29 May 2011
လှိုင်းများထက်မှာ
ဖျော်ဖြေရေးခန်းမဟု ရေးထားသော အခန်းလေးထဲ ရောက်တော့ ဘယ်သူမှ ရှိမနေ..၊ အထဲမှာက ရုပ်ရှင်ခန်းမ အသေးစားလေး တစ်ခုလို ခုံတွေကို အစီအရီချထားသည်၊ တဖက်ထိပ်မှာတော့ တီဗီနှင့်ဗီဒီယို ပြစက်တစ်လုံးကို စင်လေးတစ်ခုပေါ်မှာ တင်ထားသည်၊ တချိန်က အောက်စက်ဟုခေါ်သည့် ဗီဒီယို ကက်ဆက်အခွေ ထည့်ဖွင့်ရသည့် စက်ကို မြင်လိုက်တော့ ကျနော် နည်းနည်း အံ့သြသွားသည်၊ တချိန်ထဲ မှာပဲ ဘယ်လိုမှ အလုပ်မဖြစ်နိုင်တော့မှန်းလည်း သိလိုက်သည်၊ ကျနော်တို့မှာ ပါလာသည်က ဒီဗီဒီ ဓါတ်ပြားချပ် လေး ၂ ချပ်ကိုး...၊
Reka ဟု အမည်ရသည့် ဤဘန်ဂလို အိမ်လေးမှာ ကျနော်တို့ လာတည်းနေစဉ် အတွင်း တစ်ရက်မှာ သားကို ကာတွန်းကား ပြဖို့ ဒီခန်းမလေးကို ရောက်လာခဲ့ခြင်း ဖြစ်သည်၊ ပုံမှန်အားဖြင့် ယခုလို ခရီးထွက်နေ တုန်းမှာ သားကို တီဗီ မကြည့်စေချင်ပါ၊ သို့သော် ဒီနေ့မှာတော့ အခြားကစားနည်းလည်း မရှိတော့သလို သူ့ကို ခဏတဖြုတ် ငြိမ်ငြိမ်သက်သက် နေစေချင်တာကြောင့် နာရီဝက်လောက် ကာတွန်းကား ကြည့်ရမည်ဟု ဆိုကာ အိမ်မှ လိုရမယ်ရ ယူလာသည့် Chuggington ကာတွန်း ဒီဗီဒီလေး ၂ ချပ်ဖြင့် လာခဲ့ကြခြင်း ဖြစ်သည်၊ ယခုတော့ ဖွင့်ဖို့ မဖြစ်နိုင်တော့...၊
သူ့ ဒီဗီဒီတွေကို ဤစက်ဖြင့် ဖွင့်လို့မရကြောင်း ကျနော်က သားကိုပြောလိုက်သည်၊ သားက နားမလည်...၊ သူကြည့်ချင်သည့် ဒီဗီဒီ တစ်ချပ်ကို ထုတ်ပေးကာ ဖွင့်ပေးဖို့ပဲ အတင်း ပူဆာနေသည်၊ သို့နှင့် သူ့ကို ဗီဒီယို စက်ရှေ့ခေါ်ကာ ဤစက်မှာ ဒီဗီဒီအတွက် မဟုတ်ကြောင်း၊ အခွေထည့်သည့် အပေါက်နှင့် ဒီဗီဒီတို့ အရွယ် အစားလည်း မတူကြောင်း လက်တွေ့လည်း ပြရင်း တတ်နိုင်သလောက် ရှင်းပြလိုက်ရသည်၊ သို့သော် သူ နားမလည်ပါ၊ ဒီမှာ စက်ရှိတာပဲ၊ ဒီစက်နဲ့ ဖွင့်ပေးပါ ဟုပဲ တွင်တွင် ဆိုနေသည်၊ နောက်ဆုံး အာပေါက်မတတ် ရှင်းပြပြီး စက်ဘေးက စင်လေးပေါ်မှာ တင်ထားသည့် ဗီဒီယို ကက်ဆက်ခွေတွေထဲက သူသိသည့် ကာတွန်း ဇတ်ကောင်ပါသည့် တစ်ခွေကိုပဲ ဖွင့်ပေးလိုက်ရ တော့သည်၊ ဖြစ်ချင်တော့ ဗီဒီယို အခွေတွေ အားလုံးက လည်း ဂျာမန်စကားပြောတွေ ထည့်ထားသည့် အခွေတွေဆိုတော့ သားက ဘာမှနားမလည်ဘဲ မကျေမချမ်း နှင့်ပင် ကြည့်နေရ တော့သည်၊ ကျနော်က သားဘေးမှာ အသာဝင်ထိုင်သည့် အခိုက် စကားလုံး လေး တစ်ခု က ခေါင်းထဲမှာ ဝင်ရောက်လာခဲ့သည်၊ ဒစ်ဂျစ်တယ် နေးတစ်ဗ်များ (digital natives)...၊
အိုင်တီခေတ်နှင့် အတူ တဟုန်ထိုး ဖွံ့ဖြိုးလာသည့် ဒစ်ဂျစ်တယ် နည်းပညာများ အလယ်မှာ မွေးဖွားလာ သည့် ကလေးများကို ယေဘုယျအားဖြင့် ဒစ်ဂျစ်တယ် နေးတစ်ဗ်များဟု ကင်ပွန်းတပ်ကြပါသည်၊ မွေးလာ ကတည်းက ခေတ်မီ ဒစ်ဂျစ်တယ် ပစ္စည်းကိရိယာတို့နှင့် ထိတွေ့ဆက်ဆံ ကြီးပြင်းလာကြသော ဤကလေး များကို အမေရိကန် စာရေးဆရာ Marc Prensky က ဒစ်ဂျစ်တယ် နေးတစ်ဗ်များဟု တီထွင်ခေါ်ဝေါ် သုံးစွဲ ခဲ့သည်၊ ယေဘုယျအားဖြင့် ဤကလေးများ၏ ဥာဏ်ရည်မှာ ထက်မြက်သလို စူးစမ်းလေ့လာမှု အားက လည်း ကောင်းလေ့ရှိသည်၊ ထိုးထွင်းသိမြင် တတ်ကြပြီး သင်လွယ်တတ်လွယ်သော်လည်း အစီအစဉ်တကျ ဖြစ်ချင်မှ ဖြစ်မည်၊ အကြောင်းအရာ တစ်ခုကို ချက်ချင်းကောက်လုပ်တတ်ပေမယ့် ရေရှည်ဆက်လုပ်ဖို့ စိတ်ပါချင်မှလည်း ပါတတ်ကြသည်၊ Social Network လို လူအဖွဲ့အစည်း များကို နှစ်သက်လေ့ရှိပြီး တချိန် ထဲမှာလည်း အလုပ်တွေ လေးငါးခု တပြိုင်တည်း လုပ်နိုင်စွမ်းကြသည်၊ ဥပမာ- တီဗီရှေ့မှာ ထိုင်ကြည့်နေ ရင်း သူငယ်ချင်း ၂ ယောက်နှင့် တပြိုင်နက် ချက်တင် ဝင်နေသည့်အခိုက် ဘေးမှ ဖွင့်ထားသည့် သီချင်း ကိုလည်း ခပ်တိုးတိုး လိုက်ဆိုကာ ဖေ့စ်ဘွတ်ခ်မှာ လျှောက်ကြည့်နေတာမျိုး ဖြစ်သည်၊ ကျနော်တို့ငယ်စဉ်က လောကအပေါ် ရှုမြင်ပုံနှင့် ၄င်းတို့ ရှုမြင်ပုံချင်းက မတူတတ်ကြပါ၊
ကျနော် အသက် ၄ နှစ်ခွဲခန့်က ပထမ ဦးဆုံးအကြိမ် တယ်လီဖုန်း ပြောခွင့်ရခဲ့သည်၊ အဖေက သူ့ညီမဆီကို အလုပ်မှ ဖုန်းဆက်ရင်း ဘေးနားမှာ ရှိနေသော ကျနော့်ကို ခေါ်ကာ အဒေါ်ကို နှုတ်ဆက်ဖို့ ပြောရင်း တယ်လီဖုန်း အမည်းကြီးကို နားမှာ ကပ်ပေးသည်၊ တဖက်မှ အဒေါ်၏ နေကောင်းလား၊ ဘာလုပ်နေလဲ၊ တခုခု ပြောလေ စသော စကားသံများကိုသာ နားထောင်ရင်း ကျနော် ကြက်သေ,သေနေခဲ့တာ ကောင်းစွာ မှတ်မိနေဆဲ ဖြစ်ပါသည်၊ ကျနော်က ၄ နှစ်ခွဲမှာ တယ်လီဖုန်းတစ်လုံးနှင့် အံ့သြမှင်သက်စွာ ကြောင်အ,နေခဲ့ပေမယ့် ယခု သားကတော့ ၃ နှစ် မပြည့်မီကပင် ကျနော် သို့မဟုတ် သူ့အမေနှင့် ဖုန်းထဲမှာ စကားတွေကို အေးအေးလူလူ ပြောတတ်နေခဲ့ပြီ၊ ကျနော့်အသက် ၃ နှစ် အရွယ်တုန်းက ပြေးလွှား ဆော့ကစားရာ ပတ်ဝန်းကျင်မှာ မြင်ခဲ့၊ သင်ခဲ့၊ ကြားခဲ့ရသမျှသည် ယခု သား အသက် ၃ နှစ် အရွယ်မှာ မြင်နေ၊ ကြားနေရတာတွေထက် အဆပေါင်းများစွာ ရိုးစင်း၊ ရှင်းလင်း နေခဲ့လိမ့်မည်လားဟု တခါတရံ ကျနော် တွေးမိသည်၊ ဤခေတ် ကလေးများမှာ မွေးလာကတည်းက ကြုံတွေ့ကြီးပြင်း ရသည့် ဘဝ နေထိုင်မှုပုံစံ life style ကြောင့် ပတ်ဝန်းကျင်အပေါ် ၄င်းတို့၏ သင်ကြားပုံ၊ တုံ့ပြန်ပုံ တို့မှာ လိုက်လျောညီထွေ ရှိစွာဖြင့် ထက်မြက်ပါးလျ လာခဲ့ရခြင်း ဖြစ်မည်ဟုပဲ ကျနော် မှတ်ချက်ချမိပါသည်၊
တလောဆီက ဆရာမ တစ်ယောက်နှင့် စကားစပ်မိရင်း သူက ပြောပြသည်၊ သူ့သမီးလေးက နံပါတ်ပြား အပေါက်တွေကို လှည့်ပြီး ဆက်ရသော ကျနော်တို့ ငယ်စဉ်က တယ်လီဖုန်း တစ်လုံးကို ပထမဆုံး အကြိမ် မြင်လိုက်တုန်းက ဤအရာဟာ တယ်လီဖုန်းပါ ဟု ရှင်းပြသော်လည်း တော်တော်နှင့် မယုံနိုင်ခဲ့ပါ-တဲ့၊ အခုလို နံပါတ်ခလုတ်တွေ နှိပ်ပြီး ဆက်ရတဲ့ ဖုန်းတွေ မတိုင်ခင်က သက်ဆိုင်ရာ နံပါတ်အပေါက်တွေထဲ လက်ထည့် ပြီး ဒီအဝိုင်း ပြားကို လှည့်,လှည့်ပြီး ဆက်ရကြောင်း ရှင်းပြသော သူ့အမေကို ကလေးမလေးက မျက်လုံး ပေကလပ်ဖြင့် ဇဝေဇဝါ ကြည့်နေခဲ့သည်၊ ယခင်က သုံးခဲ့ကြသော တယ်လီဖုန်းကို မြင်လိုက်စဉ်က ကလေးမလေး၏ နားမလည်မှုမှာ ဗီဒီယိုအခွေ ဖွင့်သည့် အောက်စက်ကို ပထမဦးဆုံးအကြိမ် မြင်သည့် အခိုက် သား၏ နားမလည်ပုံနှင့် တထပ်တည်း ကျပါလိမ့်မည်၊ ယနေ့ သူတို့ရောက်နေသော ဒစ်ဂျစ်တယ်ခေတ်ကို ဘယ်လို အဆင့်ဆင့် တက်လှမ်းလာခဲ့ ရကြောင်း ဒစ်ဂျစ်တယ် နေးတစ်ဗ်လေးများ ချက်ချင်း သဘောမပေါက်နိုင်တာ ကျနော် နားလည်ပါသည်၊
Image: google
ဒစ်ဂျစ်တယ် နေးတစ်ဗ်တွေ အကြောင်းပြောတော့ သူနှင့် တဆက်ထဲ ယှဉ်တွဲနေသည့် ဒစ်ဂျစ်တယ် အင်မီး ဂရန့်များ (digital immigrants) အကြောင်းလည်း ပြောဖို့ လိုပါလိမ့်မည်၊ ဒီစကားလုံးကိုလည်း အဆိုပါ စာရေးဆရာကပင် ထွင်ခဲ့ခြင်းဖြစ်သည်၊ ဒစ်ဂျစ်တယ် နည်းပညာတွေနှင့် အတူမွေးလာကြသူ လူငယ်တွေက ထိုအရာများကို သက်သောင့်သက်သာ ကိုင်တွယ်သုံးစွဲကြတော့ ကိုယ့်ရပ်ကိုယ့်ရွာမှာ အေးအေးလူလူ နေထိုင် နိုင်ကြသူတွေလို နေးတစ်ဗ်များ (natives) ဟုတင်စားခေါ်သည့် နည်းတူ ထိုနည်းပညာများ နောက် ကို အမောတကောနှင့် အသည်းအသန် လိုက်ပါ သင်ယူနေရသူများကို ကိုယ်မသိသည့် တိုင်းတပါးမှာ ဝင်ဆန့်အောင် ကြိုးစားနေရသည့် ရွှေ့ပြောင်းအခြေချသူများလို အင်မီးဂရန့်များ (immigrants) ဟု တင်စားခေါ်ခြင်းပဲ ဖြစ်ပါသည်၊ ဒစ်ဂျစ်တယ် အင်မီးဂရန့် များသည် တနည်းအားဖြင့်တော့ နည်းပညာ နယ်စပ်မျဉ်းကို ဖြတ်ကျော်သောသူများ ဖြစ်သည်၊ Marc Prensky ကတော့ ဒစ်ဂျစ်တယ် အင်မီးဂရန့်ကို ဒစ်ဂျစ်တယ် နည်းပညာ၏ ပြင်ပမှာ ကြီးပြင်းခဲ့ပြီးမှ တဖန်ပြန်လည် သင်ကြား၊ ဝင်ဆန့်ဖို့ ကြိုးစားသောသူဟု အနက်ဖွင့်ပါသည်၊
လွန်ခဲ့သော ၃ နှစ်ခန့်က အဖေနှင့်အမေ ကျနော်တို့ဆီကို အလည်လာခိုက် ကွန်ပြူတာဆိုတာနှင့် ပထမဆုံး အကြိမ် ထိတွေ့ခွင့် ရသွားခဲ့ကြသည်၊ ကျနော်က အဖေ့ကို သူဖတ်ချင်သည့် စာများ၊ သိချင်သည့် သတင်းများ ဖတ်နိုင်အောင် အင်တာနက် သုံးပုံသုံးနည်း ရှင်းပြသည်၊ ထို့နောက် သူ့ကို ကွန်ပြူတာရှေ့ ထိုင်ခိုင်းရင်း ဘေးနားမှာ ကျနော်အသာ ရပ်နေခဲ့သည်၊ ကွန်ပြူတာကို ပထမဆုံးအကြိမ် အဖေကိုင်တွယ်ပုံအား ကျနော် အံ့အားသင့်ခဲ့ရသည်၊ သူ သွားချင်သည့် ဝက်ဘ်ဆိုဒ်များကို နှိပ်ရန် အဖေက မောက်စ်ကို နောက်ဖက် အစွန်းလေးမှ အသာကိုင်ကာ တရွေ့ရွေ့နှင့် တွန်းသည်၊ မော်နီတာပေါ်မှာ မြင်နေရသည့် မြား ကလေးက ဝက်ဘ်ဆိုဒ် လိပ်စာ ပေါ်ရောက်သွားပြီး လက်ဖဝါး ပုံသဏ္ဌာန် ပြောင်းသွားတော့မှ မောက်စ်ကို လက်ဝါးနှင့် အုပ်ကိုင်ပြီး လက်ညှိုးဖြင့် နှိပ်ဖို့ ကြိုးစားသည်၊ သို့သော် အဖေ အဲဒီလို မောက်စ်ကို လက်ဝါးနှင့် အုပ်ကိုင်လိုက် ချိန်မှာပဲ မောက်စ်က မဆိုစလောက် နေရာရွေ့သွားပြီး ဖန်သားပြင်ပေါ်မှ မြားလေးကလည်း ဝက်ဘ်ဆိုဒ် လိပ်စာပေါ်မှ ရွေ့သွားတော့သည်၊ ဒါပေမယ့် ဖန်သားပြင်ကို ကြည့်နေရမည့်အစား မောက်စ် ကိုပဲ စိုက်ကြည့်နေခဲ့သည့် အဖေက ဒါကိုမမြင်...၊ မော်နီတာကို ခေါင်းမော့ကြည့်လိုက်တော့မှ ဘာမှ ပြောင်းလဲပုံ မရတာကို နားမလည်နိုင်ဘဲ 'သားရေ.. ငါနှိပ်တာ မပွင့်ပါလားကွ' ဟု ကျနော့်ကို လှမ်း ပြောရှာသည်၊ ၃ နှစ်ခွဲအရွယ် ကျနော့်သားကလေးကို ပထမဆုံး အကြိမ် ကွန်ပြူတာမှာ ဂိမ်းလေးတစ်ခု ပေးဆော့စဉ်က သူ့လက်ထက် ၃ ဆလောက် ပိုကြီးသည့် မောက်စ်ကို အုပ်ကိုင်ရင်း မောက်စ်ဘယ်လို သုံးရ သလဲဟု ၁ မိနစ်အတွင်းမှာပင် သဘောပေါက် သွားခဲ့တာ ဖြတ်ကနဲ အမှတ်ရလိုက်မိသည်၊ အဖိုးနှင့်သူ့မြေး တို့၏ မောက်စ်ကို ရင်းနှီးကျွမ်းဝင်ပုံက ဒစ်ဂျစ်တယ်ခေတ်၏ တဖက်တချက်မှာ ရှိကြသော မျိုးဆက် ၂ ခု အကြား ကွာဟမှုနှင့် တုံ့ပြန်ပုံကို သတိပြုမိ စေပါသည်၊
ကျနော် မွေးစဉ်က မြန်မာနိုင်ငံမှာ ရုပ်မြင်သံကြားစက် မရှိသေးပါ၊ ကျနော့်အသက် ၅ နှစ်ဝန်းကျင်ခန့် ကျမှ အဒေါ်တစ်ယောက်အိမ်မှာ အဖြူအမည်း တီဗီတစ်လုံး ရောက်လာခဲ့သည်၊ ညစဉ် တီဗီကြည့်ချိန်ဆို ကျနော် တို့ အမျိုးတွေသာမက ရပ်ကွက်ထဲမှ အိမ်နီးချင်းတွေပါ ရောက်လာပြီး တရုန်းရုန်းနှင့် ရှိနေတော့သည်၊ တီဗီ တွေ အထိုက်အလျောက် ပိုင်လာကြချိန်မှာ နောက်ထပ် ခေတ်စားလာတာ တစ်ခုက ဗီဒီယိုပြစက် ဖြစ်သည်၊ ဗီဒီယို အခွေဆိုင်မှာ အိမ်ရှိလူကုန် အကြိုက် မြန်မာကား၊ ကုလားကား၊ သိုင်းကား၊ သရဲကား၊ အက်ရှင်ကား စုံအောင်ငှားပြီး ထိုဆိုင်မှပင် ဗီဒီယိုပြစက် အောက်စက်ပါ ငှားကြလေ့ရှိသည်၊ ထို့အပြင် အဆိုပါစက်ကို ကိုင်တွယ်ပြသဖို့ ဆိုင်မှ လူတစ်ယောက်ယောက်ကလည်း လိုက်လာရသည်၊ သို့နှင့် အိမ်သားအားလုံး စား သောက်ပြီးစီးသည့် အချိန်မှစ,ကာ အခွေတွေ တစ်ခုပြီးတစ်ခု တညလုံး ကြည့်ကြတာ ကျနော် မှတ်မိပါသေး သည်၊ ထိုအချိန်က ဗီဒီယိုပြစက် ဆိုသည်မှာ အင်မတန် ခက်ခဲနက်နဲ ရှုပ်ထွေးပြီး အိမ်သားတွေ တစ်ယောက်မှ မကိုင်တတ်သည့်အရာ...၊ ထိုစက်နားကို မည်သည့်ကလေးမျှ မကပ်ရ၊ ဆိုင်မှ လိုက်လာ သည့် တာဝန်ရှိ ပုဂ္ဂိုလ်သည်သာ ညလုံးပေါက် ဖျော်ဖြေမှု၏ တဦးတည်းသော တာဝန်ခံ ဟူ၏၊
ယနေ့မှာတော့ ၅ နှစ်အောက် ကလေးအားလုံးနီးပါး အတွက် ကွန်ပြူတာ၊ တီဗီ၊ ဒီဗီဒီ ပြစက်၊ ဂြိုဟ်တုဖမ်း စက်၊ ဟုမ်းမ် စီးနီးမား စသည့် စက်တွေက ထမင်းစားရေသောက်...၊ ရီမုတ်ကွန်ထရိုးတွေ သုံးလေးခုကို ဘယ်ညာပြောင်း ကိုင်ရင်း ဒစ်ဂျစ်တယ် ရေစီးကြောင်းထဲမှာ သူတို့ လေးတွေ အားလုံး စုန်ချည်ဆန်ချည်..၊ ကျနော်ငယ်စဉ်က ကျေးရွာတွေမှာ ရေဒီယို တစ်လုံးကို တစ်ရွာလုံး လာပြီး ဝိုင်းဖွဲ့နားထောင်ကြသည့် အဖြစ်ကို သိရစဉ်က အထူးအဆန်းပဲဟု အံ့သြနေ ခဲ့ဖူးသည်၊ ယခု ကျနော့်သားနှင့် သူ့သူငယ်ချင်းတွေကို ကျနော်တို့ငယ်စဉ်က ဗီဒီယိုပြစက်ကို ငှားပြီး ပရော်ဖက်ရှင်နယ် အော်ပရေတာ တစ်ယောက်က တညလုံးလာပြ ပေးရသည့် အဖြစ် ကို ပြောပြလျှင်လည်း ကျနော့်ကို အထူးအဆန်းသဖွယ် ဝိုင်းကြည့်ကြမည် ထင်ပါသည်၊ ဒစ်ဂျစ်တယ် နေးတစ်ဗ်များနှင့် ဒစ်ဂျစ်တယ် အင်မီးဂရန့်တို့၏ အကြားက ကွာဟမှုကို သဘောပေါက်လာ သည်နှင့်အမျှ အလုပ်မှာ ကွန်ပြူတာ စနစ်သုံး စက်တွေအကြား စိတ်သောက ရောက်နေကြသည့် သက်ကြီးပိုင်း လုပ်ဖော် ကိုင်ဖက် အချို့ကို ကျနော်ပိုပြီး ကိုယ်ချင်းစာတတ် လာခဲ့ပါသည်၊
ယနေ့ တစထက်တစ ကျယ်ပြန့်လာသော တက်ခ်နိုလိုဂျီ နည်းပညာခေတ်ကို ပင်လယ်ဟု တင်စားခေါ်လျှင် ဒစ်ဂျစ်တယ် ရပ်ဝန်းသည် လှိုင်းလုံးများ ဖြစ်ပါလိမ့်မည်၊ အဆိုပါ ဒစ်ဂျစ်တယ် နည်းပညာ၏ ဖြစ်ထွန်းမှုက အခြေအနေ၊ အချိန်အခါ အလိုက် လှိုင်းကြက်ခွပ် ကလေးတွေ ဖြစ်နိုင်သလို ဆူနာမီလို ဧရာမလှိုင်းလုံးကြီး တွေလည်း ဖြစ်နိုင်သည်၊ ဒစ်ဂျစ်တယ် နေးတစ်ဗ်များက လှိုင်းတွေပေါ်မှာ ငြိမ့်ငြိမ့်လေး လှိုင်းစီးရင်း သက်သောင့်သက်သာနှင့် ၄င်းတို့ခေတ်ကို ဖြတ်သန်းနေကြ လိမ့်မည်၊ ဒစ်ဂျစ်တယ် အင်မီးဂရန့်တွေ အဖို့ တော့ လှိုင်းတွေ ထက်မှာ ခေါင်းဖော်နိုင်ဖို့ ယက်ကန် ကြိုးစားရမှာ သေချာသည်၊ အချို့က လှိုင်းအောက် ရောက်ပြီး ရေတွေ တငုံပြီးတငုံ သောက်နေရတာမျိုး ရှိမည်၊ အချို့လည်း ရေပေါ်ရောက်ပေမယ့် လှိုင်းမူးနေ တာမျိုး ဖြစ်ချင်ဖြစ်မည်၊ မျိုးဆက်ကွာဟမှု generation gap ဆိုသည်က ဖြတ်သန်းရာ ခေတ်အဆက်ဆက် မှာ ရှိခဲ့သည်ချည်း ဖြစ်ပါသည်၊ ယနေ့ခေတ်မှာတော့ တလုံးပြီးတလုံး စဉ်ဆက်မပြတ် တက်လာသော ဒစ်ဂျစ်တယ် လှိုင်းတို့၏ ရိုက်ပုတ်မှု အောက်မှာ မျိုးဆက်ကမ်းပါးတို့ တဝုန်းဝုန်း ပြိုကျပြီး ကွာဟမှုက ပိုပြီး ကြီးလာမည်လား၊ မောက်စ်ပေါ်မှ ဘီးလုံးလေးကို လက်ညှိုးဖြင့် အသာအသာ တို့ထိရင်း ကျနော် တွေးနေမိ ပါသည်...။ ။
ညီလင်းသစ်
၂၉ မေ၊ ၂၀၁၁
18 comments:
  1. More than that ko Nyi
    We r playing in the field, they r playing in the room
    So n so...
    Good topic
    Nyi
    ReplyDelete
  2. ရေးထားတာတွေ အမှန်ပဲ..။
    ဘာဆက်ပြောရမှန်းတောင်မသိတော့..။
    အိမ်မှာလဲ သမီးတယောက်ဆိုတော့ ထူးမခြားနား။
    ပေါက်
    စကားမစပ်..
    ငယ်တုန်းက တီဗွီအစီအစဉ်တွေကို လွမ်းတယ်နော်။
    little house(ဒီကားကို သိပ်ကြိုက်တယ်
    ဒုသမီး သွားခေါလေးကို မှတ်အမိဆုံး)
    love boat
    tom & jerry(cartoon)
    စနေ တနင်္ဂနွေဆို
    ရိုင်းးး..သရိုင်းစ်..အိုင်း ဆိုပြီး အားကစားလိုလို
    ပြိုင်တဲ့အစဉ်အစဉ်..။
    ၇ခွဲရင် တေးဂီတ..
    နောက်တော့ ဆိုကြမယ် ပျော်ကြမယ်..။
    မေဆွိ မွေးနေ့အထူး..။
    ပြောရင်းနဲ့ လွမ်းစရာလေးတွေ ဖြစ်ကုန်ပြီ။
    ဟမ်..
    charlie's angels ကျန်ခဲ့တယ်..။
    ဟိ
    ReplyDelete
  3. This particular essay makes me think of what am I. One thing for sure, I try my best not to drown as I am "digital immigrant".
    Mon Petit Avatar
    ReplyDelete
  4. စဉ်းစားစရာတွေနဲ့ အမှတ်ရစရတွေပေးတဲ့ အေးအေးဆေးဆေး အက်ဆေးလေးပါလား။
    ကျွန်မအိုင်ဖုန်း စသုံးလို့ ၃ရက်မြောက်မှာ သားက ဖုန်းမျက်နှာပြင်ကို လက်နဲ့ ပွတ်ကြည့်တယ်။ ကျွန်မလုပ်တဲ့ အတိုင်းပေါ့။ ဘာမှမပြောင်းလဲဘူး။ သူလုပ်လို့မရဘူး ၊ အားမရဘူးဖြစ်ပြီး ဖုန်းကို ဘယ်လက်ဝါးဖြန့်ထားတဲ့ အပေါ်တင် ညာလက်ဝါးနဲ့ ပွတ်တော့တာပဲ ။ ကျွန်မလည်း အူတက်အောင်ရီတာပေါ့။
    တပါတ်ကြာတော့ ကျွန်မမသိအောင် ဖုန်းကိုယူပြီး လက်ညှိုးနဲ့ ထောက်တယ်။ပတ်စ်ဝပ်နဲ့ပိတ်ထားတဲ့ နေရာကို အရင် လက်ညှိုးလေးနဲ့ ဖိဆွဲပြီးဖွင့်တယ် ဂဏန်းတွေကို သုံးလေးခါနှိပ်ပြီး ဘာတွေလုပ်လိုက်လည်းမသိပါဘူး။ အိုင်ဖုန်းကို ကွန်ပြူတာနဲ့ ပြန်တတ်ပြီး ဒေါင်းလုပ်ပြန်လုပ်ရတော့တာပဲ။
    စက်တော်တော်များများကို ကျွန်မတို့ကိုင်နေချိန်မှာ စိတ်မ၀င်စားသလိုနဲ့ အားလုံးမှတ်ထားတယ်။ တီဗွီတွေကနေဖွင့်နည်း သိတာလည်းပါမယ်။ တော်တော်လေး ကလိတတ်တယ်။ ဂိမ်းမ်စင်တာတွေသွားပို့ရင်လည်း ခဏနဲ့ သူ့ဘာသာအားလုံးလုပ်တော့တယ်။ ဒါကတော့ ခလေး သေးသေးလေးတိုင်း ကျွမ်းကျင်နေကြတာကိုတွေ့ရတယ်။
    ReplyDelete
  5. ကောင်းတယ်ဗျာ။ ဖတ်ရင်း ကျွန်တော်တို့ဖြစ်နေတာကို မြင်လာအောင် ပုံဖေါ်ပြနေသလိုပါပဲ။ ကျွန်တော့် အမေနဲ့ အကိုတွေ ကွန်ပြူတာကိုင်ရင် တခုခုပျက်မလားဆိုတဲ့ စိုးရိမ်က သူတို့မှာ အတော်ကြီးကြပေမဲ့ သားကတော့ ပျော်ချင်၊ ဆော့ချင်လို့။ အဲဒီကစပြီး မတူတော့တာ..
    N/A
    ReplyDelete
  6. ကျမလည်း လက်ရှိနည်းပညာတွေကိုလိုက်မမီတော့ဘူး။
    တနေ့ နဲ့ တနေ့ တိုးတက်လာတဲ့နည်းပညာတွေရယ်။
    ခေတ်သစ်တစ်ခုရဲ့ မျိုးဆက်သစ်တွေရဲ့  အသိဥာဏ်
    တိုးတတ်မှုရယ်...
    ReplyDelete
  7. ကျွန်တော်တော့ လိုက်မမှီလို့ ရောက်တဲ့နေရာ ရပ်နေပလိုက်
    တယ်...မှတ်ထား...:)။ငယ်ငယ်က ဗီဒီယိုရုံမှာ သွားကြည့်
    တော့ ရုံပိုင်ရှင်က ရီမုကွန်ထရိုးနဲ့ အသံအတိုးလျော့လုပ်
    တာကို တအံတသြငေးမောကြည့်ခဲ့ရတာကို သတိရမိသေး
    ရဲ့...၊မပေါက်ရေးတဲ့ ကွန်မန့်လေးဖတ်ရတော့ မြင်းလှည်း
    လေးနဲ့ Little house ကိုပြန်သတိရမိတယ်...။ဟုတ်ပါ့
    လွမ်းစရာ...၊
    ReplyDelete
  8. my daughter is 2 years old. We do have land line at home.She was used to cell phone and i phone. During our vacation, we stayed at the hotel and she was very excited when she saw land phone.
    ReplyDelete
  9. ယေဘုယျအားဖြင့် ဤကလေးများ၏ ဥာဏ်ရည်မှာ ထက်မြက်သလို စူးစမ်းလေ့လာမှု အားက လည်း ကောင်းလေ့ရှိသည်၊ ထိုးထွင်းသိမြင် တတ်ကြပြီး သင်လွယ်တတ်လွယ်သော်လည်း အစီအစဉ်တကျ ဖြစ်ချင်မှ ဖြစ်မည်၊ အကြောင်းအရာ တစ်ခုကို ချက်ချင်းကောက်လုပ်တတ်ပေမယ့် ရေရှည်ဆက်လုပ်ဖို့ စိတ်ပါချင်မှလည်း ပါတတ်ကြသည်၊
    ကလေးတွေ မပြောနဲ့ အမလည်း အဲလိုပဲ ဟဟဟဟ....။ ကာတွန်းလေးကို သဘောကျတယ် တော်တော် ထိမိတယ်။ အင်းးး ကွာဟချက်ကတော့ ရှိကို ရှိနေဦးမှာ....
    ReplyDelete
  10. ဒီပိုစ့်ဖတ်ပြီး သတိရလိုက်မိတာက ကျွန်မညီမလေးကို ကွန်ပျူတာနဲ့အင်တာနက် သုံးပုံသုံးနည်း သင်ပေးတာ
    သူက ၃နှစ်အရွယ်ကတည်းက ကာရာအိုကေစက် သူ့ဟာသူဖွင့် ခွေထည့်ပြီး မိုက်ကလေးဖွင့် သီချင်းအော်ဆိုနေတတ်ပြီ။ ခုခေတ်ကလေးတွေ နည်းပညာနဲ့ အကျွမ်းတ၀င်ဖြစ်တာ မြန်လွန်းတယ် ကြောက်လန့်စိတ်လည်းမရှိကြဘူး
    ကျွန်မတို့ခေတ်များ တစ်ခုခုဆို ထိဖို့ကိုင်ဖို့ကြောက်နေကြတာ ။
    ကလးတွေကို အကြောက်အလန့်နည်းအောင် လုပ်ပေးထားတာလည်း သူတို့ ဥာဏ်ရည်တက်ဖို့ အကြောင်းတစ်ခုဘဲ ထင်ပါတယ်
    ReplyDelete
  11. စော(အဝါရောင်မြေ)May 31, 2011 at 9:12 AM
    ခုတော့ သွားလေရာမှာ i pad နဲ့  Game ပေါင်းစုံ ဆော့နေတဲ့ ကလေးတွေ MRT ပေါ်မှာ တွေ့ နေရတော့တာပဲ။
    ReplyDelete
  12. Nyi ...
    Absolutely right! The way we grow up between generations is quite different. Thanks for your comment.
    ပေါက် ...
    ဟုတ်တယ်ဗျို့၊ အဲဒီစီးရီးစ်တွေကို ကျနော်လည်း ကြိုက်ခဲ့တယ်၊ နောက် ရှိသေးတယ်၊ စနေနေ့မှာလာတဲ့ Sesame street တို့၊ ကြာသပတေးမှာ လာတဲ့ Heart to heart တို့၊ သောကြာညမှာ ပြလေ့ရှိတဲ့ The invaders တို့...၊ လွမ်းစရာတွေပဲ...၊း)
    Mon Petit Avatar ...
    ကျနော်လည်း ဒစ်ဂျစ်တယ် အင်မီးဂရန့်ဆိုတော့ အပြည့်အဝ နားလည်ပါတယ်ဗျာ..၊း)
    မ,ကောင်းမွန်ဝင်း ...
    ဟုတ်တယ်ဗျ၊ ကလေးတိုင်းလိုလို ဒီလို စက်တွေကို ခဏလေးနဲ့ နားလည်သွားကြတာပဲ၊ လောလောဆယ် သားကတော့ ကျနော့်ဖုန်းက ပတ်စ်ဝပ်ကို သိဖို့ ကြိုးစား နေတယ်၊း)
    ကို N/A ...
    ဟုတ်တယ်၊ အဲဒီ မှတ်ချက်လေးက အရမ်းမှန်တယ်ဗျ၊ အရင် မျိုးဆက်မှာက ဒီလိုစက်တွေ ကိုင်ရင် တန်ဖိုးကြီး တယ်၊ ပျက်လိမ့်မယ် ဆိုတဲ့ စိတ်ကအရင် ဝင်လာတာ၊ အခု ကလေးတွေကတော့ ရဲရဲတင်းတင်းပဲ...၊
    မ,ရှင်လေး ...
    ကျနော်တို့လည်း ကိုယ်ပတ်ဝန်းကျင်မှာ ကိုယ်နဲ့ အသုံးတည့်မယ့် နည်းပညာ ကွက်ကွက်ကလေးကိုပဲ နားလည်အောင် ကြိုးစား နေရတော့တာပါပဲ..၊
    ကိုညိမ်းနိုင် ...
    ကိုယ့်အတွက်လည်း မဖြစ်မနေ နားလည်စရာ မလိုဘူး ဆိုရင် သိပ်အလှမ်းကွာတဲ့ နည်းပညာတွေကိုတော့ အခုလို ဆက်မလိုက်တော့တာ ကျနော်လည်း သဘောတူတယ်ဗျ...၊း)
    Anonymous ...
    I guess the big land line phone is quite attractive and exciting for your daughter compared to a little cell phone. She must be lovely...! :)
    မချစ်ကြည်အေး ...
    လက်စသတ်တော့ အမက ဒစ်ဂျစ်တယ် နေးတစ်ဗ်တွေရဲ့ စိတ်နေစိတ်ထားနဲ့ လန်းဆန်း နုနယ်နေတာကိုး...၊းD
    မချော ...
    ခေတ်မီ ပစ္စည်းတွေ ပေါလာတာနဲ့အမျှ ဒါတွေဟာ ခိုင်းစရာ၊ သုံးစရာဆိုတဲ့ အမြင်နဲ့ ချဉ်းကပ်မှုတွေလည်း ပိုများလာပုံပဲနော်၊ အရင်တုန်းက တီဗီဆိုရင် ဇာပုဝါနဲ့ အုပ်၊ မှန်ဘီဒိုထဲ သော့ခတ်ပြီး တရိုတသေ သိမ်းရတဲ့အရာ လို့ ထင်မှတ်ခဲ့ကြတယ်လေ..၊
    စော ...
    ဟုတ်တယ်ဗျာ၊ နေ့စဉ်ဘဝထဲကို နည်းပညာတွေရဲ့ လွှမ်းမိုး စီးဝင်မှုကတော့ သတိမပြုလို့ မရနိုင်အောင်ပါပဲ။
    ReplyDelete
  13. You place a mirror in front of us.I'm the immigrant and almost drowning.Good essay and true reflection.This is the 3rd time i read the post and comment it finally.
    GD
    ReplyDelete
  14. မောင်မျိုးMay 31, 2011 at 5:18 PM
    ဒီပို့စ်လေးဖတ်ပြီး အစ်ကို့ အဖေ နဲ့ ညီ့အဘ ဖြစ်အင်လေးသွားသတိရမိတယ် ။ အဘကတော့ပိုဆိုးတာပေါ့လေ တောသား ကရင်ဆိုတော့ တစ်ခါခါ ဖုန်းဆက်ရင် အဘက ဖုန်းပြောရမှာ မပြောချင်ဘူး သူနားယားလိုတဲ့ တစ်ခါတုန်းက ညီကဖုန်းထဲမှာ “ အဘ နေကောင်းလား ” လို့မေးတာကို သူပြန်ဖြေတာက “ အေး..ဈေးတော်လည်းရတယ်လေ အဘက အော်ဂင်လေးသာ ၀ယ်ပို့လိုက်” တဲ့ ဟဟား ညီ့မှာ ဘာမှ မပြောနိုင်တော့ပဲ ထိုင်ရယ်နေလိုက်တော့မယ် အဲ့အကြောင်း အမေ့ကိုပြောပြတော့ နင်တို့ဘက လိုချင်တာတွေပြောနေတာပဲတဲ့  ဟဟား ခေတ်ရေစီးကြောင်း အစ်ကိုလည်း အဖိုးအရွယ်ရောက်ရင် အစ်ကို့မြေးတွေခေတ်မှာ ဘာတွေပေါ်ပြီ အစ်ကို ဘယ်လိုတွေ ခေတ်နောက်ကျန်ခဲ့မလဲမသိဘူးနော့်း))
    ReplyDelete
  15. ဂျီးဒေါ် ...
    သုံးကြိမ်တိတိ ဖတ်ပြီးမှ ပေးတဲ့ ကွန်မန့်လေးအတွက် ကျေးဇူးတင်ပါတယ်ဗျာ...၊း)
    မောင်မျိုး ...
    ညီ့အဘ အဖြစ်ကလည်း ပြုံးချင်စရာပဲကိုး၊ သူ အော်ဂင် တော်တော် ကြိုက်ပုံရတယ်နော်၊ အေးဗျာ..၊ ကျနော် အဖိုးအရွယ် ရောက်ရင်တော့ ခေတ်ရေစီးကြောင်းထဲ ဘယ်လိုများ ကူးနေမိမလဲ မသိပါဘူး၊ ဖြစ်ချင်တာက တော့ လိုက်လျောညီထွေ ရှိတဲ့အဖိုးကြီး တစ်ယောက် ပေါ့ဗျာ...ဟားဟား။
    ReplyDelete
  16. ဒီပိုစ့်ကို ဖတ်မိရင်း ကျွန်မတို့က ကီးဘုတ်ကို လက်ဖနောင့်နဲ့ မှီထားရင်း လက်ချောင်းတွေက ကီးဘုတ်အက္ခရာတွေအပေါ်မှာပြေးလွှားနေတဲ့အချိန်မှာ လူကြီးတစ်ယောက်ကတော့ ကီးဘုတ်ပေါ်မှာ ဘက်လက်ညှိုး ညာလက်ညှိုးနဲ့ လက်ညှိုးညွှန်သလို ဟိုအက္ခရာထိုးလိုက် ဒီအက္ခရာထိုးလိုက် နဲ့ ရိုက်တတ်တာကို သွားသတိရတယ်။
    ReplyDelete
  17. တို့အဖေကတော့ ဗီဒီယိုကို အခွေကြည့်ချင်ရင် စာနဲ့ ရေးပြ၊ မျှားတွေ ထိုးပြတာတောင် မလုပ်တတ်ပါဘူး။ ဒါပေမဲ့ တို့တာဝန်အရေးသုံးပါး လာရင်တော့ ကောင်းကောင်း skip လုပ်တတ်တယ်။ အဲဒီတခုတော့ အသေမှတ်ထားတာ ဆရာ။
    သမီးကျတော့လဲ အဖေနဲ့ သိပ်မထူးရုံပါပဲလေ..
    ReplyDelete
  18. ဟုတ်တယ် ကိုညီလင်းရေ... သားနဲ့ ကိုယ်နဲ့ ကြားမှာ Generation Gap သိပ်အကြီးကြီး ဖြစ်ပြီး ကိုယ်က မျက်ခြေပြတ်မကျန်ခဲ့ရအောင် မနဲ ကြိုးစားနေရတယ်...
    တွေးပြ ရေးပြသွားပုံလေး သိပ်သဘောကျတယ်...း))
    ReplyDelete