10 June 2011
ကက်ပ်တိန် အသစ်ကျပ်ချွတ်
မနေ့က သင်္ဘောမောင်းခွင့် လိုင်စင်စာမေးပွဲ ဖြေရတယ်၊ ရေးဖြေနဲ့ လက်တွေ့ နှစ်ပိုင်းရှိတဲ့ အနက်မှာ ရေးဖြေကို လွန်ခဲ့တဲ့ ၁ လက အောင်ပြီးသွားလို့ ဒီတခါ ဖြေတာက လက်တွေ့ပါ၊ စာမေးပွဲ စစ်တဲ့ဆရာနဲ့အတူ မော်တော်တစ်စင်းကို မောင်းပြရတယ်၊ ကမ်းကပ်နည်း မျိုးစုံ ကပ်ပြရတယ်၊ အရှေ့တည့်တည့်၊ အနောက်နဲ့၊ ဘယ်နဲ့၊ ညာနဲ့ စသဖြင့်ပါ၊ ဒါ့အပြင် ရေလယ်မှာ ရှိတဲ့ ဘောကွင်း တိုင်တစ်ခုမှာ လေကိုဆန်ပြီး ရပ်ပြခိုင်းတယ်၊ ဒါတွေရပြီဆိုမှ ရေနက်ပိုင်းကို ထွက်ပါတယ်၊ အဲဒီမှာ စပိဒ်ဘုတ်ကို အရှိန်မလျှော့ဘဲ ဘယ်ကွေ့၊ ညာကွေ့ ၃၆၀ ဒီဂရီ ကွေ့ခိုင်းတယ်၊ အရှိန်နဲ့ သွားနေတဲ့ မော်တော်ကို ဘယ်လောက် နိုင်နိုင်နင်းနင်း ကွေ့နိုင်သလဲဆိုတာ ကြည့်ဖို့...၊ အဲဒါပြီးတော့မှ ရေထဲကျသွားတဲ့ လူကို ဆယ်တဲ့ လေ့ကျင့်ခန်း လုပ်ပြရပါတယ်၊
မော်တော်ပေါ်မှာ လူတရပ်သာသာ ရှိတဲ့ ဖော့တုံးလို တိုင်တစ်တိုင် ရှိပါတယ်၊ အထဲမှာတော့ ခဲသီးတွေကို အလေးချိန် မျှအောင် ထည့်ထားလို့ ရေထဲပစ်ချလိုက်ရင် တစ်ဝက်က ပေါ်တယ်၊ လူ ရေထဲကျရင် ရင်ဘတ်အထက် ပေါ်နေတဲ့ ပုံစံမျိုးပေါ့၊ ကျနော်က မော်တော်ကို အရှေ့ဖက်ကြည့်ပြီး အရှိန်နဲ့ မောင်းနေတုန်းမှာ စာမေးပွဲစစ်တဲ့ ဆရာက မော်တော် နောက်ဖက်သွားပြီး အဲဒီဖော့တိုင်ကို ရေထဲပစ်ချလိုက်ပါတယ်၊ ပါးစပ်ကလည်း “လူ ရေထဲကျသွားပြီ” လို့ အော်လိုက်တယ်၊ အဲဒီလို အော်တာဟာ ဒီလေ့ကျင့်ခန်းရဲ့ အစပါပဲ၊ ဘာဖြစ်လို့လည်းဆိုတော့ အဲဒီလို အော်လိုက်တာကနေ ၁ မိနစ်အတွင်း ဖော့တိုင်ကို ပြန်ဆယ်ဖို့လိုတယ်၊ ကျော်သွားရင် အမှတ်လျော့ရင်လျော့၊ မဟုတ်ရင် စာမေးပွဲ တခါတည်း ကျပါလိမ့်မယ်၊ ဆိုတော့ ဒီအသံ ကြားတာနဲ့ တပြိုင်နက် မော်တော်ကို ချက်ချင်း ဂငယ်ကွေ့ ပြန်ကွေ့ရတယ်၊ တဆက်ထဲ ဘယ်ဖက်က လေတိုက်နေသလဲ ကြည့်ရပါတယ်၊ လူဆယ်တဲ့ အခြေခံ စည်းမျဉ်းမှာ လူကို လေကြောင်းကနေ မော်တော်နဲ့ကာပြီး ဆယ်ဖို့ သတ်မှတ်ထားလို့ပါ၊ ဒီတော့ လေကို မော်တော်ရဲ့ အနောက်ဖက်ကနေ တိုက်တဲ့ အနေအထားမျိုးရောက်အောင် ပြင်ယူပြီးတာနဲ့ မနှေးလွန်း၊ မမြန်လွန်းဘဲ ရေထဲမှာ ပေါလောပေါ်နေတဲ့ ဖော့တိုင်ဆီကို ချဉ်းကပ်ရတယ်၊ မော်တော်နဲ့ ဖော့တိုင်နဲ့ မော်တော်တပြန်စာ အကွာရောက်ရင် မော်တော်ကို ကွေ့ချလိုက်ပြီး ဘေးတိုက်ချဉ်းကပ်၊ ဖော့တိုင်နဲ့ ၃ ပေလောက် အကွာမှာတော့ စက်သတ်ပြီး လေကြောင်းက တွန်းတဲ့ အရှိန်နဲ့ မော်တော်နဲ့ ဖော့တိုင်နဲ့ ထိတဲ့အခါ ဆယ်ယူရပါတယ်၊ ဖော့တိုင် မော်တော်ပေါ် ရောက်တဲ့အခါ အခြေခံ ရှေးဦးသူနာ ပြုစုနည်းကို ပြောပြရတယ်၊ ပြီးတော့ လိုအပ်ရင် ဆက်ရမယ့် အရေးပေါ် ဖုန်းနံပါတ်တွေနဲ့ လာကယ် မယ့် သူတွေကို ညွှန်ပြဖို့ မော်တော်ရဲ့ တည်နေရာကို ပြောရတယ်၊ အဲဒါပြီးရင်တော့ ဒီလေ့ကျင့်ခန်း ပြီးပါပြီ၊ စာမေးပွဲရဲ့ ၆၀ ရာခိုင်နှုန်းက ဒီအပေါ်မှာ အမှတ်ပေး ပါတယ်...၊
ဆိပ်ကမ်းထဲ ပြန်ဝင်ပြီးလို့ မူလနေရာ ပြန်အရောက်မှာတော့ နောက်ဆုံး အနေနဲ့ ကြိုးချည်နည်း အချို့ လုပ်ပြရပါတယ်၊ တခါတလေ ရေလယ်မှာ ကျောက်ဆူး အတင်၊ အချလုပ်ပုံ၊ ရေကြောင်းပြ မြေပုံ၊ ခရီးအကွာအဝေးနဲ့ ဦးတည်ရာ တွက်ချက်ပုံ စတာတွေပါ မေးတတ်ပေမယ့် မနေ့က ကျနော်ဖြေခဲ့ရတာတော့ ဒီလောက်ပါပဲ၊ ဖြေချိန် စုစုပေါင်း ၁ နာရီလောက် ကြာပါတယ်၊ ပြီးတာနဲ့ စစ်တဲ့ဆရာက အောင်တယ် ရှုံးတယ် ချက်ချင်းပြောတယ်၊ ဖြေနေတုန်းမှာ ကျနော် အမှားအနည်းငယ် လုပ်လိုက်မိလို့ stress က ချက်ချင်းတက်လာ သေးတယ်၊ စာမေးပွဲ စကတည်းက တည်ငြိမ်အောင် ထား,ထားတဲ့ စိတ်က တခါထဲ ယောက်ယက်ခတ်သွားလိုက်တာ မော်တော်နောက်က လှိုင်းတွေလိုပဲ၊ stress များလေလေ လူက ပိုပြီး ပူလောင်လေလေနဲ့ စိုးရိမ်စိတ်တွေကလည်း မြင့်တက်လာတယ်၊ စာမေးပွဲဆိုတာတော့ ဘယ်အသက်အရွယ်ပဲ ရောက်ရောက် အမြဲတမ်း ဒီလိုပဲ ထင်ပါရဲ့၊ ဒါပေမယ့် ကျနော် အောင်ပါတယ်...၊
ဒီ သင်္ဘောလိုင်စင် ဖြေဖို့ ဖြစ်လာရတာကလည်း အလုပ်ကြောင့်ပါပဲ၊ ကိုယ့်ဟာနဲ့ကိုယ်ဆို စိတ်တောင် ကူးမိမှာ မဟုတ်ဘူး၊ ကျနော့် ဓါတ်ပုံ တွေထဲ မကြာခဏ ပါလေ့ရှိတဲ့ ရေကန်ကြီးကို သုတေသန လုပ်ဖို့ လွန်ခဲ့တဲ့ အပတ်မှာ ရုရှားက ရေငုပ်သင်္ဘော ၂ စင်း ရောက်လာပါတယ်၊ လူ ၆ ယောက် ၇ ယောက်လောက် စီးလို့ရတဲ့ အသေးစား ရေငုပ်သင်္ဘော တွေပါ၊ Mir-1 နဲ့ Mir-2 လို့ အမည်ရတယ်၊ ဒီသင်္ဘောတွေက ငယ်ပေမယ့် ရေအောက် မီတာ ၆၀၀၀ (၁၉၆၈၅ ပေ) အနက်ထိ ငုပ်နိုင်တယ်လို့ ဆိုတယ်၊ Mir-1 က နာမည်ကျော် Titanic ဇတ်ကား ရိုက်ဖို့အတွက် တိုင်တန်းနစ် သင်္ဘောကြီး ဆီ ငုပ်ဖို့ ဒါရိုက်တာ James Cameron က သုံးခဲ့ပါသေးတယ်၊ ပြီးတော့ ကမ္ဘာ့အနက်ဆုံး ရေချို ကန်ဖြစ်တဲ့ ဆိုက်ဘေးရီးယားက Lake Baikal မှာ ရေအောက်သုတေသန အတွက်လည်း သုံးခဲ့ဖူး ပါသေးတယ်၊
အခု ဒီက Leman lake ကို အဲဒါ ၂ စင်းသုံးပြီး နိုင်ငံ ၆ နိုင်ငံက သိပ္ပံပညာရှင်တွေ ပါတဲ့အဖွဲ့က ၂ လကြာလောက် သုတေသန လုပ်ပါ လိမ့်မယ်၊ ဘယ်လ်ဂျီယံ မြောက်ပိုင်းကို ကျနော် တိုးရစ်စ် အနေနဲ့ သွားတုန်းက အဲဒီမှာ ပြထားတဲ့ စစ်တပ်သုံး ရေငုပ်သင်္ဘော တစ်စီးထဲတော့ ရောက်ခဲ့ဖူးတယ်၊ စိတ်ဝင်စားဖို့ ကောင်းတာမှန်ပေမယ့် အထဲမှာ ကျဉ်းကျဉ်းကျပ်ကျပ်နဲ့မို့ အကျဉ်းအကျပ်ကြောက် Claustrophobia ရောဂါ ရှိရင်တော့ အထဲဝင်ဖို့ ခက်ပါလိမ့်မယ်၊ အခု ဒီရေငုပ်သင်္ဘောတွေ ကိုတော့ ကျနော့်လို ပါမွှားက စီးရမှာ မဟုတ်ပါဘူး၊ ဒါပေမယ့် ရေငုပ် သင်္ဘောက ကျနော်တို့ ဌာန Lab အတွက် လိုအပ်တဲ့ ရေနမူနာ၊ ကန်အောက်ခြေက မြေနမူနာ ယူတဲ့နေ့တွေမှာ တပြိုင်နက်ထဲ ရေမျက်နှာ ပြင်နဲ့ အပေါ်ယံ သိပ်မနက်တဲ့ နေရာတွေကနေ မော်တော်တစ်စီးနဲ့ ကျနော်တို့ကလည်း နမူနာတွေ ယူဖို့ စီစဉ်ထားတယ်၊ အဲဒါဟာ ကျနော် သင်္ဘောလိုင်စင် လျှောက်ရခြင်းရဲ့ အကြောင်းရင်းပါပဲ၊
ပြီးခဲ့တဲ့ ရက်အနည်းငယ်တုန်းက ဌာနဒါရိုက်တာက ကျနော့်ဆီလာပြီး “ရေငုပ်သင်္ဘော ပရောဂျက်တွေက လာမယ့် ၂ ပတ်လောက်ဆို စ,တော့မှာ ဆိုတော့ မင်းအနေနဲ့ ဒီ သင်္ဘောလိုင်စင် စာမေးပွဲကို တခါတည်း မအောင်ရင်တော့ ကမောက်ကမတွေ ဖြစ်ကုန်မယ် ထင်တယ်ကွ” ဆိုပြီး နောက်သလိုလို၊ အတည်လိုလိုနဲ့ ပရက်ရှာတွေ ပေးသွားသေးတယ်၊ အခုတော့ ကျနော် စာမေးပွဲ အောင်သွားတာမို့ ဟင်းကနဲ သက် ပြင်း တစ်ခုနဲ့ အတူ ပေါ့ပါး သွားပါတယ်..။ ။း)
ညီလင်းသစ်
၁၀ ဇွန်၊ ၂၀၁၁
32 comments:
  1. လပြည့်ရိပ်June 10, 2011 at 2:52 PM
    Gratulation :D
    Félicitation :D
    party for the title of new captain ? :P
    ReplyDelete
  2. Bravo!!! Et Félicitations!!!
    Su
    ReplyDelete
  3. ဂုဏ်ယူပါတယ်။
    ကိုညီလင်းသစ်ရေ
    ပို့စ်ဖတ်ရတာ လူတောင် သင်္ဘောပေါ်လိုက်နေရသလိုပဲ သဲထိတ်ရင်ဖိုပါလား။
    ကိုယ့်နိုင်ငံမှာတောင် အသစ်အဆန်းတစ်ခုကို အအောင်အရှုံးနဲ့ပတ်သက်ပြီး ကြိုးစားယူရတာ စိတ်ပင်ပမ်းတယ်လေ။
    ဒီလိုနိုင်ငံရပ်ခြားမှာ အလုပ်အကိုင်နဲ့ ပတ်သက်ပြီး စိန်ခေါ်မှု တွေကို တုန့်ပြန်ရတာလည်း လူကော စိတ်ကော ကြိုးပမ်းအားထုတ်ရတာ ဘယ်လိုခံစားရမယ်ဆိုတာ မှန်းကြည့်လို့ရပါတယ်။
    အောင်မြင်မှုတစ်ခု တိုးခဲ့ပြန်ပြီပေါ့။
    ReplyDelete
  4. Ko Nyi,
    Felicitacion!!!!!!!
    Enhorabona!!!!!!!!!
    I hope your post bring me to a lot of good luck cause I also have an exam today.
    Regular Reader
    ReplyDelete
  5. ဝိုးးးးးးးဂုဏ်ယူပါတယ်အကို...၊ဟုတ်တယ်..ဘယ်အရွယ်
    ရောက်ရောက် စာမေးပွဲအောင်စာရင်းအတွက် ရင်ခုန်ရတုန်း
    ပဲဗျနော်..။နိုင်ငံခြားတိုင်းပြည်က အလုပ်ခွင်စာမေးပွဲတွေ
    ကပိုဆိုးသေး..၊ကျွန်တော်လည်းကြုံဖူးတယ်..။ပြီးပိုဆိုးတာ
    က သူရို့တွေက စာမေးပွဲဖြင့်မဖြေရသေး အောင်လား ဆို
    ပြီးခဏခဏလာမေးနေတာ..။ကျများကျခဲ့ရင် မျိုးနဲ့ချီပြီး
    အပြောခံရတော့မှာပဲဆိုတဲ့ ဖိစီးမှုကြီး ဝင်လာရော...။
    ကဲဘာပဲပြောပြော မာလိန်မှုးကြီးဖြစ်ပြီပေါ့..၊ဝမ်းသာတယ်
    ReplyDelete
  6. တခါထည်း အောင်တယ်ဆိုတဲ့အတွက် ၀မ်းသာပါတယ်။ လုပ်ရမဲ့ အလုပ်ကလည်း စိတ်ဝင်စားစရာကောင်းပါတယ်။ အခန့်သင့်ရင် ဝေမျှပေးပါ။
    အန်အေ..
    ReplyDelete
  7. ဝမ်းသာဂုဏ်ယူပါတယ် ကိုညီလင်းသစ်ရေ....။ ကက်ပီတိန်ဝတ်စုံပြည့်နဲ့ပုံ တင်ပေးပါဗျိုးးးးးး
    ReplyDelete
  8. ၀မ်းသာဂုဏ်ယူ မိပါတယ်အကို။
    ReplyDelete
  9. ပျော်စရာကြီး
    စိတ်ဝင်စားဖို့လည်းကောင်းတယ်နော်။။
    ဘယ်ပညာမဆို တတ်ထားရင် အသုံးဝင် အကျိုးရှိတာကြီးပါဘဲ
    စာမေးပွဲအောင်လို့ ပျော်ရွှင်တဲ့အရသာက ရည်းစားဟောင်းနဲ့ ပြန်တွေ့သလိုမျိုးနဲ့ တူတယ်ထင်ပါရဲ့း)
    ReplyDelete
  10. Congratulations!!!!!
    Mon Petit Avatar
    ReplyDelete
  11. Congratulations ပါကိုညီ
    တော်လိုက်တာနော် သူများသားသမီးများ
    ReplyDelete
  12. လပြည့် ...
    ကျေးဇူးပါဗျာ၊ အင်း.. ပါတီလုပ်ဖို့က ရှန်ပိန်တွေ ရေခဲသေတ္တာထဲ အခုမှ ထည့်တုန်း...၊း)
    Su ...
    Merci beaucoup..!
    မ,ကောင်းမွန်ဝင်း ...
    စိန်ခေါ်မှုတွေကို ရနိုင်သလောက် တုံ့ပြန်ကြိုးစား ကြည့်တာပါပဲ၊ မရတော့ရင်လည်း မရတော့ဘူးလို့ပဲ မှတ်ရမှာပါပဲ၊ အခုတော့ အိုကေနေသေးတယ်၊ ကျေးဇူး တင်ပါတယ်နော်...၊
    Regular reader ...
    Oh...I hope you'll also hear a good news for your exam. Let me know about it! :) Thank you so much for your kind words, too!
    ကိုညိမ်းနိုင် ...
    သူစိမ်းတွေ အလယ်မှာ မျိုးနဲ့ချီပြီး အပြောခံရတော့မှာပဲ ဆိုတာလေး သုံးသွားတာ သဘောကျတယ်ဗျာ၊ အင်း.. အခုတော့ ထူးစိန် မဟုတ်တဲ့ မာလိန်မှူး ပေါ့ဗျာ..အဟဲ၊
    ကို N/A ...
    ကျေးဇူးပါဗျို့၊ စိတ်ဝင်စားတယ် ဆိုလို့လည်း ဝမ်းသာ ပါတယ်၊ ကျနော် ဆက်ရေးဖို့ ကြိုးစားပါ့မယ်..၊
    မချစ်ကြည်အေး ...
    ကျေးဇူးပါ အမ၊ ကက်ပ်တိန် ဝတ်စုံနဲ့ ဓါတ်ပုံဆိုလို့ Jack Sparrow လိုမျိုး ဝတ်ရင်ကောင်းမလားလို့ မျက်စိထဲ မြင်ယောင်ကြည့်နေတယ်ဗျ..၊း)
    ကိုမင်းဧရာ ...
    ကျေးဇူး တင်ပါတယ်ဗျာ...၊
    မချော ...
    ဥပမာပေး နှိုင်းယှဉ်တာကို သဘောကျလို့ ရယ်နေမိ တယ်၊းD ကြံကြံဖန်ဖန် ပြောတတ်တယ်ဗျာ...၊ အင်း.. တကယ်လည်း အဲဒီလိုပါပဲ၊ ဖြေနေတုန်းက အကြွေးရှင် နဲ့ တွေ့နေသလိုမျိုး စိတ်ဖိစီး မှုတွေနဲ့..၊ အောင်သွား တော့ လည်း ချစ်သူဆီက အဖြေရလိုက် သလိုမျိုး တိမ်တွေပေါ် ချက်ချင်းပဲ ရောက်သွားတာ...၊း)
    Mon Petit Avatar ...
    Thanks a lot..!
    မဘေဘီ ...
    ကျေးဇူးပါနော်၊ အင်း ..နောက်တခါတော့ မဘေဘီဆီမှာ သင်တန်းလာတက်ပြီး စားဖိုမှူး စာမေးပွဲ ဝင်ဖြေဦးမှ ပါပဲ....။းD
    ReplyDelete
  13. CONGRATULATION captain tusk!!!!!Thanks for sharing.
    Gyidaw
    ReplyDelete
  14. မောင်မျိုးJune 11, 2011 at 3:24 AM
    ကျောင်းသားလေးကို လာဂုဏ်ပြုပါတယ် ဖြောင်းဖြောင်းဖြောင်းးး)
    အစ်ကို ကျဖူးတဲ့ စာမေးပွဲ တွေကော ရှိပါ့မလား ??
    ReplyDelete
  15. စိတ်ဝင်စားတယ်....း)).. ကျွန်တော်က သင်္ဘောပိုင်းသာလုပ်နေတာ.. သင်္ဘောမမောင်းတတ်ဘူး.. :D
    ခင်မင်လျက်
    နေ၀ဿန်
    ReplyDelete
  16. Congratulations ပါ ကိုညီ။
    အလုပ်က စိတ်ဝင်စားစရာပဲနော်။ တို့လဲ Pearl Habor သွားတုန်းက ရေငုတ်သဘောင်္စီးဖူတယ်။ ရေအောက်က သိပ်လှတယ်။ အလုပ်က အဲဒါမျိုးတွေနဲ့ ဆက်စပ်နေတော့ ပျင်းရမှာ မဟုတ်ဘူး။ နောက်ထပ် အတွေ့အကြုံလေးတွေ လုပ်ပါအုံးး။
    ReplyDelete
  17. Congratulations ပါ ကိုညီလင်းရေ...
    နောက်ကျရင် သဘောင်္မောင်းတဲ့ အတွေ့အကြုံတွေ အများကြီး ဖတ်ရတော့မယ် ထင်တယ်...း))
    ဝတ်စုံပြည့်နဲ့ပုံလေးလည်း လုပ်ပါအုံး... ဟီးဟီး
    ReplyDelete
  18. Congratulations ပါရှင်။ အတွေ့အကြုံတွေက ဖတ်ရတာတောင် ကြောက်စရာ သဲထိတ်ရင်ဖို ရှိလိုက်တာ။ စာမေးပွဲကတော့ ဘယ်အသက်အရွယ်ရောက်ရောက် စာတွေဘယ်လောက်ဘဲရရ ဒူးတုန် ရင်ခုန်ဖြစ်တုံးပါဘဲ။
    ReplyDelete
  19. ကိုညီလင်း ပြောမှ သိတော့တယ် ...ကျွန်တော့်မှာလည်း အကျဉ်းအကျပ် ကြောက်တဲ့ရောဂါ ရှိတယ်.....ငယ်ငယ်ထဲက ကျွန်တော် ချဉ်ထောင်နဲ့ မအိပ်တတ်ဖူး.....မဟာမြိုင်တောထဲမှာ ခြင်ဆေးခွေ အထွန်းကောင်းပြီးအိပ်လိုက်တာ ငှက်ဖျားမိပြီး မသေယုံတစ်မယ်ပါပဲ.......တစ်ခုခုကို ကျဉ်းကျဉ်းကျပ်ကျပ်ခံစားလိုက်ရတိုင်း ညဆို အိမ်မက်ထဲမှာ မြေကြီးထဲမှာ ပိတ်မိနေတာတို့ အခန်းတစ်ခုထဲကို ရောက်ပြီး တစ်ဖြည်းဖြည်း ပိတ်လာတာတို့ SAW ဇာတ်ကားတွေထဲကလို မက်တယ်......အဲဒါနဲ့လန့်နိုးတဲ့အကြိမ်ပေါင်းလည်း မနည်းဘူး.....Tunnel Rats ကြည့်ပြီးတော့လည်း စိတ်ထဲ တော်တော်နဲ့ အီလည်လည်ကြီးက မပျောက်ဘူး
    ReplyDelete
  20. ဒီသတင်းအတွက် ၀မ်းသာ ဂုဏ်ယူမိတယ် ညီလင်းရေ ... အတွေ့အကြုံတွေနဲ့ဓါတ်ပုံလေးတွေလည်း နောက်တင်ပေးဦးနော် ... ဖြေရမယ့် စာမေးပွဲတွေရှိသေးရင်လည်း အားလုံး ချောချောမွေ့မွေ့ အောင်မြင်ပါစေ ဗျာ ... ။
    ကိုယ်တွေကတော့ ရေတောင် မကူးတတ်ဖူးး)
    mie nge
    ReplyDelete
  21. ဂျီးဒေါ် ...
    Captain tusk?.. ဟားဟားဟား၊ ရှာရှာဖွေဖွေ စဉ်းစား တတ်တယ်ဗျာ...၊းD ကျေးဇူးပါပဲနော်..၊
    မောင်မျိုး ...
    အခုလို လာရောက် ချီးမြှင့်တာ ကျေးဇူးပါခင်ဗျာ...၊း)
    ကျနော် ကျခဲ့ဖူးတဲ့ စာမေးပွဲ တစ်ခု ရှိတယ်ဗျ၊ ဂျီတီအိုင် ဝင်ခွင့် စာမေးပွဲပါ..၊
    ကိုနေဝဿန် ...
    သင်္ဘောပိုင်း လုပ်တယ်ဆိုတော့ စိတ်ဝင်စားဖို့ ကောင်းမှာပဲ၊ သင်္ဘောတွေကို ထဲထဲဝင်ဝင် လေ့လာကြည့်ရင် တခြား သယ်ယူပို့ဆောင်ရေး ယာဉ်တွေနဲ့ မတူတဲ့ အချက်တွေ အများကြီးပဲနော်..၊
    အမမိုးချိုသင်း ...
    ဟား..တယ်မိုက်ပါလား၊ Pearl Habor မှာ ရေငုပ်သင်္ဘော စီးခဲ့တာဆိုတော့၊ အလုပ်အကြောင်း အဆင်ပြေတိုင်း ရေးကြည့်ပါ့မယ်၊ အမလည်း စာပြန် မရေးတော့ဘူးလား...? လုပ်ပါဦး?း) ဂုဏ်ပြုတဲ့အတွက် ကျေးဇူးလည်း တင်ပါတယ်ဗျာ..၊
    မသက်ဝေ ...
    ကျေးဇူးပါခင်ဗျာ၊ အင်း.. မသက်ဝေ ပြောတဲ့အတိုင်းဆိုJack London လို စာတွေ အများကြီးရေးပြီး Jack Sparrow လို ဝတ်စုံနဲ့ ဓါတ်ပုံတွေ ရိုက်မှပဲဗျ၊ ၂ ယောက် စလုံးကလည်း သင်္ဘောပေါ်က ပုဂ္ဂိုလ်တွေ ဆိုတော့...၊းD
    မအိမ်သူ ...
    ကျေးဇူး တင်ပါတယ်နော်၊ သဲထိတ်ရင်ဖို ရှိတယ်ဆိုလို့ ရေပြင်ပေါ်မှ လျှို့ဝှက်သဲဖို ဇတ်လမ်းများ ဆိုပြီး ရေးကြည့်ရင် ကောင်းမလားလို့ ခပ်နောက်နောက် တွေးနေမိတယ်ဗျ...၊း)
    အမည်ဝှက်စာဖတ်သူ ...
    အင်း.. ရောဂါ လက္ခဏာ တွေကတော့ claustrophobia ဖြစ်ကြောင်း ထောက်ခံနေပါလား၊း) ကျနော့် မိတ်ဆွေ တွေထဲမှာလည်း ဒါမျိုးဖြစ်တဲ့သူတွေ ရှိတယ်ဗျ၊ သူတို့ကတော့ ဓါတ်လှေကား ရှောင်ကြတယ်၊ claustrophobia က agoraphobia နဲ့စာရင် ဘာမှ စိုးရိမ်စရာ မရှိပါ ဘူးဗျာ..၊း)
    မ mie nge ...
    ကျေးဇူးတင်ပါတယ် ခင်ဗျာ၊ လောလောဆယ်တော့ ဘာ စာမေးပွဲမှ မဖြေချင်သေးပါဘူး၊ holidays ပဲ သွားချင် နေတယ်၊း) ကျနော် ကြားဖူးတာက လူတစ်ယောက်ကို ရေကူးတတ်စေချင်ရင် ရေထဲသာ တွန်းချလိုက် ဆိုလား ...၊းD
    ReplyDelete
  22. ကိုညီလင်းသစ် ရေ
    စာမေးပွဲ အောင်တယ် ဆိုတာ ဝမ်းသာစရာပါ အားလုံး အဆင်ပြေပါစေ
    ကျနော် ကတော့ စာမေးပွဲ ဆို ဘာမှ မဖြေချင်တော့ဘူး
    ReplyDelete
  23.ံHello Mr. Captain,
    ဂုဏ်ယူပါတယ်။
    ရုတ်တရက်တော့ နည်းနည်းကြောင်သွားတယ်။ အလုပ်များ ပြောင်းလုပ်မလို့လားလို့။ ပြီးမှ သဘောပေါက်တယ်။ စိန်ခေါ်မှုတစ်ခုအပေါ်
    အောင်မြင်အောင် လုပ်နိုင်ခဲ့တဲ့အတွက် လေးစားပါတယ်ဗျာ။
    တောင်ငူသား
    ReplyDelete
  24. မရွှေဇင်ဦး ...
    ကျေးဇူး တင်ပါတယ်ခင်ဗျား..၊ ကျနော်လည်း စာမေးပွဲ တွေ သိပ်မဖြေချင်တော့ပါဘူး..၊
    တောင်ငူသား ...
    အခုလို အားပေးတာ ကျေးဇူးပါ၊ အလုပ်က လိုအပ်တာ ဆိုတော့လည်း တတ်နိုင်သလောက် လုပ်ရတာပါပဲဗျာ...။း)
    ReplyDelete
  25. Félicitation! chemin à parcourir.......
    ReplyDelete
  26. ကောင်းတယ်...မတတ်သင့်တဲ့ပညာဆိုလို့ တစ်ခုမှ မရှိဘူးမဟုတ်လား...ကဲ ကက်ပတိန်ကြီးနဲ့ သဘောင်္သေးသေးလေးတို့ရဲ့ စွန့်စားခန်းကို စောင့်ဖတ်မယ်ဗျား...
    ReplyDelete
  27. ကိုကျော်မင်းနိုင် ...
    Merci beaucoup..!
    ကိုဟန်ကြည် ...
    တတ်ထားတော့လည်း မမှားဘူးလို့ ပြောကြတာပါပဲဗျာ၊ လာလည်တာ ကျေးဇူးပါဗျား....။း)
    ReplyDelete
  28. အကိုရေ အောင်မြင်မှုအတွက် ဂုဏ်ယူပါတယ်လို့..အရောက်နောက်ကျတဲ့ အတွက် ခွင့်လွတ်ပါလို့....:):) နောက်ထက်လည်း ကပ္ပတိန်ရဲ့ အတွေးအကြုံ လေးတွေ ရေးပြပေးပါလို့..
    ခင်မင်လေးစားလျှက်...ကောင်းသောနေ့လေး
    ဖြစ်ပါစေ အကို..
    ReplyDelete
  29. စာမေးပွဲအောင်တဲ့အကြောင်း ဖတ်ရတာ အရသာရှိလိုက်တာ။ ၀မ်းသာဂုဏ်ယူပါတယ် ကပ္ပတိန်ကြီး :))။
    ကျမလဲ စာမေးပွဲပြီးတော့ အောင်စာရင်း မျှော်ရမယ့်ဒုက္ခရှိသေးတယ်။ ကိုညီလင်းသစ်ရေးသလိုပဲ ဖြေနေတုန်း တချက်ကလေး မမှားလိုက်နဲ့ ပူလောင် ယောက်ယက်ခတ်ပြီး အကုန်မေ့ကုန်တော့တာပဲ။ အသက်ဘယ်လောက်ကြီးကြီး စာမေးပွဲကိုတော့ ကြောက်တုန်း။
    "ဒါပေမဲ့ ကျနော် အောင်ပါတယ်"လို့ ကိုညီလင်းသစ်လို "ဒါပေမဲ့ ကျမအောင်ပါတယ်"လို့ ရေးလိုက်ချင်စမ်းပါဘိရှင် ... ။
    ReplyDelete
  30. ညီမ Angelhlaing ...
    တောင်းပန်စရာ မလိုပါဘူး ညီမရာ..၊ ဒီလိုပဲ အဆင်ပြေမှ သွားလာဖတ်ရှုနေကြ သူတွေချည်းပါပဲ၊ ပုံမှန်လာလည်တာကိုပဲ ကျနော်က ကျေးဇူးတင် မဆုံးပါဘူး...၊
    မမေဓာဝီ ...
    ဂုဏ်ပြုတာ ကျေးဇူးပါနော်၊ မမေဓာဝီလည်း စာမေးပွဲ အောင်မှာ အသေအချာပါ၊ ကျနော်ယုံကြည်ပါတယ်၊ ဘလော့ဂ်ကို ပိတ်ပြီး သူတင်ကိုယ်တင် အပြင်းအထန် ကြိုးစားခဲ့တဲ့ သူရဲ့ ရှေ့မှောက်ကို အောင်မြင်မှုက မလွဲမသွေ ရောက်ကိုရောက်လာရမှာ....။
    ReplyDelete
  31. Ehhhhh... excited for tomorrow presentation... So I come again to read your excitement here... :(
    ReplyDelete
  32. ခုမှ လာဖတ်ဖြစ်ပါတယ်.။
    ကောင်းလိုက်တာ...သင်္ဘောမောင်းရမှာဆိုတော့..။
    အစကထင်နေတာ..
    သင်္ဘောနဲ့ ပင်လယ်ကို အလည်ထွက်ဖို့များ
    အစီစဉ်ရှိနေသလားလို့..။
    သေချာဖတ်မှ သဲကွဲတော့တယ်..။
    ပေါက်
    ReplyDelete