26 June 2012

စိတ်မပါသော နေ့စွဲများ


အားလုံးလည်း ဖြစ်ဖူးကြမယ် ထင်ပါတယ်၊ ကိုယ် ပုံမှန်လုပ်နေကျ အလုပ်တစ်ခု၊ စဉ်ဆက်မပြတ် လုပ်လာတဲ့ အရာတစ်ခုအပေါ် တခါတလေမှာ သက်ဝင်ယုံကြည်မှု နည်းပါး၊ ခမ်းခြောက်နေတတ်တဲ့ အဖြစ်မျိုးလေ..၊ ဘယ်လိုပြောရမလဲ၊ လုံးဝယတိပြတ် စိတ်ကုန်သွားတာ မျိုးတော့ မဟုတ်ပေမယ့် အာရုံတွေ မလာတာ၊ စိတ်မပါတာ၊ ပျင်းရိငြီးငွေ့ နေတာ...၊ အဲ.. အဲဒီလိုပဲ ဆိုရမယ်ထင်တယ်..၊

ဟုတ်တယ်ဗျာ၊ ကျနော် အခုတလောမှာ ဘလော့ဂ်ရေးဖို့ အာရုံဝင်စားလို့ မရဘူး ဖြစ်နေတယ်၊ ဘလော့ဂ်ရေးခဲ့တဲ့ တလျှောက်မှာ တော်ရုံကိစ္စတွေနဲ့တော့ ဘလော့ဂ်ကို မထိခိုက် ဖြစ်ခဲ့ပါဘူး၊ ပျော်ခဲ့ချိန်တွေ၊ ဝမ်းနည်းခဲ့ ချိန်တွေ၊ ပျင်းနေချိန်တွေ၊ အလုပ်များနေ ချိန်တွေ..၊ ဘယ်လိုပဲ ရှိရှိ ဘလော့ဂ်မှာ တစ်ခုမဟုတ် တစ်ခုလောက်တော့ တင်လိုက်ဦးမှပဲလို့ အာရုံလေးကတော့ ကပ်နေခဲ့တာ ချည်းပဲ၊ တခါတလေ လက်ကသာ နောက်က ပါမလာလို့ ပို့စ် တွေ ကျဲနေပေမယ့် စိတ်ကတော့ ရှေ့က ဦးဆောင်ပြေးရင်း တစ်ပုဒ်ပြီးတစ်ပုဒ် အစီအစဉ်တွေ ဆွဲနေတတ်တာ ကလား၊ အခုကျတော့ ဒီလိုမဟုတ်ဘူး၊ အဲဒီစိတ် ကိုယ်တိုင်က ဘယ်ရောက်နေမှန်းကို မသိတာ..ကဲ၊ လက်ပါဖို့ ဆိုတာတော့ ဝေလာဝေး..၊

တကယ်တော့လည်း ဒီလို စိတ်မပါ၊ လက်မပါ ဖြစ်တယ်ဆိုတာ ကျနော့်လို ပါမွှား မပြောပါနဲ့..၊ ဆရာကြီး ဒေါက်တာသန်းထွန်းတို့လို လူမျိုးတောင် လွတ်တာ မဟုတ်ဘူး မဟုတ်လား၊ 'တခါတလေမှာ ငါ ဒါတွေ ရေးနေတာ အလကားပဲ၊ ရေးလို့ ဘာမှ မဖြစ်ဘူး၊ မရေးလို့လည်း ဘာမှ မဖြစ်ဘူး' တဲ့..၊ ဆရာကြီးက အင်တာဗျူး တစ်ခုမှာ ပြောသွားတာ၊ ဒါတောင် သူက စာရေးဖို့ အင်မတန် လွယ်တဲ့လူ..၊ စာကို 'သူများတွေလို ဘယ်က စ,ရေးရမှန်း မသိဘူးဆိုတာ မရှိဘူး' လို့ ပြောထားတဲ့လူ..၊ သူများ မသိသေးတာကို သုတေသနလုပ်၊ စာတမ်း၊ ဆောင်းပါးရေးပြီး အမြဲတမ်း ဝေမျှနေချင်တဲ့လူ..၊ ကျနော့်လို ဟိုမရောက်၊ ဒီမရောက် ပို့စ်တွေ မဟုတ်ဘဲ လူအများ အကျိုးရှိမယ့် သမိုင်းဆိုင်ရာတွေ ရေးနေတဲ့လူ...၊

ဘာ့ကြောင့် စိတ်မပါတာလဲလို့ လိုက်ရှာကြည့်တော့ အကြောင်းတွေ စုဆုံနေတာကြောင့်လို့ သွားတွေ့တယ်၊ ပထမဦးဆုံးကတော့ နိုင်ငံရေး..၊ ရခိုင်မှာ ဖြစ်တဲ့ကိစ္စတွေ လိုက်ဖတ်ရင်းနဲ့ စိတ်မကောင်းစရာတွေ ကြားမှာ စာရေးဖို့ စိတ်မပါတော့ဘူး၊ အဲဒါတွေ နောက်ကို လိုက်ရင်းနဲ့ သွားနေမကျတဲ့ ဖေ့စ်ဘွတ်ခ်တောင် အခုတလောမှာ ရောက်,ရောက်သွားသေးတယ်၊ ရွှေဝါရောင် တော်လှန်ရေးလို၊ နာဂစ်လို၊ ဖယောင်းတိုင် ထွန်းပွဲလို၊ ရိုဟင်ဂျာ အဓိကရုဏ်းလို.. တိုင်းပြည်မှာ အရေးအခင်း၊ အကြောင်းကြီးငယ်တွေ ဖြစ်နေချိန်ဆို ကျနော့်အတွက် ပုံမှန်ပို့စ် တစ်ပုဒ် တင်ဖို့ တကယ်ပဲ ခက်ခဲပါတယ်၊ ဟိုမှာက မိုးထဲရေထဲ အသေအကြေ ဖြစ်နေချိန်မှာ ကိုယ်က ဒီဖက်ကနေ သွားလာ၊ စားသောက်တဲ့ အကြောင်းတွေ၊ ခရီးသွားပုံတွေ တင်ရတာ တစ်ကိုယ်ကောင်း ဆန်နေသလိုပဲ၊ ဒါ.. ကျနော့် တစ်ယောက်တည်း အတွက် ပြောတာပါ၊ ကျနော့်မှာ ဖြစ်လေ့ရှိတဲ့ စိတ်အတင်အချ အကြောင်းကို ပြောတာပါ၊ အမှန်တော့ ဘာမှမဆိုင်ဘူးလို့ ပြောမယ်ဆိုလည်း ရပါတယ်၊ ကိုယ်က ဟိုးအဝေးကြီးမှာ နေရတော့ အဲဒီကနေ လုပ်ပေးနိုင်တာ ရှိရင်လုပ်ပေး၊ ပြီးရင် ပုံမှန်ဘဝ အကြောင်းကို ပုံမှန်ပဲ ဆက်ပြောသွားတဲ့ ကိစ္စမဟုတ်လား၊ ပုံမှန်စိတ်နဲ့ နေသွားရုံပါပဲ၊ ခပ်လှုပ်လှုပ်ဖြစ်တိုင်း ပို့စ်အသစ် မတင်နိုင်ဘူး ဆိုတာ အတော်ကြောင်တဲ့ ကိစ္စပဲလို့ ပြောရင်လည်း ခံရမှာပါပဲဗျာ၊ ဒါပေမယ့် အဲဒါဟာ ကျနော့်တစ်ဦးတည်းရဲ့ ပဋိပက္ခဆိုတာတော့ အမှန်ပါ...၊

နောက်တော့ တခြား အကြောင်းတွေလည်း အများကြီးပါပဲ၊ ဥရောပဖလား ဘောလုံးပွဲထဲ နတ်က,ရာ ကြည့်မောနေတာ၊ ဝင်ဘယ်လ်ဒန်ကို ကြိုတင်ခန့်မှန်း နေတာ၊ ကွန်ပြူတာ ရှေ့က မခွာဘဲ အမေစုနောက်ကို လိုက်နေတာ၊ ဘယ်တုန်းက ဝယ်မိမှန်းတောင် မမှတ်မိတော့တဲ့ စာအုပ်တွေကို ဖတ်ဖို့ ကြိုးစားနေတာ၊ ဘယ်တော့မှ ရှင်းလို့ မပြီးတဲ့ အလုပ်ကြွေးတွေ ရှုပ်နေတာ.. စသဖြင့်ပေါ့၊ ဒါတောင် တခါတလေ တီဗီမှာ ရုပ်ရှင်ကောင်းတဲ့ ချန်နယ်လ်တွေကို မျက်စောင်းလှမ်းထိုးတာ မပါသေးဘူး၊ ကျနော် စဉ်းစားကြည့်တယ်၊ ဒီလိုမျိုး စိတ်မပါဘူး ဖြစ်လာတာဟာ ဘလော့ဂ်တစ်ခုရဲ့ ဇတ်သိမ်းခန်းများလား-လို့၊ အင်မတန် စာရေးကောင်းတဲ့၊ ပို့စ် တင်တာစိတ်တဲ့ ဘလော့ဂ်တွေ ရပ်သွားတာ မြင်တော့ ကျနော်တို့တွေ စိတ်မကောင်း ဖြစ်ရတယ်၊ တစ်ခုပြီး တစ်ခုပါပဲ..၊ ရပ်သွားကြသူတွေ ထဲမှာ အကြောင်းမျိုးစုံ ရှိမှာဖြစ်သလို အဲဒီထဲက အကြောင်းတစ်ခုက စိတ်မပါခြင်း သက်သက်များ ဖြစ်လေမလား...၊

တခါတုန်းက ကျနော့်စီဘောက်စ်မှာ မခင်ဦးမေက ခရီးသွားဟန်လွှဲ ဝင်ပြီး အကြံပေးသွားဖူးတယ်၊ 'ပို့စ်အသစ် ရေးချင်တယ်ဆို ဘာသတင်း၊ ဘာဝက်ဘ်ဆိုဒ်မှ မဖတ်ခင်မှာရေး၊ အဲဒါတွေ လိုက်ဖတ်ပြီးရင် စာရေးဖို့ စိတ်မပါတော့ဘူး ဖြစ်တတ်တယ်၊ ဒို့ဆို ခဏခဏ ဖြစ်တယ်' တဲ့၊ ဒါလည်း မှန်တာပါပဲ၊ အဲဒီနည်းကို ကျင့်သုံးရင် သူ့လိုပဲ ပို့စ်တွေကို ကရားရေလွှတ် တစ်နေ့တစ်ပုဒ်နှုန်း တင်နိုင်မလားလို့ တွေးမိတယ်၊း) လောလောဆယ်မှာတော့ ကျနော့်ရဲ့ စိတ်မပါခြင်းဟာ ဇတ်သိမ်းခန်း တစ်ခုရဲ့ အစမဟုတ်ဘဲ အထက်မှာ ပြောခဲ့သလို နှစ်ဆယ့်တစ်ရာစုရဲ့ သတင်း လှိုင်းတံပိုးတွေ ရိုက်ခတ်မှုကြောင့်လို့ပဲ ယုံကြည်မျှော်လင့် ကြည့်ချင်ပါတယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ စိတ်မပါလို့ စာမရေးဖြစ်တဲ့ အကြောင်းကို အခုလို စိတ်ပါလက်ပါနဲ့ စာရေးပြီး ပြောချင်စိတ်ကလေး ရှိနေသေးလို့ ပါပဲ...။ ။


ညီလင်းသစ်
၂၆ ဇွန်၊ ၂၀၁၂

31 comments:

  1. လပြည့်ရိပ်June 26, 2012 at 11:45 PM

    အတူတူပါပဲ အကိုရေ...

    ReplyDelete
  2. ကျမကတော့ စိတ်ပါပြီး လက်မပါနိုင်တာ ကိုညီလင်းရေ ... စိတ်ထဲမှာတော့ ရေးနေတာ နေ့တိုင်းပဲ၊ လက်က ချမရေးနိုင်တာ ခက်တယ်။ ကုန်ကြမ်းတွေများပြီး ကုန်ချောမထုတ်နိုင်ဘူး ဖြစ်နေတယ်။ အချိန်ရရင် ရသလိုတော့ စာတွေ အပြေးအလွှား ဖတ်ဖြစ်ပါရဲ့။

    ReplyDelete
  3. အမတောင် အင်ဂျင်ပြန်နှိုးနေတာ...S-Cလေးမှာ မဆွဲချင် ဆွဲချင်နဲ့ ငယ်သံကိုပါလို့...:)

    ReplyDelete
  4. ဟုတ်တယ်။ အဲလိုမျိုးဆန်ဆန်ဖြစ်နေတယ်။
    အိုင်အိုရာ

    ReplyDelete
  5. တူတူပဲ ကိုညီလင်း...
    အလုပ်များတာက တကြောင်း သတင်းတွေကြောင့် အာရုံတွေ နောက်နေချိန်မှာ အပျော်ပိုစ့်တွေ ရေးရတာ တကိုယ်ကောင်းဆန်သလို ခံစားရတာက တကြောင်း... စာရေးဖို့ စိတ်ရော လက်ပါ မပါ ဖြစ်နေတယ်...
    အဲ.. ဒါပေမယ့် ဘလော့ဂ်တစ်ခုရဲ့ ဇတ်သိမ်းခန်း တော့ မလုပ်လိုက်ပါနဲ့... :D :D

    ReplyDelete
  6. ညီက ဘာတွေမှန်းမသိ ရှုပ်ပြီး စာရေးဖို့ စိတ်တွေ ၀ါးသွားတာ တစ်ခါတလေ ပြန်စဉ်းစားတာ အရင်က ငါ တစ်လကို ၁၀ ပုဒ်အထက်တော့ရေးဖြစ်တယ်ပေါ့ ခု ဘယ်တွေများရောက်ကုန်လဲ စဉ်းစားလို့ကိုမ၇တော့တာ မခင်ဦးမေ ပြောတာလည်း ထောက်ခံတယ် သတင်းတွေဖတ်ပြီး စိတ်တွေကေ၀၀ါးသွားတာ သူများတွေ သေကြေနေတဲ့အချိန် ငါက ချစ်နေလို့ ပျော်နေလို့ မတရားပါဘူးလေ ဆိုပြီးတော့ပေါ့ ။


    တစ်ခါတလေတော့လည်း လက်တွေ့ဘ၀မှာ ရုန်းကန်လှုပ်ရှားရတာတွေ များတဲ့ အခါ အပန်းဖြေစရာ ကျနော်တို့ရဲ့ ကိုယ်ပွားအိမ်လေးဟာလည်း တံခါးပိတ်ထားတဲ့ အိမ်ကလေးဖြစ်လို့ပေါ့ လောကကြီး သာသာယာယာ ရှိတဲ့ တစ်နေ့တော့ ညီ တို့တွေ အကြည်ဓာတ် ကလေး ပြန်ရကောင်းပါရဲ့း)

    ReplyDelete
  7.း) ကျွန်တော်တော့ စိတ်မရှိတော့သလိုမျိုးပဲ။
    ရေးတာကောင်းတဲ့ ဘလော့တချို့ပဲ လိုက်ဖတ်နေတော့တာပဲ။ အသစ်တက်ဖို့ ကြာနေတတ်တာကို သတိထားမိပါတယ်။ ဆက်ရေးဖြစ်နေပါစေ...
    N/A

    ReplyDelete
  8. ဘာပဲပြောပြော ခုတော့ အားလုံးကိုခြုံပြီး ပို့စ်တပုဒ်တော့ ရသွားတာပဲမဟုတ်လား...း)

    ReplyDelete
  9. ကျုပ်တော့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်ကတည်းက ကျုပ်ရဲ့ဘလော့လေးလဲ မရေးဖြစ်တော့တာ.. သတင်းတွေနောက် ကောက်ကောက်ပါအောင် လိုက်လိုက်တာ နေ့စဉ်ဆိုပါတော့... အခုအချိန်ထိကို စာရေးဘို့ လက်ကနှေးနေတုန်းဘဲ.. စာမရေးဖြစ်တော့တဲ့ အကြောင်းအရာတွေထဲက တစ်ခုဆိုပါတော့ဗျာ... ဆက်ပြီးတော့ ရေးနိုင်အောင် ကြိုးစားပေးပါဗျာ..အားပေးနေတယ်။

    ခင်မင်တဲ့
    ကိုမျိုး (အညာမြေ)

    ReplyDelete
  10. Blogger တွေ စာရေးကျဲသွားတာ ဒါတွေကြောင့်ကိုး ...

    ReplyDelete
  11. ကိုညီလင်း
    ဘလော့တွေရေးဖို့ မြန်မြန်စိတ်ပါ-ပါစေ

    ReplyDelete
  12. တခါတလေ ဒီလိုပဲကိုညီ။
    စိတ်ပါတဲ့အခါ အများကြီးဆက်တိုက်ရေးလိုက်နော်။
    စောင့်ဖတ်နေမယ်။
    ကလေးနဲ့ အမျိုးသမီးကိုနှုတ်ဆက်ပေးပါ။

    ReplyDelete
  13. ပို့စ်တစ်ပုဒ်ရေးဘို့ဆိုတာ အခြေအနေ အချိန်အခါနဲ့ နေရာဒေသတို့အပေါ်မူတည်တယ်လို့ တီတင့်တော့ထင်တာပဲ မောင်ညီလင်းရေ။ တစ်ပုဒ်ဆိုတစ်ပုဒ်မှန်းသိသိ ဗဟုသုတတွေရစေတဲ့ မောင်ညီလင်းတို့လို စာရေးသူတွေတော့ တစ်ခါတစ်ရံပဲ စိတ်မပါတာဖြစ်နိုင်ကြပါစေလို့နော်း)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  14. Pls dun stop blogging..Ko Nyi Lynn
    your blog is one of my favorite...
    -War So

    ReplyDelete
  15. စိတ်မပါလို့ရပ်သွားတာတော့ မလုပ်ပါနဲ့အုံး ကိုညီလင်း ရယ်။ရန်ကုန် ကိုလိုက်လည်ရတာမဝသေးဘူး

    ReplyDelete
  16. ဆက်တော့ရေးပါ..

    ReplyDelete
  17. ရပ်တော့ မရပ်လိုက်ပါနဲ့ အကို...:(

    ReplyDelete
  18. ညီမလပြည့်ရိပ် ...
    ပြန်လာတာ ဝမ်းသာတယ် ညီမရေ...၊

    မမေ ...
    မမေကျတော့လည်း ပြောင်းပြန်နော်...၊ ဆိုတော့.. ကုန်ကြမ်းတွေကို အကြမ်းထည် အဖြစ်ပဲ လောလောဆယ် သိမ်းထား၊ ဈေးတက်တော့မှ ထုတ်ရောင်း.. အဲ.. အချိန်ရတော့မှ ချရေးလေ..၊း)

    nyi ...
    Oops !

    မသီတာ ...
    အမလည်း အင်ဂျင်ပြန်ကိုင်တာ နည်းနည်း ကြာသွား တယ်နော်...၊ မကြာခင် ဆီပြန်လိုက်လာ မှာပါ..၊း)

    မအိုင်အိုရာ ...
    ဟုတ်တယ်နော်၊ အဖြစ်က မနှစ်ကနဲ့ကို မတူတာ...၊း)

    မသက်ဝေ ...
    ဇတ်သိမ်းခန်းတော့ မဖြစ်လောက်သေး ပါဘူး၊ အခု လက်ဘယ်လို သွေးရမလဲလို့ စဉ်းစားနေတယ်...အဟဲ၊း)

    မောင်မျိုး ...
    အေးဗျ၊ လက်တွေ့ဘဝမှာ ညစ်ညူးစရာတွေ များလာတဲ့ အခါ ကျနော်တို့ရဲ့ အပန်းဖြေစရာ အိမ်ကလေးလည်း မှုန်မှိုင်း၊ ပေကျံလာတတ်တာ သတိထားမိတယ်၊ ညီလည်း အခုနောက်ပိုင်း စာရေး တော်တော့်ကို ကျဲသွားတယ်နော်...၊

    ကို N/A ...
    ကို N/A က ပိုတောင် ဆိုးနေပါ့လား၊ အိမ်နီးချင်း တိုင်းပြည်တွေဆီ ခရီးသွားတဲ့ အကြောင်း၊ သားကလေး အကြောင်း.. အဲဒါတွေ မဖတ်ရတာ ကြာပြီဗျာ..၊

    မမိုးငွေ့ ...
    ဟုတ်ပဗျား..၊ ဒါကိုပဲ မော်ဒန် ဆားချက်နည်းလို့ နာမည် ပေးရင် ကောင်းမလားလို့...၊း)

    အညာမြေကကိုမျိုး ...
    အခုလို အားပေးတာ ကျေးဇူးပါပဲဗျာ၊ ကိုယ်တိုင်လည်း ဆက်ရေးဖို့ တိုက်တွန်းပါတယ်...၊

    သိင်္ဂါရ ...
    ဒါလည်း အကြောင်းတစ်ခု ဖြစ်မယ်လို့ ထင်တာပဲဗျ..၊

    မစံပယ်ချို ...
    ဟုတ်ကဲ့၊ အခုလို အားပေးတာ ကျေးဇူးပါနော်..၊

    မ,ရှင်လေး ...
    ဟုတ်တယ်ဗျာ၊ စိတ်ပါမှပဲ ဆက်တိုက် ရေးပစ်လိုက် အုံးမယ်၊ နေနှင့်အုံးပေါ့လေ...ဟင်း၊း)

    အန်တီတင့် ...
    ဟုတ်ကဲ့၊ ကျနော်လည်း အဲဒီလိုပဲ ယူဆမိပါတယ်၊ အမြဲလိုလို လာလည်ပြီး ကွန်မန့်လေးတွေ ချန်ချန် သွားတတ်တဲ့ အန်တီတင့်ကိုလည်း ကျေးဇူး အများကြီး တင်ပါတယ် ခင်ဗျာ...၊

    (Ma) War So ...
    Hmm.. I don't think I am willing to stop either. It's just kind of tedious. Anyhow, thank you for your encouragement! It makes me feel warm to know.

    (Ma) Adora ...
    ဟုတ်ကဲ့..၊ ကျနော် ဆက်ရေးနေဖြစ် အုံးမှာပါ၊ လာလည်တာ ကျေးဇူး တင်ပါတယ်နော်...၊

    NSA ...
    ဟုတ်ကဲ့..၊ ဆက်ရေး, ဆက်ရိုက်မှာပါ..၊း)

    ညီမ အိန်ဂျယ်လှိုင် ...
    မရပ်သေးပါဘူးဗျာ..၊ ညီမ ပြန်လာတာလည်း ဝမ်းသာ ပါတယ်၊ ကြိုဆိုပါတယ်နော်...။း)

    ReplyDelete
  19. ဘလောဂ်တွေပေါ်က မြိုင်မြိုင်ဆိုင်ဆိုင်စာတွေကို လွမ်းမိတယ်။ ဖဘပေါ်မှာ သွားစုနေကြသလားလို့လည်း ထင်မိပါတယ်။ ဘလောဂ်ပေါ်မှာ စာတွေပျောက်မသွားစေချင်ဘူး။ ပိုပြီး formal ဖြစ်လားလို့လည်း ထင်မိတယ် (မလေးထင်တာ မှားကောင်းမှားပါမယ်)

    ကိုညီလင်းသစ်ပြောသလို အဝေးမှာနေနေကြပေမယ့်လည်း မြန်မာပြည်တစ်ခုခုဖြစ်ရင် ဘာစာမှရေးလို့မရတာလည်း အမှန်ပါပဲ။ မည်သို့ပင်ဖြစ်စေ ဒီပိုစ်လေးဖတ်ရတာကို ၀မ်းသာပါတယ်း))

    ခင်မင်လျှက်..
    မလေး

    ReplyDelete
  20. မခဥမ ပြောသလိုပဲ လုပ်လိုက်ပါ။ ဒါမှ စိတ်ချမ်းသာစရာ ပုံလှလှလေးတွေမြင်ရ၊ မရောက်ဖူးတဲ့ အကြောင်းတွေ ကြားရ နဲ့ လာဖတ်တဲ့လူလဲ ပျော်ရတာပေါ့။ မဟုတ်ရင် ဒီလိုဖြစ်လို့မှ အားလုံးက မရေးကြတော့ဘူးဆို ဒီလိုထဲမှာပဲ ဖတ်နေရတဲ့သူတွေက နစ်နေတာပေါ့

    Your fan,
    H

    ReplyDelete
  21. I felt the same way like you do, Ko Nyi Linn Thit. All things happening in our country effect us some way or another and sometime it is difficult to follow even our daily routine work. I could not sleep thinking about the safety of our compatriots, disappointing the failed and corrupted immigration system, and sometime even felt ashamed of some comments in fb pages and being categorized as racists by some medias, etc. Additionally, I have my own stressor in daily life, and thus I think of deleting my blogspot page every day. However, this is a place I could learn something, read something, share something, listen something, exchange something and thus I decided to keep my blog alive, even though my blog page merely give knowledge, or do any good things to my readers. That being said, I hope you keep writing and wish your family all the best!

    ReplyDelete
  22. ဟုတ်တယ်အကိုရေ
    ညီမလည်း..Facebook ထဲပြန်ရောက်ပြီးကထဲက
    ဘလော့ဘက်ကိုမလှည့်ဖြစ်တော့ဘူး
    ရေးဖို့လည်းစိတ်ထဲ
    အလေးအနက်မရှိတော့သလိုဘဲ

    ReplyDelete
  23. အများစုက အဲ့လိုခံစားရလေ့ရှိပုံရတယ်ဗျ အကိုရ....။
    ကျွန်တော်လည်းတူတူပဲ....။

    ReplyDelete
  24. ကိုညီလင်းသစ်ရေ ဘလော့ဂါဆိုတာလဲ လူသားပဲမို့ သူ့ရဲ့ စိတ်အတက်အကျ၊ စိတ်ဝင်စားမှု၊ လူမှုဘ၀နဲ့ ပတ်ဝန်းကျင်အခြေအနေတွေကြောင့် အခုလိုမျိုး စာတပုဒ်ရေးသားဖို့ စိတ်မပါဘူးဆိုတာ ဖြစ်တက်ကြတာပါပဲ။ ကျွန်တော်တို့လို သာမာန် စာဖတ်သူတွေတောင် ကိုယ်ပိုင်ဖေ့ဘုတ်မှာ စိတ်အခြေအနေကိုလိုက်ပြီး စာတစ်ကြောင်းတောင် မရေးတဲ့ နေ့တွေလည်း ရှိတာပါပဲ။ ရခိုင်အရေးအခင်းကာလတွေမှာဆို စိတ်ကလည်း မကြည်လင်၊ ကိုညီလင်းသစ်ပြောသလို အများတကာ သေကြေချိန်မှာ ငါနင့်ကို သိပ်လွမ်းတာပဲတို့၊ ဒီနေ့ ဘယ်မှာဘာတွေစားခဲ့တယ်တို့ တင်ချင်စိတ်၊ ရေးချင်စိတ်ကို မရှိတော့ဘူး။ ဒီနေ့ဆို အဆိုတော်မင်းသမီလေးတစ်ယောက်ရဲ့ ဗွီဒီယိုဖိုင် (ဟုတ်မဟုတ်တော့ မသေချာပါဘူး)ကြောင့် သူငယ်ချင်းအတော်များများက နည်းပညာနဲ့ အင်တာနက်ဆိုတာကို တော်တော်လေးစိတ်ပျက်မိ၊ လန့်လာမိကြောင်း ပြောနေကြပါတယ်။ ဒါပေမယ့် ခုနက ရခိုင်အရေးအခင်းကာလတွေမှာလည်း ကျွန်တော်ဆို ဘလော့တကာလည်ဖတ်တာပဲ၊ အဲသလို စိတ်ပင်ပန်းနေချိန်မှာ စိတ်အဆာပြေ၊ စိတ်ဓါတ်အင်အားရဖို့ ဘလော့ဂါတွေရဲ့ ပိုစ့်အသစ်တွေ အရမ်းဖတ်ချင်နေမိတယ်။ ကျွန်တော်တို့လို့ မိဝေးဖဝေးသမားတွေ၊ မြန်မာစာအုပ်စာပေကို ၀ယ်ယူဖို့တောင် ခက်ခဲတဲ့နေရာရောက်နေသူတွေအတွက် ဘလော့ဆိုတာ စာအုပ်စင်ကြီးပါ။ ဘလော့ဂါဆိုတာ ဆွေမျိုးမောင်နှမတွေပါ။ ဒါကြောင့်မို့လို့ ဘလော့ဂါအကုန်လုံးကို ကျေးဇူးတင်မိပါတယ်။ ကိုညီလင်းသစ်လည်း ဘလော့လေးကို ဇာတ်မသိမ်းပဲ နောက်ထပ်အသစ်တွေ ဖန်တီးနိုင်ပါစေခင်ဗျာ။ ကိုညီလင်းသစ်ရဲ့ သားလေး ဘွဲ့ရတဲ့အထိ ပုံလေးတွေကြည့်၊ စာလေးတွေ ဖတ်ချင်ပါတယ် အစ်ကိုရေ။
    လေးစားလျှက်
    (လီယို)

    ReplyDelete
  25. ဟုတ်ပါရဲ့ ကိုညီလင်းသစ်ရေ..
    အဲဒီချိန်တုန်းကများ စာလည်းမရေးနိုင်၊ အလုပ်လည်း မလုပ်နိုင်..
    အစားတောင် ဖြောင့်အောင် မစားနိုင်ခဲ့ပါဘူး..
    ကိုယ့်သွေးသားကိုထိရင် နာမိတာပါဘဲ...
    အဲဒီချိန်တုန်းက ကျွန်မလည်း ဘလော့တောင် ဆက်မရေးတော့ဘူး စိတ်ကူးမိပါတယ်။
    ဒါပေမဲ့ ကိုယ်သိသလောက် ကိုယ်မျှဝေချင်တာလေးတွေ ဆက်ရေးဖို့ ဆုံးဖြတ်လိုက်ပြန်ပါပြီ..

    ReplyDelete
  26. ကိုညီလင်းသစ်ရေ...
    အမှန်ပါပဲ..၊ လမိုင်းမကပ်ရင်၊ မုဒ်မ၀င်ရင် နှစ်ပတ်လောက် အသစ်ရေးမထွက်ဘူး။ ကျွန်မလည်း အဟောင်းလေးတွေ အားနာနားနဲ့ ရောညှပ်တင်နေရတာပဲ။ ရေကူးတဲ့ ပို့စ်ဆိုရင် နွေရာသီထဲက ရေးတင်သင့်တာ၊ အကြွေးလို ခံစားရလို့ မရမက အားတင်း ရေးတင်လိုက်ရတာ။ ဒါတောင် ဒီတစ်ပုဒ်ကို ၄ရက်လောက် ရေးယူရတယ်။ ဖေ့စ်ဘုတ်က ငြိမိရင် မလွယ်တာ ကိုယ်တွေ့။ ဘယ်မှ မရောက်တော့ဘူး။ ကွန်နှေးချိန်ဆို ဘလော့တွေ ၀င်ရတာထက် ဖေ့စ်ဘုတ်က ၀င်ရပိုလွယ်တယ်လေ။
    အိမ်မှာလည်း စာအုပ်တွေ ဖတ်ဖြစ်ရင် ၁၀ရက်လောက်က ဖတ်ပဲနေချင်တော့တယ်။ ချနယ်တွေဘက် ရောက်သွားရင်လဲ စာကို မရေးဖြစ်တော့ဘူး။ အားလုံးကို ဘလော့ပေါ်မှာ စာလေးတွေ အဆက်မပြတ်ရေးနေစေချင်မိတယ်။ ကိုယ်တိုင်ကတော့ blog digestအတွက် နောက်မကျစဖူး စာမူအပ်နောက်ကျနေလို့ အယ်ဒီတာအဖွဲ့ကို အားနာနေမိတယ်။ လူတွေက currentဖြစ်တာတွေ၊ ပေါ့ပေါ့ပါးပါးစာတွေကို ပိုဓာတ်ကျနေတာတော့ အမှန်ပဲ။ ဆရာကြီးလူထုဦးစိန်ဝင်းက အောက်စီဂျင်ပိုက်တန်းလန်းနဲ့တောင် တစ်နေ့ ဆောင်းပါးနှစ်ပုဒ် ရေးနိုင်တာ တကယ့်ကို သြချမိရတယ်။ ကျွန်မတို့ကတော့....။

    ဘာပဲဖြစ်ဖြစ် စာတွေတော့ ဆက်ရေးဖြစ်အောင် ဆက်ရေးပါလို့...။

    ReplyDelete
  27. အဲဒီ့ပြဿနာက ကျွန်တော့်ကို အချိန်အကြာကြီး လွှမ်းမိုးထားခဲ့ဖူးတယ်. ကိုညီလင်းသစ်ပြောသလိုပါပဲ. တစ်ချို့ဘလော့ဂ်တွေ စာရေးရပ်သွားတတ်ကြတာတွေထဲမှာ ဒီအကြောင်းအရာကများ တစ်ခန်း၊ တစ်ကဏ္ဍကနေ ပါဝင်နေမလား တွေးကြည့်မိတယ်။

    သတင်းတွေကို ဖတ်တာမဖတ်တာက ပို့စ်ရေးနိုင်မရေးနိုင်ပေါ်ကို လွှမ်းမိုးမှုရှိတတ်တယ်ဆိုတာလည်း တစ်ဦးတစ်ယောက်ချင်းစီရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ သက်ဆိုင်တယ်၊ မူတည်တယ်လို့ ကျွန်တော်ထင်တယ်ဗျ. အဓိကအားဖြင့် ကိုယ်ချင်းစာစိတ်ရှိသူတွေမှာ ပိုဆိုးတတ်တယ်. သူများတွေ အဆင်မပြေဖြစ်နေချိန်မှာ ကိုယ့်ဖက်က သူတို့အကြောင်းကို မရေးဘဲ တစ်ခြား ကိုယ်ရေးကိုယ်တာ ကိစ္စရပ်တွေကို ရေးရမှာ လိပ်ပြာမသန့်ဘဲ ဖြစ်နေတတ်တယ်.

    တစ်ချို့အတွက်ကျတော့ လတ်တလောဖြစ်ပျက်နေတဲ့ သတင်းတွေကိုက သူတို့အတွက် ပို့စ်တွေ အဆက်မပြတ် ထွက်ပေါ်လာစေတတ်တဲ့ ကုန်ကြမ်းတွေ၊ အကြောင်းတရားတွေ ဖြစ်နေတတ်ပြန်တယ်. တစ်ချို့တွေကျပြန်တော့လည်း သူများတွေ ဘယ်လိုဖြစ်ဖြစ်၊ ဘာတွေဖြစ်ဖြစ် ရေးစရာရှိတာရေးတယ်၊ လုပ်စရာရှိတာလုပ်တယ်.

    ဒါကြောင့် ဘယ်ပြဿနာ၊ ဘယ်အကြောင်းတွေပဲ ဖြစ်နေဖြစ်နေ ပြင်ပက ၀င်လာတဲ့ အတိုက်ဓာတ်ကို ဘယ်လိုအခံဓာတ်နဲ့ ရယူတုံ့ပြန်မလဲဆိုတာကတော့ တစ်ဦးတစ်ယောက်ချင်းစီရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ ခံယူချက်ပေါ်ပဲ မူတည်ပါတယ်လို့ ကျွန်တော် ထင်မြင်မိပါတယ်.

    အခုလိုမျိုး စာမရေးနိုင်ဘဲ ဖြစ်နေတာ၊ ဘာကိုမှ စိတ်မ၀င်စားဘဲ ဖြစ်နေတတ်တာဟာလည်း တစ်ခါတလေမှာ ဖြစ်တတ်တဲ့ ပုံမှန်ဖြစ်ရိုးဖြစ်စဉ် ကိစ္စတစ်ခုလို့ပဲ ယူဆပြီး စိတ်ပြန်ပါလာတဲ့အခါမှာ စာပြန်ရေးပါလို့ ဘလော့ဂါညီအစ်ကိုအချင်းချင်း အားပေးလိုပါတယ် ကိုညီလင်းသစ်ရေ...

    ကိုညီလင်းသစ်လို စာရေးကောင်းတဲ့ ဘလော့ဂါမျိုးကို အကျိုးပြု စာတွေ ဆက်လက်ရေးသားနေစေချင်ပါတယ်. ကော်မန့်လည်း အတော်ရှည်သွားပြီဗျာ..

    အစစအရာရာ အဆင်ပြေပါစေ ဘရားသား..

    ခင်မင်လျက်

    Y.

    ReplyDelete
  28. စိတ်ပြန်ပါတဲ့ တနေ့တော့ စာပြန်ရေးပါလို့ တိုက်တွန်းပါရစေ... တကယ်ပါ...အလုပ်နဲ့ အိမ်... အိမ်နဲ့အလုပ်ကလွဲပြီး ဘယ်မှမသွားနိုင်ဘဲ မွန်းကျပ်တဲ့ဘ၀ကို ဖြတ်သန်းရုန်းကန်နေရတဲ့ သူအတွက် ကိုညီလင်းသစ်ရဲ့ ခရီးသွား ပို့စ်တွေဖတ်ရတာ ကိုယ်တကယ်ရောက်သွားသလို စိတ်ထဲမှာ လွတ်လပ်ပေါ့ပါးသွားတာ အမှန်ပါ.. .ပြီးတော့ အစ်ကိုတို့ မိသားစုရဲ့ ပျော်စရာကောင်းတဲ့ ဘ၀... သားလေးအပေါ်မှာထားတဲ့ အစ်ကို့ရဲ့ ကြီးမားတဲ့ မေတ္တာတွေကိုလဲ ပို့စ်တွေထဲမှာ မြင်နေရတော့ မိသားစုနဲ့ ဝေးနေတဲ့သူအဖို့ အားကျပြီး အစ်ကိုတို့နဲ့ ထပ်တူကြည်နူး ပျော်ရွှင်မိတာလဲ အမှန်ပါ... နေ့တိုင်းပို့စ်အသစ်တက်မလားလို့လဲ ၀င်ကြည့်ဖြစ်တယ်... နောက်လဲ မျှော်နေပါမယ်...

    ReplyDelete
  29. ဖြစ်တတ်ပါတယ်ဗျာ .. စိတ်နဲ့ အိုင်ဒီယာ လမိုင်းမကပ်သေးတော့ ရေးမရ ဖြစ်တာနေမှာပါ .. တကယ်တော့ ဖြစ်ကတတ်ဆန် မတင်ချင်တဲ့ စိတ်ကြောင့်သာ ရွေးရင်း နေ့ရွေ့ ညရွေ့နဲ့ ကျဲသွားတယ်လို့ မြင်မိပါတယ် ။ အဆင်ပြေပါစေဗျာ ..

    ReplyDelete
  30. ဟုတ်ပါ့ ကိုညီရေ..သတင်းတွေနောက်လိုက်ရင်း စာရေးဖို့  ပျင်းနေမိတယ်..စိတ်ပါသော နေ့ စွဲများကို ပိုင်ဆိုင်ပါစေ...

    ReplyDelete