19 April 2011

လတစင်းရဲ့ ညခင်းအလင်္ကာ


" ရှေရီ...၊ ဟိုမှာကြည့်ပါဦး၊ လှလိုက်တာ..."

မအိမ်သူက ပြောလည်းပြော၊ အပြင်ဖက်ကိုလည်း လက်ညှိုးထိုးပြလို့ ကမန်းကတန်း လှည့်ကြည့်လိုက်တယ်၊ အပြင်ဖက်မှာ တွေ့လိုက် ရတာက တက်သစ်စ ငွေလဝန်း...၊ သစ်ပင် အုပ်ဆိုင်းဆိုင်းတွေရဲ့ အပေါ်မှာ အခုမှ ထွက်ပေါ်လာခါစ လှလှပပ၊ ကြွကြွရွရွ...၊ ဟုတ်တယ်...၊ လှလိုက်တာ...၊ လဝန်းက အကြီးကြီး မဟုတ်ပေမယ့် တိမ်ကင်းစင်တဲ့ နောက်ခံ ကောင်းကင်ပြာနဲ့၊ ရှေ့က သစ်ပင်အုပ် ခပ်မှောင်မှောင်နဲ့ အတော်ပဲ လိုက်ဖက်တယ်၊ ခဏလောက်ကြာအောင် ကြည့်ပြီးတော့ ရှေ့ဖက်ပြန်လှည့်ပြီး ညစာ ဆက်စားဖြစ်တယ်၊ ဒါပေမယ့် စိတ်က ချက်ချင်းပဲ ပျံ့လွင့်သွားခဲ့ပြီ...၊

ကျနော်က ဝရန်တာကို ထွက်တဲ့ မှန်တံခါးပေါက်ကို ကျောပေးထိုင်ပြီး ညစာ, စားနေတာပါ၊ နောက်ကျောဖက်မှာ ခုနက မြင်လိုက်ရတဲ့ လအကြောင်းကို ဆက်တွေးနေမိတယ်၊ လှလိုက်တာ...၊ ဓါတ်ပုံထွက်ရိုက်ရင် ကောင်းမလား မသိဘူး၊ ချက်ချင်းပဲ ပြန်စဉ်းစားတယ်၊ ဟာ.. ဒီမှာ စားရင်းသောက်ရင်း တန်းလန်းကြီးဟာကို..၊ ဘယ့်နှယ်...၊ ပြီးတော့ အရင်ကလည်း ​လ,ကို ဓါတ်ပုံတွေ ရိုက်ဖူးတာပဲ၊ မလွယ်တဲ့အပြင် ပုံတွေထွက်လာတော့လည်း ဘာမှ ကောင်းကောင်းကန်းကန်း ရှိတာမဟုတ်ဘူး၊ ဟုတ်တော့လည်း ဟုတ်ပါတယ်၊ လမင်းကို ကျနော် ဓါတ်ပုံတွေ ရိုက်ဖူးတယ်၊ ဘယ်လိုရိုက်ရိုက် တခါမှ စိတ်တိုင်းမကျခဲ့ဘူး၊ အခုရိုက်ရင်လည်း ဒီလိုပဲ လာမှာပဲ၊ ထမင်းစားပျက်တာပဲ အဖတ် တင်မယ်...၊ ဒါနဲ့ သုံးလေးလုတ် ဆက်စားတယ်၊

အဲဒီမှာ တခုကို သွားတွေးမိပြန်တယ်၊ နေဦး...၊ အရင်က ရိုက်ခဲ့တာက 450D ကင်မရာနဲ့...၊ crop sensor လည်းဖြစ်၊ pixel density လည်း မကောင်းဆိုတော့ ပုံထွက်က ဘယ်မိုက်မှာလဲ၊ အခုတော့ 5DmarkII ရှိနေပြီပဲ၊ သူ့ကို သုံးပြီး လ,ကို တခါမှ မရိုက်ဖူးသေးဘူး၊ အဲဒီ argument လည်း ရသွားရော ညစာကို ဆက်စားလို့ မရချင်တော့ဘူး၊ ဘေးမှာတော့ မအိမ်သူက ဘာတွေလည်း မသိဘူး... ပြောနေသေး တယ်၊ ကျနော်က ကြားတချက်၊ မကြားတချက်နဲ့...၊ အဲဒီလို ထိုင်နေရင်းနဲ့လည်း ကျောဖက်မှာ လမင်းကြီးက ကောင်းကင်ကို တရွေ့ရွေ့ တက်လာနေပြီလို့ ခံစားနေရတယ်၊ ကောင်းကင်ထက်မှာ အတော်လေး မြင့်သွားရင် အလင်းတွေ ဖြာသွားပြီး ဓါတ်ပုံရိုက်လို့ မကောင်းတော့ ပါဘူး၊ ဆုံးဖြတ်ချက် ချလိုက်တယ်၊ အိုခေ..ရိုက်မယ်၊

"အင်း..အဲ.. ကိုယ် အပြင်ထွက်ပြီး လ,ကို ဓါတ်ပုံရိုက်လိုက်ဦးမယ်၊ ရပါတယ်နော်.."

ပြောပြောဆိုဆိုနဲ့ ခက်ရင်းကိုချ၊ စားလက်စ စပါဂက်တီကိုထားပြီး ထ,ရပ်လိုက်တယ်၊ ကင်မရာ သွားယူဖို့ ထွက်လာတော့ မအိမ်သူက...

"အင်း..ငါမပြောမိရင် အကောင်းသား၊ သူ့ဟာနဲ့သူဆို ဘာမှ တွေ့မှာတောင် မဟုတ်ဘူး"လို့ အရယ်တဝက်နဲ့ ပြောရင်း ကျန်ခဲ့တယ်၊ ပြီးတော့...

"ဒါပဲနော်..၊ ဒီကတော့ စောင့်ပြီးစားနေမှာ မဟုတ်ဘူး၊ ကိုယ့်ဟာကိုယ် ဆက်စား" တဲ့...၊

"ရတယ်၊ ရတယ်...၊ ပြီးမှ ဆက်စားလိုက်မယ်" လို့ လှမ်းအော်ရင်း ကင်မရာကို မှန်ဘီလူး အမြန်တပ်၊ ထရိုင်ပေါ့ထ်ကို ထုတ်ပြီး ဝရန်တာကို ထွက်လိုက်တယ်၊

လ,က ခုနကနဲ့စာရင် အတော်တောင် မြင့်နေပြီ၊ ထရိုက်ပေါ့ထ်နဲ့ ကင်မရာကို အမြန်ဆုံးဆင်ပြီး ရိုက်ချလိုက်တယ်၊ Exposure အမျိုးမျိုး ပြောင်းရိုက်တယ်၊ Focal length အမျိုးမျိုး ပြောင်းရိုက်တယ်၊ Shutter release remote မရှိသေးတာ နာတယ်ကွာလို့ ပြောရင်း timer နဲ့ပဲ ရိုက်ရတယ်၊ ကင်မရာ မလှုပ်အောင် mirror lock-up လုပ်ပြီး ရိုက်တယ်၊ ကောင်းမယ်ထင်တာ..၊ စိတ်ကူးထဲမှာ ပေါ်လာတဲ့ နည်းတွေ အကုန်သုံးပြီး ရိုက်တယ်၊ ၁၅ မိနစ်လောက် ကြာပြီးမှ ထမင်းစားပွဲကို ပြန်လာပြီး ညစာ ဆက်စားတယ်၊ စပါဂက်တီတွေ အေးကုန်ပေမယ့် ရင်ထဲမှာတော့ နွေးနေခဲ့တယ်..၊

xxx လဝန်းလေးနဲ့တူတဲ့ မေ့ကိုလားကွယ် xxx
Photobucket
5DmkII, EF 70-200mm f/2.8L IS USM, 200mm, f/8, 0.3, iso125, self-timer


xxx သန်းခေါင်ယံလမင်း အဝေးမှာ၊ ဒဏ်ရာတွေနဲ့ အိပ်စက်နေ xxx
Photobucket
5DmkII, EF 70-200 f/2.8L IS USM, 200mm, f/11, 1/15, iso125, self-timer, 75% crop


ကွန်ပြူတာထဲကို ပုံတွေ ကူးထည့်လိုက်တော့မှ စိတ်ဓါတ်ကျသွားတယ်၊ ပုံတွေက ကျနော်မျှော်လင့်ထားသလောက် မကောင်းပါဘူး၊ နည်းပညာပိုင်း အားနည်းတာလည်း ပါမှာဖြစ်သလို ကိရိယာပိုင်းလည်း လိုနေခဲ့တာ...၊ ကျနော့်မှာ ရှိတဲ့ အရှည်ဆုံး focal length က ၂၀၀ မီလီမီတာ ပဲ ရှိပါတယ်၊ ပြီးတော့ extension tube လည်း မရှိဘူး၊ တကယ်ဆိုရင် wildlife photography မှာသုံးတဲ့ 300 mm, 400 mm မှန်ဘီလူးကြီးတွေနဲ့ ရိုက်ရမှာ..၊ ပထမတော့ ဒီပုံတွေကို မတင်တော့ဘူးလို့ ထားလိုက်တာပါပဲ၊ တနေ့ အဲဒီလို မှန်ဘီလူးတွေနဲ့ ရိုက်တဲ့ အခါကျမှ တင်မယ်ပေါ့..၊ ဒါပေမယ့် ကျနော်က wildlife photography ကို စိတ်မဝင်စားပါဘူး၊ ဆိုတော့ အဲဒီမှန်ဘီလူးတွေလည်း ဘယ်တော့မှ ဝယ်မှာ မဟုတ်ဘူး၊ ဒါဆိုရင် ဒီဘလော့ဂ်ပေါ်မှာလည်း ဘယ်တော့မှ လ,သာစရာ အကြောင်း မရှိတော့ပါဘူး၊ ဒါနဲ့ပဲ အသင့်တော်ဆုံး ၂ ပုံကို တင်လိုက်ပါတယ်၊ ပြီးခဲ့တဲ့ ပို့စ်က Sunrise ဆိုတော့ တဆက်တည်း ဒီပို့စ်က Moonrise ပေါ့၊ ဒုတိယပုံက ၇၅% ပုံကြီး ချဲ့ထားတာပါ၊ Lens က မကြီးတော့ ပုံကိုပဲ အကြီးချဲ့ ရတော့တာပေါ့လေ..၊ ဒီလို ရိုက်ခဲ့တာကို အမှတ်တရ ရှိစေဖို့သာ ရည်ရွယ်တာမို့ အရည်အသွေး မကောင်းတဲ့ ပုံတွေကို သည်းခံပြီး ကြည့်သွားကြပါ-လို့.....။ ။


ညီလင်းသစ်
၁၉ ဧပြီ၊ ၂၀၁၁

27 comments:

  1. သည်းခံပြီးကြည့်သွားပါတယ် :P
    စတာနော်....ပထမပုံလေး လှပါတယ် ကြည်နေတာပဲ
    အိပ်တော့မလို့ မအိပ်ခင်ဝင်ကြည့်လိုက်တာ ပို့စ်တက်နေတာတွေ့တာနဲ့ ဖတ်လိုက်တာ
    အိပ်တော့မယ် ကောင်းသောညပါ

    ReplyDelete
  2. Beautiful and lovely scene of full moon night.You tried your best although you don't satisfy the result.I like both cos they give different feeling:)
    Gyidaw

    ReplyDelete
  3. လပြည့်ရိပ်April 20, 2011 at 12:34 AM

    အကိုကလည်း ..ဘယ်ကအရည်အသွေးမကောင်းရမှာလဲ။ ဒီလောက်ကောင်းတာကို။ ကျွန်မ မျက်လုံးထဲမှာတော့ ဒုတိယပုံက လမင်းကြီးက ကိုယ့်ဆီရောက်လာတော့မယောင် ဖောင်းကြွလို့။ လပြည့်ရိပ်က လပြည့်ညတွေကို ခရေဇီဖြစ်တာနှော်။ ၁ ပုံလောက် လက်ဆောင်ပေးမလား။ :D

    ReplyDelete
  4. ၂ပုံလုံးကြိုက်၏
    လပြည့်ပြောသလိုပဲ အောက်ကပုံက
    တကယ့်အပြင်ဖက်ကို ဖောင်းကြွနေတယ်

    Baby taster

    ReplyDelete
  5. သန်းကောင်ယံကျောက်လမင်းApril 20, 2011 at 3:20 AM

    ကိုယ်တိုင်မရိုက်တတ်တော့ သူများတွေရိုက်တာကြည့်ပြီး လှနေတာပဲ..
    ကျနော့ကို အသက် ၂၀ တုန်းကလို လှအေင်ရိုက်ပေးပါလားဟင်......

    ReplyDelete
  6. မောင်မျိုးApril 20, 2011 at 3:27 AM

    ကျနော်တို့ ရိုက်ရင် လက တစ်ခြမ်းပဲ ပါချင်ပါမှာ အခုက လှပါတယ်ဗျ ပြာလဲ့လဲ့နောက်ခံ နဲ့ ငွေရောင်လမင်းက တင့်တယ်နေတာပဲကိုး) ဓာတ်ပုံဆရာ တော်ပါတယ်ဗျ ။

    ReplyDelete
  7. ပို့စ်ကဒ် နဲ့ တူတယ်။
    ပန်းချီ လို့လည်း ထင်ရတယ်။

    မအိမ်သူ ညွှန်တဲ့ လ။
    ကိုညီလင်းသစ်ရဲ့ ည။

    အားလုံးအတွက် လှ။

    ReplyDelete
  8. ကိုယ်လည်း အိမ်ပြူတင်းပေါက်ကနေ ကြည့်လိုက်ရင် လပြည့်နေတာ မြင်ရတိုင်း လုပ်လက်စအလုပ်တွေ အသာချပြီး ထရိုင်ပေါ့တ်တွေ ဘာတွေနဲ့ ခဏခဏကို ရိုက်ဖြစ်တယ်... ဒါပေမယ့် တခါမှ ပုံကောင်းကောင်းမရ.. ကိုယ်ညံ့တာပါ။ ကိုယ့် ကင်မရာကလည်း full frame မဟုတ်လေတော့....

    အခု ကိုညီလင်းရဲ့ပုံ တွေ သိပ်ကောင်းပါတယ်။ အပေါ်က ပုံကို ပိုကြိုက်တယ်... လက ကောင်းကင်ပြာပြာနဲ့ သစ်ပင်လေးတွေနောက်ခံနဲ့မှ ပိုအသက်ဝင်တယ်... ကိုယ်ရိုက်တဲ့ လ ပုံကတော့ အမည်းရောင် အဝတ်ပေါ်မှာ အဖြူရောင် အဝိုင်းပြားကြီးတခု ချထားသလိုပါပဲ... စိတ်ဓါတ်ကျစရာ.. ဟိ...

    ReplyDelete
  9. ဘယ်နှယ့် သည်းခံပြီး ကြည့်သွားရမလဲ သည်းခံစရာမလိုဘဲ ကြည့်သွားတယ်
    ကင်မရာတွေ ဓါတ်ပုံပညာတွေ ကိုယ်ကဘာမှသိတာမဟုတ်ဖူး မတ်ခ်တူး ဆို မော်တော်ကားလောက်ဘဲ သိတား)
    အပေါ်တပုံကို ပိုကြိုက်တယ် .. အပြင်ထွက်လို့ ကောင်းကင်မော့ကြည့်မိတဲ့အခါ လပြည့်နေတာတွေ့ရင် ဘယ်လိုသဘောကျမှန်းမသိဘူး ဓါတ်ပုံရိုက်ဖို့မဟုတ်ဖူး အိမ်ပြန်ချင်လို့ ...

    mie nge

    ReplyDelete
  10. ချစ်ကြည်အေးApril 20, 2011 at 7:56 AM

    အိုး....ဘယ့်နှယ် ကောင်းလိုက်တဲ့ပုံကို...၊ အမ လရိုက်ရင် လလုံးကလွဲပြီး ဘာမှ မပေါ်ဘူး...။ ခုပုံက ရွှေလမှာ ယုန်ဝပ်လို့ ဆန်ဖွတ်တဲ့ အဖိုးအိုဆိုတာကိုတောင် သတိရသွားစေတယ်.....

    ReplyDelete
  11. ပြောဘူးတယ်နော်။ ဓါတ်ပုံကောင်းရင်ပန်းချီလို့ ထင်ရတယ်ဆိုတာလေ။
    အခုလည်း ညရဲ့လမင်း လို့ ကိုယ့်ဘာသာနံမည်ပေးသွားတဲ့ ပန်းချီကားလေးကြည့်ပြီးကျေနပ်ပြန်သွားပါတယ်။း)
    အိုင်အိုရာ

    ReplyDelete
  12. ဒီလောက်လှတဲ့ ရိုက်ချက်ကိုနော်...အကိုကတော့
    ပြောတော့မယ်..... ကင်မရာမန်း တော်လို့ပါ လ ကလှချင်မှ လှမှာ....:):)
    ကောင်းမွန်ဝင်း said...

    ပို့စ်ကဒ် နဲ့ တူတယ်။
    ပန်းချီ လို့လည်း ထင်ရတယ်။

    မအိမ်သူ ညွှန်တဲ့ လ။
    ကိုညီလင်းသစ်ရဲ့ ည။

    အားလုံးအတွက် လှ။
    အဲလိုပဲလို့......
    ကောင်းသောနေ့လေးဖြစ်ပါစေအကို။

    ReplyDelete
  13. ပုံတွေကကောင်းပါတယ်။ ညစာစားတာအပျက်ခံပြီး
    ရိုက်ပေးထားလို့ ကျေးဇူးတင်ပါတယ်။

    ReplyDelete
  14. ညီလင်းသစ်ရေ... ပုံတွေကောင်းပါတယ်... မအိမ်သူကလဝန်းလေးပေါ့ ဟုတ်လား... :)

    ReplyDelete
  15. အင်း၊
    လှတာတွေ့ရင်
    မှတ်တမ်းတင်ချင်ပေမယ့်
    အခုထိ ဓါတ်ပုံ ပညာကို လေ့လာနေဆဲပဲ၊

    လကို အဲဒီလောက်ထိအောင် ဇွန်မ်းဆွဲပြီး ရိုက်နိုင်တယ်နော်၊ အနီးကပ်ပဲ။

    အပေါ်တပုံလိုမျိုး စလုံးမှာလည်း မြင်ဖူးလိုက်တယ်၊ လပေါ်က အရိပ်တွေတော့ မမြင်ရဘူး၊ လ၀န်းဖြူဖြူနဲ့ ကောင်းကင် နက်ပြာပြာ။

    ReplyDelete
  16. ဘာလို့မလှရမလဲ
    သိပ်လှတယ် အပေါ်ကပုံဆို ပန်းချီကားလေးလိုပဲ

    ReplyDelete
  17. အပေါ်ကပုံလေးသိပ်လှတယ်အစ်ကို...ကြည့်ရင်းနဲ့ လရောင်အောက်ကအေးချမ်းတဲ့ညတွေကိုသတိရသွားတယ်..။ သိပ်လှတယ်.။

    ReplyDelete
  18. I like the first picture a lot...It is really beautiful...:)

    ReplyDelete
  19. မစူးနွယ် ...
    ဒါဆိုရင် လအရိပ်မှာ ညအိပ်ရာဝင်စဉ်တော့ ဖြစ်ကုန်ပြီး)

    ဂျီးဒေါ် ...
    အားပေးစကားတွေ အတွက် ကျေးဇူးတင်ပါတယ်ဗျာ၊ ဒါတွေဟာ တခါတခါမှာ တကယ်လိုအပ်တယ်.. အဟဲ၊

    လပြည့်ရိပ် ...
    လပြည့်အရိပ်မှာ ခဏတာဖြစ်ဖြစ် ချွေးသိပ်ပေးချင်တဲ့ သူက ကြိုက်တယ်ဆိုရင် ယူသာသွားပါဗျာ...၊း)

    မဘေဘီ ...
    ဒုတိယ ပုံက ဖောင်းကြွဆို မင်္ဂလာဆောင် ဖိတ်စာတွေကို အားကျလို့....၊း)

    ကိုကြီးကျောက် ...
    ဘယ်ပန်းချီရေးလို့ရယ် မမှီဆိုတဲ့ သီချင်းသာ ဟစ်လိုက် ချင်တော့တာပါပဲဗျာ....၊း)

    မောင်မျိုး ...
    လဆန်းမှာ ဆိုရင်တော့ လ,က တခြမ်းပဲ ဖြစ်မှာ သေချာတယ်ဗျို့၊ ဘာပဲဖြစ်ဖြစ် ညီငယ်တစ်ယောက်ဆီက အားပေးသံက ကိုယ့်အတွက် တော့ ကျယ်လောင်မြည်ဟီးလို့...၊ ကျေးဇူး...၊း)

    မ,ကောင်းမွန်ဝင်း ...
    ကွန်မန့်လေးက ကျစ်လစ်ပြီး ချစ်စရာ ကောင်းတယ်း)

    မသက်ဝေ ...
    ကိုယ့်လိုပဲ ဝါသနာတူတဲ့ သူတစ်ယောက်က ဒီလို အားပေးသွားတော့ ဘရင်းန် ကြက်ပေါင်းရည်ကို သနားတယ်လို့ ပြောလို့ ရသွားပြီ...၊း)

    မ mie nge ...
    ကျနော့်ရဲ့ မတ်ခ်တူးကတော့ စီးလို့မရဘူးဗျ၊ ကျနော် လည်း အိပ်မပြန်နိုင်လို့ ဓါတ်ပုံချည်းပဲ ဖိရိုက်နေရတာပါ ဗျာ..၊း(

    အမချစ်ကြည်အေး ...
    အင်း.. ကျင်းတွေ ချိုင့်တွေ မြင်ရတာတော့ အမှန်ပဲဗျို့း)

    မအိုင်အိုရာ ...
    အားပေးစကားလေးက တကယ်ပဲ ချစ်စရာမို့ ကျေးဇူး တင်ရပါသဗျာ...၊

    Angelhlaing ...
    ကင်မရာမင်းန်က မတော်တာ သေချာတယ်ဗျ၊ ကြည့်ပါလား ရိုက်ထားတာ လ,ရဲ့ ဝက်ခြံတွေ တင်းတိတ်တွေ အတိုင်းသားပေါ်လို့၊ မော်ဒယ်လ်သာဆို ကိုယ့်ကို သတ်သွားမှာ သေချာတယ်..၊း)

    မ,ရှင်လေး ...
    ညစာက ညတိုင်း စားနေရတာ၊ လပြည့်ညက တလမှ တခါဆိုတော့လည်း.....၊း)

    rose of sharon ...
    အဲဒါဆို သူက အဝေးက လဝန်းပဲ ဖြစ်ချင်မှာ သေချာတယ်၊ နီးရင် ကျင်းတွေ၊ ချိုင့်တွေနဲ့မို့...၊းD

    မ,အပြုံးပန်း ...
    ဓါတ်ပုံကတော့ မုဆိုးစိုင်သင် ပါပဲဗျာ၊ အခုလည်း အနီးကပ် မြင်ရအောင် ပုံကြီးချဲ့ထားလို့သာ....၊

    မပန်ဒိုရာ ...
    ပန်းချီဆရာမ ကိုယ်တိုင်က ပန်းချီကားနဲ့ တူတယ် ဆိုတော့ ကျနော်ဖြင့် “ငါကွ” လို့ လက်ခမောင်း ထခတ် ချင်ချင်ရယ်....။းD

    ဖြိုး ...
    ကျေးဇူးတင်ပါတယ် ညီရေ....၊ တကယ့်ကိုပါပဲ..၊

    shin ...
    Thank you so much indeed.

    ReplyDelete
  20. ကိုညီလင်းသစ်ရေအမြဲရောက်ပေမဲ့မမန့်ဖြစ်ဘူး။တကယ်ကောင်းတဲ့ပုံတွေပါ။ဒုတိယပုံကိုပိုကြိုက်တယ်။
    ငွေစန္ဒာကိုသာရိုက်ခိုင်းကြည့်အဲဒီလတောင်ပေါ်မှာမဟုတ်ဘူး။

    ReplyDelete
  21. မငွေစန္ဒာ ...
    အမြဲလာလည်တာ သိရလို့ ဝမ်းသာရသလို ချန်ခဲ့တဲ့ ကွန်မန့်အတွက်လည်း ကျေးဇူးတင်ရပါတယ်၊ နောက်လည်း အဆင်ပြေရင် ဝင်ပါထွက်ပါဗျာ...။

    ReplyDelete
  22. မစူးနွယ် ...
    ဒါဆိုရင် လအရိပ်မှာ ညအိပ်ရာဝင်စဉ်တော့ ဖြစ်ကုန်ပြီး)

    ကိုညီလင်းပြောမှ ဟိဟိ ဟုတ်သားလို့... ကျမက တခါမှ လကိုကြည့်ဖို့သတိမရတတ်သူပါ...။ သူကမှ တခါတလေ သတိတရပြောသေးတယ်.. လပြည့်ရောက်ပြီတို့ဘာတို့.. အဲဒါမနေ့ကရိုက်တာလား..ဒါဆိုလပြည့်ကျော်တရက်ပဲရှိသေးတယ်..ဒါကြောင့်ဝိုင်းနေတုန်းပဲနော်.. ၁၈ရက်ကလပြည့်.. ခုမှပြက္ခဒိန်ကြည့်မိတာ..
    ခုလည်းထပ်ပြောလိုက်ဦးမယ် Good night ပါလို့ :P

    စူးနွယ်လေး

    ReplyDelete
  23. မစူးနွယ် ...
    သြော်.. မစူးနွယ်က သတိမထားမိလိုက်ဘူး ထင်တယ်၊း) ကျနော်လည်း အများအားဖြင့်တော့ မေ့တတ်ပါတယ် ဗျာ၊ ဒီပုံတွေကတော့ ၁၇ ရက်နေ့က ရိုက်ခဲ့တာ၊ လ မပြည့်မီ ၁ ရက်အလိုပေါ့..၊ အိပ်မက်လှလှ မက်ပါစေဗျာ။း)

    ReplyDelete
  24. I also tried to take the moon last two days but I felt Singapore's moon has something missing. Once I saw your first image,i missed our countrysides so much. :(
    Bravo!!!

    SZH

    ReplyDelete
  25. အင်း၊
    လှတာတွေ့ရင်
    မှတ်တမ်းတင်ချင်ပေမယ့်
    အခုထိ ဓါတ်ပုံ ပညာကို လေ့လာနေဆဲပဲ၊

    အဲဒီစာက ကိုယ့်ကိုယ်ကို ပြောတာနော်။
    နာမ်စားမပါလိုက်လို့၊ :)

    ReplyDelete
  26. ကင်မရာ သိပ်ကောင်းတယ်..
    ရိုက်တဲ့လူလည်း တော်ပါတယ်ရှင်..

    ReplyDelete
  27. comments တွေ ဖတ်ရတာ ကိုယ်ပြောဖို့တောင် မကျန်တော့ဘူး။ ပျော်စရာကြီးး
    အလှကို ခံစားတတ်တဲ့ အိမ်သူ နဲ့ မှတ်တမ်းတင်တတ်တဲ့ အိမ်သား နဲ့မို့ ဒီပုံလေးတွေက ပို ပြည့်စုံသွားတယ် ထင်မိပါတယ်။

    တို့သာ ရိုက်မယ်ဆို လ ဘရိတ်ဒန့်ဆွဲနေသလို အတွန့်တွန့် အထပ်ထပ် ဖြစ်နေမှာ.. (ဒါ တော်ရုံ ပါရမီ မဟုတ်ဘူးလို့ ကိုယ့်ဖာသာကိုယ် အားပေးနေရတာ..)

    ReplyDelete