16 September 2011

ရှေ့သွားနောက်လိုက်


ဟောဒီ ကမ္ဘာမှာ တာဝန်မဲ့မှုတွေ များလှတယ်၊
တာဝန်မဲ့မှုတွေက တာဝန်ဆိုတာ ချိုနဲ့လားလို့ ပြန်မေးရလောက်အောင်ကို မဲ့ကြတယ်၊
ဟောဒီ ကမ္ဘာမှာ လက်လွတ်စပယ် နိုင်မှုတွေလည်း များလှတယ်၊
လက်လွတ်စပယ်ဆိုတာ စံပယ်ပန်းလို မြတ်နိုးကောင်းတဲ့ အရာမဟုတ်ဘူး၊
တာဝန်မဲ့မှုနဲ့ လက်လွတ်စပယ် တို့ဟာ နဖူးစာ ရွာလည်ပြီး လင်မယား ဖြစ်လာတယ်၊
ရပ်ကွက်ထဲမှာ ပရမ်းပတာတွေနဲ့ အိမ်နီးချင်း ဖြစ်တယ်၊
အဲဒီ ပရမ်းပတာတွေက ရွာရိုးကိုးပေါက် လျှောက်တယ်၊
“အိမ်နီးချင်းရဲ့ မြက်ဟာ ပိုပြီးစိမ်းတယ်” လို့ အာသာငမ်းငမ်းနဲ့ ပြောတယ်၊
“သူတပါး အိမ်တွင်းရေး မစွက်ဘူး” ဆိုပြီး မှင်နဲ့မောင်းနဲ့ ဟန်ကိုယ့်ဖို့ လုပ်သေးတယ်၊
ဒါပေမယ့် 'လက်ဆောင်' ဆိုရင် နားရွက်ထောင်တယ်၊
ချမ်းသာဖို့ဆိုရင် ဘနဖူး သိုက်တူးဖို့ ဝန်မလေးဘူး၊
သူတို့ ရပ်ကွက်က အဲဒီလို ...၊

တာဝန်မဲ့မှုဟာ သမိုင်းအမွေအနှစ်ကို စိတ်ဝင်စားချင် ယောင်ဆောင်တယ်၊
တဖက်ကလည်း ကိန်းဂဏန်းတွေကို စိတ်တွက်,တွက်နေတယ်၊
လက်လွတ်စပယ်ကတော့ ရာခိုင်နှုန်းပုစ္ဆာတွေကို အလွတ်ရတယ်၊
ရေစုန်ရေဆန် မေးခွန်းတွေကို စပေါ့တ်ရိုက်ထားတယ်၊
တာဝန်မဲ့မှုက 'ချောင်းကိုပစ်၍ မြစ်ကိုရှာ' လို့ တတွတ်တွတ် ရွတ်တယ်၊
လက်လွယ်စပယ်က 'မြသားငယ်တဲ့ ရေယမုန်..' လို့ အစချီပြီး ဟန်နဲ့ပန်နဲ့ ကဗျာရွတ်တယ်၊

တာဝန်မဲ့မှုဟာ မာန်တက်တယ်၊
သူ့လောက် ဘယ်သူမှ မသိဘူးလို့ သွေးနားထင်ရောက်တယ်၊
လက်လွတ်စပယ်ကတော့ မကုန်တဲ့ ၁၅၀၀ ဟာ
အချစ်တော့ မဟုတ်နိုင်ဘူးလို့ တွေးတယ်၊
မကုန်မှတော့ ရောင်းစားမှာပေါ့လို့လည်း ဈေးတွက်,တွက်တယ်၊
တာဝန်မဲ့မှုက “မျိုးကန်းတယ်” ဆိုတာကို မသိဘူး၊
“မိန်းမရေ.. မင်းသိလား” လို့ လက်လွယ်စပယ်ကို လှမ်းမေးတယ်၊
လက်လွယ်စပယ်က “ရှင်သိစရာ မလိုပါဘူး၊ အဲဒါ Trade secret” လို့ ခပ်တည်တည်နဲ့ ပြန်ဖြီးတယ်၊
သူတို့လင်မယားက အမြဲဒီလို ...၊

တာဝန်မဲ့မှုဟာ နေကာမျက်မှန် အမည်းကြီးကို ကောက်တပ်တယ်၊
ထိန်လင်းနေတဲ့ မီးရောင်တွေအောက်မှာ ညကို နေ့အောက်မေ့လို့-တဲ့၊
တဆက်တည်း မှိုရတဲ့ မျက်နှာနဲ့ စာရွက်ပေါ်မှာ တစုံတရာကို ချရေးလိုက်တယ်၊
ပြီးတော့ လက်လွတ်စပယ်ကို ...
“မင်းရေးတယ်လို့ ပြောလိုက်..၊ ငါရေးတယ်ဆို မကောင်းဘူး ဖြစ်မယ်” လို့ ပြောလိုက်တယ်၊
လက်လွတ်စပယ်က ...
“ဟုတ်တာပေါ့၊ ရောဂါဆန်းတွေနဲ့ ဆက်ဆံတဲ့အခါ သတိထားရင် အကောင်းဆုံးပဲ” လို့ ပြန်ပင့်တယ်၊
သူတို့လင်မယားက နောက်မဆုတ်တမ်း အဲဒီလို ...။ ။


ညီလင်းသစ်
၁၆ စက်တင်ဘာ၊ ၂၀၁၁

28 comments:

  1. ရေးထားတာလေးက
    ကွက်တိပါလားနော်အကို

    ReplyDelete
  2. အဟား....အကိုလည်း ဒါမျိုးလေးတွေရတာပဲလား..။
    ဟုတ်ပါ့...တာဝန်မဲ့မှုနဲ့လက်လွတ်စပယ်....ကတကယ့်
    လင်မယားတွေ....။

    ReplyDelete
  3. ကောင်းပါ့ဗျာ.. မျက်စိထဲ ဒီလင်ဆိုးမယားဆိုးပုံကို ကွက်ကွက်ကွင်းကွင်း မြင်အောင် ရေးထားတာပါပဲ..
    N/A

    ReplyDelete
  4. မင်္ဂလာပါ ဒကာတော် ကိုညီလင်းသစ်ရေ။ ရေးတတ်ပါ့ဗျာ။ တာဝန်မဲ့မှုနဲ့ လက်လွတ်စပါယ်က လင်မယားတဲ့။ အနောနီးမတ်စ်ပြောသလိုပဲ ဒီလင်ဆိုးမယားမကောင်းပုံ(ဒီလင်ဆိုးမယားမကောင်းပုံ၊ ထူးခြားစေလို၍ နှစ်ခါရေးလိုက်သည်) မျက်စိထဲ ရှင်းရှင်းလင်းလင်းကို မြင်ယောင်နေမိပါရဲ့။ ကျန်းမာပါစေ ဒကာတော် ညီလင်းသစ်ရေ။

    ReplyDelete
  5. ကိုညီလင်းရဲ့ ကဗျာလေး သဘောကျလိုက်တာ။
    ဟုတ်တယ် ... တာဝန်မဲ့မှုနဲ့ လက်လွတ်စပယ်က ရှေ့သွားနောက်လိုက် ညီကြပါတယ်။
    တာဝန်မဲ့သူက အ၀ီစိကိုသွားရင် လက်လွတ်စပယ်ကလဲ အ၀ီစိကိုလိုက်မှာပေါ့ ... ။
    သူတို့ နောက်မဆုတ်ဘဲ ရှေ့ဆက်တိုးကြပါစေ ... ရှေ့မှာက အ၀ီစိကို ဆင်းရမယ့် ချောက်ကမ္ဘားကြီး အသင့်ရှိနေတယ်။

    ReplyDelete
  6. ကိုညီလင်းသစ်ရေ... အမြဲလာဖတ်နေပေမယ့် တစ်ခါမှတော့ ကွန်မန့်မရေးဖူးပါ။ အခုတော့ ဒီမော်ဒန်သရော်ကဗျာလေးကိုကြိုက်လွန်းလို့ 5 stars ပေးသွားပါကြောင်း။

    ReplyDelete
  7. ညီမ blackroze ...
    ရသလိုတော့ ရေးကြည့်တာပဲ ညီမရေ..၊

    ကိုညိမ်းနိုင် ...
    တရားဝင် ပေါင်းသင်းနေတာနော်..၊ တရားဝင်..၊း)

    ကို N/A ...
    မြင်တယ်ဆိုတော့လည်း ကျေးဇူးပါပဲဗျာ..၊

    ဘုန်းဘုန်းတောက် ...
    တင်ပါ့..၊ စာလာဖတ်တာ ကျေးဇူးပါ ဘုရား..၊

    မမေ ...
    အစစ်ပဲ၊ ရောင်နောက် ဆံထုံးပါမယ့် သူတွေဆိုတော့ ဖဝါးထပ်ချပ် မကွာတမ်း လိုက်မယ် ထင်တယ်..၊း)

    အမည်ဝှက်စာဖတ်သူ ...
    ပထမဆုံး ပေးတဲ့ ကွန်မန့်လေးအတွက် ကျေးဇူး တင်ပါတယ်၊ အမြဲလာဖတ်တာ သိရလို့လည်း ဝမ်းသာပါတယ်ဗျာ၊ အဆင်ပြေသလို ဝင်ထွက်ပါနော်..။

    ReplyDelete
  8. သဘောကျတယ်ဗျာ
    အဲလိုလေးတွေ ထေ့ပြီးငေါ့ပြီးရေးချင်တာ
    မရေးတတ်တော့ တဲ့တိုးဘဲ ပြောမိတယ်
    ကိုညီလင်းသစ်ရေးတာဖတ်ပြီး တဟိဟိနဲ့ ပြုံးမိတယ်
    ဟိုလူကြီးကို ဖတ်စေချင်ပါဘိ။
    ငါဘဲသိ ငါဘဲတတ် ဆိုပြီး အများပိုင်ကို သူ့အဖိုးပိုင်လို မာန်တက်နေတဲ့လူကြီးလေ..

    ReplyDelete
  9. ကြိုက်သွားပြီ အကိုရေ... ကဗျာလေးကို ပြောတာပါ။
    ခင်မင်စွာဖြင့်
    AH

    ReplyDelete
  10. မိုက်တယ် အကုန်လုံးကိုမရည်ရွယ်ဘဲ ထိသွားတယ်....။

    ခင်တဲ့
    မိုးငွေ့

    ReplyDelete
  11. အလွန်ကို ရှေ့သွားနောက်လိုက်ညီလှသော စုံတွဲပါပဲ။ အဲဒီလင်မယားကို သာသာနဲ့ နာနာလေးနှက်ထားတာလေး ဖတ်လို့ကောင်းတယ်။း)
    ဒီစုံတွဲနဲ့ ပရမ်းပတာတို့ အိမ်နီးချင်းဖြစ်သွားတာတော့ တော်တော်ဆိုးဝါးတဲ့အဖြစ်ပေပဲ။ သူတို့လက်ချက်ကြောင့် ရောဂါဆန်းတွေကူးစက်ပြန့်ပွားနေတာတော့ မသိချင်ယောင်ဆောင်နေကြတယ်ထင်ပါ့။
    ကိုညီလင်းသစ် ရေးတတ်လိုက်တာ.. :D

    ReplyDelete
  12. တာဝန်မဲ့မှုနဲ့လက်လွတ်စပယ်တို့ခြံထဲက အပင်တွေကို ပေါင်းမသင်ရေမလောင်းပဲ ဂဏန်းတွေလို့ပဲ မြင်နေတာတော့ စိတ်မကောင်းဘူး။
    Mon Petit Avatar

    ReplyDelete
  13. အလွန်ကောင်းပြီး ထိမိပါတယ်။

    ReplyDelete
  14. တာဝန်မဲ့မှုနဲ့လက်လွတ်စပယ် ပေါင်းသင်းတော့
    ပရမ်းပတာတွေဖြစ်ကုန်ပေါ့
    ဖြစ်ချင်ရာဖြစ် နောက်မဆုတ်တဲ့ ဒင်းတို့ကို
    အဆန်းတကာ့ အဆန်းဆုံးရောဂါ မျိုးစုံ ဖြစ်စေဖို့
    ဆုမတောင်းချင်ပါဘဲနဲ့ တောင်းဆုတွေ တလှေကြီးချွေပြီး
    တို့ဧရာမှာမျောပစ်မယ်။။။။။။။။။။။


    ဧရာဝတီ ဆက်လက်ရှင်သန်ဖို့.........

    ခင်မင်တဲ့
    seesein

    ReplyDelete
  15. ကိုညီလင်းသစ် လည်း ရောဂါဆန်း ရသူတဦးကိုး

    ရေးထားတာလေးက ကောင်းလိုက်တာ
    ဒါနဲ့ တာဝန်မဲ့မှုနဲ့ လက်လွတ်စပယ် က ခဏပြန်လာပါအုန်းတဲ့ ဝေစု ဆင့် လေးဆယ် ပေးချင်လို့ တဲ့

    ခင်မင်စွာဖြင့်
    ရွှေစင်ဦး

    ReplyDelete
  16. Junior U Ponnya,
    Take care of your "Yawgasan".
    Bravo bro!
    Gyidaw

    ReplyDelete
  17. ကောင်းလိုက်တာဗျာ တကယ်ကောင်းတဲ့ အရေးအသားပဲ... အကုန်လုံးထိတယ် မိတယ် တကယ်တော်တယ်ဗျာ...

    တာဝန်မဲ့မှုနဲ့ လက်လွတ်စပယ် တို့ဟာ နဖူးစာ ရွာလည်ပြီး လင်မယား ဖြစ်လာကြတယ် ဆိုတဲ့ အရေးအသားလေး သဘောကျသဗျာ...

    ReplyDelete
  18. ကိုညီလင်းသစ်
    Poseအကုန်လောက်ကို ဖတ်ပြီးသလောက်ရှိနေပေါ့။
    ကိုညီလင်းသစ်ကိုလဲ အတော်ရင်းနှီးမိနေပြီ။
    ကိုညီလင်းသစ်ရဲ့  အတွေးတွေ အရေးတွေကို အင်မတန်သဘောကျတာ။
    တိတ်တိတ်လေးအမြဲဖတ်နေကျ။
    မန့် ဘို့ ကလဲ အခွင့်အလမ်းမရလေ။
    ခု ကွန်နတ်ရှင်ကြည်ဖြူတုန်း မန့် ကြည့်တာ။
    ရကောင်းပါရဲ့ ။ ;)

    ReplyDelete
  19. ညီလိုက်တဲ့ရှေ့သွားနောက်လိုက်... ဒီပို့စ်နဲ့အရေးအသားကို တော်တော်လေးနှစ်သက်မိတယ် ညီလင်းသစ်ရေ...

    ReplyDelete
  20.ိပတ်လည်လား ဒဲ့လား။ အဟဲ။ တာဝန်မဲ့မှုတွေ.... တာဝန်မဲ့မှုတွေ.... ဟင်းးးးး (သက်ပြင်းပဲချမိတယ်)

    ReplyDelete
  21. ကဗျာလေးက ရေလည် ဟတ်ထိတယ်...ကြိုက်၏..ခိုက်၏..

    ReplyDelete
  22. “ တာဝန်မဲ့မှုဟာ မာန်တက်တယ်၊
    သူ့လောက် ဘယ်သူမှ မသိဘူးလို့ သွေးနားထင်ရောက်တယ်၊
    လက်လွတ်စပယ်ကတော့ မကုန်တဲ့ ၁၅၀၀ ဟာ
    အချစ်တော့ မဟုတ်နိုင်ဘူးလို့ တွေးတယ်၊
    မကုန်မှတော့ ရောင်းစားမှာပေါ့လို့လည်း ဈေးတွက်,တွက်တယ်၊
    တာဝန်မဲ့မှုက “မျိုးကန်းတယ်” ဆိုတာကို မသိဘူး၊
    “မိန်းမရေ.. မင်းသိလား” လို့ လက်လွယ်စပယ်ကို လှမ်းမေးတယ်၊
    လက်လွယ်စပယ်က “ရှင်သိစရာ မလိုပါဘူး၊ အဲဒါ Trade secret” လို့ ခပ်တည်တည်နဲ့ ပြန်ဖြီးတယ်၊
    သူတို့လင်မယားက အမြဲဒီလို ... ”

    ဒီအပိုဒ်လေးလဲ ရောက်ရော မပြုံးပဲ ၀ါးလုံးကွဲရယ်လိုက်မိတယ်။ တကယ့်ကို မျက်မှောက်ကာလကို ကိုယ်စားပြုတဲ့ ဒီပို့စ်လေးအတွက် ဘရာဗိုပါရှင်...။

    ReplyDelete
  23. တကယ်ပဲ လိုက်ဖက်တဲ့ စုံတွဲပဲ ။း))

    ReplyDelete
  24. ဟား တာဝန်မဲ့နဲ့လက်လွတ်စပယ်တဲ့
    လင်မယားဆိုတဲ့စကားလုံး
    တော်တော်ထိမိတဲ့အသုံးအနှုန်းပဲအကိုေ၇
    ခင်တဲ့
    မဒိုးကန်

    ReplyDelete
  25. ကောင်း၏
    AA

    ReplyDelete
  26. စာအရေးအသားအရမ်းကြိုက်တယ်
    ရေးထားတာတွေ ဒဲ့ ကြီးပဲ
    များများရေးပါရှင်။

    ReplyDelete
  27. ညီလင်းရေ..
    ဖတ်ပြီး ငိုချင်သွားတယ်..ဆိုတာလေးရေးမလို့ Cbox က Posting failed. This Cbox is locked. Posting is disabled. တဲ့။

    ReplyDelete