03 May 2012

အာရုံများ ပျံသန်းရာ နိုင်ငံကလေးသို့ (၇)


တစ်ရက်မှာ ရန်ကုန်မြို့ထဲ လျှောက်သွားနေတုန်း ပန်းဆိုးတန်းက လောကနတ်ပြခန်းရှေ့ ရောက်သွားမိတယ်၊ အမှန်တော့ ကျနော်က လောကနတ်ပြခန်းကို သတိတောင် မထားမိပါဘူး၊ တစ်ယောက်တည်း စိတ်လွတ်ကိုယ်လွတ်နဲ့ တွေးချင်ရာတွေး၊ ငေးချင်ရာငေးပြီး လျှောက်နေမိတာ..၊ မီးပွိုင့်မှာ လမ်းကူးဖို့ စောင့်နေတုန်းမှာမှ လောကနတ်ကို ဖြတ်ကနဲ သတိရသွားမိတယ်၊ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ၊ အဲဒီမှာ ကာတွန်းပြပွဲ လုပ်နေတာနဲ့ သွားကြုံတယ်၊ ကျနော့်အတွက်တော့ ရေငတ်တုန်း ဘီယာစတေရှင်ထဲ ရောက်သွားသလိုပါပဲ၊

ကာတွန်းတွေ တစ်ကွက်၊ နှစ်ကွက်ပဲ စ,ကြည့်ရုံရှိသေး..၊ အရမ်း သဘောကျသွားပြီး ခန္ဓာကိုယ်ထဲက ဘလော့ဂါသွေးတွေက ဆူပွက်လာတယ်၊ ဒါ ပြန်ဝေမျှသင့်တဲ့ ကိစ္စပဲ၊ ဒါနဲ့ အနီးမှာတွေ့တဲ့ တာဝန်ခံလို့ ထင်ရတဲ့ လူတစ်ယောက်ကို ဓါတ်ပုံရိုက်ခွင့်ရှိလား ဆိုတော့ ကြိုက်သလောက် ရိုက်ပါ-တဲ့၊ အိုခေ..၊ အဲဒီလိုနဲ့ ကာတွန်းတစ်ကွက်ချင်းကို သေသေချာချာ ခံစားပြီး အကြိုက်ဆုံးတွေကို ရိုက်ယူခဲ့ပါတယ်၊ တချို့ ပုံတွေက အမြင့်မှာ ချိတ်ထားတာ၊ တချို့ကျတော့ မျက်နှာကြက်က မီးချောင်းအလင်းက မှန်ထဲမှာ ပြန်နေတာ စတာတွေကြောင့် စိတ်တိုင်းကျ မရိုက်နိုင်ခဲ့ဘူး၊ ဘယ်လိုပဲ ဖြစ်ဖြစ် ၃ ရက်ပဲ ကျင်းပတဲ့ အဲဒီပွဲလေးကို မရောက်လိုက်ရသူတွေ အတွက် အမှတ်တရ ကြည့်နိုင်ဖို့ သက်သက်ပါပဲ၊ ရန်ကုန်မှာ ပန်းချီပြပွဲ၊ ပန်းပုပြပွဲ စတဲ့ အနုပညာ ပြပွဲတစ်ခုခု လုပ်တိုင်း ပြည်တွင်းက ဘလော့ဂါတွေ သွားရိုက်လာပြီး၊ ပြန်ဝေမျှတဲ့ ဓါတ်ပုံတွေကို ကျေးဇူးတင်စွာနဲ့ ကျနော်အမြဲ ကြည့်ဖြစ်ပါတယ်၊ အခု ကိုယ့်အလှည့် တိုက်တိုက်ဆိုင်ဆိုင် ကြုံကြိုက်တုန်းမှာ တလှည့်ပြန်ပြီး ဝေမျှချင်တာပါ၊ အစားကောင်း စားရမှ မဟုတ်ပါဘူး၊ အနုပညာ လက်ရာကောင်းကောင်းတွေ တွေ့ရင်လည်း ချစ်သူ၊ ခင်သူတွေကို သတိရကြတယ် မဟုတ်လား...၊


မီးပွိုင့်ကနေ အမှတ်တမဲ့ မော့ကြည့်လိုက်တုန်း ဒီဆိုင်းဘုတ်ကို လှမ်းမြင်လိုက်တာပါ၊ အဲဒီနေ့ကလည်း ၅ ရက်နေ့..၊ ပြပွဲ စတဲ့နေ့..၊ မူလက သွားဖို့ စီစဉ်ထားတာတွေကို တခါတည်း အမြန်ပြောင်း၊ အစီအစဉ်အသစ် ချက်ချင်းဆွဲပြီး ကာတွန်းပြပွဲကို ဦးတည်လိုက်တယ်၊


လောကနတ်ဟာ ဘာမှမပြောင်းလဲဘူး၊ တကယ့်ကို အရင်အတိုင်းပါပဲ၊ ဒီဆိုင်းဘုတ်ရှေ့က ဖြတ်ပြီး ဒီတံခါးကနေ ကျနော် မဝင်ဖြစ်ခဲ့တာ ဆယ်စုနှစ်တစ်ခုတောင် ကျော်နေခဲ့ပါ ပေါ့လား၊


အခြေအနေ တစ်ခုအောက်မှာ မျက်စိတွေ ကန်းချင်ယောင်ဆောင်ရင်း နောက်တော့ တကယ့်ကိုပဲ မမြင်တော့ဘူး၊ မတရားတာ၊ ဖိနှိပ်တာ၊ သနားစရာကောင်းတာ ဘာဆိုဘာမှ မမြင်တော့ပဲ အစဉ်အလာထဲမှာ မျက်စိတွေကန်း၊ နှလုံးသားတွေပါ 'ကန်း' ကုန်တဲ့ အဖြစ်တွေ အများကြီးပါ၊


ပညာတတ် ဆိုတဲ့ အနက်အဓိပ္ပါယ်ကို စောကြောမိ သွားတယ်၊ တခြားလူမျိုးတွေရဲ့ ပညာရှင် ဆိုတာတွေကြားမှာ မြန်မာ ပီအိပ်ခ်ျဒီတွေကို 'ဒီသာပါမောက္ခ' လို့ နောက်ပြီးခေါ်တဲ့ စကားလေးကို ဖြတ်ကနဲ တွေးမိသွား သေးတယ်၊း)


ဒီကာတွန်းလေးဆို ရိုးရိုးလေးပေမယ့် ဒီကာလမှာ ဘာကိုဆိုလိုသလဲ ဆိုတာ လူတိုင်းသိကြပါတယ်၊ တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့ကလည်း ကျမ်းသစ္စာ ကျိန်ဆိုတဲ့နေ့ ဖြစ်နေပြန်ရော..၊း)


ဖြေရှင်းနည်းကတော့ လွယ်လွယ်လေး...၊း) လစာနဲ့ ကုန်ဈေးနှုန်းတို့ရဲ့ စိန်ပြေးတမ်း ကစားပွဲကြီး အမြန်ဆုံး ရပ်နိုင်ပါစေ..၊


ဒီကာတွန်းလေးကိုတော့ သဘောကျလွန်းလို့ အသံထွက်တောင် ရယ်မိသွားတယ်၊ ဆရာ ဟာဂျူလီရဲ့ ပြောင်မြောက်တဲ့ အတွေးပါပဲ၊ ဒါပေမယ့် ဒီတစ်ခေါက် မြန်မာပြည်မှာ ကျနော်သုံးခဲ့ရတဲ့ ကွန်နက်ရှင်တွေက အရမ်းကြီးတော့လည်း မနှေးပါဘူး၊ သူငယ်ချင်း တစ်ယောက်အိမ်မှာဆို အတော်လေးမြန်လို့တောင် အံ့အားသင့်မိ သေးတယ်၊ ကျနော်ကိုယ်တိုင်ကပဲ သတင်းတွေဖတ်ပြီး အလွန်အမင်း နှေးလိမ့်မယ်လို့ အဆိုးဆုံးကို မျှော်လင့်ထားမိတာလား မသိပါဘူးဗျာ၊


ဒါလည်း ဆရာဟာဂျူလီပါပဲ၊ ဒီလိုကာတွန်းမျိုးဆို လွန်ခဲ့တဲ့ ၂ နှစ်လောက်က အခုလို ပြပွဲတင်နိုင်မယ် မထင်ပါဘူး၊ စာနယ်ဇင်း လွတ်လပ်ခွင့်ရဲ့ ပြယုဂ်တစ်ခု ပေပဲလား၊ ဒက်ထိမှန်သလို အားရဖို့လည်း ကောင်းပါတယ်၊


မျက်မှောက်ကို အတိအကျ ပြနိုင်တဲ့ ကာတွန်းတစ်ကွက်ပါ၊ ဈေးကွက်ကို ရောက်နိုင်ဖို့ ခမျာမှာ ကြိုးတန်းပေါ် လမ်းလျှောက်ရသလို တထိတ်ထိတ်နဲ့..၊ အောက်က လူထုကြီးကတော့ မျှော်လင့်ချက်တွေ တသီကြီးနဲ့ အားတွေပေးလို့...၊း)


တွေးစရာတွေ ပေးတဲ့ ကာတွန်းတွေ အလယ်က ဆွေးစရာ အလွမ်းပြေ ကာတွန်းလို့ ဆိုရမှာပါပဲ၊ ကိုငှက်ရဲ့ မျက်နှာက ကယ်ရီကေးချား ဆွဲလို့ကောင်းတဲ့ မျက်နှာဆိုတာကတော့ သေချာတယ်၊


ဒါကလည်း တွေးချင်ရင် တွေးသလောက်ရတဲ့ ကာတွန်းပါပဲ၊ 'ဝန်းရံမှု' နဲ့ 'ပြင်ဆင်မှု' ဆိုတဲ့ စကားရပ်တွေက ခေါင်းထဲ ရောက်လာတယ်၊


'Warmly Welcome' ဆိုတာ အခုမှ ဟုတ်လိုက်လေဗျာလို့ ရင်နာနာနဲ့ ပြောရမယ့် အဖြစ်...၊ လူတိုင်း သိနေ၊ ပြောနေတဲ့ ဒီစကားလုံး ထဲကနေပဲ ကာတွန်းဆရာက မျက်မှောက်အခြေအနေ တစ်ခုလုံးကို ထုတ်ပြသွားတာ လှလိုက်တာ...၊


ဒီလိုကာလမှာ ဒီလိုကာတွန်းမျိုးကို ဆွဲတဲ့ ကာတွန်းဆရာကို ရဲရင့်တယ်လို့ ဆိုရမလားပဲ၊ ဆွဲစရာ မြန်မာ့ရုပ်သေး အများကြီးထဲကမှ မင်းသမီးကို ဆွဲထားတယ်၊ ပြီးတော့ အဲဒီမင်းသမီးက ပုံလျက်ကလေး လဲနေသေးတယ်၊ အနောက်က လက်တွေထဲမှာ ကုတ်အင်္ကျီလက်ရှည်တွေ မတွေ့ရလို့ တော်သေးတယ်၊ မဟုတ်ရင် စစ်အစိုးရ လက်ထက်က ထုတ်ဝေခဲ့တဲ့ သတင်းစာဆောင်းပါးတွေကို သတိရစရာ...၊


ဒီကာတွန်းမှာတော့ မသာယာနိုင်တဲ့ တောစဉ်တောင်တန်းတွေကို ခံစားမိတယ်၊ အထူးသဖြင့် အပြာရောင်တွေ ကဲနေတဲ့ အလယ်မှာကိုပဲ အနက်ရောင် စစ်ခိုး၊ စစ်ငွေ့တွေ အူလို့..၊ ငြိမ်းချမ်းရေးဟာ ဝေးနေဆဲမို့ ပန်းကန်ထဲမှာ ထမင်းအစား ကျည်ခွံပဲ ရှိနေခဲ့တယ်၊


အင်း..ဒါလည်း ဟုတ်တုတ်တုတ် ပါပဲ၊ အမျိုးသမီးတွေဟာ မိခင်စိတ်ရဲ့ စေ့ဆော်မှုကြောင့် အာရုံတွေ ပိုပြီး ပါးလျားကြတယ် ထင်ပါရဲ့၊ အဖေ့ကို အမေနှိုးရတဲ့ အကြိမ်တွေ၊ ကျနော့်ကို မအိမ်သူ နှိုးရတဲ့ အကြိမ်တွေကို အမှတ်ရစရာ..၊း)


ဘာတစ်ခုမှ ပြောစရာ မလိုအောင်ကို ပြီးပြည့်စုံတဲ့ ကာတွန်းပါပဲ၊ တစ်ကွက်ကာတွန်းတွေရဲ့ ကျစ်လစ်မှု၊ အတွေးစတွေ အများကြီး ပေးနိုင်မှု၊ စတာတွေကို ကျနော် ကြိုက်ပါတယ်၊ အကွက်သေးသေးလေး တစ်ကွက်ထဲမှာ ဆွဲရဖို့အရေး စိုက်ထုတ်လိုက်ရတဲ့ အားအင်တွေက မနည်းပါဘူး၊ ကာတွန်းဆရာတွေကို လေးစားမိပါတယ်၊


ဒီကာတွန်းကိုလည်း သဘောတကျနဲ့ အော်ရယ်မိတယ်၊ ဖြစ်ရပုံများ.. အဲဒီလို လွဲရတယ်လို့၊ ဒုတိယ အကွက်ထဲက အဘရဲ့ မျက်နှာကို ကြည့်မိလေလေ ဆက်ရယ်ချင်မိလေလေ..၊ အင်း.. အဘတွေ နဲ့တော့ ခက်ပြီ..၊း)


သြော်..ငါ့နှယ်နော်..၊ အင်း.. နှလုံးလမ်းကြောင်းမှာ ခံနေတဲ့ ကျွန်းဆိုတာ ဒီလိုကျွန်းမျိုးနဲ့ တူတယ်..၊း)


ပစ်မလွဲဆိုတာ ဒါပဲဖြစ်မယ်၊ မြားရှိရာ စက်ကွင်းလိုက်ရတဲ့ အဖြစ်တွေ နည်းသထက် နည်းပါစေလို့ပဲ...၊


ဒါကတော့ တကယ့်ကို ဗြောင်ဆော်တာ..၊ မိုက်တွင်းကြောင့် ဆင်းရဲတွင်း ဖြစ်တာ ဆိုပေမယ့် တွင်းဆုံးကျတဲ့ အဖြစ်မျိုးတွေက အမြန်ဆုံး ပြန်တက်ဖို့ ကြိုးစားရမှာပါ၊


အစစ်အမှန် လွတ်လပ်မှု အကြောင်း အရှည်ကြီး ဖြန့်ထွက်တွေးချင် စရာပါ...၊


ကာတွန်းတွေ တဝကြီး ကြည့်လိုက်ရလို့ ကျနော် ကျေနပ်သွားတယ်၊ ပြပွဲ အစနေ့ ဖြစ်တဲ့အပြင် မနက်ပိုင်းပဲ ရှိသေးလို့လား မသိဘူး၊ ဝင်လာတဲ့ လူတွေတော့ သိပ်မများ သေးဘူး၊ ကာတွန်းတွေ ချိတ်ထားတဲ့ နံရံတွေကို နှုတ်ဆက်တဲ့ အနေနဲ့ ခဏကြာကြာ ကျနော် ရပ်ကြည့်နေမိ သေးတယ်၊ နောက်တကြိမ်ဆိုတာ ဘယ်တော့မှန်း မသိနိုင်သေးပါဘူး၊ မပြောင်းမလဲ နွေးထွေးဆဲ လောကနတ် ပြခန်းလေးကို သေသေချာချာ နှုတ်ဆက်ပြီးမှ ကျနော် ပြန်ထွက်လာခဲ့တယ်၊ ပန်းဆိုးတန်း လမ်းမကြီးပေါ်မှာလည်း နံရံပေါ် ရောက်မလာသေးတဲ့ ကာတွန်းတွေ ဆူညံ၊ ရှုပ်ထွေးလို့...။ ။

(ဆက်ပါဦးမယ်..)


ညီလင်းသစ်
၃ မေ၊ ၂၀၁၂

30 comments:

  1. စောင့်လိုက်ရတာဗျိုး... post အသစ်တွေ့တော့ ဟေး ကနဲတောင် အသံထွက်မိတယ် :)
    ကာတွန်းတစ်ပုံချင်းစီကို သေသေချာချာ ကြည့်ရှူလေ့လာခံစား သွားပါကြောင်း...
    ဝန်းရံမှူနဲ့ ပြင်ဆင်မှူ ဆိုတဲ့ကာတွန်းလေးကိုတော့ အကြိုက်ဆုံးပဲ..

    ReplyDelete
  2. “လူပျိုပေါက်ထဲကဖွင်.ထားတဲ.၀က်ဘ်ဆိုက်ဒ်ပါကွာ” ဆိုတဲ.ကာတွန်းနဲ. “တက်” ဆိုပြီးပြောနေတဲ.“အဘ”ရဲ.ကာတွန်း၂ကွက်ကို ကြည်.မိပြီး တယောက်ထဲ အသံအကျယ်ကြီးနဲ.အော်ရီမိလို. အိမ်ကအမျိုးသားကတောင် တအံ.တသြဖြစ်နေတယ်။
    စားစရာတွေမပါလဲ ဒီလိုမျိုးတကွက်ထဲနဲ. တိုက်ရိုက်ထိတဲ. ကာတွန်းလေးတွေကြည်.ရတာလဲ ကျေနပ်ပါတယ်။ အရမ်းကိုအသံအကျယ်ကြီးရီလိုက်ရတာကိုလဲ ကျေနပ်သွားတယ်။ အထူးသဖြင်. “အဘ”ကာတွန်းကိုသိပ်ကြိုက်တာဘဲ။

    ReplyDelete
  3. ကျောင်းတက်တုန်းက တစ်ယောက်တည်းလောကနတ်ကလုပ်တဲ့ပန်းချီပြပွဲတွေသွားသွားကြည့်ဖြစ်တယ်။ ကက်တလောက်လေးကိုင်ပြီး ပန်းချီကားနံမည်နဲ့ ပန်းချီကားကိုပုံဖေါ်တွေးရတာသိပ်သ ဘောကျတယ်။
    ကာတွန်းတွေတင်ပေးလို့ ကျေးဇူးနော်။
    အဘကချောက်ထဲကိုတက်ခိုင်းတာသဘောအကျဆုံးဘဲ။ တွေးလေတွေးလေသဘောကျလေဘဲ။ ချောက်မှန်းသိသိနဲ့ တက်ခိုင်းတာလည်းဖြစ်နိုင်တယ်လေ။ ဆင်းလို့ ပြောရင်အားလျော့ သွားနိုင်တယ်လေ။ ဟုတ်ဘူးလား။ ဒါမှမဟုတ်.....
    သူကတက်ခိုင်းပေမဲ့သူကိုယ်တိုင်တော့အားလုံးကျသွား ချိန်မှာချောက်ထဲကို မတက်ပဲလည်းကျန်ခဲ့နိုင်တာဘဲ။ အများကြီးတွေး လို့ ရတယ်နော်။
    သိုင်းကျူးဗျာ...
    အိုင်အိုရာ

    ReplyDelete
  4. ရုပ်သေးမင်းသမီးနဲ့ပုံ ကြိုက်တယ်..။
    လစာထပ်တိုးပေးမယ်ဆိုတဲ့ပုံလည်း ကြိုက်တယ်..။
    လောကနတ် တခါမှ မသွားဖူးဘူး.။


    ပေါက်

    ReplyDelete
  5. ကောင်းလိုက်တဲ့ ကာတွန်းဆိုတာထက် တန်ဖိုးရှိလိုက်တဲ့
    ကာတွန်လေးတွေပါပဲ တွေးနိုင်ရင် တွေးနိုင်သလောက်
    အတွေးကျယ်စေတဲ့ ကာတွန်းတွေ ကြည့်ခွင့်ရလို့ကျေးဇူးပါဗျာ

    ReplyDelete
  6. အကိုကျနော့်ကိုများစောင်းပြောသလားဘဲ
    ဟိဟိ ဂျာရစ်ကိုလဲ ကိုရင်ဘဲနှိုးနေရတာ ဟိဟိး))

    ReplyDelete
  7. ဆွေလေးမွန်May 3, 2012 at 7:00 AM

    အဘ ကာတွန်း တက်ဆိုတာလေး သဘောကျတယ်။
    :) :)

    ReplyDelete
  8. ကာတွန်းထဲကနေ အများကြီးပြောသွားတယ်နော်
    အားလုံးကိုသဘောကျမိပါတယ်
    အားလုံးက သူ့ အဓိပ္ပါယ်နဲ့သူ ပြည့်စုံနေလို့ပါ

    ReplyDelete
  9. ကိုယ်တိုင်ကာတွန်းပြပွဲကို ရောက်သွားသလိုပါပဲ။
    ပီပီပြင်ပြင်ကာတွန်းလေးတွေကို ကြည့်ရှု ခံစားလိုက်ရတဲ့အတွက် ကျေးဇူးပါ မောင်ညီလင်းရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  10. ကာတွန်းတွေ သဘောကျချက်ဗျာ.. တစ်ပုံချင်းစီကို စေ့စေ့တွေးကြည့်ရင် အဓိပ္ပါယ်တွေက အပြည့်ပဲ.. အားလုံးကို သဘောကျတယ်..း)))

    ခင်မင်လျက်
    နေ၀သန်

    ReplyDelete
  11. ကောင်းလိုက်တဲ့ကာတွန်းတွေ အကိုရာ....၊
    ရုပ်သေးမင်းသမီးပုံလေးကိုဆွဲတဲ့ ကာတွန်းဆရာက
    တော့ အကိုပြောသလိုပဲ တကယ့်ကိုရဲရင့်ပါပေတယ်..။
    ပြောင်ဆော်တဲ့ကာတွန်းကတော့ ထိလွန်းမိလွန်းတယ်
    အကို...၊ဒါပေမယ့် ကျွန်တော်အကြိုက်ဆုံးကတော့
    အုန်းပင်ကိုမော့ကြည့်နေတဲ့ တကျွန်းရောက်ရဲ့ပုံပဲဗျ..။
    ဟီး....၊တစ်ခါတစ်လေကျတော့ စကားတခွန်းမှ
    ပြောမသွားတဲ့ ရုပ်ပြောင်တစ်ကွက်က ကျမ်းစာအုပ်
    ထူထူကြီးထက် ပိုထိမိထက်မြတ်နေသလိုပဲ...။
    ဒီထက်ပိုသဘာကျသွားတာက အကို့ရဲ့နောက်ဆုံး
    စာကြောင်းလေးပဲ.....ဘာတဲ့....နံရံပေါ်ရောက်
    မလာသေးတဲ့ ကာတွန်းတွေ ဆူညံ၊ရှုပ်ထွေးလို့....
    တဲ့လား....၊အင်း...ဒီလိုကျတော့လဲ စကားလေး
    တစ်ခွန်းကလည်း အရာရာထက် သာလွန်သွားသလို
    ပဲဗျာ....၊

    ReplyDelete
  12. ဒီလိုထိမိတဲ့ကာတွန်းလေးတွေ မျှဝေခံစားခွင့်ရတဲ့အတွက် ကျေးဇူးညီလင်းးးးး
    ကယ်ရီကေးချားပုံတွေဆို သိပ်ကြိုက်တာ ဘဲ
    ငယ်ငယ်တုန်းက စံရွှေမြင့်တို့ အရိုင်းတို့ ပြာဂလောင်ပြာလချောင်တို့ မိုက်မိုက်ပြည် တို့ ဆို သိပ်ကြိုက်ခဲ့တာ ရန်ကုန်ရောက်မှ ကာတွန်းဝယ်ဖတ်ဖို့ စာရင်းတို့ဖို့သတိရသွားပြီ ...


    mie nge

    ReplyDelete
  13. ကာတွန်းတွေ သဘောကျလိုက်တာ။ အဘနှယ် အဆင်းကြီး ဥစ္စာကို ဆိုတဲ့ နေရာရောက်တော့ မနေနိုင်တော့ဘူး အော်ရယ်မိတော့တယ်း))))

    ReplyDelete
  14. ကာတွန်းတစ်ကွက်တစ်ကွက်က တကယ်တွေးစရာတွေအများကြီးပေးနိုင်တယ်... ထိမိပါပေတယ်....။ ပြပွဲလေးလုပ်တာမသိလိုက်ဘူး... ကိုညီလင်းသစ်ပြန်မျှဝေမှပဲသိတော့တယ်... အဲလို အင်ဖော်မေးရှင်းကောင်းတာ...။ ကျေးဇူးပါ နောက်တစ်ပို့စ်ကိုစောင့်မျှော်နေပါ့မယ်...။

    ReplyDelete
  15. မဖတ်ရတာကြာတဲ့ကာတွန်းကောင်းတွေ ထပ်ဆင့် ဖေါ်ပြပေးလို့ ကျေးဇူးတင်ပါတယ်။

    ReplyDelete
  16. ကောင်းလိုက်တဲ့ ကာတွန်းတွေ.. ဘယ်ဟာကို အကြိုက်ဆုံးလို့တောင် မပြောတတ်ဘူး..
    ကျေးဇူးအများကြီးတင်ပါတယ်.. ကာတွန်းဆရာတွေရဲ့ ဥာဏ်ရည်နဲ့ သတ္တိကိုလဲ လေးစားပါတယ်

    ReplyDelete
  17. အမည်ဝှက်စာဖတ်သူ (၁) ...
    ပို့စ်တစ်ပုဒ် တင်ဖို့ ကြာကြာသွားတာ ကျနော်လည်း အားနာလှပါတယ်ဗျာ၊ စိတ်ရှည်ရှည်ထား စောင့်ဆိုင်းပြီး လာဖတ်နေတာကိုပဲ ကျေးဇူးတင်လှပါပြီ..၊း)

    အမည်ဝှက်စာဖတ်သူ (၂) ...
    ကျနော်နဲ့ ကာတွန်းအကြိုက် တူနေပြီ၊း) ဟိုအရင် ပို့စ် တွေမှာ အစားအသောက် ဓါတ်ပုံတွေအကြောင်း ကွန်မန့်ပေးခဲ့တာ အခုဒီ ကွန်မန့်ပိုင်ရှင်ပဲနဲ့ တူတယ်..၊း)

    မအိုင်အိုရာ ...
    မအိုင်အိုရာက အတော်လေးကို ဖြန့်ထွက်တွေး ပစ်လိုက်တာပဲဗျ..၊း) ဟုတ်တယ်နော်၊ အဲဒီကာတွန်းက အတည့်ကော၊ ပြောင်းပြန်ပါ တွေးလို့ရတယ်..၊

    ပေါက် ...
    ပျောက်နေပါ့လား၊ ပြန်လာလည်တာ ဝမ်းသာတယ်ဗျာ၊

    (ကို)လွင်ပြင်လှိုင်းငယ် ...
    ဟုတ်ပါတယ်ဗျာ၊ တစ်ကွက်လောက် ရဖို့အရေး မလွယ်လှလို့ တန်ဖိုးရှိတဲ့ ကာတွန်းတွေပါပဲ..၊

    ညီမ မဒိုးကန် ...
    ဒါဆို ညီမတို့ဆီမှာတော့ ကြက်ဖတွန်လို့ မိုးလင်းတာ အမှန်ပဲ-လို့ ပြောရမယ် ထင်တယ်နော်..၊း)

    မဆွေလေးမွန် ...
    ဟုတ်ကဲ့..၊ တကယ်ပဲ 'ထိ' တဲ့ ကာတွန်းလေးပါ..၊

    မစံပယ်ချို ...
    ဟုတ်ပါတယ်၊ တမျိုးစီ ကောင်းကြတာ ပါပဲဗျာ..၊

    အန်တီတင့် ...
    ဓါတ်ပုံတွေနဲ့ ကာတွန်းပြပွဲကို ခေါ်သွားခွင့်ရလို့ ဝမ်းမြောက် မိပါတယ်ခင်ဗျား...၊

    ကိုနေဝသန် ...
    အမှန်ပါပဲဗျာ၊ တစ်ကွက်ကာတွန်း ပီသစွာနဲ့ပဲ အားလုံးက ကျစ်လစ်၊ စူးရှကြတယ်..၊

    ကိုညိမ်းနိုင် ...
    အံ့သြစရာဗျာ..၊ ကျနော်တို့ကြားမှာ တယ်လီပသီ တစ်ခုခုတော့ ရှိနေပြီ ထင်တယ်ဗျ၊ အဲဒီ အုန်းပင်နဲ့ကာတွန်းကို ပို့စ်မှာ တင်နေတုန်း 'အင်း ကိုညိမ်းနိုင်ဆို ဒီကာတွန်းများ ကြိုက်မလား မသိဘူး' လို့ တွေးမိခဲ့ သေးတယ်...၊း)

    မ mie nge ...
    ကျနော်တို့ဟာ ခေတ်ပြိုင်တွေဆိုတာ သေချာတယ်ဗျ၊ မမီးငယ် ပြောတဲ့ ကာတွန်းတွေကို ကျနော်လည်း ဖတ်ခဲ့၊ နှစ်သက်ခဲ့ ဖူးတယ်..၊း)

    အမချစ်ကြည်အေး ...
    အင်း.. ဒီကာတွန်းကတော့ အားလုံးရဲ့ ဟာဒယတွေကို သိမ်းကြုံးယူသွားတော့ တာပဲဗျို့...၊း)

    မမိုးငွေ့ ...
    မသိဆို ကြော်ငြာအားလည်း သိပ်ကောင်းခဲ့ပုံ မရလို့ ဖြစ်ပါလိမ့်မယ်၊ ကျနော်လည်း ခရီးသွားဟန်လွဲ ကြုံခဲ့ရတာပါ၊ အင်ဖော်မေးရှင်းက မကောင်းပါဘူး..၊း)

    မ,ရှင်လေး ...
    တစုံတရာ နှစ်သစ်တယ်ဆိုရင်ပဲ ဝေမျှရတာ ဝမ်းသာ မိပါတယ်..၊

    အမည်ဝှက်စာဖတ်သူ (၃) ...
    ဟုတ်ပါတယ်၊ ကာတွန်းဆရာတွေရဲ့ အားထုတ်မှုနဲ့ ဖြတ်သန်းမှုတွေက တကယ်ပဲ လေးစားစရာပါ..။

    ReplyDelete
  18. like all cartoons. they are very brilliant.
    " ပန်းဆိုးတန်း လမ်းမကြီးပေါ်မှာလည်း နံရံပေါ် ရောက်မလာသေးတဲ့ ကာတွန်းတွေ ဆူညံ၊ ရှုပ်ထွေးလို့..."

    you are also very good writer.
    you should write some traveling story books. I'll definitely buy it. :)
    Love to read your post all the time.

    ReplyDelete
  19. valuable cartoons.
    likewise your comments.
    thanks for sharing.

    ReplyDelete
  20. Thank you fir sharing. They all are GRATE!!

    ReplyDelete
  21. လောကနတ်ကို ကိုယ်တိုင် ရောက်သွားသလိုပါဘဲ... ကာတွန်းလေးတွေ အားလုံးကို သဘောကျတယ်... လိုရင်းကို ထိမိအောင် ပုံဖော်နိုင်တယ်နော်....(ကိုယ်လို လူပြိန်းနားလည်အောင်)

    ReplyDelete
  22. ပြောင်မြောက်ထိမိတဲ့ ကာတွန်းလေးတွေ မျှဝေတဲ့အတွက် ကျေးဇူးပါ ကိုညီရေ

    ReplyDelete
  23. ကာတွန်းတွေ စိတ်ဝင်စားဖို့ကောင်းလိုက်တာ.. ကာတွန်းဆရာရဲ့ စိတ်ကူးစိတ်သန်းတွေက အံ့မခန်းပါဘဲနော်... တွေးလဲတွေးတတ်ကြပါပေတယ်။ ကိုယ့်ဖာသာဆို ဒီလိုပြပွဲတွေ ရောက်ဖြစ်မှာ မဟုတ်ဘူး. ခုတော့ကိုညီလင်းသစ်ကျေးဇူးနဲ့ စုံစုံလင်လင် မြင်လိုက်ရပြီ။ ကာတွန်းတွေအားလုံး အဓိပ္ပါယ် အပြည့်အဝဘဲနော်။ သဘောကျမိတယ်။

    ReplyDelete
  24. ကာတွန်း တကွက်ပြီးတကွက် စိန်ပြေနပြောကြည့်ရင်း တကယ့်ကို ကျေးဇူးတင်မိတယ်ဗျာ။ မတင်ဖြစ်ခဲ့တဲ့ ကာတွန်းလေးတွေကို အဆင်ပြေတဲ့တနေ၇ာမှာတင်ပြီး ဝေမျှနိုင်ရင် အတိုင်းထက်အလွန်ပါပဲလို့ လောဘကြီးပါရစေ..
    N/A

    ReplyDelete
  25. Though you posted cartoons in complete,someone cut or covered some parts of them in Mm.I can't see them all.They may want people in ygn to go Lawkanat:)
    Gyidaw

    ReplyDelete
  26. ကောင်းလိုက်တဲ့ ကာတွန်းတွေ ကျေးဇူးပါကိုညီရေ

    ReplyDelete
  27. ကိုညီလင်းသစ် ရေ

    အဓိပ္ပါယ်ရှိတဲ့ ကာတွန်းပုံလေး တွေ အတွက်ကျေးဇူးနော်

    ခင်မင်တဲ့
    ရွှေစင်ဦး

    ReplyDelete
  28. “ လူပျိုပေါက်ထဲက ဖွင့်ထားတဲ့ ၀က်ဘ်ဆိုက်ပါကွာ..ခုမှ ပွင့်တာဟ” ဆိုတဲ့ ကာတွန်းရယ်...

    “ အဘနှယ် အဆင်းကြီးဥစ္စာကို ” ဆိုတဲ့ နှစ်ပုဒ် ထိတယ်ရျင်။ တကယ် မျက်မှောက်ခေတ်ကို ကိုယ်စားပြု ထင်ဟပ်စေတဲ့ ရေးချက်များပါပဲ။ ကာတွန်းဆရာများကို လေးစားမိသလို၊ ရန်ကုန်ရောက်ခိုက်အချိန်လေးမှာ ပြန်လည်မျှဝေပေးတဲ့ ကိုညီလင်းသစ်ကို ကျေးဇူးတင်မိပါတယ် :)))

    ReplyDelete
  29. ကာတွန်းလေးတွေကို ကြည့်ပြီး ကျွန်တော်ကိုယ်တိုင် လောကနတ် ပြပွဲခန်းမလေးထဲကို ရောက်သွားခဲ့ရတယ်။

    ကာတွန်းလေးတွေကလည်း ကောင်းသလို၊ အဲဒီ့ကာတွန်းလေးတွေကို တဆင့်ခံ တင်ပြခံစားပေးထားတဲ့ ကိုညီရဲ့ မက်ဆေ့ခ်ျလေးတွေကလည်း ပြောင်မြောက်ပါပေတယ်။

    နောက်ဆက်တွဲလေးတွေ မျှော်နေမယ် ဘရားသားရေ...

    ခင်မင်လျက်

    Y.

    ReplyDelete
  30. ကာတွန်းတွေကို အရမ်းသဘောကျမိတယ်။ တခုတ်တရ ရိုက်ယူလာပေးတဲ့ ကိုညီလင်းသစ်ကို ကျေးဇူးတင်ပါတယ်။ အပိုင်း ၈ မျှော်နေတဲ့အထဲမှာ ဇွန်လည်းပါတယ်နော်။း)

    ReplyDelete