01 June 2011

ဘိုက်ခ်တူဝပ်ခ် ...


မေလထဲကို ဝင်လာပြီဆိုရင်ပဲ ဒီစကားလုံးကို အလုပ်မှာ စပြီးကြားရပြီ၊ ပိုစတာတွေကို ကြော်ငြာသင်ပုန်းတွေမှာ တွေ့လာ ရပြီ၊ သိပ်မကြာခင် မှာပဲ အီးမေးလ်တွေ ရောက်လာတတ်ပါတယ်၊ ဘိုက်ခ်တူဝပ်ခ် (Bike to work) ဆိုတာက သူ့နာမည် ကြည့်ရုံနဲ့ကို သိနိုင်တဲ့ အလုပ်ကို စက်ဘီးနဲ့ သွားဖို့ လှုပ်ရှားမှုပါ၊

ဘိုက်ခ်တူဝပ်ခ် လှုပ်ရှားမှု ကို ပုဂ္ဂလိက အဖွဲ့အစည်းတစ်ခုက စတင်ပြီးတော့ အခုအချိန်မှာတော့ စာတိုက်၊ အာမခံ ကုမ္ပဏီ စတဲ့ အခြား အဖွဲ့အစည်းတွေကလည်း ပံ့ပိုးလာကြပါတယ်၊ ရည်ရွယ်ချက်ကတော့ ရှင်းရှင်းလေးပါ၊ အလုပ်ကို စက်ဘီးနဲ့ သွားခြင်းအားဖြင့် မော်တော်ကားက ထွက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓါတ်ငွေ့ကို လျှော့ချနိုင်မယ်၊ ဓါတ်ဆီ၊ ဒီဇယ် စတဲ့ လောင်စာစွမ်းအင်တွေကို အလွန်အမင်း သုံးစွဲနေရတာကိုလည်း လျှော့ချနိုင်မယ်၊ ပြီးတော့ ကီလိုကယ်လိုရီ တွေလည်း လျော့စေမှာဖြစ်လို့ ကျန်းမာရေးအတွက် အထောက်အကူ ဖြစ်မယ်၊ စသဖြင့်ပါပဲ...၊ ဒီ ဘိုက်ခ်တူဝပ်ခ် အဖွဲ့က ဆွစ်ဇာလန် တနိုင်ငံလုံးက ကုမ္ပဏီတွေ၊ ကျောင်းတွေ၊ အစိုးရရုံးတွေကို ဆက်သွယ်ပြီး ဒီလှုပ်ရှားမှုမှာ ပါဝင်လာဖို့ နှိုးဆော်လေ့ ရှိပါတယ်၊

ဇွန်လ ကို စက်ဘီးဖြင့် အလုပ်သွားခြင်း လအဖြစ် သတ်မှတ်ပါတယ်၊ ဒီနေ့က ပထမဆုံးနေ့ပေါ့၊ လိုက်နာရမှာတွေက ကိုယ့် လုပ်ဖော်ကိုင်ဖက် တွေကို ညှိပြီး အဖွဲ့ဝင် ၄ ယောက်ပါတဲ့ အဖွဲ့လေးတစ်ခု ဖွဲ့ရမယ်၊ အဖွဲ့အစည်းနဲ့ဆိုတော့ တစ်ယောက်,ယောက်က စက်ဘီးနဲ့လာဖို့ ပျင်းလာရင်တောင် အချင်းချင်းအားပေးလို့ ရအောင်ပါ၊ အလုပ်ကို အတူလာစရာ၊ ပြန်စရာ မလိုပါဘူး၊ အဲဒီလို အဖွဲ့,ဖွဲ့ပြီးရင် ဘိုက်ခ်တူဝပ်ခ် ဝက်ဘ်ဆိုဒ်မှာ တစ်ယောက်ချင်းစီက အကောင့်ဖွင့်ပြီး စာရင်းသွင်းရမယ်၊ ပြီးရင် ဇွန်လ အလုပ်တက်ရက်ရဲ့ ၅၀% ကို စက်ဘီးစီးပြီး အလုပ်ကို အသွားအပြန် လုပ်ဖို့ပါပဲ၊ ကိုယ်က ရက် ၂၀ အလုပ်,လုပ်တယ်ဆိုရင် အနည်းဆုံး ၁၀ ရက်မှာ စက်ဘီးနဲ့ အလုပ်သွားဖို့ပေါ့၊ ဇွန်လကုန် မှာတော့ အဲဒီဝက်ဘ်ဆိုဒ်ရဲ့ ပြက္ခဒိန်မှာ ဘယ်နှရက် စီးဖြစ်ခဲ့လဲ ဆိုတာ စာရင်းသွင်းဖို့လိုတယ်၊ အဲဒီအခါ အပြန်အလှန် အနေနဲ့ သူတို့က ၅၀% စီးခဲ့သူတွေကို ကံစမ်းမဲ ဖောက်ပေးပါလိမ့်မယ်၊ အဖွဲ့လိုက်ဆုကော တစ်ဦးချင်းဆုတွေပါ စီစဉ်ထားပါတယ်၊

တကယ်တော့ ကျနော့်အလုပ်မှာ စက်ဘီးနဲ့ အလုပ်လာကြသူတွေ အများကြီးပါပဲ၊ တချို့ဆို တနှစ်ပတ်လုံး မိုးရွာ,ရွာ၊ နှင်းကျ,ကျ ဝတ္တရား မပျက်ပါပဲ၊ အများစုက ကံစမ်းမဲ ပေါက်ဖို့ဆိုတာထက် အခုလို ရက်ကလေး သတ်သတ်မှတ်မှတ် နဲ့ဆိုတော့ တွန်းအားတစ်ခု ရတာမို့ ပါဝင်ကြတဲ့ သဘောပါ၊ ဒီနှစ်မှာတော့ ဌာနပေါင်းစုံက စာရင်းသွင်း ကြတာ ၁၀၇ ဖွဲ့ရှိတယ်လို့ သိရတယ်၊ စက်ဘီးနဲ့ အလုပ်တက်တယ် လို့ ယေဘုယျ ပြောပေမယ့်လည်း အကယ်၍ မိုးရွာတဲ့ နေ့တွေမှာ လမ်းလျှောက်ပြီး လာလို့ရပါတယ်၊ စက်ဘီး မစီးချင်ရင် စကိတ်စီးပြီး လာလို့လည်း ရတယ်၊ အခြေခံ ရည်ရွယ်ချက်က ကိုယ့်ရဲ့ ခြေထောက်ကြွက်သားကို အသုံးပြုပြီး အလုပ်သွားဖို့ပါပဲ...၊

ကြုံလို့ စက်ဘီးနဲ့ ပတ်သက်တာတခု ပြောချင်ပါတယ်၊ အရာရာကို အာမခံ insurance ထားကြတဲ့ ဒီနိုင်ငံမှာ စက်ဘီးအတွက် သူတပါး ထိခိုက်မှု အာမခံလည်း ထားရပါတယ်၊ ကိုယ့်စက်ဘီးက တယောက်,ယောက်ကို တိုက်မိလို့ ဖြစ်စေ၊ သူများ ကားကို ခြစ်မိသွားလို့ ဖြစ်စေ၊ ကိုယ့်စက်ဘီးကြောင့် ဖြစ်သွားတဲ့ ထိခိုက်မှုတွေကို အဲဒီ အာမခံ ကုမ္ပဏီက လျော်ပေးပါလိမ့်မယ်၊ အာမခံ ထားဖို့အတွက်ကတော့ လွယ်ပါ တယ်၊ စာတိုက်မှာ အဲဒီအာမခံ စတစ်ကာလေး တစ်ခုဝယ်ပြီးတော့ စက်ဘီးမှာ ကပ်ထားလိုက်ရုံ ပါပဲ၊ မထားမနေရ ဆိုပေမယ့် ဈေးတော့ မကြီးပါဘူး၊ ၄ ဒေါ်လာလောက်ပဲ ပေးရတယ်၊ အဲဒီစတစ်ကာ မရှိရင် ရဲက ဒဏ်ငွေ ၄၀ ဆောင်ခိုင်းလို့ ရတယ်၊ ဒါပေမယ့် အက်ဆီးဒင့် မဖြစ်သရွေ့တော့ ဘယ်သူကမှ လိုက်စစ် မနေပါဘူး၊ ပြောရရင်တော့ အခြား သူတပါးထိခိုက်မှု အာမခံ တွေလည်း ထားနေကြရတော့ ဒီစက်ဘီးအတွက် ဘယ်သူမှ ထပ်ပြီး အလုပ်မရှုပ်ချင်ကြလို့ ဒီဥပဒေကို မကြိုက်ကြဘူး၊ ဒါနဲ့ ဟိုတလောက ရက်ဖရင်ဒမ် မဲပေးပွဲမှာ vote no လုပ်လိုက်တာနဲ့ ရှေ့နှစ်က စပြီး ထားစရာ မလိုတော့ပါဘူး၊

ဒီတခေါက်မှာတော့ ကျနော်လည်း ဘိုက်ခ်တူဝပ်ခ်ဖို့ ဆုံးဖြတ်လိုက်တယ်၊ ကျနော့်အိမ်နဲ့ အလုပ်က ၁၀ မိနစ်လောက်ပဲ ဝေးတာဆိုတော့ မလုပ်နိုင်စရာ မရှိပါဘူး၊ ဟိုအရင် ကျောင်းတက်တုန်းက ဆိုရင်တော့ ဒီလိုမျိုး လုပ်ဖို့က လွယ်မယ်မထင်ဘူး၊ တခြားမြို့မှာ သွားတက်ရတာ ဆိုတော့ အိမ်ကနေ ဘတ်စ်ကားနဲ့ ဘူတာရုံသွား၊ အဲဒီမှာ ရထားစီး၊ နောက်တစ်မြို့ ရောက်ရင် ဘတ်စ်ကားပြောင်းစီးပြီး သွားခဲ့ရတယ်၊ အသွား ၁ နာရီခွဲ နီးပါး၊ အပြန် ၁ နာရီခွဲ နီးပါး အချိန်ကုန်ပါတယ်၊ အခုတော့ အလုပ်နဲ့အိမ်က နီးနီးလေးမို့ အဲဒီအချိန်တွေ ကုန်စရာ မလို တော့ဘူး၊

ကျနော်တို့ ညီအစ်ကိုတွေ ငယ်ငယ်တုန်းက စက်ဘီးစီးတတ်ချင် လွန်းတာနဲ့ ကိုယ့်မုန့်ဖိုးထဲက စုပြီး စက်ဘီးငှားစီး ကြပါတယ်၊ ၈ နှစ်၊ ၉ နှစ် အရွယ်လောက်ကပေါ့၊ အဲဒီတုန်းက BMX စက်ဘီးတွေ ခေတ်စားနေတဲ့ အချိန်၊ BMX ဗီဒီယို တွေထဲက ကလေးဇတ်လိုက်တွေကလည်း ရှေ့ဘီးထောင်လိုက်၊ နောက်ဘီးထောင်လိုက်နဲ့ ဆိုတော့ အားကျတာနဲ့ ငှားစီးကြတယ်၊ ဘရိတ်မကောင်း၊ ဘာမကောင်းနဲ့ သံချေးတွေနဲ့ ရုပ်တောင် သိပ်မထွက်တော့တဲ့ BMX တွေပါပဲ၊ ဒါပေမယ့် ကျနော်တို့တတွေ ပျော်ခဲ့ကြတယ်၊ ၂ ခါလောက် ဒူးပြဲသွားပြီးတော့လည်း အားလုံး စက်ဘီးစီးတတ် သွားကြတယ်၊ တက္ကသိုလ်နေဝင်းရဲ့ စာအုပ်ထဲမှာ ကျနော်တို့ ဗိုလ်ချုပ်က စက်ဘီး မစီးတတ်ဘူးလို့ ဖတ်ဖူးတယ်၊ ဆရာနေဝင်းမြင့်လည်း စက်ဘီးမစီးတတ် ပါဘူး၊ သူက ဒီတခုတော့ ဗိုလ်ချုပ်နဲ့ တူတယ်လို့ သူ့စာတွေထဲမှာ အရွှန်းဖောက်ပြီး ရေးတတ် တယ်၊ ဘယ်လိုပဲ ဖြစ်ဖြစ် အလုံပိတ် ကားအကောင်းစားကြီး ထဲကနေ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ ထုတ်ပြီး တဝီးဝီး သွားနေတာထက်စာရင် ချောက်ချက်ချောက်ချက် စက်ဘီးကလေးကိုပဲ လေကလေး တချွန်ချွန်နဲ့ အေးအေးလူလူ စီးချင်ပါတယ်...။ ။


ညီလင်းသစ်
၁ ဇွန်၊ ၂၀၁၁

25 comments:

  1. အိမ်က စက်ဘီးအိုလေးကိုတောင်သတိရမိသေး...:)

    ReplyDelete
  2. အကိုစာလေးဖတ်ပြိး စက်ဘီးစီးသင်တုန်းက ရခဲ့တဲ့ ဒဏ်ရာလေး အကြောင်းတွေးမိ၇င်း ပြုံးမိတယ်...:)
    ကောင်းသောနေ့လေး ဖြစ်ပါစေအကို...

    ReplyDelete
  3. အရေးအခင်းတွေ ဖြစ်ပြီး ကျောင်းတွေပိတ်ထားတဲ့ ကာလက သူငယ်ချင်းတွေနဲ့ အုပ်စုလိုက် ကိုယ့်မြို့နယ်ကနေ ဆူးလေအထိ ညနေတိုင်းလိုလို စက်ဘီးစီးထွက်ခဲ့ကြဖူးတယ်။

    ReplyDelete
  4. မစီးတတ်တဲ့လူဆို (ကိုယ့်ကိုကိုယ်ပြောတာ) တွန်းသွားရမှာဆိုတော့ မသက်လှဘူး။ မိုးရွာပါစေလို့ နင်းကန်ဆုတောင်းနေမိမလားပဲ။

    ReplyDelete
  5. ကိုညိမ်းနိုင် ...
    အဲဒီလို စက်ဘီးအိုလေးတွေကပဲ ကျနော်တို့တွေကို ခရီးတွေ အများကြီး ရောက်စေတတ်ပြန်ရော...၊

    Angelhlaing ...
    ဟုတ်တယ် ညီမရေ၊ စက်ဘီးစီး သင်ခါစမှာတော့ ခါးကြီး စောင်းစောင်းနဲ့ လဲပြု၊ ဒဏ်ရာရတတ်ကြတာ အားလုံးလိုလိုပဲ ထင်ပါရဲ့ဗျာ..၊း)

    မသီတာ ...
    အရေးအခင်း ကာလမှာ ကီလိုကယ်လိုရီတွေ အများကြီး လောင်မြိုက်ခဲ့ဖူးတယ် ပေါ့လေ...၊းD

    Mon Petit Avatar ...
    အင်း.. ဒါဆိုလည်း roller skate ဖြစ်ဖြစ်၊ kick scooter ဖြစ်ဖြစ် စီးရင်ကော..၊း) နောက်ဆုံး ဘာမှ မစီးရင် လမ်းလျှောက်တာလည်း ကောင်းတာပါပဲ...နော။းD

    ReplyDelete
  6. မောင်မျိုးJune 1, 2011 at 5:24 PM

    ကြီးကြီးကျယ်ကျယ် ပြောတာတော့မဟုတ်ဘူး အစ်ကိုရ ညီဆိုလေ ဆိုင်ကယ်တွေ ကားတွေထပ် စက်ဘီး ဆိုက်ကားစီးရတာကို ပိုကြိုက်တယ် ခုဆို စက်ဘီး ညနေတိုင်း စီးဖြစ်နေတာ ၆ လလောက်ကျော်ပေါ့ သင်တန်းနဲ့ အိမ်နဲ့ တစ်နေ့ကို နာရီဝက်ကျော်ကျော်တော့ စီးဖြစ်တယ် ။ ကားစီးနိုင်တဲ့သူတွေကတော့ ကားပေါ်က ဆင်းပြီး စက်ဘီးနင်းဖို့ဆိုတာ သိပ်တော့မလွယ်ဘူးနော့် တကယ်လုပ်နိုင်တဲ့သူတွေကိုတော့ လေးစားတယ် ။

    ကျနော်စက်ဘီးနင်းပြီး ကျနော်တွေးချင်တာတွေတွေး ငေးချင်တာတွေ ငေးရတာကို သဘောကျတယ် တစ်ခါတလေတော့လည်း ကားပေါ်ကနေ ဆဲသွားတာတို့ အတွေးလွန်ပြီး စက်ဘီးလဲတာတို့တော့ရှိတာပေါ့လေ ဒါပေမယ့်လည်းကြိုက်တယ်း))

    ReplyDelete
  7. အရင်က အလုပ်သွားရင်စက်ဘီးနဲ့ သွားတယ်။
    အခုတော့ တခြားမြို့ ကိုသွားရတော့ ရထားနဲ့ ပေါ့။

    တကယ်တော့စက်ဘီးကို ဒီရောက်မှသေသေချာချာစီးဖူး
    တာပါ။ ရန်ကုန်မှာ ငယ်ငယ်က ကားတွေကို ကြောက်လို့ မစိးခဲ့ရဘူး။

    ကိုသောမတ်စ်ရန်ကုန်မှာကျောင်းတက်တုန်းက စက်ဘီးဝယ်စီးတယ်။ ကျောင်းမှာရပ်ထားရင်းပျောက်သွားတာနဲ့  စက်ဘီး
    ကိစ္စပြီးသွားတယ်။

    ဒီမှာတော့ ကျမတို့ စက်ဘီးပျောက်တာ ၄စီးရှိပြီ....

    ReplyDelete
  8. စက်ဘီးဆို သူငယ်တန်းကတည်းက မမကြီးစက်ဘီးယူစီးနေပြီ ဖင်ထိုင်ခုံပေါ်မမှီလည်းတက်တာပဲ
    ခုတော့ ၁၃နှစ်ရှိပြီ စက်ဘီးမစီးရတာ

    စကားမစပ် မအိမ်သူကိုပြောပေးပါ
    ခေါက်ဆွဲဖိတ်ကျွေးပါ့မယ် ထီပေါက်ပါစေလို့
    ဆုတောင်းပေးကြပါအုံး :)

    ReplyDelete
  9. စက်ဘီးမစီးတတ်ဘူး။
    ပိုဆိုးတာက
    နောက်ကလိုက်ရင်ဖြစ်ဖြစ် ရှေ့ကလိုက်ရင်ဖြစ်ဖြစ် စက်ဘီးကို ရပ်ထားပေးမှ ရတယ်။

    ဒီကိစ္စ မပြောချင်ဆုံးပါ။ တတ်နိုင်ဘူးလေ။ စက်ဘီးပို့စ်ဆိုတော့လည်း ကော်မန့်မှာဒီလိုရေး လိုက်တော့တယ်။

    ReplyDelete
  10. ဒီလှုံ့ဆော်မှု့လေးကို သိပ်သဘောကျပါတယ်။ ဒါတွေကြောင့်မို့ ဆွစ်က ပတ်ဝန်းကျင်ထိမ်းသိမ်းမှု့မှာ ထိပ်က နိုင်ငံတနိုင်ငံ ဖြစ်နေတယ်ထင်ပါ့..
    N/A

    ReplyDelete
  11. ခုမှပဲ ကြားဖူးတယ် ကိုညီလင်းသစ်ရေ... ဘိုက်ခ်တူဝပ်ခ် ဆိုတာကို...။ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် အင်မတန် ကောင်းပါပေတယ်။ ဒါဆို အမလည်း ဗိုလ်ချုပ်တို့ ဂိုဏ်း ဝင်လို့ရပြီပေါ့....Happy Biking ပါ ကိုညီလင်းသစ်ရေ...:)

    ReplyDelete
  12. I was a serious biker.My Da Da asked "When did you start riding bike",i can't recall cos i started tricycle.Then i rode bicycle with 2 aid wheels.His native twon is so many up and down lane and he's not a good biker:)Enjoy your biking.CHEERS!
    GD

    ReplyDelete
  13. စက်ဘီးစီးရင်း လက်စွမ်းပြထားတဲ့ ကင်မရာမန်းရဲ့ ပုံလေးတွေ ကြည့်ချင်ပါတယ်။ :D

    ReplyDelete
  14. ကျွန်မကတော့ နယ်သူမို့ စက်ဘီးကောင်းကောင်းစီးတတ်ပါ၏
    အဲဒီ လှုပ်ရှားမှုလေးတော့ သဘောအကျသား
    သိပ်မဝေးရင်တော့ အဆင်ပြေတယ်
    စက်ဘီးက အလုပ်နဲ့အိမ် သိပ်ဝေးသူတွေကျပြန်တော့ ဒုက္ခရောက်မယ်ထင်တယ်နော်

    ReplyDelete
  15. စက်ဘီးပြန်စီးချင်ပေမယ့် ကိုယ့်ဆီမှာက ဆိုင်ကယ်သမားက လမ်းမယူတာနဲ့ ကိုယ့်ကိုဝင်တွယ်သွားမှာကြောက်တာမို့ အသက်ဥာဏ်စောင့် လိုက်ရပါကြောင်း...

    ReplyDelete
  16. မောင်မျိုး ...
    နောက်.. ရှိသေးတယ်လေ ညီရဲ့၊ မိုးရွာတုန်းမှာ ထီးတဖက်နဲ့ စီးနေရင်း စက်ဘီးလဲကျတာတို့..ဟားဟား၊ ပြောရရင်တော့ဗျာ.. စက်ဘီးစီးသူ တွေဟာ လေထုညစ်ညမ်းမှုကို ကာကွယ်သူများပါပဲ..၊ ဆက်သာ စီးပါ ညီရေ..၊း)

    မ,ရှင်လေး ...
    ရန်ကုန်က လမ်းတွေမှာ စက်ဘီးစီးဖို့က သိပ်တော့ မလွယ်တာ အမှန်ပါပဲ၊ ပြီးခဲ့တဲ့ လက ကျနော်တို့ စက်ဘီး ၁ စီးလည်း ပျောက်သွားလို့ အခု ထပ်ဝယ်ထား ရသေးတယ်..၊

    မဘေဘီ ...
    ဒါဆို အစောကြီး ကတည်းက စီးတတ်နေတာပေါ့၊း)
    မအိမ်သူကိုလည်း ပြောလိုက်ပါ့မယ်၊ တကယ်ပေါက်လို့ ကတော့ မမေ့နဲ့နော်၊ လာဖို့ ပြင်ထားလိုက်မယ်..အဟဲ၊

    အမည်ဝှက်စာဖတ်သူ ...
    ပြောသာ ပြောပါ၊ စိတ်ထဲ ဘယ်လိုမှ မထားပါနဲ့၊း) စက်ဘီးစီးတာတို့၊ ရေကူးတာတို့ ဆိုတာက လွယ်တယ်၊ ခက်တယ် ဆိုတာထက် အခွင့်အရေး ရခဲ့ဖို့သာ လိုတာပါ၊ အဆင်မပြေလို့ သင်ခွင့် မကြုံလိုက်တဲ့ ကိစ္စ တစ်ခုကို ကြုံသလို ကြည့်လုပ်သွားရုံပေါ့၊ ဟုတ်ဖူးလား၊း)

    ကို N/A ...
    ဒီမှာလည်း ကြိုးစားနေကြတုန်းပါပဲဗျာ၊ တဖက်က ဒီလို တိုက်တွန်းမှုတွေ ရှိသလို တဖက်ကလည်း ပတ်ဝန်းကျင် ထိန်းသိမ်းမှုရဲ့ ဆန့်ကျင်ဖက်တွေ လုပ်နေ ကြတုန်းပါပဲ၊ ဥပမာ- မြို့မှာနေပြီး မလိုအပ်ဘဲ 4 wheels drive 4x4 ကားကြီးတွေ မောင်းနေတာမျိုး...၊

    အမချစ်ကြည်အေး ...
    သြော်..အမလည်း ဗိုလ်ချုပ်တို့၊ ဆရာ နေဝင်းမြင့်တို့နဲ့ ကလပ်ဘ် တခုထဲ အတူတူပေါ့...၊း)

    ဂျီးဒေါ် ...
    Serious biker ဆိုလို့ congrats ပါ ဂျီးဒေါ်ရေ...၊ ကိုယ့်အတွက်ကော ပတ်ဝန်းကျင် အတွက်ပါ တကယ်ကောင်းပါတယ်၊ ဒါနဲ့ ၃ ဘီးက စပြီး အခု ၂ ဘီး နင်းနေတယ်ဆိုတော့ ရှေ့လျှောက် ၁ ဘီး စီးမှာလားလို့ တွေးနေမိတယ်၊ ဆပ်ကပ်တွေထဲက စက်ဘီးမျိုးလေ၊း)

    လပြည့် ...
    မလုပ်ပါနဲ့ဗျာ၊ တော်ကြာ စက်ဘီးနင်းနေရင်း ဓါတ်ပုံ ရိုက်ဖို့ လုပ်တုန်း လဲကျလို့ ကင်မရာကြီး ဂွမ်းသွားမှ ဟုတ်ပေ့ ဖြစ်နေပါဦးမယ်...၊း)

    မချော ...
    ဟုတ်တယ်ဗျ၊ အလုပ်နဲ့ အိမ် ဝေးရင်တော့ နဲနဲ ဒုက္ခ ရောက်မယ်၊ ကျနော့် အသိထဲမှာတော့ တနေ့ကို ကီလိုမီတာ ၂၀ လောက်အထိ နင်းပြီး အလုပ်လာတဲ့ သူတချို့တော့ ရှိတယ်၊ ဒါပေမယ့် အနည်းစုပါ..၊

    ကိုဟန်ကြည် ...
    အဲဒါလည်း အမှန်ပဲဗျို့၊ စက်ဘီးစီးဖို့က စက်ဘီးလမ်း တွေ သတ်သတ်မှတ်မှတ် ထားပေးဖို့လည်း လိုတာပေါ့၊ မဟုတ်ရင် ကားတွေကြားမှာ စီးဖို့ဆိုတာက ဘယ်သူမှ လုပ်ချင်မှာ မဟုတ်ဘူး..၊

    ReplyDelete
  17. ဟာ့ဟာ ကိုညီလင်းသစ်ရေ
    အမည်မသိ
    စက်ဘီးမစီးတတ်သူဆို ကျွန်မပါ။
    ဒီနေ့ ကျမှ ကိုယ့်ဘာသာနံမည်မရေးမိမှန်းသိတယ်။

    ရေကူးကတော့ ကျွမ်းကျင်အဆင့်မရောက်တရောက်ပါ။ ။

    ReplyDelete
  18. သူတို့ အနောက်တိုင်းသားတွေ ဒီလိုကိစ္စမျိုးဆိုရင် စိတ်ပါလက်ပါ အားတက်သရော ရှိကြတယ်။ ကေအယ် မှာတုန်း က မနက်တိုင်း စက်ဘီးနဲ့ အလုပ်သွားတဲ့ အနောက် နိုင်ငံသား အဖိုးကြီးနဲ့ ခင်ဖူးတယ်။ နောက်မှ သိရတာက သူက ဂျာမန်သံအမတ်ကြီး ဖြစ်နေတယ်။ သူ့ အကြောင်းတွေ မလေး သတင်းစာတွေက ရေးကြတယ်။ သူ့ရည်ရွယ်ချက်က ၁။ ကျန်းမာရေး နှင့် ၀ါသနာ ၂။ လမ်းပိတ်ဆို့မှု မှရှောင် နိုင်ခြင်း ၃။ လေထုညစ်ညမ်းမှု့ ကိုထိမ်းသိမ်းခြင်း ၄။ လောင်စာဆီ ချွေတာခြင်း .. တွေလို့ ဆိုတယ်။

    ReplyDelete
  19. လပြည့်ရိပ်June 3, 2011 at 11:44 AM

    အကိုကလည်း ကင်မရာကြီးဂွမ်းသွားမှ ဟုတ်ပေ့တဲ့... လူဂွမ်းသွားရင်ကော.. ဟားဟား အကို့က ကင်မရာကို လူထက်ပိုချစ်ပုံရတယ်... ဟုတ်လား .. :P Just kidding :P

    ReplyDelete
  20. ထိုင်ဝမ်မှာလည်း စက်ဘီးနဲ့ သွားတာလာတာ တော်တော်ခေတ်စားတယ်။ ကျနော်လည်း အရင်က စီးဖြစ်တယ်။ မနက်ပိုင်း စောစောထရတာ နောက်ကျတာနဲ့ ဆိုင်ကယ်စီးဖြစ်သွားတယ်။
    ပါတ်ဝန်းကျင်ကို ကာကွယ်ဖို့ ရည်ရွယ်ချက်ဆိုတော့ လုပ်သင့်ပါတယ်။
    ငယ်ငယ်က BMX နာရီနဲ့ငှားစီးတာ သတိရမိသေးတယ်။ စက်ဘီးက ဘယ်လောက် ဆွေးနေလဲဆိုရင် စီးနေရင်း ထက်ပိုင်းကျိုးသွားရော။ လူတော့ ဘာမှ မဖြစ်လိုက်ပေမယ့် အမှတ်တရတခု လို ကြုံတိုင်း သတိရမိတာပါပဲ။

    ReplyDelete
  21. မ,ကောင်းမွန်ဝင်း ...
    သြော်..ဒီလိုလား၊း) အဲဒါကြောင့် စိတ်ထဲမှာတော့ ထင်သား၊ ကွန်မန့်ရေးပုံက ရင်းရင်းနှီးနှီး ရှိပုံပါပဲ-လို့၊း)

    ကို AATO ...
    အေးဗျ၊ နိုင်ငံရေး စီးပွားရေး တည်ငြိမ်လာတဲ့အခါ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ လူမှုဘဝ မြှင့်တင်ရေး စတာတွေဖက် ပိုပြီး အာရုံစိုက်နိုင်တဲ့ သဘောပဲ ထင်ပါရဲ့၊ အချို့ အနောက်တိုင်းသားတွေ ကျတော့လည်း ဇိမ်ခံ ပစ္စည်းတွေကနေ ဝေးဝေးနေဖို့ စိတ်တောင် မကူးကြပါ ဘူး..၊

    လပြည့် ...
    ဟုတ်တယ်လေ၊ လူက ပြန်ဝယ်လို့ရတယ်၊ ကင်မရာက ပြန်ဝယ်လို့ ... အာ.. ယောင်ကုန်ပါပြီ၊ ပြောချင်ဇော ကြီးသွားတယ်၊ လူက စက်ဘီးလဲရင် ခြေထောက်,ထောက်လို့ရတယ် ပြောချင်တာ....၊းD

    ကိုမြစ်ကျိုးအင်း ...
    ဟား.. ကျနော့်လိုပဲ BMX အချိန်ပိုင်း ငှားစီးသူပါလား၊ ကျနော်တို့ ငှားစီးတဲ့ ဘီးတွေလည်း အဲဒီလို ထက်ပိုင်း ကျိုးကျ မတတ်ပါပဲဗျာ၊ ဒါပေမယ့် ဒီလိုဘီးမျိုး ငှားခွင့် ရနေတာကိုပဲ ကျေးဇူးတင်နေ ရသေးတယ်..။း)

    ReplyDelete
  22. ငယ်တုန်းက စက်ဘီးစီးသင်ပေးခဲ့တာ ကိုယ့်ရဲ့  တဦးတည်းသော မောင်လေး ပေါ့ ဒူးမပြဲဘဲ စီးတတ်ခဲ့တာ သိလား ( ကြွားလိုက်ဦးမယ် ) ဒီမှာသာ စက်ဘီးစီးပြီး အလုပ်သွားရရင် သေလိမ့်မယ် ညီလင်းရေ .. ရထားစီးတာတောင် ၄၅ မိနစ်ကြာတယ် တကယ်ပြော၇ရင် စက်ဘီးစီးရတာ ကြိုက်တယ် ဒါပေမယ့် ရန်ကုန်မှာတုန်းက မြို့ထဲလမ်းတွေထဲ စီးရဲပေမယ့် ဒီမှာ မစီးရဲသေးဘူး

    mie nge

    ReplyDelete
  23. hi! I just saw your post on my blog. And thanks so much! I do love Burma, in fact... I wish I were Burmese. I can speak a little, but reading... not so much. So I wish I could read your blog. Thanks for commenting!
    Cheers!
    -Carrie

    ReplyDelete
  24. အမလဲ စက်ဘီးစီးရတာ သဘောကျတယ်။ ငယ်ငယ်က ဗိုလ်အုန်းသီးစက်ဘီးကို နောက်က မိန့်မိန့်ကြီး ထိုင်လိုက်တတ်တာ။ ကိုယ်ကိုယ်တိုင်ကတော့ သူငယ်ချင်းတွေနဲ့ဆိုရင်တော့ စီးမိမှာပဲ။ တယောက်တည်းဆိုရင်တော့ မသေချာဘူး။ ဒါပေမဲ့ စက်ဘီးလေးတွေကိုတော့ မြင်တာနဲ့ ချစ်မိတယ်။

    ReplyDelete
  25. မ mie nge ...
    ဒါဆို တော်တာပေါ့ဗျာ၊ Cheers..!!!း) စက်ဘီးစီးတာ ကောင်းပေမယ့် ကိုယ့်အသက် အန္တရာယ်ကို ထိပါးလာ နိုင်တယ် ဆိုရင်တော့ အိုဇုန်းလွှာတွေလည်း ပေါက်ကာမှ ပေါက်ရော၊ public transport ပဲ စီးတာ ကောင်းတယ်..၊း)

    Carrie ...
    Thanks for your comment! Yeah..I understand what you meant. I feel also sorry for not being able to attach Google Translator directly to my post. :D

    အမ မိုးချိုသင်း ...
    ဗိုလ်အုန်းသီးကို နောက်ခန်းက စီးနိုင်တာ နဲနဲနောနော အခွင့်အရေးလား နော်၊ နင်းပေးမယ့် ဒရိုင်ဘာလည်း ရှိ ဦးမှ...၊းD လာလည်တဲ့ အတွက်ရော၊ ကွန်မန့်တွေ အတွက်ပါ ကျေးဇူးပါ အမရေ...။

    ReplyDelete