11 July 2012

လူပျင်းကလေး





ပုံပြင်တွေရဲ့ အစမှာ ပြောလေ့ ရှိသလို 'တခါတုန်းက...' လို့ပဲ ဆိုကြပါစို့၊ လူပျင်းကလေး တစ်ယောက် ရှိတယ်၊ ဘာမှ မလုပ်ချင်၊ မကိုင်ချင်ဘဲ လေးလံနှေးကွေးတဲ့ ပျင်းရိပျင်းတွဲ လူကလေး တစ်ယောက်ပေါ့၊ နေ့စဉ်ပုံမှန် ဘဝမှာ မိုးလင်းကမိုးချုပ် ပုံမှန်ဖြစ်စဉ်တွေနဲ့ လည်ပတ်နေတဲ့ ပုံမှန်လူသား တစ်ဦး..၊ ရုပ်ပိုင်း ဆိုင်ရာမှာ သူလိုငါလို ခန္ဓာကိုယ် တည်ဆောက်ပုံနဲ့အတူ စိတ်ပိုင်းဆိုင်ရာ မှာလည်း စိတ်ပညာ ရှုထောင့်က စံသွေ၊ စံလွဲခြင်း တွေနဲ့ ကင်းပါတယ်၊ ပျင်းရိတာကို စံသွေခြင်းလို့ မသတ်မှတ်ဘူး ဆိုရင်ပေါ့လေ...၊

လူပျင်းကလေးဟာ သူ့ပတ်ဝန်းကျင်ကို ပျင်းရိတဲ့ အကြည့်နဲ့ ကြည့်တယ်၊ သူ့အလုပ်ကို ပျင်းရိစွာနဲ့ လုပ်တယ်၊ သူ့စိတ်ကူးစိတ်သန်းတွေကို ပျင်းရိစွာနဲ့ လွှတ်ပေးထားတယ်၊ မနက်မနက်ဆို အိပ်ရာကနေ မထချင်ဘူး၊ ညညကျ ပြန်တော့ အိပ်ရာဝင်ဖို့ ပျင်းနေပြန်ရော၊ အိပ်ဖို့ပျင်းသလို ထဖို့လည်း ပျင်းတဲ့ သူ့ကို သူ့ရဲ့ နှိုးစက်ကတော့ အဆူအဆဲခံပြီး မပျက်မကွက် နှိုးပေးရှာတယ်၊ ရောင်စုံ ချောကလက် အယ်လ်ဘမ်ထဲက 'ငပျင်း' သီချင်းလို နေဖို့ပျင်း၊ သေဖို့ပျင်း၊ ပျင်းရမှာလည်း ပျင်းတဲ့ အဆင့်ထိ မရောက်ပေမယ့်လည်း သူ့အထွာနဲ့သူတော့ အတော်လေး ပျင်းတဲ့ လူပျင်းကလေးပေါ့...၊

အရင်တုန်းကတော့ သူဟာ လူပျင်းကလေး မဟုတ်ခဲ့ဘူး၊ သူ့ဘဝ တစ်လျှောက်လုံးမှာ ကြိုးစားခြင်းတွေ နဲ့သာ တချိန်လုံး ပြည့်နေခဲ့တယ်၊ လုံ့လ၊ ဝီရိယ ရှိစွာနဲ့ သူကျောင်းသွားတယ်၊ အကျအရှုံး ဆိုတာကို ဝေးနိုင်သမျှ ဝေးအောင် မနားမနေ ကြိုးစားတယ်၊ လူနဲ့ပညာ၊ ပညာနဲ့အလုပ်၊ အလုပ်နဲ့လူ.. သုံးဦးသုံးဖလှယ် တေ့လွဲ လွဲနေတဲ့ ရွဲ့စောင်းစောင်း တြိဂံလူနေမှု စနစ်ကြီးထဲမှာ ကြီးပြင်းခဲ့သူပီပီ သူ့ကိုယ်သူပဲ တတ်နိုင်သမျှ တည့်မတ်အောင် ရပ်ကြည့်တယ်၊ သင်ကြားမှုနဲ့ အသုံးချမှု ဆိုတဲ့ နယ်ပယ်နှစ်ခုကြားမှာ အံဝင်ခွင်ကျ ဆိုတဲ့ တံတားတစ်စင်း ထိုးဖို့ သူအိပ်မက်တွေ မနားတမ်း မက်ခဲ့တယ်၊ ကောင်းကင်နဲ့ချီတဲ့ စိတ်ကူး၊ ရူပါရုံတွေ တသီကြီး ရက်လုပ်ခဲ့တယ်၊ အဲဒီအချိန်တုန်းကတော့ သူဟာ တလောကလုံးကို ပြောင်းပြန်လှန်ပစ် နိုင်တယ် ဆိုတဲ့ ရဲရင့်၊ ယုံကြည်မှုတွေနဲ့ အလျှံညီးညီး လူငယ်လေး တစ်ယောက်ပေါ့၊

သူ့လက်နဲ့ ကိုယ်တိုင် ရက်ဖောက်တဲ့ အိပ်မက်ဝတ်ရုံကို ခြုံပြီး စိတ်ကူးရွက်လှေကြီး ပေါ်မှာ ဟိုး..ပင်လယ်ဆီ အထိရောက်အောင် ရွက်တိုက်ဆင်း သွားဖို့ သူရင်တွေ ခုန်နေခဲ့ ဖူးတယ်၊ သူစီးဆင်း ခဲ့ရာ တစ်လျှောက်မှာ တဝုန်းဝုန်း ပြိုနေတဲ့ ကမ်းပါးတွေအောက် ရောက်မသွားအောင် သတိကြီးစွာ ထားခဲ့တယ်၊ ကြီးမား ကျယ်ပြန့်တဲ့ သဲသောင်တွေပေါ် မေ့လျော့ပေါ့ဆပြီး တင်မသွားအောင် အားစိုက်ခဲ့တယ်၊ တခါတခါ အနီးကပ်မှ ဘွားကနဲ မြင်ရတဲ့ မြစ်ကျိုးအင်းတွေထဲ လမ်းမှားပြီး ဝင်မသွားအောင် သူ လုံ့လပြုခဲ့တယ်၊ ဒီလိုနဲ့ စီးဆင်းရွေ့လျား နေတဲ့သူက ရပ်တန့်နေတဲ့ အရာများစွာကို သဘာဝ ကျစွာပဲ ထားခဲ့ရတယ်၊ သူ့ထက်ပိုပြီး မြန်မြန်ဆန်ဆန် အရှေ့ရောက်နေတဲ့ အရာများစွာ နောက်ကိုတော့ အမောတကော ပြေးလိုက်ခဲ့ရ ပြန်တယ်၊ တချို့တွေကို လွှတ်ချခဲ့သလို တချို့တွေကိုတော့ လိုက်ကောက်ခဲ့တယ်၊ တချို့တွေကို စိုက်ပျိုးခဲ့သလို တချို့ကိုတော့ ရိတ်သိမ်းခဲ့တယ်၊ တချို့အချိန်မှာ ထွန်းညှိခဲ့သလို တချို့အချိန်မှာတော့ ငြှိမ်းသတ်ခဲ့တယ်၊ တချို့အချိန်မှာ အလိုက်သင့် အလျားသင့် နေခဲ့သလို တချို့အချိန် မှာတော့ အတိုက်အခံ လုပ်ပစ်ခဲ့တယ်၊ ဒါပေမယ့် ဘယ်လိုပဲ မှောင်မိုက်ခဲ့ ပါစေ၊ ဓူဝံကြယ်ကို ပျောက်မသွားအောင်တော့ သူ့ခေါင်းထဲမှာ အချက်ပေး ခေါင်းလောင်းတွေ တပ်ဆင်ထားခဲ့တယ်...၊

အခုတော့ တောင်ပေါ် မရောက်သေးပေမယ့် တောင်အောက်ကို သူလှည့်ကြည့်ချင် မိပြီ၊ သူ့ဖဝါးအောက်က တောင်တွေထက် သူ့အရှေ့မှာ တသီတတန်းကြီး ကျန်နေသေးတဲ့ တောင်စဉ်တောင်ထွတ်တွေကို သက်ပြင်း ချပြီး ကြည့်မိတယ်၊ သူ့လှေအောက်က လှိုင်းတွေထက် သူ့လှေဆီကို ထိုးခွဲ၊ ပြေးဝင်လာနေတဲ့ လှိုင်းလုံးကြီး တွေကို ပင့်သက်ရှိုက်ပြီး ကြည့်မိတယ်၊ ဒါတွေ ဘယ်တော့များမှ ဆုံးမှာလဲ၊ ဒီလိုနဲ့ပဲ သူ ငြိမ်ကျသွားတယ်၊ အချီပြည့် ထိုးလိုက်ရပေမယ့် သရေသာ ကျသွားတဲ့ လက်ဝှေ့သမားလို သူ့လက်တွေ လေးလံသွားတယ်၊ ရုတ်တရက် လေငြိမ်သွားတဲ့ ပင်လယ်ပြင်က ရွက်လှေတစ်စင်းလို သူ လည်ပြီး ရန်တန့်သွားတယ်၊ အဲဒီမှာပဲပေါ့...၊ အရှိန် လျော့သွားတဲ့ သူ့ ကိုယ်ပေါ်ကို ပျင်းရိခြင်းတွေက တစ်ကောင်ခြင်းဆီ တွားသွား တက်လာခဲ့ကြတာ..၊

ဒီကမ္ဘာမှာ လူပျင်းတွေသာ ရှိနေရင် ကျောက်ခေတ်ကကို တက်လာမှာ မဟုတ်ဘူး-ဆိုတဲ့ ခပ်နှိမ်နှိမ် စကားမျိုးတွေကို မသိကျွိုးကျွံ ပြုပေမယ့် စစ်ပွဲတွေကို လူပျင်းတွေက ဖန်တီးခဲ့တာ မဟုတ်ဘူး-ဆိုတဲ့ စကားမျိုး ကိုတော့ လူပျင်းကလေးက ကျိတ်ပြီး သဘောကျတယ်၊ သူကငြိမ်းချမ်းရေး လိုလားသူလေ..၊ သံပေါက်တွေ၊ ဆုံးမစာ တွေမှာ ပျင်းတာကို ရောဂါတမျိုးလို တင်စားပြောပြီး အမြန်ကုဖို့ တိုက်တွန်းကြတာ ဖတ်ရတဲ့အခါ လူပျင်းကလေးက ခေါင်းခါတယ်၊ စရိတ်မျှပေး ကျန်းမာရေး ခေတ်ကြီးထဲမှာ သူက ပိုက်ဆံမရှိတာ အကြောင်းပြပြီး ဗိန္ဒောဆရာနဲ့ပဲ ကုဖို့ ကျိတ်ကြံနေ မိတယ်၊ သူ့မှာ စွဲကပ်နေတဲ့ အပျင်းရောဂါ ဆိုတာ တကယ်တော့ သူတို့ကလေးဘဝက ကြုံဖူးတဲ့ 'စပါးညှင်း' ဆိုတာလောက်ပဲ ဖြစ်မှာပါလို့ လူပျင်းကလေးက သဘောထားတယ်၊ စပါးပေါ်ချိန်မှာ ပေါက်တတ်တဲ့ ညှင်းကွက်ကလေး တွေလိုပဲ အချိန်တန်တော့ ပြန်ပျောက် သွားမှာပါပဲ၊ သူက ပျင်းရိပေမယ့် ငြီးငွေ့တာမှ မဟုတ်တာ..၊ လောကအပေါ် နေပျော်တဲ့ စိတ်နဲ့ ပါးပါးလေး ပျင်းနေချင်တာ တစ်ခုတည်းပါ၊ သစ်ရိပ်ဝါးရိပ်မှာ ကျောခင်းပြီး ကောင်းကင်ပြာကြီးထဲ တရွေ့ရွေ့ ခရီးနှင်နေကြတဲ့ တိမ်ဆုပ်၊ တိမ်ဖွေးတွေကို အေးအေးလူလူ ထိုင်ကြည့်နေချင်တဲ့ လူပျင်းကလေးပေါ့...။ ။


ညီလင်းသစ်
၁၁ ဇူလိုင်၊ ၂၀၁၂

25 comments:

  1. မနေ့က လာကြည့်သေးတယ်။ အသစ်မတွေ့လို့ အကိုတော့ စာရေးဖို့စိတ်မပါသေးဘူးလို့ ထင်နေတာ။ အခုတော့ အသစ်ဖတ်yရပြီ။ "လူပျင်းကလေး" ကိုနားလည်သွားပါတယ်။

    ReplyDelete
  2. လူပျင်းကလေးဖြစ်ရတာ အေးချမ်းပေစွ။ :))

    ReplyDelete
  3. ဘ၀ထဲ လူပျင်းကလေး နည်းနည်းမောသွားတဲ့ အကြောင်းလို့ ထင်တာပါပဲ ... :)

    ReplyDelete
  4. ပျင်းရမှာတောင်ပျင်းတယ်လူပျင်းလေးရယ်။
    အိုင်အိုရာ

    ReplyDelete
  5. အဖော်ရပြီ ပျင်းဖော်ပျင်းဖက်များပေါ့း)

    နာမည်သာဆိုးတာ တယ်လည်း အရသာရှိတာပါ့ အစ်ကိုရာ ဆက်ပျင်းကြတာပေါ့ ။

    ပုံ/
    ညီ ငပျင်း

    ReplyDelete
  6. လူပျင်းကလေးရဲ့ပုံလေးကိုအင်မတန်ကြိုက်သလို လူပျင်းကလေးတွေးတဲ့အတွေးတွေကိုလဲအရမ်းကြိုက်တယ်

    ပုံ
    ရေးသူသည်လူပျင်းကလေးနှင့် အပေါင်းအပါတူ မောင်နှမများဖြစ်ကြပါသည်း))

    ReplyDelete
  7. ပြောမယ့်သာ ပြောရတာ
    ပျင်းတယ်ဆိုတာ နာမည်သာဆိုးတယ် ဇိမ်တော့အတော်ရှိ၏။
    ပျင်းပျင်းနဲ့ နေရင်း အဲ့ဒီအပျင်းက နလန်မထူနိုင်အောင် ဂုတ်ကိုခွစီးရောရှင့်..။
    ပျင်းနေတာ ကြာပါပေါ့။ ၀တ္တုအသစ်တွေလည်း ရေးရမှာပျင်း..
    စာဖတ်ရမှာပျင်း...
    တီဗီကြည့်ရမှာပျင်း…
    နေရာကနေရွေ့ရမှာတောင် ပျင်းနေလိုက်တာများ…
    အမှန်က အလုပ်ပါးချိန် ကွန်နက်ရှင်ကောင်းချိန် စာတွေ လိုက်ဖတ်ရမှာ
    အခုတော့… ပျင်း၏။ မိုးအေးအေးနဲ့မို့ ပျင်းတာလဲ ဖြစ်နိုင်သည်။
    ပျင်းပျင်းနဲ့ ပို့စ်တစ်ပုဒ်ထွက်လဲ နည်းလားနော်.. 

    ReplyDelete
  8. ပျင်းတယ်ဗျိုးးးးးးးးးးး၊ပျင်းတယ်......ပျင်းတယ်....၊လူပျင်း
    ကလေးနှင့် ပျင်းဖော်ပျင်းဖက်များဆိုပြီး ဆက်ရေးဖို့ရှိ
    ရင် လူပျင်းစာရင်းထဲထည့်ဖို့မမေ့နဲ့ဗျိုး.....:))))

    ReplyDelete
  9. ချစ်စရာကောင်းသော လူပျင်းလေး ပေါ့နော်အကို...:):)

    ReplyDelete
  10. ပျင်းပျင်းရှိတာနဲ့ လာဖတ်ပါတယ် ဖတ်ရင်း ဖတ်ရင်းးးးးအပျင်းဓါတ်တွေ စီးကူးပြီး ပျင်းပျင်းနဲ့ပြန်သွားပေါ့....

    ReplyDelete
  11. အဖော်တော့ရပြီ။ ကျွန်တော်ဆိုလဲ အလုပ်လုပ်ရင် တအားမြန်တယ်၊ အိမ်စာပေးရင် တအားမြန်တယ်လို့ ဆရာတွေက ပြောကြတယ်။ အမှန်တော့ ပျင်းလွန်းလို့ မြန်မြန်ပျင်းကျောထူရအောင် အလုပ်တွေကို မြန်မြန်ပြီးအောင်လုပ်ပစ်တာ။ ပြီးတော့မှ သဘောရှိ ပျင်းတာ။ ကျွန်တော်လဲ တောင်ပေါ်ရောက်ဖို့ အတင်းကိုကြိုးစားရင်း ပျင်းနေပါတယ်။ တခါတလေ ဘ၀ကို ကျေနပ်မိပေမယ့်၊ တခါတလေတော့ ငါတော်တော်ရှည်တာပဲလို့ စိတ်တိုမိတယ်။ အင်း... တော်ပြီ .....ကွန်မန့်အရှည်ကြီးရေးဖို့ ပျင်းတယ်။
    (လီယို)

    ReplyDelete
  12. ပျင်းလွန်းလို့ ဘလော့ဂင်းရမှာလဲပျင်း...။

    ReplyDelete
  13. အမြဲတမ်းတက်ကြွနေရင် အားအင်တွေကုန်သွားမှာပေါ့။
    တခါတလေပျင်းတဲ့စိတ်လေးရှိသင်တယ်ထင်တာပဲ..:)

    ReplyDelete
  14. ပျင်းနေတုန်းမှာ အံကိုက်လာဖတ်မိလျှက်သား ဖြစ်နေတယ်။
    တကယ်ပဲ ဘာလုပ်လုပ် စိတ်မပါတဲ့အထဲ ရုံးတက်ရမှာ ပျင်းတာက အဆိုးဆုံးပဲ။ ရုံးပြေးမလို့ အိမ်ကလူခေါ်တာကိုလည်း လူက မခံချင်ပြန်ဘူးး))) ပျင်းမှန်းသိပေမဲ့ လူပျင်းကလေးလို စပါးညှင်းလောက်ပါ လုပ်ချင်သေးတား)))

    ReplyDelete
  15. Ohhhhhhhhhhh
    Not only me.It happens like that sometimes.:))
    Gyidaw

    ReplyDelete
  16. ဒီစာဖတ်ပြီး စောင်းရေးနေတာလားတောင် ထင်မိတယ်း)
    ခုတလော ကျွန်မ ကိုယ်တိုင်လည်ူ ပျင်းနေတာ စာတောင် များများ မရေးဖြစ်ဘူး ဖြစ်နေတာ။
    ဒါပေမဲ့ ဘယ်သူမှတော့လည်း အမြဲတမ်း ပျင်းမနေနိုင်ဘူးဖြစ်ပါတယ်နော်။ ပျင်းတဲ့အခါပျင်းပြီး ပြန်တက်ကြွတဲ့အခါလည်း တက်ကြွပေါ့နော်။ ဖြေးဖြေးနဲ့ လေးလေး တောင်ပေါ် တက်ဖို့ကြိုးစားလိုက်၊ နားလိုက်၊ တက်လိုက်၊ နားလိုက်....... နဲ့ ဒီလိုနဲ့ အချိန်တွေကုန်

    ReplyDelete
  17. Adora ...
    အေးဗျာ.. လာလာကြည့်ပြီး အသစ်မတွေ့ဘဲ ပြန်သွားရတဲ့ နေ့ရက်တွေ အတွက် စိတ်မကောင်းပါဘူး၊

    မမေ ...
    အေးချမ်းတာတော့ အမှန်ပဲ မမေရ..၊ စားလိုက်၊ သောက်လိုက်နဲ့..အဟဲ..၊

    သိင်္ဂါရ ...
    အဲဒါလည်း ဟုတ်နိုင်တာပဲဗျို့...၊း)

    မအိုင်အိုရာ ...
    ကဲ.. ကြည့်.. ပျင်းပုံများတော့ အဲဒီလို...၊ ဒါ့ကြောင့် မြန်၊ ကောင်း၊ သက်သာ ဟင်းတွေ ဖြစ်လာတာ ဖြစ်မယ်၊း)

    ညီငယ်မောင်မျိုး ...
    ညီငပျင်း-တဲ့လား၊ အဲဒီ လက်မှတ်ကို ဖတ်ပြီး တဟားဟား ရယ်နေရတယ်၊ ဟုတ်တယ်ဗျ၊ ညီလည်း အသစ်တွေ မလုပ်တာ ကြာပြီနော့...၊း)

    မဒမ်ကိုး ...
    ဟုတ်ပြီဗျာ၊ မောင်နှမ တစ်ယောက်တော့ ထပ်တိုး ပြန်ပြီ၊း)

    မမြသွေးနီ ...
    ဟောဗျာ.. မမြသွေးနီကလည်း ပျင်းတတ်သူပဲလား? ဒိုင်ဂျက်စ်နဲ့ အလုပ်နဲ့ ပို့စ်အသစ်တွေနဲ့ မနားရအောင် အလုပ်များတယ် ထင်နေတာ...၊း))

    ကိုညိမ်း ...
    စာရင်းတော့ တို့ထားလိုက်ပြီဗျ..၊ 'နင့်အပျင်း ငါ့ပေး..' ဆရာကြီး တစ်ယောက်လောက်များ ရှိရင် ဘယ်လောက် ကောင်းလိုက်မလဲ..၊း)

    ညီမ အိန်ဂျယ်လှိုင် ...
    အင်း.. ပျင်းစရာကောင်းသော လူပျင်းလေးဆို ပိုမှန်မယ် ထင်တယ် ညီမရဲ့...၊း)

    မစည်းစိမ် ...
    သူတော်ချင်းချင်း အပျင်းလွေ့လွေ့ ပေါင်းဖက်တွေ့ ဆိုတာ ဒါပဲ ဖြစ်ရမယ်ဗျ...၊း)

    လီယို ...
    ဒါဆို ပျင်းတာထက် ထိုက်တန်စွာ အနားယူခြင်းလို့ လှလှပပ သုံးနှုန်း ခေါ်ဝေါ်လိုက်မယ်ဗျာ..၊း) ဒါနဲ့ စကားမစပ်.. ဘလော့ဂ်ရှိရင် လိပ်စာလေး ဘာလေး ချန်ထားခဲ့လေဗျာ..၊

    မမိုးငွေ့ ...
    ဆက်တိုက်ဆိုသလို ပို့စ်တွေ တင်နေတဲ့ မမိုးငွေ့ကပါ ပျင်းနေတယ်ဆိုတော့ ကျန်တဲ့လူတွေ အဖို့ ဆိုဖွယ်ရာတောင် ရှိမယ် မထင်ပါဘူးဗျာ...၊း)

    မ,ရှင်လေး ...
    မှန်လိုက်လေဗျာ..၊ အဲဒီလို အားပေးစကားတွေ လိုနေတာဗျ..ဟားဟား၊

    (ကို)လွင်ပြင်လှိုင်းငယ် ...
    ပျင်းစရာ လူပျင်းကလေး လို့ပဲ ဆိုကြပါစို့ဗျာ..၊း)

    အမချစ်ကြည် ...
    ဟုတ်တယ်ဗျာ၊ ရုံးသွားရမှာ ပျင်းတာလောက် ဆိုးတာ မရှိဘူး၊ ညီပု သီချင်းထဲကလို 'အလုပ်လက်မဲ့ ဖြစ်ချင်တယ်' လို့များ အော်ဆိုရင် လူတွေက ထများ သတ်မလား မသိဘူး...၊း) အလုပ်အကိုင် ရှားပါးနေတဲ့ ခေတ်ကြီးထဲမှာ...၊

    Gyidaw ...
    Yeah... apparently, there are tons of people who are as lazy as I am, lol. Btw, when did you come back?

    မချော ...
    စောင်းရေးတာတော့ အမှန်ပဲဗျ၊ ကွန်ပြူတာကို တည့်တည့်ကြည့်ရမှာ ပျင်းနေလို့...၊း) မချောပြောတာ အမှန်ပါပဲဗျာ၊ သူ့အချိန်နဲ့ သူပဲ ဖြစ်ရမှာပေါ့နော်...။

    ReplyDelete
  18. လောကအပေါ် နေပျော်တဲ့ စိတ်နဲ့ ပါးပါးလေး ပျင်းနေချင်တာ တစ်ခုတည်းပါ----
    သစ်ရိပ်ဝါးရိပ်မှာ ကျောခင်းပြီး ကောင်းကင်ပြာကြီးထဲ တရွေ့ရွေ့ ခရီးနှင်နေကြတဲ့ တိမ်ဆုပ်၊ တိမ်ဖွေးတွေကို အေးအေးလူလူ ထိုင်ကြည့်ပြီး ကဗျာတွေ
    တပုဒ်ပြီးတပုဒ် ရေးလိုက်ချင်နေတာပါ ကိုညီလင်းရေ
    ပျင်းတာချင်းများတူနေပြီလားမသိ-----

    ReplyDelete
  19. အကို့ရဲ့ဘလောဂ်လေးမှာ အသစ်တင်မလားဆိုပြီး လာလာချောင်းရတာလဲ အမောပါပဲ ခုဒီစာလေးဖတ်တော့ အော် သူလည်း ပျင်းတတ်တာပဲလို့ သဘောပေါက်သွားပါတယ် ဂျာ :)

    ReplyDelete
  20. I think everyone feel lazy in some point. I and my friend just talked about how lazy we became yesterday. We used to be very active and worked so hard entire life. Now we dont want to do anything. I think this is normal human nature. Might be very a few percent are only active at any time.
    Sar Chit Thu (Canada)

    ReplyDelete
  21. ခရီးထွက်နေလို့ အခုမှပို့စ်အကြွေး လာဖတ်ဖြစ်တယ် မောင်ညီလင်းရေ။
    လူပျင်းကလေးပုံပြင်လေးကနေ ဝမ်းတစ်ထွာအတွက် အချိန်တွေကို ရင်းနေရတဲ့ လူ့ဘဝကြီးအကြောင်းကို အတွေးစရှည်သွားတယ်။ စာအရေးအသားတွေကတော့ ရှယ်ပဲ အဲဒီလိုရေးတတ်ဘို့ အတုခိုးနေတယ်နော်း)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  22. မောင်မျိုးဆီကတဆင့် ပထမဆုံးအလည်ရောက်ခဲ့တယ်။ ရောက်ရောက်ချင်း ဒီပို့စ်လေးရဲ့ အတွေးလေးနဲ့အရေးလေးကို နှစ်သက်သလို အားလည်းတက်သွားတယ်။ အောက်ကစာပိုဒ်ကို ဖတ်ပြီး ကိုယ့်မှာ အဖော်တွေနဲ့ပါလားလို့ ပျော်သွားမိတယ်။

    "အခုတော့ တောင်ပေါ် မရောက်သေးပေမယ့် တောင်အောက်ကို သူလှည့်ကြည့်ချင် မိပြီ၊ သူ့ဖဝါးအောက်က တောင်တွေထက် သူ့အရှေ့မှာ တသီတတန်းကြီး ကျန်နေသေးတဲ့ တောင်စဉ်တောင်ထွတ်တွေကို သက်ပြင်း ချပြီး ကြည့်မိတယ်၊ သူ့လှေအောက်က လှိုင်းတွေထက် သူ့လှေဆီကို ထိုးခွဲ၊ ပြေးဝင်လာနေတဲ့ လှိုင်းလုံးကြီး တွေကို ပင့်သက်ရှိုက်ပြီး ကြည့်မိတယ်၊ ဒါတွေ ဘယ်တော့များမှ ဆုံးမှာလဲ၊ ဒီလိုနဲ့ပဲ သူ ငြိမ်ကျသွားတယ်၊"

    ReplyDelete
  23. စာကတော့ပြောစရာမလိုအောင် ကြိုက်ပြီးသား
    ဓာတ်ပုံလေးက အရမ်းလှတယ်ကွယ်

    ReplyDelete
  24. လာကအပေါ် နေပျော်တဲ့ စိတ်နဲ့ ပါးပါးလေး ပျင်းနေချင်တာလည်း တမျိုး ငြိမ်းချမ်းတယ်..:P

    ReplyDelete