20 October 2011

အန်ဂယ်လာရဲ့ တိုင်းပြည်သို့ (၃)


နောက်တစ်ရက်မှာတော့ ကျနော်တို့ Darmstadt မြို့ထဲဖက် သွားကြတယ်၊ ရောက်ပြီး နောက်တစ်ရက်မှာ အိမ်ရှင် လင်မယားရဲ့ အိမ်အသစ်၊ စိုက်ခင်း စတာတွေ လျှောက်ကြည့်နေလို့ မြို့ဟာ ဘယ်လိုနေမှန်းတောင် မသိရသေးဘူး၊ ကျနော်တို့ တည်းတဲ့အိမ်မှာ စက်ဘီးတွေ လေးငါးစီး ရှိတာနဲ့ မြို့ကို စက်ဘီးနဲ့ ပတ်ကြည့်ဖို့ စီစဉ်ကြတယ်၊ သိပ်အဝေးကြီး မနင်းရပါဘူး၊ အိမ်ကနေ မိနစ် ၂၀ လောက် နင်းလိုက်တာနဲ့ မြို့လယ်ခေါင်လို့ ပြောလို့ရမယ့် နေရာကို ရောက်သွားရော...၊ ကားလမ်းမတွေရဲ့ ဘေးမှာ စက်ဘီးစီးဖို့ လမ်း သတ်သတ်မှတ်မှတ် လုပ်ပေးထားလို့ အဆင်ပြေတယ်...၊


Photobucket

ဒါကတော့ မြို့လယ်ခေါင်နဲ့ မြို့တော်ခန်းမလို့ ခေါ်နိုင်တဲ့ အဆောက်အဦးပါ၊ Darmstadt မြို့က အခြားသော ဂျာမန်မြို့ တွေလိုပဲ ဒုတိယကမ္ဘာစစ်မှာ မဟာမိတ် တပ်တွေရဲ့ ဗုံးဒဏ်ကို အလူးအလဲ ခံခဲ့ရတယ်၊ တမြို့လုံးဟာ ပြာအတိနဲ့ ကျန်ခဲ့တယ်၊ အကျိုးဆက် အနေနဲ့ စစ်လက်ကျန် မူလ ဗိသုကာ လက်ရာအတိုင်း ရှိနေတဲ့ အဆောက်အဦးတွေက လက်ချိုးရေလို့ ရအောင် နည်းပါတယ်၊ အခု ပုံထဲက ဒီအဆောက်အဦးက လက်တဆုပ်စာ ကျန်ခဲ့တာတွေထဲက တစ်ခုပါ၊

စစ်ကြီးပြီးလို့ ၁၉၅၀-၆၀ လောက်မှာ စစ်ပြေးခဲ့ရတဲ့ ဂျာမန်မိသားစုတွေ Darmstadt မြို့ကို တဖြည်းဖြည်းနဲ့ ပြန်ရောက် လာခဲ့တယ်၊ မြို့ကို ပြာပုံထဲကနေ ပြန်ပြီး ထူထောင်ကြတယ်၊ အဲဒီမှာ စိတ်ဝင်စားစရာ ကောင်းတာက ဘာအိမ်ဆောက် ပစ္စည်းမှ မယ်မယ်ရရ မရှိတဲ့ အနေအထားမှာ မြို့ကို ပြန်တည်ကြတဲ့ ဖြစ်ရပ်ပါ၊ လက်သမား၊ ပန်းရန်စတဲ့ သူတွေလည်း မရှိကြတော့ အားလုံးလိုလိုက ကိုယ့်အိမ်ကို ကိုယ့်ဟာကိုယ်ပဲ ဆောက်ကြရတယ်၊ ရပ်ကွက်တွေထဲမှာ ကျနော် လိုက်ကြည့်ရသလောက် အိမ်တွေ တော်တော်များများက ပရော်ဖက်ရှင်နယ်လ် လက်သမားတွေ ဆောက်ထားတာ မဟုတ်မှန်း သိသာတယ်၊ ဒါပေမယ့် တော်တော်သပ်ရပ်ပါတယ်၊ အဲဒီရဲ့ အကျိုးဆက် အနေနဲ့ ဒီနေ့ ဂျာမန် အမျိုးသားတွေဟာ Do It Yourself လိုမျိုး ကိစ္စတွေမှာ ကျွမ်းကျင်ကြတာ တွေ့ရတယ်၊

မိတ်ဆွေတွေနဲ့ အိမ်ဆောက်တဲ့ ကိစ္စတွေ ပြောကြရင်း အိမ်ငှား၊ အိမ်ပြောင်းတဲ့ အကြောင်းတွေလည်း ပြောဖြစ်ပါတယ်၊ အဲဒီမှာ ကျနော်အံ့သြရတာ တစ်ခု သွားတွေ့တယ်၊ ဂျာမနီမှာ အများအားဖြင့် အိမ်/တိုက်ခန်း တွေကို ငှားတဲ့အခါ အိမ်ငှားအသစ်မှာ လုပ်စရာတွေ ပုံလို့ပါပဲ၊ အိမ်နံရံတွေကို ကိုယ်ကြိုက်တဲ့ ဆေးအရောင် ပြန်သုတ်တာ၊ မီးဖိုချောင်မှာ ပန်းကန်ဆေးစက်၊ ဘေစင်၊ ရေခဲသေတ္တာ အစရှိသဖြင့် အားလုံးနီးပါး ပြန်တပ်ဆင်ရတာ၊ မြေအောက်က အဝတ်လျှော်တဲ့ အခန်းမှာ ကိုယ့်ရဲ့ အဝတ်လျှော်စက်ကို ပြန်တပ်ဆင်ရတာ.. အများကြီးပါပဲ၊ ကျနော် အံ့သြရတာက ဒီလိုဟာတွေကို အိမ်ငှားက လုပ်ရမယ်လို့ မတွေးထားဖူး လို့ပါ၊ ဆွစ်ဇာလန်မှာဆို ဒါတွေအားလုံးက အိမ်/တိုက်ခန်း ပိုင်ရှင်တွေ လုပ်ကြရတဲ့ အလုပ်တွေပါ၊ အိမ်ငှားအဟောင်း ဆင်းသွားတဲ့အခါ နံရံတွေ ညစ်ပတ်နေရင် ဆေးပြန်သုတ်တာ၊ မီးဖိုချောင်မှာ ကြွေပြားတွေ ဟောင်းနေရင် အသစ်လဲတပ်တာ၊ မီးဖိုတွေ ပျက်နေရင် ပြင်ပေးတာ အစရှိတာတွေကို အိမ်ရှင် ဒါမှမဟုတ် အိမ်ငှားကုမ္ပဏီတွေက တာဝန်ယူရပါတယ်၊

ဒီတော့ အိမ်ငှားတဲ့လူက အဆင်သင့် တက်နေရုံပါပဲ၊ တဖက်ကလည်း အခန်းပြန်အပ်တဲ့အခါ မူလအတိုင်း နီးပါး ပြန်အပ်ရပါတယ်၊ ဥပမာ-တခြား ဆေးအရောင် သုတ်ထားရင် မူလအရောင်ကို ပြန်သုတ်ပေးရတာ၊ ပန်းချီကားတွေ ချိတ်ဖို့ ဖောက်ထားတဲ့ နံရံက အပေါက်တွေကို ပြန်ပိတ်ပေးရတာ စသဖြင့်ပါ၊ ဂျာမနီမှာတော့ ကျနော် နားလည်သလောက်ဆို အဲဒီလို အပိုင်းတွေမှာ လွတ်လပ်ပါတယ်၊ ကျနော်တို့ မိတ်ဆွေ လင်မယားဆို သူတို့ မီးဖိုချောင်ကို သူတို့ ပြန်ဆောက်ရတယ်၊ အရင်လူတွေက ကြမ်းခင်းကြွေပြားပါ မကျန်ခွာယူသွားလို့ အဲဒါကစပြီး လုပ်ရတယ်၊ အိမ်ကို သူတို့ငှားတဲ့ အချိန်မှာ မီးဖိုချောင်က နံရံလေးဖက်ပဲ ပါတဲ့ ဟာလာဟင်းလင်း အခန်းတစ်ခု သက်သက်ပါပဲ၊ ဒီတော့ အားလုံးကို သူတို့စိတ်ကြိုက် ပြန်လုပ်တယ်၊ တခါ.. သူတို့ဆင်းသွားတဲ့ အခါကျရင်လည်း အဲဒီလိုပဲ ထားခဲ့မှာပါ၊ နောက်လူက သူ ကြိုက်သလို ပြင်ပေတော့ပဲ၊ အိမ်ရှင်က သူ့အိမ်ကို ပုံစံ တသမတ်တည်း ရှိနေဖို့ ဝင်ထိန်းတာမျိုး သိပ်မရှိပါဘူး၊


Photobucket

မြို့လယ်ခေါင်ကနေ ဆက်နင်းသွားတော့ ကုန်းမြင့်လေး တစ်ခုပေါ်မှာ တွေ့ရတဲ့ အော်သိုဒေါ့ခ်စ် (Orthodox) ဘုရားကျောင်း တစ်ခုပါ၊ ကျနော်တို့နဲ့ အတူပါလာတဲ့ အိမ်ရှင် အမျိုးသမီးက ရှင်းပြတယ်၊ တခါတုန်းက ဒီမြို့မှာ နေခဲ့တဲ့ ရုရှားအမျိုးသား သူကြွယ်တစ်ယောက်ဟာ ဂျာမန်သူ တစ်ယောက်နဲ့ ရည်ငံကြတယ်၊ ဒါနဲ့ လက်ထပ်ဖို့ လုပ်ကြတော့ မြို့မှာက သူတို့ကို ရုရှားထုံးစံ လက်ထပ်ပေးမယ့် အော်သိုဒေါ့ခ်စ် ဘုရားကျောင်း မရှိဘူး၊ ဒုတိယ ကမ္ဘာစစ်ရဲ့ ရိုက်ခတ်မှုကြောင့် ဂျာမန်တွေက ရုရှားတွေကို မုန်းနေကြတဲ့ အချိန်...၊ ရုရှားတွေမှာ မျက်စိသူငယ် နားသူငယ်နဲ့ ဝတ်ပြုဖို့ ဘုရားကျောင်းတောင် မရှိခဲ့ဘူး-တဲ့၊ အဲဒီလို အခြေအနေမှာ အဲဒီသူကြွယ်က ဒီတောင်ကုန်းလေးပေါ်မှာ မြေတစ်ကွက် ဝယ်၊ ဘုရားကျောင်းဆောက်ပြီး လှူလိုက်တယ်၊ အဲဒီ ဘုရားကျောင်းမှာ သူလက်ထပ်ဖို့ အဆင်ပြေသွားသလို တခြား ရုရှား တွေအတွက်လည်း ဘုရားကျောင်း ရှိပြီးသား ဖြစ်သွားခဲ့တယ်...၊

Darmstadt မြို့မှာ အမေရိကန် စစ်စခန်း တစ်ခုကိုလည်း တွေ့လိုက်သေးတယ်၊ ဒီမြို့ဟာ ဂျာမနီက အခြားသော မြို့ကြီးတွေမှာလိုပဲ အမေရိကန် စစ်စခန်းချရာ ဖြစ်ခဲ့တယ်၊ စစ်အကြောင်း တွေးနေမိရင်းနဲ့ အိမ်ရှင်ကို ကျနော်က မေးကြည့်ဖြစ်တယ်၊ 'ဂျာမနီကို ဗြိတိသျှ တပ်တွေ၊ အမေရိကန် တပ်တွေ၊ ဝင်လာပြီး ဗုံးကြဲ၊ အခုလို စစ်အခြေစိုက် စခန်းတွေ ဖွင့်ကြတာကို ခင်ဗျား မိဘတွေ၊ ခင်ဗျား မိဘရဲ့ မျိုးဆက်က လူကြီးတွေ ဘယ်လိုများ မြင်ကြလဲ' လို့...၊ သူက ပြန်ဖြေပါတယ်၊ သူ့အဖေနဲ့ သူငယ်ချင်းတွေဟာ အခြားသော လူအားလုံး နည်းတူ ဗုံးကြဲခံရတာကို စိတ်ထိခိုက် ရပေမယ့် တဖက်ကလည်း အမေရိကန် တပ်တွေကို ကျေးဇူးတင်မိပါတယ်-တဲ့၊ တဖက်မှာ လူမျိုးကြီးဝါဒ ထူထောင်လိုတဲ့ သူတို့ရဲ့ ခေါင်းဆောင်ကြောင့် စစ်ပန်း နေကြသလို တဖက်ကလည်း ရုရှားက ဝါးမြိုမယ့် အန္တရာယ်ကလည်း မသေးလှဘူး၊ အဲဒီလို အနေအထားမှာ ဒီလိုနည်းနဲ့ စစ်ကို အဆုံးသတ်လိုက်ရတာ ဝမ်းနည်းရပေမယ့် ဖြေသာပါတယ်-တဲ့၊ ဟုတ်ပါ တယ်၊ ကျနော်တို့ မျိုးဆက်က ဂျာမန်လူငယ်တွေ အနေနဲ့ မသိသာလှ ပေမယ့် ဒုတိယ ကမ္ဘာစစ် လက်ကျန် ကျနော့်မိဘတွေ အရွယ် ဂျာမန်သက်ကြီးပိုင်းတွေ ဆိုရင် အခုထက်ထိကို တခြားလူမျိုး တွေရဲ့ အမြင်စောင်းတာ ခံရတုန်းပါပဲ၊ မြန်မာပြည်မှာ ပြင်သစ် အဖိုးအဖွားတွေ၊ ဘယ်လ်ဂျီယံ အဖိုးအဖွားတွေနဲ့ ကျနော် ခရီးတွေ သွားခဲ့တုန်းက စားသောက်ဆိုင်တွေမှာ ဂျာမန် အဖိုးအဖွားတွေ ရှိတဲ့ စားပွဲနဲ့ အဝေးဆုံးမှာ ထိုင်တာ၊ ဂျာမန်တွေ ရှိတဲ့ ပုဂံက ဘုရားပေါ် မတက်ဘဲ တခြားနေရာကနေ နေဝင်ချိန်ကို ကြည့်တာ၊ အစရှိသဖြင့် ကြုံခဲ့ဖူးတယ်၊ အစွန်းရောက်လွန်းတဲ့ လူတစ်စုရဲ့ ခေါင်းဆောင်မှုအောက်မှာ တိုင်းပြည်တစ်ခုလုံး အပြင် တိုင်းသူပြည်သား တွေရဲ့ ဘဝပေါင်းများစွာ ကျိုးကြေခဲ့ရတာ တွေးကြည့်ရင် သင်ခန်းစာ ယူစရာတွေ အများကြီး ပါပဲ၊ စစ်ရဲ့ ဆိုးကျိုးကို တွေးနေမိတဲ့ ကျနော့်စိတ် တွေဟာ အော်သိုဒေါ့ခ်စ် ဘုရားကျောင်းလေးထက်က ကောင်းကင်လိုပဲ အုံ့မှိုင်းပြီး လေးလံ ပိကျနေခဲ့တယ်...၊


Photobucket

အဲဒီတောင်ကုန်းနဲ့ မနီးမဝေးက ခြံကြီးတစ်ခုဆီကို ကျနော်တို့ လမ်းလျှောက်သွားကြတယ်၊ ဒါက အဲဒီခြံထဲကို လာလည်တဲ့သူတွေ အနားယူ၊ စာထိုင်ဖတ်ဖို့ လုပ်ပေးထားတာပါ၊ လက်ရှိ ပိုင်ရှင်က ဒီခြံကို အမွေရခဲ့တာလို့ ဆိုတယ်၊ သူ့ခြံကို အပန်းဖြေစရာ လုပ်ထားပေမယ့် သဘာဝတရားကိုလည်း မပြုပြင်ချင်လို့ ခြုံနွယ်ပိတ်ပေါင်းတွေကို ဒီအတိုင်း ထား,ထားတယ်၊


Photobucket

လူသွားလမ်းရဲ့ ဘေးဖက်တွေမှာ သစ်ပင်၊ သစ်ကိုင်းတွေက ဒီလိုပဲ ထိုးထိုးထောင်ထောင် ရှိနေကြတယ်၊ သူက မြက်ရိတ်စက်နဲ့ အညီအညာ ရိတ်ထားတဲ့ မြက်ခင်းတွေ၊ အလှစိုက် ပန်းတွေအစား သူ့ခြံကို သဘာဝထဲက အရှိတရား ထဲမှာ ဒီအတိုင်း ထားချင်ပုံပါပဲ၊ ဟိုနားဒီနားမှာ ထိုင်ခုံလေးတွေအပြင် စာအုပ်တွေပါ ချထားပေးတယ်၊ စာအုပ် အများစုက ဂျာမန်ဘာသာနဲ့ ရေးထားတဲ့ ဂမ္ဘီရ၊ ထွက်ရပ်လမ်း ကျင့်စဉ် စတာတွေ အကြောင်းပါ၊ ခြံရှင်က သူ့ခြံကို Vortex garden လို့ အမည်ပေးထားတယ်၊ ဒီကနေ့ လူတွေ ပြောနေကြတဲ့ alternative-thinking တွေနဲ့အတူ Nudist, Feminist, Dadaist, Freemasons, Self-seekers စတဲ့ ဝါဒီတွေရဲ့ အိမ်မက်ကမ္ဘာကနေ သူ့ခြံဟာ ပေါက်ဖွား လာခဲ့တယ်လို့ လက်ကမ်းစာစောင်မှာ ရေးထားတယ်၊ Vortex garden ဆိုတဲ့အတိုင်း လူသွားလမ်းက ကျောက်ပြားတွေကို ကြက်ဥပုံနဲ့ အဝိုင်းတွေပဲ ခင်းထားပါတယ်၊


Photobucket

ခြံရှင်ဟာ စက်ဝိုင်းတွေရဲ့ အဆုံးအစမဲ့ 'အား' ကို စိတ်ဝင်စားပုံပဲလို့ ကျနော် ကောက်ချက်ချ မိတယ်၊ ပြီးတော့ ခြံထဲမှာ အခုလို ရေတံခွန် ပန်းပုမျိုး ၂ ခုလည်း တွေ့တယ်၊ အဆင့်တိုင်း, အဆင့်တိုင်းမှာ ကျောက်ခွက်တွေကို အဆုံးမဲ့ Infinity သင်္ကေတ ပုံသဏ္ဍန် ထွင်းထားတယ်၊ စဉ်ဆက်မပြတ် စီးနေတဲ့ ရေဟာ အခုလို အဆုံးမဲ့ သင်္ကေတထဲ ဝင်ရောက်သွားတဲ့ အခါ ရေရဲ့ လားရာဟာ ဘယ်၊ ညာ ခွဲသွားပြီးမှ တပတ်ပြန်လည်ပြီး အောက်အဆင့်ကို ဆက်စီးတယ်၊ အဲဒီလို လားရာပြောင်းပြီး စက်ဝိုင်းပုံစံ စီးတဲ့အခါ မမြင်ရတဲ့ အားတစ်ခု ဖြစ်လာတယ်လို့ တည်ဆောက်ခဲ့တဲ့ ဗိသုကာ ပညာရှင်က ရှင်းပြထားတယ်၊ ခြံရှင်ရဲ့ စိတ်ကူးနဲ့ တင်ပြထားတာတွေကို အနုပညာ ရှုထောင့် သက်သက်ကပဲ ကျနော် ကြည့်ခဲ့တယ်၊ ဒါ့ထက် ကျော်လွန်ပြီး ဝါဒတွေ၊ ဂမ္ဘီရ ကျင့်စဉ်၊ ထွက်ရပ်လမ်း စတာတွေကို ဆွေးနွေးဖို့ ကျနော့်မှာ စိတ်ကူးမရှိ ပါဘူး...၊


Photobucket

တနေရာမှာတော့ စဥ့်နဲ့ လုပ်ထားတဲ့ ကြက်မကြီးတွေ သွားတွေ့တယ်၊ ခြေနင်းကျောက်ပြား ကလည်း ကြက်ဥပုံစံ၊ ဒီမှာလည်း ကြက်မတွေ ဆိုတော့ ကိုယ့်လူက ကြက်ဥနဲ့ကြက်မ ဘယ်ဟာအရင်လဲ ဆိုတဲ့ ပြဿနာကို ကိုင်တွယ်ချင်နေ ပုံပဲလို့ ကျနော်တစ်ယောက်ထဲ ခပ်နောက် နောက် တွေးလိုက်မိ သေးတယ်..၊း)

ခြံထဲက ပြန်ထွက်လာတော့ မွန်းလွဲပိုင်းတောင် ရှိနေခဲ့ပြီ၊ မြို့တစ်မြို့ကို ရောက်တဲ့အခါ အဲဒီမြို့ရဲ့ ကော်ဖီဆိုင်တွေမှာ ထိုင်ပြီး မြို့ကို ခံစားရတာ ကျနော် ကြိုက်သလို အဲဒီမြို့မှာ ပြတိုက်လိုဟာမျိုး ရှိနေခဲ့ရင်လည်း ပြတိုက်တွေမှာ စိမ်ပြေနပြေ လိုက်ကြည့်ရတာ ဝါသနာ ပါ,ပါတယ်၊ အထူးသဖြင့် အခုလို ရာသီဥတုက အုံ့မှိုင်းနေတဲ့ နေ့မျိုးတွေ မှာပေါ့၊ ဒါပေမယ့် ကော်ဖီဆိုင်မှာလည်း တမေ့တမော မထိုင်ချင်၊ ပြတိုက်တွေကိုလည်း စိတ်ဝင်စားရ ကောင်းမှန်း မသိသေးတဲ့ ၄ နှစ်အရွယ် ကလေးတစ်ယောက် ဘေးမှာ ပါလာတဲ့ အခါမျိုးမှာတော့ မှိုင်းညို့လေးလံတဲ့ ကောင်းကင်အောက်မှာ ကျနော်တို့အတွက် လုပ်စရာက တစ်ခုပဲ ကျန်ပါတော့တယ်၊ အဲဒါက ရေပူစမ်း စပါး (Spa) ကို သွားဖို့ပါပဲ၊ အောက်က ပုံကတော့ Darmstadt မြို့က စပါး အဆောက်အဦးပါ၊


Photobucket

ဒီအဆောက်အဦး ရှေ့မှာ စက်ဘီးရပ်လိုက် ပြီးတဲ့အထိ ဒါဟာ စပါး အဆောက်အဦးပါလို့ ကျနော် မရိပ်မိသေးဘူး၊ သူ့ရဲ့ ဗိသုကာပုံစံ အရ ကျနော်က ဒါဟာ ဘူတာရုံ၊ ဒါမှမဟုတ် မြို့နယ်ခန်းမ တခုခုပဲလို့ ထင်နေမိတာကိုး၊ ဒီအဆောက်အဦးဟာ ဒုတိယ ကမ္ဘာစစ်အတွင်းက ပြားပြားဝပ်သွား ခဲ့တယ်၊ မြို့ကို ပြန်ထူထောင်ပြီး အတော်အတန် အခြေကျပြီ ဆိုမှ ရန်ပုံငွေရှာပြီး ဒီ စပါးအဆောက်အဦးကို ပြန်ဆောက်ခဲ့ ကြတာလို့ ဆိုတယ်၊ ရှေးလက်ရာ အတိုင်း ပြန်ဆောက်ထားပြီးတော့ မနှစ်ကမှ ဖွင့်တာလို့ သိရပါတယ်၊


Photobucket

စပါး အထဲက မြင်ကွင်းကို သဘောကျလို့ ရေကန်ထဲက တက်လာပြီးမှ ကင်မရာ အမြန်ပြေးယူပြီး တခေါက် ပြန်လာရိုက်ထားတာ..၊ ကျနော်နေတဲ့ အရပ်က စပါးတွေက ခေတ်မီပုံသဏ္ဍန် အဆောက်အဦးတွေမို့ အခုလို ပေါင်းမိုးခုံး၊ မျက်နှာကြက် အမြင့်ကြီးနဲ့ စပါးကို သဘောကျသွားတယ်၊ မသိရင် ကပွဲခန်းမလိုလို ဘာလိုလို၊ တနင်္လာနေ့မို့လား မသိဘူး၊ လူတွေ ရှင်းနေတယ်..၊


Photobucket

အဲဒီက ပြန်ထွက်လာတော့ လူတွေလည်း ဗိုက်ဆာ၊ ရေငတ် ဖြစ်ကုန်ပြီပေါ့၊ ဒါနဲ့ပဲ မြို့လယ်ခေါင်က ကော်ဖီဆိုင်ကို ပြန်သွားကြတယ်၊ အင်္ဂလိပ် လူမျိုးတွေရဲ့ လက်ဖက်ရည် သောက်ချိန်မှာ မြန်မာလူမျိုး ကျနော်က ဂျာမန်ဘီယာကို မှာသောက်ခဲ့တယ်..၊း)


Photobucket

ဆိုင်က မနက်က ဖြတ်ခဲ့တဲ့ ရင်ပြင်ပေါ်မှာ ပါပဲ၊ စနေလို နေ့မျိုးတွေမှာတော့ ဒီရင်ပြင်ပေါ်မှာ ဈေးတန်းကလေးတွေ ရှိတတ်ပါတယ်၊ အစိမ်းရောင်နဲ့ လှည်းကလေးက ကျနော့်စက်ဘီးမှာ ဆွဲတဲ့ သားရဲ့ လှည်းကလေးပါ၊ ဒီမှာ အခုလို စက်ဘီးနဲ့ လည်ဖြစ်မှာကို ကြိုသိလို့ အိမ်ကနေ အဲဒီ လှည်းကလေးကို တပါတည်း ယူလာခဲ့လိုက်တယ်၊ ကျနော်က လေထန်ထန်၊ မိုးဖွဲဖွဲမှာ အားစိုက်နင်းနေရ သလောက် သားကတော့ အဲဒီ လှည်းကလေးထဲမှာ မိုးလုံလေလုံ ဇိမ်ကျလို့...၊ ဆိုတော့လည်း မောတော့ မောတာပေါ့၊ ဒါပေမယ့် မမောဘူးလို့ပဲ တွေးရတာပေါ့လေ...။း)

(ဆက်ပါဦးမယ်၊ သိပ် မကျန်တော့ပါဘူး ^_^)


ညီလင်းသစ်
၂၀ အောက်တိုဘာ၊ ၂၀၁၁

36 comments:

  1. ဆက်ရန်ကိုပဲ မျှော်တော့မည်း)

    ReplyDelete
  2. ဘုရားကျောင်းလေးက ချစ်စရာလေးနော်။ ဓာတ်ပုံတွေအားလုံး သဘောကျတယ်။
    ဥယျာဉ်ကြီးထဲက စာဖတ်တဲ့နေရာလေးက အေးချမ်းလိုက်တာ။
    အကြိုက်ဆုံးကတော့ အောက်ဆုံးက ရေရင် ဒုတိယပုံ :))

    ReplyDelete
  3. ဗဟုသုတွေရယူသွားတယ် မောင်ညီလင်းသစ်ရေ။ ကိုယ်တိုင်အလည်ရောက်သွားသလို ဓာတ်ပုံတွေနဲ့အတူ စာအရေးအသားလေးတွေကြောင့် ကျေးဇူးနော်။
    Church ကိုသဘောကျတယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  4. စိတ်ဝင်စားစရာကောင်းတာက ဂျာမန်တွေလဲ ဂမ္ဘီရ၊ ထွက်ရပ်ပေါက်လမ်း ရှိတယ်လား ဆိုတာပါပဲ...။

    ReplyDelete
  5. အော် ခုမှသတိရလို့ သူတို့ ဂမ္ဘီရတွေက "Pan’s Labyrinth"ထဲကလိုပဲနေမယ်..။ :P

    ReplyDelete
  6. ဆက်ပါ ဆက်ပါ မြန်မြန်ဆက်ကြပါ ရုပ်ရှင်ကောင်းတုန်းမီးပျက်သလိုခံစားရလို့ပါ အကိုရေး)
    မိသားစုပျော်ရွှင်ကြပါစေ

    ညီမ

    မဒိုးကန်

    ReplyDelete
  7. ဓာတ်ပုံတွေ ကြည်လင်ပြတ်သားကောင်းမွန်လွန်းတာကတော့ပြောစရာကို မလိုတော့ဘူး။ ခရီးသွားဆောင်းပါးတွေ နှစ်ခြိုက်တယ်။ စက်ဘီးစီးပြီးသွားရတာ အရသာတစ်မျိုးရှိနေမှာပဲ။ အခုလို အရေးအသားကောင်းပုံမျိုးကြတော့ အစအဆုံးတစ်ထိုင်ထဲ ဖတ်ပစ်လိုက်ချင်မိတယ်။ ခြံပိုင်ရှင်ရဲ့စိတ်ကူးကောင်းပုံကို သဘောကျတယ်။ သဘာ၀၀န်းကျင်ကို မြတ်နိုးတတ်ပြီး စာပေချစ်မြတ်နိုးသူတစ်ဦးများဖြစ်နေမလားမသိဘူးနော်။ လက်တွန်းလှည်းလေးထဲက သားသားပုံလေးကို တစ်ပုံလာက်ရိုက်တင်ဖို့ ကောင်းတယ် ကိုညီလင်းသစ်ရေ။

    ReplyDelete
  8. ကြက်နဲ့ကြက်ဥပုံကိုအရမ်းသဘောကျတယ်။ Orthodox ဘုရားကျောင်းကလဲ လှလိုက်တာ။ ဆက်ရန်ကိုစောင့်နေတယ် ကိုညီလင်းသစ်။

    Mon Petit Avatar

    ReplyDelete
  9. Darmstadt မြို့ရဲ့ မြို့လယ်ခေါင်နဲ့ မြို့တော်ခန်းမ ကို ကြည့်ပြီး အခုတော့ပစ်ဖြစ်နေတဲ့ ၀န်ကြီးများရုံးအကြောင်းကို စဉ်းစားမိတယ်။
    နိုင်ငံခြားသားတွေကတော့ လက်ချိုးရေတွက်လို့ရတဲ့အဆောက်အဦတွေကိုဂုဏ်ယူစရာ (မြို့တော်ခန်းမတို့ဘာတို့)အဖြစ်သတ်မှတ်သုံးစွဲကြတယ်။
    မြန်မာပြည်မှာတော့ ပိုက်ဆံရအောင်ငှားစားဘို့ကြည့်တယ်။
    ပြတိုက်တို့ အစိုးရအုပ်ချုပ်ရေး ရုံးတို့လုပ်ဘို့စိတ်ကူးမရှိဘူး။

    ကိုညီလင်းသစ်ရေ ... နိုင်ငံရေးတွေပါကုန်ပြီ။
    ပို့စ်လေးက ဗဟုသုတကော အတွေးအမြင်တွေကိုကော ပေးစွမ်းနိုင်ပါတယ်။

    စက်ဘီးနောက်တွဲလေးကိုကြည့်ပြီး ရသလည်း အများကြီးခံစားရပါတယ်။

    ကျေးဇူးတင်ခင်မင်လျှက်

    ReplyDelete
  10. မောင်မျိုးOctober 20, 2011 at 5:47 AM

    ခမ်းနားလိုက်တာ ...

    ReplyDelete
  11. ဓါတ်ပုံလက်ရာသိပ်ကောင်းတယ်...။ ဘုရားကျောင်းပုံလေးက ဒစ္စနေကာတွန်းကားထဲက အဆောက်အဦလိုပဲ....။ ကြည့်လိုက်တဲ့ နေရာတိုင်း ခမ်းနားနေတော့တာပဲ...။ မျှဝေပေးတဲ့အတွက် ကျေးဇူးပါကိုညီလင်းသစ်...။

    ReplyDelete
  12. ဖတ်ရတာ ကိုယ်တိုင်တောင်လည်စရာမလိုတော့အောင်ပဲ
    ဂျာမန် ဂမ္ဘီရ ဆရာကိုယ် မြန်မာက ဆရာတွေ နဲ့ မိတ်ဖွဲ့ ပေးလိုက် ထွက်ရပေါက်ကျင့်ရအောင်း)။
    ပုံတွေ သိပ်လှတာတော့ ပြောစရာကိုမလိုတော့ပါဘူးလေ
    ဆရာတွေလက်ရာပဲဟာ။

    ReplyDelete
  13. အဲသည်နေ့က မိုးအုံ့နေတယ် ထင်တယ်နော် :D
    သည်မှာ အိမ်ရှင်အိမ်ငှား တွေ့ဖူးတာနဲ့တော့ကွဲတယ်.. တွေ့ဖူးတာက အိမ်ငှားက သပ်သပ်ယပ်ယပ်နေလို့ဖြစ်တဲ့ ပြင်ဆင်ပြီးသား အိမ်မှငှားကြတာ... သပ်သပ်ယပ်ယပ် လုပ်ပေးထားလျက်နဲ့မှ ဟိုဟာမကြိုက်သည်ဟာမကြိုက် အတွင်းခန်း ဆေးရောင်မကြိုက်တာကျတော့ အိမ်ငှားက ကိုယ်ကြိုက်သလို ကိုယ့်ဟာကိုယ်ပြန်သုတ် ပြန်လုပ်လို့ရတယ်။ အိမ်ပြန်အပ်တော့မယ်ဆိုရင် အိမ်ငှားက အိမ်ကို မူလပုံစံပြန်ထားခဲ့ရတယ်ဆိုတော့ အနည်းဆုံးတော့ ဆေးသစ်ပြန်သုတ်ပေးရတာပဲ။ စကတည်းက ဗလာအခန်းပဲ အိမ်ရှင်က အခန်းအမြင်အတိုင်း အရှိအတိုင်း ငှားမယ် ဘာမှလုပ်မပေးနိုင်ဘူး ဆိုတာကိုမှ ငှားချင်တဲ့သူတွေကတော့ ကိုယ့်ဟာကိုယ်ပြင်ပြီးနေကြတာပေါ့။ မိတ်ဆွေတယောက် သူ့အိမ်ကိုငှားတာ မီးဖိုချောင်က အကောင်းကြီး(မီးဖို၊ မုန့်ဖုတ်ဖို၊ ပန်းကန်ဆေးစက်)။ အိမ်ငှားက အသစ်လိုချင်တော့ သူတို့ပိုက်ဆံနဲ့ သူတို့ မီးဖိုအသစ်ဝယ်ဆင်ကြတယ်။ မိသားစုက ကလေးပါလာတော့ ကြမ်းကိုကော်ဇောခင်းမလိုချင်ဘူးဆိုလို့ ဒါကိုတော့ အိမ်ရှင်က ခွာပြီး ကြမ်းခင်ပေးလိုက်တယ်။ အဲလို ညှိလုပ်ကြတာ တွေ့ဖူးတယ်။

    စူးနွယ်လေး

    ReplyDelete
  14. မြို့တော်ခန်းမကမလေးရှားနဲ့
    နဲနဲဆင်တယ်နော်....
    ဓါတ်ပုံတွေအားလုံးလှတယ်ကိုလင်းသစ်ရေ
    စာလဲအရေးကောင်းနော်.ဖတ်တဲ့သူ
    မပျင်းရဘူးလေ။ဂျမန်ဘီယာဆိုလို့သတိရမိတယ်
    သူတို့ကဘီယာကိုအမြုပ်တစ်ဝက်ဘီယာတစ်ဝက်
    သောက်ကျတယ်နော်....ဘီယာပေါ်ကအမြုပ်
    တွေကိုသူတို့အရမ်းကြိုက်တာဘာကြောင့်လဲ...

    ReplyDelete
  15. မိုးအေးအေး မှာရိုက်ထားတဲ့ ပုံတွေကြည့် စာတွေဖတ်နေရာက ရေငတ်လာတယ်..း)
    ပုံကော စာရော ကောင်းတယ်ဗျာ.. ပန်းခြံကို သိပ်သဘောကျပါရဲ့။

    N/A

    ReplyDelete
  16. အလုပ်ရူတ်လွန်းလို့  အိမ်သိပ်မလည်နိုင်ဘူး။
    ခုမှ လာဖတ်ရတယ်။
    ကြက်မကြီးလား၊ ကြက်ဖကြီးလားမသိဘူး ဒီပုံကို သဘောကျတယ်။
    Spa ဆိုလို ဒီမှာ ကျောင်းတစ်ခုတက်လိုက်တာ ID & Landscape ထဲမှာ အဲဒါတွေ သင်ရတယ်။ ဒီပုံစံက ဂရိခေတ်ကတည်းက ရှိခဲ့တဲ့ (မြန်မာပြည်မှာ အင်္ဂလိပ်တွေ နေစဉ်က ဖွင့်ဖူးတဲ့ အပန်းဖြေစခန်း (Club) ဆန်ဆန်ပေါ့) ပြည်သူ တွေ အပန်းဖြေဘို့  လုပ်ထားတဲ့ ပုံစံပါ။ ခုမှပဲ ကိုညီလင်းသစ် ကျေးဇူးနဲ့  ပုံတွေကြည့်ရတော့တယ်။

    ReplyDelete
  17. ဘုရားကျောင်းလေးက စိတ်ကူးယဉ်ဆန်လိုက်တာဗျ...နော်
    ငယ်ငယ်ကဖတ်ရတဲ့ အင်္ဂလိပ်ပုံပြင်တွေထဲကအတိုင်းပဲ...။
    ဂမ္ဘီရဥယျာဉ်ကြီးကိုမြင်ရတော့ ဆရာမင်းသိင်္ခရဲ့ခြံကိုတောင်
    သတိရမိသေး...၊ကဲ..အကိုရေ..ဆက်ရန်မျှော်နေတယ်ဗျိုး၊
    ကျွန်တော်တောင်ပြီးသွားပြီနော်....၊ကျွန်တော့်အရင်
    ခရီးထွက်ကြတဲ့သူတွေ ခုထိမပြီးကြသေး...၊(အလကား
    စတာ...ဖြည်းဖြည်းနဲ့ များများလေးလုပ်ဗျိုး...:)))

    ReplyDelete
  18. လပြည့်ရိပ်October 20, 2011 at 10:06 AM

    Darmstadt ကို ရောက်ဖုးတယ်။ ဒါပေမယ့် အကို့လောက် မနှံ့ဘူး။ ကျောင်းနဲ့ မြို့ထဲလောက်ပဲရောက်တာ။ ဟုတ်တယ် ဒီမှာ အိမ်ဌားရင် တော်တော်များများကိုယ့်ဖာသာကိုယ်လုပ်ရတယ်။ မီးဖိုပါပြီးသား ၊ ပရိဘောဂ ပါရင် တဈေး၊ ရေခဲသေတ္တာ၊ အဝတ်လျှော်စက် စတာတွေကို ကိုယ့်ဖာသာကိုယ်တပ်မယ် hall ပဲ လိုချင်တယ်ဆိုရင် တဈေး၊ အိမ်ဌားခနဲံ ရေဖိုးမီးဖိုး အမှိုက်သိမ်းခ စတာတွေကို အိမ်ရှင်ကို တွဲရှင်းရင်ရှင်း၊ ဒါမှမဟုတ် သတ်သတ် အခြားတစ်ယောက်နဲံ ရေမီးဖိုး ကိစ္စကို စာချုပ်လုပ်ရင်လုပ် ဒီမှာ တော်တော်ရှုပ်တယ်။
    ဒါနဲ့ ဂျာမန်ဘီယာ အရသာ ဘယ်လိုလဲ :P

    ReplyDelete
  19. I like to ride Tha Tha's cart:P
    How much maximum weight it accepts?Nice trip and knowledgable photoes.I also went Zurich to attend first mm movie press show subtitle in Eng and Ger on Sunday.It has good shooting of Swiss ice mountain scenes .Want to see more photoes of Alexy.
    Gyidaw

    ReplyDelete
  20. ဖတ်ပြီး ဗဟုသုတတွေအများကြီးရသွားတယ်အစ်ကို..။
    ငယ်ငယ်က ၀ါးခြမ်းပြားနဲ့ ရေတံလျှောက်လုပ်ပြီးဆော့တာကို သတိရသွားတယ်..။
    စပါးဆိုလို့ ဆန်မဖြစ်ခင် စပါးကိုတွေးမိနေတာ.. ;D။
    ဘီယာမသောက်ပေမယ့် အဲဒီပုံကိုအကြိုက်ဆုံးဘဲ..။

    ReplyDelete
  21. ကိုယ့်အိမ်ကို ကိုယ်စိတ်ကြိုက် ပြုပြင်နိုင်တော့ ပိုကောင်းတယ်လို့ ထင်တယ်။ ဒီစင်ကာပူမှာကတော့ စလုံး အိမ်ရှင်တွေ သိပ်လူပါးဝတယ် အစ်ကို ပစ္စည်းအဟောင်းတွေ ပေးပြီး ပျက်ရင် အသစ်ပြန်ဝယ်ခိုင်းတတ်တယ်... သူတို့ ဆီက ရှေးဟောင်း အဆောက်အဦးတွေ ဆိုပေမယ့် ခမ်းနားသပ်ရပ်နေတာဘဲနော်...မိန်းမတစ်ယောက်ကို လက်ထပ်ဖို့ အတွက် ဘုရာကျောင်းတစ်ဆောင် ဆောက်လုပ် လှူဒါန်းသွားတဲ့ သူကြွယ်ကိုတော့ ဘယ်လို ပြောရမလဲတောင် မသိဘူး...

    ReplyDelete
  22. အားပါး ဂျာမနီမှာ အိမ်ငှားရမှာ မချောင်ပါလား... ဗဟုသုတ တစ်ခုတော့ တိုးသွားပြီး.. ဓါတ်ပုံတွေ အရမ်းကောင်းလွန်းတယ် အကိုရေ... ကျနော်လည်း မမေဓာဝီလိုပဲ အဲဒီပုံကို ကြိုက်တယ် ဟီးဟီး

    ReplyDelete
  23. မဘေဘီ ...
    ကဲ..မျှော်စေဗျား..၊း)

    မမေ ...
    ကြည့်ရတာ မမေလည်း ရေငတ်နေပြီ ထင်တယ်..၊း)

    အန်တီတင့် ...
    လာလည်လို့ ကျေးဇူးအများကြီး တင်ပါတယ်ဗျာ..၊

    ကိုကျော်မင်းနိုင် ...
    Pan's labyrinth ကို မကြည့်ဖူးသေးဘူးဗျ၊ အခု ဇတ်လမ်းဖတ်ပြီး ကြည့်ချင်သွားပြီ..၊း)

    မဒမ်ကိုး ...
    မီးပျက်သလို ခံစားရတယ် ဆိုရင် မီးစက်နှိုးပြီးတော့ကို ဆက်ပါဦးမယ်ဗျာ...၊ ဟုတ်ပြီလား၊း)

    အမမြသွေးနီ ...
    ကျနော်လည်း ဖြစ်နိုင်ရင် ခရီးတစ်ခုလုံးကို ပို့စ်တစ်ခုတည်း ရေးချင်ပါတယ်ဗျာ၊ အခုတောင် အတော်လေး စိတ်ရှည်ရှည်နဲ့ ရေးနေရတာ..၊း)

    Mon Petit Avatar ...
    ကြက်ဥကြောင့် ဖြစ်လာတဲ့ ကြက်မကို ပိုသဘောကျ တာလား၊ ကြက်မက ဥလိုက်တဲ့ ကြက်ဥကို ပိုသဘောကျ တာလား၊ ခွဲခြားဖြေလေ...၊း)

    မ,ကောင်းမွန်ဝင်း ...
    အဲဒီအကြောင်းတွေ စဉ်းစားလိုက်တိုင်း စိတ်ပျက်စရာ တွေနဲ့ချည်း အဆုံးသတ်ရတယ်ဗျာ..၊ နိုင်ငံ့အရေး ဆိုတာတော့ ရှောင်ကွင်းလို့မှ မရနိုင်ပဲဗျာ၊ ဟုတ်ဖူးလား၊

    မောင်မျိုး ...
    ကွန်မန့်က တယ်ရှည်ပါ့လား...၊း) စာအုပ်ပုံထဲ ကနေ ကမန်းကတန်း ထလာပုံ ရတယ်...ဟားဟား၊

    မမိုးငွေ့ ...
    ဒစ္စနေကာတွန်း...၊ သိပ်ဟုတ်တာပေါ့..၊ ကျနော်လည်း အဲဒီ ဘုရားကျောင်းကို ကြည့်ပြီး တစ်ခုခုနဲ့ တူပါတယ် အောက်မေ့နေတာ..၊း)

    Vista ...
    ညီမကိုတော့ မုန့်တွေ အများကြီး ဝယ်ကျွေးသင့်နေပြီ ထင်တယ်...၊း)

    မစူးနွယ် ...
    အခုလို ကွန်မန့်အရှည်ကြီးနဲ့ သေသေချာချာ ရှင်းပြပေးလို့ ကျေးဇူး အများကြီး တင်ပါတယ်ဗျာ..၊

    တောင်ကြီးက မစံပယ် ...
    မလေးရှား မရောက်ဖူးလို့ မသိဘူးဗျ၊ ဘီယာ အမြုပ်နဲ့ ပတ်သက်ပြီး ကြားဖူးတာက အမြှုပ်ပါတဲ့ ဘီယာဟာ မူလ အရသာကို အဆုံးထိ ထိန်းထားပေးတယ်-တဲ့၊ အမြှုပ်မရှိတဲ့ အခါကျတော့ လေသလပ်ပြီး ဘီယာက အရသာ ပြောင်းသွားတတ်တယ်လို့ ဆိုကြတာပဲ...၊

    ကို N/A ...
    အာခြောက်တတ်သူ အချင်းချင်းတော့ တွေ့ပြီ ထင်ပါရဲ့ဗျို့...၊း)

    အဝါရောင်မြေက,စော ...
    ဒါ့ကြောင့် ခုတလော ပျောက်နေတာကိုး..၊ အဆောက်အဦးရဲ့ ဗိသုကာနဲ့ ပတ်သက်ပြီး အတည်ပြု ပေးသွားလို့ ကျေးဇူး တင်ပါတယ်ဗျာ..၊

    ကိုညိမ်းနိုင် ...
    ကျနော်လည်း ကိုညိမ်းနိုင်ရဲ့ ခရီးသွား နောက်ဆုံးပို့စ်ကို ဖတ်ပြီးတော့ ဒီမှာ ဆက်ရေးဖို့ လက်တွန့်နေတာဗျ၊ သူတောင် ပြီးသွားပြီ ဆိုပြီးတော့လေ..၊ ကျနော့်မှာဗျာ.. တိမ်တွေဆီ သွားတဲ့ခရီးလည်း မဟုတ်ပါဘဲနဲ့ ကြာနေ လိုက်ပုံများ... ....၊း)

    လပြည့်ရိပ် ...
    ကျနော်လည်း ဒီလောက် မနှံ့ပါဘူး ညီမရေ..၊ ဒီ့ထက် ပိုပြီး လည်စရာတွေ ကျန်နေသေးတာ သေချာပါတယ်၊ တချို့တွေက နည်းနည်းပေါ့ပေမယ့် ယေဘုယျ ပြောရင်တော့ ဂျာမန်ဘီယာကိုလည်း ကြိုက်ပါတယ်၊း)

    ဂျီးဒေါ် ...
    အဲဒီ မြန်မာရုပ်ရှင် မိတ်ဆက်ပြပွဲက အတော်စိတ်ဝင် စားဖို့ ကောင်းမှာပဲနော်..၊ သားရဲ့ စက်ဘီးလှည်းကို ဂျီးဒေါ်လည်း စီးလို့ ရမှာပါ၊ အများဆုံးက ၂၅ ကီလို ခံတယ်လို့ ရေးထားတာ ဆိုတော့...၊း)

    ကိုဖြိုး ...
    ကျနော်လည်း အဲဒီလို ဆော့ခဲ့ဖူးတယ်ဗျ၊ ဘီယာ မသောက်တဲ့သူက ဘီယာပုံကို ကြိုက်တယ်ဆိုတာတော့ သဘောကျသွား ပြီဗျို့...၊း)

    ညီရဲ ...
    အေးဗျာ..၊ အဲဒီ သူကြွယ်ရဲ့ လုပ်ရပ်ကတော့ ရှုထောင့် ပေါင်းစုံကနေ အမြင်တွေ အမျိုးမျိုးနဲ့ ဝေဖန်လို့ ရမယ် ထင်တယ်ဗျ...နော၊း)

    ReplyDelete
  24. မောင်သန့် ...
    သူ့အရပ်နဲ့ သူ့ဇတ်လို့ပဲ ဆိုရမယ် ထင်ပါရဲ့ဗျာ၊ ဘီယာ ဓါတ်ပုံကိုတော့ ကြိုက်သူတွေ များနေပြီဗျို့...၊း)

    ReplyDelete
  25. လိုက်လည်သွားပါတယ်။ ပုံတွေအတွက်ကျေးဇူးတင်ပါတယ်။

    ReplyDelete
  26. ကိုညီလင်းသစ် ရေ
    ဖတ်စရာရှိတာဖတ် ကြည့်စရာလေး အမြန်ကြည့် ပြီးသွားတယ် ကွန်မကောင်းလို့ ကျေးဇူးနော်

    ကျနော် လည်း သဘာဝ တရားအတိုင်း ခြံမရှင်း ဘဲ နေမလားလို့ ဟားဟားးးးးးးးးး

    ခင်မင်တဲ့
    ရွှေစင်ဦး

    ReplyDelete
  27. ဘီယာ ဓါတ်ပုံကို ကြိုက်တယ်လို့ ကွန့်မန့်ပေးမယ်ဆို အောက်ဆုံးထိ ဆင်းလာတာ အောက်ဖျားမှာ ဘလော့ပိုင်ရှင်က ဘီယာဓါတ်ပုံကို အကြိုက်များနေပြီဆိုပြီး ရေးထားတာတွေ့လို့ တခြားပုံ ထပ်ရှာပြီး ပြန်ကြိုက်ပါတယ် ..း) .. ပန်းခက် ပုံစံ ရေတံခွန် ပုံလေးရယ် ကြက်မ ပုံလေးရယ် မိုက်တယ်ဗျာ ..း) ။

    ReplyDelete
  28. ကဲ..နောက်ကျန်တဲ့အပိုင်းလေးမြန်မြန်တင်ပါဗျိုးး

    ReplyDelete
  29. အားကျတယ်အကိုရေ....စုံလို့ပါပဲလား... :) ပျော်စရာလည်းကောင်းသလို ဗဟုသုတလည်းရလို့ ကျေးဇူးပါအကို...ကောင်းသောနေ့လေးဖြစ်ပါစေလို့....
    စောင့်မျှော်လျှက်..ပါ အကို :)

    ReplyDelete
  30. ကိုညီလင်းသစ်ရဲ့ ဓါတ်ပုံလက်ရာကိုတော့ အထူးပြောမနေတော့ပါဘူးလေ။ တကယ်ကို လှပကောင်းမွန်ပါတယ်။ အဲလိုရိုက်တတ်ချင်တာ။
    ခြံထဲက စာကြည့်ဖို့နေရာလေး သဘောကျလိုက်တာ .. ခြုံတွေနဲ့ သဘာဝအတိုင်းဆိုတော့ အေးချမ်းနေမှာဘဲ.. မြန်မာပြည်မှာတော့ ခြင်ကိုက်လိုက်မဲ့ဖြစ်ချင်း။ အဲဒီမှာတော့ ခြင်ရှိဟန်မတူနော်။
    နောက် ကျောက်ပန်းပု ရေတံခွန်လေး တကယ်ကို သဘောကျတယ်.. ဒီလိုပုံလေးတစ်ခါမှ မမြင်ဖူးဘူး... ဓာတ်ပုံလေးကို ကော်ပီကူးထားလိုက်တယ် ကိုညီလင်းသစ် .. သဘောကျလွန်းလို့ပါ.
    ကြက်မကြီးတို့ကလည်း အရောင်စုံပါဘဲလား။ အဲ..ောနက်ထပ် သဘောအကျဆုံးကတော့ ဘီယာပုလင်း
    မိုက်တယ်နော် ဟိဟိ
    ဂျာမန်ဘီယာတွေကောင်းတယ်လို့ သတင်းကြားထားတယ်လေ .. :P

    ReplyDelete
  31. ဓာတ်ပုံလက်ရာကတော့ ပရိုလက်ရာပါပေပဲ...ဗဟုသုတအတော်တိုးတယ်..နောက်ထပ် ပို့ စ်တွေထပ်တင်ပါဗျို့ 

    ReplyDelete
  32. ကြည့်ရတာ တော်တော်ကို အေးချမ်းပါတယ်။ ဓာတ်ပုံလက်ရာတွေကလည်း အထူးကိုကောင်းမွန်လှပါတယ်ရှင်။ စိတ်ဝင်စားစရာနေရာတွေကို ဘလော့ကနေတင်ပေးလို့ အထူးကျေးဇူးတင်ပါတယ်။

    ခင်တဲ့
    မေသိမ့်

    ReplyDelete
  33. I am looking forward to your episode 4 :)

    ReplyDelete
  34. ဒါတွေကို မလေး ပရင့်ထုတ်ဖတ်ကြောင်းပါ..
    ဘုရားကျောင်းလေးနဲ့ ခြံလေးကိုကြိုက်တယ်..

    ReplyDelete
  35. စာဖတ်ဖို့လုပ်ပေးထားတဲ့နေရာလေးတွေ သဘောကျတယ် ဒီမှာလည်း အိမ်ငှားရင် အိမ်ရှင်တွေက အားလုံးပြင်ဆင်ပေးထားတယ် ရေခဲသေတ္တာတလုံးပေးတယ် အဆင်သင့်တက်နေယုံဘဲ ကိုယ်နေပြီးသွားလို့ ပြောင်းတဲ့အခါတော့ အိမ်နံရံမှာ ညီလင်းပြောသလိုဘဲ အပေါက်တွေဘာတွေရှိရင် ပိတ်ပေးခဲ့ရတာပေါ့ ..
    ခရီးသွားအတွေ့အကြုံတွေ ဖတ်ရတဲ့အတွက်ကျေးဇူးပါ ညီလင်း ရေ တကယ်ရောက်သွားတဲ့အတိုင်းဘဲ ။

    mie nge

    ReplyDelete
  36. http://www.eastwindburma.net/bur/index.php?option=com_content&view=article&id=969:2011-02-20-15-24-04&catid=71:2010-12-26-16-06-19&Itemid=415

    မြေလျှိုးလို့ မိုးပျံဂူအောင်းလို့ နေသော်လည်း

    အတိတ်ကံဆိုး ကြုံလာတိုးက

    နွားခြေရာနောက် လှည်းဘီးလျှောက်သို့

    လွတ်ရိုးထုံးစံမရှိပြန်ဘူး
    ဆဒမ်ဟူစိန် ငူငူလေးထိုင်

    သေနတ်ကိုင်လို့ သေနေတဲ့ ကဒါဖီပုံရိပ်
    အတိတ်သင်ခန်းစာ မြင်အောင်ကြည့်ကြစမ်းပါ

    လူမိုက်ဆိုတာ ဂျိုပါပြီးသားမို့

    လွတ်စရာလမ်းမရှိ ကူသူလည်းနတ္ထိ

    စမ်းစစ်ကြည့် အနိုင်ယူခြင်းရဲ့ နိဂုံး

    အဆုံးသတ်မှာတော့ လူမိုက်ဆိုတာ

    အရှုံးနဲ့ ပဲသေဆုံးရမှာပါ...

    ReplyDelete