14 November 2011

နှစ်စီးတွဲ ပဲ့ကိုင် ...


ပြီးခဲ့တဲ့ တစ်ပတ်တုန်းက ပုံမှန်ထက် နည်းနည်းပိုများနေခဲ့တဲ့ အလုပ်တွေထဲမှာ ပဲ့ကိုင်အလုပ်လည်း ပါ,ပါတယ်၊ တကယ်တမ်းမှာ ကျနော်နဲ့ တိုက်ရိုက်သက်ဆိုင်တာက အရင်တုန်းကဆိုရင် ဓါတ်ခွဲခန်း အလုပ်တွေပဲ ရှိခဲ့တာပါ၊ နေရာပေါင်းစုံက လာတဲ့ ရေနမူနာ၊ မြေနမူနာ စတာတွေကို တိုင်းတာ၊ တွက်ချက်၊ ခွဲခြမ်းစိတ်ဖြာ ရခြင်းတွေနဲ့ ပုံမှန်လိုလို လည်ပတ်နေခဲ့ရာကနေ အခုဒီဖက် လ,ပိုင်းတွေမှာတော့ ကွင်းဆင်း သုတေသနအလုပ် တွေပါ တဖြည်းဖြည်းနဲ့ ပိုလာခဲ့တယ်၊ အဲဒီလို ကွင်းဆင်းပြီး တိုက်ရိုက် တိုင်းတာခြင်းတွေထဲမှာ 'နှစ်စီးတွဲ ပဲ့ကိုင်' ကလည်း တစ်ခု အပါအဝင်ပါပဲ၊ နှစ်စီးတွဲ ဆိုတာက တခြားတော့ မဟုတ်ပါဘူး၊ ဟောဒီ Catamaran လှေကို ကျနော်မြန်မာမှု ပြုလိုက်တာပါ...၊


Photobucket

Catamaran လှေကို ကျနော့်မှာရှိတဲ့ အင်္ဂလိပ်-မြန်မာ အဘိဓာန်ထဲ ရှာကြည့်တော့ 'ရွက်တပ်ဒွါလောင်း' လို့ ရေးထားတာ တွေ့တယ်၊ ဟင်.. နာမည်ကြီးကလဲ ဆိုပြီး ဖြစ်သွားတယ်၊ ကျနော်တို့ရဲ့ cat. က ရွက်မပါသလို လောင်းလှေလည်း မဟုတ်ပါဘူး၊ အဲဒီနာမည်ကို သိပ်ဘဝင် မကျတာနဲ့ စိတ်ထဲပေါ်လာတဲ့ 'နှစ်စီးတွဲ' လို့ပဲ ကောက်ခေါ် လိုက်တာပါ၊ သင့်တော်တဲ့ မြန်မာနာမည်များ သိရင် တဆိတ်လောက် မ,စခဲ့ ပါဦးဗျာ..၊း)

ဒီနှစ်စီးတွဲက မြစ်ချောင်း၊ အထူးသဖြင့် ကန်တွေထဲမှာ တိုက်ရိုက်တိုင်းတာဖို့ ကျနော် အလုပ်လုပ်တဲ့ ဌာနက အင်ဂျင်နီယာတွေ ဆောက်ထားတာပါ၊ ဆောက်တယ်ဆိုတာလည်း တကယ်တော့ လှေအခွံတွေကို ဝယ်လိုက်ပြီး အဲဒီအပေါ်မှာ platform ဆောက်၊ လိုအပ်တဲ့ အီလက်ထရောနစ် အပိုင်းတွေ တပ်ဆင်တာ ပါပဲ၊


Photobucket

ဒီ နှစ်စီးတွဲလှေမှာ ကျနော်တို့ CTD ဆင်ဆာတွေ တပ်ပါတယ်၊ CTD ဆိုတာက Conductivity, Temperature နဲ့ Depth ကို တပြိုင်ထဲ တိုင်းတဲ့ ဆင်ဆာတွေပါ၊ ပြီးတော့ ADCP တိုင်းတာရေး စက်တွေလည်း တပ်ပါတယ်၊ Acoustic Doppler Current Profiler ဆိုတဲ့ စက်တွေက ရေထုထည်နဲ့တကွ အဲဒီရေထဲမှာ စီးမျောနေကြတဲ့ အမှုန်အမွှား၊ ရေစီးနှုန်း၊ သိပ်သည်းဆ စတာတွေကို တိုင်းတာဖို့ ဖြစ်ပါတယ်၊ အကြမ်းအားဖြင့် ပြောရရင်တော့ ဒီ နှစ်စီးတွဲလှေ ဆောက်ရတဲ့ ရည်ရွယ်ချက်က Hydrology ရေထုအကြောင်း လေ့လာဖို့ ပါပဲ...၊


Photobucket

ဒီလှေကို မောင်းနှင်ဖို့ကတော့ သူ့အပေါ်ထိုင်ပြီး တိုက်ရိုက်မောင်းလို့ ရသလို GPS စနစ်ကို သုံးပြီးတော့လည်း အဝေးကနေ ရီမုတ်ကွန်ထရိုးလ်နဲ့ မောင်းဖို့ တည်ဆောက်ထားပါတယ်၊ ဥပမာ- ကမ်းအနီးအနားက တိုင်းတာမှုတွေကို ကုန်းပေါ်ကနေ ထိန်းကျောင်းမယ်၊ ရေနက်ပိုင်း ခပ်ဝေးဝေးမှာ ဆိုရင်တော့ နောက်ထပ် မော်တော်တစ်စီး ပေါ်ကနေ တောက်လျှောက် လိုက်မောင်းမယ် အစရှိသဖြင့်ပါ၊ ဟိုတလောဆီက ကျနော် သင်္ဘောလိုင်စင် ဖြေလိုက်ရတာ အဲဒီလို ကမ်းဝေးတိုင်းတာမှုတွေကို မော်တော်တစ်စီးနဲ့ လျှောက်လုပ်နိုင်ဖို့ အတွက်လည်း ပါ,ပါတယ်၊

အဲဒီနေ့က စမ်းသပ်ကြည့်တော့ လှေပေါ်ကနေ တိုက်ရိုက်မောင်းတာ၊ တိုင်းတာ တာတွေက အားလုံးချောချောမောမော ပါပဲ၊ အဲ.. မော်တော်ပေါ်ကနေ အဝေးထိန်းစနစ်နဲ့ မောင်းကြည့်တော့မှပဲ ရယ်နေရတော့တယ်၊ နှစ်စီးတွဲလှေကို လားရာ တည်ပေးလိုက်ပြီးတော့ ကျနော်တို့က မော်တော်နဲ့ လိုက်တယ်၊ ခဏကြာတော့ ရီမုတ်ကွန်ထရိုးလ်က မိတချက်၊ မမိတချက် ဖြစ်ပါလေရော၊ ကွေ့ချင်တာလည်း ကွေ့မရ၊ အရှိန်သတ်ချင်တာလည်း သတ်မရနဲ့...၊ အဲဒါမှ တကယ့်ဒုက္ခ..၊ အဲဒါနဲ့ပဲ မော်တော်ကို နှစ်စီးတွဲ လှေနဲ့ ယှဉ်မောင်း၊ လုပ်ဖော်ကိုင်ဖက် တစ်ယောက်က ရေထဲခုန်ချ ကူးသွားပြီးမှ ပြန်ထိန်းရတယ်၊ နောက်တခါ ထပ်စမ်းတော့လည်း ဒီအတိုင်းပဲ၊ ဟိုပုဂ္ဂိုလ်လည်း မော်တော်ပေါ် တက်လာ၊ ရီမုတ်က အလုပ်မလုပ်တော့ ရေထဲခုန်ချပြီး လှေဆီ ပြန်ကူးသွား၊ တခါ ပြန်တက်လာ၊ တခါ ပြန်ခုန်ချနဲ့ အတော်မောသွား ရှာတယ်၊ မဟုတ်လို့ကတော့ နှစ်စီးတွဲလှေက ပြင်သစ်ဖက် ကမ်းခြေအထိကို အထိန်းအကျောင်း မရှိ တည့်တည့်ဆက်မောင်းသွားမှာ သေချာတယ်...၊ ကွင်းဆင်းလေ့လာမှု ဆိုတာကတော့ ဒီလိုပါပဲ၊ ဓါတ်ခွဲခန်းထဲမှာ လုပ်ရတာမျိုးလို အားလုံးကို စနစ်တကျ ကြိုတင်တွက်ဆ၊ အကွက်ချထားလို့မှ မရပဲ၊ Plan B တစ်ခုတော့ အမြဲလိုလို ရှိထားမှ တော်ကာကျမှာ မဟုတ်လား...၊


Photobucket

ဒါကတော့ catamaran နှစ်စီးတွဲလှေကို ထားတဲ့ နေရာပါ၊ စမ်းသပ်မှုက အပြည့်အဝ မအောင်မြင်ပေမယ့် ကျနော်တို့ အားလုံးကတော့ ခပ်ပျော်ပျော်ပါပဲ၊ စိတ်တွေလည်း လန်းဆန်း၊ လတ်ဆတ်နေခဲ့တယ်၊ ရာသီဥတုကြောင့်လည်း ပါမယ်ထင်ပါရဲ့၊ ပုံမှန်ဆို ရှစ်ခွင်တိုင်း အုံ့မှိုင်း တဲ့ပတ်လည် ဖြစ်,ဖြစ်နေတတ်တဲ့ နိုဝင်ဘာကောင်းကင်က အဲဒီနေ့မှာ လင်းချင်း၊ လဲ့ဖြာပြီး သာယာနေတာကိုး..၊ ကမ်းပေါ်မှာတော့ မကြာခင် ရိုးတံပြိုင်းပြိုင်း ဖြစ်တော့မယ့် ဆောင်ဦးသစ်ပင်တွေက နောက်ဆုံးလက်ကျန် ရောင်စုံသစ်ရွက်တွေနဲ့ လွင့်လွင့်ဝဲဝဲ လှနေဆဲ...။ ။


ညီလင်းသစ်
၁၃ နိုဝင်ဘာ ၂၀၁၁

29 comments:

  1. အကိုရေ
    အင်မတန်စိတ်ဝင်စားစရာကောင်းတဲ့အလုပ်ပဲနော်
    ရေကြောက်သူမို့လားမသိ
    အဲလိုသာရေထဲသွားရမှာတော့ကြောက်တယ် ..

    ခင်တဲ့
    ညီမ မဒိုးကန်

    ReplyDelete
  2. ကိုညီရေ
    ဗဟုသုတရစေတဲ့ အတွက် ကျေးဇူးတင်ပါတယ် ကျွန်တော်တို့စီတော့ဗျာ စမ်းသပ်ချင်တဲ့ရေတွေကို နေရာမတူဘဲ ရေပုံးလေးနဲ့သွားခပ်တာဘဲဗျို့ ပြီးတော့ ခွဲခြမ်းစိတ်ဖြာကြတာပေါ့ အဲလို နှစ်စီးတွဲ ဆိုတာကြီးလဲ အခုမှဘဲ မြင်ဘူးတော့တာဘဲ လှေကလေးလှော်ပြီး သွားခပ်ကြတာပ့ါ ...

    ReplyDelete
  3. ဗဟုသုတအတွက်ကျေးဇူးပါဗျာ

    ReplyDelete
  4. အစ်ကို့အလုပ် ပြာလွင်နေတဲ့ ရေပြင်ကို မြင်တွေ့နေရတာကိုက စိတ်ချမ်းသာစရာ ။ ဗဟုသတလည်းရတယ် ကျေးဇူးဗျ။

    ReplyDelete
  5. ဓါတ်ပုံ ဓါတ်ပုံ ... ကြိုက်တယ်.. ပထမဆုံး ပုံနဲ့ တတိယပုံ ကြိုက်တယ်။ နောက်အဆင်ပြေမယ် အကို ဓါတ်ပုံရိုက်ရုံသက်သက် ရိုက်ထားတာတွေ တင်ပါဦး... :)

    ReplyDelete
  6. ဓါတ်ပုံတွေအာလုံးကိုကြိုက်ပါတယ်
    အဲဒီအလုပ်ကိုလဲ စိတ်ဝင်စားတယ်ရေကိုလဲကြောက်ဘူး
    စမ်းလုပ်ကြည့်ချင်တယ်
    အသိတွေတိုးပြီးမတွေ့ဖူးတာတွေတွေ့ရလို့ကျေးဇူးပါရှင်
    ခင်မင်တဲ့ jasmine
    အခုတော့ catmine ဖြစ်သွားပါပြီ
    (လူပျိုကြီးဘလော့ဂါတွေပေးတဲ့နာမည်)

    ReplyDelete
  7. စိတ်ဝင်စားစရာကောင်းတဲ့အလုပ်ဘဲ... ဗဟုသုတလဲရတယ်... ဓာတ်ပုံလေးတွေကောင်းလိုက်တာ...

    ReplyDelete
  8. နောက်ဆုံးဒါ့ပုံလေးကို သဘောအကျဆုံးပဲ....လှတယ်..၊
    အစ်ကိုစက်လှေလေးကို ဒွိစက်လှေ လို့နာမည်ပေးလိုက်
    ပါလား....:)။နာမည်လေးမစခဲ့ပါဆိုလို့ပေးလိုက်တာ...၊
    ကြိုက်ရင် ညဏ်ပူဇော်ခ ပေးရမှာနော်.....:D

    ReplyDelete
  9. I have done similar work like you few years before in Middle East. Are you using SonTek acoustic doppler? Which model? ;)

    ReplyDelete
  10. ဗဟုသုတအတွက်ကျေးဇူးပါ

    ReplyDelete
  11. လှလိုက်တာအကိုရာ.... ကိုယ်တိုင်ရောက်သွားသလိုပဲ...

    ReplyDelete
  12. စိတ်ဝင်စားစရာပါဘဲ ကိုညီလင်းသစ်ရေ..။
    ကိုယ်တိုင်ဖန်တီးထားတဲ့ အရာလေးတစ်ခု ထမြောက်အောင်မြင်သွားရင် ၀မ်းသာပီတိစိတ်က အတိုင်းမသိဖြစ်တတ်ကြတာ လူ့သဘာဝပါ။ ရေကူးနေတာတွေတွေ့လို့ အပမ်းဖြေပင်လယ်ကမ်းခြေမှာ စမ်းသပ်တာဆိုရင်တော့ ပျော်စရာကြီးနေမှာပါ။ ဒီအလုပ်တွေ လုပ်နေပြီဆိုမှတော့ ရေကူးကျွမ်းကျင်မယ်ဆိုတာ ပြောစရာ မလိုတော့ဘူးပေါ့နော်..။

    ReplyDelete
  13. အကိုရေ ဗဟုသုတ အတွက်ကျေးဇူးပါနော်

    ပုံတွေထဲမှာတော့ အဖြူအမည်း ပုံလေး
    ကြိုက်တယ်

    ReplyDelete
  14. မဒိုးကန် ...
    ဒီလောက်တော့လည်း ကြောက်စရာ မကောင်းပါဘူးဗျာ၊ ဆန္ဒရှိရင် အသက်ကယ်အင်္ကျီလည်း ဝတ်ထားလို့ ရတယ်လေ..၊း)

    မစည်းစိမ် ...
    ဒီမှာလည်း ဒီလိုပါပဲဗျာ၊ အပေါ်ယံ ရေမျက်နှာပြင် ဆိုရင်တော့ ရေပုံးနဲ့လည်း ခပ်ကြတာပါပဲ..၊

    လွင်ပြင်လှိုင်းငယ် ...
    မျှဝေခွင့်ရတာ ဝမ်းသာပါတယ်..၊

    မောင်မျိုး ...
    ကျေးဇူး တင်ပါတယ်ဗျာ..၊

    (ကို)မောင်သန့် ...
    ဟုတ်ကဲ့..၊ အဆင်ပြေသလို တင်ပါ့မယ်..၊

    ကိုကျော်မင်းနိုင် ...
    Thanks bro..!

    တောင်ကြီးက မစံပယ် ...
    အမည်ပြောင်းက အကျွေးအမွေးလေး ဘာလေး မပါဘဲနဲ့ ဖြစ်သွားတာလားဗျ..?း)

    မရိုစ့် ...
    အားပေးတာ ကျေးဇူး..၊

    ကိုညိမ်းနိုင် ...
    “ဒွိစက်လှေ” ...၊ ဟား.. သိပ်ကောင်းတဲ့ နာမည်ပဲဗျ၊ ကျေးဇူးဗျာ၊ အင်း.. ဥာဏ်ပူဇော်ခကိုတော့ ကျနော်တို့ ဆုံဖြစ်တဲ့အခါ အရည်အဖြစ်နဲ့ ပေးမယ်လေ၊ ဖြစ်တယ် မဟုတ်လား..၊း)

    Anonymous ...
    Ah..nice to know that you had the same experience. :) We use Workhorse Sentinel model from Teledyne RD Instruments.

    အမည်ဝှက်စာဖတ်သူ ...
    လာဖတ်တဲ့အတွက်လည်း ကျေးဇူးပါ..၊

    ညီမအိန်ဂျယ်လ်လှိုင် ...
    ညီမက စိတ်နဲ့ခရီးသွားနေပြီ ထင်တယ်...၊း)

    အမမြသွေးနီ ...
    ရေကူးကတော့ ငယ်ငယ်တုန်းက အင်းယားကန်မှာ သွား,သွားပြီး ခိုးကူးထားလို့ အတော်အတန် ကူးတတ် ပါတယ်..၊း)

    ReplyDelete
  15. ညီမ blackroze ...
    အဖြူအမည်းပုံ ဆိုလို့ ဘယ်ဟာများပါလိမ့် ဆိုပြီး ကိုယ့်ဘာသာ တစ်ခေါက် ပြန်ကြည့်ရသေးတယ်..၊း) ကျေးဇူး တင်ပါတယ် ညီမရေ..။

    ReplyDelete
  16. အစ်ကို့ရဲ့ဘလော့ဂ်ကို ဒီနေ့မှ ဖတ်ဖူးတာပါ။ အရမ်းပဲ စိတ်ဝင်စားစရာကောင်းပါတယ်။ အကုန်လုံးတော့ မဖတ်နိုင်သေးပေမဲ့ ဖတ်ရသလောက် စာဖတ်သူကို ဆွဲဆောင်ထားနိုင်တယ်။ ညီမက Grimisuatကပါ။ ညီမတို့လက်ထပ်တော့ Sionမှာပါ။ အမျိုးသားအလုပ်ရှိတဲ့ဒေသနိုင်ငံတွေမှာ လက်ရှိကျင်လည်နေရဦးမှာမို့ အခြေချပြီး မနေသေးပါ။ ဒါပေမဲ့ ၂ယောက်လုံးက မြန်မာမှာပဲ အခြေချချင်ကြတယ်။ ဆောင်းပါးတွေအတွက်ကျေးဇူးပါ အစ်ကို။

    ReplyDelete
  17. ဓာတ်ပုံလေးတွေကိုတော့ အတော်ကိုကြိုက်တယ်။ တကယ့်ကို ပရိုပါပဲရှင်။

    ReplyDelete
  18. နောက်ဆုံးဓါတ်ပုံလေးတော့ အခိုက်ဆုံးပဲ။ ရာသီဥတုက ကိုယ့်ဘက်ပါနေချိန်လေး ဆိုပါတော့း)

    ReplyDelete
  19. ဓာတ်ပုံတွေကြည့်ရတာ စိတ်ကြည်နူးမိတယ်
    ရေပြင်လွှာပြာလဲ့လဲ့က လှသလို ဓာတ်ပုံကလည်း တကယ့်ပရော်ဖက်ရှင်နယ် လက်ရာဆိုတော့ ကောင်းမှကောင်း...
    ဆောင်းဦးရဲ့ ရဲရင့်နီစွေး. ရွှေဝါရောင်ပြေးနေတဲ့ သစ်ရွက်လေးတွေကိုလည်း သိပ်သဘောကျသရှင်..
    ဟုတ်တယ်. ကိုညီလင်း ကင်မရာနဲ့ အဲသလို သဘာဝအလှတွေ ရိုက်ထားတဲ့ ပုံလေးတွေ တင်ပေးပါဦး..
    အဲဒီဘက်က ရာသီဥတုနဲ့ ပတ်ဝန်းကျင်အလှလေးတွေ မြင်ချင်ပါသေးတယ်..
    စကားမစပ်။ ။ ကျွန်မကတော့ နှစ်မွှာအသည်းလှေလို့ ပေးသွားတယ်ရှင့် :P

    ReplyDelete
  20. အစ်ကိုတို့ ပရောဂျက်ကစိတ်ဝင်စားစရာဘဲ..။ အစပိုင်းစိတ်ရှုပ်ရပေမယ့် ပြီးခါနီးလေပျော်ဖို့ကောင်းလေးဘဲမလား..။ ကျွန်တော်တော့ ရေကြောက်တယ်..မကူးတတ်လို့..။ ဒီနှစ်ဘယ်ခရီးသွားအုန်းမလဲ...တစ်နှစ်ကလည်းခဏလေးရယ်နော်..။

    ReplyDelete
  21. ဓာတ်ပုံတွေကတော့ ထုံးစံအတိုင်း ပရိုအဆင့်..ကိုညီ့အလုပ်က စိတ်ဝင်စားဖို့  ကောင်းတယ်..ဗဟုသုတ တိုးတယ်ဗျား

    ReplyDelete
  22. အစ်ကိုရေ... ရှုခင်းတွေ တော်တော်လေး လှတယ်နော်...
    ဓာတ်ပုံ ရိုက်ချက်တွေ ကောင်းတာလဲ ပါမယ်ထင်တယ်...
    အဲဒီလို ရေထဲမှာ သွားလာနေရတာကို သဘောကျတယ်..
    အရင်ကဆိုရင် စက်လှေတစ်စင်းနဲ့ မြစ်ထဲမှာ သွားလာနေတာပေါ့...
    စမ်သပ်မှုအောင်အောင်မြင်မြင်နဲ့ ပြီးဆုံးသွားဖို့ ဆုတောင်းပေးလိုက်ပါတယ် အစ်ကို...

    ReplyDelete
  23. မောင်ညီလင်းရေ တစ်ခါတစ်ရံ အခုလိုရေပြင်ကျယ်ကြီးတွေကို ကြည့်ရတာ ကြည်နူးစရာ။ ဒါပေမယ့် နေ့စဉ်ရက်ဆက်မြင်နေရရင် ညည်းငွေ့လာမယ်ထင်တယ်။
    ဗဟုသုတတွေအတွက် ကျေးဇူးနော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  24. Grace ...
    ဒါဆို ကျနော်နဲ့ သိပ်မဝေးဘူးပဲ၊ Grimisuat နားက Savièse မှာတော့ တစ်ပတ်လောက် လာနေဖူးတယ်ဗျ၊ လာလည်တာ ကျေးဇူးပါပဲနော်၊ နောက်လည်း အဆင်ပြေသလို ဝင်ထွက်နိုင်ပါတယ်ဗျာ..၊

    မမေသိမ့်သိမ့်ကျော် ...
    ကျေးဇူး တင်ပါတယ်ဗျာ..၊

    ကိုမြစ်ကျိုးအင်း ...
    ရာသီဥတုကတော့ ကိုယ်နဲ့ အလိုတူ အလိုပါလေ..၊း)

    မချော ...
    “နှစ်မြွှာအသည်းလှေ”...၊ ဟား..တယ်မိုက်ပါလား၊း) အဲဒီအပေါ်မှာ စမ်းသပ်မှုတွေ မလုပ်တော့ဘဲ သူမနှင့် အတူ ရွက်လွှင့်ချင်စိတ်တွေ ပေါက်လာပြီ...၊း)

    ကိုဖြိုး ...
    ဒီနှစ်ကုန်ပိုင်းအတွက် လောလောဆယ်တော့ ဘာခရီးမှ မစီစဉ်ထားဘူးဗျ၊ တောင်ပေါ်လည်း သွားဖြစ်ရင် အလွန်ဆုံး တစ်ရက်လောက်ပါပဲ..၊

    မစန်းထွန်း ...
    ပုံမှန်လာလည်တဲ့အတွက် ကျေးဇူးပါပဲဗျာ..၊

    ကိုညီရဲ ...
    မြစ်ထဲမှာ စက်လှေနဲ့ သွားရတာ မိုက်တာပေါ့ဗျ၊ မြစ်တွေရဲ့ ရှင်သန်လှုပ်ရှားမှုက အမြဲပဲ စိတ်ဝင်စားဖို့ ကောင်းတယ်လေ..။

    ReplyDelete
  25. အန်တီတင့် ...
    ဟုတ်ပါတယ်၊ တခါတလေတော့လည်း အထူးအထွေကို မကြည့်ဖြစ်ပါဘူး၊ မြင်ပါများတော့ယဉ် ဆိုတာ အမှန်ပါပဲဗျာ..။

    ReplyDelete
  26. ကိုညီလင်းသစ်ရေ မရောက်တာကြာလို့ ဖတ်စရာပို့စ်တွေ အတော်ပုံနေပြီ။ ကိုညီလင်းသစ်အလုပ်က အရမ်းစိတ်ဝင်စားဖို့ကောင်းတာပဲ။ သဘာဝပတ်ဝန်းကျင်နဲ့ ထိတွေ့ပြီးလုပ်ရတဲ့ အလုပ်မျိုးတွေကို တကယ်စိတ်ဝင်စားတယ်။ ဓါတ်ပုံတွေကလဲ လှလိုက်တာ။ နောက်ဆုံးပုံလေးဆို အကြီးကြီး Print out ထုတ်ပြီး အိမ်မှာပိုစတာ လုပ်ပြီးကပ်လို့တောင်ရမယ်ထင်တယ်။
    ခရီးသွားပို့စ်တွေအတွက် နောက်တခေါက် အေးအေးဆေးဆေးပြန်လာဖတ်ပါအုံးမယ်။ သမီးကိုလဲ ကာတွန်းဇာတ်ကောင်ရုပ်တွေပြချင်လို့။

    ReplyDelete
  27. Mannual လောက် စိတ်ချရတာ သိပ်မရှိလှပါဘူး (ကျနော့အမြင်) Man error မဖြစ်ခဲ့ရင်ပေါ့လေ။

    စစ်တွေမှာ ကြီးပြင်းခဲ့တဲ့ အမေ ပြောဖူး တာတော့သူတို့  ငယ်ငယ်က လှေ၂ စီးတွဲတွေကို ပိုက် (ဒလူးကဲ့သို့ ) တွေနဲ့ ဂျော့ပုစွန် (ငပိလုပ်တဲ့) ပုစွန်တွေ ဖမ်းကြတယ်လို့  ပြောဖူးပါတယ်။ ခေါ်တဲ့ အတေခါ် အဝေါ်တော့ မေ့သွားပါပြီ။ အဲ့လို လှေမျိုးပဲ ထင်ပါတယ်။ စက်ပါတာနဲ့  မပါတာပဲ ကွာမယ်ထင်ပါတယ်။

    စလုံလူမျိုးတွေ စီးတဲ့လှေမျိုးလည်း ကြားဖူး မြင်ဖူးပါတယ်။ ဘာနာမည်လည်းတော့ မသိခဲ့ပါဘူး။

    ReplyDelete
  28. စိတ်ဝင်စားစရာ ကောင်းတယ် ကိုညီ
    စမ်းသပ်ရတာ ညီမ အပျော်ဆုံးကိစ္စပဲ
    အောင်မြင်သွားရင် ပြောစရာတောင် မရှိလှဘူး
    ဒါနဲ့ ကိုညီက ဘူမိဗေဒ ပညာရှင်လား
    လုပ်ငန်းသဘာဝက စိတ်ဝင်စားစရာ...။

    ReplyDelete