07 February 2012

အဖြူရောင်လမ်းများ


ပြီးခဲ့တဲ့ ပို့စ်တစ်ခုမှာ ဒီနှစ်ဆောင်းအတွက် နှင်းတွေကို နှုတ်ဆက်ပါတယ်လို့ ဆိုပြီးကာမှ အဲဒီနှင်းတွေနဲ့ပဲ တခါထပ်ဆုံစည်းဖို့ ဖြစ်လာရပြန်ပါတယ်၊ ကြိုတင်ချိန်းဆို မထားခဲ့သော ဆုံတွေ့မှုလို့ပဲ ဆိုကြပါစို့၊ ကျနော့်အလုပ်က ပြင်ပလေ့လာရေးခရီး အနေနဲ့ နှင်းတောင်တွေပေါ်ကို ထပ်ရောက်ခဲ့ရ ပြန်ပါတယ်၊

ကျနော်အလုပ်,လုပ်တဲ့ နေရာမှာ ဆောင်းရာသီ ချစ်ကြည်ရေးခရီး ဆိုပြီး တစ်နေ့တာ ပြင်ပလေ့လာရေး အစီအစဉ်ကို ဌာနအသီးသီးက အဆင်ပြေသလို လုပ်ကြပါတယ်၊ အဲဒီအစီအစဉ် အတွက် ကိုယ်အားတဲ့ရက်ကို ပြောပါဆိုပြီး ရုံးတွင်းမေးလ်တစ်စောင်ကနေ doodle ပြက္ခဒိန်မှာ သဘောထား ကောက်ခံတယ်၊ ကျနော်လည်း တစ်ရက်မှ မအားဘူးလို့ မဖြည့်ချင်တာနဲ့ တစ်ရက်လား၊ နှစ်ရက်လား ခြစ်လိုက်တယ်၊ ဖြစ်ချင်တော့ ကျနော်လိုက်နိုင်မယ် ဆိုပြီး ဖြည့်ထားတဲ့ တစ်ရက်ကို စီစဉ်သူက အတည်ပြုလိုက်တယ်၊ ဒါနဲ့ပဲ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ တောင်ပေါ်ကို ထပ်ရောက်ခဲ့ရတာပါ၊ အမှန်တော့ ကျနော် သိပ်မသွားချင်ပါဘူး၊ ခရီးသွားဖို့ ခွင့်ယူထားလို့ အလုပ်မှာ လက်စသတ်စရာတွေ ရှိနေတယ်၊ ကျနော် ဖြည့်ထားတဲ့ ရက်တွေတော့ ဖြစ်ချင်မှ ဖြစ်မှာပါဆိုပြီး ခြစ်လိုက်တာ...၊ အခု အတည်ပြုပြီးကာမှ မလိုက်တော့ဘူး လုပ်လို့မကောင်းတာနဲ့ စိတ်မပါ့တပါနဲ့ သွားလိုက်ရတော့တယ်၊

ကျနော့်အိမ်ကနေ ဘူတာကြီးကို ဆပ်ဘ်ဝေးစီး၊ အဲဒီကနေ မိနစ် ၅၀ လောက် ရထားစီး၊ ပြီးရင်တခါ မိနစ် ၂၀ လောက် တောင်ပေါ်တက်တဲ့ ရထားအသေးလေး ထပ်စီး၊ ပြီးတော့မှ တောင်ပေါ်ကို ကေဘယ်လ်ကားနဲ့ တက်...၊ ခရီးစဉ်က အဲဒီလိုပါ၊ ချိန်းထားတဲ့ ဘူတာရှေ့ကို ရောက်တော့ ကျနော်အပါအဝင်မှ အားလုံးပေါင်း ၄ ယောက်ပဲ ရှိတာတွေ့ရတယ်၊ ပြင်သစ်လူမျိုး ပီအိပ်ခ်ျဒီ တက်နေတဲ့ ကျောင်းသား၊ ဆွစ်လူမျိုး ဝန်ထမ်း အမျိုးသမီး၊ သြစတြေးလျ လူမျိုး ပရော်ဖက်ဆာနဲ့ မြန်မာလူမျိုး ကျနော်...၊ လူ ၄ ယောက်၊ နိုင်ငံသား ၄ မျိုး...၊ မူလက ၆ ယောက်လို့ သိရတယ်၊ အီရန်လူမျိုး ၂ ယောက်က စာရင်းပေးပြီးမှ မလာတာ-တဲ့၊ သြစတြေးလျ ပါမောက္ခကတော့ အတော်စိတ်ပျက်တဲ့ လေသံနဲ့ ပြောတယ်၊ အစစ အရာရာ စရိတ်ငြိမ်း စီစဉ်ပေးတာတောင်မှ လူတွေက ဘာဖြစ်လို့ မလိုက်ချင်ကြလဲ မသိဘူးကွာ-တဲ့၊ ကျနော်လည်း ပုခုံးပဲ တွန့်ပြလိုက်တော့တယ်၊ စိတ်ထဲကတော့ 'တော်သေးတယ်၊ စာရင်းပေးပြီး ငါ လာဖြစ်အောင် လာလိုက်တာ မှန်သွားတယ်' လို့ တွေးနေမိတယ်၊ သူ ပြောချင်လည်း ပြောစရာပါ၊ Snow and rail လို့ခေါ်တဲ့ ရထားလက်မှတ်နဲ့ တောင်ပေါ်မှာ ကေဘယ်လ်တွေ၊ chair lift တွေ စီးခ ပေါင်းထားတဲ့ လက်မှတ် နှစ်ခုပေါင်းကို ဒေါ်လာ ၈၀ လောက် ကျပါတယ်၊ အဲဒီကုန်ကျစရိတ်ကို ဌာနက ပေးပါတယ်၊ ဝန်ထမ်းအချင်းချင်း ပိုရင်းနှီးအောင်၊ နေ့စဉ်ဘဝကနေ အပြောင်းအလဲ ဖြစ်အောင် စတဲ့ ရည်ရွယ်ချက်တွေနဲ့ စီစဉ်ပေးပေမယ့် ရှိသမျှလူထဲက တဝက်တောင် မလိုက်တော့ စိတ်ပျက်မယ်ဆိုလည်း ပျက်ချင်စရာ...၊ အရင်နှစ်တွေကလည်း ဒီလိုပါပဲ၊ ဘယ်တော့မှ လူစုံတက်စုံ မရှိဘူး...၊

ဒီလိုနဲ့ပဲ မနက် ၈ နာရီခွဲလောက်မှာ တောင်ပေါ်ကို ကေဘယ်လ်ကားနဲ့ တက်မယ့်နေရာကို ရောက်လာတယ်၊ အဲဒီစခန်းလေး အရှေ့က အားကစားပစ္စည်း ရောင်းတဲ့ငှားတဲ့ ဆိုင်မှာ ကျနော်က နှင်းတောထဲ လမ်းလျှောက်တဲ့ ဖိနပ်တစ်ရန် ငှားလိုက်တယ်၊ ပရောက်ဖက်ဆာက ပြုံးစိစိနဲ့ 'မင်းက ဘာဖြစ်လို့ နှင်းလျှော မစီးချင်ရတာလဲ' လို့မေးတယ်၊ ကျနော်က မနှစ်က ဟုတ်တိပတ်တိ ကောင်းကောင်းမစီးခဲ့တာက တကြောင်း၊ ခရီးသွားကာနီး ဖြစ်လို့ မတော်တဆ ထိခိုက်ဒဏ်ရာ မရချင်တာက တကြောင်းမို့ပါလို့ ပြန်ဖြေလိုက်တယ်၊ ဒီလိုနဲ့ ski စီးမယ့် သူတို့ ၃ ယောက်နဲ့ snow walk လုပ်မယ့် ကျနော်နဲ့ လေးယောက်သား ကေဘယ်လ်ကားလေးကို စီးပြီး တက်လာကြတယ်...၊


ဒီ နှင်းလျှောစီးစခန်းက Verbier လို့ခေါ်ပါတယ်၊ ၄ ယောက်စီး ကေဘယ်လ်ကားလေးက Verbier ရွာလေးနဲ့ ထင်းရှူးတောတွေ ပေါ်ကနေ အခုလိုဖြတ်ပြီး တက်လာပါတယ်၊ ရွာကလေးက ပင်လယ်ရေမျက်နှာပြင် အထက် မီတာ ၁၅၀၀ (၄၉၂၁ ပေ) အမြင့်မှာ တည်ရှိပါတယ်၊


ဒီ Verbier ရွာလေးက အင်္ဂလိပ်လူမျိုးတွေ တော်တော်ကြိုက်တဲ့ ရွာလို့ ပြောရမှာပါ၊ နှစ်စဉ် ဆောင်းရာသီတိုင်းမှာ အင်္ဂလိပ်တွေ အများဆုံးလာကြတဲ့ ski station ပါပဲ၊ အဆိုတော် James Blunt ၊ မင်းသားဝီလျံ အစရှိတဲ့ ထင်ရှားသူတွေလည်း လာကြတယ်၊ ယေဘုယျ ပြောကြတာကတော့ ပိုက်ဆံရှိတဲ့ အင်္ဂလိပ်တွေက ဆွစ်ဇာလန်မှာ ski လာစီးပြီး သိပ်မတတ်နိုင်တဲ့ အင်္ဂလိပ်တွေ ကတော့ ပြင်သစ်မှာ ski သွားစီးကြတယ်-တဲ့၊ ဘယ်လောက်မှန်သလဲ မသိပေမယ့် ဆွစ်ဇာလန်က နှင်းလျှောစီးစခန်းတွေ ဈေးကြီးတာတော့ အမှန်ပါပဲ၊


ကေဘယ်လ်ကားပေါ်က အဆင်းမှာ ကျနော်တို့ လမ်းခွဲလိုက်ကြတယ်၊ လုပ်ဖော်ကိုင်ဖက် ၃ ယောက်က ski စီးဖို့အတွက် အခုထက်ပိုမြင့်တဲ့ တောင်ပေါ်ကို နောက်ထပ် chair lift နဲ့ ဆက်တက် သွားကြတယ်၊ ကျနော်က ဒီနေရာကနေ စပြီး လမ်းလျှောက်မယ်၊ အမြင့်က ၂၂၀၀ မီတာ (၇၂၁၇ ပေ)..၊ အပူချိန်က သုညအောက် ၁၁ ဒီဂရီ ဆဲလ်ဆီးယပ်စ်၊ လမ်းမလျှောက်ခင်မှာ ဟိုးအောက်ဖက်က မှုန်ပျပျ Verbier ရွာလေးကို ကြည့်နေမိတယ်၊


လမ်းမှာ ဘယ်သူမှ မရှိဘူး၊ ကျနော်နဲ့ ကျနော့်အရိပ်နဲ့ပဲ ရှိတယ်...၊ မနက်ပိုင်း ဖြစ်တဲ့အပြင် ဗုဒ္ဓဟူးနေ့လည်း ဖြစ်တော့ လူသိပ်မများပါဘူး၊ နှင်းတွေပေါ်မှာ လမ်းဖောက်တဲ့ယာဉ်က ဖြတ်မောင်းထားလို့ ကျနော်ငှားလာတဲ့ နှင်းတောစီးဖိနပ်ကို စီးစရာ မလိုသေးပါဘူး၊ နှင်းတွေက သိပ်သိပ်သည်းသည်း ရှိနေကြတယ်၊


တကယ်တော့ ဒီလမ်းက လမ်းလျှောက်သူတွေနဲ့ ခွေးဆွဲတဲ့ စွတ်ဖားလှည်းတွေ အတွက် ဖောက်ပေးထားတဲ့ လမ်းပါ၊ ဒါပေမယ့် ခွေးဆွဲစွတ်ဖားလှည်းကိုတော့ မတွေ့ခဲ့ရဘူး၊ စီးမယ့်သူ မရှိတော့ ခွေးတွေလည်း ချမ်းချမ်းစီးစီး အိပ်နေကြမယ် ထင်ပါရဲ့...၊


ဒီလိုနဲ့ နာရီဝက် ကျော်ကျော်လောက် လျှောက်လိုက်ရင်ပဲ နောက်ထပ် တောင်ထိပ်စခန်းလေး တစ်ခုဆီကို ရောက်လာခဲ့တယ်၊ နှင်းတောထဲ လျှောက်ဖို့လမ်းတွေကို အလွယ်၊ ပုံမှန်နဲ့ အခက် ဆိုပြီး အဆင့်တွေ ခွဲထားပါတယ်၊ ကျနော် ရွေးခဲ့တဲ့လမ်းက အလွယ်ပါ၊ ဓါတ်ပုံရိုက်ချင်တာရယ် တစ်ယောက်တည်း ပျင်းတာရယ်နဲ့ အလွယ်လမ်းပဲ လိုက်တော့တယ်ဗျာ..၊း) လမ်းမလျှောက်ချင်သူ တွေကလည်း ဒီနေရာကို အခုမြင်ရတဲ့ chair lift, cable car နဲ့တက်လာလို့ ရပါတယ်၊


ချိန်းထားတာက နေ့လယ် ၁ နာရီမှာ တောင်ခါးပန်းတစ်ခုက စားသောက်ဆိုင်မှာ ပြန်ဆုံကြဖို့ပါ၊ ကျနော်က အတော်စောနေသေးလို့ နှင်းလျှောစီးသူတွေကို အေးအေးဆေးဆေး လိုက်ငေးနေ မိတယ်၊ မြင်ရသမျှ အဲ့လ်ပ်စ် တောင်တန်းတွေကတော့ အားလုံး ပကတိအဖြူ၊ တစ်ယောက်တည်း ရှိနေချိန်မို့လား မသိဘူး၊ သူငယ်ချင်းတွေကိုလည်း သတိရနေ မိတယ်၊ ပြီးတော့မှ နောက်ထပ်ပိုမြင့်တဲ့ တောင်ပေါ်ကို ဆက်တက်လာခဲ့တယ်၊ ဒီတခါတော့ ခုနတုန်းကလို အလွယ်လမ်း မဟုတ်တဲ့အပြင် လမ်းကို မရှိတော့တာ...၊ ဒီတော့ ski စီးသူတွေ အတွက် ဖောက်ထားတဲ့ လမ်းဘေးကနေပဲ အသာကပ်ပြီး တက်လာရတယ်၊ တော်တော်လေး မတ်ပါတယ်၊ ကိုယ်ဘယ်လောက် အမောခံနိုင်သလဲ ဆိုတာ ဒီမှာတွေ့တာပဲ၊ မောလာရင် ဖြစ်ကတတ်ဆန်း အသက်ရှူသလို ဖြစ်လို့ ဝင်သက်၊ ထွက်သက်ကို မှတ်နေရတယ်၊ လမ်းမှာ သုံးလေးခါ ရပ်ရတယ်၊ ဟိုးခပ်ဝေးဝေးမှာတော့ ခုနတုန်းက chair lift တန်းလေးက တရွေ့ရွေ့...၊


မိနစ် ၅၀ လောက် လျှောက်လိုက်တော့ ချိန်းထားတဲ့ စားသောက်ဆိုင်လေးကို တွေ့လိုက်ရပြီ၊ တောင်စွန်းမှာ သူ့တစ်ဆိုင်တည်း မေးတင်လို့၊ နာရီကို ကြည့်လိုက်တော့ ၁၂ နာရီ စွန်းစွန်းပဲ ရှိသေးတယ်၊ ကျနော်ရောက်လာတာ ၁ နာရီလောက်တောင် စောနေသေးတယ်၊ ဒါတောင် ခပ်ဖြေးဖြေး လျှောက်လာခဲ့တာ...၊


ဒီစားသောက်ဆိုင်လေးမှာ ညအိပ်ညနေ တည်းလို့လည်း ရပါတယ်၊ တောင်တန်းတွေကို ချစ်တဲ့သူတွေ၊ တောင်တန်းတွေနဲ့ အတူအိပ်ရာဝင်၊ တောင်တန်းတွေနဲ့ အတူနိုးထ ချင်ရင်တော့ ဒီနေရာလောက် ကောင်းတာ မရှိပါဘူး၊ ကိုယ်တိုင်က အမြင့် ၂၃၅၀ မီတာ (ပေပေါင်း ၇၇၀၉ ပေ) မှာရောက်နေတဲ့အပြင် ပတ်ပတ်လည် ၃၆၀ ဒီဂရီဟာလည်း တောင်စဉ်တောင်တန်း တွေချည်းပါပဲ၊ အများအားဖြင့်တော့ တောင်ပေါ်က ski နဲ့ဆင်းလာတဲ့ သူတွေ နေ့လယ်စာ စားကြတဲ့နေရာပါ၊


စားသောက်ဆိုင်က နှင်းပေါ်စီး ဆိုင်ကယ်ပါ၊ သဘောကျတာနဲ့ ရိုက်ထားတာ..၊ ဒါကြီးနဲ့ တောင်အောက် ပြန်ဆင်းသွားရရင် မိုက်မယ်လို့...၊း)


ဆိုင်အတွင်းထဲကို မဝင်ဘဲ အပြင်ဖက်က ခုံတန်းတွေဆီ လျှောက်သွားလိုက်တယ်၊ စောသေးလို့ တစ်ယောက်စ၊ နှစ်ယောက်စ လောက်ပဲရှိတယ်၊ မိနစ် ၅၀ လောက် လမ်းလျှောက်လာပြီး ရုတ်တရက် ရပ်လိုက်တဲ့အခါ ချွေးတွေထွက်လာပြီး လူက အိုက်တောင်လာတယ်၊ တောင်ပေါ်မှာ အေးမယ်ဆိုတာ သိလို့ အိမ်ကနေ အသားကပ်အင်္ကျီ၊ အသားကပ်ဘောင်းဘီလည်း ဝတ်လာတော့ ခန္ဓာကိုယ်က အတော်လေး ပူနေတယ်၊ ဒါနဲ့ ခုနှစ်လွှာကချေသည် လုပ်ပြီး တစ်ထပ်ပြီးတစ်ထပ် ချွတ်ပစ်လိုက်တယ်၊ တီရှပ်တစ်ထည်ပဲ ကျန်တော့တဲ့အခါ ဘီယာတစ်ဘူး မှာသောက်နေလိုက်တယ်၊ ခပ်လှမ်းလှမ်းက ဆွစ်အဖိုးကြီး၊ အဖွားကြီး လင်မယားက 'ဒီကောင် အရူးပဲ' ဆိုတဲ့ အကြည့်နဲ့ ကျနော့်ကို ပြုံးစိစိ လှမ်းကြည့်နေတယ်၊ ကျနော်ကလည်း လက်လှမ်းပြပြီး နှုတ်ဆက်လိုက်ရင်း 'မိတ်အင်ဘားမား' ဆိုတဲ့ ထီမထင်ဟန်နဲ့ ခပ်တည်တည် ဆက်ထိုင်နေ လိုက်တယ်၊ ဒါပေမယ့် ကျနော့်ရဲ့ မိတ်အင်ဘားမားက သိပ်ကြာရှည် မခံလိုက်ပါဘူး၊ ဆယ်မိနစ် လောက်အကြာမှာ တစိမ့်စိမ့်နဲ့ ချမ်းတက်လာလို့ ချွတ်ထားတာ အားလုံးပြန်ဝတ် လိုက်ရတယ်၊ ခုနှစ်လွှာကချေသည်ကို နောက်ပြန်ရစ်ကြည့် သလိုမျိုးပေါ့၊ အနားမှာ ဖြတ်လာတဲ့ ဝန်ထမ်းကို အပူချိန် ဘယ်လောက်လဲ လှမ်းမေးတော့ သုညအောက် ၂၀ ဒီဂရီတဲ့၊ အဲဒါကြားမှ မေးတောင်ရိုက်ချင် သွားသလိုပဲ...၊


ချိန်းထားတဲ့ ski စီးသူ ၃ ယောက် ရောက်လာတော့ ကျနော်တို့ ဆိုင်ထဲမှာ ထိုင်ဖြစ်ပါတယ်၊ ကျနော့် ခန္ဓာကိုယ်က နွေးနေပေမယ့် ခြေချောင်းလေးတွေ ကတော့ အတော်လေး အေးနေတာနဲ့ သူတို့ကို ပြောပြပြီး အထဲကို သွားကြတယ်၊ လူက ၄ ယောက်တည်း မို့လား မသိဘူး၊ ပရော်ဖက်ဆာက စားသမျှအားလုံးကို ဌာနအသုံးစရိတ်နဲ့ ကျွေးပါရစေလို့ ဖိတ်မန္တက ပြုတယ်၊ ဘယ်သူမှ မငြင်းပါဘူး၊ ဒါနလေး မြောက်သွားအောင် အားပေးလိုက်ကြတယ်...၊ ပြီးတော့ သူတို့က ski ဆက်စီးတယ်၊ ကျနော်ကတော့ တစ်ယောက်တည်း တောင်အောက်ကို ပြန်ဆင်းလာ ခဲ့တယ်၊ ရွာကလေးပေါ်ကနေ တစ်ခေါက် ဖြတ်ရပြန်တယ်၊ ဒီတခါတော့ ကေဘယ်လ်ကားထဲမှာ ကျနော် တစ်ယောက်တည်း...၊


ပုံရဲ့ ဘယ်ဖက်မှာ မြင်ရတဲ့ တောင်ကြားချိုင့်ဝှမ်းက ကျနော်ရထား ပြန်စီးသွားရမယ့် လမ်းကြောင်းပါ၊ ညာဖက်ကို ကြည့်လိုက်တော့ Verbier ရွာအဝင်လမ်း ဖြစ်တဲ့ မြွေလိမ်မြွေကောက် လမ်းမကြီးကို တွေ့တယ်၊ ရှမ်းပြည်နယ်က နောင်ချိုအဆင်းကို ဖြတ်ကနဲ သတိရလိုက် သေးတယ်၊ လားရှိုးက အပြန်မှာ ဒီလိုမျိုး ဂငယ်ကွေ့ လမ်းတွေ အများကြီးကို နောင်ချိုမှာ ဆင်းခဲ့ရတယ်လို့ ထင်တယ်၊ အခုတော့ နောင်ချိုရဲ့ လမ်းတွေကနေ ကီလိုမီတာ ထောင်ချီတဲ့ အရပ်မှာ...၊ ကွေ့ဝိုက်ပြီး ဆင်းလာတဲ့ အနက်ရောင် လမ်းမကြီးကို ကြည့်ရင်း အဖြူရောင် လမ်းမွမွတွေအပေါ် လျှောက်ခဲ့တဲ့နေ့ကို လက်ပြနှုတ်ဆက် လိုက်တယ်...။ ။


ညီလင်းသစ်
၇ ဖေဖော်ဝါရီ၊ ၂၀၁၂

34 comments:

  1. ကိုယ်တိုင်ရောက်သွားသလိုခံစားခွင့်လေးရခဲ့တယ်
    မောင်ညီလင်းရေ ကျေးဇူးပါ။ ရွာလေးရဲ့ရှုခင်းက
    ကြည်နူးဖွယ်ရာလေးပါပဲ။ စကီးစီးဘူးချင်လိုက်တား)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  2. အားပါး ဓာတ်ပုံလေးတွေ တကယ်ကောင်းတယ်ဗျို့ ..အကုန်လုံး အဖြူရောင်..မိုက်တယ်

    ReplyDelete
  3. ဒီပို့ စ်အတွက် ကျေးဇူးအထူးတင်ပါတယ် ကိုညီလင်း
    အလွမ်းကိုပြေသွားတာပဲး)။

    ReplyDelete
  4. ကိုညီလင်းရေ နှင်းတွေလွမ်းနေတာနဲ့
    အတော်ဖြစ်သွားတယ် လမင်းတို့ တော့ဒီနှစ်နှင်းမကျဘူး
    ဓာတ်ပုံလေးတွေကြည့်ပြီကြည်နူးသွားပါတယ်

    ReplyDelete
  5. နှင်းဖုံးနေတဲ့ ရှုခင်းတွေက ကျွန်တော်တို့ အတွက် အမြင်ဆန်းတယ် အစ်ကို... နှင်းတောထဲမှာ လမ်းလျှောက်ဖူး ချင်မိတယ်... သူငယ်ချင်းတွေနဲ့ သာ ဆိုရင် တော်တော်လေး ပျော်ဖို့ ကောင်းမယ်... စားသောက်ဆိုင်ကလေးကလဲ ချစ်စရာလေး စားသောက်ဆိုင်လို့ တောင် မထင်ရဘူး... အဲဒီလို နေရာမျိုးကို တစ်ခါလောက်တော့ ရောက်ဖူးချင်မိတယ်...

    ReplyDelete
  6. ပုံလေးတွေလှလိုက်တာ... နောက်ဆုံးပုံလေးကိုပိုကြိုက်တယ်... ၄ယောက်သားဘာတွေများစားခဲ့ပါလိမ့်လို့ သိချင်လိုက်သေးတယ်...း))

    ReplyDelete
  7. မိုက်တယ်.. ရှုခင်းတွေရယ်.. အစ်ကိုရေးထားတဲ့ စကားလုံးတွေရယ်.. နောက် လမ်းအကွေ့အကောင်လေးတွေကို နောင်ချိုအဆင်းလေးနဲ့ တင်စားထားတာရယ်...း))

    ခင်မင်လျက်
    နေ၀သန်

    ReplyDelete
  8. အားကျတယ်ကိုညီလင်းသစ်ရေ။
    ဖတ်ရတာ သွားရသလို မပင်ပမ်းဘူး။ ချမ်းလဲမချမ်းဘူး။ ကွန်ပြူတာပေါ်ကနေ အစုံ သိလိုက်ရတာ ကျေးဇူးပါပဲ။
    ဓါတ်ပုံတွေသိပ်လှတယ် အဖြူများတာကို ဒီလိုပုံလှလှထွက်အောင်ရိုက်တတ်တာ ချီးကျူးပါတယ်။

    ReplyDelete
  9. နှင်းပေါ်စီးဆိုင်ကယ်စီးချင်တယ်..
    ဒီမှာလည်း -၁၅တွေဖြစ်နေလို့ ဒီလတော့ဟီတာဖိုးပိုကုန်တော့မယ်

    စူးနွယ်လေး

    ReplyDelete
  10. ရှုခင်းတွေ လှမှလှ၊ နှင်းတွေကလဲ ဖြူလွှလွှ၊ ကိုယ်တိုင်ချမ်းစိမ့်အေးလာသလို ခံစားမိတယ်။ အဖော်တွေပါပေမယ့် တစ်ယောက်ထဲ ကျန်ခဲ့ရပေမယ့် ပို့စ်တစ်ပုဒ် စားရိတ်ငြိမ်းရလိုက်တာ အမြတ်ပဲ.. :)။ ခွန်နှစ်လွှာကခြေသည်ကို တွေးမြင်ကြည့်ရင်း ပြုံးမိတယ် ကိုညီလင်းသစ်ရေ..။

    ( လူလဲ နေမကောင်း၊ ကွန်နက်ရှင်လဲ နေမကောင်းနေလို့ အခုမှ ရောက်နိုင်တော့တယ်ရှင်)

    ReplyDelete
  11. လှလိုက်တာ။
    တခါလောက်တော့အဲဒီနေရာတွေကိုကိုယ်တိုင်ကိုယ်ကျရောက်ဖူးချင်ပါတယ်။
    တယောက်ထဲဆိုတော့ပျင်းနေမှာပေါ့လေ။
    ကျမလည်းတခါတခါငှက်ကြည့်ခရီးစဉ်တွေစာရင်းပေးမိလို့ မကောင်းတတ်လို့ လိုက်ရတာတွေရှိတယ်။ ကြိုးစားပမ်းစားစောစောထသွားပြီးတခါတခါလူလေးလေးငါးယောက်ဘဲဖြစ်ချင်ဖြစ်နေရော။း)
    အို်င်အိုရာ

    ReplyDelete
  12. လှလိုက်တဲ့ရှု့ခင်းတွေ ရုပ်ရှင်တွေထဲကနှင်းဖြူဖြူတွေနဲ့အိမ်တွေပဲနော်
    အရမ်းကိုသဘောကျသွားတယ်အကိုရေ
    ခွေးစွတ်ဖားတွေဆွဲတဲ့လှည်းကိုစီးတာ ခွေးလေးတွေသနားပါတယ်း(((

    ဒီတစ်သက်အဲလိုနေရာမျိုးကိုရောက်မယ်မထင်တော့လို့ တ၀ကြီးကိုကြည့်သွားတယ် အကိုရေ

    ချစ်ခင်လျှက်

    မဒိုးကန်

    ReplyDelete
  13. နှင်းမှုန်မွမွလေးတွေကို ကိုင်ကြည့်ဖူးချင်တယ်...။ နှင်းဇာပုဝါအောက်မှာ မီးခိုးရောင်တွေသိုင်းခြုံလို့ လှလိုက်တာ..။

    ReplyDelete
  14. အမြင်တော့ သဘောကျတယ်။ သွားနေရရင်တော့ အအေးကြောက်တဲ့ ကျွန်မနဲ့ တော့ မဖြစ်ချေဘူး။ ကိုညီလင်းသစ်ရိုက်လာတဲ့ ပုံလေးတွေက လှလွန်းလို့ ပို့စကတ်လေးတွေလိုပဲ....
    တစ်ခေါက်လောက်တော့ ရောက်ဖူးချင်သားးးး)))

    ReplyDelete
  15. တစ်ယောက်တည်း လမ်းလျှောက်ရင်း လွမ်းချင်သူကိုလွမ်း သတိရချင်သူကိုရနေမဲ့ တစ်ခဏတာ စိတ်လွတ်လပ်မှုကို နှင်းတွေနဲ့ အပြိုင် တောင်တန်းတွေ သက်သေထားလို့ ခံစားချင်ပါဘိ အကို....:):)

    ReplyDelete
  16. မရောက်ဖူးတဲ့ ဒေသတစ်ခုကို ဓာတ်ပုံထဲကနေ အလည်ရောက်ရသလိုပါပဲဗျာ.. ။။

    ReplyDelete
  17. ပုံတွေအတွက်ကျေးဇူးပါပဲ။ လိုက်လည်ရတာနဲ့ တောင်
    ချမ်းနေပါတယ်။

    ReplyDelete
  18. ကိုယ်တိုင်ရောက်သွားသလိုပါပဲဗျာ...ဖတ်ရတာ..။
    နှင်းတွေဖုံးနေတဲ့ရွာကလေးကို အပေါ်စီးကကြည့်ပြီးတော့ လွမ်းသလို ဆွေးသလို... ရင်ထဲထိသွားတယ်...။ တောင်ထိပ်ကစားသောက်ဆိုင်လေးမှာတည်းခိုလို့ ညဘက်မအိပ်ဘဲ မီးလင်းဖိုနဘေးမှာ ချောကလက်နွေးနွေးလေးသောက် စောင်ကလေးခြုံလို့ သူငယ်ချင်းတွေနဲ့တူတူဝိုင်းဖွဲ့စကားပြော..... စိတ်ကူးကြည့်တာ...။ အစ်ကိုခရီးသွားဖြစ်တာအမြတ်ပေါ့..ကျွန်တော်လို့လည်းသိခွင့်မြင်ခွင့်ရလို့..။ ကျေးဇူး..။ ကျွန်တော်တော့ နှင်းရယ်ဆောင်းရယ်တောင်တန်းတွေရယ်ထင်ရူးတွေကိုချစ်တယ်..။

    ReplyDelete
  19. OMG!Wonderful stripper....:)
    You are really something to be with only T shirt at that temperature.I always put on my hat even inside and need gloves sometimes the whole week.There's natural ice sculptures along the bank of lac leman by wind at Geneva.
    Gyidaw

    ReplyDelete
  20. အဲဒီနေရာလေးကိုချစ်ရသူနဲ့အတူ
    တူတူ သွားရရင်တော့အရမ်းကိုကောင်းမှာပဲ
    ပုံတွေအတွက်ကျေးဇူးတင်ပါတယ်ရှင်

    ReplyDelete
  21. ကိုယ်တိုင်ရောက်သွားသလိုပါဘဲအကိုရေ
    ညီမလည်းအဲလိုနေရာ
    ဒီတသက်ေ၇ာက်ဖြစ်ပါ့မလားမသိဘူး
    ဓါတ်ပုံလေးတွေကတော့
    တကယ်ကိုလှတယ်..

    ReplyDelete
  22. အန်တီတင့် ...
    ski စီးရတာ လွယ်တယ် အန်တီတင့်ရ၊ ကြောက်စိတ်ကို နည်းနည်းလေး ချိုးနှိမ်ထားပြီး အလိုက်သင့်လေး လိုက်သွားရင် တစ်နေကုန်ဆို တတ်ရော...၊း)

    ညီမစန်းထွန်း ...
    ဟုတ်တယ်၊ နှင်းတွေကို အရောင်ဆိုးရအောင် နောက်တခါဆို စပရေး မှုတ်ဆေးဘူးတွေ သယ်သွား မလားလို့..၊း)

    Anonymous ...
    Thanks.

    ညီမ Vista ...
    ဝမ်းသာပါတယ်ဗျာ၊ ဒါနဲ့ ဘယ်တွေများ ပျောက်နေလဲ၊ စာမရေးတာလဲ ကြာပြီနော်..၊

    ချစ်စံအိမ် ...
    ဟုတ်ကဲ့၊ ဒီမှာလည်း မြေပြန့်ပိုင်းမှာတော့ တစ်ခါလား၊ နှစ်ခါလားပဲ ကျတယ်ဗျ...၊

    ကိုညီရဲ ...
    အမှန်ပါပဲဗျာ၊ သူငယ်ချင်းတွေနဲ့ တကယ်ကို သွားသင့်တဲ့ ခရီးပါပဲ၊ တစ်နေ့နေ့တော့ မရောက်နိုင်စရာ မရှိပါဘူးဗျာ..နော၊

    မရိုစ့် ...
    ၄ ယောက်မှာ ၃ ယောက်က ဝက်အူချောင်းကင်နဲ့ အာလူးချောင်းကြော် စားကြတယ်၊ ကျန် ၁ ယောက်က တော့ အမဲနှပ်လိုမျိုး ဟာကို စားတယ်ဗျ..၊း)

    ကိုနေဝသန် ...
    ကျနော်တို့ဆီက နောင်ချိုအဆင်းမှာ နှင်းသာ မရှိပေမယ့် အကွေ့အကောက် အရေအတွက်တော့ ပိုများမယ် ထင်တယ်ဗျ၊ စိတ်ထဲ ပိုလှသလိုပဲ၊ ကိုယ့်ငါးချဉ်တော့ ကိုယ်ချဉ်ပစ်လိုက် ပြီဗျာ...၊း)

    မ,ကောင်းမွန်ဝင်း ...
    မ,ကောင်းမွန်က ဘားနတ်ရှောလို ခရီးသွားမလို့ ပေါ့လေ၊ ဟုတ်လား..၊း) ကျနော်တို့ကို တစ်ခါလောက် ဖူဂျီယာမကို တက်ပြီး ရိုက်ထားတဲ့ပုံတွေ ပြပါလားဟင်၊း)

    မစူးနွယ် ...
    ကျနော် တစ်ခါတော့ စီးဖူးတယ်ဗျ၊ မိုက်တယ်၊ အင်ဂျင်ပါဝါ မြင့်တော့ ကုန်းတက်တွေကို အသာလေး တက်သွားနိုင်တယ်..၊ ဒီလမှာတော့ ဟီတာဟာ ရီစရာ မဟုတ်နိုင်တော့ဘူး...၊း(

    မမြသွေးနီ ...
    ပျောက်နေပါတယ် အောက်မေ့တာ နေမကောင်း ဖြစ်နေတာကိုး၊ အခုရော.. သက်သာလာ ပြီလား၊ အဲဒီနေ့က စရိတ်ငြိမ်း ဆိုတာတော့ အမှန်ပဲဗျို့၊ တပြားမှ မပေးလိုက် ရဘူး...၊း)

    မအိုင်အိုရာ ...
    အဆင်ပြေရင် လာလည်လေ...၊း) နှင်းတောင်ပေါ်မှာ ရေခဲငှက်တွေ လိုက်ပြမယ်...၊း)

    မဒိုးကန် ...
    စွတ်ဖားဆွဲတဲ့ ခွေးတွေက ခွေးကြီးမျိုးတွေ ဖြစ်လို့ ကြံ့ခိုင် ပါတယ်ဗျ၊ ပြီးတော့ အနည်းဆုံး ၄ ကောင်ဆွဲတဲ့ အပြင် နှင်းပေါ်မှာဆိုတော့ လျှောကနဲမို့ အားစိုက် မဆွဲရ ပါဘူး၊ ဘယ့်နှယ့်.. ညီမကလဲ ဒီနေရာတွေကို ဒီတသက်တော့ မရောက်တော့ ပါဘူး-လဲ၊ မဖြစ်နိုင်စရာ အကြောင်း ဘာများ ရှိလို့လဲဗျာ၊ ကျနော့်ကို ထီပေါက်ဖို့ပဲ ဆုတောင်းပေး...၊း)

    မမိုးငွေ့ ...
    ပါဆယ်သာ ပို့လို့ရရင် ပို့ပေးပါတယ်ဗျာ..၊ တကယ်ပါ၊

    မချစ်ကြည်အေး ...
    အအေးလည်း ကြောက်တယ်၊ နှင်းတောင်ပေါ်လည်း သွားချင်တယ် ဆိုရင်တော့ နွေရာသီသာ လာခဲ့ပေတော့၊ နွေရာသီမှာ နှင်းတောင်ပေါ်မှာ စွပ်ကျယ်နဲ့ နေနိုင်လောက်အောင် အိုက်တယ်ဗျ..၊း)

    ညီမအိန်ဂျယ်လ်လှိုင် ...
    Wow.... တယ်ဆိုတဲ့ စာပါလား၊ ညီမရဲ့ ကော်မန့်ကိုတော့ သဘောကျသွား ပြီဗျာ...၊း)

    (ကို)အလင်းသစ် ...
    အပြင်မှာ အလည်မခေါ်နိုင်သေးခင် ဓါတ်ပုံတွေနဲ့ ရသလောက် ခေါ်ကြည့်မလို့ဗျ....၊း)

    မ,ရှင်လေး ...
    အခုထိ ချမ်းနေတုန်းပဲလား၊ ဂျာမန်ဆောင်းကို အသားမကျ သေးဘူးပေါ့... ဟုတ်လား၊း)

    ကိုဖြိုး ...
    ကျနော် တောင်တန်းတွေပေါ် လျှောက်သွားဖြစ်တိုင်း ကိုဖြိုးကို သတိရတယ်ဗျ၊ အဆင်ပြေရင် နှင်းတောင်တွေကို ကိုယ်တိုင် လာမြည်းကြည့်ပါလား၊း)

    Gyidaw ...
    You wear your hat and gloves even inside? You make me laugh...haha. :D Yeah.. I know about ice sculpture and wanted to come and shoot, but, simply running out of time... :(

    တောင်ကြီးက မစံပယ် ...
    ကောင်းပြီလားဗျာ..၊ ချစ်ရတဲ့သူနဲ့ပဲ သွားသွား၊ သူငယ်ချင်း နဲ့ပဲ သွားသွား...၊း)

    ညီမ blackroze ...
    တဖြည်းဖြည်း ကျဉ်းသထက် ကျဉ်းလာတဲ့ ကမ္ဘာကြီး ထဲမှာ ဘယ်နေရာမှ ဒီလောက် မဝေးတော့ပါဘူးဗျာ..။

    ReplyDelete
  23. ကြည့်ရတဲ့ မြင်ကွင်းတွေ အရမ်းလှတာပဲ ..
    နှင်းတွေ ကြည့်ပြီး ရင်ထဲ လည်း စိမ့်သွားတာပဲ ..

    ခင်မင်လျှက်
    ဆောင်းနှင်းရွက်

    ReplyDelete
  24. ကိုညီလင်း
    ဓာတ်ပုံတွေ လှလိုက်တာ
    တစ်သက်မှာတစ်ခါတော့ အဲဒီလိုနေရာတွေ ရောက်ချင်သေးတယ်.
    အဲဒီအအေးဒဏ်ကို ခံစားဖူးချင်သေးတယ်လေ အနှုတ်အောက် ၂၀း)
    ခုဒီမှာ ၁၀လောက်တောင် သိပ်အေးတယ်ထင်နေတာ
    ရေခဲပြင်များသွားချင်သေးသတဲ့နော်။..
    စကားမစပ် ကိုယ်တိုင်စကီးစီးတဲ့ပုံ မရိုက်ခဲ့ဘူးလား ...
    နှင်းထဲမှာ ချော်လဲတဲ့ပုံဖြစ်ဖြစ်ပေါ့နော်း)
    ပုံတွေကြည့်ရတာ စိတ်ကြည်နူးအေးချမ်းသွားတယ်ဗျို့...

    ReplyDelete
  25. ပုံတွေရဲ့ ဖမ်းစားမှုကြောင့် စာတွေက ဖတ်ရင်းနဲ့ ဝေးသွားလိုက် နီးလာလိုက်နဲ့ဗျာ။
    သိပ်လှတဲ့ပုံတွေ။ အဲဒီနှင်းပြင်ပေါ်ရပ်ပြီး ဓါတ်ပုံရိုက်ဖြစ်မယ့်နေ့ကို ကျနော် တိတ်တဆိတ် မျှော်လင့်နေတယ်။

    ReplyDelete
  26. အဖြူ၊ အဖြူ အားလုံးအဖြူကြီးပဲ။ ပုံတွေအကုန်လှတယ်ဗျ။ အအေးကြိုက်တဲ့သူမို့ အလည်ရောက်ဖူးချင်စိတ်ကို ပေါက်လာတာပဲ။
    (လီယို)

    ReplyDelete
  27. ကိုညီလင်းရေ ...
    ဒီပို့စ်လေးကို တင်လို့မပြီးခင် တပိုင်းတစနဲ့ ကတည်းက ဂူဂဲလ်ရီဒါထဲကနေ ပို့စ်တက်လာတာ မြင်လို့ ဦးဆုံး ဖတ်ဖြစ်ခဲ့တယ်။ ပို့စ်အကုန် တင်လိုက်တော့လဲ ပထမဆုံးဖတ်ဖြစ်ခဲ့ပေမဲ့ နောက်ဆုံးမှပဲ ကွန်မန့်ရေးဖြစ်တော့တယ်။

    ဓာတ်ပုံထဲက နှင်းတွေမြင်တော့ လူက ချမ်းစိမ့်တက်လာတာပဲ။ အနုတ် ၂၀ ဒီဂရီမှာ တီရှပ်နဲ့ ဘီယာသောက်နေတဲ့ ကိုညီလင်းပုံကို မြင်ယောင်မိတယ်။ :)
    မမေလဲ အသားကပ် ကိုယ်ကျပ်အင်္ကျီတွေဝတ်၊ နှင်းတွေထဲ ချော်လဲမှာစိုးလို့ ခြေကုပ် လျှောက်ပြီး ဇောချွေးတွေပြန် တကိုယ်လုံး ပူထူခဲ့ရဖူးတာမို့ အဲဒီခံစားချက်ကို သိတယ်။ ဒါပေမဲ့ ဒီလောက် နှင်းတောကြီးထဲမှာများ တီရှပ်လေးနဲ့တော့ မနေရဲပေါင် ကိုညီလင်းရယ်။

    ဘယ်နေရာကြည့်ကြည့် ဖြူဖွေးနေတဲ့ နှင်းတွေထဲမှာ တယောက်ထဲ အကြာကြီး လမ်းလျှောက်ရတဲ့ ခံစားချက်က လွမ်းစရာကောင်းနေမှာပဲနော် ... ။

    ပတ်ပတ်လည် ၃၆၀ ဒီဂရီက တောင်စဉ်တောင်တန်းတွေချည်းပဲဆိုလို့ ခေါင်းကို ဟိုဒီစောင်းပြီး ကြည့်မိသေးတယ်။ ဟုတ်သားပဲ ... ကောင်းကင်ပေါ်မှာလဲ တိမ်တောင် တိမ်လိပ်တွေနဲ့ ... ။

    အဲဒီနေရာလေး တခါလောက်တော့ ရောက်ဖူးချင်ပါတယ်။ ကိုညီလင်းလို အလကားရောက်ခွင့် ရမယ်ဆိုရင်ပေါ့ :))

    ReplyDelete
  28. မောင်မျိုးFebruary 9, 2012 at 2:31 AM

    ကျနော့်လို အပူပိုင်းဘက်မှာပဲကြီးပြင်းတဲ့သူ အဖို့တော့ အစ်ကိုရောက်ခဲ့တဲ့နေရာလေးက သိပ်ကဗျာဆန်လှပတာပဲလို့ တင်စားချင်တယ်ဗျ ကျနော်ဆို နှင်းတောင် ကောင်းကောင်းမမြင်ဖူးဘူး ဒါပေမယ့် အဲ့လောက် အေးရင်လည်း အအေးဒဏ်ခံနိုင်ပါ့မလားလို့ ဒီမှာ နည်းနည်းလေး အေးရင်တောင် လူက ခိုက်ခိုက်တုန်နေတာ ။

    ခရီး မကြာမကြာ သွားပေးပေါ့ အစ်ကိုရ ပတ်ဝန်းကျင် အပြောင်းအလဲလေးဟာလည်း လူတစ်ယောက်ရဲ့စိတ်ကို ပြန်ပြီး လန်းဆန်းခွန်အားပေးနိုင်တယ်လို့ ညီထင်တယ် ညီ လည်း အဝေးကြီးမသွားနိုင်၇င်တောင် ခရီတိုလေးဖြစ်ဖြစ် သွားတာပဲ ဥပမာ ဟိုးဘက်ကမ်းလိုမျိုးး ။

    ReplyDelete
  29. လှလိုက်တာ..
    ဒါပေမယ့် နှင်းကို တောင်ပေါ်မှာပဲ မြင်ချင်တယ်း))

    ReplyDelete
  30. မ,ဆောင်းနှင်းရွက် ...
    လာအားပေးတာ ကျေးဇူးပါပဲနော်....၊

    မချော ...
    စကီးကတော့ ကိုယ့်ဟာကိုယ် စီးနေရင်းနဲ့ မရိုက်ရဲဘူးဗျ၊ ကျနော်က ခြေသိပ်ခိုင်တာ မဟုတ်ဘူး၊း) အင်း..တခါလောက်တော့ ကင်မရာကို ထရိုင်ပေါ့ထ်မှာ ဆင်ပြီး ရိုက်ကြည့်ဦးမယ်၊ မချောပြောလို့ အကြံရသွားပြီ၊း)

    ကိုမြစ်ကျိုးအင်း ...
    ကိုမြစ်ကျိုးအင်းလို ဓါတ်ပုံ ဝါသနာပါတဲ့ လူတစ်ယောက် အဖို့တော့ အဲဒီလို နေရာမှာ လက်ညှိုးက ကင်မရာ shutter-release ခလုတ်ပေါ်ကနေ ဆင်းရမှာကို မဟုတ်ဘူးဗျို့...၊း)

    လီယို ...
    ကျေးဇူးအများကြီး တင်ပါတယ်ဗျာ...၊

    မမေ ...
    တွေ့တယ်၊ မှားပြီး တင်လိုက်ပြီးပြီးချင်း စက္ကန့်ပိုင်းမှာပဲ မမေလာသွားတယ်လို့ စီဘောက်စ်မှာ ပြောသွားတာ..၊း)
    တီရှပ်နဲ့ ဘီယာသောက်တယ် ဆိုတာကလည်း မမေရယ်.. ၁ နာရီနီးပါးလောက် လမ်းလျှောက်လာရ တော့ အိုက်နေတာက တကြောင်း၊ အဝတ်အစားတွေက ကိုယ်ပေါ်မှာ လေးပင်ကျပ်ထုပ် နေတာက တကြောင်းမို့ပါ၊း) တကယ်တော့ ကျနော့်လုပ်ရပ်က အန္တရာယ်များမှန်း သိပါတယ်၊ Thermal shock ရသွားနိုင်တယ်၊ ဒါပေမယ့် လေမတိုက် နေလို့သာ ခဏလေး ချွတ်လိုက်တာ...၊း) အင်း.. နောက်တစ်နှစ် သွားတဲ့အခါ ပရော်ဖက်ဆာကို ပြောကြည့်ဦးမယ်၊ ကျနော် VIP guest တစ်ယောက် ခေါ်လာမယ်၊ ရမလားလို့...၊း))

    မောင်မျိုး ...
    အနှုတ် ၁၀၊ ၂၀ ဆိုတာတော့ နည်းနည်း အေးလွန်းတယ်ဗျ၊ ဒီမှာလည်း လူတွေ သိပ်မခံနိုင် တော့ဘူး၊း) ခရီးတွေကတော့ ဒီနှစ်မှာ အများကြီး စီစဉ်ထားတယ်၊ ဘယ်နှစ်ခု သွားဖြစ်မလဲ မသိသေးဘူး၊

    မလေး ...
    ဟုတ်တယ်၊ နှင်းက မြို့ရောက်လာရင် ကျကာစ ခဏပဲ ကြည့်ကောင်းတာ..၊ ပြီးတာနဲ့ နှင်းဖြူတွေက နှင်းမည်းဖြစ်၊ လူတွေ၊ ကားတွေလည်း ဒုက္ခရောက်..။း)

    ReplyDelete
  31. ပုံနဲ့ စာကို သေချာရှင်းပြပြီးရေးသားထားလို့ဖတ်ရတာလဲ အဆင်ပြေတယ် စိတ်ဝင်စားဖို့လဲကောင်းပါတယ်

    ReplyDelete
  32. ရှုခင်းတွေက လှလိုက်တာ... အဲဒီလို မွမွရွရွ အဖြူရောင်လမ်းကလေးပေါ်မှာ ကင်မရာတစ်လုံးနဲ့ တွေးချင်ရာတွေး ငေးချင်ရာငေးပြီး တစ်ကိုယ်တော် လမ်းလျှောက်ရတဲ့အရသာမျိုး ခံစားကြည့်ဖူးချင်တယ် ကိုညီလင်းသစ်ရေ..

    ReplyDelete
  33. http://www.facebook.com/#!/photo.php?fbid=1646564248536&set=o.111027798960978&type=1&theater

    I am not sure you can view. That's the Naug Cho that I miss.

    ReplyDelete