04 August 2011

ကျေးလက်ရဲ့ နရီ


ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကျေးလက်က မွေးမြူရေးခြံ တစ်ခုကို ရောက်သွားခဲ့တယ်၊ အိမ်ကနေဆို ၁ နာရီ မရှိတရှိလောက် ကားမောင်းသွားရင် ရောက်တဲ့နေရာပါ၊ သြဂုတ်လ ၁ ရက်နေ့ တနင်္လာနေ့က ဒီနိုင်ငံရဲ့ အမျိုးသားနေ့ ရုံးပိတ်ရက် ဆိုတော့ စနေ၊ တနင်္ဂနွေနဲ့ ပေါင်းရင် အားလပ်ရက် ၃ ရက်ရတယ်၊ အိမ်မှာလည်း ကျနော့်ညီမက သူ့တူလေးကို ထိန်းဖို့ ရောက်နေ တာနဲ့ သူ့ကိုလည်း လိုက်ပို့ရအောင် ရည်ရွယ်ပြီး တနေရာရာကို သွားဖို့ ကြံစည်ကြတော့ အိုင်ဒီယာ ၂ ခု ထွက်လာတယ်၊ ပထမ တစ်ခုက မြစ်ဘေး၊ ချောင်းဘေးမှာ ရွက်ဖျင်တဲ ထိုးပြီး camp ထွက်ဖို့နဲ့ နောက်တစ်ခုက ကျေးလက် တောရွာက မွေးမြူရေး ခြံတစ်ခြံမှာ သွားအိပ်ဖို့ ပါပဲ...၊ တိုင်ပင်ကြတော့ အားလုံးက ၂ ခုစလုံး လုပ်ချင်နေလို့ ဝေခွဲမရ ဖြစ်နေကြတာနဲ့ နောက်ဆုံးတော့ Camping နဲ့၊ Farm ဆိုပြီး မဲလိပ်တွေလိပ်ပြီး မဲနှိုက် ဆုံးဖြတ်ကြပါတယ်၊ အဲဒီမှာ farm က တစ်မဲအသာနဲ့ နိုင်သွားလို့ အခုပြောမယ့် စိုက်ပျိုးမွေးမြူရေးခြံကို ရောက်သွားဖြစ်ခဲ့တော့တယ်...၊


Photobucket
လူနေအိမ်ခြေ ၅၀ တောင် မပြည့်ချင်တဲ့ ရွာကလေးက မွေးမြူရေးခြံ တစ်ခုမှာ ကျနော်တို့ တည်းဖြစ်ပါတယ်၊ သွားချင်တဲ့ နေရာတဝိုက်မှာ ဘယ်လိုခြံတွေများ ရှိမလဲလို့ ဂူးဂဲလ်မှာ ရှာ၊ ထွက်လာတဲ့ ဝက်ဘ်ဆိုဒ်တွေထဲက ဓါတ်ပုံတွေ ကြည့်ပြီး အဆင်ပြေမယ် ထင်ရတဲ့ တစ်ခုကို ဖုန်းဆက်ကြည့်ပါတယ်၊ နေရာလွတ် ရှိတယ်ဆိုတာနဲ့ လာခဲ့မယ်လို့ ပြောပြီး တည်းခိုဖို့ ကိစ္စကို ဖြေရှင်းလိုက်တယ်၊ ပုံမှာ တွေ့ရတဲ့အတိုင်း မွေးမြူရေးခြံတွေရဲ့ ထုံးစံ တခြမ်းက လူနေပြီး၊ နောက်တခြမ်းက နွားတွေ၊ သိုးတွေ ထားကြ ပါတယ်၊ သစ်သား တံခါးရွက် အမည်းရောင်နဲ့က ကျနော်တို့ တည်းခဲ့တဲ့ အခန်းပါပဲ၊


Photobucket
ဒီခြံက အခုလိုပဲ ဧည့်သည်တွေ လာပြီးတည်းနေကြပါပဲ၊ ဒါ့ကြောင့်လည်း ဝက်ဘ်ဆိုဒ်တွေ ဘာတွေနဲ့ အကျအနကို လုပ်ထားတာပေါ့၊ နာမည်က 'မွေးမြူရေးခြံရဲ့ ပဉ္စလက်' တဲ့...၊ နွားမွေး၊ သိုးမွေးတာ အပြင် စိုက်ပျိုးရေးလည်း လုပ်လို့ အိမ် တဝိုက်မှာ လယ်ထွန်စက်၊ ဂျုံ ရိတ်သိမ်းစက်၊ ခြွေလှေ့စက်၊ ရိုးပြတ်ရိတ်စက် စတဲ့ ယာဉ်ကြီးယာဉ်ငယ်တွေ အတော် များများ ရှိပါတယ်၊


Photobucket
ဒါကတော့ ကျနော်တို့ရဲ့ ကြယ်ငါးပွင့် အခန်းထဲက မွေ့ရာပါပဲ၊ အဲဒီခြံမှာ လူတွေစုပေါင်း အိပ်ရတဲ့ dormitory အိပ်ခန်း တစ်ခုနဲ့ အခုလို ကောက်ရိုးမွေ့ရာအခန်း ၂ ခု ရှိပါတယ်၊ သွားကတည်းကိုက ညီမ အတွက်ကော၊ သားအတွက်ပါ အထူးအဆန်း ဖြစ်စေချင်တာဆိုတော့ ကောက်ရိုးပေါ်မှာ အိပ်ဖို့ကို ရွေးချယ်လိုက်တယ်၊ အခန်းထဲမှာ စစ်တပ်သုံး စောင်အထူတွေနဲ့ ဆိုဖာခေါင်းအုံး အကြမ်းတွေ ထားပေးထားတယ်၊ အဲဒါတွေကို ကောက်ရိုးပေါ်မှာ ခင်းပြီး ကိုယ့်မှာ ပါလာတဲ့ sleeping bag နဲ့ အိပ်ရုံ ပါပဲ၊ တကယ်တော့ ဒီအခန်းက နွားတင်းကုပ်ဟောင်းပါ၊ အစိမ်းရောင် ခွက်တွေက နွားရေသောက်တဲ့ ခွက်တွေ ဖြစ်ပြီးတော့ သံတန်းတွေရဲ့ တဖက်က မြောင်းက နွားစာထည့်တဲ့ စားခွက်ပါ၊ နွားတွေရဲ့ နေရာမှာ ကောက်ရိုးတွေခင်းပြီး မည်ကာမတ္တ ပန်းအိုးလေးတစ်လုံး ထိုးထားတာကလွဲရင် တခြား ဘာအပြင်အဆင်မှ မရှိပါဘူး၊ သားကတော့ အတော်လေး ပျော်ပြီး သူ့ရဲ့ sleeping bag ထဲကို မဝင်ဘဲ ကောက်ရိုးပေါ်မှာ ခုန်နေလို့ အတော်လေး ဟန့်လိုက်ရသေးတယ်၊ ညီမကတော့ sleeping bag ထဲမှာ သူ့ကိုယ်သူ ပိုးတုံးလုံးလို့ အောက်မေ့သတဲ့၊ ညကျတော့ အနားက ဘုရားကျောင်းက နာရီဝက်တခါ ခေါင်းလောင်းထိုးသံကြောင့် လန့်,လန့် နိုးပါလေရော၊ ခေါင်းလောင်းသံ ကို နားယဉ်သွားလို့ အိပ်ပျော်ခါစ ရှိသေး အပေါ်ထပ် ကောက်ရိုးခြောက်တွေ ထားတဲ့နေရာမှာ တခါ ကြောင်တစ်ကောင်က ကြွက်လိုက်ခုတ်နေလို့ တချွတ်ချွတ်နဲ့...၊ အဲဒီလို နိုးတဝက်၊ အိပ်တဝက်နဲ့ ခရီးဆက်နေတုန်း မနက် လင်းအားကြီးမှာ ဘေးအခန်းက နွားတွေ၊ သိုးတွေရဲ့ အစာတောင်းသံနဲ့ အတူ လန့်နိုးလာတဲ့ အခိုက်မှာပဲ အိပ်စက်ခြင်းဟာ နှုတ်ဆက် ထွက်ခွာ သွားတော့တယ်..၊ အို..အသင်ကျေးလက်၊ အသင်၏ ရင်ခွင်သည် ကျွန်ုပ်လို မြို့ကြီးသား တစ်ယောက်အဖို့ မှေးစက်ခြင်းငှာ မစွမ်းသာပါ တကား..၊


Photobucket
ကျေးလက် မွေးမြူရေး ခြံတစ်ခုရဲ့ အမှတ်အသား နွားခလောက်တွေ...၊ ဒီခလောက်တွေက မြန်မာပြည် ကျေးလက်က ဝါး၊ သစ်သား ခလောက်တွေလိုပဲ အတော်ဝေးဝေးအထိ ကြားရပါတယ်၊ နွေရာသီဆိုရင် တချို့နေရာတွေမှာ တောင်ပေါ်ကို နွားတွေ ကျောင်းသွားပြီး လှန်ထားခဲ့ လိုက်တာပဲ၊ တစ်လ ကိုးသီတင်းကြာမှ ခလောက်သံကို နားထောင်ပြီး နွားလိုက်သိမ်း ကြတယ်..၊


Photobucket
နွားတင်းကုပ် ဟိုတယ်ရဲ့ ခပ်လှမ်းလှမ်းကို လျှောက်သွားတဲ့အခါ ရွာအပြင် ရောက်သွားပြီ၊ အဲဒီမှာတော့ တမျှော်တခေါ် ရှုခင်းတွေနဲ့ လွမ်းချင်စရာ...၊ အတော်ဝေးဝေးမှာတော့ မှိုင်းညို့ညို့ ဂျူရာ တောင်တန်းတွေ...၊ တသက်လုံး နေနိုင်တာ မနေနိုင်တာ ခဏထားလို့.. ကျေးလက်ဆိုတာ ရောက်တဲ့ခဏချင်းမှာပဲ စိတ်ကို ညွတ်နူးစေတာ အသေအချာပါပဲ..၊ အို အသင်ကျေးလက်... အိပ်စက်ခြင်းကို မယူဆောင် လာသော်ငြား သင့်အပေါ်၌ ကျွန်ုပ်၏ မေတ္တာကား တရွေးသားမျှ မလျော့ပါပေ...၊


Photobucket
နောက်တစ်နေ့ သြဂုတ် ၁ ရက်နေ့ တနင်္လာနေ့က ဆွစ်အမျိုးသားနေ့ ဆိုတော့ brunch ပြင်ဆင်ထားတာနဲ့ ကြုံကြိုက် သွားတယ်၊ ဒီက ဓလေ့ထုံးတမ်း တစ်ခုက အမျိုးသားနေ့မှာ အခုလို ကျေးလက်တွေက မွေးမြူရေး ခြံတွေမှာ brunch တွေ စီစဉ်ကြလေ့ ရှိပါတယ်၊ ခြံထွက် အသီးအနှံ၊ နွားနို့၊ ကြက်ဥ လတ်လတ်ဆတ်ဆတ် တွေနဲ့ဆိုတော့ စားရတာ တန်ပါတယ်၊ မနေ့ညက ညစာကိုလည်း သူတို့ကပဲ စီစဉ်ပေးခဲ့တာပါပဲ..၊ ဒီနှစ်မှာတော့ လူ ၂၅၀ စာအတွက် နေရာထိုင်ခင်း ပြင်ထားတယ် တဲ့..၊


Photobucket
ရှိတာလေးနဲ့ လှအောင်ဆင်မယ် ဆိုပဲ...၊ ပထမဦးဆုံး ဧည့်ကြိုပန်းအိုး အဖြစ်နဲ့ နွားနို့ပုံးထဲက နေကြာပန်းတွေက ဝင်လာမယ့် သူတွေကို မျှော်လို့...၊


Photobucket
အတွင်းဖက် ပလပ်စတစ် အမိုးကြီး အောက်က စားပွဲရှည်တွေ ပေါ်မှာတော့ အခုလို ပန်းအိုးလေးတွေ...၊



Photobucket
လှတယ် မလှဘူး ဆိုတာထက် မြင်နေမကျတဲ့ ပန်းအိုးလေးတွေ...၊ Hilton လို ဟိုတယ်ရဲ့ လော်ဘီထဲမှာ ဆိုရင်တော့ ခပ်ကြောင်ကြောင် ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ဒီမှာတော့ သူ့အရပ်နဲ့ သူ့ဇတ်က ဟုတ်လို့...၊


Photobucket
Brunch က ဘူဖေးစနစ်နဲ့ ဖြစ်ပြီးတော့ တစ်ယောက် ၃၀ ဖရန့်ပေးရပါတယ်၊ ကလေးတွေ အတွက်ကတော့ အသက် ၁ နှစ်ကို ၁ ဖရန့်နှုန်းနဲ့ ပေးရတယ်၊ ကျနော်တို့ကတော့ တည်းခိုဧည့်သည် ဖြစ်လို့ တဝက်ဈေး ၁၅ ဖရန့် (= ၁၅ ဒေါ်လာ) ပဲ ပေးရပါတယ်၊


Photobucket
Brunch တို့ရဲ့ ထုံးစံ အချိုနဲ့ အငန် ၂ မျိုးမှာ အချိုအတွက်က ကိတ်မုန့်၊ ပေါင်မုန့်၊ ယို၊ ထောပတ် စတာတွေ ဖြစ်ပါတယ်၊ အားလုံးနီးပါးကို အဲဒီ မွေးမြူရေး ခြံမှာပဲ ကိုယ်တိုင် ထုတ်လုပ်ပါတယ်၊


Photobucket
အငန် အတွက်ကတော့ အခုလိုမျိုး ချိစ်တွေအပြင် Rösti လို့ခေါ်တဲ့ ဆွစ်ရိုးရာ အာလူးကြော်၊ ဝက်ပေါင်ခြောက်၊ ဝက်အူချောင်း စတာတွေ ပါ,ပါတယ်၊ ဘာမှ ထွေထွေထူးထူး မဟုတ်ပေမယ့် အမျိုးသားနေ့ အထိမ်းအမှတ် ရိုးရာအနေနဲ့ လူတွေကတော့ လာစားကြတာ ပါပဲ၊


Photobucket
Drink ကတော့ ကော်ဖီ၊ လက်ဖက်ရည် ပေါ့လေ၊ ဘီယာ၊ ဝိုင်၊ အချိုရည် စတာတွေကတော့ သီးသန့် ဝယ်ရပါတယ်၊ ဝိုင်နီ၊ ဝိုင်ဖြူ၊ ဝိုင်ပန်းရောင် အားလုံးထားပေး ပေမယ့် အများစုက နေ့လယ်ပိုင်း နီးလာတဲ့အခါ ဝိုင်ဖြူနဲ့ ဝိုင်ပန်းရောင်ကိုပဲ အဓိက သောက်ကြပါတယ်၊


Photobucket
ဒီခြံရှင် အမျိုးသမီးက မော်ရိုကို ဇာတိပါ၊ သူက ဒီတောရွာက ဆွစ်လယ်သမားကြီးနဲ့ အကြောင်းပါပြီးတော့ တဖက်တလမ်းက အခုလို Bed and Breakfast (B&B) လေး ဖွင့်ထားတာ...၊ ပုံမှန်ရက်တွေမှာ သူတို့ရဲ့ မော်ရိုကို ရိုးရာ ဒေသစာတွေလည်း ပြင်ဆင်ပေးလေ့ ရှိပါတယ်၊ အခုလို အမျိုးသားနေ့ brunch ကို စီစဉ်တာတော့ ၅ နှစ်ဆက်တိုက် ရှိပြီလို့ ဆိုတယ်၊ တောဆိုတော့ ပြင်ပ အလုပ်သမား မရှိဘဲ သူ့ရဲ့ ညီမတွေ၊ တူ၊ တူမတွေကပဲ လာပြီး ဝိုင်းကူကြတယ်၊ မြန်မာပြည်ရဲ့ ကျေးလက်စရိုက်ကို သတိရစရာ ပါပဲ..၊


Photobucket
ဒီပွဲကို လာကြသူ အများစုက မိသားစုတွေဆိုတော့ ကလေးတွေအတွက် ရည်ရွယ်ပြီး မိတ်ကပ်လိမ်းတဲ့ အမျိုးသမီး တစ်ယောက်ကိုလည်း သူက ငှားထားသေးတယ်၊ ကလေးတွေက အဲဒီ မိတ်ကပ်ဆရာမဆီ သွားပြီး သူတို့ လိမ်းချင်တဲ့ ဒီဇိုင်းကို ပြောပြီး လိမ်းကြတယ်၊ ကျား၊ အရိုးခေါင်း၊ avatar မျက်နှာ၊ ပင်လယ်ဒါးပြ အစရှိသဖြင့် ပုံတွေ ခြယ်ခိုင်း ကြတယ်၊ အဲဒီအတွက် ပိုက်ဆံ ထပ်ပေးစရာ မလိုပါဘူး၊ သားက အဲဒီလို မျက်နှာမှာ အရုပ်ခြယ်တာကို တော်တော်လေး သဘောကျတယ်၊ သူ့ကျောင်းမှာလည်း ဆရာမတစ်ယောက်က မကြာခဏ လုပ်ပေးလေ့ ရှိတယ်၊ အခုလည်း သူက ပထမဦးဆုံး သွားပြီး အခြယ်ခံတယ်..၊


Photobucket
အဲဒီလို အရုပ်ခြယ်စရာ ရှိတိုင်း သူက ဘယ်တော့မှ မငြင်းဘူး...၊း)



Photobucket
ဆွစ်ဗားရှင်း စပိုက်ဒါမင်း ...၊း)



Photobucket
မိတ်ကပ် ဆရာမက လက်ရာအတော်လေး သေသပ်ပြီးတော့ ခြယ်တာလေး မြန်ပါတယ်၊ ကျနော်တို့က ခြံမှာတည်းလို့ တခြား ကလေးတွေ မရောက်သေးခင် အေးအေးဆေးဆေး အချိန်ရပါတယ်၊ ဒါနဲ့ပဲ သားနဲ့အပြိုင် သူ့အမေကလည်း လက်မှာ ဆေးခြယ်ခဲ့ ပြန်ရော...၊

မွေးမြူရေးခြံမှာ သွားအိပ်တာ ကလေးတွေ အတွက်တော့ အတော်လေး ပျော်ဖို့ကောင်းမှာ သေချာပါတယ်၊ အထူးသဖြင့် မြို့ပြမှာပဲ ကြီးပြင်းရတဲ့ ကလေးတွေအတွက် ဒါက အဆန်းတကြယ် အတွေ့အကြုံ တခုပေါ့၊ ကျနော် သိရသလောက်လည်း လာတည်းကြသူတွေက မိသားစုတွေပါပဲ၊ အင်းလေ.. ဘယ် ယောက်ျားလေးကများ သူ့ချစ်သူကို အခုလို နေရာကို ခေါ်လာပါ့မလဲ၊ နွားတင်းကုပ်ထဲက ကောက်ရိုးပေါ်မှာ၊ ခေါင်းလောင်းထိုးတဲ့ ဘုရားကျောင်းနဲ့၊ ကြွက်ခုတ်တဲ့ ကြောင်နဲ့၊ အစာတောင်းတဲ့ နွားတွေနဲ့...၊ ကဗျာမဆန် လိုက်ပုံများ၊ တူနှစ်ကိုယ် တဲအိုပျက်မှာ နေရနေရ လို့ ပြောမိထားလို့ လက်တွေ့ စမ်းချင်ရင်တော့ တမျိုးပေါ့လေ...၊း)

ကောက်ရိုးမွေ့ရာ ဆိုပေမယ့် ဈေးက အပေါကြီးတော့ မဟုတ်ပါဘူး၊ တညကို လူကြီးတစ်ယောက် ၂၉ ဒေါ်လာ ပေးရ ပါတယ်၊ ပြန်ခါနီးမှာ တည်းခိုခ၊ စားသောက်ခတွေ ရှင်းတော့မှ သေချာစဉ်းစား ကြည့်မိတာ..၊ Facility ဘာဆိုဘာမှ မရှိဘဲ စစ်စောင် ခင်းထားတဲ့ ကောက်ရိုးပေါ်မှာ တစ်ညအိပ်ခ အဲဒီလောက် ပေးရတာ ဈေးကြီးတယ်လို့ ပြောရမှာပါပဲ၊ မြန်မာပြည် ကျေးလက်က တောင်သူဦးကြီးတွေများ ကြားလို့ကတော့ 'ငါ့ကောင်ရာ..မင်းတို့မလဲ ရူးလဲ ရူးပါ့ကွာ' လို့များ စောကြောကြမလား မသိ..၊ နောက်ထပ် ဈေးကြီးတာ တခုကတော့ ဝိုင်ပါပဲ၊ နာမည်လဲ မရှိ၊ သက်တမ်းကလည်း နု၊ ပမာဏ ကလည်း ၅၀ စင်တီလီတာပဲ ပါတဲ့ ဝိုင်နီ တစ်ပုလင်းကို ၂၅ ဒေါ်လာ ပေးရတာ နဲနဲ များပါတယ်၊ မွေးမြူရေးခြံ ဆိုတော့ သူများဆီက တဆင့် ဝိုင်ကို ဝယ်ရတယ်ပဲ ထားဦးတော့...၊ အဲဒီလောက်တော့ မများသင့်ပါဘူး၊ တန်တာကတော့ အစားအသောက်တွေ ပါပဲ၊ ပေးရတာလည်း ဈေးနည်းပါတယ်၊ ပြီးတော့ စားလို့ရတာ မှန်သမျှ အကုန်စားပြီး အရသာ မရှိ တဲ့ အစားအသောက် တွေကိုတောင်မှ အရသာ မရှိမှန်း သတိမထားမိ တတ်တဲ့ ကျနော့်လို လူအတွက်တောင် အဲဒီမှာ စားသမျှဟာ အတော်လေး လတ်ဆတ်ပြီး အရသာက ထူးခြားနေခဲ့တယ်၊ မြို့က ရေခဲရိုက်တွေထက် အခုလို ကျေးလက်က အော်ဂဲနစ် အသီးအနှံတွေက ပိုပြီး လတ်ဆတ်နေတာ အံ့သြစရာတော့ မရှိပါဘူး၊ ဒါ့ကြောင့်လည်း သန့်ရှင်းတဲ့ လေထု၊ သဘာဝဆန်တဲ့ မြေထု၊ လတ်ဆတ်တဲ့ အစားအသောက်တွေ ကြားမှာ ကျေးလက်က လူတွေ ကျန်းမာသန်စွမ်းကြတာ ဖြစ်မှာပါပဲ...။ ။


ညီလင်းသစ်
၎ သြဂုတ်၊ ၂၀၁၁

38 comments:

  1. ပျော်စရာ...။ ဒါပေမယ့်..မြန်မာပြည်က ကျေးလက် ကို ပိုချစ်တယ်း)

    ReplyDelete
  2. You are good in writing skill. Your post makes me refresh & bring to there :)

    ReplyDelete
  3. သွားချင်စရာပဲ။ ဈေးကြီးတယ်ဆိုပေမယ့် လတ်ဆတ်တဲ့ အတွေ့အကြုံတစ်မျိုးပဲနော်။

    သားက ရီရတယ်။ မိတ်ကပ်လိမ်းတော့လည်း ငြိမ်၊ ဓါတ်ပုံရိုက်တော့လည်း သေချာအရိုက်ခံ ဆွစ်ဗားရှင်း စပိုက်ဒါမင်း တကယ်မိုက်တယ်ကွာ။

    ReplyDelete
  4. Brunch ကိုသွားရည်တမြားမြားနဲ့ဖတ်ရင်းမအိမ်သူရဲ့ လက်စွပ်ကိုသဘောကျ သွားပါကြောင်း အသိပေးအပ်ပါသည်။အရောင်ချယ်ခံနေတဲ့သားမျက်နှာ ချစ်ဖို့ကောင်းပါသည်။

    ReplyDelete
  5. တကယ်ကောင်းတဲ့ အတွေ့အကြုံသစ်ပဲနော်။
    သားသားက ဒါကိုသဘောကျရင် မြန်မာပြည် ကျေးလက်မှာလဲ ပျော်မှာပဲ။ ခက်တာက မြန်မာပြည်ကျေးလက်မှာ တပိုတပါးသွားရတာ အဆင်မပြေတာ ... ။

    ReplyDelete
  6. ဖတ်ရတာနဲ့ ကြည့်ရတာ ပျော်စရာကောင်းတယ် သားသား ကတော့ ချစ်စရာလေးဘဲ

    ဈေးကြီးတာက ကောက်ရိုးက အဖိုးတန်လို့ လားမှ မသိ မြန်မာပြည် က ကောက်ရိုးတွေ ပို့ပေးလိုက်မယ် ဒီမှာ ကောက်ရိုး ဆိုရင် အမှိုက် ဘဲလေ ကောက်ရိုးတွေ ကောက်ရိုးတွေ အများကြီး

    ကျေးဇူး
    ရွှေစင်ဦး

    ReplyDelete
  7. စိတ်ဝင်စားစရာ ခရီးလေးပဲ တကယ်ကိုအပျော်တွေ ကူးစက်သွားတယ် ပျော်စရာကြီးဗျာ အားကျပါ့း)))

    ReplyDelete
  8. ဖတ်ရင်းလည်သွားတယ် သားလေးက ချစ်စရာ ၀ိုင်ပုလင်းများလည်း သောက်ချင်စရာ ကောက်ရိုးကတော့ ရွှေပြည်မှာ မီးရှို့နေကြတာ နွားတောင် ကျွေးလို့ မနိုင် ဆန်ဈေးကတော့ မကျပေါင်ဗျာ....


    ခင်မင်တဲ့
    seesein

    ReplyDelete
  9. တိုင်းတပါးရဲ့ ကျေးလက်ဆိုပေမယ့် အပန်းဖြေဖို့အတွက် လုံလောက်တဲ့ ဝန်ဆောင်မှုတွေ ရှိနေလို့ ပိုကောင်းမယ်ထင်တယ်နော် ...ပျော်စရာ ခရီးစဉ်လေး :) အိပ်ယာလေးကို ပိုသဘောကျတယ်အကိုရေ..:)

    ReplyDelete
  10. ကျေးလက်ရှု့ ခင်းတွေကို ငမ်းသွားတယ်. ကြယ်ငါးပွင့် ဟော်တယ် ခန်းကလည်း ရှယ်ဘဲ.စားစရာတွေကလည်းမြင်ရတာနဲ့ တင် ဂလု.
    AA.

    ReplyDelete
  11. အမည်ဝှက်စာဖတ်သူ ...
    မှန်တာပေါ့ဗျာ..၊ မြန်မာတွေ အတွက်တော့ မြန်မာ့ကျေးလက် က အမြဲတမ်းပိုပြီး ချစ်စရာ ကောင်းနေမှာပဲ...၊

    Anonymous ...
    Thank you for your kind words..!

    မ,ကောင်းမွန်ဝင်း ...
    ဈေးကြီးတာ မှန်ပေမယ့် တဖက်ကလည်း အစားအသောက်လေး ဈေးနဲနဲ သက်သာလို့ တော်သေး တယ်ပဲ ဆိုရမလား မသိ..၊ မြို့မှာဆို ဘယ်လိုပဲ ဖြစ်ဖြစ် အခန်းခကော၊ အစားအသောက်ပါ ပိုဈေးကြီးမှာ သေချာ တယ်...၊ အဲ..confortable ဖြစ်တာချင်း လည်း တူတော့ မတူဘူးပေါ့လေ..နော၊း)

    Mon Petit Avatar ...
    ကျေးဇူး အများကြီး တင်ပါတယ်ဗျာ၊ လက်စွပ်ပိုင်ရှင် ကိုလည်း ပြောလိုက်ပါ့မယ်...။း)

    မမေဓာဝီ ...
    ကျနော်လည်း သူ့ကို မြန်မာ့ကျေးလက်ကို ခေါ်သွား ချင်ပါတယ်၊ တပိုတပါး ကိစ္စကတော့ အဆင်မပြေတာ အမှန်ပဲ မမေရေ့၊ ဧည့်သည်တွေနဲ့ ရောက်တုန်း တခါတလေမှာ တစ်ယောက်စ နှစ်ယောက်စက အခင်း သွားချင်လို့ဆို ဘယ်ပြေးရမှန်းကို မသိဘူး ဖြစ်ရတယ်၊း)

    မရွှေစင်ဦး ...
    ဒီမှာလည်း ကောက်ရိုးက ပေါပါတယ်၊ ကွင်းထဲမှာ သွားရိတ်လို့ ရနေတာပဲ၊ အလကား.. ဈေးကြီးချင်လို့ကို ကြီးနေတာ...၊း)

    မောင်မျိုး ...
    ဇတ်ခုံလေးက ခုတလော တိတ်ဆိတ်နေပေမယ့် ဒီမှာ လာဖတ်နေသေးတာ ကျေးဇူးတင်ပါတယ် ညီရာ..၊း)

    မစည်းစိမ် ...
    ကွန်မန့်ကို သဘောကျတယ်ဗျို့၊ ဈေးကွက်ဂျာနယ် ဖတ်ရ သလိုပဲ၊ တထိုင်တည်း အားလုံးကို သိသွားရတယ်၊းD လာလည်တာ ကျေးဇူးပါဗျာ..၊

    အိန်ဂျယ်လ်လှိုင် ...
    အိပ်ရာလေးကတော့ တညအိပ်ရင်ပဲ လုံလောက်သွား ပါပြီ ညီမရေ....၊း)

    AA ...
    အာ..ဟိုတယ်ကတော့ ဘာရှယ်သလဲ မမေးနဲ့၊ တော်သေးတယ်..၊ ခြင်မကိုက်လို့...။း)

    ReplyDelete
  12. ပျော်စရာကောင်းတယ် အကိုကြီးရာ
    မြန်မာပြည်ကိုပြန်ရင် မွေးမြူရေးလုပ်မယ်လို ရည်ရွယ်ထားတာ စိုက်ပျိုးရေးကိုလည်း တစ်ဖက်ကလုပ်မယ် ကျွန်တော်မြို့ပေါ်မှာထက် ကျေးလက်မှာအဲလိုလေး
    အေးအေး ချမ်းချမ်းနေခြင်တာလေ ပြီးတော့ ၀ါသနာ လည်းပါတယ် ပျော်စရာလည်းကောင်းတယ် ဒါပေမယ့် အဲလိုရည်ရွယ်ချက်ကို လူတွေကရယ်ကြတယ်နော် တော်တော်လေးလည်း
    နှာခေါင်းရှုံ့ကြတယ် ကျွန်တော်ကကြတော့ အဲဒါလေးတွေကိုပဲ ချစ်စရာ ပျော်စရာလို့ပဲမြင်မိတယ်ဗျာ ။

    ReplyDelete
  13. စိတ်ဝင်စားဖို့ကောင်းလိုက်တာ.. အိုင်ဒီယာရသွားပြီ အဲဒီပုံစံကိုအတုယူပြီး မြန်မာပြည်ပြန် ကျေးလက် ကောက်ရိုးဟော်တယ်နဲ့ ကျေးလက်အစားအစာဆိုင် သွားဖွင့်ရမယ်ထင်တယ်။း))

    ReplyDelete
  14. ချိစ်ဘန်းကြီး မြင်တော့ ကိုဧရာက စားချင်လိုက်တာ...
    ထန်းလျက်လေးနဲ့ စားရရင်ကောင်းမှာပဲ တဲ့
    (သူ အဲ့လို စားနေကျ)

    ReplyDelete
  15. ကောက်ရိုးပုံပေါ်ကအိပ်ယာ၊ ညတစ်ညကိုဖြတ်သန်းရတဲ့ အတွေ့ အကြုံ၊ တခါလောက်တော့ခံစားကြည့်ချင်သားပဲ။
    ချိစ်တွေကစားချင်စရာ....
    မိသားစုကိုနုတ်ဆက်ပေးပါနော်။

    ReplyDelete
  16. သားလေးက ချစ်စရာလေး။ ကြုံရင် ကောက်ရိုးပုံပေါ် အဲလို အိပ်ဦးမှပဲး)

    ReplyDelete
  17. ကိုမင်းဧရာ ...
    လူတိုင်းက ကိုယ်နှစ်သက်ရာမှာ ပျော်မွေ့ကြတာ ပါပဲဗျာ၊ ကိုယ်လည်း စိတ်ချမ်းသာ၊ သူတပါးကိုလည်း မထိခိုက်ရင် ပြီးတာပဲ မဟုတ်လား..၊

    မအိမ်သူ ...
    သိပ်နောက်ကျသွားပြီ၊ စိတ်မကောင်း ပါဘူးဗျာ၊ အဲဒီလို ဖွင့်ဖို့အတွက် ကျနော် တပြည်လုံးစာ မှတ်ပုံတင် လုပ်ထား လိုက်ပြီဗျ..၊း)

    မသီတာ ...
    ကိုဧရာရဲ့ ချိစ် စားနည်းက တယ်လန်းပါလား၊ အဲဒီလို လုပ်စား ဦးမှပါပဲ၊ အဲဒါမှ တကယ့် When east meets west အစစ်....၊း)

    မ,ရှင်လေး ...
    နောက်တခါ Montreux ဖက်လာတဲ့အခါ လမ်းမှာ အဲဒီလို တစ်ညအိပ်လို့ ရတယ်လေ..၊း) မိသားစုကို သတိတရ နှုတ်ဆက်လို့ ကျေးဇူးပါနော်...၊

    မစန်းထွန်း ...
    နွားအတွက် စဉ်းထားတဲ့ ကောက်ရိုးမဟုတ်လို့ ကတော့ ဘယ်မှာအိပ်အိပ် အဆင်ပြေမှာပါဗျာ....။း)

    ReplyDelete
  18. မြန်မာပြည်က ရွာလေးတွေမှာ အိမ်သာက တရွာလုံးမှာ တစ်အိမ်တော့ ရှိတတ်ပါတယ်. . .။ ဒါပေမယ့် ဒီလို ဝိုင်းလုပ် ရောင်းရင်တော့ ဘယ်သူမှ လာစားမှာ မဟုပ်ဘူး။ ရွာတွေမှာ ခုထိ တစ်ကျပ်တန်၊ ငါးကျပ်တန်တွေဟာ အသုံးဝင်နေတုံးလေ။ မြို့ ပြနှင့် ဘယ်လောက်ကွာနေလည်းဆိုတာ။

    ReplyDelete
  19. ကိတ်မုန့် တော့ မစားခြင်ဘူး။ အဲဒီနေရာမှာ ကျမတို့ အခေါ် ဗမားကိတ် ဆိုတဲ့ မုန့် ပြားသလက် စားတော်ပဲနှင့် တမျိုး၊ တညုတ်ရည်နှင့် တမျိုး စိတ်ကူးပြီး စားသွားပါတယ်။ သားတော်မောင်လဲ ဗမာပြည်ကို ရောက်ဖူးပါပြီလား .. .. .. ကလေးကတော့ ချစ်စရာလေးပဲ။

    ReplyDelete
  20. အဝါရောင်မြေက စော ...
    ဟုတ်တယ်ဗျ၊ တောရွာတွေမှာ ငွေပိုငွေလျှံလည်း မရှိကြရှာ လေတော့ အခုလိုမျိုးဆိုရင် ဘယ်သူမှ ဝယ်စား ကြမှာ မဟုတ်လောက်ဘူး၊ သားကိုတော့ မကြာခင် မြန်မာပြည် ခေါ်သွားဖြစ်မယ် ထင်တာပါပဲ၊ လာလည်တာ ကျေးဇူးပါပဲနော်...။

    ReplyDelete
  21. Cheese တွေ စားချင်လိုက်တာ... Rosti လည်း အရမ်းကြိုက်တယ်... ဒီမှာ အဲဒီလို Swiss ကျေးလက်အပြင်အဆင်နဲ့ ဆိုင်တဆိုင်ရှိတယ်... ဆိုင်နာမည်က Marche` တဲ့... ကြိုက်လို့ မကြာခဏ သွားစားဖြစ်တယ်...

    အဲဒီလို ခရီးတိုလေးတွေ သွားရတာ တကယ်ပျော်စရာပဲနော်... အတွေ့အကြုံအသစ်မှာ သားလေးအတော်ပျော်ခဲ့တယ်ပေါ့...း))

    ReplyDelete
  22. သဘောကျတယ်ဗျာ.. ကောက်ရိုးမွေ့ယာကလွဲလို့ပေါ့.. ဒါပေမဲ့ စမ်းတော့ကြည့်ချင်တယ်။ ခြံထွက်၊ ကိုယ်တိုင်လုပ် အစားအစာတွေတော့ ကြိုက်တယ်။ ကိုယ်ထက် စိတ်အနားရတာက ပိုတဲ့ ခရီးစဉ်ဖြစ်မယ်ထင်ပါတယ်။
    N/A

    ReplyDelete
  23. မြစ်ကျိုးအင်းAugust 5, 2011 at 12:07 PM

    မြို့ပြမှာ အနေကြာတဲ့လူတွေအဖို့တော့ သွားသင့်တဲ့ ခရီးပါပဲ။ စိမ်းလန်းတဲ့ ပါတ်ဝန်းကျင် ၊ ရှင်းသန့်တဲ့လေထု၊ လတ်ဆတ်တဲ့ အသီးအနှံတွေနဲ့ စိတ်ဖိစီးမှု လျော့ကျစေတဲ့ ခရီးလေးပါပဲ။
    ပြန်လာတော့ စိတ်တွေ ပေါ့ပါးခဲ့မယ် မဟုတ်လား။

    ReplyDelete
  24. အဲဒီနေရာလေးကို တကယ်ကို သွားလည်ချင်မိပါတယ်။
    တကယ့်ကို သဘာဝအတိုင်းလေးတွေချည်းပါပဲ။ ပျော်စရာ ၊ စိတ်ကျေနပ်စရာ နေရာလေးဖြစ်မယ်ထင်ပါတယ်။


    ခင်တဲ့

    ReplyDelete
  25. မသက်ဝေ ...
    ဟိုတခါ ပို့စ်တစ်ခု မှာကတည်းက မသက်ဝေ cheese ကြိုက်မှန်း သတိထားမိ တယ်ဗျ၊း) ကောင်းတာပေါ့၊ အဲဒီ Marché ဆိုတဲ့ ဆိုင်ကိုလည်း လာကြည့်ချင်တယ်၊ သားကတော့ ကလေးတို့ သဘာဝ လျှောက်သွားနေရရင် ပျော်နေတာပါပဲ...၊

    ကို N/A ...
    ကောက်ရိုးမွေ့ရာက လွဲလို့ ကြိုက်တယ်ဆိုတာတော့ နားလည်တယ်ဗျို့၊း) ဟုတ်တယ်ဗျ၊ ကောင်းကောင်း မအိပ်ခဲ့ရ ပေမယ့် စိတ်အနားရလို့ လန်းဆန်းနေ ခဲ့တယ်၊

    ကိုမြစ်ကျိုးအင်း ...
    အဲဒါတော့ အမှန်ပဲဗျ၊ ဝေးဝေးလံလံ သွားစရာ မလိုပါဘူး၊ ပုံမှန် မြင်ကွင်းတွေနဲ့ လည်ပတ် နေတဲ့ နေ့စဉ်ဘဝက ခွဲထွက်လိုက်တယ် ဆိုရင်ပဲ အနည်းဆုံးတော့ စိတ်လက်ပေါ့ပါးသွားတာ ခံစားရတယ်၊

    မမေသိမ့်သိမ့်ကျော် ...
    တခြား ရွာတွေလိုပဲ ဘာမှ ထူးထူးခြားခြားကြီး လှမနေ ပေမယ့် နေရာ အသစ်အဆန်း ဆိုတော့လည်း စိတ်ဝင်တစားနဲ့ holidays သွားနေတဲ့ ခံစားမှုမျိုး ရခဲ့တော့ ပျော်ဖို့ကောင်းတဲ့ ခရီးလေးပါပဲ၊ ဒါထက် လာလည်တာရော ကွန်မန့်လေး အတွက်ပါ ကျေးဇူး တင်ပါတယ်နော်...။

    ReplyDelete
  26. Face painting ကတော့ သားသားတို့အရွယ် မပြောနဲ့ ကျမတောင် သိတ်သဘောကျတာ။ တခါတလေ အပြောင်းအလဲအတွက်တော့ ကျေးလက်မှာ နေကြည့်ချင်သား။ အမြဲတော့ နေဖို့ မဖြစ်လောက်ဘူး အပင်တွေက အိုကေပေမဲ့ အကောင်ပလောင်တွေနဲ့ မဖြစ်ဘူး ဟဟဟ။ ပြီးခဲ့တဲ့ တပတ်ကတောင် Marche` ရောက်လို့ Rösti စားဖြစ်သေးတယ်...။

    ReplyDelete
  27. ဖတ်ရင်းနဲ့ သဘောကျတာတွေ သိပ်များလာတော့ ဘာရေးရမှန်းတောင်မသိတော့ဘူး။
    ကွဲပြားတဲ့ပတ်ဝန်းကျင်သစ်၊ လတ်ဆတ်တဲ့အစားအစာ၊ ချစ်စရာကောင်းတဲ့သားသား၊ ပန်းချီဆွဲကောင်းတဲ့ပန်းချီဆရာ၊ နွေးထွေးတဲ့မိသားစုခရီး၊
    သိပ်ကောင်းတာတွေ မများလွန်းဘူးလား ကိုညီလင်းသစ်ရေ။

    အိုင်အိုရာ

    ReplyDelete
  28. သားသားလေးကချစ်စရာလေး..

    ဒီပို့စ်လေးဖတ်ပြီး..မြန်မာပြည်ရဲ့

    ကျေးလက်ရနံလေးကိုတောင်

    ပြန်သတိရနေမိတယ်..

    မြူခိုးတွေဝေလို့..မနက်စောစောအမှိုက်ကိုမီးရှို့လို့

    ရတဲ့ ကောက်ရိုးမီးခိုးနံလေးရယ်..

    နောက်ပြီး..ဘုန်းကြီးကျောင်းကတုံးခေါက်သံလေးရယ်

    ..လွမ်းလိုက်တာလေ..

    ReplyDelete
  29. မချစ်ကြည်အေး ...
    Face painting ကြိုက်တဲ့အကြောင်း ပုံနဲ့တကွ သက်သေပြပါ..၊ ဥပမာ- ဆေးခြယ်ထားတဲ့ မျက်နှာနဲ့ Marché မှာ Rösti စားနေတဲ့ ပုံမျိုး....၊းD

    မအိုင်အိုရာ ...
    အမှန်တော့ ကွန်မန့်ရေးသူ ကိုယ်တိုင်က ကောင်းတာတွေကို ပိုပြီး မြင်တတ်ခဲ့လို့ အကောင်းတွေ များတယ် ထင်ရတာပါ..ဟုတ်တယ်ဟုတ်၊း)

    blackroze ...
    သရုပ်ဖော်တာ ကောင်းလို့ မျက်စိထဲမယ် သိုးမွေး စစ်ဦးထုပ်ကြီးဆောင်း၊ ညှပ်ဖိနပ်ကို ခြေစွပ်နဲ့ တွဲဝတ် ထားပြီး အမှိုက်တွေ တံမြက်လှည်းနေတဲ့ တောက တောင်သူဦးကြီး တစ်ယောက်ကိုတောင် မြူခိုးတွေ ကြားမှာ ခပ်ဝါးဝါး တွေ့လိုက်သလိုပဲ..၊ စကားမစပ် လာလည်တာကိုလည်း ကျေးဇူးပါနော်....။

    ReplyDelete
  30. မသက်ဝေဆီကတဆင့်လိုက်လာတာပါ...။ ကိုညီလင်းသစ်ဘလော့ကို သဘောကျလို့ လင့်ခ်ယူသွားပါတယ်...။ ကျမလည်း ကျေးလက်ကိုကြိုက်တယ်...။ အဲဒီလိုတောရွာကို သွားလည်ရတာမျိုးကြိုက်တယ်...။

    ReplyDelete
  31. အားလုံးက ပြောသွားကြသလိုပါဘဲ
    ကလေးလေး ချစ်စရာကောင်းတာကိုတော့ ချိန်ထားလို့မရအောင် ထင်ရှားနေတာမို့ အများနည်းတူထပ်ပြောချင်ပါတယ်။
    အဲဒီနေရာလေးအလည်သွားချင်လိုက်တာ ကိုညီလင်းသစ်ရယ်
    ချိစ်တွေ အဝစားချင်လို့လေ..
    ငယ်ငယ်တုန်းက အိပ်ခဲ့တဲ့ ကောက်ရိုးမွေ့ရာလေး သတိရသွားပြီ..
    ငယ်တုန်းက လယ်တောမှာညအိပ်ရင် ခုလိုလေးကောက်ရိုးတွေနဲ့ပေါ့.. ပြီးတော့ တဲကိုလည်းကောက်ရိုးနဲ့မိုး ကောက်ရိုးနဲ့ကာ..
    သိပ်ပျော်တာဘဲ

    ReplyDelete
  32. ငယ်ငယ်တုန်းက နွေရာသီကျောင်းပိတ်ရက် ရွာပြန်တုန်း ကောက်ရိုးပုံပေါ်မှာ အိပ်ပြီး ကောင်းကင်ကြီးကိုမော့ကြည့်ခဲ့ဖူးတယ်. အဲဒီ့အတွေ့အကြုံကို မေ့တေ့တေ့ ဖြစနေတာ အခု ကိုညီလင်းသစ်ရဲ့ ကြယ်ငါးပွင့် မွေ့ရာကြီးကို မြင်လိုက်ရမှပဲ သတိရ အောက်မေ့မိတော့တယ်.

    Very nice post, Bro!

    Y.

    ReplyDelete
  33. မမိုးငွေ့...
    ရုပ်ရှင်တွေထဲမှာ ပြောကြသလို “ကျနော့်ကိုလည်း မသက်ဝေကို ခင်သလို ခင်လို့ရပါတယ်..” လို့ ပြောရမယ် ထင်တယ်နော်..၊း) အဆင်ပြေသလို ဝင်ပါထွက်ပါဗျာ၊ လာလည်တာရော ကွန်မန့်လေး အတွက်ပါ ကျေးဇူးပါနော်...၊

    မချော ...
    မချောရဲ့ ကောက်ရိုးတဲလေးက မျက်စိထဲ မြင်ယောင်ကြည့်တာ ချစ်စရာ ကောင်းလိုက်တာ..၊ မချောကလည်း ချိစ်ကြိုက်တဲ့ လူနည်းစုထဲ ပါတာကိုး..။း)

    ReplyDelete
  34. ကိုရန်အောင် ...
    ဟုတ်တယ်ဗျ၊ ကောက်ရိုးပုံပေါ် အိပ်ရတဲ့ အရသာက တခြားဘာနဲ့မှ မတူဘူး၊ ကိုရန်အောင်လိုမျိုး open space မှာ ကောင်းကင်ကြီးကိုပါ ကြည့်နိုင်ရင်တော့ အတိုင်းထက် အလွန်ပေါ့ဗျာ..။း) Thanks for your comment Bro..!

    ReplyDelete
  35. အဲလိုသွားချင်လိုက်တာ..
    ဘယ်လောက်တောင်စိတ်အပြောင်းအလဲ
ုဖြစ်လိုက်မလဲလို့
    ..
    မြင်ရတာနဲ့တောင်တော်တော်စိတ်ချမ်းသာနေပြီ
    .............
    ချိစ်ဗန်းကြီးကိုသားရေကျသွားပါတယ်
    အကိုရေ

    ခင်မင်လေးစားလျှက်
    မဒိုးကန်

    ReplyDelete
  36. မဒမ်ကိုး ...
    မြင်နေကျ ရှုခင်းတွေကနေ ခွဲထွက်လိုက်တဲ့အခါ စိတ်အပြောင်းအလဲ ဖြစ်တာတော့ သေချာတယ်ဗျ၊ မဒမ်ကိုးလည်း ဒိန်ခဲကြိုက်သူ ပဲလား...။း)

    ReplyDelete
  37. သားလေးက ပိန်ရှည်လေးဖြစ်လာပြီ။ ပုံနည်းနည်းပြောင်းသွားတယ်။

    ReplyDelete
  38. ပုံတွေလှတယ်..။
    ဝိုင်ဈေးကြီးရခြင်းအကြောင်းရင်းက...
    ဧည့်သည်တွေကို မသောက်စေခချင်လို့နဲ့
    တူပါတယ်.။
    ဟားဟ


    ပေါက်

    ReplyDelete