26 August 2011

တောင်တန်းများရဲ့ ရင်ခွင်မှာ


ဒီနှစ် နွေရာသီမှာ အများသူငါ ခွင့်တွေယူပြီး ခရီးဝေးတွေ လည်ပတ်သွားလာ နေကြတဲ့အချိန် ကျနော်က အလုပ်မှာပဲ ရှိနေခဲ့တယ်၊ အရင်နှစ်တွေက သားရဲ့ နေ့ကလေးထိန်း ကျောင်းပိတ်ချိန်မှာ သူ့ကို အိမ်မှာထိန်းဖို့ ခွင့်ယူဖြစ်ပေမယ့် ဒီနှစ်မှာတော့ လာထိန်းပေးတဲ့လူတွေ ရှိတာနဲ့ လူတွေ ရှင်းနေတဲ့ အလုပ်မှာ တိတ်တိတ်ကလေးနေပြီး ခွင့်ရက်တွေကို စုထား လိုက်တော့တယ်၊ ဝေးဝေးလံလံ မသွားဖြစ်ပေမယ့် ဒီနားတဝိုက်မှာပဲ တစ်ညအိပ်၊ နှစ်ညအိပ် ခရီးတိုလေးတွေ သွားဖြစ်ပါတယ်၊ အဲဒီလို သွားခဲ့တဲ့ ခရီးတိုလေး တစ်ခုကတော့ တောင်တန်းတွေ ရဲ့ ရင်ခွင်ဆီကိုပါပဲ....၊


Photobucket
အရင်ကလည်း မကြာခဏ သွားဖြစ်ပြီး၊ ဒီအကြောင်းကို ပို့စ်လည်း တင်ဖူးတဲ့ ရွာကလေးပါ၊ Champéry လို့ အမည်ရ ပါတယ်၊ အိမ်ကနေ ၁ နာရီလောက် ကားမောင်းသွားတဲ့အခါ အဲ့လ်ပ်စ် (Alps) တောင်တန်းပေါ်မှာ မေးတင်ထားတဲ့ ဒီရွာလေးကို ရောက်တယ်၊ ကျနော်တင်တဲ့ ခရီးသွားပုံတွေမှာ အခုလို တောင်တန်းတွေ မကြာခဏ ပါတတ်တော့ လာလည်တဲ့ သူတွေများ ငြီးငွေ့နေကြပြီလား မသိဘူး၊ ဒီနိုင်ငံကိုက အဲ့လ်ပ်စ်တောင်တန်းတွေ ပေါ်မှာ တဝက်လောက် တင်နေတော့ ဘယ်လိုပဲ ရိုက်ရိုက် မလွတ်ဘူး ဖြစ်နေတယ်ဗျာ...၊း) ဒီတစ်ခေါက်မှာတော့ ရာသီဥတုကတော့ ဘောလုံးသမား အကြိုက်ပါပဲ၊ တောင်ခါးပန်းမှာ မြူခိုးတွေ ဝေနေခဲ့တယ်..၊


Photobucket
Champéry ရွာလေးရဲ့ အထွက်မှာ သစ်ပင်တွေပေါ် ကြိုးတန်းလျှောက်ရတဲ့ ဒီစခန်းလေး ရှိပါတယ်၊ ဒီနေရာက သစ်လုံးအိမ်လေးမှာ နေ့လယ်စာ ပစ်ကနစ် လာစားတယ်၊ ခရီးက Champéry ရဲ့အလွန်က ရွာလေးနောက်တစ်ရွာကို လာတဲ့ခရီးဆိုတော့ ဒီမှာ ခဏရပ်၊ နေ့လယ်စာ စား၊ ပြီးတော့ ခါးမှာ ကြိုးချိတ်ပြီး သစ်ပင်တွေပေါ် လျှောက်ခဲ့တယ်၊ ကားလမ်းမဘေးမှာ ကားကိုထားခဲ့ပြီး ၁၀ မိနစ်လောက် လမ်းလျှောက် လာရပါတယ်၊


Photobucket
အမှန်က သားကို စမ်းကြည့်စေချင်တာ...၊ ဒါပေမယ့် အနည်းဆုံး အရပ်အမြင့် ၁ မီတာနဲ့ ၁၀ စင်တီမီတာ ရှိရမယ်ဆိုလို့ လောလောဆယ် ၁ မီတာအတိပဲ ရှိတဲ့သားက မကစား လိုက်ရဘူး၊ ဒါနဲ့ သူ့ကိုယ်စား သူ့အဖေကပဲ (စိတ်မပါ့တပါနဲ့) သစ်ပင်ပေါ်က မဆင်းတော့မယ့်အတိုင်း ကိုင်းကူးနေလိုက်တယ်..၊း)


Photobucket
ခါးမှာ သံကွင်းနဲ့ အသေအချာ ချိတ်ထားလို့ ဘာမှ စိုးရိမ်စရာ မရှိပါဘူး၊ သစ်ပင် တစ်ပင်နဲ့တစ်ပင်ကို ကြိုးတံတား၊ သစ်လုံး၊ ကြိုးတန်း၊ စတာတွေ ပေါ်ကနေ ကူးရင်ကူး၊ မဟုတ်ရင်တော့ အခုလို စက်သီးနဲ့ ခိုစီးပြီး ကူးပေါ့...၊


Photobucket
အဲဒီကနေ ပြန်ထွက်လာပြီး ညအိပ်မယ့် နေရာဖြစ်တဲ့ Barme ဆိုတဲ့ နေရာကို ဆက်တယ်၊ ဒီနေရာလေးကို ကျနော် အတော်လေး သဘောကျပါတယ်၊ ပထမအချက်က သူ့ရဲ့ တည်နေရာကြောင့်...၊ Barme က တောင်တန်းတွေ အလယ်က လွင်ပြင်ပါ၊ ဒီကို လာဖို့က တောင်ကြောတွေ ပေါ်ကနေ ကွေ့ဝိုက်မောင်းလာပြီးတော့မှ လွင်ပြင်ထဲကို ပြန်ဆင်းရတယ်၊ ဟဲဟိုးက ထွက်လာပြီး ရွှေညောင်လွင်ပြင်ကို ဆင်းရတာမျိုးနဲ့ ခပ်ဆင်ဆင် တူပါတယ်၊ ဒီဟာကတော့ အများကြီး ငယ်တာပေါ့လေ၊ ဒုတိယ အချက်က ဒီနေရာဟာ စားကျက်မြေဖြစ်လို့ နွားတွေ၊ ဆိတ်တွေ၊ သိုးတွေနဲ့ ကျေးလက်ဆန်ပြီး ချစ်စရာ ကောင်းတယ်၊ အိမ်လေးတွေက စုစုပေါင်းမှ လေးငါးဆယ်လုံး လားပဲ ရှိတယ်၊ ရေမျက်နှာပြင် အထက် ၁၄၉၂ မီတာ (၄၈၉၅ ပေ) မှာ တည်ရှိပါတယ်၊


Photobucket
ကျနော်တို့ တည်းခဲ့တဲ့ Bed and Breakfast (B&B) နေရာလေး ဖြစ်ပါတယ်၊ ဒီလွင်ပြင်ထဲမှာ ညအိပ်တည်းဖို့ အခုလို အိမ်ကလေး ၂ လုံး ရှိတယ်၊ မေလလယ်ကနေ အောက်တိုဘာ အကုန်လောက်ထိ ဖွင့်ကြတယ်၊ ပြီးရင်တော့ ဆောင်းတွင်းဝင်လာပြီ ဖြစ်လို့ ဆိုင်ပိတ်ပါတယ်၊ နှင်းကျပြီဆိုရင် ဒီလွင်ပြင်ထဲကို လာဖို့က မလွယ်တော့ဘူးကိုး၊ ရာသီဥတု မကောင်းပေမယ့် လူပြည့်နေတယ်၊ ကျနော်တို့က ဒုတိယထပ်မှာ နေရာရတယ်၊ အဲဒီညမှာ မိုးတွေ အကြီးအကျယ် ရွာတော့ ခေါင်မိုးပေါ်က မိုးစက်မိုးပေါက်သံတွေ နားထောင်ပြီး အိပ်ရတာ အရမ်းကောင်း တယ်၊ ညအော်ပရာရဲ့ မိုးအော်ခက်စထရာ မှာ စိတ်ကူးတွေ လဲ့စို၊ အေးချမ်း နေခဲ့တယ်...၊


Photobucket
ညစာ မစားခင်မှာ လမ်းတပတ် ထွက်လျှောက်တယ်၊ အဲဒီအချိန်မှာ မိုးငွေ့ဖြန်းတဲ့ မြူတွေ ရစ်သိုင်းလာတယ်..၊ ခပ်လှမ်းလှမ်းကို လှည့်ကြည့်တော့ တည်းခိုဆောင်လေးက မြူတွေထဲမှာ ဝိုးတဝါး..၊ ဘာရယ်မဟုတ်ဘူး၊ ဆယ်တန်းတုန်းက သင်ခဲ့ရတဲ့ Emily Bronte ရဲ့ Wuthering Heights လေထန်ကုန်း ဝတ္ထုကို ဖြတ်ကနဲ အမှတ်ရမိ သွားသေးတယ်၊ အဲဒီထဲက မြင်ကွင်းတွေက ဒီလိုမျိုးပေ ပဲလား...၊


Photobucket
ဝူးသရင်းဟိုက်စ် ပြီးတော့ Alfred Lord Tennyson ရဲ့ The Brook စမ်းချောင်းကလေး......၊း) "... Men may come and men may go, But I go on for ever..."


Photobucket
ရာသီဥတုက အခုကျတော့လည်း ခုနက ပြာရီမှိုင်းကာ ညို့ညို့ ဖြစ်နေတာ သူမဟုတ်သလိုပဲ..၊ ('ပြာရီမှိုင်းကာ ညို့ညို့' ကို ဝင်းဦးအသံဖြင့် ဖတ်ရန်..)၊ နေတဖြတ် အပွင့်မှာ ခိုင်ကျည်မြဲမြံတဲ့ ကျောက်တောင်တန်းတွေဆီ မမှိတ်မသုန် ငေးကြည့်မိခဲ့တယ်...၊


Photobucket
နောက်တနေ့ မနက်ကျတော့ မနက်စာစားပြီး မပြန်ခင်မှာ နောက်တခေါက် လမ်းထပ်လျှောက်ကြ ပြန်တယ်၊ ၁ နာရီ ကြာမယ့် လမ်းကြောင်း၊ ၂ နာရီ ကြာမယ့် လမ်းကြောင်း စသဖြင့် လမ်းလေးတွေ သတ်မှတ်ပြီးသားပါ၊ ကိုယ့်ရဲ့ အဆုတ်နဲ့ ခြေသလုံး ကြွက်သားပေါ် မူတည်ပြီး အဆင်ပြေသလို ရွေးရုံပါပဲ၊ ဒီတခါတော့ တောအုပ်လေးထဲက ဖြတ်တဲ့ လမ်းကလေးကို ကျနော်တို့ ရွေးလိုက်တယ်၊ ၁ နာရီလျော့လျော့သာ ကြာတဲ့ လမ်းကလေးပါ..၊


Photobucket
ထင်ရူးပင်တွေရဲ့ အရိပ်ကနေ လျှောက်ခဲ့တယ်၊ မြေပြင်ပေါ်မှာတော့ ကြွေကျနေတဲ့ ထင်းရူးသီးတွေ..၊ သစ်တောလေး တွေကို ကျနော် ချစ်တယ်၊ သူတို့ထဲကို ဖြတ်လျှောက်တဲ့အခါလည်း နားကို စွင့်ထားမိတယ်၊ တောမှာ အသံ ရှိပါတယ်၊ သစ်တောရဲ့ အသံကို နားထောင်ရတာ၊ ခွဲခြမ်းစိတ်ဖြာရတာ တကယ်ပျော်ဖို့ ကောင်းတယ်..၊


Photobucket
ဒီလို ခုံတန်းလေးတွေ မြင်တဲ့အခါ ခင်ရာမင်ရာ သူငယ်ချင်းတွေကို သတိရပါတယ်၊ အဲဒီမှာထိုင်ပြီး အတူတူ ဂစ်တာတီးချင်တယ်၊ ဝိုင်းဖွဲ့ စကားပြောချင်တယ်၊ ညမှာ မီးဖိုပြီး တောတွေ၊ တောင်တွေရဲ့ အသံကို ဝိုင်းပြီး နားထောင် ကြည့်ချင်တယ်၊ တောင်တန်းတွေရဲ့ ရင်ခွင်ထဲဝင်ပြီး သူတို့ရဲ့ ရင်ခုန်သံကို နားထောင်ရတာလောက် ဘယ်အရာကများ စိတ်ဝင်စားစရာ ကောင်းနိုင်ပါဦးမလဲ၊ ခင်ရာမင်ရာလို့ ဆိုရာမှာ လူတောင်မမြင်ဖူးသေးတဲ့ အွန်လိုင်းက သူငယ်ချင်းတွေ လည်း ပါ,ပါတယ်..၊ (ဤကား စကားချပ်။)းD


Photobucket
အိမ်အပြန်....၊ တနေ့တော့ ပြန်ဆုံမယ် အညိုရောင် လမ်းကလေး... ကိုယ် ပြန်ခဲ့မယ်...။ (ဤစာသားကိုတော့ ဇော်ဝင်းထွဋ် အသံဖြင့် ဖတ်ရန် မလိုပါ..)၊းD


ညီလင်းသစ်
၂၆ သြဂုတ်၊ ၂၀၁၁

40 comments:

  1. ကိုယ့်အသံနဲ့ ဖတ်သွားပါ၏း)
    ဒါနဲ့ သားဖေဖေက ကိုင်းတခုပြီးတခု
    ကူးနေတယ်ဆိုတော့ ဘာဖြစ်သွားပြီလဲဟင်
    မသိလို့နော် ကိုညီ :P :D :)

    ReplyDelete
  2. မဘေဘီ ...
    တယ်မြန်ပါလား...၊း) ကိုင်းကူးတယ်လို့ ရေးလိုက်ကတည်းက ဒီလိုမျိုး ပြန်လာနိုင်တယ်လို့ ထင်နေတာ.. ပထမဆုံး ကွန်မန့်မှာ ထိတာပဲ..ဟားဟား၊

    ReplyDelete
  3. အေးချမ်းသာယာတဲ့နေရာလေးနော်... ကိုယ်ရဲ့နေ့စဉ်ဘဝကနေ အခုလို နေရာမျိုးကို နှစ်ရက် သုံးရက် ထွက်ပြေးခွင့်ရတာ... ပြီးတော့ မနီးမဝေးမှာ လှပတဲ့ ရေ မြေ တော တောင် သဘာဝ ထဲကို ထွက်ပြေးစရာ နေရာတွေ ရှိနေတာ သိပ်ကံကောင်းတာပဲ...

    စကားမစပ်... ကိုညီလင်း ဓါတ်ပုံတွေ သိပ်လှတယ်... ကိုယ်လည်း တောင်တန်းတွေ မြူတွေကို ချစ်တဲ့သူတယောက်ပါ။

    တနေ့တော့ ပြန်ဆုံမယ် အညိုရောင် လမ်းကလေး... ကိုယ် ပြန်ခဲ့မယ်... .... (ဇော်ဝင်းထွဋ် အသံနဲ့ပဲ ဆိုသွားတယ်... မရဘူး... ဇွတ်)

    ReplyDelete
  4. တောင်တန်းတွေဆိုတဲ့အသံကြားတာနဲ့ အပြေးလာဖတ်ရတော့တာပဲ.. ;D။ သစ်ပင်တွေတစ်ပင်နဲ့ တစ်ပင်ကူးတာစမ်းလုပ်ကြည့်ချင်တယ်...။ သားကလမ်းအကြာကြီးလျှောက်နိုင်တယ်လား...။ တောင်တန်းတွေနဲ့မြူတွေကို သိပ်ချစ်တယ်...။ ပုံတွေ တကယ်ကောင်းတယ်..။ ဆွဇ်ဇာလန်ကိုတစ်နေ့ရောက်အောင်ကို လာလည်မယ်... အဲဒီကပြန်ရင်တော့လွမ်းနေမိမှာသေချာတယ်..။
    "မှိုင်းညို့ညို့တောင်ခြေ စိမ်းလန်းလို့အမြဲသာယာစိုပြည်" ဆိုသလိုဘဲ second last ပုံလေးသိပ်သဘောကျတယ်...။

    ReplyDelete
  5. လှလိုက်တာ ကြည့်ရတာနဲ့တင် သိပ်စိတ်ချမ်းသာတာပဲ အောက်ဆုံးပုံလေးကို ကြည့်ပြီး ညီတော့ နာမည်လေးတစ်ခုပေးချင်မိတယ် အစ်ကိုရေ့ “ထာဝရ တွဲလက်များ” လို့ သိပ်များ ကဗျာဆန်သွားလေမလား)

    ReplyDelete
  6. အားးးးးးးးးးးးးပါးပါးးးးးးးလှတယ်ဗျို့.


    ခင်မင်တဲ့
    seesein

    ReplyDelete
  7. ကိုညီလင်းသစ် ရေ

    အားကျပါဗျာ... ထပ်တူခံစားကြည်နူးမိပါတယ်..
    မျှဝေမှု့အတွက်ကျေးဇူးပါ

    ReplyDelete
  8. သွားချင်စရာကောင်းတဲ့ နေရာလေးပါ... ကြည့်ရတာနဲ့တင် ရင်ထဲမှာ အမောတွေပြေသွားသလိုပဲ... အခုအချိန်မှာ မြို့ပြနဲ့ဝေးပြီး အေးချမ်းသာယာတဲ့ တောင်တန်းတွေ တောအုပ်တွေရှိတဲ့ နေရာမျိုးကို ခဏလောက်ဖြစ်ဖြစ်သွားချင်နေတာ... တကယ်တန်းလက်တွေ့ ဘ၀ကမဖြစ်နိုင်သေးတော့ မွန်းကျပ်တဲ့ ကျွန်းသေးသေးလေးပေါ်မှာပဲနေနေရတယ် ကိုညီလင်းသစ်ရေ... ဓါတ်ပုံတွေကြည့်ခွင့်ရတဲ့ အတွက်ကျေးဇူးပါ...
    HH

    ReplyDelete
  9. ပုံလေးတွေထဲက မြူခိုးလေးတွေ ဝေနေတဲ့ တောင်တန်းပြာပြာလေးတွေ၊ တောအုပ်ညို့ညို့လေးတွေ၊ မြက်ခင်း စိမ်းစိမ်းလေးတွေ ကြည့်ရတာ လွမ်းမောစရာလေးဖြစ်သွားတယ်ဗျာ...

    Y.

    ReplyDelete
  10. ဒီလို မြင်ကွင်းမျိုးတွေကို ငယ်ငယ်က (စာအုပ်အဖုံး ဖုံးဖို့လောက်သာ သိထားခဲ့တဲ့) အင်္ဂလိပ် မဂ္ဂဇင်းတွေမှာသာ တခါတရံ မြင်ဖူးခဲ့တာ။ မြင်တိုင်းလည်း သိပ်သဘောကျတယ်။

    အခု ကိုညီလင်းသစ်ကျေးဇူးနဲ့ ပုံတွေသာမက အတွေ့အကြုံတွေကိုပါ အားပါးတရ ဖတ်ခွင့်ကြည့်ခွင့်ရတာ အရမ်းကျေနပ်ပါတယ်။ ဒီလိုလဲ သွားဖြစ်ဦးမှ၊ ဒီလိုလဲ အချိန်ပေးပြီး ပုံကောင်းကောင်းတွေနဲ့ ဂရုတစိုက် ပို့စ်တွေတင်ပေးထားတဲ့ စေတနာအင်အားကို လေးစားပါတယ်။

    တောင်တွေမှာ မြူတွေဆိုင်းနေ ပိန်းပိတ်နေတဲ့ မြင်ကွင်းမျိုးကို အရမ်းသဘောကျတယ်။ အဲလိုနေရာတွေကို သွားရတာ နှစ်သက်တယ်။ Genting Highland (Malaysia) နဲ့ Mae Hong Son (Thailand) ကိုတော့ ရောက်နိုင်ခဲ့ပြီ။ တစ်ခါသွားပြီး တော်တော်နဲ့ မပြန်ချင်အောင် ဆွဲဆောင်နိုင်တဲ့ လှပတဲ့ မြို့တွေပါပဲ။

    ဟိုတစ်ခါ ကော်ဖီခွက်လေးနဲ့ အိပ်ခန်းထဲက လှမ်းမြင်ရတဲ့ ရေခဲဖုံးတောင်တန်းကြီးနဲ့ပုံဆို သဘောကျလွန်းလို့ ကူးထားမိတယ်။ ဒီပို့စ်မှာတော့ အရမ်းကြိုက်တဲ့ ၂ပုံလောက် ကူးမိမယ်။ ၁ နဲ့ ၇။

    ဆွစ်ဇာလန်ကို စိတ်ဝင်စားခဲ့တာ ကြာပါပြီ။ အရမ်းအေးချမ်းတဲ့ နေရာတွေရှိမှန်း သိကတည်းက ဆိုပါတော့။ အခုတော့ စိတ်ကူးနဲ့ လည်ခွင့်ရခဲ့ပြီ။ တောင်တန်းတွေအကြောင်းချည်း ဆက်တိုက်တင်လဲ ဘယ်တော့မှ မရိုးမဲ့ ပရိသတ် အမာခံ ရှိကြောင်းပါ အကိုရေ။

    တိမ်စိုင်တွေရယ် မြူတွေရယ် တောင်တန်းတွေရယ် မြက်ခင်းတွေရယ် သဘာဝအလှတွေအားလုံးရယ်ကို
    အင်မတန် ချစ်မြတ်နိုးသူ
    တောင်ငူသား

    ReplyDelete
  11. တောင်ခိုးတွေ နဲ့ ဓါတ်ပုံက လှလိုက်တာ။

    ဘယ်ပုံကို အကြိုက်ဆုံးလို့ ပြောဖို့ခက်တယ်။ အားလုံးက သူ့ ရပ်တည်ချက်နဲ့သူကောင်းနေကြတယ်။

ဲအဲလိုနေရာမျိုးတွေမှာ သီချင်းတွေ အကျယ်ကြီး အော်ဆိုပစ်ချင်တယ်။ (ကိုယ့်အသံနဲ့ အဆိုတော်တွေသီချင်းပါ)

    အင်း အားကျလိုက်တာနော်။
    ဘာပဲပြောပြော အခုလို ဓါတ်ပုံတွေကိုကြည့်ခွင့်ရ အတွေ့အကြုံတွေကို ဖတ်ခွင့်ရတာကို သိပ် ကျေးဇူးတင်တယ်။

    ReplyDelete
  12. တောင်ခါးပန်းမှာ မြူခိုးတွေနဲ့ ကြိုက်တယ်..။
    သစ်ပင်ကူးတာလဲ ကြိုက်တယ်..။
    ကျနော်သမီးဆို ပိုကြိုက်ပါလိမ့်မယ်.။
    မိုးမြူဝေနေတာ ကျနော်တို့မွေးရပ်မြေမှာလဲ
    ရှိတတ်တော့ ပိုသတိရသွားတယ်..။
    တောင်တွေကြိုက်ပါတယ်..။
    တောင်ပေါ်က လာတဲ့သူပဲလေ..။




    ပေါက်

    ReplyDelete
  13. နေရာလေးက အေးချမ်းလိုက်တာ သဘောကျလိုက်တာ
    အမြဲလာဖတ်ဖြစ်တယ် မမန့် ဖစ်တာ ဖတ်ပီး သဘောကျ ပြန်ပြန်သွားလို့ သားလေးကိုလည်း အရမ်းချစ်တယ် အာဘွားပေးလိုက်တယ်နော်။

    ReplyDelete
  14. ရှုခင်းတွေကသိပ်လှတာပဲ....။ အေးတဲ့ နေရာနဲ့ ကိုယ်နဲ့မတည့်ဘူးဆိုပေမယ့် အဲလို မြူခိုးတွေဝေနေတဲ့တောင်တန်းရင်ခွင်ဆီကို သွားချင်တယ်...။ အစ်ကိုရေးတဲ့အထဲမှာ ညီမနာမည် မိုးငွေ့ဆိုတာပါတယ်...။ မသက်ဝေလိုပဲ ဇော်ဝင်းထွဋ်သီချင်းကိုမရရအောင်ဆိုသွားပါတယ်....။

    ခင်တဲ့
    မိုးငွေ့

    ReplyDelete
  15. အမြဲလာဖတ်ဖြစ်ပေမယ့် ဒီတခါတော့ ပုံလေးတွေလှလွန်းလို့ မမန့်ရမနေနိုင်တော့ဘူး ... အရမ်းလှတယ်။

    ReplyDelete
  16. တနေ့တော့ ပြန်ဆုံမယ် အညိုရောင် လမ်းကလေး... Humm, I am not reading it as ZWH, I am just singing like him, hehe. Those scenes are beautiful and wish I could go there!
    Mon Petit Avatar

    ReplyDelete
  17. ထင်းရှူးတောထဲက ပုံတွေကို အကြိုက်ဆုံးပါပဲ.. ပုံတွေအားလုံးကြိုက်တယ်ဗျာ။ တနာရီမောင်းရုံပဲဆိုတော့ ဓါတ်ပုံဝါသနာအါတဲ့သူအတွက်တော့ အဆင်ပြေတာပေါ့။
    ငြီးငွေ့စရာကို မတွေ့မိပါ။
    N/A

    ReplyDelete
  18. တောတောင်ရေမြေသဘာဝရူခင်းတွေမြင်ရတာ စိတ်ချမ်းမြေ့စရာအတိပါပဲအကိုရေ..ဓါတ်ပုံဝါသနာပါတဲ့အကိုရေ ပြန်လည်မျှဝေပေးလို့ ကျေးဇူးပါလို့ အလာကျဲနေပေမယ့် သတိရနေတာပါလို့..:)

    ReplyDelete
  19. မြူတွေဆိုင်းနေတဲ့ အိမ်လေး၂လုံးနဲ့ ပုံရယ်၊ ခုံတန်းလေးနဲ့ ပုံရယ် အကြိုက်ဆုံးပါ။ ဘာလို့ လည်းတော့မသိဘူး ခုံတန်းလေးတွေ တွေ့ ရင် အမြဲ ဓါတ်ပုံရိုက်မိတယ်။ ခုံတန်းလေးတွေ ရဲ့ အလှကိုခံစားတတ်တယ်။
    လှပတဲ့ပုံတွေနဲ့ အတွေ့ အကြုံလေးတွေ ရှဲ လို့ ကျေးဇူးတင်ပါတယ်နော်။
    အိုင်အိုရာ

    ReplyDelete
  20. Wonderful,wonderful,wonderful........Great presentation and lovely photoes.Though i go around similar places and same atmosphere,it never makes me feeling boring.I enjoy sound of forest,mountain,stream that mother nature gave us.I also love to listen sound of cows' bells at valley .Thanks for sharing.
    Gyidaw

    ReplyDelete
  21. အဲလ်စ် တောင်တန်း ဆိုတာ ဆရာတော် ဦးလောကနာထ အီတလီကနေ အိန္ဒိယကို ခြေခြင် ပြန်ကျွလာတော့ ဖြတ်ဘူးတယ်တဲ့။ ပထဝီမှာလည်း သင်ဘူးတယ်။ လူဆိုးတွေ ရှိတယ်ဆိုတာ ဘယ်ဘက်လည်း ဟင်?။
    ကျမ G.T.I ပြီးတော့ Field ဆင်းရတဲ့ ပုံတောင်၊ ပုံညာ ကို သွားသတိရမိတယ်။ ထင်းရူးမရှိပေမယ့် မကွာလှဘူး။ ယောဘက်မှာပေါ့။

    ReplyDelete
  22. အပေါ်ဆုံးကပုံကိုကြည့်ပြီး
    ကလောတို့ တောင်ကြီးအတက်လမ်းတို့
    ကိုလွမ်းနေမိတယ်။။။မြူတွေဆိုင်းနေတာ
    ကြည့်ပြီးခု တောင်ကြီးမှာ နေ့တိုင်းမိုးရွာ
    တယ်တဲ့ နောက်ပြီးမြူတွေကြောင့်
    အလင်းသိပ်မရဘူးလို့ မနေ့ကပဲ
    မေမေနဲ့ဖုန်းပြောလို့သိရတာ
    ဓါတ်ပုံလေးတွေအတွက်ကျေးဇူးတင်ပါတယ်။

    ReplyDelete
  23. ဓာတ်ပုံလေးတွေ သိပ်လှတယ်
    ကျမတော့ အဲလိုသစ်ပင်တက်ပြီးရင် လက်မောင်းတွေနာနေတာ။ လက်နဲ့အားပြုရတာ များလို့လေ

    ReplyDelete
  24. ကိုအောင်(ပျူနိုင်ငံ)August 26, 2011 at 11:50 AM

    ကိုညီလင်းသစ်တို့ဖက် တောင်တွေ ပေါလိုက်တာ၊ ကျနော်တို့ ဒိန်းမတ်မှာ တောင် လုံးဝ မရှိဘူး၊ ရှုခင်းတွေ ကြည့်ခွင့်ရလို့ ကျေးဇူးပါ ...

    ReplyDelete
  25. ပျော်စရာကြီးနော်.... သားလေးကနောက်တစ်နှစ်ဆို အဖေနဲ့အတူ ကြိုးတန်းလန်းနဲ့ကိုင်းကူးလို့ရပါပြီ...
    သဘာဝအငွေ့အသက်တွေကြားအနားယူရတာ ကျေနပ်စရာသိပ်ကောင်းမှာဘဲ...

    ReplyDelete
  26. တောင်တန်းတွေရဲ့အလှကတော့ ဘယ်အချိန်ကြည့်ကြည့်
    မရိုးပါဘူးအစ်ကိုရာ....တကယ်သဘောကျတယ်...၊
    ခုလိုပုံတွေများများတင်လေ....ဆွစ် ကိုလာလည်ချင်လေပဲ၊
    ခရီးစရိတ်ဒကာလေးဘာလေးများခံဖို့အစီအစဉ်မရှိဘူးလား
    ဗျ.....:D၊နောက်ဆုံးပုံလေးကိုသဘောကျတယ်....လမ်း
    လေးကိုကျောခိုင်းပြီး ဟိုး....တောင်တန်းကြီးတွေဘက်ကို
    မျက်နှာမူလို့ သားလေးနဲ့ချစ်ဇနီးကိုလက်တွဲလို့......ဘယ်
    လောက်များ စိတ်ကူးယဉ်ဆန်လိုက်ပါသလဲဗျာ.....တကယ်
    ပါပဲ....။အဲ့ပုံလေးကိုကြည့်ပြီး အညိုရောင်လမ်းကလေးသီချင်းကို ဝင်းဦးအသံနဲ့ဆိုကြည့်လိုက်တယ်.....:P

    ReplyDelete
  27. မသက်ဝေ ...
    ဟုတ်တယ်ဗျာ၊ နေ့စဉ်ဘဝကနေ ခဏတဖြုတ် ထွက်ပြေးတယ်-ဆိုတဲ့ အသုံးလေးက stress တွေ များသထက် များလာတဲ့ ကျနော်တို့ခေတ်မှာ ပိုပြီး လိုအပ်လာသလိုပဲနော်..၊ “ပရိတ်သတ်ကြီးးးး ကျနော်တို့ နေရာသစ်တစ်ခုကို သွားရအောင်..” (ဇော်ဝင်းထွဋ် အသံနှင့် ပြောသွား...)းD

    ကိုဖြိုး ...
    သားက အတော်လေး ချော့မော့ပြောမှ ၁ နာရီဆိုတာ လက်ကုန်ပါပဲ၊း) လာလည်ပါဗျာ၊ အရင်ကလည်း ကျနော် ပြောဖူးပါတယ်၊ ခရီးစရိတ်နဲ့ အမှတ်တရ ပစ္စည်း အတွက်ပဲ ပိုက်ဆံလိုမှာပါ၊ နေဖို့စားဖို့ ကျနော် စီစဉ်လို့ ရပါတယ်..၊း)

    မောင်မျိုး ...
    “ထာဝရ တွဲလက်များ” ...၊ သိပ်ကောင်းတဲ့ နာမည်ပေါ့ ညီရာ..၊း)

    မစည်းစိမ် ...
    အား...ပါး....ပါး.... ကျေးဇူးပါ၊း)

    မရွှေစင်ဦး ...
    လာရောက်ခံစားတာလည်း ကျေးဇူးအထူးပါဗျာ..၊ အဲဒီကနေဆို ပုံတွေမှ မြင်ရပါ့မလားလို့ ကျနော် တွေးနေ မိသေးတယ်..၊

    HH ...
    အေးဗျ၊ တခါတခါမှာ ခန္ဓာကိုယ် မွန်းကျပ်တာထက် စိတ်မွန်းကျပ်တာက ပိုဆိုးမယ် ထင်တယ်နော်၊ ကျယ်ပြောလွတ်လပ်မှု ဆိုတာ လူတိုင်းအတွက် လိုမှာပါပဲ..၊

    ကိုရန်အောင် ...
    ဘရို..လွမ်းစရာလေးတွေတော့ ဖြစ်ကုန်ပြီနဲ့ တူတယ်၊း)

    တောင်ငူသား ...
    အမာခံ ပရိတ်သတ် ရှိတယ်ဆိုတော့လည်း ဆက်ပြီးတော့ မြို့မေတ္တာ ခံယူရဦး မှာပေါ့လေ..၊း) သစ်တောသစ်ပင်၊ ချစ်ခင်တဲ့ လူမျိုး ဖြစ်ကြောင်း ကွန်မန့်မှာ သေသေချာချာကို ရှင်းပြပေးသွားလို့ တကယ် ကျေးဇူးတင်ပါတယ်၊ Appreciate ဖြစ်တာ သိရတော့ ဘာပဲဖြစ်ဖြစ် ဝမ်းသာရတာ ပေါ့ဗျာ၊ စကားမစပ် ဘလော့ဂ်ရှိတယ် ဆိုရင် နောက်တခါ လိပ်စာလေး ချန်ခဲ့ပါလား၊ ပုံမှန်လာလာ လည်လို့လည်း ကျေးဇူးတင်ပါတယ်ဗျာ...၊

    မ,ကောင်းမွန်ဝင်း ...
    စိတ်ရှိတဲ့အတိုင်းသာ ပေါက်ကွဲပစ်လိုက်...၊း) မြန်မာ သီချင်းလည်း ဖြစ်တယ်၊ ဂျပန်သီချင်းလည်း ဖြစ်တယ်၊

    ပေါက် ...
    သြော်..ပေါက်လည်း တောင်ပေါ်သူပဲလား၊ ဒါဆိုရင်တော့ မြူခိုးတွေနဲ့ ရင်းနှီးပြီးသား ပဲပေါ့...၊း)

    Vista ...
    ကောင်းပါပြီဗျာ..၊ လာလည်တာ သိရလို့လည်း ဝမ်းသာ ပါတယ် ညီမရေ...၊

    မမိုးငွေ့ ...
    အဲဒီ တောင်တန်းတွေဆီ သွားရင်တော့ ရာသီဥတု မသာယာရင် မမိုးငွေ့ကို မိုးငွေ့တွေက ရစ်သိုင်းလွှမ်းခြုံ လိမ့်မယ်ဗျ....၊း)

    မသစ်သစ် ...
    ကြိုဆိုပါတယ်ဗျာ..၊ ကော်မန့်လေး အတွက်ကော လာလည်တယ် ဆိုတဲ့အတွက်ပါ ကျေးဇူးပါနော်..၊

    Mon Petit Avatar ...
    ကဲ..ဒါဆိုလည်း သဘောရှိ crack tone နဲ့သာ ဆိုတော့ဗျာ၊း)

    ကို N/A ...
    မငြီးငွေ့သေးဘူး ဆိုလို့ ဝမ်းသာပါတယ်ဗျာ..၊း)

    အိန်ဂျယ်လ်လှိုင် ...
    မအားတဲ့ ကြားက လာလည်တာ ကျေးဇူးပါ ညီမရေ..၊

    မအိုင်အိုရာ ...
    သေချာပြီ..၊ ခုံတန်းပြာတွေနဲ့ တခုခုတော့ ပတ်သက်ခဲ့ဖူး တာပဲ ဖြစ်ရမယ်....ဟားဟား၊းD

    ဂျီးဒေါ် ...
    ဂျီးဒေါ်လည်း ဒီလိုနေရာတွေ လျှောက်သွားမယ်လို့ ယုံကြည်ပြီးသား ပါဗျာ၊ ကျနော်လည်း နွားခလောက်သံ ကိုကြိုက်တယ်..၊း)

    အဝါရောင်မြေက စော ...
    အဲ့လ်ပ်စ် တောင်တန်းပေါ်က လူဆိုးတွေ...?? မကြားဖူး ဘူးဗျ၊ ဘလော့ဂ်ပေါ်တင်ဖို့ ပုံတွေ လျှောက်ရိုက်နေတဲ့ မြန်မာဘလော့ဂါ လူဇိုးကို ပြောတာများလား..၊း) ပုံတောင်ပုံညာကို ရောက်ဖူးတယ်ဆိုတော့ စော ကံကောင်း တာပေါ့၊ ကျနော် ယောနယ်ကို အရမ်း စိတ်ဝင်စားတယ်၊ အခုထိတော့ မရောက်ဖြစ်သေး ဘူးဗျာ...၊

    တောင်ကြီးက မစံပယ် ...
    ဟုတ်တယ်ဗျ၊ ကလော အတက်လမ်းနဲ့ အတော်တူ တယ်၊ ကျနော်တောင် မှိုင်းလုံးတောင်ကို သတိရမိ သေးတယ်၊

    မစူးနွယ် ...
    လက်မောင်းတွေတော့ နည်းနည်းနာချင်သလိုလို ရှိတယ်ဗျ၊ မစူးနွယ်တို့လည်း သစ်ပင်တွေပေါ်မှာ အကြာကြီး လျှောက်ခဲ့တာ ဖတ်ရတယ်..၊

    ကိုအောင် ...
    ဒီမှာကတော့ ဘယ်နေရာကြည့်ကြည့် တောင်တန်းတွေ ပါပဲဗျာ...၊ တခါတလေတော့ ဘာတွန့်ခေါက်လွှာမှ မရှိဘဲ မိုးကုပ်စက်ဝိုင်းထိ မြင်ရတဲ့ ဟင်းလင်းပြင်မျိုးကို ကြည့်ချင်မိတယ်..၊

    မရိုစ့် ...
    ဟုတ်တယ်ဗျ၊ သူ့ကိုလည်း နောင်နှစ်ကျ ပြန်ခေါ်လာ ပေးမယ်လို့ ချော့မော့ထားခဲ့ ရတယ်....၊း)

    ကိုညိမ်းနိုင် ...
    အဆင်ပြေရင် လာသာလာပါဗျာ၊ ကျနော် အပေါ်ဖက်မှာ ကိုဖြိုးကို ပြောသလိုပါပဲ၊ လာဖို့ ခရီးစရိတ်လေးတော့ ရှာခဲ့လေဗျာ..နော၊း) ဒီမှာတော့ ကျနော် လိုက်ပို့ပေးလို့ ရပါတယ်၊ အညိုရောင် လမ်းကလေးကို ဝင်းဦးအသံနဲ့ ဆိုရင် အတော်လေး လိုက်မှာဗျ၊ ဆိုနေရင်း ပခုံးပါတွန့်ရင် ပိုတောင် အသက်ဝင်ဦးမယ်....။း)

    ReplyDelete
  28. ပုံတွေရော စာရော သဘောကျလိုက်တာ ကိုညီလင်းသစ်ရေ...။ ကျမတို့အတွက်တော့ တကယ်အေးချမ်းတဲ့ မြင်ကွင်းပါ၊ ဒီမှာက သဘာဝအလှအပမရှိသလောက်ဘဲ။ လူလုပ်- အတုတွေနဲ့ပဲ ပျော်နေကြရတာ။ အကြောင်းတိုက်ဆိုင်ရင်တော့ ရောက်ဖြစ်မှာပေါ့နော်...

    ReplyDelete
  29. ကိုညီလင်းသစ်ရေ... မငြီးငွေ့ပါဘူး။ ဒီလိုတော၊ တောင်ရေမြေ သဘာဝအလှတွေက ဘယ်လောက်ကြည့်ကြည့် ရိုးမသွားဘူးလေ။ မချစ်ပြောသွားသလိုပဲ ဇွန်တို့မှာ လူလုပ်အတုတွေကြား နေနေရတော့ ကိုညီလင်းသစ် ခရီးတစ်ခါထွက်ပြီး ပုံတွေတင်တိုင်း အားကျငေးမောနေရတာ။
    ဒီက စလုံးတွေလည်း ဆွစ်ဇာလန်ကို သိပ်သဘောကျကြတယ်။ ဇွန့်ရုံးက သူငယ်ချင်းဆို ၃ခေါက်တိတိသွားတယ်။ ကြိုက်လွန်းလို့တဲ့။ ဟန်နီးမွန်းတောင် ဆွစ်စ်မှာမှ သွားမွန်းတာ။
    အစက အသိမရှိတော့ သွားလည်ရင် အခက်တွေ့မှာစိုးတာ။ ခုတော့ ဂျာမနီမှာ အစ်မရှင်လေးရှိတယ်၊ ဆွစ်မှာ အစ်ကိုညီလင်းသစ်ရှိတော့ သိပ်မပူတော့ဘူး။း)

    ReplyDelete
  30. ကျနော်တော့ သဘာဝ ပါတ်ဝန်းကျင်ကို ပိုစိတ်ဝင်စားတယ်။ မြူခိုးဝေ့နေတဲ့ တောင်တွေကို မြင်ကတည်းက ကြည်နူးနေမိတာ။
    ဒီလို ပျော်ရွှယ်ဖွယ်ခရီးလေးတွေ သွားရတာကို ဝါသနာ ပါတယ်။

    ReplyDelete
  31. မချစ်ကြည်အေး ...
    နှစ်သက်တယ်ဆိုလို့ ဝမ်းသာပါတယ်ဗျာ၊ ဟုတ်ပါတယ်၊ တိုက်ဆိုင်လာတဲ့ တစ်နေ့တော့ ဘာမဆို ဖြစ်လာမှာပါပဲ၊

    မဇွန်မိုးစက် ...
    မငြီးငွေ့ဘူး ဆိုတော့လည်း ဆက်ရိုက်၊ ဆက်တင် လုပ်ဦးမယ်ဗျာ၊း) မဇွန်မိုးစက်တို့က ဒီက ဓါတ်ပုံတွေကို သဘောကျသလို ကျနော်ကလည်း စင်ကာပူက ဘလော့ဂါတွေ ရိုက်ပြ၊ ရေးပြတာတွေကြောင့် အဲဒီက အကြောင်းတွေ စိတ်ဝင်စားနေ ခဲ့တာပါပဲ၊ အဆင်ပြေတဲ့ အခါ လာလည်ဖို့လည်း ဖိတ်ပါတယ်၊ ဂျာမနီနဲ့လည်း တကြောထဲဆိုတော့ လွယ်ပါတယ်၊

    ကိုမြစ်ကျိုးအင်း ...
    ဟုတ်တယ်နော်၊ သွားရတဲ့ ခရီးက တိုသည်ဖြစ်စေ၊ ရှည်သည်ဖြစ်စေ ခရီးသွားရတဲ့ အခါတိုင်း အပြောင်းအလဲ တွေနဲ့ စိတ်ဝင်စားဖို့၊ ကြည်နူးဖို့ ကောင်းတယ်..၊

    ReplyDelete
  32. လာလာဖတ်ဖြစ်ပေမယ့် မမန့်ဖြစ်ဘူး။ ခုတော့ အောက်ဆုံးက ပုံလေးကို အရမ်းသဘောကျလို့ မန့်ဖြစ်သွားပြီ။ ဓာတ်ပုံလေးက ဆွတ်ပျံ့ကြည်နူးဖွယ် ကောင်းလိုက်တာ။ ဆွစ်ဇာလန်ကို လာလည်ဖို့ စပြီးစိတ်ကူးယဉ်တဲ့အချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် ဒီဘလော့ဘ်လေးကိုတွေ့သွားခဲ့တာ။ ဓာတ်ပုံတွေကြည့်ရင်း ပိုပိုရောက်ဘူးချင်လာပြီ:-)

    ReplyDelete
  33. ရှုခင်းတွေက ရေလည် လှတယ်ဗျို့ ...တောင်တန်းတွေကို သဘောကျတယ်..

    ReplyDelete
  34. ကိုညီလင်းသစ်ရေ
    ရှုခင်းက လှလွန်းလို့ ရင်သပ်ရှုမောပါဘဲ
    သိပ်သာယာတာဘဲနော်
    အေးချမ်းတဲ့ ရာသီဥတု စိမ်းစိုလှပတဲ့ တောင်တန်းနဲ့ မြက်ခင်းတွေ
    တကယ်ကို စိတ်ချမ်းသာဖို့ကောင်းတယ်
    ကမ္ဘာပေါ်မှာ အလှပဆုံးတောင်တန်းရှုခင်းတွေ ရှိနေတဲ့နိုင်ငံဘဲနော်
    ဒီရှုခင်းတွေ အမြဲမြင်ခွင့်ရတာ ကံကောင်းခြင်းတစ်မျိုးပါဘဲ

    ReplyDelete
  35. စိတ်အေးချမ်းခြင်း
    အပြည့်အ၀ ရနိုင်မယ့်နေရာပဲ။
    တောင်ပေါ်မှာ နေခဲ့ဖူးသူမို့
    ပုံကြည့်လိုက် စာဖတ်လိုက်နဲ့
    အေးမြခြင်းကို အဟုတ်ရနေတယ်။

    ReplyDelete
  36. ကိုညီလင်းသစ်ရေ..
    ရူခင်းလေးတွေကလှပနေလိုက်တာ

    ဗဒင်ရဲ့ သီချင်းတပုဒ်ကိုတောင်သတိရမိတယ်
    " တိမ်စိုင်တွေရယ် မြူတွေရယ် နှင်းထုရယ်
    မနက်ခင်းရယ်..သဲသဲကွဲကွဲ မရှိတဲ့ ပုံရိပ်များရယ်"
    မြူတွေမှိုင်းနေတဲ့ မြင်ကွင်းလေးကလည်းလွမ်းစရာ
    ကောင်းလိုက်တာ..

    ReplyDelete
  37. အဲ့လို အန်ဗန်ချားဆန်ဆန် အ၇မ်း သွားချင်တာပဲ ..:D
    ပုံတွေ ကြည့်ရတာ ရင်ထဲ အေးသွားတာပဲ ..
    နှင်းတွေကလည်း ကျလို့
    ကဗျာ အရမ်း ဆန်တာပဲ ..
    လူတောင် နဲနဲ ဆွေးသွားသလိုပဲ .. :D

    ခင်မင်လျှက်
    ဆောင်းနှင်းရွက်

    ReplyDelete
  38. အဲဒီနေရာလေးကို ရောက်ဖူးချင်လိုက်တာ ကိုညီလင်းသစ်ရေ။ ကျန်းမာပျော်ရွှင်ပါစေ...

    ReplyDelete
  39. တောင်တန်းတွေကို သဘောကြပါသည်
    အဲ့ဒီခရီးစဉ်ကို ကိုယ်တိုင် သွားလည်ရသလို
    ခံစားမိပါတယ်ခင်ဗျ .. ကျေးဇူးတင်ပါတယ် ..
း) နောက်ထပ်များလည်း ထပ်ပြီး ဖတ်ချင်မိပါ၏ ..

    ReplyDelete
  40. ကိုညီလင်းသစ်ရေ.. ကိုယ်တိုင်ရောက်သွားသလို ခံစားရပါတယ်။ ဒီပို့စ်လေးအပြင် တခြားပို့စ်တွေလည်း မွှေနှောက်ပြီး ဖတ်သွားတယ်ရှင့်။ နောက်လည်း လာဖတ်ဦးမယ်နော်..

    ReplyDelete