03 October 2011

အန်ဂယ်လာရဲ့ တိုင်းပြည်သို့ (၁)


ပြီးခဲ့တဲ့ တနင်္လာနေ့က ကျနော်နေတဲ့ ပြည်နယ်မှာ အစိုးရရုံးပိတ်ရက်ပါ၊ အဲဒီ ရုံးပိတ်ရက်ကို အကြောင်းပြုပြီးတော့ တစ်ပတ်မှာ ကျန်နေတဲ့ လေးရက်ကိုပါ ခွင့်ယူလိုက်တယ်၊ ခွင့် ၄ ရက်ယူပေမယ့် စနေ၊ တနင်္ဂနွေပါ ပေါင်းလိုက်တော့ ၉ ရက်ဖြစ်သွားလို့ တန်တယ်၊ ဒီနှစ်အတွက် ရတဲ့ ခွင့်ရက်တွေထဲက ပထမဦးဆုံး ယူလိုက်ခြင်း ပါပဲ၊ တကယ်တော့ စက်တင်ဘာလဟာ အားလပ်ရက်တွေ ကုန်ဆုံးလို့ ကျောင်းတွေပြန်ဖွင့်၊ ရုံးတွေပြန်တက်ကြတဲ့ အချိန်ပါ၊ အဲဒီလို သူများတွေ ပြန်လာချိန်မှာမှ ကိုယ်က ခွင့်ယူပြီး ထွက်သွားရတာလည်း တမျိုးကောင်းတာပဲ၊ နေရာတိုင်းမှာ လူတွေ ရှင်းနေဖို့က သေချာသလောက် ရှိတာကိုး..၊

အဲဒီခွင့်တစ်ပတ်မှာ အမျိုးသမီး အဓိပတိ အန်ဂယ်လာမက်ကဲလ် (Angela Merkel) ရဲ့ တိုင်းပြည်ဖြစ်တဲ့ ဂျာမနီကို အလည်သွားဖြစ် ပါတယ်၊ ဂျာမနီကို သွားတယ်ဆိုပေမယ့် တကယ်တမ်းပြောရရင် မိတ်ဆွေဇနီးမောင်နှံရှိတဲ့ Darmstadt ကိုပဲ သွားဖြစ်တာပါ၊ အဲဒီမှာ နှစ်ရက်သုံးရက် နေပြီးမှ အပြန်မှာ Rust မှာရှိတဲ့ Europa Park ကို ဝင်လည်ဖြစ်တယ်၊ လည်စရာနေရာများစွာ ရှိတဲ့ ဂျာမနီမှာ ကျနော်တို့က အဲဒီ ၂ နေရာပဲ ရောက်ဖြစ်ခဲ့တယ် ဆိုပါစို့၊ ကြိုတင်ပြီး စကားခံထားချင်တာက ခရီးစဉ်က နေရာနှစ်နေရာ ကွဲနေတဲ့ အလျောက် ဒီခရီးအကြောင်း ပို့စ်တွေကလည်း မလွှဲမရှောင်သာ နှစ်ပိုင်းသုံးပိုင်းလောက် ဖြစ်သွားမယ် ထင်ပါတယ်၊း)

ကျနော်နေတဲ့ မြို့ကလေးကနေ Darmstadt ကို ၄ နာရီခွဲ ကျော်ကျော်လောက် မောင်းရပါတယ်၊ အိမ်ကနေ ၂ နာရီ ကျော်ကျော်လောက် ကားမောင်းလိုက်တယ် ဆိုရင်ပဲ နယ်စပ်မြို့လေး ဖြစ်တဲ့ Basel မြို့လေးကို ရောက်ပါပြီ၊ ဒီမြို့လေးက ပြင်သစ်၊ ဂျာမနီနဲ့ ဆွစ်ဇာလန် ၃ နိုင်ငံ ဆုံတဲ့နေရာမှာ ရှိလို့ အနောက်ဖက်ကို ဆက်မောင်းရင် ပြင်သစ်ပိုင်နက်ထဲ ရောက်သလို မြောက်ဖက်ကို ဆက်သွားရင်တော့ ဂျာမနီကို ရောက်ပါတယ်၊ Basel မြို့ထဲကို မဝင်ခင်မှာ ဟိုင်းဝေးလမ်းက အပန်းဖြေစခန်းမှာ ခဏနားဖြစ်တယ်၊ ယာဉ်စည်းကမ်း လမ်းညွှန်ကြီးကြပ်ရေး အဖွဲ့တွေက ဟိုင်းဝေးမှာ ကားမောင်းတဲ့အခါ ၂ နာရီကျော်ကျော်လောက် မောင်းပြီးတိုင်း ၁၀ မိနစ်၊ ၁၅ မိနစ်လောက် အနားယူဖို့ တိုက်တွန်းကြလေ့ ရှိပါတယ်၊ မဟုတ်ရင် အာရုံစူးစိုက်မှု ကျလာပြီး ယာဉ်တိုက်မှု ဖြစ်နိုင်ခြေ ပိုများတတ်တယ်၊ ခဏနားပြီးတော့ ကျနော်တို့က အောက်မှာ ပြထားတဲ့ မြေပုံထဲကအတိုင်း မြောက်ဖက်စူးစူးကို ဆက်မောင်းလာခဲ့တယ်၊


Photobucket

ဂျာမနီရဲ့ နာမည်ကျော် A5 ဟိုင်းဝေးလမ်းအတိုင်း တဖြောင့်တည်း ပါပဲ၊ ဆွစ်ဇာလန်ကတော့ တောင်တန်းတွေ ပေါတဲ့ နိုင်ငံဖြစ်လို့ ဟိုင်းဝေးမှာတောင် လှိုဏ်ခေါင်းတွေထဲ ခဏခဏဝင်ရ၊ တံတားတွေ ပေါ်ဖြတ်ရနဲ့ ရှိတတ်တယ်၊ ဒီမှာတော့ ပြန့်ပြူးညီညာပြီး အကွေ့အဝိုက်မရှိ ပါဘူး၊ ကျနော်သိရသလောက် ဂျာမနီရဲ့ အဝေးပြေး လမ်းတွေမှာ ယေဘုယျ အမြန်နှုန်း သတ်မှတ်ချက်လည်း မရှိပါဘူး၊ ဟိုင်းဝေးလမ်းတွေ ဆုံတဲ့နေရာ၊ ယာဉ်ကြောထူထပ်တဲ့ နေရာ စတာတွေမှာ တစ်နာရီ ၁၂၀၊ ၁၃၀ ကီလိုမီတာ သတ်မှတ်တာမျိုးက လွဲရင် အိမ်နီးချင်း နိုင်ငံတွေမှာလို အမြဲတမ်း လစ်မစ် မရှိပါဘူး၊ ဆိုတော့ တချို့တွေက တစ်နာရီကို ကီလိုမီတာ ၁၆၀-၁၇၀၊ တချို့ဆို ကီလိုမီတာ ၂၀၀ လောက် အထိကို မောင်းကြတယ်၊


Photobucket

အဲဒီလို တဝီးဝီး မောင်းနေကြတဲ့ ကားတွေနဲ့အတူ များပြားလှတဲ့ ကုန်တင်ကားတွေကလည်း ဒီ A5 အဝေးပြေး လမ်းပေါ်မှာ ဥဒဟို သွားနေကြတယ်၊ ဂျာမနီဟာ ကုန်ထုတ်လုပ်မှု များလှတဲ့ နိုင်ငံဖြစ်တာနဲ့အညီ နိုင်ငံရဲ့ ထွက်ကုန်တွေကို ဥရောပတခွင် ဒီကုန်ကားကြီးတွေကပဲ ပို့ပေးနေတာပါ၊ ဟိုင်းဝေးရဲ့ ညာဖက်ယာဉ်ကြောဟာ တန်းစီပြီး သွားနေကြတဲ့ ဒီလို ကုန်တင်ကားတွေနဲ့ ပြည့်နေလေ့ ရှိပါတယ်၊


Photobucket

ကီလိုမီတာ ၁၀၀ ဝန်းကျင်လောက်နဲ့ သွားနေတဲ့ ကုန်ကားတန်းကြီးကို ကျော်ဖို့ ကီလို ၁၄၀ ကနေ ၁၈၀ လောက်မောင်းနေကြတဲ့ ဘယ်ဖက်ယာဉ်ကြောကို မြန်မြန်ဆုံးဖြတ်၊ မြန်မြန်ဝင်မှ ရမှာပါ၊ တခါတလေ ယာဉ်ကြောမပြောင်းခင် နောက်ကြည့်မှန်မှာ ကားတစ်စင်းက အတော်ဝေးသေးတယ် ဆိုပြီး ဝင်လိုက်တယ်၊ ပြီးတော့ နောက်တခါ ပြန်ကြည့်တော့ အဲဒီကားက ကိုယ့်အနောက်မှာ ကပ်နေပြီ၊ ပြီးတော့ အဲဒီလို ကပ်နေရုံတင် အားမရဘဲ တချိန်လုံး မီးတောက်ပြီး ဖိအားပေးသေးတယ်၊ အရှေ့ကနေ မြန်မြန်ဖယ်စမ်းပါ ပေါ့လေ၊ ဆိုတော့ မြန်မြန်ဆုံးဖြတ်၊ ရဲရဲဝင်၊ ရဲရဲထွက် ပါပဲ၊ ကြာကြာမောင်းရင် F-16 တိုက်လေယာဉ်တွေ မောင်းဖို့ ပိုင်လော့ဖြစ်နိုင် လောက်တယ်၊း) ဒါပေမယ့် ကားတွေက ကောင်းပြီး မောင်းသူတွေကလည်း သတိရှိပုံပါပဲ၊ အရှိန်သာ များပေမယ့် စည်းကမ်းကို အတိအကျ လိုက်နာလို့ ပရမ်းပတာဖြစ်တဲ့၊ မနိုင်မနင်းဖြစ်တဲ့ ခံစားမှုမျိုးတော့ မဖြစ်မိပါဘူး၊ ဒီအချက်ဟာ အီတလီရဲ့ ယာဉ်မောင်းပုံနဲ့ ကွာတဲ့အချက်ပါပဲ..၊ ကိုယ့်ကြောင့် မိသားစုကို အန္တရာယ် မဖြစ်စေနိုင်တာ သေချာရင်၊ ယာဉ်ကြောပိတ်ဆို့မှု မဖြစ်စေဖို့ ကျနော်လည်း တချို့နေရာတွေမှာ ကီလိုမီတာ ၁၆၀ လောက်အထိ မောင်းဖြစ်တယ်၊ ဂျာမနီရဲ့ အဝေးပြေးလမ်းပေါ်မှာ (တချို့) ဂျာမန်တွေလို မောင်းခဲ့တယ်..၊း)

အဲဒီလို အေးအေးဆေးဆေး မောင်းနေတုန်း Freiburg နဲ့ Baden ရဲ့ကြားမှာ ဟိုင်းဝေးပိတ်ထားတာနဲ့ သွားကြုံတယ်၊ ပုံမှန်ဆိုရင် အဝေးပြေးလမ်းတွေကို လုံးဝပိတ်လေ့ မရှိကြပါဘူး၊ အနည်းဆုံး ယာဉ်ကြောတစ်ခုတော့ ဖွင့်ပေးထားလေ့ ရှိတယ်၊ ဒါပေမယ့် လမ်းပိတ်တယ် ဆိုပေမယ့် ခပ်အေးအေးပါပဲ၊ ကျနော်က GPS နဲ့မောင်းနေတာ ဆိုတော့ သူငါ့ကို လမ်းပြန်ရှာပေး လိမ့်မယ်ပေါ့၊ ဒါနဲ့ ဆက်သွားလို့ မရတော့တဲ့ A5 ကနေ ထွက်လိုက်ရတယ်၊ အဲဒီမှာ ဇတ်လမ်းက စတာပါပဲ၊ GPS က ကျနော့်ကို A5 ပေါ်ပဲ ပြန်သွားခိုင်းတယ်၊ စမ်းတဝါးဝါးနဲ့ တွေ့တဲ့ ပြည်နယ်လမ်းပေါ်မှာ ရှေ့ဆက်မောင်းလည်း ဒီဟိုင်းဝေးကိုပဲ တချိန်လုံး ပြန်ညွှန်နေတယ်၊ ဆိုးတာက အရှေ့မှာ တွေ့ရမယ့် မြို့ကြီးဖြစ်တဲ့ Karlsruhe ရဲ့လမ်းညွှန်ဆိုင်းဘုတ်လည်း မတွေ့မိဘူး၊ အဲဒီနားမှာ နာရီဝက်လောက် လည်နေပြီးတော့မှ နောက်ဆုံးမှာ ဒီ A5 နဲ့ခပ်ဝေးဝေးကို သွားမှ ဖြစ်တော့မယ်လို့ ဆုံးဖြတ်လိုက်တယ်၊ အဲဒီမှာ Strasbourg သွားတဲ့ လမ်းကို တွေ့တယ်၊ ဒါနဲ့ အဲဒီအတိုင်း လိုက်သွားတော့ ပြင်သစ်အပိုင် Strasbourg ကို ရောက်သွားတယ်၊ အဲဒီ Strasbourg ကမှ ပါရီသွားတဲ့ ဟိုင်းဝေးကို ယူလိုက်တယ်၊ အဲဒီအချိန်ကျမှ ကိုရွှေ GPS က သဘောပေါက်သွားပြီး နောက်ထပ် ဟိုင်းဝေး လမ်းသစ်တစ်ခုကို ညွှန်ပြပေးတယ်၊ ခုနမောင်းနေခဲ့တဲ့ A5 နဲ့အပြိုင် ပြင်သစ်ပိုင်နက်ထဲက လမ်းပါပဲ၊ အဲဒီကနေ တော်တော်ဝေးဝေး မောင်းပြီးမှ ညာဖက်ကို ပြန်ချိုးပြီး ဂျာမနီထဲကို ပြန်ရောက်လာခဲ့တယ်၊ လမ်းမှာ ရပ်တာနဲ့ပါ ထည့်ပေါင်းလိုက်ရင် စုစုပေါင်း ၆ နာရီလောက် ကြာသွားတယ်၊ တကယ်ဆို ၄ နာရီခွဲလောက်နဲ့ ရောက်ရမယ့် ခရီးပါ၊ မိတ်ဆွေလင်မယားအိမ် ရှိတဲ့ Darmstadt ကိုရောက်တော့ ညနေတောင် စောင်းနေပြီ...၊

(ဆက်ပါဦးမယ်)


ညီလင်းသစ်
၃ အောက်တိုဘာ၊ ၂၀၁၁

33 comments:

  1. ကိုအောင်(ပျူနိုင်ငံ)October 3, 2011 at 2:46 PM

    ဟုတ်တယ်၊ ကျနော် ပထမဆုံး ဂျာမနီဖက် သွားလည်ကာစက ဂျာမနီမှာ ဟိုင်းဝေးပေါ် အမြန်နှုန်း သတ်မှတ်ချက် မရှိတော့ မောင်းချင်သလို မောင်းနေတာ ကြည့်ပြီး လန့်မိတယ်။

    ReplyDelete
  2. အဟား....ထင်တော့ထင်သား......ပို့စ်အသစ်မတက်ပဲကြာ
    လာတော့ ခရီးထွက်နေပြီလို့...၊မိုက်တယ်ဗျာ.....အဲ့လိုမျိုး
    ကိုယ်သွားချင်တဲ့နေရာတွေကိုကားတစ်စီးနဲ့လျှောက်သွား
    ချင်တာရယ်...၊ယာဉ်ကြောထူတဲ့နေရာတွေမှာ ကီလို၁၂၀
    ၁၃၀ သတ်မှတ်ထားတယ်ဆိုတော့ လန့်သွားတယ်...။
    ၂၀၀လောက်ထိမောင်းတယ်ဆိုရာ ပြူးသွားတော့တာပဲ
    ဗျိုးးးးး။စလုံးမှာ ဟိုင်းဝေးပေါ် ၈၀၊၉၀ ထိလောက်ပဲမောင်း
    ဖို့ကန့်သတ်ထားတာကိုးဗျ...၊အင်း...ဒီမှာကဒီလောက်လည်းလိုမှမလိုတာကိုးဗျနော်....။ဆက်ရန်မျှော်နေသဗျိုး

    ReplyDelete
  3. GPS ကြီးဘဲအားကိုးနေတဲ့သူသာဆိုနာပြီဘဲနော်...း)

    ReplyDelete
  4. ထင်တော့ ထင်သား၊ ကိုညီလင်းသစ် ပျောက်နေပါတယ်လို့...။ ခရီးသွားတာတော့ အားပေးတယ်ဗျိုး။ ခုလို ကိုယ့်အစီအစဉ်နဲ့ကိုယ် သွားတဲ့ခရီးဆိုတော့ ပိုကောင်းသေး...။ ဆက်ရန်တွေ စောင့်ဖတ်ပါမည်...:)

    ReplyDelete
  5. Ready to read your travelling to Germany.If we drive 120 km on highway they pressure us like turtles.
    Gyidaw

    ReplyDelete
  6. ကိုညီလင်းရေးတဲ့ ခရီးသွား ပိုစ့်တိုင်းက ပျော်စရာကောင်းတယ် နေရာဒေသတွေကလည်း လှ ဓါတ်ပုံတွေကလည်း လှ လို့  ဖတ်ရတာ သိပ်သဘောကျပါတယ်...
    ကီလို ၁၆၀ မောင်းခဲ့တယ်ဆိုလို့  ဘုရားတမိတယ်... ဒီမှာတော့ ကီလို ၁၂၀ ကိုတောင် တခါတလေပဲ မောင်းဖူးတယ် လမ်းမရှင်းတာကြောင့်ရယ် ပြီးတော့ နည်းနည်း ကြောက်လို့ ရယ်... အဟဲ... :-)

    ReplyDelete
  7. ကီလိုမီတာ ၁၆၀ ဆိုတော့များလှချည်လားကွယ်ဟရို့..။
    ပုံတွေကြည့်ဖို့ အသင့်စောင့်နေပါတယ်..။

    ReplyDelete
  8. Really looking forward to read the traveler's diary. I just read an article on Basel, and Art Basel. I wish I could visit the swiss artist Jean Tinguely's museum of his bizarre mechanical sculptures.
    Mon Petit Avatar

    ReplyDelete
  9. ပထမဦးဆုံးမြေပုံကိုကြည့်လိုက်တာ
    မူးသွားပါတယ်..မှုန်ရွှေရည်လေ
    နောက်တော့စာဖတ်ပြီး
    အောက်ကပုံတွေကြောင့်အမူး
    ပြေသွားရပါတယ်....
    နောက်ပုံတွေလဲမြန်မြန်သာတင်ပေးပါ
    ခင်တဲ့ jasmine

    ReplyDelete
  10. အဲ..တစ်နာရီကို ကီလိုမီတာ ၁၆၀.. ကြောက်စရာကြီးပါလားကိုညီလင်းသစ်ရေ။ ကီလိုမီတာ ၉၀-၁၀၀ လောက်မောင်းတာကိုတောင် ရင်တထိတ်ထိတ်နဲ့ တလမ်းလုံး ဘုရားစာတွေရွတ်ပြီးစီးတာ အဲဒီလောက်များဆိုရင်တော့ ကားပေါ်မှာတင် နှလုံးရောဂါရနိုင်တယ်။ ကိုယ့်ဟာကိုယ်မောင်းရင်တော့ တစ်ခါမှ ကီလိုမီတာ ၆၀ထက်ပိုမမောင်းဖူးဘူး။ အဲဒါတောင် အတော်ကြီးကားရှင်းတဲ့လမ်းလိုမျိုးမှာမှ အဲဒီလောက်တင်ဖြစ်တာ။ ကြောက်တတ်တာနဲ့တင်သေနိုင်တယ်။
    ကိုညီလင်းသစ်ရဲ့ ခရီးသွားမှတ်တမ်းတွေကို ဖတ်ရတာတော့ သဘောကျတယ်။ ဆက်အားပေးဖို့စောင့်နေပါမယ်နော်။

    ReplyDelete
  11. ကားလမ်းမကြီးတွေများ မောင်းချင်စရာကွယ်... တို့များဆီက လကမ္ဘာလမ်းနဲ့တော့ အကွာပေါ့...။ နောက်ပို့စ်လေးစောင့်နေမယ်...။

    ReplyDelete
  12. ဒီ ပိုစ့်ကို တမိနစ်ကီလို200နှုန်းနဲ့ကို
    ဖတ်ပလိုက်တယ်..
    ကျန်တဲ့အပိုင်းတွေမြန်မြန်တင်ပါဗျိုး..

    ReplyDelete
  13. အမေရိကားမှာ အမြင့်ဆုံးမိုင်နှုန်း သတ်မှတ်ထားတော့ ခရီးစဉ်တူတဲ့ကားတွေ တချိန်လုံးဘေးနားက တူတူပါလာနေတယ်... ကွဲသွားလည်း ခဏပဲ... တော်ကြာပြန်တွေ့ရပြန်ပြီ ...:D

    ReplyDelete
  14. ကားနဲ့ ခရီးထွက်ရတာကို ကြိုက်တယ်
    ဒါပေမဲ့ အဲ့လောက်ကြီး ကီလိုမီတာ ၁၆၀ထိတော့
    တခါမှမမောင်းဖူးဘူး။လည်နိုင်သူတွေလည်ကျပါကွယ်း) (ခရီး ထွက်ခြင်းကို ဆိုလိုပါသည်)

    ReplyDelete
  15. ကိုအောင် ...
    လန့်ပြီလားဗျာ..၊ တဝီဝီနဲ့ကို နေတော့တာပဲ..၊း)

    ကိုညိမ်းနိုင် ...
    သူ့အရပ်နဲ့ သူ့ဇတ်လို့ပဲ ဆိုရတော့ မှာပဲဗျာ၊း)

    မရိုစ့် ...
    အဲဒါပေါ့ဗျာ၊ GPS ကို စိတ်နာသွားလို့ ဂျာမနီမြေပုံ ၂ ချပ် ဓါတ်ဆီဆိုင်မှာ ဆင်းဝယ်ပလိုက်တယ်၊ စိတ်ကြီးပုံက၊း)

    မချစ်ကြည်အေး ...
    ဒီခရီးက မချစ်ကြည်အေးရဲ့ စိနတိုင်း ခရီးနဲ့ အချိန်အားဖြင့် အတူတူပဲဗျ..၊း) ခရီးသွားတဲ့အချိန် တူပုံကိုထောက်ရင် Great minds think alike ဆိုတာ အမှန်ပဲ ဖြစ်ရမယ်..၊း)

    ဂျီးဒေါ် ...
    ၁၂၀ လောက်နဲ့ မောင်းနေလို့ကတော့ သူတို့က လိပ်လို့ ထင်မှာ အသေအချာပဲဗျို့၊ အထူးသဖြင့် နိုင်ငံခြား နံပါတ်ပြား မြင်ရင် ပိုတောင် ပြုံးဦးမယ်..၊း)

    မသက်ဝေ ...
    ၁၆၀ လောက် မောင်းခဲ့တယ် ဆိုတာလည်း တချို့လမ်းပိုင်း တွေမှာပါဗျာ၊ တလျှောက်လုံးတော့ ကျနော်လည်း မမောင်းရဲပါဘူး၊ တကယ်တော့ ဘယ်လောက်ကောင်းတဲ့ ကားပဲဖြစ်ဖြစ် .. စက်ပစ္စည်း ဆိုတာ ဘယ်လိုမှ အကြွင်းမဲ့ ယုံလို့ ရတာမှ မဟုတ်ပဲလေ .. နော၊း)

    ကိုဖြိုး ...
    အမြန်ဆုံးသာ တင်နိုင်ဖို့ ကြိုးစားမယ်ဗျာ..၊

    Mon Petit Avatar ...
    ဟုတ်တယ်ဗျ၊ အဲဒီ Tinguely ပြတိုက်ကို ကျနော် တစ်ခေါက်တော့ ရောက်ဖူးတယ်၊ တကယ့်ကို အထူးအဆန်းတွေ ပါပဲ..၊ တနေ့မှာ ရောက်ရမှာပေါ့..နော၊

    တောင်ကြီးက မစံပယ် ...
    မှုန်ရွှေရည် ဆိုလို့ ပြုံးမိသေးတယ်၊ အေးဗျာ..၊ မြေပုံက သေးရတဲ့ကြားထဲ နာမည်တွေက ဂျာမန်လို၊ ပြင်သစ်လို တွေဆိုတော့ အာရုံကျဖို့ သိပ်မလွယ်ဘူး...၊း)

    မအိမ်သူ ...
    အဲဒီလို ကြောက်တတ်တာကပဲ ရန်ကင်းပါတယ်ဗျာ၊ အမြန်ကြီး စွတ်မောင်းနေလို့လည်း အချိန် ဘယ်လောက်မှ ပိုစောပြီး ရောက်မသွားပါဘူး၊ မတော်တဆ ဖြစ်လိုက်ရင်သာ တစ်ဘဝစာ သွားမှာ..၊ အခုကလည်း ဟိုင်းဝေးလည်းဖြစ်၊ လမ်းကလည်း ဖြောင့်၊ ကားတွေလည်း သိပ်မရှုပ်လို့ပါ..၊ အားပေးတာ ကျေးဇူးပါပဲနော်..၊း)

    မမိုးငွေ့ ...
    ဒီကလူတွေက အဲဒီလို လမ်းတွေမှာ မောင်းပြီး ရုပ်ဝတ္ထု ဆန်သထက် ဆန်လာတာဗျ၊ လ,သာရင်တောင် မော့ကြည့်ဖို့ သတိရချင်မှ ရတာ..၊ ကျနော်တို့ဆီမှာကျ မီးပျက်လို့ လ,ကိုလည်းမြင်၊ လူကိုယ်တိုင်လည်း လ,ပေါ် ရောက်သလိုခံစား..၊ မမိုက်ဖူးလား...၊း)

    ညီမ blackroze ...
    ဝိုး.. သတိထား ဖတ်ပါ ညီမရေ..၊ ဒီပို့စ်တင်တဲ့ နိုင်ငံမှာတော့ အမြန်နှုန်း သတ်မှတ်ချက်က ကီလို ၁၂၀ ဖြစ်သလို speed detector တွေလည်း နေရာအနှံ့မှာ ချောင်းနေကြတယ်ဗျ..၊း)

    မစူးနွယ် ...
    အဲဒီလို ဆိုရင်တော့ ခရီးကလည်း ရှည်လို့ တချိန်လုံး ပြန်,ပြန် မြင်နေရမှာ သေချာတယ်..၊ ခိုင်ထူးရဲ့ 'အားလုံး ကို ကျော်ဖြတ်ရမယ်' သီချင်းက ဂျာမနီမှာများ ရေးသွား တာလား မသိဘူး..၊း)

    မဘေဘီ ...
    သွားရည်ကျနေရတဲ့ စားကောင်းသောက်ဖွယ်တွေ အမြဲတမ်း မချက်တတ်သူမို့ စိတ်ပြေလက်ပျောက် ခရီးတွေ သွားရတာပါဗျာ၊ စားနိုင်သူတွေ စားကြပါကွယ်း) (ဟင်းကောင်းတွေ ချက်ခြင်းကို ဆိုလိုပါသည်)း))

    ReplyDelete
  16. စာဖတ်တာတောင် အမြန်ဖတ်မိတယ်။
    ဒီလို speed နဲ့မောင်းနိုင်တာ အခုမှသိတယ်။
    အဲလောက်ကြီးတော့ မမောင်းရဲ၊မစီးရဲ။

    ဆက်ပါဦးမယ် ကို မျှော်နေပါတယ်နော်။

    ReplyDelete
  17. တစ်နာရီ ကီလို၁၆၀ကတော့ များတယ်ဝေ့..။ ဒီက လမ်းတွေမှာသာ အဲ့လိုမောင်းရင် တွားပြီ..။ ပုံလေးတွေ ကြည်လင်ပြတ်သားတယ်။
    ကောင်းမှကောင်း။ အပိုင်း(၂) စောင့်နေပါ့မယ်..။

    ReplyDelete
  18. ကိုညီလင်းသစ် မြန်မာပြည်ပြန်လာဖြစ်ရင် အဲဒီလမ်းမကြီး သယ်ယူလာပါလား ဟင်
    မြန်မာပြည်မှာ ဒီလိုလမ်းမျိုး မြင်သွားချင်မိပါသေးတယ်
    ဘယ်တော့များမှ ဖြစ်နိုင်မယ် မသိဘူးနော်
    လမ်းမကြီးကိုကြည့်ပြီး နေပြည်တော်လို လမ်းတောင် ကားတွေ မှောက်ကြတာ ခနခန
    ဒီလောက်ကောင်းတဲ့ လမ်းမှာ အမြန်မောင်းကြလို့ ဘယ်လိုဖြစ်မလဲ ဆိုတာလဲ စဉ်းစားမိသေးတယ်

    ReplyDelete
  19. လမ်းတွေ ကောင်းလိုက်တာ မြန်မာပြည်နဲ့ များ ကွာပါ့။ နိုင်ငံ သုံးနိုင်ငံခြား ရောက်နေတာဆိုတော့ အစ်ကိုက ရွှေတြိဂံ နယ်မြေထဲ ရောက်နေတာပေါ့။ အစ်ကို့ ပိုစ့်ထဲမှာ ပါတဲ့မြို့ နာမည်တွေက ဘော်လုံးအသင်း နာမည်တွေနော်...
    ဘာပဲပြောပြော ပျော်ဖို့ တော့ ကောင်းမယ်နော်... ကျွန်တော်လဲ ခရီးတွေ သွားချင်တယ်... ဒါပေမယ့်လဲ မဖြစ်နိုင်သေးပါဘူးလေ...

    ReplyDelete
  20. (၁၆၀) တောင်ဆိုတော့ ကြောက်စရာကြိးအကို ..:):) ပုံမှန်ဟိုင်းဝေးဆို (၁၃၀)နဲ့ (၁၄၀) လောက်ပဲ ရှိတာကိုးနော်... မြန်လိုက်မဲ့ ဖြစ်ခြင်း :P စောင့်မျှော်လျှက်ပါအကို..
    ကောင်းသောနေ့လေး ဖြစ်ပါစေလို့..

    ReplyDelete
  21. Freiburg နားရောက်တော့လှမ်းအော်လိုက်ရောပေါ့။
    ကိုညီပြောမှပဲ ဂျာမန် ဟိုင်းဝေးအကြောင်း ပိုသတိထားမိတော့တယ်။ ကျမက ကားမမောင်းတတ်တော့ သိပ်မသိဘူး။

    ReplyDelete
  22. အဲလိုလျှောက်လည် ခွင့်ရတာ ကာင်းလှတယ် အကိုရာ..
    ကျွန်တော်တောင် စာဖတ်ရင်းနဲ့ အကို့ ကိုယ်စားပျော်သွားတယ်။

    ReplyDelete
  23. ခရီးသွားတာဗဟုသုတရသလို စိတ်လည်းအပန်းဖြေရတယ်။ ဘလော့ဂါတစ်ယောက်မို့ စာဖတ်သူတွေကိုလည်း ပြန်လည်မျှဝေခွင့်ရတယ်။
    ဗဟုသုတတွေအတွက် ကျေးဇူးပါ ညီလင်းသစ်ရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  24. ဒီမှာ တနာရီ မိုင် ၇၀ ကနေ ၈၀ ကို တိုးမြင့်မယ့် အစီအစဉ် ပရိုပို့စ်လုပ်တာတောင် လူတွေက မျိုးစုံ ဝေဖန်နေကြတာ။ ကီလို ၂၀၀ လောက်ထိ မောင်းကြတယ်ဆိုတော့ လန့်စရာ ... ။ ကီလို ၂၀၀ ဆို မိုင် ၁၂၀ ကျော်ပီ ထင်တယ်။ အဲလောက်မြန်တာတော့ အန္တရာယ် များပါတယ်။

    GPS ဇာတ်လမ်းလဲ ရယ်ရတယ်။ တလောက သတင်းတပုဒ် ဖတ်လိုက်ရတာ GPS ညွှန်တဲ့အတိုင်း မောင်းတာ မြစ်ထဲ ထိုးကျသွားလို့တဲ့။ တော်သေးတယ် ကိုညီလင်းက လမ်းမှန်ပြန်ရောက်သွားလို့ :))

    ReplyDelete
  25. နောက်ထပ် ပို့ စ်တွေ စောင့်မျှော်နေပါတယ်ဗျို့ ...အမောင်းသင်ခါစ စန်းထွန်းခမျာ ၄၅မိုင် မောင်းရတာကိုတောင် ဘုရားတနေတာ...ကိုညီလို ကီလို ၂၀၀ မောင်းလိုက်ရရင်တော့ ဒန်..ဒန့် ..တန် ...း)

    ReplyDelete
  26. အကိုရယ်
    ဒီလိုလုပ်ပါလား
    နောက်တစ်ခါဆိုဖော်မြူလာဝမ်း ၀င်ပြိုင်ပါနော်း)
    နောက်ဆက်ရန်ကိုမျှော်နေပါတယ်

    ခင်တဲ့
    မဒိုးကန်

    ReplyDelete
  27. လပြည့်ရိပ်October 5, 2011 at 4:39 PM

    ဆက်ပါဦး :D

    ReplyDelete
  28. အာဂပဲ.. ဒီလောက်အမြန်မောင်းနေတာတောင် ဓါတ်ပုံရအောင်ရိုက်လာသေးတာပဲ..း) ကြိုးစားမှူ့ကတော့ စံပါပဲ
    N/A

    ReplyDelete
  29. မ,ကောင်းမွန်ဝင်း ...
    ဖြည်းဖြည်း၊ ဖြည်းဖြည်း .. လမ်းမှာ စီမံချက် ဖမ်းနေတဲ့ မော်တော်ပီကယ်တွေ အများကြီးနော...၊း)

    မမြသွေးနီ ...
    အခုတောင် နေပြည်တော်လမ်းမှာ တချို့တွေ မောင်းနေကြပြီ ဆိုလား..၊း)

    မချော ...
    ကျနော်လည်း မချောလိုပဲ..၊ လမ်းတွေ ကတ္တရာ ခင်းနေတာတွေ့ရင် လိုက်,လိုက် ကြည့်မိတယ်၊ သူတို့ တွေ ဘယ်လိုများခင်းလို့ လမ်းတွေ ကောင်းနေရတာ လဲလို့..၊ အမြဲတမ်း အဖြေက တစ်ခုတည်းပါပဲ၊ မခိုဘူး၊ မခိုးဘူး..၊း)

    ညီရဲ ...
    ရွှေတြိဂံလို့ ခေါ်ရမယ် ထင်တယ်ဗျ၊ ဘော်လုံးအသင်း နာမည်တွေက သူတို့မြို့နာမည် ပါလို့ အဲဒီလို ဖြစ်နေတာပါ၊

    ညီမအိန်ဂျယ်လ်လှိုင် ...
    အင်း...မြန်တာတော့ အမှန်ပဲဗျ...၊း)

    မ,ရှင်လေး ...
    မ,ရှင်လေး နေတာ ဘယ်မြို့လဲ မသိဘူးလို့ ကျနော် စဉ်းစားမိသေးတယ်ဗျ၊ သတိတော့ ရပါတယ်၊ ခေါ်မယ်ဆို နောက်တခေါက် လာမယ်လေ..၊း)

    မင်းဧရာ ...
    တခါတလေလောက် လည်ဖြစ်တာပါဗျာ...၊

    အန်တီတင့် ...
    အဲဒါတော့ အမှန်ပါပဲဗျာ..၊

    မမေ ...
    GPS ကတော့ တကယ်ပါပဲဗျာ၊ မမေပြောသလိုပဲ တခါတခါ မရှိတဲ့ လမ်းတွေ လျှောက်ပြလို ပြနဲ့..၊ ဒါတောင် တတ်နိုင်သလောက် update လုပ်နေရဲ့ သားနဲ့နော်..၊

    မစန်းထွန်း ...
    အစတော့ ဒီလိုပဲဗျ..၊ နောက်ကျရင် ဖော်မြူလာဝမ်း တွေဘာတွေ ဝင်ပြိုင်ချင်စိတ် ပေါက်လာလိမ့်မယ်..၊း)

    မဒမ်ကိုး ...
    ကျနော်လည်း အဲဒါ စဉ်းစားနေတာဗျ၊ Sebastian Vettel ကို နည်းနည်း ငဲ့ညှာနေလို့....ဟင်း၊း)

    လပြည့်ရိပ် ...
    လာမယ်လေ...၊း)

    ကို N/A ...
    အထင်မကြီးနဲ့ဗျို့..၊ အဲဒါ ကျနော့် အမျိုးသမီးကို ရိုက် ခိုင်းတာ..၊း) ကီလို ၁၆၀ ကို လက်တဖက်တည်းနဲ့ မမောင်း ချင်သလို ကင်မရာကလည်း လက်တဖက်တည်းနဲ့ဆို ငြိမ်ချင်မှ ငြိမ်မှာဗျ..၊း)

    ReplyDelete
  30. Yeah ! Of cause no speed limit in Sebastian Vettel and Michael Schumacher 's country. ;P

    ReplyDelete
  31. On a affaire au pire conducteur, à un criminel de la route.» Le porte-parole de la police vaudoise, Jean-Christophe Sauterel, n’a pas de mots assez durs pour qualifier le comportement d’un chauffard de 28 ans. Dans la nuit du 21 avril dernier, ce Genevois avait, avec son mobile, filmé le cadran de sa Bentley Continental qui atteignait 325 km/h.

    Une info à nous transmettre? Une histoire à nous raconter? Ecrivez-nous à web@20minutes.ch
    Genève05 octobre 2011 09:30; Act: 06.10.2011 09:57 Print
    .
    «On est tombé sur un fou!»par Léonard Boissonnas - Un Suisse de 28 ans roulait à 325 km/h sur l'autoroute A1, aux abords de l'échangeur du Vengeron près de Genève et filmait sa performance avec son téléphone portable. Il nie les faits.
    I think like this expensive car and good road we can go Yangon-Mandalay less than two hour,would be nice...

    ReplyDelete
  32. ခရီးထွက်ရတာတော့ ကြိုက်တယ်ဗျာ။ အားလပ်ရက် သိပ်မရသေးလို့ ခပ်ဝေးဝေး ဘယ်မှ မရောက်ဖြစ်သေးပေမယ့် သွားဖို့ စိတ်ကူးထားတဲ့ နေရာတွေတော့ ပိုပိုများလာတာပဲ။

    ခုမှ ရောက်ဖြစ်လို့ ၁ ကို အရင်ဖတ်လိုက်တာ။

    ReplyDelete
  33. အင်း နယ်မြေပြောင်းသွားတော့ စိတ်တွေကော အတွေးတွေပါ လန်းဆန်းသစ်လွင်သွားမယ်ထင်ပါတယ်။
    စိတ်ဝင်စားစရာကောင်းတဲ့ ပို့စ်လေးပါ။


    ခင်တဲ့
    မေသိမ့်

    ReplyDelete