10 August 2011

ပူပန်သောစိတ်


တလောဆီက အလုပ်က မိတ်ဆွေတစ်ယောက် သူ့ရဲ့ အိမ်သစ်တက်ပွဲ ဖိတ်တာနဲ့ သွားဖြစ်ပါတယ်၊ သူက ပြင်သစ်ကနေ ပါရဂူ ဘွဲ့လွန်ရာထူးနဲ့ သုတေသန ပရောဂျက်တစ်ခုအတွက် လာပြီး အလုပ်,လုပ်နေတဲ့ အမျိုးသမီး တစ်ယောက်ပါ၊ သူ နေဖို့အတွက် အခန်း ရှာရင်းနဲ့ နောက်ဆုံးမှာ အလုပ်နဲ့မဝေးတဲ့ နေရာလေးတစ်ခုမှာ အဆင်ပြေသွားတယ်၊ အိမ်ခန်း ငှားရတာ အတော်လေးခက်ခဲတဲ့ ဒီနိုင်ငံမှာ အခန်းလေး ၂ ခန်းပဲပါတဲ့ တိုက်ခန်းလေးတစ်ခု ရသွားတော့ သူ့မှာဖြင့် ပျော်လို့...၊ အဲဒီ အထိမ်းအမှတ်နဲ့ အလုပ်က မိတ်ဆွေ လေးငါး ယောက်ကို ဖိတ်တာပါ၊

ကံကောင်းချင်တော့ သူ့တိုက်ခန်းလေးက ရေကန်စပ်မှာပဲ ဆိုတော့ ရှုခင်းအရမ်း ကောင်းပါတယ်၊ ပြီးတော့ ဝရန်တာကနေ ကန်စပ်တလျှောက် ပြေးတဲ့လူ၊ လမ်းလျှောက်တဲ့လူ တွေကိုလည်း မြင်နေရတယ်၊ ဒါနဲ့ တစ်ယောက်က 'နင်တော့ ဒီလမ်းတလျှောက် ပြေးတဲ့လူ၊ လမ်းလျှောက်တဲ့လူတွေကို ကောင်းကောင်း မှတ်မိနေတော့ မှာပဲ' လို့ ပြောလိုက်တယ်၊ အိမ်ရှင် အမျိုးသမီးက 'သေချာတာပေါ့၊ အခုနေတဲ့ တစ်လအတွင်းမှာ ငါ အားလုံးနီးပါးကို မျက်မှန်း တန်းမိ နေပြီဟ' လို့ ပြန်ပြောတယ်၊ တဆက်တည်း 'လူတစ်ယောက်ဆို တနေ့ကို အခါ ၂၀ လောက် စက်ဘီးနဲ့ ဖြတ်တယ်၊ အဲဒါ တနေ့က သူဖြတ်သွားတာ မတွေ့လို့ နေများမကောင်းလို့လား ဆိုပြီး ငါ့မှာ စိတ်တွေပူနေ ရ သေးတယ်' လို့ ဆက်ပြောတယ်၊ သူ့စကားလည်း ဆုံးရော သူပြောတာကို သဘောကျလို့ အားလုံးက ဝါးကနဲ ဝိုင်းရယ်ကြတယ်၊

အဲဒီလို စိတ်ထားမျိုး အကြောင်းကို ကျနော်ခပ်ငယ်ငယ်တုန်းက တခါဖတ်ခဲ့ဖူးတယ်၊ ဆရာမြင့်သန်းရေးတဲ့ ဝတ္ထုတို တစ်ပုဒ်ထဲမှာလို့ ထင်တာပဲ၊ အဲဒီထဲက ဇတ်ကောင် ဦးလေးကြီး တစ်ယောက်က သူအပြင်က လမ်းလျှောက်ပြန်လာတိုင်း သူ့ကို ထွက်,ထွက်ဟောင်တဲ့ ခွေးပိန်မ တစ်ကောင်ကို မျက်မှန်းတန်းမိနေတယ်၊ တစ်ရက် သူပြန်လာတော့ အဲဒီခွေးမလေးကို မတွေ့ဘူး၊ တညနေလုံး အဲဒီအကြောင်း စဉ်းစားနေတဲ့အပြင် ညကျတော့ အဲဒီခွေးအတွက် စိတ်ပူပြီး သူ့မှာ အိပ်လို့တောင် မပျော်တော့ဘူး၊ ဒါနဲ့ မိုးရွာနေတဲ့ ကြားက ထီးထုတ်၊ ဓါတ်မီးဆွဲပြီး တွေ့နေကျ အိမ်အနီးတဝိုက် လိုက်ရှာတော့မှ အိမ်အောက်မှာ သားမွေးနေတာ သွားတွေ့တယ်၊ အဲဒီတော့မှ သူ့မှာ စိတ်ဖြောင့်တော့တယ်၊ နောက်နေ့ကျတော့ မိုးမိပြီး ဖျားပါလေရော၊ ဒါပေမယ့် သူကတော့ စိတ်အေးလက်အေးနဲ့ နေသာထိုင်သာ ရှိလို့...၊

အခုလည်း အိမ်ရှင် အမျိုးသမီးရဲ့ စိတ်ထားက အဲဒီဇတ်ကောင်ရဲ့ စရိုက်နဲ့ ခပ်ဆင်ဆင်..၊ ကိုယ်မသိတဲ့ လူတစ်ယောက် အတွက် ပူပင်နေပြန် သတဲ့၊ အင်းလေ..တကယ်တမ်း စေ့စေ့တွေးပြီး ပြောကြစတမ်း ဆိုရင်တော့ ရင်းနှီးသူတွေကို သံယောဇဉ် ရှိလို့ ပူပန်တာ အသာထားပါဦး၊ ကိုယ်တခါမှ မသိကျွမ်းတဲ့ သူတွေအပေါ်မှာတောင် စိုးရိမ်ပူပန် တတ်ကြတာ အဲဒီ ပြင်သစ်အမျိုးသမီး တစ်ယောက်တည်းတော့ မဟုတ်ပါဘူး၊ ကျောရိုးရှိ သတ္တဝါတွေထဲမှာ လူဆိုတဲ့ သတ္တဝါက အာရုံခံစားမှုနဲ့ တုံ့ပြန်မှုက အဆင့်မြင့်လေတော့ စိုးရိမ်ပူပန်တဲ့ စိတ်ကလည်း အနည်းနဲ့ အများ တွဲလျက် ရှိတတ်ပါတယ်၊ ဒါဟာ ကြီးပြင်းလာရတဲ့ ပတ်ဝန်းကျင်နဲ့ ဆိုင်သလို မျိုးရိုးဗီဇနဲ့လည်း ဆိုင်ပါတယ်၊ ဒီလိုနဲ့ ကျနော်တို့ အားလုံးလည်း ကိုယ်နဲ့ ကောင်းကောင်း မသိကျွမ်း သူတွေအပေါ်မှာ လူသားဆန်စွာနဲ့ စိုးရိမ်ပူပန် စိတ်ကလေးတွေ အနည်းဆုံး တခါမက တော့ ဖြစ်ဖူးကြတာ မဟုတ်လား...၊

ဘလော့ဂ်တွေ လည်ဖတ်တဲ့အခါ ကိုယ်သွားလည်နေကျ ဘလော့ဂ်တစ်ခု ပုံမှန်ထက်ပိုပြီး ငြိမ်နေတဲ့အခါ ဘာများ ဖြစ်နေလို့ ပါလိမ့်ဆိုတဲ့ အတွေးလေးတော့ ဝင်လာတတ်ကြပါတယ်၊ ဒီလိုနဲ့ စီဘောက်စ်မှာ နေကောင်းရဲ့လားတို့၊ မီးခိုး တိတ်နေတာ ကြာပြီတို့၊ အလုပ်များ နေလားတို့ စတဲ့ ပူပန်ခြင်းနဲ့ယှဉ်တဲ့ နှုတ်ဆက်စကားလေးတွေ တွေ့လာရတာပါ၊ ဒီလိုမှ မဟုတ်ဘဲ ကာယကံရှင်ကို တိုက်ရိုက်ဆက်သွယ်လို့ မရရင်တော့ ရင်းနှီးသူ အချင်းချင်း သတင်းမေးတာ၊ စုံစမ်းတာတွေ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်၊ လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းကလည်း ကျနော့်စီဘောက်စ်မှာ အဲဒီလို ပူပန်စိတ်ကလေး တစ်ခု တိုးဝှေ့၊ တွန်းတိုက်သွားသေးတယ်..၊း)

တကယ်တော့လည်း အလွန်အကျွံသာ မဖြစ်ဘူးဆိုရင် ပူပန်မှု ဆိုတာက မောင်းနှင်အား တမျိုးပါပဲ၊ ပူပန်တယ် ဆိုကတည်းက တစ်ဖက်သားကို ဂရုစိုက်တာ၊ concern ဖြစ်တာ ပါလာပြီးသားပါ၊ သူကတော့ နည်းနည်းလေး စိတ်ပူ လိုက်ရမှ စားဝင်အိပ်ပျော်တယ် ဆိုတဲ့စကား ကျနော်တို့အားလုံး ကြားဖူးကြပါတယ်၊ အမှန်ပါပဲ..၊ အဲဒီလို လူတွေ အတွက်က သူတို့ရဲ့ ဘဝကြီးကို ထိန်းကျောင်းမောင်းနှင်ဖို့ စိုးရိမ်ပူပန်မှု ဆိုတာက metabolism ပါပဲ၊ လောင်စာပါပဲ၊ တသီးတသန့် နိုင်မှုတွေနဲ့ ရုပ်ဝတ္ထု ဆန်သထက် ဆန်လာတဲ့ ဟောဒီလို ခေတ်ကြီးထဲမှာ သံယောဇဉ်နဲ့ ယှဉ်ပြီး ဖြစ်လာတဲ့ စိုးရိမ်စိတ်ကလေးဆိုတာ ကန္တာရ အလယ်က အိုအေစစ်ကလေးပါပဲ၊ သူ ငါ့အပေါ် စိုးရိမ် ရှာသားလို့ တွေးရတာ ကြည်နူးစရာ ကောင်းတယ် မဟုတ်လား...။


ညီလင်းသစ်
၁၀ သြဂုတ်၊ ၂၀၁၁

25 comments:

  1.ဲမြင်နေကြ၊တွေ့ နေကြ၊ကြားနေကြ၊ဖတ်နေကြလေးတွေ
    ကနေ သံယောဇဉ်ဖြစ်လာပြီးပူပင်မှုလေးတွေတိုးလာရတာ။
    ဒါနဲ့ ကျမလည်းတစ်လလောက် ဘလော့နဲ့ ဝေးနေပါမယ်။

    ReplyDelete
  2. အဲဒါ တကယ့်ကိုလူသားဆန်တဲ့ စိတ်ကလေးလို့ထင်ပါတယ်ရှင်။ လူအချင်းချင်း မသိမကျွမ်းရင်တောင်မှ ရင်ထဲကဖြစ်လာတဲ့ သံယောဇဉ်နဲ့ ပူပန်စိတ်ကလေးတွေကနေတဆင့် ရင်းနှီးကျွမ်းဝင်သွားတတ်ကြတာပဲလေ။ အဲဒီလို စိတ်မျိုးတွေ နည်းပါးပျောက်ဆုံးလာရင်တော့ စက်ရုပ်တွေလိုဘ၀နဲ့ ကမ္ဘာလောကကြီးက နေချင့်စဖွယ်တောင် ရှိတော့မယ်မထင်ပါဘူးရှင်...

    ReplyDelete
  3. အဲဒီ ပူပန်ချစ်ခင်ကြသူတွေကြောင့်လည်း စာမြန်မြန်ပြန်ရေးဖြစ်တဲ့ အဓိကအကြောင်းပါဘဲ
    မဟုတ်လို့ကတော့ ပျောက်နေဦးမှာ အကြာကြီးး)
    အားလုံးကို ကျေးဇူးတင်မိတယ်ကိုညီလင်းသစ်ရေ..

    ReplyDelete
  4. ဟုတ်တယ်နော်... ကိုညီလင်း ရေးသွားတဲ့ အကြောင်းအရာလေးက တကယ်မှန်တယ်။ ဘလော့ဂ်ဂါ မိတ်ဆွေတွေကို မြင်ဖူးတဲ့သူ ရှိသလို၊ မမြင်ဖူးဘဲနဲ့ ခင်မင်ပြီး သူတို့တွေ ပျောက်နေရင် စိတ်ပူရ၊ မေးမြန်းရနဲ့

    ဒီစာသားလေးကို ကြိုက်တယ်း)

    "ပူပန်တယ် ဆိုကတည်းက တစ်ဖက်သားကို ဂရုစိုက်တာ၊ concern ဖြစ်တာ ပါလာပြီးသားပါ၊ သူ ငါ့အပေါ် စိုးရိမ် ရှာသားလို့ တွေးရတာ ကြည်နူးစရာ ကောင်းတယ် မဟုတ်လား..."

    ReplyDelete
  5. ကျမလည်း ပူပန်တတ်တယ်
    အကြာကြီး ပျောက်နေရင်
    အဲ့ဒီဘလောဂ့်ကို ခဏခဏရောက်တယ်

    ReplyDelete
  6. အကို့စာလေးဖတ်ရတာ ကြည်နူးစရာလေး....:)
    ဖတ်ခွင့်ရလို့ ကျေးဇူးပါအကို..
    ကောင်းသောနေ့ရက်လေးတွေ ပိုင်ဆိုင်ပါစေလို့ ဆန္ဒပြုရင်း...

    ReplyDelete
  7. ကိုညီလင်းပြောမှ ပူပန်ခြင်းရဲ့ရသ သေချာပေါ်လွင်တော့တယ်။ သာမန်ကြည့်ရင်တော့ စိတ်ပူတယ် စိုးရိမ်တယ်ဆိုတာ မကောင်းတဲ့ ခံစားချက်လိုပဲ၊ စိတ်နှလုံးပင်ပန်းရတာ မဟုတ်လား။

    ကိုညီလင်း ပြောသလို တွေးကြည့်တော့ ပူပန်ခြင်းဟာ သံယောဇဉ်ရဲ့ သင်္ကေတမို့ ပူပန်သူရော ပူပန်ခံရသူအတွက်ပါ ကြည်နူးစရာ ချမ်းမြေ့စရာ ဖြစ်ပြီး ပိုခိုင်မြဲတဲ့ သံယောဇဉ်ကြိုးတွေလဲ တရစ် ထပ်တိုးစေမှာပဲနော် ... ။

    ReplyDelete
  8. သူငယ်ချင်းရဲ့အမေဆို ဂျပန်ငလျင်လှုပ်တုန်းက သူကြည့်နေကျ အစီအစဉ်ကအမျိုးသမီးကို သိပ်စိတ်ပူနေခဲ့တာ။
    ကိုယ်တိုင်လဲ blogosphere ကတစ်ယောက်ယောက် ပျောက်နေရင် တခုခုလိုနေသလို။
    Mon Petit Avatar

    ReplyDelete
  9.း)

    သားကိုတော့ ပူပန်မယ့်သူမရှိဘူးထင်တာပါပဲ ဟဟား ။

    နေတော့ကောင်းပါရဲ့ အရင်လို ၂ ရက်တစ်ပုဒ်မဟုတ်တောင် တစ်ပါတ် တစ်ပုဒ်လောက်တောင် မရေးနိုင်တော့ ကိုယ့်ဘလော့လေးကို သနားပါ့ စာရေးမနိုင်တော့ အားနာလို့ ဘလော့လေးတောင် တံခါးပိတ်ထားမလား စဉ်းစားနေမိသေး ။

    နေကောင်းအဆင်ပြေပါစေ အစ်ကိုရေ့ ။

    ReplyDelete
  10. လူလူချင်း စိတ်အားဖြင့် ဖေးမရိုင်းပင်းမှုတစ်မျိုးပါပဲ...။ အစ်ကို့စာကိုညကတည်းကဖတ်ပြီး မန့်လို့မရလို့ ခုမှလာမန့်တာပါ....။

    ခင်တဲ့
    မိုးငွေ့

    ReplyDelete
  11. ပူတတ်သူတွေကတော့ ပူကိုးပူတတ်တယ် ကိုညီလင်းသစ်ရေ။

    ဘယ်သူတွေက ကိုညီလင်းသစ် စီပုံးမှာ လာပြီး မေးကြပါလိမ့်နော်။ (သူတို့ ကိုညီလင်းသစ်ကို တော်တော်အားကိုးကြတာပဲ။ လူပျောက်လဲလာမေး၊ ဆက်သွယ်မရလဲ လာမေး .. အဲလိုပဲလား...)

    ပူပန်မူကို ဒီလိုအတွေးလေးနဲ့ ရှိပေးမယ်ဆို့ရင်တော့ ကျေနပ်စရာပါ။

    ReplyDelete
  12. စူးနွယ်လေးကို မန့် မရလို့ ဒီကလည်းကိုညီလင်းသစ်ကိုဘဲ မေးချင်နေတာ။ စူးနွယ်လေးက မန့် မရပေမဲ့ အသစ်လေးတွေ ဖတ်နေရတော့ နေတော့ကောင်းမှာပါလို့ တွေးနေတာ။
    စိတ်ပူတာ သံယောဇဉ်ရှိလို့ ပါ။ ဘယ်သူပျောက်ပျောက် အတွေးပိုပြီး ပူမိတာတော့အမှန်ပါ။
    အိုင်အိုရာ

    ReplyDelete
  13. မရှင်လေး ...
    အမေ့ဆီ ပြန်မယ်လို့ သိထားတယ်၊ ဘလော့ဂ်နဲ့ ဝေးတာဟာ အမေနဲ့ နီးဖို့ဖြစ်လို့ ဝမ်းသာစရာပါပဲဗျာ...၊

    မအိမ်သူ ...
    ဟုတ်တယ်ဗျာ၊ ကျနော်တို့မလည်း ခုန်တတ်တဲ့ နှလုံးသား တစုံရှိနေသေးလို့သာ လူအဖြစ်နဲ့ ဆက်နေ ရမယ့် အခြေအနေပါပဲ...၊း)

    မချော ...
    မေတ္တာဆေးကြိမ်လုံးနဲ့ ရိုက်ခေါ်လိုက်ကြလို့ မဖြစ်မနေ ပြန်ရောက်လာတယ် ထင်ပါ့...ဟားဟား၊ ပြန်လာတာကို ဝမ်းသာလှပါပြီဗျာ...၊း)

    ရိုစ့် ...
    ဟုတ်တယ်ဗျ၊ မမြင်ဖူးတဲ့ ဘလော့ဂါတွေကို မမြင်ရတဲ့ သံယောဇဉ်နဲ့ ခင်နေမိတာ ထင်ပါရဲ့ဗျာ...၊း)

    မဘေဘီ ...
    ကျနော့်ဘလော့ဂ်ကို မဘေဘီ ခဏခဏ လာစေချင်ရင် ဘယ်လိုလုပ်ရမလဲလို့ အခုတော့ သိသွားပြီ...၊းP

    အိန်ဂျယ်လ်လှိုင် ...
    ထပ်တူ ဖြစ်ပါစေလို့ ဆန္ဒပြုပါတယ် ညီမရေ...၊

    မမေ ...
    ပြန်မပြောချင်တဲ့ သံယောဇဉ်တွေ နဲ့ပဲ မောင်းနှင်နေကြ ရတာကိုးဗျာ့...နော၊ ပူပန်ခြင်းဟာ သံယောဇဉ်ရဲ့ သင်္ကေတ ဆိုတဲ့ စကားလေးကို သဘောကျတယ်..။

    Mon Petit Avatar ...
    ဟုတ်တယ်နော်၊ စိတ်ပူတတ်ခြင်းမှာ နယ်နမိတ်တွေ မလိုဘူး...၊း)

    ဇတ်ခုံ ...
    ဇတ်ခုံဆိုတဲ့ စကားရယ်၊ ရယ်သံကို 'ဟဟား' လို့ ရေးတတ်တာရယ်၊ ၂ ရက်တစ်ပုဒ် တင်နေကျ ဘလော့ဂ်ရယ် ဆိုတာတွေ ပေါင်းပြီး ဘယ်သူဆိုတာ သိနေတယ်လေ...၊း) နေကောင်းတယ် ဆိုလို့တော့ ဝမ်းသာပါတယ် ညီရေ၊ စိတ်ပါတဲ့အချိန်ကျတော့ ရေးပေါ့..ဟုတ်ပြီလား၊း)

    မမိုးငွေ့ ...
    တကူးတက ထပ်ပြီးလာမန့်လို့ ကျေးဇူး တင်ပါတယ်ဗျာ၊ စိတ်အားဖြင့် ရိုင်းပင်းမှုက ကျနော်တို့အားလုံး တကယ် လိုအပ်တယ်နော်...၊

    မ,ကောင်းမွန် ...
    အေးဗျ၊ ဘယ်သူတွေက လာမေးကြမှန်း မသိတော့ ပါဘူးဗျာ..၊း) တစ်ယောက်နဲ့တစ်ယောက် အရေးတယူ ရှိတယ်ဆိုတာကတော့ မင်္ဂလာတပါးပဲ မဟုတ်လား...၊

    မအိုင်အိုရာ ...
    မအိုင်အိုရာအတွက်လည်း သံယောဇဉ်က အဖျားခံတဲ့ ပူပန်ခြင်းဟာ ရှင်သန်လည်ပတ်မှု ဖြစ်စဉ်ထဲမှာ အရေးပါတဲ့ ကဏ္ဍ ဖြစ်မယ်ထင်တယ်..နော၊း)

    ReplyDelete
  14. အဟုတ်ပဲဗျ....၊တလောက ကျွန်တော်တောင် Gyidaw တစ်
    ယောက် ဘယ်သူ့ဆီမှာမှ မန့်တာမတွေ့လို့ ပူနေမိသေး..၊
    သူဘယ်သူလဲမသိ၊ကိုယ့်ဆီလဲ ၂ခါလားမန့်ဖူးပေမယ့် သူ့
    ကွန်မန့်တွေကို အကိုတို့ဆီမှာမတွေ့ရတော့ ဘာကြောင့်
    ပါလိမ့်လို့ တွေးနေမိတာရယ်...၊အင်း...အကိုပြောမှပဲ အဲဒီ
    ပူပန်စိတ်ကလေးကို သေချာသတိထားမိတော့တယ်...။

    ReplyDelete
  15. အင်းးး ကိုယ့်ကို ပူပန်ပေးတဲ့သူကို ပိုခင်မိသွားတာ သတိထားမိတယ်။ ငါ့ကို ဂရုစိုက်ပါလား ဆိုတဲ့စိတ်ကလေးနဲ့ ကိုယ်ကလည်း တခြားလူတွေကို ပြန်ဂရုတစိုက် စိတ်ကလေးနဲ့ ဆက်ဆံမိတဲ့အခါ နွေးထွေးတဲ့ ပတ်ဝန်းကျင်လေးဖြစ်ဖြစ်သွားတယ်။


    ခင်တဲ့

    ReplyDelete
  16. အဲဒါကိုပဲ ဘလော့ဂါတို့ရဲ့ ဥပဒေမပါတဲ့ အသိစိတ်လို့ ထင်မိပါတယ်...

    ReplyDelete
  17. အဝေးကြီးတွေမှာနေပြီး တယောက်ကို တယောက် မမြင်ဖူး မတွေ့ဖူးကြသော်လည်း အခုလို စိုးရိမ်ပူပန်မှုတွေ နွေးထွေးလှိုက်လှဲမှုတွေ ပါဝင်တဲ့ သံယောဇဉ်တွေကြားမှာ ပျော်နေခဲ့တာ ၄ နှစ်နီးပါး ရှိခဲ့ပြီ...း)))

    ReplyDelete
  18. ကိုညိမ်းနိုင် ...
    ဟုတ်တယ်ဗျ၊ ဘလော့ဂါတစ်ယောက် ပျောက်နေရင် သူ့ရဲ့ဘလော့ဂ်မှာ အကျိုးအကြောင်း သွားမေးလို့ ရသေးတယ်၊ ဒါပေမယ့် အမြဲလာနေကျ စာဖတ်သူ တစ်ယောက်ဆိုရင်တော့ အဲဒီလို ပျောက်သွားရင် ခြေရာလည်းပျောက်၊ ရေလည်းနောက်ပဲ..၊

    မမေသိမ့်သိမ့်ကျော် ...
    အပြန်အလှန် ဂရုစိုက်မှု တွေရှိတဲ့ လူတွေရဲ့ ပတ်ဝန်းကျင်ဟာ နွေးနွေးထွေးထွေး ရှိတယ်ဆိုတာ တယ်မှန်တာပဲဗျာ....၊း)

    ချယ်ရီမြေ ...
    ဥပဒေအထက်မှာ ဘယ်ဘလော့ဂါမှ မရှိစေ...အဲ.. ယောင်ကုန်ပြီ၊း) ဘယ်နေရာမှာမှ ချရေးမထားတဲ့ ကျင့်ထုံးတွေလို့ ပြောချင်တာ.....၊း) လာလည်တဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ်ဗျာ...၊

    မသက်ဝေ ...
    ၄ နှစ်နီးပါးဆိုတော့ အတူတူပဲဗျို့..၊ ကျနော်လည်း ဒါတွေကြားမှာ ပျော်ဝင်ကူးခတ် နေခဲ့တာပါပဲ....။း)

    ReplyDelete
  19. ဟုတ်ပါ့ ကိုညီလင်းသစ်ရေ...ဝေးဝေးလည်း မပြေးနိုင်၊ မမြင်ဖူးကြဘဲ၊ ကြိုးတမျှင်မနှောင်ရပါဘဲ ချည်မိကြတဲ့ သံယောဇဉ် ခင်မင်မှုတွေကြောင့် ဖြစ်လာတဲ့ ပူပန်စိတ်....လူသားဆန်လို့ သဘောကျမိတယ်:)

    ReplyDelete
  20. လူမပြောနဲ့ အိမ်လာ လာ စားနေတဲ့ ဘေးအိမ်က့ ကြောင်လေး မလာတာ ကြာရင်ကို စိတ်ထဲမှာတစ်မျိုးဘဲ
    AA.

    ReplyDelete
  21. မချစ်ကြည်အေး ...
    ပူပန်စိတ် ပေတံနဲ့ တိုင်းလို့ကတော့ လူသားက ဘာဆန်သလဲ မမေးနဲ့...၊း)

    AA ...
    အင်း..သံယောဇဉ်၊ သံယောဇဉ်.....။း)

    ReplyDelete
  22. I'm so sorry for my lost comments.I deeply appreciate for your kindness and good at heart.I'm heartly welcomed to read for your new new post.Thankyou very much for your post.With best wishes to both you and your family.

    ReplyDelete
  23. ကောင်းလိုက်တဲ့ ပို့ စ်..ဟတ်ကို ထိသွားတာပဲး)

    ReplyDelete
  24. ဇွန်လည်း သင်တန်းတစ်ခု ရက်ဆက်တက်ရင်း ပင်ပန်းသွားတာနဲ့ ဘလော့မဂင်းနိုင်တာ သုံးပတ်လောက်ကြာသွားတယ်။ ဒီနေ့မှပဲ ပြန်ဖတ်ဖြစ်တာ။ ဒါတောင် အချိန်မလောက်တာနဲ့ အားလုံးကို မဖတ်နိုင်သေးဘူး။

    ကိုညီလင်းသစ်ရဲ့ စာကြွေးတွေတော့ အားလုံးရှင်းသွားပြီ။း)

    ReplyDelete
  25. Ma Chaw Su ...
    Thanks a lot for your kind words. I appreciate it very much.

    မစန်းထွန်း ...
    ဒါရိုက်ဟစ် ပဲလား...၊း)

    ဇွန်မိုးစက် ...
    အဲဒါကြောင့် ဇွန်ပျောက်နေပါတယ် အောက်မေ့တာ..၊း) အကြွေးလာရှင်း သွားတယ်ဆိုလို့ ကျေးဇူးပါပဲဗျာ..၊ အဆင်ပြေမှပဲ နားနားနေနေ လာဖတ်ပါ ဇွန်ရေ..။

    ReplyDelete