16 May 2011
ဒူးဒူးနှင့် ကျောင်းဆင်းချိန် (နောက်ဆက်တွဲ)
ဒီရက်ပိုင်းတွေမှာ Video editing software အသစ်တစ်ခုကို အားထုတ်ပြီး လေ့လာဖြစ်နေတာနဲ့ ပို့စ်အသစ်တင်ဖို့တောင် နှောင့်နှေးနေခဲ့တယ်၊ ကျနော် မြင်နေကျ၊ သုံးနေကျ ဆော့ဖ်ဝဲတွေနဲ့ မတူလို့ လေ့လာရတာ အချိန်ပိုကြာပါတယ်၊ ဆော့ဖ်ဝဲ ဘယ်လို အလုပ်လုပ်တယ်ဆိုတာ မစမ်းသပ်ရသေးခင် သူ့ရဲ့ interface မှာ ဒီအပိုင်းက ဒါကိုခေါ်တယ်၊ ဒါကတော့ ပလေးဘက်ခ် အတွက်နေရာ..၊ ဒါကတော့ effect ထည့်ရင် ပေါ်လာရမယ့်နေရာ စသဖြင့် နားလည်အောင် လိုက်ကြည့်နေရတာကိုက အလုပ်တစ်ခုလို ဖြစ်နေတယ်၊ ခေါင်းထဲကို သွတ်သွင်း၊ မှတ်သားရတာတွေက အခုလို ဝင်နေတော့ ဘလော့ဂ်မှာ ရေးဖို့၊ တင်ဖို့ ကြံစည်ထားတာတွေက ခေါင်းထဲကနေ ထွက်ခွင့်မရဘူးပဲ ဆိုကြပါစို့...၊း)
အခုပို့စ်ကတော့ တင်ဖို့ကြံစည်ထားပေမယ့် သူ့ထက်ပိုပြီး ဦစားပေးရတာတွေ ကြားဖြတ်သွားတာနဲ့ အခုမှပဲ ဒီကို ရောက်လာတော့တယ်၊ ဒီတော့လည်း အကြိမ်များစွာ တီးတိုးရေရွတ်ဖူးတဲ့ better late than never ကိုပဲ ထပ်ရွတ်ရင်း ဆက်စရာ ကျန်နေတဲ့ နောက်တွဲလေးကို ဆက်လိုက်ပါတယ်..၊
တလောဆီက ရေးခဲ့တဲ့ 'လူလေးရဲ့ ကျောင်းဆင်းချိန်' အက်ဆေးလေးမှာ မှတ်ချက်ရေးသွားကြတဲ့ မိတ်ဆွေအချို့က အဲဒီကျောင်းကလေးရဲ့ ဓါတ်ပုံရယ်၊ အဲဒီပို့စ်ထဲမှာ ဖော်ပြခဲ့တဲ့ သားရဲ့ ဒူးဒူး ဓါတ်ပုံရယ်ကို ကြည့်ရရင် ပိုကောင်းမယ်-တဲ့၊ အင်း.. ကျနော့်ရဲ့ သရုပ်ဖော်ရေးနည်းက အတော်လေး အောင်မြင်နေပုံပါပဲ၊ တခါတည်း ဓါတ်ပုံပဲ ပြလိုက်ပါတော့ ဆိုတာမျိုး ဖြစ်နေပြီ...၊း) အဲဒီပို့စ်လေးကို ဖတ်လည်း မဖတ်ရ သေးဘူး၊ အချိန်လည်း နည်းနည်းလေး ရသေးတယ် ဆိုရင်တော့ ဒီမှာ ဖတ်ကြည့်လို့ ရပါတယ်၊
ညီအကို မောင်နှမတွေရဲ့ အဲဒီလို တခဲနက် တောင်းဆိုမှုကြီးရဲ့ နောက်တစ်ရက်မှာ ကင်မရာယူပြီး ကျောင်းလေးကို ကျနော် ဓါတ်ပုံသွား ရိုက်ဖြစ်ပါတယ်၊ သားနဲ့ သူ့ရဲ့ဒူးဒူး ဓါတ်ပုံတွေကိုတော့ ဖိုင်တွေထဲမှာ လှန်လှောရှာဖွေပြီး အဆင်ပြေရာ ဆွဲထုတ်၊ တစုတစည်းထဲ ပေါင်းလိုက်တယ်၊ ဒါနဲ့ပဲ စိတ်ထဲမှာ တေးထားတာ တစ်ခုကို ရှင်းထုတ်လိုက်ခွင့် ရသွားပါတယ်..၊
Photobucket
သားကို တစ်ပတ် ၃ ရက် ပို့တဲ့ နေ့ကလေးထိန်း ကျောင်းလေးရဲ့ အဝင်ဝ...၊ ကျောင်းရှေ့ကွက်လပ်ထဲက အရိုးပြိုင်းပြိုင်းနဲ့ အပင်တွေက အခုတော့ ရွက်နုလေးတွေနဲ့ စိမ်းစိုအေးမြလို့..၊ နေသာတဲ့ နေ့တွေမှာ ကလေးတွေ ပြေးလွှား ဆော့ကစားရင်း အရိပ်ခိုလို့ ရနေပါပြီ၊
Photobucket
သားနဲ့ သူ့ရဲ့မရှိမဖြစ် ဒူးဒူး...၊ ဝမ်းနည်းတဲ့အခါ၊ ပင်ပန်းတဲ့အခါ၊ အိပ်တဲ့အခါ၊ အဆူခံရတဲ့အခါ ဒူးဒူးနဲ့ချိုလိမ်ကို သူအမြဲ တောင်းလေ့ ရှိပါတယ်၊ နဲနဲငယ်တုန်းကတော့ ထစ်ခနဲရှိ တောင်းတတ်ပေမယ့် အခုတော့ အိပ်တဲ့အခါမှပဲ ယူတော့တယ်၊ အဲဒီဒူးဒူး စောင်လေးက အမေဖက်က သူ့အဖွားရဲ့ သူငယ်ချင်းတစ်ယောက်က လက်ဆောင်ပေးခဲ့တာပါ၊ တခါတုန်းက မိတ်ဆွေ မိသားစုအိမ် သွားလည်ကြပြီး အပြန်မှာ အဲဒီဒူးဒူးကို ကျနော်တို့ မေ့ကျန်ခဲ့လို့ တညလုံး သူ့မှာ ဝမ်းနည်းပက်လက်နဲ့..၊ ကျနော်တို့လည်း သူ့ကိုကြည့်ပြီး စိတ်မကောင်းတွေ ဖြစ်လို့၊ ဆိုင်တွေမှာ အဲဒီလို ပုံစံတူတွေများ ရှိမလားလို့ လိုက်ရှာသေး တယ်၊ ဘယ်မှာမှ မတွေ့ဘူး၊ နောက်တကြိမ်များ အဲဒီဒူးဒူး အပြီးပျောက်သွားလို့ကတော့ နိုင်ငံတကာ ရဲတပ်ဖွဲ့ အင်တာပိုလ်ကို အကြောင်းကြားပြီး လိုက်ရှာရမယ့် ပုံပဲ၊ ဒါနဲ့ ခြေစောင့်လက်စောင့် ထားရအောင်ဆိုပြီး အဲဒီစောင်လေးကို ထိုးပေးခဲ့တဲ့ အမယ်အိုကိုပဲ နောက်တစ်ထည် ထိုးပေးဖို့ ရှေ့မျက်နှာနောက်ထားပြီး တောင်းပန် ရတော့တယ်၊ သူကလည်း လိုလိုလားလား ထိုးပေးရှာပါတယ်၊ အဲဒီတော့မှ နဲနဲ အသက်ရှူချောင်တော့တယ်...၊း)
သူ့ရဲ့ဒူးဒူးက သူ့အတွက်တော့ ကြီးလည်းကြီး၊ လေးလည်း လေးပါတယ်၊ အဲဒီလိုပဲ ဒူးဒူးကြီးကို မနိုင်မနင်း သွားလေရာ သယ်၊ တဘုတ်ဘုတ် ပြုတ်ကျနေရင်းက နည်းလမ်းတစ်ခု သူ့ဟာသူ တွေ့သွားတယ်၊ အဲဒီတစ်ချောင်းထိုး အပေါက်တွေထဲကို သူ့လက်ချောင်းလေး တွေထိုးထည့်ပြီး သယ်တဲ့နည်းပါ၊ လက်ညှိုး၊ လက်မ ထိုးထည့်ပြီး ပခုံးပေါ်မှာ ထမ်းထားလိုက်တော့ ဘယ်တော့မှ မကျတော့ဘူး၊ ဒါပေမယ့် ဒူးဒူးမှာတော့ အပေါက်တွေက ပို,ပိုကျယ်လာခဲ့တယ်၊ ဒူးဒူးနဲ့ ရိုက်ထားမိတဲ့ အစောဆုံး ဓါတ်ပုံကတော့ အပေါ်ပုံထဲက ဘေးစောင်းအိပ်နေတဲ့ ၂ ပုံပါပဲ၊ ၁၁ လသား အရွယ်ကပါ...၊
Photobucket
ဒီပုံကတော့ ပြီးခဲ့တဲ့လက ရိုက်ထားခဲ့တာ...၊
ကျနော့်အကိုဝမ်းကွဲ တစ်ယောက်ဆီမှာလည်း အဲဒီလို ဒူးဒူးတစ်ခု ရှိခဲ့တယ်လို့ အဖေတို့ ပြောပြဖူးလို့ သိရတယ်၊ သူ့ရဲ့ ဒူးဒူးကတော့ မှို့ခေါင်းအုံးလေး...၊ 'ဒေါင်းအုံးလေး' လို့ သူက မပီကလာ ခေါ်တတ်တဲ့ အဲဒီခေါင်းအုံးလေးကို အတော်စွဲလမ်းတယ်၊ အဲဒီပေါ်မှာပဲ ခေါင်းအုံးတယ်၊ ဘယ်သွားသွား လက်ကမချဘူး၊ အလျှော်လည်း မခံတော့ နောက်ဆုံး ခေါင်းအုံးက ကြေး(ဂျီး) အထပ်ထပ်နဲ့ ဆီသည်မ လက်သုတ်က အဘခေါ်ရမယ့် အခြေအနေ ရောက်လာခဲ့တယ်၊ ကမ္ဘာပေါ်မှာ ရှိတဲ့ ဘက်တီးရီးယားပေါင်းစုံက အဲဒီခေါင်းအုံးမှာ ရွာတည်ရုံတင် မကဘူး၊ မီဂါစီးတီး၊ ကော့စ်မိုပိုလီတန် စီးတီးတွေ တည်ထောင်ပြီး ကောင်းစားနေကြမှာ အသေအချာပေါ့၊ ဒါနဲ့ နောက်ဆုံး သူ့အမေက သူ့အလစ်မှာ အဲဒီ 'ဒေါင်းအုံးလေး'ကို စိတ်မကောင်းခြင်း ကြီးစွာနဲ့ လွှင့်ပစ်လိုက်ရတော့တယ်၊ အကိုလည်း အတော်လေး ဝမ်းနည်းပူဆွေးပြီး စိတ္တဇဖြစ်သွားသေးတယ်လို့ သိရတယ်၊
ကျနော်အပါအဝင် တခြားမောင်နှမတွေ မှာတော့ အဲဒီလို ဒူးဒူး မရှိခဲ့ဖူး ပါဘူး၊ ကျနော်ငယ်ငယ်က ဝမ်းနည်းရင် ဘယ်လိုမျိုး နှစ်သိမ့်တတ် သလဲလို့ အခုပြန်စဉ်းစားကြည့်တယ်၊ မမှတ်မိ တော့ဘူး၊ အရာရာဟာ ဝိုးတဝါးပါပဲ၊ သားရဲ့ ဒူးဒူးကတော့ လဲမှို့ခေါင်းအုံးလို မဟုတ်တဲ့အပြင် အပိုတစ်ထည်လည်း ရှိတော့ အဆင်ပြေသလို ကျနော်တို့က လျှော်ပေးပါတယ်၊ သူကတော့ သိပ်မကြိုက်ချင်ဘူး၊ ဒူးဒူးသန့်စင်ရေး အော်ပရေးရှင်း စ,ပြီဆိုရင် သူ့ကို အကြာကြီး အကျိုးသင့် အကြောင့်သင့် ရှင်းပြပြီးမှ လုပ်ရတယ်၊ လျှော်ရင်လည်း သေချာအောင် ပထမဆုံးအသုတ်မှာ ထည့်ရတယ်၊ လျှော်ပြီးရင်လည်း စက်နဲ့အခြောက်မခံဘဲ တန်းမှာပဲ လွှားပြီး အခြောက်ခံပါတယ်၊ ခြောက်ပြီဆိုလို့ သူ့ကို ပေးလိုက်ရင်တော့ သားက စောင်လေးကို နမ်းကြည့်ပြီး အင်တင်တင်နဲ့...၊ လျှော်လိုက်တဲ့အတွက် စောင်လေးက သူ့ရဲ့ မရှိမဖြစ် ဒူးဒူး အဆင့်က လျှောကျသွားသလိုလို တချက်စောင်းကြည့်ပြီး ခဏကြာမှ မပိုက်ချင် ပိုက်ချင်နဲ့ ရင်ခွင်ထဲမှာ ပိုက်လေ့ရှိ ပါတယ်၊ အင်း.. သံယောဇဉ်ဆိုတာက လူအကြီးကြီး မှာပဲဖြစ်ဖြစ်၊ လူပေါက်စနလေး မှာပဲဖြစ်ဖြစ်၊ တွယ်ငြိဖို့ဆိုရင် ဘူးပင်လို အညွန့်လေးတွေ ပျော့ပျော့ လိမ်လိမ် လေးတွေနဲ့ ဟိုလှမ်းချိတ်၊ ဒီလှမ်းချိတ်နဲ့...၊ သတိထားမိချိန်ကျတော့ ကိုယ့်မှာ ဘူးသီးလို စွဲလမ်းမှုတွေက ညွတ်နေအောင် အိကျ တတ်တာမျိုး မဟုတ်လား...။ ။
ညီလင်းသစ်
၁၅ မေ၊ ၂၀၁၁
41 comments:
  1. Thar Thar problem solving skill for carrying doux doux is amazing. The whole is very touching and lovely too.
    Mon Petit Avatar
    ReplyDelete
  2. သားလေးကချစ်စရာလေးဟယ်
    သူ့နှုတ်ခမ်းလေးတွေက နီထွေနေတာပဲ
    ဒူးဒူးနဲ့ သံယောဇဉ်ပေါ့။ ကျမ သမီးလေးမှာရော
    အဲ့လို ဒူးဒူးရှိလေရဲ့ ဟယ်လို ကီတီလေးပေါ့ ပန်းနုရောင်ကနေ အေ၇ာင်တွေပြောင်းပြီး ဖားဥတောင်
    စွဲလေရဲ့ လျှော်လည်း အကြာကြီးမှ ခြောက်တော့
    သူအိပ်မပျော်မျာ ကြောက်ရတယ်။ နို့စို့ရင်တောင်
    အဲ့ဒီ အရုပ်လေးရဲ့ အနားသတ် ဇာလေးကို လက်မနဲ့ လက်ညိုးလေးနဲ့ ခြေပြီးစို့တယ်။ အခု ၁၄နှစ်ယောက်တော့ ၀က်ဝံရုပ်လေးတွေ အစားထိုးပြီး
    ကီတီလေးကိုတော့ ဗီရိုထဲ သိမ်းထားလေရဲ့ ပြစ်လည်းမပြစ်ဖူး သံယောဇဉ်ပေါ့။ ပြစ်လိုက်ပါသမီးရယ်လို့ပြောရင် သူကပြောသေးတယ်
    မာမီတို့ သမီးနားမှာ အချိန်မပေးနိုင်ရင် သူက သမီးရဲ့
    အကောင်းဆုံးအဖော်ပဲတဲ့ ပြစ်ဘူးတဲ့ :)
    ReplyDelete
  3. ပိုစ့်တိုင်း ဖတ်ဖြစ်ပါတယ် ကိုညီလင်းသစ်။
    သံယောဇဉ်ဆိုတာဟာ ငြိတွယ်မိသွားရင် ဘယ်တော့မှ အလျှင်မပြတ်စေတော့ဘူးနော်။
    သားလေးက ကြီးလာတော့ သူ့မျက်လုံးလေးတွေ ဓါတ်ပုံထဲမှာ စကားပြောလာတယ် ထင်တယ်။
    သူ့အကြောင်းလေးတွေ ဖတ်ရတဲ့အခါ၊ သူရဲ့ update ပုံလေးတွေ., ကိုညီလင်းသစ်ရဲ့ ပိုစ့်တွေမှာ မြင်ရတဲ့အခါ သူလေးနဲ့ အပြင်မှာ တကယ် ဆုံတွေ့ချင်စိတ်ကို ပိုလှုံဆော်စေတယ်။ ဒါဟာလဲ သံယောဇဉ်က ဖြစ်တည်လာစေတဲ့ တောင့်တခြင်းပါပဲ။
    ဒီလိုဖြစ်လာစေအောင် စာရေးသူ ဖခင်တယောက်ရဲ့ ဖခင်မေတ္တာအပြည့်နဲ့ သားငယ်အပေါ် ပိုစ့်တွေ၊ ဓါတ်ပုံလေးတွေနဲ့ သက်ဝင်လာအောင် ပုံဖော်လိုက်မှု့ Talent ဟာ တကယ်အရေးပါ အရာရောက် လှတယ်လို့ ဆိုချင်ပါတယ်။
    ဒီနှစ် Summer မှာ သားငယ်နဲ့ အပြင်မှာ တကယ်ပဲ ဆုံတွေ့ချင်ပါတယ်။
    ခင်မင်လေးစားစွာ
    နန္ဒာ
    ReplyDelete
  4. ငယ်ငယ်တုန်းက ကိုယ့်ဒူဒူး ဘာဖြစ်ခဲ့လဲ သေချာစဉ်းစားမိချင်သွားပြီ.။
    ကိုညီလင်းသစ်ပို့စ်လေးက သူငယ်ပြန်ချင်စိတ်တောင် ပေါက်သွားတယ်။
    သားက ချစ်စရာကောင်းလိုက်တာ..
    SZH
    ReplyDelete
  5. :).. ဖတ်ပြီး ကြည်နူးစရာလေး...း)))
    ReplyDelete
  6. သားလေးက ချစ်စရာကောင်းလိုက်တာ... ကိုညီလင်းသစ်ရေ...။ အင်း အစွဲအလန်း တခုခုတော့ လူတိုင်းမှာ ရှိကြမယ် ထင်ပါရဲ့...။
    အမရဲ့ ဒူးဒူးကတော့ ငယ်ငယ်ထဲက ခုချိန်ထိ...ခွခေါင်းအုံးလို့ခေါ်ကြတဲ့ ဖက်လုံးပါပဲ....:)
    ReplyDelete
  7. မောင်မျိုးMay 16, 2011 at 6:14 AM
    ချစ်စရာ့ အကောင်ပေါက်စလေး အိပ်နေတဲ့ပုံလေးက ၀က်ဝံသားပေါက်လေးနဲ့တူသလိုလိုး))
    ReplyDelete
  8. ကလေးက ချစ်စရာကောင်းလိုက်တာဗျာ.. သူ့ရဲ့စိတ်ကလဲ အတော် အစွဲအလမ်းကြီးမဲ့ပုံမျိုးလေး။
    N/A
    ReplyDelete
  9. သားသားပုံလေး အနီးကပ်မြင်ရတာ ဝမ်းသာလိုက်တာ။ ကျွန်တော်တို့အတွက်တောင် ဒီလောက် ချစ်ဖို့ကောင်းနေရင် အဖေအမေ ဘယ်လောက်ချစ်ကြမလဲ မသိဘူး။
    နောက်လဲ မကြာမကြာတင်ပေးပါ။
    လူပျိုပေါက်လေးဖြစ်လာရင်တော့ သေချာစောင့်ကြည့်ရတော့မယ်။
    လူချောလေးဆိုတော့ SKB (ဆော်ကြည်ဘဲ)လေးဖြစ်မှာပဲ သေချာတယ်။
    တောင်ငူသား
    ReplyDelete
  10. သားလေးက သိပ်ချစ်စရာကောင်းတာပဲ...
    စွဲလန်းခြင်းပြဿနာပေါ့နော်...။
    ကျမငယ်ငယ်ကတော့ အဲလိုမျိုး မရှိခဲ့ဘူးထင်တယ်။ သက်ရှိထဲမှာတော့ ရှိခဲ့တယ်။ အဒေါ်ကိုမျက်စေ့အောက်က အပျောက်မခံတာလေ...။
    စူးနွယ်လေး
    ReplyDelete
  11. အကိုရဲ့ ပို့စ်တွေဖတ်တိုင်း နွေးထွေးတဲ့ မိသားစုချစ်ခြင်းတွေ အများတမ်း ဖုံးလွမ်းနေတာ မြင်ရလို့..ကြည်နူးမိတယ်....သားသားလေးကလဲ ချစ်ဖို့ကောင်း...:):)
    ကောင်းသောနေ့လေးဖြစ်ပါစေအကို။
    ReplyDelete
  12. ကိုညီလင်း သားလေးက သိပ်ချစ်စရာကောင်းတာဘဲ
    ပါးလေးဆွဲပစ်ချင်တယ်
    ကြည့်ရင်း ယောက္ခမတော်ရ ကောင်းမလား စဉ်းစားမိသေး
    သို့သော် ကျောက်ပြင်ခေါင်းရွက်စောင့်ရုံတင်မက မြင့်မိုရ်တောင် ရွက်စောင့်တောင် မရတော့လို့ စိတ်လျော့လိုက်ပါတယ်။
    ကလေးရဲ့ အစွဲအလန်းလေးကလည်း ချစ်ဖို့ကောင်းတယ်
    အပြစ်ကင်းတဲ့ ကလေးလေးရဲ့ စွဲလန်းမှုမျိုးပါဘဲ
    ReplyDelete
  13. သားသားပုံလေးတွေက ချစ်စရာ ကောင်းလိုက်တာ။ ပို့စ်လေး ဖတ်ပြီး ကြည်နူးမိတယ်။ အောက်ဆုံးက ပုံလေးက ဒူးဒူးကို ပခုံးပေါ် တင်ပြီး pose ပေးနေတာ model အလား အောက်မေ့ရတယ် :)
    ReplyDelete
  14. သားသားက ချစ်စရာကောင်းလိုက်တာဗျာ...။ငယ်ငယ်က
    ပါးဖောင်းဖောင်းလေးနဲ့...ဆွဲလိမ်လိုက်ချင်ထှာ...။
    ဆိုဖာပေါ်မှာ ခြေပစ်လက်ပစ်အိပ်နေပုံလေးဆို သိပ်သ
    ဘောကျတာပဲ..။ကြီးလာရင်တော့ သူ့အဖေလို ဝိုင်းဝိုင်းလည်နေတော့မှာပဲ....:)
    ReplyDelete
  15. Mon Petit Avatar ...
    စောင်လေးကို လက်ထဲမှာ ပွတ်ခြေနေရင်းနဲ့ နည်းလမ်း တွေ့သွားတယ် ထင်တာပဲ၊ ခရီးသွားရင်း ရေးနေပုံရတယ်၊ ကွန်မန့်အတွက် ကျေးဇူးပါနော်...၊
    မဘေဘီ ...
    ဟုတ်တယ်နော်၊ ကလေးတွေရဲ့ စွဲလမ်းမှုကတော့ တကယ်အံ့သြစရာပဲ၊ သမီိးလေးက ၁၄ နှစ်အထိ ကစ်တီကို သိမ်းထားတာပဲ ကြည့်တော့...၊း)
    နန္ဒာ ...
    တလောဆီက ပျောက်နေသယောင် ရှိပေမယ့် ပုံမှန် လာဖတ်နေတယ် ဆိုလို့ ကျေးဇူးတင်ပါတယ်၊ ဒီနှစ် နွေရာသီမှာ လာလည်ဖြစ်ရင် ပြောလေ..၊ ဆုံကြတာပေါ့၊
    SZH ...
    သူငယ်တော့ မပြန်ပါနဲ့ဗျာ..၊း) သူငယ်လို ဖြူစင်နေတာ ပိုကောင်းပါတယ်...နော၊
    ကိုနေဝဿန် ...
    ကျေးဇူး တင်ပါတယ်ဗျာ...၊
    မချစ်ကြည်အေး ...
    ဒါဆို အမချစ်ကြည်အေးရဲ့ ဒူးဒူးလည်း သားရဲ့ ဒူးဒူးလိုပဲ အကြီးကြီးနေမှာ...၊ အပြင်သွားရင် သယ်သွား ဖို့တော့ သိပ်မလွယ်ဘူးနော်....၊းD
    မောင်မျိုး ...
    အဖေကို ဝက်ဝံလို့ စောင်းပြောချင်တယ် ပေါ့လေ..၊း)
    N/A ...
    ကလေးတိုင်း တခုမဟုတ် တခုတော့ စွဲလမ်းကြမယ် ထင်တာပါပဲဗျာ...၊ ဘလော့ဂ် လိပ်စာအသစ်လည်း နောက်တခါ ချန်ခဲ့ပါဦး..၊
    တောင်ငူသား ...
    အခုတော့ ကျနော်က ပုံတွေ တင်ချင်တိုင်း တင်နေတာ ပေါ့လေ၊ ကြီးလာရင်တော့ သူ့ဆီက ခွင့်ပြုချက် တောင်းနေရဦးမလား မသိ၊း)
    မစူးနွယ် ...
    မစူးနွယ်က အဒေါ်ကိုချစ်တဲ့ တူမလေးကိုး...၊ မုန့်တွေ အများကြီး စားခဲ့ရမယ် ထင်တယ်...၊း)
    Angelhlaing ...
    ဟုတ်တယ်ဗျာ၊ ကျနော်လည်း ၅၂၈ တွေချည်းပဲ ရေးဖြစ်နေတော့ တာပါပဲ..၊ အမြဲတမ်း ရောက်,ရောက် လာလို့ ကျေးဇူးပါ ညီမရေ..၊
    မချော ...
    သြော်.. ဒီလို မနှိမ့်ချကြေးလေ..၊ ပန်းပင်တွေကို ချစ်တတ်၊ ဟင်းတွေ ဖွယ်ဖွယ်ရာရာ ချက်တတ်တဲ့ သူတစ်ယောက်အတွက် ချွေးမ,တော်ချင်သူတွေ ဝိုင်းဝိုင်းလည်နေမှာ သေချာတယ်...ဟုတ်တယ်ဟုတ်၊း)
    ရိုစ့် ...
    အေးဗျ၊ ကျနော်လည်း သူ့ကို cat walk အဲ.. lion walk လျှောက်ခိုင်းရင် ကောင်းမလား စဉ်းစားနေတာ...၊းD
    ReplyDelete
  16. ကိုညိမ်းနိုင် ...
    ကျနော်က ဝိုင်းဝိုင်းလည် မဟုတ်ပါဘူး၊ စိုးမိုးကျော်.. အာ.. ရှုပ်ကုန်ပြီဗျာ၊း) ထီပဲ သွားထိုးမှနဲ့ တူတယ်..။း))
    ReplyDelete
  17. စာတွေကိုတော့ ဖတ်နေတာကြာပြီ. ခုမှ မန့်ဖြစ်တော့တယ်. ပြီးတော့ ငယ်ငယ်တုန်းက ဘာလုပ်ခဲ့လဲ စဉ်းစားလိုက်တော့ သားသားလိုဘဲ ဒါပေမဲ့စောင်တော့မဟုတ်ဘူး စွတ်ကျယ် ပိစိကွေး. ဘယ်နေရာသွားသွား ယူသွားတယ်.
    ReplyDelete
  18. ဒူးဒူးလေးကိုဖတ်ပြီး ကျမရဲ့ ရှဥ့်လေးကိုသတိရမိတယ်။
    လက်ထိုးရှဥ့် ရုပ်လေးရှိခဲ့တယ်။
    သူက မြန်မာပြည်ကိုလည်းရောက်ဖူးတယ်။
    ကျမဘယ်သွားသွားပါတယ်။
    ReplyDelete
  19. သားသား အသက်ကြီးလာလို့  သူ့ ပုံတွေတင်တာ ကန့်ကွက်ခဲ့ရင် comments တွေဖတ်ပြလိုက်ပေါ့။ သူ့ ကို ဘယ့်လောက်ဝိုင်းချစ်ကြတယ်ဆိုတာ သိရင် သူပေးတင်မှာပါ။
    ချိုလိမ်ကြီးနဲ့ ဆိုတော့ တစ်ခုသတိရသွားတယ်။ လူတွေ ငယ်ဘဝကတည်းက အလိမ်ခံရတဲ့အကြောင်းပါ။ကိုယ့်ကိုသူများတွေလိမ်တတ်တာမပြောနဲ့၊ မိဘကအစ လိမ်တယ်တဲ့။ ချိုလိမ်ဆိုတာ မိခင်နို့ နဲ့ အလားပုံစံတူကို လိမ်ပြီးစို့ ခိုင်းတဲ့ နို့ အတုမို့  ချိုလိမ်လို့ ခေါ်တာတဲ့လေ။ ကြံကြံဖန်ဖန်နော်။
    ReplyDelete
  20. Very lovely essay,very lovely Thar Thar.........:D
    ReplyDelete
  21. ကလေးပဲ ဖြစ်ဖြစ်... လူကြီးပဲဖြစ်ဖြစ်... သံယောဇဉ်... ပြီးတော့ စွဲလန်းမှု... အလွန်အကျွံဆိုရင်တော့ ဘယ်ဟာမှ မကောင်းဘူးနော်...
    သားလေးက သိပ်ချစ်စရာကောင်းတာပဲ... အရပ်ရှည်လာတယ်နော်... နဲနဲလည်း စစ်သွားသလိုပဲ...
    ReplyDelete
  22. သားသားပိန်သွားတယ်....သူ့နားရွက်တွေအကြီးကြီးဘဲ...။ သူ့ဒူးဒူးလေးနဲ့ သိပ်ချစ်စရာကောင်းတယ်...။
    ကျွန်တော်လည်းအခုအသက်အရွယ်အထိ ဒူးဒူးရှိသေးတယ်..။ ဒေါင်းအုံးလေးဘဲပေါ့...ငယ်ငယ်ကဆို ပေနေမှတောင်ကြိုက်တာ..အမေကနေပူလှန်းပေးရင်မကြိုက်ဘူး...အနံ့ပျောက်သွားလို့...။ အခုတောင် ဒူးဒူးအကြီးစားပိုက်ပြီး ကွန်မန့်ရေးနေတာ.. =D
    ReplyDelete
  23. u\ကျနော့်သမီးမှာလဲ ဒူးဒူးလေးရှိခဲ့ဖူးပါတယ်...။
    တဘတ်လေးတထည်ပါ..။
    သွားလေရာယူ...ညအိပ်ရင် ကိုင်ပြီးမှ
    အိပ်တတ်ပါတယ်။
    နောက်တယောက်က ဒီနိုင်ငံသားသူငယ်ချင်းပါ။
    ခေါင်းအုန်းသေးသေးလေးတခု..။
    အဲ့ဒီခေါင်းအုံးလေးမှ မရှိရင် သူအိပ်လို့မပျော်ပါဘူးတဲ့။
    ခရီးထွက်ရင်လဲ အပါယူသွားတတ်ပါတယ်။
    အသက်၃၀ကျော် မိန်းမတယောက်ပါ..။
    ReplyDelete
  24. သားသားလေးအကြောင်းဖတ်ရရင် သူ့ အကြောင်းပိုနားတောင်ချင်လာလေ ဖြစ်ဖြစ်လာတယ်။ မအိမ်သူလည်း သားလေးကိုတစိမ့်စိမ့် ခဏခဏကြည့်မှာဘဲလို့ တွေးမိတယ်။ အရမ်းချစ်စရာကောင်းလွန်းတယ်။
    အိုင်အိုရာ
    ReplyDelete
  25. ဒူးဒူးထဲလက်မလေးထည့်ထားတာ ချစ်စရာကောင်းလို့ ကိုက်ချင်စရာ ... သားသားရိုက်သမျှပုံတွေထဲ ဒူးဒူးနဲ့ ချိုလိမ်နဲ့ပုံတွေ အကြိုက်ဆုံး ဘဲ ... ညီလင်းဘလော့စာမျက်နှာအောက်ဆုံးမှာရှိတဲ့ about me က အရုပ်ပုံက သားသား အိပ်ရင်း လှမ်းကိုင်ထားတဲ့ အရုပ်ဘဲမို့လား ...
    mie nge
    ReplyDelete
  26. အစ်ကို. သားပုံကို Frame လုပ်ထားတာလေး အရမ်းသဘောကျတယ်။ အောက်က portrait ပုံကလဲ တကယ့် ကိုသဘာဝ တယ်။ နောက်လဲများများတင်ပေးပါဦး။ ;)
    ReplyDelete
  27. အမည်ဝှက်စာဖတ်သူ ...
    ဒူးဒူးက စွပ်ကျယ်ပိစိကွေး တဲ့လား၊ အင်း..စောင်တို့၊ စွပ်ကျယ်တို့...၊ ကလေးတွေရဲ့ တွယ်ငြိမှုက ဘာမဆို ဖြစ်နိုင်တယ်နော်...၊
    မ,ရှင်လေး ...
    ရှဥ့်လေးနဲ့ (မ)ရှင်လေး...၊ လိုက်ဖက်တာတော့ သေချာတယ်ဗျို့၊ သစ်ကြားသီးတွေ အများကြီး ဝယ်ခဲ့ဖူးမယ် ထင်တယ်နော်..၊းD
    မျိုး ...
    သေချာပြီ၊ သားကို ကွန်မန့်တွေ ဖတ်ပြရရင် ဒီကွန်မန့်က စပြီး ဖတ်ရမှာပဲ၊ ချိုလိမ်ရဲ့ definition က မိုက်တယ်နော်၊ ဟုတ်လည်း ဟုတ်နေတာပဲ..၊း)
    Ma Chaw Su ...
    Very lovely comment...!!! :D
    မသက်ဝေ ...
    အလွန်အကျွံဆိုရင် မကောင်းတာတော့ အမှန်ပါပဲဗျာ၊ (ဥပမာ-အလွန်အကျွံ လက်ဆေးတဲ့လူတို့၊ ဘာတို့...)း))
    ဖြိုး ...
    တယ်မိုက်ပါလား၊ ဒူးဒူးအကြောင်းပို့စ်ကို ဒူးဒူးကြီး ပိုက်ပြီး ကွန်မန့်ရေးနေတာ ဆိုတော့....၊း)
    ပေါက် ...
    ၄ နှစ်သမီးကတည်းက ဒူးဒူးကို မသုံးတော့တဲ့ကလေးနဲ့ အသက် ၃၀ အထိ သွားလေရာ ယူသွားတဲ့လူကြီး...၊ တမ်းမက်တွယ်ငြိမှုတွေက တကယ်အံ့သြစရာပဲနော်...၊
    မအိုင်အိုရာ ...
    မအိမ်သူက သားငယ်ငယ်တုန်းက Mon petit poulet လို့ နောက်ပြီး ခေါ်လေ့ရှိတယ်၊ My little chicken ပေါ့ လေ..၊း))
    မ mie nge ...
    သားအိပ်ရင် အခုထိ အဲဒီလိုပဲ ဒူးဒူးထဲ လက်မ,လေး ထည့်ပြီး အိပ်တတ်လို့ အမှတ်တရအနေနဲ့ ရိုက်ထားဖြစ် တာပါ၊ ဟုတ်တယ်ဗျ၊ ကျနော့်ပရိုဖိုင်းလ်က ခြသေ့င်္အရုပ် လေးက သားလှမ်းကိုင်ထားတဲ့ အဲဒီအရုပ်လေးပါပဲ၊ မျက်စိ အရမ်းလျင်တယ်နော်...၊းD
    ကိုထွန်းထွန်း ...
    ပုံတွေက သူခပ်ငယ်ငယ်တုန်းက ရိုက်ထားခဲ့တာ ဆိုတော့ တစ်ပုံချင်းစီ တင်မယ့်အစား ပုံအကြီးတစ်ခုဆို ပိုကောင်းမယ်လို့ တွေးမိတာနဲ့ အဲဒီလို လုပ်လိုက်တာပါ၊ အားပေးသွားတဲ့ ကွန်မန့်လေးအတွက်လည်း ကျေးဇူး တင်ပါတယ်ဗျာ...။
    ReplyDelete
  28. သားသားပုံ အကြီးကြီးအတွက် ကျေးဇူးတင်ပါတယ်။ ကွန်မန့်တွေဖတ်ပီး ဒူးဒူးတွေအကြောင်းရေးထားတော့ ငယ်ငယ်က မဂ်ဂဇင်းထဲမှာ လင်းဇာနည်ဇော်ရဲ့ အင်တာဗျူးလေးကိုသွားသတိရမိတယ်။ သူက နှာခေါင်းထဲကို လက်ကိုင်ပုဝါလိုအဝတ်စရဲ့ အစွန်းလေးထည့်ထားမှ အိပ်လို့ရတယ်တဲ့။ အဝတ်စကလည်း ထည့်နေကျအဝတ်စမှ အဝတ်စပဲတဲ့။ နောက်...အမတယောက်ကျတော့ ဓါတ်ဆီမီးခြစ်ထဲက ဆီဆွတ်ထားတဲ့ ဂွမ်းကို နားခေါင်းနားမှာ တေ့တေ့ထားတတ်တယ်။ ဘယ်လိုပြောပြောမရဘူး။ တော်တော်လေးကြီးမှ အဲဒီအကျင့်ကြီးပျောက်သွားတာ။ အဘွားနဲ့ဆို ခဏခဏ ပြဿနာတက်တယ်။ မီးခြစ် ခြစ်မရတော့လို့။ စကားမစပ် အစ်ကို့အလုပ်အကြောင်းလေးတွေ တင်ပါအုန်းနော်။ ကိုယ်မရေးရတိုင်း ဟိုဟာတင်ခိုင်း ဒီဟာတင်ခိုင်းနဲ့ ကိုယ်ချင်းမစာတာတော့မဟုတ်ပါဘူး။
    JJ
    ReplyDelete
  29. JJ ...
    ဓါတ်ဆီရှူတဲ့ အမ အဖွားနဲ့ ပြဿနာတက်တာ ဖတ်ပြီး ပြုံးနေမိတယ်၊ အဖွားတော့ အတော် စိတ်ညစ်မှာပဲနော်၊ ပြီးတော့ ဒီအကျင့်ကို နားလည်မှာလဲ မဟုတ်ဘူး၊ ကျနော့်အလုပ်အကြောင်း စိတ်ဝင်စားလို့လည်း ကျေးဇူးပါနော်၊ မကြာခင်ပဲ ရေးဖြစ်မယ် ထင်ပါတယ်..။
    ReplyDelete
  30. လပြည့်ရိပ်May 18, 2011 at 4:46 PM
    အထက်က ကွန့်မန့်တွေထဲမှာ ကျွန်မ ပြောချင်တာတွေပါသွားပြီ။ အောက်ဆုံးက သားလေးပုံက သားသားကြီးရင် ကြော်ငြာမော်ဒန်ဘွိုင်း လုပ်လို့ရလောက်တယ်။ မျက်ခုံးမွေးလေးကတန်း..လို့၊ မေးနှစ်ခွလေးနဲ့ ..ဆွဲဆောင်မှုအရမ်းရှိတယ်။ :-)
    ReplyDelete
  31. သူ,ကြီးလာမှ ကြည့်ရဦးမယ် လပြည့်ရေ..၊ ကင်မရာရဲ့ ဘယ်ဖက်အခြမ်းမှာ ရပ်ချင်တာလဲ-လို့...။း)
    ReplyDelete
  32. ကိုညီလင်းသစ်ရေ
    အမြဲလာဖတ်ပါတယ်။
    ဒီပို့စ်ကိုတော့ သားလေးပုံကြောင့် လာကြည့်ဖြစ်တယ်။
    ကျွန်မသားလည်း ခေါင်းအုံးလေး ကြိုက်တယ်။
    အိပ်ရာဝင်ကာနီး နဲ့ နိုးပြီး ခဏနေတဲ့ အထိလောက်ပါပဲ။
    ခေါင်းအုံးစွပ်ကို ပထမတုန်းက လဲပေးလို့ မရခဲ့ဘူး။ ခေါင်းအုံးစွပ် နှစ်ထည်နဲ့ ကျင့်သားရအောင်လုပ်ပေးထားရတာ အခုတော့ မဆိုးပါဘူး။
    သားခြေအိပ်ထဲ ဘောင်းဘီရှည်ထည့်ပေးထားပါလား၊ ကျွန်မယောက်ျားလည်း သားကို အဲလိုလုပ်ပေးတဲ့ အကျင့်ရှိတယ်။
    ပြီးခဲ့တဲ့လကရိုက်ထားတဲ့ ဓါတ်ပုံက
    ချက်ချင်း ထွားလာသလိုပဲ။
    ReplyDelete
  33. ကိုညီလင်းသစ်ရေ...
    အစ်ကို့ ရဲ့ blog ကို ဖတ်ဖြစ်တာတော့ သိပ်မကြာသေးပါဘူး... လွန်ခဲ့တဲ့တလလောက်ကမှပါ... အစ်ကို့ရဲ့ နွေးထွေးတဲ့ မိသားစု ဘ၀အကြောင်းရယ်.. ချစ်စရာကောင်းတဲ့ သားသားရယ်... လှပတဲ့ ရှုခင်းတွေရယ်ကို စိတ်ဝင်စားတာနဲ့ အားလုံးကို အစကနေအဆုံး ဖတ်ဖြစ်ပါတယ်... အခုဆို အသစ်တင်လားလို့ နေတိုင်းဝင်ကြည့်ဖြစ်ပါတယ်... ကျွန်မရဲ့ ဒူးဒူးကလဲ သားသားလိုပါပဲ... စောင်တထည်ပါ... အနီရောင်အစင်းနဲ့ ဂွမ်းစောင်တထည်ပါ... အိပ်ရင်မခြုံဘဲ ခြေထောက်အောက်မှာပဲထားပြီး ခြေမနဲ့ ခြေညှိုး ညှပ်ပြီးအိပ်တာပါ... စလုံးကိုလာတော့ ကျွန်မရဲ့ ဒူးဒူးကို အိမ်မှာထားခဲ့ရတယ်... အဲဒါနဲ့ တခြားစောင်တထည်ကို အစားထိုး ဒူးဒူးလုပ်ပြီးအိပ်နေရတယ်... ဒါပေမယ့် ကျန်ခဲ့တဲ့ စောင်လေးကို စွဲလမ်းနေတာ အခုအချိန်အထိပဲ... အိမ်ထောင်ကျပြီးတာတောင် အိပ်ရင် ဒူးဒူးမရှိရင်မဖြစ်လို့ အမျိုးသားက မကြိုက်ချင်ဘူး... ဒါပေမယ့် ပြောမရလို့ ကြည့်နေရတယ်လေ... သားသားလဲ ကြီးလာရင် ကျွန်မလိုဖြစ်နေမယ်ထင်တယ်နော်
    HH
    ReplyDelete
  34. ကျနော့်တူနှစ်ယောက်ကျတော့ ငယ်ငယ်ထဲက စောင်တစ်ထည်ကို အစွဲကြီးကြတာ။ သူတို့က အဲဒီစောင်ရဲ့ အနားသတ် အမွေးလေးတွေကို ဖြုတ် လက်နဲ့လုံးပြီး နှာခေါင်းထဲ ထည့်ကြတာ အခု အသက် ၂၀ ကိုယ်စီ ကျော်လာတော့ အဲဒီစောင်တစ်ထည်လုံး ကုန်သွားတော့တာပဲ။
    ကိုညီလင်းသစ် ကလေးက ချစ်စရာကောင်းလွန်းတယ်။ ကြီးလာရင် လူချောဖြစ်မှာသေချာတယ်။
    ReplyDelete
  35. မ,ကောင်းမွန်ဝင်း ...
    သြော်..သားလေးလည်း ဒူးဒူးခေါင်းအုံးနဲ့ပါလား၊ ဒီလို အရာလေးတွေအပေါ် သူတို့တွေ စွဲလမ်းတတ်ပုံက တခါတခါ အံ့သြစရာ၊ စိတ်ဝင်စားစရာ ပါပဲ၊ ဟုတ်တယ်ဗျ၊ သူ, ငယ်တုန်းကတော့ ချမ်းမှာစိုးလို့ ခြေအိတ်ထဲ ဘောင်းဘီရှည် ထည့်ပေးထားလေ့ ရှိပါတယ်..၊
    မHH ...
    ဒူးဒူးက ဂွမ်းစောင်လေးဆိုတော့ နူးညံ့မှာ သေချာတယ်၊ ခြေမနဲ့ ခြေညှိုးကြား ညှပ်ပြီးအိပ်တာကို သဘောကျလို့ ပြုံးနေမိတယ်ဗျ၊ အများအားဖြင့် ဒူးဒူးတွေကို ရင်ခွင်ထဲ မှာ ထားပြီးအိပ်ကြတာကိုး..၊း) ဘလော့ဂ်လေးကို ပုံမှန် လာဖတ်တာ သိရလို့ ဝမ်းသာရသလို ကွန်မန့်အတွက် လည်း ကျေးဇူးတင်ပါတယ်နော်၊ နောက်လည်း အဆင်ပြေတိုင်း ဝင်လာလှည့်ပါ...၊
    ကိုမြစ်ကျိုး ...
    တူနှစ်ယောက်ရဲ့ အချစ်ကြီးပုံက စောင်တစ်ထည်လုံး ကုန်ပါရော ဆိုပါတော့..၊း) ဟုတ်တယ်နော်..၊ ဒူးဒူး ရှိတဲ့ ကလေးအများစုက အဲဒီ စောင်တွေ၊ အရုပ်လေးတွေကို ငြိမ်ငြိမ်မကိုင်ဘဲ အနားစတွေကို ဆွဲဖြုတ်တာ၊ လက်ထဲမှာ ပွတ်ခြေတာ၊ ပါးစပ်ထဲ ကိုက်ထားတာ၊ နှာခေါင်းထဲ ထည့်တာ... အဲဒါမျိုးတွေ လုပ်လေ့ရှိတာ ကျနော်လည်း သတိထားမိတယ်ဗျ..။
    ReplyDelete
  36. သားလေးကချစ်စရာကောင်းလိုက်တာ.အကိုရေ..
    နွေးထွေးတဲ့မိသားစုဘ၀ကိုမြတ်နိုးသူမို့..အဲလိုလေးတွေ
    ဖတ်ရမြင်ရတာ..တကယ်ရင်ထဲမှာနွေးထွေးစွာခံစားရပါတယ်..
    ReplyDelete
  37. ချစ်ခြင်းအလင်္ကာ ...
    ကျေးဇူး တင်ပါတယ်ဗျာ၊ လာလည်တဲ့ အတွက်ရော.. ကွန်မန့်လေး အတွက်ပါ...။
    ReplyDelete
  38. လက်မလေးက စောင်လေးထဲမှာ ညပ်နေတာလေးက ချစ်စရာကောင်းလိုက်တာ..
    I think he feels save by doing that.
    ReplyDelete
  39. မအိမ့်ချမ်းမြေ့ ...
    ဟုတ်မယ် ထင်တာပဲ မလေးရေ..၊ လက်ချောင်းလေး တွေကို အဲဒီလိုပဲ မကြာခဏ ထည့်ထားတတ်တာပါပဲ..။
    ReplyDelete
  40. blog တွေနဲ့ ဝေးနေတာ ကြာပြီ။ အခုမှ ပထမဆုံး ဒီကို ရောက်ဖူးတာပါ။ အခုလို စာမျိုးလေးတွေ ဖတ်ချင်နေခဲ့တာမို့ သဘောကျမိတယ်။
    တို့ ဒူးဒူးကတော့ ကော်ပတ်ရုပ်လေး ထင်တယ်။ နံမည်က မိနီ လို့ ပေးထားတယ်။ လက်တွေ ခြေတွေ ပြုတ်ကုန်မှ လွှင့်ပစ်လိုက်ရတာ..။ ၉တန်းလောက်ထိ အတူအိပ်ခဲ့တယ်။
    သားက ချစ်ဖို့ကောင်းလိုက်တာနော်..
    ReplyDelete