10 November 2011

အန်ဂယ်လာရဲ့ တိုင်းပြည်သို့ (၅)


ကျနော့်ရဲ့ ခရီးသွားပို့စ်က ဟုတ်ဟုတ်ငြားငြား ဆိုနိုင်လောက်တဲ့ 'ဆင်ပြောင်ကြီး' မဟုတ်ပေမယ့် အမြီးကျမှ တစ်နေတာ အတော်လေး ကြာသွားတယ်၊ ပြောရရင်တော့ ထုံးစံအတိုင်း အလုပ်ရှုပ်နေ ခဲ့ပါသည်ပေါ့၊ ဒီကြားထဲမှာ သွားရင်းလာရင်း တခြားရေးချင်တာလေးတွေ ခေါင်းထဲ ပေါ်လာပေမယ့် ဖောက်မရေးချင်တာနဲ့ ဒီပို့စ်ကိုပဲ အမြန်ဆုံး အဆုံးသတ်ဖို့ စိုင်းပြင်း နေခဲ့ပါတယ်၊ ကဲ-အခုတော့ စ,မိတဲ့ ဇတ်လမ်း ဒီမှာ ဆုံးပါပြီ...၊


Photobucket
ဟော်လန်ရပ်ကွက်ကို ဖြတ်ရင်းနဲ့ သက်ဆိုင်ရာ နိုင်ငံတွေရဲ့ အလံတွေကို ခုံဖိနပ်လေးတွေနဲ့ ကိုယ်စားပြုထားတာ ဆိုင်တစ်ဆိုင်ရဲ့ နံရံမှာ ဖြတ်ကနဲ တွေ့လိုက်တုန်းကပါ..၊


Photobucket
ဒါကတော့ အင်္ဂလိပ်ရပ်ကွက်မှာ တွေ့လိုက်မိတာလေးပါ၊ မွေးပွရုပ်တွေက ကျနော်တို့ ငယ်ငယ်ကနဲ့စာရင် အများကြီး ပိုများလာတယ်၊ ကာတွန်းဇတ်လမ်းတွေထဲက ဇတ်ကောင်တွေလည်း ဈေးကွက်ချဲ့ပြီး စီးပွားဖြစ် မွေးပွရုပ်တွေ ဖြစ်လာ ကြတာလည်း တကြောင်းလို့ ဆိုရမယ် ထင်ပါတယ်၊


Photobucket
Europa Park ကို ၂ ရက် လည်ဖြစ်တဲ့ အတွက် ဒုတိယရက်မှာ 4D ရုပ်ရှင် ကြည့်ဖြစ်ပါတယ်၊ နာရီဝက်လောက်ပဲ ကြာတဲ့ Sammy's adventures ဆိုတဲ့ ကာတွန်းကားလေးပါ၊ ကျနော့်အတွက် 4D ရုပ်ရှင်ကို ဒုတိယအကြိမ် ကြည့်ဖူးတာဖြစ်လို့ ရုံထဲမှာ မီးမပိတ်ခင် အစောကြီးကတည်းက ဘယ်ပစ္စည်းတွေကများ ကိုယ့်ရဲ့ ခန္ဓာကိုယ်ကို လာထိမလဲလို့ လိုက်ကြည့်ထားတယ်၊ ခုံရှေ့က လေထွက်တဲ့ အပေါက်၊ ခုံနောက်မှီမှာ လျှို့ဝှက် တပ်ထားတဲ့ ရေပိုက်၊ ခုံအောက်က ရော်ဘာကြိုး စသဖြင့် တွေ့ပါတယ်၊ ဒါပေမယ့်လည်း ဘာမှတော့ မထူးပါဘူး၊ ရုပ်ရှင်စ,တာနဲ့ ဇတ်လမ်းထဲမှာ မျောသွားပြီးတော့ အဲဒီဟာတွေကို မေ့သွားတာပါပဲ၊ ဇတ်လမ်းထဲမှာ မြွေက သူ့အမြီးကို ခါလိုက်တဲ့အချိန်မှာ စောစောက ကျနော်ကြည့်ထားတဲ့ ခုံအောက်က ရော်ဘာကြိုးတွေက ခြေထောက်တွေကို လာရိုက်လို့ လန့်အော်လိုက်ကြတာ ဆိုတာ တရုံလုံးပဲ၊ ဇတ်လမ်းက Sammy ဆိုတဲ့ လိပ်ကလေး အကြောင်းပါ၊ သူပျော်ပါးရာ ပင်လယ်ပြင်မှာ တစ်နေ့ ရေနံတင်သင်္ဘောတစ်စီး မှောက်လို့ ရေထုညစ်ညမ်းမှုနဲ့ ဝေးရာကို ပြေးဖို့ ကြိုးစားတဲ့ အကြောင်း..၊ ကလေးတွေ အတွက် ရည်ရွယ်တဲ့ အခုလို ကာတွန်းကားတစ်ခုမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ဆိုင်တဲ့ ပညာပေးပြကွက်တွေကို Cinema 4D အတတ်ပညာနဲ့ ဖော်ကျူးနိုင်လို့ သူတို့လေးတွေအတွက် ပိုပြီး ရိုက်ခတ်မှု ရှိနိုင်မယ်လို့ ကျနော်မြင်ပါတယ်၊ ပင်လယ်ထဲက ဇတ်လမ်းဆိုတော့ ထိုင်ခုံနောက်မှီမှာ ဖွက်ထားတဲ့ ရေပိုက်လေးကနေ ရေစက်၊ ရေမှုန်တွေ ခဏခဏ လာစင်လို့ ရုံထဲမှာ ကလေးတွေရဲ့ ရယ်သံလေးတွေက လန်းလန်းဆန်းဆန်းနဲ့..၊


Photobucket
သရဲရထားလည်း စီးဖြစ်ခဲ့ပါ သေးတယ်၊ ဒါက သရဲခြောက်တဲ့ အဲဒီအိမ်ရဲ့ အဝင်ဝက အရုပ်ပါ၊ အိမ်ထဲကိုဝင်၊ သရဲခြောက်တဲ့ အခန်းတွေ လေးငါးခန်းလောက်ကို ဖြတ်ပြီးမှ ရထားလေးဆီကို ရောက်ပါတယ်၊ အဲဒီရထားနဲ့ သရဲတွေရဲ့ ရွာတွေကို ဖြတ်ရတာပါ၊ အသံ၊ အရုပ်၊ အလင်း၊ အမှောင်၊ မိတ်ကပ် အားလုံးကို သုံးပြီး ခြောက်တယ်..၊ ကလေးလူကြီး အားလုံးအတွက် ယေဘုယျ ပစ်မှတ်ထားလို့လားတော့ မသိဘူး၊ ဒီလောက်ကြီး ကြောက်စရာ မကောင်းပါဘူး၊


Photobucket
အခုလို ပြဇတ်လေးတွေလည်း တစ်နေ့ကို ၂ ကြိမ်လောက် ပြပါတယ်..၊


Photobucket
တစ်နေရာမှာ ဒီဘော်လုံးကန်ကို တွေ့တော့ သားက အားရဝမ်းသာနဲ့ သွားဆင်းဆော့တယ်၊ ပြီးတော့ 'ဒီမှာလည်း IKEA ရှိတာပဲလား'လို့ တအံ့တသြနဲ့ ရေရွတ်လို့..၊ ကျနော်တို့ သွားလေ့ရှိတဲ့ IKEA မှာလည်း ကလေးတွေကို ထားခဲ့တဲ့ နေရာမှာ အခုလို ပလတ်စတစ် ဘော်လုံးကန်တစ်ခု ရှိတာကိုး..၊


Photobucket
ဒုတိယရက်ရဲ့ နေ့လယ်စာကိုတော့ ဒီပုံထဲက ထူးထူးဆန်းဆန်း ဆိုင်မှာ စားဖြစ်ပါတယ်၊ ဆိုင်နာမည်က Food loop တဲ့၊ သူ့နာမည်အတိုင်းပါပဲ၊ အစားအသောက်တွေက သံဘားတန်းတွေ တလျှောက် looping ကွင်းတွေကို ဖြတ်ပြီးမှ စားပွဲကို ရောက်လာတယ်၊ အစားအသောက်တွေက မီးဖိုချောင်ကနေ မျက်နှာကြက်ပိုင်း အမြင့်ဆီကို ဓါတ်လှေကား အသေးလေးတွေနဲ့တက်၊ ဓါတ်လှေကား ဆုံးတာနဲ့ သံဘားတန်း အစ,ကနေ ကွေ့ဝိုက်လိမ်ပတ်ပြီး စားပွဲတွေဆီကို ဆင်းလာတာပါ၊ ဆိုတော့ လူတွေအားလုံးကလည်း မျက်နှာကြက်ဆီပဲ တမော့မော့နဲ့..၊


Photobucket
ဆိုင်ထဲမှာ စားပွဲထိုး မရှိပါဘူး၊ စားပွဲတိုင်းမှာ ရှိတဲ့ ကွန်ပြူတာကနေ တိုက်ရိုက်မှာရ ပါတယ်၊ ကြိုက်တဲ့ဟင်းအမယ်ကို ရွေးပြီးတဲ့အခါ အဝင်ဝမှာ ယူခဲ့ရတဲ့ ကဒ်ကိုထည့်ပြီး အတည်ပြုလိုက်ရင် ရပါပြီ၊ ကွန်ပြူတာနဲ့ မှာရတာ ဆိုပေမယ့် user friendly ဖြစ်အောင်လုပ်ထားလို့ လွယ်ပါတယ်၊ လွယ်လွန်းလို့ သားတောင်မှ ကျနော်တို့အလစ်မှာ သူ့သဘောနဲ့သူ ပုံတွေကိုကြည့်ပြီး လိုက်နှိပ်နေလို့ အဆုံးသတ် confirm မလုပ်နိုင်အောင် ကဒ်ကို သိမ်းထားရတယ်..၊း)


Photobucket
လမ်းခုလတ်မှာ အရှိန်နဲ့ ဆင်းလာနေတဲ့ ဟင်းအမယ် တစ်ခွက်..၊


Photobucket
မိုးပေါ်ကနေ လိမ်ကောက်ပြီးမှ ကျလာတာဆိုတော့ အစားအသောက်တွေက အခုလို အိုးလေးတွေနဲ့ အဖုံးပိတ်လျက်သား ရောက်လာပါတယ်၊ ဟင်းတွေကတော့ တော်တော်လေးကို ညံ့ပါတယ်၊ ပုပ်သိုးနေတဲ့ ဟင်းမျိုးကလွဲရင် ဘာလာလာ အကုန်စားတဲ့ ကျနော့်လို လူတောင်မှ အရသာ မရှိတာ တန်းပြီးသိတယ်၊ ပြီးတော့ ဘီယာတို့၊ အချိုရည်တို့ဆိုရင် ပုလင်းနဲ့ဟာပဲ ရပါတယ်၊ ဟင်းချိုလိုမျိုး အရည်သောက်ဟင်းလည်း မရပါဘူး၊ မဟုတ်ရင် ဟင်းရည်တွေက ဂျွမ်းထိုးမှောက်ခုံနဲ့ တဆိုင်လုံး​ ရွှဲရွှဲစို နေမှာ သေချာတာပေါ့၊


Photobucket
အချိုပွဲလည်း ဒီလိုပဲ ရောက်လာပါတယ်၊ စားပွဲပေါင်းစုံက မှာတဲ့ အစားအသောက်တွေက ဘားတန်းတွေပေါ်မှာ တရွှီရွှီ နဲ့ သွားနေကြလို့ လူကြီးရော၊ ကလေးပါ တအံ့တသြနဲ့ ရှိနေကြတယ်၊ လူတွေတင် မကဘူး၊ အစားအသောက်တွေပါ ရိုလာကိုစတာ စီးစေတဲ့ စိတ်ကူးနဲ့ လုပ်ထားတာ ဖြစ်လို့ ရောက်ဖူးရုံ တခါလောက် သွားစားကြည့်ရင် လုံလောက်ပါပြီ၊ ဒီလိုဆိုင်မျိုးမှာတော့ ဟင်းအမယ်က စုံမှာမဟုတ်တဲ့အပြင် အရသာလည်း မရှိနိုင်လောက်ဘူးဆိုတာ ဘယ်သူမဆို ခန့်မှန်း ကြည့်နိုင်ပါတယ်..၊


Photobucket
ညနေစောင်း လူတွေပြန်ချိန်မှာတော့ ဝန်ထမ်းတွေက အခုလို ဝတ်စားပြီးတော့ ထွက်ပေါက်မှာ နှုတ်ဆက်ပါတယ်၊ ဒီစုံတွဲကို ပထမနေ့ကလည်း တွေ့ဖြစ်တယ်၊ ဒီနေ့မှာတော့ ဓါတ်ပုံရိုက်ဖို့ သွားရပ်လိုက်တာနဲ့ လက်ချင်းချိတ်ပြီး အိုက်တင်လုပ်ပြီးသားပဲ၊ ကျနော်ရိုက်သလောက်ကို အပြုံးမပျက်ဘဲ တသမတ်ထဲ ရပ်ပေးကြပါတယ်...၊


Photobucket
ခပ်လှမ်းလှမ်းမှာ လူတွေကို နှုတ်ဆက်နေတဲ့ မြင်းပုလေးနဲ့ ဒီလူကိုတွေ့တော့ သားက အထူးအဆန်းဖြစ်ပြီး အံ့သြလို့..၊


Photobucket
နည်းနည်း ရှေ့ဆက်လျှောက်လာတော့ ထွက်ပေါက်နဲ့ အနီးဆုံးမှာ လူတွေနဲ့ ဓါတ်ပုံတွဲရိုက်နေတဲ့ ဒီကာတွန်းရုပ် နှစ်ရုပ်နဲ့ တွေ့ပါတယ်၊ တီဗီထဲမှာပဲ တွေ့နေရတဲ့ ကာတွန်းဇတ်ကောင်တွေကို အပြင်မှာ အခုလို အလုံးအထည်နဲ့ တွေ့ရလို့လားတော့ မသိပါဘူး၊ သားက ထူးထူးဆန်းဆန်း သူလည်း ဓါတ်ပုံတွဲရိုက် ချင်တယ်-တဲ့၊


Europa Park ကို နှုတ်ဆက်ပြီး ထွက်လာတော့ တည်းခိုခန်းကို မပြန်သေးဘဲ လမ်းမှာရှိတဲ့ စားသောက်ဆိုင် တစ်ဆိုင်မှာ တခါတည်း ညစာ ဝင်စားဖြစ်ပါတယ်၊ အန်ဂယ်လာ မက်ကဲလ်ရဲ့ ဂျာမနီမြေပေါ်မှာ နောက်ဆုံးစားဖြစ်တဲ့ ညစာဆိုပေမယ့် တကယ်တမ်း စားဖြစ်တာက ယင်းဂ်လပ် ရှင်နာဝပ်ထရာရဲ့ ထိုင်းစာပါ၊ နေ့လယ်က Food loop နဲ့ ဘာမှမဆိုင်လောက်အောင် တကယ်ကောင်းတဲ့ အဲဒီဟင်းပွဲတွေနဲ့ ကျနော့်ရဲ့ ဒီပို့စ်ကို အဆုံးသတ်ပါ့မယ်..၊


Photobucket
ထုံးစံအတိုင်း တုံယမ်ဟင်းချို မှာပါတယ်၊ တကယ်တမ်း ပြောရရင် မှာသာ မှာလိုက်တာပါ၊ ဂျာမနီမှာ ရနိုင်တဲ့ တုံယမ်က သိပ်ကောင်းမယ်လို့ မထင်ပါဘူး၊ ရောက်လာတော့ ကျနော့်အထင် မှားသွားတယ်၊ တော်တော့်ကို ကောင်းပါတယ်၊ ဒါနဲ့ ဒုတိယ တစ်ဇွန်းကို မျက်စိမှိတ်ပြီး သောက်ကြည့်တော့ ဘန်ကောက်ကို နေ့ချင်းညချင်း ပြန်ရောက်သွား သလိုပါပဲ၊ အဲဒီလို တုံယမ်အရသာကို လွန်ခဲ့တဲ့ ၇ နှစ်က ဘန်ကောက်မှာ သောက်ခဲ့ဖူးတာ နောက်ဆုံးပါပဲ၊


Photobucket
သိပ်မကြာခင်မှာ သင်္ဘောသီးသုပ် ရောက်လာတယ်၊ သင်္ဘောသီးသုပ်ကို ကျနော် ကြိုက်ပါတယ်၊ မစားဖူးသေးတဲ့ ထိုင်းစားသောက်ဆိုင်တွေ ရောက်တိုင်း ကျနော် အမြဲတမ်း မှာပြီး အကဲစမ်းလေ့ ရှိပါတယ်၊ အခုလည်း မှာလိုက်တယ်၊ ဒါပေမယ့် စိတ်ထဲမှာတော့ သိပ်ပြီး မျှော်လင့်မထားတာ အမှန်ပါ၊ အထူးသဖြင့် အစပ်မစားကြတဲ့ ဥရောပမှာ ထိုင်းသင်္ဘောသီးသုပ်က ကျနော် မျှော်လင့်ထားတဲ့ အစပ်စံချိန်ကို မှီနိုင်မယ်လို့ ထင်မထားခဲ့ဘူး၊ တစ်ဇွန်းစား အပြီးမှာပဲ ဒီတခါလည်း ကျနော့်အထင် မှားပြန်ပြီလို့ သိလိုက်ရတယ်၊ ချဉ်ငန်စပ် သုံးပါးစလုံးနဲ့ ပြည့်စုံတဲ့ သင်္ဘောသီး သုပ်ပါပဲ၊ အစပ်ကလည်း အံ့သြစရာ ကောင်းလောက်အောင် တကယ့်ကို စံချိန်မှီ...၊ နောက်ထပ်တစ်ရက်တိုးပြီး ဒီမှာ ဆက်နေချင်စိတ်လေး အဲဒီတခဏ အတွင်းမှာ ပေါက်သွားသေးတယ်၊ တခြားဘယ်မှ သွားဖို့မဟုတ်ပါဘူး၊ နောက်ထပ် သင်္ဘောသီးသုပ် ၃ နပ်လောက် ထပ်စားဖို့ သက်သက်ပါပဲ..၊း)


Photobucket
မှိုနဲ့ဝက်သားဟင်းကလည်း ငရုတ်သီးနဲ့ မလွတ်ပြန်ဘူး၊ ထမင်းထပ်ယူတာလည်း ဘယ်နှပန်းကန်မှန်း မသိတော့ဘူး၊း)


Photobucket
ဒီတစ်ပွဲပဲ ငရုတ်သီးနဲ့ လွတ်တယ်၊ ဒါတောင် သားအတွက် မှာထားတာ မို့လို့..၊း)


Photobucket
ငရုတ်သီးစပ်တဲ့အခါ ရေသောက်လို့ မပြေပါဘူး၊ ထောပတ်၊ မလိုင်၊ နွားနို့ စတာတွေ စားမှသာ ချက်ချင်း အစပ်ပြေတာပါ၊ ငရုတ်သီး ထဲမှာပါတဲ့ ကက်ပ်ဆိုင်စင် (Capsaicin) မော်လီကျူးက အဲဒီလို အဆီ၊ အဆိမ့်တွေနဲ့ ချက်ချင်းပဲ ပေါင်းစပ်ဓါတ်ပြုလေ့ ရှိလို့ လျှာပေါ်မှာ စပ်တာ ခဏချင်းပဲ ပျောက်သလို ဗိုက်လည်း မအောင့်ပါဘူး၊ အစာအိမ်နံရံမှာ ကပ်နေမယ့် ကက်ပ်ဆိုင်စင် မော်လီကျူးတွေကို မလိုင်၊ နွားနို့က ခွာယူ၊ ဝါးမျိုလိုက်လို့ လူကို မထိတော့ ပါဘူး၊ ဒါပေမယ့် အဲဒီမှာတော့ နွားနို့အစား ဘီယာပဲ သောက်ခဲ့တယ်၊း) အဲဒီ ရက်ပိုင်းမှာလည်း Munich မှာ ဘီယာပွဲတော် Oktoberfest က စ,နေပြီလေ၊ ကျနော်တို့ ရှိတဲ့နေရာနဲ့ Munich နဲ့က တခြားစီ ဆိုပေမယ့် သူ့ရေ၊ သူ့မြေမှာ သူ့ယဉ်ကျေးမှုကို လေးစားသောအားဖြင့် ဆိုပါတော့ဗျာ..၊း)

ကျနော့်ရဲ့ တုံ့ဆိုင်းတုံ့ဆိုင်း ခရီးသွားပို့စ်ကို အခုလို နောက်ဆုံးထိတိုင်အောင် စိတ်ရှည်ရှည်နဲ့ သတိပေး၊ နှိုးဆော်၊ တိုက်တွန်း၊ အားပေးပြီး စောင့်ဆိုင်းဖတ်ရှုကြတဲ့ သူငယ်ချင်း၊ မောင်နှမတွေကို ကျေးဇူး အများကြီး တင်ပါတယ်..။ ။


ညီလင်းသစ်
၁၀ နိုင်ဝင်ဘာ၊ ၂၀၁၁

34 comments:

  1. အစကနေ စောင့်ဖတ်နေတာ.
    ခုလို စိတ်ရှည်လက်၇ှည် အစအဆုံး ရေးပြီး မျှဝေတာ ကျေးဇူးတင်ပါတယ်.
    ကိုယ်မရောက်ဘူးသေးတဲ့ နေရာတွေအကြောင်း သိလိုက်ရတယ်..

    ReplyDelete
  2. ညီလင်းသစ်ရေ
    ခရီးသွားမှတ်တမ်းက စိတ်ဝင်စားဖို့ကောင်းလို့ စောင့်ဖတ်နေတာ ခုပြီးသွားပြီပေါ့...
    နောက်ထပ် ရသမြောက်ပြီး ဖတ်လို့ကောင်းတဲ့ ပိုစ်တွေကို မျှော်လင့်ရင်း
    စု

    ReplyDelete
  3. စိတ်ဝင်စားစရာ ခရီးသွားမှတ်တမ်းကို ဖတ်သွားပါတယ်.သဘောင်္သီးသုပ် ရှလွတ်.
    AA

    ReplyDelete
  4. သားသားလေးကတော့ တကယ့်ကိုချစ်စရာလေးဗျာ...
    တကယ်....မျက်နှာလေးလည်းချိုလိုက်တာ...၊
    ရိုလာကိုစတာ စားသောက်ဆိုင်ကတော့ ဟင်းတွေ
    တမော့မောနဲ့စောင့်နေရတာနဲ့ပဲ အုံးလွဲမယ့်သဘောရှိတယ်
    အိုင်ဒီယာတွေကတော့ အလန်းတွေပဲဗျနော့.....၊
    ထိုင်းအစားအစားတွေကို သင်္ဘောသီးထောင်းကလွဲလို့
    သိပ်ကြိုက်...၊ရောက်ရာနေရော ထိုင်းဆိုင်ပဲရှာစားမိ
    အောင်ကိုကြိုက်တာရယ်....:)
    အဲ......အကြိုက်တကာ့အကြိုက်ဆုံးကတော့ နောက်ဆုံး
    ပိတ်မှာ ဘီဘီလေးနဲ့ပိတ်တောပဲဗျိုး......:)))))

    ReplyDelete
  5. တဝကြီးဖတ်လိုက်ရတယ်။
    ၊သားသားပုံတွေလည်းတဝကြီးကြည့်လိုက်ရတယ် ကျေးဇူပါ ကိုညီ။း)။ ထိုင်းစာကို အရင်နေ့ တွေထဲက စားလိုက်မိရင်ပိုတန်မှာနော် Food loop ကတော့ တခါနဲ့ တင်တော်ပီပေါ့း)။

    ReplyDelete
  6. ခရီးသွားမှတ်တမ်းလေး အားကျစရာပါလား။ နေရာစုံ လိုက်ပို့ပေးတဲ့အတွက် ကျေးဇူးပါ မောင်ညီလင်းရေ။ စားသောက်ဖွယ်စုံလင်စွာနဲ့ ဗိုက်တကယ်ဆာလာပြီး)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  7. စားသောက်ဆိုင်က အိုင်ဒီယာကောင်းပြီး အစားအသောက်ညံ့တာ ဆိုးပါတယ်... ကျွန်တော်ကတော့ ဓါတ်ပုံတွေ အားကျတယ်... မကယ်တို့အိမ်မှာ ရင်လပ်တို့ရဲ့ အစာစားတာလို့ ပြောတာ သဘောကျတယ်... :P

    ReplyDelete
  8. သားကချစ်စရာကောင်းပြီး ပိုထွားလာတယ်..။ ပါးစပ်မှာ လက်ချောင်းလေးတင်ထားတဲ့ပုံသဘောကျတယ်..။
    နိုင်ငံအလံတွေနဲ့ ဖိနပ်တွေလည်းမိုက်တယ်...အရောင်စိုစိုနဲ့..။ ကျွန်တော်သတိထားမိတာ ..အနောက်နိုင်ငံတွေမှာသုံးတဲ့
    colour tone နဲ့ အရှေ့မှာသုံးတဲ့ colour tone မတူဘူး ဥပမာ အ၀တ်အစား၊ အသုံးအဆောင်ပစ္စည်းစတာတွေပေါ့..။ အနောက်ဘက်က အရောင်ကပိုစိုပြီး Solid ပိုဖြစ်တယ်..သူတို့ဘက်က အရောင်သုံးတာတွေကိုပိုသဘောကျတယ်..။ (ပို့စ်နဲ့တော့မဆိုင်ဘူး ဟီင်္း) တုံရမ်းကတော့ ကျွန်တော်လဲကြိုက်တယ်..စပ်လေကြိုက်လေဘဲ..။ ပုံတွေကြည့်ရင်းကြည့်ရင်းနဲ့ နောက်ဆုံးပိတ်မှ အိတ်နဲ့လွယ်သွားပြီ...။ အဲဒီပုံအကြိုက်ဆုံးပဲ..။

    ပုံ
    ဘီယာမသောက်သူ

    ReplyDelete
  9. သားက အတော်ကြီး ထွားလာတယ်..ဒူးဒူး အကြောင်းရေးထားတဲ့ ပို့ စ်တုန်းက သားက ငယ်သေးတယ်... သားလေးက အတော်ချစ်ဖို့ ကောင်းတယ်ဗျ ကိုညီ.. ဓာတ်ပုံတွေကတော့ ပရိုပါပဲ..ယိုးဒယားစာ စား၊ ဘီယာသောက်ပြီး အဆုံးသတ်သွားတာ မိုက်တယ်ဗျား...

    ReplyDelete
  10. စုံတွဲလေးက ချစ်စရာကောင်းပါ့ ပြုံးပျော်နေတာပဲ ။ သားသားလည်း တော်တော် ထွားလာပြီပဲ ။

    အစ်ကို့ကို မဲဆောက်က ထိုင်းစာတွေ ကျွေးချင်တယ် ဈေးပေါပြီး အရသာတွေက ရှယ်ပဲမို့ ။

    ReplyDelete
  11. စားချင်ပါတယ် သွားချင်ပါတယ် အကိုရေ
    ခုတော့နေမကောင်းလို့ ကုတင်ပေါ်ကနေပြီး သွားရေကျယုံသား)

    ခင်မင်လျှက်

    မဒိုးကန်

    ReplyDelete
  12. အားကျမိပါတယ်ရှင်။
    အစအဆုံး စိတ်ဝင်စားစရာတွေချည့်ဘဲ။ ကျမတော့ အရုပ်လေးတရုပ်တော့ ၀ယ်မိမယ်ထင်တယ်။ ထို်င်းဆိုင်က ဟင်းတွေကကောင်းရုံတင် မက ရိုက်ထားတာကလည်း အရမ်းလှတယ်။ နောက်ဆုံး ဘီယာပုံလည်း သိပ်လှတယ်။ ကျမလည်း ဟိုသွားချင်သလို ဒီသွားချင်သလိုဖြစ်လာပြီ ဒါဖတ်ပြီး။း)
    အိုင်အိုရာ

    ReplyDelete
  13.ဲနဲနဲတောင်မေ့ချင်ချင်ဖြစ်သွားတယ် ခုမှပဲ ခရီးသွားဇာတ်သိမ်းပိုင်းရောက်တော့တယ်...။ ခရီးစဉ်အစအဆုံး ပုံတွေရိုက်ထားတာကြည့်တော့ ပျော်စရာလေး သွားချင်စရာလေးတွေချည်းပဲ....။ ခုလိုမိသားစုလိုက် အေးအေးချမ်းချမ်းခရီးသွားနိုင်ကြတာ အားကျစရာပေါ့...။ သားလေးကချောလိုက်တာ...း)

    ခင်တဲ့
    မိုးငွေ့

    ReplyDelete
  14. စိတ်ဝင်စားစရာ ကောင်းတဲ့ ခရီးသွားမှတ်တမ်းကို
    မလွတ်တမ်းဖတ်လာခဲ့တာနော်...
    တစ်ခါမှမမြင်ဖူး မကြားဖူးတဲ့စားသောက်ဆိုင်လေးကိုအံ့သြမိပါတယ်...
    ထိုင်းအစားအသောက်တွေကြည့်ပြီးဖတ်ရင်းနဲ့ဗိုက်ဆာလာတယ်...သားလေးရဲ့ပုံတွေ ကူးယူထားပါတယ်
    ချစ်ဖို့ကောင်းတယ်ဆိုတာထက်ပိုနေလို့ပါ။
    ခင်မင်တဲ့ jasmine

    ReplyDelete
  15. အရုပ်လေးတွေကလည်း ချစ်စရာလေး.... သားသားရဲ့ မျက်နှာလေးက ကြည်လင်နေတာပဲ...အကို ....:) အစားသောက်တွေလည်း စားချင်စဖွယ်... ခရီးသွား ပို့စ်လေးတွေ ဖတ်ရတာ ကိုယ်တိုင်ရောက်သွား သလိုပဲ..ကျေးဇူးပါအကို...ကောင်းသောနေ့ရက်လေးတွေ ပိုင်ဆိုင်ပါစေ လို့ဆန္ဒပြုရင်း....

    ReplyDelete
  16. မျှော်လိုက်ရတာ ၀ူးးးးးးအခုမှဘဲ တခုပြီးသွားတော့တယ် ကဲ...နောက်ထပ် သွားမယ့်နေရာ ရွေးလိုက်အုံး လေဟာနယ်ထဲကနေ လိုက်ပါမော့ပါအုံးမယ်

    ReplyDelete
  17. သားလေးက ချစ်စရာကောင်းလိုက်တာ
    ထွားလာတယ်နော်။ ပိုချောလာသလိုပဲး)
    ဒီက ဆိုင်တွေမှာလည်း ထိုင်းအစားအသောက်က လုံးဝမကောင်းဘူး NYC မှာရှိတဲံဆိုင်တွေတောင် မစားကောင်းဘူးး( ဒါနဲ့ စပ်ရင် ဘီယာသောက်ရတယ်ပေါ့လေး)

    ReplyDelete
  18. အချိန်မရသေးလို့ ပုံလေးတွေဘဲ ကြည့်သွားတယ် ဒီတခါတော့ တင်ထားတဲ့ထဲက အစားအသောက်ထက် အပေါ်ဆုံးက ဖိနပ်ကြိုက်တတ်သူမို့ ဖိနပ်တွေဘဲ လိုချင်မိတယ် အိမ်မှာဖိနပ်တွေဝယ်လွန်းလို့ အမျိုးသားက ပြောလှဘီး))

    mie nge

    ReplyDelete
  19. မနေနေနိုင် ...
    ဟုတ်ကဲ့၊ ဒီလိုဆိုတော့လည်း ဝမ်းသာရပါတယ်ဗျာ..၊

    စု ...
    ရသလောက် လာဖတ်နေတာ သိရလို့ ကျေးဇူးပါပဲနော်၊

    AA ...
    သင်္ဘောသီး ကြိုက်တာချင်းတော့ တူနေပြီ ထင်တယ်၊း)

    ကိုညိမ်းနိုင် ...
    အင်း.. ကျနော်တို့ ၂ ယောက်တော့ အရည်ကော၊ အဖတ်ပါ ကြိုက်တာချင်း တူနေပြီဗျို့..ဟားဟား၊

    ညီမ Vista ...
    အစစ်ပဲဗျာ၊ အဲဒီ Food loop ကတော့ တခါဆိုရင်ပဲ လုံလောက်သွားပါပြီဗျာ..၊း)

    အန်တီတင့် ...
    ကျနော်လည်း ဓါတ်ပုံတွေ ပြန်ကြည့်ရင်း ဗိုက်ပြန်ဆာ လာနေပြီ..၊ ဒုက္ခ..၊း)

    ကိုမောင်သန့် ...
    ဂလိုဘယ်လိုက်ဇေးရှင်း ခေတ်မှာ မက်ကဲလ်တို့ ယင်းဂ်လပ်တို့လည်း နီးနီးလေးဗျ...နော၊း)

    ကိုဖြိုး ...
    ဟုတ်တယ်ဗျ၊ အနောက်နဲ့အရှေ့မှာ အရောင်ရွေးချယ်ပုံ တွေ၊ perspectives တွေ ကွာတတ်တာ ကျနော်လည်း သတိထားမိတယ်၊ ကိုဖြိုးနဲ့ ကျနော်တော့ အစပ် ရှာပုံတော် ဖွင့်လို့ရပြီ..ဒီ အတိုင်းဆိုရင်..၊း) သောက်တာကတော့ ကိုယ်ကြိုက်တာ ကိုယ်ပေါ့၊ ခေတ်စားနေတဲ့ စကားယူသုံးရရင် တူတာတွဲစား၊ မတူတာ ခွဲသောက်.. ပေါ့၊ ဟားဟား...၊

    ညီမစန်းထွန်း ...
    အခုထိလည်း အဲဒီဒူးဒူးက လက်က မချစတမ်းပါပဲဗျာ၊ ဒီလောက် ကြာနေတဲ့ ပို့စ်ကို ဒီလို ဘီယာနဲ့ပဲ အဆုံးသတ်မှ ဖြစ်မှာပေါ့..ဟုတ်ဖူးလား၊း)

    မောင်မျိုး ...
    အဲဒီလို အစားကောင်းတွေ ပေါတဲ့အရပ်မှာ နေရတဲ့ ညီ့ကို အားကျတယ်ဗျာ၊ အဲဒီ ထိုင်းစာတွေ စားတုန်းကတောင် ကျနော်သတိရ သေးတယ်ဗျ၊ အင်း.. မောင်မျိုးဆိုရင်တော့ ဒီလောက်ဟာကိုများ စာဖွဲ့နေရတယ်လို့ ဆိုပြီး ပြောချင်ပြောမှာ လို့ ..၊း)

    မဒိုးကန် ...
    နေမကောင်း ပြန်ဘူးလား၊ ကြားရတာ စိတ်မကောင်း ပါဘူးဗျာ၊ ကျန်းမာရေး ဂရုစိုက်ပါဦး...၊

    မအိုင်အိုရာ ...
    မအိုင်အိုရာက အရုပ်ကြိုက်သူ ထင်တယ်..၊း) အလုပ်တွေ ပါးသွားရင်တော့ ခရီးတွေ ထွက်လေ..၊ အဲ.. မထွက်ခင်လည်း ပို့စ်တွေ တင်ပါဦး...နော၊း)

    မမိုးငွေ့ ...
    ဟုတ်ပဗျာ..၊ မမိုးငွေ့ ပြောလည်း ပြောချင်စရာ..၊ ဒီအခန်းဆက်က ရှည်ကြာနေလိုက် ပုံများတော့..၊း)

    တောင်ကြီးက မစံပယ် ...
    စိတ်ဝင်တစားနဲ့ လာဖတ်နေလို့ ကျေးဇူး တင်ပါတယ်ဗျာ ...၊

    ညီမ အိန်ဂျယ်လ်လှိုင် ...
    ခဏတဖြုတ် စိတ်နဲ့ပဲ ဖြစ်ဖြစ် ခရီးသွားခွင့် ရလိုက်တယ် ဆိုရင်ပဲ ကျေနပ်ရပါပြီဗျာ..၊

    မစည်းစိမ် ...
    မစည်းစိမ်ရဲ့ ကော်မန့်ဖတ်ရတာ ကျနော်တောင် ၂ ခါပြန် မောသွားတယ်၊ “ဝူးးးးး” ...တဲ့၊း) ဟုတ်တယ်ဗျာ၊ ကျနော်လည်း အခုမှ သက်ပြင်း ချနိုင်တော့တယ်..၊

    မဘေဘီ ...
    မဘေဘီလို အချက်အပြုတ် ကျွမ်းကျင်သူတွေ အဖို့တော့ တော်ရုံဆိုင်တွေမှာ ခံတွင်းလိုက်တော့မှာ မဟုတ်ဘူးနော်..၊း) ကိုယ့်လက်ရာလောက်မှ မကောင်းတဲ့လူတွေဆီ ပိုက်ဆံပေး ဝယ်စားနေရတာ သိပ်မနိပ်ဘူး မဟုတ်လား...၊း)

    မ mie nge ...
    အဲဒီ ဖိနပ်တွေကို စမ်းပြီး စီးကြည့်လို့ ရတယ်ဗျ၊ ဒါပေမယ့် စည်းကမ်းချက်တော့ ရှိတယ်၊ ဖရုံသီး ရထားလုံးနဲ့ လာရမယ့်အပြင် ည ၁၂ နာရီ မထိုးခင်မှာ အိမ်အရောက် ပြန်ရမယ်တဲ့...၊းP

    ReplyDelete
  20. ယိုးဒယားစာတွေဆိုအကုန်ကြိုက်တယ်..
    ပုံလေးတွေကလည်းလှတယ်..
    သားသားလေးကလည်းချစ်စရာလေး..
    အကိုရေ
    နောက်လည်းခရီးတွေသွားပါဦးလို့
    အကိုပိုစ့်တင်မှဘဲညီမတို့လည်း
    ဥရောပ ခရီးစဉ်တွေအကြောင်းသိတော့တာ

    ReplyDelete
  21. ဓာတ်ပုံလေးတွေကို စာနဲ့ ဝေဝေဆာဆာလေး တင်ပြထားတာမို့ ဖတ်ရတာနဲ့ တင် ရှင်းရှင်းလင်းလင်း မြင်နိုင်တယ်။ ထိုင်းစာတွေက ကမ္ဘာကျော်နေတော့ မြန်မာအစားအသောက် တွေကိုလဲ ကမ္ဘာကျော်ချင်စိတ်ကလေး ဖြစ်မိတယ်။ ကိုညိမ်းနိုင်ပြောသလို ဘီယာလေးနဲ့ ပိတ်လိုက်တာတော့ သဘောကျမိတယ် အစ်ကို... ဟုတ်တယ် အစပ်ပြေဖို့ အတွက် ဘီယာသောက်တာ အကောင်းဆုံးဘဲ...

    ReplyDelete
  22. အရင်ဆုံးပြောချင်တာက ....
    သားသားက အရမ်းချစ်စရာကောင်းတယ်...။
    အဆန်းထွင်ထားတဲ့ဆိုင်က အစားအသောက်လေးတွေပါ ကောင်းလိုက်ရင် ဘယ်လောက်များ ကောင်းလိုက်မလဲနော်။ စားပွဲထိုးမလိုပဲ ကွန်ပြူတာနဲ့ မှာစားရတာတော့ ရေလည်လန်းတယ်။ ကွန်ပလိန့်လုပ်ချင်ရင် ဘယ်လိုပြောရမလဲမသိဘူးနော်..။ မသိသေးတဲ့ ဗဟုသုတတွေ ရလိုက်ပြီ။ ဓာတ်ပုံတွေကတော့ ထုံးစံအတိုင်း ကောင်းမှကောင်း...။

    ReplyDelete
  23. သားသားကအရမ်းချစ်ဖို့ကောင်းတာဘဲ
    အပြင်မှာတွေ့ဖူးချင်လိုက်တာ
    ကိုညီရေ..ဓာတ်ပုံလေးတွေအရမ်းသဘောကျတယ်
    အဲ့လိုမျိုးရိုက်တတ်ချင်လိုက်တာ

    ReplyDelete
  24. နိုင်ငံအလံ ဖိနပ်လေးတွေ... အတွေးလေးက ဆန်းတယ်နော်။ အရုပ်တွေတော့ အခုထိ ကြိုက်တုန်းပဲ ကိုညီလင်းရေ...။ ဒီထဲက Bart Simpson အရုပ်လေး လိုချင်တယ်း) ။ 4 D ရုပ်ရှင်တော့ မကြည့်ဖူးသေးဘူး။ ရုပ်ရှင်ချစ်သူမို့ ကြည့်ချင်လိုက်တာ။ စိတ်ဝင်စားစရာ ကောင်းတယ်။ သရဲရထား ထိပ်က အရုပ်ကြီးက ကြောက်စရာကြီးနော်။ ကျွန်မ မှတ်မိသေးတယ်။ ဟိုးအရင် Happy World ဖွင့်ခါစက သရဲရထား သွားစီးတာ စီးတဲ့ တစ်ချိန်လုံး ကြောက်လို့ မျက်လုံးမှိတ်ထားတာ ရထား အပြင်ပြန်ထွက်လာတာတောင် မသိလိုက်ဘူး ဟီးဟီးး။ အပေါ်က ကျလာတဲ့ အစားအသောက်ဆိုင် အကြောင်းတော့ တအံ့တသြ ဖတ်သွားတယ်။ ဒါဆို ချက်ပြုတ်တဲ့ လူတွေက ဘယ်မှာလဲဟင်?? ကာတွန်းရုပ်လေးတွေနဲ့ ပျော်နေတဲ့ သားသားက သိပ်ချစ်ဖို့ ကောင်းတာပဲ။ ထိုင်းအစားအစာတွေကတော့ ရို့စ်လည်း ကြိုက်တယ် ကိုညီလင်း။

    ReplyDelete
  25. Tha Tha looks like you more:P
    He's growing very fast.I checked for this post off and on.I enjoyed your trip together by reading.I realised you like chili that much.I've stormach problem with it.Thanks for sharing lovely trip.
    Gyidaw

    ReplyDelete
  26. ညီမ blackroze ...
    ခရီးတွေကတော့ သွားချင်နေတာ တချိန်လုံးပဲဗျ၊ အခြေအနေတွေက အမြဲတမ်း ကိုယ့်ဖက်မှာ မရှိလို့သာ..း)

    ညီရဲ ...
    ကျနော်လည်း ကိုယ့်မြန်မာ အစားအသောက်တွေကို ထိုင်းစာတွေလို နိုင်ငံစုံမှာ မြင်တွေ့ချင်စိတ် ခဏခဏ ဖြစ်မိတယ်ဗျ..၊

    အမမြသွေးနီ ...
    ကွန်ပလိန်း လုပ်ချင်ရင်တော့ ကိုယ့်မျက်စိရှေ့ မြင်နေရတဲ့ အဲဒီ ကွန်ပြူတာကြီးကို ခက်ရင်းနဲ့ ထိုးခွဲပြီး ထွက်လာ လိုက်ရုံပဲဗျ..၊း)

    Camomilla ...
    ကျေးဇူး တင်ပါတယ်ဗျာ..၊ လာလည်တဲ့ အတွက်ရော ကွန်မန့်လေး အတွက်ရောပေါ့၊ နောက်လည်း အဆင်ပြေသလို လာလည်ပါဦး..၊

    ရိုစ့် ...
    Happy World က သရဲရထားကို ကြောက်တယ် ဆိုရင်တော့ Europa Park က သရဲရထားကိုလည်း ကြောက်မှာ သေချာတယ်ဗျို့၊း) ချက်ပြုတ်တဲ့ လူတွေက စားသောက်ဆိုင်ရဲ့ အလယ်မှာ ရှိပြီးတော့ အဲဒီကနေ သံဘားတန်းတွေရဲ့ အစဖြစ်တဲ့ ဟိုး မျက်နှာကြက်ဆီကို ပန်းကန်တွေ ပို့ပေးတာပါ..၊

    Gyidaw ...
    "Tha Tha looks like you more:P"...???
    Hmm..it seems that you know how I look like. :)

    ReplyDelete
  27. အစမှ အဆုံးထိ ဖတ်သွားပါတယ်ခင်ဗျ။ သားလေးက ချစ်စရာကောင်းလိုက်တာ။ အပိုင်း (၄)ဖတ်ပြီးတော့ Propolis ဆိုတာကို စိတ်ဝင်စားပြီး လျှောက်လေ့လာမိပါသေးတယ်။ အခုတလောမှ ဒီဘလော့လေးကိုတွေ့ပေမယ့် နောက်ဆို အမြဲလာလည်ဖြစ်တော့မယ်။ မင်္ဂလာပါ ကိုညီလင်းသစ်။
    (လီယို)

    ReplyDelete
  28. Food loop က လူတွေ စိတ်ဝင်စားအောင် ထူးထူးဆန်းဆန်း လုပ်ပြထားတာဘဲနော်
    စိတ်လှုပ်ရှားဖို့ကောင်းတယ်
    ကိုယ့်ခေါင်းပေါ်ကနေ အစားအသောက်တွေ ဆင်းကျလာတယ်.. ရင်ခုန်စရာ တစ်မျိုးပေါ့
    အစားအသောက်တွေကောင်းရင်တော့ လူတွေ ပိုစည်မှာနော်..
    သင်္ဘောသီးထောင်း ကောင်းလွန်းလို့ နောက်ထပ် ထပ်နေချင်စိတ်ပေါက်သွားတယ်ဆိုတဲ့ ကိုညီလင်းသစ်ရဲ့ အညွှန်းစကားတော့ သဘောကျသွားပါတယ်ရှင်..
    ကြည့်တာနဲ့လည်း အစားအသောက်တွေက သိပ်အရသာကောင်းမှန်းသိသာပါတယ်.. ပြင်ဆင်ထားတာလဲ သိပ်လှတာဘဲ..
    ဒီပိုစ့်လဲ စိတ်ဝင်စားဖို့ ကောင်းတယ်.. ဖတ်ရတာ ပျင်းစရာမကောင်းပါဘူး.. ကိုညီလင်းသစ်သားလေးကတော့ မျက်နှာပေးလေးကိုက ချစ်ဖို့ကောင်းနေတော့တာ

    ReplyDelete
  29. မှတ်တမ်းဓာတ်ပုံလေးတွေအားလုံးကို သဘောကျတယ်... နိုင်ငံအလံတွေနဲ့ပုံကိုတော့ အကြိုက်ဆုံးဘဲ... ရောင်စုံပါပြီး ကြည်လင်ပြတ်သားနေတယ်... ညီလင်းသစ်သားလေးကချစ်စရာကောင်းလိုက်တာ... ရှားရှားပါးပါး ထိုင်းစာ စစ်စစ် အဲဒီမှာရတာ ကောင်းလိုက်တာနော်

    ReplyDelete
  30. အကို့သားလေးက တော်တော်ချောတာပဲ...
    ဓာတ်ပုံလေးတွေကလည်း ကြည်လင်ပြတ်သားနေတာပဲ
    ကြည့်လို့ကောင်းလိုက်တာ.....
    ခင်မင်စွာ..

    ReplyDelete
  31. ခရီးသွားရတာ ပျော်စရာကောင်းတာ... ကိုညီလင်းရဲ့ ခရီးသွားပိုစ့်တွေက ထုံးစံအတိုင်း သေသေသပ်သပ်နဲ့ ဆွဲဆောင်မှုရှိတာ... သားလေးက သိပ်ချစ်စရာကောင်းတာ... ကိုညီလင်းရဲ့ ဓါတ်ပုံတွေက အရောင်အသွေး စုံလင် လှပတာ... စားစရာတွေကလည်း တကယ် စားချင်စရာ ကောင်းနေတာ... ခဏ ခဏ ပြောဖူးပြီးသား စကားတွေပေမယ့် ထပ်ပြောသွားပါတယ်...

    မှတ်ချက်အတွက် ကျေးဇူးတင်ပါတယ်လို့ ပြန်မပြောနဲ့နော်... အပေါ်က အရုပ်တန်းထဲက အရုပ် နှစ်ရုပ် သုံးရုပ်လောက် ရရင် တော်ပါပြီ... :D :D :D

    ReplyDelete
  32. အဲ့ဒီ Ball Pit Area ခေါ်မလားမသိဘူး အဲဒီအထဲရောက်ရင် ကလေးတိုင်းပျော်ကြတယ်။ ဓာတ်ပုံတွေကို အရမ်းသဘောကျကြောင်းပဲ ထပ်ပြောပါရစေ။ ကလေးလေးက တော်တော်ချစ်စရာကောင်းတယ်။ ပြုံးချိုကြည်စင်နေတာပဲ။

    ReplyDelete
  33. ရသအစုံပါပဲ ကိုညီလင်းသစ်ရေ..။
    ဟိုနေ့ထဲက ကြည့်ပြီးပေမယ့် ဒီနေ့မှ အေးအေးဆေးဆေး ပြန်ရောက်ဖြစ်တယ်။

    ReplyDelete
  34. ကိုညီလင်းသစ်ရေ...

    စာကြွေးတွေအားလုံး ခုပဲ ရှင်းပြီးသွားတာ၊ အန်ဂိုလာ ခရီးစဉ်အစအဆုံးကို သေချာအားရကျေနပ်စွာ ဖတ်ရှုလိုက်တယ်။ ဓာတ်ပုံတွေက အရမ်း colorful ဖြစ်ပြီး သိပ်လှတာပဲ။ သားလေး ခပ်ငယ်ငယ်ပုံတွေက သူ့အမေဘက် အတော်တူပေမယ့် တဖြည်းဖြည်းကြီးလာတဲ့အခါ သူ့မျက်နှာမှာ အာရှသွေးနှောနေတာလေး အရင်ကထက် ပိုပေါ်လွင်လာတယ်လို့ ဇွန်မြင်မိတယ်။ အရမ်းချစ်စရာကောင်းတဲ့ သားသားလေးပဲနော်။း)
    ဂျာမနီမှာ ခုလိုစားကောင်းတဲ့ ထိုင်းဆိုင်တွေတောင် ရှိနေတာ ထိုင်းစာကြိုက်တဲ့ အာရှတိုက်သားတွေအတွက် သိပ်ကံကောင်းတာပေါ့။ ကိုညီလင်းသစ်လည်း ကံကောင်းသွားလို့ စာဖတ်သူလည်း ၀မ်းသာရပါတယ်။း)

    ReplyDelete