24 January 2012

နှင်းများမှိုင်းဝေ...


မနှစ်က ခရစ်စမတ်နဲ့ နှစ်သစ်ကူးအကြား အလုပ်ပိတ်ရက်တွေ အတွင်းမှာ မထင်မှတ်ဘဲ နှင်းတောထဲကို ရောက်သွားဖြစ်ပါတယ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့တုန်းက မိတ်ဆွေမိသားစု အိမ်တစ်အိမ်ကို သွားလည်ရင်းနဲ့ သူတို့အိမ်နဲ့ သိပ်မဝေးတဲ့ နှင်းလျှောစီး စခန်းကလေးကို ရောက်သွားခဲ့တယ်၊ အဲဒီနေ့က ကျနော်တို့ နေတဲ့နေရာမှာ ကောင်းကင်က အုံ့မှိုင်းရုံပဲ ရှိခဲ့ပေမယ့် သူတို့အိမ်ကတော့ တောင်စွယ်အမြင့်ပိုင်းမှာ ရှိလို့ နှင်းတွေတဖွဲဖွဲ ကျနေခဲ့တယ်၊ ဒီဆောင်းတွင်းမှာ နှင်းတွေ သုံးလေးခါ ကျပေမယ့် မနှစ်ကလို ရက်ဆက်မဟုတ်လို့ တင်မကျန်ခဲ့ဘူး၊ နောက်တစ်နေ့ ပျော်ဆင်းသွားတာ များပါတယ်၊ နှင်းလျှောစီး စခန်းကလေး ရှိတဲ့နေရာက Paccots လို့ခေါ်ပါတယ်၊ ကျနော်တို့ အိမ်ကနေဆို အနီးဆုံးစခန်းဖြစ်ပြီးတော့ နာရီဝက် မရှိတရှိလောက် သွားလိုက်ရင် ရောက်ပါတယ်၊


ဒီ Paccots နှင်းလျှောစီး စခန်းက အဲ့လ်ပ်စ် (Alps) တောင်တန်းရဲ့ တောင်စွယ်တစ်ခုပေါ်မှာ ရှိတဲ့ စခန်းအသေးလေးပါ၊ လူတွေက ဒီစခန်းကို အိမ်ကနေ ထသွားထလာ နှင်းလျှောစီး စခန်းအဖြစ် လာကြလေ့ ရှိပါတယ်၊ ပင်မ အဲ့လ်ပ်စ်တောင်တန်းကြီး ပေါ်က စခန်းတွေကတော့ တစ်ခုနဲ့တစ်ခု ဆက်နေကြတဲ့ စခန်းကြီးတွေ ဆိုတော့ အဲဒီမှာ ဟိုတယ် ဒါမှမဟုတ် လုံးချင်း chalet အိမ်လေးတွေမှာ တစ်ပတ်ဆယ်ရက် နေပြီး နှင်းလျှောစီးကြ၊ လမ်းလျှောက်ကြပါတယ်၊ ပုံရဲ့ ညာဖက် အပေါ်ထောင့်က တောင်ကုန်းလေးလိုမျိုးကနေ ထင်းရှူးတောကို ဖြတ်ပြီး ဆင်းလာရတဲ့ လမ်းကြောင်းပြေပြေလေးတွေ များပါတယ်၊


ကျနော်တို့ တောင်စောင်းလေးပေါ် ရောက်တဲ့အချိန်မှာပဲ နှင်းမှုန်လေးတွေ ထပ်ကျလာတယ်၊ မနက်ခင်း တုန်းကတော့ နှင်းပွင့်တွေ အဆုပ်လိုက်ကျထားလို့ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း လတ်လတ်ဆတ်ဆတ် နှင်းထုထဲကို ခြေထောက်ကျွံဝင်သွားတယ်၊ နှင်းတွေ တဖွဲဖွဲ ကြဲချနေတဲ့ ကောင်းကင်ကတော့ မှုန်မှိုင်းမှိုင်းနဲ့ ကြည်ကြည်လင်လင် မရှိလှပါဘူး..၊


ဒီ နှင်းလျှောစီး စခန်းလေးမှာလည်း အခြားအခြားသော စခန်းတွေမှာလိုပဲ sledge စီးဖို့ တောင်စောင်းမှာ လုပ်ထားပေးပါတယ်၊ တောင်ကုန်းလေးထိပ်ကို ရောက်တော့ လူတွေ သိပ်မရှိတာ သတိထားမိတယ်၊ ဒီ sledge လမ်းကြောင်းက ခပ်တိုတိုဆိုတော့ ကလေးတွေပဲ အစီးများ ပါတယ်၊


သားလည်း မိတ်ဆွေရဲ့ သမီးကလေးနဲ့အတူ sledge ပေါ်မှာ ဆင်းလာဖို့ အဆင်သင့်..၊ Sledge မရှိတဲ့ လူတချို့က မီးဖိုချောင်သုံး အမှိုက်အိတ် အမည်းတွေ ယူလာပြီး စီးကြတယ်၊ အဲဒီ အမှိုက်အိတ်ပေါ်ထိုင်၊ အရှေ့ဖက် ထောင့်စွန်းနှစ်ဖက်ကို အသာဆွဲမထားပြီး ခြေထောက်ကြွလိုက်တာနဲ့ လျှောကနဲ ဆင်းသွားပါလေရော၊ အရမ်း မြန်ပါတယ်၊ အဲ.. ဘရိတ်အုပ်ချင်ရင်တော့ နှင်းတောထဲကို လှဲအိပ်ပြီးအုပ်မှ ရပါတယ်..၊


ဒီ sledge လေးက သားရဲ့ ၂ နှစ်ပြည့်တုန်းက မွေးနေ့လက်ဆောင်အဖြစ် ရထားတာပါ၊ အဲဒီတုန်းကတော့ ဟုတ်တိပတ်တိ မစီးတတ်သေးဘူး၊ ကျနော်က အနောက်ကထိုင် လက်ကိုင်ကို ထိန်းပြီး မောင်းပေးရတယ်၊ အခုတော့ သူတစ်ယောက်တည်း စီးတတ်သွားပြီ၊ တောင်ကုန်းပေါ်မှာ တက်လိုက်ဆင်းလိုက်နဲ့ သူ့ဟာသူ တစ်ယောက်တည်း စီးနေရာကနေ တခါမှာ ကျနော့်ကိုလည်း သူ့အနောက်က လိုက်စီးပါ ဆိုတာနဲ့ ကျနော်လည်း အသာဝင်ထိုင်လိုက်တယ်၊ အဲဒီတော့ သားက လက်ကိုင်ကိုတော့ သူ့ဖာသာသူ ကိုင်မယ်-တဲ့၊ အိုကေပေါ့..၊ ကျနော်လည်း ပေးကိုင်လိုက်တယ်၊ စလည်း ဆင်းလာရော တဖြည်းဖြည်းနဲ့ အရှိန်က များလာတယ်၊ အရှိန် များလာပေမယ့် သားက လက်ကိုင်ကို လက်မတုန်ဘဲ ထိန်းထားနိုင်ပါတယ်၊ sledge ကလည်း ဖြောင့်ဖြောင့်တန်းတန်း သွားတုန်း..၊ ဒါပေမယ့် အဲဒီမှာ ကျနော်က အစိုးရိမ်လွန်ပြီး ခြေထောက်နှစ်ဖက်ကို ဘယ်ညာဆန့်ထုတ်၊ နှင်းပေါ်ကိုနင်းပြီး ဘရိတ်အုပ်ဖို့ လုပ်မိတယ်၊ အဲဒါဟာ အကြီးအကျယ် မှားတာပါပဲ၊ အရှိန်နဲ့ သွားနေတဲ့အခါ ခြေထောက်ရဲ့ ဘယ်ဖိအားနဲ့ ညာဖိအားက မတူပါဘူး၊ ဆိုတော့ သူ့ဟာသူ တည့်တည့်သွားနေတဲ့ sledge ဟာ ဖိအားများသွားတဲ့ ညာဖက်ကို ရုတ်တရက် ကွေ့ထွက်သွားပြီး တစ်ပတ်လည်ပြီး မှောက်ပါလေရော..၊ ကျနော်တို့ သားအဖလည်း တောင်စောင်းမှာ တစ်ပတ်ကျွန်းပြန် ကျတယ်..၊ အဖြစ်အပျက်က အရမ်းမြန်တယ်၊ ကျနော်က ကင်မရာအိတ်ကို ကျောမှာလွယ်ထားလို့ ပက်လက် မကျအောင် လက်တစ်ဖက်နဲ့ ထောက်ပြီး ထိန်းတယ်၊ နောက်လက်တစ်ဖက်ကတော့ ကျနော့်ရဲ့ ခြေထောက်ကြားမှာ ရောက်နေတဲ့ သားကို ခေါင်းမထိအောင် လှမ်းကိုင်ဖို့ ကြိုးစားကြည့်ပါတယ်၊ အဲဒီလို ပုံမကျပန်းမကျနဲ့ မှောက်သွားပေမယ့် နှင်းထုက အတော်လေးထူတာမို့ ဘယ်သူမှ ဘာမှ မဖြစ်ပါဘူး၊ တကိုယ်လုံး နှင်းမှုန်တွေ ဖွေးနေတဲ့ မျောက်ဖြူနှစ်ကောင်လို ကျနော်တို့ တဟားဟား ရယ်ရင်း ပြန်ထ,လာနိုင် ခဲ့ပါတယ်၊


Sledge လျှောစီးတဲ့အခါ စိတ်ညစ်စရာ တစ်ခုကတော့ အတက်ပါ၊ Ski တွေအတွက်က ထိုင်ခုံတွေ၊ ကေဘယ်လ်ကားတွေ၊ ခြေထောက်ချိတ်ပြီး လိုက်သွားရတဲ့ ချိတ်တွေ အမျိုးမျိုးရှိလို့ တောင်ပေါ်ကို သက်သောင့်သက်သာနဲ့ ပြန်တက်နိုင်ပေမယ့် sledge အတွက်ကတော့ အများအားဖြင့် ဘာမှမရှိပါဘူး၊ အခုလိုပဲ ခြေကျင်ပြန်တက်ပေရော့..၊ အဆင်းက ရွှတ်ကနဲ ရောက်သွားပေမယ့် အတက်ကတော့ ခြေသလုံးတဝက် မြုပ်နေတဲ့ နှင်းထဲမှာ တကယ့်ကို လေးတိလေးကန်...၊ ကျနော်တို့ အဖေ ၂ ယောက်က sledges တွေကို အရှေ့က ကြိုးနဲ့ဆွဲ၊ ကလေး ၂ ယောက်က နောက်ကနေ အိပဲ့အိပဲ့နဲ့တက်..၊ အံမယ်..အဲဒီလို ကျနော်တို့ရဲ့ အနောက်ကနေ တက်နေတာကို အခွင့်ကောင်းယူပြီး သူတို့က နှင်းတွေကို ကောက်ကောက်စားသေးတာ..၊ အဲဒီလို ၁၀ ခေါက်လောက်လည်း တက်လိုက်ရော.. ကလေး ၂ ယောက်လည်း အတော်လေးကို ပြိုင်းသွားပါလေရော..၊း)


သွားတုန်းကတော့ နှင်းလူတစ်ကောင်လောက် လုပ်မလားဆိုပြီး ယူလာတဲ့ ဂေါ်ပြား..၊ ဒါပေမယ့် တောင်စောင်းပေါ် ရောက်ကတည်းက ပြန်တဲ့အထိ သူလည်း စိုက်ထားတဲ့ နေရာမှာပဲ အခုလို ငုတ်တုတ်မေ့သွားတယ်..၊

ဒီနှင်းတွေကတော့ ဒီနှစ်ဆောင်းတွင်းအတွက် နောက်ဆုံး ထိတွေ့ခြင်းပဲ ဖြစ်မယ်ထင်ပါတယ်၊ မကြာခင်မှာ ကျနော်တို့ ခရီးရှည်ကြီးတစ်ခု ထွက်ဖို့အစီအစဉ် ရှိပါတယ်၊ ခရီးကနေ ပြန်ရောက်တဲ့အခါ ဆောင်းတွင်းက ကုန်သလောက် ဖြစ်နေပြီဆိုတော့ နှင်းနဲ့ မဆုံနိုင်တော့ဘူး၊ ဒါပေမယ့် အပြင်တခါထွက်ဖို့အရေး အဝတ်တွေ အထပ်ထပ်ကို မပြီးနိုင်မစီးနိုင် ဝတ်နေရတာကြောင့် ပဲကြီးတလှေချက်လောက် ကြာတတ်တဲ့ ဆောင်းတွင်းက လွန်မြောက်ပြီး ပုရစ်ဖူးလေးတွေ ဝေမယ့် နွေဦးကို တွေ့ရမှာ ဆိုတော့လည်း ဝမ်းမြောက်စရာပါပဲ...။ ။


ညီလင်းသစ်
၂၄ ဇန်နဝါရီ၊ ၂၀၁၂

25 comments:

  1. Bon voyage a l'avance!
    You and me may exchange the same trip.Half of my mind is already there.Take care of Tha Tha to heat,water,food.....etc.
    Gyidaw

    ReplyDelete
  2. လမင်းကတော့နှင်းကို အရမ်းကြိုက်တယ်
    နှင်းကျရင်ပျော်တယ် ဒီနှစ်နှင်းမကျသေးဘူးရှင့်

    ReplyDelete
  3. တကြိမ်လောက်တော့ အဲလိုနှင်းတွေကြားလျှောက်လည်ချင်သေးပါရဲ့အကိုရေ ..

    ဓာတ်ပုံအရိုက်ကောင်းတဲ့အကိုညီလင်းသစ် ရေးတဲ့ စာတွေကဆွဲဆောင်အားကောင်းလွန်းလို့ အမြဲစိတ်ဝင်တစားရှိလှတယ် ..
    ပျော်ရွှင်နေတဲ့မိသားစုလေးကိုလဲ သိပ်အားကျမိပါရဲ့အကိုရေ

    ခင်မင်လျှက်
    မဒိုးကန်

    ReplyDelete
  4. ကျမလည်းနှင်းတောထဲမှာ တခါလောက်တော့ ပျော်ချင်သေးတယ်။
    အဆင်ပြေသောခရီးလေးဖြစ်ပါစေ။
    ပြန်လာရင် တ၀ကြီးဖတ်ရတော့မှာပေါ့နော်။ စိတ်ဝင်စားစရာကောင်းတဲ့ဓါတ်ပုံလေးတွေလည်း ကြည့်ရအုန်းမှာပေါ့နော်။း)))
    အိုင်အိုရာ

    ReplyDelete
  5. လှလိုက်တာ..ရောက်ဖူးချင်တယ်....:P

    ReplyDelete
  6. လှလိုက်တာဗျာ..နှင်းတွေကိုအရမ်းကြိုက်တယ်

    ReplyDelete
  7. ပုံတွေ အရမ်းလှတယ်။ ပို့စ်ကဒ်လေးတွေလိုပဲ။ သားအဖနှစ်ယောက် နှင်းထဲဂျွမ်းပြန်ကျတာ ဘာမှမဖြစ်လို့ တော်ပါသေးရဲ့နော်။
    ကိုညီလင်း နှင်းလူမလုပ်ဖြစ်လို့ နှင်းလူပုံမကြည့်ရပေမဲ့ နှင်းတွေဖွေးနေတဲ့ မျောက်ဖြူနှစ်ကောင်ပုံတော့ ကြည့်ချင်သား။ :))

    ReplyDelete
  8. တခါမှ နှင်းလျှောမစီးဖူးသေးဘူး။
    ဒီရက်ပိုင်းနှင်းတွေကျရုံနဲ့တင် အတော်အေးလှပြီထင်နေတာလေ။
    သားကတော့တော်တော်ပျော်မှာနော်။
    ခဏခဏပြောသလိုဖြစ်နေတဲ့ စကားလေးပဲထပ်ပြောပါရစေ... ဓါတ်ပုံတွေလှတယ်။

    ခရီးရှည်ကြီးအကြောင်းလည်း စိတ်ဝင်စားတယ်။

    ReplyDelete
  9. ကျနော်တို့ရွာမှာအဲဒီ ၃၀ ရက်နေ့မနက်ကနှင်းတွေအများကြီးကျခဲ့တယ်၊ဒါပေမယ့်Lausanne မှာနှင်းဟုတ်တိပတ်တိမကျခဲ့တာအံ့သြခဲ့ရတယ်၊
    Montreux နဲ့ Martigny ကြားမှာနှင်းလုံးဝမကျခဲ့ဘူး၊၃၁ ရက်နေ့မနက်Orsières မှာ40 cmအထိကျပြန်တယ်၊၁ ရက်နေ့ရွာပြန်ရောက်တော့မိုးရွာထားတာနှင်းတစက်မှမကျန်တော့ဘူး။
    Have a nice trip!













    h

    ReplyDelete
  10. ဝိုးးးးးးးးးးးနှင်းတောထဲမှာ ပျော်စရာကြီးပါလားဗျာ.....။
    အကိုတို့သားအဖကတော့ဖြစ်ရမယ်...၊ဘာမှမဖြစ်တာ
    တော်သေးဗျနော်....။ခရီးရှည်ကြီးထွက်မယ်လား...။
    ပျော်စရာပဲဗျ.....။

    ReplyDelete
  11. ခရီးရှည်ထွက်၇ာကပြန်လာရင်လည်း
    ခရီးသွားပိုစ့်တွေတင်ပါဦးအကိုရေ

    ReplyDelete
  12. နှင်းတွေနဲ့သိပ်ကိုလှတယ်...။ သားအဖနှစ်ယောက်ကိုမြင်ယောင်ရင်း ကြည်နူးမိတယ်အစ်ကို..။ အိမ်လေးထဲက မီးဖိုနားမှာကွေးရင်း အပြင်ဘက်မှာနှင်းတွေကျနေတာကို ကြည့်ချင်တယ်ဗျ..။

    ReplyDelete
  13. အဲဒီလို နှင်းဖုံးတဲ့ တောင်တန်းတွေပေါ်ကို တစ်ခါလောက် ရောက်ဖူးချင်လိုက်တာ ကိုညီလင်းသစ်ရေ.. ဓါတ်ပုံတွေကလှလိုက်တာ.. နှင်းလျှောစီးရတာ မကျွမ်းကျင်ရင် အတော် အန္တရာယ်များမဲ့ပုံပဲနော်။ သားအဖနှစ်ယောက် ဘာမှမဖြစ်တာကံကောင်း.. သားလေးလန့်မသွားဘူးလား..။
    သတင်းတွေ Video တွေမှာ တွေ့ဖူးတာ နှင်းလျှောစီးရင်း အက်စီးဒင့်ဖြစ်တာတွေ အတော်များများ ခေါင်းနဲ့ ပခုံးရိုး ကျောရိုးတွေမှာ ထိခိုက်မှု ပြင်းပြင်းထန်ထန်တွေ ဖြစ်တာတွေ့ရတတ်တယ်နော်။ အရင်တုံးကတော့ နှင်းတွေက နုနုညံ့ညံ့လေးတွေဆိုတော့ အဲဒီလို ဒလိမ့်ခေါက်ကွေးကျရင်လဲ နာမှာမဟုတ်ဘူးလို့ ထင်ထားတာ... အဲဒီလို သတင်းတွေ နှင်းလျှောစီးရင်း အက်စီးဒင့်ဖြစ်တဲ့ ဗွီဒီယိုတွေ ပြင်းပြင်းထန်ထန် ဒါဏ်ရာရသွားတဲ့သူတွေကို မြင်ရကြည့်ရတော့မှပဲ ကိုယ်ထင်တာ မဟုတ်မှန်းသိတော့တယ်..း)

    ReplyDelete
  14. ဒီနှစ်နှင်းကောင်းကောင်းတွေ့ ရဘူး။ နှင်းတွေကိုအိမ်ထဲကပဲထိုင်ကြည့်နေချင်တယ်။ အေးလို့ ပါ။
    အဖေါ်ကောင်းရင်တော့ တခါလောက် နှင်းလျှောစီး ကြည့်ချင်ပါတယ်။

    ReplyDelete
  15. နှင်းလျောစီးနေတာတွေ တွေ့တော့ အားငယ်လိုက်တာ အနော်လည်း ရေခဲပြင်စကိတ်ကို သွားစီးကြည့်ဖူးတယ်. ဟီးးးး.. ဖိနပ်စီးပြီး ကျုံးထတာနဲ့ လဲကျတယ်.. လာထူပေးတဲ့သူ လက်လွှတ်တာနဲ့ ပြန်လဲကျ .. အဲလိုမျိုးနဲ့ ပိုက်ဆံက တစ်နာရီစာပေးထားတာဆိုတော့ အရှုံး မခံဘူးဆိုပြီး ကိုယ့်ကိုကိုယ် တဖုန်းဖုန်း မြည်အောင် ကြိုးစားပစ်လိုက်တာ.. နောက်ဆုံးတော့လည်း မိုးမန့်အော့ဖ်အင်နားရှားကို ငါနားမလည်သေး ဘူးပဲဆိုပြီး လက်လျော့လိုက်ရတယ်လေ..ဟီးဟီး။။

    ReplyDelete
  16. နှင်းတွေ အများကြိးဖြစ်နေပြီပဲ ... ဒီနှစ်တော့ ညီမလေးတို့ဆီမှာ နှင်းကျတာ နည်းနေသေးတယ် မများသေးဘူး အကိုရ ... အခုရက်ပိုင်းလေးတော့ မနက်ပိုင်းနှင်းကျ နေလည်နေပူ၊ရင် ညကျရင် နှင်းမရှိတော့ဘူး...:):)

    ReplyDelete
  17. အစ်ကိုတို့ ကို အားကျမိတယ်... နှင်းတောကြီးကို ကြည့်ရတာ အားရစရာကြီး... ကျွန်တော်လဲ ငယ်ငယ်ကတည်းက နှင်းတောထဲမှာ လျှောက်သွားချင်တာ... ဒါပေမယ့် ခုထိ ဒီအိပ်မက်က အကောင်အထည် မဖော်နိုင်သေးပါဘူး အစ်ကိုရာ...

    ReplyDelete
  18. နှင်းတွေကို ကိုင်ကြည့်ဖူးချင်တယ်...တနေ့နေ့ပေါ့နော်..။ ပုံလေးတွေရိုက်ထားတာ သိပ်ကောင်းတာပဲ..။

    ReplyDelete
  19. ပုံတွေက လှလွန်းတော့ အအေးကြောက်ရဲ့နဲ့
    နှင်းတွေကို နှစ်သက်သွားမိတယ်။
    နှင်းတောထဲကို ပြေးထွက်သွားချင်လောက်အောင် ဆွဲဆောင်နိင်လွန်းတယ်။

    ခရီးရှည်ကပြန်လာရင်လည်း ပုံလေးတွေ ကြည့်ချင်သေးတယ်။ ကောင်းသော ငြိမ်ချမ်းသော ပျော်ရွှင်ဖွယ် ခရီးစဉ်ဖြစ်ပါစေ။

    ReplyDelete
  20. နှင်းတွေကြားမှာပျော်စရာကြီးဘဲ... သားအဖနှစ်ယောက် အနာတရမဖြစ်ဘဲ တဟားဟားရီနိုင်ကြလို့တော်ပါသေးရဲ့...

    ReplyDelete
  21. ဓာတ်ပုံတွေ တကယ်လှတယ် ကိုညီရေ..ခရီးရှည်ကြီးက ပြန်လာရင်လည်း ဓာတ်ပုံတွေ ကြည့်ချင်တယ်..Have a nice trip !

    ReplyDelete
  22. If you happens to visit BKK during your trip, please let me know! Have a nice trip!!!!

    ReplyDelete
  23. Have a nice & safe trip!!!

    ReplyDelete
  24. သားသား နှင်းလျောစီးပုံများပါလာမလားလို့ ဖတ်လိုက်တာ...။ ပါလဲပါဘူး...။
    ပုံတွေအရမ်းကောင်းတယ်..။ ဒီမှာတော့ အအေးလျော့ပြီး ပြန်ပူနေပြန်ပြီ..။

    ReplyDelete