01 December 2011

စကားလုံးများထက် နက်ရှိုင်းသော...


ဂစ်တာကို ရင်ခွင်ထဲမှာ ပိုက်ထားလိုက်ပေမယ့် ဘာကိုမှ မတီးသေးဘဲ ကြိုးတွေကိုသာ ခပ်ဖွဖွ ဆော့ကစား နေမိသည်၊ ရင်းနှီးကျွမ်းဝင်ပြီးသား ပြည်တွင်းဖြစ် ဟော်လိုဂစ်တာလေးက ရင်ခွင်ထဲမှာ နေသားတကျ..၊ လက်ချောင်းတို့က ဂစ်တာကော့ဒ်တွေကို ဘာရယ်မဟုတ် အလိုက်သင့်အလျားသင့် တစ်ခုပြီးတစ်ခု ပြောင်းကိုင်သွားရင်း ဦးနှောက်က သီချင်းတစ်ပုဒ်ကို အပြေးအလွှား စဉ်းစားကြည့်သည်၊ ရုတ်တရက် ဆိုတော့ ခေါင်းထဲက ဘာမှ ထွက်မလာ..၊ သီချင်းများစွာကို တီးခဲ့၊ ဆိုခဲ့ဖူးသော်လည်း ယခုလို တစုံတယောက်က 'သီချင်းတစ်ပုဒ် လောက် ဆိုပြပါ'ဟု တောင်းဆိုလာလျှင် သူ့အနေဖြင့် ဘာသီချင်း ဆိုရမှန်း ဘယ်တော့မှ ချက်ချင်း မဆုံးဖြတ်နိုင်၊ အထူးသဖြင့် ထိုတစုံတယောက်က 'သူမ' ဖြစ်နေခဲ့သည့်အခါ သိဖူးသမျှ သီချင်းစာသားတို့မှာ အဝေးဆုံးကို ထွက်ပြေးပျောက်ကွယ် သွားကြတော့သည်၊

အခန်းကလေးထဲမှာ ရှိနေကြသော လူနှစ်ဦးအကြား ပြတ်တောင်းပြတ်တောင်း ထွက်ပေါ်လာသော ဂစ်တာသံ မျှင်းမျှင်းလေးသာ ရှိနေသည်ကို အခွင့်ကောင်းယူလျှက် တိတ်ဆိတ်ခြင်းတို့က အခြေအနေ တရပ်လုံးကို ဝါးမျိုသိမ်းပိုက်ဖို့ ကြိုးစားလျှက် ရှိသည်၊ ရှေ့တည့်တည့် ကြမ်းပြင်ကို သူ စိုက်ကြည့် နေသော်လည်း မျက်လုံးထောင့်မှာ သူမရဲ့ ပုံရိပ်ကို မြင်နေရသည်၊ ဂျင်းဘောင်းဘီ အပြာဖျော့ဖျော့နှင့် မိုးပြာရောင်နုနုမှာ အဖြူစက်ကလေးတွေ ပါသော ရှပ်အင်္ကျီ လက်ရှည်ကို ဝတ်ထားသော သူမသည် တိမ်ကင်းစင်သော ကောင်းကင်ပြာ တစ်ခုနှယ် ကြည်လင်စွာဖြင့် ရှိနေသည်၊ ထိုကောင်းကင်လေးဆီ ခေါင်းမော့ ကြည့်လိုက်တော့ အပြုံးတစ်ပွင့်က လျှပ်ပန်းနွယ် တစ်စလို လက်ခနဲ ဖြာဆင်း သွားသည်၊ သူ့ရင်ထဲမှာတော့ တဂျိမ်းဂျိမ်း မြည်နေသော မိုးခြိမ်းသံများ..၊ သူမ,က ပခုံးကျော်ကျော်လောက် ဖြန့်ချထားသည့် ပိုးသားဆံနွယ်တွေကို ဝဲကနဲ တချက်ခါလိုက်သည့် အဲဒီ စက္ကန့်ပိုင်းလေးမှာပဲ သူ့လက်ချောင်းတွေက ဂစ်တာကြိုးတွေပေါ်မှာ G ကော့ဒ်ကို နှိပ်မိသွားသည်၊ တဆက်တည်းမှာ သီချင်းအင်ထရို တစ်ခုကို တီးမိလျက်သား..၊ ညာလက်က တေးသွားအလိုက် စည်းချက် အတိုင်း ပလပ်ကင်ကို ခပ်ဆွဆွ တီးမိနေပြီ၊ အဲဒီနောက်တော့ အရာရာဟာ သူ့အလိုလို ချောမွေ့စွာနဲ့ စီးဆင်းလာတော့သည်၊ ဘယ်တုန်းကမှ ကြိုတင်တွေးမထားခဲ့သော သီချင်းတစ်ပုဒ်..၊ Extreme အဖွဲ့၏ "More than words"...၊

ထိုသီချင်းက အင်မတန် လှသော်လည်း လွယ်ကူသည့် သီချင်းတစ်ပုဒ်တော့ဖြင့် မဟုတ်၊ ကီးမြင့်ရသည့်အထဲ backing vocal ဖြင့်ပါ တွဲပြီး အသံနှစ်သံ ရက်ဖောက် သီဆိုရသော သီချင်း..၊ စဉ်းစား ဆင်ခြင်ဥာဏ် သက်သက်ဖြင့်သာ ဆိုလျှင် သူ ဘယ်တော့မှ မရွေးမယ့် သီချင်း၊ သို့ပေမယ့် တစုံတရာက ထိန်းချုပ်စေခိုင်း သည့်အလား ဤသီချင်းကို သူ သီဆိုနေမိ ခဲ့ပြီ၊ အဖိုးမတန်လှသည့် ပြည်တွင်းဖြစ် ဟော်လိုဂစ်တာ ကလေးက လေထုထဲကို သံစဉ်တွေ ပိုးပိုးပေါက်ပေါက် ပစ်တင်၊ ကြဲပက်လိုက်သည်၊ မျက်စိကို အသာအယာ မှိတ်လိုက်သည့်အခါ ဂစ်တာစောင့် နတ်သမီး၏ ကဝေအတတ် နှင့်အတူ သံစဉ်လှိုင်းတွေအပေါ် သူ ယစ်မူးမျောပါ သွားတော့သည်၊

♫♫♫ More than words.. ♪♪ is all you have to do to make it real..♫♫

စကားလုံး သက်သက်ဆိုတဲ့ အဖြစ်ထက် အများကြီး ပိုပြီးလေးနက်၊ ပိုပြီး နူးညံ့သိမ်မွေ့ သတဲ့လား၊ သူ့ ရင်ထဲမှာလည်း ပိုးပုဝါတစ်စဖြင့် ချည်နှောင်ထားသလို နူးနူးညံ့ညံ့၊ တင်းတင်းရစ်ရစ်..၊ သီချင်းက ကီးမြင့်သည့်အတွက် အလွန်အမင်း မအော်ရစေရန် သူထိန်းချုပ်ပြီး အသံထွက်သည် ဆိုရုံကလေး ဆိုနေမိသည်၊ ဂစ်တာသံနှင့် သူ့အသံ နှစ်ခုတည်းသာ လေးဖက်လေးတန် နံရံတွေကို အပြန်ပြန် အလှန်လှန် ထိကန်လျှက် အခန်းကလေးထဲမှာ လူးလာခေါက်တုံ့...၊

♫♫ Then you wouldn’t have to say.. ♪♪ that you love me... ’cause I’d already know..♫♫♫

စကားလုံးတွေရဲ့ နယ်နိမိတ် အလွန်မှာတော့ ခံစားသိဖြင့်သာ သိနိုင်သော နယ်ပယ်တွေ ရှိလိမ့်မည်၊ စကားလုံး တွေဖြင့် ဖွဲ့သီသော သီချင်းတစ်ပုဒ်ကို ဆိုနေရင်းမှ စကားလုံးများ မလိုအပ်တော့သော အပိုင်းအခြား ဇုန်ထဲသို့ သူ လွင့်ဝဲကျရောက် သွားသည်၊ မျက်စိကို ဖွင့်ကြည့်တော့ ခေါင်းလေးကို စောင့်ငဲ့ရင်း သူ့ကို ငေးကြည့်နေသော သူမ,ကို တွေ့ရသည်၊ မျက်ဝန်းတွေက ဆွတ်ဆွတ်ပျံ့ပျံ့ ဝေသီလို့..၊ နှုတ်ခမ်းမှာတော့ အပြုံးတစ်စ..၊ သူ အကြိမ်ကြိမ် ပင့်သက်ရှိုက်ခဲ့ရတာ အဲဒီမျက်ဝန်း တစုံရဲ့ အသိမ်းအနှုတ်၊ အဲဒီနှုတ်ခမ်း နှစ်လွှာရဲ့ အဖွင့်အပိတ် တွေမှာပေါ့၊ သူ ရုတ်ချည်း အားအင်တွေ မဲ့သွားသည်၊ ဆိုလက်စ သီချင်းစာသားတွေက အဲဒီမျက်ဝန်းတွေ အောက်မှာ ဆက်ပြီး မပျံသန်းနိုင်တော့၊ နှုတ်ခမ်းဝ မှာတင်ပဲ အငွေ့ပျံ ပျောက်ကွယ်သွား ကြသည်၊ သီချင်း၏ အချပိုဒ်ကို အသာလေး တီးရင်း တိုးတိုးလေး fade out လုပ်ကာ သူရပ်လိုက်သည်၊ အခန်းထဲမှာလည်း ချက်ချင်းလိုလိုပင် ငြိမ်ကျတိတ်ဆိတ် သွားသည်၊ တဖျပ်ဖျပ် ခတ်နေသော မျက်တောင်တို့၏ ရိုက်ခတ်သံ ကိုပင် ကြားရမတတ်..၊ အဲဒီနောက်... ... အဲဒီနောက်မှာတော့..၊

ကမ္ဘာဦးကတည်းက လူတကာ ပြောလာခဲ့သော စကားလေး တစ်ခွန်းကိုပဲ သူ ရိုးရိုးလေး ပြောလိုက်ပါသည်၊

စင်စစ် ထိုစကားလေးက စကားလုံးတို့ မလိုအပ်သော နယ်ပယ်သို့ ဖွင့်အဝင်မှာ မြတ်နိုးစွာဖြင့် သူချထားရစ် ခဲ့သော သော့တံလေး တစ်ချောင်းဖြစ်သည်၊ အနိမ့်အမြင့်၊ အတိုးအကျယ် ရင်ခုန်သံ အစုံဖြင့် ဖွဲ့စည်းထားသော အော်ခက်စထရာ တီးဝိုင်းကြီးကို ထိန်းကျောင်းမောင်းနှင် သွားမည့် တီးဝိုင်းခေါင်းဆောင် conductor ၏ လက်ထဲမှ baton ဟုခေါ်သော တုတ်ချောင်းလေး ဖြစ်သည်၊ မီးပေါင်အပြည့်ဖြင့် တရှိန်ထိုး ထွက်ခွာတော့မည့် အချစ်ရထား တစ်စီးကို တာလွှတ်ပေးသော ဂတ်ဗိုလ်၏ အလံတစ်လက် ဖြစ်သည်၊ တူနှစ်ကိုယ် ထွန်ယက်စိုက်ပျိုးဖို့ ရွယ်ကိုးသည့် ကောင်းကင်ထဲမှာ မေတ္တာတိမ်တိုက် တို့ကို လွင့်မျောစေသည့် လေညှင်း ကလေးလည်း ဖြစ်ပါသည်၊

တကယ်တမ်းမှာလည်း ကောင်းကင်တစ်ခုကို သူတို့နှစ်ဦး ရိုးသားစွာဖြင့် တည်ဆောက်ခဲ့ကြသည်၊ ကမ်းမမြင် လမ်းမမြင် နေ့ရက်များကို ယုံကြည်စွာဖြင့် ကျော်ဖြတ်ခဲ့ ကြသည်၊ ထိုကောင်းကင်ထဲမှာ သာယာသော နေ့ရက်များစွာ ဖြတ်သန်းတိုးဝင် သွားကြသည်၊ ကြည်လင်ပြာလဲ့သော ချစ်ခြင်းတရားတို့ သန့်စင် တောက်ပနေခဲ့ ကြသည်၊ အပြန်အလှန် နားလည်မှုတွေ အုပ်ဖွဲ့ ပျံသန်းသွားခဲ့ ကြသည်၊ ထို့အတူ နီစွေးကြမ်းတမ်းသော ကောင်းကင်ကိုလည်း ကြုံခဲ့ရသည်၊ ရောင်နီသန်းသော အရုဏ်ဦးတွေ ရှိခဲ့သလို ခြစ်ခြစ်တောက် ပူပြင်းသော မွန်းတည့်နေတွေလည်း ရှိခဲ့ဖူး ပါသည်၊ သူတို့နှစ်ဦးကတော့ အတူတကွ တည်ဆောက်ခဲ့သော ကောင်းကင်လေးကို အချင်းချင်း ဖေးမစာနာမှုများ၊ အားပေး ကြင်နာမှုများဖြင့် ထောက်မ၊ ကျားကန်ဖို့ ကြိုးစားခဲ့ကြသည်၊ ပြန်တွေးကြည့်တော့ သက္ကရာဇ်တွေက အတော်ပင် ရင့်ရော်စ ပြုလာခဲ့ပြီပဲ...၊

တလောတုန်းက သူအလုပ် စားပွဲမှာ ရှိနေတုန်း သူမဆီက အီးမေးလ်တိုလေး တစ်စောင် ဝင်လာ ခဲ့သည်၊ 'FM ရေဒီယိုကို မြန်မြန်ဖွင့်ပြီး နားထောင်ကြည့်စမ်းပါ၊ အခု ချက်ချင်းနော်' ဟု ရေးထားသည်၊ ဘာများပါလိမ့်ဟု သိချင်စိတ်ဖြင့် ဖွင့်လိုက်သည့်အခါ နှစ်ပေါင်းများစွာ ကျွမ်းဝင် အလွတ်ရနေခဲ့သော ဟော်လိုဂစ်တာသံ တစ်ခုက နားထဲသို့ ချိုမြစွာ စီးဝင်လာခဲ့သည်၊ လွန်ခဲ့သော ဆယ်စုနှစ်တစ်ခု ကျော်ကျော်က အခန်းလေး တစ်ခန်းထဲမှာ ဤသီချင်းကို တိုးတိတ်စွာ သီဆိုခဲ့ဖူးသည့် အဖြစ်က မနေ့တနေ့ကလို လတ်ဆတ်နေဆဲ..၊ လက်ချောင်းထိပ်များပင် ဂစ်တာ၏ သံမဏိ ကြိုးများကို ဖိထားရသလို ခံစားလာ ရသည်၊ သူ့ ရင်ခုန်သံတွေ နွေးထွေးလာသည့်အခါ လက်ထဲမှ ဘောပင်ကို အသာချထား လိုက်ပြီး ထိုင်ခုံနောက်မှီကို ခပ်လျှောလျှော မှီထိုင်လိုက်သည်၊ မျက်လုံးတို့ကို မှိတ်ထားရင်း သီချင်းစာသားတွေကို တခါမှ မကြားဖူးသူ တစ်ယောက်လို သူ နားထောင်နေ မိတော့သည်၊

More than words သီချင်းကို ရေးစပ်ခဲ့သည့် Nuno Bettencourt ကတော့ 'ချစ်တယ်' ဆိုတာ နှုတ်ဖျားက ထွက်လာသည့် စကားလေး သုံးလုံးထက် ပိုသည်ဟု ပြောခဲ့သည်၊ 'လူတွေက ချစ်တယ်ဆိုတဲ့ စကားကို ပြီးစလွယ် ပေါ့ပျက်ပျက် ပြော,ပြောလာကြတော့ တခါတခါ အချစ်ဟာ အဓိပ္ပါယ် မရှိတော့သလို ခံစားရတယ်၊ အချစ်ဆိုတာ စကားလုံးတွေနဲ့တင် ပြီးတာ မဟုတ်ပါဘူး၊ တကယ်ကို ထိရှ၊ ခံစားလာရအောင် အမြဲတမ်း အားထုတ်နေဖို့ လိုပါတယ်' တဲ့...၊

အချစ်ဆိုသည်မှာ သူ့အလိုလို ပေါက်ဖွားရှင်သန်လာသော ခံစားမှု အနုပညာ တစ်ခုဖြစ်သလို အညွန့် တလူလူနှင့် ကြီးထွားသန်မာ လာအောင် အမြဲ ပြုစုပျိုးထောင် နေရမည့် အတတ်ပညာ တစ်ခုလည်း ဖြစ်ပါလိမ့်မည်၊ ယခုလို အချိန်မှာ သီချင်းကလေးကို ပြန်နားထောင်ခွင့် ရအောင် လှမ်းအကြောင်းကြားသော သူမကို ကျေးဇူး တင်မိပါသည်၊ သူ့ကို လှမ်းအသိ ပေးသော အဖြစ်၏ နောက်ကွယ်မှာ သူမ အနေဖြင့်လည်း ပြောချင်တာတွေ များစွာ ရှိလိမ့်မည်၊ သို့သော် သူမ မပြောမီ ကတည်းက သူ ကြားနေခဲ့ပြီး ဖြစ်သည်၊ ရင်းနှီးကျွမ်းဝင်မှု ကြာမြင့်လာသည့် အခါ ချစ်ခြင်း၏ ကြားခံနယ်သည် လေဟာနယ် တစ်ခုအလား စကားလုံးတို့ကို စုပ်ယူချေဖျက် လိုက်သည်၊ သို့သော် စကားလုံးများထက် ပိုမို နက်ရှိုင်းသော ချစ်ခြင်းမေတ္တာကို နှလုံးသားနှင့် နားထောင်သောအခါ မပြောမီက ကြားနေနှင့် ပါသည်၊ ဤသီချင်း ကလေးဖြင့် စတင်ခဲ့သော သူတို့နှစ်ဦး၏ ကောင်းကင်ထဲမှာတော့ ယနေ့ဆိုလျှင် ဆယ်ခုမြောက် ပြက္ခဒိန် တစ်ခုပင် တိမ်တိုက်တို့နှင့် အတူ တရွေ့ရွေ့ တိုးဝှေ့လွင့်ပါ ခဲ့ပြီ ဖြစ်သည်...။ ။


ညီလင်းသစ်
၁ ဒီဇင်ဘာ၊ ၂၀၁၁

36 comments:

  1. Happy anniversary !
    Ko Nyi& Ma Eain Thu

    ReplyDelete
  2. Should i take it as intro of "chitkotwe"...:)Lovely post and very romantic.The skeleton is more delicate than the post,i think.
    Gyidaw

    ReplyDelete
  3. မဘေဘီ ...
    ကျေးဇူး တင်ပါတယ်ဗျာ...။

    ဂျီးဒေါ် ...
    ဂျီးဒေါ်က မမေ့သေးဘူးကိုး..ဟားဟား၊ စိတ်ကူးရသလို ရေးနေတာပါပဲဗျာ...။း)

    ReplyDelete
  4. ပျော်ရွှင်သော မင်္ဂလာနှစ်ပတ်လည်လေး ဖြစ်ပါစေ
    ကိုညီ+မအိမ်သူ

    ReplyDelete
  5. ကြည့်ပါဦး....ဒို့အကိုတစ်ယောက် ချစ်ခြင်းတွေနဲ့ နူ့ညံ့
    ညွန်နူးနေလိုက်တာ....၊ကျွန်တော်ဖတ်မိသမျှ အကိုပို့စ်
    တွေထဲမှာ ဒီပို့စ်လောက် နူ့ညံသိမ်မွေ့တဲ့ပို့စ် မတွေ့ဖူး
    ဘူးရယ်...၊ပျော်ရွင်ကြည်နူးဖွယ် မင်္ဂလာနှစ်ပတ်လည်လေး
    ဖြစ်ပါသေဗျား.........

    ReplyDelete
  6. တကယ့်ကိုဆွတ်ပျံ့ကြည်နူးလိုက်တာ အကိုရေ
    ဒိုးကန်တို့နှစ်ယောက်အတွက်အမှတ်တရသီ၊ချင်းလေးက Matahariku ဆိုတဲ့ Agnes Monica ရဲ့သီချင်းလေးပေါ့..
    ပျော်ရွှင်ဖွယ်ရာ မင်္ဂလာနှစ်ပတ်လည်များစွာကို အတူတကွ ကျော်ဖြတ်နိုင်ပါစေ ...

    ခင်တဲ့
    ညီမ
    မဒိုးကန်

    ReplyDelete
  7. ပျော်ရွှင်ဖွယ် နှစ်ပတ်လည်နေ့ပါ ကိုညီလင်းသစ်
    ပိုစ့်လေးဖတ်ပြီး သံစဉ်လေးတွေ လွှင့်ပျံလာတယ်ထင်ရလောက်အောင် အဖွဲ့အနွဲ့ကောင်းလွန်းတာကိုချီးကျူးမိတယ်.
    စာရေးဆရာ လုပ်လို့ ကောင်းကောင်းရနေပြီ ကိုညီလင်းသစ်
    စကားလုံး အသုံးအနှုန်းတွေ၊ အဖွဲ့အနွဲ့တွေက တကယ်ကို နူးညံ့လှပတဲ့ ကဗျာလေး တစ်ပုဒ်ဖတ်နေရသလို ငြိမ့်ငြိမ့်လေး၊ သစ်ရွက်လေးတစ်ရွက်လေထဲ လွှင့်မျှောသွားသလို ခံစားရတယ်။ လှလိုက်တဲ့စာသားတွေ....
    ၁၀စုနှစ် ကြာတဲ့အထိ ချစ်ခြင်းမေတ္တာတွေ သစ်လွင်လတ်ဆတ်နေတုန်းဆိုတာ ပိုစ့်လေးဖတ်ပြီး နားလည်မိတယ်.. သက်ထက်ဆုံး ပျော်ရွှင်ချမ်းမြေ့သော မိသားစုဘဝလေး ဖြစ်ပါစေကိုညီလင်းသစ်ရေ...

    ReplyDelete
  8. ၁၀ နှစ်တောင်ရှိပြီကိုး။ ပျော်စရာ။
    Happy anniversary ပါ ကိုညီနဲ့ မအိမ်သူ အသက်ထက်ဆုံးပျော်ရွှင်စွာ ချမ်းမြေ့စွာ ချစ်နိုင်ကြပါစေဗျာ။း)

    ReplyDelete
  9. ပျော်ရွှင်ဖွယ်ကောင်းသော မင်္ဂလာနှစ်ပတ်လည်
    နေ့လေးတစ်နေ့ပါ မောင်ညီလင်းနဲ့မအိမ်သူတို့ရေ။
    ဖတ်ရတာ စိတ်ကြည်နူးစရာအပြည့်နဲ့ပါလားနော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  10. ပျော်ရွှင်ဖွယ် နှစ်ပတ်လည်နေ့ပါ
    ပို့စ်လေးက အရမ်းကောင်းပါတယ်

    ReplyDelete
  11. ဟက်ပီး အန်နီဗာစရီပါ ကိုညီလင်းသစ်.... ။ သိပ်ကို နူးညံ့ပြီး ရိုမန့်ဆန်တဲ့ ရင်ထဲကလာတဲ့စကားလုံးစစ်စစ်တွေနဲ့ ဖွဲ့ဆိုထားလို့လား စကာလုံးတိုင်းမှာ ချစ်ခြင်းမေတ္တာကို အသေးစိပ်မြင်နေရတယ်.......။ သိပ်လှပသေသပ်တဲ့စာလေးတစ်ပုဒ်ကို ရင်နဲ့ရင်းပြီးရေးသားဖြစ်ပေါ်လာမှန်း ပေါ်လွင်စေတယ်...။ ပျော်ရွှင်ပါစေ.......း)

    ReplyDelete
  12. သိပ်ကြည်နူးဖို့ကောင်းတာပဲ ကြားဖူးတဲ့ သီချင်းလေးထဲကလို စကားလုံးတွေမလိုပါဘူးပေါ့ စစ်မှန်တဲ့ချစ်ခြင်းတွေဟာ အချိန်တွေပြောင်းပေမယ့်လည်း တိုက်စားခြင်းမခံရပဲ မားမားမတ်မတ်ရပ်တည်နေတာ ချစ်စရာလေးပါ ။

    အစ်ကို့မှာ ဒီလို ပါရမီဖြည့်ဖက်လေး အနားမှာ သွေးမတော်သားစပ်ပါပဲ ၁၀ စုနှစ်တစ်ခုကြီးများတောင် ကိုယ်နဲ့ အချစ်တွေထပ်တူကျပြီး ရှိနေတဲ့အဖြစ်က အိပ်မက်ဆန်လွန်းတဲ့ လက်တွေ့လေးပဲ ။

    လူကြီးကို ခလေးက ဆရာလုပ်သလို ပို့စ်ကိုစောနက သေချာမဖတ်ရသေးခင် မှတ်ချက်ရေးဖို့ စဉ်းစားတုန်းက “ မင်းကို ကိုယ် ဟိုးလွန်ခဲ့တဲ့ ၁၀ နှစ်တုန်းက အတိုင်း ချစ်နေတုန်းပဲ ” ဆိုတာ လက်ကလေးဆုပ်ကိုင်လို့ ပြောပါလို့ အကြံပေးတော့မလို့ ကဗျာဆန်တဲ့ ကိုယ့်အစ်ကိုက ပြောပြီးသွားပြီပဲး))

    မင်္ဂလာရှိသော နှစ်ပတ်လည်နေ့လေးပါ အစ်ကိုေ၇့ ဆံပင်တွေဖြူ သွားတွေကျိုးတဲ့အထိ ချစ်ခြင်းတွေခိုင်မြဲပါစေလို့ ။

    ReplyDelete
  13. တိုက်တိုက်ဆိုင်ဆိုင် အခုလေးတင်ပဲ အဲဒီသီချင်းကို ညည်းနေမိသေးတာ... အရမ်းကြိုက်တဲ့သီချင်း...း)

    ဆယ်နှစ်တိုင် ခိုင်မြဲခဲ့တဲ့ တွဲလက်တွေ နောင် နှစ်ပေါင်းများစွာအထိ ချစ်ခင်စွာ... ကြင်နာစွာ... ပျော်ရွှင်စွာ... ... ...

    Love each other more than ever... :)

    ReplyDelete
  14. ပျော်ရွှင်ချမ်းမြေ့ခြင်းများနဲ့ပြည့်စုံသော မင်္ဂလာနှစ်ပတ်လည်လေး ဖြစ်ပါစေ .......

    mie nge

    ReplyDelete
  15. အကိုရေ

    ပျော်ရွှင်စရာမင်္ဂလာနှစ်ပတ်လည်လေး
    ဖြစ်ပါစေလို့ ဆန္ဒပြုပါတယ်..

    ခင်တဲ့ ညီမ

    ReplyDelete
  16. မင်္ဂလာရှိသော၊ပျော်ရွှင်သော၊ နှစ်ပတ်လည်နေ့ လေးဖြစ် ပါစေ လို့ ဆုတောင်းပေးပါတယ်။
    Shinlay and thomas

    ReplyDelete
  17. Happy anniversary...
    N/A

    ReplyDelete
  18. Oh! How lovely and romantic post ever, Ko Nyi Linn Thit! :)
    "Happy Anniversary Ko Nyi Linn and your beloved wife!
    Each year of marriage is very special and unique. And the soul sings anthems of love. I wish you to hear this divine music forever!"
    BTW, why didn't you post your song this time? Oh! it must be, I think, a very special song for your other half..... ;P

    With best wishes,

    ReplyDelete
  19. ပျော်ရွှင်တဲ့နှစ်ပါတ်လည်နေ့ များအမြဲပိုင်ဆိုင်ပါစေလို့ ။

    ReplyDelete
  20. ပျော်ရွင်ကြည်နူးဖွယ် မင်္ဂလာနှစ်ပတ်လည်လေး
    ဖြစ်ပါစေရှင်......
    +အင်မတန်မှနူးညံ့တဲ့ချစ်ချင်းမေတ္တာတရားတွေပဲ
    လူပျိုကြီးတွေကတော့ခံစားတတ်မှာမဟုတ်ပါဘူး
    ခင်ခင်မင်မင် jasmine

    ReplyDelete
  21. မစန်းထွန်း ...
    ကျေးဇူးပါ ညီမရေ...၊

    ကိုညိမ်းနိုင် ...
    နူးညံ့ဆို ကတ္တီပါ အင်္ကျီနဲ့ သက္ကလပ် ဘောင်းဘီကိုဝတ်၊ ပိုးပုဝါကို လည်ပင်းမှာ ပတ်ပြီး ရေးတာကိုးဗျ..၊း) ခင်ခင် မင်မင် နောက်တာပါဗျာ..၊ ကျေးဇူးလည်း အများကြီး တင်ပါတယ်..။

    မဒိုးကန် ...
    အဲဒီသီချင်း ကျနော် မသိသေးဘူး ထင်တယ်ဗျ၊ နားထောင် ကြည့်ဦးမှပဲ..၊း)

    မချော ...
    အစိမ်းရောင် လွင်ပြင်ကို ဖြတ်သန်းလာတဲ့ လတ်လတ် ဆတ်ဆတ် ဆုတောင်းလေးအတွက် ကျေးဇူး အများကြီး တင်ပါတယ် မချောရေ..၊

    ညီမ Vista ...
    ကျေးဇူးပါ ညီမရေ..၊

    အန်တီတင့် ...
    ဟုတ်ကဲ့..၊ ကျေးဇူးတင်ပါတယ် ခင်ဗျား..၊

    လွင်ပြင်လှိုင်းငယ် ...
    လာလည်တဲ့ အတွက်ရော၊ ကွန်မန့်လေး အတွက်ပါ ကျေးဇူးပါဗျာ..၊

    မမိုးငွေ့ ...
    နှစ်လိုဖွယ်ရာ ကောင်းတဲ့ ကွန်မန့်လေးအတွက် ကျေးဇူးစကား ဆိုပါရစေ...၊

    မောင်မျိုး ...
    ဆံပင်တွေဖြူ၊ သွားတွေကျိုး ...ဆိုတဲ့ ဆုတောင်းလေး ဖတ်လိုက်ရတော့ ကိုင်ဇာ ဆိုခဲ့တဲ့ ♫ မင်းဆံပင် ဖြူဖြူမှာ စံပယ်ကုံးလေး ပန်ပေးမယ်♫ ဆိုတဲ့ သီချင်းတောင် သတိရ သွားတယ်၊ ကွန်မန့် အရှည်ကြီး ရေးသွားတဲ့ "ကလေး" ကို "လူကြီး" က ကျေးဇူး အများကြီး တင်ပါသတဲ့ဗျား....၊း)

    မသက်ဝေ ...
    အကြိုက်ချင်းတော့ တူနေပြန်ပါ ပေါ့လား၊း) ဆုတောင်း ပေးခဲ့တာ ကျေးဇူးပါပဲနော်...၊

    မ mie nge ...
    ကျေးဇူး တင်ပါတယ်ဗျာ...၊

    ညီမ blackroze ...
    ကျေးဇူးပါ ညီမရေ..၊

    မရှင်လေး၊ Ko Thomas ...
    ကျေးဇူးပါ..၊ Vielen Dank...!

    ကို N/A ...
    Thank you so much..!

    မအိမ်သူ ...
    Thanks a lot for your lovely comment! It's so touching to read such a comment. :) As for the singing request, hmm.. I am not sure if my voice is still as fresh as it was, 10 years ago, ha ha. :D

    မရိုစ့် ...
    Thank you...!

    မအိုင်အိုရာ ...
    ကျေးဇူး တင်ပါတယ်ဗျာ..၊

    တောင်ကြီးက မစံပယ် ...
    လူပျိုကြီးတွေကို စစ်တမ်း လုပ်ကြည့်ရင် ကောင်းမယ် ထင်တယ်နော..၊း) ဆုတောင်းလေး အတွက် ကျေးဇူး ပါပဲနော်..။

    ReplyDelete
  22. အချစ်အကြောင်း ညွှန်းဖွဲ့ ထားပုံလေး ကောင်းတယ် အစ်ကို...
    ဟုတ်တယ် အစ်ကို...
    အစ်ကို ပြောသလိုဘဲ ခုနောက်ပိုင်း လူတွေ ချစ်တယ် ဆိုတဲ့ စကားလုံးကို လွယ်လွယ်သုံးလာကြတယ်။ တကယ်တော့ အချစ်ဆိုတာ တခါတခါမှာ ပါးစပ်က ထုတ်ပြောတာထက် အပြုအမူလေးတွေနဲ့ ပြောရတာက ပိုလေးနက်ပါတယ်လေ...

    အစ်ကိုနဲ့ အစ်မ သက်ထက်ဆုံးပျော်ပျော်ရွှင်ရွှင်နဲ့ ပေါင်းဖက်နိုင်ဖို့ ဆုတောင်းပေးပါတယ် အစ်ကို...

    ReplyDelete
  23. ဟား အရမ်းမိုက်တယ်... အဖွဲ့အနွဲ့ကို ကြိုက်လွန်းလို့ စုတော့ ဘာပြောရမလဲတောင် စကားလုံးမရှိသလိုပဲ...

    သက်ဆုံးတိုင် ချစ်ခြင်းတို့ မပျယ်လွင့်ဘဲ ပျော်ရွှင်ပါစေ..

    စု

    ReplyDelete
  24. Happy 10th anniversary, Ko Nyi Linn and Mrs. hehe :)) Wish your family all the best.

    ReplyDelete
  25. OMG! very romantic and attractive post.
    ..Happy anniversary Ko Nyi Linn Thit....

    ReplyDelete
  26. အဟစ်ဟစ်......းD
    ကိုညီလင်းသစ်
    အားကြီး ရိုးမန်းတစ်တာပဲ။
    ၁၀နှစ်ကနေ၁၀၀နှစ်
    ပိုပျော်ချစ်နိုင်ပါစေသောဝ်

    ReplyDelete
  27. ကောင်းလိုက်တဲ့ စကားလုံးလေးတွေ...
    နူးညံ့တဲ့ အဖွဲ့...
    အရမ်းကို ရိုမန်းတစ်ပါဘဲ ကိုညီလင်းသစ်ရေ..။ ၁၀နှစ်ထိတိုင် ခိုင်မြဲခဲ့ကြတဲ့ သည် လက်နှစ်စုံ၊ နောင် နှစ်ပေါင်းများစွာတိုင် လက်သေးသေးလေးတစ်စုံအပါအ၀င် ခိုင်မြဲစွာ တွဲလက်ဆက်နိုင်ပါစေလို့...။

    ReplyDelete
  28. အရမ်းနှစ်သက်မိပါတယ်...

    ပျော်ရွှင်ဘွယ်ရာ မင်္ဂလာနှစ်ပတ်လည် ဖြစ်ပါစေရှင်။

    ReplyDelete
  29. ညီရဲ ...
    ဟုတ်တယ်ဗျ၊ ကျနော်လည်း အဲဒီ သဘောအတိုင်း ပါပဲဗျာ၊ ဆုတောင်းပေးလို့လည်း ကျေးဇူးတင်ပါတယ်၊

    စု ...
    စကားလုံးတွေ မတွေ့ပေမယ့် ကျနော် ကြားလိုက်ရ ပါတယ်၊း) အားပေးတာ ကျေးဇူးပဲနော်..၊

    Rose ...
    Thanks a lot sis! It's so nice to have your wishes!

    ငယ်လေး ...
    Thank you for your kind comment and lovely wish! Thanks also for your visit..!

    မ,ကောင်းမွန်ဝင်း ...
    ဟုတ်လား? အဲဒီလောက် တစ်သွားမှန်း မသိပါဘူးဗျာ၊း)
    ကျေးဇူးပါပဲ......နော၊း))

    အမမြသွေးနီ ...
    လက်နှစ်စုံ ထဲကို လက်သေးသေးလေး တစ်စုံပါထည့်ပြီး ခြွေသွားတဲ့ ဆန္ဒမွန်ကို အရမ်း သဘောကျတယ်ဗျ၊း) ကျေးဇူး အများကြီး တင်ပါတယ်၊

    မလေး ...
    လာလည်ပြီး ဆုတောင်းပေးသွားလို့ ကျေးဇူး ပါပဲဗျာ..။

    ReplyDelete
  30. ကိုညီလင်းသစ်ရေ....နောက်ကျတယ်ရယ်လို့ မရှိကောင်းပါဘူးနော်...။ မင်္ဂလာနှစ်ပတ်လည် ၁၀ နှစ်မှသည် မိသားစုနှင့်အတူ နှစ်ပေါင်းများစွာ မြတ်နိုးပျော်ရွှင်နိုင်ကြပါစေရှင်....

    ReplyDelete
  31. Happy anniversary brother, believe you have a good one.

    ReplyDelete
  32. ဆုတောင်းဖို့တောင် နောက်ကျသွားတယ်နော်။ ဆယ်စုနှစ်မင်္ဂလာမှသည် အသက်ရှုသံတွေ ရပ်တန့်သွားသည့်တိုင် ပျော်ရွှင်ချမ်းမြေ့ ကြည်နူးစရာအတိပြီးသော အနာဂတ်ကို ချစ်တဲ့သားလေးနဲ့ မခွဲအတူ လျှောက်လှမ်းနိုင်ပါစေလို့... ဇွန်က ဆုမွန်ကောင်း တောင်းသွားပါတယ်။း)

    Extreme ရဲ့ More Than Words ကို ဘယ်အချိန် ပြန်နားထောင်ထောင် ရိုးမသွားရလောက်အောင် ကြိုက်တယ် ကိုညီလင်းသစ်ရေ...။

    ReplyDelete
  33. သူများတွေ ဆုတောင်းလို့ ၀မှ ဖတ်မိတယ်...
    ဟီးး
    ကောင်းလိုက်တဲ့ အရေးအသား
    ညက်နေတာပဲ အကိုရာ
    ဖတ်နေရင်း သိပ်မနူးညံ့တဲ့ ကိုယ်တောင် နူးနူးညံ့ညံ့လေးဖြစ်လာတယ်...
    အရမ်းသဘောကျတယ်....
    ၁၁ နှစ်မြောက် အတွက်ပဲ ဆုတောင်းပေးခဲ့တော့မယ်...အဟဲ
    နောင် နှစ်ပေါင်းများစွာတိုင် သားသားလေးနဲ့ အတူ ပျော်ရွှင်ကြည်နူးသော နေ့ရက်များကို အတူတကွ ကျော်ဖြတ်နိုင်ကြပါစေ :)))

    ReplyDelete
  34. ဒီနှစ်တော့ နောက်မကျဘဲ အချိန်မှီလေး အရောက်လာနိုင်ခဲ့တယ်။

    Happy 11th Anniversary to Ko Nyi & Ma Eain Thu! :))


    With best wishes,
    Zun

    ReplyDelete
  35. ဇွန်...
    ကျေးဇူးတင်ပါတယ် ညီမလေးရေ...၊ အခုလို သတိတရနဲ့ လာပြီး ဆုတောင်းပေးသွားတာ အရမ်းကို ဝမ်းသာမိပါတယ်...။

    ReplyDelete