30 July 2011

၂၇ နှစ်မှာ...


ဒီရက်ပိုင်းတွေမှာ အတော်လေး အလုပ်များနေတာနဲ့ ဘလော့ဂ်မှာ ဘာမှ မရေးနိုင်ဘူး ဖြစ်နေခဲ့တယ်၊ တကယ်ဆို အခုအချိန်က နွေရာသီဆိုတော့ မြို့မှာ အတော်လေး လူရှင်းပါတယ်၊ ကုန်တိုက်တွေမှာ ဈေးဝယ်သွားတဲ့အခါ ကားပါကင်မှာ ကားရပ်စရာ နေရာတွေ အပြည့်နဲ့..၊ အလုပ်မှာလည်း လုပ်ဖော်ကိုင်ဖက်တွေ အများစုက ခွင့်နဲ့ အားလပ်ရက် သွားနေကြလို့ ခြောက်ကပ်ကပ်...၊ အဲဒီလို အချိန်မှာမှ ကျနော်က တစ်ယောက်တည်း အလုပ်များနေခဲ့ ရတာ..၊ အမှန်က တစ်ယောက်တည်းတော့ မဟုတ်ဘူးပေါ့လေ...၊ ကျနော်နဲ့ အတူတွဲလုပ်တဲ့ ကျောင်းသား ၂ ယောက် ၃ ယောက်လောက်ကို သူတို့ပရောဂျက်တွေ အတွက် ကူပေးနေရတာပါ...၊ ၂ ယောက်က ရေထဲမှာ လုပ်ရတဲ့ ပရောဂျက်ဆိုတော့ ကျနော့်ရဲ့ မာလိန်မှူး အခန်းကဏ္ဍက မရှိမဖြစ်ပေါ့..၊ ဒီရက်ပိုင်း ရာသီဥတု နည်းနည်းဆိုးတော့ မော်တော်မောင်းဖို့ မဖြစ်နိုင်လို့ နားရမလား ကြံကာရှိသေး နောက် တစ်ယောက်က lab ထဲမှာ ဓါတ်ခွဲတာနဲ့ ဆိုင်တဲ့ ပရောဂျက်စ,လို့ သူ့ကို တခါ ပြပေးရပြန် ပါတယ်၊ ဒီလိုနဲ့ ဓါတ်ခွဲခန်း များစွာက တံခါးတွေပိတ်၊ ရုံးခန်းတွေ တိတ်ဆိတ်နေကြတဲ့ အဆောက်အဦးထဲ မှာ ကျနော်တို့လို လူနည်းစု ကတော့ တိုးတိုးတိတ်တိတ် အလုပ်တွေ ရှုပ်နေခဲ့ကြတယ်...၊

ပြီးခဲ့တဲ့ ရက်တွေတုန်းက သတင်းတွေမှာ နာမည်ကြီး အဆိုတော် အေမီဝိုင်းဟောက်စ် (Amy Winehouse) ဆုံးသွားတဲ့ အကြောင်း ကျနော်တို့အားလုံး ဖတ်ကြ၊ ကြားကြရ ပါတယ်၊ သူ့သီချင်း တစ်ပုဒ်စ၊ နှစ်ပုဒ်စ ရေဒီယိုမှာ နားထောင်ဖူးတာက လွဲလို့ သူ့ကို ကျနော် ကောင်းကောင်း မသိပါဘူး၊ သူ့ရဲ့ နာရေးနဲ့ ပတ်သက်ပြီး ရေးထားတဲ့ ဆောင်းပါးလေး တစ်ပုဒ်ကို အမှတ်မထင် ဖတ်မိတယ်၊ အသက် ၂၇ မှာ ဆုံးသွားတဲ့ သူ့လိုပဲ ဒီအသက် အရောက်မှာ ဆုံးသွားကြတဲ့ အခြားနာမည်ကြီး ဂီတပညာရှင်တွေကို ဆက်စပ်ရေးထားတာပါ၊ Nirvana အဖွဲ့က Kurt Cobain, The Doors အဖွဲ့က Jim Morrison, Rolling Stones အဖွဲ့ကို စပြီး တည်ထောင်ခဲ့တဲ့ Brian Jones, နာမည်ကြီး ဂစ်တာသမား Jimi Hendrix အစရှိတဲ့ ဂီတသမားတွေဟာ အေမီဝိုင်းဟောက်စ်လိုပဲ အသက် ၂၇ ဝန်းကျင်မှာ ကွယ်လွန်ခဲ့ ကြတယ်၊ အားလုံး လိုလိုက အရက်၊ မူးယစ်ဆေးနဲ့ ဆက်နွယ်ပြီး သေဆုံးခဲ့ကြတာပါပဲ...၊

၂၇ နှစ်ဆိုတဲ့ အသက်အရွယ်ဟာ ဘဝရဲ့ အသန်မာ၊ အဖြတ်လတ်ဆုံး အရွယ်၊ အလုပ်တွေ အများကြီး လုပ်နိုင်တဲ့ အရွယ်၊ စိတ်ပိုင်းရော ရုပ်ပိုင်းပါ ကျန်းမာကြံ့ခိုင်တဲ့ အရွယ်ပါ၊ ဒီလိုအရွယ်မှာ ရောဂါဘယကြောင့် မဟုတ်ဘဲ မူးယစ်ဆေးရဲ့ သားကောင်အဖြစ်နဲ့ သေဆုံးကြ ရတာ နှမြောဖို့ ကောင်းတယ်၊ တောက်ပအောင်မြင်တဲ့ ဘဝတစ်ခုကို ထားခဲ့ပြီး၊ လူတော်တော်များများမှာ မရှိတဲ့ အရည်အချင်း တွေကို ထားခဲ့ပြီး ထွက်သွားခဲ့ကြရတာ...၊ ကိုယ့်သဘောနဲ့ ကိုယ် ဖိတ်ခေါ်ခဲ့တဲ့ မူးယစ်ဆေးက အဆုံးတိုင် ဝါးမြိုသွားတာမို့ ခပ်စိမ်းစိမ်း တွေးကြည့်မယ် ဆိုရင် ဘယ်သူမပြု မိမိမှုပဲလို့ ပြောမယ်ဆိုလည်း ပြောချင်စရာပါပဲ၊ အနုပညာသမားနဲ့ ယစ်မူးစေတဲ့ အရာ တစ်ခုမဟုတ်တစ်ခု ဆက်စပ်နေ တတ်ကြတာတော့ ကျနော်တို့အားလုံး အသိပဲ မဟုတ်လား...၊

ဒါနဲ့ တဆက်တည်း ကျနော့်အသက် ၂၇ မှာ ဘာတွေလုပ်နေ၊ ဖြစ်နေခဲ့လဲလို့ တွေးကြည့်မိတယ်၊ သေခြင်းနဲ့ရှင်ခြင်းကြားက အပြောင်း အလဲမျိုး မဟုတ်ပေမယ့် ၂၇ နှစ်ဆိုတဲ့ အသက်မှာ ကျနော့်ရဲ့ ဘဝတစ်ဆစ်ချိုးလို့ ပြောလို့ရတဲ့ အပြောင်းအလဲတစ်ခုတော့ ဖြစ်ခဲ့တယ်၊ အထိုက်အလျောက် အောင်မြင်နေတဲ့ ဘဝတစ်ခုကို မြန်မာပြည်မှာ ထားခဲ့ပြီး ဒီနိုင်ငံကို ရောက်လာခဲ့တယ်၊ ကိုယ်တိုင် ရွေးချယ် လိုက်တဲ့ ရွေးချယ်မှုကပဲ ကိုယ်မြတ်နိုးစွာ ပြုစုပျိုးထောင် ခဲ့ရတဲ့ ဘဝတစ်ခုကနေ ဆွဲခေါ် ထုတ်သွားခဲ့တယ်၊ လူတိုင်းကတော့ ကိုယ်စိုက်တဲ့အတိုင်း ရိတ်ရမှာပဲ မဟုတ်လား..၊ ကျနော့်အသက် ၂၆ နှစ်လောက်မှာ ဗင်းဆင့်ဗန်ဂိုးရဲ့ အတ္ထုပတ္တိအကြောင်း ဖိတ်မိတယ်၊ အဲဒီမှာ ဗန်ဂိုးက အသက် ၂၇ နှစ် ဝန်းကျင်လောက် ရောက်မှ ပန်းချီ စ,ဆွဲတယ်လို့ ဖတ်ရတော့ 'ကြည့်စမ်း..ငါလည်း နောက်တစ်နှစ်လောက် နေမှ ပန်းချီစ,ဆွဲရင်တောင် နိုင်ငံကျော်လောက်တော့ ဖြစ်လာနိုင်သေးတယ်၊ သိပ် အချိန်မနှောင်းသေးဘူး' လို့ ခပ်ကြောင်ကြောင် တွေးခဲ့ မိဖူးသေးတယ်၊ အခုတော့လည်း ၂၇ ကို ကျော်ဖြတ်လာခဲ့တာပဲ ၁၀ စုနှစ် တစ်ခုနီးပါး ကြာခဲ့ ပါပြီ၊ ဘဝရဲ့ ကင်းဗတ်ပေါ်မှာ ကိုယ့်ရဲ့ကောက်ကြောင်းကိုပဲ ပီပြင်အောင် အနိုင်နိုင် ခြစ်နေရတုန်း၊ တချို့နေရာတွေမှာ လိုက်လျောညီထွေရှိအောင် ဘယ်လိုဆေးစပ်ရမလဲလို့ အခုထိ သဘောမပေါက်နိုင်ဘဲ ရှိတုန်း၊ အနီးအဝေး သဘောတွေ ကြားမှာ ယောင်ယောင်ကန်းကန်းနဲ့ တမ်းတ လွမ်းမောလို့ ရပ်ကြည့်ကျန်ရစ် နေတုန်း....။ ။


ညီလင်းသစ်
၂၉ ဇူလိုင်၊ ၂၀၁၁

31 comments:

  1. အသက်၂၇မှာလား အချစ်ဆုံးနဲ့လက်ထပ်ခဲ့တာပေါ့..ဟီးဟီး

    ReplyDelete
  2. ကျမလည်း ကိုညီပြောမှ စဉ်းစားမိတယ်
    ၂၇မှာ ဘာမှမပြောင်းလည်းခဲ့ဖူး
    ဘဝရဲ့ ကင်းဗတ်ပေါ်မှာ ကိုယ့်ရဲ့ကောက်ကြောင်းကိုပဲ ပီပြင်အောင် အနိုင်နိုင် ခြစ်နေရတုန်း၊ တချို့နေရာတွေမှာ လိုက်လျောညီထွေရှိအောင် ဘယ်လိုဆေးစပ်ရမလဲလို့ အခုထိ သဘောမပေါက်နိုင်ဘဲ ရှိတုန်း၊ အနီးအဝေး သဘောတွေ ကြားမှာ ယောင်ယောင်ကန်းကန်းနဲ့ တမ်းတ လွမ်းမောလို့ ရပ်ကြည့်ကျန်ရစ် နေတုန်း....။ ။
    သိတ်မှန်တာပဲ ကော်ပီလုပ်ရတာ အရသာ ရှိတှာ :P

    ReplyDelete
  3. 27 မှာ

    ၂၇ မှာ ဘာဖြစ်ခဲ့လည်း ဆိုတော့ ထင်ထင်ရှားရှား ဘာမှ မဖြစ်ခဲ့ဘူးဘဲ ပြောရမှာဘဲ

    ၄ဝ မှ ဘဝ စတာလေ ကိုညီလင်းသစ် အချိန်တွေ အများကြီး ရှိပါသေးတယ်

    ရွှေစင်ဦး

    ReplyDelete
  4. မာလိန်မှူးရေ..
    တူတူဘဲအလုပ်တွေများရက်နဲ့ လှစ်ကနဲလာခဲ့တယ်။
    အသက်၆၅မှာပန်းချီဆွဲရင်ကောင်းမလားစဉ်းစားနေတယ်။
    အိုင်အိုရာ

    ReplyDelete
  5. ညီလင်းရေ..အံ့သြစရာကောင်းလောက်အောင်ပဲ အဲလို ၂၇နှစ်မှာ လူတွေအပြောင်းအလဲဖြစ်တတ်တာကို အစ်မလည်း သတိထားမိခဲ့ဖူးတယ်။ တိုက်တိုက်ဆိုင်ဆိုင် မဂျူးနဲ့လည်း ပြောဖူးတော့ မဂျူးကလည်း အဲလို သတိထားမိတယ်။ အမလည်း ၂၇မှာ တကယ့် အပြောင်းအလဲကို ကြုံခဲ့တာပဲ။ ဟဲဟဲ.. မူးယစ်ဆေးနဲ့တော့ တိုက်ရိုက်ကြီး မဆက်နွယ်ပါဘူး ကွယ်...။ နောက်ထပ်တွေးမိတာက သိဒ္ဓတ္ထတောင် နိမိတ်ကြီးလေးပါးကို စတွေ့တာ ၂၇နှစ်မှာများလားပဲ။ ဒါနဲ့ပဲ ၂၉နှစ်ကျတော့ တောထွက်ဖြစ်တာရှိမှာ.. :)

    ReplyDelete
  6. ၁၇ မှာလည်း ဒီအတိုင်း ၂၇ မှာလည်း ဘာမှ သိပ်မထူးခြား ၃၇ မှာလည်း ထိုနည်းလည်းကောင်း ၄၇ ကတော့ မရောက်သေးတော့ ဘယ်လိုနေမယ် မသိပေမယ့် သိပ်ထူးခြားစွာ ပြောင်းလဲဖွယ်ရာ မမြင်... ကိုညီလင်းသစ်ပြောလို့ တွေးစရာရသွားပြီး ကိုယ့်ဟာကိုယ် ဆန်းစစ်မိပါတယ်။ စိတ်ဓါတ်တောင် နည်းနည်းကျသွားတယ်.. :D

    ReplyDelete
  7. အင်း ၂၇နှစ်...
    ဟိုလူကြီးကို ကဗျာတပုဒ် ရေးပေးဖူးတာပဲ
    အဝေးအနွေး အနီးအအေး လို့ အမည်ရပါတယ်။

    လစ်ပြီအေ
    တယ်ဖွတဲ့ လူတွေပဲ...
း)

    ReplyDelete
  8. ဟားဟား.. မသီတာကော်မန့်ကိုဖတ်ပြီး ရီမိသွားတယ်။ ကျနော့် ၂၇ မှာပဲ ရွေးချယ်မှု ခပ်ကြီးကြီးတွေ လုပ်ခဲ့ရတယ်။ နောက်တခေါက် ရွေးစရာ ထပ်ကြုံလာတာက အခုလောလောဆယ်ပါပဲ။

    ReplyDelete
  9. ဟုတ်တယ်၊
    အဲဒီလိုပြောမှ
    ကိုယ့်ရဲ့ ၂၇နဲ့ ၃၇ မှာ ဘာတွေဖြစ်ခဲ့လဲဆိုတာ စဉ်းစားမိသွားတယ်၊
    အပြောင်းအလဲ အဲဒီနှစ်တွေမှာ သေချာပေါက်ဖြစ်တာပါပဲ။

    ReplyDelete
  10. အစ်ကိုပြောတာနဲ့ ၂၇ နှစ်နီးနီးလာတဲ့ ကိုယ့်ကိုယ်ကိုတောင် ဘာအပြောင်းလဲတွေ လာအုံးမှာလည်းလို့ စိတ်ဝင်စားမိတာ အမှန်ပဲ ။ ကောင်းသောပြောင်းလဲခြင်းတွေဖြစ်ဖို့တော့ ကြိုးစားရမှာပေါ့လေ ဒါပေမယ့် တစ်ခါတလေ ဘ၀ကို ကိုယ်မထင်မှတ်ထားတာတွေ ဖြစ်တတ်လေတော့လည်း အဆိုးဆုံးအခြေနေတွေဖြစ်လာခဲ့ရင်လည်း ခံနိုင်ရည်ရှိဖို့ ပြင်ဆင်ထားရမှာပေါ့ ။

    ရွေချယ်မှုတိုင်းမှာ စွန့်လွှတ်မှုတွေ စတေးခဲ့ရတာတော့ တကယ်ပါပဲ ။

    ReplyDelete
  11. မွေးနေ့ထင်ပြီး ရောက်လာတာ ဒါပေမဲ့ ကိုညီလင်းသစ်က ဒီလောက်တော့ မငယ်တော့ဘူးထင်နေတာဆိုပြီး အံ့တော့ အံ့သြပြီးလာပါတယ်။ ပို့စ်ကိုဖတ်လိုက်မှပဲ အကျိုးအကြောင်း သိတော့တယ်။ မွေးနေ့မဟုတ်ပေမဲ့ ဖတ်ရကျိုးနပ်ပါတယ်။ တိုက်ဆိုင်နေတယ် ၂၇ နှစ်မှာ အစ်မလည်း ဘာမှ ထူးထူးခြားခြား ပြောင်းလဲတာတော့ မဟုတ်ပေမဲ့ တောတွင်းကနေ မြို့ပေါ်ရောက်လာတဲ့ နှစ်နဲ့ တိုက်ဆိုင်နေတယ်။

    ReplyDelete
  12. ဘာမှလဲမဖြစ်ခဲ့ ဘာမှလဲမဖြစ်နေတဲ့ ဘဝကို သိပ်မကြည်ချင်ဘူး။ပန်းချီပြန်စသင်ရရင်တော့ သိပ်ကောင်းမှာ။
    Mon Petit Avatar

    ReplyDelete
  13. ခုချိန်ထိတော့ ဘာမှထူးထူးခြားခြားရယ်လို့ မပြောင်းလဲသေးတဲ့အတွက် ဘာမှလဲ ထူးခြားပြိး ပြောင်းလဲလာမယ်လို့ မထင်ဘူးအကို..:)

    ReplyDelete
  14. ကိုညီလင်းပြောလို့ ၂၇ နှစ်မှာ ဘာများပြောင်းလဲခဲ့ပါလိမ့်လို့ ပြန်တွေးကြည့်တော့ သိပ်မထူးခြားပေမဲ့ နည်းနည်းတော့ အပြောင်းအလဲ ရှိခဲ့တယ်။ ကုမ္ပဏီဝန်ထမ်းလုပ်ရာက ကိုယ်ပိုင်အလုပ် လုပ်တာမျိုး ... အသက်၂၇ နှစ်က အစပျိုးခဲ့တာ။
    ၃၆ နှစ်မှာတော့ ထူးခြားတဲ့ အပြောင်းလဲနဲ့ ကြုံရတယ်။ ၄၅ နှစ်ရောက်ရင်ရော ဘယ်ကြုံရအုံးမလဲ မသိ။
    ကောင်းသော ပြောင်းလဲခြင်းများသာ ကြုံချင်ပါတယ်။

    ReplyDelete
  15. Amy Winehouseအတွက်ဝမ်းနည်းရပါတယ်.။
    နှမျောတယ်..။

    ကျနော့်
    ၂၇နှစ်မှာ အုပ်ထိန်းသူဖြစ်နေခဲ့ပြီးပြီ။


    ayguf

    ReplyDelete
  16. ၂၇ နှစ်မှာ သွမ်းနေတာပေါ့..
    ပြန်ထွက်လာနိုင်တာ ကံကောင်းခဲ့တယ်..
    N/A

    ReplyDelete
  17. 2pac ကျ..၂၅နှစ်မှာ ..။


    ပေါက်

    ReplyDelete
  18. ၂၇နှစ်ဆိုတဲ့ ဂဏန်းကိုကြိုက်တယ်။
    ဒီပို့စ်မှာ ၂၇နှစ်နဲ့ပတ်သက်တာလေးတွေ ဖတ်ရပေမယ့် ကျွန်မအတွက်ကတော့
    တချို့အသက်အရွယ်တွေမှာ စိတ်ဝင်စားစရာအမှတ်ရစရာ အပြောင်းအလဲတွေရှိခဲ့ပါတယ်။
    ပြန်မရနိုင်တော့တဲ့ ဂဏန်းတွေနဲ့အတူ ပြန်မရနိုင်တော့ တော့ အပြောင်းအလဲတွေဆိုတာကို သတိထားမိလို့ အခုရှိနေတဲ့ ဂဏန်းတွေကိုပဲ အတတ်နိုင်ဆုံး စိတ်ချမ်းချမ်းသာသာနဲ့ ဖြတ်သွားချင်ပါတယ်။

    စကားမစပ် အခုတလော အလုပ်ရှုတ်နေတာကတော့ တူနေပြီ။
    ဒီကြားထဲကတောင် ဒီလိုပို့စ်ရေးပေးတာကို ဖတ်ရလို့ ကျေးဇူးပါပဲ ကိုညီလင်းသစ်ရေ။

    ReplyDelete
  19. အင်း နီးတော့လာပြီ အဲဒီ ၂၇ ဆိုတာကြီးနဲ့ .ရင်တုန်လာသလိုလိုဘဲ အဟီး

    ReplyDelete
  20. အမည်ဝှက်စာဖတ်သူ ...
    အဲဒါ အကောင်းဆုံးပဲ၊ Congratulations..!!! :D

    မဘေဘီ ...
    ဖတ်လာရင်းနဲ့မှ ဒီစာသားတွေ မြင်ဖူးသလိုလို အောက်မေ့တာ လက်စသတ်တော့ ဂလိုကိုး...၊း)

    မရွှေစင်ဦး ...
    ဟုတ်တယ်ဗျာ၊ ဘဝက အခုထိ မစ,နိုင်သေးဘူး ဖြစ်နေတာ...၊း)

    မအိုင်အိုရာ ...
    အဲဒါ သိပ်မိုက်တာပေါ့၊ အသက်ကြီးမှ ပန်းချီဆွဲတာ Perspective တွေ ပြောင်းနေမှာပဲ..၊

    အမမေငြိမ်း ...
    ဒီ ၂၇ နှစ်အကြောင်းကို အမတို့၊ ဆရာမဂျူး တို့လည်း သတိထားမိတာကိုး..၊ ဒီဂဏန်းက နဲနဲ ဆန်းတာတော့ အမှန်ပဲဗျ..နော၊ Btw..အမလည်း စာမရေး၊ ဘလော့ဂ် လည်မထွက်တာ အတော်တောင် ကြာနေပါရော့လား.၊း) လာလည်တာ ဝမ်းသာတယ် အမရေ..၊

    မအိမ်သူ ...
    ဒီလို တသမတ်တည်း ဖြစ်တည်လာတာလည်း တမျိုး ကောင်းတာပါပဲဗျာ၊ ရေပြင်အောက်က မြစ်ရေစီးလို ငြိမ့်ငြိမ့်လေးပေါ့... ဟုတ်ဖူးလား၊း)

    မသီတာ ...
    အဲဒီလို ကဗျာခေါင်းစဉ်လေးပဲ ရွတ်ပြပြီး ထွက်မပြေး ကြေးလေ..၊ ခေါင်းစဉ်မြင်တာနဲ့ကို ဖတ်ချင်လာပြီဗျ၊း)

    ကိုတီဇက်အေ ...
    ဒါဆိုလည်း ခေါင်းအေးအေးနဲ့ ရွေးသာရွေးတော့ဗျာ၊ ဘာတဲ့.. မရွေးရဲလို့ ဆုံးရှုံးတာနဲ့စာရင် အရွေးမှားလို့ ဆုံးရှုံးတာက တော်သေး ဆိုလား....၊း)

    မ,အပြုံးပန်း ...
    ဟော.. အမလည်း ၂၇ က ပြုစားတာ ခံရတာပါလား၊း)

    မောင်မျိုး ...
    တခါတခါလည်း အဲဒီလို မျှော်လင့် ရင်ခုန်နေရတာကိုက အရသာပဲဗျ၊ ဖြတ်သန်းရမယ့် အချိန်ရောက်တော့လည်း ဒီလိုနဲ့ပဲ ကျော်ဖြတ်သွားတာပါပဲ ညီရာ...၊

    မငယ်နိုင် ...
    ဒီလောက်တော့ မငယ်တော့ဘူး-ဟုတ်လား၊းD အင်း ကျနော်လည်း သက္ကရာဇ် ဖြိုဦးမှပါပဲ...၊း)

    Mon Petit Avatar ...
    အဆင်ပြေရင် လက်တို့လိုက်ပါဦး၊ ကျနော်လည်း ပန်းချီ ကို အမြဲတမ်း သင်ချင်နေတုန်းပဲဗျ...၊း)

    အိန်ဂျယ်လ်လှိုင် ...
    ဂြိုဟ်စီးဂြိုဟ်နင်းတွေကို စောင့်ကြည့်ပါဦးလေ..၊ မှန်ထမ်းလာတာ မမြင်ရဆိုလား ဘာလား ပြောကြတယ် မဟုတ်လား....၊း)

    မမေဓာဝီ ...
    မမေက အသက် ၂၇ က စ,ပြီး ဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲ ဖိတ်တော့တာကိုး...၊း) ဒါဟာ ကိုယ့်ထူးကိုယ်ချွန် ဖြစ်ဖို့ စလိုက်တာပဲ...အဟဲ၊း)

    ayguf ...
    ဒီအသက်မှာ ကိုယ်က အုပ်ထိန်းသူနေရာ ရောက်နေတာ တော်ရုံ တာဝန်ယူနိုင်စိတ်နဲ့ မဖြစ်နိုင် လောက်ဘူး၊ လောကအကြောင်း သူများထက် ပိုသိဖို့ ဖြစ်လာတာလို့ ဆိုရမလားပဲ...၊

    ကို N/A ...
    သွမ်းနေတာဆိုတာ ဘာများပါလိမ့်ဗျာ၊ 'ဆိုး' ရဲ့ အနောက်က 'သွမ်း' ကိုများ ပြောတာလား၊ ကျနော်လည်း တခါတခါ မမှီဘူးဗျ...၊း)

    ပေါက် ...
    ဒီကော်မန့်ကတော့ တကယ် ကျစ်လစ်လွန်းတယ်ဗျို့၊ ကျနော် အကြာကြီး စဉ်းစားတယ်၊ သဘောကို မပေါက် နိုင်ခဲ့ဘူးဗျာ...၊း(

    မ,ကောင်းမွန်ဝင်း ...
    ဟုတ်တယ်နော်၊ ပစ္စုပ္ပန် တည့်တည့်နေနိုင်တာ အကောင်း ဆုံးပဲ၊ မ,ကောင်းမွန်လည်း အလုပ်တွေ များနေမယ်လို့ ခန့်မှန်းမိတယ်ဗျ၊ ဘလော့ဂ်လေး ငြိမ်နေ တာ နဲနဲကြာနေလို့ လေ...၊း)

    အမည်ဝှက်စာဖတ်သူ ...
    အာ..မတုန်နဲ့၊ မတုန်နဲ့...၊ ကြည့်နေ..၊ ဖြေးဖြေးလေးနဲ့ ငြိမ့်ငြိမ့်လေးဗျ...။း)

    ReplyDelete
  21. အင်း....ကျွန်တော်ကျတော့ ၂၀ မှာတစ်ခါ၊၃၀မှာတစ်ခါဗျ..၊
    ၂၇မှာတော့ ပေတေလေလွင့်မူး နေလို့ကောင်းတုန်း...:D
    အသက်ကြီးမှ တစ်ခုခုဖြစ်လာတဲ့သူတွေအကြောင်းဖတ်ရ
    တိုင်း....၊ကိုယ့်ဘာသာ အားပေး၊အားတတ်မိတာတော့အ
    မှန်ပဲ....ဟီး..၊ဘာပဲဖြစ်ဖြစ် လေးဆယ်မရောက်သေးဘူး
    ဟုတ်...ဒီတော့ ကျွန်တော်တို့ ဘွ မစသေးဘူးပေါ့အစ်ကိုရာ....:)

    ReplyDelete
  22. ကိုညီလင်းသစ်ရေးတဲ့ ပို့စ်တွေ ဖတ်ပြီ
    အသက် ၃၀ ကျော် နေပြီ ထင်နေတာ .. :D
    ခုမှ ငယ်ငယ်လေး ၇ှိသေးတယ် ..
    လုပ်ချင်တာတွေ လုပ်လို့ရပါသေးတယ် ..း))
    ပျော်ရွှင်ပါစေ ..း))

    ခင်မင်လျှက်
    ဆောင်းနှင်းရွက်

    ReplyDelete
  23. ကျော်လွန်ပြီးတဲ့ နှစ်တွေကို ပြန်တွေးကြည့်ရတာတော့ စိတ်ဝင်စားဖို့ကောင်းတယ်။ ကြီးကြီးမားမား အချိုးအကွေ့ကို ၂၈ မှာ ကြုံခဲ့သေးတယ်။ ခုတော့ အဲဒီလမ်းကြောင်းအတိုင်းလျှောက်ခဲ့တာ ၂ နှစ်ရှိပြီဆိုတော့ ဒီလမ်းကြောင်းကိုပဲ သေသေချာချာ လက်ခံထားမိတော့တာပါပဲ။

    ReplyDelete
  24. အချိန်တွေကိုပြန်တွေးကြည့်ရင်..ပျော်ရွှင်ခြင်း၊၀မ်းနည်း
    ခြင်းတွေနဲ့ ပြည့်နေတယ်။ တနေ့ က ငယ်ငယ်က သူငယ်ချင်းနဲ့ ပြန်တွေ့ တယ်။ တူညီတဲ့ အတိတ်ပုံရိပ်
    တွေပြန်ပြောရင်း... ...

    ReplyDelete
  25. ခုမှလာဖတ်ဖြစ်တယ် ကိုညီရေ..
    ဟုတ်တယ်..(၂၇)နှစ်မှာ ဘဝ တစ်ကွေ့ပြောင်းသွားတာ အမှန်ပဲ..
    ၂+၇=၉ ဆိုတဲ့အတိုင်း နည်းနည်းတော့ ထူးတယ်..

    ReplyDelete
  26. သေချာတာပေါ့ သိတ်ကြီးမားတဲ့ အချိုးအကွေ့ကြီးတစ်ခုကို ဂငယ်ကွေ့ ကွေ့ချလိုက်ရတာ....၊ ၂၇မှာပေါ့....။ မပြောပြဘူး....:)

    ReplyDelete
  27. ကိုညိမ်းနိုင် ...
    ဟုတ်တယ်ဗျ၊ ကျည်ပွေ့အတက်ပေါက်တဲ့ ဇတ်လမ်း တွေ ကြည့် ကြည့်ပြီး ကျနော်လည်း အားယူရတယ်..၊း)

    ဆောင်းနှင်းရွက် ...
    ဒါဆိုရင်တော့ မုန့် ကျွေးချင်သွားပြီဗျာ..၊း)

    ကိုမြစ်ကျိုးအင်း ...
    ဟုတ်တယ်နော်၊ အထူးသဖြင့် အသက် ၃၀ လောက် အရောက်မှာ နောက်ပြန်လှည့်ကြည့်တဲ့အခါ ရလိုက်တဲ့ ခံစားမှုတွေက တကယ့်ကို အစုံပါပဲ...၊

    မ,ရှင်လေး ...
    ငယ်သူငယ်ချင်းနဲ့ ပြန်ဆုံရတာလောက် ပျော်စရာ ကောင်းပြီး နုပျိုစေတာ မရှိတော့ပါဘူးဗျာ...၊း)

    အဖြူရောင်နတ်သမီး ...
    ညီမလည်း ၂၇ နှင့်မကင်းနိုင်သော စာရင်းထဲမှာ ပါတယ်လား၊း) စာလာဖတ်တာ ကျေးဇူးပါနော်..၊

    မချစ်ကြည်အေး ...
    ဟောကြည့်.. လုပ်ပြန်ပြီ၊ သိပ်ကြီးမားတဲ့ အပြောင်းအလဲ ကြီး ဆိုပြီးမှ မသီတာလို ဘာမှ ဆက်မပြောဘဲ ထွက်ပြေး သွားပြန်တာလား..ဟားဟား။းD

    ReplyDelete
  28. ညီလင်းရေ ခုတလော အလုပ်ရှုပ်နေလို့ မရောက်ဖြစ်တာ ... ညီလင်းရေးတော့မှဘဲ ကိုယ့်၂၇ ကိုပြန်တွက်မိတဲ့အတွက်ကျေးဇူးနော်... ခုမှသတိထားမိတယ် ၂၇ မှာ ကိုယ့်အိမ်ထောင်ဖက်နဲ့ရည်းစားစဖြစ်တာပေါ့

    mie nge

    ReplyDelete
  29. အသက်၂၇က...မွေးရက်နံပါတ်နဲ့ ကိုယ့်အသက်တူတဲ့ Golden Birthdayဖြစ်တယ်။ ဥပမာ ၂၅ရက်နေ့မွေးတဲ့သူဆို အသက်၂၅နှစ်ပြည့် မွေးနေ့က သူ့ရဲ့ Golden Birthdayလို့..အနောက်နိုင်ငံတွေ မှာခေါ်တယ်မဟုတ်လား။ ထူးခြားတဲ့မွေးနေ့မို့ သတိရနေတာ။

    ReplyDelete
  30. မ mie nge ...
    နှစ်ယောက် တစ်ဘဝက ၂၇ မှာ စခဲ့တာကိုး...၊း) ဒါဟာ လည်း အပြောင်းအလဲ တစ်ခုပါပဲ...နော၊

    မ,သုနှင်းဆီ ...
    ၂၇ ရက်မှာ ၂၇ နှစ်ပြည့်တာ ကံကောင်းတာပေါ့၊ ဖေဖော်ဝါရီ ၂၉ မွေးတဲ့ လူတချို့ကတော့ ၂၉ နှစ်ပြည့်တဲ့ နှစ်မှာ ရက်ထပ်နှစ်နဲ့ မတိုးလို့ကတော့ Golden Birthday ကြုံလိုက်မှာကို မဟုတ်တော့ဘူး။းD

    ReplyDelete
  31. သူများရှယ်ယာလုပ်မှ အသာလေး လာဖတ်တာ ကိုညီ
    ............................................

    အသက် ၂၇ နှစ်မှာ အင်းး......
    ၂၇ နှစ်ကော ၂၈ နှစ်ကော အပြောင်းအလဲအချိုးအကွေ့တွေနဲ့ ရင်ဆိုင်ခဲ့ရတာပဲ
    နောက် ဆုံးရှုံးမှုတွေကော....
    ............
    ပြန်မတွေးချင်ဘူး
    ခုထိ အဲ့ဂယက်တွေကို ရင်ဆိုင်နေရတုန်း ကိုညီ
    တကယ်တော့ ကိုယ် ရပ်နေတဲ့ ခြေအစုံဟာ မတ်မတ်ဖြစ်နေဖို့ပဲ မဟုတ်လား
    နှစ်ကာလအပိုင်းအခြားတွေကို မေ့ထားလိုက်ပါပြီး)

    ReplyDelete