15 January 2012

ကြယ်တွေစုံတဲ့ည...


ပြီးခဲ့တဲ့ သောကြာနေ့ဟာ ကျနော့်အတွက်တော့ အလုပ်တာဝန်ကို ကျေနပ်စွာ လစ်ဟင်းစေခဲ့တဲ့ နေ့တစ်နေ့ပါပဲ၊ အဲဒီနေ့ မနက် အလုပ်စားပွဲကို ရောက်ရောက်ချင်းပဲ ကွန်ပြူတာဖွင့်၊ ကော်ဖီတစ်ခွက် အမြန်ပြေးဖျော်ပြီး မထတမ်း ထိုင်နေခဲ့ လိုက်တယ်၊ ကိုယ်သိသမျှ ပြည်တွင်း၊ ပြည်ပ သတင်းဆိုဒ်ပေါင်း များစွာကို တလှပ်လှပ်ခုန်နေတဲ့ ရင်ဘတ်ကြီးနဲ့ လိုက်ဖတ်တယ်၊ ညကတည်းက မယုံတဝက်၊ ယုံတဝက် ဖြစ်နေတဲ့ စိတ်တွေဟာ ကြည်နူးကျေနပ်ခြင်း နဲ့အတူ ပေါ့ပါး လွတ်လပ်သွားတယ်၊ တချို့စာသားတွေ၊ ဓါတ်ပုံတွေကို ဖတ်မိ၊ ကြည့်မိတဲ့အခါ အမြင်တွေ ဝေဝါးသွားတယ်၊ မျက်မှန်ကို ချွတ်ပြီး မျက်လုံးတွေကို လက်ခုံနဲ့ ခပ်မြန်မြန် သုတ်တယ်၊ လက်ခုံက မျက်စိရှေ့မှာ ကွယ်နေလို့ စက္ကန့်ပိုင်းလေး မဖတ်လိုက်ရ၊ မမြင်လိုက်ရ မှာကို အစိုးရိမ်ကြီး စိုးရိမ်နေပုံမျိုးနဲ့...၊ အဆင်ပြေချင်တော့ အဲဒီမနက်က ဘယ်သူမှ ကျနော့် စားပွဲကို မလာဘူး၊ အားလုံးက အေးအေးဆေးဆေးနဲ့ တိတ်ဆိတ်လို့..၊ ဖတ်မိသမျှ ကွန်မန့်တွေကနေ မြန်မာလူမျိုး အားလုံးရဲ့ အပျော်တွေ ကျနော့်စားပွဲပေါ်ကို လျှံကျလာခဲ့တယ်၊

ကျနော်လည်း ကွန်ပြူတာရှေ့မှာ တစ်ယောက်တည်း ပြုံးနေမိတယ်၊ မြန်မာတမျိုးသားလုံးနဲ့ ဆိုင်တဲ့ အရေးတွေမှာ ကျနော်တို့တတွေ အခုလို ပျော်ရွှင်အားတက်စရာ စိတ်ခံစားမှုမျိုးနဲ့ မကြုံရတာ ကြာလှပြီ မဟုတ်လား..၊ လူဟာ ကြည်နူးကျေနပ်ခြင်းတွေနဲ့ ပြည့်နေတဲ့အခါ ပုံမှန်လုပ်နေကျ အလုပ်တွေကို အာရုံဝင်စားမှု ကျသွားတယ်၊ ကိစ္စမရှိဘူး၊ ကျနော် ကိုယ့်ကိုယ်ကို ခွင့်ပြုလိုက်တယ်၊ ဒါဟာ နတ်က,ရာ ကြည့်မောတဲ့ ကိစ္စမဟုတ်ဘူး၊ အပြောင်အပျက် ဖတ်နေတဲ့ သာမန်အဖြစ်အပျက် မဟုတ်ဘူး၊ ဒါဟာ တမျိုးသားလုံးရဲ့ အရေးဖြစ်တယ်၊ နိုင်ငံတစ်နိုင်ငံရဲ့ ဝမ်းမြောက်မှု ဖြစ်တယ်၊ စနစ်တစ်ခုရဲ့ ထင်ရှားတဲ့အရွေ့ ဖြစ်တယ်၊ ကမ္ဘာက စောင့်ကြည့်၊ အာရုံစိုက်နေရတဲ့ ရှေ့တစ်လှမ်းတက်မှု ဖြစ်တယ်၊ ဒီလောက် အရေးကြီးတဲ့ ဖြစ်စဉ်မှာ အချိန်နဲ့တပြေးညီ လိုက်ပါစီးမျောမိလို့ လုပ်စရာရှိတဲ့ အလုပ်တချို့ လစ်ဟင်းသွားရတာ ထိုက်တန်တယ်လို့ ကျနော်ခံယူပါတယ်၊ ဒီလိုနဲ့ သောကြာနေ့ တမနက်ခင်းလုံး ကျေနပ်စွာနဲ့ကို ကျနော် တာဝန်ပေါ့လျော့ ပစ်လိုက်တယ်..၊

ပျော်ရွှင်ကြည်နူးနေတဲ့ စိတ်တွေဟာ သောကြာနေ့ညနေ အိမ်ပြန်တဲ့အခါ ကျနော်နဲ့အတူ လိုက်ပါလာကြ ပြန်တယ်၊ မြန်မာ့နိုင်ငံရေးဟာ ဘာပဲပြောပြော အားတက်စရာတစ်ခု ထပ်တွေ့ရပြန်ပါပြီ၊ ဆယ်စုနှစ်တွေများစွာ ချီပြီး မှောင်မည်းနေတဲ့ ကောင်းကင်ဟာ ကြည်လင်လာခဲ့ပြီ၊ အဲဒီကောင်းကင်မှာ ကြယ်တွေ စုံနေပြီ၊ တိမ်ညိုတိမ်မည်းတွေ ဖုံးအုပ်နေခဲ့လို့ လင်းတခါ၊ မှိန်တလှည့် ဖြစ်နေခဲ့ရတဲ့ ကြယ်တွေအားလုံးဟာ တစ်လုံးပြီးတစ်လုံး ထင်းကနဲ၊ ထင်းကနဲနဲ့ ကောင်းကင်အနှံ့ ပါပဲ၊ ကျနော်ရှိတဲ့ အရပ်က ကောင်းကင်ကို စိတ်မှတ်မဲ့ မော့ကြည့်မိတော့ ကြယ်တွေကို တွေ့ရတယ်၊ အရင်ရက်တွေတုန်းက မိုးရွာပြီး၊ တိမ်စိုင်တွေ ဖုံးနေခဲ့ပေမယ့် ဒီသောကြာနေ့မှာတော့ ထူးထူးခြားခြား ကြည်လင်လို့ ပါလား...၊

ဒီလိုနဲ့ ဟောဒီ ၁၃ ရက်၊ သောကြာနေ့ အမှတ်တရ ကြယ်တွေကို ဓါတ်ပုံရိုက်ကြည့်ဖို့ ကျနော်ကြိုးစား မိပါတယ်၊ အစီအစဉ် ကြိုမဆွဲထားလို့ မြင်ကွင်းကောင်းမယ့် နေရာကိုတော့ မသွားဖြစ်ပါဘူး၊ ကျနော့်အိမ်ရဲ့ ဝရန်တာကနေပဲ ရသလောက် ကြိုးစားကြည့်တယ်၊ မနှစ်က နိုဝင်ဘာ ကြယ်မိုးရွာတုန်းက တစ်ခါရိုက်ဖြစ်လို့ ဒီဟာက ကျနော့်ရဲ့ ဒုတိယ အကြိမ် ကြိုးစားမှုပါ၊ ပုံထွက်လာတော့ စိတ်ညစ်သွားတယ်၊ ရလဒ်က ကျနော် မျှော်လင့်ထားတာရဲ့ ဟိုးအောက်ဖက်မှာ၊ ကြယ်တွေကို တခါတည်းနဲ့ အောင်အောင်မြင်မြင် ရိုက်နိုင်တဲ့လူက ရှားတယ်ဆိုတာ အမှန်ပါပဲ၊ ဘာပဲဖြစ်ဖြစ် ဒီသောကြာနေ့အတွက်တော့ အမှတ်တရပေါ့...၊



ဒီပုံက ၁ နာရီနဲ့ ၂၆ မိနစ်ကြာပါတယ်၊ ကြယ်လေးတွေက ကြီးကြီးပဲဖြစ်ဖြစ်၊ သေးသေးပဲဖြစ်ဖြစ် ၁ နာရီခွဲလောက် အချိန်လေးအတွင်းမှာကို တော်တော်ဝေးဝေး ခရီးရောက်ကြတယ်၊ ကြယ်တွေစုံတဲ့ ကောင်းကင်ကို မော့ကြည့်ရင်း ကျနော်တို့ဆီက ပြည်သူလူထုကို ချစ်တဲ့ ကြယ်တွေလည်း လွတ်လပ်ပွင့်လင်းစွာနဲ့ ခရီးဆက်နိုင်ပါစေလို့ ကျနော် တိုးတိုးလေး ဆန္ဒပြုမိတယ်၊ သေချာပါတယ်၊ ဟိုး..ကောင်းကင်မှာ လင်းနေတဲ့ အဲဒီကြယ်တွေရဲ့ အလင်းဟာ ရင်ဘတ်တွေ များစွာထဲအထိ ဖြာကျနေမယ်ဆိုတာ...။ ။


ညီလင်းသစ်
၁၅ ဇန်နဝါရီ၊ ၂၀၁၁

28 comments:

  1. ကြယ်တွေကို ဓာတ်ပုံရိုက်ဖြစ်တယ်ပေါ့ ... ဘာပဲဖြစ်ဖြစ် အမှတ်တရပါပဲ။
    ဒီသောကြာက တကယ်ပဲ ထူးခြားပါတယ် ကိုညီလင်းရေ ...

    ReplyDelete
  2. ဟုတ်တယ် မမေ..၊ တကယ့်ကိုပဲ ထူးထူးခြားခြား သောကြာပါပဲ..၊ ကျနော်လည်း ဒီနေ့လေးကို မှတ်တမ်းတင်တဲ့ သဘောမျိုးဖြစ်အောင် ဓါတ်ပုံရိုက်ဖြစ် တဲ့ သဘောပါပဲ...။

    ReplyDelete
  3. နှလုံးသားများ
    ပျော်ရွှင်စွာ ကိုယ်စီ အလုပ်လုပ်နေကြရင်
    တနေ့ အလှတရားတွေ
    စုတဲ့ မြန်မာ ဖြစ်မှာလို့
    ယုံကြည်နေတယ်။

    ကြယ်တွေစုံတွေတဲ့ ည သိပ်လှတယ်။

    ReplyDelete
  4. ဒုတိယ လွတ်လပ်ရေးနေ့လို့တောင် ပြောလိုက်ချင်တယ် ဇန်န၀ါရီ ၄ရက်ပြီးရင်လေ.....။ အရမ်းပျော်တယ်။ ၀မ်းနည်းဝမ်းသာလည်း ဖြစ်မိတယ်.......

    ReplyDelete
  5. ကြည်နူးမှု ဝမ်းသာမှု ပျော်ရွှင်မှုတွေနဲ့အတူ
    ကြယ်တွေစုံတဲ့ညကလေးကို ဖတ်သွားတယ်
    မောင်ညီလင်းရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  6. ကြယ်ပုံလေးကိုကြည့်ရင်း အတော့်ကို ပုံဖော်သွားတယ်.. အားလုံး လွတ်လပ်ပေါ့ပါးကြပါစေဗျာ..

    ခင်မင်လျက်
    နေ၀သန်

    ReplyDelete
  7. အဲဒီနေ့က ခံစားရတဲ့ ခံစားမှုတွေ အတူများများမျာ တူကြလိမ့်မယ်။ ကျွန်မက Day off ဆိုတော့ အမှန်က ဈေးသွားဖို့အစီစဉ်ရှိတာ မသွားဖြစ်လိုက်ဘူး သတင်းပဲ ထိုင်မျှော်နေတာ၊ ကျွန်မလည်း အဲဒီနေ့က အတွေ့အကြုံကို ဘလော့ဂ်မှာ မှတ်တမ်းအဖြစ် တင်ထားသေးတယ်။ ကျွန်မတို့ မမွေးခင်ကတည်းက မစုံခဲ့ဖူးတဲ့ ကြယ်တွေ မြန်မာပြည်မှာ တကယ်ပဲ စုံတော့မယ်ထင်တယ်။

    ReplyDelete
  8. ဒီပုံက ၁ နာရီနဲ့ ၂၆ မိနစ်ကြာပါတယ်၊ ကြယ်လေးတွေက ကြီးကြီးပဲဖြစ်ဖြစ်၊ သေးသေးပဲဖြစ်ဖြစ် ၁ နာရီခွဲလောက် အချိန်လေးအတွင်းမှာကို တော်တော်ဝေးဝေး ခရီးရောက်ကြတယ်၊

    အကို စာရေးတတ်တာတော့ လေးစားတယ်... :)
    အဲဒီနေ့ကတော့ မျက်စိတွေ နီလာလိုက် မျက်တောင် တဖျတ်ဖျတ် ခတ်လိုက်နဲ့...

    ReplyDelete
  9. တကယ်ပဲ ခံစားလိုက်ရတယ် ကိုညီလင်းရေ ပျော်ရွှင်မှုတွေ အထပ်လိုက်၊ အလွှာလိုက်ပါပဲ...

    ReplyDelete
  10. ကျမလည်းအလုပ်ထဲမှာ သောကြာနေ့ က သတင်းဖတ်ရင်း ထခုန်မိတယ်။ တနေ့ လုံး ခြေထောက်တွေမြေမှာမထိပဲ လေထဲလွင့်နေ သလိုခံစားမိတယ်။ တကယ်ဝမ်းသာပါတယ်။

    ReplyDelete
  11. ဝမ်းသာစရာသတင်းကောင်းကိုကြားရတဲ့နေ့တစ်နေ့ပါပဲ
    အကို...၊သူတို့လွတ်မြောက်လို့ဝမ်းသာရသလို၊အကိုပြော
    သလိုပါပဲ....၊စနစ်တစ်ခုရဲ့အရွေ့တစ်ခု၊ရှေ့သို့တက်လှမ်း
    မှုတစ်ခုဖြစ်တဲ့အတွက်ပိုလို့ဝမ်းသာရပါတယ်.....။ကြယ်ပုံ
    လေးကတော့တစ်ကယ့်အမှတ်တရပဲဗျနော်.......။

    ReplyDelete
  12. I noted that FRIDAY THE 13 was wonderful.I like the last paragraph and wish the same.On that day,every chest had unusal different heart beat and most eyes were wet.I lost my glasses for awhile.
    Gyidaw

    ReplyDelete
  13. ကိုညီလင်းသစ်ရေ
    ဒီပို့စ်လေးနဲ့အမှတ်တရဖြစ်စေတော ပိုပျော်စရာကောင်းပါတယ်။

    အဲဒီနေ့က ကျွန်မတို့အားလုံးအဲလိုစိတ်လှုပ်ရှားပျော်ရွှင်နေတာကိုသိရတာကလည်း ပျော်စရာတမျိုးပဲနော်။

    ReplyDelete
  14. အဲဒီ့နေ့က အသစ်အသစ် တက်လာတဲ့ သတင်းတွေဖတ်ရင်း ပျော်လိုက်ရတာ..
    ဓါတ်ပုံကြည့်ရတာ လေအတော်တိုက်မဲ့ပုံပဲ ( ထင်တာပြောတာ ).. အေးအေး ဇွဲကောင်းကောင်းနဲ့ ရိုက်ထားပုံပေါ်တယ်
    N/A

    ReplyDelete
  15. ၁၃ရက်နေ့ရဲ့ ပျော်ရွှင်မှုတွေကတော့ အရှိန်အဟုန် ပြင်းလွန်းတယ်။ မယုံတဝက်စိတ်နဲ့ စောင့်နေခဲ့ရတာမို့လို့ တော်တော်ကို ပျော်မိခဲ့တာဗျာ။ အဲဒီနေ့ကတော့ ပျော်ရွှင်ခြင်းနဲ့ လွတ်မြောက်ခြင်းကို ကျွန်တော်တို့ ဘယ်လောက်တောင် လိုအပ်နေခဲ့တယ်ဆိုတာ သေသေချာချာ ပြန်မြင်သွားစေတဲ့ နေ့လေးပါပဲ။
    မကြာခင်မှာ ကျနော်တို့ရဲ့ သူရဲကောင်းကြယ်တွေ ပိုပြီးပိုပြီး တောက်ပခွင့်ရတော့မယ်လို့ ယုံကြည်မိတယ်။

    ReplyDelete
  16. ပျော်ရွှင်မှုတွေနဲ့အတူ
    ကြယ်တွေစုံတဲ့ညကလေးကို ဖတ်သွားတယ်
    ပုံလေးကိုလဲတမ်းတမ်းတတကြည့်ခဲ့ပါတယ်

    ReplyDelete
  17. တစ်ကယ်ကို လှိုက်လှိုက်လှဲလှဲ ပျော်ရွင်ဖွယ် နေ့ရက်လေး တစ်ရက်ပါပဲအကိုရေ...:):)

    ReplyDelete
  18. 13 သောကြာ ကတကယ်ပျော်ရွှင်စရာရက်ဖြစ်သွားခဲ့ပါတယ်
    အင်း ကြယ်မိုးရွာတာ ဒီတစ်ခါဘဲမြင်ဘူးတယ်အကိုရေ

    ခင်မင်လျှက်

    မဒိုးကန်

    ReplyDelete
  19. အစ်ကို ပြောသလိုဘဲ ၁၃ရက် သောကြာနေ့ က ကျွန်တော်တို့ အတွက် နေ့ ထူးန့ မြတ် တစ်ရက်ဖြစ်ခဲ့တာပေါ့...ကြယ်တွေအားလုံးစုံစုံညီညီ ထွန်းလင်းနိုင်ဖို့ မျှော်လင့်မိပါတယ် အစ်ကိုရေ...

    ReplyDelete
  20. ညီလင်းရေ.. ဒီရက်ကလေးကို မှတ်မှတ်သားသား ရေးလိုက်နိုင်တာ.. ကျေးဇူးတင်စရာပါပဲ..။ တူတူပဲ.. အစ်မလည်း မျက်ရည်တွေနဲ့.. ပြုံးပြီး အဲဒီတနေ့လုံးကို ဖြတ်ခဲ့တာ..။ ခုထိ နှလုံးတွေဆို့နေတုန်း..။ ဒါပေမဲ့ ကျေနပ်စရာကောင်းလှတဲ့ ခံစားမှုပါပဲ...။
    ညီလင်းရလိုက်တဲ့ ဓာတ်ပုံလေးကလည်း တကယ့်ကိုမှ အမှတ်တရ..။ ပန်းချီကားလေးကျနေတာပဲ..။

    ReplyDelete
  21. အဲဒီနေ့ကတော့ တော်တော် အမှတ်ရစရာကောင်းတယ်နော်။ ညီမလည်း အဲဒီနေ့ ဘယ်မှမသွားပဲ ကွန်ပြူတာရှေ့မှာပဲ ထိုင်ဖတ်နေခဲ့တာ။ ကြည်နူးမိတယ်။

    ReplyDelete
  22. ကျနော်တို့ဆီက ပြည်သူလူထုကို ချစ်တဲ့ ကြယ်တွေလည်း လွတ်လပ်ပွင့်လင်းစွာနဲ့ ခရီးဆက်နိုင်ပါစေလို့ ကျနော် တိုးတိုးလေး ဆန္ဒပြုမိတယ်၊ သေချာပါတယ်၊ ဟိုး..ကောင်းကင်မှာ လင်းနေတဲ့ အဲဒီကြယ်တွေရဲ့ အလင်းဟာ ရင်ဘတ်တွေ များစွာထဲအထိ ဖြာကျနေမယ်ဆိုတာ...။ ။
    ကြိုက်လို့  ဖေ့ဘွတ်မှာ ရှယ်မယ်နော် ကိုညီ

    ReplyDelete
  23. ကြက်သီးတွေ ထပြီး ပြုံးပျော် မျက်၇ည်တွေ ၀ဲခဲ့ရတဲ့ ည ဟုတ်တယ် ကျနော်တို့ကောင်းကင်မှာ ကြင်တွေ လင်းလာပြီ အစ်ကို ။

    ReplyDelete
  24. ကိုညီလင်းသစ်ရေ အနှစ်လေးဆယ်အတွင်း ဖြတ်သန်းခဲ့သမျှ ၀မ်းသာ ပျော်ရွှင် ကြည်နူးရတဲ့ ခံစားမှုတွေ အမျိုးမျိုးကို ကြုံခဲ့ဖူးပါတယ်။ ဒါပေမယ့် အဲဒီနေ့က ခံစားမှုကတော့ ဘာနဲ့မှ နှိုင်းပြလို့ကိုမရဘူး။ အခုချိန်ထိ ပြန်စဉ်းစားကြည့်လိုက်ရုံလေးနဲ့တောင် မျက်ရည်က၀ဲတက်လာသေး..
    ရိုက်ထားတဲ့ ဓါတ်ပုံလေးကတော့ တကယ်ကို အမှတ်တရပါပဲ... ကြယ်တွေက အဲ့လောက်တောင် များတယ်လား။ ကြယ်တွေရဲ့ ရွေ့လျားမှုလမ်းကြောင်းတွေက စိတ်ဝင်စားစရာကောင်းလိုက်တာနော်။
    ကောင်းကင်ထက်က လင်းလက်ကြယ်များ အမြဲတမ်း ထွန်းလင်းတောက်ပနေနိုင်ကြပါစေ။

    ReplyDelete
  25. အမှတ်တရနေ့ ရဲ့ ကြယ်မိုးများကိုခံစားသွားပါတယ်။
    တကယ်မှတ်မှတ်ရရပါဘဲ။
    အိုင်အိုရာ

    ReplyDelete
  26. ကြယ်တွေ လင်းခနဲ လက်ခနဲ ပျိုးခနဲ ပျက်ခနဲ လင်းလက်သွားတဲ့နေ့...။
    ၁၃ ဇန်န၀ါရီက အမြဲ အမှတ်ရနေမယ့် နေ့တစ်ရက် ဖြစ်စေခဲ့ပြီ...။

    ReplyDelete
  27. အကိုေ၇
    အဲဒီသောကြာနေ့ကတော့
    တကယ်ကိုအမှတ်တရပါဘဲ
    ကြယ်တွေတကယ်ကိုစုံတဲ့နေ့
    ကြယ်တွေတကယ်ကိုစုံတဲ့ညပါဘဲ
    အကိုဆုတောင်းသလို
    ညီမလည်းဆုတောင်းတယ်..
    ကြယ်အလင်းထာဝစဉ်ထွန်းလင်းပါစေလို့

    ReplyDelete
  28. တစ်ကျော့ပြန် ၀မ်းသာပီတိတွေနဲ့ ဖတ်သွားခဲ့တယ် အကို
    အကို လည်း ဘယ်လောက် ပျော်ရွှင်ကြည်နူးခဲ့မလဲဆိုတာ
    ပို့စ်လေးကြည့်ရင်း သတိထားမိတယ်။

    ကြယ်တွေစုံတဲ့ည လို့ နာမည်ပေးထားပုံလေး သဘောကျတယ်။

    ခင်မင်လျှက်...

    ReplyDelete