12 April 2012

အာရုံများ ပျံသန်းရာ နိုင်ငံကလေးသို့ (၅)


မနက်ပိုင်း အရုဏ်တက် နေထွက်ချိန်ကို ဓါတ်ပုံရိုက်ပြီးတော့ ဟိုတယ်ပြန်၊ မနက်စာစား၊ ပြီးတော့ လျှောက်လည်တဲ့ အချိန်မှာ သားကို အပျော်တမ်း ကင်မ်ကော်ဒါလေးတစ်လုံး ပေးထားလိုက်တယ်၊ အဲဒီတော့ ကျနော်ရိုက်သလို သူလည်း လိုက်ရိုက်ရင်းနဲ့ ဘေးနားမှာ တချိန်လုံး နီးပါး ရှိနေသလို ဖြစ်သွားတယ်၊ တကူးတက လိုက်ထိန်းစရာ မလိုတော့ဘူး ဆိုတဲ့ စိတ်ကူးနဲ့ပါ၊


သူဘာတွေ ရိုက်နေလဲဆိုတာ ကျနော်တော့ မစစ်အားပါဘူး၊ ကိုယ့်ကင်မရာနဲ့ကိုယ် ရှုပ်နေတယ်၊ သားက ကျနော့်ဘေးမှာ ရှိနေတာ စိတ်ချသွားတဲ့ မအိမ်သူလည်း အဲဒီတော့မှ ဈေးဆိုင်တွေ လွတ်လွတ်လပ်လပ် လျှောက်ကြည့်ရတယ်၊


မြင်းလှည်းကို တနေ့လုံးစာ ငှားလိုက်တယ်၊ ပုဂံက မြင်းလှည်းတွေကို တခြားနေရာက မြင်းလှည်းတွေထက် ပိုသဘောကျတယ်၊ သူက အမိုးဖွင့်လို့ ရတဲ့အပြင် ဆိုဖာကူရှင်တွေလည်း ထည့်ထားသေးတာကိုး၊း) တကယ်တော့ ပုဂံလိုနေရာမှာ လည်ဖို့ အကောင်းဆုံး ယာဉ်က မြင်းလှည်းပါပဲ၊ ၄၂ စတုရန်း ကီလိုမီတာ အတွင်းက ရှိသမျှဘုရားတွေကို မြင်းလှည်းက လိုက်ပို့နိုင် ပါတယ်၊ ပြီးတော့ မြေလမ်းကလေးပေါ်မှာ တိတ်တိတ်ဆိတ်ဆိတ်နဲ့ လေထုကိုလည်း မညစ်ညမ်းစေဘူးလေ..၊


ရွာဟောင်းကြီး...၊ sunset အတွက် ကျနော် နှစ်သက်ခဲ့တဲ့ ဘုရားပါ၊ အထူးသဖြင့် ဖေဖေါ်ဝါရီလမှာ ရွာဟောင်းကြီး ပေါ်က ကြည့်ရင် နေက အာနန္ဒာနဲ့ သဗ္ဗညု ကြားထဲကို ဝင်တဲ့ ရင်သပ်ရှုမောစရာ မြင်ကွင်းကို ရပါတယ်၊ အခုတော့ တက်ခွင့်မရတာ ကြာခဲ့ပါပြီ..၊


မြန်မာပြည် မလာခင် ၆ လလောက် အလိုကတည်းက ပုဂံရောက်ရင် မြင်းလှည်းမောင်းရမယ်လို့ သားကို ကျနော်က ပြောထားခဲ့တာ..၊ အခုတော့ သူ့အိပ်မက်တွေ စေရာအတိုင်း မြင်းဇက်ကြိုးကို တပိုင်တနိုင် ဆွဲနိုင်ပြီပေါ့၊း) ပုဂံမှာ တော်တဲ့၊ စိတ်ရှည်တဲ့၊ မြင်းလှည်းဆရာတွေ အများကြီး ရှိပါတယ်၊ အဲဒီထဲက တစ်ယောက်က ဒီလှည်းဆရာ ကိုစိုးတင့်ပါ၊ သူ့လှည်းကို သရပါတံခါး မဝင်ခင် ညာဖက်က ရွှေမြန်မာ-၃ ထမင်းဆိုင် ဝင်းထဲမှာ ဂိတ်ထိုးတယ်၊ လှည်းနံပါတ် ၄၄ ဖြစ်ပါတယ်၊ အများအားဖြင့်တော့ ကိုစိုးတင့်က တိုးကုမ္ပဏီတွေနဲ့ လိုက်တာများတယ်၊ ဒါပေမယ့် သူ့ကို ကြိုပြီး ပြောထားရင် ရပါတယ်၊ တောင်ဘီရွာသားပီပီ ပုဂံကို ကြေညက်ပါတယ်၊ တခြားမြင်းလှည်း ဆရာတွေလို ပုဂံအကြောင်း ပြောနိုင်တဲ့အပြင် ဓါတ်ပုံဆရာတွေ အများကြီးနဲ့ သွားဖူးလို့ ဘယ်အချိန် ဘယ်နေရာကနေ ဘယ်ဘုရားကို ဓါတ်ပုံရိုက်လို့ ကောင်းသလဲ ဆိုတာပါ သိတယ်၊ ပုဂံရောက်ဖြစ်ရင် မြင်းလှည်းတော့ စီးလိုက်မဟဲ့-လို့ တွေးထားသူများ ရှိရင် ကိုစိုးတင့်ကို ကျနော် recommend လုပ်ပါတယ်၊


'အနုမှာ အာနန္ဒာ' လို့ ဆိုကြတယ် မဟုတ်လား၊ မရောက်လို့ ဘယ်ဖြစ်မလဲ၊ အာနန္ဒာမှာ အတွင်းက ကြည့်စရာတွေ မကုန်နိုင်သလို အပြင်ကို ထွက်ပြီး ဖူးရတာလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်၊ အထူးသဖြင့် ၁၉ ရာစုမှာမှ ထပ်တိုးထားတဲ့ ကိုလိုနီခေတ် လက်ရာ အနောက်ဖက် စောင်းတန်းနဲ့ ဘုရားကို ယှဉ်ကြည့်တဲ့အခါ ဆင့်ပွားအတွေးတွေ အများကြီး ထွက်လာပါ လိမ့်မယ်၊


အတွင်းထဲက မတ်ရပ်ဆင်းတုတော်ကြီး ၄ ဆူမှာ အများသိကြတဲ့ အတိုင်း တောင်နဲ့မြောက် ၂ ဆူက ပုဂံခေတ် လက်ရာပါ၊ ပုဂံက ပန်းပုအကျော်အမော်တွေရဲ့ လက်ရာကို ဒီဘုရား ၂ ဆူမှာ ကောင်းကောင်း တွေ့ရတယ်၊ ဧည့်လမ်းညွှန်တွေက ဒီအချက်ကို သေသေချာချာ ရှင်းပြီး ဧည့်သည်တွေကို လက်တွေ့ပြလေ့ ရှိပါတယ်၊ အပေါ်ပုံမှာ မြင်ရသလို ပထမ အဝေးကနေ ပြတယ်၊ ဘုရားဟာ ပြုံးနေတယ်..၊


ပြီးတော့မှ ခြေတော်ရင်းအထိ ခေါ်ပြီး ဖူးခိုင်းတော့ မျက်နှာတော်ဟာ အခုလို တည်သွားတာကို တွေ့ရပါတယ်၊ ဒါကိုတွေ့တဲ့ ဧည့်သည်တိုင်းလိုလို အံ့သြသွားကြလေ့ ရှိတယ်၊ ဘုရားဖူး ရှင်းတဲ့ အချိန်ဆို အဝေးက အာရုံခံ တန်ဆောင်း ထဲမှာရပ်ပြီး မျက်နှာတော်ကိုကြည့်၊ ပြီးတော့ မျက်နှာ မလွှဲဘဲ မျက်နှာတော်ကို ကြည့်ရင်းက ရှေ့ကို တစ်လှမ်းချင်း လျှောက်လာတဲ့အခါ မျက်နှာတော်ဟာ ပြုံးနေရာက တဖြည်းဖြည်းနဲ့ တည်သွားတာကို တအံ့တသြ တွေ့ရပါလိမ့်မယ်၊ ပြီးတော့ ဒီမတ်ရပ်ကိုယ်တော်ကြီး တွေကို ကျွန်းပင်တစ်ပင်ထဲကနေ ထုလုပ်ထားတာ ဖြစ်ပါတယ်၊


နေ့လယ်စာကို အာနန္ဒာရဲ့ မြောက်ဖက်က အထွက်မှာ ရှိတဲ့ သရပါ-၃ ဆိုတဲ့ လမ်းဘေးဆိုင်လေးမှာ စားဖြစ်ပါတယ်၊ ဒီဆိုင်ရဲ့ နာမည်ကြီးက ကြက်သားကြော်နဲ့ အညာဟင်း၊ အသုပ်လေးတွေပါ၊ ဆီတွေများတဲ့ ရိုးရိုး ကြက်သားဟင်းကို ကျနော်တို့က မတို့မထိပဲ ကြက်ကြော်ကိုပဲ ဝိုင်းအားပေးကြတော့ ဆိုင်ရှင်ကလည်း အလိုက်တသိပဲ ပြန်သိမ်းသွားတယ်၊


အညာလက်ရာ မန်ကျည်းရွက်သုပ်...၊ တော်တော်လေးကို ကောင်းပါတယ်၊


အဲ.. ဒီအသုပ် နာမည်တော့ မေ့သွားပြီ..၊း) တွေးကြည့်တာ ပြေးကြည့်တာထက် မှန်တယ်ဆိုတဲ့ မောင်နှမတွေ ပါရင် နာမည်လေး ခန့်မှန်းပေးခဲ့ ပါဦးဗျာ..၊


အန်တီစုလည်း ပုဂံလာတုန်းက ဒီ သရပါ-၃ မှာပဲ စားသွားခဲ့ ပါသေးတယ်၊ အခုလိုပဲ ခုံပုလေးတွေမှာ ထိုင်ပြီး စားရပါတယ်၊ အနားမှာ ခွေးကလည်း သုံးလေးကောင်လောက် ရစ်သီရစ်သီနဲ့၊ ဆိုင်ရှေ့က မြေလမ်းမှာ ကားမောင်းသွားရင်လည်း ဖုန်တွေက တလုံးလုံး..၊ ဒါပေမယ့် ကြိုက်တယ်၊ ပကာသန မပါဘူး၊ ဈေးချိုတယ်၊ အညာဟင်းတွေ ရတယ်၊ ကျေးလက်ဆန်တယ်၊ ကျနော်တို့ ၃ ယောက်လုံး ကြိုက်လို့ ၂ ခါပြန် သွားစားဖြစ်တယ်၊


'ဥာဏ်မှာ သဗ္ဗညု' တဲ့..၊ ဘုရားကြီးက စိတ်မကောင်းစရာ အရင်ကထက်ကို ပိုပြီး ညစ်ထပ်ထပ် ဖြစ်သွားပြီ၊ ရေတံလျှောက်တွေက ရေစီးကြောင်းတွေက နံရံပေါ်မှာပဲ စီးကျရင်းနဲ့ အမည်းစင်းကြီးတွေ ဖြစ်လာတယ်၊ အထဲမှာလည်း နံရံဆေးရေးတွေကို ထုံးက အထပ်ထပ် အုပ်ထားလို့ ဘာမှ မကျန်တော့ပါဘူး၊ မအိမ်သူကတော့ သဗ္ဗညုကို အနှစ်သက်ဆုံးလို့ ပြောတယ်၊ ဒီဘုရားကို ရောက်လာရင် ရင်ထဲမှာ မွန်းကျပ်သလို၊ လွမ်းသလို၊ တစုံတခုက ဆွဲထားသလို ခံစားရတယ် ဆိုပဲ၊ သူငယ်ချင်းတွေကို ပြောပြတော့ ဒါဆို ပုဂံခေတ်တုန်းက သဗ္ဗညုမှာ ကောင်းမှုပြုခဲ့တဲ့ မင်းသမီး ဖြစ်မယ်လို့ နောက်ကြတယ်၊ ကျနော်က ခပ်သောသောနဲ့ ဝင်ပြောလိုက်တယ်၊ ဘုရားကို လှူခဲ့တဲ့ 'ကျွန်မ' လည်း ဖြစ်နိုင်တာပဲ-လို့၊ မျက်စောင်းတစ်ချက် ဒိုင်းကနဲ ရောက်လာခဲ့တယ်..၊း)


၂၀၀၉ ပြန်တုန်းက ဒီဘုရားကို ဓါတ်ပုံရိုက်ခဲ့တာ ပုံထွက်က ခပ်ဝါးဝါးပဲ ရတယ်၊ ဒီတစ်ခေါက်တော့ အလင်းဝင်ပေါက် f/1.4 ထိ ဖွင့်လို့ရတဲ့ မှန်ဘီလူးနဲ့ မကျေပွဲ သွားပြန်နွှဲတယ်၊ ပုထိုးသားများ ဘုရားထဲကပါ၊ အထဲမှာ တော်တော့်ကို မှောင်တယ်၊


ပုထိုးသားများက ပုဂံခေတ်ဦး မွန်လက်ရာပါ၊ အဲဒီခေတ်ဦး ဗိသုကာပညာမှာ ပြူတင်းပေါက်၊ မျက်နှာကြက် အပေါက်၊ စတာတွေ မပါဘဲနဲ့ အတွင်းထဲက ဆင်းတုတော်ပေါ်ကို အဓိက ဝင်ပေါက် တစ်ခုတည်းကနေ အလင်းသွယ်ယူတာ တကယ်တော်ပါတယ်၊ ဘုရားထဲ ဝင်လိုက်တဲ့အခါ ခပ်မှောင်မှောင် အခင်းအကျင်းထဲ အပေါ်ပုံထဲကလို ဘုရားက သဘာဝ အလင်းရောင်နဲ့ စံပယ်နေတာ သပ္ပယ်လှတယ်..၊


ဘယ်တော့မှ မရိုးနိုင်တဲ့ ပုဂံရဲ့ မြင်ကွင်း...၊ တခါတလေ အဲဒီလို ဆိတ်အုပ်၊ နွားအုပ်တွေထဲ ဝင်ထိုင်ပြီး တမေ့တမော နွားကျောင်းသား လုပ်နေလိုက် ချင်တယ်..၊း)


'ထုမှာ ဓမ္မရံ' တဲ့...၊ ဓမ္မရံကြီးကို ပုဂံရဲ့ ပိရမစ်လို့ တင်စားခေါ်ကြတာ ဒီလို ရှုထောင့်ကနေ သုံးသပ်ခဲ့ကြတာ ဖြစ်မယ်၊ ကျန်တဲ့ဘုရားတွေမှာ အလှူရှင်တွေ အသီးသီး ပေါ်လာကြပေမယ့် သူ့မှာတော့ အခုထိကို အပယ်ခံ..၊ ဘုရင်ကိုယ်တိုင် အပြီးမသတ်နိုင် မှတော့ နှောင်းလူတွေလည်း လက်ရှောင်ကြတယ် ထင်ပါရဲ့...၊ တကယ်တော့ ဒီလိုဖြစ်နေတာကပဲ ခပ်ကောင်းကောင်းလို့ ဆိုရမှာပါပဲ၊ ပြင်လိုက်မှ ပိုဆိုးသွားတာတွေက များသထက် များလာတယ် မဟုတ်လား..၊


ဒါက ဂူနီညီအစ်မပါ၊ ဒီတခေါက် ပုဂံမှာ စိတ်မကောင်းစရာက ကျနော်နှစ်သက်တဲ့ ဘုရား ၂ ဆူကိုပါ အပေါ်တက်ခွင့် ပိတ်လိုက်တာနဲ့ ကြုံရတာပါ၊ ခေမင်္ဂနဲ့ တရုတ်ပြေး...၊ ဒီဘုရား ၂ ဆူပေါ်မှာ နေကုန်နေခန်း ထိုင်ခဲ့ဖူးတယ်၊ အကြိမ်ပေါင်းများစွာ တက်ဖူးတယ်၊ ဒါပေမယ့် ဘယ်တော့မှ မဝပါဘူး၊ ဂူနီညီအစ်မတော့ အခုထက်ထိ တက်လို့ရသေးတယ်၊ ဓမ္မရံကြီးရဲ့ တောင်ဖက်ကပ်ရက် ပါပဲ၊ မြောက်ဂူနီ ပေါ်ကနေလည်း နေဝင်ချိန်ကြည့်လို့ လှတယ်၊


အဲဒီလို ဘုရားတွေ နောက်ခံနဲ့ ဖုန်တလုံးလုံး မြင်းလှည်းတန်းတွေများ မြင်ရင် ကျနော့်မှာ ဘာမှ လုပ်ချင်ကိုင်ချင်စိတ် မရှိတော့ဘဲ ဒီလိုသာ ထိုင်ငေးနေချင် တော့တယ်..၊း)


အို... ချစ်သောပုဂံ...၊


ဒီမြင်ကွင်းလေးကတော့ ဘာမှကို ပြောင်းလဲ မသွားဘူး၊ လွန်ခဲ့တဲ့ ၁၂ နှစ်၊ ၁၃ နှစ်က ကျနော် ဧည့်လမ်းညွှန် လုပ်ခဲ့စဉ်ကလည်း ဒီလိုပဲ ဘုရားရှေ့က ဖြတ်ပြီး နွားတွေကို အိမ်ပြန်မောင်းသွားတာ တွေ့ရတယ်၊ အခုလည်း ဒီနေရာ၊ ဒီအချိန်ပဲ၊ အနောက်ဖွားစောရွာက နွားတွေပါ၊ ပြဿဒ်ကြီး ပေါ်ကနေ ရိုက်ပါတယ်၊


တနေဝင်ပြန် အုံးတော့မယ်၊ ပုဂံဟာ မျက်စိရှေ့မှာပဲ တဖြည်းဖြည်းနဲ့ မှေးမှိန်လာနေပြီ၊ မထတမ်း ဆက်ကြည့်နေမယ်၊ အဲဒီနေလုံး တန့်ကြည့်တောင် အနောက်ကို ငုပ်သွားတဲ့ အထိပေါ့လေ...။ ။

(ဆက်ပါဦးမယ်..)


ညီလင်းသစ်
၁၂ ဧပြီ၊ ၂၀၁၂

43 comments:

  1. ကိုညီလင်းသစ်က ပြင်သစ်ဂိုက်လားဂျာမာန်ဂိုက်လား။
    ကျမမြင်ဖူးမယ်နဲ့ တူတယ်။
    ကျမမြန်မာပြည်မှာမွေးပြီးပုဂံကို
    လေယာဉ်ကွင်းဘဲရောက်ဖူးခဲ့တယ်။
    ပုံတွေလှလိုက်တာ။
    စိတ်ရှည်ရှည်နဲ့ ရိုက်တတ်တယ်နော်။
    ကျမဓါတ်ပုံရိုက်ဝါသနာပါပေမဲ့စိတ်မရှည်လို့ 
    ပုံကောင်းဘယ်တော့မှမရခဲ့ဖူးဘူး..။

    ReplyDelete
  2. အော်..ဒါနဲ့ အသုပ်ကကြောင်လျှာသီးသုပ်များလား...။
    :))))

    ReplyDelete
  3. ကိုညီလင်း ပုဂံပိုစ့် တက်လာတဲ့နေ့တိုင်း အိမ်မှာ တအိမ်လုံးကို ပတ် ရစ် နေတာ...
    ပိုစ့်ကို လာဖတ်လိုက်... အိမ်ကလူတွေကို ပြလိုက် .. ပြဿနာရှာလိုက်...
    ဒီ ဒီဇင်ဘာတော့ ကိုစိုးတင့်ကို သွားရှာနိုင်တန်ကောင်းပါရဲ့...း)

    ReplyDelete
  4. နှစ်သက်လို့ရေးတာ နှစ်သစ်လို့ဖြစ်နေတယ် သင်္ကြန်နှစ်သစ်ကို စိတ်ရောက်နေတဲ့ ကိုညီ...:P
    စိတ်ထဲကရေလောင်းသွားတယ်ဗျာ

    ညီ

    ReplyDelete
  5. VERY NICE SHOOT..
    THANKS

    ReplyDelete
  6. အစ်ကိုရေ... အစ်ကို့ရဲ့ ဒီပို့စ်လေးတွေဖတ်ရတာ ဖတ်မ၀ဘူး..း)... ဘာပါနေလဲတော့မသိဘူး.. သာမန်ခရီးသွားအကြောင်းထက် ထူးခြားနေတာတော့ အမှန်ပဲ..း).. ဆက်ရန်ကိုလည်း စောင့်နေပါတယ်.... ထမင်းပန်းကန်ကို ကလေးက ဓါတ်ပုံရိုက်နေတာလား... ဘေးက မအိမ်သူလား..း))... စပ်စုသွားတယ်.. ဟဲ

    ခင်မင်လျက်
    နေ၀သန်

    ReplyDelete
  7. ပုဂံဘုရားလာဖူးသွားပါတယ် အကိုရေ
    ဓာတ်ပုံလေးတွေကြည့်ပြီပြန်ချင်တာ
    ၇ူးနေတာပဲ :)

    ReplyDelete
  8. Ko Nyi Linn Thit..
    Very interesting posts..from part 1all the way to part 5 :)
    Wishing you & family Happy Myanmar New Year..
    Cheers,
    -War So

    ReplyDelete
  9. ဘုရားပုံတွေအကြောင်း ရှင်းလင်းရေးပြထားတာ သဘောကျတယ်။ အဲလိုမှ ဒီက နားလည် သဘောပေါက်လွယ်တယ်။

    မန်ကျည်းရွက်သုပ်တွေ စားချင်လိုက်တာ။

    ပုံတွေ ထပ်ထပ်ကြည့်မိနေတယ်။

    ကိုစိုးတင့်နဲ့တော့ တွေ့ဘို့မလွယ်သေးဘူး။
    ဝေးဝေးကသာ လွမ်းပါမယ်

    ReplyDelete
  10. ဓါတ်ပုံတွေ အကုန်လန်းတယ်ဗျာ။ နေရာရွေးတာကလဲ ပညာပါပါ့ဗျာ။ ကလေးရိုက်ခဲ့တဲ့ ဗီဒီယိုတွေကလဲ အမှတ်တရဖြစ်မှာပါ။ မကြေပွဲနွှဲခဲ့တဲ့ ဆင်းတုတော်ပုံကို အကြိုက်ဆုံးပဲ...
    N/A

    ReplyDelete
  11. ပုံတွေ သိပ်လှတာပဲ (လို့ ထပ်ပြောသွားပြန်ပြီ)
    ထမင်းဆိုင်မှာ သူ့ ကမ်ကော်ဒါနဲ့ အလုပ်ရှုပ်နေတဲ့ သားလေးက ချစ်စရာ....
    အသုပ်ကိုတော့ ပဲစောင်းလျားသီးသုပ် (သို့) ကြောင်လျှာသီးသုပ်လို့ ထင်မိတာပဲ.. မန်ကျည်းရွက်ဖတ်လေးတွေလည်း မြင်သလိုလို....။

    ReplyDelete
  12. အဲလိုဆိုင်မျိုးမှာ အဲလိုဟင်းနဲ့စားချင်တာ... နောက်တခေါက်ပေါ့။
    ဟိုတုန်းကဆို လမ်းဘေးဗမာဆိုင် ကောင်းကောင်းမရှိဘူးနော်။ ဆိုင်ခန်းနဲ့ရောင်းတဲ့၊ အိမ်ဝင်းထဲမှာရောင်းတဲ့ ဆိုင်တွေပဲရှိတယ်။ ခုမှ ဗမာဘုရားဖူးတွေများလာလို့ အဲလိုဆိုင်လေးတွေတွေ့ရတာ။ မန်ကျည်းရွက်သုပ် စားခဲ့ရတာ မနာလိုလိုက်တာ :D အသုပ်နောက်တပွဲက ပါတာကောင်းကောင်းမမြင်ရလို့ ဘာအသုပ်မှန်းမသိဘူး။ မြူရွက်သုပ်လား?

    ကျမလည်း မြင်းလှည်းစီးရတာကြိုက်တယ်... မြင်ကွင်းကျယ်ပြီး နှေးတော့ ဘေးရှုခင်းကို ကောင်းကောင်းခံစားနိုင်တယ်။ တရုတ်ပြေးက အပေါ်ဆုံးရဲ့အောက်တထစ်အထိ တက်လို့ရသေးတယ် မဟုတ်ဘူးလား။ ၂၀၁၀ ဒီဇင်ဘာတုန်းက ရသေးတယ်။

    ပုံတွေ လှလိုက်တာ... ဆည်းဆာအောက်က နွားတွေနဲ့ဖုန်လုံးထနေတဲ့ပုံ အကြိုက်ဆုံးပဲ... နောက်တပို့စ် မြန်မြန်ဖတ်ရပါစေ...

    ReplyDelete
  13. အံမယ်လေးနော် ....................
    မန်ကျည်းရွက်သုပ်ပုံကိုလဲ ဟိုတခါတုံးက ချဉ်ပေါင်ကြော်ပုံကိုကြည်.သလိုမျိုး တစိမ်.စိမ်.အကြာကြီးကြည်.ပြီး ပါးစပ်ထဲမှာ သွားရည်တွေပြည်.လာတယ်။ ဒုတ်ခကြီးလိုက်တာနော်။
    နောက်တခုက မအိမ်သူဘောင်းဘောင်းကိုအရမ်းကြိုက်ပါတယ်ဗျို.။
    စိမ်းပြာရောင်လွင်လွင်လေးရယ်၊ ချည်သားလေးပါးတားရားလေးရယ်၊ ခြေသလုံးနေရာမှာ အကျီလက်ဖောင်းလိုအစည်းပါတဲ.ဘောင်းဘီမျိုးမို. အရမ်းကြိုက်..
    သားလေးကလဲ သူ.စိတ်ဝင်စားရာနဲ.သူ ၊လူကြီးလေးလိုပေါ.လေ။

    ReplyDelete
  14. မမီးမီးငယ် ...
    ပြင်သစ်ဂိုက် လုပ်ခဲ့တာပါ၊ အလုပ်က တပြည်လုံး လျှောက်သွားနေရတော့ မြင်ဖူးနိုင်ပါတယ်ဗျာ၊း) အသုပ်က ကြောင်လျှာသီးသုပ်တော့ မဟုတ်ဘူးလို့ မှတ်မိတာပဲ..၊

    မသက်ဝေ ...
    တော်ကြာ အိမ်ကလူတွေက ကျနော့်ဘလော့ဂ်ကို black list ထဲ ထည့်လိုက်မှ ဒုက္ခ..၊း)) ဒီဇင်ဘာမှာ သွားနိုင်ရင်တော့ အကောင်းဆုံးပေါ့ဗျာ၊ ပုဂံက ဒီဇင်ဘာနဲ့ ဇန်နဝါရီမှာ လည်ဖို့ အကောင်းဆုံး၊ အလှဆုံး..၊ ကိုစိုးတင့်နဲ့ သွားဖြစ်ရင် ဓါတ်ပုံရိုက်လို့ ကောင်းတဲ့နေရာတွေ လိုက်ပို့ပေးလို့သာ ပြောလိုက်ပါ၊ နေရာမထပ်အောင် သူ ပို့ပေးပါလိမ့်မယ်၊း)

    ညီ ...
    အေးဗျာ၊ အိပ်ချင်မူးတူးနဲ့ မှားသွားတယ်နဲ့ တူတယ်၊း) ပြင်လိုက်ပါပြီ၊ ပြောပြတာ ကျေးဇူးပါပဲ၊ သဘောရှိသာ လောင်းသွားတော့ဗျာ..၊း)

    Anonymous ...
    Thank you !!!

    ကိုနေဝသန် ...
    ကြားရတာ ဝမ်းသာပါတယ်ဗျာ၊ ကျနော်လည်း ဘိန်းတွေ၊ ဘာတွေတော့ ထည့်မရေးမိပါဘူး၊း) ဟုတ်တယ်ဗျ၊ ဟင်းပန်းကန်တွေကို ကျနော် ဓါတ်ပုံ ရိုက်တာမြင်တော့ သူကလည်း ကင်မ်ကော်ဒါနဲ့ လိုက်ရိုက်နေတာ..၊း) ဘေးက မအိမ်သူပါ..၊

    မချစ်စံအိမ် ...
    လာလည်တာ ကျေးဇူးနော်၊ မကြာသော အချိန်မှာ ပြန်ခွင့်ရပါစေလို့ ဆန္ဒပြုပါတယ်ဗျာ..၊

    Ma War So ...
    Thank you for your kind comment !!! I wish you a Happy Myanmar New Year too !!!

    အမည်ဝှက်စာဖတ်သူ ...
    ကျနော် ရှင်းပြတာ အထောက်အကူဖြစ်တာ သိရလို့ ဝမ်းသာပါတယ်၊ အေးဗျာ.. တခါတလေမှာ အချိန်မတန်သေးတော့လည်း ဒီလိုပဲ စောင့်ဆိုင်းရတာ ပါပဲ..နော၊

    ကို N/A ...
    ခုတလော ပျောက်နေပါလား? အဆင်ပြေရဲ့လား? အေးဗျာ.. ကျနော်လည်း မရိုက်နိုင်မယ့်အတူတူ သူ့ကို ပေးထားတာမှ အမှတ်တရ ပုံတချို့ ပါလာမယ်လို့ တွေးတာပဲ၊ ပုံတွေကတော့ မိသားစုနဲ့ သွားတော့ ရသလောက် အချိန်ကိုလုပြီး ရိုက်ခဲ့တာပါပဲဗျာ..၊

    မ,စင်စင် ...
    ကျေးဇူးနော်၊ အသုပ်က ကြောင်လျှာသီးသုပ်တော့ မဟုတ်ဘူးဗျ၊ ပဲစောင်းလျားသီးက ပိုဖြစ်နိုင်တယ်၊ ကျနော်လည်း ခေါင်းပူအောင် စဉ်းစားပေမယ့် ဘာမှ ထွက်မလာဘူးဗျ..၊း)

    မစူးနွယ် ...
    ဟုတ်တယ်ဗျ၊ အဲဒီလို ထနောင်းပင်အောက်မှာ အဖီလေး ချထားတဲ့ ဆိုင်ရိုးရိုးလေးတွေမှာ စားရတာ စိတ်ချမ်းသာဖို့ ကောင်းတယ်၊ ဘာမှ ဟိတ်ဟန် မရှိဘူး၊ ဟင်းလေးတွေကလည်း အိမ်ချက်ပဲ၊ နောက်တခေါက် ရောက်တဲ့အခါ မန်ကျည်းရွက်သုပ် အဝစားခဲ့လေ၊း) ဟိုအသုပ်က မြူရွက်သုပ်လည်း ဖြစ်ဖို့များတယ်၊ အခု နည်းနည်း မှတ်မိသလိုလို..၊ တရုတ်ပြေး ပိတ်လိုက်တာ လပိုင်းပဲ ရှိပါသေးတယ်၊ အခု အတော်များများ ပိတ်ကုန်ပြီ၊ Temple type ဘုရားတွေ အကုန်နီးပါး ပိတ်ပြီး Stupa type ဘုရားတွေကို ပြန်တက်ခွင့် ပေးမယ်လို့လည်း ကြားခဲ့ရတယ်..၊ နောက်တစ်ပို့စ် အမြန်ဆုံး တင်ပါ့မယ်..၊း)

    ReplyDelete
  15. အမည်ဝှက်စာဖတ်သူ (၂) ...
    အဲဒီလောက်တောင်ပဲ လားဗျာ၊ ပုံတွေက သိပ်နှိပ်စက်ရာများ ကျနေပြီလား၊း) ဟုတ်ကဲ့၊ ဘောင်းဘောင်းအကြောင်းလည်း ပြောလိုက်ပါ့မယ်၊ သားကတော့ သူ့ကိုယ်သူ လူကြီးလို့ ထင်ချင်နေတာ.။း)

    ReplyDelete
  16. အကိုရာ......အကို့ပုံတွေကြည့်ပြီး သဘောကျလိုက်
    တာ....ပုဂံကိုမရှေးမနှောင်းရောက်တာခြင်းအတူတူ၊
    ကျွန်တော့်ပုံတွေများ တစ်ပုံမှကိုမစွံဘူးဗျိုး...။
    ကိုယ့်ဟာကိုယ်တောင်
    မကြိုက်ဘူးရယ်...၊ပုထိုးသားများပုံကိုတော့အကြိုက်
    ဆုံးပဲ၊သားသားလေးက သူ့အမေတူလို့ချောတာကိုးဗျ၊
    သူ့အဖေတူရင်တော့....:D။အဲ့ထမင်းဆိုင်လေးမှာ
    စားခဲ့သေးတယ်၊ဟုတ်တယ်...သိပ်စားလို့ကောင်း
    တယ်ဗျ...၊ပုဂံကမြင်းလှည်းဆရာတွေကတော့
    စိတ်လည်းရှည်ကြ၊ပုံပြောလည်းကောင်းကြပါတယ်။
    ဓာတ်ပုံရိုက်ချင်သူတွေရဲ့အကြိုက်ကိုလည်းသိသဗျ၊
    (ဒါတောင်ကိုယ်တွေညံ့ချက်ကတော့မပြောပါနဲ့ဗျာ :))
    ပုဂံကိုရောက်ခဲ့တာမကြာပေမယ့် အကို့ပုံတွေကြည့်
    ပြီး နောက်တစ်ခေါက်ပြန်သွားချင်စိတ်ပေါက်မိတယ်
    ဗျိုး.....။

    ReplyDelete
  17. စာဖတ်လိုက် ပုဂံဘုရားဖူးလိုက်နဲ့ ဟန်ကျလို့ အစ်ကိုရေ... အစ်ကို့ ပိုစ့်ကို ဖတ်ပြီး ပုဂံကို ဘုရားဖူးသွားချင်စိတ်က ပိုပိုဆိုးလာတယ်... ပြောလွန်းလို့ သူငယ်ချင်းတွေကတောင် အမြင်ကတ်နေကြပြီ... လောလောဆယ်တော့ အစ်ကို့ ပိုစ့်လေးနဲ့ စိတ်အာသာဖြေနေရတယ် အစ်ကိုရေ...

    ReplyDelete
  18. ပုံတွေလှတာကိုမှီအောင်ပြောနိုင်တဲ့စကားလုံးရှာမတွေ့ ဘူးကိုညီလင်းသစ်ရေ။
    ဘယ်ပုံအကြိုက်ဆုံးပါလို့ တောင်မပြောနိုင်အောင်ပါဘဲ။ ဒါလေးတော့အကြိုက်ဆုံးဆိုပြီးဆက်ကြည့်တော့ဟင်ဒါလည်းအကြိုက်ဆုံး..ဆက်ကြည့်တော့..ဟင်ဒါလည်းအကြိုက်ဆုံးဆိုပြီးနောက်ဆုံးတော့အားလုံးအကြိုက်ဆုံးဖြစ်ကုန်တယ်။း)
    ကျေးဇူးပါ။
    အိုင်အိုရာ

    ReplyDelete
  19. ပုံတွေကလှတယ်ဗျ။ ပုဂံရှုခင်းပုံတွေကြည့်ပြီး အိမ်ပြန်ချင်လိုက်တာဗျာ။ သားသားက အရမ်းကိုချစ်စရာကောင်းတယ်။
    (လီယို)

    ReplyDelete
  20. ပုဂံအလှကိုတော့တစ်ဝကြီးခံစားခဲ့ရပါတယ်
    ပုံတွေအရမ်းကိုကောင်းလို့ပါ
    အသုပ်တစ်မျိုးက အဖတ်လေးတွေကြည့်ရတာ
    ကြောင်လျှာသီးကိုပါးပါးလှီးပြီးသုပ်ထားတာထင်တယ်
    သားလေးကမြင်းလှည်းမောင်းရတာပျော်နေတဲ့ပုံပဲ

    ReplyDelete
  21. လင်းခန့် April 12, 2012 at 8:21 PM

    ကိုညီရေ
    ပိုစ့်တွေတော့တင်တိုင်းဖတ်ဖြစ်တယ်ဗျာ။ကော်မန့် တော့သိပ်မမန့် ဖြစ်ဘူး။ပုံတွေအရမ်းကောင်းတယ်ဗျာ။အကုန်လုံးလိုလိုကောင်းတယ်။ကြိုက်တယ်။ဘယ်အကြောင်းအရာ ပိုစ့်မဆိုရှင်းပြတာကို ကျွန်တော်တော့ကြိုက်တယ်ဗျာ။ဗဟုသုတရလို့ ။ :D
    ဒါနဲ့ ညဏ်မမှီတာလေးရှိလို့ မေးပါရစေ။ပုဂံလိုရှေးဟောင်းဘုရားတွေကိုနှစ်ကြာလို့ ပြင်ဆင်ပြန်တော့ ရှေးဟောင်းသုတေသီတွေက အော်တယ်။ရှေးဟောင်းလက်ရာတွေပျက်လို့ တဲ့။မပြင်ပြန်တော့ ....။ကိုညီကောဘယ်လိုမြင်လဲ။အဲ့လိုရှေးခေတ်လက်ရာတွေကိုမပျောက်ပျက်အောင်ဘယ်လို Maintain လုပ်သင့်သလဲ။
    စကားမစပ်။ ။ မင်္ဂလာရှိသောမြန်မာနှစ်သစ်မှာ တစ်မိသားစုလုံးပျော်ရွှင်နိုင်ပါစေဗျာ။ :)

    ReplyDelete
  22. အကိုရေ
    ဒါ့ပုံတွေနဲ့နှိပ်စက်လှချည်လား
    ပုဂံညနေခင်းပုံတွေအရမ်းလှတယ်အကိုရာ
    ပုံလေးတွေကြည့်နေရင်းနဲ့
    ကိုယ်ပါအဲဒီညနေခင်းလေးထဲ
    ရောက်သွားသလိုဘဲ
    မျက်စိထဲမှာတကယ်ကိုဘဲ
    နွားအုပ်တွေ ဖုန်တထောင်းထောင်း
    ထနေတာတွေမြင်ယောင်လာတယ်
    နွားတွေ..နွားကျောင်းတဲ့သူတွေ
    အချိန်ကာလတွေပြောင်းလဲ
    သွားပေမဲ့မြင်ကွင်းလေးကတော့
    အခုချိန်ထိအောင် အသက်ဝင်နေဆဲပါလို့
    ပြောရမှာပေါ့နော်..
    ညီမလည်းနိုင်ငံခြားထွက်လာဖြစ်လို့
    မြန်မာမှာသာဆက်ရှိနေမယ်ဆိုရင်
    အခုချိန်ဆို
    တိုးရစ်ဂိုက် တယောက်ဖြစ်နေမယ်
    ထင်ပါရဲ့လေ...

    ReplyDelete
  23. ပြောဖို့မေ့သွားတယ်
    ပျော်ရွှင်စရာ မြန်မာနှစ်သစ်ကူးလေး
    ဖြစ်ပါစေရှင်..

    ReplyDelete
  24. ပုံတွေ နဲ့ စာတွေ ကြည့်ပြီး မျက်တောင်ခတ်ဖို့ တောင် မေ့သွားတယ်။ အလင်း ၊ အမှောင်ယူထားတာတွေ အရမ်းလှတာပဲ။ အရှေ့ပိုစ့်က သနပ်ခါးလိမ်းထားတဲ့ သားသားလေးကလည်း ချစ်စရာကောင်းလိုက်တာ :)

    ReplyDelete
  25. Look, the way he concentrate on the display, like father like son, he must hv a photographer spirit i believe, also, dusts in the cows shot bring up some atmospheres, favourite one, noted the detail of kosoetint, thanks.

    ReplyDelete
  26. အရင်က ပုဂံ ကို အထူးတလည်ချစ်စိတ် သွားချင်စိတ် မဖြစ်ခဲ့ဖူးဘူး။ ကိုညီလင်း ရဲ့ ပိုစ့်တွေ ဖတ်လိုက်ရတာ ထူးထူးခြားခြား သွားချင်စိတ် အရမ်းဖြစ်သွားတယ်။ ပုဂံ ကို ချစ်တဲ့တစ်ယောက်ကို ဒီပိုစ့်လေးတွေ ပြလိုက်ဦးမယ်။ ဓာတ်ပုံတွေကို အရမ်းကို ကြိုက်တယ်။ ကူးလို့ ရရင် ကူးထားချင်ပါတယ်။

    ReplyDelete
  27. ပုံတွေ လှလွန်းလို့ အသက်မရှူမိအောင်ဖြစ်ရတယ်
    ဒီသင်္ကြန် ပုဂံသွားဖို့စိတ်ကူးထားတာ ဒါပေမဲ့ သင်္ကြန်ရက် ခရီးထွက်ဖို့ ကြောက်တာနဲ့ဘဲ မရောက်ဖြစ်တော့ဘူး
    သေချာတယ်နော်။ ဓာတ်ပုံတွေ အများကြီးရိုက်ဖြစ်မှာ
    ပုဂံဟာ ကမ္ဘာပေါ်မှာ ဓာတ်ပုံရိုက်လို့ အကောင်းဆုံး နေရာထဲမှာ တစ်ခုအပါအဝင်လို့ ကျွန်မ ထင်တယ်။
    ပုံတိုင်းလိုလို လှနေတော့တာပါဘဲ
    ဒါပေမဲ့ ကိုညီင်္လင်းသစ်တို့လို ရိုက်တတ်တဲ့သူတွေနဲ့တွေ့တော့ ပုဂံဟာပိုလို့ သက်ဝင်လှပနေတော့တာ။

    ReplyDelete
  28. သားလေးကအချောလေးပဲ
    ပုဂံကိုဖြစ်နိုင်ရင်တနှစ်တခါ တခါသွားတပတ်နှစ်ပတ်လောက် သွားချင်တယ်
    ပြုံးရာကတည်သွားတာကိုတော့ perspectiveသဘောအရလို့မြင်ပီးကထဲသိပ်မအံ့ဩတော့ဘူး
    ကျွန်းတပင်ထဲကထွင်းထားတယ်ဆိုတာကိုတော့ဘယ်လိုတွေးတွေးအံ့ဩတုန်းဘဲ

    ReplyDelete
  29. ကိုညိမ်းနိုင် ...
    ကိုညိမ်းနိုင်လည်း သရပါ-၃ မှာ စားခဲ့သေးတာကိုး၊ ကျနော်တို့တော့ ခြေရာတွေ ထပ်နေပြီဗျ၊း) ကိုညိမ်းနိုင်က ကိုယ့်ကိုယ်ကို နှိမ့်ချနေပြန်ပြီ၊ အန်ကောဝတ်မှာ ရိုက်လာတဲ့ ပုံတွေ လှပါတယ်ဗျ...၊

    ကိုညီရဲ ...
    စိတ်သွားတိုင်း ကိုယ်မပါနိုင်ခင်မှာတော့ ဒီလိုပဲ အချက်အလက် စုဆောင်း၊ ပြင်ဆင်နေရမှာ ပါပဲ၊ အခါအခွင့်သင့်ရင်တော့ အရောက်သာ သွားပါဗျာ..၊း)

    မအိုင်အိုရာ ...
    မအိုင်အိုရာ ပြောပုံက ကျနော်တို့ ကလေးဘဝ၊ ကစားစရာ ဆိုင်ထဲကို ရောက်တဲ့အချိန်မှာ ဖြစ်တဲ့ အဖြစ်မျိုး သွားမြင်ပြီး ပြုံးမိတယ်၊း) ဘယ်လိုပဲဖြစ်ဖြစ် နှစ်သက်တာ သိရလို့ ဝမ်းသာရပါတယ်ဗျာ..၊

    လီယို ...
    ပုံမှန်လာလာ လည်တဲ့အတွက်ရော၊ ကွန်မန့်တွေ အတွက်ပါ ကျေးဇူးအများကြီး တင်ပါတယ်..၊

    မစံပယ်ချို ...
    ကျေးဇူးပါနော်၊ သားက မြင်းလှည်းတစ်စီး ဝယ်ပေး လုပ်နေလို့...မနည်း ပြောထားရတယ်၊း)

    ကိုလင်းခန့် ...
    အမြဲဖတ်တယ်ဆိုလို့ ကျေးဇူးပါဗျာ၊ ပုဂံဘုရားတွေကို ပြင်တဲ့နေရာမှာ အသစ်အတိုင်း ဖြစ်သွားအောင် ပြင်ကြလို့ ရှေးဟောင်းသမားတွေက မကြိုက်တာပါ၊ မပျောက်ဆုံးအောင် ထိန်းသိမ်းတာရယ်၊ ဆက်မပြိုအောင် ကာကွယ်တာရယ်၊ မူရင်းပုံစံ မပျက် ပြန်တည်ဆောက် တာရယ်.. ဆိုတဲ့ ရှေးဟောင်းရဲ့ မူတွေကို ကိုလင်းခန့်လည်း ကြားဖူးမှာပါ၊ ဆိုတော့ ရွှေမရှိခဲ့တဲ့ နေရာမှာ ရွှေတွေချ၊ ထီးတော် မရှိခဲ့တဲ့ နေရာမှာ ထီးတင်.. အဲဒီလိုတွေဆိုရင် မူလပုံစံကို ဖျက်ဆီးပြီး အသစ်လုပ်လိုက်တာ ပါပဲ၊ အဲ..ဘာသာရေး ရှုထောင့်က ကြည့်ပြန်တော့လည်း တမျိုးပေါ့လေ၊ ပြောရရင်တော့ အရှည်ကြီးပါပဲဗျာ၊ အချုပ်ကတော့ အတတ်နိုင်ဆုံး အရင်ပုံစံအတိုင်း ပြန်ပြင်ပြီးတော့ နောက်ထပ် ဆက်မပြိုအောင် ကာကွယ်ဖို့ပါပဲ၊ မင်္ဂလာ ရှိသော မြန်မာနှစ်သစ် ဖြစ်ပါစေဗျား...၊

    ညီမ blackroze ...
    ညီမလည်း ဂိုက်သင်တန်း တက်ခဲ့သေးတာလား?း) ဟုတ်တယ်ဗျ၊ အဲဒီ နွားအုပ်တွေ အိမ်ပြန်ချိန်ကတော့ အရင်အတိုင်းပါပဲ၊ ကြည်နူးအေးချမ်းတဲ့ မြန်မာနှစ်သစ် ဖြစ်ပါစေ ညီမရေ..၊

    သူမ ...
    လာလည်တာရော ကွန်မန့်အတွက်ပါ ကျေးဇူးပါဗျာ၊ အဆင်ပြေသလို ဝင်ပါထွက်ပါ..၊

    Ko Kyaw Minn Naing ...
    ha ha.. you noticed the way he was looking at the display. What an observation! :) Thanks also for your appreciation on the cow pic. It's one of my favourites, too. Cheers !!!

    မမေဇင် ...
    ပုဂံကတော့ မြန်မာနိုင်ငံသားတိုင်း အနည်းဆုံး တစ်ခေါက်လောက်တော့ ရောက်ဖူးသင့်တယ်လို့ ထင်တာပါပဲဗျာ၊ ပုံတွေကို ဝေမျှလို့ ရပါတယ်၊ ကျေးဇူးပါနော်..၊

    မချော ...
    ပုဂံမှာ အေးအေးဆေးဆေး လည်ချင်၊ ဓါတ်ပုံရိုက်ချင် တယ်ဆိုရင် သင်္ကြန်တွင်း မဟုတ်ခဲ့ရင် ပိုကောင်းမယ် ထင်တယ်ဗျ၊ တော်ကြာ တပင်တပန်း ရိုက်ထားတာ လေးတွေက ရေတစ်ပုံးအောက်မှာ တခါတည်း ပျောက်သွားဦးမယ်၊း)

    အမည်ဝှက်စာဖတ်သူ (၃) ...
    တစ်နှစ်တခါ၊ တခါသွား တစ်ပတ်လောက်နဲ့ ပုဂံကို လည်နိုင်ရင်တော့ အကောင်းဆုံးပေါ့ဗျာ၊း) တစ်ပတ်ဆို တကယ့်ကို အေးအေးဆေးဆေး လေ့လာလို့ ရတယ်။

    ReplyDelete
  30. ပုဂံကိုတကယ်လွမ်းသွားတယ်။ တနေ့ က အလုပ်က ဆရာဝန်က ပုဂံအကြောင်းမေးတာနဲ့ ကိုညီဓါတ်ပုံတွေ
    ပြလိုက်သေးတယ်။
    ငယ်ငယ်က အမေက ဘုရားတွေလိုက်ပြ၊ သမိုင်းကြောင်းတွေပြောပြနဲ့ ။ ပုဂံကို မရောက်တာကြာ
    ခဲ့ပြီ။ တနေ့ နေ့ တော့။။။။

    ReplyDelete
  31. ကိုညီလင်းသစ်ရေ မင်္ဂလာရှိသောနှစ်သစ်ပါရှင်
ှဓါတ်ပုံတွေကိုတွေ့တော့ ပုဂံကို တကယ်လွမ်းသွားပါတယ် သားသားကိုလည်း နှုတ်ဆက်ပါတယ် မင်္ဂလာပါလို့ :)

    ye' ye'

    ReplyDelete
  32. သင်္ကြန်တွင်းကြီးမို့ ပြန်ချင်နေတဲ့စိတ်က ပုဂံပုံတွေမြင်တော့ ပိုလို့ကိုပြန်ချင်နေတာ .. ဒီတခါပုံတွေထဲမှာ အောက်ဆုံးကတွက်ရင် ဒုတိယပုံ နွားတွေသွားနေတဲ့ပုံကို အကြိုက်ဆုံးဘဲ .. အသုတ်ကတော့ အရမ်းကြိုက်တဲ့ ပဲစောင်းလျားသီးသုတ်ဘဲ ဖြစ်မယ်လို့ထင်မိတယ် မကျည်းရွက်နုသုတ်လည်း တအားကြီုက်တယ် ...

    mie nge

    ReplyDelete
  33. ပုံတွေရိုက်ချက်လှလိုက်တာ မောင်ညီလင်းသစ်ရေ။ ပုဂံရဲ့အနှစ်သာရလေးပေါ်လွင်စေတယ်။ စားစရာတွေကလည်းစွဲမက်စရာ
    နောက်တစ်ခေါက် ပြန်သွားချင်စိတ်ပေါ်လာပြီး)
    မိသားစုနဲ့သွားရတော့ ပိုပျော်စရာကောင်းမှာပဲ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  34. ရိုက်ချက်တွေ ရေလည်လန်းတယ် ကိုညီရေ..ဘုရားပြုံးတော်မူနေတာကို ခုလို ဓာတ်ပုံတွေနဲ့  ရှင်းပြမှ နားလည်တော် မူတော့တယ်..မန်ကျည်းရွက်သုတ်လေးက တကယ်ကောင်းတယ်..ကိုစိုးတင့်နဲ့ တော့ တွေ့ နိုင်ကောင်းပါရဲ့ 

    ReplyDelete
  35. ဧည့်လမ်းညွှန်သင်တန်းတက် .ပုဂံနဲ့မန္တလေးအကြောင်းကိုအသေကျက်ခဲ့ပေမယ့် Culture Guide မဖြစ်ဘဲ BIRD WATCHING GUIDE ပဲဖြစ်ခဲ့တယ် ။ဂိုက်ဘ၀တောင် မမြဲခဲ့ပါဘူး။ ကျောင်းပြန်တက်ရတာနဲ့ ခနဘဲလုပ်ဖြစ်လိုက်တယ် ။ ပုဂံ ကိုရောက်ချင်လိုက်တာမှ တခါမှကိုမရောက်နိုင်ခဲ့ဘူး ။ တနေ့တော့ရောက်အောင်သွားမယ်အကိုရေ .ကြိမ်းထားလေ လွဲလေဖြစ်နေတာဘဲ ။
    အကို့ပုံတွေမြင်လေ ရောဂါပိုတိုးလေဖြစ်နေတယ် ။ဟိဟိ ( စကားမစပ် .မုန်လာဥတူးနေတဲ့ခလေးလေးတောင် အရပ်ပိုရှည်လာသလိုဘဲ မျက်စိအောက်တင်နော်း))

    ခင်တဲ့ညီမငယ်

    ဂျာရစ်

    ReplyDelete
  36. မြန်မာမှန်ရင် ပုဂံရောက်ဖူးရမယ်တဲ့...။ ပုဂံကို သုံးကြိမ်ထက်မနည်းရောက်ဖူးပေမယ့် တခါမှ ရိုးသွားတယ်လို့ကိုမထင်ခဲ့ဘူး...။ ခုလဲ ကိုညီလင်းသစ်က ဘိန်းထည့်မရေးဘူးလို့ပြောထားလို့သာ ဒီပို့စ်ကပုံတွေနဲ့ အရေးအသားတွေကို ဒီပို့စ်ကနေကိုမခွာနိုင်အောင်ဆွဲဆောင်ထားကြတယ်...။ နေ၀င်ချိန်နဲ့ နွားသိမ်းချိန်တွေရိုက်ထားတာ သိပ်လှတာပဲ........။ နောက်တစ်ပို့စ်က ဘာအကြောင်းရေးမှာလဲ...စိတ်ဝင်စားနေတယ်..။

    ReplyDelete
  37. အဲဒီလို ဘုရားတွေ နောက်ခံနဲ့ ဖုန်တလုံးလုံး မြင်းလှည်းတန်းတွေများ မြင်ရင် ကျနော့်မှာ ဘာမှ လုပ်ချင်ကိုင်ချင်စိတ် မရှိတော့ဘဲ ဒီလိုသာ ထိုင်ငေးနေချင် တော့တယ်..၊း)>>
    အမှန်ပဲ..

    ပေါက်

    ReplyDelete
  38. ကိုညီလင်းသစ်။
    စာတွေဖတ်နေရင်း ဆရာကြီး ဦးတင်မိုးရဲ့ ကဗျာလေးကို သတိရမိတယ်။ ဖုန်တထောင်းထောင်း လှည်းလမ်းကြောင်းမှာ ထနောင်းကြောင်ချစ် ဆူးရစ်ပွင့်ကာ မိုးမရွာသည် ရွာပါသော်လည်းတဖွဲဖွဲ ဆိုတာလေးပါ။

    ကိုယ့်ရဲ့မွေးရပ်မြေကို အဝေးတနေရာကနေ မြင်ရတာဟာ တော်တော်ဆိုးဝါးတဲ့ ခံစားချက်ပါ။ ဘယ်တော့များမှ ပြန်လို့ ရမှာပါလိမ့်။ ပြန်လို့ ရရင်တောင် သွားချင်တဲ့နေရာတွေ သွားလို့ ရရဲ့လားမသိ။ ဘာဘဲဖြစ်ဖြစ် အားကျမိပါတယ်။ စာရေးလဲ အရင်ကလို ကောင်းနေဆဲပါ။ လေးစားစွာဖြင့်။ ဆွေဆွေ

    ReplyDelete
  39. I like all of your wonderful photoes in this post. Last one is my favourite and Pahtoo thar myar is 2nd favourite.Alexy's concentration is not less than yours,I'm sure:D
    Ma Eainthu looks prittier .I'm still fighting with heat and plan to go anyar later.
    Gyidaw

    ReplyDelete
  40. ပြောစရာ စကားမရှိ ..ဓါတ်ပုံတွေကြည့်ပြီး အလွန်ကျေနပ်စွာ ပြန်သွား..

    ReplyDelete
  41. ကျေနပ်တယ်...
    အားရတယ်...
    နှစ်သက်တယ်..ဆိုတာထက် ပြောစရာ စကားမရှိတော့ပါဘူး..။ ပုံ ၁၀၀လောက် ရိုက်လာတယ်ဆိုတော့ အဲ့ဒီမှာ ပွဲတစ်ပွဲလောက် လုပ်ဖို့အကြံပေးချင်တယ်..ကိုညီလင်းသစ်ရေ။
    သားသားလူကြီးစတိုင်ဖမ်းနေပုံက အူယားစရာ..။

    ReplyDelete
  42. ဘာမှတောင် မပြောနိုင်တော့ဘူး
    ပါးစပ်အဟောင်းသားနဲ့ ငေးမောနေမိတယ်...
    မြန်မာပြည်မှာနေပြီး ခုထိ ပုဂံကို မရောင်ဖြစ်သေးဘူး အကို
    တစ်ယောက်သောသူ..... ပြန်လာရင်တော့ သွားဖြစ်မလားပဲ
    ရင်ထဲစိမ့်ဝင်ခဲ့တဲ့ သားကလေးပုံကို မြင်လိုက်ရလို့ ချစ်စနိုးနဲ့ ကြည့်နေမိတယ်..
    မအိမ်သူ ကို မြင်ခွင့်ရလို့လဲ ကျေးဇူး
    ဘာမှကို မပြောနိုင်ဘူး
    အရမ်း ကျေနပ်တယ် အကို
    ဖတ်ခွင့်ရလို့ :))

    ReplyDelete
  43. အသုတ်က မြင်းခွာရွက်သုတ်ပါ။

    ReplyDelete