21 November 2011

ကြယ်ပန်းတခင်းနဲ့ လင်းတဲ့လူ ...


ပြီးခဲ့တဲ့ ကြာသပတေးနေ့ ညက ကျနော် ကြယ်တွေကို ထွက်ပြီး ဓါတ်ပုံရိုက်ဖြစ်ပါတယ်၊  မလေး(အိမ့်ချမ်းမြေ့)က အဲဒီညဟာ ကြယ်မိုး ရွာမယ့်ည ဖြစ်တယ်၊ တစ်နာရီကို ကြယ်အလုံး ၄၀ လောက်အထိကို ကြွေနိုင်တယ်လို့ သူ့ဘလော့ဂ်မှာ အချက်အလက် အပြည့်အစုံကို ရှာဖွေပြီး တိုက်တိုက်တွန်းတွန်းနဲ့ ဝေမျှ သတင်းပေး ပါတယ်၊ အဲဒီအတွက် မလေးကို ကျေးဇူးတင်ပါတယ်၊ အဲဒါဟာ ဒီပို့စ်ဖြစ်လာရတဲ့ အဓိကအကြောင်း ပါပဲ၊

ကြယ်တွေကို တခါလောက်တော့ ဓါတ်ပုံရိုက်ကြည့်ရင် ကောင်းမယ်လို့ ကျနော် စိတ်ကူးဖူးပေမယ့် လက်တွေ့မှာ တခါမှ မလုပ်ဖြစ်သေး ပါဘူး၊ တိမ်ကင်းစင်တဲ့ ကောင်းကင်၊ အပူချိန်၊ နေရာအကွက်အကွင်း စတာတွေ အကြောင်း မညီညွတ်တဲ့ အပြင် Astrophotography ဆိုတာက မလွယ်တာလည်း ပါ,ပါတယ်၊ ဒါပေမယ့် မလေးရဲ့ ပို့စ်ကို ဖတ်အပြီးမှာ ဒီတခါတော့ ရအောင် လုပ်ကြည့်မယ်လို့ စိတ်ကူးပေါ်လာတယ်၊

စိတ်ပိုင်းဖြတ်လိုက်ပြီ ဆိုတာနဲ့ ပထမဦးဆုံး လုပ်တာက ကျနော့်မှာ ညကောင်းကင်ကို ဓါတ်ပုံရိုက်ဖို့အတွက် လိုနေသေးတဲ့ Interval timer ကို အမြန်ဆုံး ဝယ်တာပါ၊ အင်တာနက်ကနေပဲ မှာလိုက်တော့ နောက်တစ်ရက်မှာ ရောက်လာတယ်၊ ဒုတိယ လုပ်တာကတော့ ညနေ မှောင်တာနဲ့ ကောင်းကင်ကို မော့,မော့ ကြည့်တာ ပါပဲ၊ ဒီညမှာ ကြယ်တွေ စုံရဲ့လား၊ ဘယ်လောက်များများ မြင်ရလဲ၊ ခုနှစ်စင်ကြယ် ဆိုတာ ဒါများ ဖြစ်မလား စသဖြင့်နဲ့ အလုပ်တစ်ခုလို လိုက်ကြည့်နေ မိတယ်၊ တနင်္လာနေ့ ညနေကတည်းက အလုပ်ကနေ လမ်းလျှောက်ပြန်တိုင်း ကောင်းကင်ကို တမော့မော့ နဲ့ပေါ့..၊ အဲဒီလို အမော့ကောင်းလို့ တစ်ရက်မှာ လမ်းဘေးပလက်ဖောင်း ဘောင်ကိုတောင် ခလုတ်တွေ ဘာတွေတိုက်လို့..၊း) မျက်နှာချင်းဆိုင်က လာတဲ့ လူတွေကလည်း ကောင်းကင်ကို မော့ရင်းလျှောက်လိုက်၊ ရပ်ရင်းမော့လိုက်နဲ့ ဖြစ်နေတဲ့ ကျနော့်ကို အထူးအဆန်းလို ကြည့်ပြီး သူတို့ပါ 'ဘာများပါလိမ့်' ဆိုပြီး တမော့မော့နဲ့ ဆက်လျှောက်သွား ကြလေရဲ့..၊း) ကောင်းကင်ဟာ တိမ်ကင်းစင်ပြီး ကြည်လင်နေခဲ့တယ်၊ ရာသီဥတုကတော့ ကျနော့်ဖက်မှာ ရှိနေပြီပေါ့..၊

ကြာသပတေး ညဦးပိုင်းမှာတော့ ကျနော် ကြယ်တွေကို ဓါတ်ပုံထွက်ရိုက်မယ့် အကြောင်း မိသားစုကို အသိပေးလိုက်တယ်၊ အသိပေးတယ် ဆိုတာထက် အမှန်တော့ အတည်ပြုတာပါ၊ အစောပိုင်း ညတွေထဲက ခဏခဏ အပြင်ထွက်ကြည့် နေတဲ့အပြင် ဒီလိုမျိုး ကြယ်မိုးရွာတာဟာ ကြုံတောင့်ကြုံခဲ ဖြစ်ကြောင်း၊ ဒါကို ဓါတ်ပုံရိုက်မယ် ဆိုရင်လည်း လွယ်လွယ်ကူကူနဲ့ မရတတ်လို့ စိန်ခေါ်မှုတွေနဲ့ ပြည့်နေကြောင်း အစရှိသဖြင့် ကျနော်က စကားဦး သန်းထားခဲ့လို့ မအိမ်သူက သိပ်တော့ မအံ့သြပါဘူး၊ နွေးနွေးထွေးထွေး ဝတ်ပြီး သတိနဲ့ သွားဖို့ပဲ မှာတယ်၊ ဒီလိုနဲ့ ကင်မရာ ဘက်ထရီတွေကို အားပြန်ဖြည့်ပြီးတာနဲ့ ယူသွားရမယ့် ပစ္စည်းတွေကို အစီအရီ နေရာချလိုက်တယ်...၊


IMG_9528-nlt
ကင်မရာ၊ ကြယ်စုံကောင်းကင်ကို ဓါတ်ပုံ ရိုက်ရာမှာ မရှိမဖြစ်လိုတဲ့ Interval timer နဲ့ သုံးချောင်းထောက်..၊ ဒါ့အပြင် အမှောင်ထဲမှာ လိုအပ်မယ့် လက်နှိပ်ဓါတ်မီး၊ ပြီးတော့ လိုရမယ်ရဆိုပြီး စစ်သုံးမှန်ပြောင်း တလက်နဲ့ အပျော်တမ်း မှန်ပြောင်းတလက်၊ အသုံးတည့်ကောင်း တည့်နိုင်တဲ့ Swiss knife အသေးတစ်ခု...၊ ဒါတွေကို အရင်ထည့်ပါတယ်၊ ပြီးတော့ ကင်မရာက သူ့အလုပ်သူ အလိုအလျောက် လုပ်နေတဲ့ အချိန်တွေမှာ ကျနော်က ဘာလုပ်နေရမလဲလို့ စဉ်းစားကြည့်တယ်၊ သူငယ်ချင်း တစ်ယောက်လောက် ပါရင်တော့ စကားစမြည်လေး ပြောနေရရင် ကောင်းမှာ..၊ အခုတော့ တစ်ယောက်ထဲ..၊ စာဖတ်နေဖို့ ကလည်း မှောင်နဲ့မည်းမည်းမှာ..၊ ဒီအတိုင်း ပျင်းနေမယ့် အတူ တခုခု စားနေရင် မဆိုးဘူးဆိုပြီး လိုက်ရှာတော့ ချော့ကလက် ၂ တောင်နဲ့ Snickers တစ်တောင့်ကို သွားတွေ့တယ်၊ အိုကေ..အဆင်သင့် လိုက်တာ၊ တခါ ချော့ကလက်တွေ ထားတဲ့ ဘီရိုထဲမှာ တုတ်ထိုးသကြားလုံး တစ်ထုပ်လည်း တွေ့တယ်၊ ဟုတ်ပြီ၊ အဲဒီ သကြားလုံး ၁ ခုလည်း ထည့်မယ်၊ နောက်ဆုံး သောက်စရာ ရေဘူး ထည့်လိုက်ပြီးတဲ့ အခါမှာတော့ ကြယ်ပန်းခင်းဆီ သွားဖို့ ကျနော်အဆင်သင့် ဖြစ်သွားခဲ့ပါပြီ...၊

အိမ်ကထွက်တော့ ည ၁၁ နာရီခွဲ...၊ နဂိုကတည်းက မှန်းထားတဲ့ ရေကန်စပ်နားပဲ သွားလိုက်တယ်၊ ဟိုရောက်တော့ မီးတွေ၊ မီးတွေများ ထိန်လင်းနေလိုက်တာ ဆိုတာ..၊ ဒီလို မီးရောင်တွေနဲ့ ကြယ်လေးတွေကို ဘယ်တွေ့နိုင်မှာလဲ၊ ဒါနဲ့ နောက်တစ်နေရာ ရွှေ့တယ်၊ အဲဒီမှာလည်း လမ်းမီးတိုင်တွေနဲ့ ထိန်ထိန်ညီးလို့..၊ နောက်ထပ် တစ်နေရာ ထပ်ရှာတယ်၊ တော်တော်နဲ့ မတွေ့ပါဘူး၊ ဟိုနား ကောင်းနိုးနိုး၊ ဒီနား ကောင်းနိုးနိုးနဲ့..၊ လျှပ်စစ်မီးကို အပြည့်အဝ မရကြရှာတဲ့ လူတွေကို စဉ်းစားမိပြီး လျှပ်စစ်မီးတွေ ထိန်လင်းနေလို့ ရှောင်ပြေးနေရတဲ့ ကိုယ့်အဖြစ်ကလည်း မဟုတ်သေးပါဘူးလို့ ခေါင်းခါမိတယ်၊ နောက်ဆုံးတော့ မီးတိုင်တွေ၊ ခပ်လှမ်းလှမ်း မြို့တွေက အလင်းရောင်တွေနဲ့ အကွယ်နိုင်ဆုံးလို့ ယူဆတဲ့ နေရာလေးမှာ ရပ်လိုက်တယ်၊ သုံးချောင်းထောက်ကို ဆင်ပြီး ပထမဦးဆုံး အစမ်းရိုက်တော့ ည ၁၂ နာရီ ၁၅ မိနစ်..၊ အပူချိန်က သုည ဒီဂရီ စင်တီဂရိတ်၊ Test shots တွေ ရိုက်အပြီး မှာတော့ ကင်မရာကို Interval timer နဲ့ လွှတ်ထားလိုက် တော့တယ်၊ Aperture ကို f/4 နဲ့ f/4.5 မှာထား၊ Shutter ကိုတော့ Bulb မှာချိန်ပြီး တစ်ပုံချင်းကို စက္ကန့် ၃၀ နဲ့ ရိုက်ပါတယ်၊


IMG_4293-nlt
ကြယ်ကြွေတာကို ဓါတ်ပုံ frame ထဲမှာ မြင်ရတဲ့ပုံ လေးငါးပုံလောက်တော့ ရပါတယ်၊ အဲဒီထဲမှာ ဒီပုံကတော့ အဆင်အပြေဆုံးလို့ ဆိုကြပါစို့၊ ပုံရဲ့ ညာဖက်အပေါ်နားမှာ ကြွေကျလာတဲ့ ကြယ်တစ်ပွင့်ကို တွေ့မှာပါ၊ ကောင်းကင်က အပြည့်အဝ မမှောင်တော့ လှလှပပ fireball လိုမျိုးတော့ မရလိုက်ဘူးဗျာ၊ ဒီ Leonids meteor shower မှာ ကြယ်တွေက တစ်စက္ကန့်ကို ၄၄ မိုင်နှုန်းလောက်နဲ့ ကြွေတယ်လို့ ဆိုပါတယ်၊ အဲဒါကြောင့် ထင်တယ်၊ သေသေချာချာ ကြည့်ရင် ပုံထဲက ကြယ်ကြွေတန်းမှာ မီးပွင့်၊ မီးပွားတွေတောင် တွေ့ရပါတယ်၊ ကျနော် တတ်နိုင်သလောက် ရှောင် ထားပေမယ့် Astrophotography မှာ Light pollution လို့ခေါ်ကြတဲ့ မြို့ပြက အလင်းတွေ စွက်ဖက်ကျူးကျော် နေတာကိုလည်း ပုံရဲ့ဘယ်ဖက် အခြမ်းမှာ သတိထားမိ မှာပါ၊ မဟုတ်ရင် ကြယ်တွေက ဒီထက်ပိုပြီး လင်းမှာ သေချာတယ်..၊း(


Startrails-nlt
ဒါကတော့ တစ်ပုံကို စက္ကန့် ၃၀ နဲ့ ရိုက်ထားခဲ့တဲ့ ပုံ ၁၆ ပုံ ပြန်ပေါင်းထားတာပါ၊ ၈ မိနစ်စာနဲ့ ညီမျှပါတယ်၊ တစ်နာရီစာလောက် ရိုက်ရင် အများကြီး ပိုလှပါတယ်၊ မတတ်နိုင်ဘူး၊ နောက်တခါမှပဲ...၊ ကင်မရာက တောင်ဖက်အရပ်ကို လှည့်ထားတာမို့ star trails တွေက စက်ဝိုင်းပုံတော့ မရလိုက်ဘူး၊ ဒီလို star trails တွေကို ကြည့်မှပဲ ကျနော်တို့ရဲ့ ကမ္ဘာလည်တာ ဒီလောက်မြန်မှန်း သတိထားမိတော့တယ်၊

တကယ်ဆို ကျနော်နေတဲ့ မြို့ကလေးရဲ့ မြောက်ဖက်ပိုင်းကို ထွက်သွားလိုက်ရမှာ..၊ အဲဒီမှာ လူနေအိမ်တွေ မရှိတဲ့အပြင် လယ်ကွင်းပြင်တွေ တပြန့်တပြူးနဲ့..၊ ပြီးတော့ ကင်မရာကို ဓူဝံကြယ် ရှိရာ မြောက်ဖက်ကို ချိန်နိုင်လိမ့်မယ်၊ အဲဒါဆို စက်ဝိုင်းပုံသဏ္ဍန် လည်နေတဲ့ ကြယ်တွေကို တွေ့ရမှာပါ၊ အခုတော့ ပထမဦးဆုံး စမ်းရိုက်ကြည့်တာ ဖြစ်တဲ့အပြင် အပူချိန်ကလည်း သုည ဒီဂရီဆိုတော့ ဒီလောက်နဲ့ပဲ ရောင့်ရဲလိုက်ရ ပါတယ်၊ ပုံတွေက မလှပေမယ့် အမှတ်တရလည်း ဖြစ်အောင်၊ လာလည်တဲ့ ညီအစ်ကို၊ မောင်နှမတွေနဲ့လည်း ဝေမျှရအောင် တင်လိုက်ပါတယ်၊ ကြယ်တွေကြွေတဲ့ လမ်းမှာ ထရိုင်ပေါ့ထ်ကို ထမ်းရင်း တိုးတိတ်စွာ အိမ်ပြန်ခဲ့တယ်...။ ။


ညီလင်းသစ်
၂၁ နိုဝင်ဘာ၊ ၂၀၁၁

52 comments:

  1. Thanks for Share.
    I never seen stars like that before.

    ReplyDelete
  2. သည်ရက်တွေ စာမဖတ်ဖြစ်တာနဲ့မသိလိုက်ဘူးအကိုရေ .
    သိလဲ ဟဲဟဲ အဲလောက်ဆို ခေါင်းဦးပုံထဲ ၀င်နေတဲ့ပိုလာဝက်ဝံဖြစ်နေလောက်ပီ .
    ည ၉ နာရီကျော်တာနဲ့အော်တို မျက်လုံးပိတ်ပီးသားရယ် ..
    အဲလို ညတွေကိုမခံစားဖြစ်တာကြာပေါ့ .ရန်ကုန်ကထွက်လာကတည်းကဆိုပါတော့ .အမေနဲ့အတူတူ ညလသာသာ ကြယ်ကြွေချိန်တွေကို မကြည့်ရတာကြာခဲ့ပြီ
    စက်ာပူမှာ သာတဲ့လ ကတော့
    သာပေမယ့်လဲ အလကား ဖြစ်နေပြီအကိုရေ

    ခင်တဲ့

    မဒိုးကန်

    ReplyDelete
  3. ကျနော်လည်း ခုရက်ပိုင်း ကောင်းကင်ကို ခဏခဏ မော့ကြည့်နေဖြစ်တယ် အထူးသဖြင့် ညနေပိုင်း နဲ့ ညဦးပိုင်းတွေမှာပေါ့ ။ တော်တော် လှတယ်လို့ ခံစားမိပြီး ကိုယ့်စိတ်ကူးထဲပဲ သိမ်းထားဖြစ်တော့တယ် အစ်ကို့လိုတော့  ပြန်ဝေမမျှတတ် မတတ်ဆို ရိုက်လိုက်ရင်လည်း မဲမဲကြီးတစ်ခုပဲ ပေါ်တာကိုး ဖိုတိုကရက်ဖာကြီးရဲ့း)))

    သိုင်းကျူး ဖိချိုင်း :P

    ReplyDelete
  4. ဟီးဟီး ပုံတွေကောင်းကောင်း ကြည့်ရအောင် ဆက်ကြိုးစားပေးပါလို့ ကိုညီလင်းသစ်ကို တောင်းဆိုချင်တယ်။ အနည်းဆုံး စပြီးတော့ လုပ်ဖြစ်သွားပြီးပေါ့။

    ReplyDelete
  5. ကြယ်တွေစုံတဲ့ည အမေ့အိမ်ကိုလွမ်းတယ်....

    ညီ

    ReplyDelete
  6. မိုးကောင်းကင်ကြည့်တာတော့ ၀ါသနာပါတယ်ကိုညီလင်းသစ်ရေ။ မကြာခဏလဲ မော့ကြည့်တတ်တယ်။ ဒါပေမယ့် ကိုယ်ပဲ ကံမကောင်းတာလားတော့မသိ.. ကိုယ်မော့ကြည့်တဲ့အချိန်တိုင်း ကောင်းကင်က သိပ်တည်ငြိမ်လွန်းနေတယ်။ ဘာအပြောင်းအလဲမှမရှိ။ အနှစ်၄၀အတွင်းမှာ ကြယ်ကြွေတာကို ရှားရှားပါးပါး ၂ကြိမ်ပဲတွေ့ဖူးတယ်။ ငယ်ငယ်က၁ကြိမ် မနှစ်က၁ကြိမ် ကြယ်ကလေး၁လုံး ကောင်းကင်ပေါ်မှာ ရွှတ်ကနဲဖြစ်ပြီး ပျောက်သွားတယ်။ အဲဒါပဲ။ ဘာမှန်းတောင် မသိလိုက်တဲ့ ကြယ်ကြွေနည်း...း))
    ဒီလိုမျိုး ကြယ်တွေအများကြီးကြွေတာ တစ်ခါမှမမြင်ဖူးဘူး။ ကြည့်ရတာ အတော်စိတ်လှုပ်ရှားစရာ ပျော်စရာကောင်းလိမ့်မယ်ထင်တယ်နော်။ ကြယ်တံခွန်တို့ ဥက္ကာပျံတို့လဲ တစ်ခါမှကို မမြင်ဖူးဘူး။ အခုလို တကူးတက ဓါတ်ပုံတွေရိုက်ပြီး ဝေမျှပေးတာ ကျေးဇူးတင်ပါတယ်ရှင်။

    ReplyDelete
  7. ကြယ်တွေကြည့်ရတာ သိပ်ကြိုက်တယ် မလေးပို့စ်တွေဆို သွားသွားဖတ်တယ်...အဲလိုကြယ်မိုးရွာတာလဲ သိပ်မြင်ဖူးချင်တာပဲ...။ ကင်မရာအကြောင်းတော့သိပ်နားမလည်ပေမယ့် ကိုညီလင်းသစ်ရိုက်ထားတဲ့ ကြယ်မိုးပုံသိပ်လှတယ်...။ တကယ်အပြင်မှာဆို ဘယ်လောက်တောင်လှလိုက်မလဲ..။ ကောင်းကင်ကိုကြည့်ရတာ ကြိုက်လို့ ကမ်းခြေသွားရင်ညဘက် သောင်ပြင်မှာ အိပ်ပြီးတောင်ကြည့်ဖူးတယ်....။

    ReplyDelete
  8. ကျေးဇူးတင်လိုက်တာ ကိုညီ။
    ကြည့်ရခဲသောပုံတွေပါပဲ။
    မြို့ ပြင်ထွက်လိုက်ရင်တော့ အကောင်းဆုံးနေမှာနော်။
    ဒါပေမယ့်လည်း ဒီလောက်တောင်မှ အတော်ကောင်းနေပါပီ။
း)

    ReplyDelete
  9. မလေး ရေးထဲက စိတ်ဝင်စားနေတာ။ အခုလို လက်တွေ့စောင့်ကြည့်၊ ဓာတ်ပုံရိုက်ပြီး အခုလို ပြန်လည်မျှဝေတော့ ဖတ်ရသူတွေ ပိုအရသာရှိတာပေါ့..။ ကိုယ်တိုင်လည်း ကြုံတွေ့ခွင့်ရလိုက်တော့ ကျေနပ်မှုဖြစ်နေမှာ သေချာတယ်။ ဓာတ်ပုံတွေကတော့ အခုထိ မပေါ်သေးလို့ နောက်တစ်ခေါက် ထပ်လာပုံတွေကြည့်ဦးမယ်။ ( မနက်ထဲက ကွန်နက်ရှင်မတရားနှေးနေထှာ)

    ReplyDelete
  10. တော်လိုက်တာ... ညီလင်းသစ်က professional နီးပါးရိုက်နိုင်တာဘဲ...အမဆို ဒီလိုပုံထွက်အောင်မရိုက်တတ်ဘူး... နားလဲမလည်ဘူး... ကိုယ်သာရိုက်ဖြစ်ရင် ဒီလိုပုံတွေမထွက်မှာသေချာတယ်...

    ReplyDelete
  11. တစ်ပုံကို စက္ကန့် ၃၀ နဲ့ ရိုက်ထားခဲ့တဲ့ ပုံ ၁၆ ပုံ ပြန်ပေါင်းထားတဲ့ အိုင်ဒီယာလေး သဘောကျတယ်။ ညီမဆို စဉ်းစားမိမယ်မထင်ဘူး။ ကမ္ဘလည် တာ အစ်ကို ဒီလိုနည်းနဲ့ ဖမ်းထားတာလေ။

    ReplyDelete
  12. လှလိုက်တာ...ကြယ်တွေ...။
    ကြယ်တွေစုံတဲ့ညမှာ ကြယ်တွေကြွေခဲ့တယ်..။

    ReplyDelete
  13. ကိုညိလင်းသစ်ရေ....
    အလုပ်ကများ၊ ဒီကြားထဲ ဘောနပ်စ်စိတ်ရှုပ်စရာတွေနဲ့ ဘယ်ကိုမှ မရောက်တာ ကြာပေါ့။ ဒီနေ့မှ စပြီး ဘလော့ဂ်ပြန်လည်ပါတယ်။ လာလိုက်တာနဲ့ အထူးအဆန်းတွေ တွေ့ရတော့တာပဲ။ ကျွန်မရိုက်ရင်တော့ မှောင်နဲ့ မဲမဲပဲ တွေ့ရမှာ...ဟဟဟ။
    အားထုတ်မှုအတွက်ရော၊ မျှဝေမှုအတွက်ပါ ကျေးဇူးပါရှင်...

    ReplyDelete
  14. These photo are amazing. Thanks for sharing star photo. What is that thing which is written "Facebook" on it

    ReplyDelete
  15. ကြယ်တွေကြွေတာကို အေးအေးချမ်းချမ်းမှာ တကူးတက ဓာတ်ပုံသွားရိုက်ဖို့ စိတ်ကူးတာကိုက ကျေးဇူးတင်ပါတယ်.
    ဒါကြောင့်လည်း ခုလိုပုံလေးတွေ မြင်ရတာပေါ့
    မဟုတ်ရင် ကိုယ်ဖာကိုယ်ဆို ကြယ်တွေကြွေတာ မြင်လိုက်ရမှာမဟုတ်ဘူး..
    ကောင်းကင်ကလည်း ကြယ်တွေကို စုံနေတာပါဘဲလား..
    မြို့ရဲ့ မီးရောင်ကြောင့် အနက်ရောင်ကတ္တီပါ မဟုတ်ဘဲ အညိုရောင် ကတ္တီပါပေါ် ဖြန့်ကြဲထားတဲ့ စိန်ပွင့်လေးတွေ ဖြစ်သွားတယ်နော်..
    ဘာဘဲဖြစ်ဖြစ် ကြည့်ရတာ သိပ်လှပါတယ်
    ဓာတ်ပုံ ၁၆ပုံကို ပေါင်းထားတဲ့ အိုင်ဒီယာသိပ်ကောင်းတာဘဲ..
    ဒီလောက်တောင်ကြွေတာ ဒီပုံကြည့်မှ သေချာ သိရတာ..

    ReplyDelete
  16. ကိုညီလင်းရဲ့ အားထုတ်မှုကို တလေးတစား...ပြီးတော့... တအံ့တသြ ကြည့်ရင်း...

    ကြယ်တွေကြွေတဲ့ လမ်းမှာ ထရိုင်ပေါ့ထ်ကို ထမ်းရင်း တိုးတိတ်စွာ အိမ်ပြန်ခဲ့တယ်... ဆိုတဲ့ နောက်ဆုံးစာကြောင်းလေးမှာ တခုခုကို လွမ်းသွားတယ်...း)

    ReplyDelete
  17. ပုံကြည့်သွားတယ်..
    ကြယ်တွေကြွေနေလား.. ထူးအိမ်သင်သီချင်းလေး မညည်းခဲ့ဘူးလား...


    Sdl

    ReplyDelete
  18. လပြည့်ရိပ်November 21, 2011 at 11:00 AM

    ကြယ်တွေကြွေတာ ခုမှပဲ မြင်ဘူးတော့တယ်။ ဗီဒီယိုလေးပါကြည့်ရရင် ကောင်းမှာ .. :-) မျှဝေပေးတဲ့အတွက် ကျေးဇူးပါ အကို..

    ReplyDelete
  19. ကြယ်တွေ.....၊အမှန်ပြောရရင် ကောင်းကင်နဲ့မြေကြီးမှာ
    ကျွန်တော်သိပ်စိတ်ဝင်စားလို့မရတဲ့အထဲမှာ ကြယ်တွေက
    ထိပ်ဆုံးကပဲအကိုရ...၊ဒါပေမယ့် အကိုခုလို သေသေချာ
    ချာ ကြိုးစားအားထုတ်ပြီးရိုက်ထားတဲ့ပုံတွေနဲ့ ရှင်းပြ
    ထားတာလေးဖတ်လိုက်ရတော့လည်း စိတ်ဝင်စားစရာ
    အတော်ကောင်းတာပါပဲလား...၊အင်း....အပြင်းပြေစား
    ဖို့တုတ်ထိုးသိကြားလုံးလေးပဲယူသွားတာတော့ မဟုတ်
    သေးပါဘူးအစ်ကိုရ...မသကာ ဘီဘီလေး တစ်လုံး
    လောက်ဆွဲသွားပြီးရော....:)။ကြယ်တွေကိုငေးမောရင်း
    တိုးတိတ်စွာပြန်ပြီအကို.....:))))

    ReplyDelete
  20. ပုံတွေကကောင်းပါတယ်အစ်ကို...နောက်ထပ်များများထပ်ကြည့်ချင်သေးတယ်..။ ငယ်ငယ်ကတောင်ကြီးမှာ ကြယ်ကြွေတာတစ်ခါဘဲမြင်ဖူးတယ်...မြန်တယ် မျက်စိတမှိတ်အတွင်းဘဲ...အခုလိုဆောင်းတွင်းမှာဘဲထင်တယ်.. ။ အားလုံးထဲမှာ Army Knife လေးကိုစိတ်အ၀င်စားဆုံးဘဲ... တစ်ခုလောက်ဝယ်မလို့ ..လေယာဉ်တွေပေါ်ဘာတွေပေါ်သယ်လို့မရဘူးထင်တယ်..။

    ReplyDelete
  21. ATZH ...
    Thanks for your appreciation..!

    မဒမ်ကိုး ...
    ည ၉ နာရီမှာ ခေါင်းချနိုင်တာ နည်းတဲ့ ကုသိုလ်လားဗျာ၊ အဲဒီအဖြစ်မျိုး ကျနော့်မှာ မရှိတာ ကြာပါပြီ..၊း(

    မောင်မျိုး ...
    ကိုယ့်ဘာသာ တစ်ယောက်တည်း တိတ်တိတ်လေး ခံစားတာဟာလည်း တမျိုးကောင်းတာပဲဗျ...၊း)

    (ကို)မောင်သန့် ...
    အေးဗျ၊ ကျနော်လည်း တေးထားတယ်၊ လာမယ့် နွေရာသီမှာ ကြယ်တွေစုံတဲ့ ညတစ်ညတော့ ကြုံဖြစ် ဦးမှာပါ..၊

    ညီ ...
    နေညိုညို လမ်းလေးထက် နေ့စဉ် စောင့်နေဆဲ..၊ မျှော်လင့်ခြင်းများရယ် အိမ်ပြန်ချိန် များရယ်....၊း)

    မအိမ်သူ ...
    ကျနော်လည်း အရင်က ဟုတ်တိပတ်တိ သိပ်မတွေ့ဖူး ပါဘူးဗျာ၊ အခုတော့ ကြယ်ကြွေမယ့်ရက်တွေ ပြထားတဲ့ ပြက္ခဒိန်တွေကို စိတ်ဝင်စားစ ပြုလာပြီ...၊း)

    မမိုးငွေ့ ...
    အဲဒီလို မြေပြင်မှာ လှဲလျောင်းပြီး ကောင်းကင်တခွင်လုံး ကို ကြည့်ရတာ အကောင်းဆုံးပေါ့ဗျာ၊ ကျနော့်မှာ အေးလွန်းလို့သာ မတ်တပ်ရပ်နေ ခဲ့ရတာ...၊း(

    ညီမ Vista ...
    စိတ်ဓါတ်မကျအောင် အားပေးသွားတာ ကျေးဇူး တင်ပါတယ် ညီမရေ..၊ နောက်တစ်ခေါက်တော့ လယ်ကွင်းတွေ ရှိတဲ့ဖက်ကို သွားမယ်...၊

    မမြသွေးနီ ...
    ကွန်နက်ရှင် အခက်အခဲ ကြားထဲကနေ တကူးတက လာပြီး အားပေးလို့ ကျေးဇူး အများကြီး တင်ပါတယ်ဗျာ၊

    မရိုစ့် ...
    ကျေးဇူးပါပဲ၊ ကျနော်လည်း ဒီလိုပဲ သူများတွေ ရိုက်ထားတာ လိုက်ကြည့်၊ လိုက်ဖတ်ပြီး ကြိုးစား ကြည့်နေတာ ပါပဲဗျာ..၊

    ကိုကျော်မင်းနိုင် ...
    Thanks a lot bro..!

    မမြတ်ကြည် ...
    Star trails တွေကိုတော့ ဒီလိုနည်းနဲ့ပဲ ရိုက်ကြတာ များပါတယ် ညီမရေ..၊ “ကမ္ဘာဟာ သူ့အချိန်အတိုင်း သူလည်ပတ် ဦးမှာပါ..” ဆိုတဲ့ ဆောင်ဦးလှိုင် သီချင်းကို သတိရတယ်..၊း)

    မချစ်ကြည်အေး ...
    ပေါ်မလာ အတော်ကြာဆိုတော့ နှစ်ကုန်ပိုင်း အလုပ်တွေ ပိနေတာဖြစ်မယ်လို့တော့ ထင်သားဗျ၊ လာပြီး အားပေးလို့ Welcome back ပါဗျား..၊း)

    rose ...
    Thanks for your kind comment! That facebook-written-thing is nothing but a water bottle. :)

    မချော ...
    အညိုရောင် ကတ္တီပါကောင်းကင် ဆိုတဲ့ စကားလေး သဘောကျတယ်၊း) ဟုတ်တယ်နော်၊ အဲဒီအရောင်အတိုင်း ကို ဖြစ်နေတာပဲ..၊

    မသက်ဝေ ...
    ကျနော်ကတော့ ကောင်းကောင်း မမြင်လိုက်ရဘဲ လွတ်သွားတဲ့ ကြယ်တွေကို လွမ်းသွားတာ...၊းD

    Sdl ...
    ထူးအိမ်သင် သီချင်းကို ညည်းဖို့ နေနေသာသာ..၊ ချမ်းလွန်းလို့ မေးက တဂတ်ဂတ် ရိုက်နေတာဗျ၊ ဆိုလိုက်ရင်လည်း သီချင်းစာသားတွေက နှုတ်ခမ်းဝ မှာတင် ချက်ချင်းအေးခဲပြီး ကြွေကျမယ် ထင်တယ်၊း)

    ညီမ လပြည့်ရိပ် ...
    နောက်တခါ လိုအပ်တဲ့ ပုံတွေ အများကြီး ရရင်တော့ Time lapse ဗီဒီယိုလေး တစ်ခုလောက်တော့ ကျနော် လုပ်ကြည့်ပါဦးမယ်...၊

    ကိုညိမ်းနိုင် ...
    ဘီဘီလား..? သတိရတယ်ဗျ၊ ဒါပေမယ့် အေးလွန်းလို့ သောက်ချင်စိတ်က သိပ်မရှိတာနဲ့..၊ တကယ်က အဲဒီလို ရာသီဥတုမှာ အနည်းဆုံး 40% alcohol လောက် ပါတဲ့ဟာ တခုခုမှ ဖြစ်မှာ..၊း)

    ReplyDelete
  22. ကိုဖြိုး ...
    ဟုတ်တယ်ဗျ၊ Swiss knife တွေကို hand-carry ထဲမှာ သယ်ခွင့် မပေးတော့ဘူး၊ ဂျနီဗာ လေဆိပ်က လုံခြုံရေး ဝင်ပေါက်မှာ ပုံးကြီးထဲ အပြည့်ပဲ..၊ မသိဘဲ အိတ်ထဲ ထည့်ယူလာသူတွေဆီက သိမ်းထားတာ..၊း) checked luggage ထဲမှာတော့ ပြဿနာ မရှိပါဘူး..။

    ReplyDelete
  23. တကူးတက အချိန်ယူရိုက်ထားတဲ့ ပုံကောင်းတွေ
    ဖေါ်ပြပေးလို့ ကျေးဇူးတင်ပါတယ်။

    ReplyDelete
  24. ဆွေလေးမွန်November 21, 2011 at 5:04 PM

    ခုလိုပုံတွေရိုက်တဲ့ အတွေ့ အကြုံ နဲ့ ရိုက်လာတဲ့ ပုံလေးတွေ ကြည့်ပြီး အားကျ၏။
    ကိုယ်တိုင်လည်း အလိုရိုက်ချင်တယ်..

    ReplyDelete
  25. ကိုညီလင်းသစ် ကျေးဇူးအထူးပါ။
    ကြယ်တာရာစိန်မှုန်ကြဲသလို နေမှာပဲဗျာ။
    လတစင်းရဲ့ ညခင်းအလင်္ကာ၊ ရိုက်ကွင်းပေါ်က လူဆိုးနဲ့သူခိုး တို့ လိုပဲ သဘောကျမိသလို အားလဲကျမိတာပါ။
    ကိုညီလင်းသစ်က 127 Hours ရုပ်ရှင်ကို လျှပ်တစ်ပြက်များ သတိရသွားသလားပဲ။
း)

    ReplyDelete
  26. ကိုညီလင်းသစ်
    ကြယ်တွေကို ကြည့်ဖို့ နေရာကိုကြိုရွေးထားရမယ် ထင်တယ်။ မြိ့ပြနဲ့ ဝေးတဲ့ အလင်းရောင်မရှိတဲ့နေရာ၊ မြေပြန့် ဖြစ်ပြီး ကိုယ်ကတောင်ကုန်းပေါ်မှာ နေရာယူရမယ်။မြေပြင်မှ၁၅ဒီကရီထိ သစ်ပင်အမြင့် မကွယ်ရဘူး။ ဒါမှ ၁၈၀ ဒီကရီ မြင်ကွင်းကို အပြည့်အ၀ မြင်ရလိမ့်မယ်။ တိမ်ကင်း စင်တဲ့ လမိုက်ညလည်းဖြစ်ရမယ်။ စပြီးမှောင်သည့်အချိန်မှစပြီး ကြယ်တွေ တစ်လုံးစ နှစ်လုံးစ မြင်ရာကနေ ကြယ်အစုအဝေး နက္ခတ်တွေ တစ်ခုပြီး တစ်ခုတက်လာတာကြည့်ရင်း အာရုဏ်တက် နေအလင်းရောင်ရတဲ့အထိပဲ ဘယ်လိုအချိန်ကုန်သွားမှန်းမသိလိုက်ဘူး။ ကမ္ဘာကြီး လည်နေတာကို တိုက်ရိုက်ခံစားရတယ် ဆိုတာ အမှန်ပဲ။
    ခင်တဲ့
    wt

    ReplyDelete
  27. ကြယ်တွေကို သဘောကျတယ်၊

    ကိုယ်တိုင် ကြယ်တွေကို ကြည့်ပြီး မှတ်တမ်းတင်ရိုက်ကူးနေတဲ့ ခံစားချက်လေး ကို သဘောကျသွားမိတယ်။

    ကြယ်ကြွေကျတာ ကြည့်လိုက်ရလို့ ပျော်သွားတယ်။

    ReplyDelete
  28. မ,ရှင်လေး ...
    ပုံကောင်းတွေ မဟုတ်ရပါဘူးဗျာ၊ နောက်တခါမှ ဒီထက် ပိုကောင်းအောင် သေသေချာချာ လုပ်ရမယ်..၊း)

    မဆွေလေးမွန် ...
    ရိုက်ချင်ရင် စမ်းပြီး ရိုက်ကြည့်လို့ ရပါတယ်၊ လိုအပ်တဲ့ ပစ္စည်းတွေသာ ရှိရင် ဒီလောက်မခက်ပါဘူး...၊

    ဖလ်နေဝန်း ...
    ဟုတ်တယ်ဗျ၊ ကောင်းကင်က ဥက္ကာပျံ ကျောက်တုံးကြီးတစ်ခု လက်ကို လာပိချင် ပိနေမှာ...၊းD

    wt ...
    အမှန်ပေါ့ဗျာ၊ ကြယ်တွေကို သေသေချာချာ ခံစားနိုင်ဖို့ အဲဒီ အခြေအနေတွေ လိုအပ်တာပေါ့၊ ဒီလို အနေအထားတွေ အောက်မှာ dream bed လိုဟာမျိုး တစ်ခုနဲ့ စိမ်ပြေနပြေ လှဲလျောင်းပြီး ကြည့်ရရင် အကောင်းဆုံးပါပဲ၊ အဲ.. ဓါတ်ပုံအတွက် ဆိုရင်တော့ ကြယ်တွေချည်းသက်သက် ရိုက်တာထက် စာရင် မြေပြင်က သစ်ပင်၊ တောင်တန်း စတဲ့ foreground တစ်ခုခု ပါရင် ပိုပြီး စိတ်ဝင်စားဖို့ ကောင်းပါတယ်..၊

    မ,အပြုံးပန်း ...
    ဟုတ်ပါတယ်၊ ချမ်းချမ်းစီးစီး ပေမယ့် စိတ်ဝင်စားစရာ လည်းကောင်း၊ ပျော်စရာလည်း ကောင်းတဲ့ အတွေ့အကြုံ တစ်ခုပါပဲ..။

    ReplyDelete
  29. အကိုရေ
    ညီမလည်းကြယ်တွေကိုသဘောကျတယ်
်ကြယ်ကြွေတာကိုတော့မြင်ဖူးတယ်
    အခုလိုတော့မမြင်ဖူးဘူးပေါ့..


    ကြယ်တွေကြွေတဲ့ လမ်းမှာ ထရိုင်ပေါ့ထ်ကို ထမ်းရင်း တိုးတိတ်စွာ အိမ်ပြန်ခဲ့တယ်...။ ။

    ညီမသာဆိုရင်တော့ တိုးတိတ်စွာနဲ့
    မပြန်ဘူး...သီချင်းတိုးတိုးလေးညည်းပြီး
    အိမ်ပြန်လာမှာ...

    ReplyDelete
  30. ကြယ်တွေကြွေတဲ့ကောင်းကင်ကြီးကို
    မြတ်မြတ်နိုးနိုးလေးကြည့်ခဲ့ပါတယ်
    ပုံတွေအရမ်းကိုကောင်းပါတယ်ရှင်
    တိုးတိတ်ခြင်းရဲ့အရသာကိုလဲ
    တစ်ကယ်ကြိုက်တယ်..
    ခင်ခင်မင်မင် jasmine

    ReplyDelete
  31. အဲ့လို ကြယ်တွေ အများကြီး ကြွေတာ ရှိတယ်ပေါ့ ..
    မြင်ဖူးချင်တယ် ..
    ငယ်ငယ်ကတည်းက
    ကြယ်ကြွေတာမြင်ဖူးတာ ၂ ခါပဲ ရှိသေးတယ် ..
    ခုတောင် သေချာ မမှတ်မိတော့သလိုပဲ .. :P

    ခင်မင်လျှက်
    ဆောင်းနှင်းရွက်

    ReplyDelete
  32. ကျွန်တော်လဲ မလေးပိုစ့်ဖတ်ပြီး ကြယ်ကြွေတာ စောင့်ကြည့်မယ်လို့ ဆုံးဖြတ်ထားတာ အစ်ကို ဒါပေမယ့် အဲဒီရက်တွေက ဒီမှာ မိုးက မပြတ်လို့ ဘာမှ မမြင်လိုက်ရပါဘူး။ အစ်ကိုကတော့ တကယ်လုပ်နိုင်ခဲ့တယ်။ ပြန်ဝေမျှပေးလို့ ကျေးဇူးတင်ပါတယ် အစ်ကို...

    ReplyDelete
  33. Dear Ko Nyi,

    I was waiting for falling stars day according to Ma Lay's post but unluckly my place was heavily rain the whole week. At that night nothing stars on the sky. :(

    Anyway thanks for your sharing nice pictures.

    regular reader

    ReplyDelete
  34. ဒီပိုစ်လေးဖတ်ရတာ..
    စိတ်ချမ်းသာတယ်.. အားကျမိပါတယ်..
    ရယ်လည်းရယ်ရတယ်..

    မလေးမှာ ရေးသာရေးရတာ ကြယ်ကြွေတဲ့ ၂ရက်လုံး နှင်းမုန်တိုင်းတိုက်တာ.. နောက်ရက်ကျတော့ သူမဟုတ်တဲ့အတိုင်း ကောင်းကင်ကြီးက ကြည်လင်လို့...

    ကြယ်တွေကို ချစ်သော မောင်နှမတွေ စုထိုင်ပြီး ငေးရရင် တော်တော်ပျော်စရာကောင်းမယ်..း))

    ReplyDelete
  35. I am also one of star lovers to watch them.I love nature around me since i was young not only stars but comets,milky ways ...too.I never bore to look at sky especially full moon night.Thanks for your wonderful night scene of star raining night.I can feel well how did you face cold in that night.Bravo bro:)
    Gyidaw

    ReplyDelete
  36. ညီမ blackroze ...
    အေးလွန်းလို့ သီချင်းစာသားတွေ မေ့နေခဲ့တာဗျ..၊း)

    တောင်ကြီးက မစံပယ် ...
    ညက တိတ်ဆိတ်တာတော့ အမှန်ပဲဗျို့၊ လမ်းပေါ်မှာ လူသူလေးပါး ကင်းရှင်းပြီး ခွေးတစ်ကောင်၊ ကြောင်တစ်မြီးမှကို မရှိတာ..၊

    ညီမဆောင်းနှင်းရွက် ...
    ဟုတ်တယ်နော်၊ ကြယ်ကြွေတာကို ခဏခဏ မြင်ဖို့ဆိုတာ သိပ်တော့ မလွယ်လောက်ဘူး...၊

    ညီရဲ ...
    အေးဗျ၊ ရာသီဥတုက ကိုယ်နဲ့အလိုတူ အလိုပါ မဟုတ်ခဲ့ ရင်တော့ မြင်ရစရာ အကြောင်းသိပ်မရှိ နိုင်ပါဘူး၊

    Dear regular reader ...
    Sorry to hear that your dream didn't come true because of that never-ending-rain. Let me also take this opportunity to thank you for reading my blog regularly. :)

    မလေး ...
    ဒီမှာတော့ ရှားရှားပါးပါး အဲဒီရက်တွေက ရာသီဥတု ကြည်လင်နေလို့ ကျနော်လည်း စမ်းဖြစ်သွားတာပါ၊ သေချာတာပေါ့ မလေးရယ်၊ ကြယ်တွေကိုချစ်တဲ့ မောင်နှမတွေ လက်ဖက်တရိုး၊ အကြမ်းတစ်အိုးနဲ့ အတူတကွ ကြည့်ရရင် ပျော်စရာ အတိပဲဆိုတာ...၊း)

    Gyidaw ...
    Oh..didn't know that you're also a stars lover. Indeed, there is nothing more peaceful to watch than staying up late and feel a full moon night. As for my stars photo, thanks for your appreciation though I wasn't satisfied and think to do again when a favourable conditions come up. =)

    ReplyDelete
  37. မလေးရဲ့ ဖဘ က ကြယ်ပွင့်များဆိုတဲ့ အယ်လ်ဘမ် မှာ ရှဲခွင့်ပြုပါ။

    ReplyDelete
  38. မလေး ...
    သဘောရှိပါဗျား၊ ပုံတွေက သိပ်မကောင်းလို့ ကျနော့် အနေနဲ့ နည်းနည်း အားနာတာ တခုပါပဲ..။

    ReplyDelete
  39. ဒီဇင်ဘာမှာ ထပ်ကြွေဦးမယ်.. ဒီဇင်ဘာ ၁၃-၁၄ Geminids ကြယ်မိုး.. ဒါပေမယ့် လရောင်က ရှိနေမှာ..

    ReplyDelete
  40. စိတ်ဝင်စားဖို့ကောင်းလိုက်တာ။
    ဗဟုသုတအတွက်ရော ဓါတ်ပုံကြည့်လိုက်ရတာရော မလေးရော ကိုညီလင်းသစ်ပါ ကျေးဇူးအများကြီးတင်ပါတယ်။

    ReplyDelete
  41. မလေး(အိမ့်ချမ်းမြေ့)ရဲ့ 'ကြယ်မိုးရွာမယ့်ည' ကိုစိတ်ဝင်စားခဲ့တာ။ အခုလို စိတ်ဝင်စားနေတာလေးကို ထူးထူးခြားခြားလေး ဓာတ်ပုံပညာအသုံးချပြီး မျှဝေပေးတာ အထူးကျေးဇူးပါ မောင်ညီလင်းရေ။
    ဒီဇင်ဘာ ၁၃-၁၄ ကိုလည်းစောင့်မျှော်နေတယ်နော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  42. သတင်းပေးတဲ့ မလေးနဲ့  အကောင်အထည်ဖော်တဲ့ ကိုညီကြောင့်သာ ဒီလို ထူးခြားတာလေး ဖတ်ရတာ..သိုင်းကျူး..Canon Camera ကြီးကို သရေယိုသွားတယ်.. :)

    ReplyDelete
  43. မလေး ...
    ဟုတ်တယ်ဗျ၊ အဲဒီ ဒီဇင်ဘာ ၁၃-၁၄ မှာကြွေမယ့် Geminids က တစ်နာရီကို အလုံး ၆၀ လောက်ဆိုတော့ စိတ်ဝင်စားတုန်း ရှိသေး ဒီနှစ်မှာ လရောင်က ရှိနေမယ်တဲ့၊ ဒါပေမယ့် ရှေ့နှစ် ဇန်နဝါရီ ၃-၄ မှာကြွေမယ့် Quadrantids မှာတော့ သန်းခေါင်မှာ လရောင်ပျောက်မှာမို့ ပိုပြီးမျှော်လင့် နိုင်မလားပဲ၊ သူလည်း ၁ နာရီကို အလုံး ၄၀ ဆိုတော့ စိတ်ဝင်စား စရာ ကောင်းတယ်၊ အဲဒီမှာ အဆင်မပြေရင်တော့ လာမယ့် နွေဦးရာသီမှာ ကြွေမယ့် ဧပြီ ၂၁-၂၂ က Lyrids ရယ်၊ မေ ၅-၆ က Eta Aquarids ရယ်ကို စောင့်ရမှာပဲ၊ အအေးလည်း ပေါ့သွားလောက်ပြီ၊ ဒါမှ မရသေးရင် နောက်ဆုံး ဇူလိုင် ၂၈-၂၉ က Southern Delta Aquarids ရယ်၊ သြဂုတ် ၁၂-၁၃ က Perseids ရယ်မှာတော့ စိတ်ကြိုက်ရမယ် မှန်းတာပဲ မလေးရေ့၊ နွေရာသီလည်း ဖြစ်လို့ ရာသီဥတုက အဆင်ပြေနိုင် တယ်လေ..၊း)

    မဖြိုးဖြိုး ...
    စိတ်ဝင်တစားနဲ့ လာပြီး အားပေးတာ ကျေးဇူး အများကြီး တင်ပါတယ်နော်...၊

    အန်တီတင့် ...
    ဟုတ်ကဲ့..၊ ဒီဇင်ဘာ ၁၃-၁၄ မှာ ကြိုးစား ကြည့်ပါ့မယ်၊ အဲဒီမှာ မရရင်တော့ ဇန်နဝါရီ ၃-၄ ပေါ့..နော၊း)

    ညီမစန်းထွန်း ...
    ကျေးဇူးပါဗျာ..၊ ဟုတ်ပါတယ်၊ အဦးအစ ရှာဖွေ၊ တိုက်တွန်းခဲ့တဲ့ မလေးကို ကျေးဇူးတင်ဖို့ ကောင်းလှတယ်..။

    ReplyDelete
  44. ကိုညီလင်းသစ်ရေ
    ကြယ်ကြွေတာမြင်ဘူးပေမယ့် ဒီလိုအများကြီးကို မြင်ရတာတော့ပထမဦးဆုံးပါ။
    အားထုတ်မှု၊ပညာ၊စေတနာ တွေကို တကယ်ချီးကျူးပါတယ်။

    အခြေအနေပေးရင် အော်ရိုရာ auroraလည်းရိုက်ပေးနော်။ တကူးတကတော့ ခရီးမထွက်ပါနဲ့။

    ReplyDelete
  45. I simply just wish I could witness the amazing event and could take those amazing pictures by myself. Thanks a lot for sharing and I really love the stars, and the peaceful night.
    Mon Petit Avatar

    ReplyDelete
  46. စာကြွေးတွေ တပုဒ်ချင်းဖတ်လာခဲ့တာ ပြီးခဲ့ပြီဗျ။
    ကွန်မန့်ပေးထားကြတာလဲ စုံစေ့နေတာပဲ။
    နောက်တခေါက်ဆိုရင် ဖေ့ဘွတ်ထဲကို ၄၀ ရာနှုန်းလေး အနေတော်စပ်.. ပီကေအစား စနက်လေးယူ.. ကြယ်တွေကကြွေလို့.. ကင်မရာက တိုင်ဘာနဲ့ တချပ်ချပ်.. ကိုညီလင်းသစ်ကလဲ ဖေ့ဘွတ်လေးနဲ့ ဟန်ကျလို့ ဖြစ်နေရမပေါ့..
    N/A

    ReplyDelete
  47. ကိုညီလင်းသစ်ရေ... ဇွန်လည်း ကိုယ့်ခရီးသွားပို့စ်လေးကို တင်ဖြစ်အောင် အချိန်လုပြီး အတင်းတွန်းထိုးတင်လိုက်ပေမယ့် တခြားဘလော့တွေကို မရောက်ဖြစ်တာ တော်တော်ကြာပြီ။ စာကြွေးတွေရှင်းရမှာ မနည်းမနောပဲ။ :D
    ကြယ်ပန်းတစ်ခင်းနဲ့ လင်းတဲ့လူအကြောင်း စိတ်ဝင်တစားဖတ်သွားတယ်။ ဇွန်ငယ်ငယ်ကလည်း ကြယ်တွေကို သိပ်စိတ်ဝင်စားတာ။ ခုလို ကြွယ်တွေကြွေတဲ့အကြောင်း သတင်းပေးတဲ့ မလေးကိုရော သေသေချာချာ မှတ်တမ်းဓာတ်ပုံတွေ ရိုက်ကူးပြီး ဝေမျှတဲ့ ကိုညီလင်းသစ်ကိုရော အရမ်း ကျေးဇူးတင်ပါတယ်။
    ဟို... အပေါ်ပစ္စည်းတွေထဲမှာ ဇွန့်အတွက် စိတ်ဝင်စားစရာ အကောင်းဆုံးတစ်ခုတွေ့တယ်။ တစ်ခြားတော့ မဟုတ်ဘူး၊ Snickers ပါ။ :D အန်ဂိုလာခရီးစဉ်အကြောင်း အချိန်ပေးပြီး အေးအေးဆေးဆေး လာဖတ်ပါဦးမယ် ကိုညီလင်းသစ်ရေ။ ခုတော့ အပြင်သွားစရာလေး ရှိနေလို့။

    Have a great weekend! :)

    ReplyDelete
  48. အဲ့သည်က လူတွေရော အဲ့သည်လို စောင့်မကြည့်ကြဘူးလား။ ကျနော်လည်း အဲ့လို စောင့်ကြည့်ချင်တယ်။ မလေးဆီက ကြယ်ကြွေမယ့် (အရှေ့တိုင်းစံတော်ချိန်နဲ့ ) မှတ်ထားပေမယ့် မကြည့်ဖြစ်လိုက်ဘူး။ ညဖက် တစ်ယောက်ထည်း အဲ့လို ကြည့်ရမှာလည်း နည်းနည်း ကြောက်တာပါပါတယ်။ ကျနော် လာတော့ ပုံတွေ မမြင်ရတော့ဘူး။ ဘာဖြစ်လဲ မသိ။ မလေးရဲ့ ဖဘ မှာတော့ မြင်လိုက်ရပါသေးတယ်။ ကိုညီ ရိုက်ထားတာလို့  ပြောပါတယ်။

    ReplyDelete
  49. ရန်ကုန်မှာနေတုန်းကကြယ်တွေအများကြီးတွေ့ရပေမယ့် ဒီက ကောင်းကင်မှာ ကြယ်တွေသိပ်ရှားတာ သတိထားမိတယ် ဘာကွာလဲတော့ နားမလည်လို့ မသိဘူး ... အိမ်ပြန်ချင်စိတ်နဲ့ အပြင်ထွက်ဖြစ်ရင် မိုးကောင်းကင်ကို မော့ကြည့်ကြည့်ဖြစ်တာ အကျင့်တခုဘဲ ကြယ်တော့ တွေ့ရခဲတယ် လေယာဉ်ပျံတွေဘဲ အများကြီးတွေ့နေတယ်း)

    mie nge

    ReplyDelete
  50. ညီလင်းရေ
    ကောင်းကင်က ကြယ်တွေကို ကြည့်ရတာ ကြိုက်လို့လားမသိ ဒီပို့စ်လေးကို သဘောကျတယ်... အထူးသဖြင့် တိုင်တယ်လ်ကိုပဲ *ကြယ်ပန်းတခင်းနဲ့ လင်းတဲ့လူ* တဲ့...
    မီးမလာတလာ ရန်ကုန်မြို့မှာတောင် ကြယ်ကြည့်ရတာခက်တာ အဲဒီမှာဆိုတော့ နေရာရှာခက်တာ အဆန်းတော့မဟုတ်ဘူးနော်... နယ်တွေကိုရောက်မှ ကြယ်တွေကို သေချာမြင်ရတာ... စိတ်ထဲမှာ ကြယ်တွေနဲ့ ပတ်သက်ရင် သတိရနေဆုံးက ဒယ်လတာသွားတဲ့ သင်္ဘောပေါ်က ဦးထိပ်မှာထိုင်ရင်း ကြယ်တွေကြည့်ခဲ့ရတာကိုပဲ...
    နောက်ပြီး ညီလင်းရဲ့ ဒီလိုပို့စ်လေးတွေက ဓါတ်ပုံနဲ့ ပတ်သက်ပြီး ပညာတွေအများကြီးရတယ်...၀ါသနာပါပြီး သိတ်မရိုက်တတ်သော စုတို့လိုလူတွေအတွက်လေ...ဒါပေမဲ့ accessories တွေ ထပ်ဝယ်ဖို့တွေ တွေ့တော့ စိတ်ညစ်ပြန်ရော...
    စု

    ReplyDelete
  51. ကြယ်ကြွေတာကို အခုမှ သေချာမြင်ဖူးတာပဲ
    တစ်ခါမှ မမြင်ဖူးဘူး ကိုညီ
    ညီမ ရင်ထဲ အစွဲတစ်ခုတော့ ရှိနေတယ်
    အဲဒါ ကြယ်တွေ ကြွေတယ်ဆိုတာ....ဂြိုလ်လေးတွေ မီးလောင်ပျက်စီးတာတဲ့
    ကြယ်ကြွေတယ် ကြားရတိုင်း ၀မ်းနည်းတယ်
    ဒါပေမယ့်..
    မမြင်ဖူးတဲ့ ပုံလေးတွေ မြင်ခွင့်ရတဲ့ အတွက်တော့ ကျေးဇူးတင်ပါတယ် ကိုညီ။

    ReplyDelete