11 July 2011

ရိုက်ကွင်းပေါ်က လူဆိုးနဲ့သူခိုး


ပြီးခဲ့တဲ့ ပို့စ်က Illustration ဓါတ်ပုံနဲ့ ပတ်သက်ပြီး ညီမ လပြည့်ရိပ် က ကွန်မန့်မှာ စိတ်ဝင်တစား မေးထားလို့ ပုံနဲ့တကွ ဖြေဆို လိုက်ပါတယ်၊ အမှန်တော့ အဲဒီ အရုပ်လေးတွေက ကစားစရာ ကုမ္ပဏီတစ်ခုက ရောင်းတမ်းဝင် ထုတ်ထားတာ မဟုတ်ပါဘူး၊ ဒီနိုင်ငံက နာမည်ကြီး Super market တွေထဲက တစ်ခုဖြစ်တဲ့ Migros က သူတို့ရဲ့ marketing အတွက် သက်သက် ရည်ရွယ်ပြီး အကန့်အသတ်နဲ့ ဖြန့်ချိခဲ့တာ ဖြစ်ပါတယ်၊ အဲဒီ အကောင်လေးတွေကို နာနို (Nano) အရုပ်လေး တွေလို့ နာမည်သတ်မှတ်ပါတယ်၊ သူတို့ရဲ့ မိသားစုတွေကိုတော့ Nanomania လို့ ခေါ်ကြတယ်၊ အောက်ကပုံကတော့ Nanomania collection အပြည့်အစုံ ဖြစ်ပါတယ်၊ အရွယ်အစားကို AA size ဓါတ်ခဲ တွေနဲ့ ယှဉ်ကြည့် နိုင်ပါတယ်...၊


Photobucket
ဒီနှစ် နှစ်ဆန်းပိုင်းလောက်မှာ အဲဒီ Migros ကုန်တိုက်တွေက တစ်ပတ်တခါ ပို့တဲ့ အခမဲ့ ကြော်ငြာ မဂ္ဂဇင်းထဲမှာ ဒီအကြောင်း စ,ပြီး ပါလာတယ်၊ ဗုဒ္ဓဟူးနေ့တိုင်း သူတို့ရဲ့ ကုန်တိုက်တွေမှာ ဒီအရုပ်လေးတွေ ရနိုင်တယ်၊ ၂၀ ဖရန့်ဖိုး ဝယ်တိုင်းမှာ နာနိုအရုပ်တစ်ရုပ်ကို ငွေရှင်းကောင်တာက ပေးပါလိမ့်မယ်၊ ၁၀၀ ဖိုးဈေးဝယ်ရင် ၅ ရုပ်ပေါ့၊ ဒီ မဂ္ဂဇင်း ကြော်ငြာနဲ့အတူ မြို့တွေမှာလည်း ပိုစတာတွေ လိုက်စိုက်တယ်၊ သူတို့က ဒီ မားကက်တင်းနဲ့ ပတ်သက်ပြီး အသေအချာကို တွက်ချက်ထားခဲ့တာ..၊ အကြောင်းက ဒီမှာ ဗုဒ္ဓဟူးနေ့တိုင်း မူလတန်းကျောင်းတွေ အားလုံးလိုလို နေ့တဝက်၊ ဒါမှမဟုတ် တနေကုန် ပိတ်ပါတယ်၊ ဆိုတော့ ကလေးတွေကို အိမ်မှာထိန်းဖို့ အိမ်ရှင်မတွေလည်း အဲဒီနေ့မှာ အလုပ် မလုပ်တတ်ကြဘူး၊ ဈေးဝယ်ထွက်ရင်လည်း ကလေးတွေကိုပါ ခေါ်သွားကြလေ့ ရှိတယ်၊ ဇတ်လမ်းက အဲဒီမှာ စတာပါပဲ၊ ကလေးတိုင်းလိုလိုက ဒီအရုပ်ကြော်ငြာ တွေ့တာနဲ့ လိုချင်ကြပြီ၊ သူတို့ မိဘတွေကို ပူဆာကြပြီ၊ ဒါတွေ ရဖို့ကလည်း ပိုက်ဆံတပြားမှ အပိုကုန်စရာ မလိုတာကိုး..၊ ပုံမှန် တပတ်စာ ဝယ်နေကျအတိုင်း ဝယ်ပြီးရင် ကျသင့်ငွေအလိုက် အရုပ်လေးတွေ ရနိုင်တော့ အဲဒီနေ့မှာ ဈေးဝယ်ဖို့ ကလေးတွေက ဖိအားပေးတာတွေ ဖြစ်လာတယ်...၊


Photobucket
အရုပ်တွေကိုလည်း ထူးထူးဆန်းဆန်း နာမည်တွေ ပေးထားသေးတယ်၊ တိရိစ္ဆာန်မိသားစုကို Animalos, လူဆိုးသူခိုး အပေါင်းအသင်း တသိုက်ကို Banditos, ပန်းရောင် ကောင်မလေးအဖွဲ့ကို Pinkies အစရှိသဖြင့် ပိုပြီးအသက်ဝင်အောင် လုပ်လိုက်တယ်၊ အပေါ်ပုံက နာနို ၆ ကောင်က မိသားစု ၆ စုထဲက သင့်တော်ရာ ဆွဲထုတ်ထားတာပါ၊ ဒါပေမယ့် ဒီ နာနိုလေးတွေ အတွက် တကယ်တမ်းမှာ ပိုက်ဆံ တပြားမှ ကုန်စရာ မလိုတာတော့ မဟုတ်ပါဘူး၊ သိတဲ့အတိုင်း မားကက်တင်းဆိုတာ အမြဲတမ်း မြှုပ်ကွက်တွေနဲ့ပါပဲ..၊ သူတို့က ဒီအရုပ်တွေကို တခါတည်း ဖြန့်ချိတာ မဟုတ်ဘဲ ၃ လအတွင်းမှာ ဗုဒ္ဓဟူးနေ့တိုင်း အသစ် ၂ မျိုး ၃ မျိုး တိုး,တိုးသွားတာ ဆိုတော့ အားလုံး လိုချင်ရင် သူတို့ ရဲ့ ကုန်တိုက်တွေမှာ အပတ်စဉ် ဈေးဝယ်ဖို့သာ ပြင်ထားပေရော့...၊ ပြီးတော့ အဲဒီအကောင်လေးတွေကို ထည့်ဖို့ သေတ္တာဗူး၊ နာနိုတွေ အကြောင်း ဇတ်လမ်းဆန်ဆန် စာကြောင်းတိုလေးတွေပါတဲ့ စာအုပ် စ,တာတွေကိုလည်း ရောင်းသေးတယ်၊ ကျနော်တို့က အဲဒီကုန်တိုက် တွေမှာ ပုံမှန်လိုလို ဝယ်နေကျဆိုတော့ ဘာမှမပြောင်းလဲပေမယ့် သူတို့ရဲ့ ပြိုင်ဖက် ကုန်တိုက်တွေမှာ ဝယ်နေကျ လူတွေခမျာ သူတို့ရဲ့ ကလေးတွေ ပူဆာလွန်းလို့ Migros ကို ဗုဒ္ဓဟူးနေ့တိုင်း အချိန်လုပြီး ဈေးလာဝယ်တာမျိုးတွေတောင် ဖြစ်သွားသေးတယ်..၊


Photobucket
အပေါ်ပုံကတော့ နာနိုမိသားစုကို ဘယ်လိုရိုက်ခဲ့လဲဆိုတာ ပြတဲ့ Setup shot ပါ၊ Flash ၂ ခုကို Radio-frequency remote နဲ့ မီးပွင့်စေပါတယ်၊ Manual mode မှာထားပြီး ဘယ်ဖက် ဖလက်ရှ်က ပါဝါ 1/16 နဲ့ ညာဖက် ဖလက်ရှ်က ပါဝါ 1/8 ထားပြီး ရိုက်တယ်၊ နာနိုအရုပ်တွေက အရောင်စုံမို့ ကလေးတွေ အမြင်မှာ လှပေမယ့် ဘာမှတော့ အထွေအထူး ကစားလို့ မရပါဘူး၊ ကြမ်းပြင်ပေါ်မှာ လှိမ့်ချင်လှိမ့် ဒါမှမဟုတ် တစ်ရုပ်ပေါ်တစ်ရုပ်ဆင့်ပြီး ကစား.. ဒါပါပဲ၊ နာနိုတွေ အတော်လေး ရေပန်းစားလာတော့ ထုံးစံအတိုင်း ဝေဖန်သံတွေလည်း ညံလာခဲ့သေးတယ်၊ Migros က သူတို့ ရောင်းအား မြှင့်တင်ရေးအတွက် ကလေးတွေ အကြိုက်ကို ဗန်းပြပြီး ခုတုံးလုပ်တယ် ဆိုပြီးတော့...၊ တီဗီမှာ Migros ရဲ့ တာဝန်ခံ တွေကို ဖိတ်ပြီး အချေအတင် စကားစစ်ထိုးပွဲတွေတောင် လုပ်လိုက်သေးတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် ဒီတချီ မှာတော့ Migros က မြိုးမြိုးမြက်မြက်ကလေး စားလိုက်ရတာတော့ သေချာတယ်..၊


Photobucket
အပေါ်က ပုံကတော့ ပြီးခဲ့တဲ့ ပို့စ်က ပုံအတွက် မှတ်တမ်းတင် Setup shot ပါ၊ နာနိုအရုပ်လေးတွေက တွေ့တဲ့အတိုင်း ကက်ပ်ဆူးလ် ဆေးတောင့်တွေနဲ့ တူပြီးတော့ ပလပ်စတစ်နဲ့ လုပ်ထားပါတယ်၊ အထဲမှာတော့ သံခဲလိုမျိုး အလေး ပါတဲ့အတွက် မျက်နှာပြင်ညီတွေမှာ ထောင်ထားလို့ ရပါတယ်၊ နာနိုတွေနဲ့ ပတ်သက်ပြီး သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဖက်က လူတွေကလည်း အော်လိုက်သေးတယ်၊ ဒီအရုပ်တွေကို ထုတ်လုပ်ဖို့ စွမ်းအင်တွေ အများကြီး ကုန်သလောက် ကလေးတွေအတွက် ကစားစရာ အစစ်မဟုတ်လို့ မကြာခင်မှာပဲ အမှိုက်ပုံးတွေထဲ ရောက်သွားကြမယ်၊ အဲဒီအခါ Recycle လုပ်ဖို့ပဲဖြစ်ဖြစ်၊ အပြီးသတ် ဖျက်ဆီးဖို့ပဲ ဖြစ်ဖြစ် တခါထပ်ပြီး စွမ်းအင်တွေ သုံးစွဲရဦးမယ် ပေါ့လေ၊ ဒါလည်း မှန်သင့်သလောက် မှန်ပါတယ်၊ ဒါပေမယ့် စီးပွားရေးသမား အများစု အဖို့တော့ စီးပွားရေးနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ယှဉ်လာရင် ဘယ်ဟာကို ဦးစားပေးမလဲဆိုတာ တရေးနိုး ထ,မေး.. အဖြေက အမြဲ တသမတ်တည်း ဖြစ်နေမှာပဲ မဟုတ်လား....။ ။


ညီလင်းသစ်
၁၀ ဇူလိုင်၊ ၂၀၁၁

23 comments:

  1. အကို ရေ၊ မျှဝေပေးတဲ့အတွက် ကျေးဇူးပါ။ မားကတ်တင်း ပညာကတော့ အတုယူစရာပါပဲ။

    ReplyDelete
  2. မ,မြတ်ကြည် ...
    စာလာဖတ်တာ ကျေးဇူးတင်ပါတယ် ညီမရေ...။

    ReplyDelete
  3. အရုပ်လေးတွေက ချစ်စရာလေးတွေ။ ကလေးတွေမပြောနဲ့ ကျမတောင် လိုချင်တယ်။ :)
    ဒီပုံလေးတွေရဖို့ ဓာတ်ပုံရိုက်ရတာလဲ မလွယ်ပါပဲလားနော်။ ကိုညီလင်းက အတော်လဲ စိတ်ရှည်တာပဲ။

    သူတို့ရဲ့အရောင်းမြှင့်တင်ရေး နည်းစနစ်က တော်တော်ဟုတ်တာပဲ။ ကလေးတွေကို တားဂတ်ထားတာကိုး။ စီးပွါးရေးသမားကတော့ ကိုယ့်ပစ္စည်း ရောင်းရဖို့ အဓိက ကျန်တာတွေနောက်မှ ... ။

    ReplyDelete
  4. မမေဓာဝီ ...
    ဒါဆို မမေသာ ဒီမှာရှိရင် ဗုဒ္ဓဟူးနေ့မှာ ဈေးဝယ်ကြတဲ့ သူတွေထဲ တစ်ယောက်အပါအဝင်ဖြစ်ပြီ၊း) ဟုတ်တယ်ဗျ၊ သူတို့ရဲ့ မားကက်တင်းက မသိနားမလည်တဲ့ ကလေးတွေကို တားဂက်ထားတော့ အတော်လေး အရာရောက်လိုက်တယ်၊ အဲ.. တဖက်ကလည်း တော်တော် ဝေဖန်ခံရတာပေါ့...။

    ReplyDelete
  5. မားကတ်တင်းပညာက အလာသားနော်။

    ReplyDelete
  6. မောင်မျိုးJuly 11, 2011 at 5:07 AM

    အစ်ကို့ဓာတ်ပုံတွေကြည့်ပြီး ကိုယ်က လှတယ်လို့ပဲ ပေါ့ပေါ့လေးပြောသွားသလို ပုံကောင်းလေးတွေထွက်ဖို့ အစ်ကို အားစိုက်၇တာလည်းမလွယ်ပါလားနော့် ဘလောဂါ့ စေတနာပေါ့း)

    ပရိုဖိုင်ပုံ ခဏခဏ ပြောင်းတတ်တဲ့ ကျနော့်အတွက် ဒီပုံလေးတွေကိုတောင် စိတ်ဝင်စားမိသေး ။ ပုံစံလေးတွေစုံတာ တစ်မျိုးဆန်းပါ့ ။

    ReplyDelete
  7. ဟိ.. ကလေးမပြောနဲ့ အဲဒီအရုပ်လေးတွေ လူကြီးလဲလိုချင်တယ်။ ပစ်တိုင်းထောင်လေးတွေနဲ့ တူတယ်နော်။ ချစ်စရာလေးတွေ။ ဒါပေမယ့် သိပ်သေးတော့ ကလေးငယ်လေးတွေ ပါးစပ်တို့နှာခေါင်းတို့ထဲ ထည့်မှာတော့ စိုးရိမ်ရသား။ ကိုညီလင်းသစ်စာတွေ ဖတ်ကောင်းတာလည်းမပြောနဲ့ စာရေးတဲ့နေရာမှာ စေတနာလည်းပါဖို့လိုတယ် ဆိုတာသက်သေပြလိုက်သလိုဘဲ။ ပို့စ်က သရုပ်ဖေါ်ပုံကလေး တစ်ခုအတွက်တောင် အသေအချာကို အားထုတ်ပြီး ရိုက်ထားတာမြင်ရတာ အားကျမိပါရဲ့ ။ ကြည့်ရတာတောင် ဓါတ်ပုံ Studio ထဲရောက်သွားသလိုပါဘဲလား။ Photography ကို အရမ်းစိတ်ဝင်စားပါတယ်။ လေ့လာဖို့ အခွင့်မသာသေးသလို နီးစပ်မှုကလည်းမရှိတဲ့အပြင် ကိုယ်တိုင်ကလည်း ခပ်အအ ဆိုတော့ ဘယ်ကစရမှန်း မသိတာလည်း ပါတာပေါ့လေ။

    ReplyDelete
  8. ကိုညီလင်းသစ်ရေ

    အဲဒီက မားကတ်တင်း ကလည်းစိတ်ဝင်စားစရာပဲ ။ ဒီမှာလည်း စုံတယ်။
    ဗုဒ္ဓဟူးနေ့ က ဘာလို့ ပိတ်တာလည်းဟင်။
    ဒါဆို တပတ်မှာ ၂ရက်ခွဲနားရတာလား။
    အဲဒီတော့ ကလေးအမေတွေဆို ရင် သူ့အလိုလို အဲဒီနေ့ က ပိတ်ရက်ရတာလား၊ ခွင့်ယူရတာလား။
    အပျိုဆိုရင် အလုပ်ဆင်းရမှာပေါ့။

    မားကက်တင်းကော ပိတ်ရက်အကြောင်းကော စိတ်ဝင်စားတယ်။

    အရုပ်ကလေးကို သေချာဓါတ်ပုံရိုက်တာကိုပါတင်ပေးလို့ ဒါကိုကြည့်ရတာကလည်း ကိုညီလင်းသစ်ရဲ့ သဘာဝကိုသိရတယ်။စေတနာနဲ့ ၀ါသနာကို လေးစားပါတယ်။

    ReplyDelete
  9. အရုပ်တွေအကြောင်းသိရလို့ ကျေးဇူးတင်ပါတယ်။

    ReplyDelete
  10. အတော်ကို သဘာဝကျတဲ့ ဈေးဝယ်ကိုဆွဲဆောင်မှု့တခုပါပဲ။ ၀ယ်နေကြ မပင်မပန်းရတယ်ဆိုတော့ ပိုတန်တာပေါ့။ တရုပ်ရတိုင်း ကလေးလေး ပျော်လွန်းလို့ ခုန်ခုန်နေမှာ မြင်ယောင်မိပါသေးရဲ့။ ဓါတ်ပုံပညာကော၊ ပစ္စည်း စုဆောင်းနိုင်မှု့ကိုရော အားကျပါတယ်..
    N/A

    ReplyDelete
  11. အရုပ်ကလေးတွေက အရောင်တွေစိုလက်ပြီး လှနေတဲ့ကြားက ဓာတ်ပုံဆရာက တကယ့်ကို အချိန်ယူပြီး သေချာလေး ရိုက်ထားလိုက်တော့ ကလေးမပြောနဲ့ လူကြီးတောင် လိုချင်စိတ်ပေါက်အောင် ဆွဲဆောင်မှု ကောင်းလိုက်တာ။ စိတ်တော်တော်ရှည်တဲ့ ကိုညီလင်းသစ်ဘဲ
    တစ်ရုပ်ချင်းစီကို သေချာကြည့်မိတယ် အတော်ချစ်ဖို့ကောင်းတဲ့ အရုပ်တွေဘဲနော် သဘောကျလိုက်တာ
    စီးပွားရေးသမားတွေရဲ့ မားကက်တင်းနည်းလေးတွေလည်း အတုယူဖို့ကောင်းတယ်

    ReplyDelete
  12. မားကက်တင်းကောင်းတာတော့ ပြောမနေနဲ့ မက်ဒေါ်နယ်ဆိုင်တွေမှာ ကာတွန်းကာရိုက်တာ အရုပ်လေးတွေ နဲ့ ကလေးတွေကို မြှားသလိုပေါ့၊ မိဘတွေကလည်း ကလေးလိုချင်တာကို အတတ်နိုင်ဆုံး ဖြည့်ပေးတတ်ကြတာ မဟုတ်လား ဒီတော့ ဘယ်လို အညှာကိုင်ရမယ်ဆိုတာ သူတို့က နောကြေပြီးသားလေ။ ကိုညီလင်းသစ်ပုံလေးတွေ ဒါကြောင့် ကောင်းတာကိုးးးးအားကျလိုက်တာ....

    ReplyDelete
  13. ကလေးမပြောနဲ့ လူကြီးတောင် လိုချင်စရာတွေ
    သူများတွေတိုးတက်တာ အဲ့လိုတွေကြောင့်ပေါ့း)
    ဒါနဲ့ ခင်းထားတဲ့ ကော်ဇောအရောင်အရမ်းလှတာပဲ
    စိတ်ဝင်စားတယ်သိလား

    ReplyDelete
  14. အရုပ်ကလေးတွေကလည်း လှ၊ရိုက်တဲ့သူရဲ့ ကျိုးစား
    အားထုတ်မှုကလည်းကောင်းဆိုတော့ ကလေးတွေမပြော
    နဲ့ကျွန်တော်တောင်လိုချင်လာပြီ...:D။မားကက်တင်းလုပ်
    ပုံလေးကသင်းသဗျာ...၊ဒါနဲ့ ကျွန်တော်လည်း ဗုဒ္ဓဟူးနေ့
    ဘာကြောင့်ပိတ်သလဲဆိုတာ စိတ်ဝင်စားတယ်အကိုရ...၊
    လုပ်ပါဦး....:)

    ReplyDelete
  15. လပြည့်ရိပ်July 11, 2011 at 8:09 PM

    နောက်ဆုံးပုံက လူဆိုးနဲ့ သူခိုးက သူတို့ကို မီးမောင်းထိုးထားလို့ သူတို့ကိုယ်ပိုင်အလုပ်တွေကို မေ့ပြီး ကြောက်နေလောက်တယ်။ ဇာတ်လမ်းတွေထဲမှာ ညပိုင်းလူဆိုးဖမ်းပွဲလို ရဲကားတွေက မီးတွေနဲ့ ထိုးထားသလိုမျိုးပြကွက်ပဲ။ ဟားဟား..
    ငယ်ငယ်တုန်းကလိုဆို အဲအရုပ်ကလေးတွေကို ထောင်ပြီး လောက်စာလုံးနဲ့ ဒိုးပစ်တမ်းကစားရရင်ကောင်းမယ်။ :-D


    ပိုစ့်တစ်ပုဒ်ဖြစ်ပေါ်ဖို့ရော ၊ ပုံတစ်ပုံဖြစ်မြောက်ဖို့ပါ ကြိုးစားထားတဲ့ အစ်ကို့ရဲ့ဝါသနာဗီဇ ကို လေးစားသွားတယ်။ ကျွန်မအထင်ပြောရရင် ပိုစ့်တင်ဖို့မှ ပုံတွေကို ဆက်တင်နဲ့ရိုက်နေတာမဟုတ်ပဲ စိတ်ကူးပေါ်ရင်ပေါ်သလို ရိုက်တတ်တယ်ထင်တယ်။ ဟုတ်လား.. ( ဒုတိယ မေးခွန်းက လာပြန်ပြီ :-) ) ဒီလို စိတ်ရှည်လက်ရှည်ပုံနဲ့တကွ ၇ှင်းပြတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်နှော်။

    ReplyDelete
  16. ဗဟုသုတတွေအများကြိးရလို့ ကျေးဇူးပါအကို...
    တစ်ကယ့်ကို စိတ်ရှည်ရှည်နဲ့ အသေးစိတ်ရှင်းပြထားတော့ ကစားပွဲ တွေတော်ရုံစိတ်မဝင်စားတဲ့သူတောင် ကစားချင်စိတ်ပေါက်သွားတယ်...:):)

    ReplyDelete
  17. marketing idea တော်တော်ကောင်းတယ်နော်။ ဒီမှာလည်း အဲလိုရှိရင် ကလေးမဟုတ်ပေမယ့် အဲအရုပ်တွေ အကုန်ရအောင် အပါတ်တိုင်း သွားဝယ်မိမှာဘဲ။

    ReplyDelete
  18. Lovely Nanos collection and thank you so much for sharing!
    Mon Petit Avatar

    ReplyDelete
  19. အဲလို အရုပ်လေးတွေ တကယ်ကို မမြင်ဖူးခဲ့ဘူး။ စိတ်ရှည်လက်ရှည်နဲ့ ရေးသားရှင်းပြပေးတဲ့အတွက်ရော၊ ဓာတ်ပုံတွေအတွက်ပါ ကျေးဇူးတင်ပါတယ်။

    ReplyDelete
  20. ကျမလည်းအသက်သာကြီးတာ အရုပ်သိပ်ကြိုက်တယ်။ အိတိကွိစိလေးတွေ စုရတာလည်းဝါသနာပါတယ်။ အဲဒီမှာဆို၇င် ကိုယ့်အတွက်စုအုန်းမှာ။ အိမ်မှာဆို ခလေးတွေနဲ့ အပြိုင် အရုပ်လိုချင်တယ်။
    အရုပ်ကိုလှအောင်ဆွဲဆောင်မှုရှိအောင် ရိုက်ထားတဲ့သူကို အဲဒီကုမ္ဗဏီက ဆုချသင့်တယ်။း)
    အိုင်အိုရာ

    ReplyDelete
  21. မလေးတော့ hardwood floor ကိုပါ သဘောကျသွားတယ်း))

    ReplyDelete
  22. မစန်းထွန်း ..
    လာတာတော့ လာတယ်ဗျို့...၊း)

    မောင်မျိုး ...
    အဲဒါက ဝါသနာ ဆိုတော့လည်း ညီရေ...၊ ပရိုဖိုင်းလ် ခဏခဏပြောင်းတော့ ညီ့ဘလော့ဂ်လေးက အမြဲ ဆန်းသစ် နေတာပေါ့...၊ :)

    မအိမ်သူ ...
    ဟုတ်တယ်ဗျ၊ ဒီက ကလေးတစ်ယောက်လည်း အဲဒီနာနို တစ်ကောင်ကို သကြားလုံး အောက်မေ့ပြီး ပါးစပ်ထဲ ထည့်ဝါးနေလို့ မိဘတွေ ပြာသွားသေးတယ်၊ ဓါတ်ပုံပညာကို အများကြီးလေ့လာနေဆဲ ပေမယ့် ကျနော် ကူညီနိုင်တာ ရှိရင်လည်း ပြောပါ...၊

    မ,ကောင်းမွန်ဝင်း ..
    ပို့စ်တစ်ခု တင်ပြီးတော့ကို သေချာ ရှင်းပြလိုက်ပြီနော်..၊း)

    မ,ရှင်လေး ...
    ကျေးဇူးပါ..၊

    ကို N/A ...
    ဟုတ်ပါတယ်၊ ကလေးတွေမှာ အဲဒီ အရုပ်လေးတွေ ထည့်တဲ့ ပလပ်စတစ်အိတ်ကို ရ,ရချင်းပဲ ငွေရှင်းကောင်တာ ရှေ့မှာတင် ဖွင့်ဖောက်ကြ၊ အော်ဟစ် ပျော်ရွှင်ကြနဲ့ဗျ...၊

    မချော ...
    စီးပွားရေး သမားများ အကွက်မြင်ချက်တော့ အရုပ်တွေ ကို ရောင်စုံ လုပ်ထားတဲ့အပြင် မျက်နှာအမူအရာ အမျိုးမျိုးဆိုတော့ ကလေးတွေက အကြိုက်ပေါ့...၊း)

    မချစ်ကြည်အေး ...
    ဟုတ်တယ်၊ ဟုတ်တယ်..၊ အဲဒီ မက်ဒေါ်နယ်က အရုပ်တွေကလည်း ကလေးတို့ရဲ့ သည်းခြေကြိုက်ပဲ၊း)

    မဘေဘီ ...
    သေချာကို စေ့စေ့စပ်စပ် ကြည့်တာပါလား၊း) ဖလက်ရှ်မီး ကြောင့် နဲနဲ ပိုကြွတာလည်း ပါမယ်ထင်တယ်..၊

    ကိုညိမ်းနိုင် ...
    ဗုဒ္ဓဟူးနေ့ အကြောင်းကို ပို့စ်အသစ်မှာ တင်လိုက်ပြီဗျ ...နော..၊း)

    လပြည့်ရိပ် ...
    ညီမပြောလို့ အဲဒီပုံကို ပြန်ကြည့်ပြီး ရယ်နေရသေးတယ်၊ ဟုတ်လည်း ဟုတ်တာပဲ၊ ညီမက တွေးတတ်တယ်နော်..၊း) ဒုတိယ မေးခွန်းကို ဖြေရရင် တော့ လပြည့်ထင်တာ အမှန်ပါပဲဗျာ၊ စိတ်ကူးရသလို ဆက်တင်နဲ့ ရိုက်ဖြစ်ပါတယ်...၊

    အိန်ဂျယ်လ်လှိုင် ...
    စိတ်ဝင်စားတာ သိရလို့ ကျေးဇူးပါ ညီမရေ...၊

    မသဉ္ဖာ ...
    အင်း ..ဒါကို Migros သာ ကြားရင်တော့ အဲဒီမှာလည်း ဆိုင်ခွဲတွေ လာဖွင့်ချင် ဖွင့်နေဦးမှာ....၊း)

    Mon Petit Avatar ...
    မျှဝေခွင့် ရတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်..၊

    မဇွန်မိုးစက် ...
    စိတ်ဝင်တစားနဲ့ လာဖတ်လို့လည်း ကျနော်က ကျေးဇူး တင်ရပါတယ်ဗျာ...၊

    မအိုင်အိုရာ ...
    “အိတိကွိစိ..” တဲ့လား၊ ဒီစကားလုံးကိုတော့ အရမ်း သဘောကျသွားပြီ...၊

    မအိမ့်ချမ်းမြေ့ ...
    ကြိုက်ရာကို ရွေး၍ သဘောကျနိုင်ပါသည် ခင်ဗျား..။းD

    ReplyDelete
  23. ကိုညီလင်းရေ... Marketing တွေ ဘာတွေတော့ ဥာဏ်မမှီလို့ မတွေးတတ်ပါဘူး... ဒါပေမယ့် အရုပ်လေးတွေတွေ့တော့ လိုချင်သွားတယ်...အဲလိုအရုပ်လေးတွေ ဒီမှာ တခါမှ မတွေ့ဖူးဘူး... ဝါးခြမ်းပြားလိုဟာမျိုးပေါ်မှာ တထောက်ထောက်နဲ့ သွားတတ်တဲ့ Mighty Beanz ဆိုတဲ့ဟာလေးတွေနဲ့တော့ ခပ်ဆင်ဆင်ရယ်...း))

    ဓါတ်ပုံရိုက်နည်းလေးပါ တွေ့ခွင့် မြင်ခွင့်ရလို့ ကျေးဇူးပါ... ကိုညီလင်းပုံတွေ ဒါကြောင့် သိပ်လှနေတာကိုးလို့ ဆိုတဲ့အတွေးထက် ပုံကောင်းတပုံရဖို့ အားစိုက်ထုတ်ရတဲ့ အဖြစ်ကို သေသေချာချာ တွေ့လိုက်ရပါတယ်...။

    ReplyDelete