19 June 2012

သူမ, လိုချင်တဲ့ မွေးနေ့လက်ဆောင်


ပြီးခဲ့တဲ့ ဇွန် ၁၄ နဲ့ ၁၅ ရက်တွေမှာ လူက အလုပ်သာ လုပ်နေရပေမယ့် စိတ်က အလုပ်မှာ မရှိဘဲ မတည်မငြိမ် ဖြစ်နေခဲ့တယ်၊ လုပ်နေကျ အလုပ်တွေမို့ လက်က အလိုအလျောက် လှုပ်ရှားနေပေမယ့် အာရုံတွေကတော့ ၅၅ ကီလိုမီတာ အကွာမှာ ရှိတဲ့ ဂျီနီဗာမြို့ကို ရောက်နေ ခဲ့ပါတယ်၊ ဒီအချိန်ဆို သူမ စကားပြောနေပြီလား၊ အချိန်အပြောင်းအလဲမှာ သူမရဲ့ ကျန်းမာရေးကကော...၊ နှုတ်ဆက်ဖို့ သွားကြတဲ့ သူငယ်ချင်းတွေက သူမနဲ့တွေ့ဖို့ အခွင့်အရေး ရမှ ရပါ့မလား..၊ စတဲ့ အတွေးတွေ ဖြန့်ကျက်၊ အုပ်မိုးထားခဲ့တဲ့ ရက် ၂ ရက်ပါပဲ...၊

ဇွန်လ ၁၃ ရက်နေ့ ညလေယာဉ်နဲ့ အမေစု ဂျီနီဗာကို ရောက်မယ့်အကြောင်း ၃ ရက်လောက် ကြိုပြီး သတင်းရတယ်၊ ရောက်မယ့် အချိန်က ည ၁၀ နာရီခွဲ ဝန်းကျင်လောက်..၊ ဟိုတယ်ကို ၁၁ နာရီလောက်မှာ ရောက်မယ်၊ ခင်မင်ရာ အချင်းချင်း လက်တို့ပြီး လေဆိပ်နဲ့ ဟိုတယ်မှာ သွားကြိုကြဖို့ မေးမြန်း၊ တိုင်ပင်ကြတယ်၊ ဒါပေမယ့် ကျနော့်အတွက်တော့ အဆင်မပြေပါဘူး၊ အိမ်ကနေ နာရီဝက်လောက် ကားနဲ့ သွားရတဲ့ ခရီးဖြစ်တဲ့ အပြင် ညဖြစ်တာက တကြောင်း၊ အများအားဖြင့် လေဆိပ်တွေမှာ ဗီအိုင်ပီ ဧည့်သည်ဆိုရင် လေယာဉ်ကနေ ဆင်းပြီးတာနဲ့ ကားနဲ့ တခါတည်း တန်းပြီး ခေါ်သွားကြလေ့ ရှိလို့ မတွေ့ရဖို့ များတာက တကြောင်းဆိုတော့ ကျနော် မသွားဖြစ်ခဲ့ဘူး၊ နောက်ရက်ဖြစ်တဲ့ ဇွန် ၁၄ နဲ့ ၁၅ မှာလည်း တိုက်တိုက်ဆိုင်ဆိုင် အလုပ်မှာ အရေးကြီးတဲ့ ချိန်းဆိုမှုတွေ၊ အဲဒီနေ့မှာ မဖြစ်မနေ လုပ်ရမယ့် ဟာတွေ ရှိနေပြန်တယ်၊ ဘယ်လိုများ ရွှေ့လို့၊ ပြောင်းလို့ ရနိုင်မလဲလို့ ကျနော် အတန်တန် ကြိုးစား ကြည့်ပါသေးတယ်၊ မဖြစ်နိုင်တဲ့ အဆုံးမှာတော့ အမေစုကို ကိုယ်တိုင်ကိုယ်ကျ သွားပြီး နှုတ်ဆက်၊ ဂါရဝ ပြုခွင့်ကို စိတ်မကောင်းစွာပဲ လက်လျှော့လိုက်ရ တော့တယ်..၊

ှဆွစ်ဇာလန်မှာ အမေစု နေသွားတဲ့ တစ်ရက်ခွဲက တကယ့်ကို တိုလွန်းပါတယ်၊ ပြီးတော့ ထုံးစံအတိုင်း အာဂျင်ဒါကလည်း အပြည့်ပေါ့၊ ၁၄ ရက်နေ့မှာ အိုင်အယ်လ်အိုမှာ မိန့်ခွန်းပြောတယ်၊ နေ့လယ်ပိုင်းမှာ ဆွစ်အာဏာပိုင်တွေနဲ့ တွေ့တယ်၊ ပြီးတော့ သတင်းစာ ရှင်းလင်းပွဲ လုပ်တယ်၊ အဲဒီမှာ Jet lag ရော၊ ခရီးပန်းတာရော ပေါင်းပြီး အမေစု အန်တဲ့အထိ နေမကောင်း ဖြစ်သွားသေးတယ်၊ နောက်နေ့မှာတော့ ဆွစ်လွှတ်တော်ကို သွားလေ့လာတယ်၊ အဲဒါအပြီး နော်ဝေကို ခရီးမဆက်ခင် လေးမှာ ဆွစ်တီဗီလိုင်း တစ်ခုကို အင်တာဗျူး ပေးပါတယ်၊ မေးခွန်းလေး ခြောက်ခု၊ ခုနှစ်ခုလောက်နဲ့ အင်တာဗျူး တိုတိုလေးပါ၊ ကိုယ်နေတဲ့ နေရာနဲ့ နာရီဝက်လောက် ကားစီးရတဲ့ နေရာကို ရောက်လာခဲ့ပေမယ့် သွားတွေ့ဖို့ မကြုံလိုက်တဲ့ အမေစုကို အင်တာဗျူးကနေ တဆင့်ပဲ ကျနော်ငေးရင်း သူ့စကား တွေကို နားထောင်နေမိတယ်၊

ကျနော့်ရှေ့ တီဗီဖန်သားပြင်မှာ တစ်ကမ္ဘာလုံးက လေးစားကြတဲ့ အမျိုးသမီးကြီး တစ်ယောက်..၊ ဥရောပ နွေဦးရဲ့ ခပ်နွေးနွေး နေရောင်ခြည်တန်းတွေ အောက်မှာ မြန်မာဝတ်စုံနဲ့ သွက်လက်ဖြတ်လတ် နေတယ်၊ မျက်နှာပေါ်က အရေးအကြောင်း တချို့နဲ့ နားသယ်စပ်က အဖြူရောင် ဆံခြည်မျှင်တွေက ဇရာရဲ့ စုတ်ချက်တွေကို စပြီး ပြနေခဲ့ပြီ၊ ဒီအမျိုးသမီးကြီးရဲ့ ဘဝဟာ ကင်းဗတ်စ တစ်ခုဆိုရင် စုတ်ချက်ကြမ်းကြမ်းတွေ၊ ဆေးရောင်စုံ အရင့်၊ အမှောင်တွေ စဉ်ဆက်မပြတ် ကျရောက်နေခဲ့တဲ့ ကင်းဗတ်စ တစ်ခုပဲ ဖြစ်ပါ လိမ့်မယ်၊ တစ်လျှောက်လုံးမှာ မျဉ်းကွေးတွေက အနားသတ်ဖို့ အကြိမ်ကြိမ် ကြိုးစားတာ ခံရပေမယ့် အဲဒီဆေးရောင်စုံ အစွန်းအထင်းတွေနဲ့ပဲ ပြီးပြည့်စုံတဲ့ တန်ဖိုးကြီး ပန်းချီကား တစ်ချပ် ဖြစ်လာခဲ့တဲ့ ကင်းဗတ်စ တစ်ခုပါ၊ နှစ်တွေ ကြာညောင်းခဲ့ပေမယ့် ယုံကြည်မှု၊ ရိုးသားမှု အပြည့်နဲ့ ကြီးမြတ် နေဆဲပဲ..၊ ကျနော် ငေးနေမိတယ်...၊

အင်တာဗျူးတဲ့ သတင်းထောက်က 'ခင်ဗျား အနေနဲ့ တာဝန်ယူမှု၊ တာဝန်ရဲ့ အရေးပါပုံကို ပြောလည်းပြော၊ လက်တွေ့လည်း ကျင့်သုံး ပြတာ ကျနော့်အနေနဲ့ လေးစားမိပါတယ်၊ အဲဒီတာဝန်ယူမှုကပဲ ခင်ဗျားရဲ့ စိတ်ဓါတ်ကို ခိုင်မာစေသလို ကိုယ်နေဟန်ကိုလည်း အမြဲတမ်း ကျော့မော့နေစေခဲ့တာ လို့များ ပြောရင် ရနိုင်မလား' လို့ တစ်နေရာမှာ ခပ်ရွှန်းရွှန်းလေး မေးတော့ အမေစုက 'ကျမက သေးသေးသွယ်သွယ် ဆိုတော့ လူကြားထဲမှာ အရပ်ရှည်တယ်လို့ ထင်ရအောင် အမြဲတမ်း ခပ်မတ်မတ်နေတဲ့ အကျင့်လုပ်ထားလို့ အဲဒီလို ဖြစ်နေတာပါ' လို့ အရွှန်း ဖောက်ပြီး ပြန်ဖြေသွားတယ်၊ သူ့ရဲ့ ပေးဆပ်မှု၊ စတေးမှု တွေအကြောင်း ပြောတော့ အမေစုက ပြောနေကျ အတိုင်း 'ဒါဟာ ကျမအတွက်တော့ စတေးမှု မဟုတ်ပါဘူး၊ ဒါဟာ ရွေးချယ်မှုပါပဲ၊ ဒါပေမယ့် ကျမရဲ့ ခင်ပွန်းနဲ့ သားတွေက သာလျှင် တကယ့်ကို ပေးဆပ်ခဲ့ရ၊ စတေးခဲ့ရတာပါ' တဲ့..၊ သူချစ်လွန်းတဲ့ နိုင်ငံအတွက် လင်ဆုံး၊ သားကွဲနဲ့ မိသားစု ဘဝတွေ ကျိုးကြေခဲ့ရတဲ့ အမျိုးသမီးကြီးကို ကြည့်နေတဲ့ ကျနော့်ရဲ့ မျက်ဝန်းတွေ ဝေဝါးသွားတယ်၊ မျက်တောင်ကို ပုတ်ခတ်၊ ပုတ်ခတ် လုပ်နေရင်း ရင်ဘတ်ထဲ ဆို့နေတယ်၊ သူကတော့ အထုအနှက် များစွာ ခံခဲ့ရတဲ့ ပေတုံးတစ်တုံးလို မာကျော၊ ကျစ်လစ်လို့...၊ ခပ်ပြုံးပြုံးပဲ ပြောနေလိုက်တာ...၊

အင်တာဗျူးက ပြင်သစ်လိုမေးပြီးတော့ အမေစုက အင်္ဂလိပ်လို ဖြေပါတယ်၊ အဆုံးသတ်မှာတော့ သတင်းထောက်က 'ခင်ဗျား အနေနဲ့ နေအိမ် အကျယ်ချုပ် ကျနေတုန်းမှာ ကက်ဆက်ခွေတွေ နားထောင်ပြီး ပြင်သစ်စာကို တစ်ယောက်တည်း လေ့ကျင့်ခဲ့တယ်လို့ သိရပါတယ်၊ ကျနော်တို့ကို ပြင်သစ်လို တစ်ခွန်း၊ နှစ်ခွန်းလောက် ပြောပါဦး' ဆိုတော့ အမေစုက မဆိုင်းမတွဘဲ 'ကျမ အရမ်း စိတ်လှုပ်ရှား နေတယ်၊ ကျမရဲ့ ပြင်သစ်စကားက မကောင်းပါဘူး၊ ဆွစ်ဇာလန်ကို ကျမ သိပ်သဘောကျသလို ဆွစ်လူမျိုးတွေကိုလည်း နှစ်သက် ပါတယ်' လို့ ပြင်သစ်လို ခပ်ဝဲဝဲလေး ဖြေသွားခဲ့တယ်၊ သတင်းထောက်က 'မကြာခင် ကျရောက်မယ့် မွေးနေ့ အတွက် ကျနော်တို့ ဘာများ ဆုတောင်းပေးရမလဲ' လို့ နောက်ဆုံးမေးခွန်း မေးတော့ အမေစုက ခဏလေး တွေကနဲ စဉ်းစားလိုက်တယ်၊ ပြီးမှ ပြင်သစ်လို 'Le bonheur pour mon pays' လို့ ခပ်ပြုံးပြုံးလေး ပြန်ဖြေလိုက်တယ်၊ 'The happiness for my country' တဲ့....၊ ဒါက အဲဒီ အင်တာဗျူးပါ၊



Credit: rts.ch

သူချစ်တဲ့ တိုင်းပြည်ကလေးက လူတွေ စိတ်ချမ်းသာ၊ ပျော်ရွှင်တာကို မွေးနေ့လက်ဆောင် အဖြစ်လိုချင်တဲ့ အမေစု.. မိသားစုနဲ့ အတူ ကျင်းပခွင့်ရတဲ့ ရှားရှားပါးပါး မွေးနေ့မှာ ကျန်းမာခြင်း၊ ငြိမ်းချမ်း၊ အေးမြခြင်းတို့ဖြင့် ပြည့်စုံပါစေလို့ ဆုမွန်ကောင်း တောင်းပါတယ်...။ ။


ညီလင်းသစ်
၁၉ ဇွန်၊ ၂၀၁၂

23 comments:

  1. (... တစ်လျှောက်လုံးမှာ မျဉ်းကွေးတွေက အနားသတ်ဖို့ အကြိမ်ကြိမ် ကြိုးစားတာ ခံရပေမယ့် အဲဒီဆေးရောင်စုံ အစွန်းအထင်းတွေနဲ့ပဲ ပြီးပြည့်စုံတဲ့ တန်ဖိုးကြီး ပန်းချီကား တစ်ချပ် ဖြစ်လာခဲ့တဲ့ ကင်းဗတ်စ တစ်ခုပါ...) ရေးတတ်လိုက်တာဗျာ...။
    အန်တီစုရဲ့ မွေးနေ့ ဆုတောင်း အလျင်အမြန်ဆုံး ပြည့်ဝပါစေ..လို့ ကိုညီလင်းသစ်ရဲ့ တောင်းဆုနဲ့အတူ ထပ်ဆင့် ဆန္ဒပြုပါတယ်။

    ReplyDelete
  2. စကားလုံးတွေထဲမှာ စေတနာတွေ မေတ္တာတွေကို မြင်နေရတယ်... ကိုညီလင်းလိုပဲ ထပ်တူ ဆုတောင်းနေပါတယ်...

    ReplyDelete
  3. ကြည့်ပဲကြည့်နေချင်တယ် ...

    ReplyDelete
  4. ပြီးပြည့်စုံတဲ့ စိတ်စေတနာနဲ့ ကိုညီလင်းရဲ့ ပို့စ်လေးဟာ အန်တီအတွက် မွေးနေ့လက်ဆောင်လေးပါပဲ...။

    ReplyDelete
  5. ညီလင်းတော့အဲနေရာကို ရောက်နေလောက်ပြီလို့ တွေးမိသေးတယ် .. အန်တီ့ရဲ့  အဲခရီးစဉ်စစချင်းတုန်းက ပုံတွေစာတွေဖတ်ပြီး မျက်ရည်ဝိုင်းနေခဲ့သေးတာ ...

    mie nge

    ReplyDelete
  6. အင်တာဗျူးလင့်ခ်အတွက် ကျေးဇူးအထူးပါ ကိုညီလင်းသစ်ရေ။
    အမေစုအတွက် ထပ်တူထပ်မျှ ခံစားဆုတောင်းပေးနေပါတယ်။

    ReplyDelete
  7. "Le Bonheur Pour Mon Pays!" Thank you so much for sharing the link, and I am deeply touched when she mentioned, "ce n'etait pas un sacrifice, c'etait un choix". Comme elle est belle et modeste.

    ReplyDelete
  8. ကိုညီရေ အဲ့ဒီနေ့ တွေမှာ ကျမစိတ်ထဲမှာ အန်တီ့ ကို
    တွေးနေမိတယ်။
    ကျမနဲ့ သူ နီးနီးနားနားရှိနေတဲ့ ခံစားမှု က ထူးခြားပါတယ်။ ဒီနေ့ မနက်မိုးလင်းတော့ သူ့ မွေးနေ့ 
    မှာ ဘာတွေလုပ်နေမလဲ လို့ တွေးမိသေးတယ်။

    ReplyDelete
  9. ကိုညီလင်းသစ်ပို့စ်လေး ဖတ်ပြီး အမေစုကို ပိုပြီး ချစ်ခင်မြတ်နိုးစိတ်တွေ ပေါ်ပေါက်လာရတယ်.

    ကျွန်တော်လည်း သူ့အတွက် မွေးနေ့ပို့စ်လေးရေးမယ် စိတ်ကူထားပေမယ့် လောလောဆယ်တော့ သူများတွေရေးတာတွေကိုပဲ လိုက်ဖတ်နေမိတော့တယ်...

    ကိုညီ့ပို့စ်ရဲ့ နောက်ဆုံးစာသားလေးအတိုင်းပါပဲ.
    ရှားရှားပါးပါး သူ့မိသားစုလေးနဲ့ ဆုံတွေ့ခွင့်ရခိုက် ပျော်ရွှင်စရာ မွေးနေ့ပွဲလေး ဆင်နွှဲနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်...

    ခင်မင်လျက်

    Y.

    ReplyDelete
  10. အဲဒီကိုရောက်နေခဲ့ပြီးဓါတ်ပုံတွေတင်လာမလားလို့ တွေးနေမိခဲ့တာ။ ကျက်သရေရှိတဲ့အလှပိုင်ရှင်ကိုကိုညီလင်းသစ်လက်ရာနဲ့ သာကြည့်လိုက်ရရင်ဆိုပြီးကြိတ်မျှော်လင့်ထားလိုက်သေးတယ်။း)
    ဂုဏ်မြင့်တန်ဘိုးမြင့်တဲ့ဒေါ်အောင်ဆန်းစုကြည်ကိုကျမရဲ့ စကားလုံးတွေနဲ့ ပြည့်စုံအောင်မှီအောင်ပြောနိုင်မယ်မထင်ပါဘူး။ စကားလုံးတွေနဲ့ သူ့ ကိုဖေါ်ညွှန်းရတာမမှီပါဘူး။ ရင်ထဲအသည်းထဲကနေပဲသူဟာဘယ်လိုမျိုးဆိုတာကိုခံစားလို့ ရမိပါတယ်။ သူမစိတ်ချမ်းသာကိုယ်ကျန်းမာဘို့ ဘုရားရှစ်ခိုးပြီးတိုင်းမေတ္တာပို့ တာတော့ကျမတတ်နိုင်တော့အမြဲမေတ္တာပို့ ပါတယ်။
    အိုင်အိုရာ

    ReplyDelete
  11. ကိုညီလင်းရေးတတ်လိုက်တာ
    ဖတ်ရင်းဖတ်ရင်းနဲ့ကို ဆက်ဖတ်ချင်တယ်
    အမေစု မိသားနဲ့အတူကျင်းပရတဲ့မွေးနေ့လေးကို
    ထက်တူဆုတောင်းခဲ့ပါတယ်ရှင်

    ReplyDelete
  12. အန်တီစုလိုမျိုး .. မြန်မာအမျိုးသမီးထဲမှာ၊ မြန်မာ လူထုထဲမှာ နောက်တယောက်ပေါ်လာဖို.ဆိုတာ .....တွေးမိလိုက်တိုင်း အန်တီစုကို ဒီ.ထက်ပိုပြီး အသက်မကြီးစေချင်တော.ဘူး။
    ဘယ်လိုဖြစ်လို. စိတ်ဓာတ်အဲ.လောက်ခိုင်မာတာလဲဆိုတာလဲ ခဏခဏတွေးဖြစ်တယ်။

    ReplyDelete
  13. သိပ်ကိုဂုဏ်ယူမိပါတယ်....အန်တီစုကို တကမ္ဘာလုံးက စိတ်ဝင်စားလေးစားကြရတာဒီခရီးစဉ်က သက်သေပါဘဲ...

    ReplyDelete
  14. မောင်မျိုးJune 20, 2012 at 5:18 AM

    ဒါဆို ညီက အစ်ကို့ထပ် နည်းနည်းကံကောင်းသွားတာပေါ့ဗျ မဲဆောက်ကိုလာတုန်းက အမေ့ကို စက္ကန့်ပိုင်းလေးတွေ့လိုက်ရတယ် အသက် ၆၀ ကျော်အမျိုးသမီးကြီးတစ်ယောက်က နုပျိုပြီး အားမာန်တွေပြည့်နေတယ်လို့ ခံစားလိုက်ရတယ် ကြက်သီးတွေထပြီး မျက်ရည်တွေ အလိုလိုဝဲလို့ ဘယ်လို ခံစားမှုမှန်းမသိလိုက်ဘူးဗျ သိပ်ကြည်နူးတယ်း)


    အမေဟာ ကျနော်တို့ကို အမြဲတမ်း ခွန်းအားတွေပြည့်နေစေတဲ့ ပန်းချီကားတစ်ချပ်ပါပဲ အမေ ကျန်းမာပါစေ ။

    ReplyDelete
  15. ဖတ်ရင်း ကြက်သီးထလာရတယ်..။
    အမေစုကို ချစ်မြတ်နိုးစိတ်၊ လေးစားစိတ်၊ ကြည်နူးစိတ်နဲ့ မျက်ရည်များတောင် လည်မိပါရဲ့။
    ပေးဆပ်စွန့်လွှတ်နိုင်သူတစ်ဦးဖြစ်သလို၊ ယုံကြည်ချက်ကို မသွေဖီတဲ့ ခိုင်မာတဲ့ စိတ်ဓာတ်ကို မလေးစား၊ မကြည်ညိုပဲ မနေနိုင်ပါဘူးရှင်...။
    အမေစု လျှောက်လှမ်းတဲ့ ခရီးတိုင်းမှာ ခလုပ်မထိဆူးမငြိပဲ ကျန်းမာချမ်းသာစွာ လျှောက်လှမ်းနိုင်ပါစေ...။

    ReplyDelete
  16. ခေါင်းစဉ်ကို စဖတ်လိုက်တော့ အမေစုအတွက်လို့မထင်မိ
    ဘူးဗျ။မနေ့ကသူ့မွေးနေ့ဆိုတာသိပေမယ့် အကို သူ့အတွက်ရေးလိမ့်မယ်မထင်မိတာအမှန်ပါပဲဗျ။ဖတ်မိသ
    မျှ အမေစုအတွက်မွေးနေ့ဆုတောင်းတွေထဲမှာ ရိုးရိုးရှင်း
    ရှင်းနဲ့ စိတ်ခံစားသမျှကို ချပြသွားတဲ့ ဒီပို့စ်လေးကို
    သဘောကျသဗျိုးးးးးးး။

    ReplyDelete
  17. ကိုညီ..အဲဒီကိုရောက်နေခဲ့ပြီးဓါတ်ပုံတွေတင်လာမလားလို့ .....

    ReplyDelete
  18. လေးစားအားကျတဲ့အမျိုးသမီးကြီးတစ်ယောက်ရဲ့အောင်မြင်မှု့တွေကို မြန်မာဆန်လှတဲ့ ကျက်သရေရှိမှု့တွေကို ၀မ်းသာဂုဏ်ယူမိပါတယ်အကိုရယ် ..
    သောကတွေနဲ့မို့ ဘာကိုမှ မသိနိုင်အောင်ပါပဲ

    ချစ်ခင်လျှက်
    ညီမငယ်ဒိုးကန်

    ReplyDelete
  19. ကိုညီလင်းသစ်ရေးခြစ်ထားတဲ့ အမေစုအတွက် စာတစ်ပုဒ် (မွေးနေ့လက်ဆောင်)ကလည်း နွေးထွေးလှပလိုက်တာ။
    အားလုံးရေးထားသလိုပဲ အမေပြောနေတာတွေကို ငေးပဲကြည့်နေမိတော့တယ်။ သူ့လိုမေတ္တာစိတ်ပြည့်ဝဖို့၊ အနစ်နာခံဖို့၊ ထူးချွန်ထက်မြက်ဖို့ ကြိုးစားချင်စိတ်တွေပေါက်လာစေတဲ့ ရှေ့ဆောင်လမ်းပြ အမေတစ်ယောက်ပါဗျာ။
    (လီယို)

    ReplyDelete
  20. အရင်နေ့က ဒီအင်တာဗျုးအကြောင်း ဖတ်ခဲ့ဖူးပေမဲ့ ကိုညီလင်းသစ်ရေးထားတာ ဖတ်ပြီး မျက်ရည်တောင် ဝဲသွားမိတယ်။ ရေးတတ်လိုက်တာ..
    ကိုညီလင်းသစ်ရဲ့သူမအပေါ်ထားတဲ့ ချစ်ခင်လေးစားမှုတွေကိုလည်း အတိုင်းသားဘဲ တွေ့လိုက်ရတယ်။ ကျွန်မတို့အားလုံးက ချစ်ရတဲ့သူမပါ။

    ReplyDelete
  21. ကိုညီလင်းသစ် နဲ့ အတူ ဆုတောင်း ပါတယ် အမေ တယောက် ကျန်းမာစွာနဲ့ အသက်ရာကျော် ရှည်ပါစေ

    ခင်မင်တဲ့
    ရွှေစင်ဦး

    ReplyDelete
  22. အကိုနဲ့ ထပ်တူတပ်မျှကို..
    ဆုတောင်းခံစားပေးပါတယ်..
    ယုံကြည်ချက်တခုကြောင့်
    အရာရာကို စွန့်လွှတ်ပြီး
    ဦးတည်ချက်မပျောက်အောင်
    လျှောက်လှမ်းခဲ့တဲ့ သူမရဲ့
    သတ္တိတွေကတော့ တကယ်ကို
    လေးစားအားကျစရာပါဘဲ..

    ReplyDelete
  23. ကိုညီလိုပဲ အမေစုအတွက် မွေးနေ့ ဆုတောင်းလိုက်ပါတယ်..အမေစု ကျန်းမာပါစေ..

    ReplyDelete