21 March 2012

အာရုံများ ပျံသန်းရာ နိုင်ငံကလေးသို့ (၂)


လမ်းမှာတုန်းက ကျနော်စဉ်းစားထား တာက ရန်ကုန်လေဆိပ်ကို လေယာဉ် ဆိုက်တဲ့အခါ လေယာဉ်ပြူတင်း ကနေ ဓါတ်ပုံလေး တစ်ပုံ၊ နှစ်ပုံလောက် ရိုက်မယ်လို့...၊ ဒါပေမယ့် စင်ကာပူလေဆိပ်က စ,ထွက်ကတည်းက သားကလေးက အိပ်ပျော်သွားလိုက်တာ ရန်ကုန်လေဆိပ် ရောက်တာလည်း မနိုးသေးဘူး၊ ကျနော့် ပေါင်ပေါ်မှာ အဆန့်သားကို မလှုပ်မယှက်နဲ့..၊ ဒါနဲ့ပဲ ဓါတ်ပုံကိစ္စကို လက်လျှော့လိုက်ရ တော့တယ်၊ လေယာဉ်ပေါ်မှာ ရှိသမျှ လူတွေ အကုန်ဆင်းသွား ပြီးမှ ကျနော်တို့ ဆင်းတယ်၊ သားကို လမ်းလျှောက်ခိုင်းဖို့ ဘယ်လိုမှ နှိုးလို့မရတာနဲ့ ကျနော်တို့ တစ်ယောက်တလှည့်စီ ချီလာရတယ်၊ လေဆိပ်ထဲက လဝက ကောင်တာမှာ တိုးရစ်စ်တွေ အများကြီး တန်းစီနေတာ တွေ့တယ်၊ ရန်ကုန်လေဆိပ်မှာ တိုးရစ်စ်တွေ ဒီလောက်များတာ တခါမှ မတွေ့ဖူးဘူး၊ ကျနော်တို့ မတိုင်ခင် တခြား လေယာဉ်တစ်စင်းလည်း ဆိုက်ထားတော့ ခရီးသည်တွေ ဆိုတာ လေဆိပ်မှာ ပျားပန်းခပ်ပဲ၊

လေဆိပ်အသစ်က ဖွင့်ကာစတုန်းက အရင်အဟောင်းနဲ့ ယှဉ်တော့ ကြီးသလိုလို ထင်ရတယ်၊ အခုတော့ လေယာဉ်လေး ၂ စင်းက ခရီးသည်တွေနဲ့တင် ပြည့်လုလုပဲ..၊ စာရွက်စာတမ်း ကိစ္စတွေအားလုံး အဆင်ပြေ ပါတယ်၊ လူဝင်မှု ကြီးကြပ်ရေး အရာရှိတွေလည်း ပြောဆို၊ ဆက်ဆံတာ တကယ့်ကို ချိုချိုသာသာနဲ့..၊ ဒီတခါတော့ မြန်မာခရီးသည်တွေလည်း တိုးရစ်စ်တွေလိုပဲ ကောင်တာရှေ့မှာ တားထားတဲ့ လိုင်းအနောက်မှာ စည်းကမ်း ရှိရှိ ရပ်စောင့်ပြီး တစ်ယောက်ပြီးမှ တစ်ယောက် ကောင်တာကို သွားကြတာ သတိပြုမိတယ်၊ အရင်တုန်းကလို ပြုံပြီး တိုးနေတာမျိုး မရှိတော့ဘူး၊ ဒီလို အခြေအနေတွေ မြင်ရတာ တကယ်ပဲ စိတ်ချမ်းသာစရာ ကောင်းပါတယ်၊ ကျနော်တို့ကို အဖေနဲ့အမေ လာကြိုကြတယ်၊ သူတို့ရဲ့ မြေးကလေး ကတော့ အဖိုးနဲ့အဖွားကို ထ,မကြည့်နိုင်ဘူး၊ ကျနော့် ပုခုံးပေါ်မှာ တရှူးရှူးနဲ့ အိပ်မောကျတုန်း..၊ ရန်ကုန်ရဲ့ လေနွေးနွေးတွေဟာ လေဆိပ်တံခါးက ထွက်ထွက်ခြင်းမှာပဲ တကိုယ်လုံးကို ပက်ဖြန်း၊ ပုတ်နှိုးလိုက်တယ်၊ ဒါဟာ ကျနော်သိတဲ့ ရန်ကုန်မှ ရန်ကုန်အစစ် ပါပဲ..၊ အခုတော့ ကျနော့် တကိုယ်လုံးလည်း ပူနွေးလို့ ဆိုက်ဆိုက်မြိုက်မြိုက်ကို ရောက်နေခဲ့ ပြီပေါ့...၊


ကျနော်တို့ အင်းယားလိတ် ဟိုတယ်မှာ တည်းဖြစ်ပါတယ်၊ မနှစ်က ဇူလိုင်လ ကတည်းက ကြိုပြီး အခန်းဘွတ်ကင် လုပ်ထားခဲ့လို့သာ အဆင်ပြေတာလို့ ပြောရမှာပါပဲ၊ ကျနော်တို့ ရောက်တဲ့ အချိန်မှာ ဟိုတယ်က ရှိသမျှ အခန်းတွေ အကုန်ပြည့်နေပြီလို့ သိရတယ်၊

နောက်တစ်နေ့ မနက် ၆ နာရီ လောက်မှာ ကျနော် နိုးလာခဲ့တယ်၊ တကယ်ဆို jet lag နဲ့ဘာနဲ့ နေမြင့်မှ နိုးသင့်ပေမယ့် အဲဒီမနက်ကတော့ လန်းလန်းဆန်းဆန်းကို နိုးလာတယ်၊ ဒါနဲ့ ဝရန်တာကို ထွက်ပြီး ငှက်ကလေးတွေ သီချင်းဆိုသံကို နားထောင်နေ မိတယ်..၊


ဝရန်တာကနေ မြင်ရသမျှ သစ်ပင်တွေ၊ ဝါးပင်တွေကို လိုက်ငေးရင်း သဘာဝ တရားထဲမှာ လုံးဝကို နှစ်မြုပ်၊ ပျော်ဝင် ပစ်လိုက်တယ်၊ မနက် ၆ နာရီရဲ့ အပူချိန်ဟာ မပူ၊ မအေးနဲ့ တကယ့်ကို နေလို့ကောင်းရုံ ပါပဲ၊ တဖက်ကို လှမ်းကြည့်လိုက်တော့ dining room...၊


မနက်စောစော ဖွင့်ကာစမို့ ထင်တယ်၊ လူရှင်းနေ သေးတယ်၊ ဒီလို သာယာတဲ့ မနက်ခင်း တစ်ခုကို အခုလို ဝရန်တာလေး ပေါ်ကနေပဲ မြင်ကွင်း အကန့်အသတ်နဲ့ ကုန်ဆုံးပစ်လိုက် ရမယ်ဆိုရင် ဘယ်လောက် နှမြောစရာ ကောင်းလိုက်မလဲ၊ အဲဒီလို အတွေးဝင်လာလို့ အခန်းထဲ ပြန်ဝင်၊ ညဝတ် အင်္ကျီလဲ၊ ခပ်မြန်မြန် သွားတိုက်ပြီး ကင်မရာဆွဲလို့ အောက်ဖက် ဆင်းလာလိုက်တယ်၊ ကျနော် ဟိုတယ်အပြင်ဖက် အရောက်မှာပဲ နေထွက်လာတာနဲ့ ကြုံလိုက်တယ်...၊


သိပ်တော့ မလှပါဘူး၊ ဒါပေမယ့် ဒါဟာ ရန်ကုန်က ကျနော့်ကို ပေးခဲ့တဲ့ ပထမဦးဆုံး sunrise ပဲ မဟုတ်လား၊ အုန်းလက်ကြားကနေ ရနိုင်သလောက်လေး ကျနော်ခံစား ခဲ့တယ်..၊ ခဏကြာမှ ဟိုတယ်တစ်ပတ် လမ်းလျှောက် ပါတယ်၊


အင်းယားရေပြင်ကတော့ အအိပ်မက်တဲ့ မိန်းမပျို တစ်ယောက်လို လှလှပပနဲ့ အိပ်မောကျနေတုန်း ပါပဲ၊ သူနိုးသွားမှာ စိုးတာနဲ့ ကျနော်လည်း သူ့ဘေးကနေ ခြေသံဖွဖွနဲ့ပဲ အသာလျှောက်ခဲ့တယ်၊ ကန်တွေရဲ့ ရေပြင်ငြိမ် အလှဟာ သဘောကျစရာ ကောင်းပါတယ်၊


ဒီလိုမျိုး အုန်းပင်တွေ၊ ထန်းပင်တွေကို အစီအရီ မမြင်ရတာ ကြာပါပြီ၊ ကျနော် ထိုင်ငေးနေ မိတယ်၊ မနက်ခင်းဟာ မြူပုဝါပါးလေး ခြုံသိုင်းလို့ စင်စင်ကြယ်ကြယ်နဲ့ လှလိုက်တာ...၊

အတော်လေးကြာမှ အခန်းထဲကို ပြန်တက်လာ ခဲ့တယ်၊ ဟိုသားအမိက အဲဒီတော့မှ လူးလူးလွန့်လွန့်နဲ့ ခပ်ဖြေးဖြေး နိုးလာကြတယ်၊ သူတို့ အဆင်သင့် ဖြစ်တော့ ကျနော်တို့ မနက်စာ သွားစားကြ ပါတယ်၊


ဒါ ရန်ကုန်မှာ ကျနော့်ရဲ့ ပထမဦးဆုံး မနက်စာရဲ့ ပထမဦးဆုံး ခွက်ပါပဲ၊ သေချာတာ ပေါ့ဗျာ၊ မုန့်ဟင်းခါးက လွဲလို့ ဘာများ ဖြစ်နိုင်ဦးမှာလဲ..၊ အင်းယားလိတ်မှာ မုန့်ဟင်းခါးနဲ့ အုန်းနို့ခေါက်ဆွဲကို မနက်စာ အတွက် တနေ့တမျိုး ချက်ပါတယ်၊ အဲဒီနေ့က မသိလို့ အဲဒီလို ပန်းကန်လုံးလေးနဲ့ စားခဲ့ရတာ..၊ နောက်နေ့မှာတော့ မရတော့ဘူး၊ မုန့်ဟင်းခါး စားတိုင်း ဟင်းချိုသောက်တဲ့ ပန်းကန်လုံး ခပ်ကြီးကြီးကို တောင်းပြီး ထည့်စား တော့တယ်၊ ဘာရမလဲ..၊ လူကိုများ တိုးရစ်စ် အောက်မေ့လို့...၊း)


မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ အပြင် အခုလို ဆန်ပြုတ်လည်း ရပါတယ်၊ သိပ်တော့ မကြိုက်ဘူး၊ ကျနော်က အာရှ အစားအစာ မြင်သမျှ စားကြည့်မယ်ဆိုတဲ့ စိတ်နဲ့မို့ မြည်းကြည့်တာ၊ နောက်ရက်တွေမှာ မစားတော့ဘူး၊ ကျန်တာကတော့ ဟိုတယ်တွေထုံးစံ international breakfast ပါပဲ..၊ တကူးတက စာမဖွဲ့လောက် ပါဘူး၊

မိဘတွေအိမ် သွားရင်းနဲ့ သားက လမ်းမှာ ဆိုက်ကားတွေ တွေ့သွားတယ်၊ သူ တခါမှ မမြင်ဖူးဘူး၊ ဘယ်လို ခေါ်မှန်းလဲ မသိဘူး၊ သူသိတာက စက်ဘီးအနောက်မှာ တပ်ပြီး ဆွဲရတဲ့ သူစီးနေကျ လှည်းကလေး..၊ ဆိုက်ကားကို သူ စိတ်ဝင်စားတာနဲ့ ကျနော်လည်း ပေးစီးလိုက်တယ်..၊


သူတို့ မြေးအဖိုးနှစ်ယောက် ဆိုက်ကားတစ်စီး ငှားပြီး ရွာရိုးကိုးပေါက် လျှောက်စီးကြတယ်..၊ Sightseeing by trishaw ပေါ့လေ...၊း)


ဒါကတော့ အမေ့လက်ရာ နေ့လယ်စာပါ၊ ရိုးရိုးလေးပါပဲ၊ မေတ္တာဟာ အလျားအနံ မရှိဘူး၊ ဘာညာ ပြောကြပေမယ့် အရသာတော့ ရှိမယ်ထင်တယ်၊ အမေ့မေတ္တာ ထည့်ချက်တဲ့အခါ လူစားတဲ့ ဟင်းပေမယ့် နတ်သုဒ္ဓါ ဖြစ်,ဖြစ်သွား တတ်တယ်၊ သားသမီးတွေ အဖို့ အသက်တွေ ကြီးလာလေလေ၊ အမေတွေရဲ့ လက်ရာဟာ ပိုပြီး အရသာ ရှိလေ လေပဲ ဖြစ်မယ် ထင်ပါရဲ့ဗျာ...၊

ညနေပိုင်းမှာတော့ ရွှေဂုံတိုင် မီးပွိုင့်အလွန်က 'ရွှေကောင်း' မှာ ဟော့ပေါ့တ် သွားစားကြတယ်၊ အရင်တုန်းက ကျနော်သိတဲ့ ဟော့ပေါ့တ်က Summit Parkview ဟိုတယ်က ကိုကာဆူကီ ဟော့ပေါ့တ်ပါ၊ အခုတော့ ဒီလိုမျိုး ဟော့ပေါ့တ်ဆိုင်တွေ အတော်များလာတာ သတိထား မိတယ်၊


တစ်အိုးထဲမှာပဲ အစပ်နဲ့ အချိုကို တဝက်စီ ထည့်လို့ရအောင် လုပ်ထားတယ်၊ ဟင်းရည်က ကြက်သားဟင်းရည်ပါ၊ အရည်ထဲ ထည့်ဖို့ ဟင်းတွေကတော့ အတော်လေး စုံပါတယ်၊ အသားစုံ၊ အရွက်စုံ အပြင် ပင်လယ်စာတွေပါ ရတယ်၊ ပန်းကန်ပြားလေး တွေထဲမှာထည့်ပြီး ရေခဲသေတ္တာထဲမှာ ထည့်ထားတယ်၊ ဈေးက တစ်ပန်းကန် ၄၀၀ လောက်ကနေ ၁၂၀၀ လောက်အထိ ရှိပါတယ်၊ တစ်ပန်းကန် ၄၀၀ ဆိုတာ မများဘူး ထင်ရပေမယ့် ဘာမှ သိပ်မပါ ပါဘူး၊ ဒီတော့ ပန်းကန်တွေ ခပ်များများမှာဖို့ လိုပါတယ်၊ ဆိုတော့ ဝိုင်းရှင်းတဲ့ အခါ ကျသင့်ငွေလည်း မြင့်ပြီပေါ့၊

ကျနော်တို့ ၂ ခါ သွားစားဖြစ် ပါတယ်၊ ပထမ တခါက ၅ ယောက်ဝိုင်း..၊ ငါးသောင်း ကျပါတယ်၊ ဒုတိယ တခါက ၇ ယောက်ဝိုင်း..၊ ခြောက်သောင်း ကျတယ်၊ လက်ရှိပေါက်ဈေးနဲ့ဆို ဒေါ်လာ ၆၀ နဲ့ ၇၅ ဒေါ်လာလောက် ရှိပါတယ်၊ ဒါကို တွက်ကြည့်ပြီး မအိမ်သူက မျက်လုံးပြူး သွားတယ်၊ မြန်မာပြည်မှာ လူတွေက ၂ နာရီလောက် အတွင်း ငွေဒီလောက် သုံးနေကြ ပြီလားလို့ မေးတယ်၊ လွန်ခဲ့တဲ့ ၁၅ နှစ်.. သူနေခဲ့တဲ့ အချိန်တုန်းကနဲ့ ယှဉ်ရင်တော့ လန့်မယ်ဆိုလည်း လန့်လောက်စရာ ပေါ့လေ၊ ဒါပေမယ့် သူကသာ လန့်နေတာ...၊ အဲဒီ ဆိုင်အကြီးကြီး ထဲမှာ စားပွဲတိုင်းလိုလို လူကအပြည့်...၊


ဘာရယ် မဟုတ်ပါဘူး၊ ဆိုင်းဘုတ်ကို သဘောကျလို့ ရိုက်လာတာ..၊ 'ရွှေကောင်း' ကို အင်္ဂလိပ်လို ပြန်ထားတာ မမိုက်ဘူးလား...၊း)

နောက်တစ်နေ့ မှာတော့ My Garden မှာ သွားစား ဖြစ်ပါတယ်၊ အမှန်တော့ ကျနော်တို့လည်း ကိုယ့်ဟာကိုယ်ဆို ဆိုင်တွေ ရောက်ဖြစ်မှာ မဟုတ်ပါဘူး၊ အခုက သူငယ်ချင်းတွေ တစ်ယောက်ပြီး တစ်ယောက် လာဖိတ်ကြတာနဲ့ ဟိုဆိုင်၊ ဒီဆိုင် နည်းနည်း ရောက်ဖြစ်တဲ့ သဘောပါ..၊ My Garden ကတော့ Mon Petit Avatar ရဲ့ဘလော့ဂ်မှာ ဖတ်ရ ကတည်းက သွားကြည့်ချင် နေတာဆိုတော့ အတော်ပဲ ဖြစ်သွားတယ်၊ Summit Parkview ရဲ့ အရှေ့မှာ ရှိပါတယ်၊ ဆိုင်က အတော်လေး ကျယ်တယ်၊ စားပွဲတွေ၊ ထိုင်ခုံတွေကို သေသေချာချာ လုပ်ထားတယ်၊ ပူပြင်းတဲ့ နေ့လယ်ခင်း တွေမှာ အေးအေးလူလူ ထိုင်လို့ ကောင်းပါတယ်၊ ညဖက်တွေဆို အနောက်ဖက်မှာ unplugged ဖျော်ဖြေမှုလည်း ရှိတယ်၊ မြန်မာစာ၊ အနောက်တိုင်းစာ ရတယ်၊ အဲ.. ဈေးကတော့ နည်းနည်း များပါတယ်၊


ဂဏန်းပျော့ ဟင်းပါ၊ ရန်ကုန်က နာမည်ကြီး ဆိုင်တွေမှာ အဲဒီ ဂဏန်းပျော့ရတာ သတိထား မိတယ်၊ အရင်ကတော့ ဂဏန်းပျော့ဆိုတာ တသက်နဲ့တကိုယ် မကြားဖူး ခဲ့ပေါင်ဗျာ..၊ စားလို့တော့ ကောင်းတယ်..၊


ပြည်ကြီးငါးသုပ် ကတော့ အတော်လေး စားကောင်းတယ်၊ ဘယ်ကလာတဲ့ ပြည်ကြီးငါးလဲတော့ မသိဘူး..၊း)


ဂဏန်းပျော့ဟင်း၊ ဆူကာရွက်ကြော်၊ ကန်စွန်းရွက်ကြော်နဲ့ ပြည်ကြီးငါးသုပ် ပါပဲ..၊ အဲ.. ဖန်ခွက်ထဲက အဝါရောင် အရည်ကတော့ 'ကျား' တံဆိပ် ရေနွေးကြမ်းပါ..၊းP

ကဲ..ပုံတွေနဲ့ စာတွေကို ခပ်စိပ်စိပ်လေး ကြည့်ချင်၊ ဖတ်ချင်တယ် ဆိုလို့ တင်လိုက်ပါပြီဗျာ..၊ တစ်ပုံနဲ့ တစ်ပုံ သဟဇာတ ဖြစ်၊ မဖြစ်လည်း မစစ်နိုင် တော့ဘူး၊ ခရီးစဉ်မှာ တတ်နိုင်သလောက် ရက်စဉ်အတိုင်း ရေးဖို့ စဉ်းစားထားပေမယ့် တခါတလေလည်း ဓါတ်ပုံတွေ အဆက်အစပ်ကို ဦးစားပေးပြီး တင်ဖြစ်တာ မျိုးလည်း ရှိ ပါမယ်..၊ ဖြစ်တယ် မဟုတ်လား..၊း)

(ဆက်ပါဦးမယ်..)


ညီလင်းသစ်
၂၁ မတ်၊ ၂၀၁၂

42 comments:

  1. ဒီတခါတော့ မြန်မာဘီယာမသောက်တော့ဘူးပေါ့ :P
    အင်းလျားလိတ်က အခန်းတွေက ကျယ်ကျယ်လွင့်လွင့်နဲ့မို့ကြိုက်တယ်။ ခရီးအစပဲရှိသေးတယ် လိုက်ပြီးရင်ခုန်နေမိပြီ။ ကိုညီ မြန်မြန်လေးတင်ပါ :)

    ညီ

    ReplyDelete
  2. Good post! waiting for continuous post. By the way, Tiger brand Chinese tea was not hot, is it? I saw many water drops on the cup. :P

    ReplyDelete
  3. သားသားတော့ ပူနေတော့မယ်... ရန်ကုန်မှာက ဆောင်းတွင်းတောင်ပူနေတာ ... ဟိုတယ်မှာ တည်းတယ်ဆိုတော့ ခြင်တော့ သိပ်မကိုက်လောက်ဘူးလို့ မျှော်လင့်တယ်..

    ခင်မင်တဲ့
    တောသား

    ReplyDelete
  4. ဓါတ်ပုံတွေ လှလိုက်တာ.. ကျားတံဆိပ် ရေနွေးကြမ်းဆိုတာကိုတော့ တော်တော်သဘောကျသွားတယ် :D

    ReplyDelete
  5. ကိုညီလင်းသစ် ရေ

    ကိုယ်စားပျော်ပေးနေပါတယ် သားသားကလည်း ချစ်စရာကောင်းလိုက်တာ မအိမ်သူ ကိုလည်း မြင်ဘူးချင်တယ် မန္တလေး ဘက်ရော မလာလည်ဘူးလား နောက်တခေါက်ဆို လာခဲ့ပါနော် ကျားရေနွေး ကြမ်း တိုက်မယ် သားသားကို မြန်မာပြည် ချစ်တတ်အောင် သင်ပေးပါ

    ခင်မင်တဲ့
    ရွှေစင်ဦး

    ReplyDelete
  6. ဆိုက်ကားပေါ်ကသားလေးက ချစ်စရာကောင်းလိုက်တာ... ရန်ကုန်ကဟိုတယ်တွေထဲမှာ အင်းယားလိတ်ကိုအကြိုက်ဆုံးဘဲ...

    ReplyDelete
  7. I agree with Ma Shwe Sin Oo, please teach how to love Our Country ,in Singapore i got see many myanmar family they never teach to their kids myanmar language, how to pray, how to love our own country.

    ReplyDelete
  8. ဒီတခါတော့ အစားအသောက်ပုံတွေထက် အင်းလျားလိတ်ဟော်တယ်ခန်းကနေရိုက်တဲ့ ရှုခင်းတွေကို ပိုပြီးလွမ်းသွားတယ် သားသားကဆိုက်ကားစီးပြီး ဘာပြန်ပြောလဲ ဟင် ကျမသမီးတော့ မြင်းလှည်းရယ် တုတ်တုတ်ရယ်စီးပြီး တအားခုန်တာကို သဘောကျလို့ မြင်းလှည်းပေါ်ကနေတောင် မဆင်းချင်ဘူးလေ.. ရက်အစဉ်တွေထက် ဓါတ်ပုံနဲ့ဆက်စပ်တင်တာ ပိုကောင်းမလားလို့ အို ဘယ်လိုဘဲတင်တင် တ၀ကြီးဖတ်ရ ကြည့်ရ လွမ်းရ၇င် ပြီးတာပါဘဲ ညီလင်း ရေး) ဆက်စောင့်နေမယ်

    mie nge

    ReplyDelete
  9. ကိုညီလင်းရဲ့ ပုံတွေ စာတွေကိုကြည့်ပြီး...
    ဒီနှစ်တော့ ပြန်ဖြစ်အောင် ပြန်ဖို့ တွေးနေမိတယ်...
    အင်းလျားလိပ်က အင်တာနက်ကနေ book လုပ်လို့ ရသလားဟင်...း)

    ReplyDelete
  10. ကိုညီလင်းအမေချက်တဲ့မြန်မာဟင်းလေးတွေကိုကြည့်ပြီ
    အရမ်းလွမ်းမိပါတယ် ရန်ကုန်ရှုခင်းတချို့ကိုတော့တ၀ကြီး
    ကြည့်ခဲ့ပါတယ်ရှင် ကျန်အပိုင်းလေးတွေမြန်မြန်တင်ပေးပါ

    ReplyDelete
  11. အမေချက်တဲ့ထမင်းဝိုင်း စားချင်စရာစုံစေ့နေတာပဲ...
    တခြားစားစရာတွေလည်း နေရာနဲ့နာမည်နဲ့တွဲပြီး တဝကြီးကြည့်မှတ်သွားပါတယ်...ဒါမှ စိတ်ဝင်စားတဲ့နေရာဆို ကိုယ်လည်း သွားကြည့်လို့ရအောင်လို့

    ReplyDelete
  12. ကျေးဇူးပါ။
    ပျော်စရာကောင်းလိုက်တာဖတ်ရတာရောဓါတ်ပုံတွေကြည့်ရတာရော။
    ကျမတို့ အုပ်စုကညသမားတွေဆိုတော့ရန်ကုန်မှာတုန်းကအဲဒီရွှေကောင်းဆိုင်နဲ့ ပြည်လမ်းပေါ်ကကောင်းကောင်းကိုခဏခဏသွားစားဖြစ်တယ်။ ဒါပေမဲ့ ရွှေကောင်းဆိုင်းဘုတ်ကိုတစ်ခါမှသေသေချာချာမကြည့်ဘူးဘူး။ ခုမှတွေ့ တော့တယ်။ဘာသာပြန်ထားတာသဘောကျ သွားပြီ။း))
    ကြိုက်သလိုတင်ပါ။ အားလုံးကိုအားပေးမှာပါ။
    အိုင်အိုရာ

    ReplyDelete
  13. Thanks for see nice photos & read..

    ReplyDelete
  14. အကုန်လုံးကို တစ်ထိုင်ထဲ ဖတ်လိုက်ချင်တား)

    ReplyDelete
  15. ကိုညီလင်းသစ်ရေ...ပုံတွေ ကောင်းလိုက်တာ။ အဲဒီ အင်းယားလိတ်က သရဲခြောက်တယ်ဆို ဟိဟိ။ သိပါဘူး သူများပြောတာကြားဖူးတာပါး)))
    ပျော်စရာကြီးနော်...။ ကြိုက်သလိုသာ ရေးပါလေ...ကောင်းပါတယ်။ အလွမ်းပြေပါတယ်း)

    ReplyDelete
  16. Last time I visited to Ygn was 2007. U make me cry :-((

    ReplyDelete
  17. ညီ ...
    မြန်မာ ဘီယာလား? အို.. ဘယ်နေလိမ့် မလဲ၊ သောက်တာပေါ့၊ ကျားမြီးဆွဲတာက တခါတလေပါ၊း) ဟုတ်တယ်ဗျ၊ အင်းယားလိတ်က အခန်းတွေ ကျယ်တာအပြင် ဥယျာဉ်နဲ့ ရေကူးကန်က ကလေးတွေ အတွက် အဆင်ပြေတယ်..၊

    Anonymous (1) ...
    Thanks...!

    Anonymous (2) ...
    ha ha ha.. well, that Tiger brand Chinese tea is kind of an ice tea. :D

    (ကို)တောသား ...
    ဟုတ်တယ်ဗျာ၊ ပူတာတော့ အတော်ပူတယ်၊ ခြင်လား? ဘယ်နေလိမ့် မလဲ၊ ဟိုတယ်မှာလည်း ကိုက်တာပဲ၊ ရန်ကုန်မှာ ခြင်လွတ်ဒေသ ရှိပါ့မလားတောင် မသိဘူးဗျ၊း)

    မသဉ္ဇာ ...
    ကျေးဇူးပါဗျာ၊ ဟုတ်တယ်၊ အဲဒီ ရေနွေးကြမ်းက ရန်ကုန်ရဲ့ အပူချိန်ကို တွန်းလှန်ဖို့တော့ အံကိုက်ပဲ..၊း)

    အမရွှေစင် ...
    ဟုတ်ကဲ့..၊ ဖိတ်ခေါ်တာ ကျေးဇူးပါ အမ၊ ဒီတစ်ခေါက်တော့ အလှမ်းဝေးတဲ့ မန္တလေး ဖြစ်သွားတယ်ဗျာ၊ နောက်တခါတော့ ကြိုးစားပါ့မယ်၊ အမရွှေစင် ပြောသလိုပဲ ကျနော်လည်း သားကို သင်ပေး နေပါတယ်..၊

    မရိုစ့် ...
    ဟုတ်ပါတယ်၊ အင်းယားလိတ်က တိတ်တိတ် ဆိတ်ဆိတ်နဲ့ အေးချမ်း တာတော့ အမှန်ပါပဲ..၊

    Seng Seng ...
    Yes. I got your point and agree with you, too. I find it important to teach and show kids the value of Myanmar language and culture. They should definitely know how to love the country.

    မမီးငယ် ...
    ဆိုက်ကားက အရမ်းလှုပ်တယ်လို့ သူပြန်ပြောတယ်၊း)အဲဒါ ဆိုက်ကားကြောင့် မဟုတ်ဘူး၊ လမ်းက ချိုင့်တွေကြောင့်လို့ ပြန်ရှင်းပြ ရတယ်၊ သားလည်း မြင်းလှည်း ကြိုက်တယ်ဗျ၊ ပုဂံမှာ သူက နေ့တိုင်းနီးပါး မြင်းလှည်း မောင်းနေတာ...၊း)

    မသက်ဝေ ...
    ကောင်းတယ်ဗျာ၊ အဆင်ပြေရင် ပြန်သာပြန်ဗျို့..၊း) အင်းယားလိတ် ဝက်ဘ်ဆိုဒ်မှာ ဘွတ်ကင်လုပ်ဖို့ function ပါပေမယ့် တကယ်တမ်းမှာ အလုပ် မလုပ်ဘူး၊ ပြီးတော့ ဒါရိုက်ဘွတ်ကင်က ဈေးများတတ်တာလည်း ရှိတယ်လေ၊ ကျနော်တို့ကတော့ ရင်းနှီးတဲ့ travel agency တွေကနေ တဆင့် ဘွတ်ကင် တင်ပါတယ်၊ အသေးစိတ် ဆွေးနွေးချင်ရင် nyilinnthit@gmail.com ကို မေးလ်ပို့လိုက်လေ...နော်၊

    တောင်ကြီးကမစံပယ် ...
    ကျနော်လည်း တတ်နိုင်သလောက် မြန်မြန်တင်ဖို့ စိတ်ကူး ရှိပါတယ်..၊ အားပေးတာ ကျေးဇူးနော်..၊

    မစူးနွယ် ...
    ဒါပေါ့ဗျာ..၊ ဒီလိုပဲ တစ်ယောက်နဲ့တစ်ယောက် အတွေ့အကြုံတွေ ဝေမျှရမှာပဲ မဟုတ်လား..၊း)

    မအိုင်အိုရာ ...
    ကျနော်လည်း တခါတခါ ရန်ကုန်မှာ ညဖက်တွေ အဲဒီလို လျှောက်စားဖူးတယ်၊ happy ဖြစ်ဖို့ ကောင်းတယ်နော်..၊ happy တောင်မှ ရိုးရိုး happy မဟုတ်ဘူး၊ golden happy ကို ဖြစ်တာ...၊းD

    Anonymous (3) ...
    Thank you for your nice comment..!

    မမေဇင် ...
    ကျနော်ကလည်း ဖြစ်နိုင်ရင် အကုန်လုံးကို တထိုင်တည်း ရေးချင်ပါတယ်ဗျာ..၊း)

    မချစ်ကြည်အေး ...
    သရဲဇတ်လမ်း တွေကတော့ မြန်မာပြည်က ဟိုတယ်တိုင်း လိုလိုမှာ ရှိကြမယ် ထင်ပါတယ်ဗျာ..၊ ကိုယ်တွေ့တော့ တခါပဲ ကြုံဖူးတယ်၊ ဒီ အင်းယားလိတ် မှာတော့ အေးဆေးပါပဲ...၊း)

    Anonymous (4) ...
    Oh..I am sorry! I didn't mean to ... Please, don't get disappointed! A time to go back will surely come to you, too. Keep the faith, huh!

    ReplyDelete
  18. သားသားရဲ့ အတွေ့အကြုံတွေ၊ ပြန်ပြောတာတွေကို ရေးပေးပါ။
    ဓာတ်ပုံတွေ အရမ်းကောင်းတယ်

    ဆိုက်ကားဆရာမှာ တက်တူးကြီးနဲ့

    ReplyDelete
  19. Ko Nyi,

    Last night I was waiting for second part of your trip until 12 am in my local time, probably not very different many hours in your local time but I didn't know when you uploaded.

    Anyway, I can read right away and make me so sad so far. In fact your writing style and photos are very attractive, I was thinking all the time what will appear next scenes.

    Waiting for your continue photos and story.

    Regular reader

    ReplyDelete
  20. ကျားတံဆိပ်ရေနွေးကြမ်းဆိုလို့ အဟုတ်မှတ်နေတာ....။ သားက လေးနှစ်ကျော်ဆိုပေမယ့် တော်တော်ထွားလာတယ်...။ ဂဏန်းပျော့ဆိုတာဘာအကောင်လဲအစ်ကို...တကယ့်ဂဏန်းကောင်လား တစ်ခြားအကောင်လား...။ ခပ်စိပ်စိပ်လေးနော်ဗျို့..။

    ReplyDelete
  21. သရဲအကြောင်းလည်း ကြုံကြုံမကြုံကြုံအောင် ပြောပြဘာ..။

    ReplyDelete
  22. ရန်ကုန်ရောက်ရင် မနက်အစောကြီးနိုးနေတတ်တယ်။
    နေခွင့်ရတဲ့အချိန်တွေ အိပ်နေလို့ ကုန်သွားမှာ စိုးလို့ ပါ။
    မုန့် ဟင်းခါး... ကျမရဲ့ ပထမဆုံး မနက်စာပါပဲ။
    သားလေးဆိုက်ကားဆီးရတာပျော်နေမှာ။ အဖိုးအဖွား
    တွေကတော့ အခုဆိုလွမ်းကျန်နေေ၇ာ့မယ်။

    ReplyDelete
  23. အမေချက်ထားတဲ့ဟင်းတွေကြည့်ပြီး ဗိုက်ဆာသွားပြီ။

    ReplyDelete
  24. အရေးအသားနူးနူးညံ့ညံ့လေးတွေနဲ့ ပုံလှလှလေးတွေနဲ့ တွဲဖက်ကြည့်ရတာ စိတ်ချမ်းသာလိုက်တာ...။

    ReplyDelete
  25. Happy and counting my time though i'm busy.My son also liked to ride tricycle and once he said leave your car there and take me home with it:)I remember your horseshoe leave salad.After checking 3rd time ....ok waiting setyan.
    GD

    ReplyDelete
  26. မြန်မာပြည်လွမ်းလိုက်တာအကိုရေ
    အလွမ်းပြေတင်ပေးတာကျေးဇူးတင်ပါတယ်..

    ReplyDelete
  27. ညီလင်းရေ.. ခုတလော ရန်ကုန်က ပြန်လာတဲ့သူတွေ ပြောသမျှ ရန်ကုန်မှာ သိပ်ပိုက်ဆံသုံးကြတယ်တဲ့ .. အမေရိကကလူတွေ ငိုတောင်ငိုလောက်တယ်ဆိုတာ..။ အဟုတ်ပေါ့..။ တို့တွေများ ပင်ပန်းဆင်းရဲပါ့ :(

    ReplyDelete
  28. ဘိုရုပ်လေးနဲ့ ကလေးလေးနဲ့ ဆိုဒ်ကားလေးကို တွဲပြီးမြင်တော့ သဘောကျမိတယ်.. အစ်ကိုရေ.. အတော့်ကိုပျော်ရွှင်ခဲ့ရတဲ့ ခရီးလေးဖြစ်မှာပဲ...

    ခင်မင်လျက်
    နေ၀သန်

    ReplyDelete
  29. ဓာတ်ပုံတွေ တကယ်လှတယ် ကိုညီရေ..မြန်မာပြည်ကို လွမ်းသွားပြီ..စလုံးမှာ ဟိုဖက်တိုက်ကနေ ဒီဖက်တိုက်ကို အိမ်ပြောင်းတဲ့ သူငယ်ချင်း တက္ကစီငှားမရလို့  ဆိုက်ကားကို တဖူးတယ်..

    ReplyDelete
  30. ကိုအောင်(ပျူနိုင်ငံ)March 22, 2012 at 9:37 AM

    ဖတ်ရင်းနဲ့ ပြန်ချင်စိတ်တောင် ပေါက်နေပြီ ...း)

    ReplyDelete
  31. I like the photo that Alexy riding trishaw.It has full of Burmese fragrance,yechansin under the tree,the smile and attention of trishaw rider,lovely unblack lane with trees and plants and the curiousity of walk by woman.I'm sure that unseen grandpa's face has full of pleasure:)
    GD

    ReplyDelete
  32. ဟော့ပေါ့အိုးကြီးထက် ပြည်ကြီးငါးနဲ့ ဂဏန်းပျော့က တော်တော်စိတ်ဝင်စားဖို့ကောင်းတယ်
    ရိုက်တဲ့သူကလည်း လှလှပပ စိတ်ဝင်စားချင်စဖွယ် ရိုက်တတ်တာကိုး
    ပြည်ကြီးငါးသုပ်ဆို ကြည့်ရင်းနဲ့ ပါးစပ်ထဲမှာ သွားရည်တွေ ပြည့်လာတယ်။
    အိမ်အပြန်ခရီးကတော့ စားချင်တာတွေစားရ
    လည်ချင်တာတွေလည်ရနဲ့ တကယ့်ကို ကျေနပ်စရာပါလား ကိုညီလင်းသစ်.
    မြန်မာပြည်မှာ ဆင်းရဲမွဲတေနေသူတွေ များပေမဲ့ သုံးနိုင်ဖြုန်းနိုင်သူတွေလည်း ရှိနေကြတယ်နော်။
    လူတိုင်းအဲလို သုံးနိုင်လာရင်တော့ သိပ်ကောင်းမှာဘဲ

    ReplyDelete
  33. အကိုရေ...ကွန်ပြူတာပြဿနာ၊လိုင်းပြဿနာတွေ
    ကြောင့် ဒီနေ့မှ ၂ပို့စ်ပေါင်းဖတ်ရတယ်...။
    အပိုင်း၁ပို့စ်မှာ ကွမ်းနံရတယ်ဆိုတာလေးဖတ်ရတော့
    သဘောကျပြုံးမိတယ်...။စလုံးကပန်နစူလာကိုအကို
    မရောက်ဖူးလို့သာ...စဝင်လိုက်တာနဲ့ ကွမ်းနံလေး
    တစ်သင်းသင်းနဲ့...သိပ်ချစ်ဖို့ကောင်းတာဗျ....:)။
    ဘာပဲပြောပြော အကို့ကို ကွမ်းနံလေးနဲ့ မြန်မာပြည်
    ကြီးက ကြိုဆိုလိုက်သပေါ့လေ.....:)))။

    အပိုင်း၂ပို့စ်မှာတော့ ဆိုက်ကားနဲ့သားသား ပုံကို
    သဘောသိပ်ကျတယ်....။သားသားက ကြီးလေ
    ချောလေပါလားဗျ...။အကိုနဲ့တူပုံမရဘူး...:D။
    အေးဗျာ....အသ်နောက်ကျတာကတစ်ကြောင်း၊
    ပြန်တုန်းအခိုက် ကိုယ့်အလုပ်နဲ့ကိုယ်ကိုယ့်အပေါင်း
    အသင်း၊မိသားစုတွေနဲ့ကိုယ် အလုပ်တွေရှုပ်နေကြ
    လို့ မတွေ့လိုက်ရတာနာတယ်ဗျာ...။နို့မို့ အကိုနဲ့
    ကျွန်တော် ကျားတံဆိပ်ရေနွေးကြမ်းလေးဘာလေး
    အတူတူသောက်ပြီး စကားပြောဖြစ်မှာရယ်...:))))

    ReplyDelete
  34. This comment has been removed by the author.

    ReplyDelete
  35. သွားရည်ကိုယိုသွားတာပဲ ကိုညီလင်းသစ် မနက်စာသွားစားမှ ဖြစ်တော့မယ်။ မြန်မာပြည်မှာ ဘယ်လောက်သွားကြာခဲ့လဲ။

    ReplyDelete
  36. အစ်ကို့ ရဲ့ မြန်မာပြည် အပြန်ခရီးလေးက ကြည်နူးဖွယ်ပါဘဲ... ဆက်ရန်ကို မျှော်နေပါ့မယ် အစ်ကို...

    ReplyDelete
  37. ကိုညီလင်းသစ်ရေ
    လွမ်းဆွတ်ဖွယ်ရနံ့တွေနဲ့ ပိုစ့်လေးပါဗျာ။ ပြန်ချင်စိတ်ပေါက်လာပြီ။ (သားသားက ချစ်စရာကောင်းတယ်ဗျာ။)
    (လီယို)

    ReplyDelete
  38. အိမ်အပြန်ခရီးက ခမ်းနားစွာနဲ့ လှပနေတာပါပဲ ကောင်းတယ်ဗျ ။ သားသား ဆိုက်ကားစီးတာလေးတွေ့ပြီး ကျနော်လည်းစီးချင်စိတ်ဖြစ်မိပါရဲ့း)

    ReplyDelete
  39. ၀ိတ်မတက်လာဘူးလားအကိုရေး))

    ReplyDelete
  40. ပထမဆုံး ပြန်ကြိုနေမယ့် ရန်ကုန်မနက်ခင်းကို ခံစားလို့ရတယ်။ ဂဏာန်းပျော့ဟင်းလည်း စားချင်ပါရဲ့။ တခုထဲသာရွေးဆိုရင်တော့ အမေ့လက်ရာကိုပဲ ပိုမက်မောတယ်ဗျာ။
    အပိုင်း ၃ကို ဆက်ပြီး ခံစားလိုက်ပါအုံးမယ်။

    ReplyDelete
  41. သားသားကို ချစ်လိုက်တာ...
    ဆိုက်ကားစိးပြိးဘယ်လောက်တောင် ပျော်နေမလဲ တွေးမိတယ်..။ ပုံတွေကလည်း ထုံးစံအတိုင်း ကောင်းမှကောင်း။
    ရွှေကောင်းဆိုင်နာမည်ကတော့ အမှန်ပဲ..ရယ်ချင်စရာ..။
    စာအကြွေးတွေ လိုက်ရှင်းနေတာ ကိုညီလင်းသစ်ရေ...
    အခုလို နောက်ကျမှဖတ်တော့လည်း ဆက်ရန်တွေ စောင့်စရာမလိုတော့ဘူး .. ဆက်တိုက်ဖတ်သွားရုံပဲ...
    ကဲ..အပိုင်း(၃)သို့ ဆက်လိုက်ပါဦးမည်...။

    ReplyDelete