27 March 2012

အာရုံများ ပျံသန်းရာ နိုင်ငံကလေးသို့ (၃)


ကျနော်တို့ရဲ့ မြန်မာပြည် ခရီးစဉ်က ဒီလိုပါ၊ ရန်ကုန်မှာ တစ်ပတ်နေမယ်၊ ပြီးရင် ပုဂံကို သွားမယ်၊ ပြီးရင် ရန်ကုန်ကိုပဲ ပြန်လာပြီး ပြန်တဲ့အထိ နေမယ်၊ ဒါပါပဲ..၊ မြန်မာပြည်ကို တစ်လနီးပါး သွားပြီးတော့ ရန်ကုန်နဲ့ ပုဂံ နှစ်ခုထဲ လည်ခဲ့ရသလားလို့ နှမြောစိတ်နဲ့ တွေးမယ်ဆိုရင် တွေးလို့ ရပါတယ်၊ ဒါပေမယ့် ဒီခရီးရဲ့ အဓိက ရည်ရွယ် ချက်က မိဘ၊ ဆွေမျိုး၊ သူငယ်ချင်းတွေနဲ့ တွေ့ဖို့က အဓိကဖြစ်လို့ ဒီလိုပဲ စီစဉ်လိုက်တာပါ၊ မဟုတ်ရင် ကျနော်တို့ပါ တိုးရစ်စ်လုပ်ပြီး တပြည်လုံး ပတ်နေရင် နေသွားတာတော့ တစ်လနီးပါး ရှိပါရဲ့၊ ဘယ်သူနဲ့မှ ဟုတ်တိပတ်တိ တွေ့လိုက်ရမှာ မဟုတ်ဘူး၊ ပြီးတော့ ကျနော်တို့ သူငယ်ချင်းတွေ အများစုက ခရီးသွားလုပ်ငန်းထဲမှာ လုပ်ကြသူ၊ ဧည့်လမ်းညွှန် စတာတွေ များပါတယ်၊ ဒီအချိန် သူတို့အားလုံးက ဧည့်သည်ကျလို့ တစ်ပတ်ပြီး တစ်ပတ် ခရီးသွားနေတာကို ကိုယ်က ရန်ကုန်ကနေ ထိုင်စောင့်မှ အားလုံးနဲ့ တွေ့ဖို့ ဖြစ်နိုင်မှာပါ၊ နောက်ဆုံး တစ်ချက်ကတော့ ရေအင်မတန် ကြိုက်တဲ့ သားအတွက်ပါပဲ၊ သူ့ရဲ့ ပထမဦးဆုံး မြန်မာပြည် ခရီးစဉ်ဟာ သူဘာမှ မသိတဲ့၊ မခံစားတတ်တဲ့ အရာတွေ ကြားမှာပဲ ကုန်ဆုံးတာထက် သူ နှစ်သက်ရာ ရေကူးကန်လေးနဲ့ တွဲပြီး ဟန်ချက် ညီစေသင့်တယ် မဟုတ်လား...၊


ဒီလိုနဲ့ပဲ မနက်တိုင်း နီးပါး၊ တခါတလေ ညနေပိုင်းတွေပါ ရေကူး ဖြစ်တယ်၊ အင်းယားလိတ်ကို ရွေးတဲ့ အချက်တစ်ခုကလည်း ရေကူးကန် ကြောင့်ပါပဲ၊ ကျနော် သိသလောက် လောလောဆယ် ရန်ကုန်မှာ ကလေးရေကူးကန် ကျယ်ကျယ်ဝန်းဝန်း ရှိတဲ့ ဟိုတယ်က အင်းယားလိတ် တစ်ခုပဲ ရှိပါတယ်၊


အဲဒီမှာ မနက်တိုင်း ရေကူး လာ,လာသင်တဲ့ ကလေးတွေနဲ့ သားနဲ့ အဖော်ရ သွားတယ်၊ ကလေးချင်း ဆိုတော့ ချက်ချင်း ရင်းနှီးသွား ကြတယ်၊ စကားတွေ အများကြီး ပြောစရာ မလိုဘဲ တစ်ယောက်က ဘယ်လို ကစားချင်လဲ ဆိုတာ နောက်တစ်ယောက်က ခဏချင်းမှာ သဘော ပေါက်တယ်၊ အခုလို ကလေးချင်း ကစားတဲ့အခါ သားအတွက် မြန်မာ ဝေါဟာရ အသစ်တွေ ပိုတိုးပြီး မြန်မာလိုလည်း ပိုပြောလာတယ်၊ ဒီခရီးကနေ ကျနော် အလိုချင်ဆုံး အကျိုးအမြတ် ကလည်း အဲဒါပါပဲ..၊


ရွှေဂုံတိုင် မီးပွိုင့်...၊ ဒီမီးပွိုင့်ကို ဖြတ်တိုင်း အနည်းဆုံး ၂ ခါ ရပ်ရတယ်၊ ဘယ်အချိန် သွားသွား ယာဉ်ကြောက အမြဲပဲ ကြပ်နေလေ့ ရှိပါတယ်၊ ရန်ကုန်မှာက အခု ကားတွေ အရမ်းများလာတော့ ယာဉ်ကြောတွေက တမြို့လုံးလိုလို ကြပ်ပြီး ခပ်နှေးနှေးပဲ မောင်းနေကြ ရတယ်၊ အဆိုးဆုံး လမ်းဆုံ ၄ ခုဖြစ်တဲ့ ရွှေဂုံတိုင်၊ လှည်းတန်း၊ တာမွေနဲ့ ဘုရင့်နောင် တို့မှာ ဂုံးကျော်တံတား ထိုးဖို့ လုပ်နေပါပြီ၊ ကျနော်တို့ ရှိနေစဉ်မှာ ကိုပဲ ပန္နက်တွေ စ,ရိုက် နေတာ တွေ့ခဲ့ရတယ်၊


'ခိုင်ခိုင်ကျော်' ရဲ့ အခင်းအကျင်း...၊ ဘယ်ဆိုင်တွေမှာ သွားစားချင်လဲလို့ သူငယ်ချင်း တစ်ယောက်က မေးတော့ ကိုတီဇက်အေ ဘလော့ဂ်မှာ မြင်ခဲ့ဖူးတဲ့ ဒီနာမည်လေးက ခေါင်းထဲ ရောက်လာခဲ့တယ်၊ ဒါနဲ့ တက္ကသိုလ် ရိပ်သာလမ်းက ဆိုင်ကိုပဲ သွားဖြစ်ပါတယ်၊ ဟင်းအမယ် အတော်စုံတယ်၊ ဝန်ထမ်းအင်အား များလို့ ဝန်ဆောင်မှု မြန်တယ်၊ စားသုံးသူတွေလည်း အများကြီး ပါပဲ၊ မသိရင် အလှူများ ပေးနေသလားလို့ အောက်မေ့ရတယ်၊ ဒါပေမယ့် ဆိုင်နေရာ အထိုက်အလျောက် ကျယ်လို့ စားပွဲတွေ တော်တော်များများ ရှိတယ်၊ စားလို့ ကောင်းတယ်..၊


နှုတ်ခမ်းမွှေးနဲ့ ခန့်ခန့်ကြီး ကူးတတ်တဲ့ အဲဒီကောင်ကို မစားရတာ ကြာပြီ...၊


တလားဗီးယား (ထင်တာပဲ..)၊ ငါးစားရင် ဥာဏ်ကောင်းတယ် ဆိုပေမယ့် ဥာဏ်ကောင်းဖို့ စားခဲ့တဲ့ ငါးနာမည်ကို မမှတ်မိဘူး၊ ကဲ... ဖြစ်ပုံများ...၊း)


တဂ်ပို့စ်တွေမှာ အစားချင်ဆုံး ဟင်းတစ်ခွက်ဆိုပြီး ဘလော့ဂါတွေ တော်တော်များများက သူ့ကို သတိတရရှိ ကြတယ်၊ ဒါပေမယ့် သူ့ကို တမ်းတသူတွေ များပေမယ့်လို့.. ကျနော်နဲ့ မျက်နှာချင်းဆိုင် တွေ့တဲ့အခါ မာနကြီးပုံ မရပါဘူး၊ အခုလို ပိပိပြားပြားနဲ့ ငြိမ်ငြိမ်ဆိမ်ဆိမ် ပါပဲ၊ သြော်.. ချဉ်ပေါင်၊ ချဉ်ပေါင်...၊


သူ့ကိုလည်း ချန်ထားခဲ့လို့ ဘယ်ဖြစ်မလဲ၊ မြန်မာ ထမင်းဆိုင်တွေရဲ့ စရိုက်လက္ခဏာ တစ်ခုပဲဟာ..၊

ဆိုင်ထဲမှာ ရေအင်တုံရယ်၊ ကျောက်ပြင်ရယ်၊ သနပ်ခါးတုံးရယ် ချိတ်ဆွဲ ပြထားတယ်၊ နိုင်ငံခြားသား တွေလည်း အမြဲလိုလို လာစားကြတော့ မြန်မာ့သနပ်ခါးကို မိတ်ဆက်ပေးတဲ့ စိတ်ကူးကောင်း ပါပဲ၊ ဝန်ထမ်းလေးတွေ အားလုံးလိုလို ကလည်း သနပ်ခါးလေးတွေ ကိုယ်စီနဲ့..၊ သားက အဲဒါကို စိတ်ဝင်စား သွားတယ်၊ အမှန်တော့ ကျောက်ပြင်နဲ့ သနပ်ခါးတုံးကို သူသိပါတယ်၊ အိမ်မှာ သူ့အတွက် ကျနော်ဝယ်ထားပေး ပေမယ့် တခါမှ မလိမ်းဖြစ် သေးဘူး၊ အခု ဒီမှာ အားလုံးက သနပ်ခါးနဲ့ ဆိုတော့ သူလည်း လိမ်းချင်တယ် ဖြစ်သွားရော...၊


ဝန်ထမ်းညီလေးက ဝမ်းသာအားရနဲ့ သွေးပေးပါတယ်၊ ပြီးတော့ ရော့..လိမ်း ဆိုတော့ သားက မလိမ်းတတ်တာနဲ့ ကျနော်ကပဲ အဲဒီ ညီလေးကို နည်းနည်းလောက် လိမ်းပေးဖို့ အကူအညီ တောင်းလိုက်ရတယ်၊


သနပ်ခါး မခြောက်တခြောက်မှာ သူ့မျက်နှာ နည်းနည်းတင်းလာလို့ မနေတတ်ဘူး ဖြစ်နေတာ..၊ ဒါပေမယ့် ခဏလည်း ကြာရော ပူပြင်းတဲ့ ရန်ကုန်နေ အောက်မှာ သူ့မျက်နှာက အေးနေတာကို သူ့ဟာသူ သဘောကျလို့ မဆုံးဘူး ဖြစ်နေခဲ့တယ်..၊


ရန်ကုန်ရောက်ပြီး ၅ ရက်လောက်နေမှ မြို့ထဲဖက်ကို ရောက်ဖြစ်တော့တယ်၊ မြို့ထဲကို ပထမဦးဆုံး ဆူးလေဘုရားလမ်း တလျှောက် ဝင်လာတဲ့ အချိန်မှာ ရင်ဘတ်ထဲ အမျိုးအမည် ခွဲခြားရ ခက်တဲ့ ခံစားမှုလေးတခု ဖြတ်ပြေးသွားတယ်၊ တကယ့်ကို သိမ်သိမ်မွေ့မွေ့လေး...၊


ရန်ကုန် ရောက်နေတာတော့ လွန်ခဲ့တဲ့ ၅ ရက်လောက် ကတည်းကပဲ၊ ဒါပေမယ့် အခုမှ သူ့ရဲ့ နှလုံးသား ဗဟိုတည့်တည့်ကို ရောက်လာခဲ့တာ..၊ ဘယ်လိုပြောရမလဲ၊ ကိုယ်နဲ့ ကျောင်းမှာ နှစ်စ ကတည်းက တခန်းတည်း အတူတူတက်တဲ့ ကောင်မလေး တစ်ယောက်ကို မြင်နေ၊ သိနေ ပေမယ့် တကယ်တမ်း ချစ်သူ ဖြစ်တော့မှ သူ့အနားမှာ ပထမဦးဆုံး ကပ်ထိုင်တဲ့အခါ ရလိုက်တဲ့ ရင်ခုန်မှု မျိုးပေါ့..၊ ချစ်သောရန်ကုန်.. မင်းဘေးမှာ ကိုယ် ရောက်နေခဲ့ပြီ..၊


တစ်ရက်မှာတော့ အင်းယားလမ်းထဲက Happy မှာ သွားစားဖြစ်တယ်၊ ဒါကိုတော့ ကျနော် အရင်က မကြားဖူးဘူး၊ သူငယ်ချင်း တစ်ယောက် ခေါ်သွားတာနဲ့ ရောက်သွားတာ..၊ ခေမရဌ်ရဲ့ အနောက်မှာ ရှိပါတယ်၊ ရှမ်းစာ၊ ကချင်စာ စတဲ့ ရိုးရာစာတွေ အဓိက ရောင်းတယ်၊ ဆိုင်းဘုတ်မှာ ရေးထားသလိုပဲ၊ ခေါက်ဆွဲနဲ့ ပတ်သက်တာတွေ အများကြီး ရပါတယ်၊


ဒါက ဂဏန်းပျော့ကြော်.. (လာပြန်ပြီ ဒီဂဏန်းပျော့)၊ ဟုတ်တယ်ဗျာ၊ ဂဏန်းပျော့က ဆိုင်တိုင်း လိုလိုမှာ ခလုတ်တိုက်တယ်၊ ဂဏန်းပျော့ စားတာများလို့ အပြန် လေယာဉ်ပေါ် အိမ်သာ ထ,အသွားမှာ ဘေးတိုက် လျှောက်နေမိတယ်၊ ပထမ ကိုယ့်ဟာကိုယ် လန့်သွားတယ်၊ သေချာပြီ၊ ဒါ ဂဏန်းစားလို့ ဘေးတိုက် လျှောက်နေမိပြီပေါ့၊ နောက်မှ စိတ်နဲ့ကိုယ် အသာလေး ပြန်ကပ်ပြီး သတိထား ကြည့်မှ ဘယ်ဟုတ်မလဲ၊ လေယာဉ်မယ်တွေ တစ်ယောက်ပြီး တစ်ယောက် ဖြတ်နေလို့ သူတို့နဲ့ မတိုက်မိအောင် ကိုယ်ကို တစောင်းလှည့်ပြီး လျှောက်နေရတာ..၊ ဟူး.. လူကို ထူပူသွား တာပဲ..၊း)


ဒါက ရှမ်းခေါက်ဆွဲ (လို့ ထင်တာပဲ)၊ သိပ်တော့ မမှတ်မိ တော့ဘူး၊ ခေါက်ဆွဲ အထူးပြုဆိုင် မှာစားလို့ ခေါက်ဆွဲ ဆိုတာတော့ သေချာတယ်၊


အင်း..ဒါလည်း မေ့တေ့တေ့ပဲ၊ ကြာဇံနဲ့ ဝက်သားနဲ့ ဘာဆိုလား...၊ ကျနော့်မလဲ မမှတ်မိတာတွေ၊ ထင်တာပဲတွေ၊ မေ့တေ့တေ့တွေ များနေတယ်၊ ဒါတောင် ငါးတွေ စားထားသေးတာ နော်..၊း)


အဲ.. ဒါတော့ မှတ်မိတယ်၊ ယိုးဒယား ငါးပိ ထမင်းကြော်..၊ ရက်စ်..၊ ကြိုက်လို့ ၂ ခါ ထပ်စားတယ်၊ ပြီးတော့ အက်စ်ပရက်ဆို ဒပ်ဘယ်လ် ရှော့ သောက်ပလိုက်တယ်၊ မြန်မာပြည်မှာ ယိုးဒယား ထမင်းကြော် စားပြီး အီတာလျံ ကော်ဖီသောက်တယ်၊ ဒါမှ ဂလိုဘယ်လိုက် မဇေးရှင်း သေးဘူး ဆိုရင် ဘယ်ဟာကများ ရှင်းဦးမှာလဲ... ကဲ..၊


အာရ်စီတူး နားကနေ ဖြတ်တော့ ဘာရယ်မဟုတ် လွမ်းသွားပြန်ရော..၊ ဒါတောင် ကျနော်က တစ်နှစ်ပဲ တက်ခဲ့တာပါ၊ အသွင်အပြင်တွေ ပြောင်းသွားပေမယ့် တက္ကသိုလ်ရဲ့ အငွေ့အသက် တွေက နှစ်တွေ အကြာကြီးကို စွဲနေဦးမယ် ထင်ပါရဲ့...၊


ပြောကြစတမ်း ဆိုရင် သူက ငယ်ချစ်ဦးပါ၊ အခု စန်းပွင့်နေတဲ့ 'ကျား' တို့၊ 'ကရဝိတ်' တို့ ဘယ်သူမှ မရှိသေးခင်မှာ ရင်ကိုအေးမြ စေခဲ့သူ...၊ အလှမ်းမဝေးတဲ့ မန္တလေး...၊ ငယ်သံယောဇဉ် ကြောင့်မို့ ကျနော် သူနဲ့ပြန်ဆုံ ပါတယ်၊ ဒါပေမယ့် သူ ပြောင်း - လဲ - သွား - ခဲ့ - ပြီ..၊


"နေဝင်ချိန်တွေကို ငါတစ်ယောက်တည်း မက်မက်စက်စက် ထိုင်ကြည့်ခဲ့တယ်..."

ဘာရယ် မဟုတ်ပါဘူး၊ ဒီဓါတ်ပုံကို ခေါင်းစဉ် ပေးချင်လာလို့...၊း) တကယ်တော့ ဒီနေဝင်ချိန် ဓါတ်ပုံက ဘာမှ မဟုတ်သေး ပါဘူး၊ ရှေ့လာမယ့် ပို့စ်မှာ နေဝင်ချိန်တွေ၊ နေထွက်ချိန်တွေ အရမ်းလှတဲ့ နေရာတစ်ခုကို သွားကြရအောင်..၊ ဟုတ်ပါတယ်..၊ ပုဂံပါ..၊ ရှေ့လာမယ့် ပို့စ်မှာ ကျနော်နဲ့အတူ ပုဂံကို လိုက်ခဲ့ဖို့ ဖိတ်ခေါ်ပါတယ်...။ ။

(ဆက်ပါဦးမယ်..)


ညီလင်းသစ်
၂၇ မတ်၊ ၂၀၁၂

47 comments:

  1. အိုးပုံတွေအများကြီးပဲ ကိုညီ
    အင်း အလှမ်းမဝေးတဲ့ရန်ကုန် ပြန်ရောက်တဲ့အခါချစ်သူလေးဘေးနားမှာထိုင်နေသလို ရင်တွေဘာတွေခုန်လို့...
    မန္တလေးက အရသာပြောင်းသွားတာကြာပြီပဲ.လွမ်းပါတယ်လေ
    ပုဂံကိုမျှော်လျှက်

    ညီ

    ReplyDelete
  2. အရေးအသား နဲ့ တင်ဆက်ပုံ ကို ကြိုက်တယ်ဗျာ
    တရုတ်ကားတွေလို အပိုင်းများများခွဲတင်ပေးပါ :)

    လေးစားလျှက်
    တောသား

    ReplyDelete
  3. Ton fils, it est très beau!! Merci pour les superbes photos :-)

    ReplyDelete
  4. ကိုညီလင်းသစ်ရေ
    စားချင်တာတွေစားခဲ့ရ၊ သောက်ချင်တာတွေ သောက်ခဲ့ရတော့ ဘယ်လိုလဲ ၀ိတ်ရော တက်မလာဘူးလား
    ကျွန်မဆို ပြန်ခါနီး ၀ိတ်နဲနဲ ချသွားရတယ်။ အဲဒါမှ ဟိုကျ အသေစားတာနဲ့ အတော်ပဲ ဟဟဟားးးး
    ပုဂံကို မျှော်နေပါတယ်။ ပုံတွေ အရမ်းကောင်းမှာပဲ ဆိုတာ သိနေလို့ အတော်ကို ကြည့်ချင်နေမိတယ်း))

    ReplyDelete
  5. Agree with Anonymus from above. Waiting for 4.
    WD

    ReplyDelete
  6. so lovely Thar lay's photo
    :)
    waiting for new posts

    ReplyDelete
  7.့ုပုဂံမျှော်လျှက်ပါရှင်..
    မရောက်ဖူးတော့ သွားချင်မိပါတယ်..
    အခုလိုဓာတ်ပုံလေးတွေပါတင်ပေးတော့
    အလွမ်းပြေတာပေါ့ကိုညီလင်းရှင့်

    ReplyDelete
  8. စာရေးကောင်းပြီး ပုံတွေကလှတော့ တကယ့်ကို လွမ်းသွားတယ်ဗျာ။ သနပ်ခါးနဲ့ သားသားရဲ့ပုံလေးကို တအားသဘောကျသွားတယ်။
    လီယို

    ReplyDelete
  9. very nice photos..
    waiting your continue post..
    thanks for share..

    ReplyDelete
  10. မောင်မျိုးMarch 27, 2012 at 5:06 AM

    သနပ်ခါးနဲ့သားသား က တော့ချစ်စရာကောင်းပါ့

    သနပ်းခါးနဲ့ သူ့ဖေဖေ ကိုတော့ ဘယ်တော့များမှ မြင်ရမှာပါလိမ့် အော် အရိပ် အရိပ်း)

    ReplyDelete
  11. Reader ထဲကနေ ဖတ်နေရာက ကောမန့်ပေးချင်လို့ ဘလော့ကိုရောက်လာတယ်။
    စာအရေးသား အရမ်းကောင်း၊ ဒါ့ပုံတွေ လှ......



    sinsin

    ReplyDelete
  12. ခိုင်ခိုင်ကျော်နဲ့ မရောက်ဖူးသေးဘူး။
    ဟက်ပီးတော့ စစ်တီးမတ်မှာဖွင့်ထားတဲ့ဆိုင် ရောက်ဖူးတယ် အင်းလျားလမ်းကဆိုင် မရောက်ဖူးဘူး။
    ဂဏန်းပျော့ မစားဖူးသေးဘူး။
    ဂဏန်းပျော့ဆိုတာ အခွံလဲထားကာစ ဂဏန်းလေးတွေ အခွံ မမာလာခင်အချိန်မှာ ချက်စားတာဆို ဟုတ်လား။
    တခါမှ မတွေ့ဖူးသေးလို့ပါ။

    သားလေးတော့ ဘာမဆို အသစ်အဆန်းဖြစ်ပြီး ပျော်နေမှာပဲနော်...
    ပုဂံလိုက်လည်ဖို့ စောင့်နေပါတယ် :D

    ReplyDelete
  13. အဲငါးကငါးနုသန်းကြော် အကိုရ
    သားသနပ်ခါးခြောက်သွားတဲ့ပုံကိုကြည့်ချင်တာ .
    မြန်မာစာတွေအားပါးတရတင်ထားတဲ့အကို့ပိုစ့်ကိုဖတ်ပြီး ကျနော်လဲ ကြိမ်းထားတယ် ၄ ရက်နေ့နောက်ပိုင်းပေါ့ ဟဲ ဟဲ ..

    ခင်မင်လျှက်
    ဂျာရစ်

    ReplyDelete
  14. ကျေးဇူး..ကျေးဇူး...
    မျှော်ရကြိုးနပ်အောင်ရသတွေပေးလို့ လေ..
    ဗိုက်တွေလည်းဆာသွား..
    ရန်ကုန်ကိုလည်းလွမ်းသွား..
    မိသားစုခရီးစဉ်လေးကိုလည်းအားကျသွား..
    ချစ်စရာသားသားလေးကိုလည်းပိုချစ်သွား..
    အိုင်အိုရာ

    ReplyDelete
  15. ကိုးရီးယားကားတွေလို အခန်းဆက်များများသာတင်ပေးပါ
    သားလေးကလဲချစ်ဖို့ကောင်းနေပြန်ရောနော်
    မြန်မာထမင်းဟင်းတွေကိုပဲ သတိတွေရပြီးရင်းရတော့တာပဲ
    တို့စရာတွေကြည့်ပြီးသွားရေကျမိတယ်

    ReplyDelete
  16. သားလေးအပေါ်ထားတဲ့ စေတနာမေတ္တာကိုတော့ တကယ်ကို လေးစားမိပါတယ်။
    ဓာတ်ပုံတွေ လှလွန်းလို့ အစားအသောက်တွေများဆို ရှေ့မှာ တကယ်ရောက်နေတယ်လို့တောင် ထင်ရတယ်။
    စားချင်စိတ်ကို တဖွားဖွားဖြစ်စေတယ်။
    သနပ်ခါးလိမ်းချင်တဲ့ ကလေးလေးကို သဘောကျလိုက်တာ။
    ချစ်ဖို့ သိပ်ကောင်းတာဘဲ
    ကိုညီလင်းရေ ကျွန်မလည်း နေဝင်ချိန်တွေကို ဓာတ်ပုံရိုက်ရတာ သဘောကျတယ်။
    နောက်ပိုစ့်မှာတော့ ပုံကောင်းကောင်းတွေ တွေ့ရတော့မယ်ဆိုတာ သိပ်သေချာပါတယ်။ ပုဂံရဲ့ နေဝင်ချိန်ဆိုတာ ကမ္ဘာပေါ်မှာ အလှဆုံး မြင်ကွင်းထဲမှာ ပါတယ် မဟုတ်လားနော်။

    ReplyDelete
  17. awwwwn, i can't wait to read the next post !

    ReplyDelete
  18. စောင့်မျှော်လျှက်ပါ ကိုညီလင်းသစ် ရေ

    သားသားက သနပ်ခါးလေး နဲ့ ပုံ လေးဆိုလဲ လှမှာဘဲ နောက်တခေါက် လာရင် လူပျိုကြီး ဖြစ်နေတော့မယ် တနှစ်တခေါက် တော့ ပြန်လာပါလား သားသား မြန်မာပြည် နဲ့ မစိမ်းအောင်

    ခင်မင်တဲ့
    ရွှေစင်ဦး

    ReplyDelete
  19. မရွှေစင်ဦးပြောတာ ထောက်ခံပါတယ် သားသားကို မြန်မာပြည်နဲ့ မစိမ်းအောင် ပြန်သင့်တယ် အဆင်ပြေရင်ပေါ့ဗျာ.. မိခင်ဘာသာစကား ၂မျိုးလုံး ကျွမ်းကျင်တော့ သားလေးအတွက်ပိုကောင်းတာပေါ့

    တောသား

    ReplyDelete
  20. သနပ်ခါးခြောက်ခါစမှာ မဲ့တဲ့တဲ့လေးဖြစ်နေတဲ့ပုံမြင်ရ
    တော့ သဘောကျလွန်းလို့ အသံထွက်ပြီးရီမိတယ်..။
    မန်းလေးကတော့ တကယ့်ငယ်ချစ်ပဲဗျနော်...၊ခုတော့
    သူပြောင်းလဲသွားပြီ....ဟုတ်တယ်အကို....ပြောင်း
    လဲသွားခဲ့တယ်....:(

    ReplyDelete
  21. စာအရေးအသားရော၊ ဓာတ်ပုံတွေရော၊ စာရေးသူရဲ.ထင်မြင်ချက်ပေးထားတာတွေရော၊ သားလေးပုံရော ....ဒီပို.စ်ကိုအလွန်အားရပါတယ်။စားစရာပုံတွေတွေ.ရတော.၊ ထုံးစံအတိုင်း ချဉ်ပေါင်ကြော်ကို သေချာကိုစိုက်ကြည်မိတယ်။မစားရအတော်ကြာလှရှိနေပေါ.။ အော် ..ဒုတ်ခ ဒုတ်ခ..
    ဓာတ်ပုံတွေကလဲ ရှယ်ဘဲ။

    ရန်ကုန်မှာ တော်တော်ပူနေတယ်ပြောကြတယ်၊ ကိုညီလင်းသစ်ရဲ.အမျိုးသမီးရော အပူဒဏ်ခံနိုင်ခဲ.ရဲ.လား၊ သားလေးနဲ.အမျိုးသမီး တော်တော်အပူခံခဲ.ရမယ်ထင်တယ်။
    နောက်ပို.စ်ကိုမျှော်နေပါ.မယ်ဗျို.။

    ReplyDelete
  22. ဆိုင်နာမည်တွေမှတ်သွားတယ်... ခလေးလေးပုံလေးတွေက သိပ်ချစ်ဖို့ကောင်းတာဘဲ... ချဉ်ပေါင်ကြော်...ပုဇွန်ထုတ်ဟင်း... ဂဏန်းပျော့ကြော်... လွမ်းစရာတွေအများသား

    ReplyDelete
  23. ပုံတွေကလည်းကောင်း အရေးအသားကလည်းကောင်း.. အားကျစွာနဲ့ ဖတ်သွားပါတယ်ဗျား :D

    ReplyDelete
  24. စားစရာတွေအထူးစိတ်ဝင်စားသွားပါတယ်။

    ReplyDelete
  25. သနပ်ခါးလိမ်းပြီးလို့ ဖြစ်နေတဲ့သားရဲ့မျက်နှာလေးသဘောကျတယ်...။ အစ်ကိုတစ်ယောက် စားချင်စရာတွေနဲ့တကယ်ကို စက်ရက်တယ်... ပြီးတော့ ဘေးတိုက်ဟာသကို ကြိုက်သွားပြီ..။ ငါးပိထမင်းကြော်လေးစားချင်လိုက်တာဗျာ..။

    ReplyDelete
  26. i would like to know, what kind of camera you use with brand n model number

    ReplyDelete
  27. ညီ ...
    ရန်ကုန်နဲ့ မန္တလေး အကြောင်း ခပ်ညည်းညည်းလေး ဆိုပြီးမှ ပုဂံကို မျှော်လျှက် ဆိုတဲ့ ကော်မန့်လေး သဘောကျတယ်ဗျ..၊း)

    (ကို)တောသား ...
    တရုတ်ကားတွေလို အပိုင်းများများ ခွဲပေးပါ..?
    ဝယ်..ကျန်ကျောင်း၊ ဒီလို ကိစ္စမျိုး ရှိသလား!း)

    grace ...
    Merci à toi aussi pour ce joli commentaire !!!

    အမချစ်ကြည်အေး ...
    ဝိတ်တက်တာတော့ မပြောနဲ့ဗျို့၊ တသက်နဲ့ တကိုယ် တခါမှ ဒီလောက်များများ မတက်ဖူးဘူး၊ ၄ ကီလိုခွဲ တက်သွားတယ်.. ဟူး၊း(

    WD ...
    Yeah, I'll try to post No.4 asap ...!

    Anonymous (1) ...
    Thank you for your comment !

    (မ)ချစ်စံအိမ် ...
    လာလည်တာ ကျေးဇူးပါနော်၊ ပုဂံပို့စ်လည်း ခပ်မြန်မြန် တင်ဖို့ ကြိုးစားပါ့မယ်..၊

    လီယို ...
    ဟုတ်ကဲ့၊ အမြဲလိုလို လာလည်တဲ့ အတွက်လည်း ကျနော်က ကျေးဇူး တင်ပါတယ်ဗျာ..၊

    Anonymous (2) ...
    Thank you for your visit, too !

    ညီငယ်မောင်မျိုး ...
    အာ.. အဲဒါတော့ ဖြစ်မယ် မထင်ဘူးဗျ၊ သူ့အဖေက သနပ်ခါး လိမ်းလေ့ မရှိဘူးလေ၊ ငယ်ငယ်က အဖွား အတင်းလူးပေးလို့သာ လိမ်းခဲ့ရတာ...၊း)

    စင်စင် ...
    ရီဒါမှာ ကြည်စရာတွေနဲ့တင် ရပ်မနေဘဲ ဒီကမ္ဘာကို ရောက်လာပြီး တကူးတက ကော်မန့်ပေးခဲ့လို့ ကျေးဇူး အထူးတင်ပါတယ်ဗျာ..၊း)

    မစူးနွယ် ...
    ဟုတ်တယ်ဗျာ၊ အဲဒီအတိုင်းပါပဲ၊ အဲဒါ သိသွားပြီး နောက်ပိုင်းမှာ ကျနော်လည်း နည်းနည်း 'နင်' သွားတယ်၊ ကျနော်တို့တွေ သိပ်ရက်စက်ရာများ ကျနေမလား? စားချင်စိတ် သိပ်မရှိ တော့ဘူး..၊

    မဒိုးကန် ...
    အေးဗျာ၊ ညီမ ပြောတာပဲ ဟုတ်မှာပါပဲ၊ ကျနော်က ငါးဆို ရွှေငါးလောက်ပဲ ကောင်းကောင်းသိတာ...၊း) ၄ ရက်နေ့ နောက်ပိုင်း ဟိုရောက်ရင်တော့ အတိုးချသာ စားဗျို့၊ ဒါနဲ့ အဲဒီမှာ လုံကန်းသီးတော့ မရှိလောက် ပါဘူးနော်..၊းP

    မအိုင်အိုရာ ...
    မအိုင်အိုရာ တို့လို လူတွေ ဗိုက်ဆာတဲ့အခါ မရှိ ရှိတာ တွေနဲ့ ဟင်းကောင်းတွေ ကြံဖန်ချက်တတ်လို့ ကျနော်တို့တွေလည်း ဗဟုသုတရ၊ ပြီးတော့ ပုံတွေကြည့်ပြီး သွားရည်တွေကျ..၊း)

    တောင်ကြီးက မစံပယ် ...
    ဟုတ်တယ်ဗျ၊ အတို့အမြှုပ်က သူ့ချည်းပဲ ငါးပိရည်နဲ့ စားရင်တောင် နှစ်ပန်းကန်လောက် ကုန်နိုင်တယ်ဗျို့၊း)

    မချော ...
    ဟုတ်တယ်နော်၊ နေဝင်ချိန်တွေ ဓါတ်ပုံ ရိုက်ရတာ မိုက်တယ်၊ ပုဂံနေဝင်ချိန်က တိမ်ကင်းစင်တယ် ဆိုရင် လှတာတော့ တကယ်လှတယ်ဗျာ..၊

    Sandy ...
    Wow.. thanks for your comment which encourages me to post asap ! :)

    အမရွှေစင်ဦး ...
    ဟုတ်ကဲ့ အမ၊ ကျနော်လည်း အတတ်နိုင်ဆုံးတော့ အဲဒီလို လုပ်ဖို့ စဉ်းစားထား ပါတယ်၊ ငယ်စဉ်မှာ အမြစ်တွယ်ဖို့က အရေးကြီးတယ် မဟုတ်လား..၊

    (ကို)တောသား ...
    ဟုတ်ပါတယ်၊ ဒါဟာ သူ့အတွက် နောင်အခါမှာ အကျိုးရှိမယ့် ကိစ္စပဲမို့ ကျနော်လည်း စဉ်းစားထား ပါတယ်..၊

    ကိုညိမ်းနိုင် ...
    အေးဗျာ၊ သူ ပြောင်းလဲသွားတာ အတော်ကြာပါပြီ၊ ကျနော်တို့ အားလုံးလည်း သိကြပါတယ်၊ ဒါပေမယ့် အခုက နည်းနည်းများ ပြန်ကောင်းလာ မလားလို့ မျှော်လင့်ချက်ကလေး ထားမိတာ ပါဗျာ..၊

    အမည်ဝှက်စာဖတ်သူ ...
    သေချာကို အသေးစိတ်ဖတ်ပြီး ပေးခဲ့တဲ့ ကွန်မန့်လေး အတွက် ကျေးဇူး တင်ပါတယ်ဗျာ..၊ ရန်ကုန်မှာ ပူတာတော့ အမှန်ပါပဲ၊ သူတို့လည်း ဒီလိုပဲ ကြိတ်မှိတ်ခံ၊ ဖြစ်တဲ့နည်းနဲ့ ကာကွယ်ပေါ့လေ၊ တခြားလည်း လုပ်စရာမှ မရှိတာပဲကိုး...နော၊း)

    မရိုစ့် ...
    ကျနော်လည်း အဲဒီ ဟင်းပွဲဓါတ်ပုံတွေ ပြန်ကြည့်ရင်း ခပ်လွမ်းလွမ်းနဲ့ တင်လိုက်တာ ပါပဲ..၊း)

    ကိုတီဇက်အေ ...
    လာလည်တာ အတွက်ရော၊ ထူးထူးခြားခြား ထားခဲ့တဲ့ ကွန်မန့်အတွက်ပါ ကျေးဇူးပါဗျို့..၊း)

    မ,ရှင်လေး ...
    ဟုတ်ကဲ့၊ လွတ်လွတ်လပ်လပ်သာ စိတ်ဝင်စားပါ ခင်ဗျာ၊

    ကိုဖြိုး ...
    အဲဒီ ငါးပိထမင်းကြော် ကတော့ တကယ့်ကို မမေ့နိုင် စရာပါပဲဗျာ..၊း(

    Ko thiha ...
    It's a Canon 5D mark II.

    ReplyDelete
  28. ဂဏန်းပျော့ဆိုတာကိုမြင်ရင် အရမ်းသနားတယ်။

    ဂဏန်းပျော့မွေးသူတွေဟာ သူတို့ အရေခွံပြန်မမာခင်မှာ ဆားငန်ရေထဲကနေ ရေချိုထဲကို ပြောင်းထည့်ပြီး အခွံပြန်မမာတော့အောင် လုပ်ကြတယ်လို့ ကြားဖူးတယ်။ ဟုတ်မဟုတ် သေချာမသိပေမဲ့ .. တကယ် သနားဖို့ကောင်းတယ်လို့ တွေးမိတယ်။ ဒီလိုပါပဲ ..လူတွေစားသောက်နေတဲ့ သတ္တ၀ါလေးတွေရဲ့အသက်မှန်သမျှဟာ ..ကိုယ်လိုပဲ အသက်တစ်ချောင်းပါပဲ ...။ အသက်တစ်ချောင်းချင်းအတူတူ အားနည်းတတ်သူကို နိုင်စားတတ်တဲ့ လောကဟာလည်း တကယ်တော့ ကြောက်စရာ .....။

    ဂဏန်းအထီးက အမကို မိတ်လိုက်ချင်ပြီးဆိုရင် အမရဲ့ လက်မ နှစ်ဘက်ကို အတင်း ညှပ်ပြီး ချုပ်ထားရတယ် အမက ဘယ်လိုမှ ရုန်းလို့ မတတ်တော့ သူ့ရဲ့ အခွံကို ချွတ်ပေးလိုက်ရပါတယ်.. အဲလို ချွတ်ပေးလိုက်ရင် ဂဏန်းမ ဟာ အန္တရာယ် အလွန်များပါတယ်.... အဲဒါကြောင့် ဂဏန်းထီးတွေက အမ ရဲ့ အခွံ အသစ် ထွက်မလာ မချင်း အနားမှာ စောင့်ပေးရပါတယ်..
    ဒီအချိန်မှာ တခြား ဂဏန်းတွေက လာပြီး ဒုက္ခပေးမှာ ဆိုးလို့ပါ.. အထီးတွေ အခွံလဲရင်တော့..အမတွေကစောင့်ပေးလေ့မရှိဘဲနဲ့ တခြားအထီးတကောင်နဲ့ပျော်ပါးလေ့ရှိပါတယ်..ဂဏာန်းမတွေကသစ္စာမရှိပါ..ဂဏာန်းပျော့များဟာအများအားဖြင့်အထီးတွေသာဖြစ်ကြပါတယ်..

    ( ဂဏန်းပျော့ စားချင်သူတွေ အတွက်ပါ )

    ဘ၀ဆက်တိုင်းဆက်တိုင်း ဂဏန်းမဖြစ်ရပါစေနဲ့...

    ReplyDelete
  29. မြန်မာစာတွေကို အပြတ်ကို ဆွဲလာခဲ့တယ် ထင်တယ်... အစ်ကို့ သားလေးက တော်တော်လေး ချစ်ဖို့ ကောင်းတယ်... မန္တလေး ဘီယာက အရင်လို သောက်လို့ မကောင်းတော့ဘူး အစ်ကိုရေ... ပုဂံခရီးကို မျှော်နေပါ့မယ်...

    ReplyDelete
  30. you are a good writer , that's why i used to come to ur blog. hope to read another coming post

    ReplyDelete
  31. အစ်ကိုရေ.. တခြားခရီးသွားဆောင်းပါးတွေနဲ့မတူ.. ဆွဲဆောင်နိုင်လွန်းအားကြီးပါတယ်... ဘိုရုပ်လေးနဲ့ သားလေးကို သနပ်ခါးလေးလူးပေးနေတာမြင်တော့ ကြည်နူးစရာ..း)))

    ခင်မင်လျက်
    နေ၀သန်

    ReplyDelete
  32. သနပ်ခါးနဲ့ သားသားက ချစ်စရာကောင်းတယ်... အစ်ကို့ရဲ့ ဓါတ်ပုံတွေ ကြည့်ပြီး အိပ်ပြန်ချင်လိုက်တာ... အထူးသဖြင့် သင်္ကြန်နား နီးတော့ပိုပြန်ချင်တယ်... ရန်ကုန်သင်္ကြန်နဲ့ ဝေးနေတာ ၅နှစ်ရှိပြီလေ... ဓါတ်ပုံတွေ အများကြီးကြည့်ချင်ပါသေးတယ်... ဆက်ရန်ကို မျှော်နေပါတယ်

    ReplyDelete
  33. Wonderful post.I appreciate each and every sentence and photo.The whole post drives me crazy as you know my days.I will go on reading as long as i can.
    with fast heart beats,
    Gyidaw

    ReplyDelete
  34. ခရီးသွားနေလို့ ခုမှပဲလာဖတ်ဖြစ်တယ် ကိုညီလင်းသစ်...သားကလေးရဲ့ သနပ်ခါးနဲ့မျက်နှာကိုကြည့် သနပ်ခါးနံ့မွှေးမွှေးအေးအေးလေးတောင် ရသွားတယ်...။ ဟက်ပီးက ထမင်းက ငါးပိထမင်းကြော်မဟုတ်ဘူးထင်တယ် ငပိရည်ထမင်းသုပ်နဲ့ပိုတူနေလို့...။ ရိုက်ချက်လေးတွေအားလုံး ကြည်လင်ပြတ်သားလွန်းလို့ ပုံတွေကြည့်လို့သိပ်ကောင်းတယ်...။ ရန်ကုန်မြို့ရဲ့နှလုံးသားကို ခိုင်းနှိုင်းရေးထားတာလေး သိပ်ကြိုက်တယ်...။

    ReplyDelete
  35. ကိုညီလင်းသစ်ရဲ့ပို့စ်လေးဖတ်ရတာ မြန်မာပြည်ကို ကိုယ်တိုင်ပြန်ရောက်သွားသလိုပါပဲ.

    ဓာတ်ပုံတွေလည်းကောင်း၊ ရေးသားပုံလည်းကောင်း၊ အစားအသောက်တွေကလည်း ဆွဲဆောင်မှုရှိပါပေတယ် ဘရားသား.း)

    ခင်မင်စွာဖြင့်

    ရန်အောင်

    ReplyDelete
  36. အဲဒီမှာ မနက်တိုင်း ရေကူး လာ,လာသင်တဲ့ ကလေးတွေနဲ့ သားနဲ့ အဖော်ရ သွားတယ်၊ ကလေးချင်း ဆိုတော့ ချက်ချင်း ရင်းနှီးသွား ကြတယ်၊ စကားတွေ အများကြီး ပြောစရာ မလိုဘဲ တစ်ယောက်က ဘယ်လို ကစားချင်လဲ ဆိုတာ နောက်တစ်ယောက်က ခဏချင်းမှာ သဘော ပေါက်တယ်၊ အခုလို ကလေးချင်း ကစားတဲ့အခါ သားအတွက် မြန်မာ ဝေါဟာရ အသစ်တွေ ပိုတိုးပြီး မြန်မာလိုလည်း ပိုပြောလာတယ်၊ ဒီခရီးကနေ ကျနော် အလိုချင်ဆုံး အကျိုးအမြတ် ကလည်း အဲဒါပါပဲ..၊

    အဲဒီအပိုဒ်လေးဖတ်ပြီးတော့ ရင်ထဲကို လှိုက်ခနဲပဲ ဖြစ်သွားတယ် အခါခါပြန်ဖတ်မိတယ်

    သနပ်ခါး မခြောက်တခြောက်မှာ သူ့မျက်နှာ နည်းနည်းတင်းလာလို့ မနေတတ်ဘူး ဖြစ်နေတာ..၊ ဒါပေမယ့် ခဏလည်း ကြာရော ပူပြင်းတဲ့ ရန်ကုန်နေ အောက်မှာ သူ့မျက်နှာက အေးနေတာကို သူ့ဟာသူ သဘောကျလို့ မဆုံးဘူး ဖြစ်နေခဲ့တယ်..၊

    ဒီစာလေးကို ဖတ်လိုက်ရတော့ ခုနက လှိုက်ခနဲ ခံစားနေရာကနေ မျက်ရည်တောင်လည်မိတယ် သားလေးငြိမ်ပြီးတော့ သနားခါး အလိမ်းခံနေတဲ့ပုံလေးတွေ့တော့ ကြည်နူးပြီး ပြုံးရပြန်ရော

    ရသမျိုးစုံပေးတဲ့ ပို့စ်လေးပါပဲ

    ကွန်မန့်ရေးခဲတယ် ဒီမှာဆို တခါမှတောင်မရေးဖြစ်ဖူးလားပဲ ဒီတခေါက်မနေနိုင်လို့ ရေးမိတယ်... လေးစား ချီးကျူးမိပါတယ် အစ်ကို

    ပူးတေ

    ReplyDelete
  37. ဆိုင်ဝန်ထမ်းကောင်လေးရဲ့ မျက်နှာမှာလဲ ပီတိအပြုံးကို တွေ့ရတယ် ကိုညီလင်းသစ် ခွင့်ပြုမယ်ဆို ညီမရဲ့  Facebook မှာ သားလေးရဲ့ သနပ်ခါး အလူးခံနေတဲ့ပုံလေးတင်ထားချင်တယ်

    ကျေးဇူးတင်ပါတယ်
    ပူးတေ

    ReplyDelete
  38. ကျနော်လည်း ပြန်မယ် နောက်လ . သားသားပုံတွေ များများတင်ပါ ချစ်လွန်းလို့ 

    ReplyDelete
  39. အကို..ညီမလည်းအခုမြန်မာခဏပြန်ဖို့
    Plan ဆွဲနေတယ်..
    ညီမ Plan ကတော့
    ဘယ်နေရာတွေေ၇ာက်မလဲမသိသေးဘူး..
    အကို့ပုံတွေကတော့ရေလည် ရှယ်ဘဲ..
    ကလေးကိုမြန်မာစကားပြောတတ်အောင်
    သင်ပေးထားတာလည်း
    ကောင်းတယ်အကို..

    ReplyDelete
  40. ညီမပူးတေ ...
    ခွင့်ပြုပါတယ်ဗျာ..၊ Source ကို ပြောပြပြီး တင်ထား ပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ..။

    ReplyDelete
  41. တကယ်ပါပဲ။ ရန်ကုန်တောင် ပြန်ချင်သွားတယ်။ မရောက်ဖူးတဲ့ဆိုင်တွေ တိုးလာပြီ။

    ReplyDelete
  42. ပုံထဲကအစားတွေအားလုံး အားလုံးကြိုက်တယ် ယောင်းမတယောက်ခေါ်သွားလို့ ခိုင်ခိုင်ကျော်မှာသွားစားဖူးဖြစ်တယ် သားသားက သနပ်ခါးလေးငြိမ်ပြီးလူးခံနေတာ ချစ်စရာ ကောင်းးးးးးးးးးး ကျမဆီမှာလည်း ရန်ကုန်ကနေ မှာလိုက်တဲ့ကျောက်ပြင်သနပ်ခါးရှိတယ် သမီးက အိမ်မှာတော့ အလိမ်းခံတယ် အပြင်ထွက်ရင်တော့ အလူးမခံဘူး ...

    mie nge

    ReplyDelete
  43. julynine, ပျော်စ၇ာကောင်းလောက်ခ၇ီးသားလေးတောင်တော်တော်ကြီးလာပြီ

    ReplyDelete
  44. အတူတူလိုက်မျောနေရင်း ပို့စ်ဆုံးတော့ တော်ပါသေးရဲ့လို့ တွေးမိတယ်။ ဆက်ဖတ်စရာ ရှိသေးလို့လေ။ အပိုင်း ၄ ကို ရင်ခုန်အုံးမယ်ဗျာ။
    ကျနော်ပြန်ဖြစ်ရင်လည်း ဒီလိုပဲ သိမ်သိမ်မွေ့မွေ့ ခံစားချက်တွေက ဆီးကြိုနေမယ် ထင်ပါရဲ့။

    ReplyDelete
  45. ဓာတ်ပုံရိုက်ချက်တွေက ရှယ်ပဲ ကိုညီရေ..ဗိုက်တောင် ဆာတယ်..သနပ်ခါး မလိမ်းဖြစ်တာ ၅နှစ်လောက် ရှိပြီ..ကိုညီ့သားလေး လိမ်းတာ မြင်ရတော့ လိမ်းချင်သွားတယ်..ချဉ်ပေါင်ကြော် စားချင်လိုက်တာ..

    ReplyDelete
  46. အားပါးတရ ရှိလှတယ်..
    စိတ်ထဲ ကြည်နူးရတယ်...
    ကိုယ်တိုင် ခရိးထွက်နေသလိုလို...
    “ ချစ်သောရန်ကုန်.. မင်းဘေးမှာ ကိုယ် ရောက်နေခဲ့ပြီ..” ဆိုတာ ဖတ်မိတော့ ဗမာဆိုတာ ဒါပါဘဲလို့ ခံစားလိုက်မိတယ်။
    သားသားမျက်နှာ သနပ်ခါးဖွေးဖွေးနဲ့ ချစ်စရာ ကောင်းလိုက်တာ...
    အပိုင်း (၄)သို့ ဆက်၍ ချီတက်လိုက်ဦးမည်။

    ReplyDelete
  47. သနပ်ခါးနဲ့ သားကလေးကို အချစ်ဆုံးပဲ
    (ငါ့နှယ် ကတ်ကြေးတစ်ကိုက် ကတည်းကက ဒီသေးသေးလေးကို ချစ်လိုက်ရတာ..ခုထိကိုပါပဲ :D)
    RC နား ပုံတွေ မြင်တော့ ပြုံးမိတယ်..ညီမ ကမ္ဘောဇကို အလုပ်ကိစ္စနဲ့ ခဏခဏ လာရတဲ့ နေရာ....
့ပုံလေးတွေက ရင်းနှီင်္းအသက်ဝင်နေတယ်..
    သဘောတကျ စိတ်နဲ့ကို ငေးမောလာခဲ့ပါတယ် :))

    ReplyDelete