08 June 2012

အာရုံများ ပျံသန်းရာ နိုင်ငံကလေးသို့ (၈)


အားလုံးပဲ မင်္ဂလာပါဗျာ...၊ မထင်မှတ်ဘဲနဲ့ ကျနော့်ရဲ့ မြန်မာပြည်ပြန် အခန်းဆက်တွေက အပိုင်း(၇) ကာတွန်းတွေမှာ ရပ်သွားခဲ့တယ်၊ နိုင်ငံကလေးဆီကို ပျံသန်းသွားတဲ့ အာရုံတွေက ကာတွန်းပြပွဲမှာ အတောင်ညောင်းသွားတယ် လို့တောင် ဆိုရမလိုပါပဲ၊ ခန်းမထဲကကို ဆက်မထွက် နိုင်ဘူး ဖြစ်နေတာ...၊ အခုလို မကြန့်ကြာစဖူး ကြန့်ကြာသွားတဲ့အတွက် ဘလော့ဂ်ကို လာလည်ပြီး စိတ်ပျက်လက်ပျက် ပြန်သွားခဲ့ရတဲ့ မိတ်ဆွေ၊ သူငယ်ချင်းတွေကို တောင်းပန်ပါတယ်၊

ဖြစ်ပုံက ဒီလိုဗျ၊ ပြီးခဲ့တဲ့ မေလထဲမှာ ရုံးပိတ်ရက်တွေ နည်းနည်းများတယ်၊ အဲဒီမှာ ခရီးတိုလေးတွေ ၃ ခုလောက် ဆက်တိုက် သွားဖြစ်နေတာရယ်၊ မြန်မာပြည်က ပြန်လာကတည်းက နှစ်ဆပိုလာတဲ့ အလုပ်ကြွေးတွေကို ရှင်းနေတာရယ်၊ ပြီးတော့ သတင်းတွေ လိုက်ဖတ်ပြီး မုဒ်ပျောက်နေတာရယ်၊ နောက်ဆုံး မဆိုစလောက်ကလေး ပျင်းနေတာရယ်..၊ အဲဒါတွေ စုဆုံသွားတာပါ၊ ခရီးတိုလေးတွေက ပြည်တွင်းခရီးလေး တွေပါ၊ တောင်ပေါ်ကျေးလက် ရွာတွေဆီကို သွားခဲ့တာ..၊ အဲဒီမှာ ရိုက်လာတဲ့ ပုံတွေကိုတော့ နောက်မှပဲ ပြန်ရှယ်တာပေါ့ဗျာ..နော၊ အခုတော့ ကျနော်တို့ ချစ်တဲ့ အဲဒီနိုင်ငံကလေး ဆီကိုပဲ ဆက်လက် ပျံသန်း ကြည့်ကြရအောင်..၊ အတောင်ပံပါရင် မင်းဆီကို လို့ပဲ ဆိုပါတော့လေ..၊


တစ်ရက်မှာတော့ ဟိုသားအမိကို ထားခဲ့ပြီး ကျနော် တစ်ယောက်တည်း မြို့ထဲကို ထွက်လာခဲ့တယ်၊ လုပ်စရာ စာရွက်စာတမ်း ကိစ္စတချို့ကို လုပ်ရင်း၊ စာအုပ်လေး ဘာလေးလည်း ဝယ်ရင်း၊ ဓါတ်ပုံလည်း ရိုက်ရင်း ဆိုတဲ့ စိတ်ကူးနဲ့ပါ၊ ရန်ကုန်မှာ ကားတွေ များသထက် များလာတာ သတိမပြုမိလို့ မရအောင် ကိုပါပဲ၊ အမြဲလိုလို ယာဉ်ကြောပိတ်တာတွေ တစ်နေရာမဟုတ် တစ်နေရာမှာ တွေ့ရတယ်၊ တချိန်တည်းမှာပဲ ဒါတွေကို ဖြေရှင်းဖို့ လမ်းတွေချဲ့တာ၊ ဂုံးကျော်တံတားတွေ ဆောက်တာတွေကို လုပ်နေကြတယ်၊


မြို့တော်ခန်းမကြီးကတော့ အရင်အတိုင်း မလှုပ်မယှက် ငိုက်မြည်းဆဲပါပဲ၊ အရင်လို အဝါရောင် မဟုတ်တော့ဘဲ ခရမ်းရောင်သန်းတဲ့ အဖြူရောင်နဲ့ဆိုတော့ ကိုလိုနီ အငွေ့အသက်ကလေးတောင် နည်းနည်းပျောက်သွား သလိုလို..၊ သူ့ရှေ့က မြင်ကွင်းတွေကလည်း အရင်လိုပါပဲ၊ ဘတ်စ်ကားတွေ၊ ခေါင်းရွက်ဗျပ်ထိုး ဈေးသည်တွေ၊ ဥဒဟို သွားနေကြတဲ့ လူတွေ၊ တိုးရစ်စ် ကားကြီးတွေ..၊ အားလုံးဟာ ကောင်းကင်ပြာကြီးရဲ့ အောက်မှာ သက်ဝင်လှုပ်ရှားလို့..၊ မဟာဗန္ဓုလ ပန်းခြံ သံတိုင်တွေကို မှီရင်း ကျနော် ငေးကြည့်နေမိတယ်၊ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ဒေါ်လာငွေ လဲတဲ့ ပုဂ္ဂိုလ်တွေကလည်း ငါးမိနစ် တစ်ခါလောက် 'ဒေါ်လာ လဲမလို့လား၊ ဘယ်လောက်ပါလဲ' ချည်း လာလာမေးနေတယ်၊


ဟောဒီရုံးက ထုတ်ပေးလိုက်တဲ့ စာအုပ်အနီကလေးက ကျနော့်ကို ကီလိုမီတာတွေ ထောင်ချီဝေးတဲ့ အရပ်ကို ပို့ပေးခဲ့တယ်၊ ပုံမှန်ဆို ပွဲစားတွေ၊ ပတ်စ်ပို့စ် လျှောက်မယ့် သူတွေနဲ့ အမြဲခြေချင်း လိမ်နေတဲ့ နေရာ..၊ ဟော.. ကြည့်ပါဦး၊ အခုတော့လည်း သံတံခါးကြီးပိတ်ပြီး တိတ်ဆိတ်လို့၊ သွားမေးကြည့်တော့ ပြည်ထဲရေး ရုံးကို ပြောင်းသွားပြီ-တဲ့၊ ဖြစ်နိုင်ရင် အဲဒီသံတံခါးကြီးကို တွန်းဖွင့်ပြီး ရုံးထဲကို ကျနော်ဝင်ထိုင် ကြည့်ချင်တယ်၊ ဘယ်သူမှ မရှိတော့တဲ့ အခန်းတွေထဲမှာ နံရံတွေက ဘာတွေများ ပြောမလဲလို့ နားထောင်ကြည့်ချင်တာပါ၊ သူတို့ သိထားတဲ့ ဇတ်လမ်းတွေ အများကြီး ရှိမှာ အသေအချာပါ၊ နံရံတွေမှာ နားရှိတယ်လို့ ဆိုရိုးရှိတယ် မဟုတ်လား..၊


ပန်းဆိုးတန်းဟာ နည်းနည်းစိမ်းကား သွားသလိုပဲ၊ ကျနော့်အပေါ် တခါမှ မသိကျွမ်းဖူးတဲ့ လူတစ်ယောက်လို ဆက်ဆံနေလိုက်တာ..၊ တကယ်ဆို မီးလောင်သွားတဲ့ ညာဖက်က ဟောဒီရုံးကြီး အောက်က စာအုပ် အဟောင်းတန်းတွေမှာ ကျနော့်ရဲ့ နာရီလက်တံတွေ တမေ့တမော အကြိမ်ကြိမ် ရပ်တန့်ခဲ့ဖူးတာ သူ ပြန်အမှတ်ရဖို့ ကောင်းတာပေါ့၊


ပန်းဆိုးတန်းနဲ့ ကမ်းနားလမ်း ထောင့်က တယ်လီဖုန်း ရုံကလေးပါ၊ လက်ကိုင်ဖုန်းကိုယ်စီနဲ့ သွေးကြီးနေတဲ့ ရန်ကုန်သားတွေကို မျက်နှာငယ်လေးနဲ့ လိုက်ကြည့်နေရတဲ့ ဘဝပေါ့၊ အရင်တုန်းကတော့ သူ့ဆီမှာ လူတွေ တရုန်းရုန်းနဲ့ စည်ကားခဲ့ဖူးတယ်၊ အခုတော့လည်း ဒလ ဖက်ပြန်မယ့် တစ်ယောက်စ၊ နှစ်ယောက်စ လောက်ပဲ လာတော့တယ်၊ မကြာခင် အဖျက်ခံရမှာ သေချာသလောက် ရှိတဲ့ တယ်လီဖုန်း ရုံကလေးက ကျနော့်ကို အမြဲရှိတဲ့ မမြဲခြင်းတရား အကြောင်း လှမ်းပြောလိုက်တယ်..၊


ကမ်းနားလမ်းကတော့ အရင်အတိုင်း စည်ကားမြဲပါပဲ၊ တလောကလုံးက အလုပ်တွေ သူတစ်ယောက်တည်း ဒိုင်ခံ လုပ်နေရသလိုမျိုး အချိန်ပြည့် အလုပ်ရှုပ်နေတဲ့ပုံ..၊ ခပ်လှမ်းလှမ်းက မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ရုံး၊ မြန်မာ့လေကြောင်းရုံးနဲ့ စထရင်းန်းဟိုတယ် တို့ကို ကျနော် ခပ်ကြာကြာလေး ရပ်ငေးနေ ဖြစ်တယ်၊ မြန်မာ့ ခရီးသွားလုပ်ငန်း နှစ်ဦးကာလ တွေမှာတော့ ရန်ကုန်မြို့ရဲ့ တစ်ခုတည်းသော ကိုလိုနီခေတ်ဟိုတယ် ဆိုပြီး တစ်ည ဒေါ်လာ ၁၀၀၀ ဝန်းကျင်ပေးရတဲ့ အခန်းတွေနဲ့ သွေးကြီးခဲ့တဲ့ စထရင်းန်းဟိုတယ်က အခုတော့လည်း အနည်ထိုင်သွားပုံ ပါပဲ၊ စိတ်ထင် ပြောတာပါ...၊


ဘာရယ် မဟုတ်ပါဘူးဗျာ၊ သဘောကျလို့ ရိုက်လာခဲ့တာ..၊ ကားကတော့ လေးဘီးပဲ၊ ဒါပေမယ့် တံခါးမှာ ကပ်ထားတာက အမေရိကန် အလံနဲ့ နာဆာ-တဲ့၊ တစ်ပြားမှ မလျှော့ဘူး၊ ခပ်တည်တည်ပဲ..၊း)


စာတိုက်ကြီးကို ရောက်တယ်၊ ပုဂံကနေ ဝယ်လာတဲ့ ပို့စကတ်တွေကို မိတ်ဆွေ၊ သူငယ်ချင်းတွေဆီ ပို့ဖို့ပါ၊ ကျနော် နောက်ဆုံး စာထည့်တာက လွန်ခဲ့တဲ့ ၁၂ နှစ်လောက်က..၊ အဲဒီတုန်းက တံဆိပ်ခေါင်းတစ်ခု ၃၀ ကျပ် ဆိုတာတော့ မှတ်မိတယ်၊ အခုဆိုရင်တော့ လွန်ရောကျွံရော ၁၀၀ လောက်တော့ ရှိရောပေါ့လို့ တွေးထားခဲ့တယ်၊ ဟိုရောက်တော့ ဘယ်ဟုတ်မလဲ၊ တစ်ခု ၅၀၀ ကျပ်တဲ့၊ ကျနော်က ပို့စကတ် ၃၂ ခု ပို့ဖို့ဆိုတော့ တံဆိပ်ခေါင်းဖိုးချည်းပဲ ၁၆၀၀၀ ကျသွားတယ်၊ မျက်လုံးကို ပြူးရောပဲ..၊ ဒါပေမယ့် ဒီပြန်ရောက်တော့ ပို့ခဲ့သမျှ ပို့စကတ်တွေ အားလုံး ရောက်တယ်ဆိုတာ သိရလို့ ဘာပဲပြောပြော ပေးရတာ တန်ပါတယ်၊


ရန်ကုန်မှာ ရုပ်ရှင်မကြည့်ဖြစ်တာ အတော်လေးကို ကြာခဲ့ပြီ၊ နောက်ဆုံး ကြည့်ခဲ့တာ ကျနော် အမှတ်မမှားဘူးဆိုရင် မင်းသမီး ဒယ်မီမိုးပါတဲ့ Ghost ဇတ်ကားပါ၊ ကဲ- ဘယ်လောက် ကြာပြီလဲဆိုတာ တွက်သာကြည့်တော့၊ ကျနော့်အသက်က အဲဒီတုန်းက ၁၆ နှစ်လောက်ပဲ ရှိသေးတယ်၊ အဲဒီတုန်းကတော့ အဲဒီ Ghost ကားမှ မကြည့်ဖူးရင် လူရာမဝင်တဲ့ သဘောမျိုးတောင် ဖြစ်နေတာကိုး၊ ဒယ်မီမိုး ဆံပင်ပုံစံ ဆိုပြီးတောင် ခေတ်စားလိုက်သေးတယ် မဟုတ်လား၊ အခု ရှေ့ဆောင်ရုံမှာ ပြနေတာကတော့ Journey 2: The Mysterious Island တဲ့၊ တိုက်တိုက်ဆိုင်ဆိုင် ပါပဲ၊ ဒီမိုကရက်တစ် နိုင်ငံတော်သစ်ကြီးဆီ ချီတက်နေတဲ့ အသွင် ကူးပြောင်းစ ကာလမှာ သွားရမယ့် ခရီးက ရှည်လျားလှတယ်၊ Journey တောင်မှ အပိုင်း-၂ တဲ့၊ ပြီးတော့ အဲဒီ ခရီးက လျှို့ဝှက် ဆန်းကြယ်သော ကျွန်းဆိုပဲ၊ ဟုတ်မှာပါ၊ အခုလောလောဆယ်မှာ ကိုပဲ လျှို့ဝှက်သည်းဖို၊ ဝိုးတဝါး ဖြစ်ရပ်တွေ တွေ့နေရတယ် မဟုတ်လား...၊


လူထုချစ်တဲ့ ခေါင်းဆောင်တွေကတော့ လူထုကြားထဲကို တဖန်ပြန်ရောက်လာ ခဲ့ပြီ၊ ရန်ကုန်မြို့ရဲ့ မညီမညာ ပလက်ဖောင်းတွေ ထက်မှာ အရောင်စုံ၊ အသွေးစုံနဲ့ တညီတညာတည်းကို တင့်တယ်လို့...၊


ပြည်သူ့ဥယျာဉ်ထဲကိုလည်း မရွယ်ရွယ်ဘဲ ရောက်သွားသေးတယ်၊ ဒီမိုးပျံ ရထားလေးကို မြင်တော့ သားက ကလေးတို့ထုံးစံ ပူဆာပါလေရော၊ ဒါနဲ့ ကျနော်နဲ့သူနဲ့ နှစ်ယောက်သား စီးကြတယ်၊ ဂျာမနီက Europa Park မှာလည်း ဒီလိုမျိုး တစ်ခုရှိတော့ သူက မှတ်မိပြီး စီးမယ်လုပ်တာ..၊ စက်ဘီးခြေနင်းလို နင်းဖို့ လုပ်ထားတယ်၊ မနင်းလည်း သွားနေတာပါပဲ၊ နင်းရင်တော့ နည်းနည်း ပိုမြန်တယ်၊ ရီရတာက စထွက်တဲ့ ဂိတ်ကို ပြန်ရောက်တော့ ဘရိတ်ဖမ်းဖို့ကို အဲဒီမှာ စောင့်နေတဲ့ ဝန်ထမ်း သုံးလေးယောက်က တွဲတွေကို လက်နဲ့ အတင်းလိုက်ဆွဲ ကြတာ..၊ လျှပ်စစ်ဘရိတ်က ပျက်နေတာလား၊ မရှိတာပဲလားတော့ မသိဘူး၊ ကျနော်တို့က ဒုတိယတွဲဆိုတော့ သူတို့လက်နဲ့ ဆွဲပေမယ့် ပလက်ဖောင်းမှာ မရပ်ဘဲ အပြင်ဖက် ဟင်းလင်းပြင်ကို တခါ ကျွံထွက်သွားပြန်ရော၊ နောက်မှ ဝန်ထမ်းတစ်ယောက်က အသာ ပြန်လာဆွဲတယ်၊ တခြား ရေလွှာလျှောစီးတာ၊ တိုက်ကားမောင်းတာ၊ အစရှိသဖြင့် တော်တော် စုံအောင် လုပ်ထားတယ်၊ ကျနော် လေ့လာမိသလောက် မိသားစုတွေ၊ ကလေးတွေကလည်း အားလုံး အေးအေးဆေးဆေးနဲ့ အပန်းဖြေလို့..၊ သူတို့ကို ကြည့်ပြီး ကျနော်လည်း စိတ်လက်ပေါ့ပါး လာတယ်၊ ကစားကွင်းတွေက အရည်အသွေးပိုင်း ဆိုင်ရာမှာ လိုနေသေးပေမယ့် မြန်မာ ကလေးငယ်တွေလည်း တခြားနိုင်ငံတွေ မှာလိုပဲ အထိုက်အလျောက် ကစားခွင့် ရတာကို သဘောကျနေ မိတယ်၊ ကျနော်တို့ ငယ်ငယ်တုန်းက ဒီလိုမျိုးတွေ မရှိတဲ့အပြင် အဖေနဲ့အမေကလည်း ပန်းခြံတို့၊ ကစားကွင်းတို့ကို လိုက်ပို့ဖို့ အဆင်မပြေတာက ခပ်များများရယ်...၊


'မြေကြီးပေါ်မှာ ရနိုင်တဲ့ ပရဒိသုဘုံက ကော်ဖီတစ်ခွက်'..တဲ့၊ ခွက်ရဲ့ အတွင်းထဲက စာတန်းလေးကို သဘောကျနေ မိတယ်၊ တကယ်လည်း ကောင်းပါတယ်၊ Black Canyon ကော်ဖီကို မှာတဲ့အခါ ဘီစကစ်လေး တွေရယ်၊ ရေနွေးကြမ်းလေး တစ်ခွက်ရယ်ပါ တွဲချပေးတယ်၊ ခါးသက်သက် ကော်ဖီမှာ ဘီစကစ်က ဂျုံအရသာရယ်၊ ရေနွေးကြမ်းက စံပယ်ပန်း လက်ဖက်ခြောက်နံ့ရယ် ရောလိုက်တော့ မြေကြီးပေါ်ကနေ ပရဒိသုဘုံကို ရောက်သွားသလိုပဲ..၊ အထူးသဖြင့် ပျင်းရိ၊ လေးတွဲပြီး ငိုက်မြည်းချင်စရာ ရန်ကုန်ရဲ့ နေ့လယ်ခင်းတွေကို ထုတ်ချင်းခတ် ဖြတ်ဝင်သွားဖို့ အကောင်းဆုံး အဖော်မွန် ပါပဲ၊ Summit Parkview ဟိုတယ်ဘေးက ကော်ဖီဆိုင်လေးပါ၊ ဆိုင်နာမည် ကလည်း Black Canyon ပါပဲ၊


ဗိုလ်ချုပ်ဈေးကို ရောက်ရင် တီရှပ်ဆိုင်တွေကို ကျနော် သွား,သွားငေး ဖြစ်ပါတယ်၊ ဝယ်တာ မဝယ်တာထက် အရောင်စုံတာ၊ တီရှပ်ပေါ်က ပန်းချီ၊ ကာတွန်းလေးတွေကို သဘောကျလို့ပါ၊ တစ်ခါတုန်းကတော့ ချက်ပလက်လို့ ကျနော်တို့ ခေါ်ကြတဲ့ ဘတ်စကားအိုကြီးမှာ လူတွေ တိုးလို့တွဲလောင်း စီးနေကြတဲ့ ကာတွန်းပုံ ပါတဲ့ တီရှပ်လေး တစ်ထည် ဝယ်ခဲ့ဖူးတယ်၊ ကာတွန်းလေးက တကယ်ချစ်စရာ ကောင်းတယ်၊ ဆရာ စိုးသော်တာရဲ့ လက်ရာပါ၊


ဒီဆိုင်ကတော့ ကျနော် သွား,သွားငေးတဲ့ဆိုင် မဟုတ်ပါဘူး၊း) အဲဒီမှာ အမှတ်တရ ပစ္စည်း သွားဝယ်တာလည်း မဟုတ်ရပါဘူး၊ ဒီဆိုင်ရဲ့ အရှေ့ကဆိုင်မှာ မအိမ်သူက ဆွဲကြိုးလေး၊ လက်စွပ်လေး ကြည့်နေတုန်း ကျနော်က ဘေးမှာရပ်စောင့်ရင်း ဒီဆိုင်းဘုတ်ကို တွေ့လိုက်တာပါ၊ ဇာဘော်လီ ညွန့်ညွန့်ဆိုတာ တချိန်က နာမည်ကြီးလို့ ထင်တာပဲ၊ အဒေါ်တွေ ပြောတာ တခါတလေ ကြားဖူးတယ်၊ အခု ရန်ကုန်မှာ အမျိုးသမီးတွေ ကြီးကြီးငယ်ငယ် ဂျင်းဘောင်းဘီ အတိုအရှည်နဲ့ ဖြစ်ကုန်ကြတော့ ဒီလို ဇာဘော်လီ ဆိုတာမျိုးကော ဝတ်ကြသေးရဲ့လား မသိဘူး၊ ကြိုးပျောက်တို့၊ တစ်ချောင်းတို့၊ နှစ်ချောင်းတို့ ကြားမှာ ဇာဘော်လီ ညွန့်ညွန့်ရဲ့ ဈေးကွက်က ဘယ်လောက်အထိ ထိခိုက်မှု ရှိနိုင်သလဲ၊ ဒါမှမဟုတ် ဒါဟာ ပါစင်နယ်လ်ဖြစ်လို့ ကိုယ်တိုင်းနဲ့မှ စိတ်တိုင်းကျတယ်လို့ ဆိုသူတွေကော ရှိသလား၊ သွားမေးလို့ ကောင်းတဲ့ကိစ္စ မဟုတ်လို့ ဓါတ်ပုံလေး တစ်ပုံပဲ ရိုက်ပြီး ကျနော် တိတ်တိတ်ကလေးပဲ နေလိုက်ပါတယ်၊း)


ဗိုလ်ချုပ်ဈေးရဲ့ နာမည်ကြီး ပေါင်ချိန်စက်..၊ ကျနော် ခပ်ငယ်ငယ်တုန်းက ဒီစက်ပေါ်မှာ တစ်ခါ တက်ရပ်ဖူးတယ်၊ ထွက်လာတဲ့ လက်မှတ်က အချစ်ရေး မကောင်းနိုင်ဘူး-တဲ့၊ ဘိုဘိုဟန်ရဲ့ သီချင်းထဲကလို ပါပဲ၊ နှစ်တွေ အများကြီး အကြာမှာ ရန်ကုန်မြို့ကြီးက အလေးချိန်တွေ တိုးလာပေမယ့် ဒီပေါင်ချိန်စက်ကတော့ ဒီအရောင်၊ ဒီနေရာမှာ ပါပဲ၊ အဲ.. အခုနေ ချိန်ကြည့်ရင် အပြောင်းအလဲသို့ ဦးတည်နေသော ကာလဖြစ်သည်ဆိုတဲ့ လက်မှတ်များ ထွက်လာလေ မလား..၊


ဇော်ဂျီဟောက်စ်မှာ ထိုင်နေတုန်း ဝင်းအပြင်ဖက်ကနေ ပို့စကတ် လှမ်းရောင်းနေတာ...၊ ဟိုး အရင်အတိုင်းပါပဲ၊ ပုဂံဘုရား ပုံတွေကို ၁၀ ခု၊ အခု ၂၀ တွဲပြီးတော့ တစ်ဒေါ်လာ၊ နှစ်ဒေါ်လာ စသဖြင့် ရောင်းကြတယ်၊ သူ့ရဲ့ ဘယ်ဖက် လက်ထဲက အကြွေစေ့တွေကို ကျနော် လှမ်းငေးနေ မိတယ်၊ ကျနော်တို့ ကလေးဘဝ တုန်းက အဲဒီ အကြွေတွေ တကယ်ပဲ သုံးခဲ့ဖူးတာ အခုပြန်တွေးတော့ အိပ်မက်လိုလိုနဲ့..၊ ဆင်ရုပ်စုဗူးထဲက တစ်မတ်စေ့တွေ ခိုးထုတ်ပြီး ဇီးထုပ်တစ်ထုပ် တစ်မတ်နဲ့ အများကြီး သွားဝယ်စားတာ ပြန်အမှတ်ရတယ်..၊


ဒဂုံဘီယာကို အခုလို နှစ်တွေကြာပြီး ပြန်များ ကောင်းလာမလား ဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ သောက်ကြည့်တာ..၊ ဇော်ဂျီက ဆေးကြိမ်လုံးနဲ့ လှမ်းတို့ပြီး အဖတ်ဆယ်တာတောင် မရပါဘူးဗျာ..၊း)


ကျနော်က ကွမ်းမစားပေမယ့် ကွမ်းယာဆိုင်လေး တွေကိုတော့ သဘောကျတတ် ပါတယ်၊ တချို့ကွမ်းယာဆိုင် တွေက စိတ္တဇပန်းချီ ဆရာတစ်ယောက်ရဲ့ အလုပ်ရုံနဲ့ တူတယ်၊ အဲဒီမှာ အဖြူရောင်၊ အနီရောင်၊ အစိမ်းရောင်.. ဆေးရောင်စုံတွေ ပေပွပြီး အစီအစဉ်မကျ ရှိနေလိမ့်မယ်၊ တချို့ဆိုင်လေး တွေကျတော့ သန့်သန့်ရှင်းရှင်းနဲ့ သပ်ရပ်လို့..၊ ဒီဆိုင်လေးကတော့ ရန်ကုန်ရဲ့ ခြစ်ခြစ်တောက် နေရောင်အောက်မှာ နှင်းဆီတစ်ပွင့်နဲ့ ရဲရဲနီနေ ခဲ့တယ်..၊


ဟိုး ခပ်လှမ်းလှမ်းက ရန်ကုန်မြစ်ဝကို ကျနော် လှမ်းငေးနေ မိတယ်၊ မှုန်မှိုင်းမှိုင်း ကောင်းကင်အောက်မှာ ရန်ကုန်မြစ်ဟာ သဲကန္တာရထဲက မြွေတစ်ကောင်လိုမျိုး ခွေဝိုက်တွန့်လိမ်လို့..၊ ပင်လယ်ဖက်ကို ခေါင်းတည်ပြီး တငြိမ့်ငြိမ့်နဲ့ တွားသွားနေတယ်၊ ရန်ကုန်မြစ်၊ ပဲခူးမြစ်၊ ပုဇွန်တောင်ချောင်း သုံးခုဆုံရာ နေရာကို စိတ်မှန်းနဲ့ ရှာနေမိတယ်၊ ဓမ္မစေတီမင်း ခေါင်းလောင်းကြီး ရှိနေတာ အဲဒီနေရာမှာ မဟုတ်လား၊ အဖွဲ့ပေါင်းများစွာ ရှာခဲ့ကြ ပြီးပြီ၊ ရှေ့မှာလည်း စိတ်ဝင်စားတဲ့ အဖွဲ့တွေ အများကြီး စောင့်နေသေးတယ်၊ အခုချိန်ထိတော့ ခေါင်းလောင်းကြီးက ရေအောက်ကနေ စိန်ခေါ်နေဆဲပဲ၊


အိုမင်းနေတဲ့ တိုက်ဟောင်း၊ တိုက်သစ်နဲ့ ဆောက်လုပ်ဆဲ တိုက်တွေကြားမှာ ဗဟိုတရားရုံးကြီးက ဥပဒေတွေနဲ့ ပိကျလေးလံပြီး ဝပ်စင်းလို့...၊ ဟိုးအရင် ကိုလိုနီ ခေတ်တုန်းကတော့ ဘေးပတ်ဝန်းကျင်မှာ အဆောက်အဦး ကြီးကြီးမားမား မရှိဘဲ သူ့တစ်ခုတည်း ခန့်ထည်နေခဲ့ လိမ့်မယ်၊ ဟိုး ခပ်လှမ်းလှမ်း မှာတော့ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်းရုံးရဲ့ ရေကြောင်းမျှော်စင်ကို လှမ်းမြင်နေရတယ်၊ ကိုလိုနီခေတ်မှာ အင်္ဂလိပ်တွေဟာ ဒီ ရန်ကုန်မြစ်ကြောင်း အတိုင်း သင်္ဘောတွေနဲ့ စုန်ချည်ဆန်ချည် ဝင်ထွက်သွားလာ နေခဲ့ကြ လိမ့်မယ်၊ ဘာ့ကြောင့်လဲတော့ မသိဘူး၊ ရန်ကုန်ကို ငှက်တစ်ကောင်ရဲ့ နေရာကနေ ကြည့်ရတဲ့အခါ ဟိုးခေတ်ဟောင်း ကာလတွေကို စိတ်မှန်းနဲ့ မြင်ယောင်ကြည့်နေ မိခဲ့တယ်၊ အထူးသဖြင့် ကိုလိုနီခေတ်ကို...၊ မြင်းစီး အင်္ဂလိပ်တွေ၊ သူတို့ရဲ့ဘေးက အင်္ကျီဗလာနဲ့ ခြေကျင်လျှောက် အသားမည်းမည်း ဗမာတွေ၊ အိန္ဒိယ အနွယ်တွေ၊ ကုန်သည်တွေ၊ စစ်ပုလိပ်တွေ...၊ ဒီလူတွေဟာ အခုလို တိုက်တာတွေ မရှိတဲ့ ရန်ကုန်ရဲ့ လမ်းတွေပေါ်မှာ၊ ဖုန်လုံးကြီးတွေ ကြားမှာ လျှောက်သွားနေခဲ့ ကြမှာပဲ..၊


ကြည့်ပါဦး၊ ဟောဒါ ကျနော်ချစ်တဲ့ ရန်ကုန်ပေါ့၊ ရန်ကုန်ဟာ ကျနော့်ရဲ့ အောက်ဖက် ခပ်နိမ့်နိမ့်မှာ ရှိနေပေမယ့် အပေါ်စီးကနေ ကျနော် မကြည့်ရက်ပါဘူး၊ သူ့မှာက သူ့ဟာနဲ့သူတောင် ဒုက္ခတွေ ပင်လယ်ဝေနေ ခဲ့ရတာပါ..၊ ဒီမြို့ဟာ သူ့ကို အယောင်ဆောင် ချစ်ခဲ့သူတွေကို ကြုံခဲ့ရတယ်၊ လူ,လူချင်း ဖျံကျချင်သူတွေ တက်နင်းတာ ခံရတဲ့မြို့၊ မေးစေ့နှစ်ထပ် ရှိတဲ့ လူဝကြီးတွေရဲ့ ပါတိတ်အင်္ကျီ အိတ်ထဲ အထည့်ခံရတဲ့မြို့၊ ကာရာအိုကေမှာ မူးမူးနဲ့ ဟိုကိုင်ဒီကိုင် လုပ်တာ ခံရတဲ့မြို့၊ ပိုက်ဆံ အထုပ်လိုက် ကိုင်သုံးသူတွေကို ညှိုးညှိုးငယ်ငယ်နဲ့ မော့ကြည့်နေရတဲ့မြို့၊ မညောင်းမညာဘဲ အနှိပ်ခန်းသွားဖို့ ချောင်းနေတဲ့မြို့၊ အထည်ကြီးပျက် ပါကွာလို့ ယိုးစွပ်ခံရတဲ့မြို့၊ ဗိုက်ဟောင်းလောင်းနဲ့ ကလေးတွေ အော်ငိုနေတဲ့မြို့၊ ပုန်ကန်တဲ့ကောင်လို့ အညှိုးအတေး အထားခံရတဲ့မြို့၊ မိုးကလေး တဖြိုက်လောက် ရွာတိုင်း ရေတွေအိုင်ထွန်းပြီး မရှူနိုင် မကယ်နိုင် ဖြစ်ရတဲ့မြို့၊ ချစ်သူတွေက စွန့်ခွာ ချန်ခဲ့ တာကို ရင်စည်းခံနေရတဲ့မြို့၊ ..... .....မြို့၊ .... .... မြို့၊ .....၊

ဦးအောင်ဇေယျကတော့ ရန်အပေါင်း ကုန်စင်ပါစေတော့ ဆိုပြီး ဟောဒီ တံငါရွာလေးကို စေတနာ ထားခဲ့မှာ သေချာပါတယ်၊ မြစ်နား၊ ချောင်းနား နီးလို့လည်း ကုန်းလမ်း၊ ရေလမ်းနဲ့ သွားလမ်း၊ လာလမ်း ဖြောင့်ဖြူးခဲ့ပေ လိမ့်မယ်၊ ကိုလိုနီခေတ် အင်္ဂလိပ်က မြို့ကွက်ရိုက်ပြီး စနစ်တကျ တည်ပေးလိုက်တော့ ရန်ကုန်ဟာ နေ့ချင်းညချင်း မြို့ကြီးသား ဖြစ်လာခဲ့တယ်၊ မြစ်တွေ၊ ချောင်းတွေ ရှိတဲ့၊ ပင်လယ်ဆိပ်ကမ်း ရှိတဲ့ မြို့တွေကို ကျနော် သဘောကျတယ်၊ မြစ်တွေ၊ ချောင်းတွေ ခြံရံပြီး စိမ်းစိမ်းစိုစို ရှိတဲ့ ရန်ကုန်ဟာ ကျနော့်အတွက်တော့ လှတဲ့ မြို့တစ်မြို့ပါပဲ၊ ဒါပေမယ့် အဲဒီလို မြစ်နား၊ ပင်လယ်နား နီးနေတာကပဲ သူ့ကို မြို့တော် အဖြစ်က လျှောကျ စေခဲ့သလားလို့ တခါတရံ တွေးချင်စရာ...၊ ဘာပဲဖြစ်ဖြစ် အိုင်းနာကြီး၊ အမှိုက်ပုံကြီး စသဖြင့် တချို့တွေက စိတ်နာနာနဲ့ ခေါ်တတ်တဲ့ ဟောဒီ ရန်ကုန်မြို့ကို ကျနော်ကတော့ ချစ်ခင်တွယ်တာ နေတုန်းပါပဲ...၊ ကျားပေါက်သီချင်း ထဲကလို 'ပြန်အဆင်ပြေ မှာပါ၊ စိတ်မကောင်း မဖြစ်လိုက်နဲ့..' လို့ပဲ နှစ်သိမ့်ချင် ပါတယ်၊

ကျနော့်ရဲ့ အာရုံတွေ ပျံသန်းလူးလွန့် ခဲ့တဲ့ နိုင်ငံကလေးက ခရီးစဉ်ကို ချစ်သောရန်ကုန်ရဲ့ ပို့စ်နဲ့အတူပဲ အဆုံးသတ်ပါတယ်၊ ရွှေတိဂုံ သွားခဲ့တဲ့ အကြောင်းကတော့ နောက်မှ သီးသန့်ပို့စ် အနေနဲ့ တင်ဖို့ စဉ်းစားထား ပါတယ်၊ အခုဒီ နောက်ဆုံးပို့စ်ကျမှ ကပ်ပြီး တစ်နေ၊ ကြန့်ကြာနေတာကို စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်း၊ နားလည်ပေးကြတဲ့ ညီအစ်ကို၊ မောင်နှမ အယောက်တိုင်းကိုလည်း ကျေးဇူးတင်ပါတယ် ခင်ဗျား...။ ။


ညီလင်းသစ်
၈ ဇွန်၊ ၂၀၁၂

43 comments:

  1. Like .. :)

    PyiPhyo

    ReplyDelete
  2. သစ်သစ်June 8, 2012 at 4:33 AM

    ပို့စ်လေးဆုံးသွားပြီဆိုတော့ ရင်ထဲမှာဟာခနဲ ဖြစ်သွားတယ်ဗျား(

    ReplyDelete
  3. ရန်ကုန်မြို့အကြောင်းလေးကို ဓာတ်ပုံတွေနဲ့ စုံစုံလင်လင် ရိုးရိုးရှင်းရှင်းလေးရေးသွားတာ ဖတ်ရင်း ဆက်ရန်လေးကို ရောက်သွားတယ် မောင်ညီလင်းရေ။ အရာရာဟာ မပြောင်းမလဲငြိမ်သက်နေတယ်လို့ ထင်ရတဲ့ အဆောက်အဦးတွေလည်း မမြဲတဲ့သဘောတရားကြောင့် အတွင်းပိုင်းတွေ ယိုယွင်း ပျက်စီးနေပါပြီကွယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  4. စာဖတ်ပြီးလွမ်းသွားတယ်။

    ReplyDelete
  5. The Best article I have ever read about the trip back home....
    Excellent articulation....
    thnx....

    ReplyDelete
  6. အကို ပို့ တွေ ဖတ်မိပြီး ရန်ကုန် ပြန်ဖို့ လုပ်အုံးမယ်ဗျာ ကျေးဇူးပါဗျ ဓါတ်ပုံတွေ အရမ်းကြိုက်တယ်ဗျာ

    ReplyDelete
  7. ပိုစ့်အသစ်လေးဖတ်လိုက်ရလို့ ပျော်သွားတယ်။ အမှန်အတိုင်းပြောရရင် နေ့တိုင်းလိုလို လာချောင်းတာဗျ။ ထုံးစံအတိုင်းပေါ့ ပုံတွေကြည့်ပြီး စာတွေဖတ်ပြီး လွမ်းသွားရတာပါပဲ။ အရေးအသားပြေပြစ်တာကိုလဲ အားကျမိတယ်။ အင်း ... ကျွန်တော်လဲ ရန်ကုန်ကို လွမ်းတယ် .....။
    (လီယို)

    ReplyDelete
  8. ရန်ကုန်မြို့ကြီးက ဖော်ညွှန်းသွားတဲ့ အမည်နာမ၀ိသေသလေးတွေကို သဘောကျတယ် ဒါပေမယ့် ပျော်စရာတော့မကောင်းဘူးနော့် သူ့မှာ ဒဏ်ရာတွေနဲ့ကို ။

    နံရံတွေက ပြောမယ့် စကားကို ကျနော်လည်း နားထောင်ချင်စမ်းပါဘိဗျာ ။


    သတိရတယ် အစ်ကိုရေ့ ကျနော်တို့လည်း ပို့စ်လေးတွေတက်လာမှပဲ သတိတရရှိမိတော့သလိုလိုး)

    ReplyDelete
  9. Very nice post. Ko NLT.
    As a profession who is working in urban planning,
    I feel sad for Yangon, our previous capital city.
    Although it was planned well during colonial time, it has been developed without proper planning. But that kind of problem happened in most of our Asian city. I hope Yangon will be improved by urban readjustment in the future. I love Yangon, too.

    ReplyDelete
  10. ရန်ကုန်ကို အတော်လေးစုံလင်စွာလွမ်းသွားရတယ်
    ပန်းဆိုးတန်းလမ်းက အရင်လိုမဟုတ်ပဲ ခြောက်သွေ့ သွားလိုက်တာနော်
    ဒီတခါပုံတွေအားလုံးအတွက်ကျေးဇူးပါရှင်

    ReplyDelete
  11. စကားလုံးတွေ အများကြီးကို တိတ်တိတ်ဆိတ်ဆိတ်ပြောနေတဲ့ ဓါတ်ပုံတွေရယ် အရောင်စုံခံစားမှုတွေ စုံလင်တဲ့ ရသတွေ ပေါင်းစပ်ဖွဲ့စည်းထားတဲ့ စာတွေရယ်နဲ့... ရန်ကုန်ပိုစ့်တွေအားလုံးထဲမှာ ဒီ နောက်ဆုံး ပိုစ့်ကို အကြိုက်ဆုံးပဲ...း)

    ReplyDelete
  12. ဘလက်ကန်ညွှန် ကျွန်တော့အကြိုက်ဆုံးကော်ဖီဆိုင်..

    ညီ

    ReplyDelete
  13. ရန်ကုန်မြု့ကို လည်လိုက်ရတာမောသွားတာပဲ။
    ဓါတ်ပုံတွေအရမ်းလန်းတယ်

    ReplyDelete
  14. Excellent writing with nice photos

    ReplyDelete
  15. ကိုညီလင်းသစ်တို့ရိုက်လိုက်ရင် ကွမ်းယာဆိုင်၊ ကော်ဖီခွက် ၊ ဘီယာခွက်လေးတွေတောင် လှနေရောဘဲ..
    ရန်ကုန်ကိုရောက်ခဲ့တာ မကြာသေးပေမဲ့ ပုံတွေကြည့်ပြီး ပြန်သွားချင်စိတ် ဓာတ်ပုံရိုက်ချင်စိတ် ပေါက်လာတယ်။။
    အရမ်းလှတယ်။
    ဇာဘော်လီ ဆိုင်းဘုဒ်က အစပါဘဲလေး)

    ReplyDelete
  16. အပိုင်း(၈)ပြီးသွားတာ နှမျောစရာ...
    ရန်ကုန်သူ၊ ရန်ကုန်မှာနေသူ ကျွန်မကိုတောင် ညှို့ခေါ်သွားတဲ့ ရန်ကုန်၊ အခါခါရောက်နေတဲ့နေရာတွေ၊ အခုတော့ သက်ဝင်နေတဲ့ပုံတွေရယ်၊ ထိချက်ပြင်းတဲ့ စကားလုံးတွေရယ်ကြောင့် ရန်ကုန်က အဟောင်းထဲမှာ ပြန်သစ်လို့..။ ဒီအတွက် ကျေးဇူးပါ ကိုညီလင်းသစ်ရေ..။

    ReplyDelete
  17. ဓါတ်ပုံတွေကိုအဲလိုစာတန်းလေးနဲ့အဓိပ္ပါယ်ဖော်လိုက်တော့ ပုံဝတ္ထုလေးတွေကို ဖတ်နေရသလိုပဲ ဖတ်ရင်း စီးမျောသွားမိခဲ့တယ်..။ မသက်ဝေပြောသလိုပဲ ဒီဇာတ်သိမ်းပိုင်းကိုအကြိုက်ဆုံးပဲ...။

    ReplyDelete
  18. စာရေးကောင်းတာလား ဓာတ်ပုံရိုက်ကောင်းတာလားတော့မသိဘူး အရမ်း ဖတ်လို့ လည်းကောင်းတယ် စိတ်ဝင်စားဖို့ လည်းကောင်းတယ် ပို့ စ်အားလုံးပါပဲ

    ReplyDelete
  19. ကိုညီရေ

    တဝကြီးဖတ်သွားတယ် ဓါတ်ပုံတွေ စာလေး တွေ အတွက် ကျေးဇူးပါ

    ခင်မင်တဲ့
    ရွှေစင်ဦး

    ReplyDelete
  20. ကိုညီလင်းသစ်ရေ...ပုံတိုင်းအတွက် စာရေးစရာတွေ ဝေေ၀ဆာဆာရှိနေတာများ အံ့သြစရာ။ ပုံလေးတွေကိုနှစ်သက်မိသလို ပုံစာလေးတွေကိုလည်း သဘောတကျ ဖတ်မိတယ်။ ကျွန်မ ရန်ကုန်သူတောင် မမြင်မိတဲ့ စာသားလေးတွေနဲ့....။

    ReplyDelete
  21. ဆီးထုပ် တစ်ထုပ် တစ်မတ် ခေတ်ချင်းတူတယ်ရော
    မိုးသကြား၊ စံရွှေမြင့်
    နောက်တော့ ၁ ကျပ်တန် ရှမ်းမဆီးထုပ်


    စင်စင်

    ReplyDelete
  22. ကျမလည်းဒီပို့ စ်ဖတ်ပြီးပုံတွေကြည့်ပြီးပြန်ပြောချင်တာတွေအများကြီးဖြစ်သွားတယ်။ လိုတိုရှင်း ပြောရရင်တော့ပုံတွေအားလုံးနဲ့ စာတွေချွင်းချက်မရှိကြိုက်တာပေါ့။
    အဲ..တယ်လီဖုန်းရုံကတော့တော်တော်တရားရမီတယ်။ သူလည်းမကြာခင်သွားရတော့မယ်။ သူမသွားခင် သုံးထားတဲ့ နေကာ (Sun Shade)တဖြစ်လဲ မိုးယံကြော်ငြာကိုတွေ့ ပြီးတော့လည်း..တရားကျမိ ပါသေး။ မိုးယံဆိုတာဘာပါလိမ့်ဆိုပြီးသိချင်လို့ ကညလသရဲ့  ဓါတ်ပုံကို ပရီဗျူးထဲဒရက်ဆွဲသွားပြီးအထက်အောက်လှန်ကြည့်တော့စာတွေတော့ဖတ်မရပါဘူး။ ကြည့်ရတာစားသုံးဆီကြော်ငြာပုံနဲ့ တူပါတယ်။ အော်..သူ့ ဆီစားမစားဝယ်မ၀ယ်တော့မသေချာဘူး။ သူ့ ကြော်ငြာကတော့မြန်မာ့တန်ခိုးနဲ့ ဆန်းရှိတ်ဒ် အဖြစ်နဲ့ အသုံးတော်ခံနေရတယ်လေ။ ဒါလည်းတရားသဘောဘဲနော့။း)

    ဘလက်ကန်ရွန်မှာသူငယ်ချင်းတွေနဲ့ အမြဲလိုလိုစားသောက်ပျော်ပါးအတင်းတုတ်ငြင်းခုန်လုစားမျှစားခဲ့ကြတာတွေလည်းသတိရအောင်းမေ့မိ။

    စကော့ဈေးပေါင်ချိန်စက်မှာစကော့ဈေးသွားတိုင်းကျောင်းသားဘ၀ကတည်းကချိန်။ ဗေဒင်တွေလဲဖတ်။ ပျော်စရာတွေပြန်သတိရ။

    Foreign Bank နားသွားရတိုင်း ဘယ်လောက်ပါလဲ လဲမလား ဆိုပြီးအမေးခံရတာတွေမြင်ယောင်။
    ဖတ်လို့ ဆုံးသွားတာတောင် ဆက်ဖတ်ချင်နေသေးတယ်။.....အတိတ်ကိုတူးဆွပေးသူကိုညီလင်းသစ်ရေ။း))
    အိုင်အိုရာ

    ReplyDelete
  23. အကိုရေ
    ဖတ်လိုက်ရတာ အရသာကိုရှိနေတာပါဘဲလေ..
    စိတ်ထဲမယ် ပြီးသွားမှာကိုတောင်
    ကြောက်နေမိတယ်..ရန်ကုန်နဲ့ဝေးကွာနေတဲ့
    ညီမတို့လို့ သူတွေအဖို့ အကို့ရဲ့ post လေးက
    အလွမ်းဖြေဆေးပါဘဲ..
    မီးမှန်မှန်မလာတဲ့မြို့
    ညတိုင်း မီးစက်သံတညံညံ နဲ့ သွေးဆူစေတဲ့မြို့
    ဘောင်းဘီတို စကပ်အခွဲတွေကြားထဲမှာ
    ယဉ်ကျေးမှု့ အခိုးခံလိုက်ရတဲ့မြို့
    ...
    ရန်ကုန်မြို့ကြီးဘယ်လိုဖြစ်နေနေ
    ဘယ်သူတွေဘာဘဲပြောနေနေ
    ဘယ်လိုအနေအထားမျိုးဘဲရောက်သွားပါစေ
    .......
    တချိန်မှာတော့
    အဲဒီမြို့လေးစီ ရောက်အောင်ပျံသန်းမယ်အကိုရာ
    ငှက်တွေတောင်မှ အိမ်ပြန်ချိန် ဆိုတာ
    ရှိသေးတာဘဲနော်..ညီမတို့ကလူတွေဘဲ
    တချိန်မှာတော့အိမ်ပြန်ချိန် ရှိလာမှာပေါ့..နော့

    စကော့ဈေးကပေါင်ချိန်စက်မြင်တော့
    ကျောင်းတုန်းက သူငယ်ချင်းတွေပြန်လွမ်းမိသေး
    အဲတုန်းက 93 ဆိုတာကနေဘယ်တော့မှ
    မတက်ဘူးလေ..

    ReplyDelete
  24. PyiPhyo ...
    Thanks.. :)

    သစ်သစ် ...
    ဒီပို့စ်ဆုံးသွားတာဟာ နောက်ထပ် အသစ်တွေ ဆက်ရေးဖို့လို့ ဆိုကြပါစို့ဗျာ..၊း)

    အန်တီတင့် ...
    အဆောက်အဦးတွေ ယိုယွင်းတာတော့ မပြောပါနဲ့ အန်တီရာ၊ တရားလွန် ပစ်ထားကြတယ်...၊

    Shin ...
    ဟုတ်ကဲ့ ...၊

    S.H. ...
    Thank you for your kind comment. It's so touching....

    AMK ...
    ပြန်ပါဗျာ..၊ ဓါတ်ပုံတွေ ကြိုက်တယ် သိရလို့ ကျေးဇူး တင်ပါတယ်နော်..၊

    လီယို ...
    အေးဗျာ၊ အခုလို ကြာသွားရတာ စိတ်မကောင်းပါဘူး၊ ပုံမှန်လာဖတ်လို့လည်း ကျေးဇူးပါဗျာ..၊

    မောင်မျိုး ...
    ညီလည်း အလုပ်တွေ များနေပုံပဲ၊း) နံရံတွေ ပြောမှာက ဘယ်လို အကြောင်းအရာတွေ ဖြစ်မလဲလို့ ကျနော်တို့ ကြိုတင် ခန့်မှန်းလို့ ရတယ်လေ...၊း)

    Phyu ...
    I hope Yangon will get recovered sooner indeed. It's a pity that a city with such a town plan has been abandoned...huh. :(

    မစံပယ်ချို ...
    ဟုတ်တယ်ဗျာ၊ ပန်းဆိုးတန်းက အတော်လေးကို ခြောက်ခြောက်ကပ်ကပ်နဲ့...၊

    မသက်ဝေ ...
    အခုလို ကြိုက်တယ် ဆိုတော့လည်း လဲလှယ်လိုက်ရတဲ့ အိပ်စက်ခြင်းတွေကို မနှမြော တော့ပါဘူးလေ..၊း)

    ညီ ...
    ဟုတ်တယ်၊ ထိုင်လို့ ကောင်းတယ်..၊

    (ကို)လွင်ပြင်လှိုင်းငယ် ...
    ကဲ.. ဒါဆိုလည်း ဒဂုံဘီယာလေး အမောပြေ လုပ်သွား ပါအုံးဗျာ..၊း)

    Anonymous ...
    Thank you.

    မချော ...
    ဇာဘော်လီ ဆိုင်းဘုတ်လည်း လှတယ်ဆိုလို့ ရယ်ချင် သွားတယ်ဗျ၊း) မချောကတော့လေ.....၊းD

    မမြသွေးနီ ...
    ရန်ကုန်သူ တစ်ယောက်ကို ရန်ကုန်အကြောင်း ပြောပြ နိုင်ခဲ့လို့ ဝမ်းသာမိပါတယ်ဗျာ..၊း)

    မမိုးငွေ့ ...
    ဟုတ်ကဲ့..၊ နှစ်သက်တာ သိရလို့ ကျနော်လည်း ကျေနပ် မိပါတယ်..၊

    အမည်ဝှက်စာဖတ်သူ ...
    စိတ်ကူး တည့်သလို လုပ်ထားတာပါဗျာ၊ ဖတ်လို့ ကောင်းတယ် ဆိုတော့လည်း ဝမ်းသာရပါတယ်..၊

    အမရွှေစင်ဦး ...
    ရန်ကုန်ပို့စ်ကို စိတ်ဝင်တစား လာဖတ်တဲ့ မန္တလာသူ ကိုလည်း ကျေးဇူးပါပဲဗျား...၊း)

    အမချစ်ကြည်အေး ...
    အမကတော့ လူတစ်ယောက်ကို ဘယ်လို ချီးကျူးရမလဲ လို့ အမြဲပဲ သိနေသူ ထင်ပါရဲ့ဗျာ..၊း)

    စင်စင် ...
    သိပ်ဟုတ်တာပေါ့ဗျာ၊ မိုးသကြား၊ စံရွှေမြင့်၊ ရှမ်းမ.. ဒီနာမည်တွေကို မေ့တေ့တေ့ ဖြစ်နေတာ..၊ ကျနော်လည်း အရမ်းကြိုက်ခဲ့တယ်..၊း)

    မအိုင်အိုရာ ...
    မအိုင်အိုရာက observant ဖြစ်တယ်နော်၊ အသေးစိတ် ကြည့်ပုံရတယ်၊ ကျနော့် ပုံတွေက Res. လျှော့ထားလို့ ပုံကြီး ချဲ့ကြည့်လည်း ထူးပြီး မမြင်ရ ပါဘူး၊ မအိုင်အိုရာလည်း ဘလက်ခ်ကင်ညွန် ကြိုက်သူ ပဲကိုး၊ အတိတ်က ပုံရိပ်တွေ ပြန်သတိရတယ် ဆိုတော့လည်း ဝမ်းသာမိပါတယ်ဗျာ..၊

    ညီမ balckroze ...
    ဒါပေါ့ဗျာ၊ အိမ်ပြန်ချိန်ဟာ တစ်နေ့နေ့မှာတော့ မလွဲမသွေကို ရောက်လာရ မှာပေါ့၊ ရန်ကုန်ကို ချစ်သူတွေအတွက် ရန်ကုန်ကလည်း စောင့်ကြိုနေမှာပါ။

    ReplyDelete
  25. လွမ်းစရာရန်ကုန်...ကွမ်းယာဆိုင်လေးကိုငေးပြီ့းပေါင်ချိန်စက်ကိုလွမ်းသွားတယ်...

    ReplyDelete
  26. တို့စရာရှိတာ စာရင်းတို့သွားတယ် ညီလင်းရေ ကျေးဇူးပါ .. ဇာဘော်လီညွန့်ညွန့်ဆိုင်းဘုတ်ကြီးက ပြူးနေတာဘဲ အသံထွက်ပြီးရယ်မိတယ် ရေးတတ်လွန်းတယ် .....

    mie nge

    ReplyDelete
  27. ရန်ကုန်မြို့ ကြီးကို တင်စားသွားတာတွေကို သဘောကျလွန်းလို့ ..ရေးတတ်ပါ့...

    ReplyDelete
  28. oh...too sad the post is ending

    rgds/nang myint

    ReplyDelete
  29. ဒီပို့ထဲက ဓာတ်ပုံတွေထက် စာသားတွေက ရင်ဘတ်ကို အတော်ထိစေတာပဲဗျာ..။ ခံစားချက်ခြင်းတူနေကြလို့ ဖြစ်မယ်။ ကျနော်လည်း ရန်ကုန်ပြန်ရောက်တိုင်း ကိုယ့်ကိုကိုယ် လူစိမ်းတယောက်လို ပိုပို ခံစားရတယ်။ အမည်မဖော်တတ်တဲ့ ခံစားမှုတွေ ရရလာတယ်..။ နက်နက်နဲနဲတွေးလိုက်ရင် ရင်မောတယ်။ မတွေးမိအောင် ထိန်းရတယ်။ ကိုညီလင်းသစ်လို မဖွဲ့တတ်ပေမယ့် ကိုညီလင်သစ်ရဲ့ message ကိုတော့ အပြည့်နားလည်ခံစားလိုက်ရပါတယ်ဗျာ..။ ကျေးဇူးပါ။

    ReplyDelete
  30. ရန်ကုန်မြို့ အကြောင်းလေးကို ခပ်မောမောလေးဖတ် သွားတယ် ကိုညီရေ။
    လေးဘီးကားလေးရယ်၊ ညွန့် ညွန့် ဇာဘော်လီပုံတွေ
    ကိုတော့ကြိုက်သွားပြီ။
    ပန်းဆိုးတန်းက စာအုပ်အနီရုံးရှေ့ရောက်ရင် အခုထိ
    စိတ်လှုတ်ရှားမိတုန်းပါပဲ။
    ဓါတ်ပုံကောင်းတွေနဲ့ စာကောင်းကောင်းလေးတွေဖတ်ရ
    လို့ ကျေးဇူးတင်ပါတယ်။

    ReplyDelete
  31. ခုမှပဲ လာမဲန့်ဖြစ်တော့တယ်ကိုညီ...ဖတ်တာကတော့ ဗမာပြည်ပို့စ်အားလုံး ဖတ်ဖြစ်ပါတယ်။ ရွှေတိဂုံဓာတ်ပုံလှလှတွေ မျှော်နေမယ်
    နော်...
    အော်...ကိုညီရေးတဲ့ဆိုင်လေး စားဖူးသွားပြီ သိလား သိပ်ကောင်း မီးမီးကြိုက်ကြိုက် လို့ ပြောရမယ်:D

    ReplyDelete
  32. ရန်ကုန်မှာမွေးပြီး၊ ရန်ကုန်မှာ ကြီးခဲ့တဲ့ ရန်ကုန်သူစစ်စစ်မို့ ကိုညီလင်းရဲ့ အာရုံတွေဖြန့်ကျက် ပျံသန်းခဲ့တဲ့ ဟောဒီရန်ကုန်ပို့စ်ကို ဘယ်လိုကြိုက်မှန်း မသိအောင်ကို ကြိုက်သွားပါတယ်။
    ဇွန်လည်း မနေ့ကမှ ချစ်သောရန်ကုန်က ပြန်ရောက်တာ။ ၄ ရက်ခရီးမို့ ဓာတ်ပုံတော့ ရိုက်ချိန်မရလိုက်ဘူး။ ရန်ကုန်မြို့က ဘယ်လောက်ပဲဟောင်းနွမ်း လျစ်လျူရှုခံထားရပေမယ့် သူ့ကို မပြောင်းမလဲဘဲ ချစ်နေ၊ လွမ်းနေကြတဲ့သူတွေက အများကြီး ရှိနေဦးမှာပါ။

    ReplyDelete
  33. အိုး......ပန်းဆိုးတန်းလမ်း၊မြို့တော်ခန်းမရှေ့၊ဗိုလ်ချုပ်
    ဈေး၊ဇော်ဂျီဟောက်၊ပြည်သူ့ဥယျဉ်၊ရှေ့ဆောင်ရုံရှေ့၊
    ကျွန်တော်တို့ခြေရာချင်း ထပ်ခဲ့ပါရောလားအကို....။
    ဇာဘော်လီဆိုင်ကလွဲလို့ ဆိုပါတော့အကိုရာ....:P။
    ဒါပေမယ့် အကိုတွေးသလို၊မြင်သလို မမြင်မိခဲ့ဘူး။
    ဒါ့ပုံရိုက်ရကောင်းမှန်းကတော့ဝေးရော.....:)))
    အကို့အတွေးလေးတွေကိုသဘောကျသွားတယ်...။
    ပို့စ်လေးဖတ်ပြီး ရန်ကုန်မြို့ကြီးကို ဝမ်းနည်းနေတဲ့
    ကောင်မလေးတစ်ယောက်ကို ပွေ့ဖတ်ချော့မြူသလို
    မျိုးတောင် ချော့ပေးချင်စိတ်ပေါက်သွားတယ်....။
    ကျားပေါက်ရဲ့သီချင်းလေးနဲ့ပေါ့နော်....:D
    " ပရဒိသဘုံ " ရုတ်တရက်ဘာမှန်းမသိလို့ နတ်ပြည်ခြောက်ထပ်နာမည်တွေကို ရွတ်နေမိသေး
    :)))))။ကွမ်းယာဆိုင်လေးကိုလည်းသဘောကျ
    တယ်၊ကွမ်းယာဆိုင်ကို ရှေ့ကလည်းရပ်ဖူးသလို
    နောက်ကနေလည်း ရပ်ခဲ့ဖူးရဲ့....၊ဒီလိုအတွေး
    လေးမျိုး အကိုပြောမှ တွေးမိတယ်...ဟုတ်ပါ့ဗျာ။
    ပို့လေးဆုံးသွားပြီပေါ့နော်....၊အင်း..ကျွန်တော်
    တို့တတွေရဲ့ အာရုံများပျံသန်းရာမြို့လေးမှာ
    တစ်နေ့နေ့တော့ ဆုံနိုင်ကောင်းရဲ့ဗျာ.....။
    (အပေါ်ကကွန်မန့်ကလည်း ကျွန်တော်ပဲအကို :))

    ReplyDelete
  34. ရန်ကုန်မြို့ ကြီးကတနှစ်ထက် တနှစ်ပိုပြီးအို လာသလိုပဲ။ ဒါပေမယ်.လဲအဝေးကနေ ရန်ကုန်ကို အမြဲလွမ်းပြီး အချိန်ရတိုင်းပြန်ခြင်တုန်းပဲ။
    ကျေးဇူးတင်ပါတယ် ကိုညီလင်း။

    ReplyDelete
  35. ဘိုဘိုဟန်ရဲ့ပေါင်ချိန်စက်ကိုတိုးတိုးလေးလိုက်ဆိုရင်း ဓာတ်ပုံတွေကြားကနေ မိန်းခလေးတစ်ယောက် လွယ်အိတ်တစ်လုံး နဲ့ ယောထမီဝတ်လို့ ပြေးလွှားနေခဲ့ရဖူးတာတွေပြန်သတိရမိတယ်အကိုရေ ..

    ဓာတ်ပုံတွေကရင်ကိုထိလှတယ် .တချိန်တခါတုန်းက ကိုပြန်သတိရမိစေတယ်
    ( ပိုစ့်အသစ်တိုင်း အမြဲလာအားပေးတတ်တဲ့ အကိုကို ကျေးဇူးအရမ်းတင်ကြောင်းနဲ့ အားရှိကြောင်းပါဒီနေရာကပြောခဲ့တယ်အကို )

    ချစ်ခင်လျှက်

    ညီမငယ်

    ဒိုးကန်

    ReplyDelete
  36. မရေးသေးဘူးလားလို့ လာပြီးချောင်းချောင်းနေတာ....တကယ်တင်သွားတဲ့ အခါကျတော့ အလုပ်တွေထဲ နှစ်ပတ်ကျော်ခေါင်းနှစ်နေတာနဲ့ ကြုံနေလို့  ခုမှပဲပြန်လာမိတော့တယ်...... ဓါတ်ပုံလေးတွေကို မြိန်ရည်ယှက်ရည်ကြည့်လိုက်ရတော့မှပဲ....... :) ဒီလိုပြန်ဖြစ်သွားတယ်။။။ :)

    ReplyDelete
  37. အပြောင်းလဲတွေနဲ့ ရန်ကုန်က လွမ်းစရာ ကောင်းဆဲပါလားအကို...

    ReplyDelete
  38. ဘာပဲရေးရေးဖတ်လို့ကောင်းတယ်နော်
    အရေးအသားကချောမွေ့တော့
    ဒီဘလော့ကို အမြဲပဲစောင့်ကြည့်မိတယ်
    နှစ်သက်တဲ့အစားအသောက်ကိုတောင့်တမိသလို
    ခင်မင်ရင်းနှီးတဲ့မိတ်ဆွေတယောက်နဲ့ လက်ဆုံစကားပြောနေရသလို
    ခံစားရတယ်

    ကျေးဇူးပါ

    ReplyDelete
  39. စာရေးသွားတာ
    တကယ်ကို အသက်ဝင်တယ် ဗျာ ..
    အထူးသဖြင့် ဒီနောက်ဆုံးပုဒ်ကို ရေးသွားတာ
    လှလိုက်တာ ..
    အကိုချစ်တဲ့ ရန်ကုန်ကို
    နောင် လည်း ခဏ၊ ခဏ ပြန်နိုင်ပါစေး))

    ခင်မင်လျှက်
    ဆောင်းနှင်းရွက်

    ReplyDelete
  40. I miss cafe and sorbet from ZawGyi House, book shops from Pansoedan road, Shan Noodles in front of FMI centre and especially my father, the regular betel chewer.

    ReplyDelete
  41. အရမ်းကောင်းလိုက်တာဗျာ......နောက်ဆုံးပိုဒ် ရဲ့အဆုံး ရင် ထဲလှိုက်ကနဲဆို
    ရန်ကုန်ကိုလွမ်းချက်က ချက်ချင်းကို ထပြန်ချင် စိတ်ဖြစ်မိတယ်
    ဝေးကွာခဲ့တာ ဆယ်စုနှစ်တစ်ခုတောင်ကျော်ပြီဆိုတော့.................

    ReplyDelete