07 July 2011

လူဆိုးနှင့်သူခိုး အရှုပ်တော်ပုံ


Photobucket

မနေ့တုန်းက ကျောင်းကအပြန်မှာ သားကတလမ်းလုံး ဂျီတိုက်လာခဲ့သည်၊ ပြဿနာက သူတို့ကျောင်းဝင်းထဲက ရေကူးကန် ကလေးက စ,သည်၊ ပူအိုက်တဲ့ နွေရာသီ ရောက်လာပြီဆိုတော့ နေ့လယ်ပိုင်း ကလေးတွေ ရေကစားစေဖို့ ကျောင်းဝင်း ထဲက သစ်ပင်ရိပ်မှာ လေမှုတ်သွင်းရသည့် ပလပ်စတစ် ရေကန်လေး ၂ ခု ချထားပေးသည်၊ ဒါပေမယ့် နေက ကောင်းကောင်း မပူသေးတာကြောင့် ကလေးတွေက ကန်ထဲကို ဆင်းခွင့် မရသေး၊ တနေ့က တပြိုက်နှစ်ပြိုက် ရွာလိုက်သည့် မိုးရေအချို့သာ ကန်ထဲမှာ ရှိသည်၊ နေ့ခင်းပိုင်းတွေမှာ ဆရာမတွေက တားမြစ်ထား၍ ကန်ထဲကို မဆင်းရသည့်အတွက် သားက ညနေပိုင်း သူ့အမေလာကြိုသည့် အချိန်မှာ အမေအားကိုးဖြင့် ဆင်းဖို့ ကြိုးစားခဲ့ခြင်း ဖြစ်သည်၊ အမေကလည်း သဘောမတူ၊ မိဘရောက်လာသော်လည်း ကျောင်းဝင်းထဲမှာ ကျောင်းစည်းကမ်းသည်သာ အတည်ဖြစ်သည်၊ သူ့ကို အကျိုးသင့်အကြောင်းသင့် ရှင်းပြနေသည့်ကြားကပင် ဖိနပ်မချွတ်၊ ဘောင်းဘီမချွတ်ဘဲ လှစ်ကနဲ ပြေးဆင်းလိုက်သည်၊ ပြီးတော့ သဘောတကျဖြင့် ရယ်မောပြီးတောင် နေလိုက်သေးသည်၊ သည်တော့ သူ့အမေက ဆူတော့သည်၊ အဆူခံရတော့ စူပုပ်ပုပ်ဖြင့် ဂျီကျချင်သည်၊ ဒါက ကျောင်းလေးရှေ့ကို ကျနော်ရောက်သွားသည့် အချိန်မှာ ဖြစ်နေသည့် သူတို့သားအမိ၏ အခြေအနေ...၊

ကျနော်က ထိုအခြေအနေကို ဝင်ထိန်းဖို့ ကြိုးစားသော်လည်း သိပ်မအောင်မြင်၊ ကျနော့်စက်ဘီးနောက်မှာ သူထိုင်လိုက် နေကျ ဆွဲအိမ်လေးထဲ ဝင်ထိုင်ဖို့ ပြောလည်း မဝင်၊ သူ့စက်ဘီးစီး ခမောက်လေးကို ဆောင်းဖို့ ပြောလည်း မရ၊ မဆောင်းသည့် အပြင် ခမောက်ကိုတောင် သူက လွှင့်ပစ်လိုက် သေးသည်၊ ဒါကတော့ ကျနော်တို့ သတ်မှတ်ထားသော ဘောင်ကျော်သွားခဲ့ပြီ ဖြစ်သည်၊ ကျနော်က 'ဒီလို အပြုအမူတွေကို ကျနော်တို့ မကြိုက်တာ သူအသိပင်ဖြစ်ကြောင်း၊ အခုလို ရိုင်းစိုင်းတဲ့ အမူအကျင့် အတွက် အဖိုးအခ ပေးရမှာ ဖြစ်ကြောင်း၊ အဲဒါကတော့ ဒီနေ့ည သူ့ကို ပေးကြည့်မယ်လို့ ပြောထားတဲ့ 'My neighbour Totoro' ကို ကြည့်ခွင့်မပေးတော့ကြောင်း' ပြောလိုက်သည်၊ ပုံမှန်ဆိုလျှင် ဒီလို ဒဏ်ပေးခံရ မည့်အကြောင်း ကြားလျှင် သားက ငိုမဲ့မဲ့ ဖြစ်သွားတတ်သော်လည်း ဒီတခေါက်မှာတော့ ကျနော့်ကိုသာ စူပုပ်ပုပ်နှင့် ပြန်ကြည့်နေခဲ့သည်၊ ပြီးတော့ မဝင်ချင့် ဝင်ချင်နှင့် စက်ဘီးနောက်မှာ ဆွဲသည့် သူ့လှည်းကလေးထဲ ဝင်ထိုင်သည်၊

ဒါပေမယ့် သူ့ဒေါသက အိမ်ရောက်သည်အထိ ပြေပုံမရပါ၊ ကျနော်က စက်ဘီးတွေကို စက်ဘီးထားသည့် အခန်းက တန်းမှာချိတ်နေတုန်း အိမ်တံခါးဝမှာ သူ့အမေကို ကလန်ကဆန် လုပ်သည့်အနေဖြင့် သူ့ဖိနပ်တွေကို ချွတ်ပြီး လွှင့်ပစ်ပြန်သည်၊ ကလေးတစ်ယောက် အသက် ၄ နှစ်အရွယ်ကို ရောက်သည့်အခါ မိဘနှင့် အားပြိုင်မှု စ,လေ့ရှိသည်ဟု ဆိုသည်၊ မိဘ၏ အခွင့်အာဏာနှင့် သူ၏ လုပ်ပိုင်ခွင့်တို့အကြား နယ်နမိတ်ကို ရှာဖွေလေ့ ရှိသည်၊ ထိပ်တိုက် ရင်ဆိုင်မှုလေးများ ဖြစ်လာသည့်အခါ စိတ်ဆိုးပေါက်ကွဲခြင်းဖြင့် ၄င်းတို့၏ လူသားဆန်မှုကို ပြလေ့ရှိပါသည်၊ ယခု သားက စိတ်ပညာရှင်များ သတ်မှတ်ထားသည့် အချက်များအတိုင်း တသေဝေမတိမ်း လူသားဆန်နေခြင်းပဲ ဖြစ်သည်၊ သို့သော် ကျနော်တို့က သူ့ကို ယဉ်ကျေးသော လမ်းပေါ်မှ လူသားကလေးပဲ ဖြစ်စေချင်သည် မဟုတ်လား၊ သို့နှင့် ကျနော်က 'သူ၏ ရင့်သီးသော ဒုတိယ အပြုအမူအတွက် ဒုတိယ အဖိုးအခကို ထပ်ပြီး ပေးရလိမ့်မည် ဖြစ်ကြောင်း' ပြောလိုက်သည်၊ အိမ်ထဲရောက်တော့ လက်ဆေးပြီးတာနှင့် နံရံကို မျက်နှာမူပြီး ခုံတစ်လုံးပေါ်မှာ ထိုင်ခိုင်းသည်၊ အနားမှာ မီးဖိုချောင်သုံး timer ကို ၃ မိနစ်ချိန်ပြီး ချထားလိုက်သည်၊ ခုံပေါ်မှာ နံရံကို မျက်နှာမူထိုင်...၊ လုပ်ခဲ့တာတွေ မှန်လားမှားလား ပြန်စဉ်းစား၊ ၃ မိနစ် မပြည့်မချင်း မထရ...၊ ဒီလို ထိုင်ခုံမှာ ထိုင်စေသည့် ဒဏ်ပေးနည်းအတွက် ထိုင်ရမည့်ကြာချိန်ကို အသက် ၁ နှစ်၊ ၁ မိနစ်ဟု ကလေး စိတ်ပညာစာအုပ်တွေက ဆိုသည်၊ သားက ၄ နှစ် ပြည့်တော့မှာ ဖြစ်ပေမယ့် ကျနော်က ချစ်ခြင်းအားဖြင့် ၃ မိနစ်သာ ထိုင်စေခဲ့သည်၊

သတ်မှတ်ချိန် timer သံပတ်မြည်တော့ သူ ကျနော့်ကို လှမ်းကြည့်သည်၊ ကျနော် သူ့ဆီကို အသာလျှောက်သွားပြီး သူ့အရှေ့မှာ ထိုင်လိုက် သည်၊ ပြီးတော့ ...

'နာရီ ၃ မိနစ်မြည်သံ သားကြားလိုက်လား' ဟု မေးလိုက်သည်၊ သူ ခေါင်းညိတ်ပြသည်၊ ကျနော့်ကို ကြည့်သည့် မျက်ဝန်းထဲမှာ စိတ်ဆိုးပြေသွားတာ မြင်လိုက်ရသည်၊

'သားကို ဘာဖြစ်လို့ အခုလို ဒဏ်ပေးရလဲ၊ မှတ်မိလား'

'..... ..... .....'

'ညနေတုန်းက ကျောင်းမှာ ပြောနေတဲ့ကြားက ရေကန်လေးထဲကို ခုန်ဆင်းတာ ကောင်းလား'

သူ ခေါင်းခါသည်၊

'စက်ဘီးခမောက်ကို လွှင့်ပစ်တာ၊ အိမ်ရောက်တော့ ဖိနပ်တွေ လွှင့်ပစ်တာ ကောင်းလား'

ခေါင်းခါပြန်သည်၊ မျက်နှာပေးကတော့ တကယ့်ကိုပဲ နောင်တကြီးစွာ ရသွားသည့် ပုံစံ...၊

'သားကို ဆုံးမတယ် ဆိုတာက ချစ်လို့ကွ၊ သား မကျေနပ်တာရှိရင် ပြန်မေးလို့ရတယ်၊ အပြန်အလှန် ဆွေးနွေးလို့ ရတယ်၊ ဒါပေမယ့် မိဘကို အဲဒီလို ရိုင်းစိုင်းတဲ့ အမူအကျင့်တွေနဲ့ ကလန်ကဆန် ပြန်မလုပ်ရဘူး၊ ကြားလား...၊ သားရဲ့ အကျိုးအတွက်ပဲ ပြောနေတာ၊ မိဘ စကား နားမထောင်ဘဲ ထင်ရာစိုင်းပြီး သား ကြီးလာတဲ့အခါ လူဆိုးကြီး ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ'

'.... .... ....'

'သား..လူဆိုး ဖြစ်ချင်လား'

'နိုး...သား လူဆိုး မဖြစ်ချင်ဘူး' ဟု စိုးရိမ်တကြီးဖြင့် သူ ပြာပြာသလဲ ပြန်ဖြေသည်၊ ကျနော်က

'အိုကေ..ဘာမှ မစိုးရိမ်နဲ့၊ သား လိမ်လိမ်မာမာနေရင် ဘာမှ မဖြစ်ဘူး၊ သွား...၊ သွား ကစားတော့' ဟု သူ့ ခေါင်းလေးကို နမ်းပြီး ပြောလိုက်တော့ သားက ပျော်ရွှင်စွာနဲ့ ပြေးထွက်သွားသည်၊

သူ့ အခန်းထဲဝင်၊ ဒူးဒူးကို ဆွဲယူပြီး ရင်ခွင်ထဲပိုက်ကာ ကုတင်ရှေ့မှာ ခဏထိုင်နေသည်၊ ခဏကြာတော့ ကွန်ပြူတာရှေ့မှာ ရှိနေသည့် သူ့အမေဆီကို လျှောက်သွားသည်၊ မအိမ်သူက သူ့ကို ဆီးပွေ့လိုက်ပြီး ပေါင်ပေါ်မှာ ချီလိုက်သည်၊ သားက ...

'မာမွန်...'

(မေမေကို ပြင်သစ်လို မာမွန် (maman)ဟု ခေါ်ပါသည်)

'ဘာလဲသား...'

'ပါပါးက သားကို သူခိုးလို့ ပြောတယ်'

အဲဒီစကားကို တဖက်ခန်းမှာ ထိုင်နေသည့် ကျနော်ကြားတော့ မျက်လုံးပြူးသွားသည်၊ ရယ်လည်း ရယ်ချင်သွားသည်၊ အဲဒါမှ ပြဿနာ...၊ ချက်ချင်းဆိုသလိုပဲ သဘောပေါက်လိုက်သည်၊ သားမှာက ကစားစရာ အရုပ်သေးသေးလေးတွေ ရှိသည်၊ တိရိစ္ဆာန် မိသားစု၊ လူစွမ်းကောင်း မိသားစု၊ စက်ရုပ်မိသားစု၊ လူဆိုးမိသားစု၊ အစရှိသဖြင့်...၊ အဲဒီထဲကမှ လူဆိုး မိသားစုမှာ ပါးစပ်ကို အဝတ်စည်းထားသည့် ကောင်တွေနှင့် မျက်လုံးမှာ မျက်ကွင်းအဝတ် စွပ်ထားသည့် ကောင်တွေ ပါသည်၊ တခါမှာတော့ သားက အဲဒီပုံစံ ၂ မျိုးရဲ့ ခြားနားချက်ကို မေးသည်၊ ကျနော်က အလွယ်ဖြင့် မုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေးတွေ ပါတာ.. ဒါမှမဟုတ် ပါးစပ်မှာ အဝတ်စည်းထားတာက လူဆိုး၊ မျက်လုံးမှာ မျက်ကွင်း အဝတ် ဖုံးထားတာက သူခိုးဟု ပြောထားဖူးသည်၊ သားက လူဆိုးနဲ့သူခိုးဟု ရွတ်ကြည့်သည်၊ ကြာတော့ ကြာနေပြီ၊ အခု သားက လူဆိုးနှင့်သူခိုးကို ရောထွေးပြီး ကျနော်ပြောသည့် လူဆိုးအစား သူခိုးဟု ခပ်တည်တည်ဖြင့် ပြောချလိုက်ခြင်း ဖြစ်သည်၊ သူက ပြင်သစ်စကားထဲမှာ သူခိုးဆိုသည့် မြန်မာစကားကို ညှပ်ပြီး ပြောခြင်းဖြစ်သည်၊

ကျနော်တို့ သားအဖ ဇတ်လမ်းကို နားမလည်လိုက်သည့် မအိမ်သူက ...

'ဟင်..ဟုတ်လို့လား၊ ပါပါးက သားကို အဲဒီလို ပြောလား'

'ဟုတ်တယ်၊ သူခိုးလို့ ပြောတယ်'

'ပါပါးက ဘာဖြစ်လို့ အဲလို ပြောရလဲ၊ သားက ဘယ်သူ့ဆီက ဘာတွေ ယူထားလို့လဲ...'

အဲ.. ဇတ်လမ်းကတော့ ရှုပ်သထက် ရှုပ်သွားပြီ၊ သားဆီက ဘာသံမှ ထွက်မလာ၊ သူလည်း အခုမှ ပိုပြီး နားရှုပ်သွားမှာ သေချာသည်၊ အဖေ့အကြောင်း အမေ့ကို သာသာထိုးထိုးလေး တိုင်ကာမှ အမေက ယခု စစ်လား၊ ဆေးလား လုပ်နေပြီ၊ ပြီးတော့ သူ့စကား အမှားကို သူ့ဟာသူလည်း သိပုံမရ...၊ မအိမ်သူက ...

'ပြောလေ သား၊ ဘာဖြစ်လို့ အဲဒီလို သူခိုးလို့ ပြောရသလဲ' ဟု ထပ်မေးပြန်သည်၊

ကျနော် မနေနိုင်တော့ပါ၊ သူတို့ သားအမိဆီ ထ,သွားလိုက်ပြီး ...

'သား သူခိုး ဆိုတာ သေချာရဲ့လား' ဟု ရယ်ကျဲကျဲဖြင့် မေးလိုက်သည်၊

သားက သူ့အမေ ပေါင်ပေါ်ကနေ မျက်လုံး အဝိုင်းသားဖြင့် ကျနော့်ကို ပြန်ကြည့်နေသည်၊ ကျနော်က ဆက်ပြီး

'သူခိုးအပြင် လူဆိုး ဆိုတာလည်း ရှိသေးတယ်လေ' ဟု ထောက်ပေးလိုက်သည်၊

အဲဒီတော့မှ သားလည်း ဝမ်းသာအားရ ဖြစ်သွားသည်၊ လူဆိုး ဆိုသည့် စကားလုံးကို ကြားလိုက်ရသည့် သူ့မျက်နှာက တိမ်ညစ်တအုပ် နောက်မှ ဘွားကနဲ ပေါ်လာသည့် သော်တာလမင်းလို ဝင်းဝင်းပပ...၊

'အား...ဟုတ်တယ်၊ လူဆိုး လူဆိုး....၊ သူခိုး မဟုတ်ဘူး'

သူ့အမေက သူ့ကို ချစ်စနိုးဖြင့် လက်ညှိုးထိုးရင်း ...

'ကောင်လေး တစ်ယောက်တော့ လူဆိုးနဲ့သူခိုး မှားသွားပြီဟေ့...' ဟု အော်ရယ်သည်၊

သားကလည်း ကျနော့်ကို တဆင့်ပြန် လက်ညှိုးထိုးရင်း ရှက်ရယ်, ရယ်သည်၊ ကျနော့်ကြောင့်ပါ ပေါ့လေ၊ ကျနော်ကကော....၊ ကျနော်က လက်ညှိုး ဆက်မထိုးပေမယ့် သူတို့ သားအမိကို ကြည့်ပြီး ရယ်နေခဲ့သည်၊

သားက စိတ်ဆိုးလွယ်သော်လည်း စိတ်ပြေလွယ်သည်၊ သူ့အမေက သူ့ကို 'မီးဖိုပေါ်က နွားနို့' ဟု တခါတရံ ချစ်စနိုး စ,တတ်သည်၊ ပြင်သစ် စကား မီးဖိုပေါ်ကနွားနို့ (Soup au lait) ဆိုသည်မှာ စိတ်ဆိုးလွယ်၊ စိတ်ပြေလွယ်သူတွေကို ခေါ်ခြင်း ဖြစ်ပါသည်၊ နွားနို့က မီးပူတာနှင့် ပြိုက်ကနဲ ဆူပြီး ဝေကျသလို မီးဖိုပေါ်မှ ချလိုက်သည်နှင့် အေးပြီး ချက်ချင်း ပြန်ကျသွားတတ်သည် မဟုတ်လား၊ ပြီးတော့ 'အဲဒါက အဖေနဲ့တူတာ' ဟု ကျနော့်ကို စ,တတ်သေးသည်၊ ထိုအခါမျိုးတွင် ကျနော်က ...

'သြော်.. ကိုယ်တို့ အရှေ့တိုင်းသားတွေက သွေးနွေးတယ်လေ၊ ခံစားလွယ်တယ်ပေါ့' ဟု ခပ်ပြုံးပြုံးဖြင့် ချေပ,ရသည်၊

သေချာသည်က ကျနော်တို့၏ စိတ်ကူးစိတ်သန်းများ၊ အမူအကျင့်များသည် အားလုံးမဟုတ်တောင် ရာခိုင်နှုန်း အတော်များများ သားဆီမှာ စုနေပါလိမ့်မည်၊ ဖြစ်နိုင်လျှင်တော့ စု,နေသော ထိုအရာများကို ကောင်းသော စိတ်ထားအမွေများသာ ဖြစ်စေချင်ပါသည်။ ။


ညီလင်းသစ်
၆ ဇူလိုင်၊ ၂၀၁၁

36 comments:

  1. ၃ မိနစ် အချိန်ပေးပြီး အမှန်အမှား ပြန်စဉ်းစားခိုင်းတာ သဘောကျတယ်။ အဲဒါမျိုး ကလေးတွေတွင် မဟုတ်ဘူး လူကြီးတွေပါ လုပ်သင့်တာနော်။
    အသက် ၆၀ ဆို တနာရီ ပြန်စဉ်းစားပေါ့။ တယ်ဟုတ်တာပဲ။ ကျမလဲ ထစ်ခနဲဆို စိတ်ဆိုးတတ်ပြီး စိတ်လိုက်မာန်ပါ သိပ်လုပ်တတ်တယ်။ နောက်ဆို အဲဒီလို အကျင့်လုပ်ပြီး စဉ်းစားမှပဲ။

    ဒါနဲ့ ကိုညီလင်းသစ် ငယ်ငယ်ကရော စိတ်ဆိုးရင် ဘယ်လိုတွေ လုပ်ခဲ့ပါလိမ့် ... ။

    ReplyDelete
  2. ချစ်စရာကောင်းလိုက်တာ။
    ခလေးတွေကိုငယ်ငယ်ကတည်းက လိမ္မာယဉ်ကျေးအောင်သင်တာ သိပ်ကောင်းသလို မိဘကလည်း အခရာကျပါတယ်။

    ReplyDelete
  3. NLT, lovely family!!! I envy you. :D Impatient to see them.
    Su

    ReplyDelete
  4. How a lovely family....

    Jasmine

    ReplyDelete
  5. "ခုံပေါ်မှာ နံရံကို မျက်နှာမူထိုင်...၊ ၃ မိနစ် မပြည့်မချင်း မထရ...၊ ဒီလို ထိုင်ခုံမှာ ထိုင်စေသည့် ဒဏ်ပေးနည်းကို..,"

    နန္ဒာ့ တူလေးကိုလဲ သူ့မိဘတွေ လုပ်လေ့ရှိတယ်။

    "Naughty Space" လို့ ခေါ်တယ်။

    အပြစ် လုပ်ခဲ့မိရင်၊ လူကြီးကို ကလန်ကဆန် လုပ်လာရင် ဒီ Naughty Space ကို ရင်ဆိုင်မယ်၊ သူ့ကို ပေးမယ့် အခွင့်အရေးတွေ ဆုံးရှုံးမယ် စတာတွေကို နားလည် သိစေဖို့ပေါ့လေ။

    လူသားဆန်တတ်လာတဲ့ ကလေးငယ်တွေကို နည်းလမ်းတကျနဲ့ လူသားဆန်ဆန် ဆက်စံတတ်မယ်ဆိုရင် အဲဒီ ကလေးငယ်တွေရဲ့ အနာဂါတ်ဟာ ရွှေရောင်လွှမ်းနေစေပြီး လူကိုလူလို ရိုသေ လေးစားစွာဆက်စံတတ်လာမှာ မြေကြီးလက်ခတ်မလွဲပါဘူး။

    သားငယ်ရဲ့ စူပုပ်ပုပ် မျက်နှာလေး မြင်ယောင်မိပြီး ပြုံးမိတယ်။ :))

    ချစ်ခင်စွာ
    နန္ဒာ

    ReplyDelete
  6. ဖတ်လို့ကောင်းမယ့် စိတ်ပညာစာအုပ်တစ်အုပ်လောက် ရှိရင် ညွှန်းပေးပါလား ကိုညီလင်းသစ်၊ ကျွန်တော်လဲ အမြဲပဲ ကျွန်တော့် လုပ်ပိုင်ခွင့် ရဲ့ဘောင်တံခါးကို သွားသွားခေါက်ချင်တဲ့ အကျင့်ရှိတယ်။ ခုထိပဲ....ကျေးဇူးဗျ။

    ReplyDelete
  7. အခု ကိုညီလင်းသစ် စာကိုဖတ်တယ် ခုနက ကျားမေမေ ကို သွားဖတ်ထားတယ်

    ဘာပြောရမှန်းမသိဘဲပြန်သွားပါတယ်

    ကလေး လေးက ချစ်စရာ ကောင်းတယ်

    ခင်မင်စွာဖြင့်
    ရွှေစင်ဦး

    ReplyDelete
  8. ကလေးငယ်တစ်ယောက်အတွက် ကောင်းသောပြစ်ဒဏ်လေးပါ။ ဒီအရွယ်လေးတွေဟာ ဖယောင်းလို ပုံသွင်းရလွယ်တာမို့ မိဘအပေါ်မှာ ရာခိုင်းနှုန်းများများ မူတည်တယ်လို့ ထင်ပါတယ်။ ရာသက်ပန် ပျော်ရွှင်ချမ်းမြေ့သော မိသာစုလေးဖြစ်ပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  9. မောင်မျိုးJuly 7, 2011 at 7:47 AM

    အကောင်ပေါက်လေး စိတ်ဆိုးစိတ်ကောက် ဖြစ်နေမယ့်ပုံလေးနဲ့ အဖေက သားကို ဆုံးမနေတဲ့ပုံလေး မြင်ချင်စမ်းပါဘိး)

    ကြည်နူးစရာ ပို့စ်လေးပါပဲ ။

    ReplyDelete
  10. စိတ်ရှည်သားပဲ.. တကယ်တော့ မလွယ်ဘူးဗျ။ အဲဒီ့လိုအချိန်မှာ နည်းလမ်းမှန်မှန်နဲ့ ဆုံးမဖြစ်ဖို့ခက်တယ်ဆိုတာ ကျွန်တော်တော့ တွေ့နေပြီ။ Good Job!
    N/A

    ReplyDelete
  11. ကလေးအရွယ် ဘာလုပ်လုပ် ချစ်ဖို့ကောင်းတယ် စိတ်ဆိုးလိုက် စိတ်ကောက်လိုက် ပြန်ချော့လိုက် ၀ိုင်းကြီးပတ်ပတ် ဒူဝေေ၀ အိမ်ရဲ့ဆည်းလည်းလေး အမြဲတမ်းပျော်ရွှင်နိုင်ပါစေဗျို့
    တကယ်တော့လည်း ကလေးတယောက်ကိုပြုစုပျိုးထောင်ရတာ တယ်မလွယ်ပါဘူးဗျ

    ခင်မင်တဲ့
    seesein

    ReplyDelete
  12. အပြင်စိတ်ကူးယဉ် ဘဝထက် လက်တွေ့ဆန်တဲ့ နွေးထွေးတဲ့ မိသားစုလေးအကြောင်း ဖတ်ရတာ ကြည်နူးချမ်းမြေ့စရာလေးပါလားအကို...သားလေးရဲ့ ဘဝက တော်ရုံကလေးငယ်တွေ မရတဲ့ နွေးထွေးတဲ့ မိသားစု ရဲ့ ဂရုစိုက်မှုတွေကြားမှာ ကြည်နူးချမ်းမြေ့ အတိပါလားအကို....
    ကောင်းသောနေ့လေး ဖြစ်ပါစေလို့ ဆန္ဒပြုရင်း...

    ReplyDelete
  13. Lovely Family :)))

    ReplyDelete
  14. မမေဓာဝီ ...
    တချို့ ၆၀ ကျော်၊ ၇၀ တန်းတွေကတော့ ၁ နာရီ လောက် ထိုင်စဉ်းစားရုံနဲ့ အမှားတွေကို ပြန်မြင်ပါ့မလား မသိဘူး၊း) ကျနော်ငယ်ငယ်က စိတ်ဆိုးရင် ဘယ်လိုလုပ် သလဲ မမှတ်မိတော့ဘူးဗျ၊ အသက်က ကြီးလာတော့ မေ့တတ်လာပြီကိုး...။ ;-)

    မအိုင်အိုရာ ...
    ဟုတ်ပါတယ်၊ ပြုလွယ်ပြင်လွယ်တဲ့ အချိန်မှာ လမ်းမှန် ကို သိသွားဖို့က အရေးကြီးပါတယ်..၊

    Su ...
    Thanks..! You're gonna make it soon..! :)

    Jasmine ...
    Thanks a lot..!

    နန္ဒာ ...
    ကြီးလာမှ လူ့ပတ်ဝန်းကျင်က ကျဉ်ထားတဲ့ အပယ်ခံ နေရာမှာ မနေရဖို့ အခုငယ်တုန်းမှာ naughty space လို နေရာလေးတွေ လိုအပ်တယ် ထင်တာပါပဲဗျာ...၊ ပြန် လာလည်တာလည်း ကျေးဇူးပါနော်..၊

    ကိုကျော်မင်းနိုင် ...
    ကျနော့်မှာတော့ ပြင်သစ်စာအုပ် အချို့ပဲ ရှိပါတယ်၊ အခု အပြင်က ကွန်ပြူတာနဲ့ ရေးနေလို့ နာမည်တွေတော့ ခေါင်းထဲမှာ မရှိဘူးဗျ၊ စိတ်ဝင်စားရင် အိမ်ရောက်တဲ့အခါ ကျနော်ကြည့်ပေးမယ်လေ...၊

    မရွှေဇင်ဦး ...
    တခါတလေမှာ ဘာမှမပြောဘဲ ပြန်တာဟာလည်း ကောင်းတာပါပဲဗျာ၊ လာလည်တာကိုပဲ ကျနော်က ကျေးဇူး တင်နေပါပြီ...၊း)

    အန်တီတင့် ...
    အပြစ်ကို သိရုံသာသိပြီး စိတ်မှာ နာကျင်မှု မဖြစ်စေမယ့် ဒဏ်ပေးနည်းမျိုးကပဲ ကောင်းမယ်လို့ ထင်ပါတယ်၊ ဆုတောင်းလေးအတွက် ကျေးဇူးပါနော်...၊

    မောင်မျိုး ...
    နေဦးဗျ၊ နောက်တခါ သားကို မဆုံးမ,ခင် ဗီဒီယို ကင်မရာ ပြေးချိန်မှနဲ့ တူတယ်..ဟားဟား၊း) မပျက်မကွက် လာ,လာလည်တာ ကျေးဇူးပါ ညီရေ..၊

    ကို N/A ...
    တကယ်တမ်းမှာ မလွယ်တာ အမှန်ပဲဗျို့၊ သူနဲ့ အပြိုင် လိုက်စိတ်တိုနေရင် ဒေါသကြီးပြီး ရိုက်တာနှက်တာတွေ ပဲ ဖြစ်မှာ သေချာတယ်၊ ဆိုတော့ စိတ်ကို ကြိုးစားပြီး ဆွဲဆန့်ရတာပါပဲဗျာ...၊

    မ,စည်းစိမ် ...
    ဝိုင်းကြီးပတ်ပတ် ဒူဝေဝေဆိုတဲ့ စကားကိုတော့ သဘောကျ သွားပြီ၊ မိဘနဲ့ သားသမီးကြားက ဆက်ဆံရေးကို အမိအရ ဖော်နိုင်လို့....၊း)

    အိန်ဂျယ်လ်လှိုင် ...
    ကလေးတိုင်းဟာ သူတို့ကို ဒီလောကထဲ ခေါ်လာခဲ့တဲ့ တာဝန်အရှိဆုံး ပုဂ္ဂိုလ် ၂ ဦးရဲ့ နွေးထွေးဂရုစိုက်မှုကို ရသင့်တာ အမှန်ပါပဲဗျာ..၊

    Anonymous ...
    Thank you so much....!

    ReplyDelete
  15. မိသားစုရဲ့ နွေးထွေး ကြင်နာတဲ့ အပြုအမူလေးတွေ ရှင်းရှင်းလင်းလင်း မြင်နိုင်တဲ့ ချစ်စရာ ကောင်းတဲ့ အရေးအသားလေးတွေ။ ဒါနဲ့ ကိုညီလင်း ဇနီးနဲ့ သားသားက မြန်မာလို နည်းနည်းပါးပါး တတ်လားဟင်။

    ReplyDelete
  16. Lovely post as usual on family life.In my case,i counted 1,2,3 for my 1st son as he was 3 year old.I counted my voice lengthen up to his manner.He must stand still in serious case cos he's afraid of mosquitoes in ygn that time.One of the welcome gifts of our home land to him.
    Gyidaw

    ReplyDelete
  17. အလိုပြစ်ပေးနည်း ကောင်းတယ်။ ဒီမှာတော့ မိဘအားလုံးက သားသမီးကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာ လေ့လာထားကြတယ်နော်၊ သူငယ်ချင်းတယောက်ရှိတယ်။ သူ့အမေအရမ်းအရိုက်ဆိုးတာပဲ။ သူဆို သူ့အမေကို တုန်နေအောင်ကြောက်ရတယ်။
    ကိုညီရေးတဲ့စာမျက်နှာသစ်ဖွင့်မယ်ဆိုရင်...လည်း လိုက်လုပ်ကြည့်ရဦးမယ်။

    ReplyDelete
  18. ဖတ်မိသမျှအကို့ပို့စ်တွေထဲမှာ ဒီပို့စ်ကိုအကြိုက်ဆုံးပဲ...။
    သားသားလေး စိတ်ဆိုးပြီးကလန်ကဆန်လုပ်တာလေးကို
    လည်း သဘောကျတယ်...။ဖေဖေ၊မေမေတို့ရဲ့ ဆုံးမပုံလေး
    ကိုတော့ပိုပြီးသဘောကျသွားတယ်....။ဒီမှာ ကျွန်တော့်အမ
    ဝမ်းကွဲမိသားစုရှိသဗျ၊သမီးလေးသုံးယောက်ကလိမ္မာရဲ့နဲ့
    တစ်ခါတစ်လေကလေးတွေဆိုတော့ အကို့သားလေးလို
    ဆိုးတာမျိုးတွေကို ရိုက်နှက်ပြီးဆုံးမတာတွေ့နေရတော့
    စိတ်မချမ်းသာဘူးဗျာ...။သူတို့ကို ဒီပို့စ်လေး ဖတ်စေချင်
    လိုက်တာ...။အစ်ကိုတို့မိသားစုလေးက သိပ်ချစ်စရာ
    ကောင်းတဲ့မိသားစုလေးပဲ...။
    ကျွန်တော်တောင်အားကျချင်သလိုလို.....:)))

    ReplyDelete
  19. ညီမ ဒါကိုဖတ်ပြီးပညာတော်တော်ရလိုက်တယ်။ ကျေးဇူးပါအစ်ကို။ အစ်ကို့ထိန်းကျောင်းမှူအောက်မှာဆိုရင် အစ်ကို့သားလေးဟာ မြန်မာသားကောင်း လေး ဖြစ်လာမှာပါ။

    ReplyDelete
  20. ချော(အစိမ်းရောင်လွင်ပြင်)July 7, 2011 at 1:05 PM

    ဖတ်ရတာ ပျော်စရာလေး
    နွေးထွေးပြီး မေတ္တာတွေနဲ့ ပြည့်နေတဲ့ မိသားစုတစ်ခုရဲ ပုံရိပ်တွေကို ပိုစ့်လေးထဲမှာ တွေ့လိုက်ရတယ် ကြည်နူးပီတိတွေကုူးစက်သွားတယ် ကိုညီလင်းသစ်ရေ

    ReplyDelete
  21. လပြည့်ရိပ်July 7, 2011 at 1:50 PM

    ချစ်စရာမိသားစုလေးကို မျက်လုံးထဲ ကွက်ခနဲ မြင်သွားတယ်။ သားလေးရဲ့ ၇ှက်စနိုးဟန်နဲ့ ရယ်နေပုံလေးကို မြင်ရရင်ကောင်းမှာ.. နောက်တခါဆိုရင် ကင်မရာအနားမှာ ထားပါဗျို့ .. :P

    ReplyDelete
  22. လပြည့်ရိပ်July 7, 2011 at 2:14 PM

    စကားမစပ် အပေါ်က အရုပ်ကလေးနှစ်ရုပ်က သားလေးကစားတဲ့ အရုပ်ကလေးတွေလား။ သူတို့ကို ဒီအတိုင်းထောင်ထားပြီး ရိုက်ထားတာလား။ ဆေးတောင့်လေးတွေနဲ့ တူနေတယ်။ ပုံက ကြွနေလို့ စိတ်ဝင်စားလို့ တစ်ခေါက်ပြန်လာ စပ်စုသွားတယ်။ ;)

    ReplyDelete
  23. ကလေးကို ဆုံးမတဲ့နည်းလေးက ကောင်းလိုက်တာ။

    ReplyDelete
  24. ကိုယ့်သားသမီးကို လိမ်မာအောင် ဆုံးမရတာ အတော်ကို မလွယ်တဲ့အလုပ်ပါ ကိုညီလင်းသစ်ရေ။ အိမ်ကသမီးလည်း အဲဒီလိုပါဘဲ။ တစ်နေ့တစ်နေ့ သူနဲ့ ကိုယ်နဲ့ ဂျာအေးသူ့အမေရိုက် နေရတာပါဘဲ။ ဒါတောင် သမီးက ရှစ်နှစ်ရှိနေပါပြီ။ ကိုညီလင်းသစ်သားလေးက ငယ်ပေမယ့် လိမ်မာပုံရပါတယ်.. ချစ်စရာလေး.. :)

    ReplyDelete
  25. မိသားစုပြသနာဖြေရှင်းပုံလေးကကြည်နူးစရာ... သားလေးက လိမ္မာတဲ့သားလေးဖြစ်မှာသေချာပါတယ်... မေတ္တာနဲ့ဆုံးမတတ်တဲ့မိဘတွေရဲ့သားသမီးတိုင်း လိမ္မာကြတာများပါတယ်...

    ReplyDelete
  26. မိသားစုပြသနာဖြေရှင်းပုံလေးကကြည်နူးစရာ... သားလေးက လိမ္မာတဲ့သားလေးဖြစ်မှာသေချာပါတယ်... မေတ္တာနဲ့ဆုံးမတတ်တဲ့မိဘတွေရဲ့သားသမီးတိုင်း လိမ္မာကြတာများပါတယ်...

    ReplyDelete
  27.း).. ကြည်နူးစရာလေး.. ကိုညီလင်းသစ်ရေ...

    ခင်မင်လျက်
    နေ၀ဿန်

    ReplyDelete
  28. Really smart Dad!
    SZH

    ReplyDelete
  29. ၀ါးးးးးးးးးးးးးးး ကောင်းလိုက်တဲ့ ပြုစုပျိုးထောင်နည်း (ကြိုက်တယ် ၊ သဘောကျတယ်)

    မရွှေစင်ဦး ပြောသလို .. ကျားမေမေကိုလည်း ဖတ်ပါတယ်.. ဒါပေမယ့်

    ကိုယ်က လွတ်လပ်ခွင့်ကို မက်မောလွန်းသူမို့။

    ဒီလို ညင်ညင်သာသာ ဆုံးမတာဟာ ကိုယ့်အတွက်ဆိုရင် ပိုထိရောက်မယ် ဟု ခံစားမိပါဂျောင်း။

    ReplyDelete
  30. ဇွန်က မိဘတစ်ယောက်မဟုတ်ပေမယ့် ကလေးကို ဆုံးမပုံလေး မှတ်သားသွားတယ်။ အနည်းဆုံးတော့ တူ၊တူမလေးတွေအပေါ် ပြန်အသုံးချလို့ ရအောင်ပေါ့။း) ကိုညီလင်းသစ်ဆန္ဒရှိတဲ့အတိုင်း စိတ်ထားကောင်း၊ အမွေကောင်းတွေ စုဆောင်းရရှိတဲ့ သားလိမ္မာလေးဖြစ်ပါစေလို့ ဇွန်က ဆုတောင်းပေးသွားပါတယ်။

    ReplyDelete
  31. လိမ္မာတဲ့သားလေးနဲ့ ပျော်ရွှင်စရာမိသားစုလေးအကြောင်း
    ဖတ်ရလို့ ဝမ်းသာရပါတယ်။

    ReplyDelete
  32. လာရောက် သင်ယူသွားပါတယ်..။
    ပုံ။
    ဒေါသကြီး..စိတ်မြန်တတ်သော
    အုပ်ထိန်းသူ

    ReplyDelete
  33. ကျွန်မကတော့ ပုံမှန်ဆိုရင် မအိမ်သူပြောတဲ့ နွားနို့အမျိုးအစားထဲကပါ။
    သားကိုဆုံးမရင်၊ သားက စိတ်ဆိုးစရာတွေ လုပ်ရင် ကျွန်မစိတ်ဆိုးသွားတဲ့ မျက်နှာနဲ့ ဒေါသကို မမြင်ရအောင် ကြိုးစားထိန်းပြီးမှ ဆုံးမရပါတယ်။

    ခလေးဆိုတော့ တခါတလေ အမေဆိုးကြောင်းအဖေကိုတိုင်လိုက်၊ အဖေမကောင်းကြောင်း အမေ့ကိုတိုင်လိုက်လုပ်တာလည်း ရှိပါတယ်။
    အဲလိုအချိန်ဆို ကျွန်မသိပ်ရီချင်တာပေါ့။ သူ့အပြစ်ပေါ့အောင် တရားခံရှာတတ်လို့ပါ။

    ကျွန်မသားက ညီလင်းသစ်ရေ သူ့အဖေကို ပိုချစ်တယ်ရှင့်။

    ReplyDelete
  34. ရိုစ့် ...
    သားက မဖြစ်မနေ ပြောရမယ်ဆိုမှ ကြိုးစားပြီး ပြောတယ်၊ မဟုတ်လို့ကတော့ သိပ်မပြောချင်ဘူး၊ ဇနီးသည်လည်း ဒီအတိုင်းပါပဲဗျာ..၊း)

    ဂျီးဒေါ် ...
    ကျနော်လည်း ၁,၂,၃ ရေတယ်ဗျ၊ အများအားဖြင့် အလုပ်ဖြစ်တယ်၊ ဂျီးဒေါ်သားတော့ ခြင်တွေကို အတော် ကြောက်သွားမှာပဲနော်..၊း)

    ဘိုမ ...
    ငယ်စဉ်တုန်းမှာ တခါတလေ နဲနဲပါးပါး ရိုက်တာကတော့ လိုအပ်မှာပါ၊ ဒါပေမယ့် တုန်နေအောင် ကြောက်သွားတဲ့ အထိ ရိုက်နှက်အပြစ်ပေး ခံရရင်တော့ စိတ်ပိုင်းဆိုင်ရာ တခုခုမှာ ထိခိုက်နိုင်မယ် ထင်တာပါပဲ...၊

    ကိုညိမ်းနိုင် ...
    ကိုညိမ်းနိုင်က ဒီလို ကွန်မန့်တွေနဲ့ အားပေးလေလေ၊ ကျနော်လည်း ဆက်ပြီး အိပ်ရေးပျက်လေလေတော့ ဖြစ်မှာ သေချာပါတယ်ဗျာ..၊း)

    မ,မြတ်ကြည် ...
    လာလည်တဲ့ အတွက်ရော.. ကွန်မန့်လေး အတွက်ပါ ကျေးဇူးတင်ပါတယ် ညီမရေ...၊

    မချော ...
    ကျေးဇူး တင်ပါတယ်နော်...၊

    လပြည့် ...
    ညီမပြောတဲ့ အတိုင်းဆို ကျနော်လည်း ကိုယ့်အိမ်မှာကိုယ် ပါပါရာဇီ ပြန်လုပ်ရတော့မယ် ထင်တယ်၊း) အရုပ်တွေက သားရဲ့အရုပ်တွေပါ၊ အသေးစိတ်ကိုတော့ ပို့စ်အသစ်ဖွင့်ပြီး ရှင်းပြထားတယ် နော်..၊း)

    မစန်းထွန်း ...
    ကောင်းမယ်ထင်တာ စမ်းကြည့်ရတာပါပဲဗျာ...၊

    မအိမ်သူ ...
    ဟုတ်တယ်ဗျာ၊ ကလေးကို ပြုစုပျိုးထောင်တဲ့ နေရာမှာတော့ ကလေးဆုံးမနည်းလက်စွဲ အတိအကျ ဘယ်တော့မှ ပေါ်မယ် မထင်ဘူးဗျို့..၊း)

    Sharon က မရိုစ့် ...
    မေတ္တာတရားကပဲ အကောင်းဆုံး ထိန်းကျောင်း ပဲ့ပြင် သွားနိုင်တယ်လို့ ကျနော်လည်း ယုံကြည်တယ်ဗျ..၊

    ကိုနေဝဿန် ...
    ကျေးဇူးပါဗျာ...၊

    SZH ...
    Well..not as smart as it looks like, I think, lol. Anyhow.. thanks a lot!

    ကိုမိုးယံ ...
    ကျနော်လည်း ကျားမေမေ ပြောထားတာတွေမှာ သဘောမတူတာတွေ အတော်များတယ်ဗျ..၊း)

    မဇွန်မိုးစက် ...
    ဆုတောင်းလေးအတွက် ကျေးဇူး အများကြီး တင်ပါတယ်နော်...၊

    မ,ရှင်လေး ...
    ကျေးဇူးတင်ပါတယ်ဗျာ....၊

    ပေါက် ...
    ဟာ..ဘယ့်နှယ် သင်ယူသွားပါတယ် တော့ မလုပ်လိုက် ပါနဲ့ဗျာ၊ ကျနော်တို့လည်း မြေစမ်းခရမ်းပျိုးမို့ ပေါက်လိုပဲ စိတ်တိုကြတာပါပဲဗျ...၊း)

    မ,ကောင်းမွန်ဝင်း ...
    ကလေးတွေကတော့ အဖေနဲ့အမေရဲ့ အကြား အားနည်းချက် လိုက်ရှာတဲ့ နေရာတော့ တပုံစံထဲ ဖြစ်မယ် ထင်တယ်နော်၊ မ,ကောင်းမွန်တို့ မိသားစုလည်း ပျော်စရာကောင်းမှာ သေချာတယ်..။း)

    ReplyDelete
  35. သားသေးသေးလေးနဲ့ ဖြစ်တဲ့ အရေးအခင်းလေးကို မြင်ယောင်ရင်း ကိုယ်ပါ ရောပြီး ပျော်ရွှင်မိတယ်... ပြီးတော့ ဒီအတိုင်းဆို ကိုယ်လည်း မီးဖိုပေါ်က နွားနို့ပါပဲလားလို့ ကိုယ့်ဟာကိုယ်တွေးပြီး ရယ်ချင်သွားတယ်...

    ရွာလည်နေလို့ စာကြွေးတွေ အခုမှ လာရှင်းရတယ် ကိုညီလင်းရေ... စိတ်မရှိပါနဲ့နော်...း))

    ReplyDelete
  36. မြစ်ကျိုးအင်းJuly 26, 2011 at 4:38 PM

    ဖတ်ရတာ အရသာလေး တမျိုးပဲ။ တညိမ့်ညိမ့်ဖြစ်စေတယ်လို့ ပြောရမလား ၊ ကြည်နူးဖွယ်ရာ လို့ဆိုရမလားဘဲ။ ဖတ်ကောင်းတာတော့ အမှန်ပဲ။

    ReplyDelete