24 June 2011

မီယာဇာကီနှင့် ကျနော်တို့မိသားစု


ကမ္ဘာကျော် ကာတွန်းရုပ်ရှင် ဂျပန်ဒါရိုက်တာတစ်ဦး ဖြစ်တဲ့ မီယာဇာကီ (Hayao Miyazaki) ကို ကျနော်သိခဲ့တာ အခုဆိုရင် သုံးလေးနှစ်တော့ မကတော့ပါဘူး၊ မထင်မှတ်ဘဲနဲ့ သူ့ရဲ့ ကာတွန်းကားတစ်ခုကို ကြည့်မိသွားရာကနေ တခြားလက်ရာ တွေကိုလည်း တစ်ခုပြီးတစ်ခု တဖြည်းဖြည်းချင်း ကြည့်ဖြစ်သွားတယ်၊ သူ့ရဲ့ Spirited Away ဆိုတဲ့ ဇတ်ကားက ၂၀၀၂ ခုနှစ်မှာ အကောင်းဆုံး Best Animated Feature ဆု ရခဲ့ဖူးပါတယ်၊ ကျနော် ပထမဦးဆုံး စ,ကြည့်ဖူးတာကလည်း အဲဒီ ဇတ်ကားပါပဲ၊ ဒီနောက်ပိုင်းမှာတော့ သူ့ရဲ့ကားတွေကတဆင့် သူ့အကြောင်း၊ သူ အလုပ်လုပ်ပုံကို သတိထား လေ့လာဖြစ် ခဲ့ပါတယ်...၊

မီယာဇာကီဆိုတဲ့ နာမည်ကို ကျနော်ပထမဆုံး စ,ပြီး ကြားဖူးတာက လွန်ခဲ့တဲ့ ၅ နှစ်၊ ၆ နှစ်လောက်ကပါ၊ နေရောင်ခြည် ခပ်နွေးနွေး ဖြာကျနေတဲ့ ဆောင်းဦးပေါက် နေ့တစ်နေ့မှာ မအိမ်သူက အိမ်ကို ဒီဗီဒီတစ်ချပ် ယူလာခဲ့တယ်၊ မီယာဇာကီရဲ့ Castle in the sky ဆိုတဲ့ ဇတ်ကား...၊ ဘယ်လိုကဘယ်လို သူရှာတွေ့လာသလဲတော့ မပြောတတ်ပါဘူး၊ မီယာဇာကီဆို တာ နာမည်ကြီး ဒါရိုက်တာဖြစ်ကြောင်း၊ သူ့ရဲ့ ဇတ်ကားတွေက သူများနဲ့မတူကြောင်း၊ တချို့ဆို ခဏခဏ ပြန်ကြည့်ချင် လောက်အောင် ကောင်းကြောင်း ဖွဲ့နွဲ့ပြောပြပြီး ကျနော့်ကို လာကြည့်ဖို့ ခေါ်တယ်၊ ပြီးတော့ ပြောပြောဆိုဆိုနဲ့ ဧည့်ခန်းမှာ အဲဒီ Castle in the sky ကိုကြည့်ဖို့ လုပ်နေတယ်၊ ဒါပေမယ့် ကျနော်ကတော့ အင်းမလုပ် အဲမလုပ်ပဲ နေလိုက်တယ်၊ ပထမ တစ်ချက်က ကျနော်စာမေးပွဲဖြေဖို့ စာကျက်နေရလို့ပါ၊ အဲဒီတုန်းက နောက်ဆုံးနှစ် စာမေးပွဲအတွက် အလုပ်ရှုပ်နေတဲ့ အချိန်ပေါ့၊ ဒုတိယ တစ်ချက်ကတော့ အမှန်ပြောရရင် ဂျပန် မန်ဂါ ကာတွန်းရုပ်တွေကို ကျနော် သိပ်မကြိုက်ပါ ဘူး၊ ဥရောပ နိုင်ငံတိုင်းလိုလိုမှာ ဒီ မန်ဂါကာတွန်းတွေ အရမ်းခေတ်စားနေပေမယ့် ကျနော်က သူတို့ရဲ့ sketch ကို သိပ်ခံစား လို့ မရတာပါ၊ ဒါနဲ့ပဲ မအိမ်သူ ကျေနပ်အောင် ဇတ်ဝင်ခန်း တစ်ခန်းလောက်ပဲ ကြည့်ပြီး အခန်းထဲပြန်လာ စာကျက်နေခဲ့တယ်၊ သူကတော့ အသက်မရှူ၊ မျက်တောင်မခတ်ဘဲ ကြည့်ပြီး ကျန်ခဲ့လေရဲ့...၊

ဒီလိုနဲ့ ကျနော် စာမေးပွဲတွေပြီးလို့ အေးအေးလူလူ ရှိနေတဲ့အချိန်မှာ မီယာဇာကီက သတိမပြုလို့ မရလောက်အောင်ပဲ ကျနော်တို့အိမ်ကလေးထဲ ဝင်လာခဲ့တော့တယ်၊ Castle in the sky နဲ့ သူ့ရဲ့ ရာနှုန်းပြည့် ပရိတ်သတ် ဖြစ်သွားတဲ့ မအိမ်သူက မီယာဇာကီရဲ့ ဇတ်ကား တွေကို ဟိုတစ၊ ဒီတစ လိုက်စုဆောင်း ပါတော့တယ်၊ တခါတလေ အပြင်က ပြန်လာရင် ဝယ်လာတာမျိုး၊ တခါတလေ အင်တာနက်ကနေ amazon.com မှာ လှမ်းဝယ်တာမျိုး၊ တခါတလေ ဘယ်သူ့ဆီကမှန်းမသိ ငှားလာတာမျိုး စသဖြင့်နဲ့ မီယာဇာကီရဲ့ ခြေရာတွေက ကျနော်တို့ ရဲ့ အိမ်ကလေးအနှံ့ တဖြည်းဖြည်း စွဲထင်လာခဲ့တယ်၊ တိုတိုပြောရရင်တော့ မီယာဇာကီရဲ့ ရင်တွင်းဖြစ်ရိုက်ချက်မှာ ကျနော်လည်း မျောသွား တော့တယ်၊ မြင်ပါများတော့ ယဉ်ဆိုသလို မန်ဂါ ကာတွန်းရုပ်တွေကလည်း အရင်ကလောက် မျက်စိထဲမှာ ထောင့်မနေတော့ဘူး၊


Photobucket

ဟိုတနေ့ကတော့ သားကလေးကပါ မီယာဇာကီရဲ့ KiKi's Delivery Service ဆိုတဲ့ ကာတွန်းကားလေးကို ကြည့်ဖို့ ပူဆာတယ်၊ ပုံမှန်ဆိုရင် သားကို ကျနော်တို့က ကာတွန်းဇတ်လမ်း အရှည်ကြီးတွေ မပြပါဘူး၊ Episodes လေးတွေပါတဲ့ ဇတ်ကားမျိုးပဲ ကြည့်ခွင့်ပေးတယ်၊ ၃ နှစ်ခွဲအရွယ် ကလေးတစ်ယောက်က တနေ့မှာ နာရီဝက်၊ မိနစ် ၄၀ လောက် တီဗီ ကြည့်ရရင်ပဲ တော်သင့်နေပြီ မဟုတ်လား၊ ဒါပေမယ့် အဲဒီနေ့က အားလပ်ရက်လည်း ဖြစ်နေတော့ အထူးအခွင့်အရေး အနေနဲ့ သူ့ကို ကြည့်ခွင့်ပေးလိုက်တယ်၊ ပြီးတော့ ကျနော်က မီးပူ တိုက်စရာလည်း ရှိနေတယ်လေ၊ မီးပူတိုက်ရတာကို ကျနော် ကြိုက်ပါတယ်၊ အိမ်မှာ ရှိသမျှ အဝတ်အစားတွေအားလုံး မီးပူတိုက်တာက ကျနော့်တာဝန်ပါ၊ ဆိုတော့ တစ်ပတ်စာ အဝတ်တွေ မီးပူတိုက်ရင်း အဲဒီ KiKi's Delivery Service ကို သားနဲ့အတူ ထပ်ပြီး ကြည့်ဖြစ်ပြန်ပါတယ်၊ မအိမ်သူက စ,လိုက်တာ အခုတော့ တမိသားစုလုံး မီယာဇာကီ ပရိတ်သတ် တဖြည်းဖြည်း ဖြစ်လာနေပြီ၊ ဇတ်လမ်းကို သိပြီးသားဖြစ်လို့ ဒီတစ်ခေါက်မှာ နည်းပညာပိုင်းကို အဓိကထားပြီး ကြည့်တယ်၊ အဲဒီလို ကြည့်လေလေ မီယာဇာကီရဲ့ အသေးစိတ်နိုင်မှုကို မြင်လေလေပါပဲ၊

ပထမဆုံး ပြောရမှာက ဇတ်အိမ်တည်ဆောက်ပုံ...၊ သူ့ရဲ့ ဇတ်ကားတွေမှာ တကားဆို ဆိုသလောက် ဘယ်ကဘယ်လိုများ အတွေးတွေ ရခဲ့ပါလိမ့်လို့ ကျနော် အမြဲတွေးမိတယ်၊ ပထမဆုံး ကြည့်မိတဲ့ Spirit Away မှာ သရဲ မြို့တော်က စားသောက်ဆိုင်တန်းမှာ စားစရာတွေ မှာစားမိတဲ့ ကလေးမလေးတစ်ယောက်ရဲ့ အကြောင်းက စ,တယ်၊ အဲဒီထဲမှာ ပြိတ္တာလိုလို၊ နာနာဘာဝလိုလို၊ ကျပ်လိုလို အကောင်တွေကို ဆွဲထားတာများ တကယ် လက်ဖျားခါစရာပါပဲ၊ ကျနော်တို့ ကြည့်ဖူးနေကျ ရုပ်ရှင်တွေထဲက သရဲတွေ လို မဟုတ်ဘဲ သီးသန့်ခွဲထွက်တဲ့ စတိုင်နဲ့ ဆွဲထားခဲ့တယ်၊ မကောင်းဆိုးဝါး အကောင်တွေက ကြည့်ကာစ,မှာ ကြောက်စရာ ကောင်းတာမျိုး မဟုတ်ဘူး၊ ဒါပေမယ့် တစိမ့်စိမ့်နဲ့ အော်ဂလီဆန်ချင်စရာ ကောင်းလာစေတယ်၊ နောက်ဆုံး ကြည့်ဖြစ်တဲ့ Ponyo ကားမှာလည်း ပင်လယ်ထဲက စုန်းလိုလို အကောင်တွေ၊ ပင်လယ်နတ်သမီး၊ လေနတ်သား စတဲ့ ဇတ်ရုပ်တွေကို ဆွဲထားတာ ကျနော့်အတွက်တော့ ရင်သပ်ရှုမော ဖြစ်ရတယ်၊

ဒုတိယ ပြောစရာကတော့ မီယာဇာကီရဲ့ အလင်းကို နိုင်နင်းမှုပါပဲ၊ ဓါတ်ပုံတွေ၊ ဗီဒီယိုတွေမှာ အလင်းဟာ အင်မတန် အရေးပါသလို သူ့ရဲ့ ဇတ်ကားတွေမှာလည်း တန်းတူ အလေးပေးထားတယ်၊ နေရောင်အောက်မှာ လူရဲ့ အရိပ်ကျပုံ၊ လေတိုက်တဲ့ လမ်းကြောင်း၊ မြက်ပင်တွေက လှုပ်ရှားပုံ၊ အခန်းထဲက ဖုန်မှုန့်တွေကို လေနဲ့မှုတ်လိုက်လို့ ပြန့်ကျဲပြီး ပြန်ကျလာတဲ့ပုံ..၊ တကယ့်ကို အများကြီးပါ၊ အခန်းထောင့်မှာ ကျနေတဲ့ မထင်မှတ်တဲ့ အရိပ်သေးသေးလေးက အစ အလင်းနဲ့ ပတ်သက်ရင် ဟာကွက်မရှိအောင် စေ့စပ်လှတယ်၊ သေသေချာချာ လိုက်ကြည့်လေ လေ၊ မြင်လေလေ၊ သူ့ရဲ့ အရည်အချင်းကို အံ့သြမိလေလေ ပါပဲ၊ တကယ့်ကို စိတ်ရှည်ရှည်နဲ့ အချိန်ယူထားခဲ့တာ...၊

တတိယ ပြောစရာကတော့ အသံပိုင်း ဆိုင်ရာ နိုင်နင်းမှုပါ၊ ရုပ်ရှင်ကား တစ်ကားမှာ အသံဟာ အင်မတန် အရေးပါ,ပါတယ်၊ ဥပမာ- ကြောက်စရာ ကောင်းလွန်းတဲ့ သရဲကား တစ်ကားကို အသံပိတ်ပြီး ကြည့်မယ်ဆိုရင် မူလ ကြောက်တာထက် ၅၀% လောက်ပဲ ကြောက်စရာ ကောင်းပါလိမ့်မယ်၊ ဒီလို အခန်းကဏ္ဍကို မီယာဇာကီက ကောင်းကောင်း နားလည်နိုင်နင်းတယ်၊ သစ်ရွက်ကလေးကို နင်းမိတဲ့အသံ၊ မြက်ရိုင်းပင်လေးတွေကို လေတိုးသွားတဲ့ အသံ၊ ဂါဝန်အနားစ တဖျတ်ဖျတ် လွင့်နေတဲ့အသံ ပါးပါးလေး..၊ အစရှိသဖြင့် အသံတွေကို အပိုအလို မရှိ သုံးနိုင်တယ်၊ နောက်ပြီးတော့ သူ့ကို သဘောကျတာက အော်ခက်စ်ထရာတွေကို ရေရေလည်လည် ခိုင်းစားနိုင်မှုပါ၊ ကျနော်က နဂိုကတည်းက orchestra သံစုံတီးဝိုင်းတွေကို ကြိုက်တယ်၊ အဲဒီမှာ တူရိယာအစုံပါတယ်၊ မြိုင်တယ်၊ ခန့်တယ်၊ ကြီးကျယ်တယ်၊ မှော်ဓါတ် အပြည့်ပါတယ်၊ မီယာဇာကီရဲ့ ကားတွေမှာ အော်ခက်စ်ထရာကို ကောင်းကောင်းသုံးလေ့ ရှိပါတယ်၊ တီးဝိုင်းတခုလုံးကို သုံးတဲ့အခါ ရှိသလို ဒီသံစဉ် တစ်ခုတည်းကိုပဲ ဇတ်ဝင်ခန်းအလိုက် တယော၊ စန္ဒရား၊ ကလဲရီနက်၊ ဂစ်တာ သူ့နေရာနဲ့သူ အလှည့်ကျ သုံးသွားတာဟာ သူ့ဇတ်ကားတွေရဲ့ ပံ့ပိုးမှု တရပ်ပါပဲ၊

မီယာဇာကီကို feminist လို့ပြောကြတယ်၊ သူ့ကား အားလုံးနီးပါးလိုလိုမှာ အဓိက ဇတ်ကောင်တွေက ငယ်ရွယ်တဲ့ အမျိုးသမီးလေးတွေပါ၊ ဒီ မိန်းကလေး ဇတ်ရုပ်တွေကို ရဲရင့်ထက်မြက်တဲ့၊ အပြင်ပန်း နုနယ်ပေမယ့် စိတ်ဓါတ်မာကျောတဲ့ အသွင်မျိုး ဖန်တီးပေးထားလေ့ ရှိတယ်၊ မီယာဇာကီက မိန်းမသားတွေ တန်းတူ အခွင့်အရေး ရမှသာလျှင် တိုးတက်ငြိမ်းချမ်းတဲ့ လူ့ဘောင်ကို တည်ဆောက်နိုင်မယ်လို့ ယုံကြည်ထားသူပါ၊ ဒါ့ကြောင့်လည်း အမျိုးသမီးတွေ ဦးဆောင်တဲ့ အကျပ်အတည်း ဖြေရှင်းမှုတွေ၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းမှုနဲ့ နှီးနွယ်တဲ့ အကြောင်းတွေကို သူ့ရဲ့ ကားတွေမှာ တွေ့ရတတ်တာပါ၊ သူ့ရဲ့ ဇတ်ကားတွေကို လူကြီးရော ကလေးပါ ကြည့်နိုင်တယ် ဆိုပေမယ့် လောလောဆယ်တော့ သားကို KiKi's Delivery Service တစ်ကားပဲ ကြည့်ခွင့်ပေးထားတယ်၊ မအိမ်သူနဲ့ ကျနော်အပြင် အခု သားကပါ သူ့ရဲ့ ပရိတ်သတ် ဖြစ်ချင်ချင်ပါ၊ တဆိတ်ရှိ 'ကီကီ ကြည့်မယ်' လို့ လုပ်တတ်နေပြီ၊ ကျနော့်ရဲ့ ရည်ရွယ်ရင်းက မီယာဇာကီရဲ့ အကြောင်းကို ရေးဖို့ မဟုတ်သလို သူ့ရဲ့ ဇတ်ကားတွေကို ရီဗျူးလုပ်ဖို့လည်း မဟုတ်ပါဘူး၊ အာရှရဲ့ Walt Disney လို့ တင်စားခံရတဲ့ ဂျပန် ဒါရိုက်တာတစ်ယောက် ကျနော်တို့မိသားစုရဲ့ နှလုံးသားတွေကို သိမ်းကြုံးယူသွားခဲ့တဲ့ အကြောင်းလေး ပြောပြချင်ရုံ သက်သက်ပါ၊ အကယ်၍ စာဖတ်သူ တစ်ယောက်တလေကများ မီယာဇာကီကို မသိသေးဘူး ဆိုရင်တော့ အောက်မှာရှိတဲ့ ဝီကီ အညွှန်းမှာ သူ့ရဲ့ ဇတ်ကားစာရင်း ပါ,ပါတယ်၊ ကြုံကြိုက်တဲ့အခါ တခါလောက်တော့ အနည်းဆုံး ကြည့်ဖြစ်အောင် ကြည့်,ကြည့်ပါ၊ မီယာဇာကီ ဆိုတာ ဘယ်လိုဖြစ်လာတာလဲလို့ တွေ့ပါလိမ့်မယ်...။ ။


Ref: Hayao Miyazaki


ညီလင်းသစ်
၂၅ ဇွန်၊ ၂၀၁၁

34 comments:

  1. မျှဝေပေးတာ ကျေးဇူးပါ
    ကြည့်ကြည့်အုံးမယ်

    ReplyDelete
  2. This comment has been removed by the author.

    ReplyDelete
  3. sprited away က တကယ့်လူ့လောကကို လှောင်ပြောင် သရုပ်ဖော်နေတာလို့မြင်မိတယ်။ သူတို့မိသားစု ကားပျက်တာက စပါတယ်။ အဖေနဲ့အမေ အစားအသောက်တွေငမ်းရာကနေ ဝက်ကြီးတွေဖြစ်သွားကြတာမို့ ကလေးမလေး အိမ်အပြန်ခက်သွားခဲ့တာပါ။ ပိုက်ဆံငွေကြေးနောက်ကို လိုက်နေတဲ့လူတွေ ပြိတ်တာလိုအကောင်တွေကိုတောင် မရွံ့မရှာချဉ်းကပ်ကြတဲ့အကြောင်းလည်းပါတယ်. စုန်းမကြီးအခန်းထဲက ခေါင်းသုံးလုံးကလည်း အသက်ဝင်ပီပြင်လှသလို ကလေးကြီးကလည်း ချစ်ဖို့ကောင်းပါတယ်
    အဲ့ဒီကာတွန်းကားကို ကြိုက်ပါတယ်

    ReplyDelete
  4. နိုင်းနိုင်းစနေ ညွန်းလို့  Sprited Away,Princess Mononoke, Grave of FireFlies ကြည့်ပြီးပါပြီ။ အရမ်းကောင်းတယ်။ အကိုညွှန်းလို့  Castle in the sky ကို ကြည့်လိုက်ဦးမယ်။ ကားကောင်းလေးတွေ ကြည့်ရရင် ညွှန်းပါဦးနော် :)။

    ReplyDelete
  5. သူငယ်ချင်းက ခဏခဏကြည့်ဘို့ ပြောတယ်။ မကြည့်ဖြစ်ဘူး။ ကြည့်အုန်းမှဘဲဒါ ဆို။ ကျေးဇူးနော်။
    အိုင်အိုရာ

    ReplyDelete
  6. အညွှန်းနဲ့တင် ဆွဲဆောင်မှုအရမ်းကောင်းနေပြီ။ ကြည့်ဖြစ်ဖို့ကတော့ အသေအချာဘဲ။

    ReplyDelete
  7. Ponyo ကိုကြည့်မယ်ကြည့်မယ်နဲ့ ခုထိမကြည့်ဖြစ်သေးဘူး၊ အလုပ်ထဲမှာ အဲဒီကားထဲက သီချင်းနဲ့ ဖုန်း ring tone လုပ်ထားတဲ့သူရှိတယ်၊ နားထောင်လို့ သိပ်ကောင်းတာ။ 宮崎 駿 ဆိုတဲ့ ခန်းဂျီးနဲ့ပဲ ပိုရင်းနှီးတယ်၊ Miyazaki ဆိုတော့ ဘယ်သူများလဲလို့။

    ReplyDelete
  8. Totoro ကို စပြီးကြည့်ဖူးကတည်းက အဲ့ဒီ cartoon theme ကို သတိထားမိတာ။ သူ့ကာတွန်းကောင်လေးတွေ လက်ဆောင်ရောင်းတဲ့ဆိုင်တွေမှာ ခဏခဏမြင်ရတယ်။ အသေးစိတ်လေးတွေကအစ စေ့စပ်သေချာတဲ့ ကာတွန်းကောင်းတွေ ပေးကြည့်တာ ကလေးတွေအတွက် စိတ်ကူးဥာဏ်ကောင်းစေတယ် တဲ့.. =)

    ReplyDelete
  9. အမှန်အတိုင်းပြောရရင် မကြည့်ဖူးဘူး
    ဒါပေမဲ့ ကိုညီလင်းသစ် အညွှန်းကောင်းတာနဲ့ တော်တော်ကိုစိတ်ဝင်စားသွားမိတယ်။ ရှာကြည့်ဖို့ ဆုံးဖြတ်လိုက်ပြီရှင်..

    ReplyDelete
  10. Thank you for sharing and recommending this, Ko Nyi Linn Thit! Will definitely look for those cartoons.
    Mon Petit Avatar

    ReplyDelete
  11. ဟား.....အတော်ပဲ...picktorrent ကနေဒေါင်းယူဖို့ ကား
    အမည်တွေရဘီ...။မီယာဇာကီ ရဲ့ကားတွေကို ဘလော့တစ်ခုမှာညွှန်းလို့ Princess Mononoke တစ်ကား
    ဒေါင်းပြီးကြည့်ဖြစ်တယ်...။အဲ့တစ်ကားနဲ့တင်ကြိုက်သွား
    တာ....။ဒါပေမယ့်သူ့ကားအမည်တွေမသိတော့ မရှာတတ်
    ဘူးဖြစ်နေတာ...(ပျင်းတာလည်းပါတယ်...:)။ကျေးဇူးတင်
    တယ်အစ်ကိုရေ...။ပြောလက်စနဲ့ပြောရရင် ကျွန်တော်
    လည်းအရင်ကဂျပန်ကာတွန်းရုပ်တွေကိုကြိုက်ဖူးရယ်..။
    ခုတော့ မီယာဇာကီကြောင့် ကြည့်တတ်သွားတာ...။

    ReplyDelete
  12. တခါမှ မကြည့်ဘူးသေးဘူး
    ခံစားကြည့်တာပေါ့

    ReplyDelete
  13. Sprited away တော့ ရို့စ် ကြည့်ပြီးတာ နည်းနည်း ကြာပြီ။ ကျန်တာတွေ မကြည့်ရသေးဘူး။ ကြည့်လိုက်ဦးမှ။ ရို့စ်လည်း ကာတွန်းကားဆို ကြိုက်တယ်။ ကလေးတွေနဲ့ အတူ ကြည့်တား))

    ReplyDelete
  14. ကျွန်တော်ရယ် သားရယ်ကလဲ ကာတွန်းကားဘစ်ဖန်တွေပါပဲ..
    N/A

    ReplyDelete
  15. ကိုညီလင်းသစ်ညွှန်းကောင်းလို့ ကြည့်ရမယ့်ကားလေးတွေထပ်တိုးလာပြီ...။ Princess Mononoke တစ်ကားတော့ကြည့်ဖူးတယ်.. ဒါရိုက်တာဘယ်သူလိုဆိုတာတော့ ထဲထဲဝင်င်မလေ့လာဖြစ်ဘူး...။ Ponyo ကားလေးကြည့်ချင်လှပြီ...။

    ReplyDelete
  16. ကာတွန်းကားတွေကို စိတ်ဝင်စားတယ်၊
    အညွှန်းသဘောရေးထားတာ သိပ်ကောင်းတာပဲ။

    ReplyDelete
  17. ကျမလဲ မကြည့်ဖူးသေးဘူး။ ကိုညီလင်း အညွှန်းကောင်းလို့ ကြည့်ချင်သွားပြီ။ ကိုညီလင်းက အသေးစိတ်ကို သတိထားကြည့်ထားပြီး ပြန်ရေးပြတာ သိပ်ကောင်းတယ်။ အဲလိုလေးရေးပြမှ ကျမတို့လဲ သတိထားကြည့်မိမှာ။

    ဒါနဲ့ ကျမကတော့ မီးပူတိုက် အလွန်ပျင်းတာ။ ကိုညီလင်းက မီးပူတိုက်ရတာ ကြိုက်တယ်ဆိုလို့ အံ့သြမိသေး :))

    ReplyDelete
  18. မဘေဘီ ...
    ကြည့်ပါ၊ ကြည့်ပါ...၊ ကြိုက်ဖို့ များပါတယ်..၊း)

    nyi ...
    အသေးစိတ်ကို မှတ်မိနေတာပဲ၊ ဟုတ်တယ်ဗျ၊ အဲဒီလို လူ့လောကကို သရော်တဲ့ ရှုထောင့်ဆိုတာကို ကျနော် လည်း သဘောတူတယ်၊

    ကိုစန်းထွန်း ...
    ကျနော်တော့ Castle in the sky ကို အတော်လေး ကြိုက်ခဲ့တယ်ဗျ၊ လာလည်တဲ့ အတွက်လည်း ကျေးဇူး ပါဗျာ...၊

    မအိုင်အိုရာ ...
    ဒါဆိုရင် ဒီတခါတော့ အဲဒီ သူငယ်ချင်းစကားကို နားထောင်လိုက်ဖို့ သင့်ပါပြီ....၊း)

    မအိမ်သူ ...
    အဆင်ပြေရင် ကြည့်သာကြည့်ဗျို့၊ ရသအစုံ ရမှာ သေချာတယ်...၊း)

    ကိုတီဇက်အေ ...
    ဟာ.. ဒါဆိုရင်တော့ Ponyo ကို အမြန်သာ ကြည့်ပါလို့ တိုက်တွန်းချင်တယ်ဗျာ၊ ထုံးစံအတိုင်း သူပဲ ကြံကြံဖန်ဖန် စဉ်းစားတတ်မယ့် အတွေးမျိုးတွေနဲ့ဗျ၊ Music နဲ့ Scenery ကတော့ အထူးပြောစရာကို မလို တော့ပါဘူး...၊ ခန်းဂျီးတော့ နကန်းတလုံးမှ နားမလည် ဘူးဗျာ..၊း(

    မရွှန်းမီ ...
    ဒီကွန်မန့်ကို သားသာ မြင်ရင်တော့ မရွှန်းမီကို အတော် ကျေးဇူးတင်မှာ သေချာတယ်၊ ပြီးရင်တော့ ကျနော့်ကို အရေးဆိုလိမ့်မယ်....ဟားဟား၊းD

    မချော ...
    ကျနော် ညွှန်းတာက နည်းနည်းရယ်ပါ၊ ကာတွန်းကား မကြိုက်သူတွေတောင် ကြည့်ပျော်တယ် လို့ မှတ်ချက် ပေးကြပါတယ်...၊ ဆိုတော့ ကြည့်သာ ကြည့်,ကြည့်ပါ၊

    Mon Petit Avatar ...
    Sharing is caring လို့ ဆိုကြပြန်တယ် မဟုတ်လား၊ Just go for it လို့ပဲ ဆိုပါရစေတော့...၊း)

    ကိုညိမ်းနိုင် ...
    မီယာဇာကီကြောင့် ဂျပန်ကာတွန်းတွေကို ကြည့်လို့ ရသွားတာ ဆိုရင်တော့ ကျနော်နဲ့ တူနေပြီဗျို့...၊ ကျနော်တို့တော့ အဖိုးကြီးရဲ့ မှော်မှာ မိနေကြပြီ ထင်တယ်..၊း)

    မရွှေဇင်ဦး ...
    Good တယ် ထင်တဲ့အတွက် do သာ do ပါ အမရေ..၊း)

    ရိုစ့် ...
    ကာတွန်းကား ကြိုက်တာ သတိထားမိတယ်၊ ရိုစ့် ဘလော့ဂ်မှာလည်း ကာတွန်းကား အညွှန်းလေးတွေ ဖတ်ဖူးတယ်လေ....၊း)

    ကို N/A ...
    ကို N/A တို့ သားအဖလည်း ကျနော်တို့ သားအဖလိုပဲ ဖြစ်မယ် ထင်တယ်ဗျို့....၊း)

    ကိုဖြိုး ...
    ဒါဆိုလည်း ဝမ်းသာရပါသဗျာ..၊ Ponyo ကတော့ အတော်လေးကို ကောင်းတယ်ဗျ၊ 'သြော်.. ဒီလူ့ ဦးနှောက်နှယ်...' လို့ပဲ တချိန်လုံး အံ့သြနေခဲ့ရတယ်..၊

    မအပြုံးပန်း ...
    ကျေးဇူးတင်ပါတယ်နော်၊ ကာတွန်းကားလေးတွေက ရိုးရှင်းစွာနဲ့ message တွေကို ပေးတတ်ကြလို့ ကျနော် လည်း ကြိုက်တယ်ဗျ...၊

    မမေ ...
    စာမေးပွဲလည်း ပြီးပြီဆိုတော့ အချိန်ရရင် ကြည့်,ကြည့် ပါ၊ သူ့ကားတွေကနေ တစုံတခုတော့ ရမှာ သေချာပါတယ်၊ မီးပူနဲ့ ပတ်သက်ရင်တော့ ကျနော်က မမေနဲ့ ပြောင်းပြန်လို့ ဆိုရမှာပဲ၊ ကျနော်က မီးပူတိုက်ရ တာ ပျော်တယ်ဗျ...။း))

    ReplyDelete
  19. I agree with you, he's Asian Walt Disney".I like "Ponyo"and "Howl's moving castle" best,anyway all of his movies are really really nice.

    ReplyDelete
  20. ကိုညီလင်းသစ်ရေ

    မီယာဇာကီ ရဲ့ ကာတွန်းတွေ ကြိုက်တာသိရတော့ ကျွန်မတို့နဲ့ အကြိုက်ချင်းတူတာပေါ့။

    ကျွန်မက သူ့လက်ရာတွေကို အသက်၂၄နှစ်ကမှ (မနှစ်ကပဲဆိုပါတော့း) ) စကြည့်ဖူးတာ။

    ကျွန်မဘလော့ဂ်မှာတော့ ပို့ညို သီချင်းအကြောင်းရေးဘူးတယ်။

    ဒါရိုက်တာ မီယာဇာ့ကီ ရဲ့ ကာတွန်းတွေကို မြန်မာလိုပြန်ချင်တယ်။
    (ဘယ်သူ့မှလဲ လုပ်ငန်းလာမအပ်ကြဘူး)
    ပိုက်ဆံရချင်လို့မဟုတ်ပါဘူး။

    မြန်မာကလေးတွေကော လူကြီးတွေကိုကော
    ကမ္ဘာကျော်အနုပညာလက်ရာတွေကို ခံစားကျွမ်းဝင်ပြီး ရသကော အနာဂတ် အိပ်မက်တွေကော မွေးဖွားပေးစေနိုင်တဲ့ အတွက်ကြောင့်ပါ။

    အခုလိုပို့စ်လေးတွေကြောင့်လဲ သူ့လက်ရာတွေကိုလူတွေပိုသိလာနိုင်တာပါပဲ။

    ဒီမျှဝေမှုအတွက်လည်း ကျေးဇူးတင်ပါတယ်။

    ReplyDelete
  21. အော်....ဒါရိုက်တာနံမည်ကဒါကိုး...Spirit Away နဲ့ Ponyo ကိုကြည့်ဖူးတယ်။ Spirit Away ဆိုတော်တော်ကောင်းတယ်ဆိုတာ လက်ခံပေမယ့် အချဉ်မကြိုက်တဲ့သူအတွက် သံပရာရည်ကို မစွဲမိခဲ့ဘူး..။အခုအကို့စာကို ဖတ်လိုက်မှ နုနယ်ပေမယ့် စိတ်ဓါတ်မာကျော ငယ်ရွယ်တဲ့ အမျိုးသမီး ဇတ်ကောင်ကိုကျွန်တော် မကြိုက်လို့မှန်းသဘောပေါက်မိတယ်။ ကျွန်တော်က Masculism Strong ဖြစ်ပါတယ်။ အကိုရော Michael Corleone ထက် Chihiro Ogino ကိုပိုကြိုက်လား?

    ReplyDelete
  22. မောင်မျိုးJune 27, 2011 at 3:23 AM

    တစ်ခါလောက်တော့ ကြည့်ဖြစ်အောင်ကြည့်လိုက်အုံးမယ် ။ ကျေးဇူး အစ်ကို ။

    ReplyDelete
  23. Anonymous ...
    I like those two films, too. They give two different points of view and feelings.

    မ,ကောင်းမွန်ဝင်း ...
    ဒါဆို မီယာဇာကီကို စ,သိတာ ကျနော့်ထက် စောတာ ပေါ့၊း) သူ့လက်ရာတွေကို ဘာသာပြန်နိုင်ရင် ကောင်းတာပေါ့၊ မြန်မာ ပရိတ်သတ် ကြိုက်မှာ သေချာ ပါတယ်၊ သားလေးလည်း ကြိုက်မယ် ထင်တယ်နော်..၊

    ကိုကျော်မင်းနိုင် ...
    Masculism strong ဖြစ်တယ် ဆိုရင်တော့ အီတာလျံ ကာရိုက်တာတွေ ကြိုက်မှာ သေချာပြီ၊း) သူတို့က အဲဒီအတွက် နာမည်ကြီးတယ် မဟုတ်လား၊ ကျနော်က မေးထားတဲ့ နှစ်ယောက်စလုံးကို ကြိုက်ပါတယ်၊ မီယာဇာကီက အချို့ မိန်းကလေး ဇတ်ကောင်တွေကို အလေးပေးထားတာ မှန်ပေမယ့် ကျနော်က သူ့ရဲ့ ဇတ်ဝင်ခန်းတွေ၊ Scenic beauty တွေ၊ background music တွေကို အဓိက ပိုကြည့်ဖြစ်ပါတယ်..၊

    မောင်မျိုး ...
    အဆင်ပြေရင်မယ်ဆိုရင် ကောင်းတာပေါ့ညီရာ...။း)

    ReplyDelete
  24. ဟုတ်ကဲ့အကို..ကျွန်တော်လဲ Spirited Away ကြည့်ပြီးတော်တော်ကြာအထိ တခြား Animation ဆိုပေါ့နေတာ..ကျွန်တော်ခု Howl's Moving Castle ကိုကြည့်မလို့..ကျေးဇူးပါအကို။

    ReplyDelete
  25. Spirted Away ကိုလွန်ခဲ့သော လေးနှစ်လောက်က ထင်တယ် စကြည့်ဘူးတာ. ခုထက်ထိ သတိရရင် ရသလို ကြည့်နေတယ်(ဟီး ဆယ်ခေါက်ကျော်ပြီနဲ့ တူတယ်) အဲ့ဒီ ကားကို .Castle in the sky ကတော့ လေးခေါက်လောက်ဘဲရှိသေးတယ်ကြည့်တာ. အစ်ကိုရေးတဲ့ စာကိုဖတ်မိတော့ ဒီနေ့ထပ်ကြည့်လိုက်ဦးမယ် ယူဘာဘာကြီးကို သဘောကျလွန်းလို့.

    ReplyDelete
  26. သေသေချာချာ မကြည့်ဖြစ်သေးဘူး အကိုပြောလို့ ကြည့်ဖြစ်အောင် ကြည့်အုံးမယ်...:) ....
    ကောင်းသောနေ့ရက်လေးတွေ ပိုင်ဆိုင်ပါစေလို့ ဆန္ဒပြုရင်း....

    ReplyDelete
  27. မီရာဇာကီရဲ့ ရုပ်ရှင်တွေကို မန်ဂါ လို့မခေါ်ပါဘူး
    မန်ဂါဆိုတာ Sailor Moon လိုမျက်လုံးကမျက်နှာတဝက်လောက်ပြည့်နေတဲ့ကောင်မလေးတွေပါတဲ့ကာတွန်းကားတွေပါ
    မီရာဇာကီ က live action မဟုတ်တဲ့ရုပ်ရှင်မှာ ခံစားမှုပါအောင် 3Dနဲ့ပြစရာမလိုဘူးလို့ယူဆတဲ့အတွက် အခုထိ 2D နဲ့ဘဲ သူ့ရဲ့ရုပ်ရှင်တွေကိုရိုက်စဲပါ
    ( Take that Avatar/James Cameron! )
    အထင်ပြောရရင်တော့ သူမို့လို့လဲဒီလိုလုပ်လို့ရတာနေပါလိမ့်မယ်
    နောက်ပိုင်း သူ့ရဲ့ studio Ghibli ကထွက်တဲ့ကားတွေကိုသူ produce ပဲလုပ်တာများပါတယ်
    ဒါရိုက်တာမလုပ်သလောက်ပါဘဲ
    ဟိုးတုန်းက မြန်မာပြည် TV မှာ My Neighbour Totoro ဆိုတဲ့ကာတွန်းလေးလာဖူးပါတယ်
    အဲဒီကားထဲက Totoro ကသူ့ရဲ့နာမယ်အကြီးဆုံးဇတ်ကောင်ဖြစ်ပါလိမ့်မယ်
    သူ့ရဲ့ studio ghibli mascot ကလဲ totoro ပါဘဲ
    http://www.studioghibli.net/မှာသူ့ရဲ့ရုပ်ရှင်ကားစာရင်းကိုကြည့်နိုင်ပါတယ်

    ReplyDelete
  28. ကိုညီလင်းသစ်ရေ... ကိကိနဲ့ တိုတိုရိုက လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်တုန်းက မြန်မာပြည်မှာ မြန်မာစာတန်းထိုးနဲ့ အပိုင်းလေးတွေ ခွဲပြီး ပြဖူးတယ်။ အဲဒီ့ကတည်းက မီရာဇာကီရဲ့ ကာတွန်းကားတွေကို သိပ်သဘောကျခဲ့တာ။ နောက်ပိုင်းမှာ 'Castle in the Sky'၊ 'Princess Mononoke'၊ 'Spirited Away' တို့ကို တောက်လျှောက်ကြည့်ဖြစ်တယ်။ Spirited Away နဲ့ အော်စကာဆုရပေမယ့် ဆုတက်မယူတဲ့ သူ့အကြောင်း ဖတ်မိအပြီးမှာ သူ့ကို စိတ်ဝင်စားသွားတာ။ နောက်ပြီး သူ့လက်ရာတွေဖြစ်တဲ့ စုံထောက်လုပင် (Lupin) ဇာတ်လမ်းတွဲတွေကိုလည်း အတော်ကြိုက်ခဲ့သေးတာ။း)

    ReplyDelete
  29. သြော်... ကိုညီလင်းသစ်ရေ... လင့်ခ်ယူမယ်ယူမယ်နဲ့ မယူဖြစ်သေးတာ ခုတစ်ခေါက်တော့ တကယ်ပဲ ယူဖြစ်သွားပြီ။

    ReplyDelete
  30. ဂျပန်မှာ ဟိုခေတ် (လွန်ခဲ့တဲ့ အနှစ်၃၀ ကျော်လောက်တုန်း )ကတော့ ကာတွန်းရုပ်ရှင်/ကာတွန်းကား ကို မမ်ဂါ့ လို့ပဲ ခေါ်ခဲ့ကြပါတယ်။

    အခုခေတ်မှာတော့ ကာတွန်းကားဆိုရင် “အာနီမဲ” (Animation အာနီမေးရှင်း ရဲ့ အတိုကောက် ) လို့ခေါ်ကြပါတယ်။ အလွယ်သဘောနဲ့ပြောရင်
    မမ်ဂါ့= ကာတွန်းကောင် အရုပ် မလှုပ်သော (စာရွက်ပေါ်တွင်ရေးသားထားသော) ကာတွန်း။
    အာနီမဲ = လှုပ်သော (ရုပ်ရှင်၊ဗီဒီယို) ကာတွန်း။

    မီယာဇာကီ ကို ဘယ်လိုလူလဲလို့ပြောမယ်ဆိုရင်တော့ ရုပ်ရှင်ဒါရိုက်တာ၊ ထုတ်လုပ်သူ၊ “မမ်ဂါ့ ခါ့”(မမ်ဂါ့ ပညာရှင်) လို့ပြောလည်းရပါတယ်။

    သူဒါရိုက်တာလုပ်တာ နဂိုတည်းက အထွက်ကျဲတော့ အသက်အရ ကိုယ်တိုင်ရိုက်ကူးတာတော့ နည်းသွားပါတယ်။ ၂၀၀၈ခုနှစ် မှာ “ပို့ညို” ပြီးတော့ ၊ ၂၀၁၀ခုနှစ် မှာလည်း ရှိပါသေးတယ်။ “ပမ်းဒါ့နဲ့ တို့ တာမာ့ဂို ဟိမဲ” ပါ။ http://ja.wikipedia.org/wiki/%E3%83%91%E3%83%B3%E7%A8%AE%E3%81%A8%E3%82%BF%E3%83%9E%E3%82%B4%E5%A7%AB

    ReplyDelete
  31. ကိုကျော်မင်းနိုင် ...
    ကောင်းတယ်ဗျာ၊ အဲဒီ Howl's moving castle က ကျနော့်ရဲ့ အကြိုက်ဆုံးထဲက တစ်ခုပဲဗျ...၊း)

    အမည်ဝှက်စာဖတ်သူ ...
    Wow... အဲဒီလောက်တောင် ကြည့်တာလား၊း) ဒါဆိုရင်တော့ စကားပြောတွေ၊ တီးလုံးတွေကအစ အလွတ်ရနေလောက်ပြီ...နော၊း)

    Angelhlaing ...
    ကောင်းသော နေ့ရက်လေးတွေမှာ အေးအေးဆေးဆေး ကြည့်နိုင်ပါစေလို့ ဆန္ဒပြုပါတယ်ဗျာ...၊ ;D

    စု ...
    မှန်ပါတယ်၊ ကျနော်လည်း သူ့ကားတွေကို ဒီဖက်ခေတ်မှာ မန်ဂါလို့ ခေါ်ကြတာ မကြားဖူးဘူးဗျ၊ သူ့ရဲ့ အောင်မြင်မှုကြောင့် 2D မှာပဲ ဆက်နေနေ၊ 3D ပဲပြောင်းပြောင်း လူတွေက လက်ခံနေ ကြမှာပါ၊ မြန်မာပြည်အထိ ရောက်လာခဲ့တာတော့ ကျနော်လုံးဝ မသိလိုက်ဘူးဗျ၊ မျှဝေတာ ကျေးဇူးပါနော်၊

    မဇွန်မိုးစက် ...
    လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်လောက်ကဆို မြန်မာပြည်မှာ ကျနော်ရှိနေသေးတယ်၊ ဒါပေမယ့် ဒီဇတ်လမ်းတွေ ပြသွားတာ လုံးဝမသိလိုက်ဘူးဗျ၊ ကြည့်ရတာတော့ မဇွန်မိုးစက်က မီယာဇာကီရဲ့ ပရိတ်သတ်အစစ် ဖြစ်ပုံရ တယ်ဗျို့၊ အများကြီးသိတာပဲ...၊လင့်ခ်ယူသွားလို့လည်း ကျေးဇူးတင်ပါတယ်ဗျာ၊ ကျနော်လည်း လာခဲ့ပါဦးမယ်..၊

    မ,ကောင်းမွန်ဝင်း ...
    မမ်ဂါ့နဲ့ အာနီမဲကို တခါတည်း သဘောပေါက်သွား အောင် ရှင်းပြသွားတာ ကျေးဇူးပါဗျာ၊ မီယာဇာကီက မမ်ဂါ့ခါ့ တဲ့လား၊ မ,ကောင်းမွန် ကွန်မန့်မှာ ရေးသွားတဲ့ မြန်မာဖိုနက်တစ် ဂျပန်စာလုံးတွေကို ရွတ်ကြည့်နေမိ တယ်၊ တခါတုန်းက ဂျပန်စကား သင်ချင်ခဲ့တဲ့စိတ်က အညွန့်တလူလူ ပြန်ထွက်လာတယ် ထင်ပါရဲ့ဗျာ..။း)

    ReplyDelete
  32. ရှာကြည့်ဦးမယ်အကို။ ခေတ်မမီဘူးပဲပြောပြော မကြည့်ဖူးသေးဘူး။း)

    ခင်မင်လေးစားလျက်

    ReplyDelete
  33. မမေသိမ့်သိမ့်ကျော် ...
    ကြုံရင် ကြည့်,ကြည့်ပါ ညီမရေ၊ ကြိုက်ဖို့ များပါတယ်၊း)

    ReplyDelete
  34. ဒီနှစ်ထဲမှာ ကားသစ်ထွက်မယ်
    မျှော်နေတာကြာပြီ

    ညီ

    ReplyDelete