ ဓါတ်ပုံတွေကတော့ ကျနော်အမြဲတင်နေ ကျဆိုတော့ နောက်လည်း ဆက်တင်ဖြစ်ဦးမှာပါပဲ...၊

    Mon Petit Avatar ...
    Merci bien pour ton compliment..!

    မကောင်းမွန်ဝင်း ...
    အဖေနဲ့သားက တဂိုဏ်းဖြစ်နေတာပေါ့ ဟုတ်လား..၊း)

    JJ ...
    ဓါတ်ပုံတွေ မပြလည်း ကျနော်ပြောချင်တာကို မြင်တယ် ဆိုတော့ ဝမ်းသာပါတယ်ဗျာ...၊း)

    Craton ...
    ကျနော်လည်း အဲဒီလိုပဲ မြင်ချင်တာပါပဲ...၊

    မစူးနွယ် ...
    အဲဒါလည်း ဟုတ်မယ်ဗျ၊ အများစုက ကိုယ့်ခြေထောက် ပေါ်ကိုယ်ရပ်ဖို့ ငယ်ငယ်ကတည်းက လေ့ကျင့်ပေးခံရ တာဆိုတော့....၊

    Gyidaw ...
    Thanks for your kind comments! I also noted down your suggestion about Ma Eain Thu and will see to it. :)

    Angelhlaing ...
    ကျေးဇူးပါပဲ ညီမရေ...၊

    မချော ...
    ကလေးတိုင်းသာ ပျော်ပျော်ရွှင်ရွှင်နဲ့ ကြီးပြင်းခွင့် ရခဲ့ရင် ကမ္ဘာကြီးလည်း အခုထက်ပိုပြီး ကျန်းမာလာမှာတော့ သေချာတယ်နော်....၊

    ရိုစ့် ...
    တစ်နှစ်သုံးကတော့ အခုတလော မကြာခဏကို ရေတွက် နေရတော့တာပါပဲဗျာ....၊း))

    myo ...
    အဲဒီလိုမျိုး ဓါတ်ပုံတစ်ပုံ ရိုက်ဖူးလားလို့ ပြန်ရှာကြည့် လိုက်ဦးမယ်နော်...၊း)

    မ,ရှင်လေး ...
    ဟုတ်ပါတယ်၊ ဒါတွေဟာ လူမှုဆက်ဆံရေးမှာ အခြေခံ အုတ်မြစ်တွေပါပဲ...။

    ReplyDelete
  17. လပြည့်ရိပ် ...
    လာခဲ့..လာခဲ့.. ခုံကော၊ ခွေးခြေကော၊ ကုလားမ ခြေထောက်ကော တွေ့တာသာ အကုန်ဆွဲယူခဲ့ဗျာ..၊ :D

    ReplyDelete
  18. ချစ်ကြည်အေးMarch 24, 2011 at 2:20 AM

    ဖခင်မေတ္တာ ရိုးရိုးလေးကို အဖွဲ့ကောင်းသူမို့ ဖတ်ရတာ ကြည်နူးစရာလေးပါ...။ ကျောင်းမှာ ကစားနေတဲ့ ကလေးတွေပုံလေးတွေပါရင် ပို ပြည့်စုံသွားမှာ :)

    ReplyDelete
  19. ပို့တစ်ပုဒ်လုံး အစကနေအဆုံးထိပြုံးပြီးဖတ်နေတာ ကြည်နူးစရာကောင်းလို့ဗျာ...။ သားနဲ့သူ့ရဲ့ ဒူးဒူး ကိုလည်းကြည့်ချင်တယ်... ကလေးဘ၀သိပ်အပြစ်ကင်း ပျော်ရွှင်ဖို့ကောင်းတယ်ဗျာ..။ အသက်တွေကြီးလာတော့ အခြေနေတွေအချိန်အခါတွေကြောင့် ပျော်ရွှင်မှုတွေနည်းလာတော့တာပဲ။

    ReplyDelete
  20. သားလေးက ကျောင်းပျော်တယ်ဆိုတော့ လိမ္မာလိုက်တာ...

    ReplyDelete
  21. အဲ့ဒီက ခလေးတွေက ဒါကြောင့်လည်း ထက်မြက်နေကြတာကိုး အသေချာကြီးကို ဂရုတစိုက်ပေးထားတာပဲ သားလေး အဲ့လိုနေရာမျိုးမှာ ကြီးပြင်းခွင့်ရတာ ၀မ်းသာစရာ ။

    အစ်ကိုတို့ မိသားစု ၃ ယောက် ညနေကျောင်းပြန်ချိန်လေး မြင်ယောင်ပြီး ကြည်နူးမိသွားတယ် ။ မနေ့တည်းက ဖတ်ပြီးသားပါ စကားလုံးတွေ မမှီလို့မဟုတ်ပေမယ့် ဖခင်တစ်ယောက်ရဲ့ အချစ်တွေနဲ့ရေးဖွဲ့ထားတာလေး သေချာမမန့်ဖြစ်မှာစိုးလို့ပါ ။ သားက အဖေကိုကြွားချင်လို့ စက်ဘီးကို ပြန်လှည့်နင်းပြသွားတာလေး ဖတ်ရတော့ ကျနော် အငယ်ကအကြောင်းလေး ပြန်သတိရသွားတယ် စက်ဘီးတက်ခါစ အမေ့ကိုကြွားချင်လို့ အမေ့ လို့ အော်ခေါ်ပြီး နင်းပြမှ ဘိုင်းခနဲပစ်လဲကျတား)

    အစ်ကိုတို့ သားအဖ ၁၂၃ လေးရယ်တာ သဘောကျတယ်း) နှစ်ခွဲရှိသေးလို့ပါ အစ်ကို့စာရေးပုံလေး မျက်လုံးထဲမြင်ယောင်လိုက်တော့ ရက်ပါ သားအဖကိုတွေးပြီး ပြုံးမိပါရဲ့ ။


    ဖခင်တစ်ယောက်ရဲ့ မေတ်တာတွေဖတ်ခွင့်ရလို့ကျေးဇူးပါ အစ်ကို ဒါမျိုးပို့စ်လေးတွေ များများဖတ်ခွင့်ရချင်ပါ၏


    အားကျသူတစ်ယောက် :P
    မောင်မျိုး

    ReplyDelete
  22. အမချစ်ကြည် ...
    ကျေးဇူးပါ၊ အဲဒီလို ပုံလေးတစ်ပုံရဖို့ ကျနော် ကြိုးစား လိုက်ဦးမယ်ဗျ....၊

    ဖြိုး ...
    ဟုတ်တယ်၊ ကလေးအများစုရဲ့ ဘဝတွေက တကယ်ပဲ အပြစ်ကင်းပြီး ပျော်ရွှင်ဖို့ ကောင်းပါတယ်၊

    rose of sharon ...
    ကြည့်ရတာ ဟိုးငယ်ငယ်ကတည်းက တက်ခဲ့တော့လည်း ကျင့်သားရသွားပုံ ပါပဲ...၊

    မောင်မျိုး ...
    အမေကို ကြွားချင်ကာမှ စက်ဘီးလဲကျတာ မဟုတ်ပါဘူး၊ မိုးရွာထဲမှာ ထီးတစ်ချောင်းနဲ့ စက်ဘီးစီး ရင်လည်း ဘိုင်းကနဲ လဲကျတတ်သေးတယ် ထင်တယ်နော်..၊ ;-) တကူးတကန့်ကို ပြန်လာပြီး သေသေချာချာ မန့်သွားလို့ ကျေးဇူးတင်ရပါတယ် ညီရေ...။

    ReplyDelete
  23. ညီလင်းရေ.. ကျောင်းဝန်းကျင်က ကလေးတွေကို လက်တွေ့ဘ၀ကို လက်တွေ့ကျကျသင်ပေးတာ..ဆိုတဲ့ အယူအဆကို သဘောတူပါတယ်..။ တိုက်တိုက်ဆိုင်ဆိုင် အမပြီးခဲ့တဲ့ ၂ပတ်က လုပ်တဲ့ ပရိုဂရမ်လေး http://maynyane-literature.blogspot.com/2011/03/blog-post_13.html

    ReplyDelete
  24. သားသားကိုင်တဲ့ဒူးဒူး ကို လျော်စက်ထဲထည့်လျော်မယ်ဆိုရင်ရော သူက ကြိုက်ရဲ့ လား . ဒီကခလေးတွေလည်း အဲလိုဘဲလေ ဒူးဒူး လေးတွေ ကိုယ်စီနဲ့ နောက်ပြီး လျှော်ရင် သူတို့က မကြိုက်ချင်ကြဘူး .. ကျမသမီးကတော့ ခုချိန်ထိ သူကြိုက်တဲ့ဒူးဒူးက fleece အသား နဲ့ လုပ်ထားတဲ့ချုံစောင်ဘဲ .. အဲဒါလေးကိုင်ပြီးသူက လက်မလေး ပါးစပ်ထဲထည့်စုပ်တတ်သေးတယ် ခုချိန်ထိညဖက်အိပ်ရင် လက်စုပ်တတ်တုန်း .. အမေလုပ်သူက တခါတခါ လျှော်တိုင်း သူက အမေ့ကို လျှော်လိုက်တဲ့အတွက် အဲ စောင်က အနံ့မရှိတော့ဘူးလို့ကွန်ပလိမ်း တက် တတ်တုန်း .... :)

    mie nge

    ReplyDelete
  25. ရသမြောက်တယ်ဗျာ ရေးတာတွေ ကြိုက်ပါတယ်
    ဖတ်နေရင်းကို စိတ်ထဲ ငြိမ်ငြိမ်လေးနဲ့ ရှင်းနေတာပဲ . နောက်ထပ် ဆက်ဖတ်ပါဦးမယ်ဗျာ ..

    ReplyDelete
  26. ညီလင်းသစ်March 27, 2011 at 12:01 AM

    အမမေငြိမ်း ...
    ဟုတ်ကဲ့.. ကျနော် လာနားထောင်ပါဦးမယ်...။

    မ mie nge ...
    အဟုတ်ပါပဲဗျာ၊ သူ မကြိုက်လို့ ဒူးဒူးကို သူမသိအောင် ခိုးပြီး လျှော်ရတယ်၊ သားကတော့ လက်မ မဟုတ်ဘူး၊ ချိုလိမ်...၊း)

    ဘာနေ ...
    ကျေးဇူးတင်ပါတယ်ဗျာ၊ အဆင်ပြေတဲ့အခါ လာသာ လာလည်ပါ...။

    ReplyDelete
  27. အသက်တစ်နှစ်ကျော် တူမကလေးတစ်ယောက်လည်း သူ့စောင်လေးကို သိပ်ကြိုက်လို့ အပြင်ကိုထုတ် ခြုံလိုက် နမ်းလိုက် သိပ်လုပ်တယ်။ မကြာခဏ လျှော်ပေးရတယ်။ Peanuts ကာတွန်းထဲက Linus လေးလိုပေါ့။ စောင်ကြိုက်တဲ့ကလေးတွေက စိတ်ထားနူးညံ့တယ်လို့လည်း ကြားဖူးတယ်။

    မြင်သမျှ အရာရာကို အတုယူနေထိုင်နေကြတဲ့ ကလေးဘ၀တွေမှာ လူကြီးတွေလိုချင်တဲ့ ပုံစံကိုသွင်းတာထက် လူသားဆန်ဆန် ပျော်ရွှင်စရာ အနာဂတ်တွေကို ပိုင်ဆိုင်ဖို့အတွက် အတတ်နိုင်ဆုံး ပံ့ပိုးပေးရမှာပေါ့နော်။

    ReplyDelete
  28. အကို့လို သားသမီးကိုကောင်းစွာစောင့်ရှောက်တတ်တဲ့
    အဖေကို ရထားတဲ့သားသားလေးရဲ့ ဘဝက ကောင်းသော
    ဘဝကို ရမှာအသေအချာပါပဲ....။ဒီနိုင်ငံက KGကျောင်း
    လေးတွေကို မြင်ရတိုင်း မြန်မာပြည်မှာ ဒီလို ကျောင်းမျိုး
    လေးတွေအရမ်းဖွင့်ချင်တယ်....။အဲဒီနိုင်ငံက ကျောင်းတွေ
    ကပို ကောင်းမယ်ထင်ရဲ့..။ငယ်ငယ်က အကြောင်းကြောင်း
    တွေကြောင့် စိတ်ဒဏ်တွေရခဲ့တော့ ကလေးတွေကို အဲလို
    စိတ်ဒဏ်မျိုးက ကင်းလွတ်စေချင်တယ်...။ဘလော့တွေမှာ
    အခု ထက်မြက်ရဲရင့်ပြီး ကလေးပီသတဲ့ ကလေး လေးတွေ
    ကိုမြင်ရတာ အရမ်းပီတိဖြစ်ရတယ်ဗျာ...။

    ReplyDelete
  29. ကောင်းတယ်ဗျာ။ ဖတ်ရတာ ငြိမ့်နေတာပဲ။

    ReplyDelete
  30. အဖိုး အဖွား ဦးလေး အဒေါ်တွေ ဝမ်းကွဲ ညီအကို မောင်နှမတွေ စတဲ့ မိသားစု အသိုင်းအဝိုင်း စုံစုံလင်လင်ကြားမှာ ကြီးပြင်းခွင့်မရ၊ တနေ့ တနေ့ ဒီ အဖေရယ် အမေရယ် ဒီသားလေးရယ် သုံးယောက် တယောက်မျက်နှာ တယောက် ကြည့်နေကြရတဲ့ ဘဝတွေ အများကြီးရယ်... ဒီတော့ ကလေးတွေအတွက် လူမှုရေးရာတွေ အစုံစုံကို သင်ကြားပေးနိုင်တဲ့ နေရာတခုဟာ မရှိမဖြစ် လိုကို လိုအပ်နေတယ်...။

    တခါတခါမှာ ကလေး ငယ်ငယ်လေးကို မနက်အိပ်ရာက မနိုးတနိုး အတင်းဆွဲယူပြီး ကျောင်းပို့ရတဲ့ အဖြစ်ကို အတော်လေး နာကျင် ခံစားခဲ့ဖူးတယ်။ ဒါပေမယ့်လည်း အဲဒီလို ကျောင်းထားလိုက်တဲ့ ကလေးတွေနဲ့ အိမ်မှာပဲ အဖွားတွေ အိမ်ဖေါ်တွေနဲ့ နေပြီး ကျောင်းမတက်တဲ့ ကလေး ယှဉ်လိုက်ရင် mature ဖြစ်ပုံခြင်း တော်တော်လေး ကွာတာ တွေ့ရတယ်...

    အိမ်က သားငယ်ငယ်က ဒူးဒူးကတော့ Mr. Bean ထဲမှာ တွေ့နေကျ ဝက်ဝံရုပ် အညိုရောင်ကလေးပါ။ ပေါက် ပြဲ ဟောင်းနွမ်းနေပြီး အခု လူပျိုပေါက်လေး ဖြစ်နေတဲ့အထိ လွှတ်ပစ်ဖို့ ပြောရင် မကြိုက်ချင်ဘူး... သိပ်ရယ်စရာကောင်းတယ်...း))

    ReplyDelete