02 April 2012

အာရုံများ ပျံသန်းရာ နိုင်ငံကလေးသို့ (၄)


မြန်မာပြည် မလာခင် ခရီးစဉ်မှာ ပုဂံသွားမယ့် အကြောင်းကို ဒီမှာနေတဲ့ မိတ်ဆွေတချို့ကို ပြောပြပါတယ်၊ သူတို့ထဲမှာ မြန်မာပြည်မှာလည်း နေခဲ့ဖူးတဲ့ တစ်ယောက်က ကျနော်တို့ကို 'ပုဂံကလည်း ကောင်းပါတယ်၊ ဒါပေမယ့် ပင်လယ်ကမ်းစပ် တစ်ခုခုသွားရင် ကလေးအတွက် ပိုပြီး မကောင်းဘူးလား'လို့ ပြောတယ်၊ သူပြောတာ မှားတော့ မမှားပါဘူး၊ ဒါပေမယ့် ကျနော်က ပြန်ပြောလိုက်တယ်၊ ကမ္ဘာပေါ်မှာ လှတဲ့ ပင်လယ်ကမ်းခြေတွေ အများကြီး ရှိ တယ်၊ ဒါပေမယ့် ပုဂံကတော့ တစ်ခုတည်းပဲ ရှိတယ်-လို့...၊

ဟုတ်ပါတယ်၊ ပုဂံဟာ ကျနော့်အတွက်တော့ မသွားရင် မနေနိုင်တဲ့ နေရာပါပဲ၊ မြန်မာပြည် ရောက်ပြီးလို့မှ ပုဂံကို သွားဖို့ အချိန်မရ နိုင်ဘူးဆိုရင် မြန်မာပြည်ကိုလည်း ကျနော် မသွားတာပဲ ကောင်းတယ်လို့တောင် မကြာခဏ တွေးမိတယ်၊ ဒီလောက် အဝေးကြီးက လာခဲ့ရပြီးမှ ပုဂံကို မမြင်ဘဲ ပြန်သွားဖို့ဆိုတာ ကျနော့်အတွက်တော့ စိတ်ကူးထဲတောင် မထည့်ဝံ့တဲ့ အရာပါ၊ ပုဂံကို ကျနော်ချစ်တယ်၊ ပုဂံဟာ ကျနော့်အတွက် ဘယ်တော့မှ ရိုးသွားမှာ မဟုတ်တဲ့ ကြီးကျယ်၊ ခမ်းနားမှု တစ်ခုပါပဲ...၊


မနက် ၆ နာရီထွက်တဲ့ အဲကမ္ဘောဇ လေယာဉ်နဲ့ လိုက်လာခဲ့တယ်၊ အမှန်က ၆ နာရီခွဲ ထွက်တဲ့ လေယာဉ်ပါ၊ ဒါပေမယ့် အဲဒီရက်ပိုင်းမှာ မနက်ပိုင်း မြူတွေကျနေလို့ မြူလွတ်အောင် လေယာဉ်တွေ စောထွက်ကြတယ်၊ လေယာဉ်ပေါ်မှာ တဝက်တောင် လူမပြည့်ဘူး...၊


လေယာဉ်ထိုင်ခုံ အရှေ့က အန္တရာယ်ကာကွယ်ရေး လမ်းညွှန်ကဒ်ပြားကို ကြည့်နေရင်း သံတွဲလေဆိပ်မှာ ဗိုက်နဲ့ဆင်းလိုက်ရတယ် ဆိုတဲ့ အဲကမ္ဘောဇပိုင် လေယာဉ်အကြောင်း တွေးမိလို့ ပြုံးဖြစ်သွား သေးတယ်၊ လွန်ခဲ့တဲ့ တစ်ပတ်ကပဲ ပူပူနွေးနွေး ဖြစ်ထားတာကိုး...၊း)


တစ်နာရီ ကျော်ကျော်လောက် မောင်းပြီးတော့ လေယာဉ်က ဆင်းဖို့ ပြင်ဆင်ပါတယ်၊ အဲဒီ အချိန်မှာပဲ လေယာဉ်ပြူတင်းကနေ ချစ်သောပုဂံရဲ့ အငွေ့အသက်တွေကို စ,တွေ့ရတယ်၊ ထနောင်းပင်တွေ၊ ထန်းပင်တွေ၊ ထုံးဖြူစေတီလေး တချို့နဲ့ အုတ်နီခဲရောင် ပုဂံဘုရားတွေ...၊ ကျနော်ရင်တွေ ခုန်နေခဲ့ပြီ...၊


ကျနော်တို့ ပုဂံသံတဲ ဟိုတယ်မှာ တည်းဖြစ်ပါတယ်၊ ပုဂံမြို့ဟောင်းထဲမှာ နေချင်တာရယ်၊ ဧရာဝတီနဲ့ အနီးဆုံးမှာ နေချင်တာရယ်ကြောင့် သံတဲက river view အခန်းကို ယူဖြစ်လိုက်တယ်၊


River view ဆိုတဲ့အတိုင်း ဧရာဝတီနဲ့ တကယ့်ကိုမှ နီးနီးကပ်ကပ်လေးရယ်..၊ ထွန်းနေတဲ့ သောင်တွေပေါ်က ပဲစိုက်ခင်းတွေ၊ ကြက်သွန်ခင်းတွေ အပြင် တဖက်ကမ်းက တန့်ကြည့်တောင်နဲ့ ရှုခင်းဟာ တနေကုန် ထိုင်ငေးချင်စရာပါ၊


မနှစ်က ကျနော်တို့ ဘွတ်ကင်လုပ်တဲ့ အချိန်တုန်းက သံတဲဟိုတယ်ဟာ အနီးအပါးက သီရိပစ္စယာ၊ ပုဂံ၊ ဧရာ၊ သရပါ စတာတွေနဲ့ ယှဉ်ရင် ဈေးမတက်သေး ပါဘူး၊ river view, twin bed အခန်းကို တစ်ည ဒေါ်လာ ၆၀ ပဲ ပေးခဲ့ ရတယ်၊


ဟိုးမြစ်လယ် ကျွန်းတွေနဲ့ တဖက်ကမ်းက တောင်ကြော၊ တောင်ခြေတွေမှာတော့ မြူခိုး၊ မီးခိုးတွေ အမြဲလိုလို ဝေ့သီ၊ လွှမ်းခြုံနေလေ့ ရှိပါတယ်၊ မြစ်ထဲမှာတော့ ရေယာဉ်မျိုးစုံကို မရိုးနိုင်အောင် မြင်ရတယ်၊ river view အခန်းတွဲတွေရဲ့ အဆုံးမှာ အောက်ထပ်လေးခန်း၊ အပေါ်ထပ်လေးခန်း ပါတဲ့ နှစ်ထပ်ဆောင်လေး ရှိတယ်၊ ကျနော်တို့ အခန်းက အဲဒီ နှစ်ထပ်ဆောင်လေးရဲ့ အပေါ်မှာ ဆိုတော့ မြင်ကွင်းက အပေါ်စီးဖြစ်တဲ့ အပြင် အတော်လေးကို ရှင်းပါတယ်၊


မနက်ပိုင်းမှာ ဘယ်မှ မသွားသေးဘဲ ဟိုတယ်ဝင်းထဲမှာပဲ အေးအေးလူလူ လျှောက်ကြည့်နေ ဖြစ်ပါတယ်၊ နေ့လယ်မှာတော့ သူငယ်ချင်း တစ်ယောက်နဲ့ ချိန်းထားတဲ့ မြို့သစ်က Sunset garden စားသောက်ဆိုင်ကို ထွက်ခဲ့တယ်..၊


ဒီဆိုင်က ကျနော်သဘောကျတဲ့ ဆိုင်ထဲက တစ်ဆိုင်ပါ၊ အလုပ်လုပ်နေတဲ့ အချိန်တုန်းက ပုဂံရောက်တိုင်း ဒီမှာ နေ့လယ်စာ တစ်နပ်တော့ အမြဲစားရလေ့ ရှိပါတယ်၊ အဓိက အားဖြင့် tour ကုမ္ပဏီတွေက ဧည့်သည်တွေ စားကြတဲ့ နေရာပါ၊ FIT ကျောပိုးအိတ် ခရီးသွားတွေနဲ့ မြန်မာဘုရားဖူး ဧည့်သည်တွေ လာတာတော့ မတွေ့ရ သလောက်ပါပဲ၊


ဒီဆိုင်မှာ ကျနော် အမြဲစားဖြစ်တာက မြစ်လယ် သောင်တွေပေါ်က ကြက်သွန်စိုက်ခင်းတွေ၊ တဖက်ကမ်းက တန့်ကြည့်တောင်တန်း၊ မြစ်ထဲမှာ စုန်ချည်ဆန်ချည် သွားနေကြတဲ့ လှေကလေးတွေ၊ ဟိုးခပ်ဝေးဝေးက သရက်ပင်တန်းတွေ အစီအရီနဲ့ ရွာတွေ.. ဒါတွေအားလုံးကို ရောမွှေထားတဲ့ အစုံသုပ်ပါ၊ ဘယ်နှခါစားစား မရိုး နိုင်သလို ဘယ်တော့မှလည်း မအီပါဘူး၊ ဟိုး.. တောင်ဖက် ခပ်လှမ်းလှမ်းမှာတော့ စွယ်တော်လေးဆူထဲက တစ်ဆူဖြစ်တဲ့ လောကနန္ဒာကို မြင်နေရတယ်၊


နောက် သဘောကျတာ တစ်ခုက မြေပဲဆံပါ၊ ဟင်းပွဲတွေ စောင့်နေတုန်း သူတို့က မြေပဲဆံတစ်ပွဲ လာလာချလေ့ ရှိ တယ်၊ ပုဂံမှာ စားရတဲ့ မြေပဲက ရန်ကုန်ကနဲ့ မတူဘူး၊ အဆံက ခပ်ရှည်ရှည်နဲ့ အရသာက စိမ့်စိမ့်လေးနဲ့ ညက်တယ်၊ မအီဘူး၊ တခါတလေ ကျနော်တစ်ယောက်တည်း အဲဒီလို တစ်ခွက် စားပစ်တယ်၊ သူတို့ကလည်း လိုသလောက် ပြန်ဖြည့်ပေးပါတယ်၊ အဲ.. သူနဲ့ တွဲသောက်တဲ့ ဘီယာကတော့ အလကား မပေးဘူးဗျ..၊း)


နေ့လယ်ပိုင်းမှာတော့ ဟိုတယ် အရှေ့မှာ ရှိတဲ့ ကန်တော့ပလ္လင် ဘုရားနဲ့ အနီးတဝိုက်မှာပဲ လမ်းလျှောက်ဖြစ်တယ်၊ အဝေးကြီး မသွားပါဘူး၊ နည်းနည်း နေစောင်းလာတော့ ဟိုတယ်ပြန်လာပြီး အခန်းရှေ့ကနေ နေဝင်ချိန်အတွက် ပြင်ဆင်ပါတယ်၊ ဧရာဝတီ ပေါ်မှာတော့ ရွှေအိုရောင် တဖိတ်ဖိတ် လက်ပြီး ခမ်းနားနေခဲ့ပြီ...၊


ပုဂံမှာ ပထမဦးဆုံး နေဝင်ချိန်က တိမ်ကင်းစင်နေ ခဲ့တယ်၊ အများအားဖြင့် ပုဂံမှာဖေဖော်ဝါရီ လကုန်ပိုင်းလောက် အထိ တိမ်ကင်းစင်တဲ့ နေဝင်ချိန်တွေ တွေ့ရတတ် ပေမယ့် တခါတခါတော့လည်း ဝင်ကာနီးလေးမှ တိမ်မျှင်တွေ ဖုံးသွားတတ်တာ မျိုးလည်း ရှိပါတယ်၊ အဲဒီနေ့က ညနေ ၆ နာရီ ထိုးဖို့ ၃ မိနစ်မှာ နေဝင်ပါတယ်၊


ဒီဓါတ်ပုံကို 'အိမ်အပြန်...' လို့ နာမည်ပေးထား ပါတယ်..၊း)


စွယ်တော်လေးဆူမှာ ပါတဲ့ တန့်ကြည့်တောင် ဘုရားနဲ့အတူ နေဝင်ချိန်...၊ ဆောင်းတွင်းမှာ နေက တောင်ဖက်ကနေ မြောက်ဖက်ကို တဖြည်းဖြည်း ရွေ့ပါတယ်၊ ကျနော်တို့ မရောက်ခင် သုံးလေးရက်လောက် မှာဆို နေလုံးက တန့်ကြည့်တောင် ဘုရားရဲ့ အနောက်တည့်တည့်ကနေ ဝင်တယ်လို့ သိရတယ်၊ လွတ်သွားတာ နာတယ်ဗျာ၊ နေလုံးရဲ့ အလယ်တည့်တည့်မှာ ဘုရားနဲ့ဆို ဘယ်လောက်များ လှပြီး သပ္ပာယ်လိုက်မလဲ-လို့..၊


နောက်တနေ့ မနက် ၆ နာရီမှာ ကျနော်ထပြီး ပုဂံရဲ့ နေထွက်ချိန်ကို ဓါတ်ပုံရိုက်ဖြစ် ပါတယ်၊ မနိုးမှာစိုးလို့ နှိုးစက်ပေးထား ရသေးတယ်၊ ဟိုတယ်ကနေ စက်ဘီး ငှားတယ်၊ မီးငြိမ်းကုန်း ဘုရားကနေ ရိုက်ဖြစ်ပါတယ်၊ ဘုရားက ကွမ်းတောင်အောက်အထိ တက်လို့ ရသေးတယ်၊ အပေါ်မှာတော့ လူတချို့ ရောက်နေကြပြီ၊ ပုဂံဟာ နေမထွက်ခင်မှာ မြူပုဝါ ပါးပါး ခြုံသိုင်းလို့ အိပ်မောကျ နေဆဲ...၊


မီးငြိမ်းကုန်းကနေ တွေ့ရတဲ့ နတ်လှောင်ကျောင်း (နတ်လျောင်းကျောင်း)နဲ့ သဗ္ဗညု...၊ ပုဂံ ရောက်ရောက်ချင်း sunrise အတွက် စုံစမ်းတဲ့အခါ မီးငြိမ်းကုန်း ဘုရားကို ပေးမတက် တော့ဘူးလို့ ပြောကြတော့ ကျနော်က ရွှေ ဆံတော်ကိုပဲ သွားရတော့မယ်လို့ တွေးထားခဲ့တာ..၊ စက်ဘီး လိုက်ထုတ်ပေးတဲ့ ဝန်ထမ်းညီလေးက 'မပိတ်ပါဘူး၊ သူတောင် မနေ့က ဧည့်သည့်လိုက်ပို့ ခဲ့သေးတယ်' ဆိုတာနဲ့ ကျနော် အတော်လေး ဝမ်းသာသွားမိတယ်..၊


မီးငြိမ်းကုန်းရဲ့ တောင်ဖက်ဘေး ကပ်ရက်က နွားပြဂူနဲ့ ခပ်လှမ်းလှမ်းက မင်္ဂလာစေတီ...၊ မင်္ဂလာ စေတီကို ပထမ ပစ္စယံအထိ ပြန်ဖွင့်မယ်လို့ သတင်းကြားခဲ့ ရတယ်၊


မနက်စောစော မြူခိုးတွေ ကြားထဲက ဆင်များရှင်၊ ရွှေဆံတော်နဲ့ ဓမ္မရံကြီး...၊ ဟိုးအနောက်ဖက်မှာ အခုနောက်ပိုင်း မြန်မာဘုရားဖူး တွေရော၊ နိုင်ငံခြား ဧည့်သည့်တွေပါ နေဝင်ချိန် တရုန်းရုန်း လာကြည့်ကြတဲ့ ပြဿဒ်ကြီး ဘုရားကို ခပ်ဝါးဝါး တွေ့နိုင်ပါတယ်၊


အဲဒီအချိန် ရွှေစည်းခုံ ဘုရားရှိတဲ့ အရှေ့ဖက်ခြမ်းကို လှမ်းကြည့်လိုက်တော့ ဝက်ကြီးအင်းရွာ နားလောက်မှာ Balloons over Bagan က မီးပုံးပျံတွေ တက်လာတာ တွေ့လိုက်ရတယ်၊ Fore ground ကတော့ ငကျွဲနားတောင်း၊ နတ်လှောင်(လျောင်း)ကျောင်းနဲ့ တဘက်ကျ ဘုရား ဖြစ်ပြီးတော့ ရွှေစည်းခုံကို ဟိုးနောက်ဖက် မြူတွေကြားမှာ မြင်နိုင်ပါတယ်၊


အဲဒီအချိန်လေးမှာပဲ နေထွက်လာခဲ့တယ်၊ နာရီကို ကြည့်လိုက်တော့ မနက် ၆ နာရီ ၃၅..၊ စူဠာမဏိနဲ့ ဓမ္မရံကြီး တို့ရဲ့ ကြားထဲက ထွက်လာတဲ့ မနက်ခင်းနေဟာ ခပ်ဖျော့ဖျော့ပါပဲ၊


ဘုရားပေါ်မှာ ကျနော်နဲ့အတူ sunrise လာကြည့်သူ နိုင်ငံခြားသားတွေ ၁၅ ယောက်လောက်တော့ ရှိတယ်၊ အခုလို နေထွက်လာချိန်မှာတော့ ဘာစကားသံမှ မကြားရ တော့ဘူး၊ အရာရာဟာ ပကတိ အငြိမ်...၊ နားထဲမှာ ငှက်ကလေးတွေ သီချင်းဆိုသံနဲ့ ကင်မရာ ခလုတ်နှိပ်သံတွေပဲ ကြားနေရတယ်၊ ဖေဖော်ဝါရီရဲ့ ပုဂံနံနက်ခင်း တစ်ခုဟာ စောင့်ကြည့်နေသူ လူတွေအများကြီး ရှေ့မှာပဲ လျင်လျင်မြန်မြန်နဲ့ လင်းချင်း၊ သက်ဝင် လာခဲ့တယ်၊ ကိုယ့်ခေါင်းပေါ် ရောက်သွားချိန်မှာ ဘယ်လိုမှ မော်ကြည့်လို့ မရခဲ့တဲ့ နေလုံးကို အခုလို လေပြေညှင်းလေး တသွဲ့သွဲ့နဲ့ အေးမြတဲ့ နံနက်ခင်းတစ်ခုမှာ စိမ်ပြေနပြေ မျက်တောင်မခတ်တမ်း ထိုင်ကြည့်ရတဲ့ အရသာဟာ ဘာနဲ့မှ မလဲနိုင်ပါဘူး၊ တခါတခါ မသက်မရှူမိအောင်ကို လှတယ်...၊


မီးငြိမ်းကုန်းမှာ ဧည့်သည်တွေ sunrise လာကြည့်တာ သိထားတဲ့ ဈေးသည် အမျိုးသမီးလေး တစ်ယောက်က ပန်းချီကားတွေ လာခင်းထားတယ်၊ အပြိုင်အဆိုင်တွေ အရမ်းများလာတဲ့ အချိန်ဆိုတော့ သူ့အနေနဲ့ ဝီရိယ ကောင်းကောင်းနဲ့ လာရပေမယ့် အတော်လေး ချမ်းနေပုံပါပဲ၊ ပုံတွေကို ဒီလိုပဲ ဝတ်ကျေတန်းကျေ ခင်းထားပြီး ခပ်ကြုံ့ကြုံ့လေး ထိုင်နေတယ်၊ ဒီကို မလာခင် အနှုတ် ၂၀ ဒီဂရီနဲ့ တွေ့ထားတဲ့ ကျနော့်အတွက်တော့ ပုဂံမနက်ခင်းက တီရှပ်နဲ့ ဘောင်းဘီတိုနဲ့ နေဖို့ အတော်ပါပဲ..၊း)


ပန်းချီကားတွေကို ဘယ်သူမှ စိတ်မဝင်စားပေမယ့် အဲဒီပန်းချီကား ရောင်းသူကိုတော့ တချို့တွေက စိတ်ဝင်စားကြတယ်၊း) သနပ်ခါး မှုန်မှုန်လေး လိမ်းထားတဲ့ မိန်းကလေးက ကမ္ဘာမြေကို ရောက်လာတဲ့ ပထမဦးဆုံး နေရောင်ခြည်တန်း တွေရဲ့အောက်မှာ ခပ်ငူငူလေး ထိုင်နေပုံဟာ ဓါတ်ပုံဆရာတွေ အတွက် လှနေတာတော့ အမှန်ပါပဲ၊ စည်းရုံးရေး ကောင်းလို့ အနားအထိ ရောက်သွားတဲ့ ကင်မရာ မှန်ဘီလူးတစ်ခုရဲ့ အရှေ့မှာ သူမက မပြုံးမရယ်နဲ့ သဘာဝအတိုင်းပဲ ထိုင်နေခဲ့တယ်၊ (အိပ်ချင်နေတာပဲ ဖြစ်ရမယ်..)း)


နေက နည်းနည်းမြင့်လာလို့ တချို့တွေက ဘုရားပေါ်ကနေ ပြန်ဆင်းဖို့ လုပ်နေကြပြီ၊ ကျနော်နဲ့ နှစ်ယောက်၊ သုံးယောက်လောက်ကပဲ ဘယ်လို အလင်းတွေက ဆက်ပြုစားမလဲလို့ စောင့်နေ ခဲ့တယ်၊ ဘာရယ် မဟုတ်ပါဘူး၊ ကျနော်နဲ့ ကင်မရာ မော်ဒယ်လ်ရော၊ မှန်ဘီလူးပါ တူပြီး ကျနော့်လိုပဲ 'ဒီက စောင့်နေသူ..' လုပ်နေတဲ့ တစ်ယောက် ရဲ့ candid shot...၊း)


ကျနော်သာ တတ်နိုင်ရင် ချစ်ခင်သူတွေကို ဒီ Balloons over Bagan ရဲ့မီးပုံပျံတွေကို စီးဖို့ လုပ်ပေးချင်တယ်၊ ကျနော် ဧည့်လမ်းညွှန် လုပ်ခဲ့စဉ်တုန်းက မရည်ရွယ်ဘဲနဲ့ ဒီလို မီးပုံးပျံတွေ ၂ ခါ စီးဖူးခဲ့တယ်၊ အဲဒီတုန်းက သူတို့က လုပ်ငန်း စကာစ,ပဲ ရှိသေးတယ်၊ လူတွေ သိပ်မသိ သေးသလို ဈေးကလည်း ဒေါ်လာ ၂၀၀ အောက်မှာပဲ ရှိ သေးတယ်၊ မီးပုံးပျံ လူမပြည့်တာနဲ့ ဧည့်သည်တွေကို လိုက်ပို့တဲ့ ကျနော့်ကိုပါ ခေါ်သွားခဲ့တာ..၊ မီးပုံးပျံပေါ်က မြင်ရတဲ့ မြင်ကွင်းက အရမ်းလှပါတယ်၊ ဘာနဲ့မှကို မတူဘူး၊ ပြီးတော့ အပေါ်တက်ဖို့ ဂက်စ်မီးကို ဖွင့်တဲ့အချိန်က လွဲလို့ တချိန်လုံး တိတ်ဆိတ်နေလို့ စီးရတာ ငြိမ့်ညောင်းပါတယ်၊

sunrise နဲ့ sunset flight ဆိုပြီး ၂ မျိုး ရှိပါတယ်၊ sunrise က လေငြိမ်ပြီး အေးချမ်းလို့ ပိုစီးလို့ ကောင်းတယ်၊ တစ်နာရီလောက် စီးရပြီးတော့ အဆုံးမှာ ရှန်ပိန်တစ်ခွက်တိုက်ပြီး မီးပုံးပျံ စီးခဲ့ကြောင်း အမှတ်တရ certificate လေး ပေးပါတယ်၊ ဒီတခေါက် မေးကြည့်တော့ ဈေးက ၂၉၉ ဒေါ်လာဆိုလား ပြောကြတယ်၊ တစ်နာရီလောက် အတွင်းမှာ ဒီလောက်ပိုက်ဆံကို သုံးပစ်ရမှာ ဆိုတော့ များပါတယ်၊ ဒါပေမယ့် ပုဂံက ဘုရားတွေရဲ့ ဗိသုကာ လက်ရာကို အပေါ်စီးက မြင်ရတဲ့ မြင်ကွင်းက တကယ့်ကိုပဲ ရင်သပ်ရှုမော ဖြစ်စရာ ကောင်းတာတော့ အမှန်ပါ...၊


စိတ်ရှည်စွာနဲ့ စောင့်ဆိုင်းခြင်းရဲ့ ရလဒ်ဟာ တခါတခါမှာ ချိုမြိန်ပါတယ်၊ ဒီပုံလေးကို ကျနော် အထိုက်အလျောက် စိတ်တိုင်းကျ မိတယ်..၊း)

မြန်မာပြည် ခရီးစဉ်မှာ ကျနော်ရိုက်လာတာ ပုံပေါင်း ၁၅၀၀ လောက်တော့ ရှိပါတယ်၊ အဲဒီထဲက ကောင်းမယ်ထင်တဲ့ ပုံတွေကို များနိုင်သလောက် များများ တင်လိုက်ပါတယ်၊ ကဲ.. မပင်ပန်း သေးဘူးဆိုရင် ကျနော်နဲ့ အတူ ပုဂံခရီးကို ဆက်ပြီး လိုက်ခဲ့ပါဦး..။း)

(ဆက်ပါဦးမယ်..)


ညီလင်းသစ်
၂ ဧပြီ၊ ၂၀၁၂

44 comments:

  1. ဆက်ရန်မျှော်နေသည်း)

    ReplyDelete
  2. အသက်ရှူရပ်မတန့် ငေးမောသွားခဲ့ရပါတယ်
    ပုဂံဆိုတဲ့အသံကြားရင်ကို အသွေးအသားထဲကနေ လှိုက်လှိုက်လှဲလှဲချစ်ပါတယ်။
    ပုံတွေအားလုံးအတွက် ကျေးဇူးပါပဲ...
    နေဝင်ချိန်ပုဂံရှုခင်းက ဘယ်တော့မှ ရိုးဟောင်းသွားမှာ မဟုတ်တဲ့ ပန်းချီကားတွေ..

    ညီ

    ReplyDelete
  3. အန်ကောဝပ်မှာလည်း မီးပုံးပျံရှိပါတယ် ၂၀လား၂၅လားပဲပေးရတယ်။ ဒါပေမယ့် ကြိုးနဲ့ဆိုင်းထားပြီးအမြင့်တနေရာအရောက်မှာ ပြန်ချတာမို့ လှုပ်ရှားသွားလာတဲ့ ခံစားမှုမျိုးမရခဲ့လိုက်ဖူး။ စီးတော့စီးဖူးချင်ပါသေးတယ်

    ညီ

    ReplyDelete
  4. Borobudur ပေါ်က မနက်အရုဏ်နေထွက်ချိန်လည်း သိပ်လှတာပဲ၊ ပိန်းပိတ်အောင်မှောင်နေတဲ့ဘုရားကို နေရောင်အောက်မှာ တဖြည်းဖြည်း ရုပ်လုံးကြွလာတဲ့အခါ...
    ကိုညီရိုက်ရင်လှမှာဗျာ

    ညီ

    ReplyDelete
  5. ရင်သပ်ရှုမောပါပဲ...

    အတိတ်ဟောင်းတွေ လွမ်းဆွတ်သတိရသွားမိတယ်..

    ReplyDelete
  6.ဲSpeechless, jaw dropping, amazing photos make me home sick.

    ReplyDelete
  7. This comment has been removed by the author.

    ReplyDelete
  8. pretty nice, i was also there in 3rd week of feb, n took some sunset shots, but your photos are flawless, is that your telephoto f2.8? m also thinking to save my lunches :) lol anyway waiting for no5, i deleted the previous comment, sorry for the mess. cheers!

    ReplyDelete
  9. I am your regular reader, I never leave a message though. I like all your posts about going back to Myanmar.Looking forward for the coming posts :)
    Cheers!

    ReplyDelete
  10. စိတ်ဝင်စားလိုက်သမှ ၂ နာရီတောင်ကျော်သွားတာ မသိလိုက်ဖူး
    နောက်နေ့ဆက်လက်လိုက်ပါပါမည်း))

    ညီမ

    ဒိုးကန်

    ReplyDelete
  11. ဓါတ်ပုံတွေ ကြည့်ပြီး မြန်မာပြည်သွားလယ်ချင်လိုက်တာ။ လာမယ့်နွေ ပြန်နိုင်အောင် ကြိုးစားမယ်။ ပိုက်ဆံစုလိုက်ဦးမယ်။ share အတဲ့အတွက် ကျေးဇူး။ ဓါတ်ပုံတွေရှိရင် တင်ပေးဦး၊ ဆက်လဲရေးဦးနော်။

    ReplyDelete
  12. အတိတ် အဟောင်း ကို တူးဖော်မိသွား ပြန်ပါပြီ။

    ReplyDelete
  13. သမိုင်းပညာရှင်တစ်ယောက်က ရှေးဟောင်းတွေကို
    ပြလိုက်သလိုပါပဲ လှလိုက်တဲ့ပုံတွေကြည့်လို့မ၀သလိုဖြစ်နေပြီ
    တစ်ချို့ပုံလေးတွေ ကော်ပီနဲ့မသွားပါတယ်ရှင်
    တည်းခိုခန်းကလဲ ရှုခင်းတွေအရမ်းလှတယ်

    ReplyDelete
  14. သိပ်လှတာပဲအကိုရာ.....ကျွန်တော်လည်း မီးငြိမ်းကုန်း
    ပေါ်ကနေ ပုဂံနံနက်ခင်းအလှကို ကြည့်ခဲ့ပါရဲ့...၊ဒါ
    ပေမယ့် မနက်၉နာ၇ီကျော်ပြီဗျ....:P
    ဒီပို့စ်က ပုဂံနေထွက်ပို့စ်လို့ပြောရမယ်နော်..၊ဒါဆို
    သိပ်လှတဲ့ ပုဂံနေဝင်ချိန်ပုံတွေကို ကြည့်ရတော့မှာပေါ့
    နော့...။
    ဒါနဲ့ အကို့ ဓာတ်ဘူး(ကင်မရာမှန်ဘီလူးကို ကျွန်တော်တို့နောက်ပြီးခေါ်တဲ့နာမည်:)))ကြီးက
    ဘာအမျိုးအစားလဲဟင်၊သဘောကျလို့ :))))

    ReplyDelete
  15. သိပ်ကောင်းတဲ့ပုံတွေရယ်။ သိပ်ကောင်းတဲ့အရေးအသား ရယ်ကြောင့် ပုဂံ ကပိုလှသွားပါတယ်။
    ကျေးဇူးတင်ပါတယ်။

    ReplyDelete
  16. မိဘတွေတာဝန်နဲ့ ပုဂံနဲ့ သိပ်နီးတဲ့မြို့၂မြို့မှာ ၉နှစ်နီးပါးနေခဲ့ဖူးလို့ အမျိုးတွေနဲ့ မိတ်ဆွေတွေလာတိုင်းလိုက်ပို့ခဲ့ရတာ လတိုင်းလိုလိုပုဂံကိုရောက်ဖြစ်ခဲ့လို့ ပုဂံဆိုတာ သိပ်ရင်မခုန်တော့တာတောင်.. အခုပုံတွေနဲ့အရေးအသားကြောင့်လွမ်းသွားမိတယ်

    ReplyDelete
  17. သံတဲမှာသုံးလေးခါတည်းဘူးတယ်။ အဲဒီရေးဗားဗျူးမှာတော့သူငယ်ချင်းအရင်းတွေနဲ့ တည်းခဲ့လို့သိပ်ပျော်ခဲ့တယ်။ ကျမလည်းမြစ်ပြင်ကြီးနဲ့ တောင်တန်းတွေကိုထိုင်ထိုင်ကြည့်နေခဲ့တယ်။ ငှက်လေးတွေလည်းကြည့်ရင်းပေါ့။
    ပုဂံရဲ့ နေ၀င်နေထွက်ကတော့ဘယ်တော့မှမရိုးနိုင်တဲ့မြင်ကွင်းဘဲနော်။
    ပုံတွေအားလုံးလှလွန်းလို့ ဘယ်ဟာအကြိုက်ဆုံးပါလို့ ပြောဘို့ တောင်ခက်သွားတယ်။
    အိမ်အပြန်...လေးကတော့ပိုငြိသလိုဘဲ။
    ဆက်ရန်မျှော်နေပါတယ်။
    အိုင်အိုရာ

    ReplyDelete
  18. အဲဒီလို ပုဂံရဲ့ နေရောင်ပျပျ မှုန်မှုန်မှိုင်းမှိုင်းပုံကို မြင်လိုက်ရတိုင်း စိတ်ထဲမှာ ကြည်နူးသလိုလိုနဲ့ မျက်ရည် ၀ဲ ရတယ်..
    သန္တရသဆိုတာ အဲဒီလိုလား..

    ReplyDelete
  19. ကမ္ဘာပေါ်မှာ လှပတဲ့ပင်လယ်ကမ်းခြေတွေ အများကြီးရှိပေမယ့် ပုဂံကတော့ တစ်ခုပဲ ရှိတယ်ဆိုတာလေးရယ်..
    အိမ်အပြန်ဆိုတဲ့ ဓာတ်ပုံလေးရယ်
    ရွှေရောင်တဖိတ်ဖိတ် တောက်ပနေခဲ့တဲ့ ရာဇ၀င်ထဲက သတို့သမီးရယ်ကို...

    ပေါင်းစပ်ပြီးခံစားသွားတယ်...

    သိပ်ကိုကောင်းတဲ့ ပို့စ်လေးပါပဲ ကိုညီရေ...

    ခင်မင်စွာဖြင့်

    Y.

    ReplyDelete
  20. အမလည်းဒီတစ်ခေါက်မြန်မာပြည်ပြန်ရင်ပုဂံကိုသွားမလို့...ခလေးတွေကိုပြချင်လို့လေ....း) ဓာတ်ပုံလေးတွေကောင်းလိုက်တာ...

    ReplyDelete
  21. truly sensational. thanks a million bro

    ReplyDelete
  22. အကိုရေ
    ဆက်လိုက်ဖို့အဆင်သင့်ပါဘဲ..

    ReplyDelete
  23. Thank you so much for amazing photos. Can I copy those photos to share with friends?

    Sar Chit Thu (Canada)

    ReplyDelete
  24. ပုဂံအကြောင်းလာဖတ် ပုံလှလှတွေ တဝကြီး ကြည့်သွားပါတယ်။ အရုဏ်တက်ကို တခါပဲလား ကြည့်ဖူးတယ်... မထချင်လို့။ အမြဲအကြည့်များတာကတော့ ဆည်းဆာပါပဲ :D

    ReplyDelete
  25. ဓာတ်ပုံရိုက်ချက်တွေ အရမ်းကောင်းတယ် အစ်ကို... ပုဂံရှုခင်းတွေကလဲ တကယ် အံမခန်းပါဘဲ... မြန်မာမှန်ရင် ပုဂံကို ရောက်ဖူးရမယ်တဲ့ ကျွန်တော်လဲ ပုဂံကို တစ်ခေါက်လောက်တော့ မရောက်ရောက်အောင် သွားမယ်လို့ ဆုံးဖြတ်ထားတယ် အစ်ကို...

    ReplyDelete
  26. မဘေဘီ ...
    ကောင်းပါပြီ ခင်ဗျား...၊း)

    ညီ ...
    ကြုံရင်၊ အဆင်ပြေရင်တော့ စီးသာစီးဗျို့..၊ ဘာဖြစ်လဲ၊ တသက်မှာ တခါပေါ့..ဟုတ်တယ်ဟုတ်?း) Borobudur မှာ ညီရိုက်ထားတဲ့ ပုံတွေ ရှိရင်လည်း ကျနော်တို့ကို ပြပါဦး...၊း)

    မလေး ...
    ♫ အတိတ်တွေက မှုန်ဝါးပေမယ့် ♪♪ တခါတလေ တိုက်ဆိုင်မှုတွေ ရှိလာတော့လည်း ♫..♪♪း)

    Anonymous (1) ...
    You make me feel flattered...ha ha. Thanks ! :D

    Ko Kyaw Min Naing ...
    Yes, it was telelens f/2.8 indeed. If you say to save lunches for it, I'd say just go for it. You'll never regret.း) No worry, there's no mess. Thanks for your comment bro !

    Anonymous (2) ...
    Thank you for your regular visit ! And, thanks also for your very first comment! I appreciate it, indeed. :)

    ညီမ,မဒိုးကန် ...
    စိတ်ဝင်တစားနဲ့ အခုလို အားပေးတာ ကျေးဇူးပါ ညီမရေ..၊

    အမည်ဝှက်စာဖတ်သူ (၁) ...
    ဟုတ်ကဲ့၊ ဆက်လည်း ရေးပါဦးမယ်၊ ဓါတ်ပုံတွေလည်း တင်ပေးပါ ဦးမယ်၊ ပိုက်ဆံတွေလည်း အများကြီး စုနိုင်ပါစေ၊ လာမယ့်နွေမှာလည်း ပြန်နိုင်ပါစေဗျား..၊း)

    ကိုအေအေတီအို ...
    တူးမိသွား ပြီလား အတိတ်ဟောင်းကို...၊ ဟင်း.. ကျနော် တော့ အတိတ်ဟောင်း တူးဖော်သူတွေနဲ့ချည်း တွေ့နေပါလား..၊းP

    မစံပယ်ချို ...
    အာ.. အဲဒီလိုတော့ မနောက်ကြေးလေ၊ ဘယ့်နှယ့် သမိုင်းပညာရှင်က ပါလာတာတုန်း၊ မလုပ်ပါနဲ့ဗျာ..၊ ကျနော်ဘာမှ မသိပါဘူး၊ ဓါတ်ပုံတွေ လှတယ်ဆိုရင်ပဲ ပြည့်စုံနေပါပြီ...နော်၊း)

    ကိုညိမ်းနိုင် ...
    သြော်.. ကိုညိမ်းနိုင်လည်း မီးငြိမ်းကုန်းကို ရောက်ခဲ့သေး သကိုး..၊ ဒါ့ကြောင့် နံရံမှာ correction pen နဲ့ ရေးသွားတဲ့ လက်ရာက ကိုညိမ်းနိုင် လက်ရေးနဲ့ တူသလိုလိုတော့ ထင်သား..၊း) အလကား နောက်တာပါဗျာ.. ဟားဟား၊ ရုတ်တရက် နောက်ချင်စိတ် ပေါ်လာလို့ ချရေးလိုက်တာဗျ၊ ကိုညိမ်းနိုင်က ဒီလို လူစားမျိုး မဟုတ်တာ ကျနော့်အနေနဲ့ ၁၀၀% သေချာပါတယ်၊ ကျနော့်ဓါတ်ဘူးက ရေနွေးရော၊ ရေအေးပါ ထည့်လို့ရ.. အာ..ရှုပ်ကုန်ပြီ၊ မှန်ဘီလူးက Canon 70-200mm f/2.8 ပါ..၊း)

    မ,ရှင်လေး ...
    အားပေးတာလည်း ကျေးဇူးပါပဲနော်...၊

    အမည်ဝှက်စာဖတ်သူ (၂) ...
    ပုဂံနားမှာ ၉ နှစ်တောင် နေခဲ့ရတာ မိုက်တာပေါ့၊း) တဝကြီးကို လည်ခဲ့ဖူးမှာပဲ၊ အခု ပုဂံက တစ်နှစ်နဲ့ တစ်နှစ်ကိုတောင် မတူတော့ဘူးဗျ၊ မွမ်းမံတာတွေ အရမ်းများလာ နေပြီ..ဟူး၊း(

    မအိုင်အိုရာ ...
    သြော်..ဒါ့ကြောင့်ဖြစ်မယ်၊ သံတဲဟိုတယ်မှာ မအိုင်အိုရာရဲ့ အငွေ့အသက်တွေလိုမျိုး ခံစားခဲ့ရတာ၊း) အခုမှ သိသွားတယ်..ဟားဟား၊း)) (စိတ်မဆိုးပါနဲ့နော်၊ ခင်မင်ရာ ခင်မင်ကြောင်း ပါဗျာ)၊ ဟုတ်တယ်နော်၊ ပုဂံကတော့ ဘယ်တော့မှ ရိုးသွားမယ် မထင်ဘူးဗျာ..၊

    အမည်ဝှက်စာဖတ်သူ (၃) ...
    'သန္တရသ'..? အဲ.. ကျနော်လည်း မသိဘူးဗျ၊ ခံစားလို့ကို မဝနိုင်တာနဲ့ပဲ ဘာ 'ရသ' လဲဆိုတာ ရှာဖို့တောင် ခပ်မေ့မေ့ ပါပဲဗျာ..၊း)

    ကိုရန်အောင် ...
    စိတ်ဝင်တစား ရင်ဘတ်နဲ့ ဖတ်သွားလို့လည်း ကျေးဇူး အများကြီး တင်ပါတယ်ဗျာ..၊ တိတ်ကဲ ဘရိုး)

    မရိုစ့် ...
    သိပ်ကောင်းတဲ့ အစီအစဉ်ပေါ့ဗျာ၊ ပုဂံကို မိတ်ဆက် အပေးသင့်ဆုံး သူတွေဟာ ကိုယ့်သားသမီးတွေက လွဲလို့ တခြားဘယ်သူများ ရှိနိုင်ဦးမှာလဲ...၊

    Anonymous (3) ...
    Thank you for your visit and kind comment !!!

    ညီမ blackroze ...
    အေးအေးသက်သာနဲ့ ဆက်သာ လိုက်ခဲ့ပါ ညီမရေ..၊

    Sar Chit Thu ...
    Sure ! Just go for it as you wish, please !!! Thanks for your comment, too.

    မစူးနွယ် ...
    ဒါပေါ့ဗျာ၊ holidays သွားတာ ဆိုတော့လည်း စောစောစီးစီး ဘယ်ထချင် မှာတုန်း..၊ ကျနော်လည်း ဒီအတိုင်းဆို မနိုးဖို့များလို့ နှိုးစက်နဲ့ ထရတာ...၊း)

    ကိုညီရဲ ...
    ကျေးဇူးပါဗျာ၊ ကောင်းတယ်၊ အဆင်ပြေရင် သွားသာ သွားဗျို့..၊ အနည်းဆုံး တခေါက်ဖြစ်ဖြစ်တော့ ရောက်ဖူး သင့်တာ အမှန်ပါပဲ၊ နောက်ပိုင်း မြေငလျင်တွေ၊ မုန်တိုင်းတွေ၊ မွမ်းမံမှုတွေနဲ့ ဘယ်လောက်ဆက်ပြီး ရှိနေဦးမယ်ဆိုတာ ဘယ်သူမှ မသိနိုင်ဘူးလေ..။

    ReplyDelete
  27. This comment has been removed by the author.

    ReplyDelete
  28. ကိုညီ

    ညီကင်မရာက canon IXUS လေးမို့ ISO ကလည်း မနိုင် shutter speed ကလည်းနှေး၊ ရိုက်တဲ့သူကလည်း လက်ကတုန်၊ မှုန်ဝါးဝေသီမပီပြင်ဝိုးတဝါးလေးတွေမို့ ကိုညီ့ပုံတွေကြည့်အပြီးမှာ ပြဖို့ဝန်လေးရှက်ရွံ့သွားမိပါတယ်။ ကိုညီတကယ်ကြည့်ချင်တယ်ဆို မေးလ်ထဲကို တပုံပို့ပေးမယ်။ :P

    ညီ

    ReplyDelete
  29. မောင်မျိုးApril 3, 2012 at 4:57 AM

    ရင်သပ်ရှု့မောဖွယ်ပါပဲဗျာာ အိမ်အပြန်ကိုသိပ်ကြိုက်တယ် ....................

    ReplyDelete
  30. ပုဂံကတော့ မြို့အ၀င်မုခ်ဦးကြီးမြင်ကတည်းက ရင်ထဲ တမျိုးကြီးပဲ။ ဘိုးဘွားတွေရဲ့မြေလို့ ခံစားရတယ်။ အရမ်းပူပေမယ့် သွားဖို့ ဘယ်တော့မှ မပျင်းဘူး။ အိမ်ပြန်ချင်စိတ်ပေါက်သွားတယ် ကိုညီလင်းသစ်ရေ။
    လီယို

    ReplyDelete
  31. ညီ ...
    ကျနော် တကယ်ကြည့်ချင်ပါတယ်၊ အားငယ်စိတ်တွေ မထားပါနဲ့ဗျာ၊ ကျနော်တို့ အားလုံးက အပျော်တမ်း သမားတွေပဲ မဟုတ်လား..၊ ဘယ်ပြည့်စုံ နိုင်ပါ့မလဲ၊ :) nyilinnthit@gmail.com

    မောင်မျိုး ...
    ဟုတ်ကဲ့၊ ကြားရတာ ဝမ်းသာပါတယ် ညီရေ..၊

    လီယို ...
    ကျနော်လည်း အဲဒီလိုပဲ၊ ဒီမြေမှာ သူတို့တွေ ရှင်သန်၊ လှုပ်ရှားခဲ့ ကြတယ် ဆိုတဲ့ အသိနဲ့တင် အပူဒဏ်ကို မစဉ်းစားမိတော့ဘူး..။း)

    ReplyDelete
  32. Gorgeous photos..
    Thanks for share..

    ReplyDelete
  33. ရင်သပ်ရှုမော အံသြဘနန်း လှလွန်းပါတယ်။
    ပြောစရာစကားတွေ အများကြီးရှိရင် ဒီထက်ကို ပိုပြောချင်သေးတယ်
    လှလွန်းလို့ အသက်တောင်မရှူမိဘူးထင်ပါတယ်
    တကယ်ကိုပါဘဲ..
    ကျွန်မသာ ပုဂံကိုသွားရိုက်ရင် ဒီလိုပုံတွေ ထွက်လာမှာ မဟုတ်ဘူး။
    ကိုည်ီလင်းသစ်ပုံတွေ ကြည့်ပြီး ကိုယ်တိုင်သွားတာထက်တောင် ပိုစိတ်တိုင်းကျမိတယ်။
    တကယ့်ကို လှပခမ်းနားကြီးကျယ်လှတဲ့ ပုဂံရဲ့ ပုံရိပ်တွေပါဘဲ။ ပြောစရာစကားလုံးတောင် ရှာမတွေ့အောင်ပါ။

    ReplyDelete
  34. ၀ိုးးးးး ပုံတွေ လှလွန်းလိုက်တာ.....။ ဘယ်လိုများ ရိုက်လာပါလိမ့်။ ကျွန်မနောက်တစ်ခေါက်သွားရိုက်တောင် ဒီလိုပုံတွေ ထွက်မှာ မဟုတ်ဘူးရှင့်။
    ဟဟဟားးး ကင်မရာအမျိုးအစားအတူတူနဲ့ ရိုက်ရင်တောင်လေ.....။ တစ်ကယ်ပါပဲ လက်မက ထောင်စရာ ၂ခုပဲ ရှိလို့နော်။ သိတ်ကြိုက်ပါတယ်။
    အယူအဆရော၊ အလင်းအမှောင်တွေရော၊ ကင်မရာ ယူပုံလေးတွေရော......။ ကျွန်မ ခရီးသွားဦးမှာမို့ ပြန်လာမှပဲ မီရာက ဆက်လိုက်ပါ့မယ်။

    ReplyDelete
  35. လှလိုက်တာ အစ်ကိုရေ.. စာနဲ့ပုံနဲ့ သိပ်ဆွဲဆောင်နိုင်တာပဲဗျာ...


    ခင်မင်လျက်
    နေ၀သန်

    ReplyDelete
  36. ပုဂံရဲ့ မနက်ခင်းရော နေဝင်ချိန်ပါ ဘယ်အချိန်ကြည့်ကြည့် သိပ်လှတာပဲ။ ပုံတွေသိပ်လှတယ်ဗျာ။ ခံစားခွင့်ရတာ ကျေးဇူးတင်မိတယ်။

    ReplyDelete
  37. ဟိုနေ့တွေကတော့ ရောက်သားဒီနေ့မှနေကောင်းလို့ သေချာပြန်လာကြည့်ဖြစ်တယ်အစ်ကို...။ နေ၀င်ချိန်ပုံလေး လွမ်းစရာကောင်းတယ်...။ တပုဒ်လုံးဖတ်ရင်း ရင်ထဲမှာတဆစ်ဆစ်နဲ့.... ။ ဝေမျှခံစားခွင့်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ဗျာ..။

    ReplyDelete
  38. အစ်ကိုရေ ဒုတိယမ္ပိ လာဖတ်တာ အပိုင်း-၁ ကနေ ၄ အထိကို ဖတ်လို့ မ၀ဘူး... ကိုယ်တိုင်လည်း မကြာခင်က ပြန်ထားပေမယ့် အလည်သက်သက် မဟုတ်တော့ အစ်ကို့ပုံတွေ ပြန်ကြည့်ပြီး လွမ်းရတယ်... အခုမှပဲ ကောမက် ပေးဖြစ်တော့တယ်... ဆက်ရန်မျှော်မည် :P

    ReplyDelete
  39. ညီလင်းနဲ့တူတယ် နိုင်ငံတကာမှာပင်လယ်ကမ်းစပ်တွေ ကောင်းပေ့ဆိုတာတွေအများကြီး ရှိပါတယ် ပုဂံဆိုတာဘယ်နှယ်ခုရှိနိုင်မလဲ ဗမာပြည်ပြန်တဲ့မိတ်ဆွေတွေနဲ့စကားစပ်မိရင် ပင်လယ်ကမ်းခြေသွားဖို့တော့ ဘယ်တော့မှ မတိုက်တွန်းခဲ့ဘူး.. ဒါပေမယ့် အမ ပြန်လည်တုန်းကတော့ ပုဂံကိုသွားချင်ပေမယ့် မရောက်ဖြစ်ခဲ့ဘူး ၉၄ ၉၅ လောက်တုန်းက ကျောင်းက သူငယ်ချင်းတွေဆရာမတွေနဲ့တခေါက်ဘဲရောက်ခဲ့ဖူးတယ် . အဲတုန်းက တန့်ကြည်တောင် ဆရာတော်ကျောင်းမှာတည်းခဲ့တာပေါ့ ရောက်ဖူးသမျှ ဘုရားတွေပေါ်က တက်လို့ရသမျှ လှေခါးထစ်တွေအကုန် မမောမပမ်း တက်ခဲ့ရတာတွေ သတိရလိုက်တာ .. ပုဂံ မြေ ဆိုတာ ရှိနေသမျှ တချိန်ချိန်တော့ ရောက်ဦးမှာပါ ( ဒီနေ့မွေးနေ့ ၂၀၁၂ ဧပရယ် ၈ ရက်နေ့အမှတ်တရ အချိန်ရတာနဲ့ ကွန်မန့်ရေးသွားပါတယ် ဟိုနေ့ကဖတ်ပြီး မအားတာမို့ )

    mie nge

    ReplyDelete
  40. OMG ဓာတ်ပုံတွေက လှလိုက်တာ ကိုညီရေ..တကယ့်ကို ရင်သပ်ရှုမော ဖြစ်ရတယ်
    ..ပုဂံမရောက်တာ ၁၀နှစ် ရှိပြီ..မြန်မာတို့ ရဲ့  ပုဂံက ချစ်စရာကောင်းလွန်း၊ ခမ်းနားလွန်းလှတယ်

    ReplyDelete
  41. တကယ့်ကို ပြီးပြည့်စုံတာပဲဗျာ

    ReplyDelete
  42. ကိုညီလင်းသစ်ရေ...
    ပုံတွေက လှလိုက်တာ..တကယ့် Pro ပဲ..။
    ပုံတွေ ပြပွဲတင်လို့တောင်ရတယ်ရှင်...။
    တကယ့်ကို ရင်သပ်ရှုမောပဲ...။ ကျွန်မတို့ မြန်မာပြည်ကြီးမှာ တကယ့်နေရာတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိရတယ်။ ပုဂံကို ရွေးချယ်ခဲ့တဲ့အတွက် မှန်ကန်ကြောင်း ထောက်ခံလိုက်ပါတယ်။
    ကဲ..အပိုင်း (၅)သို့ ဆက်လက် ချီတက်ပါဦးမည်..။

    ReplyDelete
  43. ပို့စ်တွေရဲ့ ဆွဲဆောင်မှုတွေနောက် လိုက်နေတာ
    အလုပ်လဲ ခုထိ ဟုတ်တိ ပတ်တိကို မလုပ်ရသေးဘူး အကိုရေ
    အခု 2012ကမှ မြန်မာပြည် ပြန်လာခဲ့တာ ဆိုတော့ နောက်တစ်ခေါက် ဝေးဦးမှာပေါ့ :(
    ကမ္ဘာပေါ်မှာ လှတဲ့ ပင်လယ်ကမ်းခြေတွေ အများကြီး ရှိ တယ်၊ ဒါပေမယ့် ပုဂံကတော့ တစ်ခုတည်းပဲ ရှိတယ်-
    ဆိုတဲ့ စာသားလေး သဘောကျတယ်...
    နေ့လည် break ချိန်မှ ထပ် ဖတ်ဦးမယ်..နောက်ထပ်ပို့စ်တွေကို
    အခုတော့ အလုပ်ထဲ ပြန်ဝင်လိုက်ပါဦးမယ်ရှင်.....:))

    ReplyDelete
  44. You bring us to bagan. Love your post. I will continue read others. :D

    ReplyDelete