08 June 2011
ဒိန်ခဲပေါ်က တနင်္ဂနွေ
ပြီးခဲ့တဲ့ တနင်္ဂနွေက မရောက်တာ ကြာနေပြီဖြစ်တဲ့ သင်္ဘောဆိပ်ကို သွားဖြစ်ပါတယ်၊ ရေကန် ပတ်ပတ်လည်မှာ သင်္ဘောကပ်တဲ့ ဆိပ်ခံငယ် လေးတွေ အများကြီး ရှိပေမယ့် အခုလို သင်္ဘောကျင်းနဲ့ တွဲနေတဲ့ ဆိပ်ကမ်းကတော့ သိပ်မရှိ ပါဘူး၊ သင်္ဘောဆိပ်တို့ ထုံးစံ အဲဒီ အနီး တဝိုက်မှာ ကမ်းနားတလျှောက် လမ်းလျှောက်သူတွေနဲ့ စည်ကားတယ်၊ အဲဒီ မနက်မှာလည်း ရာသီဥတုက သာယာပါတယ်၊ ဒါနဲ့ပဲ ရောက်ဖြစ်ပြန်တယ် ဆိုပါတော့...၊
Photobucket
ဒီလမ်းတလျှောက် တော်တော်ဝေးဝေးကို လျှောက်လို့ရတယ်၊ ခြေညောင်းရင် တွေ့တဲ့ခုံမှာ ထိုင်ပြီး မျက်စိကို အစာကျွေးလို့ ရတယ်၊ ရှုခင်းတွေ ကြည့်တာကို ပြောပါတယ်၊း) မျက်စိညောင်းလာရင်တော့ ခြေထောက်ကို တလှည့် အလုပ်ပေးပြီး ဆက်လျှောက်ပေါ့...၊
Photobucket
တော်တော် လှမ်းလှမ်းမှာတော့ မြက်ခင်းပြင် အကျယ်ကြီးတခု ရှိတယ်၊ မြက်ခင်းတနေရာမှာ ကလေးကစားကွင်း လေးလည်း ရှိတာနဲ့ ကျနော်တို့ သွားလိုက်တယ်၊ အဲဒီ မြက်ခင်းပြင်ပေါ်မှာ ကျနော် ဖြတ်သွားဖြတ်လာ မြင်ပြီး စိတ်ဝင်စားနေတာက အပေါ်ပုံမှာ တွေ့ရတဲ့ ထိုင်းတော်ဝင်မိသားစု ဇရပ်ပါပဲ၊ အနီးကပ် သွားကြည့်ချင်နေတာ အခုမှပဲ ရောက်ဖြစ်တယ်၊ ရှေ့မှာ ရေးထားတဲ့ ဆိုင်းဘုတ်အရ ၂၀၀၆ မှာ သီရိဒုံက လာဖွင့်ပေးတယ်လို့ သိရပါတယ်၊ ဇရပ်ဆို ပေမယ့် အထဲမှာ ဘာမှ မရှိပါဘူး၊ ယုတ်စွအဆုံး သောက်ရေအိုးကွဲလေး တစ်လုံးတောင် မတွေ့မိဘူး...၊း)
Photobucket
ဇရပ်ပေါ်က မျက်နှာကြက်မှာ ရေးထားတာပါ၊ ဆိုတဲ့အတိုင်း ဘူမိဘော ဘုရင်ရဲ့ နန်းသက် ၆၀ ပြည့်နှစ်နဲ့ ထိုင်း-ဆွစ်ဇာလန် ချစ်ကြည်ရေး ၇၅ နှစ်ပြည့် အထိမ်းအမှတ်....၊ ဘူမိဘော ဘုရင်က ဒီ Lausanne မြို့လေးကို အတော် သံယောဇဉ် ရှိတယ်လို့ ပြောကြတယ်၊ သူ့အသက် ၆ နှစ်အရွယ် ၁၉၃၃ မှာ သူ့မယ်တော် မင်းသမီးနဲ့အတူ ဒီမြို့လေးကို ရောက်လာခဲ့တယ်၊ ပြီးတော့ ဒီမှာပဲ ကျောင်းတက်သွားခဲ့တယ်၊ တက္ကသိုလ်မှာတော့ သူတက်ခဲ့တဲ့ မှတ်တမ်းတွေ ကျန်ရစ်ပါတယ်၊ အနုပညာ၊ ဥပဒေ ဘာသာရပ်နဲ့ နိုင်ငံရေးသိပ္ပံတို့မှာ ထူးချွန်တယ်လို့ သိရပါတယ်၊
Photobucket
အဲဒီ မြက်ခင်းပြင်ကြီးကနေ နောက်ပြန်လှည့်ပြီး လျှောက်လာတော့ အိုလံပစ် ပြတိုက်ရှေ့ကို ရောက်ပါတယ်၊ Lausanne မြို့ရဲ့ အာဏာပိုင်တွေကတော့ သူတို့မြို့ကို အိုလံပစ်မြို့တော်လို့ ဂုဏ်ယူစွာနဲ့ ပြောကြလေ့ ရှိတယ်၊ အိုလံပစ် ကောင်စီရဲ့ ရုံးချုပ်နဲ့ အိုလံပစ်ပြတိုက် ရှိလို့ပါ၊ ဒါက ပြတိုက်ရဲ့ အဝင်ဝ ဖြစ်ပါတယ်..၊
Photobucket
ဒီမြို့လေးကို ရောက်လာတဲ့ တိုးရစ်စ်တွေရဲ့ ပထမဦးဆုံး လည်ပတ်ရာ နေရာလည်း ဖြစ်ပါတယ်..၊
Photobucket
မျက်နှာချင်းဆိုင်မှာတော့ အဲ့လ်ပ်စ် (Alps) တောင်တန်းတွေ...၊ နေရောင်ရှိပေမယ့် တိမ်တွေမှာ မိုးငွေ့လည်း သမ်းနေခဲ့တယ်၊
Photobucket
ခပ်လှမ်းလှမ်းမှာတော့ ပြင်သစ်ဖက်အခြမ်းကို သွားမယ့် သင်္ဘောတစ်စင်းက ကမ်းကနေခွာဖို့ ပြင်နေခဲ့ပြီ၊ ဒီဖက်အခြမ်း မှာက လစာနှုန်းထား ပိုမြင့်တော့ ပြင်သစ်ဖက်ကနေ အလုပ်လာလုပ်တဲ့ သူတွေ ပိုပိုများလာတယ်၊ ဆွစ်မှာ လစာပိုရသလောက် ပြင်သစ်မှာ သုံးစွဲရတာ ဈေးပိုသက်သာလို့ ဒီလို အလုပ်လာလုပ်တဲ့ သူတွေအတွက် တန်ပါတယ်၊ များများဝင်ပြီး နဲနဲပဲ ထွက်တာပေါ့လေ၊ ဒီဖက်က ဆွစ်တွေမှာသာ သမင်မွေးရင်း ကျားစားရင်း ဖြစ်နေတာ..၊ အခွန်အတုတ်၊ အိမ်ငှားခ၊ ကုန်ဈေးနှုန်း စတာတွေကြားမှာ စုမိဆောင်းမိဖို့ ဆိုတာ အချိန် အတော်လိုပါတယ်၊
Photobucket
နွေရာသီလည်း တဖြည်းဖြည်း နီးလာပြီဆိုတော့ ခြေနင်းလှေကလေးတွေလည်း ကန်ထဲမှာ စတွေ့လာရပြီ...၊ အဲဒီလို လှေတစ်စင်းနဲ့ ရေနက်ပိုင်းကို နင်းသွားပြီး အဲဒီမှာ ရေကူးရတာ သဘောကျစရာ ကောင်းတယ်၊
Photobucket
အိမ်ပြန်ရောက်တော့ နေ့လယ်စာကို ရားကလက် (raclette) စားဖြစ်ပါတယ်၊ အပြင်ဖက်မှာတော့ ခုနက မိုးငွေ့ဆင်နေ တဲ့ တိမ်တွေက ရွာချဖို့ ပြင်နေပြီ၊ ဒါပေမယ့် ကျနော်တို့ ဝရန်တာမှာ စားဖို့ ဆက်ပြင်ခဲ့တယ်...၊ ဒိန်ခဲပြား တွေကို ပျော်အောင် အပူပေးတဲ့ မီးဖိုကိုဖွင့်၊ တွဲဖက်စားတဲ့ အချဉ်ပုလင်းတွေကို နေရာချ၊ ဝိုင်ပုလင်းကို ဖွင့်အပြီးမှာတော့ တနင်္ဂနွေ နေ့လယ်စာအတွက် အဆင်သင့် ဖြစ်သွားပြီ...၊း)
Photobucket
ဒီနိုင်ငံမှာ မကြာခဏ စားကြတဲ့ အစားအစာ ၂ မျိုးရှိပါတယ်၊ တစ်ခုက Fondue နဲ့ နောက်တစ်ခုက Raclette ပါ၊ ၂ ခုစလုံးက ချိစ်ကို အခြေခံတဲ့ အစားအစာပါပဲ၊ ချိစ် အမျိုးအစားတော့ မတူပါဘူး၊ Fondue က အများအားဖြင့် ပေါင်မုန့်နဲ့ စားတယ်၊ ပေါင်မုန့် ကို တဖဲ့,ဖဲ့၊ ခက်ရင်းရှည် ထိပ်မှာချိတ်၊ စားပွဲအလယ်က မီးပေးထားတဲ့ ဒိန်ခဲအိုးထဲကို ထည့်မွှေပြီး စားလေ့ရှိတယ်၊ တခြား အဆာပလာတွေ မပါတော့ မြန်မာလူမျိုး အများစုကတော့ သိပ်မကြိုက်ကြဘူး၊ Raclette ကတော့ အာလူးနဲ့ အဓိက တွဲစားတယ်၊ ပြီးတော့ ဘေးမှာ အရံစားစရာတွေနဲ့ ဆိုတော့ မြန်မာပါးစပ်အတွက် အဝင်မဆိုးဘူးလို့ ဆိုရမယ် ထင်တယ်၊ ဒီ ချိစ်အစားအစာ ၂ ခုလုံးကို ဝိုင်ဖြူနဲ့ တွဲဖက်လေ့ ရှိပါတယ်၊ ဝိုင်နီ မသောက်ကြပါဘူး၊ အေးနိုင်သမျှ အေးအောင်ထားတဲ့ ဝိုင်ဖြူကို မကြိုက်ရင်တော့ ရေနွေးကြမ်းနဲ့ စားနိုင်ပါတယ်၊ ရေတော့ မသောက်ဖို့ ပြောကြတယ်၊ ဗိုက်အောင့်ဖို့ အလားအလာ များလို့တဲ့...၊
Photobucket
ကျပ်တင် ဝက်ပေါင်ခြောက်၊ gherkin အသေးစား သခွားသီးချဉ်၊ baby corn ပြောင်းဖူးချဉ်၊ ကြက်သွန်ဖြူချဉ်၊ မှို၊ အပူပေးထားတဲ့ ရားကလက် ဒိန်ခဲပြား၊ ကျပ်တင် အမဲသားလွှာနဲ့ အာလူးပြုတ်တို့ ဖြစ်ပါတယ်၊ အခွံနွှာရမှာ ပျင်းလို့ ကျနော်က အာလူးကို အခွံနဲ့ စားပစ်လိုက်တယ်၊ စကားမစပ် အဲဒီလို ပန်းကန်ထဲက အာလူးအခွံတွေကို ပြင်သစ်လို ခေါ်တာ အရမ်းကဗျာဆန်တယ်၊ La robe des champs ကွင်းထဲက ဂါဝန်-တဲ့၊ အာလူးက စိုက်ခင်းထဲမှာ တုန်းက သူဝတ်ခဲ့တဲ့ ဂါဝန်နဲ့အတူ ပန်းကန်ထဲအထိ ရောက်လာတယ်ပေါ့လေ၊း) နေ့လယ်စာ စားနေတုန်းမှာပဲ မိုးကတော့ ကောင်းကောင်းကို ရွာနေခဲ့ပြီ၊ ဝရန်တာမှာ ဆိုတော့ လေအဝေ့မှာ တချက်တချက် စိမ့်ကနဲ ဖြစ်,ဖြစ်သွားတယ်၊ ပန်းကန်ထဲမှာတော့ ပူပူနွေးနွေး အရည်ပျော် ဒိန်ခဲတွေနဲ့အတူ အာလူးပျိုလေးတွေက ဝတ်လစ်စလစ် မဖြစ်ဘဲ လုံလုံခြုံခြုံ သိမ်းသိမ်းထုပ်ထုပ်....။ ။
ညီလင်းသစ်
၈ ဇွန်၊ ၂၀၁၁
30 comments:
  1. Nice shot and the food look delicious.
    ReplyDelete
  2. ဓါတ်ပုံအကြောင်းတော့ မပြောတတ်ဘူး.။
    ကမ်းခြေလေး သာယာတယ်..။
    အပျံစားဇရပ်ကြည့်ပြီး အားကျတယ်..။
    ဝိုင်အဖြူ သောက်ဖူးဘူး။
    အာလူးနဲ့ ချိစ်ကိုပဲ စားချင်တယ်..။
    စားးစရာတွေ စားချင့်စဖွယ်ဖြစ်အောင် ရိုက်တတ်တယ်နော့..။
    ဒီပို့စ်ကို ဖတ်ရတာ အေးအေးလူလူ
    ရှိလိုက်တာ..။
    ပေါက်
    ReplyDelete
  3. ကမ်းခြေလေးက သာယာလိုက်တာ အေးအေးဆေးဆေး လမ်းလျှောက်ချင်စရာလေး။ အစားအသောက်ကတော့ အားလုံးစိတ်ဝင်စားတယ်။ ချိစ်လဲကြိုက်မှကြိုက်...:)
    ReplyDelete
  4. မောင်မျိုးJune 8, 2011 at 4:26 AM
    လှလိုက်တာ ရေပြင်ပြာပြာ သစ်တောစိမ်းစိမ်း တောင်တန်းကြီးတွေနဲ့ တကယ့်အလှတရားတွေပဲ ။ ဒီလိုမြင်ကွင်းလေးတွေ မြင်နေရတာကိုက အစ်ကို တော်တော်ကံကောင်းလှပြီ ။
    မြန်မာဘုန်းကြီးကျောင်းလေးတွေကော အဲ့မှာ မရှိဘူးထင်တယ်နော့် အစ်ကို ဘာမှမဟုတ်ပါဘူး ထိုင်းဇရပ်လေးတွေ့ပြီး လောဘတက်ပြီးတွေးလိုက်မိတာ ရှိစေချင်တဲ့စိတ်ကလေးဖြစ်သွားတာ ။
    ReplyDelete
  5. ပိုက်ဆံချေးမှာစိုးလို့ ကြိုပိတ်ထားတာနေမယ်း) ဟုတ်ပ ဒီမှာလည်း သမင်မွေးရင်း ကျားစားရင်းဘဲ စုဖို့ဆိုတာ ဝေးနေဦးမယ် .. တချိန်လုံးဘဲ ဈေးတွေတက်နေတာ စိတ်ပျက်စရြာ..ဒီ
    မှာနေတာကြာလာတော့လည်း ဘိုစာတွေ စားတတ်လာသလိုဘဲ နော် အသားတွေကလွဲရင်ပေါ့ ( ကျမကအသားမကြိုက် )
    mie nge
    ReplyDelete
  6. ရေနက်ပိုင်းကို နင်းသွားပြီး အဲဒီမှာ ရေကူးရတာ သဘောကျစရာ ကောင်းတယ်၊
    သေကြောင်းကြံ တာတော့ မဟုတ်ပါဘူးနော်
    စားစရာတွေ ကိုတော့ ကြိုက်တယ် ဂါဝန်ဝတ်ထားတဲ့ အာလူးလေး တော့ မကြိုက်ဘူး ဂါဝန်ချွတ် မှ ကောင်းမှ ပေါ့ စားကောင်းတာပြောတာပါ
    ReplyDelete
  7. ဟိုဘက်ကမ်းပြင်သစ်ကိုသွားတာ ဒီလိုပဲလွယ်လ
ွယ်ကူကူသွားလို့ရတယ်နော်။
    စိတ်ဝင်စားစရာပဲ။ နေ့တိုင်း သင်္ဘောကြီးနဲ့ အသွားအပြန်လုပ်ကြတာပေါ့နော်။
    သားကတော့ ဆွပ်ပ် နဲ့လား။
    စကားမစပ် ဂါဝန်ချွတ်တဲ့သူနဲ့ မချွတ်တဲ့သူ ပုံမှန်က ချွတ်တဲ့သူကများမှာပေါ့နော်။
    ReplyDelete
  8. Now I am really hungry!!!
    Mon Petit Avatar
    ReplyDelete
  9. အောက်ဆုံးက စာသားလေးကို သဘောကျလိုက်တာ ဂါဝန်လေးတွေနဲ့ အာလူးပျိုမလေးတွေက ချစ်စရာ ဟိဟိ
    သိပ်သာယာလှပတဲ့ ရှုခင်းတွေရှိတဲ့နေရာမှာ နေခွင့်ရတာ ကံကောင်းလိုက်တာ
    ဒါလည်း အသက်ရှည်ဆေးတစ်မျိုးဘဲလို့ ပြောရမယ်ထင်တယ်နော်။
    ReplyDelete
  10. ဟေ့..ဂါဝန်တောင် ၀ါးပစ်တော့တာပဲကိုးး
    တယ်ခက်ပါလားး :D
    ReplyDelete
  11. ပုံလေးတွေ လှတယ်။ ဒါဆိုရင် ပြင်သစ်နဲ့ ဆွစ်က မလေးရှားနဲ့ စကာင်္ပူလို ဖြစ်နေပြီ။ ဒီမှာလည်း စကာင်္ပူလာ အလုပ် လုပ်၊ မလေးရှားပြန် သုံးသူတွေ ရှိတယ်...။ စင်္ကာပူမှာ အလုပ် လုပ်၊ ရွာပြန်စား လုပ်လို့ရရင် ကောင်းမှာ...။ အာလူးဋီကာလေး သဘောကျသွားတယ် ခွိခွိ...:)
    ReplyDelete
  12. သဘောင်္ဆိပ်ကို အတူတူ လိုက်လည်ပြီး နေ့လည်စာပါ လာကပ်စားသွားတယ်... အာလူးကို ဂါဝန် ချွတ်ပစ်တယ်လို့ ပြောချင်လည်း ပြောပါတော့... အခွံနဲ့တော့ မစားတတ်လို့ ခွာစားသွားတယ်...
    စိတ်အေးချမ်းသာ ရှိလှတဲ့ ကိုညီလင်းရဲ့ Life Style ကို တကယ် သဘောကျမိပါတယ်... တသက်လုံး ဒီမိသားစုလေးနဲ့ အခုလိုပဲ နေနိုင်ပါစေ...
    ReplyDelete
  13. Ko Nyi,
    Very nice views, don´t forget to give your contact details because very close to get my school holidays in August I am going to visit to Zurich. :)
    Jamon a mi m´grada molt pero los Formatges tampoc perque molt pudent.Jo visc en el europa molt temps pero fins ara no m´grada los Formatges.
    Ade´u - Siau!
    Regular Reader
    ReplyDelete
  14. ပုံလေးတွေ လှတာတော့ ပြောစရာကိုမရှိပါဘူးနော့
    တော်ပြီးသာလူရိုက်တာပဲလေ :) လာလည်အုံးမှပါလေ
    :P
    ReplyDelete
  15. ကိုထွန်းထွန်း ...
    ကျေးဇူး တင်ပါတယ်ဗျာ..၊
    ပေါက် ...
    ဝိုင်အဖြူက ငါးဟင်းတွေနဲ့ လိုက်တယ်ဗျ၊ အေးနေ အောင် ထား,ထားတဲ့ ဝိုင်နဲ့ကြုံရင် မြည်းကြည့်ပါ၊ ကြိုက်ပါလိမ့်မယ်...၊း)
    မအိမ်သူ ...
    ချိစ်ကြိုက်တယ်ဆိုရင်တော့ မြန်မာအနည်းစုထဲကပဲ ဖြစ်မယ်၊ ကျနော်သိတဲ့ ဒီကမြန်မာ အများစုက သိပ်မကြိုက်ကြဘူးဗျ၊
    မောင်မျိုး ...
    မြန်မာ ဘုန်းကြီးကျောင်း မရှိဘူးဗျ၊ မြန်မာလူမျိုး ကလည်း တတိုင်းပြည်လုံးမှာမှ ၁၀၀ တောင် မရှိပါဘူး၊ ထိုင်းဘုန်းကြီးကျောင်း တချို့တလေတော့ ရှိပါတယ်...၊
    မ mie nge ...
    ပိုက်ဆံချေးချင်ရင် လွယ်ပါတယ်၊ ဒီမှာ နာမည်ကြီး ဘဏ်တိုက်တွေ အများကြီး ရှိတယ်လေ၊း) ကျနော်က တော့ အစားအသောက်ဆို အားလုံးနီးပါး ကြိုက်တယ်၊
    မရွှေဇင်ဦး ...
    ဟားဟား ...မဟုတ်ရ ပါဘူးဗျာ၊ ရေနက်မှာဆိုတော့ လူရှင်းတယ်လေ၊ အာလူးက အခွံခွာရင်တော့ နဲနဲလေး ပိုနူးညံ့တာပေါ့..၊း)
    မ,ကောင်းမွန်ဝင်း ...
    ဟုတ်ပါတယ်၊ ဒီလိုပဲ သင်္ဘောတက်စီးပြီး ကူးသွားလိုက်တာပါပဲ၊ မိနစ် ၅၀ လောက်စီးရတယ်၊ စစ်တာဆေးတာ တွေကတော့ အခုနောက်ပိုင်း သိပ်မရှိ တော့ပါဘူး၊ ဒီဖက်ကမ်းက လူတွေလည်း ပြင်သစ်ကို မကြာခဏ သွားပြီး ဈေးဝယ်ကြလေ့ ရှိပါတယ်၊ သားက ရေနွေးကြမ်းနဲ့ စားတယ်ဗျ၊ မှန်ပါတယ်၊ အများစုက အာလူးကို ဂါဝန်ချွတ်ပြီး စားကြတယ်...၊း)
    Mon Petit Avatar ...
    ကြိုက်သလောက်သာ စားပါတော့ဗျာ...၊း)
    မချော ...
    ဟုတ်တယ်ဗျ၊ ချစ်စရာ ကောင်းလွန်းလို့ ကျနော်တော့ အများကြီး စားပစ်လိုက်တယ်၊း) ခိုစရာ မန်းတောင်ရိပ် မရှိတော့လည်း အသက်ရှည်ဖို့အတွက် ဒီလိုပဲ ရှာကြံရ တော့မှာပဲဗျာ... ဟုတ်ဖူးလား၊
    မမိုးချိုသင်း ...
    ဟာ.. မရဘူး၊ သိပ်စိတ်ကြီးတာ.....၊းD
    မချစ်ကြည်အေး ...
    ဟုတ်တယ်ဗျာ၊ အဲဒီအတိုင်းပါပဲ..၊ အိုင်းစတိုင်းပြောတဲ့ Time and Space ကို နိုင်နင်းတဲ့ တနေ့ကျရင်တော့ တနေရာမှာ အလုပ်,လုပ်၊ စားတော့ ရွာပြန်စား လုပ်ဖို့ အားခဲထားတယ်...၊း)
    မသက်ဝေ ..
    ဟာ ဘယ့်နှယ်... လာကပ် မစားရပါဘူး၊ တကယ့်ကို Guest of honour အနေနဲ့ ဖိတ်ကျွေးမှာပေါ့၊ မသက်ဝေက အာလူးကို birthday suit နဲ့ ပိုနှစ်သက် တယ်ပေါ့..၊း) ဆုတောင်းလေးအတွက် ကျေးဇူး အများကြီး တင်ပါတယ်နော်...၊
    Regular reader ...
    You may contact me at nyilinnthit@gmail.com. I live about 2 and half hour train drive from Zurich. Don't hesitate to let me know when you are in CH! :)
    ReplyDelete
  16. မဘေဘီ ...
    ဟာ..လာခဲ့ လာခဲ့၊ အဲဒီကနေ လေယာဉ်တွေ ဈေးမကြီး ဘူးဗျ၊ လာလည်မှ အဲဒီဧည့်သည်ကို ဟင်းချက်ဖို့ အတင်း request လုပ်ပြီး ကပ်စားရမယ်.. ဟားဟား။
    ReplyDelete
  17. ကမ်းခြေတွေ၊သင်္ဘောဆိပ်တွေကို သိပ်သဘောကျတယ်..။
    ကျွန်တော်တော့ ဂါဝန်ချွတ်ပြီးစားမှာပဲ....အားလူးကိုပြော
    တာ....:)))။ကောင်းတယ်ဗျာ...ခုလို အလုပ်လုပ်ချိန်မှာလုပ်
    နားချိန်မှာ အေးအေးဆေးဆေးနားနိုင်တဲ့ life style ကို
    သိပ်သဘောကျတယ်...။
    ReplyDelete
  18. သဘောင်္ဆိပ် ရှုခင်းလေးတွေက နှစ်သက်စရာ... ကိုယ်တော့ Fondu စားဖူးတယ်... သိပ်မကြိုက်ဘူး... အားနာလို့ပြီးအောင်စားရတာ... Raclette ကိုတော့ ဘယ်အချိန်စားစားကြိုက်တယ်... :)
    ReplyDelete
  19. ကြိုက်တယ်ဗျာ..
    ဓါတ်ပုံတွေကော၊ စားစရာတွေကော.. ဒိန်ခဲကိုကြိုက်တော့ ဘယ်လိုလုပ်စားစား အိုကေတယ်။
ွှအကြိုက်ဆုံးကတော့ ရေမသောက်နဲ့ ၀ိုင်သောက်ပါဆိုတာပဲ။ အနီဆို ပိုကောင်းအုံးမယ်း)
    N/A
    ReplyDelete
  20. ရေးပြတာ
    ပုံပြထားတာတွေနဲ့
    ဖတ်ရတာ ကြည်ကြည်နူးနူးလေး ရှိလိုက်တာ။
    အပြုံးပန်း
    ReplyDelete
  21. I'm a real real Myanmar like you said because I don't like "fondue" & I can eat anyway "raclette". Your photos are very nice & can express scenic beauty. :) Su
    ReplyDelete
  22. တကယ်သာယာလှပပါတယ်။
    အာလူးလေး ရှက်စရာမလိုတော့ဘူးပေါ့ သိမ်းသိမ်းထုပ်ထုပ်ဆိုတော့...း)
    ခင်မင်လေးစားလျက်
    ReplyDelete
  23. ကိုညိမ်းနိုင် ...
    သင်္ဘောဆိပ်တွေ၊ ကမ်းခြေတွေကို ကျနော်လည်း သဘောကျတယ်ဗျ၊ အဲဒီမှာ ဝတ္ထုတွေ၊ ကဗျာတွေ ရှိနေ တတ်တာကိုး...၊း)
    rose of sharon ...
    ဟုတ်တယ်နော်၊ မြန်မာ အများစုကတော့ Fondue ထက် Raclette ကို ပိုနှစ်သက်ကြတယ်...၊ အချဉ်လေး နဲ့ ထိန်းထားလို့ ထင်ပါရဲ့..၊
    ကို N/A ...
    ကဲ.. အကြိုက်တွေတော့ လာတူနေပြီဗျို့၊ ကျနော်လည်း ဝိုင်နီကို ပိုကြိုက်တယ်..၊ ပိုပြီး ကျန်းမာ အသက်ရှည်စေ တာလည်း သူပဲ...၊း)
    မ,အပြုံးပန်း ...
    ဟုတ်ကဲ့၊ ကျေးဇူး တင်ပါတယ်ဗျာ..၊
    Su ...
    Right..! I understand you as Fondue is generally quite hearty. Thanks for your visit and comment!
    မမေသိမ့်သိမ့်ကျော် ...
    ဟုတ်တယ်ဗျ၊ သူ ရှက်နေမှာ စိုးတာနဲ့ ကျနော်လည်း ဒီအတိုင်း စားလိုက်တာ....။းD
    ReplyDelete
  24. လပြည့်ရိပ်June 9, 2011 at 5:24 PM
    အကြိုက်တကာ့ အကြိုက်ဆုံးက Reclette စားတဲ့ ပန်းကန်တွေပါပဲ။ အဲဒါ Reclette သီးသန့်စားဖို့အတွက် ပန်းကန်တွေလား၊ ဘာနဲ့လုပ်ထားတာလဲ :)
    ReplyDelete
  25. သင်္ဘောနောက်ခံနဲ့ တိမ်တွေပုံ တော်တော်လှတယ်။
    အားလပ်ရက်လေးက အေးချမ်းပါဘိ။
    မြင်နေကျပုံစံတွေအရ အာလူးကိုတော့ ဂါဝန်ချွတ်ပါရစေး)
    ReplyDelete
  26. လပြည့် ...
    အဲဒီ ပန်းကန်တွေက ဝါးရွက်တွေနဲ့ လုပ်ထားတာပါ၊ ဝါး ရွက်တွေကို ကြိတ်၊ compress လုပ်၊ ပုံစံခွက်ထဲ လောင်းထည့်ပြီး ထုတ်ထားတာ...၊ မူလ ရောင်းတာက တော့ ပစ်ကနစ် ထွက်တဲ့အခါ သုံးဖို့ပါပဲ၊ ပေါ့ပါးတယ်၊ စားပြီး လွှင့်ပစ်လိုက်ရုံပဲ၊ ဝါးရွက်ဆိုတော့ biodegradable ဖြစ်တာ မြန်တာကိုး၊ ဒါပေမယ့် ဒီပန်းကန်တွေကို ဆေးပြီး ဆက်သုံးလို့လည်း ရတယ်၊ အတော်လေး ခိုင်ခန့်ပါတယ်၊ ညီမက မျက်စိလျင်တယ် နော်....၊း)
    ကိုမြစ်ကျိုးအင်း ...
    အာလူးကလည်း သဘောရှိပါပဲ တဲ့၊း) အခုတလော လာ,လာလည်ပြီး ကွန်မန့်တွေ ချန်သွားလို့ ကျေးဇူး ပါပဲဗျာ..။
    ReplyDelete
  27. ကိုကျော်မင်းနိုင် ...
    ကျေးဇူးအများကြီး တင်ပါတယ်ဗျာ....။
    ReplyDelete
  28. Zun...
    I am sure you're gonna have a chance sooner or later to try raclette. :)
    ReplyDelete